❝ ဂွတ်ရှယ်ကြီး လည်း မဟုတ်သော
ပေါပေါလေး လည်း မဟုတ်သော ❞
“ ဟာ ဟုတ်ကြီး ရောက်လာတာနဲ့ အတော်ပဲ ၊ ဒီမှာ ကျွန်တော် တို့ တိုင်ပင် နေကြတာ ၊ ဆုံးဖြတ် လို့ မရဘဲ ဖြစ်နေတယ်ဗျာ ”
“ ဘာများလဲကွာ တစ်ပဲခြောက်ပြား နဲ့ တော့ အကြံဉာဏ် မပေးနိုင်ဘူး ကိုယ့်လူ ”
“ တန်ဖိုး ထားပါတယ် ဟုတ်ကြီး ရယ် ၊ ဒါပြီးရင် ဝိုင်းစူ ဖို့ အသင့် ပြင်ထားပါတယ်ဗျာ ”
“ ကဲပြော ”
“ ဒီလိုပေါ့ ဟုတ်ကြီး ၊ သူ က ပေါင်မုန့် ၊ ကိတ်မုန့် မုန့်မျိုးစုံ ဖုတ်ရောင်းတယ် ၊ သူ က စားပွဲ ၊ ကု,လားထိုင် ၊ အိမ်ထောင်ပရိဘောဂ လုပ် ရောင်းတယ် ၊ သူ က တော့ လက်ဖက်ရည်ဆိုင် ”
“ လိုရင်းတိုရှင်း ပြောကြကွာ ၊ အချိန် က ရွှေ ထက် အဖိုးတန်တယ်ကွ ”
“ ဟုတ်ကဲ့ ဒီလိုပါ အခု ဆွေးနွေးတိုင်ပင် နေကြတာက ဘယ်လို အဆင့် ထုတ်လုပ် ရောင်းချရမလဲ ဆို တဲ့ အချက်ပါပဲ ”
“ ဒါလေးများကွာ ”
“ လုပ်စမ်းပါဦး ဟုတ်ကြီး ”
“ ဒါ အသာထား ဝိုင်း အရင် စူမယ်ကွာ ၊ ငါ့ မှာ ဘလက်လေဘယ် တစ်လုံး ပါလာတယ် ”
“ အမယ် တယ် ဟုတ်လိုက်ပါလား ”
“ အထင် မကြီးနဲ့ဦးဟ ၊ စင်ကာပူ က ပြန်လာတဲ့ တူတော်မောင် တစ်ယောက် က လက်ဆောင် ပေးထား တာကွ ၊ အဲဒါ အဖော် မရှိလို့ မင်း ဆီ လာခဲ့တာ ”
ဘလက်လေဘယ် အသံ ကြား လိုက်တာ နဲ့ ဗိုက် ထဲ က တဂွီဂွီ မြည် လာပြီ ။
ဩော် မောင်ချမ်းသာ တို့ များ သည်ဘက် မှာ တယ်ပြီး အားသန်သကိုး ။
“ အဆင်သင့်ပဲ ဟုတ်ကြီး ရေ ၊ ကျွန်တော်တို့ ဒီနေ့ အလုပ် နားရက် မှာ ဘီယာ သောက်ကြမယ် ဆိုပြီး ချိန်းထားတာ ”
“ အိမ်မှာ တော့ မသောက်ချင်ဘူးကွာ ”
“ စိတ်ချ ဟုတ်ကြီး ၊ အမြည်း ကောင်းကောင်း ရနိုင်တဲ့ ဆိုင်ကိုပဲ သွားကြမှာပါ ”
ဤသို့ဖြင့် ကျွန်တော်တို့ လူစု ဆိုင် ကို ချီတက်ကြလေကုန်၏ ။
“ ကဲ ဆို မင်း မုန့်ဖုတ်တဲ့ အလုပ် အခြေအနေ ”
မုန့်မျိုးစုံ ဖုတ်ရောင်း နေသော ကိုရွှေမောင်ကြီး က ရှေးဦးစွာ အစီရင်ခံစာ တင်သွင်းလေ၏ ။
“ ပြောပါဦး လက်ဖက်ရည်ဆိုင် ရောင်းအား ”
“ ဟုတ်ပြီ ဟုတ်ပြီ ”
ဦးဟုတ်လျန် ဆီ မှာ အင်တာဗျူး ဝင်ရတာက လွယ်တာ မဟုတ်ဘူးဗျာ ။ မသိဘဲ ၊ မတတ်ဘဲ ၊ မလုပ် တတ်ဘဲ စွတ်ဖြီး လို့ မရဘူး ။ သည် လူကြီး က တစ်ကယ့် အိုးဆားဗစ်ကြီး ။
“ တို့ အောင်လံ မှာ ဂျုံ ကို အရင်း ခံပြီး မုန့်လုပ် ရောင်းစား နေကြတဲ့ လူတွေ အများကြီးပဲနော် ”
“ ဟုတ်ကဲ့ ”
“ ဘယ်သူ အရောင်းရဆုံးလဲ ”
“ ပိန်ပိန်တို့ ပါ ဟုတ်ကြီး ”
“ အေး ဟုတ်ပြီ လက်ဖက်ရည်ဆိုင် ဘက် လှည့်ကြည့်ရအောင် ”
ဟုတ်ကြီး က ဘဲကင် ကို ဖဲ့ လိုက်၏ ။ ကျွန်တော် က မာကာ လုပ်၍ သူ့ ဖန်ခွက် ထဲ ဝီစကီ ငှဲ့ ပေး ပြီး ၊ ဆော်ဒါ ပါ ရောပေးလိုက်၏ ။
အကြံကောင်း တစ်ချက် အတွက် သည်လောက်တော့ အလိုက် သိရပေလိမ့်မည် ။
“ ဟေး လက်ဖက်ရည်ဆိုင်တွေ ထဲ မှာ ချိုချို တို့ ဆိုင် အရောင်းရဆုံးပဲ ဟုတ်ကြီး ”
“ အဲဒါ မင်းတို့ ကို ငါ ပေးမယ့် အဖြေ ပဲ ကွ ”
“ ဟင် ဟုတ်ကြီး အဲသလိုတော့ မလုပ်နဲ့ဗျာ ၊ ရှင်းအောင်တော့ လင်းပါဦးဗျာ ”
“ ရှင်း နေတာပဲကွာ မင်းတို့ က လဲ ”
“ အမှန်အတိုင်း ပြောရရင် ငါ ဒီဟာ ကို အလွန် ပြောခဲတယ်ကွ ၊ အခုတော့ အသက် က လဲ ကြီးပြီ ၊ သေခါလဲ နီးပြီ ဆိုတော့ မင်းတို့လေးတွေ ကောင်းစားပါစေတော့လို့ ”
“ ဟုတ်ကဲ့ပါ ဟုတ်ကြီး ”
“ မှတ်ထားကြကွ ”
“ ဟုတ်ကဲ့ ”
“ အစားအစာ ပဲ လုပ်လုပ် ၊ လူသုံးကုန်ပစ္စည်း ပဲ လုပ်လုပ် ၊ အရမ်း တန်ဖိုးကြီး ၊ အရမ်း အကောင်းစားကြီး ၊ အရမ်း စပယ်ရှယ်ကြီး လုပ် ရောင်း စားရင် လူအများစု လက်လှမ်း မမီတော့ဘူးကွ ၊ လက်လှမ်း မမီတော့ မဝယ်နိုင်ကြတော့ ဘာဖြစ်လဲ ”
“ ဟား ဟား မရောင်းရဘူးပေါ့ကွာ ”
“ အေး အရမ်း အညံ့စားကြီး အရမ်း အပေါစားကြီး လုပ် ရောင်းစားပြန်တော့လဲ ”
“ ဟုတ်ကဲ့ ”
“ အပေါစား ဆန်လွန်းတော့ လူ တွေ က အထင် သေးပြီး အားမပေးကြတော့ဘူး ”
“ အရမ်း အကောင်းစားကြီး လဲ မဟုတ် ၊ အရမ်း အပေါစားကြီး လဲ မဟုတ်တဲ့ လူအများ လက်လှမ်း မီတဲ့ လူအများ လက်ခံနိုင်တဲ့ အဆင့် ကို ထုတ်လုပ် ရောင်းစားကြကွာ ”
“ ဒါဆို မင်းတို့ သူဌေး ဖြစ်ပြီ ”
“ ကောင်းပါလေ့ ဟုတ်ကြီးရယ် ”
အများ လက်ခံနိုင်တဲ့ အဆင့် ၊ အများ လက်လှမ်းမီတဲ့ အဆင့် ။
ကျေးဇူးပဲ ဟုတ်ကြီးရေ မသေနဲ့ဦး ဗျာ ၊ ခင်ဗျား ဆီ က ရသမျှ နှိုက်ရဦးမှာ ။
▢ မောင်ချမ်းသာ
📖 ကုမုဒြာ ဂျာနယ်
၁၆ ဒီဇင်ဘာ ၂၀၀၅
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment