Wednesday, September 18, 2024

တလည်လည်


 

❝ တလည်လည် ❞
━━━━━━━━━━━━
‘ မြိုင် ’ ညောင်ဦး
━━━━━━━━━━━━
အချစ် ၏ အပြစ် ကို ခံစားကာ ရတက်မအေး ရင်တွင်း၌ ဆွေးလှ သဖြင့် မိမိ ကိုယ် ကို မျှ မသ နိုင် ။ ပက်လက်ကု,လားထိုင် ပေါ်၌ ခေါင်းစုတ်ဖွား နှင့် ထိုင်ကာ မိမိ နှင့် တူရူ နံရံတွင် ချိတ်ထားသော ဓာတ်ပုံ ကို မမှိတ်သော မျက်လုံး ဖြင့် စူးစိုက်ကာ အာရုံပြုနေသူ ၏ မျက်နှာထား မှာ ပထမ ၌ သွေး မရှိသော မျက်နှာ နှင့် အောက်ကြို့ကာ ကလေး ပမာ ငိုယိုခယ တောင်းပန်လို သလို ရှိရာ မှ တဖြည်းဖြည်း နီမြန်းကာ လှုပ်ရှား၍ လာလေ၏ ။ ယခု အခါ၌ ယောက်ျားပျို မှာ ထိုင်ရာ မှ ထကာ ဓာတ်ပုံ ရှိရာသို့ တရွေ့ရွေ့ နီးကပ်၍ လာလေ၏ ။ ညာလက် နှင့် ဓာတ်ပုံ ကို ဖြုတ်ကာ “ သန်းကြည် ... သန်းကြည် ၊ အရှေ့ နှင့် အနောက် သည် ဘယ်အခါမှ မဆုံတွေ့ နိုင်သလို ၊ မင်း နှင့် ငါ ဒီ ဘဝ မှာ နီးကပ် ဖို့ မမြင် မာယာဆန်းပြား မင်း လှည့်စားပုံ ဟာ ငါ ၌ အရူးသဖွယ် သည်းအူပြတ် မျှ ပူဆွေးရ သော်လည်း မင်း ၌ ထူးခြားလှမည် မထင် ၊ သစ္စာမဲ့တဲ့ မိသန်းကြည် အား တာရှည် သဖြင့် စွဲလမ်းသော်လည်း အကျိုးမမြင် ၊ ငါ့ ၌ သာ နစ်မွန်းရတော့ မည် ။ မင်္ဂလာမဲ့ တဲ့ မင့် ဓာတ်ပုံကို လူ့ပြည် ၌ ထားသော်လည်း အကျိုး မရှိ ၊ သွားလေရော့ ” ဟု တအားကုန် စိတ်လိုက်မာန်ပါ နံရံသို့ ပစ်ခတ်လိုက်ရာ ချွင်ခနဲမြည်ကာ မှန်တို ၊ မှန်စများ မှာ ကြမ်းပေါ်၌ ပြန့်ကျဲနေတော့၏ ။

ဓာတ်ပုံ မှာ ကား ချို့ယွင်းခြင်း မရှိ ပကတိ အတိုင်း တည်ရှိကာ ၊ ဓာတ်ပုံရှင် ၏ ပြုံးချိုချို မျက်နှာပေး မှာ ယောက်ျားပျို အား လှောင်ပြောင်၍ နေသလို မှတ်ထင်ရ၏ ။ ယောက်ျားပျို မှာ မခံရပ်နိုင် သဖြင့် ဓာတ်ပုံ ကို ကုန်း ကောက်ကာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ခြေမွပြီး ကိစ္စတုံး စီရင် လိုက်လေ၏ ။

အချစ် သည် သာမန် အပြစ်ကို သာ ကာကွယ်နိုင်သော်လည်း မိမိ ချစ်သူ သည် မိမိ အား လျစ်လျူရှူကာ နောက် လူသစ် နှင့် ဆက်ဆံတော့မည် ဆိုက မည်သူမျှ သည်းခံနိုင်မည် မထင် ၊ အချစ် ၏ ဆုံးရှုံးနစ်နာပုံ မှာ မြင်းပွဲ ၌ ဆုံးရှုံးရ သလိုလည်း မဟုတ် ၊ အနီထောင်ဝိုင်း ၌ ဆုံးရှုံးရပုံ နှင့် လည်းမတူ ၊ တစ်မျိုးပင် အနေ ခက်၍ ကမ္ဘာ ကို ပင် ငြီးငွေ့ တတ်ရကား မကြာမကြာ မိမိ တို့ ဘဝ ကို စွန့်လွှတ်သွားကြပုံတို့ ကို ကျွန်ုပ်တို့ သတင်းစာများ ၌ ဖတ်ခဲ့ရ၏ ။

သန်းကြည် နှင့် ခင်အောင် မှာ ငယ်ချစ် ပင် ဖြစ်လင့်ကစား ပြည်ပန်းညို ချိုချင်ပါလျက် ဆား က ဖျက် ဆိုသလို ဂုဏ်ပကာသန ကို မက်သော မိခင် မှာ နေ့စဉ် အမျှ သန်းကြည် အား ဓနကြွယ်သူ တစ်ဦး နှင့် သွေးဆောင်ခဲ့ရာ ပထမ ၌ မိခင် ၏ စကား ကို အတန်တန် ငြင်းဆန်နိုင်သော်လည်း နောက်ဆုံး ၌ အရှုံး ပေးကာ မိမိ ၏ ငယ်ချစ် ခင်အောင် ကိုပင် စွန့်လိုက်ရလေ၏ ။

“ မောင့် ကို ကြည်ကြည် တစ်သက်တွင် ဘယ်တော့မှ မမေ့နိုင် ၊ မောင့် နောက် ကို လိုက်ဖို့ဟာတော့ မဖြစ်နိုင် ၊ မိခင် စကား ကို လည်း ကြည်ကြည် မပယ်ဝံ့ ၊ ယနေ့ က စပြီး မောင် လို ၊ အစ်ကို လို သဘောထားပါရစေ မောင် ရယ် ၊ ယခု တွေ့ခြင်းဟာလည်း နောက်ဆုံးတွေ့ ခြင်း သဘောထားပါ  ” ဟု နှစ်ကိုယ် တွေ့စဉ် က ပြောလိုက်သော ကြည်ကြည် ၏ စကားသံ တို့မှာ နဖူးတွင် သံမှို နှက်သလို ခင်အောင် ၏ စိတ်တွင်စွဲပြီး နား ၌ တဆတ်ဆတ် ကြားလျက်ရှိ၏ ။
ခင်အောင် မှာ မိမိ ချစ်သူ ထံ မှ မျှော်လင့်ခြင်းကင်းသော စကား ကို ကြားခဲ့ရသည့်နေ့ ကစ၍ ငါးဖယ်ပြန် ပြန်ကာ လူတွေ့ မျှ မခံဘဲ အချစ်စိတ် မွှန်ကာ အချိန် ကို ကုန်လွန်ခဲ့ရာ ယနေ့ ထိ ၇ ရက်မျှ ကြာမြင့်ခဲ့၏ ။ မိမိ သခင် ၏ ဒုက္ခ ကို မမြင်ရက်နိုင်သဖြင့် အမျိုးမျိုး တရားပြကာ ဖျောင်းဖျ သွေး ဆောင်ကာ နေသော ဘိုးထူး မှာ လည်း မိမိ ကိုယ် ၌ ကိုက လူပျိုကြီး ဖြစ်ရကား များစွာပင် ကရုဏာ သက်ကာ အင်ဂျက်ရှင်း ထိုး၍ ကုသရ ပါ က ချက်ချင်းပင် ဆရာဝန် ပြေးခေါ်ရန် အသင့်ရှိ၏ ။

တစ်ဖက်သ,တ် တည်း ချစ်ခင်စွဲလမ်းရခြင်း သည် ဒုက္ခဖိစီး ၊ အချစ်မီး တောက်လောင်ရကား ခင်အောင် ၏ ကိုယ်ခန္ဓာကလေး မှာ ကြုံလှီဖျော့တော့ ၍ လာလေ၏ ။ ဘိုးထူး မှာ မိမိ သခင် အတွက် များစွာစိုးရိမ်ခြင်း ဖြစ်၍လာ၏ ။ သို့ဖြစ်၍ စိတ်လက်ပြေပျောက်ရလေအောင် ခင်အောင် အား အထက်အညာ သို့ ဘုရားဖူး ထွက်ရန် သန်းကြည် နှင့် ဝေးအောင် သွေးဆောင်ခဲ့ရာ ခင်အောင် သည် နောက်ဆုံး၌ ခရီးထွက်ရန် စိတ်ပိုင်းဖြတ်လိုက်လေ၏ ။

ယနေ့သည်ကား သန်းကြည် နှင့် ဝေးကွာရမည့် နေ့ပင်ဖြစ်၏ ။ ချင်းစိမ်း နှင့် မိတ်သလင် သူ ကြင် မှ ငါ ကြင်မည် ဟု စိတ်ကိုတင်းကာ ဖြေဖျော်ခဲ့ သော်လည်း သန်းကြည် နှင့် ဝေးကွာရမည့် အချိန်၌ ရင်တွင်း၌ တလှပ်လှပ် လှုပ်ရှားကာ ချစ်သူ အား နောက်ဆုံးတွေ့ မြင်လိုစိတ် ဖြစ်ပေါ်လာရကား ခင်အောင် မှာ သတိလစ်ကာ ဘာပြုမိသည်ပ င်မသိ ၊ သားရေအိတ်ကို ဆွဲလျက် သတိရသည့်အချိန်၌ သန်းကြည် ရှေ့တွင် မတ်တတ်ရပ်လျက် ရှိနေလေ၏ ။

မလှုပ်မယှက် ငြိမ်သက်ငေးမော ဖျော့တော့နွမ်းနယ် ချစ်တဲ့သူ ၏ ဒုက္ခ ကို တွေ့မြင်ရသောအခါ သန်းကြည် ၏ စိတ်တွင် များစွာ တုန်လှုပ်မိလေ၏ ။ “ မောင် ၊ နေမကောင်းဘူးလား ၊ ပိန်လှချည့်လား ၊ အခု ဘယ်သွားမှာလဲ ” ဟု စိတ် ကို တင်းကာ မေးသော်လည်း ယခင် အခါက အချစ်သန် ခဲ့ သူ ဖြစ်သဖြင့် ကရုဏာသံ မှာ ဝမ်းတွင်း မှ ဂယက်ရိုက်၍ ထွက်ပေါ်လာခဲ့ရာ သန်းကြည် ၏ အသံ မှာ တုန်ယင်၍ နေလေ၏ ။ ခင်အောင် မှာ မည်သို့မျှ ပြန်မပြော နိုင် ၊ မေးခိုင်နေသူ အလား သန်းကြည် အား စူးစိုက်ကြည့်လျက် မျက်ရည်များ ကျဆင်းခြင်းဖြင့် မိမိ ၏ ဒုက္ခကို ဝမ်းနည်းစွာ သန်းကြည် အား လှစ်ဟရလေ
၏ ။

“ ကြည် ၊ ပေးတဲ့ ဒုက္ခ ကို မောင် ခံပါပြီ ၊ မောင့် တစ်သက်တွင် ကြည်ကြည်အား မေ့နိုင်တော့မည် မထင် ၊ သွားပြီ ကြည်ကြည် ” ဟူသော စကား ကို ပင် ဝမ်းနည်းလှ သဖြင့် အလုံးဆို့ကာ ပြေပြစ်အောင် မထွက်နိုင်ဘဲ တစ်လုံးစီ ပြောကာ ချာခနဲ လှည့်၍ထွက်ခွာခဲ့ရာ သန်းကြည် မှာ ငေးမော၍ ကျန်ရစ်ခဲ့ လေ၏ ။ မျက်ဝါးထင်ထင် သန်းကြည် တွေ့မြင်ရသော ခင်အောင် ၏ ဒုက္ခ သည် သန်းကြည် ရင်တွင်း ၌ မီးခဲပြာဖုံး ပမာ ခိုအောင်းလျက် ရှိသော မေတ္တာဓာတ် ကို လှုံ့ဆော်ပေးရကား အချစ်မီး မှာ တငြီးငြီး တောက်လောင်ကာ သန်းကြည် ၏ ရင်အုံ မှာ ပွင့်လုမတတ် ၊ အချစ် ၏ ပြင်းပြသော အပြစ်ဒဏ် ကို ခံရပြန်၏ ။ ခင်အောင့် အပေါ်၌ သနားစိတ် ၊ ခင်မင်စိတ် တို့မှာ ဒီရေ အလား တိုးတက်လာရကား မျက်နှာ ကို လက် နှင့် အုပ်ကာ တရှုပ်ရှုပ် ငိုယိုပြီး မောင် ကြည် မှားပြီ ၊ ကြည့် ကို တကယ် ရက်စက်သွားတော့မှာလား ၊ ပြန်မလာတော့ ဘူးလား စသည်ဖြင့် တတွတ်တွတ် တမ်းတကာ ပူဆွေးရလေတော့၏ ။

ယခင် က ချစ်သူ သည် မိမိ အတွက် ထိုမျှလောက် ဒုက္ခကြုံတွေ့ ရမည် ဟု သန်းကြည် ၏ စိတ်တွင် မထင်မှတ်မိပေ ။ ယခုမှာမူ မိမိ လက်ချက်ဖြင့် ချည့်နဲ့ ပိန်ချုံးကာ ညှိုးနွမ်းသော ခင်အောင် ၏ မျက်နှာ ကို မြင်ရသည့်အခါ၌ သန်းကြည် မှာ အသည်း ကို လှံ နှင့် ဆွကာ ဆား နှင့် ပက် သကဲ့သို့ နာကြည်းရ ၏ ။ ငါ မှားပြီ ၊ အမေ့ စကား ကို မပယ်ဝံ့ ၍ သာ ချစ်သူ ၏ အထင်အမြင် သေး ခြင်း ခံရပြီ ၊ လောကကြီး ၌ ချစ်သူ နှင့် ကွေကွင်းနေရခြင်း သည် ပျော်မွေ့ဖွယ် မရှိ ၊ ချစ်သူ နှင့် လွဲ၍ မည်သူ့ကိုမျှ ငါ မကြည်ဖြူနိုင်ဟု စိတ်ကို တင်းကာ ခင်အောင် အား မျှော်မှန်းကာ အချိန်ကုန် လွန်ခဲ့လေ၏ ။

သောက်လေ သောက်လေ ငတ်မပြေ ၊ ရေငန်ဆားကျင်း နွားတစ်သင်း ဆိုသကဲ့ အချစ် ၏ အနှစ်သာရကို ခံစားမိသူ တို့မှာ ဘယ်အခါမျှ တင်းတိမ် ရောင့်ရဲခြင်းမရှိ ၊ တကယ့်မေတ္တာ ( မေတ္တာစစ် ) နှင့် ချစ်ခင်ခဲ့သူများ မှာ လည်း အခါအခွင့် မကြုံ၍ ဆုံတွေ့ ပေါင်းဖက်နိုင်ခွင့် ကင်းမဲ့စေကာမူ လည်း မမေ့နိုင် ၊ နေမြင့် လေ အရူးရင့် လေ ဆိုသကဲ့သို့ ကြာလေ ဆွေးလေ ဖြစ်ရကား ခင်အောင်  နှင့် သန်းကြည် တို့မှာ အဘယ်မှာ တစ်ယောက် ကို တစ်ယောက် မေ့ပျောက်နိုင် အံ့နည်း ။

သန်းကြည် မှာ ခင်အောင် ၏ စွန့်ခွာသွားခြင်း ခံရသည့် နေ့က စ၍ တစ်နေ့ မှ မမေ့နိုင် ၊ အချစ် ၏ ပရိဒေဝမီး တောက်လောင်ခဲ့ရာ သန်းကြည် ၏ ကျက်သရေ ကို အမြဲဆောင်သည့် ပြုံးချိုချို မျက်နှာကလေး မှာ ယခုအခါ၌ ငိုငိုမဲ့မဲ့ သနားစဖွယ် အားငယ်ညှိုးနွမ်းလျက် ရှိလေ၏ ။ သမီး ၏ ဒုက္ခ ကို တွေ့မြင်ရသော သန်းကြည် ၏ မိခင် မှာ သန်းကြည် အတွက် စိုးရိမ်ကြီးစွာ နောင်တတရား ရလာရကား သမီး အား များစွာ သနားလှသဖြင့် မိမိ ၏ အကြံ ကို ပယ်ဖျက်ကာ သမီး နှစ်သက်သူနှင့် ကြည်ဖြူစွာ ခွင့်ပေးပါမည်ဟု ဝန်ခံကာ သန်းကြည် အား နှစ်သိမ့်စေ၏ ။ သန်းကြည် မှာ မိခင် ၏ ကြည်ဖြူစွာ ခွင့်ပြုချက် ရရှိ သဖြင့် တအားတက်ကာ ခင်အောင် အား နေ့ရှိသရွေ့ မျှော်လင့်ခဲ့ သော်လည်း ချစ်သူ ၏ သတင်း ကို မကြားရချေ ။

စစ်ကိုင်းတောင်ရိုး ရှိ ဘုန်းကြီးကျောင်း တစ်ကျောင်း တွင် တရား အားထုတ်ကာ ဗုဒ္ဓစက် ဖြင့် သန်းကြည် အပေါ် ၌ စွဲလမ်းရှိသော စိတ် ကို နှိမ်နင်း ပယ်ဖျက်ရန် ကြိုးစားအားထုတ် တကုပ်ကုပ် နှင့် မျက်စိ မှိတ်ကာ ပုတီးစိပ် နေသော ယောက်ျားပျို မှာ ခင်အောင် ဖြစ်၏ ။ တရားနှ င့် ဖြေကာ စိတ်ကို တင်းသော်လည်း အချစ်ဆိပ်လူးပါသည့် သန်းကြည် လွှတ်လိုက်သော မြား သည် ခင်အောင်  အသည်းစိုင် တွင် စူးဝင်ခဲ့ရာ အချစ်ဆိပ်မွှန်ကာ တစ်ခါ တစ်ရံ  ‘ ကြည် ... ကြည် ’ ဟုပင် ယောင်ယမ်းကာ ပုတီးစိပ်မိ၏ ။ သို့နှင့်ပင် အချိန်မှာ ကုန်ခန်းခဲ့ရာ နှစ်လ မျှ ကြာညောင်းခဲ့၏ ။

သန်းကြည် အတွက် စိုးရိမ်ရသည် ။ နောက်ဆုံး တွေ့ လိုက အမြန်ပြန်ခဲ့ ။
                        ဘိုးထူး  ။

အထက်ပါ သံကြိုးစာ သည် ခင်အောင် ၏ စိတ်ကို အထူးပင် လှုပ်ရှား စေ၏ ။ အမှန်အားဖြင့် ခင်အောင် သည် သန်းကြည် အား မမုန်းနိုင် ၊ သန်းကြည် အတွက် စိုးရိမ်ကြီးကာ တွေ့ဆုံလိုစိတ် ဖြစ်ပေါ်လာရကား ချက်ချင်း ပင် မိမိ နေရပ်သို့ ပြန်ခဲ့လေ၏ ။

ဘိုးထူး သည် မိမိ ဆရာ အား လာ၍ ကြိုဆိုနေသည် ကို တွေ့ ရ၏ ။ ခင်အောင် မှာ သန်းကြည် အတွက် စိုးရိမ်ရသဖြင့် ရုတ်တရက် သန်းကြည် ၏ သတင်း ကို မမေးဝံ့ဘဲ ရှိရာမှ ...

“ ဘိုးထူး .. ”

“ ဆရာ... ”

“ သန်းကြည်  ဘာဖြစ်သလဲ”

မျက်နှာ ပျက်ပျက် နှင့်

“ ဆရာဝန်များ က ဖြင့် ဆေးမရှိဘူး ဆိုပြီး လက်လျှော့ သွားကြပြီ ဆရာ ” ဟု ဝမ်းနည်းသံ နှင့် ပြောကာ တစ်ဖက်သို့ လှည့်လိုက်လေ၏ ။

ခင်အောင် မှာ သန်းကြည် အတွက် မျှော်လင့်ခြင်းကင်းသော သတင်း ကို ကြားရသည့် အခါ၌ ရင်တွင်း၌ ဖိုလှိုက်ကာ မျက်စိ တွင် မူးမိုက်သလို ဖြစ်ရ ကား ဘိုးထူး မှာ မိမိ ဆရာအား အသာဖေးကာ

“ သတိထားပါ ဆရာ ၊ သည့်လောက် မပူပါနှင့် ၊ သဗ္ဗေသတ္တာ ၊ ကံစီမံရာ ပေါ့ ၊ မနေ့က ကြားရတာတော့ ပြဒါးချိန် ၁၅၀ ဆိုလား ၊ ၁၅၀၀ ဆိုလား ရှိနေတယ် ၊ စိုးရိမ်ရတယ် ကြားတာပဲ ”

“ မဟုတ်ပါဘူး ဘိုးထူး ရယ် ၊ မင်း နားကြား လွဲလို့ ထင်ပါရဲ့ ”

“ မပြောတတ်ပါဘူး ဆရာ ၊ ကျွန်တော် လည်း သနားလွန်းလို့ မကြည် အမေ နှင့် တိုင်ပင်ပြီး ဆရာ ထံ သံကြိုး ရိုက်ရတာပဲ ၊ ဆရာ လာ လျှင် အိမ် ကို တစ်ခါတည်း ခေါ်ခဲ့လို့ မှာထားတယ် ”

“ ဒါနဲ့ ကြည်ကြည် အိမ်ထောင် ကျပြီလား ”

“ မကျသေးပါဘူး ၊ ဒါပေမဲ့ မျှော်လင့်စရာ မရှိပါ ၊ သူတို့ လက်ထပ်ဖို့ ဟာက သေချာပြီးပဲ ၊ ယောက်ျား လုပ်တဲ့ လူ က ခရီး လွန် နေလို့သာ ဆိုင်း နေခဲ့ရတယ် ”

ဟု ပြောရင်းပင် မိမိ တို့ကား သည် သန်းကြည် တို့ အိမ်ရှေ့၌ ဆိုက်လာလေ၏ ။

“ ကဲ ၊ ဆရာ နေရစ်ပေတော့ ” ဟုဆိုပြီး ဘိုးထူး မှာ ပစ္စည်းများ သိမ်းရန် အိမ် သို့ ပြန်သွားလေ၏ ။

အိမ်ဦးခန်းတွင် စိတ်ရှုပ်လှသဖြင့် ခေါင်းငုံ့ကာ ပုတီးစိပ် နေသော သန်းကြည် ၏ မိခင်ကြီး ကို တွေ့မြင်ရသောအခါ ခင်အောင် ၏ စိတ်တွင် တထိတ်ထိတ် ဖြစ်လာလေ၏ ။

“ ခင်အောင် လား ဘယ်တုန်းက ရောက်သလဲ ”

“ ကျွန်တော် အခုပဲ ရောက်တယ် အဒေါ် ၊ ကြည်ကြည် ဘယ့်နှယ် နေသေးသလဲ ”
( ညှိုးငယ်စွာ မေးသည် )

ကြည်ကြည် လေ အခန်း ထဲ မှာ ရှိလေရဲ့ ၊ အဒေါ် တော့ အထူး မပြော ချင်တော့ဘူး ၊ မောင် တို့ ကံ အကြောင်းပဲ ၊ သွားကြည့်ပါ ”

ဟု သန်းကြည်  အခန်း သို့ လက်ညှိုး ညွှန်ကာ မျက်နှာ လွှဲပြီး ပုတီးစိပ် လျက် နေတော့၏ ။ ခင်အောင် မှာ ခြေဖျားထောက် ကာ သန်းကြည် ၏ အခန်း သို့ လှမ်းခဲ့၏ ။

ခုတင် ပေါ် တွင် ငြိမ်သက်ကာ မျက်စိ မှိတ်လျက် မြင့်ချည် တစ်ခါ ၊ နိမ့်ချည် တစ်လှည့် လှိုင်းအိကြီးပမာ ၊ လှုပ်ရှားနေသော သန်းကြည် ၏ ရင်သား တို့မှာ ခင်အောင် ၏ စူးရှသော မျက်လုံး သည် ပါးလွှာသော ဇာခြင်ထောင် ကို ဖောက်ထွင်းကာ မြင်ရကား အသက် ရှိသေးသည်ဟု အားတက် ဝမ်းသာမိ လေ၏ ။

ခုတင် နား ကပ်ကာ “ ကြည်ကြည် ... ကြည်ကြည် ” ဟု ခေါ်သော်လည်း သန်းကြည် မှာ မိန်းမောမြောမေ့ နေသည့် အလား ခင်အောင် ၏ ခေါ်သံကို မကြားချေ ။ သန်းကြည် ၏ ငြိမ်သက်တိတ်ဆိတ်ခြင်းသည် ခင်အောင် ၏ စိတ်တွင် သာ၍ ပင် တုန်လှုပ်စေ၏ ။ ချစ်သူ ၏ ဒုက္ခဝေဒနာ ခံစားရပုံကို မမြင်ရက်နိုင် ၊ ကြေကွဲဝမ်းနည်း ပူဆွေးရကား ခင်အောင် ၏ မျက်လုံးအိမ် မှ မျက်ရည်များ မှာ အဖြိုင်ဖြိုင် ကျဆင်း၍ လာလေ၏ ။ သန်းကြည် ၏ နဖူး ကို အသာလက် နှင့် စမ်းကာ နားနား ကပ်ပြီး “ ကြည်ကြည် ၊ မောင် လာပြီလေ ၊ ကြည်ကြည် ” ဟု ခေါ်စဉ်မှာ ပင် သန်းကြည် မှာ သတိရလာသည့် အလား လှုပ် ရှားကာ မျက်စိ ဖွင့်လာလေ၏ ။

သန်းကြည် မှာ ခင်အောင် ၏ ဖြစ်ပုံကို အတန်ငယ် တွေဝေ စဉ်းစားကာ နေသလို ရှိရာမှ “ မောင် ဘာဖြစ်လာသလဲ ၊ ဘယ်တုန်းက ရောက်သလဲ ” ဟု မေးရာ ခင်အောင် မှာ သန်းကြည် ၏ အမေး ကို မဖြေနိုင်ဘဲ “ ကြည် ၊ ဘယ့်နှယ့် နေသေးသလဲ ” ဟု စိုးရိမ်လှသော မျက်နှာထားနှင့် ယုယစွာမေးသည့်အခါ သန်းကြည်  မှာ ဘာကိုမျှ မဖြေနိုင် ၊ ခင်အောင် အား အံ့သြစွာ ကြည့်နေမိ၏ ။ “ ကြည် ၊ ဘာမှ မဖြစ်ပါကလား မောင် ၊ နေကောင်းပါတယ် ” ဟု အတန်ငယ် ကြာမှ ဖြေလိုက်ရာ ခင်အောင် မှာ ပင့်သက်ချကာ များ စွာစဉ်းစားရကျပ်သဖြင့် အနီးရှိ ကု,လားထိုင်ပေါ်မှာ ထိုင်ကာ ခေါင်းကုတ်ပြီး စိတ်ရှုပ်စွာ သန်းကြည်  အား ကြည့်လျက် ရှိ၏ ။ သန်းကြည် မှာ ကား ပြုံးစိစိ နှင့် ခင်အောင် ၏စိ တ်တွင် မချိအောင် မျက်လုံး နှင့် ကလိ နေတော့၏ ။

“ ဒါဖြင့် ကြည် ဘာမှ မဖြစ်ဘူးပေါ့နော် ”

“ ဟုတ်ကဲ့ရှင် ၊ မောင့် မေတ္တာကြောင့် မာပါရဲ့ ”
( ခနဲ့တဲ့တဲ့ ပြောသည် )

“ ကြည် အတွက် အလွန် စိုးရိမ်ရတယ် ၊ အမြန်လာခဲ့ပါ ဟု သံကြိုးရိုက် မှာလိုက်လို့ ကမြောသောပါး စိုးရိမ်ကြီးစွာ မောင် လာခဲ့ရပါတယ် ၊ ဘိုးထူး ကို မေးတော့လည်း ဆရာဝန်တွေ တောင် လက်လျှော့ရပြီ ပြောလို့ အတော် အား ငယ်မိပါတယ် ”

“ ဪ ဟုတ်လား ၊ ဒါဖြင့် ကြည်ကြည့် ကို မောင် မမုန်းသေးဘူးပေါ့ နော် ၊ အရင် က လိုမှ ချစ်သေးရဲ့လား ”

“ မမုန်းနိုင်ဘူး ကြည်ကြည် ၊ မောင် မမုန်းနိုင်ဘူး ၊ ဒါပေမဲ့ ဒု - သ - န - သော ဆိုတဲ့ တံတိုင်းကြီး က ကာဆီး နေတော့ မောင့် မှာ မျှော်လင့်ချက် ကင်းခဲ့ပြီ ”
(ညှိုးငယ်စွာ ပြောသည် )

“ အပြစ် ကို ကြောက်တယ်ဆိုပါတော့ ”

“ ကြောက်တယ် ကြည်ကြည် ”

“ သာဓုမောင် သာဓု ၊ မောင့် အတွက် ကြည် အလွန် ဝမ်းနည်းတာပဲ ၊ ကြည် နှင့် မောင် တို့ ကုသိုလ်ကံ က သည် ဘဝ သည်မျှ ဆုံတာကိုး ၊ ကြည် လည်း မောင့် အတွက် ဘာမျှ မတတ်နိုင်တော့ပါ ၊ ကြည် ယူမယ့် ယောက်ျား က လည်း ကြည့်ကို အလွန် ချစ်ရှာတယ် ၊ ကြည် ကလည်း မျက်စိ အောက် က အပျောက် မခံနိုင်အောင် ချစ်တော့ ခက်တယ် ခက်တယ် ”

ဟု ပြောရင်းပင် ခေါင်းအုံး အောက် မှ ဓာတ်ပုံ ကို နှိုက်ကာ

“ ဒီမှာလေ ကြည်ကြည့် လင် ”

ဟု ခင်အောင် အား လှမ်း၍ ပေးရာ ခင်အောင် မှာ သိန်းထီ ပေါက်သလို ဝမ်းမြောက်ရကား “ တတ်နိုင်ပါပေ့ ကြည် ရယ် ” ဟု ပြောရင်း သန်းကြည် အား သိမ်းကျုံးကာ ဖျစ်ဖျစ်မြည်အောင် ပွေ့ ဖက်၍ အချစ်တံဆိပ် နှိပ်လိုက်လေ၏ ။ သန်းကြည် မှာ သဘောကျကာ တခစ်ခစ် နှင့် ရယ်မောလျက် ရှိ၏ ။

“ မောင် .... ဒု - သ - န - သော မကြောက်ဘူးလား ” ဟု သန်းကြည် က မေးသော်လည်း ' အို .. ဟို ' ဟူသော အသံ မှ တစ်ပါး အခြား ခင်အောင် ၏ ဖြေသံ ကို မကြားရပေ ။

နေ့စဉ် နှင့် အမျှ လောင်ကျွမ်းခဲ့သော အချစ် မီးသည် သီတာမြသား ပမာ ယခုအခါ၌ အေးချမ်းခဲ့ လေပြီ ။

ပူပန်ကြီးစွာ မျှော်လင့်တောင့်တခဲ့ကြသော ချစ်သူနှစ်ဦး  တို့၏ အလို ဆန္ဒ သည် ယခု အချိန်၌ ပြည့်ဝရကား အချစ် ၏ အနှစ်သာရ ကို မြိန်ယှက်စွာ ခံစားလျက် ရှိ၏ ။

အချစ်ဇာတ်စင်နှ င့် တူသော သန်းကြည် ၏ ခုတင် ပေါ်တွင် ခင်အောင် နှင့် သန်းကြည် မှာ အချစ်ဇာတ် ခင်းကာ ရုပ်သေးရုပ်ကလေးများ ပမာ ၊ အချစ် ကြိုးဆွဲသလို အလိုက်သင့် ပျော်မြူး ကခုန်နေခဲ့ရာ ( ရုပ်သေးရုပ်ကလေးများ ၏ ပျော်မြူးလှုပ်ရှားခြင်း ကို သဘောကျသည့် အလား ) တကျိကျိ မြည်ဟည်း လျက်ရှိသော ခုတင် ၏ အသံ မှာ အချက်ကျ စည်းလိုက်လျက် ရှိရာမှ တဖြည်း ဖြည်း ငြိမ်သက်ကာ သွားလေ၏ ။

“ မမကြည် ၊ မမကြည် ဆရာဝန် မလာဘူးလား ” ဟု ဆူညံလာသော ဘိုးထူး ၏  အသံ သည် အချစ်ဇာတ်စင် တွင် မျောမေ့နေသူများ အား ဝမ်နင် ( သတိ ) ပေးလိုက်လေ၏ ။

ဘိုးထူး မှာ လက် တွင် ပြဒါးချိန် ကိုင်ကာ ဝင်လာလေ၏ ။ ခင်အောင် မှာ တပည့်ကျော် အား ရယ်မောကာ

“ မင့် ပြဒါးချိန် မလိုပါဘူးကွယ် ၊ ငါ သွေးစမ်း ကြည့်ပြီးပါပြီ ၊ နော်မယ် ပါပဲ ”

ဟု ပြောလိုက် လျှင် သန်းကြည် သည် ခင်အောင် ၏ ပါး ကို ပြုံးစိစိ နှင့် ဆွဲလိမ်လိုက်လေ၏ ။

⎕ ‘ မြိုင် ’ ညောင်ဦး

📖 ဗန္ဓုလဂျာနယ် ဝတ္ထုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment