Tuesday, September 17, 2024

ဖူးစာ


 

❝  ဖူးစာ ❞
━━━━━━━━
   ကိုရိုးကွန့်
━━━━━━━━
လူခေါ် ခေါင်းလောင်း ကို နှိပ်ပြီး ရပ်စောင့်သည် ။ မီးဖိုခန်း တွင် ထမင်းချက် နေလို့ တံခါး လာ မဖွင့်သလား မသိ ။ သို့တည်းမဟုတ် ရေချိုးခန်း ထဲ ဝင်နေလို့ မကြားသလား ။ ခေါင်းလောင်း ကို ထပ် နှိပ်ရန် လက် ရွယ်စဉ် တံခါးချက်သံ ကြားသဖြင့် လက်ပြန် ရုပ်သည် ။ တံခါးရွက် နောက် တွင် ရပ် နေသော သင်းသင်းအောင် ကို တွေ့သော် အံ့ဩခြင်းများ စွာဖြင့် ...

“ ဟယ် ... အောင် ...။ ရန်ကုန် ကို ဘယ်တုန်းက ရောက်သလဲ ၊ မမ မရှိဘူးလား ”

“ ရှိတယ် ... မီးဖိုခန်း မှာ ၊ အောင် နဲ့ မမလွင် နဲ့ အထွန်း အကြောင်းတွေ ထိုင် ပြောနေတာ .. အထွန်း  မျက်ခုံး မလှုပ်ဘူးလား ”

သင်းသင်းအောင် ကို စကား မပြန်သေးဘဲ ရယ်ကျဲကျဲ လုပ်၍ တိုက်ခန်း ထဲ ဝင်သည် ။ ခါး ကုန်း၍ ဖိနပ်ကြိုး ဖြုတ်သည် ။ ရှူးဖိနပ် ကို ဖိနပ်စင် ပေါ်တင်သည် ။ အနီး ရှိ ခုံ တွင် ထိုင်၍ ခြေအိတ် ချွတ်သည် ။

ကျွန်တော် နှင့် သင်းသင်းအောင် သည် ငယ်သူငယ်ချင်းများ ဖြစ်သည် ။ မမ က ကျွန်တော့် ထက် လေးနှစ် ကြီး ၍ သင်းသင်းအောင် က ကျွန်တော့် ထက် နှစ်နှစ် ကြီးသည် ။ အသက် ကွာ သော်လည်း ကျွန်တော် နှင့် သင်းသင်းအောင် အတန်း တူသည် ။ မမ ငါးတန်း တက်စဉ် ကျွန်တော် တို့ နှစ်ယောက် သည် တစ်တန်း ကျောင်းသားများ ဖြစ်ကြသည် ။ ဆယ်တန်း ရောက်သော် ကျွန်တော်တို့ နှစ်ယောက် က မမ ကို ကျော်တက် သွားသည် ။ မမ သည် ဆယ်တန်း ကို အကြိမ်ကြိမ် ဖြေ သော်လည်း မအောင်တော့ပေ ။ ကျွန်တော်တို့ နှစ်ယောက် သည် စက်မှုတက္ကသိုလ် သို့ အတူ ရောက်သည် ။ ကျွန်တော် က စက်မှုဘာသာရပ် ယူ၍ သင်းသင်းအောင် က မြို့ပြ ဘာသာရပ် ယူသည် ။ တစ်နှစ်တည်း ဘွဲ့ရ သော်လည်း ကျွန်တော် က အလုပ် အလျင်ရသည် ။ သင်းသင်းအောင် သည် နောက် တစ်နှစ် ၊ နှစ်နှစ် လောက် ကြာမှ အလုပ် ရသည် ။ ဌာနချင်း မတူသလို တာဝန်ကျသော နယ် ချင်းလည်း မတူသဖြင့် အဆက်အသွယ် ပြတ်ခဲ့သည် ။ လွန်ခဲ့သော တစ်နှစ်ခွဲ က သန်းမြင့်ထွန်း မလေးရှား သွားစဉ် လေဆိပ် သို့ လိုက် ပို့ကြ သဖြင့် သင်းသင်းအောင် နှင့် ဆုံတွေ့ကြခြင်းသည် နောက်ဆုံး ဖြစ်၏ ။

“ မွန်းလွဲ နှစ်နာရီ လောက်က အောင် ရောက်တယ် ။ စာမေးပွဲ ပြီးတာ နဲ့ အထွန်း တို့ တိုက်ခန်း ကို တန်း လာတာပဲ ။ သန်ဘက်ခါ ပြန်မယ်လေ ” 

“ ဘာ စာမေးပွဲလဲ၊ ရန်ကုန် ရောက်တုန်း နေပါဦး ”

သင်းသင်းအောင် သည် ပခုံးတွန့် ပြသည် ။ မဲ့ပြုံးလေး လုပ်ယူ၍ ...

“ ပရိုမိုးရှင်း စာမေးပွဲပါ ။ အဲဒီ စာမေးပွဲ ကြောင့် ခွင့် ပေးတာ ။ နို့မို့ မရဘူး ။ စာမေးပွဲ မဖြေခင် တစ်ရက် ၊ ဖြေတဲ့ နေ့ တစ်ရက် ၊ ဖြေပြီး နှစ်ရက် ၊ စုစုပေါင်း လေးရက် ရတယ် ။ စနေ ၊ တနင်္ဂနွေရုံးပိတ်ရက် နဲ့ ဆက် ယူချင် တာတောင် မရဘူး ”

ခြေအိတ် ကို ဖိနပ်စင် အနီးရှိ ပလတ်စတစ် ကြိုးတန်း ပေါ် ဖြန့် တင်သည် ။ သင်းသင်းအောင် ကို “ ခဏ ... ” ဟု လက်ကာ ပြ ခွင့်တောင်းပြီး ထပ်ခိုးပေါ် တက်သည် ။ အဝတ် လဲသည် ။ စွပ်ကျယ် နှင့် လုံချည် ဝတ်၍ ဧည့်ခန်းသို့ လာသည် ။

“ နှစ်နာရီ ကတည်း က ရောက်နေတော့ အထွန်း ကို စောင့် ရတာ ပျင်းမှာ ပေါ့ ”

သင်းသင်းအောင် ထံမှ စကား မလာမီ မီးဖိုခန်း မှ မမ အသံသည် ပေလေးဆယ် အကွာအဝေး ကို ဖြတ်၍ ဧည့်ခန်း ထဲ ဝင် လာသည် ။

“ အောင် ...... မပျင်းဖို့ မမ တာဝန်ယူ ဧည့်ခံ ထားပါတယ်ကွယ် ။ မင်း အကြောင်း ၊ မင်း မိန်းမ အကြောင်းတွေ စုံလို့ ...၊ အောင် က လည်း သူ့ အကြောင်းတွေ ပြောတာ စုံလို့ .... ”

“ ဟာ ... မမ ကလည်း ” ဟု လေသံမျှ ဖြင့် ညည်း၍ သင်းသင်းအောင် ကို အားနာပါးနာ ကြည့်သည် ။ သင်းသင်းအောင် က ပါးစပ် ကို လက်ဖဝါး ဖြင့် ကာ၍ ရယ်သည် ။

“ မမ က အောင့် ကို လေ နဲ့ ဧည့်ခံတာလား ၊ ဘာမှ မကျွေးဘူးလား ၊ မမ ရေ .. အထွန်း အတွက်လည်း ကော်ဖီ တစ်ခွက် ဖျော် ပေးပါဦး ။ တစ်ညနေ လုံး လူကြီး နောက် က လျှောက်လိုက် နေရတာ ဗိုက်ဆာပြီ ”

“ မတော်လိုက်ရတဲ့ ယောက်မ ကို ဧည့်ခံပါတယ်ကွယ် ၊ ကော်ဖီ ကော လက်ဖက်သုပ် ကော စုံလို့ ပဲ ။ အထွန်း ဆာရင် ကိတ်မုန့် ရှိတယ် ၊ ထမင်း စားချင် ရင်လည်း ကျက်ပြီ ။ ကော်ဖီမှုန့် က ည ဖေဖေ ဆေးသောက်ဖို့ ပဲ ကျန်တော့တယ်။ ကော်ဖီမှုန့် ကုန်နေပြီ ပြောတာ ဝယ် မလာဘူး ။ အောင် ရေ ... နင့် သူငယ်ချင်း က အိမ်ထောင်ကျ မှ အလျင် နဲ့ မတူတော့ဘူး ။ သူ့ မယား ပူဆာသမျှ အလို ဖြည့် နေတာနဲ့ လောက်ငတယ် မရှိဘူး ။ ဟို မိန်းမ က ဝင်ငွေ တစ်ပြားနှစ်ပြား ပေမယ့် အသုံးအစွဲ က ကြမ်းပါ့။ ကြိုက်လိုက်တဲ့ အကောင်း ကလည်း နှစ်ယောက် မရှိဘူး ”

ထပ်ခိုး ပေါ်မှ အဖေ ၏ ချောင်းဟန့်သံ ကြောင့် မမ ပါးစပ် ပိတ်သွားသ ည် ။

ကျွန်တော် သည် သင်းသင်းအောင် ကို မျက်စပစ်၍ “ တိုက်အောက် ဆင်းပြီး လက်ဖက်ရည် သောက်ရင်း စကား ပြောရအောင် ” ဟု ခေါ်သည် ။ သင်းသင်းအောင် က ခေါင်းညိတ်သည် ။ ကျွန်တော် သည် ရှပ်အင်္ကျီ ဝတ် ရင်း “ လက်ဖက်ရည်ဆိုင် ဆင်းဦးမယ် ” ဟု မမ ကို ပြောခဲ့သည် ။

•••••   •••••   ••••• 

ကားမှတ်တိုင် နှင့် မနီးမဝေးရှိ လက်ဖက်ရည်ဆိုင် သို့ သွားသည် ။ ဤ ဆိုင်လေးသည် နံနက်ခင်း နှင့် ညပိုင်း တွင် လူစည်သည် ။ ညနေခင်း တွင် ဆိုင်တစ်ဝက် ကျော်ကျော် အထိ နေရောင် ဝင် သဖြင့် ပူအိုက်သည် ။ လူ အဝင် နည်းသည် ။ ကျွန်တော်တို့ နှစ်ယောက် သည် နေမပူ သော အတွင်း ထဲ အထိ ဝင်ထိုင်သည် ။ ပန်ကာလေ ကြောင့် နေသာထိုင်သာ ရှိသည် ။ နက်စ်ကော်ဖီနှစ်ခွက် မှာ သော်လည်း သင်းသင်းအောင် က တစ်ခွက် ပဲ မှာ ပါဟု ပြောသည် ။ ပေါင်မုန့်ထောပတ်သုတ် စား မလား ဟု မေး သော်လည်း ခေါင်းယမ်းသည် ။

“ အထွန်း အကြောင်းတွေ အပြင် အထွန်း မိန်းမ အကြောင်းလည်း မမ  က ပြောတယ် မဟုတ်လား ”

“ အင်း ... အထွန်း နဲ့ တစ်နှစ်ခွဲ လောက် မတွေ့ကြပေမယ့် မမ နဲ့ နှစ်နာရီ သုံးနာရီ လောက် ထိုင်ပြီး စကားပြော လိုက်တာ အပြည့်အစုံ သိသွား တယ် ”

“ ခက်တယ် အောင်....။ မမ က အထွန်း ကို သိပ်ချစ်တယ် ။ တအား ပြုစု ချင်တယ် ။ သိပ် လည်း ဂရုစိုက်တယ် ။ ဒေစီ က ငယ်တော့ မပြုစုတတ်ဘူး ။ ဂရုစိုက်ရမှန်း ၊ လူကြီးသူကြီးတွေ ကို ရိုသေလေးစားရမှန်း လည်း မသိဘူး ။ ဒေစီ မွေးဖွားကြီးပြင်း လာတဲ့ စရိုက် နဲ့ အထွန်း တို့ နေတဲ့ စရိုက် မတူတော့ တဖြည်းဖြည်း နဲ့ ကွာဟ လာတယ် ။ အမြင် မတူတော့ ခံယူချက် မတူ ။  ခံယူချက် မတူတော့ စကား များကြရော ။ မမ က အပျိုကြီး ပီပီ ပစိပ စပ်လုပ်တာလည်း ပါမှာ ပေါ့လေ။ အဲဒါကို ဒေစီ က ကန့်လန့်တိုက်တယ် ။ အထွန်း မှာ မမ ဘက် ကို ပါတော့ ဒေစီ က မကျေနပ် ၊ ဒေစီ ဘက် ပါတော့ မမ က မကျေနပ်နဲ့ ... ”

ကော်ဖီခွက် လာချ သဖြင့် စကားရပ်သည် ။ သင်းသင်းအောင် သည် ရေနွေးပန်းကန် နှစ်ခွက် ယူ၍ ရေနွေး ထည့်သည် ။ တစ်ခွက် ကို ကျွန်တော့် ရှေ့ ချပေးသည် ။ တစ်ခွက် ကို သူ ယူသည် ။

“ အထွန်း တို့ အိမ်ထောင်သက် နှစ်နှစ် မှာ ဒေစီ တိုက်ပေါ်က ဆင်းတာ လေးငါးခါ ထက် မနည်းတော့ဘူး ။ တစ်ခါ ဆင်းရင် တစ်လ နှစ်လ လော က်ကြာတယ်။ အထွန်း က လိုက်လိုက် ခေါ်ရတယ်။ အိမ်ထောင်ရေး အဆ င်မပြေတော့ အထွန်း စိတ်ညစ်တယ် ။ အိမ်ခွဲ နေမယ် ဆိုတော့လည်း အထွန်း တို့ လင်မယား ဆင်းသွားရင် တိုက်ခန်း မှာ မမ နဲ့ ဖေဖေ ကျန်မယ်။ ဖေဖေ့ ကျန်းမာရေး မကောင်းတာ အောင် လည်း အမြင်ပဲ။ ခက်တာ က မမ မှာ အလုပ် မရှိ ။ ဝင်ငွေ မရှိ ။ ဖေဖေ့ ပင်စင်လစာ နဲ့ မမ တို့ သားအ ဖစားဖို့ မလောက်ဘူး ။ အိမ်ခွဲ နေရရင် အထွန်း တို့ လင်မယား မှာ ရှိတဲ့ ငွေနဲ့
မြို့ထဲတိုက်ခန်းတွေ မငှားနိုင်ဘူး ။ ရုံး က လည်း ဝန်ထမ်းအိမ်ရာ ပေးနိုင်ဘူး ။ ရုံး တက်ရတာ ဝေးမယ် ။ ရန်ကုန် မှာ နေတဲ့ လူတွေ အဖို့ ဘတ်စ်ကား ဒုက္ခ ကို ခံနိုင်ပါတယ်။ ဒါပေမဲ့ အိမ်ခွဲ နေရင် အထွန်း လစာ ထဲ က ခွဲပြီး မမ တို့ ကို မထောက်ပံ့နိုင်တော့ဘူး ။ ဒါကြောင့် အိမ်ခွဲ နေရင် အထွန်းတို့ လင်မယား မှာ နေရေး ခက်မယ် ၊ မမ တို့ သားအဖ မှာ စားရေး ခက်မယ် ။ အဲဒါတွေ အဆင်ပြေအောင် ပူးပေါင်း နေတော့လည်း ဒေစီ က လူကြီးတွေ နဲ့ သင့်မြတ်အောင် မနေနိုင်။ မမ က ဒေစီ အမူအကျင့်တွေ ကို ကြည့်မရ ။ ဒါနဲ့ ရန်ဖြစ်ကြ .. စိတ်ရှုပ်စရာကြီးပါ ”

ကျွန်တော် သည် ဆံပင်များ ကို ကုတ်ဖွ လိုက်မိသည် ။ သင်းသင်းအောင် သည် ညှိုးငယ်သော မျက်နှာဖြင့် ကျွန်တော့် ကို ငေး ကြည့်သည် ။ ကျွန်တော် သည် ဟက်ခနဲ ရယ်သံ တစ်ခု ဖန်တီး၍ ...

“ အောင် တော့ ရန်ကုန် လာပြီး အထွန်း တို့ မောင်နှမ ရဲ့ ညည်းချင်း တွေ လာ နားထောင် သလို ဖြစ်နေပြီ ။ ဪ ... ဒါနဲ့ ... သန်းမြင့်ထွန်း လည်း မလေးရှား သွားတာ တစ်နှစ်ခွဲ လောက်ရှိပြီနော် ။ သူ ကော အဆင်ပြေရဲ့ လား။ ဘယ်တော့ ပြန် လာမလဲ ”

သင်းသင်းအောင် သည် မျက်လွှာ ချသည် ။ ရေနွေးခွက် ထဲ က ရေနွေး ကို လက်ညှိုး ဖြင့်တို့ ၍ စားပွဲ ပေါ်တွင် မျဉ်းကောက်တွေ ရေးနေသည် ။ ကျွန်တော့် အမေးတွင် တစ်ခုခု မှားသွားပြီ ဟု ချက်ချင်း သိသည် ။ ဘာ မှားကြောင်း မူ ရုတ်တရက် စဉ်းစားလို့ မရ ။

“ ခွင့်လွှတ်ပါဟာ ...၊ အထွန်း ရဲ့ အပူတွေ အောင့် ကို မျှပေးသလို ဖြစ် နေပြီ ။ ဒေစီ နဲ့ အထွန်း က အသက်အရွယ် ချင်း ၊ ပညာအဆင့်အတန်း ချင်း ၊ လူနေမှုပတ်ဝန်းကျင် ချင်း ကွာခြားတယ် အောင် ... ။ ဒေစီ က အထွန်း ထက် ဆယ်နှစ် လောက် ငယ်တယ် ။ အိမ်ထောင်ကျ တော့ ၁၇ နှစ် သမီး ၊ အခု အသက် ၂ဝ ထဲ ဝင်ခါစ ။ အိမ်ထောင်သည် ဖြစ်ပေမယ့် ဒေစီ မှာ ကလေး က လည်း မရသေးတော့ ကလေးစိတ် မကုန်သေးဘူးပေါ့ အောင်ရယ် ... ။ မမ က အခုမှ ၃၅ နှစ်ပေမယ့် အမေ ဆုံး ကတည်း က အစ်မကြီး အမိရာ မဟုတ်လား ။ သူ့ စိတ် က အသက်လေးဆယ် ငါးဆယ် အဘွားကြီး စိတ်မျိုး ဖြစ်နေတာ ။ ပြောရရင် ပဋိပက္ခတွေ အများကြီးပါ ။ ဪ ... အထွ န်း လည်း မပြောဘူး၊ မပြောဘူးနဲ့ ဒါချည်းပဲ ပြောမိနေတယ် ”

ရင်နာစွာ ရယ်မော၍ ကော်ဖီ တစ်ကျိုက် သောက်သည် ။ ကော်ဖီခွက် ကို စားပွဲ ပေါ် ပြန်ချရင်း “ သန်းမြင့်ထွန်း ဘယ်တော့ ပြန်လာမလဲ ” ဟု မေးမိပြန်သည် ။ သင်းသင်းအောင် လက်ကိုင်အိတ် ကို ဖွင့်၍ စာ တစ်စောင် ထုတ် ပေးသည် ။

“ ရော့ ... တစ်နှစ် ကျော်ကျော် အတွင်းမှာ အောင့် ဆီ ကို ဒီ စာ တစ်စောင် ပဲ ရောက်တယ် ”

ကျွန်တော် က လက်ကာ၍ ...

“ အောင်တို့ ကိုယ်ရေးကိုယ်တာတွေ ရေးထားတဲ့ စာ ကို မဖတ်ချင်ပါဘူး ။ ပါးစပ်နဲ့ ပြောပါ ”

“ ကိုယ်ရေးကိုယ်တာ ပါတဲ့ စာမျက်နှာ ကို ဖယ်ထား ပြီးပြီ ။ ကျန်တာ က ဟိုမှာ သူ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ရေး ထားတာ ။ ဖတ်ကြည့်ပါ ။ ပါးစပ် နဲ့ စုံအောင် မပြောပြတတ်ဘူး ”

သင်းသင်းအောင် ပေးသော စာရွက်ခေါက် ကို ဖြန့်သည် ။ စာမျက်နှာ သုံး မှ စသည် ။ တစ် နှင့် နှစ် ကို ဖယ်ထားဟန် ရှိသည် ။

     ( ကိုယ် စာမရေးတာ သတိမရ လို့ မဟုတ်ဘူး ။ စိတ်ဓာတ် ကျလို့ ။ ကို ယ်တို့ မလေးရှား ကို ချောချောမောမော ရောက်တယ် ။ မြန်မာပြည် မှာ ပွဲစား နဲ့ ဆက်ထားတဲ့ အလုပ် က လည်း အဆင် မပြေဘူး ။ မြန်မာပြည် မှာ အပြီး ငွေမချေခဲ့ လို့ တော်သေးတယ် ။ ဟိုရောက် မှ ကိုယ့် ဘာသာ ကိုယ် ရှာ ရတယ် ။ ရတဲ့ လခ က အရမ်း နည်းတယ် ။ တစ်လ ကို ယူအက်စ် ဒေါ်လာ နှစ်ရာရဖို့ ချွေးဒီးဒီး ကျအောင် ရှာရတယ် ။ ရရစားစား ဆိုတော့ ကိုယ့် အတွက် သိပ်မကျန်ဘူး ။ အလုပ်ချိန်တွေ များ ပြီး လုပ်ခ နည်းတယ် ။ ကိုယ် တို့ အခု နီကယ်စိမ် တဲ့ စက်ရုံမှာ လုပ်နေတာ ။ တစ်နေ့ ကို မလေးရှားဒေါ် လာ ၁၅ ဒေါ်လာ ပဲ ရတယ် ။ တနင်္ဂနွေပိတ်ရက် ပိုက်ဆံ မရတော့ တစ်လ ကို တနင်္ဂနွေ လေးရက် နုတ်ရင် မလေးရှား ဒေါ်လာ ၄ဝဝ တောင် မပြည့် ဘူး ၊ အချိန်ပို အလုပ် ဆင်းရမှ တစ်လ ကို မလေးရှား ဒေါ်လာ ၄၅၀ ၊ ၅၀၀ လောက်ပဲရတယ်။ စားတာ က တစ်လ ကို မလေးရှား ဒေါ်လာ ၂၀၀ လော က် ကုန်တော့ ၂၀၀ လောက်ပဲ ကျန်တယ် ။ အလုပ်တွေ က အရမ်းပင်ပန်း တယ် ။ အလုပ်ချိန် က မနက် ၈နာရီ ကနေ ညနေ ၅နာရီ အထိ ။ အချိန်ပိုအ လုပ်ဆင်း ရရင် ည ၈နာရီ အထိ လုပ်ရတယ် ။ )

ကျွန်တော့် အကြည့် ကို စာရွက် ပေါ်မှ သင်းသင်းအောင် မျက်နှာပေါ် သို့ ပြောင်းသည် ။ သင်းသင်းအောင် က မေး ကို လက်ထောက် ထားသည် ။

“ ဟုတ်တယ် အောင် ...၊ နိုင်ငံခြားထွက် အလုပ် လုပ်တဲ့ လူတိုင်း အဆင် ပြေတာ မဟုတ်ဘူး ။ အထွန်း တို့ မိတ်ဆွေ တစ်ယောက် ဘရူနိုင်း ထွက် သွားတာ ငွေတွေ အလိမ် ခံရလို့ ဘဝ ပျက်ပြီး ဘန်ကောက် မှာ သောင်တင် နေတာ နောက်ဆုံး မလေးရှား မှာ ရရာ ဝင် လုပ်နေတယ် ကြားတယ် ။ အမေရိကား ဆိုပြီး ထွက် သွားတဲ့ လူ လည်း ဘန်ကောက် မှာ ကြုံရာကျပန်း လုပ်လို လုပ်ရ ။ မလေးရှား ဝင်ပြီး မြန်မာ အသိတွေ လိပ်စာ အတိုင်း သွားရှာတော့ လူ မရှိတာနဲ့ ကြုံရ ။ တချို့လည်း အဖမ်းခံရမှာ စိုးလို့ နေရာ ရွှေ့ကြ၊ ဒုက္ခပေါင်းစုံပါပဲ ”

သင်းသင်းအောင် သည် အင်းမလှုပ် ၊ အဲမလှုပ် ငြိမ်၍ နားစွင့်သည် ။ ကျွန်တော်လည်း ခေါင်းငုံ့ ၍ စာ ဆက် ဖတ်သည် ။

      ( မလေးရှား မှာ အလုပ် ကတော့ ပေါပါရဲ့ ။ မလေးရှား တရုတ်သူဌေး တွေက သူတို့ နိုင်ငံသား ဆိုရင် တစ်နေ့ မလေးဒေါ်လာ အနည်းဆုံး ၂၅ ဒေါ်လာ စ ပေးကြတယ် ။ ကိုယ်တို့ ကိုတော့ မလေးဒေါ်လာ ၁၃ ၊ ၁၄ လော က်ပဲ ပေးတယ်။ အချဉ် ဆိုပြီး တချို့က မလေးဒေါ်လာ တစ်ဆယ် ၊ ဆယ့် တစ် ထိ နှိမ်ပေးတယ် ။ ကိုယ့် မှာ လည်း အလုပ် တစ်ခု တွေ့လို့ ကိုယ် မလုပ် ရင် နောက်က ဘဝပျက် သူတွေ တန်းစီ နေတော့ ရရစားစား ဝင်လုပ် တာချည်းပဲ ။ ဒါကြောင့် ကိုယ် လည်း ရရစားစား လုပ် ၊ ရသလောက် ကြံဖန်စုပြီး ဂျပန် ဘက် ဝင်ဖို့ ကြိုးစားနေတယ် ။ ဂျပန် က လူတွေ ဆီ အကူအညီ လှမ်း တောင်းထားတယ်။ အဆင်ပြေရင် သူတို့ အကူအညီ နဲ့ ဂျပန် ကို ကြိုးစား ဝင်ရမယ် ။ )

သင်းသင်းအောင် ၏ စာ တစ်ရွက် ပြီးဆုံးသည် ။ ခေါက်၍ ပြန်ပေးသည် ။

“ အခု သန်းမြင့်ထွန်း ဘယ်ရောက် နေလဲ ။ သူ့ စာထဲမှာ လို ဂျပန် ရောက် နေပြီလား ”

“ အင်း .... ဂျပန် မှာ ။ အဲဒါကြောင့် အခြေအနေ တွေ ပြောင်းကုန်တာ ပေါ့ ။ သူ့ စာ ထဲမှာ ပါတဲ့ လိပ်စာ အတိုင်း အောင် လည်း မလေးရှား ကို စာ သုံးစောင် ရေးတယ် ။ တစ်စောင် မှ ပြန်မလာဘူး ။ အောင့် မှာ ဖြင့် မလေးရှားရဲတွေ အဖမ်း ခံရသလား ။ နေထိုင်မကောင်းလို့ လား နဲ့ ပူလိုက်ရတာ နောက် မှ သူ ဂျပန် ရောက်သွားပြီ ဆိုတာ သူ နေတဲ့ အိမ် မှာ ဆက် နေတဲ့ မြန်မာ တစ်ယောက် က စာလှမ်း ရေးလို့ သိတယ်။ ဂျပန်လိပ်စာ ကိုတော့ သူ လည်း မသိဘူးတဲ့ ။ ဒါနဲ့ ပြီးခဲ့တဲ့ ခုနစ်လပိုင်း လောက် က သူ့ လိပ်စာ သိချင်လို့ ရယ် ၊ သူ့ အကြောင်း သိချင်လို့ ရယ် သူ့ မိဘ အိမ် ကို အောင် သွား ခဲ့တယ် ။ အောင့် ကို သူတို့ သား နဲ့ မတူမတန် သလို ဆက်ဆံ လွှတ် လိုက်တယ် အထွန်း ရယ် ”

သင်းသင်းအောင် ၏ အသံ တိမ်ဝင်သည် ။ အထူးကုဆေးရုံကြီး မှ အ ရေးပေါ်ကား တစ်စီး သည် ဥဩသံ ပေး၍ လျင်မြန်စွာ မောင်းနှင်သွားသည် ။ မီးပွိုင့် တွင် ဘတ်စ်ကား တစ်စီး ဘရိတ်အုပ်သံ ကျယ်လောင်စွာ ထွ က်ပေါ်လာသည် ။ လက်ဖက်ရည်ဖျော်ခုံ ပေါ်မှ ဖန်ခွက် တစ်လုံး ကျကွဲသံ ကြားဖြင့် လှည့်ကြည့်သည် ။

“ အောင့် ကို ကိုသန်းမြင့်ထွန်း ချစ်ရေးဆိုစဉ် က အောင် က အငယ်တန်းအရာရှိ တစ်ယောက် ၊ ကိုသန်းမြင့်ထွန်း က ဘွဲ့ရ အလုပ်လက်မဲ့ တစ် ယောက်ပါ ။ အောင့် အခြေအနေ က မြင့်တယ်ပေါ့ အထွန်း ရယ် .. ။ ဒါပေမဲ့ ဒါတွေကို အောင် ထည့်မတွက်ပါဘူး ။ တာဝန်ကျတဲ့ နယ် မှာ အမျိုးအဆွေ မရှိတော့ ကိုသန်းမြင့်ထွန်း တို့ အိမ် ကိုပဲ ဆွေမျိုးအိမ် လို သဘော ထားပြီး ၊ ဝင်ထွက်နေရတာ မဟုတ်လား ။ အဲဒီတုန်းက သူတို့ တစ်အိမ်လုံး သဘောတူ ကြတယ် ။ အောင့် ကို လည်း ဖူးဖူးမှုတ် ထားကြတယ် ။ အ ခုသူတို့ သား က ဂျပန်ကား တို့ ၊ တီဗွီ တို့ ပို့နေတော့ စိတ်ပြောင်း သွားကြပြီလေ ။ ရပါတယ် ... ။ သူတို့ ဘက်က မလိုလားဟန် ပြတော့ အောင် က လည်း ပြတ်တယ် ”

သင်းသင်းအောင် ၏ အသံ ပြန်မာလာသည် ။

သန်းမြင့်ထွန်း စာ ကို အထပ်ထပ် ခေါက်နေသည် မှာ လက်မ အရွယ် လောက်သာ ကျန် တော့သည် ။ ကျွန်တော် သည် အေးစက် နေပြီ ဖြစ်သော ကော်ဖီ ကို အကုန် မော့သောက်၍ ခွက် ကို မှောက်ထားသည် ။  အဆင်မပြေမှု စကားစဉ် မှ လမ်းကြောင်း ပြောင်း အောင် ဘာ ပြောလျှင် ကောင်းမလဲ ဟု ကျွန်တော် စဉ်းစားသည် ။

“ စာမေးပွဲ ဖြေနိုင်သလား အောင် ။ ရန်ကုန် ကို ပြန် ပြောင်းဖို့ လျှောက်
ထားသလား ”

“ လျှောက်လွှာ တင် ထားတယ် ၊ စာမေးပွဲ က အသင့်အတင့်ပဲ ဖြေနိုင်တယ် ။ စာမေးပွဲ မအောင်လို့ ရာထူး မတက်ရင်တော့ ရန်ကုန် ပြောင်းဖို့ ချန့်စ် ရနိုင်တယ် ။ ရာထူး တက်ရင် ရန်ကုန် မရောက်ဘဲ ခရိုင်မြို့ကြီး တစ်မြို့မြို့ ရောက်နိုင်တယ် ။ အထွန်း က အောင့် ထက် ကံကောင်းတယ် ။ နယ် မှာ ခဏ နေပြီး ရန်ကုန် ကို ပြန် ပြောင်းရတယ်နော် ။ အောင့် မှာ အလုပ် ရ ကတည်းက နယ်မှာ နေရတာ သုံးနှစ် ရှိပြီ ။ ကိုသန်းမြင့်ထွန်း တို့ မြို့ ကို ပထမဆုံး ရောက်တာပေါ့ ။ နဖူးစာ ရွာလည်တယ် ထင်ပါရဲ့ ။ ပြန်တွေး တိုင်း အောင့် ရင်ထဲ တစစ်စစ် နာတယ် အထွန်း ... ။ လူ အတော်များများ ဟာ အောင် နဲ့ အထွန်း တို့ လို ရိုးသား သန့်စင်မှု မရှိကြဘူး ။ မေတ္တာ မထားကြဘူး ”

ကျွန်တော့် အိမ်ထောင်ရေး အဆင်မ ပြေမှုသည် ပင် သင်းသင်းအောင် ၏ အချစ်ရေး အဆင်မပြေမှု အောက် တွင် မြုပ်ဝင်လျက် ရှိသည် ။ ကျွန်တော့် ဝေဒနာ ကို မေ့၍ သူ့ ဝေဒနာ ၌ နစ်မျောသည် ။ ကျွန်တော် တို့ နှစ်ယောက် သည် နှုတ်ပိတ်၍ ငေးငေးငူငူ ထိုင်နေမိသည် ။

“ မိုးချုပ်ရင် သုဝဏ္ဏ ကို အပြန် ကားခက်လိမ့်မယ် ။ သွားမလား အောင် ”

“ သွားတာပေါ့ ၊ အထွန်း သောက်တဲ့ ကော်ဖီဖိုး ကို အောင် ရှင်းလိုက်မ ယ်နော် ”

“ နေပါစေ ... အောင် ရဲ့ ... ။ အောင် က ဧည့်သည် ပါ ”

“ အထွန်း ကို ကျွေးရရင် အောင် စိတ်ချမ်းသာတယ် ။ အောင် စိတ်ဆင်း ရဲအောင် အထွန်း  လုပ်မလို့ လား ”

သင်းသင်းအောင် ၏ မျက်နက်ဝန်း ကို ကြည့်၍ ဆယ်ကျော်သက် က သင်းသင်းအောင် ကို ပြန်လည် မြင်ယောင်မိသည် ။ အလယ်တန်း ကျောင်းသား ဘဝ က မုန့်စားခေါင်းလောင်း ထိုးသည် နှင့် ကျွန်တော်တို့ နှစ်ယောက် သည် လက်ချင်း တွဲ၍ မုန့်ဆိုင်တန်း သို့ ပြေးခဲ့ သည် ။ အထက်တန်း ကျောင်းသား ဘဝ မှာ လည်း ကျွန်တော် ဘောလုံး ကန်နေ လျှင် သင်းသင်းအောင် က ကွင်းဘေးတွင် မုန့်ထုပ် ၊ ရေပုလင်း ကိုင်၍ စောင့် နေတတ်သည် ။ စက်မှုတက္ကသိုလ် ရောက် တော့လည်း သင်းသင်းအောင် သည် ကျွန်တော့် အတွက် ထမင်းဘူး အပို တစ်ဘူး ထည့်ယူလာသည် ။ အစိုးရအလု ပ်ရပြီး သိပ် မကြာမီပင် ကျွန်တော် သည် ရုံး တွင် လုပ်အားပေး နေသော ဒေစီ နှင့် တွေ့သည် ။ ကလေးဆန်ဆန် နွဲ့ဆိုးဆိုးမှု အပေါ် သာယာသည် ။ အရိပ် လို ကပ်နေသော ကောင်မလေး ကို ခွာ မပစ်ရက် လောက်အောင် သံယောဇဉ် ဖြစ်လာသဖြင့် လက်ထပ် ဖြစ်ခဲ့ကြသည် ။ ကျွန်တော့် မိဘ တိုက်ခန်း တွင် နေသည် ။ တွေ့သိ ခင်မင်ခြင်း နှင့် လက်ထပ်ခြင်း သည် သုံးလေးလ သာ ကြာမြင့်သည် ။

ကျွန်တော်လ ည်း အိမ်ထောင်ကျ ၊ သင်းသင်းအောင် လည်း အစိုးရအလုပ် ရ၍ နယ် သို့ ပြောင်းရွှေ့ သွားသဖြင့် အဆက်အသွယ် ပြတ်ခဲ့ကြသည် ။

“ အောင် ရန်ကုန် ရောက်တိုင်း အထွန်း တို့ တိုက်ခန်း ကို ဝင်ပါ ။ အဆက်အသွယ် တော့ မပြတ်စေနဲ့ ပေါ့ဟာ ။ အောင် တစ်ယောက်တည်း ဖြေရှင်းလို့ မရတဲ့ အခက်အခဲတွေ တွေ့ရင် အထွန်း ကို ပြောပါ ”

ပြန်အမ်းငွေ ယူ၍ ကု,လားထိုင် မှ  ထသည် ။ ပုဆိုး ထဲ အကုန် မဝင်ဘဲ အပြင်ထွက် လျက် ရှိသော ရှပ်အင်္ကျီ ကို ကြည့်၍ သင်းသင်း က “ အင်္ကျီ ကို သပ် သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဝတ်ပါဦး ။ အထွန်း ဟာလေ ... ဟို ငယ်ငယ်က အတိုင်း ပဲ ။ ဖိုသီဖတ်သီ နေချင်တယ် ” ဟု ရယ်ရွှန်းဖတ်ရွှန်း ပြောသည် ။

ကျွန်တော် က “ ဟုတ်ကဲ့ ” ဟု ကျိုးနွံနာခံဟန် လုပ်ပြ၍ ပုဆိုး ပြင်ဝတ် သည် ။ ရှပ်အင်္ကျီ အောက်နား ကို ပုဆိုး ထဲ သွင်းသည် ။

ဆိုင် မှ အထွက် နေပူ သဖြင့် သင်းသင်းအောင် က ထီး ဖွင့်သည် ။ ကျွန်တော် နှင့် သင်းသင်းအောင် တို့ ယှဉ်လျှောက်၍ ကားမှတ်တိုင် သို့သွားသ ည် ။ အရပ်ပုသော သင်းသင်းအောင်  လက် ထဲ က ထီး သည် ကျွန်တော့် ဦးခေါင်း နှင့် မလွတ် ။ သင်းသင်းအောင် လက် ထဲ က ထီး ကို ကျွန်တော် ယူသည် ။ သင်းသင်းအောင် က မော့ ပြုံးသည် ။ ထီး လက်ကိုင် ကို ကျေကျေနပ်နပ် လွှတ်ပေးသည် ။ တစ်မိုးအောက် မှာ ပိုမို နီးကပ်သည် ။ သင်းသင်းအောင် ၏ လက်မောင်းသား ပျော့အိခြင်း မရှိသေးပေ ။ တင်းမာ လတ်ဆတ်ဆဲ ပင် ။

ကားမှတ်တိုင်တွင် ရပ်သည် ။ ကားစောင့်သည် ။ သူ နှင့် ကျွန်တော် ကြားတွင် စကား ပြောစရာ အကြောင်းအရာ များစွာရှိ သည် ။ ကျောင်း တုန်းက အကြောင်း ၊ လုပ်ငန်းခွင်ထဲ က အကြောင်း ၊ သူငယ်ချင်းတွေ အကြောင်း ... ။ သို့သော် ဘာမှ မပြောဖြစ်ကြ ။ မပြောချင်ကြ ။ ကား လာသော် သင်းသင်းအောင် တက်သည် ။ လူအုပ်ကြား မှ လက်ပြသည် ။ ကျွန်တော် က မြင်ကြောင်း ခေါင်းဆတ် ပြ၍ တိုက်ခန်း သို့ ပြန်သည် ။

•••••   •••••   •••••

မမ က တိုက်ခန်းတံခါး ကို ဖွင့်ပေးပြီး ကျွန်တော့် နောက် သို့ ကျော် ကြည့်သည် ။

“ အထွန်း တစ်ယောက်တည်း လား ၊ အောင် ပြန် လိုက် မလာဘူးလား ။ အောင့် ကို ဒီမှာ ညစာ စားလို့ ပြောထားတာ ၊ ပြန်သွားပြီလား ”

“ ပြန်ပြီ မမ ”

“ အထွန်း တို့ ဘာတွေ ပြောကြလဲ ”

“ ဘာရယ် မဟုတ်ပါဘူးမမ ရယ်။ ကျွန်တော် က ကျွန်တော် အဆင် မပြေတဲ့ အကြောင်း ...၊ သူ က သူ အဆင် မပြေတဲ့ အကြောင်း၊ ဒါပါပဲ ”

“ အထွန်း နဲ့ အောင် က စိတ်ကူး လွဲကြတာကိုး ကွဲ့။ မင်းတို့ နှစ်ယောက် ယူ လိုက်ရင် ဒီ အဆင်မပြေမှု ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး ။ စဉ်းစားဦး ပေါ့ကွယ် ။ နှစ်ယောက်စလုံး မှာ အရွယ်တွေ ... အချိန်တွေ ရှိပါသေးတယ် ”

မမ စကားကြောင့် ခေါင်းနားပန်း ကြီးသည် ။

ဖြစ်နိုင်လျှင် ကျွန်တော်တို့ ဘဝ ကို တစ် မှ ပြန် စချင်သည် ။

မဖြစ်နိုင်သော အခါ ထို ည က ညတာ ရှည်လျားခဲ့သည် ။

⎕ ကိုရိုးကွန့်

📖 နှင်းဆီ မဂ္ဂဇင်း
      ၁၉၉၃ ခု ၊ စက်တင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment