Monday, September 9, 2024

တစ်ဆယ်တန် မျက်လှည့်


 

❝ တစ်ဆယ်တန် မျက်လှည့် ❞
━━━━━━━━━━━━━━━━
   သန်းမြင့်အောင်
━━━━━━━━━━━━━━━━
လွန်ခဲ့သော နှစ်သုံးဆယ် ကျော် ကာလ ကလေးဘဝ က ကျောင်း အပြန်မှာ မျက်လှည့်ပွဲ တစ်ခု ကို ရပ်တန့် ငေးမောခဲ့ဖူးသည် ။

ရှာပန်းနီစကလေး ကို ခွေ၍ အစ တစ်ဖက် ကို ထောင်ကာ အပေါ် မှာ သံပုံး ဖြင့် အုပ်၍ စပါးကြီး မြွေကြီး အဖြစ် အသွင်ပြောင်း နေသည့် မျက်လှည့်ဆရာကြီး ကို အထင်တကြီး ဖြင့် မျှော်လင့် ငေးမောခဲ့ရသည် ။ ကလေး သဘာဝ မြွေကြီး ကို မြင်ချင်လွန်း၍ အုပ်ထားသော သံပုံး မှ မျက်လုံး ကို မခွာမိ ။
လေကြော ရှည်လွန်းသော မျက်လှည့်ဆရာ သည် သံပုံးကို ဖွင့်မည့်ဟန် ပြင်လိုက် ၊ စကား တစ်ခွန်း နှစ်ခွန်း ပြောလိုက် ၊ တစ်ဖန် အထဲ မှ မြွေကြီး ကို အမိန့် ပေးလိုက် ၊ ဖွင့်တော့မည့် လက်တစ်ဖက် ကို ခဏ ပြန် ရုပ်လိုက် ၊ ပရိသတ် ဘက် ကို လှည့်လိုက် ၊ မြွေကြီး ၏ လုံးပတ် နှင့် အရှည် ပမာဏ ကို ကြေညာလိုက် ၊ သံပုံး ကို ကြိမ်လုံး နှင့် တီးလိုက် ၊ ကလေးတွေ ကို နောက်ဆုတ် ခိုင်းလိုက် ၊ လူကြီးတွေ ကို မြွေ အကြောင်း သိကောင်းစရာများ ဟောပြောလိုက် ၊ ဆောင်ရန် ရှောင်ရန်များ ကို ညွှန်းလိုက် ၊ မြွေအန္တရာယ်များ ကို တင်ပြလိုက် ၊ မြွေဆိပ်ဖြေဆေး ကို လှည့် ရောင်းလိုက် ၊ သံပုံး အောက် က မြွေကြီး ကို အမိန့်ပေးလိုက် နှင့် ဂျာအေး သူ့ အမေ ရိုက်နေသည် ။

တဖြည်းဖြည်း နှင့် အချိန် ကလည်း သိသိသာသာကြီး ကြာလာသည် ။ မြွေကြီး ကို လည်း မမြင် ရသေး။ ထမင်း က လည်း ဆာလှပြီ။

အို ... ဘာပဲဖြစ်ဖြစ် ဒီ မြွေကြီး ကိုတော့ မမြင် မြင်အောင် ကို စောင့် ကြည့် ပြီးမှ ပြန်မည် ဟု ဇွတ် ပေပြီး နေ လိုက်သည် ။ မျက်လှည့်ဝိုင်း မှာ တဖြည်းဖြည်း လူ ကျဲပါးစ ပြုပြီး တဖြုတ်ဖြုတ် ပြန်ကုန်သည် ။ မျက်လှည့်ဆရာ က သံပုံး ကို တဖျပ်ဖျပ် ရိုက်ပြီး လေရှည်ဆဲ။

“ ကြည့်စမ်း ကြည့်စမ်း လူကြီးတွေ ကဖြင့် စိတ်ပူလို့ ရှာလိုက်ရတာ ၊ မိုးချုပ်တော့မယ် ဟဲ့ ၊ လာခဲ့ လာခဲ့ နတ် က ရာ ကျီးမော့ နေတယ် ”

အမေ ရောက် လာပြီး ဆွဲ ခေါ်ရာ နောက်သို့ တရွတ်တိုက် ပါခဲ့သည် ။ ထိုနေ့ ညနေ က ကျော ပေါ် ကျလာသော အမေ့ တုတ်ချောင်းများ အောက် က အသံ မထွက်အောင် ကြုံးဝါး လိုက်မိသည် ။

“ တောက် ၊ တော်တော်လေး လေကြောရှည်တဲ့ လူကြီး ၊ ငါ သာ ကလေး မဟုတ်ရင် ' ခင်ဗျား သိပ် အကြော မရှည်နဲ့ ဗျာ ၊ ပြ မှာ ဖြင့် မြန်မြန် ပြတာ မဟုတ်ဘူး ။ ကဲဟာ ကဲဟာ ' ဆိုပြီး သံပုံးကြီး နဲ့ ဆွဲလှန် ပစ်လိုက်မှာ ပဲ ။ အလကား လူလိမ်ကြီး မိုး ပဲ ချုပ် တော့မယ် ၊ ဘာမှ လည်း ထွက်မလာဘူး ။ တစ်နေ့ နေ့တော့ တွေ့ကြသေးတာပေါ့ ”

တစ်နေ့ မြို့ထဲ ထွက် ဖြစ်သည် ။ အဖေ နှင့် အမေ အတွက် တောရှောက်ခါးရည် ၊ သမီးကြီး ၏ အလှပြင်ဆိုင် အတွက် လိုအပ်သော ပစ္စည်းများ ၊ သမီးငယ် အတွက် စာအုပ်စာတမ်းတချို့ ၊ အရေးတကြီး မဟုတ်သော်လည်း လမ်း သင့်လျှင် ဝယ်သွားမည် ဟု ရည်ရွယ်၍ ဗိုလ်ချုပ်ဈေး ဘက် ထွက်ခဲ့စဉ် နှစ်ဆယ့်ကိုးလမ်း ထိပ်တွင် မျက်လှည့်ဝိုင်း တစ်ဝိုင်း နှင့် သွား တိုးသည် ။ မျက်လှည့်ဆရာ အပေါ်  မကျေနပ်ခဲ့သော ငယ်စဉ် က အငုံ့စိတ် က ရိပ်ခနဲ ခေါင်းထောင် လာသဖြင့် မျက်လှည့်ဝိုင်း တွင် အလိုလို ဝင် ရပ်မိလျက်သား ဖြစ် သွားသည် ။

သည် ဝိုင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းသည် ။ မျက်လှည့်ဆရာများ က ခေတ်လူငယ် တစ်စု ဖြစ်နေသည် ။ မျက်လှည့် ပြမည့် ဟန်ဖြင့် ဆေး လည်း ရောင်း နေသည် မဟုတ် ။ ဟိုလှည့် သည် ပတ် နှင့် ကွေ့ကာဝိုက်ကာ လှည့်စား မနေဘဲ တစ်ယောက် တစ်လက် ၊ တစ်ကွက် ပြီး တစ်ကွက် ဟာခနဲ ဟင်ခနဲ ဖြစ်အောင် ပညာမျိုးစုံ ပြသွားသည် ။

တစ်ခါတုန်းက ရှာပန်းနီစ ကို မြွေ ဖြစ်အောင် ပြမယ်ဆိုပြီး လှည့်စားသည့်
မျက်လှည့်ဆရာကြီး ၏ မျက်နှာ ကို ဖျတ်ခနဲ ပြေး မြင်သည် ။ သည် ဝိုင်း က မြွေ မပါ ။ သို့သော် မြွေ ထက် စိတ်ဝင်စားစရာ ကောင်းသော လက်လှည့်ပညာတွေ ပါသည် ။ ကြက်ဥ တစ်လုံး ထဲ မှ ကြက်ဥတွေ ပွားလာခြင်း ၊ ဖဲထုပ် ထဲ မှ ဖဲချပ်များ ကို လက်ဖဝါး ပေါ် တွင် ပင် အပွင့်များ ပြောင်းလဲ သွားစေခြင်း ၊ ဖယောင်းတိုင် ကို မန်း လိုက်ရုံဖြင့် အလိုလို မီးတောက်တွေ ထ လာခြင်း စသည် ဖြင့် နည်းဆယ်မျိုး ခန့် ကို အချိန်တိုတို အတွင်း လူ အပြောင်းအလဲ နှင့် ပြသွားသည် မှာ အံ့ဩ နှစ်သက်စရာ ။

“ ဒါတွေ လုပ်ပြနိုင်လို့ ကျွန်တော်တို့ ကို အထင်မကြီးပါ နဲ့ ခင်ဗျာ ။ တကယ်တော့ မျက်လှည့် ဆိုတာ လက်လှည့် ပညာရပ်ပါပဲ ။ နည်း သိရင် ဘယ်သူ လုပ်လုပ် ရပါတယ် ။ အမှန်တော့ ပရိသတ် ကို လိမ်နေကြခြင်းပါပဲ ”

“ ဟာ တယ်ဟုတ်တဲ့ ဆရာတို့ ပါလား ၊ အဲသလို ရိုးသားတာ ကောင်းတာပေါ့ ၊ ဟို လူကြီး နဲ့ များ တခြားစီပဲ ”

သည်လိုနှင့် ပထမပွဲစဉ် ပြီး သွားသော်လည်း မပြန်ချင်၍ ဒုတိယပွဲစဉ် ကို ထပ် ကြည့်နေမိ သည် ။

“ လူလူချင်း အလိမ် ခံရတယ် ဆိုတာ အင်မတန် ကို မခံချင်စရာ ကောင်းပါတယ်။ ကျွန်တော် လူကြီးမင်း တို့ ကို အထင်သေး လို့ လှည့်စား နေခြင်း မဟုတ်ပါဘူး ခင်ဗျား ။ ပညာ ကို ဖြန့်ဝေ နေခြင်း သာ ဖြစ်ပါတယ် ။ ဒီကောင်တွေ ဘာတွေ လုပ် နေကြတာလဲ ၊ ဘယ်လို ပုံစံ နဲ့ တို့ ကို မျက်စိ လှည့် နေသလဲ ဆိုတာကို မျက်စိ လျင်လျင်နဲ့ မလွတ်တမ်း အကဲခတ် ကြည့်ကြပါ ခင်ဗျာ ”

“ ဟောဒီ မှာ ဖယောင်းတိုင်လေး တစ်တိုင် ပါ ။ သာမန် ရိုးရိုး ဖယောင်းတိုင်ကလေး ပါပဲ ခင်ဗျာ ။ အစ်ကိုကြီး ရှေ့တိုး ကြည့်ပါ ခင်ဗျာ ။ ပရိသတ် ကိုယ်စား အစ်ကိုကြီး ကပဲ စစ်ဆေး ပေးပါ ။ အစ်ကို့ မှာ မီးခြစ် ပါရင် ခြစ်ပြီး မီးညှိပေးပါ ခင်ဗျာ ။ ဟုတ်ကဲ့ ခင်ဗျာ ကျေးဇူးတင်ပါတယ် ။ လူကြီးမင်းများ အားလုံး မြင်ကြတဲ့ အတိုင်း သာမန် ဖယောင်းတိုင်ကလေး တစ်တိုင်ပါပဲ ။ ကဲ ... ပြန် မှုတ်လိုက်ပါ ခင်ဗျာ ။ ဟုတ်ကဲ့ မီးငြိမ်းသွားပါပြီ ။ သေသေချာချာ ပြန် ကြည့်ပေးပါဦး ခင်ဗျာ ။ တကယ် ငြိမ်းရဲ့ လားလို့  ၊ တကယ် ဟုတ်ပါတယ်။ တကယ် ငြိမ်းသွားတာပါ။ အဲဒီ ငြိမ်း နေတဲ့ ဖယောင်းတိုင် ကို ကျွန်တော် မကိုင်ဘူး ခင်ဗျ ။ အစ်ကိုကြီး ပဲ ကိုင် ထားပါ ။ ကျွန်တော် နဲ့ ဝေးဝေးမှာ ထားပါ ။ ကျွန်တော် ဒီ က နေ မန်းမှုတ် လုပ်ရင် အဲဒီ ဖယောင်းတိုင် ဟာ အလိုလို မီး ထ တောက်လာစေ ရမယ် ။

ဒီ ဖယောင်းတိုင် ကို အစ်ကိုကြီး မှ မဟုတ်ဘူး ။ ဟောဒီ ပရိသတ်ကြီး ထဲ က ကိုင်ချင်တဲ့ လူ ထွက် ကိုင်ပါ ။ ကျွန်တော် ဒီ က နေ မန်းမှုတ် ပေးပါ့မယ်။ ဟုတ်ပြီနော်။ ကဲ .. ရှုစားတော် မူကြပါ ခင်ဗျား။ ကျွန်တော် ဒီ က နေ အာရုံပြုပြီး အမိန့် ပေးနေပါပြီ။ ဟော ... ဟော ... မီးညွန့်ကလေးတွေ တလွန့်လွန့် တက်စ ပြုလာပါပြီ။ ဟော ... မီးတောက်လောင် နေပါပြီ ခင်ဗျား ၊ ဒီ ပညာ ဟာ အောက်လမ်းဆရာများ ၊ ပျောက်စေဆရာများ နဲ့ လက်စွဲ ဖြစ်ပါတယ်။

ဖယောင်းတိုင်တွေ တသီတတန်းကြီး ထွန်း ၊ ငှက်ပျောပွဲ အုန်းပွဲတွေ ပြင် ၊ နှုတ်က တတွတ်တွတ် နဲ့ ပွစိ ပွစိ ရွတ် ၊ ကြမ်းပြင် ကို ဖနောင့် နဲ့ နာနာပေါက် ၊ “ ပျောက် ဆရာပျောက် ” “ တောက်ဆရာ တောက် ”  “ ဆရာ့ အာဏာစက် နဲ့ မီး ထွက်စမ်းဟဲ့ ” ဆို ဖယောင်းတိုင်တွေ က ငေါက်ခနဲ မီး ထ တောက်လာတော့ ကြောက် က လည်း ကြောက် ၊ အထင် လည်း ကြီးပြီး “ ဆရာ ဆရာ ” ဆို အညာ မိပြီး ကွိ သွားကြတဲ့ သမီးရှင် တွေ လည်း မနည်းတော့ပါဘူး ။ အဲဒါ ဘာပညာ ၊ ဘာ အမိန့် မှ မဟုတ်ပါဘူး။ လျှို့ဝှက်ချက်ကလေး တစ်ခု ကို အကြောင်းပြုပြီး လိမ်နေကြတာပါ ။

နောက်ပြီး ယောနယ် က ကဝေ လိုလို စုန်း လိုလို မီးစားပြတဲ့ အဖြစ်တွေ ၊ ကွမ်းယာစားရင်း ပါးစပ် ထဲက မီးခိုးလုံးတွေ ဟုန်းခနဲ ဟုန်းခနဲ ထွက်လာတဲ့ အဖြစ်တွေ သိချင်ရင်တော့ ဟောဒီ စာအုပ် ထဲ မှာ လျှို့ဝှက်ချက်တွေ ကို မခြွင်းမချန် တင်ပြ ထားပါတယ် ခင်ဗျာ ။ ဒီ နည်း ကို သိနေရင် ဘယ်နေရာ မှာ ဘယ်သူ့ ကို ဖြစ်ဖြစ် အခု ကျွန်တော်တို့ ပြ သလို ပြန်လည် တင်ပြနိုင်ပါတယ် ။

ကိုယ့် မိသားစု အတွင်းမှာ လည်း မိသားစု ပျော်ရွှင်ရေး အတွက် အပျော်တမ်း ကစား လို့ ရပါတယ် ။ ဘာသာဗေဒ တစ်ခု ရဲ့ အစွမ်းထက်တဲ့ ပညာရပ် ကို ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး ခင်ဗျာ ။ လူကြီးမင်း တို့ အတွက် ငွေတစ်ဆယ် ဆိုတာ ကွမ်းစား ဆေးသောက် ကျပျောက် သလောက် ပဲ ရှိပါတယ် ။

ကျွန်တော်တို့ ရဲ့ ပညာ ကို ရောင်း မစားပါဘူး ။ စာရွက်စာတမ်းကြေး ပုံနှိပ်ခ နဲ့ ဝန်ဆောင် စရိတ် အသီးသီး ကို အချိုးကျ မျှဝေခံကြပြီး လူကြီးမင်းများ ထံ ကျွန်တော် တတ်ကျွမ်း ထားတဲ့ ပညာရပ် ကို တစ်ဆင့် ဖြန့်ဝေ၍ ပညာဒါန ပြုခြင်းသာ ဖြစ်ပါတယ် ”

သို့နှင့် တစ်ပွဲ ပြီးသွား ပြန်လေသည် ။

လက်လှည့်ပညာ ပါ ဟု လည်း ဆိုသည် ။ လိမ်နေတာပါ ဟု လည်း ပွင့်ပွင့်လင်းလင်း ပြောသည် ။ ဘယ်လို လှည့်ပြီး ဘယ်လို လိမ်နေသလဲ ဆိုတာ ကတော့ ထပ်ပြီး သိချင်သေးသည် ။ နှစ်ပွဲ ဆက်နွှဲ လိုက်၍ ခြေသလုံးတွေ လည်း တောင့်လာသည် ။ ခု ပြန်စမည့် တတိယပွဲစဉ် သည် တစ်နေ့တာ ၏ နောက်ဆုံးပွဲ ဟု ဆိုသဖြင့် ရှေ့ဆုံး ကို တိုး၍ ဖိနပ် ကို ဖင်ခု ထိုင်ကာ မျက်နှာ ပြောင်ပြောင်နှင့် အားပေး လိုက်သည် ။ ငယ်ငယ် က လို အမေ လိုက် လာ ပြီး ရိုက်မှာ လည်း မပူရတော့ ။

သူတို့ ရဲ့ လိမ်နည်းတွေက အားလုံး အားလုံး မဟုတ်တောင် တစ်နည်း လောက်တော့ သိလိုက် ၊ မြင်လိုက် ချင်သည် ။ ရှေ့ဆုံးမှ နေ၍ အာရုံစိုက် နေတာကိုပင် အားမရ ။ တတ်နိုင်လျှင် မျက်စိနှစ်လုံး ကို ချွတ်၍ မျက်လှည့်ဆရာ ၏ လက်ဖဝါး တွင် ခဏလောက် ဖြစ်ဖြစ် ကပ် ထား လိုက်ချင်သည် ။

ဖယောင်းတိုင် ၊ ဖဲချပ် ၊ ဘလိတ်ဓား ၊ ငှက်ပျောသီး ၊ လက်ကောက်ကွင်း အားလုံး ပေါ် ထိတွေ့ အာရုံ ခံစားရင်း တစ်ယောက် ပြီး တစ်ယောက် သာ တစ်လက် မှ တစ်လက် သို့ ပြောင်း သွားသည် ။ ဘာ လျှို့ဝှက်ချက် မှ မမြင်လိုက်ရ။

“ အခု နောက်ဆုံး အနေ နဲ့ ကျွန်တော့် ညီတော်မောင် တစ်ယောက် က
ကြက်ဥတွေ ကို တိုးပွား လာစေတဲ့ ပညာရပ် ကို ဆက်လက် တင်ပြ ပါလိမ့်မယ် ခင်ဗျာ ”

အချိန် က တော့ တိုတိုကလေးပင် ။

ကြက်ဥ တစ်လုံး ကို ဇလုံလွတ် တစ်ခု တွင် ထည့်ပြီး ပရိသတ် ကို လှည့်ပတ်ပြသည် ။ ပြီးတော့ အခြား ဇလုံ တစ်ခု ဖြင့် မှောက် ဖုံး လိုက်သည် ။ ပြီးတော့ ပြန် ဖွင့်သည် ။ ထို ကြက်ဥ တစ်လုံး ကို ပြန် မြင်ရသည် ။ တစ်လုံး ဆို မှ တကယ် တစ်လုံးတည်း ၊ မပွားလာသေး ။ ပရိသတ် ရှေ့တွင် ပင် စောစောက ဇလုံ နှင့် ပြန် အုပ်သည် လက် နှစ်ဖက် နှင့် အထက်အောက် အုပ် ကိုင်ကာ မှောက်ချည် လှန်ချည် လုပ်ရ၏ ။ ဘာမှန်း မသိသော ဂါထာများ မန်းမှုတ် နေသည် ။ မန်းမှုတ် နေရင်းမှ လည်း ပရိသတ်ဘက် လှည့် ကာ -

“ ဒီ နေ ရာ မှာ ဘာရယ် မဟုတ်ဘူး ခင်ဗျ ၊ ပါးစပ် ထဲ ရှိတာ လျှောက် ပြောပစ် ၊ ဘယ်သူမှ သိတာ မဟုတ်ဘူး ”

ဟု ဂါထာလေး လည်း အဆစ် ပေးလိုက်သေးသည် ။ မန်းမှုတ်၍ အားရတော့ အပေါ် မှ ဇလုံ ကို ဖွင့် ပြလိုက်ရာ ကြက်ဥ ငါးလုံး တိတိ ပွားနေသည် ကို တွေ့လိုက်သည် ။

စိတ် ထဲ မှ နည်းနည်းလေး မှ မကျေနပ် ။ နောက်ထပ် ကိုယ် က အချိန်ပေးပြီး ကြည့် နိုင်သော်လည်း ပွဲစဉ် က ပြီး သွားပြီ ။

မျက်လှည့်ဆရာများ က သူတို့ ပစ္စည်းတွေ ကို ကောက်သိမ်း၍ ပြန်ဟန် ပြင်နေကြပြီ ။ အီလည်လည် နှင့် အစာမကြေ ဖြစ်နေသော ကျွန်မ မှာ တော့ ထိုနေရာ နားမှာ ပဲ ယောင်လည်လည် တရစ်ဝဲဝဲ နှင့် အကြံထုတ် နေဆဲ။

အင်း ... ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ပိုင်းမှာ သူများ အလိမ် မခံရအောင်တော့ သည် လျှို့ဝှက် ချက်တွေ ကို သိထား မှ ဖြစ်မည် ။ သူတို့ လှုပ်ရှားမှု ကို အာရုံစိုက် ကြည့် ၍ မတွေ့သည့် အဆုံးတော့ ကိုယ့် ဟာ ကိုယ် ဖတ် ကြည့်မှ ဖြစ်တော့မည် ။ သူတို့ မပြန်ခင် စာအုပ် တစ်အုပ် ကို အမြန် ဝယ်လိုက် သည် ။ ပြီးတော့ အိမ် အရောက် မစောင့်နိုင်တော့ဘဲ ခပ်လှမ်းလှမ်း ဗာဒံပင် အောက်သို့ သွား၍ လောလောဆယ် ပြ လိုက်သော ကြက်ဥပွားနည်း တစ်ခု ကို အလျင်အမြန် ဖတ်ကြည့်လိုက်သည် ။

' ကြက်ဥ လေးလုံး ကို ထိပ်မှ အပ် ဖြင့် သေးသေး ဖောက်၍ အထဲ မှ အနှစ်များ ကို ပါးစပ်ဖြင့် အရည်များ ကုန်သည် အထိ စုပ်ယူပါ ။ ထို အခွံ လေးလုံး ကို ဇလုံ တစ်လုံး ၏ အတွင်း တွင် ကော် အကောင်းစား ဖြင့် ကပ်ထားပြီး ၊ ပုံ တွင် ပြထားသည့် အတိုင်း ဇလုံ အလွတ် တစ်လုံး နှင့် ယှဉ်၍ မှောက်ထားပါ ။ ထို့နောက် ဇလုံအလွတ် ကို ပက်လက်လှန်၍ ကြက်ဥတစ်လုံး ကို ထည့်ပါ ။ ပြီးလျှင် ကြက်ဥခွံ များ ကပ် ထားသော ဇလုံ ဖြင့် အပေါ် မှ အုပ်ပါ ။ ပြသရင်း အထက်အောက် လှန် လိုက်သောအခါ ကြက်ဥများ ပွားများ လာပေလိမ့်မည် ။

“ ဟာ .. တယ်ဟုတ်တဲ့ နည်းပါလား ။ ဒီလို လိမ်ရင် ရတယ်လို့ ငါတို့ ဖြင့် တစ်ခါ မှ မစဉ်းစားမိ ကြပါလား။ အလွန် တော်တဲ့ လူတွေပဲ ”

ဪ ... မျက်လှည့် မျက်လှည့် ။ အလွန် စိတ်ဝင်စားစရာ ကောင်းတဲ့ ပညာရပ် ။ ဟိုတုန်းက မျက်လှည့်ဆရာကြီး က ဗြောင်ညာ ဗြောင်လှည့် ။ ယခု မျက်လှည့် ဆရာလေးတွေ က ယုတ္တိ ရှိရှိ လှည့်ပြ ။ အိမ် ကျမှ သမီးတို့ ကို အပျော်တမ်း မျက်လှည့်ပညာ ဖြန့်ဝေရ ဦးမည် ။

ငယ်ငယ်တုန်း က လို အရိုက် ခံရစရာ အကြောင်း မရှိတော့ သော်လည်း ယခု မျက်လှည့်ပွဲသိမ်းချိန်သည် ဈေးပိတ်ချိန် နီးသွားပြီမို့ ဈေးဝယ် မမီတော့ ။ ဗိုလ်ချုပ်ဈေး ဘက် မကူးတော့ဘဲ ရှေ့ဆက် လျှောက် လာခိုက် ခပ်လှမ်းလှမ်း အရောက် တွင် သူငယ်ချင်း တစ်သိုက် နှင့် ထိပ်တိုက် တိုးတော့သည် ။

မြသွေးရည် ၊ ခင်လပြည့်ဝန်း နှင့် နှင်းဝေငြိမ်း ။

“ မိပြီ ၊ လာ ... လိုက်ခဲ့ ၊ နင် တစ်ယောက်တည်း ဘယ်လျှောက် လိမ့် နေတာလဲ ၊ တို့ အခု နင့် ဆီ လာကြမလို့ ၊ တော်သေးတာပေါ့ ”

မြသွေး က ဝမ်းသာအားရ ပြောသည် ။

“ အတော်ပဲ ငါ လည်း နင်တို့ ကို ကြွားစရာ ရှိတယ် ။ လာ ... လက်ဖက်ရည် သွား သောက် မယ် ”

လေးယောက်သား လက်ဖက်ရည်ဆိုင် တစ်ဆိုင် သို့ အလျင် ဝင် ထိုင်ဖြစ်ကြသည် ။ တိတ်ဆိတ် စွာ ထိုင် ဖြစ်သည် ။ စကား ဘယ်က စ ပြောရမှန်း မသိသေး ။

ဝမ်းတီး ၊ တူးကော် ချိုပေါ့ ။ ကျဆိမ့်တွေ ကြား ဖယောင်းတိုင် ၊ ဖဲချပ် ၊ ဖော့စပါးရပ် ၊ ဘလိတ်ဓား ၊ ငှက်ပျောသီးများ စီးမျော နေကြသည် ။

“ ဟဲ့ မိန်းမ ငြိမ်လှချေလား ၊ ကြွားမလို့ ဆို ”

မြသွေး အသံ ကြားမှ စီးမျောမှု က ရပ်တန့် သွားသည် ။

“ အဟဲ ငါ အခု ဘယ်က ပြန်လာတယ် ထင်လဲ ” 

ဘယ်သူမှ မဖြေမသေးခင် ကိုယ့် စကား ကိုယ် ပြန် ဆက်ပြီး -

“ ငါ အခု မျက်လှည့်ပွဲ က ပြန်လာတာဟ ။ တစ်နေ့လုံး သုံးပွဲ ဆက်တိုက် ကြည့် ပစ်လိုက်တယ် ။ မျက်လှည့် က လည်း ကောင်းမှ ကောင်းဟာ ၊ အခု အဲဒီ မျက်လှည့်ပညာတွေ ငါ အကုန် တတ်သွားပြီ။ အဲဒါတွေ နင်တို့ ကို ငါ ပြန် ပြရဦးမယ်။ နင်တို့ အံ့ဩကြမှာ ဟ သိလား ၊ ငါ တောင် သုံးပွဲ ဆက်တိုက် ကြည့်တာ ဘယ်လိုမှ အဖြေ မထွက်လို့ ”

ကျွန်မ က အားတက်သရော ဆက် ပြောနေသည် ကို သုံးယောက်သား ငြိမ်ပြီး ငေးနေသည် ။

သူတို့ ငြိမ်နေပုံ က ကျွန်မ ၏ အပြောအဆို ၊ အတွေ့အကြုံ နှင့် မျက်လှည့်ပညာရပ် ကို စိတ်ဝင် စားနေ၍ လား ၊ သို့မဟုတ် ဖြစ်မှ ဖြစ်ရလေ ဟူ၍ အူကြောင်ကြောင် သတ္တဝါတစ်ကောင် လို သနားကရုဏာ သက် နေ၍လား ၊ သို့မဟုတ် မျက်လှည့်ဝိုင်း ထဲမှာ မိန်းကလေး တန်မဲ့ ရှေ့ဆုံး မှ ဖိနပ် ဖင်ခု ထိုင်၍ ကြည့်ရဲသည့် သတ္တိ ကိုပဲ သဘောကျ နေ၍ လားတော့ မသိ ။

ဘာကြောင့်ပဲ ကြည့်ကြည့် ၊ ကျွန်မ ကတော့ သူတို့ ၏ ထောက်ခံခြင်း ၊ ကန့်ကွက်ခြင်း ၊ မေးမြန်း စုံစမ်းခြင်း မရှိသော အနေအထား ကို လျစ်လျူရှု ၍ ကျွန်မ ကြုံတွေ့ခဲ့ရ သမျှ ကို မမောနိုင် မပန်းနိုင် စီကာစဉ်ကာ အားတက်သရော ပြောပြလိုက် ရ၍ အတော့် ကို အရသာ ရှိသွားသည် ။

“ ငါ့ မှာ သာ ငယ်ငယ် ကတည်း က မျက်လှည့်ဆရာ ကို မခံချိ မခံသာ ဖြစ်ခဲ့ရတာ ။ ခုမှ ပဲ နေသာ ထိုင်သာ ရှိ သွားတော့တယ် ။ တကယ်တော့ မျက်လှည့်ဆရာ ဆိုတာ ဘာမှ အထင်ကြီးစရာ မဟုတ်ဘူး ။ အချိန်တွေ မကုန် ကုန်အောင် ဆွဲပြီး ပရိသတ် ကို လှည့်စား နေတာကွ ၊ အခုတော့ သူတို့ ရဲ့ လျှို့ဝှက်ချက်တွေ ကို ငါ အကုန် သိသွားပြီလေ ၊ နောက်ဆို သူတို့ ငါ့ ကို လာလှိမ့်လို့ မရတော့ဘူး ”

အလွန် တက်ကြွတဲ့ ကျွန်မ မျက်နှာ ကို ငေးပြီး သူတို့ အားလုံး အတန်ကြာ ငြိမ်သက်စွာ ပြုံးနေ ကြသည် ။

ထို အပြုံးများ ၏ အဓိပ္ပာယ် ကို ရှာဖွေနေဆဲ မှာ ပင် သူတို့ ထဲ မှ တစ်ယောက်က ကျွန်မ ကို စကား တစ်ခွန်း လှမ်း ထောက်လိုက်သည် ။

“ ဒါပေမဲ့ နင့် ဆီ က ငွေ တစ်ဆယ် တော့ သူတို့ နောက် ပါသွားပြီ မဟုတ်လား ၊ ပြီးတော့ အချိန် တွေ ရောလေ ... ”

⎕ သန်းမြင့်အောင်

📖 သောင်းပြောင်းထွေလာ မဂ္ဂဇင်း
ဒီဇင်ဘာလ ၊ ၁၉၉၃ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment