❝ ကြယ်ပြာလေး က ဇီဇဝါပန်း ပွင့်သောည ❞
━━━━━━━━━━━━━━━━
မောင်ကိုကို ( အမရပူရ )
━━━━━━━━━━━━━━━━
[ ၁ ]
ငါးထပ်တိုက် ၏ ခေါင်မိုး ပေါ်မှာ တိုက်ခန်း အသေးစားလေး တည်ဆောက် ထားသည် ။ စီးကရက်ဘူး ထောင်ထား သလို ။ ကျွန်တော်က တိုက် ခေါင်မိုး ပေါ်မှာ ခေတ္တ နေထိုင်ခွင့် ရနေ၏ ။ ကျွန်တော် က မြို့ကြီး ကို အပေါ်စီး က ကြည့်ခွင့် ရနေသည် ။ အရမ်းကောင်း ၊ အရမ်းကြိုက် ၊ ခင်ဗျားတို့ကော ။ တိုက်ခေါင်မိုး ပေါ် နေထိုင်ရတာ အရမ်း အရသာ ရှိသည် ။ ခင်ဗျားတို့ လည်း တက် ကြည့်ကြပါလား ။
ကျွန်တော် က ကောင်းကင် လူတန်းစား လိုလို ။ ကျွန်တော် က အထက်လွှာ လူတန်းစား လိုလို ။ ( ငါးထပ်တိုက်ရဲ့ အပေါ် မှာ နေထိုင်တယ် မဟုတ်လား ။ ) ကမ္ဘာ တစ်ခု ကို ( ကမ္ဘာသစ် တစ်ခု ကို ) ကျွန်တော် ကောက်ရ ထားသည် ။ အောက်က အားလုံး သော့ခတ် သွားကြသည် ။ သူတို့တွေ အားလုံး ဘုရား ဖူး ထွက်သွားကြ၏ ။ ကျွန်တော် တစ်ယောက်တည်း လူသား တစ်ယောက် ငါးထပ်တိုက် ၏ ခေါင်မိုးပေါ် မှာ ။ တိမ်တွေ ဟာ လည်း လွင့်မျော နေဆဲ ။ နှင်းမြူ တွေလည်း ဝေ့ဝဲ နေဆဲ ။ ခေါက်ရိုးကျိုး နေထိုင်မှုများ ၊ ခေါက်ရိုးကျိုး မိတ်ဆွေများ ၊ ခေါက်ရိုးကျိုး ချစ် ရမ္မက်များ ၊ ခေါက်ရိုးကျိုး လမ်းများ ၊ ခေါက်ရိုးကျိုး မနေ့ကများ ၊ ခေါက်ရိုးကျိုး အသံများ ၊ ခေါက်ရိုးကျိုး ကဗျာများ ၊ ခေါက်ရိုးကျိုး အတွေးအခေါ်များ ၊ အား အား အား အားလုံး ကို ခေါက်ရိုးကျိုး အားလုံး ကို ကျွန်တော် အောက်မှာ ထားခဲ့သည် ။ သို့သော် ... သို့သော် ...
ခေါက်ရိုးကျိုး စိတ် အချို့ က တော့ ခေါက်ရိုး ကျိုး ကိုယ် ထဲမှာ ခေါက်ရိုး ကျိုးလို့ နေပါသည် ။ တိမ် တွေ ဟာလည်း လွင့်မျော နေဆဲ ။ မြူမှုန်တွေ လည်း အို ... ဟို လွင့်မျော နေဆဲ မှုန်ဝါး နေဆဲ ။ သံပန်း လှေကားလေး ကို နင်းပြီး သံပိုက်လုံးလေး ကို ကိုင် ပြီး တစ်ထပ် ပြီး တစ်ထပ် ကျွန်တော် တက်တက်လာ ရ၏ ။ ( တကယ်တော့ ခေါက်ရိုးကျိုး စိတ်များကို လည်း အောက်မှာပဲ ကျွန်တော် ထားခဲ့ချင်သည် ။ )
လေ တိုက်တိုင်း လမ်း မပျောက်ချင်သူ ၊ ကြယ် လိုလည်း မကြွေချင်သေးဘူး ၊ တိမ် လိုလည်း မမျော လွင့်ချင်သူ ။
လာ မငိုနဲ့ ရင်ဘတ် မအားဘူး ။
သံပိုက်လုံးလေး ကို ကိုင်ပြီး သံပန်းလှေကားလေး ကို နင်းပြီး ငါးထပ်တိုက် ခေါင်မိုး ပေါ်သို့ တစ်ထပ် ပြီး တစ်ထပ် ဖြတ်ကျော် ကာ ကျွန်တော် တက် တက်လာ၏ ။
ဘဝ ဟာ အိပ်မက် မက်သလို ။
ရေချိုးခန်း နှင့် သန့်စင်ခန်း က ခြံဝင်း ၏ ထောင့် တစ်နေရာ မှာ ။ ရေချိုး ချင် လျှင် အောက် ကို ဆင်း ။
ကျွန်တော့် စိတ် က ခေါင်မိုး ပေါ်ပဲ ပြန် တက် ချင်နေသည် ။
ခေါင်မိုး ပေါ်မှာ ချစ်မေတ္တာ အသစ် ရှိသည် ။
ခေါင်မိုး ပေါ်မှာ မဖတ်ရသေးသော ကဗျာ အသစ် ရှိသည် ။
ခေါင်မိုး ပေါ်မှာ နားမထောင်ရသေးသော သီချင်း အသစ် ရှိသည် ။
ခေါင်မိုး ပေါ်မှာ မပွင့်အာသေးသော ပန်းဖူး တစ်ဖူး ရှိသည် ။
ခေါင်မိုး ပေါ်မှာ မွေးဖွားခါနီး ရွှေရောင်ယုန်မကြီး တစ်ကောင် ရှိသည် ။ ခေါင်မိုး ပေါ်မှာ မပျံသန်း သေးသော လေယာဉ် အသစ် တစ်စီး ရှိသည် ။ ခေါင်မိုး ပေါ်မှာ New Product ရှိသည် ။ New Product ရှိသည် ။
နောက်ပြီး ...
ခေါင်မိုး ပေါ်မှာ ချစ်သူ က စောင့်နေ သလို လို ...
[ ၂ ]
တိုက်ခေါင်မိုး ပေါ် မှာ စစ်ပွဲများ မရှိပါ ။ တိုက် ခေါင်မိုး ပေါ်မှာ အေ့ဒ်စ် မရှိပါ ။ တိုက်ခေါင်မိုး ပေါ်မှာ CO2 အုံကျင်းဖွဲ့စည်းနေမှု မရှိပါ ။ တိုက်ခေါင်မိုး ပေါ်မှာ အကျဉ်းထောင် မရှိပါ ။ တိုက်ခေါင်မိုး ပေါ်မှာ ဟစ်တလာ မရှိပါ ။ တိုက်ခေါင်မိုး ပေါ်မှာ အကြမ်းဖက်သမား မရှိပါ ။
တိုက်ခေါင်မိုး ပေါ်မှာ ရေမြောင်းမြင့်မြင့် လေး ပြုလုပ်ထား၏ ။ မြေကြီးတွေ က မြောင်းထဲ ၌ ဖြည့်ထားခြင်း ခံရသည် ။ ထို မြေပေါ်တွင် နေကြာ ပန်းပင် အချို့ စိုက်ပျိုးထား၏ ။ နေကြာပန်းပွင့်တွေ က နေဘက် သို့ မျက်နှာမူပြီး ပွင့် နေကြ၏ ။ စွင့်စွင့် ကားကား ။ အဝါရောင် ။
တိုက်ခေါင်မိုး ပေါ်မှာ စဉ့်ပန်းအိုးကြီးတွေ ရှိသည် ။ ထူးဆန်းသော အနီရောင် တရုတ်စကားပန်း တွေ က စဉ့်အိုးကြီး ထဲမှာ စဉ့်အိုးကြီး အထက် မှာ ပွင့် ဝေ နေကြသည် ။ တိုက်ခေါင်မိုး ပေါ် ဆိုတော့ နေရောင် ပို ရလို့ လွတ်လွတ်လပ်လပ် ပွင့်ကြသည် ။ တစ်နေရာ မှာ တော့ ဇီဇဝါပင်ပုပုလေး ။ ဇီဇဝါပန်း တွေ မွှေးလို့ ။ နောက်ထပ် စဉ့်ပန်းအိုး ထဲမှာ ပန်းလိမ္မော်သီးပင် ပုပုကွေးကွေးလေး ။ လိမ္မော်သီးပိစိကွေးလေးတွေ ပြွတ်သိပ်လို့ ။ မိုးပျံဥယျာဉ်လေး ပေါ် မှာ ကျွန်တော် ရောက် နေ၏ ။ မိုးစွေငှက်ကလေးတွေ က သီချင်းသံတွေ နှင့် အတူ အုပ်စုလိုက် ရောက်ရောက် လာကြသည် ။ ကျေးငှက် သီချင်းသံ ကို မနက်တိုင်း ကြားရ၏ ။
အောက် ကို ကြည့်သည် ။ ခေါင်မိုးတွေ ပြွတ်ကျပ် ထိဆက်လို့ ။ ရွေ့လျား နေသော ကျွဲအုပ်ကြီး ၏ ကျောပြင်တွေ လို ။ ရုန့်ရင်းဆန်ခတ် ဖြစ်လို့ ။
ခေါင်မိုးဟောင်းများ ၊ ခေါင်မိုးသစ်များ အ ပြာရောင်ခေါင်မိုးများ နီညိုရောင်ခေါင်မိုးများ အဖြူ ရောင် ခေါင်မိုးများ ၊ သံချေးတက်နေသော ခေါင်မိုး များ ၊ အင်တင်နာတိုင်များ ၊ ဂြိုဟ်တုစလောင်းများ ။
ကြားဖြတ်သတင်းများ ၊ နောက်ဆုံးရ သ တင်းများ ကို တိုက်ခေါင်မိုး ပေါ်က ကျွန်တော် သည် စောင့်စားလို့ မနေရ ။ ကျွန်တော့် နံဘေး မှာ အိုစမာဘင်လာဒင် က လာ ပုန်းအောင်း မနေပါ ။
ကျွန်တော့် နံဘေး မှာ အိုဘားမား လည်း မိန့်ခွန်း လာမပြောပါ ။ ကွန်ဒိုလီဇရွိုက်စ် လည်း မလာ ။ ဟီလာရီကလင်တန် လည်း မလာ ။ အသစ်ဆုံး လေယာဉ်ပျံ ထွက် သွားပါပြီ ။ New Concept က နေကြာပန်း ၏ ဝတ်ရည် ကို စုပ်နေသည် ။ ကိုပင်ဟေကင် မရှိပါ ။ ရာသီဥတု ပြောင်းလဲရေး ထိပ်သီးဆွေးနွေး ပွဲ ဒီမှာ မရှိပါ ။ လူတွေ မရှိဘဲ ပန်းပွင့်များ သာ ရှိ၍ ပြဿနာ လည်း မရောက်လာပါ ။
အလင်းရောင် နှင့် လေ ကို ပြည့်ပြည့်ဝဝ ရသည် ။ အသက်ရှူ မဝတာမျိုး ဒီ အပေါ် မှာ မရှိပါ ။ Jack Daniel's ( ဂျက်ဒန်နီယယ် ) အမေရိကန် ဝီစကီပုလင်း ကို ခေါင်မိုး ပေါ် သို့ ဆွဲ မလာခဲ့ပါ ။ ကောင်းကင် ပြာပြာ ကျယ်ကျယ်ကြီး ကို ကြည့်ရင်း လွတ်လပ် နေသည် ။
တိမ်တွေ လင်းသည် ။ အဆောက်အအုံတွေ မှောင်သည် ။ အဆောက်အဦးတွေ လင်းသည် ။ တိမ်တွေ မှောင်သည် ။ တိမ်အပြာ ၊ တိမ်ပန်းခရမ်းနု ၊ တိမ် မီးခိုး ၊ တိမ်တွေ ဟာလည်း လွင့်မျော နေဆဲ ။
[ ၃ ]
တိမ်တွေ က ဘယ်ကို မှ မရွေ့ဘဲ မြို့ကြီး ပေါ် မှာ ငြိမ်သက်တိတ်ဆိတ် နေတာ ကိုလည်း ကျွန်တော် တွေ့ရ၏ ။
တိမ်တွေ က မြို့ကြီး ကို ချစ်လို့လား ။ တိမ်တွေ က လူရုပ်ပုံလွှာ တွေ ဖြစ်ချင် ဖြစ်သွားတတ် သည် ။ မြို့မငြိမ်း ရုပ်ပုံလွှာ ၊ ပေါ်ဦးသက် ရုပ်ပုံလွှာ ၊ မောင်ချောနွယ် ရုပ်ပုံလွှာ ၊ ထူးအိမ်သင် ရုပ်ပုံလွှာ ၊ ခင်ဝမ်း ရုပ်ပုံလွှာ ။
တစ်ခါမှာတော့ တိမ် က ကျွန်တော် မမြင်ဖူး သော ရတနာပုံနန်းတွင်းသူလေး တစ်ဦး ၏ ရုပ်ပုံလွှာ ။ ရွှေအင်္ကျီ ကို ဝတ်ဆင် ထားသည် ။ တစ်ခါမှာ တော့ တိမ် က ကဗျာဆရာတင်မိုး ၏ ရုပ်ပုံလွှာ ဖြစ်နေသည် ။ တိမ် သည် ဝတ္ထု ဖန်တီးသူ နိုင်ဝင်းဆွေ ရုပ်ပုံလွှာ ၊ တိမ် သည် ကဗျာဆရာ မြေချစ်သူ ရုပ်ပုံလွှာ ၊ တိမ် သည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံလွှာ ။
တိုက်ခေါင်မိုး ပေါ်မှ နေ၍ အရုဏ် ကို မျှော်ငေး ကြည့်သည် ။ နေရွှေရောင် ကို အရုဏ်ပတ္တမြား က မွေးဖွား သွားတာ ကျွန်တော် အသေအချာ တွေ့လိုက် ရ၏ ။ အသက်စွန့်၍ မွေးဖွား ခဲ့သည် ။ တိုက်ခေါင်မိုး ပေါ်မှ နေဝင် သွားတာကို မျှော်ငေး ကြည့်သည် ။
အောက်မှာ အငြိမ့်တွေ ၊ ဇာတ်တွေ က နေကြ သော ည တစ်ည မှာ ကျွန်တော် က တော့ အောက်သို့ မဆင်းပါ ။ ကျွန်တော် တိုက်ခေါင်မိုး ပေါ် ပက်လက် လှန် လိုက်ကြ၏ ။
ကောင်းကင် က ကြယ်ပြာလေးတွေ ကို ကြည့်သည် ။ လဝန်း ကို ကြည့်သည် ။ ဆိုင်းသံ ၊ ဗုံသံ များ ဆီသို့ ကျွန်တော် မဆင်းဖြစ်ပါ ။ ည ၏ မုန့်ပဲ သွားရေစာများ ကို ဆင်း မစားဖြစ်ပါ ။ တိုက်ခေါင်မိုး ပေါ် မှာပဲ ကြယ်ပြာလေး နှင့် အတူ ညစာ စားလိုက်၏ ။ ကြယ်ပြာလေး သည် တိုက်ခေါင်မိုး ပေါ်မှာ ဇီဇဝါပန်း အဖြူများ ပွင့်ဝေ သွား၏ ။ ပိုးမွှားလေးတွေ အော်မြည်သံ ကို တိုက်ခေါင်မိုး ပေါ်မှာ ပီပီသသ ကြားရ၏ ။
[ ၄ ]
နေ့လယ်နေ့ခင်း နေ သိပ် ပူချိန်မှာ လယ်တဲ အရွယ် တိုက်ခန်းသေးသေးလေး ထဲဝင်ပြီး စာတွေ ရေး နေမိ၏ ။ စာ ရေးရတာ ကလည်း မိုးပျံတိုက်ခန်း လေး ထဲ ဆိုတော့ အရမ်း လွတ်လပ်သည် ။ အရမ်း လည်း သမာဓိ အားကောင်း နေသည် ။ ကျွန်တော် ထမင်း စားလျှင် ပဲထမင်းဆီဆမ်း ရသော လက်ဖက် ရည်ဆိုင် မှာ တစ်နေ့ တစ်ခါသာ ဆင်း စား၏ ။ ကျွန်တော် က ပွဲတက် ဖိတ်စာတွေ လုယက် နေကြသော စားပွဲဝိုင်း မှာ ဝင် မထိုင်ပါ ။ ကဗျာဆရာတွေ ထိုင်သော စားပွဲဝိုင်း မှာ ဝင်ထိုင်၏ ။ မြို့ပြသည် လူတွေ ရှုပ်ထွေး နေတော့ အသံဗလံတွေ ဆူညံ နေတော့ ကဗျာဆရာ တွေ က ယခု ရက်ပိုင်း တွင် ကျွန်တော် ဘယ်မှာ နေလို့ နေမှန်း လည်း မသိကြပါ ။ ကဗျာဆရာတွေ က မစပ်စု တတ်ပါ ။ မေးခွန်းတွေ မထုတ်ကြပါ ။ ကဗျာဆရာများ သည် ကိုယ့် ဟာ နှင့် ကိုယ် ငြိမ်ငြိမ်ဆိတ်ဆိတ် ထိုင် နေကြ၏ ။ တစ်ယောက် ကဗျာ စာရွက် ကို တစ်ယောက် အား ပြတတ်၏ ။ လမ်းပေါ် မှာ ပွဲစားများ ခြေချင်း လိမ် နေကြသည် ။
ငွေစက္ကူတွေ ပလူပျံ နေသည် ။ ရုပ်ရှင်ရုံ အောက်မှာ ခါးပိုက်နှိုက်တွေ ရှိသည် ။ အချို့လည်း ပြည်ပ ထွက်ဖို့ ပတ်စ်ပို့တွေ ၊ ဝေါ့ခ်ပါမစ်တွေ နှင့် ချွေးပျံ ခေါင်းကြီး နေကြ၏ ။ ကဗျာဆရာတွေ ကတော့ ကိုယ့် ကဗျာ သူ့ ကဗျာ ကို အေးအေးဆေးဆေး ဖတ် လို့ ။ ကမ္ဘာကြီး ကတော့ ကြုံရာကျပမ်း ဖြစ်ချင် သလို သာ ရုန်းရင်းဆန်ခတ် ဖြစ် နေပေတော့ ။ ကဗျာ ဝါသနာအိုး ငွေရွှင်သူ တစ်ယောက် က ကဗျာဆရာတွေ ဝိုင်း မှာ ဝင် ထိုင်ကာ လက်ဖက်ရည်ဖိုး ၊ မုန့်ဖိုး အကုန် ရှင်း သွားတတ်၏ ။ သူ က ကဗျာဝိုင်း မှာ သူ့ အကြော တွေ လာ လျှော့တာ ဟု ဆိုသည် ။ ကျွန်တော် လည်း သူ ရှင်းသည့် စာရင်း ထဲ ပါ အောင် ကသုတ်ကယက် စားရ၏ ။ ထို လူ သည် တစ်နေ့တစ်မော မထိုင်တတ်ပါ ။ ကျွန်တော် လည်း စားသောက် ပြီးလျှင် တိုက်ခေါင်မိုး ပေါ် အမြန် ပြန်တက်၏ ။ အရေးကြီးတာ က တိုက် ခေါင်မိုး ပေါ် ကျွန်တော် အမြန် ရောက်ဖို့ ဖြစ်၏ ။
[ ၅ ]
နံနက်ခင်း တစ်ခု တွင် တိုက်ခန်းသေးသေးလေး ထဲက ဂျပ်ဘူးကြီး တစ်ဘူး ကို တွေ့လိုက်ရ၏ ။ ဖွင့် ကြည့်သည် ။ ကင်းဗတ်စတွေ ၊ အခရက်လစ် ဆေးဘူးတွေ ၊ စုတ်တံတွေ ။
ကျွန်တော် က ဂျက်စပါဂျွန် မဟုတ် ။ အမေရိကန်အလံ ကို ကျွန်တော် မဆွဲတတ် ။
ကျွန်တော် က အင်ဒီဝါဟိုး မဟုတ် ။ မွန်ရိုး ပုံတူ ကို ကျွန်တော် မဆွဲတတ် ။ မော်စီတုံး ပုံတူ ကို မဆွဲ တတ် ။ မိုက်ကယ်ဂျက်ဆင် ပုံတူ ကို မဆွဲတတ် ။
ထို့ကြောင့် ကင်းဗတ်စ် စ ပေါ်မှာ အပြာ ပလိန်း သုတ် လိုက်သည် ။ ထပ်ထပ် သုတ်သည် ။ ပြီး တော့ ရွှေ နှင့် အနားကွပ် လိုက်၏ ။ ဒါဟာ colour field on ပဲ ။
“ ညောင် ”
ကျွန်တော့် ဘေး မှာ ကြောင်ကလေး တစ်ကောင် ရောက် လာ၏ ။ အနက်ရောင် ။
သူက အပြာရောင် ပန်းချီကား ကို ကြည့် နေသည် ။
စာဝါလေး တစ်ကောင် ခိုနား လာသည် ။ ကြောင်နက်ကလေး က လှမ်းခုန် အုပ်လိုက်၏ ။
စာကလေး ပျံသွားသည် ။
ကြောင်ကလေး အရှိန် လွန် သွားပြီ ။
ငါးထပ်တိုက် ခေါင်မိုး ပေါ် မှ အောက်သို့ ဇောက်ထိုး ကျသွား၏ ။
ဒီ ကြောင် တော့ သေပြီ ။
ကျွန်တော် အောက်သို့ ပြေး ဆင်း၏ ။
ကြောင်သေကလေး ကို အမှိုက်ကား ပေါ် ပစ်တင်လိုက်မည် ။
“ ညောင် ”
ကျွန်တော့် ခြေထောက် ကို ကြောင်ကလေး က ပွတ်သပ် လိုက်၏ ။ အံ့သြစရာ ။ သူ မသေပါ ။ သူ့ လက်ကလေး လည်း နည်းနည်း နာ သွား၏ ။ ကြောင်ကလေး ကို ကျွန်တော် ကောက်ယူ ပွေ့ပိုက် ထားလိုက်၏ ။
ငါးထပ်တိုက် ခေါင်မိုး ပေါ်သို့ ကျွန်တော် ပြန် တက်လာ၏ ။
ငါးထပ်တိုက် ခေါင်မိုး ပေါ်မှ နေ၍ အောက် က အမိုးနိမ့်နိမ့် အရောင်စုံတွေ ကို ငုံ့ ကြည့်တာ ခပ် လှမ်းလှမ်း မှ ထိုးထိုးထောင်ထောင် အဆောက်အအုံ တွေကို မော့ ကြည့်တာ ၊ ဘုရားကျောင်း အချွန်အတက်ကြီးတွေ ကို လှမ်း ကြည့်တာ ကျွန်တော် တစ်ယောက် တည်းမဟုတ် ။
ကြောင်ကလေး နှင့် အတူတူ ။
အရမ်း ထူးထူးဆန်းဆန်း ပျော်ဖို့ ကောင်းသည် ။
ဒီမှာ ...
မိတ်ဆွေ ..
ခင်ဗျား လည်း ...
တိုက်ခေါင်မိုး ပေါ် တက်ပြီး မြို့ကြီး ကို ကြည့်ပါလား ။
⎕ မောင်ကိုကို ( အမရပူရ )
📖 ပေဖူးလွှာ မဂ္ဂဇင်း
မေလ ၊ ၂၀၁၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment