❝ နေဗိမာန် သို့ သွားသူ ❞
ရှေး လွန်လေပြီးသော အခါက ချူအန်လူမျိုး တို့သည် ကောင်းကင် ၌ နေဗိမာန်ရှိ ကြောင်း သိကြ၏ ။ ထို နေဗိမာန် သည် အရှေ့အရပ် မှ ထွက်ကြောင်း ကိုလည်း သူတို့ သည် သိကြ၏ ။ ၎င်းအပြင် ကမ္ဘာ ပေါ်ရှိ သတ္တဝါ အားလုံး တို့ သည် ထို နေဗိမာန် မရှိ က အသက်ရှင်နိုင်လိမ့် မည် မဟုတ်ကြောင်း ကို လည်း သူတို့ သည် သိကြ၏ ။ သို့ရာတွင် ထို အချိန် က ချူအန်လူမျိုးတို့ နေဗိမာန် ၏ ရောင်ခြည် ကို မမြင်ဖူးကြချေ ။
ထိုခေတ် ထိုအခါက ချူအန်လူမျိုးတို့ နေထိုင်ရာ ဒေသသည် နေရောင်ခြည် နှင့် အနွေးဓာတ် တို့ ကို မရကြ သဖြင့် နေ့ရော ညဉ့်ပါ မည်းမှောင်လျက် ရှိလေ၏ ။ ထိုဒေသ အတွင်း ဆင် ၊ ကျား ၊ ကျားသစ် စသည့် သားရဲတိရစ္ဆာန်များ နှင့် ပြည့်နှက်လျက် ရှိရာ ချူအန်လူမျိုး တို့သည် ထို သားရဲတိရစ္ဆာန် တို့၏ သ,တ်ဖြတ်နှိပ်စက်ခြင်း ကို များစွာခံစားကြရ၏ ။ ချူအန်လူမျိုး တို့သည် မှောင်မိုက်လှသောကြောင့် ထို တိရစ္ဆာန် တို့ကို ဖမ်းဆီးသ,တ်ဖြတ်ခြင်း မပြုနိုင်ကြပေ ။ ထို့ကြောင့် သူတို့သည် နေဗိမာန်bသို့ တစ်စုံတစ်ယောက် သော လူ ကို စေလွှတ်ရန် ဆုံးဖြတ်ကြလေသည် ။
ဤနည်းဖြင့် နေဗိမာန်သို့ သွားရန် ချူအန်လူမျိုး တို့သည် လူ ရွေးချယ်ကြလေ၏ ။ လူတိုင်း ကပင် သူ့ အား စေလွှတ်ဖို့ရန် မရမနေ တောင်းဆိုလေ၏ ။
လူအုပ် ထဲမှ အသက် အားဖြင့် ခြောက်ဆယ် ရှိသော အဘိုးအို တစ်ယောက်သည် ထွက်လာ ကာ “ ကျွန်ုပ် သွားမည် ၊ ကျွန်ုပ် သည် အသက်အရွယ် အားဖြင့် ကြီးရင့်ပြီ ဖြစ်သဖြင့် လယ်ယာလုပ်ငန်း ကို မလုပ်နိုင်တော့ပေ ၊ သို့ရာတွင်ကျွန်ုပ် သည် နေဗိမာန် သို့ သွားနိုင်ပါသည် ။ ကျွန်ုပ် သည် လမ်းကောင်းကောင်း လျှောက်နိုင်ပါသည် ” ဟု တောင်းဆိုလေ၏ ။
ထို့နောက် သန်မာတောင့်တင်းသည့် လူငယ် တစ်ယောက် သည် လူအုပ် ထဲ မှ တိုး ထွက်လာပြီး အဘိုးအို အား “ အို ... ဘကြီး ၊ နေဗိမာန် ဆီသို့ ဘကြီး မသွားနိုင်ပါ ၊ ကျွန်တော် သည် သန်မာတောင့်တင်း၍ တစ်နေ့ လျှင် ခရီးနှစ်သောင်း ပေါက်အောင် သွား နိုင်ပါသည် ။ ထို့ကြောင့် ကျွန်တော် သည် နေဗိမာန် ဆီသို့ လျင်မြန်စွာ ရောက်အောင် သွားနိုင်ပါသည် ” ဟု တောင်းဆို ပြန်လေ၏ ။
ထို လူငယ် နောက် ကျန်းမာသန်စွမ်းသည့် လူငယ်များ ၊ အမျိုးသမီးများ သည် တစ် ယောက်ပြီး တစ်ယောက် သူ့ ထက် ငါ တိုးဝှေ့၍ နေဗိမာန် ဆီ သို့ သူတို့ ကို စေလွှတ်ရန် တောင်းဆို ကြပြန်လေသည် ။
ထိုအချိန်တွင် အသက်အရွယ် အားဖြင့် ဆယ်နှစ်သားခန့် သာ ရှိသေးသော လူကလေး တစ်ယောက် သည် “ နေဗိမာန် သည် ကျွန်တော်တို့ နေရာ နှင့် အလွန် ကွာဝေးလှပါသည် ၊ နေဗိမာန် ဆီ သို့ အနှစ်လေးဆယ် ၊ ငါးဆယ် နှင့် ရောက်နိုင်မည် မဟုတ်ပါ ၊ အနှစ် ကိုးဆယ် ပင် ကြာချင် က ကြာပါလိမ့်မည် ၊ ကျွန်တော် သည် ငယ်ပါသေးသည် ၊ ထို့ကြောင့် ကျွန်တော် သာလျှင် နေဗိမာန် ဆီသို့ သွားသင့်ပါသည် ” ဟု လူအုပ် ထဲ မှ လှမ်း၍ အော်ပြော လေ၏ ။
ဤ လူကလေး၏ စကားဆုံးသည် နှင့် တစ်ပြိုက်နက် ...
“ သူ ပြောသည့် စကားသည် မှန်သည် ”
“ သူ သည် သန်မာ၍ ကျန်းမာသည် ”
“ သူ့ ကို လွှတ်လျှင် သာ၍ ကောင်းမည် ”
“ သူ သည် အလွန်လိမ္မာသည် ”
ဟူ၍ ထို လူအုပ်ထဲ မှ လူများ က တစ်ယောက် တစ်မျိုးစီ ပြောကြ လေသည် ။
ထိုအတွင်း အသက်အရွယ် အားဖြင့် နှစ်ဆယ် မျှသာ ရှိသေး၍ ကိုယ်ဝန် ရှိသော မိန်းကလေး တစ်ယောက် က သူ့ အား စကားပြောခွင့် ပြုပါရန် တောင်းဆိုလေ၏ ။ ထို မိန်းကလေး ၏ နာမည် မှာ “ မာလေ ” ဖြစ်၏ ။ သူ ၏ တောင်းဆိုချက်ကို ကြားသော လူအုပ်ကြီး သည် ငြိမ်၍သွား လေ၏ ။ ထို့နောက် သူ က ဆက်လက်၍ ...
“ နေဗိမာန် သည် ကျွန်မတို့ နှင့် အလွန် ကွာဝေးလှသည် ဟု ထို ကလေး က ပြောသော စကားသည် မှန်ပါသည် ၊ နေဗိမာန် သို့ အနှစ်ကိုးဆယ် နှင့် ရောက်အောင် သွား၍ ဖြစ်နိုင်လိမ့် မည်ဟု ကျွန်မ မထင်ပါ ၊ ထို့ကြောင့် ကျွန်မ ကို သွားခွင့်ပြုပါက သာ၍ ကောင်းပါလိမ့်မည် ၊ ကျွန်မ ဟာ သန်မာတောင့်တင်းသူ တစ်ယောက် ဖြစ်သဖြင့် မြင့်မားသော တောင်ကြီးများ ကို တက်ရ မည်ကိုလည်း မကြောက်ပါ ၊ မြွေကြီးများ ၊ သားရဲတိရစ္ဆာန်များ ကိုလည်း ကျွန်မ မကြောက်ပါ ၊ ထို မျှမက ကျွန်မ ၏ ဝမ်း ထဲ တွင် ကလေး တစ်ယောက် သည် ပဋိသန္ဓေ တည်လျက် ရှိပါသည် ။ ကျွန်မ သည် အကယ်၍ နေဗိမာန်ဆီ သို့ မရောက်ခဲ့ပါလျှင် ကျွန်မ ၏ ကလေး သည် နေဗိမာန် ဆီသို့ ဆက်လက်၍ သွားပါလိမ့်မည် ”
မာလေ ၏ စကားကို ကြားကြသောအခါ အားလုံးသော လူများက သူ့ အား နေဗိမာန် သို့ စေလွှတ်ရန် သဘောတူ ကြလေ၏ ။ ထို့နောက် သူ့ အား နေဗိမာန် သို့ ရောက် လျှင် အချက်ပြ သည့် အနေ နှင့် မီးဖို၍ ပြရန် မှာကြားလိုက်ကြလေ၏ ။
ဤနည်းဖြင့် မာလေ သည် နေဗိမာန် ရှိရာ အရှေ့အရပ် သို့ သွားလေသော် ရှစ်လကြာ သောအခါ လှပထွားကျိုင်းသော ကလေး တစ်ယောက် ကို ဖွားမြင်လေ၏ ။ သို့ရာတွင် မာလေ သည် သူ ၏ ကလေး ကို ချီ၍ နေဗိမာန် ရှိရာ သို့ ဆက်လက် ၍ သွားလေ၏ ။ သူ သည် အသက် ခုနစ်ဆယ် ရှိသည့်တိုင်အောင် ဆက်လက်၍ မလျှောက်နိုင် အောင် အားအင် နည်း၍ လာလေ၏ ။ ထို့ ကြောင့် သူ သည် တောင်သူလယ်သမား တစ်ယောက် ၏ နေအိမ် တွင် နေခဲ့၍ သူ ၏ သား အား နေဗိမာန် သို့ ဆက်လက် သွားရန် ပြောလေသည် ။
အနှစ် ခုနစ်ဆယ် ကြာသည့်တိုင်အောင် မာလေ နှင့် သူ ၏ သား တို့သည် ထောင်သောင်း မကသော မြင့်မားသည့် တောင်ကြီးများ ကို ဖြတ်ကျော်ခဲ့ကြ၏ ။ ထောင်သောင်း မကသော မြစ် ကြီးများ ကိုလည်း ဖြတ်သန်း ခဲ့ကြ၏ ။ ထောင်သောင်း မကသော မြွေကြီးများ နှင့် သားရဲတိရစ္ဆာန် တို့ ကို လည်း တွေ့ကြုံခဲ့ကြ၏ ။ သို့ရာတွင် သူတို့ သည် ဤ အခက်အခဲ နှင့် ဘေးရန်တို့ မှ လွတ် မြောက်ခဲ့ကြ၏ ။ အဘယ်ကြောင့် ဆိုသော် သူတို့ နှစ်ဦးသည် ကျန်းမာသန်စွမ်း၍ မြွေကြီးများ နှင့် သားရဲတိရစ္ဆာန် တို့ ကို ရှောင်ကွင်းနိုင်လောက်အောင် လိမ္မာပါးနပ် ကြသောကြောင့် ဖြစ်ကြ၏ ။
လမ်းခရီး အတွင်း မာလေ နှင့် သူ၏ ကလေး တို့သည် လူများစွာ နှင့် တွေ့ဆုံကြ၏ ။ ထို လူများ အား သူတို့ သည် နေဗိမာန် ဆီသို့ ခရီးထွက် လာကြကြောင်း ပြောပြသည့်အခါ သူတို့ အား စိတ်အားထက်သန်စွာ ကူညီကြလေ၏ ။ သူတို့ အား လမ်းများ ကိုလည်း လိုက်၍ပြကြ၏ ။ မြစ်များ ကိုလည်း လှေများ နှင့် ကူးဖြတ်၍ ပို့ကြ၏ ။ အဝတ်များ နှင့် ဖိနပ်များ ကို လည်း ပေးကြ၏ ။ စားနပ်ရိက္ခာများ နှင့် လည်းထောက်ပံ့ကြလေသည် ။
မာလေ တို့ဒေသမှ လူများ ကမူ မာလေ ခရီး ထွက်လာခဲ့သည့် နေ့မှစ၍ နံနက် စော စောတိုင်း အချက်ပြ မီး ကို မြင်ရနိုးနှင့် ကောင်းကင်ပြင် အရှေ့အရပ် သို့ ကြည့်၍သာ နေကြလေ ၏ ။ ဤနည်းဖြင့် တစ်နှစ် ကုန်၍ တစ်နှစ်ဆန်း ခဲ့ရာ နှစ်ပေါင်း ခုနစ်ဆယ် တိတိ ကြာခဲ့လေ၏ ။ သို့ ရာတွင် သူတို့ မျှော်လင့် နေကြသည့် မီး ကိုမူ မမြင်ကြချေ ။ ချူအန်လူမျိုး တို့ နေထိုင်ရာဒေသ သည် ရှေးက ကဲ့သို့ပင် မည်းမှောင်၍ နေ၏ ။ နေရောင်ခြည် နှင့် အနွေးဓာတ် ကိုလည်း မရချေ ။ သားရဲတိရစ္ဆာန် တို့ သည် လည်း လှည့်လည်သွားလာ လျက်ပင်ရှိကြသေး၏ ။ ထို့ကြောင့် လူတိုင်း မာလေ သေပြီ ဟု ထင်မှတ်၍ နေရောင်ခြည် ကို ရနိုင်တော့မည် မဟုတ်ဟု ယူဆလေ၏ ။
ကိုးဆယ့်ကိုးနှစ် မြောက်သော နေ့တွင် စိတ်ပျက် နေကြသည့် ချူအန်လူမျိုး တို့သည် အရှေ့အရပ် ကောင်းကင်ပြင် ကို နီရဲသော အရောင် ဖြင့် ထိန်လင်း၍ နေစေသော မီးဖိုကြီး တစ်ဖို ကို မြင်ကြလေ၏ ။ တစ်ချိန်တည်း မှာပင် ချူအန်လူမျိုး တို့၏ ဒေသ တစ်ခုလုံး ကို ရွှေရောင် ဖြင့် ထိန်လင်းစေသည့် နေမင်းကြီး ထွက်လာသည် ကို မြင်ကြပြန်လေ၏ ။ ရှေးနှစ်ပေါင်းများစွာ က စ၍ ချူအန်လူမျိုး တို့ကို နှိပ်စက်သ,တ်ဖြတ်လာခဲ့ကြသည့် သားရဲတိရစ္ဆာန် တို့ ကို လည်း ချူအန်လူမျိုး တို့သည် လိုက်လံ ဖမ်းဆီးသ,တ်ဖြတ်ပစ်ကြလေ၏ ။
ထိုနေ့မှ စ၍ ယနေ့ အထိ ချူအန်လူမျိုး တောင်သူလယ်သမား တို့ သည် မာလေ နှင့် သူ၏ သားတို့အား ကျေးဇူးဆပ်သည့် အနေ နှင့် နေ ထွက်သည့် အချိန် မှ စ၍ သူတို့ ၏ လယ်ယာ များ ထဲ တွင် အလုပ် လုပ်ကြ ပြီး နေဝင် သွားမှ သာလျှင် အိမ် သို့ ပြန်လာခဲ့ကြလေတော့ သတည်း ။
⎕ ဦးလေးကိုကိုကြီး
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ ဇွန်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment