Sunday, September 8, 2024

ချေးငွေ သည် အဆိပ်



 

❝ ချေးငွေ သည် အဆိပ် ❞

“ ဟေး ညည်း အခု ဘယ်မှာ ”

“ အစ်မတို့ နဲ့ ပေါင်းနေတယ် ”

“ ဒါနဲ့ ဟို တိုက်ကလေး က ”

“ ရောင်း ပစ်လိုက်ပြီ လေ ၊ တိုက်ပေါင် ငွေချေး က ရှစ်သိန်း ၊ အဲဒါ ပြန် ဆပ် တော့ အတိုး ရော အရင်း ပါ ၂၆ သိန်း ကျတယ် ၊ တိုက်ကလေး က ၃၉ သိန်း ရတယ် ၊ အခြား အကြွေး ငါးသိန်း ဆပ် လိုက်တော့ ”

၂၀၀၆ ခုနှစ် စက်တင်ဘာလ ၅ ရက် နေ့ က မိတ်ဆွေ အမျိုးသမီး တစ်ယောက် နှင့် အမှတ်မထင် ဈေး ထဲ မှာ ဆုံမိ ။ လူချင်း မဆုံမိသည် မှာ လေးငါးနှစ် ခန့် ကြာခဲ့ ။

ကျွန်တော် သဘောပေါက် သွားပါပြီ ။ တိုက်ကလေး ရောင်း ၊ အကြွေး တွေ ဆပ် ၊ အစ်မ အိမ် မှာ ပြန် ကပ်နေ ။

အကြွေး အကြွေး

အကြွေး သည် တအိအိ လောင်မြိုက် သော အဆိပ် ဖြစ်လေ၏ ။

အဆိပ် အပြင်းစားကြီး မဟုတ် ။ သောက် ချလိုက် ၊ ဗိုက် ထဲ ရောက် ၊ ချက်ချင်း မသေ ၊ ပျော်ရွှင်စွာ နေပါလေဦး ။

အဲ ၊ အာနိသင် ပြလာပြီ ၊ တအိအိ လောင်မြိုက်လာပြီ ၊ ထိ လာပြီ ၊ ထိ လာပြီ ။

သွားပြီ ၊ ကျွန်တော့် မိတ်ဆွေ အမျိုးသမီးကလေး ။

“ ညည်း ဘယ်ကို ”

“ ပွဲရုံ မှာ သွားပြီး နှမ်း ပြာ မလို့ ”

အင်း ဟုတ် ၊ သည် အချိန် ကား အောင်လံမြို့ ပွဲရုံတွေ မှာ နှမ်းသစ်တွေ ဝင်လာပြီ ၊ အလုပ်သမကလေး တွေ နှမ်း ပြာကြ ၊ လုပ်အားခ တွေ ရကြ ။

တိုက် နဲ့ တာ နဲ့ ဟန်ကျ ပန်ကျ နေခဲ့သူ က နှမ်း သွား ပြာ မလို့ ဆိုပါလား ။

အကြွေး ၊ အဆိပ် ၊ အဆိပ်ပျော့ ။

မိတ်ဆွေ သင် ကော ။

သင့် စီးပွားရေး လုပ်ငန်းကြီး ထဲ မှာ ချေးငွေ တွေ ထိုးထည့် ထားပါ သလား ။

ဘယ်နှရာခိုင်နှုန်းလဲ ။

၅ဝ/၅ဝလား ။

ဒါမှမဟုတ် ကိုယ်ပိုင် ၁၀/ချေးငွေ ၉၀ လား ။

ဘယ် စီးပွားရေး လုပ်ငန်း မဆို ဘဏ် မှ သော် လည်းကောင်း ၊ ပုဂ္ဂလိကများ ထံ မှ သော် လည်းကောင်း ချေးငွေများ ပါဝင် နေ တတ်ပါသည် ။

လုပ်ငန်း လည်ပတ်ဖို့ ၊ လုပ်ငန်း တိုးချဲ့ဖို့ မရှိမဖြစ် လိုအပ်သည် မှာ ချေးငွေ ပါပဲ ။

ဘဏ် လုပ်ငန်း ၊ ပုဂ္ဂလိက တို့ က လည်း အရင်းအနှီး အတွက် ငွေထုတ် ချေးလေ့ ရှိပါသည် ။ သူတို့ အလုပ် ကို က ငွေထုတ် ချေးသည့် အလုပ် ။

တချို့ က လည်း ယုံကြည်ရသော စီးပွားရေး လုပ်ငန်းရှင်များ ထံ ၌ ငွေပိုများ ကို အပ်နှံလေ့ ရှိ၏ ။ ၎င်း သည်လည်း ချေးငွေ ပါပဲ ။ သုံးတတ် လျှင် အကျိုး များစွာ ဖြစ်ထွန်း သကဲ့သို့ မသုံးတတ် လျှင် ဘဝ ပျက် သွားနိုင်သည် မှာ ချေးငွေ သို့မဟုတ် အကြွေး ဖြစ်လေ၏ ။

လူ့ သဘော ကား ချေးငွေ ကို မိမိ ကိုယ်ပိုင် ငွေ ဟု အထင် ရောက်တတ်ပါ၏ ။ ငွေတွေ အများကြီး ကိုင် ရသော အခါ ကြွားချင် လာ၏ ။ သုံးချင် ဖြုန်းချင် လာ၏ ။

ချေးငွေ သိန်း ၁ဝဝဝ ( တစ်ထောင်) ရ လာလျှင် သိန်း ၁၀၀ လောက် က လမ်း မှာ တင် ပျောက် သွား တတ်၏ ။ ဟိုတယ် ၊ နိုက်ကလပ် ၊ ကာရာအိုကေ ၊ အနှိပ်ခန်း ထွက်လမ်း တွေ က အများကြီး ။

ချေးငွေ သိန်း ၁၀၀၀ ( တစ်ထောင် ) ရ လာလျှင် လုပ်ငန်း ထဲ သုံးလေးရာ လောက်ပဲ ရောက် သွား တတ်ပါ၏ ။

ကား ဝယ် စီး ပစ်လိုက်ပြီ ။ အငယ် ကို မ လိုက်ပြီ ။

ချေးငွေများ လမ်းမှန် ကမ်းမှန် မရောက်ဘဲ မရောင်ရာ ဆီလူး ပစ်လိုက်သော အခါ ဘာဖြစ် သွားပါသနည်း ။

၁၉၉၅ ခုနှစ် လွန်ခဲ့သော ၁၀နှစ် ။ အရှေ့တောင် အာရှနိုင်ငံများ ရဲ့ စီးပွားရေးကြီး ကျွမ်းပြန် သွားရခြင်း မှာ မရောင်ရာ ဆီလူး သွားသော ချေးငွေ ကြောင့် ဖြစ်ပါ၏ ။

ဘဏ်ကြီးများ ထံ မှ ဘဏ်ကလေးများ က ငွေချေး ယူ ၊ ဘဏ်ကလေးများ ထံ မှ စီးပွားရေးသမားများ က ငွေချေး ယူ ။

စီးပွားရေးသမားများ က ချေးငွေ ကို အလွဲသုံးစား လုပ် ၊ လိုတဲ့ နေရာ မရောက် ၊ မလိုတဲ့ နေရာ ရောက်ကုန် ။

အထက်က ပြောခဲ့တဲ့ အတိုင်းပါပဲ ။

ချေးငွေ ကို တကယ် ထိထိရောက်ရောက် သုံးမယ် ၊ ငွေ က နေ ငွေ ပြန် ဖြစ်အောင် လုပ်မယ် ဆိုရင် ချေးငွေ ဟာ အလွန် ထိရောက် တဲ့ ဆေး တစ်ခွက် ပါ ။

အဲ အလွဲသုံးစား လုပ်မိပြီ ၊ ငွေ ဟာ ငွေ ပြန် မဖြစ်တော့ဘူး ။ ဘာမှ ဖြစ် မလာတော့ဘူး ဆိုရင်တော့ ချေးငွေ ဟာ အဆိပ် ဖြစ်သွားပါလေပြီ ။

ဘဝ ကို ဖျက်ဆီး ပစ် မှာ ချေးငွေ ပါပဲ ။

တိုက် ပေါ် က ဆင်း ၊ ပွဲရုံ မှာ နှမ်း ပြာ ရတဲ့ ဘဝ ရောက် သွားတာ ။

ချေးငွေ က ဒဏ် ခတ် လိုက်တာပါပဲ ။

ချေးငွေ သည် အဆိပ် ။

◾မောင်ချမ်းသာ

📖 ကုမုဒြာ ဂျာနယ်
      ၁၃ အောက်တိုဘာ ၂၀၀၆

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment