❝ ဘိုးဘိုးကြီး နဲ့ ဘဲဥပြုတ် သုံးလုံး ❞
━━━━━━━━━━━━━━
နိုင်မြင့်
━━━━━━━━━━━━━━
( ၁ )
အုန်းနှဲတော ဟာ လူနေအိမ်ခြေ နှစ်ရာ လောက် ရှိတဲ့ ရွာကြီး တစ်ရွာ ။ အုန်းနှဲတော လို့ အမည် တွင်ရတဲ့ အကြောင်းရင်း က ရွာ ထဲ မှာ အုန်းနှဲပင်တွေ များလို့ပဲ ဖြစ်ရမယ်လို့ နောက်လူတွေ က ထင်ကြတယ် ။ အုန်းနှဲတော ရဲ့ ရှေ့မီ နောက်မီ ဖြစ်တဲ့ ဘကြီး ကိုဖိုးရင် က တော့ ‘ ဂျပန်ခေတ် တုန်း က ဆို ဒီ အုန်းနှဲရွက် တွေကို လက်ဖက်ခြောက် အစား ခတ်သောက်ခဲ့ကြရ တာ ။ အင်မတန် ဆိုးဝါးတဲ့ ခေတ်ကြီးပါကွယ် ’ လို့ ညည်းတွားခဲ့ဖူးတယ် ။ အုန်းနှဲတော ရွာသားတွေ ရဲ့ အဓိက ဓားမဦးချ စီးပွားရေးလုပ်ငန်း ကတော့ လယ် လုပ်ပြီး အသက်မွေး ကြတာပဲ ။ အုန်းနှဲတော ရွာထိပ် မှာ ရွာတော်ရှင် ဘိုးဘိုးကြီး နတ်ကွန်း ရှိတယ် ။ ဘိုးဘိုးကြီး ကို တစ်ကိုယ်လုံး ထုံးအဖြူ သုတ်ပေး ထားပြီး အင်္ကျီ လက်ရှည်အဖြူ တစ်ထည် နဲ့ ပုဆိုးအနက်ကွက်ကျဲကြီး တစ်ထည် ဝတ်ဆင် ပေးထားတယ် ။ ဘိုးဘိုးကြီး က ခေါင်းပေါင်း နဲ့ ၊ သျှောင်ထုံး နဲ့ ။ နှုတ်ခမ်းမွေးကြီး က လည်း ကော့နေတာပဲ ။ ဒါပေမဲ့ ဒီ ဘိုးဘိုးကြီး ရုပ်ထု က အရင် ဘိုးဘိုးကြီး ရုပ်ထု မဟုတ်ပါဘူး ။ အရင် ဘိုးဘိုးကြီးရုပ်ထု က ဟောင်းနွမ်းပြီး အင်္ဂတေတွေ ပဲ့ရွဲ့ ထွက် ကုန်လို့ ဘိုးဘိုးကြီးကို ကန်တော့ပွဲပေး တောင်းပန်ပြီး အသစ် တစ်ဖန် ဆောက်လုပ် ထားတဲ့ အင်္ဂတေရုပ်တု အသစ်ကြီး ။ နောက်ပြီး မိုးလုံ လေလုံ ဖြစ်အောင်လို့ လည်း သွပ်မိုးပြီး သံဆန်ခါ ကာပေး ထားတယ် ။ ရွာသားတွေ ပူဇော်ပသလို့ ရ အောင်တော့ ဝင်ပေါက် တစ်ပေါက် ဖွင့်ပေး ထားတယ် ။ နတ်ကွန်း ရဲ့ ရှေ့မှာတော့ ရွာဇရပ် တစ်ဆောင် ရှိတယ် ။ အုန်းနှဲတော ရွာသူရွာသားတွေ ဟာ ဘိုးဘိုးကြီး ကို ကြည်ညိုကြတယ် ။ ရိုသေကြတယ် ။ အားလည်း အားကိုးတယ် ။ ဘိုးဘိုးကြီး က လည်း သူ့ကို အားကိုးလောက် စရာ သာဓက တွေ ရှိခဲ့ဖူးတယ် ။ ဟိုတုန်းက ရွာတစ်ရွာ ကို ဓားပြ တိုက်တော့မယ် ဆိုရင် ရွာတော်ရှင် ဆီမှာ အရင် ခွင့်တောင်းရတယ် ။ ဓားပြတွေ က နတ်ကွန်း ကို မီးပူဇော်ပပြီး နတ်စင်ရှေ့ က မြေကြီး ထဲကို ဓားရှည် တစ်ချောင်း ကို စိုက်ချ လိုက်တယ် ။ ပြီးတော့ ရွာတော်ရှင် ဆီမှာ ဓားပြတိုက် ဖို့ ခွင့်တောင်းတယ် ။ အောင်မြင်တယ် ဆို ဓားရှည် က စိုက်လျက်သား နဲ့ ပေါ့ ။ ဓားရှည် လဲကျ သွားရင်တော့ မအောင်မြင်ဘူးပေါ့ ။ အုန်းနှဲတော ကို ဓားပြတိုက် ဖို့ ကြံစည်တိုင်း ဓားရှည် က တစ်ခါမှ မထောင်ဘူး ။ မြေကြီးပေါ် မှာ လဲကျသွားတာချည်းပဲ တဲ့ ။ ဓားပြတွေ လည်း အတိတ်နိမိတ် မကောင်းဘူး ဆိုပြီး တပ်ခေါက် ပြန်သွားကြတာချည်းပဲ ။ အဲဒီတော့ အုန်းနှဲတော ဟာ တစ်ခါမှ ဓားပြတိုက် မခံရဘူးတဲ့ ရွာ တစ်ရွာ အဖြစ် ဣန္ဒြေရရ ရပ်တည်ခဲ့ဖူးတယ် ။ ရွာသား တွေ လည်း ဘိုးဘိုးကြီး ကို အမွှေးတိုင်တွေ ထွန်း ၊ ဖယောင်းတိုင်တွေ ပူဇော် ၊ ဘဲဥပြုတ်တွေ ဆက် ၊ အချို ရည်တွေ ဆက်ကြတယ် ။
••••• ••••• •••••
( ၂ )
ဘိုးဘိုးကြီး နတ်ကွန်း ရဲ့ ဓားလွယ်ခုတ် အိမ် မှာ ဘကြီးအောင်တင် နဲ့ ကြီးမဖွားမှီ တို့ လင်မယား နှစ်ယောက် နေတယ် ။ သူတို့ လင်မယား က သားသမီး မထွန်းကားဘူး ။ စတုရန်းပေ ခြောက်ဆယ် လောက် ကျယ်တဲ့ ခြံဝိုင်းကြီး ထဲမှာ ပျဉ်ထောင်အိမ်ကလေး တစ်လုံး နဲ့ နေတယ် ။ ခြံ ထဲ မှာ လည်း အရိပ်အာဝါသ ကောင်းတဲ့ သစ်ပင်ကြီးတွေ များပြီး ပစ်မဲ့ခတ်မဲ့ သူ က လည်း မရှိလို့ ငှက်ကလေးတွေ ရဲ့ စိုးစီစိုးစီ အသံပေါင်း မျိုးစုံကို ကြားရတတ်တယ် ။ ကြီးမဖွားမှီ က ငှက် ကလေးတွေ သောက်ဖို့ ရေ ကို မပြတ် ထည့်ပေး ထားတယ် ။
ဘကြီးအောင်တင် က တောင်း ရက်တယ် ၊ ဆန်ကော ရက်တယ် ၊ ခြံထဲ က အုန်းပင်တွေ က အုန်းလက်တွေ ကြွေကျ လာရင် အုန်းတံမြက်စည်း လုပ် ရောင်းတယ် ။ ကြီးမဖွားမှီ က မုန့်စိမ်းပေါင်း ရောင်း တယ် ။ သူတို့ လင်မယား စားနိုင်သောက်နိုင် တဲ့ အပြင် အထိုက်အလျောက် လှူနိုင်တန်းနိုင် သေးတယ် ။ ဘိုးဘိုးကြီးနတ်ကွန်း ရဲ့ ဝေယျာဝစ္စ မှန်သမျှ ကို အဓိက ဆောင်ရွက်ပေးတဲ့ လင်မယား ပါပဲ ။
တစ်နေ့ မနက်ကျတော့ ကြီးမဖွားမှီ တစ်ယောက် ဘိုးဘိုးကြီးနတ်ကွန်း မှာ အမွှေးတိုင် ပူဇော် ဖို့ လာတယ် ။ ကြီးမဖွားမှီ ဘိုးဘိုးကြီး ရဲ့ ရှေ့ ကို အရောက်မှာ -
‘ ဟာ ’ ဆိုတဲ့ ကြီးမဖွားမှီ ရဲ့ အာမေဋိတ်အသံ က တော်တော်လေး ကျယ်လောင် သွားတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ မနေ့တုန်းက ဘိုးဘိုးကြီး ကို သူ ဆက်ထားတဲ့ ဘဲဥပြုတ် သုံးလုံး ရဲ့ အပေါ် မှာ ဂဏန်းတွေ လိုလို ၊ ဘာလိုလို အရေးအကြောင်းတွေ ကို တွေ့လိုက်ရလို့ပဲ ။ မျက်လုံး ကို သေသေချာ ပွတ်ပြီး သေချာအောင် ထပ်ပြီး ကြည့် လိုက်တယ် ။ ဂဏန်းတွေ က လူရေး ထားတဲ့ ပုံစံမဟုတ်ဘူး ။ သူ့ ဘာသာသူ အလိုအလျောက် ပေါ်လာတဲ့ ပုံစံ ။ ပထမ ဘဲဥ ရဲ့ အပေါ် မှာ လေး လိုလို ။ ဒုတိယ ဘဲဥ ရဲ့ အပေါ်မှာ က ငါး လိုလို ၊ ရှစ် လိုလို ။ တတိယ ဘဲဥ ရဲ့ အပေါ်မှာ က ခြောက် လိုလို ဂဏန်းတွေ ရဲ့ အရေးအကြောင်း တွေ ကို သူ တွေ့ လိုက်ရတယ် ။ အင်္ဂလိပ် ဂဏန်း မဟုတ်ဘူး ။ မြန်မာ ဂဏန်းပုံစံတွေ နဲ့ ပေါ်နေတာ ။ ကြီးမဖွားမှီ လည်း တအံ့တသြ ဖြစ်ပြီး အမွှေးတိုင်ထုပ် ကိုင်လျက်သား နဲ့ နတ်ကွန်း ရဲ့ အပြင်ဘက် ကို ပြန် ထွက်လာတယ် ။ ပြီးတော့ သူ့ အိမ် ဘက် ကို လှည့် ပြီး –
“ ကိုအောင်တင်ရေ ”
“ ကိုအောင်တင်ရေ ” ဆိုပြီး အော်ခေါ်လိုက်တယ် ဆိုရင်ပဲ -
“ မဖွားမှီ ဘာလဲဟ ၊ အလန့်တကြား ”
ဆိုပြီး ဘကြီးအောင်တင် က ပြန်ထူးတယ် ။
“ လာ ကြည့်စမ်းပါဦးတော် ။ ကျုပ်တို့ မနေ့က ဘိုးဘိုးကြီး ကို ဆက်တဲ့ ဘဲဥပြုတ် သုံးလုံး ရဲ့ အပေါ် မှာ ဂဏန်းတွေ ပေါ်နေလို့ ”
ဘကြီးအောင်တင် လည်း အိမ်ပေါ် က ချက်ချင်း ဆင်းပြီး ရောက်လာတယ် ။ နှီးဖြာ နေရင်း တန်းလန်း ဆင်းလာတာမို့ လက် ထဲ မှာလည်း ဓားမောက်ကလေး ကို ကိုင်ထားတယ် ။
“ ဟာ ဟုတ်တယ် ၊ မဖွားမှီ ရေ ဘဲဥပြုတ် သုံးလုံး ရဲ့ အပေါ် မှာ ဂဏန်းတွေ ပေါ်နေတယ် ”
လို့ ပြောပြီး ဘကြီးအောင်တင် လည်း ဘဲဥပြုတ်သုံးလုံး ကို သေ သေချာချာ စိုက်ကြည့် နေတယ် ။
“ ဟုတ်တယ် ကိုအောင်တင် ၊ ကျုပ် အထင် တော့ ဘိုးဘိုးကြီး ကျုပ်တို့ ကို ချဲဂဏန်း ပေးတာပဲ ဖြစ်ရမယ် ။ ဒီတစ်ခါတော့ ဘိုးဘိုးကြီး မ ပြီ ထင်ပါရဲ့ ”
ကြီးမဖွားမှီ က သူ့ အတွေး နဲ့ သူ ပြောလိုက်တယ် ဆိုရင်ပဲ -
“ အေးဟ တို့ တစ်ရွာလုံး ချဲပေါက်ကိန်း ဆိုက် ပြီတဲ့ တူတယ် ”
ဆိုပြီး ထောက်ခံလိုက်တယ် ။ ဘိုးဘိုးကြီး ကို ဆက်တဲ့ ဘဲဥပြုတ် သုံးလုံး ရဲ့ အပေါ် က ဂဏန်း သုံးလုံး ရဲ့ သတင်း ဟာ အုန်းနှဲတော ရွာကလေး ကို ကူးတို့ဆိပ် မှို့အိတ် ဖွင့်လိုက် သလို ချက်ချင်းပျံ့နှံ့သွားတော့တယ် ။ ဂဏန်းတွေ နဲ့ ပတ်သက်ပြီး အမျိုးမျိုး အဖုံဖုံ တစ်ယောက်တစ်မျိုး ဝေဖန်ကြတယ် ။ နောက်ဆုံးကျတော့ တစ်ရွာလုံး ရဲ့ အတည်ပြုချက် ထွက်ပေါ်လာတယ် ။ ပထမ ဘဲဥပြုတ် အပေါ်က ဂဏန်း ကို လေး ။ ဒုတိယ ဘဲဥပြုတ် အပေါ် က ဂဏန်း ကို ရှစ် ။ တတိယ ဘဲဥပြုတ် အပေါ်က ဂဏန်း ကို ခြောက် လို့ အုန်းနှဲတော ညီလာခံ က ဆုံးဖြတ် လိုက်ကြတယ် ။ သဘာပတိ ကတော့ ဘကြီးအောင်တင် ပါပဲ ။ အုန်းနှဲတော သားတွေက ဒီ တစ်ပတ် တော့ ဘိုးဘိုးကြီး ရဲ့ မစမှုကြောင့် ချဲပေါက်ပြီ ဆိုပြီး ယုံကြည်နေကြလေ ရဲ့ ။ ဒီတစ်ပတ် ချဲပေါက်လို့ ကတော့ စိန်တင်ဇော် နတ်ဆိုင်း ငှားပြီး ရွာတော်ရှင် ကို ပူဇော်ပသတဲ့ နတ်ကနားပွဲ ကြီးကြီးကျယ်ကျယ် ကျင်းပမယ် လို့ လည်း အားခဲ ထားကြတယ် ။ ရွာသူရွာသားတွေ ရဲ့ ကိုယ်စား မြို့ပေါ် တက် ပြီး ချဲထိုး ပေးမယ့်သူ ကတော့ ချဲတစ်ခါ ပေါက်ထား ဖူးတဲ့ ရွာလယ်ပိုင်း က ကုန်စုံပိုင်ရှင် ကိုဖိုးထီ ပဲ ။
“ မပူပါ နဲ့ ဗျာ ။ ဘယ်သူ ဘယ်လောက် ထိုးမှာလဲ ဆိုတာ သာ ကျုပ် ကို ပြော ။ ကျုပ်မြို့ ပေါ် ကို သွားပြီး ထိုးပေးမယ် ”
“ ကျေးဇူးတင်ပါတယ် မောင်ရင် ရယ် ။ ဘကြီး အတွက် လေးရှစ်ခြောက် ပတ်လည် ကို ငါးဆယ်ဖိုး စီ ထိုးခဲ့ပါ ”
လို့ ဘကြီးအောင်တင် က ပြောပြီး ပိုက်ဆံ သုံးရာ ထုတ်ပေးတယ် ။
“ ကျုပ်တို့ လိုချင်တဲ့ ဂဏန်း ရအောင် စောစော သွားပြီး ထိုး မှ ဖြစ်မှာ ။ ဒိုင် က အောဒိုင် ဆိုပေမယ့် ကိုယ် ထိုးမဲ့ ဂဏန်း ပိတ်ထားမှာ လည်း ကြောက်ရ သေးတယ် ။ သန်ဘက်ခါ သွားပြီး ထိုး မှ ဖြစ်မှာ ။ ချဲ ထိုးမယ့် သူတွေ ပိုက်ဆံ နဲ့ ဂဏန်း ကိုသာ စာရွက် နဲ့ ရေးပြီး ကျုပ် ကို ပေးလိုက် ”
အဲဒါ နဲ့ ပဲ အုန်းနှဲတောသားတွေ ဟာ ကိုဖိုးထီ ကို ပိုက်ဆံတွေ အသီးသီး ပေးကြပြီး ချဲထိုး ခိုင်းကြ တယ် ။ ၄၈၆ ဆိုတဲ့ ဂဏန်း နဲ့ သူရဲ့ ပတ်လည် ဂဏန်း တွေ ကိုပေါ့ ။ ကိုဖိုးထီ က သူ့ ဗလာစာအုပ် ထဲ မှာ လူ နာမည် နဲ့ ငွေပမာဏ ကို တွဲပြီး တော့ မှတ်ထားတယ် ။ ဘိုးဘိုးကြီး ကို ဆက်တဲ့ ဘဲဥပြုတ် သုံးလုံး ပေါ် က ဂဏန်းတွေ နဲ့ ပတ်သက်ပြီး ဆင်းရဲတဲ့ အိမ်ကလေးတွေ ပါ မကျန် မျှော်လင့်ချက်တွေ နဲ့ သက်ဝင် လှုပ်ရှားနေတယ် ။ ချဲ ထိုးစရာ ငွေ မရှိလို့ တချို့ အိမ်တွေ က ထမင်းချက် တဲ့ ဒန်အိုး ကို ပေါင်ပြီးတော့ ထိုးတယ် ။ တချို့က ကြမ်းခင်းပျဉ်ချပ် တွေ ခွာတယ် ။ ထင်း သာသာ ဈေး နဲ့ ရောင်းပြီး ထိုးတယ် ။ တချို့က ရေချိုးတဲ့ စဉ့်အိုး ကို ပေါင် ထိုးတယ် ။ တချို့ အိမ်တွေ က အင်္ကျီ အဝတ်အစား ခတ်လတ်လတ်တွေ ကို ပေါင်ရောင်း တယ် ။ ထမင်းအိုး ပေါင် ထိုးတဲ့ အိမ်တွေ က မပေါင်တဲ့ အိမ် က အိုး ကို ငှားပြီး အလှည့်ကျ စနစ် နဲ့ ချက်ကြ တယ် ။ ရေချိုးစရာ အိုး မရှိတဲ့ အိမ်တွေ က ရေကန် သွားပြီး အဝတ်လျှော် ရေချိုးကြတယ် ။ ပျဉ်ချပ်တွေ ခွာရောင်းတဲ့ အိမ်တွေ က ကောက်ရိုးတွေ ခင်းပြီး အိပ် ကြတယ် ။ ဒါပေမဲ့ သူတို့ အားလုံးရဲ့ စိတ် ထဲ မှာ ဒီ ပြဿနာတွေ ဟာ ချဲထွက် တဲ့ နေ့ ကို ရောက်ရင် အလိုလို ပြေလည် သွားမှာပဲလို့ ကို ယုံကြည် နေကြတယ် ။ ဘိုးဘိုးကြီး ရဲ့ တန်ခိုး နဲ့ ဆင်းရဲတွင်း ကနေ လွတ်လမ်း ပေါ်ပြီ လို့ ထင်မှတ် နေကြတယ် ။ သည် ရက်ပိုင်း အတွင်း အုန်းနှဲတော ရွာသားတိုင်း လိုလို နဂါးနီ သီချင်း ကို ညည်း နေကြတယ် ။
“ ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင် ပါမည် ရတနာခုနှစ်သွယ် တကယ်ပင် စုံညီ တို့အမျိုးသား တိုင်းပြည် ”
“ လေးရှစ်ခြောက် ဆိုတော့ သူဌေးဖြစ်ပေါက် ကွ ”
ဆိုပြီး နဘေကာရန် ယူနေတဲ့ သူတွေ က လည်း ရှိသေးတယ် ။
••••• ••••• •••••
( ၃ )
တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်မှာ မောင်ကို တစ်ယောက် စိတ်ညစ် နေတယ် ။ သူများတွေ ချဲထိုး နေတဲ့ အချိန်မှာ သူ့ မှာ ထိုးစရာ ပိုက်ဆံ ကလည်း တစ်ပြား မှ မရှိဘူး ။ ချဲ ထိုးချင်စိတ် ကလည်း ငယ်ထိပ် ကို ရောက်နေတယ် ။ မောင်ကို က ဒီ ရွာသား မဟုတ်ဘူး ။ မြောက်ဘက် နှစ်မိုင် လောက် ဝေးတဲ့ ဇီးဖြူပင် ရွာသား ။ ရွာဦးကျောင်း ဆရာတော် ဦးဝါယမ ရဲ့ တူတော်တယ် ။ အစက ဘုန်းကြီးကျောင်း မှာ ကပ္ပိယ သဘောမျိုး နဲ့ နေပေမယ့် ညနေတိုင်း လိုလို ဆွမ်းစားကျောင်း နောက်က ထင်းပုံ ထဲ မှာ အရက်ပုလင်း ဝှက်ထားပြီး အရက်ခိုးခိုး သောက်လို့ ဆရာတော် က သူ့ ကျောင်း မှာ လက်မခံတော့ဘူး ။ ဒီတော့ သူ့ ရွာ ကိုလည်း မပြန်ဖြစ် တော့ဘဲ ရွာပြင် မှာ တဲကလေး တစ်လုံး ထိုးပြီး အုန်းနှဲတော မှာပဲ သောင်တင် နေတယ် ။ အသက် က တော့ သုံးဆယ် စွန်းစွန်း ရှိပြီ ။ သူ ကိုယ်တိုင်ကလည်း ဘယ် မိန်းကလေး ကို မှ စိတ်မဝင်စား သလို ဘယ် မိန်းကလေး ကမှ လည်း သူ့ ကို စိတ်မဝင်စားဘူး ။
မောင်ကို ရဲ့ အလုပ်အကိုင် ကတော့ ဘောက် လုပ်တာပဲ ။ မည်မည်ရရ ပြစရာ မရှိဘူး ။ မြေကြီး ပေါက်တယ် ။ ငါးမြွေထိုး ချိတ်တယ် ။ ကိုင်းထောင် တယ် ။ ယာဉ်တွန်းတယ် ။ ထင်း ပေါက်တယ် ။ သစ်ပင် ခုတ်တယ် ။ စပါးရိတ် ချိန် ကျရင် စပါးအငှား ရိတ် တယ် ။ ဟိုအိမ် သည်အိမ် က တောက်တိုမည်ရတွေ ခေါ်ခိုင်း လို့ ပြီးတိုင်း ထမင်းကျွေး တာမို့ ထမင်း က တော့ မငတ်ဘူး ။ ဒါပေမဲ့ ရသမျှ ပိုက်ဆံ အရည်ဖျော်ပစ် နေတာမို့ သူ့ လက်ထဲမှာ ငွေပို ငွေလျှံ ဆိုလို့ ခြူး တစ်ပြား မှ မရှိဘူး ။ တစ်ခါတလေ ညနေဘက် ထမင်း စားစရာ မရှိတဲ့အဆုံး ဘုန်းကြီးကျောင်း တက်ပြီး ဟင်းပေါင်း တက် နှိုက်သေးတယ် ။
နောက်ဆုံး ဦးနှောက် ကို မီးပွင့်မတတ် စဉ်းစား လိုက်တော့မှ ကိုဖိုးထီ အိမ်မှာ သူ ထင်းပေါက် ပေးခဲ့ တုန်း က ကိုဖိုးထီ စွန့်ကြဲပေးကမ်းခဲ့တဲ့ တစ်ပတ်ရစ် ခပ်လတ်လတ် ချည်ပုဆိုး တစ်ထည် ကို သွားပြီး သတိရလိုက်တယ် ။ ပုဆိုး ပေါင်ပြီး ချဲထိုးမယ် ဆိုတဲ့ စိတ်ကူး နဲ့ ပုဆိုးလေး ကို အသာလိပ် ခါးကြား မှာ ထိုးပြီး ပစ္စည်းအပေါင်ခံ တဲ့ ဒေါ်တရုတ်မ အိမ် ကို ထွက်လာခဲ့တယ် ။
“ ဒေါ်တရုတ်မ ကျုပ် ပစ္စည်းပေါင်ချင်လို့ဗျာ ”
“ အလယ် ကျားသားမိုးကြိုး ၊ နင့် မှာ ပေါင်စရာ ဘာရှိလို့လဲ ”
“ ခင်ဗျား က လည်း ကျုပ် ကို အထင်သေးလိုက်တာ ”
ဆိုပြီး ခါးကြား ထဲ က ပုဆိုး ကို ထုတ်ပြလိုက်တယ် ။
“ နင် ပုဆိုး ပေါင်ပြီး အရက်သောက် မလို့လား ”
“ အရက် သောက်ဖို့ဆို ဘယ် ပေါင်မလဲဗျ ၊ အရက် က ကိုအုန်းသောင်ဖို မှာ အချိန်မရွေး အကြွေး သောက်လို့ ရတယ် ။ အခုဟာ က ကျုပ် ချဲထိုးချင်လို့ ”
ဒေါ်တရုတ်မ က မောင်ကို ရဲ့ ပုဆိုး ကို ကိုင်ကြည့် လိုက်ပြီး -
“ ဟင် နင့် ဟာ က ချည်ပုဆိုး အကြမ်းထည်ကြီး ”
“ ခင်ဗျား ပေးချင် သလောက် သာ ပေးဗျာ ၊ ကျုပ် ချဲ ပေါက်ရင် ချက်ချင်း ပြန်ရွေးမယ် ”
ဒေါ်တရုတ်မ လည်း အကူအညီ လိုတိုင်း မောင်ကို ကို ဟိုဟာ ခေါ်ခိုင်း ဒီဟာ ခေါ်ခိုင်း နေကျမို့လို့ ပိုက်ဆံ နှစ်ဆယ် ပေးပြီး ပုဆိုး ကို ယူထား လိုက်တယ် ။ မောင်ကို လည်း ပိုက်ဆံ နှစ်ဆယ် ယူပြီး ကိုဖိုးထီ ဆီ သွားပြီး ဂဏန်း မှာတယ် ။ သူများတွေ လို ပတ်ခြောက်ကွက် မထိုးတော့ဘဲ လေးရှစ်ခြောက် တည့် တစ်ပေါက် တည်း ကို ပဲ အော ထည့်လိုက်တယ် ။
“ တစ်ချိန်လုံး ကိုအုန်းသောင် ချက် အရက် ပဲ သောက် နေရတာကွာ ။ ချဲ ပေါက် လို့ ကတော့ မြို့တက် ပြီး ရမ်တို့ ၊ ဝီစကီတို့ အမြည်း ကောင်းကောင်း နဲ့ သောက်လိုက်ဦးမယ် ”
ဆိုပြီး စိတ် ထဲ က အားခဲ ထားတယ် ။
••••• ••••• •••••
( ၄ )
တဖြည်းဖြည်း နဲ့ ချဲထွက်မဲ့ နေ့ ကို ရောက်လာတယ် ။ အုန်းနှဲတောသားတွေ လည်း စိတ်လှုပ်ရှား နေကြတယ် ။ ချဲဂဏန်း က ညနေ သုံးနာရီ ပတ်ဝန်းကျင် မှာ ထွက်တာမှန်ပေမယ့် သူတို့ အနေ နဲ့ ချက်ချင်း သိရဦးမှာ မဟုတ်သေးဘူး ။ တချို့အိမ်တွေ မှာ ရေဒီယို ရှိပေမဲ့ ချဲဂဏန်း မဖမ်းတတ်ကြဘူး ။ ကိုဖိုးထီ မြို့ကို စက်ဘီး နဲ့ သွားပြီး စုံစမ်းလို့ ပြန်ရောက်တော့ မှ သိရ မှာ ။ အုန်းနှဲတော နဲ့ အနီးဆုံး မြို့ကလေး က သိပ်ပြီး ဝေးလှတယ် လို့ တော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ မော်တော်ကားလမ်း မရှိဘဲ လှည်းလမ်းမကြောင်း တစ်လျှောက် မှာ စက်ဘီး နင်းရတာ ဆိုတော့ တစ်နာရီ ပျော့ပျော့ ကြာတယ် ။ သည်တော့ ကာ ညနေ လေးနာရီ ထိုးလောက်မှပဲ ဂဏန်း အတိအကျ သိရမှာ ။ ဒီရက်ပိုင်း အတွင်း ဘိုးဘိုးကြီးနတ်ကွန်း မှာ လည်း ဘိလပ်ရည် တွေ ၊ အချိုရည်တွေ ၊ သစ်သီးဝလံတွေ ၊ အမွှေးတိုင် တွေ ၊ ဖယောင်းတိုင်တွေ က အလျှံပယ် ။
နေ့လယ် နာရီပြန် တစ်ချက် လောက် လည်း ရောက်ရော ကိုဖိုးထီ တစ်ယောက် ချဲဂဏန်း စုံစမ်းဖို့ စက်ဘီး နင်းပြီး မြို့ကို ထွက်သွားတယ် ။ အုန်းနှဲတော သားတွေ က ကိုဖိုးထီ ရဲ့ အပြန်လမ်း ကို မျှော်လင့်ချက် ကြီးကြီးမားမား နဲ့ စောင့်မျှော် နေကြတယ် ။ ရွာအဝင် လမ်း ကုက္ကိုကြီး ရဲ့ အောက်မှာ ကို လူစုလူဝေး နဲ့ စောင့်မျှော် နေကြတယ် ။ မိန်းမတွေ ကတော့ အိမ် မှာ နေ ပြီးတော့ပဲ ပေါက်ဂဏန်း ကို နားစွင့်နေကြတယ် ။ ညနေသုံးနာရီ လည်း ထိုးရော စောင့်တဲ့ သူတွေ ငြိမ်ငြိမ် မနေနိုင် ကြတော့ဘူး ။ ရွစိရွစိ ဖြစ်နေကြပြီ ။ ချဲဂဏန်း ဘာထွက်သလဲ ဆိုတာကို သိချင်စိတ် က အထွတ်အထိပ် ရောက် နေကြပြီ ။ စောင့်စားနေတဲ့ သူတွေ ထဲ မှာ ဘကြီးအောင်တင် လည်း ပါတယ် ။ ထမင်းအိုးပေါင် ထိုး တဲ့ ကိုသောင်းစိန် လည်း ပါတယ် ။ အဝတ်အစား ပေါင်ထိုးတဲ့ မောင်ကို လည်း ပါတယ် ။ ပျဉ်ချပ်ခွာ ရောင်းတဲ့ ကိုတင်ဦး လည်း ပါတယ် ။ စဉ့်အိုးပေါင်ထိုး တဲ့ ကိုလှရွှေ လည်း ပါတယ် ။ သူတို့ အားလုံးရဲ့ မျက်ဝန်းတွေ က ကိုဖိုးထီ ပြန်အလာ ကို ပဲ မမှိတ်မသုန် ကြည့်နေကြတယ် ။ ဒါပေမဲ့ ညနေလေးနာရီ ထိုးတဲ့ တိုင် ကိုဖိုးထီ က ပေါ်မလာသေးဘူး ။ ဆောင်းတွင်း ဘက် ဆိုတော့ ကောင်းကင် မှာ လည်း တိမ်ကြက်ဥတွေ ထွန်းနေပြီး နေ ကလည်း တော်တော် စောင်းနေပြီ ။
“ နေတောင် စောင်းနေပြီကွ ။ မောင်ဖိုးထီ အခု ထက်ထိ ပေါ်မလာသေးဘူး ”
ဆိုပြီး ဘကြီးအောင်တင် က ရေရွတ်လိုက်တယ် ။
“ ဟုတ်တယ် ဘကြီးရေ ၊ ကိုဖိုးထီ ဘာများဖြစ် လို့ပါလိမ့် ”
ဆိုပြီး ကိုသောင်းစိန် က ထောက်ခံလိုက်တယ် ။ အဲဒီ အချိန်မှာ မောင်ကို က -
“ ကျုပ် အထင်တော့ ကိုဖိုးထီ ချဲ ပေါက်လို့ ပိုက်ဆံတွေ ယူ ပြီး ထွက်ပြေး သွားပြီလား မသိဘူး ”
ကိုသောင်းစိန် က မောင်ကို ရဲ့ ပခုံး ကို ဆုပ် လိုက်ပြီး
“ မောင်ကို ကလည်းကွာ ၊ သူ မလုပ်ရဲပါဘူး ။ ချဲ က ဒီနေ့ ပေါက် ရင် ချက်ချင်း လျော်တာ မှ မဟုတ် တာ ။ နောက်ပြီး တကယ်လို့များ တို့ ငွေ တွေ ယူပြီး သူ ထွက်ပြေး ကြည့်ပါလား ။ သူ့ ဈေးဆိုင် ကို မြေလှန် ပစ်လိုက်မှာပေါ့ကွ ”
လို့ ကိုသောင်းစိန် က ခပ်ငေါက်ငေါက် လေသံ နဲ့ ပြောလိုက်တယ် ။
ကိုဖိုးထီ က လည်း ပေါ် မလာသေးဘူး ။ စောင့်စား နေကြတဲ့ သူတွေ ကလည်း ဇွဲကောင်းကောင်း နဲ့ စောင့်စား နေကြတုန်း ။ အမှောင်ထု က လည်း လောကကြီး ကို ခပ်ပါးပါး လွှမ်းခြုံချင်လာပြီ ။
“ ဟာ ဟာ ဟိုမှာ ကိုဖိုးဆီ ပြန်လာပြီဟေ့ ”
ဆိုပြီး မောင်ကို က လက်ညှိုး ညွှန် လိုက်တော့ အကုန်လုံး ရဲ့ အကြည့်တွေ က မောင်ကို လက်ညှိုး ညွန်တဲ့ ဆီ ကို ရောက်သွား ကြတယ် ။ လူ တစ်ယောက် စက်ဘီး နင်း ပြီး ပြန်လာတာ ကို ညီအစ်ကို မသိတသိ အလင်းရောင် အောက် မှာ တွေ့လိုက်ရတယ် ။
“ ဟာ ဟုတ်တယ်ဟေ့ ကိုဖိုးထီ ပြန်လာပြီ ”
ဆိုပြီး ကိုသောင်းစိန် က အော်လိုက်တယ် ။ သူ ရဲ့ လေသံ ကလည်း တက်ကြွ နေတယ် ။ ကွမ်းတစ်ယာ ညက် လောက် အချိန်မှာပဲ ကိုဖိုးထီ တစ်ယောက် သူတို့ ရဲ့ မျက်စိ ရှေ့ ကို ရောက် လာတယ် ။ ကိုဖိုးထီ ရဲ့ မျက်နှာရိပ် မျက်နှာကဲ ကို ဝိုင်းပြီးတော့ အကဲခတ် လိုက် ကြတဲ့ အခါမှာ သိပ်ပြီးတော့ အခြေအနေ မကောင်း တော့ဘူး ဆိုတာ တချို့က သဘောပေါက် လိုက်ကြ တယ် ။ ကိုဖိုးထီ ရဲ့ မျက်နှာဟာ ကြည်ကြည်လင်လင် မရှိလို့ဘဲ ။ ကိုဖိုးထီ က စက်ဘီး ကို ဒေါက် ထောက်ပြီး ရပ် လိုက်တယ် ။ သူ့ ပါးစပ် လည်း အရက်နံ့တွေ ထွက်နေတယ် ။
“ ကိုဖိုးထီ ၊ ချဲဂဏန်း ဘာထွက်လဲ ”
ဆိုပြီး အကုန်လုံး က ဝိုင်းအုံ ပြီး အမေး မှာ ကိုဖိုးထီ က တစ်ခွန်းချင်း ဖြေတယ် ။
“ လေး ”
“ ရှစ် ”
အဲဒီ ဂဏန်း ကို ပြောပြီးတဲ့ အခါ လူတွေ ရဲ့ မျက်လုံးတွေ ဟာ အရောင်တွေ လက် သွားကြတယ် ။ ဒါပေမဲ့ ကိုဖိုးထီ က ဆက် ပြောတယ် ။
“ ကိုး ... ပေါက် ဂဏန်း က လေးရှစ်ကိုး ဗျ ။ သွားပါပြီဗျာ ၊ ဒီ တစ်ပတ်တော့ ”
‘ ဟာ ’ ဆိုတဲ့ ကြိတ်မနိုင် ခဲမရ အသံကြီးဟ လူတွေ ဆီ က တညီတညွတ်တည်း ထွက်လာတယ် ။
“ တို့ ထိုးတာ လေးရှစ်ခြောက် ကွာ ။ အခု လေးရှစ်ကိုး ဆိုတော့ နောက်ဆုံး တစ်လုံးပဲ လွဲတယ် ”
“ ခြောက် က တစ်ပတ်လည် သွားတော့ ကိုး ပေါ့ ကွ ။ တို့ဘက် က နည်းနည်းလေး အတိတ်ကောက် တာ လွဲသွားတာ ”
အဲသလို တစ်ယောက် တစ်ပေါက် ပြောနေကြ ရင်း နဲ့ လေသံ တွေ လည်း တဖြည်းဖြည်း တိုးသွားပြီး နောက်ဆုံးမတော့ လူစု ကွဲ ပြီး ကိုယ့် အိမ် ကိုယ် ပြန် သွားကြတယ် ။
ကြီးမဖွားမှီ လည်း လည် တဆန့်ဆန့် နဲ့ ဘကြီးအောင်တင် ရဲ့ အပြန် ကို စောင့်မျှော် နေတယ် ။ ခေါင်းငိုက်စိုက် နဲ့ ပြန်လာတဲ့ ဘကြီးအောင်တင် ကို လည်း မြင် လိုက်ရော ချက်ချင်းပဲ ပျာပျာသလဲ မေး လိုက်တယ် ။
“ ဘာဂဏန်း ထွက်သွားလဲ ”
“ လေးရှစ်ကိုး တဲ့ မဖွားမှီ ရာ ”
လို့လည်း ပြော လိုက်ရော -
‘ ဟောတော့ ’ ဆိုတဲ့ အာမေဋိတ်အသံ နဲ့ အတူ လက် ထဲ က ပြောင်းဖူးဖက် ဆေးလိပ်ကြီး မြေကြီး ပေါ် ကို လွတ်ကျ သွားတယ် ။ နောက်တစ်နေ့ အတွက် မုန့်စိမ်းပေါင်း လုပ်ချင်တဲ့ စိတ် လည်း ကုန်ခန်း သွားတယ် ။
••••• ••••• •••••
( ၅ )
အဲသည်နေ့ ည က အုန်းနှဲကုန်းရွာ ဟာ ခါတိုင်းတွေ ထက် ပိုပြီးတော့ တိတ်ဆိတ် ခြောက်ကပ် နေတယ် ။ ဆောင်းည လည်း ဖြစ်တာမို့ ရာသီဥတု က လည်း အေး တယ် ။ အဲဒီ အေးစက် တိတ်ဆိတ်တဲ့ ည ကိုပဲ ဖောက်ထွင်းပြီး ထွက်ပေါ်လာလာတာ က မောင်ကို ရဲ့ အသံ ။ မောင်ကို အရက်မူး ပြီး ရွာရိုးကိုးပေါက် လျှောက် အော် နေတယ် ။
“ လေးရှစ်ခြောက် ထိုးမိ မှ တော့ သူဌေးဖြစ် ပေါက် မဟုတ်ဘူး ။ ခွေး ဖြစ်ပေါက်ပေါ့ကွ ။ ပုဆိုး နဲ ပေါင် ထိုးလို့ ဝတ် စရာလည်း မရှိတော့ဘူးကွ ။ မှော်ဘီ ခေါက်ဆွဲ ဆိုတာ တော်ပြီ သောက်ချဲ လို့ပြောတာ ”
ဆိုပြီး ပေါက်ကွဲ နေတာ ။ တစ်ရွာလုံး က လည်း မောင်ကို ရဲ့ အဖြစ်ကို ကိုယ်ချင်းစာ ပြီး ပြောချင်ရာ ပြော ဆိုပြီး လွှတ်ထားကြတယ် ။ ည ရှစ်နာရီ ထိုးလောက် က အော် လိုက်တာ ဆယ်နာရီ ထိုး လောက် ရောက်တော့မှ ငြိမ် သွားတယ် ။
••••• ••••• •••••
( ၆ )
နောက် တစ်နေ့ မနက် လည်း ရောက်ရော ရွာတော်ရှင် ဘိုးဘိုးကြီး ရဲ့ ခါး မှာ ပုဆိုး မရှိတော့ဘူး ။ ခိုးတဲ့ သူ က အင်္ကျီ ကို ထားခဲ့ပြီး ပုဆိုး ကို ပဲ ရွေး ခိုးသွား တယ် ။ ဘိုးဘိုးကြီး လည်း အရှက် မလုံတော့ဘူး ဖြစ်နေတယ် ။ ဘိုးဘိုးကြီး တန်ခိုး ရှိ ပေမယ့် ပုဆိုး မရှိဘူး ဖြစ်နေတယ် ။ ကင်းစောင့်တဲ့ သူတွေ ကလည်း သူတို့ မသိလိုက်ဘူး ။ မောင်ကို ပဲ နတ်ကွန်း ရှေ့မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက်နေတယ် လို့ ပဲ ပြောကြတယ် ။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး ရွာ က တာဝန်ရှိတဲ့ လူကြီးတွေ က သံသယ ဖြစ်စရာ ကောင်းတဲ့ မောင်ကို ကို ခေါ်မေး တယ် ။ မောင်ကို အရက်မူး ပြီး ပြောတဲ့ စကားတွေ က သူ့ ကို တရားခံ အဖြစ် ညွှန်ပြ နေတယ် ။ ဒါပေမဲ့ မောင်ကို က သူ မခိုးပါဘူးလို့ အမျိုးမျိုး ကျိန်တွယ်ပြီး ပြောတယ် ။
“ ကျွန်တော် မခိုးရပါဘူးဗျာ ။ ဘိုးဘိုးကြီး ကို ကျွန်တော် စိတ် နဲ့ တောင် မပြစ်မှားရဲ တဲ့ ဟာ ဘယ်လို လုပ်ပြီး ပုဆိုး ကို ခိုးရဲပါ့မလဲ ။ သွေး အန်ပြီး သေရပါ ရဲ့ဗျာ ။ မိုးကြိုးပစ် ၊ မြွေကိုက်ပြီး သေရပါစေရဲ့ ။ ကျွန်တော် မခိုးရပါဘူး ”
ဆိုပြီး အကြောက်အကန် ငြင်း တယ် ။
နောက်ဆုံးကျတော့ မောင်ကို က လည်း ဝန်မခံ ၊ ပစ္စည်းသက်သေ ၊ လူသက်သေ က လည်း မရှိတာ ကြောင့် ပြန် ပဲ လွှတ်ပေးရလိုက်တယ် ။ မောင်ကို့ ကို တစ်ခုခု လုပ်မယ် ကြံ ရင်တောင် ဆရာတော် မျက်နှာ ကို ထောက် ရသေးတယ် ။ ခွေး ရိုက်ချင်ပေမယ့် ခွေးရှင် မျက်နှာ ကို ကြည့်ရသေးတာကိုး ။ ဘကြီးအောင်တင် က “ ဘိုးဘိုးကြီး ခင်ဗျား ၊ အမိုက်အမဲလေးတွေ မသိလို့ ကျူးလွန်မိတာပါ ။ ဗွေ မယူပါ နဲ့ ခင်ဗျား ” လို့ တောင်းပန်ရှာတယ် ။ သူ့ မှာရှိတဲ့ ပုဆိုးအသစ် တစ်ထည် ကို လည်း ဘိုးဘိုးကြီး အရှက် လုံအောင် လှူဒါန်းဆက်ကပ် ဆင်မြန်း ပေးလိုက်ရတယ် ။ ဒါပေမဲ့ သူ လှူတဲ့ ပုဆိုး က အရင်ပုဆိုး လို အနက်ကွက်ကြီး တော့ မဟုတ်ဘူးပေါ့ ။
ပြောစရာ တစ်ခု ရှိတာကတော့ နောက် တစ်လ လောက် ကြာတဲ့ အခါမှာ မောင်ကို ချောင်းကမ်းစပ် မှာ ငါးမြွေထိုး ချိတ်ရင်း ဂျပ်မြွေ ကိုက်ပြီး သေတယ် ။ ဆေးတောင် မမီလိုက်ဘူး ။ မောင်ကို သေတော့ မှ ဘိုးဘိုးကြီး ရဲ့ ပုဆိုး ခိုးတာ မောင်ကို သေချာတယ် ။ ဘိုးဘိုးကြီး ကို ပစ်မှားလို့ မြွေ ကိုက် သေတာ လို့လည်း အုန်းနှဲတော ညီလာခံ က ဆုံးဖြတ် ကြတယ် ။ တချို့ လည်း မောင်ကို ကို ကိုက်တာ ဂျက်မြွေ မဟုတ်ဘူး ။ နတ်မြွေ တဲ့ ။ တန်ခိုး ရှိတဲ့ ဘိုးဘိုးကြီး ကို ပုဆိုး မရှိအောင် လုပ်လို့ ဘိုးဘိုးကြီး ရဲ့ သက်တော်စောင့် နတ် မြွေကြီး က ဆုံးမ လိုက်တာ လို့လည်း အမျိုးမျိုး အဖုံဖုံ ပြောဆို နေကြလေရဲ့ ။
⎕ နိုင်မြင့်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၂၀၁၂
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment