❝ လိုအင် ❞
━━━━━━━━━━━━━━━
သက်မွန် ၊ လေးမျက်နှာ ၊
━━━━━━━━━━━━━━━
မွန်မွန် သည် ဖောင်းအိနေသော လက်ကောက်ဝတ်လေး ကို မြှောက်တင်၍ ရွှေရောင်တစ်လက်လက် နှင့် လက်ပတ်နာရီလေး ကို စိုက်ကြည့် လိုက်သည် ။ နာရီဒိုင်ခွက် နှင့် လက်တံလေး မှ အစ ရွှေအတိ ဖြစ်ပြီး လတ်ပတ်ကြိုးလေး မှာ လည်း ဝင်းအိ နေလေ၏ ။ သည် နာရီလေး ကို လိုချင်မိစဉ် ကလည်း လွန်စွာပင် တပ်မက်မိခြင်း ဖြစ်လေသည် ။ သာမန် စာရေးမ ဘဝ နှင့် လစဉ်ဝင်ငွေ မှာ အမေ့ အိမ်စရိတ်ပင် မကာ မိချင်ပေ ။ ခေါင်း မှ ခြေ ဆုံး ဆင်ယင်ထုံးဖွဲ့မှု စရိတ်မှာ လည်း မသေးလှ ။ လုပ်ငန်း တူ ရာထူး တူ မိန်းခလေးများ နှင့် တန်းတူဝင်ရန် ပင် အနိုင်နိုင် ကြိုးစား နေ ရသည့် ဘဝ ဖြစ်လေသည် ။
သည် နာရီလေး ကို မြင်မြင်ချင်း ပထမဆုံး ပစ်မှတ်သည် သုံးနှစ်တာ လက်တွဲ ထားသော ချစ်သူ မောင် သာ ဖြစ်ခဲ့လေ၏ ။ ကျောင်း ဆရာလေး ဖြစ်သော မောင့် ကို သနားမိ သော်လည်း မွန်မွန် ပြောထွက်ခဲ့သေးသည် ။ မောင် သည် အချိန်ကာလ စောင့်ပေးရန် ချော့မော့ရှာ၏ ။ မွန်မွန် ခြေကလေး ဆောင့်ရသည် ။ မျက်ရည်လည်း ကျရ၏ ။ နောက်ဆုံးတွင် မောင် တစ်ယောက် သနားဟန် တူပါသည် ။ သက်ပြင်းချရင်း ခေါင်းညိတ်ခဲ့လေ၏ ။ ထို နာရီ အတွက်သုံးလစာ ခန့် ငွေချေး ဆပ်ရဟန် တူသည် ။ မည်သို့ဆိုစေ မောင် ငြင်းနိုင်မည်လား ။ သည်နေ့ သည်အချိန် ထိ မွန်မွန် အနေ နှင့် မောင့် မေတ္တာအပေါ်တွင် စိတ် မကွက်ခဲ့ရဖူးပါချေ ။
သို့သော်လည်း မွန်မွန် အဖို့ ငွေ သည်သာ ဒုတိယဘုရားသခင် ဖြစ်သည် ။ တိုးတက်လာသော ခေတ်ကာလ အရ ပေါများလာသော အသုံး အဆောင်များ ကို မည်သူမဆို တပ်မက်ကြမည်ပင် ။ ထိုသူများ ထဲတွင် မွန်မွန် ထိပ်ဆုံးမှ ပါလေ၏ ။မောင့် ဘဝ က ဖြင့် ရိုးရှင်းလှပါသည် ။ မောင် အမြဲ ဝတ်သော အင်္ကျီအဖြူ လိုပင် မောင့် စိတ်ထားသည် လည်း ရိုးရှင်းသည် ။ မွန်မွန် ပြောသည့် စကားတိုင်း ပြုံး၍ နားထောင် ပေးတတ်သည် ။
“ အဲ့လိုတွေ တွေးနေရတာ မပင်ပန်းဘူးလားကွာ ၊ လူတိုင်းဟာ သူ့ ဘဝ နဲ့ သူပါ ”
တစ်ခါတစ်ရံ မောင် ပြန်ပြောတတ်သော စကားဖြစ်သည် ။ မည်သို့ ပင်ဆိုစေ မွန်မွန် ရုံးစာရေးမ အလုပ် မှ ထွက်ခဲ့သည် ။ လစာ ကောင်းသော နိုင်ငံခြားကုမ္ပဏီ သို့ ပြောင်းရွှေ့ခဲ့၏ ။ မောင် နှင့် ဝေးကွာ နေရခြင်းသည် မွန်မွန့် အတွက် တိုးထူး၍ လစ်ဟာမနေခဲ့ချေ ။ လစာကောင်းသည့် အပြင် အလှကုန်ဖြန့်ချီရေးလုပ်ငန်း ဖြစ်၍ မွန်မွန် အကြိုက် တွေ့လှသည် ။ မောင် ဖုန်း ဆက်၏ ။ မွန်မွန် ရှက်မိသည် ။ မောင် သည် မွန်မွန့် ချစ်သူ ဟု ဝန်မခံလိုခဲ့ ။ သည်ပတ်ဝန်းကျင် ရောက်မှ မွန်မွန့် စိတ်တို့ ကယောက်ကယက် ဖြစ်ရသည် ။ မောင့် ကို မချစ်၍ မဟုတ် ။ သို့သော် မွန်မွန့် စိတ်ဆန္ဒ အရ နှုတ်ဆိတ်နေမိ လေသည် ။
••••• ••••• •••••
“ မွန်မွန် က အရမ်း လှတာပဲ ၊ ဘယ်ပစ္စည်း အသစ် ဝင်ဝင် မွန်မွန့် ကို သာ စမ်း လိမ်းကြည့်လိုက် အိုခေပြီ ”
သူဌေးဖြစ်သူ ဦးကျော်မောင် က ချီးကျူး၏ ။ လုပ်ဖော်ကိုင်ဖက် ဖြစ်သော မမကြည် က ယဲ့ယဲ့လေး ပြုံးရှာသည် ။ ထို့နောက်
“ဒါပေါ့ ဆရာရယ် ၊ ဒါကြောင့်လည်း မွန်မွန် ပွဲထွက် လာတာနဲ့ ရောင်းအား တက်တာပေါ့ ”
မွန်မွန် ကျေကျေ နပ်နပ်ပြုံးမိသည် ။ ထောင်ကျော်တန် မိတ်ကပ် နှင့် သာ တင်းတိမ် နေရသော ပါးပြင်လေးသည် နိုင်ငံခြားဖြစ် brand မိတ်ကပ်ကြောင့်ပို၍ ဝင်းမွတ်လာသယောင်ပင် ။ နှုတ်ခမ်းလွှာဖူးဖူး တွင် လည်း အနီရောင်စိုရံလျှက် ။ ရှည်လျားသော မျက်တောင်တို့သည် အကောင်းစား mascara အစွမ်း နှင့် ကော့ညွှတ်လျှက် ရှိလေသည် ။ မှန် ထဲ မှ မွန်မွန့်မျက်နှာလေး သည် မိမိ အလှ အတွက် ဂုဏ်ယူ လျှက် မော်ကြွား နေလေ၏ ။
“ ကြည်ကြည် မွန်မွန့် ကို မိတ်ကပ်တစ်ဗူး ပေးလိုက်နော် ဘောနပ် သဘောပေါ့ ၊ ဒါမှလည်း ကိုယ့်ရဲ့ အားကိုးရတဲ့ အရောင်း ဝန်ထမ်းလေး ပိုပို လှမှာ ”
“ အို နေပါစေ ဆရာရယ် ၊ မွန်မွန့် အတွက်မလိုပါဘူး ”
ငြင်းသာ ငြင်းရသည် ။ မိတ်ကပ်ဗူးလေး ကို တင်းတင်းဆုပ် လျှက်သာ ။ လစာ ၏ သုံးပုံတစ်ပုံမျှသော တန်ဖိုးကို အလှအပ အတွက် မွန်မွန် မည်သို့မှ မသုံးနိုင်ခဲ့ပေ ။ ဦးကျော်မောင် က ပြုံးပြုံးကြီး ကြည့်လေ၏ ။
“ ယူလိုက်ပါ မွန်မွန် ၊ ကိုယ်တို့ အတွက် ဘာမှ မပြော ပ လောက်ပါဘူး ၊ အလုပ်အတွက် ရင်းနှီးမြုပ်နှံတဲ့ သဘောပါပဲ ”
အပြော က ညက်၏ ။ စကားလုံး က လှ၏ ။ မမကြည် က အဓိပ္ပာယ် ပါပါ ကြည့်သည် ။ သို့သော် မွန်မွန် ထပ်၍ မငြင်းခဲ့ပေ ။ ကားစက်နှိုးသံ ကြား မှ သတိ ဝင်လာ သယောင် ဟန်ဆောင်လိုက်သည် ။
“ အော် ၊ ဆရာ က လည်း ”
သက်ပြင်းရှည် ချရင်း ရေရွတ် လိုက်၏ ။ ဘေးမှ အကြည့်များ ကြောင့် သာ ဖြစ်သည် ။
“ မွန်မွန် တို့ သိပ်ကံကောင်းတာပဲ ၊ အားကျပ ”
ငုဝါ က ရယ်စရာ မပါဘဲ ရယ်လျှက် ပြောသည် ။
”ဟဲ့ နင်တို့ က သူ့ လို လှလို့လား ”
မမကြည် က ဟောက်၏ ။
“ ဘာပဲဖြစ်ဖြစ် Brand တစ်ဗူး ၊ အလကား ရဖူးပြီဟေ့ ”
အောင်နိုင်သူ တစ်ယောက် လို ပင် မွန်မွန် ခပ်ရွဲ့ရွဲ့ ပြောလိုက်သည် ။
သို့သော် ငုဝါ ပြန်စသော စကားကြောင့် သည် စကားပွဲ ၌ မွန်မွန် နှုတ်ဆိတ်ခဲ့ ရ လေ၏ ။
“ အေးပါ တော်ကြာ သူဌေး တစ်ယောက်လုံး ကို လည်း အလကား ရ နေပါဦးမယ် ”
••••• ••••• •••••
မွန်မွန် အလုပ် ဝင်ခဲ့သည် မှာ သုံးလ ပြည့်ပြီ ဖြစ်၏ ။ မွန်မွန့် မှန်တင်ခုံ ထက် တွင်လည်း အဖိုးတန် အသုံးအဆောင်များ ဖြင့် ပြည့်ခဲ့လေပြီ ။ ထို့ပြင် စာအုပ် နှင့် ပိတ်၍ ရောက်လာတတ်သော ဘောနပ်များ ကြောင့် လည်တိုင် ကျော့ကျော့တွင် လည်း ဝင်းလက် လျှက် ရှိလေ၏ ။ ခက်သည် က သူဌေး ဦးကျော်မောင် ဖြစ်လေသည် ။
မွန်မွန် အပေါ် စေတနာ ပိုနေသည် ကို မွန်မွန် နားလည်၏ ။ ပတ်ဝန်းကျင်လည်း ရိပ်မိသည် ။ သို့သော်ဦးကျော်မောင် သည် လွန်စွာမှ အနေ တည် လေ၏ ။
“ အမ်းသည် ” ဟု သတ်မှတ်ရန်လည်း မွန်မွန့် ဆီမှ မည်သည့် အခွင့်အရေးမျှ မတောင်းဆိုသေးချေ ။ သို့သော် မွန်မွန့် အား သဘောကျ ကြောင်း ကို မိန်းမမာယာ နှင့် အတပ် သိပြီးဖြစ်သည် ။
“ ငါ ဘာတွေ တွေးနေပါလိမ့် ”
မွန်မွန် တစ်ယောက် ထဲ လိပ်ပြာ မလုံ ဖြစ်သွားမိသည် ။ မတွေးသင့် ။ လုံးဝ မှ မတောင့်တသင့် သော အခြေအနေ ဖြစ်သည် ။ အဘယ့်ကြောင့် ဆိုသော် လူပျိုအပျို ရေလာမြောင်းပေးရခြင်း မဟုတ်ချေ ။ ဦးကျော်မောင် တွင် ဇနီး နှင့် သားသမီးများ ရှိလေ၏ ။ မွန်မွန် လည်း ရှက်မိသည် ။ သို့သော် တပ်မက် နေမိသည် ။ ဦးကျော်မောင် ကို ကား မဟုတ် ။ ထိုသို့ ဆိုလျှင်
“ မင်း ရှိသည် ဖြစ်စေ မင်း မရှိသည် ဖြစ်စေ ဒါဟာ ငါ့ ရဲ့ သစ္စာတရား ... ”
ဖုန်း မြည်သံကြောင့် ဆတ်ခနဲပင် တုန်သွားမိသည် ။ မောင့် နံပါတ် ကြောင့် Power ခလုတ် ကို ဖိနှိပ် ပစ်လိုက်သည် ။ မွန်မွန် မောင် နှင့် စကား မပြောလိုပေ ။
••••• ••••• •••••
“ ကျောက်စိမ်းလက်ပတ်လေး အရမ်းလှတာပဲ မမကြည် ရယ် ၊ မျက်လုံး ထဲ က မထွက်ဖူးသိလား ”
ရွှေဆိုင် တွင် တွေ့ခဲ့သော ကျောက်စိမ်းဟန်းချိန်းလေး ကို မွန်မွန် လိုချင်မိသည် ။ ရွှေအကွပ် တို့ ဖြင့် ဖောင်းကြွနေသော ကျောက်စိမ်းခက်လေးများ ကို သာ မြင်ယောင် နေမိတော့သည် ။
“ နာရီချိတ် ပြုတ်တာရော ကောင်းသွားပြီလား မွန်မွန် ၊ ကျောက်စိမ်း လိုချင်ရင် လစာ ထဲ က တဖြည်းဖြည်း စုငယ်ပေါ့အေ ၊ မမကြည် ဖြင့် ဒီ ရွှေနာရီလေး ကို သဘောကျ နေတာ ”
မမကြည် ပြော မှ မွန်မွန့် လက်ကို ငုံ့ကြည့်မိသည် ။ ချိတ်ပြုတ် သွား သော နာရီလေး ကို ပြန်ပြင်ရင်း ရွှေဆိုင် ရောက်ခဲ့ခြင်း ဖြစ်သည် ။ ယခုတော့ ရွှေနာရီလေး နေရာတွင် ကျောက်စိမ်းဟန်းချိန်း ကို သာ အစားထိုးချင်မိသည် ။ သည်တစ်ခါ ပစ်မှတ် က ဖြင့် မောင် မဟုတ်တော့ချေ ။ ဟုတ်၍လည်း မရနိုင် ။ ထိုသို့ ဆို လျှင်
“ တီ တီ ”
ကား ဟွန်းသံ ကြားရ၏ ။ မွန်မွန် ရင်ခုန် နေမိသည် ။ မျက်လွှာ ချထားရင်း ဖြင့် ကိုယ်နေကိုယ်ထား ကို ပြင်ဆင်လိုက်သည် ။
“ လစာ ကြိုထုတ်ပေးပါ ” ဟု အရင် ချွဲကြည့် ရမည် ။
“ ဟင် မမထား ပါလား ”
မမကြည့် အသံကြောင့် မွန်မွန် ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏ ။ မော့ ကြည့်မိတော့ ဦးကျော်မောင် ၏ ဇနီး မမထား ဖြစ်နေသည် ။ မွန်မွန် ဟန် မပျက်အောင် ထိန်းရင်း တံခါး ဖွင့် ပေးလိုက်၏ ။ မမထား ကား တစ်ချက် ပင် မကြည့် ။ ရုံးခန်းတွင်း သို့ သာ လျှောက်ဝင် သွားလေသည် ။ လာခဲလှသော မမထား ကြောင့် မွန်မွန် တို့ အားလုံး စူးစမ်း နေမိလေ၏ ။
“ နင်တို့ အကိုကြီး ဖျား နေလို့ ကြည်ကြည် ရေ ၊ မမထား လည်း သူ တစ်ယောက် ထဲ မထားခဲ့ချင်ဘူး ၊ ဒီ လက်မှတ်လေး ထိုးဖို့ အရေးကြီးတယ် ဆိုလို့သာ အပြေး လာယူပေးရတာ ”
မမထား က အေးဆေးစွာပင် စကား ဆိုရင်း ထွက်လာ၏ ။ဖိုင် အနီရောင်လေး ကို ကိုင်ထားသော မမထား လက်တို့ သည် မွန်မွန့် လို ဖောင်းပြည့် မနေပေ ။ အရိုး ငေါငေါလေး အောက်တွင် အဆစ်ကြီး နေသော လက်ချောင်းများ ကို တွေ့ရသည် ။ အချိုး မကျတော့သော ခန္ဓာကိုယ် ပေါ်တွင် ညွတ်နေသော စိန်များသည် မလိုက်ဖက်လှစွာပင် ။ မျက်နှာ အနေအထား အားဖြင့် လည်းရွက်ကြမ်းရေကျို ဟု ပင်ပြောနိုင်မည် မထင် ။ မွန်မွန် စိတ် ထဲ မှ ခပ်နာနာလေး ဝေဖန် နေမိတော့သည် ။
••••• ••••• •••••
“ နင်တို့ အကိုကြီး က ဖျားပြီ ဆို အရမ်း စိတ်တိုတတ်တာ ၊ ဘာကိုမှ အလိုမကျတော့ဘူး ၊ ခုလောက်ဆို အိမ် က လူတွေနဲ့ ပြဿနာ ဖြစ်နေရော့မယ် ၊ ပြန်တော့မယ် ကြည်ကြည် ရေ ”
“ ဟုတ် ၊ မမထား ကတော့ တကယ့် စံပြမိန်းမ ပဲ အရမ်းလေးစား တယ် ကောင်းဆိုး မပျက်ဘဲ အကိုကြီး ဘေးနားမှာ ရှိနေပေးတာ ”
မွန်မွန် အသာလေး နားစွင့်နေမိသည် ။ မမထား နှင့် မမကြည် စကားတို့ အား ကောင်းစွာ နားမလည်ချေ ။
“ ဒီလိုပါပဲ ကြည်ကြည် ၊ ကိုယ့် ယောက်ျား အကြောင်း ကိုယ် အသိ ဆုံးပေါ့ ၊ ကြာလာတော့ သူ့ ကို တောင် သနားလာမိတာ အမှန်ပဲ ၊ စိတ်ချမ်းသာ စေချင်တာပဲသိပါတယ် ”
ကိုယ့် ယောက်ျား အကြောင်း ကိုယ် အသိဆုံး တဲ့ ။ မွန်မွန့် နှုတ်ခမ်းလေး မဲ့ သွားရသည် ။
“ ဒါပေမယ့် မမထား ရယ် ၊ မိန်းမ ဆို တာ ...”
မမကြည် စကား မဆုံးလိုက်ပေ ။
“ ဘာလုပ်မလဲ ကြည်ကြည် ရယ် ၊ ထွက်မရတဲ့ ထောင် ဆိုပေမယ့် နှစ်ဦး အတူ ပျော်ပျော်ကြီး ဝင်ခဲ့ကြတာပဲမလား ၊ ဖြစ်သမျှ အကြောင်း အကောင်းပဲပေါ့ ၊ မမကြည် ရင်ဆိုင်နိုင်ပါတယ် ၊ ကဲ သွားတော့မယ် ကြည်ကြည် ”
ကားအနက်ကြီး ကွယ်ပျောက်သွားတဲ့ အထိ မွန်မွန် ကြည့် နေမိသည် ။ ပြီးမှ
“ မွန်မွန် နားမလည်ဘူး မမကြည် ”
မမကြည် ပြုံးပြန်၏ ။
သူဌေး က လူဖြစ်ရှုံးတဲ့ ရောဂါ ရနေတာလေ မွန်မွန် ၊ အဲ့ဒီ ရောဂါ ဖြစ်နေထဲ က ကွာ ဘယ် အိမ်ထောင်မှု သာယာတော့မလဲ ၊ သူဌေးလ ည်း သူ့ ဘာသာ ကျိတ်မနိုင်ခဲမရပေါ့ ”
“ ဟင်း ဘယ်လိုကြီးလဲ မမကြည် ၊ ဒါဆို သားသမီးတွေ က ဘယ်လို ရခဲ့တာလဲ ”
“ လွန်ခဲ့တဲ့ ငါးနှစ် လောက် က ကားမတော်တဆမှု ဖြစ်တယ်လေ ၊ အဲ့ဒီ အဖြစ် အပျက် ပြီးမှ ဖြစ်ခဲ့တာ ၊ မမကြည် လည်း သိပ်တော့ နားမလည် ပါဘူး ၊ ဒါပေမယ့် သူဌေး က စိတ်ဓာတ်တွေ ကျပြီး သူ့ စိတ်နဲ့ သူ ဖြေသာသလို နေချင်သလို တွေ နေတော့တာပဲ ”
“ ဖြေသာသလို ....”
မွန်မွန် ပါးစပ်လေး ကို လက်ဝါး နှင့် အုပ်လိုက်မိသည် ။
“ မမထား နဲ့ မမကြည် က ညီအစ်မ လို ဖြစ်နေတော့ အကုန်လုံး သိ တယ် ၊ သူဌေး က လည်း သူ့ ကိုယ် သူ မကျေနပ်တိုင်း မမထား ရင်ခွင်ထဲ ခေါင်းတိုး ပြီး ငိုတော့တာပဲ မွန်မွန် ၊ ပတ်ဝန်းကျင် က သူဌေး ကို ဘယ်လိုပဲ ပြောပြော မမထား က နားလည်ပေးခဲ့တယ် ။ ဘယ် မိန်းမ က တော့ ကိုယ့် ယောက်ျား ကို နာမည်ပျက် ရှိစေချင်မလဲ ၊ ဒါပေမယ့် မမထား က သိပ်ကို လေးစားစရာကောင်းပါတယ် ”
မွန်မွန် မျက်နှာ တစ်ခုလုံး ထူပူ နေခဲ့သည် ။ ဦးကျော်မောင် ပေးကမ်းတိုင်း မမကြည် ၏ အဓိပ္ပာယ် ပါသော အကြည့် ကို ပြန် မြင်ယောင်မိသည် ။ တောင်းဆိုမှု မရှိဘဲ တပ်မက်သည့် မျက်လုံးများ နှင့် ဦးကျော်မောင် ကို နားလည်ခဲ့ချေပြီ ။
ထို့နောက် မမထား .. ။ သွားပြီ ။ မွန်မွန့် ဘယ်အရာ ကို တပ်မက်ခဲ့တာလဲ ။ ဘာ က မွန်မွန့် စိတ် ကို ခုလို တွေးမိစေတာလဲ ။ ခုရော ဘာလို့များ ရှက်ရွံ့နေရတာလဲ ။ တုန်ယင် နေသော လက်တို့ဖြင့် မောင့် ဖုန်း နံပါတ် ကို နှိပ်လိုက်သည် ။
“ မွန်မွန့် ကို ခု ညနေ ကား နဲ့ လာ ခေါ်ပါ မောင် ၊ မွန်မွန် မောင့် ကို ပြောစရာတွေ အများကြီး ရှိတယ် ”
မမကြည် ကား ဖုန်း ကိုင် ထားသော မွန့်မွန့် လက် မှ ရွှေရောင်နာရီလေး ကို ကြည်နူးပြုံးလေး နှင့် ငေးမော နေလေတော့သည် ။
▢ သက်မွန် ( လေးမျက်နှာ )
📖 တစ်ယောက် တစ်ဘဝ ( ၃ )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment