❝ ပိုင်ရှင်မဲ့ အပြုံး ❞
တစ်ခါက ရွာ တစ်ရွာ အစပ် မှာ လေပွေ တစ်ခု တိုက်ခတ်တယ် ။ သူတို့ ရွာစပ် မှာ လေပွေ တိုက် တာ ဟာ အမှန်တော့ ဆန်းတဲ့ ကိစ္စ မဟုတ်ဘူး ။ ဒါပေမဲ့ ဒီ တစ်ခါ လေပွေ တိုက် တာ မှာ အမှိုက်တွေ ၊ သစ်ရွက် တွေ နဲ့ အတူ စက္ကူကြီး တစ်ရွက် ပါ ... ပါလာတယ် ။ ရွာ အဝင်လမ်း တစ်လျှောက် လွင့်စင်လာလေရဲ့ ။
ထင်းခွဲနေသူ တစ်ဦး ဟာ အဲ့ဒီ စက္ကူကြီး ကို အမှတ်မထင် လှမ်းကြည့်မိတယ် ။ ပြီး ... ကမန်းကတန်း ဆိုသလို ပဲ ပုဆိန်ကြီး ကို ပစ်ချပြီး အဲ့ဒီစက္ကူ နောက် ကို လိုက်လေ ရဲ့ ။ ဒါပေမဲ့ အဲ့ဒီ စက္ကူကြီး ကို သူ ဖမ်းလို့ မရပါဘူး ။ စက္ကူကြီး က တလွင့်လွင့် မျောသွားတာ မြန်လိုက်တာ ။
ရေခပ် နေတဲ့ လူတစ်ယောက် က လည်း အဲ့ဒီ စက္ကူကြီး ကို မြင် လိုက်တယ် ။ ရေအိုး ကို ဝုန်းကနဲ လွှတ်ချပြီး လိုက်ဖမ်း ပြန်တယ် ။ နွားစာစဉ်း နေတဲ့ လူ က လည်း အဲ့ဒီ အတိုင်းပဲ ။ နွားကြီး ကို ထားခဲ့ပြီး အဲ့ဒီ စက္ကူ နောက်ကို လိုက်တယ် ။ စက္ကူ ဟာ ရွာအဝင်လမ်း တောက်လျောက် မှာ ရှိသမျှ လူတွေ ကို ဆွဲဆောင် ခေါ် ယူသွားတယ် ။ အဲ့ဒီ စက္ကူ နောက် ကို လိုက်တဲ့ လူတွေ ဟာ တပုံတပင်ကြီး ဖြစ်နေ တော့တယ် ။
စက္ကူ ဟာ နောက်ဆုံးတော့ ရွာလယ် ညောင်ပင်ကြီး ရဲ့ ပင်စည် ခပ်မြင့်မြင့် တစ်နေရာမှာ သွား ကပ်နေတယ် ။ အဲ့ဒီ စက္ကူ ကို ရယူဖို့ အတွက် ရွာသားတွေ ဟာ သူ့ ထက် ငါ အလုအယက် ကြိုးစားပြီး အုန်းအုန်းကြက်ကြက် ဆူညံ နေကြတယ် ။
“ ဟေ့ .. ဘာဖြစ်နေကြတာလဲ ”
အော်သံ နဲ့ အတူ သူကြီး ရောက်လာလို့ အားလုံး ငြိမ်သွားကြတယ် ။ ရွာသား တစ်ယောက် က စက္ကူ ကို လက်ညှိုးထိုး ပြပြီး မဝံ့မရဲ ပြောတယ် ။
“ အဲဒါကို ဝိုင်းလု နေကြတာပါ ”
ရွာသား လက်ညှိုးထိုး ပြရာ ကို ကြည့်ပြီး သူကြီး လည်း ငိုင် သွားတယ် ။
စက္ကူ မှာ ရုပ်ပုံ တစ်ပုံ ရေးဆွဲထားတယ် ။ ငြိမ်းချမ်း လင်းပွင့်ပြီး အပြစ်ကင်းစင်စွာ ရယ်နေတဲ့ လူတစ်ယောက် ရဲ့ မျက်နှာပါ ။ အလွန် စိတ်ချမ်းသာစရာ ကောင်းပါတယ် ။ အဲ့ဒါကြောင့်လည်း အားလုံး က လိုချင်ကြတာပါ ။
“ မင်းတို့ ဒီအတိုင်း ဝိုင်းလု နေရင် ရန်ပွဲတွေ ဖြစ်လာမှာပေါ့ ”
“ ဒါဆိုရင် သူကြီး ပဲ ဆုံးဖြတ်ပေးပါ ”
သူကြီး လည်း နည်းနည်းတော့ အတွေးရ ခက်သွားတယ် ။ ဘယ်လို ဆုံးဖြတ်ရပါ့မလဲ ။ နောက်ဆုံးတော့ သူ အကြံ တစ်ခု ရသွားတယ် ။ အဲ့ဒီ အကြံ ကိုပဲ အကောင် အထည် ဖော်လိုက်တယ် ။
“ မင်းတို့ ဒီရုပ်ပုံ ကို လိုချင်သလား ”
“ လိုချင်ပါတယ် ”
“ မဲနှိုက် လိုက်ရင်တော့ လွယ်တယ် ။ ဒါပေမဲ့ တခြားနည်း ကို သုံးကြည့်ရအောင် ”
“ သူကြီး က ဘယ်လို လုပ်ချင်လို့လဲ ”
“ ဒီ ရုပ်ပုံ ထဲ က အပြုံး ဟာ အင်မတန် အသက် ဝင်ပြီး အင်မတန် စင်ကြယ်တယ် ၊ သူ့လို မျိုး ပြုံးနိုင်တဲ့ သူ ရှိရင် ဒီ ရုပ်ပုံ ကို ယူစေဗျာ ။ တစ်ယောက် တစ်လှည့် ပြုံးပြကြ ”
ရွာသားတွေ က သူ့ ထက် ငါ ဦးအောင် ပြုံး ဖို့ လုပ်ကြ ပြန်ပါတယ် ။ သူကြီး က တားရ ပြန်တယ် ။
“ ဟေ့ ... ဟေ့ ... တစ်ယောက် တစ်လှည့် ပြုံး ဆို .. ၊ တစ်ယောက် ပြုံးရင် ကျန်တဲ့ သူတွေ က ဝိုင်း ကြည့်ထားကြ ...”
ရွာသား တစ်ယောက် က စ ပြုံး ပါတယ် ။ ဒါပေမယ့် အားလုံးက ဝိုင်း ဟားကြတယ် ။
“ ဟား ... ဟား ... ပြုံးတာတဲ့ .. ။ ဇာတ်မင်းသားကြီး ဝမ်းညှစ်လို့ မရတဲ့ပုံနဲ့ ..”
အဲ့ဒီ ရွာသား မအောင်မြင်ဘူး ။ နောက် တစ်ယောက် .. ။
“ ဟင် ... လူကြား ထဲ မှာ လုံချည် ကျွတ်ကျလို့ ဟန်လုပ် ပြုံးတဲ့ ပုံကြီး ”
နောက် တစ်ယောက် ...
“ ပြုံးတာ ကလည်း ကွာ .. ဗူး ထဲ က သွားတိုက် ဆေး ပြွတ်ကနဲ ထွက်လာ သလိုကြီး ...”
ဘယ်သူမှ အဆင်ပြေပြေ မပြုံးနိုင်ကြပါဘူး ။ တချို့ လူတွေ ရဲ့ အပြုံးတွေ မှာ ဆိုရင် ဘဝအမောတွေ တောင် ပါ နေတယ် ... တချို့ အပြုံးတွေ ကျတော့ ရွက်ကျပင်ပေါက် ဆန်နေပြန်ရော ။
နောက်ဆုံးမှာ သူကြီး က ...
“ ကဲ ... မင်းတို့ ဘယ်သူမှ လည်း အဖြစ် မရှိဘူး ။ ဒီပုံ ကို ဘယ်သူမှ မယူကြနဲ့တော့ ... ငါ ပဲ သိမ်းလိုက်တော့မယ် ”
“ အာ .. ဘယ်ဟုတ်ဦးမလဲ ”
ရွာသားတွေ က မကျေနပ်ကြဘူး ။
“ ဘာ မဟုတ်တာလဲ ”
“ သူကြီး လည်း ပြုံးပြလေဗျာ ”
“ ဟုတ်တယ် .. ဟုတ်တယ် ... သူကြီး လည်း ပြုံးရဦးမှာပေါ့ ”
သူကြီး အကြပ်ရိုက် သွားတယ် ။ ရွာသားတွေ ကလည်း သူကြီး ပြုံးပြဖို့ ကိုပဲ တစ်ယောက် တစ်ပေါက် အော်ဟစ် ဆူညံ တောင်းဆိုနေကြတယ် ။ သူကြီး အနေနဲ့ မလွန်ဆန်သာတော့ဘူး ။
“ ကဲ ... ကဲ .. ဒါဖြင့်လည်း ပြုံးမယ်ကွာ ... ပြုံးမယ် ”
“ ဟေး ... ”
ရွာသားတွေ က ဝမ်းသာအားရ လက်ခုပ်တီး ဩဘာပေး ကြတယ် ။ သူကြီး က ပြုံးဖို့ပြင်ဆင်တယ် ။
“ အဟမ်း ”
“ ဟင် ... ပြုံးဖို့ အရေးများ ချောင်းဟန့် နေသေးတယ် ”
“ ဘာဖြစ်လဲကွ ... ငါ့ ဘာသာ ချောင်းဟန့်တာ ”
“ ကဲပါဗျာ ... ပြုံးပါ ... ပြုံးပါ ”
ရွာသား တစ်ယောက် က တိုင်ပေးတယ် ။
“ ကဲ ... ပြုံးမယ် .. တစ် .. နှစ် ... သုံး ”
“ ငါ့ ဖာသာ ပြုံးမယ်လို့ ပြောနေတယ် မဟုတ်လား ၊ လက်ဝှေ့ကြိုးဝိုင်း ထဲမှာ နံပါတ်စဉ် ရေ သလို ငါ့ ကို လာလုပ် မနေနဲ့ ”
“ ကဲ ... ဒါဖြင့်လည်း ကိုယ့် ဖာသာ ပြုံးဗျာ ... ပြုံး ... ၊ ကြာတယ် ”
သူကြီး က နှာခေါင်း ကို လက် နဲ့ ပွတ်တယ် ။ သူ့ ကို ဝိုင်းကြည့် နေတဲ့ ရွာသားတွေကို ရှုတည်တည် ပြန်ကြည့်တယ် ။ ပြီး ... ဘောက်ဆတ်ဆတ် ပြန်မေးတယ် ။
“ မင်းတို့ က ငါ့ ကို ဘာ ဝိုင်းကြည့်နေတာလဲ ”
“ ဟင် .. သူကြီး ပြုံးတာကို စောင့်ကြည့်နေတာလေ ”
“ မင်းတို့ .. အဲ့ဒီလို ဝိုင်း ကြည့်နေရင် ငါ မပြုံးတတ်ဘူး ”
“ ဟ ... ဘယ်ရမလဲ .. ကျုပ်တို့ ကို ကျတော့ ဒီ အတိုင်း ပြုံး ခိုင်းပြီး သူကြီး လည်း ပြုံးပါ ”
“ ဟုတ်တယ် ... ဟုတ်တယ် ... သူကြီး လည်း ပြုံးပါ ၊ သူကြီး ရဲ့ စံချိန်မီ အပြုံးလေး ကို မျှဝေခံစားချင်လို့ပါ ”
သူကြီး လည်း ဘာ ပြောရမလဲ မသိဘူး ။ ပြောမိတဲ့ စကား က တစ်ခွန်းတည်း ...
“ မပြုံးဘူးကွာ ၊ တော်ပြီ ... ၊ ဒီ ရုပ်ပုံ ကို ငါ လည်း မယူတော့ဘူး ၊ ဥပုသ်ဇရပ် မှာ မှန်ဘောင် သွင်းပြီး ကပ်ထား လိုက် ၊ ရွာ ရဲ့ ဘုံပိုင် အဖြစ်ထားလိုက် ... ၊ ဒါပဲ ”
အပြုံး ရုပ်ပုံလွှာ ဟာ ... ရွာ ရဲ့ဘုံပိုင် အဖြစ် ဥပုသ် ဇရပ် နံရံ မှာ ချမ်းချမ်းမြေ့မြေ့ ရောက်ရှိ သွားပါတယ် ။ ရွာသားတွေ က လည်း ကျေနပ်ကြတယ် ။ ခက်ရတာက သူကြီး ။ အရင့် အရင် က သူ ပြုံးတာ ကို ရွာသားတွေ က အမှတ်တမဲ့ ပါပဲ ၊ ဒီ ဖြစ်ရပ် ရဲ့ နောက်ပိုင်း မှာ အားလုံး က သူ ပြုံး မှာ ကို သတိထား ပြီး စောင့်ကြည့် နေကြတယ် ။ သူကြီး ခမျာ ... မပြုံးရဲဘူး ။ တည်တည်ကြီး ပဲ နေရတယ် ။ သူ တို့ လုပ်တာနဲ့ပဲ .. ။ အင်း သူတို့ လုပ်တာနဲ့ ပဲ ...
သူကြီး ခမျာ ... အနေရ ကြပ်လိုက်တာ ... ။
⎕ တာရာမင်းဝေ
📖 ဘယ်ဘက် လက်ထဲမှာ ဝှက်ထားတဲ့ ပုံပြင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment