❝ အမြီး နဲ့ ဂဏန်း ❞
━━━━━━━━━━━━
ပီ - မိုးနင်း
━━━━━━━━━━━━
“ ကြီးပွား ချင် ရင် အလုပ် မှာ အထူး စေ့စပ်ရတယ်ကွဲ့ ၊ လောက မှာ ဘာကိုမှ ပေါ့ပေါ့ဆဆ မလုပ်ကောင်းဘူး ၊ အဘယ်လောက်ပင် သေးငယ်တဲ့ အရာ တစ်ခု ဖြစ်စေ စေ့စပ်သေချာမှ ၊ မစေ့စပ်လို့ ပေါ့ပေါ့ဆဆ လုပ်ရင် မီးပွားကလေး တစ်ခု ဟာ ပြာဿဒ် ကို ပြာ ကျ စေနိုင်တယ် ဆို တဲ့ စကား ကြားဖူးတယ် မဟုတ်လား ၊ မပေါ့ရဘူး ”
ဟု ပြောကာ မိမိ ရှေ့၌ ဖြန့်လျက် ရှိသော စာရင်းစာအုပ် ပေါ် သို့ ကျသော သကြားပွင့်ကလေးများ ကို လက်ကိုင်ပဝါ နှင့် ပုတ်၍ ပစ်ရင်း ပေါင်မုန့် ထောပတ်သုတ် ( တို့စ် ) ကို တစ်ကိုက်ကိုက်၍ လက်ဖက်ရည် ကို သောက်လေ၏ ။
ထို့နောက် စာရင်းစာအုပ် ပေါ်၌ ကျန်ရှိသော သကြားကလေး တစ်ပွင့် ကို လု၍ စားနေကြသော ယင်ကောင်ကလေး သုံးကောင် ကို ကြည့်၍ နေလေ၏ ။
စာရင်းကိုင် စာရေးကြီး ကိုဘိုးမြစ် သည် အလွန် အလုပ်သေချာ၏ ။ ဝီရိယ လည်း ရှိ၏ ။ အစောဆုံး အလုပ်တက်၍ နောက်ဆုံး အလုပ်
ဆင်းသူ ဖြစ်၏ ။ သို့ဖြစ်၍ ၎င်းအား အလုပ်တိုက် တစ်တိုက်လုံး ၏ မဏ္ဍိုင်ကြီး ပမာ သူဌေးများ ၊ မန်နေဂျာ များ ၊ ဒါရိုက်တာများ က ယုံကြည် ကိုးစားလျက် ၎င်းအား မြန်မာလူမျိုး စာရင်းကိုင် စာရေးကြီး များအား အဘယ်အခါ ကမျှ မပေးဖူးသော လခ ကို ပေး၍ ထားလေ၏ ။
မိမိ သာ ကြီးပွားသည် မဟုတ် ၊ ကိုဘိုးမြစ် သည် မိမိ နှင့် နီးစပ်ချစ်ခင်သူ တို့အား ကြီးပွားတိုးတက် စေဖို့ရန် သင်ပြဆုံးမ တတ်၏ ။ သို့ဖြစ် ၍ မောင်စိန် နှင့် တကွသော လက်အောက် စာရင်းကိုင် စာရေး အားလုံး တို့ သည် ၎င်းကို ဦးလေး သဖွယ် ၊ ဆရာ မခြား အလွန်ပင် ကြည်ညိုလေးစား ကြလျက် ၎င်း ၏ ထံ၌ စာရင်းကိုင်အတတ် တွင် နည်းကောင်း ကို ခံယူလျက် ရှိကြလေ၏ ။
လက်ဖက်ရည် သောက်၍ ပြီးသောအခါ ရှေ့၌ ပွင့်၍ နေသော ရင်းစာအုပ် ကို ပိတ်ပြီး မောင်စိန် အား ပေးလိုက် ပြီးလျှင် အခြား စာအုပ် ကို တောင်းလေရာ မောင်စိန် က ပိတ် လိုက်သော စာရင်းစာအုပ် ကို ပြန်၍ ဖွင့်လှန်လေ၏ ။
“ မြန်မြန် ဟို စာရင်းစာအုပ် ကို ယူစမ်းပါကွဲ့ ၊ နားမလည်သေးဘူး လား ၊ ဘာကို ရှာတာလဲ ”
“ ယင်ကောင်ကလေး တစ်ကောင် ခုတင်က ပိတ် လိုက်တဲ့ မျက်နှာ ထဲမှာ ညှပ်မိတယ် ထင်လို့ ဦးလေး ရဲ့ ”
“ အမယ်မင်း … ယင်ကောင် က အင်မတန် မြန်တာပါ တပည့် ရဲ့ ၊ မသေပါဘူး ထားလိုက်ပါ ။ သေချာ ဆိုတာ စာရင်းစာအုပ် ထဲ မှာ ညှပ်မိ တဲ့ ယင်ကောင် ကို ရှာတာ ပြောတာ မဟုတ်ဘူးလကွဲ့ ၊ အလုပ်မှာ သေချာ ဖို့ပြောတာ ၊ ဂဏန်း ကွဲ့ ဂဏန်း ၊ ပီပီသသ ရေးဖို့ ပြောတာ ၊ သုံး နဲ့ ငါး မှားတတ်တာမျိုး ၊ မင်း ရေးတဲ့ သုံးတွေ ကို ငါဖြင့် အမှတ်တမဲ့ ကြည့်ရင် ငါး ချည်းထင်တာပဲ ၊ လုပ်လကွယ် ၊ သေချာ ဆိုတာ နှေးနှေး လုပ်တာ ပြောတာ မဟုတ်ဘူး ကိုယ့်လူ ရဲ့ ၊ မြန်မြန် နဲ့ သေချာမှ အဖိုးတန်တာ ” ဟု ပြောလေ၏ ။
မောင်စိန် လည်း ယင်ကောင် ကို ပိတ်မိသော စာရင်းစာအုပ် ကို ဆိုင်ရာ နေရာ သို့ပို့ပြီး အခြား စာအုပ် ကို ယူ၍ ပေးလေ၏ ။ စာရေးကြီး သည် စာရင်းများ စစ်ဆေး ကြည့်ရှုလေ၏ ။
ထို့နောက် သေချာခြင်း၏ အကြောင်းကို ဆက်လက် တရားဟော ပြောရင်း ၅ နာရီခွဲ သာသာ အချိန် ရောက်သဖြင့် ဆရာတပည့် အလုပ်တိုက် မှ ဆင်း၍သွားလေရာ ကိုဘိုးမြစ် သည် သေချာခြင်း အကြောင်း ကို ဆက်လက် လက်ချာ ပေးသွားလေ၏ ။
“ ဂဏန်း ရေးရာ မှာ သာ မဟုတ်ဘူး ၊ ကိုယ် လုပ်တဲ့ အလုပ် မှန်ရင် အဘယ်အခါမဆို သပ်သပ်ရပ်ရပ် ၊ သန့်သန့်ရှင်းရှင်း ဖြစ်အောင် ဂရု စိုက်ရတယ် ။ လူ တစ်ယောက် ဟာ အလုပ် သေချာတယ် ၊ မသေချာဘူး ဆိုတာ အလုပ် ကို မြင်ရမှ သိရတာ မဟုတ်ဘူး ၊ အလုပ်စားပွဲ ကို မြင်တာ နဲ့ သိနိုင်တာပဲ ၊ အထားအသို ၊ အစီအစဉ် သပ်သပ်ရပ်ရပ် ရှိရင် လူကြီး လုပ်တဲ့ လူ ရဲ့စိတ် ထဲ မှာ ဒီလို အလုပ်သမား တစ်ယောက် ကို ဘယ်အခါ မှ အမှတ်မဲ့ မနေဘူး ၊ အကဲခတ်ရက် နေတာမျိုး ။ ဘာကြောင့်လဲ ဆိုတော့ အခု ကာလ မှာ ယုံကြည် စိတ်ချလောက်အောင် အလုပ်အကိုင် သေချာသူ အင်မတန် နည်းတာကလား ၊ ဒီတော့ သေချာတဲ့ လူ တစ်ယောက် ကို တွေ့ ရင် ဘယ်အခါမှ လက် မလွှတ်နိုင်ဘူး ။ သေချာတဲ့ အလုပ်သမား တစ်ယောက် မှာ မိမိ ကြီးပွားတိုးတက်ဖို့ အရေး အတွက် မိမိ ကိုယ်တိုင် က အင်မတန် ပူပန်နေဖို့ မလိုပါဘူး ၊ တကယ့် လူကောင်း လိုတဲ့ တကယ့် နေရာ တစ်ခု ပေါ်ရင် တကယ် နေရာကျတာပဲ ”
ဟု ပြောပြီး မော်တော်ကား တွေ ရှုပ်သော ဆူးလေဘုရားလမ်း ကို ကျော်ကြလေ၏ ။
ထို့နောက် ခြေသွားလမ်း ပေါ်သို့ ရောက်သောအခါ ဆက်လက်၍ ဟော ပြန်လေ၏ ။
“ လောကမှာ ဘယ်အရာ မဆို အသေးအဖွဲကလေး တွေ က စပြီး အကြီးအကျယ်တွေ ဖြစ်ရတာမျိုး ၊ ဒီအတွက် အသေးအဖွဲ ဆိုတာ အင်မတန် ဂရုစိုက်ရတာ ၊ လူငယ် တစ်ယောက် ကို သေးသိမ်သည် ၊ ငါ့ ထက် နိမ့်သည် ၊ ငယ်သည် ဟု သဘောထားပြီး မထီမဲ့မြင်များ ဘယ်တော့မှ မပြုလေနဲ့ ၊ မှတ်ထား ငယ်လူများ ဆိုတာ တစ်နေ့သ၌ ဘယ်လို ကြီးမြင့်ပြီး ဘာကောင်ကြီး ဖြစ်မယ် ဆိုတာ ဘယ်သူမျှ မပြောနိုင်ဘူး ”
“ ကိုယ့် ရပ် ထဲ ၊ ရွာ ထဲ မှာ ကိုယ့် အောက် ကျတဲ့ ဆင်းရဲသား ကူလီ ရယ်လို့များ မထီမဲ့မြင် မပြုနဲ့ ၊ ကြပ်ကြပ် သတိထား ၊ ဆင်းရဲသား ကူလီ အောက်ကျတဲ့ လူမျိုး ဆိုတာ ဘာမဆို လုပ်တိုင်း တင့်တယ်တာမျိုး ၊ လမ်း ပေါ်မှာ လူ တစ်ယောက် ကို ကူလီဆင်းရဲသား ဟာ ပျဝပ်ပြီး ရှိခိုးပေမဲ့ ဘယ်သူ က မှ သူ့ ကို မကဲ့ရဲ့ဘူး ၊ ဒီတော့ အောက်ကျ နောက်ကျ ခံပြီး တိုးလျှိုး ပေါင်းသင်း တတ်တဲ့ မ , နိုင် ၊ စ , နိုင် တဲ့ လူ တစ်ယောက် က သနားပြီး မ စ လိုက်တတ်ရင် “ သခင် မွေး - နေ့ချင်းညချင်း ကြီး ” ဆိုတာ လို ဖြစ်တတ်တာမျိုး ၊ ပြီးတော့လည်း ဆင်းရဲသား ကူလီ မှာ လုပ်တိုင်း တင့်တယ်လို့ ထမင်း မငတ်နိုင်ဘူး ၊ မင်းတို့ ငါတို့ လို လူများ မတော်တဆ အလုပ်အကိုင် ပျက်စီး ၊ မကျန်းမမာ ဖြစ်လို့ အလုပ် မရှိရင် အခန်း ထဲ မှာ ကျိတ်ကျိတ်ပြီး ငတ် နေရမှာ ။ ဒီတော့ ဦးလေး ဖြင့် အသေးအဖွဲ ကို ၊ ကိုယ့် ထက် နိမ့်ကျသူများ ကို အင်မတန် ဂရုစိုက်တာပဲ ”
“ အလုပ်အကိုင် မှာ လည်း ဂဏန်း တစ်လုံး ဟာ ထောင် ၊ သောင်း ၊ သိန်း ၊ သန်း ဖြစ်တတ်တာမို့ အင်မတန် ဂရုစိုက်ရတာ ၊ ဦး စာရင်းစာအုပ် များကို ကြည့်ပါ ၊ အစွန်းအကွက် တစ်စက် မရှိစေရဘူး ။ သေချာ မှ ရေရာ သတဲ့ ။ စေ့စပ် မှ တွေ့ တတ်သတဲ့ ။ မသေမချင်း မြဲမြဲမှတ်ထား ။ ယခု ကာလ လောကဓာတ်ပညာ ဟာ အခုလို ကြီးကြီးကျယ်ကျယ် တိုးတက်နေ တာဟာ မှန်ဘီလူး နဲ့ ကြည့်ပြီး စစ်ဆေးရတဲ့ အသေးအဖွဲကလေးများ ကြောင့် အခုလောက် ကြီးကျယ်လာတာ မဟုတ်လားကွဲ့ ”
“ အသေးအဖွဲကလေးတွေ ကို စေ့စေ့စပ်စပ် ကြည့်ရှုမှတ်သားတတ် တဲ့ အလေ့အကျင့် ကို ရရင် ဘယ်သူ မဆို ကြီးပွားတာပဲ ။ ဒီ့ အတွက် “ သတိ မမူ - ဂူ မမြင် ၊ သတိမူ က - မြူ ကို မြင် ” ဆိုတဲ့ စကား ရှိတာကလား ၊ သေးငယ်တယ် လို့ ဘယ်အရာ ကိုမျှ ပေါ့ပေါ့ သဘော မထားနဲ့ ”
ဟု ပြောရင်း ဓာတ်ရထား တစ်စင်း နှင့် ကြုံသဖြင့် ကျောက်မြောင်း ဘက် သွားသော ဓာတ်ရထား ပေါ်သို့ တက်ကြပြီးနောက် စာရေးကြီး သည် ဆက်လက်၍ ဟောပြန်သည် မှာ ...
“ လူဖျက် - အရက် ၊ ဓါးဖျက် - ဝါးမျက် ၊ ရှင်ဖျက် - ဓဇက် ” ဆိုတာ ဦးလေး သဘောမကျဘူး ။ လူ ဖျက်တော့ တစ်စက် လို့ ဦးလေး ပြောချင် တယ် ။ ဘာကြောင့်လဲ ဆိုတော့ ဘာ မဟုတ်တဲ့ အရက်ကလေး တစ်စက် ၊ တစ်ငုံ ၊ တစ်ခွက် ကို မကြောက်သည့် အတွက် တစ်သက်လုံး လူစ တုံးရ သူတွေ ကို ဦးလေး အများကြီး တွေ့ခဲ့ရဖူးတယ် ။ အခု မင်းတို့ အသောက် အစား မရှိသေးဘူး ။ အပေါင်းအဖော် ကြောင့် တစ်စက်တစ်ကျိုက် များ ပေါ့ပေါ့ဆဆ သွားပြီး မလုပ်လေနဲ့ သိလား ။ လုပ်ရင် တစ်ကျိုက် တစ်ခွက် ၊ နောက်တစ်ခါ တစ်ပုလင်း ၊ နောက်တစ်ခါ တာမြောင်း ထဲ ကျွမ်းထိုး ရော ။ အဲဒီအခါ ကျရင် တာမြောင်း ထဲ က ဆယ်လို့ ရတော့မည် မထင်နဲ့ ။ ဝိုင်အရက် တစ်ခွက်ကြောင့် ပြင်သစ်ပြည် နန်းဆက် ပြုတ်တာ ကြားဖူး တယ်မဟုတ်လား ”
“ ပြောပါ ဦးလေး ရဲ့ … ”
“ နားထောင် ၊ ပြင်သစ်ပြည် ဘုရင် လွစ်ဖီးလစ် ရဲ့ သားတော် ဂျူကောက်အောလင်း ဆိုတာ မင်း ဖတ်ဖူးတယ် မဟုတ်လား ။ အဲ - သူပေါ့ ဝိုင် တစ်ခွက် သောက်မိသည့် အတွက် ဒင်နာပါတီ မှ နန်းတော် ကို မြင်း ရထားနဲ့ အပြန် မှာ မြင်း လန့်ပြေးသည့် အတွက် မြင်းရထား ပေါ်က ခုန်ချလိုက်တာ ကိစ္စ ချောတာပဲ ။ ကိစ္စ ချောတာက တခြားကြောင့် မဟုတ်ဘူး ၊ ဝိုင်တစ်ခွက် ကို ပိုပြီး မသောက်မိရင် ခြေချော်လက်ချော် ဖြစ်ဖို့ မရှိ ဘူး ။ အခု ဖြစ်ပုံမှာ ဝိုင်အရက် ကြောင့် ယိမ်းယိုင်ပြီး မဟန်နိုင်သည့် အတွက် ပစ်လှဲသလို ဖြစ်ပြီး ဦးခေါင်းကို သမံတလင်း နဲ့ ဆောင့်မိလို့ သေတာပဲ ။ သူ လည်း သေရော မင်းဆက် ပြုတ်ပြီး ပြင်သစ်ပြည် ရာဇဝင် ဟာ တစ်မျိုး ဖြစ်သွားတာပဲ ”
“ အင်း...ပြီးတော့လဲ ဂျိမ်းဝပ် ခေါ်သူမှာ လက်ဖက်ရည်အိုးကလေး နဲ့ ငယ်ရွယ်စဉ်အခါက ကစားဖူးတဲ့ အတွက် အခု မီးစက်တွေ အစွမ်း ကြောင့် သင်္ဘောတွေ ၊ မီးရထားတွေ ၊ စက်ရုံတွေ ဖြစ်နေကြတယ် မဟုတ် လား .. ”
“ အဲ - ပြီးတော့လည်း လူ့ ဘဝ မှာ ဘယ်အရာမှ ရုတ်တရက် ချက်ချင်း အကြီးအကျယ် တစ်စုံတစ်ရာ ဖြစ်ပြီး ပြောင်းလဲခြင်းတွေ ဖြစ်ကြရိုး ထုံးစံမရှိ ၊ အသေးအဖွဲ မထင်ရှား ဘာမဟုတ် ညာမဟုတ် အရာကလေး တွေက စပြီး ဖြစ်ကြတာပဲ ။ ဆန်ကော တစ်ချပ် လွင့်တာနဲ့ ပြည်ပျက်ဖူးတယ် ဆိုတာ ရာဇဝင် မှာ အရှိသားပဲ ။ မင်း ရာဇဝင် မှာ ( Bucket of modena ) ဆိုတာ ကြားဖူးရဲ့လား ”
“ မကြားဖူးပါဘူး ဦးလေး ရဲ့ ”
“ မကြားဖူးရင် နားထောင်ကွဲ့ ။ ဦးလေး ပြောမယ် ။ ၁ဝဝ၅ ခုနှစ် မှာ မိုဒေနာတိုင်းသား စစ်သားများ ဟာ ဘိုလိုညား ခေါ်တဲ့ နယ်မှာ ရှိတဲ့ ရေတွင်း တစ်တွင်း က ရေပုံး တစ်ပုံး ကို ယူလာဖူးတယ် ။ အဲဒီသံပုံး ဟာ မသကာ တန် လှရင် သုံးမတ် ၊ တစ်ကျပ် တန် မှာ ပလေ ။ ဖြစ်ရပုံက အဆမတန် ခိုက်ရန် ပွားပြီး နှစ်ပေါင်း နှစ်ဆယ် ကြာတဲ့ စစ်ပွဲကြီး ဖြစ်သွား ဖူးတယ် ။ ကရိုင်မီယန်းစစ်ပွဲ ဆိုတာကော ဂျေရုဇလင်မြို့ဘုရားကျောင်း တစ်ကျောင်း က သော့ကလေး တစ်ချောင်း စပြီး လူမျိုးကြီး လေးဦး တိုက် ကြတဲ့ စစ်ပွဲကြီး ဖြစ်တာ မဟုတ်လား ။ ဂျင်နရယ်ဂရန်း ဟာ ထောပတ်ကလေး ဟင်းချက် ဖို့ သွား ဝယ်မိသည့် အတွက် ဂျင်နရယ် အဖြစ် ကို ရောက်ခဲ့တယ်လို့ ဦးလေး စာထဲ မှာ တွေ့ဖူးတာပဲ ။ ကိုင်း - ပြောရင်းဆို ရင်း ဦးလေး ဆင်းတော့မယ် ။ နက်ဖြန်စောစော တိုက် ကို လာနော် ။ ယနေ့ညဉ့် အော်ဒစ်တာ စာရင်းတွေ ကို စစ်လိမ့်မယ် ။ နက်ဖြန် အရေး ကြီးတာ တစ်ခု ခု ပေါ်ချင် ပေါ်လိမ့်မယ် ။ မင်း စာအုပ်တွေ အကုန် သေချာရဲ့လား မဟုတ်လား ”
“ သေချာပါတယ် ဦးလေး ရဲ့ စိတ်ချပါ ”
“ အေး - အေး… ဦးလေး သွားမယ် ”
ဟု ပြောပြီး ဆင်း၍ သွားလေ၏ ။
••••• ••••• •••••
နောက် တစ်နေ့ ဆရာတပည့် နှစ်ယောက် အလုပ်တိုက် သို့ စောစော ရောက်ကြလေရာ သူဌေး နှင့် မန်နေဂျာ က ပိုမိုစော၍ နေသည် ကို တွေ့ ရ လေသည် ။ ၎င်းတို့ ရောက်လျှင် ရောက်ချင်း မန်နေဂျာ နှင့် သူဌေး သည် ၎င်းတို့အပါးသို့ ကပ်၍လာပြီး စာရင်းများကို ပြဖို့ ပြောလေ၏ ။ စာရေး ကြီး က သူဌေး နှင့်မန်နေဂျာ ၏ မျက်နှာ၌ ထူးခြားသော ပြောင်းလဲခြင်း ၊ မကြည်သာသော အမူအရာ ကို မြင်ရသဖြင့် “ ဘာများတွေ့ လို့လဲ ” ဟု မေးလေ၏ ။
မန်နေဂျာ က ခါးထောက် ကာ ...
“ ငွေကိုးထောင် လျော့ နေတယ် ။ ည က အော်ဒစ်တာ နဲ့ ကလပ် မှာ တွေ့ တာနဲ့ စာရင်း စစ်ဖို့ အလာမှာ ကျုပ် လိုက်လာတယ် ။ စာရေးကြီး စာရင်းကို သေသေချာချာ ပြန်ပြီး ကြည့်ပါဦး ”
ဟု ပြောပြီး ပြန်သွား ကြလေ၏ ။
စာရေးကြီး သည် အံ့အားသင့်၍ နေလေ၏ ။ မိမိ ၏ လက်အောက် စာရင်းကိုင်စာရေးများ နှင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ အံ့အားသင့်၍ နေလေ၏ ။
“ ကိုင်း - ဒီလို နေလို့ မဖြစ်ဘူး ။ မင်းတို့ စာရင်းတွေ ကို အကုန် ယူခဲ့ ”
ဟု စာရေးကြီး က ပြောပြီး သေချာစွာ စစ်ဆေးလေရာ ချိန်ကိုက်၍ မရ ၊ ငွေကိုးထောင် စာရင်း၌ ပို၍ နေသည်ကို တွေ့ ရှိကြရလေ၏ ။ ငွေကိုးထောင် ပျောက်သလား ၊ စာရင်း မှားသလားဟု မပြောနိုင် အောင် ရှိနေလေ၏ ။
စာရေးကြီး သည် မိမိ ၏ လက်အောက်များနှင့် အထပ်ထပ် စစ်ဆေး သော်လည်း မရ ၊ ငွေကိုးထောင် စာရင်း ထဲ တွင် အကောင်အထည် နှင့် မားမားကြီး ရပ်ပေါ်နေသည် ကိုသာ တွေ့ ရှိကြရလေရာ စာရေးကြီး မှာ အဘယ်အခါ မှာမျှ မိမိ ၏ စာရင်းများ ဤကဲ့သို့ မဖြစ်ဖူးသဖြင့် လွန်စွာ ဒေါသထွက်လျက် နေလေ၏ ။ တပည့် များ အား ကြိမ်းမောင်းဆူပူ လေ၏ ။
သို့ပင် ဆူပူသော်လည်း မိမိ ၏ တပည့် များ လုပ်သမျှ မိမိ ကိုယ်တိုင် ထပ်မံ စစ်ဆေးမြဲ ဖြစ်သောကြောင့် မိမိ လက်အောက် စာရေးများ မှားလျှင် မိမိ အမှားပင် ဖြစ်ရမည် ကို သိလေ၏ ။ မိမိ ကိုယ် ကို မူကား လွန်စွာယုံကြည်သူ ဖြစ်လေ၏ ။ အဘယ်နည်း အဘယ်ပုံ ဤကဲ့သို့ ဖြစ်ရသည် ကို တွေးကြံ၍ မရဘဲ နေလေ၏ ။
လက်အောက် စာရေးများ သည် ကား ၎င်း ဒေါသ ဖြစ်သည် ကို လျှို့ဝှက်စွာ ရယ်ကြလျက် တစ်ယောက် ကို တစ်ယောက် မျက်စ ပစ်ကြလေ ၏ ။ စာရေးကြီး မှာ ကား နဖူး မှ ချွေးပေါက်ကြီးများ စီးဆင်း၍ နေလေ ၏ ။ အခြား စာရေးများ က လည်း “ သေချာတဲ့ ဆရာကြီး တော့ တစ်ခါ ထိ တာပဲ ” စသည်ဖြင့် ပြောဆို ပြုံးရယ်ကြလေ၏ ။ စာရေးကြီး မှာ ကား အရူး လို ဖြစ်၍ နေလေ၏ ။
ထိုကဲ့သို့ သုံးလေးရက် စစ်ဆေး သော်လည်း စာရင်း မှာ ချိန်ကိုက် ၍ မရ ၊ စာရေးကြီး မှာ နောက် လေးငါးရက် ဤကဲ့သို့ စာရင်း ကို ရှာရ မည် ဆိုလျှင် ဧကန် ဦးနှောက် ပျက်ကာ စိတ်ကျန်းမာရေး ဆေးရုံ သို့ ရောက်တော့မည် ဟု မိမိကိုယ် ကို မှတ်လေ၏ ။ သို့ဖြစ်သောကြောင့် မောင်စိန် အား...
“ ရှာစမ်းပါဦး ၊ ကြံစမ်းပါဦး တပည့် ရယ် ။ ငါ့ ထက် သေချာ သူ တော့ ကမ္ဘာ ပေါ်မှာ မရှိနိုင်ဘူး လို့ ထင်တာပဲ ”
ဟု ပြောလေ၏ ။
“ ကျွန်တော် လည်း ဦး နဲ့ တွေ့ ကတည်း က အစစ အရာရာ မှာ အင်မတန် သေချာတာပဲ ဦး ရဲ့ ။ အခု ဘယ်လို ဖြစ်တယ် မသိဘူး ” ဟု ပြောလေ၏ ။
“ သေချာသည် ထက် ပိုပြီး သေချာစမ်းပါဦး မောင် ရယ် ။ ဒီ စာရင်း မမှားနိုင်ပါဘူး ။ ငွေ လည်း ပျောက်မယ် လို့ ဦးလေး မထင်ဘူး ”
“ အခုပုံတော့ သေချာဖို့ တစ်ခု ရှိတော့တာပဲ ။ အခု ထက် ပိုပြီး သေသေချာချာ ကျွန်တော် တို့ စစ်နိုင်ဖို့ အင်မတန် ခက်တာပဲ ”
“ ပိုပြီး သေချာ စမ်းပါဦးကွယ် ။ တွေ့ ပါလိမ့်မယ် ။ အခု ငါတို့ မသေချာသေးဘူး ထင်တာပဲ ”
“ ကျွန်တော်တို့ မျက်စိ အစွမ်း ရှိသလောက်တော့ အစွမ်းကုန် သေချာတာပဲ ”
“ မှန်ဘီလူး နဲ့ စစ် ကြရအောင်လေ ။ မှန်ဘီလူး နဲ့ စစ်လို့ မှ မရရင် ငါတို့ ဆရာတပည့် ရှက်တယ် ၊ ပြေးကြစို့ရဲ့ ။ ကိုင်း - မှန်ဘီလူး နှစ်ခု ၊ ယောက်ျား လူ ကြံရင် ခံနိုင်ရိုးလား ။ ဘိုးမြစ်တဲ့ လူ လုပ်လို့ ဒီ ငွေ ကိုးထောင် ဘာဖြစ်လို့ ဒီ စာရင်း ထဲမှာ ပို ရောက်ရမလဲ ”
ဟု လက်သီးလက်မောင်း တန်းကာ ကြုံးဝါးလေ၏ ။ သို့ပင် ကြုံးဝါးသော်လည်း အမှား ကို တွေ့ ဖို့ရန် မျှော်လင့်ခြင်း များစွာ မရှိ ။ မိမိ မှာ ဘယ် အလုပ် မဆို အခက်အခဲ တွေ့ကြုံက သေချာခြင်း ၏ နည်းလမ်း ရှိသမျှ ကို အကုန်အစင် အသုံးပြုမည် ဟူသော စိတ် ကို အမြဲ ထားကာ မျှော်လင့်စရာ မရှိသော အရေးများ ၌ပင် နည်း ရှိသမျှနှင့် ကြိုးစား၍ မရမှ သာ လက်လျှော့မည် ဟူ၍ စိတ်၌ မြဲမြံစွာ ပြဋ္ဌာန်းထားသူ ဖြစ်လေ ၏ ။ ပြဋ္ဌာန်းချက်ကြောင့် သာ မှန်ဘီလူး ကို အဝယ် ခိုင်းခြင်း ဖြစ်လေ၏ ။
အချို့ စာရေးများ က မူကား ..
“ မှား နေတဲ့ စာရင်း မှန်ဘီလူး နဲ့ ကြည့်လို့ ဘာတွေ မှာတဲ့တုံး ၊ ဟို ဆရာကြီး တော့ စိတ် နောက် နေပြီ ထင်တယ် ။ စိတ် ဖောက်ပြန် တိုင်း ထင် ရာတွေ လုပ်နေတော့တာပဲ ”
စသည် ဖြင့် ပြောကြလေ၏ ။
မောင်စိန် လည်း မှန်ဘီလူးဝယ်ရန် ထွက်သွားလေ၏ ။ သူဌေး နှင့် မန်နေဂျာ လည်း ရောက်၍ လာပြန်လေ၏ ။ စာရင်း အကြောင်း ကို ထပ်၍ မေးမြန်းကြလေရာ ကိုဘိုးမြစ် က
“ စစ်လျက်ပင် ရှိသေး ကြောင်း ” ပြန်၍ ပြောလေ၏ ။
အဘယ်ပုံ စစ်သည် ကို မေးရာ စာရေးကြီး က “ မှန်ဘီလူး အဝယ် ခိုင်းလိုက်ကြောင်း ” ပြော၍ ပြလေ၏ ။
မန်နေဂျာ နှင့် သူဌေး အံ့အားသင့် လျက် ကိုဘိုးမြစ် မျက်နှာ ကို မသင်္ကာသော အမူအရာ နှင့် ကြည့်ပြီး ကြင်နာသော အသွင်လိုလို သူဌေး ၏ မျက်နှာ ၌ ပေါ်၍ လာလေ၏ ။ ထို့နောက် ကြောင့်ကြသော အမူအရာ နှင့် -
“ စာရေးကြီး ကိစ္စ မရှိဘူး ။ နောက်မှ ရှာတာပေါ့ ။ ငွေကိုးထောင် အတွက် အရေးမကြီးပါဘူး ”
ဟု သူဌေး က ပြောလေ၏ ။
“ ကျုပ် အတွက် အင်မတန် အရေးကြီးတယ် ။ မှန်ဘီလူး နဲ့ စစ်လို့မှ မရရင် စာရင်းစာအုပ်တွေ ကို ဆေးရုံကြီး ပို့ပြီး ဓာတ်မှန် နဲ့ ကြည့်မယ် ”
ဟု စာရေးကြီး က ပြောလေ၏ ။
သူဌေး နှင့် မန်နေဂျာ သည် သာလွန် စိုးရိမ်၍ သွားလေ၏ ။ ထို့နောက် မသက်သာသော အမူအရာ နှင့် သူဌေး သည် မိမိ ၏ အခန်း သို့ ပြန်၍ သွားလေ၏ ။ မန်နေဂျာ လည်း လိုက်၍ သွားလေ၏ ။
အခန်း ထဲ သို့ ရောက်ကြသော အခါ…
“ စာရေးကြီး စိတ်နောက် သွားပြီ ။ အင်မတန် နှမြောစရာ ကောင်းတယ် ။ တခြား စာရင်းကိုင် တစ်ယောက် အမြန် ရှာရလိမ့်မယ် ။ သူ့ ကို ခေတ္တ သုံးလ လောက် လခ နဲ့ အခွင့် ပေးထားရင် မကောင်းဘူးလား ”
ဟု သူဌေး က ပြော၏ ။
မန်နေဂျာ ကလည်း ထိုအတိုင်း သဘောရ လေ၏ ။ နောက် ပြန်၍ ကောင်းလျှင်လည်း ၎င်းအား ဆုပေးပြီး အလုပ် မှ အပြီး ထွက်ခိုင်းဖို့ရန် သဘော တူ ကြလေ၏ ။ ထို့နောက် စာရေးကြီး အား ထို ရူးသွပ်သော ရောဂါ မှပျောက်အောင် ကုသဖို့ရန် တိုင်ပင်၍ နေကြလေ၏ ။
ထိုအခိုက်တွင် မောင်စိန် ပြန်ရောက် လာလေ၏ ။ နှစ်ယောက်သား မျက်လုံး ၌ မှန်ဘီလူးများ ကို တပ် ကြပြီးလျှင် စာရင်းစာအုပ်တွေ ကို တစ် အုပ်ပြီး တစ်အုပ် ၊ ဂဏန်း တွေ ကို တစ်ကြောင်း ပြီး တစ်ကြောင်း ကြည့်၍ နေကြလေ၏ ။
ထိုအခိုက်တွင် သူဌေး နှင့် မန်နေဂျာ တို့သည် ခြေသံ မကြားအောင် ကပ်၍ လာပြီး စာရင်းစာအုပ်များ ၌ စူးစိုက်၍ နေသော ဆရာတပည့် နှစ်ယောက် ကို ပြုံးလျက် ကြည့်၍ နေကြလေ၏ ။ သူဌေး သည် မန်နေဂျာ ကို ကြည့်ကာ မိမိ ၏ ဦးခေါင်း ကို လက်ညှိုး နှင့် ခေါက်၍ ပြလေ၏ ။ မန်နေဂျာ က ကြင်နာသော မျက်နှာနှင့် ခေါင်းညိတ် လေ၏ ။ အခြား စာရေးများ သည် ၎င်းတို့ ကို ကြည့်ကာ ၊ ကြည့်ကာ တခစ်ခစ် ရယ်ကြလေ ၏ ။
ဆရာတပည့် နှစ်ယောက် သည် ကား ဘာကိုမျှ ဂရုမစိုက် ၊ မည် သည့် အသံကို မျှလည်း မကြားကြရ ။ ဗျိုင်းအောက် နှစ်ကောင် ရေဆိပ် မှာ ငေးစိုက် သလို စာရင်း ၌ စူးစိုက်၍ နေကြလေ၏ ။ သို့ကြည့်၍ နေကြစဉ် မောင်စိန် သည် ( ၁၉ဝဝဝ ) ဂဏန်း တစ်ခု အပေါ် ၌ ကပ်ကာ စူးစိုက်၍ နေလေ၏ ။
ထို စာရင်းမျက်နှာ ကို မောင်စိန် သည် နှစ်ကြိမ် ထပ်၍ ကြည့်ရာ ၁၉ဝဝဝ - ဂဏန်း ပေါ်သို့ တစ်ဖန် မှန်ဘီလူး ရောက် ပြန်လေ၏ ။ သေချာ စွာ ကပ်၍ ကြည့်လေရာ ထို ၁၉ဝဝဝ - ဂဏန်း ၌ ၉ - ဂဏန်း အမြီးသည် မသိမသာ လှုပ်ရှား၍ လာလေ၏ ။ မောင်စိန် သည် သေချာစွာ ကြည့်လေ၏ ။ သို့ ကပ် ကြည့်ရာ ထို ၉ - ဂဏန်း ၏ အမြီး မှာ တစ်ဖန် သိသိသာသာ လှုပ် ပြန်လေရာ မိမိ ၏ စိတ် က စူးစိုက်အား ကြီးသဖြင့် ၉ - ဂဏန်း အမြီး နန့်တာပဲ ဟု တွေးကာ သက်မကြီး ချလိုက်ရာ တစ်ဖန် ဂဏန်း သည် အမြီး နန့်ပြန်လေ၏ ။
မောင်စိန် သည် အံ့အားသင့် ပြန်လေ၏ ။ ထို့နောက် သေချာစွာ လက်သည်း နှင့် ထိုး၍ ကြည့်လိုက်ရာ ထိုဂဏန်း အမြီး ပြုတ်ပြီး ၁ဝဝဝဝ - ဖြစ်သည်ကို တွေ့ ရလေရာ ဝမ်းသာအား ကြီးသဖြင့် မွှန်၍ သွားလေ၏ ။ ထို့နောက် တုန်လှုပ်သော လက်များ နှင့် ပြုတ်သောအမြီး ကို မှန်ဘီလူး နှင့် ကြည့် ပြန်လေ၏ ။ ထိုအခါ ဝမ်းသာလျက် မှန်ဘီလူး ကို မျက်လုံး မှ ဖြုတ် လိုက်သော အခါ စာရင်းစာအုပ် စာမျက်နှာ ချုပ်သော နေရာအနီး၌ တစ်စုံတစ်ရာ ကို မြင်ရလေရာ အံ့အားသင့်ခြင်း ၊ ဝမ်းသာခြင်း နှင့် အသံ ထွက်၍ သွားလေ၏ ။ ထို့နောက်...
“ ဦးလေး - လာလာ ကြည့်စမ်း ၊ ကြည့်စမ်း ။ ဦးလေး ပြောတဲ့ အသေးအဖွဲ ဟာ ဦးလေး ကို ပြန်ပြီး ထိတာပဲ ။ ကြည့်စမ်း ”
ဟု အားရဝမ်းသာ ပြောလေ၏ ။ ကိုဘိုးမြစ် သည် ထ၍ ကြည့်လေ ရာ မောင်စိန် ၏ စာရင်းစာအုပ် ချုပ်၍ ထားသော နေရာ အနီး၌ ပြား၍ နေသော ယင်အသေကောင် ကို တွေ့ လေ၏ ။
“ အင်း - ဒါဘာဖြစ်သလဲ ၊ ဟိုနေ့က မင်း ပြောတဲ့ ယင်ကောင် မဟုတ်လား ။ ငါ့လခွား စာရင်း ရှာပါဆို ယင်ကောင် အရှာ ခိုင်းတာ ကျနေတာပဲ ။ အဲဒါမျိုးတွေ ကြောင့် မင်း ခွတိုက်တာ ”
ဟု ပြောပြီး ဒေါသ နှင့် ပြန် အသွား မှာ မောင်စိန် က ...
“ ဒီမှာဦးလေး ရဲ့ ကြည့်ပါဦး ” ဟု ပြောလေ၏ ။ စာရေးကြီး တစ်ဖန် လာ၍ ကြည့်ပြန်၏ ။ ထိုအခါကျမှ မောင်စိန် သည် သုည ကို ကိုး ဖြစ် အောင် အမြီး ပေါက် စေသော ယင် ခြေထောက် ကို ပြပြီး ထို သုည မှာ ထိုယင် ခြေထောက် ဖြင့် အမြီး ပြန်၍ တပ်ကာ ပြလေ၏ ။
ထိုအခါ ကိုဘိုးမြစ် သည် တပည့် ၏ ကျော ကို အားရ အား ကြီး သဖြင့် လက်ဝါး နှင့် ရိုက်ပြီး … “ ဘယ့်နှယ်လဲ မင်းတို့ က ငါ့ ကို အရူး ထင်ကြ တာ ဘယ့်နှယ်ရှိစ ” ဟု အသံကျယ်ကျယ် နှင့် ပြောလေ၏ ။
အားလုံး ဝိုင်းအုံ၍ ကြည့်ကြလေ၏ ။ သူဌေး နှင့် မန်နေဂျာ လည်း လာ၍ ကြည့်ကြလေရာ စာရေးကြီးက “ မိမိ မရူးသေးကြောင်း ” ကို ပြေး၍ ပြပြီး မိမိ အဝယ် ခိုင်းသော မှန်ဘီလူး ကြောင့်ဖြစ်ကြောင်း ပြော၍ ပြလေ ၏ ။
မောင်စိန် က ...
“ ယင်ကောင်ကလေး အသေးအမွှား ကို စောစောက ကျွန်တော် ဂရုစိုက်ပြီး ကြည့် မလို့ လုပ်တော့ ဦးလေး က ဘာလေး ၊ ညာလေး ပြော တာကိုး ။ ယင်ကောင်ကလေး အသေးအမွှား ပေမဲ့ ဂရုစိုက်ရတယ် ဦးလေး ရဲ့ ”
ဟု ပြောလေရာ စာရေးကြီး သည်...
“ အေးအေး - ငါ ဟောတဲ့ တရား ငါ့ ကို စူးတာပဲ ”
ဟု ပြန်၍ ပြောလေ၏ ။
( ၂၇ - ၁၁ - ၃၂ )
⎕ ပီ - မိုးနင်း
📖 ဝတ္ထုပဒေသာ အမှတ် - ၁
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment