Saturday, September 28, 2024

အစိမ်းရောင် နံရံ ပေါ် က သင်္ကေတများ


 

❝ အစိမ်းရောင် နံရံ ပေါ် က သင်္ကေတများ ❞
━━━━━━━━━━━━
            မိုချာ့
━━━━━━━━━━━━
အိပ်မက် မက် နေရာ မှ ဖျတ်ခနဲ နိုးလာပေမယ့် မျက်လုံး ကို မဖွင့်သေးဘဲ ခုန က အိပ်မက် ကို ကျွန်မ ပြန် စဉ်းစား နေမိသည် ။ မြူခိုး တွေ ဝေ နေတာလား ၊ နှင်းငွေ့ တွေ ဝေ နေတာလား ။ ဒါမှ မဟုတ်ရင်လည်း မှန်းဆ မရ နိုင်သော အကွာအဝေး တစ်ခုမှာလား ဆိုတာ သေသေချာချာ ပြန် စဉ်းစားလို့ မရတော့ ။ သေသေချာချာ မှတ်မိ နေသည် ကတော့ ဝိုးတဝါး တွေ့ ရသော သဏ္ဌာန် တစ်ခု ကို ကျွန်မ အော် ခေါ် နေမိခြင်းသာ ဖြစ်သည် ။ ဒါပေမဲ့ အံ့ဩစရာ ကောင်းသည် က အိပ်မက် ထဲတွင် ကျွန်မ အသံ သည် ထူးဆန်းစွာ ပျောက်ဆုံး နေခြင်း ဖြစ်သည် ။

ဒီလိုနှင့်ပင် အိပ်မက် မှာ ပြတ်တောက် သွားပြီး လန့် နိုးလာခြင်း ဖြစ်သည် ။ ဒါပေမဲ့ အိပ်မက် ထဲမှာ ကျွန်မ တွေ့ ရသော ဝိုးတဝါး သဏ္ဌာန်ရှင်သည် သူ သာ ဖြစ်လိမ့် မည်ဟု တစ်ထစ်ချ ယုံကြည် နေမိသည် ။ ဘယ်လောက် ဝမ်းနည်းစရာ ကောင်းသလဲ ။ အိပ်မက် ထဲ မှာပင် သူ သည် ကျွန်မ နှင့် ဝေးကွာလျက် ဝိုးတဝါး ဖြစ်နေသည် တဲ့ ။ ပြီးတော့ သူ သည် ကျွန်မ အသံ ကို မကြားနိုင်သော အခြေအနေ ရှိသည်တဲ့ ။

စိတ် ထဲ မှာ နာကျင်လာမှု နှင့်အတူ အိပ်ချင်သော စိတ် ကို လည်း ပျောက်ဆုံး သွားရ ပြန်သည် ။ ခေါင်းရင်း မှ မီးခလုတ်ကြိုး ကို ဆွဲ ဖွင့်လိုက်သောအခါ ခြောက်ဆယ် အား ရှိသော မီးလုံးလေး ၏ နီကြန်ကြန် အလင်းရောင် က ကျွန်မ ၏ အခန်းကျဉ်းလေး မှာ နေရာဖြန့် ယူလိုက်သည် ။ ခြင်ထောင် အပြင်ဘက် သို့ ထွက်လိုက်သည် နှင့် သွေး ဆာစွာ တဝီဝီ အော်မြည် လာသော ခြင်တွေ နှင့် ရင်ဆိုင် တိုးရတော့သည် ။ ခြင်တွေ ကို လက် နှင့် ဝှေ့ယမ်းမောင်း ထုတ်ရင်း ခေါင်းရင်း ဘက် နံရံနား ကပ် နေသော စားပွဲ ပေါ်မှ ယောက်ျားပတ် နာရီလေး ကို ယူ ကြည့်လိုက် သည် ။

မှန် မရှိသော နာရီလေး ၏ လက်တံတို့ သည် နှစ် နာရီ နှင့် ဆယ့်ငါးမိနစ် ကို ညွှန်ပြနေသည် ။ ဒီ နာရီလေး ၏ လက်တံတို့ သည် အချိန်ကို အမှန်အတိုင်း ညွှန်ပြနိုင်ချင် မှ ညွှန်ပြနိုင်မည် ။ ဆယ့်ငါးမိနစ် မြန် လျှင် လည်း မြန်မည် ။ သို့မဟုတ် ဆယ့်ငါးမိနစ် နောက်ကျ လျှင် လည်း နောက်ကျမည် ။ အချိန်မှန်ဖို့ ဆိုတာ ကျွန်မ အတွက်  အရေးကြီးသော ကိစ္စ မဟုတ် ။ အရေးကြီးသည် က နာရီ လက်တံတို့ သည် နေ့စဉ် မှန်မှန် လှည့်နေဖို့သာ ဖြစ်သည် ။ ထို့ကြောင့် နာရီလေး ကို စံတော်ချိန် နှင့် အချိန်ကိုက်ဖို့ ထက် မှန်မှန် လှည့် နေရန်သာ နေ့စဉ် သံပတ် ပေးခဲ့သည် ။

စာရွက်ကြမ်းများ ၊ စာအုပ်များ ၊ အသုံးအဆောင် ပစ္စည်းများ ရှုပ်ပွ နေသော စားပွဲ ပေါ်သို့ နာရီလေး ကို ပြန် တင်လိုက်သည် ။

ရေ ဆာ သလိုလို ဖြစ်လာသည် မို့ ရေပုလင်း ကို လှမ်း ကြည့်တော့ ရေ က လက်သုံးဆစ် သာ ရှိတော့သည် ။ ဒီတော့မှ ည က ပုလင်း ထဲ ရေမဖြည့်ဘဲ အိပ်လိုက်မိသည် ကို သတိရလာသည် ။ လုပ်နေကျ အလုပ် ကို မေ့လျော့သွားတိုင်း ကိုယ့် ကိုယ် ကိုယ် အားမရသော စိတ် က ပေါ်လာသည် ။ ရှုပ်ပွ နေသော စာရွက်တွေ ကြားမှ စာရွက် အလွတ် တစ်ရွက် ကို ရှာယူပြီး ဆော့ပင် နှင့် စာလုံးကြီးကြီး ရေးချပစ်လိုက်သည် ။

အိပ်ရာ မဝင်ခင် ရေထည့်ပါ ။

ငါးကြောင်း လောက် ဆင့် ရေးပြီးသည် နှင့် စိတ် ထဲ က အနည်းငယ် ပေါ့ပါး သွားသလို ဖြစ်သွားသည် ။ မြင် လွယ်သော တစ်နေရာ မှာ ကပ်ဖို့ အခန်းနံရံတွေ ကို ဝေ့ဝဲ ကြည့်လိုက်တော့ စိမ်းဖျော့ဖျော့ အုတ်နံရံများ ပေါ်မှာ မညီမညာ မသပ်မရပ်သော လက်ရေး နှင့် ‘ သူ့ ကို သိပ်ချစ်တယ် ’ ဟူသော စာလုံးများ က ပြန့်ကျဲ နေသည် ။ တစ်ည မှာ ကိုယ့်ကိုယ် ကိုယ် ထိန်းသိမ်းနိုင်စွမ်း မဲ့ကာ ပေါက်ကွဲ ခဲ့ရခြင်းများသည် ဒီ အုတ်နံရံစိမ်းစိမ်းများ အပေါ် မှာ သက် သေ အဖြစ် ရှိနေတော့သည် ။

ရင် မှာ စူးနစ်စွာ နာကျင်လာရခြင်း နှင့် အတူ နံရံ ကို လည်း ဆက် ကြည့်လို စိတ် မရှိတော့ ။ လေးဖင့်လွန်းသော သက်ပြင်း ကို ရှူသွင်းမိချိန် မှာတော့ ရင်ထဲ တစ်နေရာမှ စူးခနဲ အောင့် သွားရသည် ။ အိပ်ရာ မဝင်ခင် ရေထည့်ပါ ဟူသော စာရွက်လေး ကို လည်း လက် ထဲ မှာ ကျစ်ကျစ် ပါအောင် ဆုပ်ထားလိုက်သည် ။

ဒီလိုပဲ ကျွန်မ သည် အထီးကျန် ည များစွာကို ဘယ်လောက် ကြာအောင် ဖြတ်ကျော်ရမလဲ ။ အထီးကျန်စွာ နေထိုင်ခြင်း ၊ အဖော် လိုနေခြင်း ကို အောင့်အည်းမျိုသိပ် ထားရခြင်း တို့ သည် လူ ကို တစ်နေ့ နေ့ မှာ ရူးသွပ်သွား စေနိုင်သည် လို့တော့ စိတ်ပညာပေး စာအုပ် တစ်အုပ် မှာ ဖတ်ဖူးသည် ။ ခုလောလောဆယ်ဆယ် တော့ ကျွန်မ မရူး ချင်သေးပါ ။ ရင်ထဲ မှာ အစိုင်အခဲ တစ်ခုပမာ ထုထည် နှင့် ဖြစ်နေသော ဝေဒနာ အတွက် ကဗျာ တစ်ပုဒ် လောက် တော့ ရေးသွားချင်ပါသေးသည် ။ အချိန်ကာလ သည် အကောင်းဆုံး သမားတော် ဖြစ်ပေမယ့် ဝေဒနာ ကို အမြစ်ပြတ် အောင် ကုစားနိုင်မည် မဟုတ် ဟု ကျွန်မ ထင်ပါ သည် ။

အကယ်၍ ဒီ အခန်းလေး ထဲမှာ ကျွန်မ ပြောင်းရွှေ့ သွားခဲ့လျှင် သော် လည်းကောင်း ၊ သို့မဟုတ် ကျွန်မ သေဆုံး သွားခဲ့လျှင် သော် လည်းကောင်း နောက်ထပ် ရောက်လာသည့် လူ သည် နံရံ ပေါ် မှ မှုန်ဝါးနေပြီ ဖြစ်သော စာလုံးများကို ကြည့်ပြီး အမျိုးမျိုး တွေးနေနိုင်ပါသည် ။ သို့မဟုတ် လျှင်လည်း အရူး တစ်ယောက် လက်ဆော့ ထားသည် ဟု ထင်ပြီး နံရံ ကို ဆေးပြန် သုတ်ကောင်း သုတ်လိမ့်မည် ။

သက်ပြင်း ကို လေးပင့်စွာ ချရင်း ရေပုလင်း ကို ယူ လိုက်သည် ။ စက္ကူဖော့ဆို့ ကို ဖြုတ်၍ လက်ကျန် ရေ ကို မော့ သောက် လိုက်သော အခါ ခပ်နွေးနွေး ရေ ၏ အရသာ သည် လျှာ မှာ ခါးသက် လို့ နေသည် ။ ကျွန်မ ဖျားနေပြီ ဟု ထင်မိပါသည် ။ သူ က တော့ လျှာမှာ ခါး သက်သက် ဖြစ်နေလျှင် အဖျားသွေး ရှိလို့ပဲဟု ပြောဖူးသည် ။ နဖူး ကို လက်ခုံ နှင့် ကပ်ကြည့်တော့ ပူရှိန်းရှိန်း ဖြစ်နေသည် ကို သတိထားမိသည် ။

ဟုတ်ပါပြီ ။ ကျွန်မ ဖျား နေပါပြီ ဟု လက်ခံလိုက်ရ ပေမယ့် လောလောဆယ်ဆယ် မှာတော့ ရောဂါ ကို ကုစားဖို့ ဆေး မရှိ ။ တစ်ခါကတော့ နီမြန်းသော မျက်နှာ နှင့် နှာချေဆတ် နေသော ကျွန်မ ကို ကြည့်ပြီး ပါရာစီတမော့လ် တစ်လုံး နှင့် ဘာမီတွန် တစ်လုံး သောက်ဖို့ သူ ပြောဖူးသည် ။ ဆေး မသောက်ခင် နွားနို့ ( သို့မဟုတ် ) ကော်ဖီ တစ်မျိုးမျိုး ကို အခံ အဖြစ် သောက်ရမည် ဟူသော သူ့ စကား ကိုပါ အမှတ်ရ လာသည် ။ ဒီ အဖျား ကို မိုးလင်း မှပဲ ကြည့်ရှင်းတော့မည် ဟု ဆုံးဖြတ်ရင်း အိပ်ရာပေါ်သို့ ထိုးလှဲလိုက်သည် ။ အိပ်ရာ ထဲ လှဲလိုက်မှ ခေါင်ထဲ မှ တဆစ်ဆစ် ထိုးလာ သလို ကျော ထဲ မှလည်း စိမ့်ခနဲ စိမ့်ခနဲ ဖြစ်လာသည် ။

ဒီလိုဆို ဒုက္ခပဲ ။ မနက်ဖြန် ဆိုင် ခင်းနိုင်ပါ့မလား ။ ဘိုကလေးဈေး ဘော်တယ်ဆိုင် ( စာအုပ် အဟောင်းတွေ ကို အချိန် နှင့် ရောင်းသောဆိုင် ) မှာ စာအုပ် ချိန်ဖို့ ချိန်း ထားသည် ။ ဆိုင် တစ်ရက် မထွက်နိုင်လျှင် တစ်ရက် သိသိသာသာ နေ့သွင်း က ထပ်ဦးမည် ။

စိတ်ဓာတ်ကျဆင်းစွာ နံဘေး မှ စောင်ပုံ ကို ဆွဲယူ လိုက်သောအခါ စောင် ထဲ မှ တစ်စုံတစ်ရာ က ထွက်ကျ လာပြီး ကျွန်မ ရင်ဘတ် ပေါ် ကျလာသည် ။ ရင်ဘတ် အောင့်ခနဲ ဖြစ်သွား၍ ယူကြည့် လိုက်သောအခါ အနက်ရောင် အဖုံး နှင့် ဘိုင်နင် လုပ်ထားသော မောင်ဇေ ၏ ဂန္ထ ဝင်ကဗျာ ( ၁၀၀ ) စာအုပ် ဖြစ်နေသည် ။ စာအုပ်လေး ကို မြင်တော့ သူ့ ကို ကျွန်မ သတိရ လာသည် ။ ပြီးတော့ ဒီ စာအုပ်လေး ထဲ မှ သူ နှစ်သက်စွာ ရွတ်ပြလေ့ ရှိသော ကဗျာလေး တစ်ပုဒ် ကိုပါ အမှတ်ရလာပြန်သည် ။

◾အိပ်မက်မှာ

အိပ်မက်ထဲမှာ
တွေ့ရတာ
ကြေကွဲစရာ ကောင်းလှတယ် ။
အိပ်ရာ က နိုးလို့
လက်နှင့် စမ်းကြည့်တော့
အို ... ဘာမှ မရှိပါလားကွယ် ။

သူ သည် ရည်းစား များတာ တစ်ခု က လွဲလျှင် ကျွန်မ သဘောကျစရာတွေ အတော်များများ ရှိပါသည် ။ စာပေ ရဲ့ တန်ဖိုးကြီးတာ ကို သိနေတာ ။ ကဗျာတွေ ကို အမြတ်တနိုး နှင့် စုဆောင်းထားတာ ၊ စာအုပ်တန်း က စာအုပ်သမားတွေ ကို ရင်းရင်းနှီးနှီး နှင့် လက်ပွန်းတတီး ဆက်ဆံတာ ၊ သူ က သာ သူ တစ်ပါး ကို ကျွေးဖို့ မွေးဖို့ ထက်သန် နေတတ်တာ ၊ အရက် ကို သောက်ချင်လို့ သောက်တာ ဟု ခပ်ရှင်းရှင်း ပြောရဲတာက အစ ဖြစ်သည် ။

ရုပ်ရည် က ယောက်ျား တစ်ယောက် နှင့် မလိုက်ဖက် အောင် ချောလွန်းပြီး အပြောအဆို အမူအရာ က နူးညံ့ ညက်ညောလှသည် မို့ မိန်းကလေးတွေ သဘောကျစရာ ဖြစ်နေသည့် အတွက်လည်း သူ့ မှာ ရည်းစားတွေများ နေ တာ တစ်ယောက် ပြီး တစ်ယောက် ထည်လဲ တွဲနေတာ တို့ ကို ကျွန်မ ဘက် က အပြစ် ပြောလို့ သိပ် မဖြစ်ပေ ။ ခပ်ချောချော အပျံစား ကောင်မလေးတွေ တစ်ယောက် မဟုတ် တစ်ယောက် က လက်မောင်း ကို တွဲ၍ ကျွန်မ ဆိုင် ရှေ့မှာ ဖြတ်သွားတိုင်း ကျွန်မ ကို မျက်စိ တစ်ဖက် မှိတ် ပြသွားတတ်သည် ။

ဒါပေမဲ့ သူ နှင့် တွဲနေသော မိန်းကလေးတွေ ထဲ မှ ဘယ်မိန်းကလေး ပါး ကို မှ မနမ်းဖူးပါဘူး ဟု ဖွင့်ပြော တော့ သူ့ မျက်နှာ ကို ကြည့်ပြီး ကျွန်မ ဟက်ဟက် ပက်ပက် ရယ်မောမိသည် ။ ‘ တကယ်ပြောတာပါ ၊ သူတို့ရဲ့ လက်ကိုတောင် ခွင့်ပြုချက် ရ မှ ကိုင်တာပါ ’ ဟု တကယ် ရိုးသားစွာ ထပ် ပြောနေသော သူ့ မျက်နှာ ကို ကြည့်ပြီး ‘ ယုံပါတယ် ၊ ယုံပါတယ် ’ ဟု ပြန်ပြောရင်း ကျွန်မ ဆက် ရယ်မော နေမိသည် ။ မိန်းကလေးတွေ ထဲ က သူ့ ကို အရင် ဖြတ်လိုက်သူ ရှိသလို သူ က အရင် ဖြတ်လိုက်သူ လည်း ရှိသည် ။ ဒါပေမဲ့ သူ့ အပြော အရတော့ သူ က ပဲ အရင် ဖြတ်တာက များသည် ။

သူ့ မှာ အတွဲ ပြုတ်နေပြီ ဆိုလျှင်လည်း သိသာလှသည် ။ ကျွန်မ စာအုပ်ခန်း သို့ နေ့စဉ်မှန်မှန် လာပြီး တစ်နေ ကုန်သည် အထိ စာအုပ်တွေ ယူ ဖတ်လိုက် ၊ သူ့ ကောင်မလေးတွေ ထဲမှ တစ်ယောက် ယောက် အကြောင်း ပြောလိုက် ၊ သူ နှစ်သက်သော စာအုပ်များ ၊ ကဗျာများ အကြောင်း ပြောလိုက်နှင့် ကျွန်မ ဆိုင် သိမ်း မှ ပြန်တော့သည် ။ ဒါပေမဲ့ ကောင်မလေး တစ်ယောက် ယောက် ကြောင့် အသည်းကွဲပြီး တသ နေတာမျိုး ကိုတော့ ဘယ် အခါမှ ကျွန်မ ရှေ့မှာ မပြောခဲ့ဖူးပါ ။

ကျွန်မ ရောင်း ကောင်းသည့် အခါမျိုး ဆိုလျှင်တော့ သူ့ ကို လက်ဖက်ရည် တိုက် သလို တစ်ခါတစ်ရံ ကျွန်မ နေ့လယ်စာ ထမင်း စားချိန်မျိုး နှင့် ဆုံလျှင် လည်း နေ့လယ်စာ ကို အတူတူ စားဖြစ်ကြသည် ။ ကျွန်မ ဈေးဦး မပေါက် သည့် နေ့မျိုး ဆိုလျှင်တော့ သူ ရှိနေလျှင် ဘာမှ မပူရတော့ ပါ ။ စားဖို့သောက်ဖို့ ကို လည်း သူ ပဲ တာဝန်ယူရ သလို ညနေ နေ့သွင်း လာ ကောက်လျှင်လည်း သူ့ ဆီ ကပဲ ချေး ငှားပေးရသည် ။ သူ ကတော့ အေးအေးဆေးဆေး မှ ပဲ ပေးပါ ဟု ဆိုပေမယ့် ကျွန်မလက်ထဲ ငွေပိုငွေလျှံ ရှိပြီဆို လျှင် ( သူ ရှိနေလျှင် ) မဆိုင်းမတွ ပြန် ပေးလိုက်သည် ။

တစ်ညနေ သူ ကျွန်မ ဆိုင် ကို မူးမူး နှင့် ရောက်လာ ပါသည် ။ မှတ်မှတ်ရရ ဆိုလျှင် ခရစ္စမတ် အကြိုနေ့ ညနေ ဖြစ်ပါသည် ။ ခါတိုင်း လည်း မူးပြီး ရောက်လာတတ် သည်မို့ သိပ် မဆန်းလှပါ ။ ဒါပေမဲ့ ဒီတစ်ခါ တော့ ခါတိုင်းထက် ပို သောက်လာ ဟန် တူပါသည် ။ ခေါင်း ကို မကြာခဏ ခါယူ နေရသလို လမ်း ကို လည်း မနည်း တည့်မတ်အောင် လျှောက်နေရပါသည် ။ သူ ပြန်ခါနီးတော့ ကျွန်မ လက်ထဲ သို့ ခရစ္စမတ်ကတ်ကလေး တစ်ခု ကျွန်မ အတွက် ဆိုပြီး ပေးသွားတယ် ။

      ငါ သိပ်ချစ်တဲ့ မိန်းကလေး တစ်ယောက် ရှိတယ် ။

      သူ ဟာ ငါ တွေ့ဖူးတဲ့ မိန်းကလေးတွေ ဘယ်သူ နဲ့မှ မတူဘူး ။

      သူ့ မှာ သတ္တိတွေ လည်း ရှိတယ် ။

      သူ့ မှာ အင်အားတွေလည်း ရှိတယ် ။

      ဒီလိုပဲ...

      သူ့ မှာ အသည်းနှလုံးလည်း ရှိမယ်လို့ ငါ မျှော် လင့်တယ် ။

      အဲဒီ မိန်းကလေး ကတော့ မင်း ပါပဲကွယ် ။

ခရစ္စမတ်ကတ် ရဲ့ နောက်ကျော မှာ သူ့ လက်မှတ် ထိုးပြီး ရေးထားသော စာ ကို ဖတ်ပြီး ကျွန်မ ဟက်ဟက်ပက်ပက် ရယ်မောမိပါသည် ။ သူ က တော့ ကျွန်မ အတွက် အမြဲတမ်း ရယ်စရာတွေ ဖြစ်နေတဲ့ လူ တစ်ယောက် ပါပဲ ။

••••• ••••• •••••

ခရစ္စမတ် အကြိုနေ့ ညနေ က သူ မူးမူး နဲ့ လူ မှား ပေးခဲ့သော ခရစ္စမတ်ကတ်လေး ကို တစ်ပတ် ကြာလို့ သူ ကျွန်မ ဆီ ရောက်လာသော အခါ မှာ ပြန် ပေးမိသည် ။ ထိုအခါ သူ က ကျွန်မ ကို ခပ်ငေးငေး ကြည့်ပြီး အသံ တိမ်တိမ် နှင့် “ မင်း တကယ်ပဲ အသိအမှတ် မပြု တော့ဘူးလား ” အလွန်တရာ ထူးဆန်းသော စကားကို ပြောလာပါတော့သည် ။

အံ့သြလွန်း သဖြင့် ကျွန်မ ရုတ်တရက် ဘာ ပြန် ပြောရမှန်း မသိခဲ့ပါ ။ ဒီ ခရစ္စမတ်ကတ်လေး ဟာ ကျွန်မ အတွက် ရည်စူးပြီး တကယ်ပဲ ပေးလိုက်တာလား ၊ မဖြစ် နိုင်တာပဲ ။ ကျွန်မ ဟာ သူ တွဲနေကျ ကောင်မလေးတွေ လို ခပ်ချောချော အပျံစားလေး မှ မဟုတ်တာ ။ ပြီးတော့ မူးနေတဲ့ အခါ မှ ဖွင့် ပြောခဲ့တဲ့ ယောက်ျား တစ်ယောက် ရဲ့ အချစ် ကို ဘယ်လို လုပ်ပြီး ကျွန်မ အသိအမှတ် ပြုရ မှာလဲ ။ တစ်ခု ခု တော့ လွဲချော်နေပြီ လို့ ကျွန်မ ထင်မိပါ သည် ။

ဒီတစ်ခါတော့ သူ့ ကို ကြည့်ပြီး ကျွန်မ ရယ်မောလို့ မရတော့ပါ ။ အံ့သြစွာ လှုပ်ရှားနေသော စိတ် နှင့် ကျွန်မ ငြိမ်နေမိသည် ။ လက်ဖက်ရည် သောက်ဖို့ သူ ခေါ်တာကို ပင် ကျွန်မ ခေါင်း သာ ခါပြမိပါသည် ။ ခါတိုင်းလို ရယ် မောရင်း ၊ နောက်ပြောင်ရင်း နေကြသော ပုံမှန် အနေအထား သို့ မရောက်ရန် တစ်စုံတစ်ခု က တားဆီးနေသည် ။ လက် ထဲ မှာ အချိန် ကြာမြင့်စွာ ၊ မေ့လျော့စွာ ကိုင် ထားသော ခရစ္စမတ်ကတ်လေး ကို ပြန်ပေးဖို့ သတိရ တော့ သူ မရှိတော့ပါ ။ သူ ပြန်သွားတာ ကိုပင် သတိ မပြု မိနိုင်အောင် စိတ် က နစ်မြုပ်သွားသည့် အတွက်လည်း ကိုယ့် ကိုယ် ကိုယ် မကျေမနပ် ဖြစ်ကာ ခရစ္စမတ်ကတ်လေး ကို ဆုတ်ဖြဲ ပစ်လိုက်မိသည် ။ ပြီးတော့ ပလက်ဖောင်း အစပ် သို့ ဆုတ်ဖြဲထားသော ခရစ္စမတ်ကတ်လေး ကို လွှင့်ပစ်မိလိုက်ပါသည် ။

နောက်ပိုင်း သူ ကျွန်မ ဆီ ရောက်လာပေမယ့် လည်း ခါတိုင်းလို သူ နှင့် လက်ဖက်ရည်ဆိုင် ထိုင်လိုက် ၊ အခင်း ဘေး မှာ ထိုင်ရင်း ပေါက်ကရတွေ ပြောလိုက် ၊ ရယ်မော လိုက် ၊ လိုအပ်ရင် သူ့ ဆီမှာ ငွေချေးလိုက် ဆိုတာမျိုး မလုပ်မိတော့ မလုပ်မိအောင် လည်း ကျွန်မ ဘက်က ရပ်တန့် လိုက်ခြင်းသာ ဖြစ်သည် ။ သူ က တော့ ကျွန်မ ဆီ ကို ခါတိုင်း ထက် အချိန် မှန်စွာ နေ့စဉ် လို ရောက်နေပါသည် ။ အခင်းဘေး မှာ ထိုင်၍ စာအုပ်တွေ တစ်အုပ် ပြီး တစ်အုပ် ဆွဲယူ ဖတ်နေတာ က လွဲ ပြီးတော့ ဘာမှတော့ နားပူ နားဆာ မလုပ်ပါ ။ ပြီးတော့ သူ နှင့် အရင် က တွဲခဲ့ဖူး သော ကောင်မလေးတွေ က ကျွန်မ ရှေ့မှာ ဖက်လဲတကင်း ရင်းနှီးစွာ စကား လာ ပြောကြပေမယ့် သူ ကတော့ ခပ် ရှောင်ရှောင် လုပ် နေတာ ကို ပင် ကျွန်မ တွေ့ ရပါသည် ။

ဒါပေမဲ့ သူ့ ကို ဘယ်လို လုပ်ပြီး ယုံစားရမှာလဲ ။ သူ လို ယောက်ျား တစ်ယောက် က ကျွန်မ လို မိန်းမ တစ်ယောက် ဆီ က အချစ် ကို တောင်းခံနေတယ် ဆိုတာ ကို ပင် မိန်းကလေး အတော်များများ နှင့် တွဲခဲ့ဖူးသော ရုပ်ချောချော ယောက်ျား တစ်ယောက် ၏ အချစ် ကို ကျွန်မ ဘက်က ဘယ်လို လုပ်ပြီး စိတ်ချရပါ့မလဲ ။

နောက်ပြီး ကျွန်မ က လမ်းဘေး မှာ စာအုပ် အဟောင်း ရောင်းပြီး ကိုယ့် ဝမ်း ကိုယ်ကျောင်း နေရသည့် မိန်းမ ။ သူ က ကြွယ်ဝချမ်းသာသည့် မိသားစု မှ မဟုတ်သည့် တိုင် အတော်အသင့် ပြည့်စုံသော မိသားစု နောက်ခံ ရှိမည့် သူ ။ သူ နှင့် ကျွန်မ သည် တိုင်းတာလို့ မရသည့် အကွာအဝေး မှာ ရှိနေသည် ဟု ကျွန်မ မြင်မိပါသည် ။ ကျွန်မ အတွက် ဝမ်းနည်းစရာ ကောင်းသည် က ကိုယ် နှင့် ကျွမ်းဝင်နေ သည့် ယောက်ျား တစ်ယောက် ဆီမှ အချစ် ကို ယုံကြည်စွာ မတုံ့ပြန်ရဲခြင်းပင် ဖြစ်သည် ။

••••• ••••• •••••

ဆိုက်တူ စာအုပ်တွေ ကို အထပ်လိုက် မြွေရေခွံအိတ် ထဲ ထည့်နေရာမှ သူ့လက် သည် ကျွန်မ ရှေ့သို့ ရောက်လာ ပါသည် ။ အလင်းရောင် ကောင်းစွာ မရရှိသည့်တိုင် နာရီလေး တစ်လုံး ဆိုတာ ကျွန်မ မြင်နေရသည် ။ ဒီ နာရီလေး ကို ကျွန်မ ရင်းနှီးကျွမ်းဝင်စွာ သိနေပါသည် ။ အချိန် သိချင်တိုင်း မကြာခဏ လှမ်းကြည့်မိသော သူ့ ညာလက် ဖျံ ပေါ်မှ နာရီလေး ဖြစ်ပါသည် ။ အဲဒီတုန်းက သူ ၏ ဖြူဝင်းသော အသားအရေ ပေါ်မှ မွေးညင်း စိမ်းစိမ်းလေး တွေကို ပါ သတိပြုခဲ့မိပါသည် ။

“ ဘာလုပ်ဖို့လဲ ”

“ မင်း အချိန် သိချင်ရင် ကြည့်ဖို့ပေါ့ ။ ဒါလေး မင်းမှာ ရှိတော့ ဟို လူ့ လက် ၊ ဒီ လူ့ လက် တကူးတကန့် လိုက် ကြည့်စရာ မလိုဘူးလေ ”

အမှန်တော့ ကျွန်မ အတွက် နာရီတစ်လုံး တကယ် လိုအပ်ပါသည် ။ ချိန်းထားသော ဘော်တယ်ဆိုင်တွေ အချိန်မီ သွားနိုင်ဖို့ ၊ လမ်းစရိတ် ပြတ်တဲ့ နေ့ မြို့ပတ်ရထား မီရန် အချိန်မီ ဆိုင်သိမ်း နိုင်ဖို့ ဒါမှမဟုတ်လျှင်လည်း လိုင်းကားတွေ မကုန်ခင် ဆိုင်သိမ်းနိုင်ဖို့ နာရီတစ်လုံး တော့ လိုပါသည် ။ ဒါပေမဲ့ ဒီလိုမျိုး နှင့် တော့ နာရီ တစ်လုံး ကို မလိုချင်ပါ ။

အထူးသဖြင့် ကိုယ် နှင့် ဘယ်လိုမှ မပတ်သက်သည့် သူစိမ်း ယောက်ျား ဆီ မှ ဘာကို မှ မလိုချင်ပါ ။

“ ဟင့်အင်း ... မလိုချင်ပါဘူး ”

“ ကိုယ့် စေတနာ သန့်သန့် ကို မင်း လက်ခံပါ ။ နောက်ပြီး မင်း နဲ့ ကိုယ် ကြားမှာ ဒီလောက်ကြီး လည်း မာန မထားပါနဲ့ကွာ ။ တစ်ခါတလေ ကိုယ့် မာန ကိုယ် ကသိ ကအောက် ဖြစ်တတ်တယ် ”

အိတ်ထိပ် မှ အပေါက်လေးတွေ ကို ကြိုးလျှိုသွင်း နေရာမှ ဖျတ်ခနဲ မော့ပြီး သူ့ကို ခပ်ထန်ထန် ကြည့်ပစ် လိုက်သည် ။ ကျွန်မ ဘက် က ဘယ်လိုမှ မတုံ့ပြန်ဘဲ နဲ့ လူ ကို ဘာလိုလို ညာလိုလို ဆက်ဆံနေသည့် အတွက် လည်း စိတ် ထဲ မှာ အချဉ်ပေါက် လာပါသည် ။

“ ရှင် ဟာ တော်တော် ညံ့တဲ့ လူပဲ ၊ ကျွန်မ အချစ် ကို နာရီတစ်လုံး နဲ့ လဲလို့ မရဘူး ရှင့် ”

သူ သည် မျက်နှာ ကို ဖြတ်ရိုက် ခံလိုက်ရသလို မျက်နှာ တစ်ပြင်လုံး ရဲတက် သွားပါသည် ။ နှုတ်ခမ်း ပါးပါးရဲရဲလေးများ သည်ပင် တဆတ်ဆတ် နှင့် လှုပ်ရှား နေတာ ကို ပင် အားနည်းသော အလင်းရောင် မှာ မြင်လိုက် ရပါသည် ။

“ ဟာကွာ ”

သူ သည် သွေးဆူစွာ နှင့် နာရီလေး ကို ပလက်ဖောင်း မှာ ပေါက်ခွဲ ပစ် လိုက်ပါသည် ။ ကျွန်မ လည်း တစ်ချက် တော့ အံ့အားသင့်စွာ နှင့် လန့် သွားပါသည် ။ ပတ်ဝန်းကျင် ကို ရှက်ရှက် နှင့် ဝေ့ဝဲ ကြည့်မိတော့ စာအုပ်သမား အများစု နှင့် လမ်းသွား လမ်းလာ တချို့ မသိမသာ ကြည့် နေတာ ကို မြင်လိုက်ရပါသည် ။ ဒေါသဖြစ်ဖြစ် နှင့် သူ့ ကို ပြန်အော်ပစ်မည် အပြုတွင် သူ က ကျွန်မ နား မှ ချာခနဲ လှည့်ထွက်သွားပါတော့သည် ။

ခပ်လှမ်းလှမ်း ရောက်သည် အထိ သူ့ ကျောပြင် ကို  အံကြိတ်၍ စိုက်ကြည့် နေမိသည် ။ စိတ် ထဲ မှာ လည်း ရှုပ်ထွေးလျက် ဘာတွေ ဖြစ်နေမှန်းကို မသိ ။ အတန်ကြာ မှ စာအုပ်ထုပ်တွေ သိမ်းဖို့ စာအုပ်သမား တစ်ယောက် ကို လှမ်း၍ အသံ ပေးရပါသည် ။ စာအုပ်ထုပ်တွေ သိမ်းပြီး သည် အထိ မှန်ကွဲကြား မှ နာရီလေး ကို သူပေါက်ခွဲခဲ့ သော နေရာမှာ ပင် ရှိနေသည် ကို တွေ့ရပါသည် ။ ဒီအတိုင်းပဲ လှည့်ထွက် သွားဖို့ ကြံပေမယ့် ကျွန်မ စိတ်ကို တစ်စုံတစ်ရာ က တားဆီး နေပါသည် ။ နောက်ပြီး စာအုပ်သမား တစ်ယောက်ယောက် က ကောက် ယူလာ ပေးပြီး ဘာဖြစ်ကြတာလဲ လို့ မေးမှာ ကိုလည်း ကျွန်မ မခံချင်ပါ ။

“ တောက် ”

စိတ် ထဲ ရှုပ်ထွေးလေးလံစွာ တောက် တစ်ချက် ခေါက်ပြီး မှန်ကွဲတွေ ကြားထဲ မှ နာရီလေး ကို ကောက်ယူ လိုက်မိပါသည် ။ နာရီလေး သည် ဆွစ်ဇာလန် သံပတ် ပေး နာရီလေး ဖြစ်ပေမယ့် စက်အတော် ကောင်းသည့် နာရီလေး ဖြစ်ပါသည် ။ စက်သံညက်ညက်လေး နှင့် အတူ ရွှေရောင် စက္ကန့်တံမျှင်မျှင်လေး သည် တဖျပ်ဖျပ် နှင့် ပြေး နေသေးသည် ။ နာရီလေး ကို လွယ်အိတ် ထဲ ထည့်ပြီး နှုတ် မှ လည်း သူ့ ကို သြဘာ ပေးလိုက်မိပါ သည် ။

“ တော်တော် အသုံးမကျတဲ့လူ ”

••••• ••••• •••••

အခြေအနေ တစ်ခု ကို ဖြတ်ကျော်လိုက်ရ မှ သူ့ ကို ကျွန်မ ဘယ်လောက် တွယ်တာ နေတယ် ဆိုတာ နောက်ကျစွာ သိလိုက်ရပါသည် ။ အချိန် နှင့် အမျှ သတိရ နေခြင်း ကို အချစ်လို့ သတ်မှတ်ရတော့မှာလား ။ သူ က တော့ ကျွန်မ ရဲ့ အချိန်တော်တော်များများ ကို အပိုင်စီး လိုက်သူ သာ ဖြစ်သည် ။ သူ့ ကို ချစ်သူ တစ်ယောက် အဖြစ် လက် မခံခဲ့ရင် တောင် မှ စကားပြောဖော် မိတ်ဆွေ တစ်ယောက် အနေနှင့် ဆက်ဆံသင့်ပါသည် ။

သူ သာ ဒီတစ်ခါ ကျွန်မ ဆီ ပြန် ရောက်ခဲ့လျှင်တော့ ကျွန်မ က သာ ဦးစွာ လက်ဆွဲ နှုတ်ဆက်ပြီး တောင်းပန် စကား ပြောဖို့ ကြိုတင် စဉ်းစား ထားမိပါသည် ။ ပြီးတော့ မှန်ကွဲ နေသော နာရီလေး ကိုလည်း ပြေရာပြေကြောင်း ပြောပြပြီး သူ့ ကို ပြန် ပေးရမည် ။ တစ်ခုတော့ ကျွန်မ ဆုတောင်း နေမိသည် ။ သူ နောက်ထပ် တစ်ခါ ချစ်တယ် လို့ မပြောဖို့သာ ဖြစ်သည် ။

ဘုရားကျောင်း ထောင့်ကွေ့ မှ ဖျတ်ခနဲ ပေါ်လာလေ မလား ။ သာသနာရေးဦးစီး ရုံးကြီး အောက် က နေပြီး ခပ် လေးလေး လျှောက်လာလေမလား ။ ပန်းဆိုးတန်းလမ်း ထဲ က နေပြီး ကျွန်မ ရှိရာသို့ လှမ်း ကြည့်ပြီး ပြုံးပြုံး ပြုံးပြုံး နှင့် လျှောက်လာလေမလား ။ စိတ် က သာ ထင်နေ ပေမယ့် သူ့ ရဲ့ အရိပ်အယောင် ကိုတော့ လုံးဝ မမြင်ရပါ ။

သူ ကျွန်မ ကို နာကြည်း သွားပြီလား ။

ကျွန်မ ရင် ထဲ မှာ စူးရှစွာ နာကျင် နေပါသည် ။ မညက်ညောလှသည့် အပြုအမူ ကြောင့် ဆက်ဆံရေး ပြတ်တောက် သွားရခြင်းသည် ကျွန်မ ဘက် က ညံ့ဖျင်းမှု သာ ဖြစ်သည် ။ ယောက်ျား တစ်ယောက် ကို လည်း ကျွမ်းဝင်မှု ၊ နီးစပ်မှု အခြေအနေ တစ်စုံတစ်ခု ကြောင့် ချစ်သူ အဖြစ် လက်ခံလိုက်ရမည် ကို လည်း ကျွန်မ မလိုလားပါ ။

သွားစမ်းပါ ၊ သူ့ လို ယောက်ျားမျိုး ဟာ လွယ်ကူတဲ့ အရာတွေ ပေါ်မှာပဲ ပျော်မွေ့ သူပါ ။ ခုဆို သူ့ နားမှာ ခပ်ချောချော အပျံစား ကောင်မလေးတွေ တစ်ယောက် မဟုတ် တစ်ယောက် ရှိနေမှာပေါ့ ။ ငါ့ ဆီ က အချစ် ကို လွယ်လွယ် နဲ့ ရမလားလို့ တောင်းကြည့်တာပဲ ဖြစ်ရမယ် ။ မရတော့ လည်း ခပ်တည်တည် နဲ့ ကျောခိုင်း သွား တာပဲ ။

သူ့ ဘက် ကို နွှယ် မသွား အောင် လို့ ကိုယ့် စိတ် ကို ပြန်ပြီး တောင့်ခံ နေရပေမယ့် ရင် ထဲ မှာ မွတ်သိပ်စွာ တောင့်တ လာခြင်း သည် တစ်စ ထက် တစ်စ သိသာလာသည် ။ ဝမ်းဗိုက် ရဲ့ ဆာလောင်မှုဒဏ် ကို နာရီပေါင်း များစွာ တင်းခံနိုင်ခဲ့သော ကျွန်မ သည် နှလုံးသား ဆာလောင်မှုဒဏ် ကို ကော ဘယ်လောက် ကြာကြာ တင်းခံနိုင် မလဲ ။ အချစ် ဆိုတာကော ထမင်း ဆာရင် အောင့်ထားနိုင် သလိုမျိုး အောင့်ထားလို့ ရပါ့မလား ။

ကျွန်မ စာအုပ်ခင်း ရှေ့မှ ဖြတ်သွား ဖြတ်လာ ကြ သော လူတွေ များစွာ ရဲ့ ကြား မှာ သူ ပါလေမလား လို့ မသိ စိတ် က သိသိသာသာကြီး ရှာဖွေ နေမိသည် ။ ဆံပင် ရှည်ရှည် ၊ ကိုယ်ဟန် သွယ်သွယ် ကောင်လေး ကို ခပ်ချောချော အပျံစား ကောင်မလေး က တွဲသွားတာ ကို တွေ့လျှင် လည်း သူ့ ကို အရမ်းပဲ သတိရ နေမိသည် ။ ဒါပေမဲ့ အချိန် တွေ သာ ကြာလာသည် ။ သူ့ ကို ကျွန်မ လုံးဝ တွေ့ခွင့် မရတော့ပါ ။

‘ မှားသွားပြီ ’ ဟူသော သတိပေးသံ တစ်ခု သည် ကျွန်မ နှလုံးသား ကို ပြင်းထန်စွာ လာ ရိုက်နေပါသည် ။ တစ်စ တစ်စ ပြိုကျလာသော မာန နှင့် အတူ ကြေကွဲမှု သည် လည်း ရင်ထဲမှာ ပြည့်သိပ်လာသည် ။ ယောက်ျား တစ်ယောက် ယောက် ၏ အချစ် ကို မယုံကြည်မှု အတွက် ဒဏ်ခတ်ခြင်းသည် ဒါပဲလား ။

အမှန်တော့ ကျွန်မ သည် သူ တစ်ပါး လိမ်တာ ကို ခံရမည် စိုး၍ ကိုယ့် ကိုယ် ကိုယ် ပြန်လိမ် နေသော သူ သာ လျှင် ဖြစ်တော့သည် ။  ။

▢ မိုချာ့

📖 ဟန်သစ် မဂ္ဂဇင်း
      ၁၉၉၁ ၊ ဒီဇင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment