❝ သန်လျင်း ပေါ် မှ ဘော်ကြယ်များ ❞
━━━━━━━━━━━━━━
မြတ်သင်း
━━━━━━━━━━━━━━
( ၁ )
သင်းအောင် သည် ရင်စို့ခန့် မြင့်သော စပါးပင်များ အကြားရှိ ညိုဝါဝါ ကန်သင်းရိုး တလျှောက် ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့၏ ။ ထိကရုံးပင်များ သည် သင်းအောင် ၏ ခြေထောက် ဖြင့် ခတ်လိုက်မိတိုင်း ဝိညဉ် နုတ်ယူခြင်း ခံရသော နတ်ဝင်သည် များ သဖွယ် ယိမ်းယိုင် ခွေလဲသွားကြ၏ ။ ပုစွန်ကျစ်စာခဲများ ကို မကြာခဏ တက်နင်း မိသည် ၊ ဖားတလက်ကလေး တစ်ကောင် သည် သင်းအောင် ကို မြင်သည် နှင့် လယ်ကွက် ထဲသို့ ထိတ်လန့်စွာ ခုန်ချ လိုက်ပြီး စပါးပင် များ အကြားတွင် ပုန်းကွယ်လျက် ရှိလေသည် ။
မြောင်းသွယ်လေး နှင့် နီးလာသောကြောင့် ကန်သင်းရိုး ပေါ်တွင် ပန်းတော်ညို မြက်ပင်များ ထူထပ်လာ၏ ။ မြက်ပင်များ သည် နှင်းတို့ဖြင့် စွတ်စိုလျက် ရှိသည် ။ သင်းအောင် သည် ကလေးဘဝ က အတွေ့အကြုံများ ကို လွမ်းဆွတ်လာမိ သဖြင့် ဖိနပ်များ ကို ချွတ်ကိုင် လိုက်၏ ။ နှင်းဆမ်း ထားသော မြက်ပင်စုများ ပေါ်၌ ဗလာ ခြေထောက် များဖြင့် နင်းလျှောက် သွားရသည် မှာ အရသာ ရှိလှ၏ ။ သင်းအောင် ၏ ပုဆိုး အောက်နားပိုင်းသည် နှင်းရည်တို့ဖြင့် စွတ်စို အေးမြလျက် ရှိ၏ ။ ကန်သင်း ဘေးရှိ မြက်ပင်ထိပ်ဖျား များတွင် ပင့်ကူအိမ်များ ဖြန့်ကျက်လျက် ရှိသည် ။ ယင်း ပင့်ကူအိမ်များ ပေါ်တွင် ဆီးနှင်းပေါက်များ တင်ကျန်လျက်ရှိရာ ဘော်ငွေရောင် ကြိုးတံတားငယ်များ နှင့်ပင် တူသေးတော့၏ ။
ကောက်သစ်ရနံ့များ ကို နံနက် လေပြည် ထဲတွင် တစ်ဝကြီး ရှူရှိုက်ရ၏ ။ အနောက် မိုးကုတ်စက်ဝိုင်း ၌ ယပ်တောင်ပုံ တိမ်တိုက် အချို့ ကို တွေ့မြင်ရ၏ ။ တိမ်တိုက် တို့သည် ကျောက်ချထားသော ရွက်သင်္ဘောကြီးများ သဖွယ် ငြိမ်သက်လျက် ရှိကြ၏ ။
လယ်ကွက်များ အဆုံးတွင် ကား မြောင်းသွယ်လေး တစ်ခု သည် နှေးကွေးစွာ စီးဆင်းလျက် ရှိလေသည် ။ အောက်ရေ လွှတ်ချိန် ဖြစ်သဖြင့် မြောင်းရေ သည် ပြာလဲ့ကြည်လင်လျက် ရှိ၏ ။ မြောင်းရိုး ပေါ်၌ ကြွက်သား အဖုအထစ် များစွာ တို့ဖြင့် ခွန်အား ကြီးမားလှသော လက်ပံပင်ကြီး သည် ထီးထီး ရပ်လျက်ရှိ၏ ။ ဤ လက်ပံပင်ကြီး အောက်သို့ သင်းအောင် မရောက်သည် မှာ နှစ်ကာလများစွာ ကြာခဲ့ ချေပြီ ၊ သင်းအောင် သည် လက်ပံပင်ကြီး ၏ ပင်စည် မှ အမြှောင်းမြှောင်း ထ နေသော အပွေးဖုကြီးများ ကို မြတ်နိုး ယုယစွာ ပွတ်သပ်နေမိ၏ ။
“ ဟဲ့ ... သင်းအောင် ”
ခေါ်သံ ကြားသဖြင့် သင်းအောင် နောက်သို့ လှည့်ကြည့် လိုက်သည် ။ ဈေးတောင်း ပက်ပက်ကြီး ကို ရွက်ထားသော မကြည်မွှေး ကို တွေ့ရ၏ ။
“ နင် ... ကိုအေးလူကြီး သတင်း ကြားလို့ ပြန်လာတာ မဟုတ်လား ”
သင်းအောင် က ခေါင်းညိတ် ပြလိုက်၏ ။
“ နှင်းရီ တို့ ရော မပါဘူးလား ”
“ မပါဘူး မကြည်မွှေး ရဲ့ ၊ ခင်ဗျား ဈေးရောင်း ထွက်တာက လဲ စောလှချည်လား ”
“ နေ မပူခင် ထွက်တော့ လူ သက်သာတာပေါ့ဟယ် ၊ ငါ့ ဈေးတောင်း ကို ခဏ ချပေးစမ်းပါဦး ”
သင်းအောင် သည် မကြည်မွှေး ၏ ခေါင်းထက် မှ ဈေးတောင်း ကို ကူချ ပေးလိုက်၏ ။ မကြည်မွှေး က တလင်းပြောင်ပြောင် တွင် ထိုင် ချ လိုက်ပြီး ခေါင်းခု ဖြင့် မျက်နှာ မှ ချွေးများ ကို သုတ်နေသည် ။
“ ကိုအေးလူ ကတော့ ဒီတောင် ကို ကျော်နိုင်မှာ မဟုတ်တော့ပါဘူး ”
“ ဘယ်လို ဖြစ်တာလဲဗျာ ”
“ အသည်းကင်ဆာ လို့ ပြောတာပဲ ၊ ဆရာဝန် က တော့ သူ့ ရောဂါ ကို သူ မသိရင် တစ်နှစ် လောက် နေရဦးမယ်တဲ့ ၊ သူ့ ရောဂါ ကို သူ သိသွားရင် တော့ နှစ်လ လောက်ပဲ ခံမယ် ပြောတယ် ”
“ အခု ဘယ်မှာလဲ ၊ အိမ်မှာ လား ... ဆေးရုံ မှာ လား ”
“ အိမ်မှာ ထားလဲ ဒီအတိုင်း ထိုင်ကြည့် နေရုံပဲမို့ ဆေးရုံ တင် ထားကြတယ် ၊ ဆေးရုံ မှာ ဆိုတော့ ဆေးသွင်း ဆေးထိုး လုပ်နိုင်သေး တာပေါ့ ”
“ ကျွန်တော့် အစ်ကိုဝမ်းကွဲ တွေ ထဲ မှာ ကိုအေးလူ က သဘော အကောင်းဆုံး ပဲ ၊ သူ့ ကို အစ်ကိုအရင်း လို ချစ်တာ ၊ စိတ်မကောင်းဘူး မကြည်မွှေး ရယ် ”
“ မြောင်း ဟိုဖက် က လယ်တွေ ဟာ သူ့ လယ်တွေပဲ ... လှမ်း ကြည့်လိုက်ပါလား ၊ စပါးတွေများ ကောင်းလိုက်တာ ၊ အိုးပစ် မကွဲဘဲ ၊ လူသေမယ့် နှစ်မို့ ထင်ပါရဲ့ သင်းအောင် ရယ် ”
“ မဆိုင်ပါဘူးဗျာ ၊ အယူ မသီးစမ်းပါနဲ့ ”
ကုက္ကိုရွက်ခြောက်များ မြောင်း ထဲ တွင် ဖောင်ဖွဲ့ မျောပါလာကြ သည် ။ ပေါင်တုတ်ငှက် တစ်ကောင် ၏ စည်းချက်ကျကျ မြည်ကြွေး နေသော အသံ မှ အပ လယ်တော တစ်ခို တွင် တိတ်ဆိတ်လျက် ရှိ၏ ။
“ တစ်နေ့ က ငါ ဆေးရုံ ကို ရောက်သွားတယ် ၊ ကိုအေးလူ က ခုတင် ပေါ်မှာ ပက်လက် လဲနေတယ် ၊ မမြမေ နဲ့ ကလေးတွေ က ခုတင်ဘေး မှာ ရပ်လို့ ၊ ကိုအေးလူ က သူ့ သား အငယ်ဆုံးလေး ကို မေးတယ် ၊ သား ဖေဖေကြီး ကို ချစ်လားတဲ့ ၊ ကလေး က ခေါင်းညိတ် ပြ တော့ ကိုအေးလူ က လေ တစ်ဆို့ဆို့ အသံကြီးနဲ့ မချစ်နဲ့နော် လို့ ပြောရင်း မျက်ရည်တွေ စီးကျလာလိုက်တာဟယ် ... ၊ မမြမေ တော့ တရှုတ်ရှုတ် ငိုတော့တာပဲ ၊ တို့ လည်း မကြည့်ရက်တာ နဲ့ မျက်နှာ လွှဲ ပြီး နေကြရတယ် ”
မကြည်မွှေး ၏ မျက်လုံးအစုံ တို့တွင် မျက်ရည်များ ရစ်ဝဲလျက် ရှိ၏ ။
“ ဒါဆို ကိုအေးလူ သူ့ ရောဂါ ကို သူ သိနေပါပြီ မကြည်မွှေး ရာ ”
နီညိုရောင် ပုစဉ်းလေး တစ်ကောင် သည် ကိုင်းပင်ဖျား တွင် နား နေရာမှ ရုတ်ခြည်း ပျံထွက် သွား၏ ။
သင်းအောင် ရော မကြည်မွှေး ပါ ခရီး ဆက်ရန် အတွက် ပြင်ဆင်ကြသည် ။
( ၂ )
ဝင်လုဆဲ နေရောင် သည် ဆေးရုံ ရှေ့ မြေနီလမ်းလေး ပေါ်သို့ ရှည်လျားသော အရိပ်များကို ကြဲဖြန့် ပေးလျက် ရှိလေသည် ။
ကိုအေးလူ ကား သေရာညောင်စောင်း ၌ လဲလျောင်းလျက် ရှိ လေပြီ ၊ ကိုအေးလူ သည် အရာအားလုံး ကို ဥပက္ခာ ပြုထားသည့် အလား မျက်ခွံမို့မို့များ ကို ပင့်တင်ခြင်း မပြုတော့ချေ ။
တင်းတိတ်မည်းမည်း တို့ ဖုံးလွှမ်းရာ ဖောင်းအစ်သော ပါးပြင် နှစ်ဖက် မှ အပ ကိုအေးလူ ၏ မျက်နှာ တစ်ပြင်လုံး သည် သင်္ကန်းရောင် ကဲ့သို့ ဝင်းဝါလျက်ရှိ၏ ။ ကိုယ်ပေါ်တွင် လွှမ်းခြုံ ထားသော ဖျင်စောင် ၏ အလယ်ပိုင်းသည် ဖောင်း နေသော ဝမ်းဗိုက် ကြောင့် စုန့်စုန့်မို့ လျက် ရှိလေသည် ။
ပလပ်စတစ် ပိုက်ငယ် တစ်ခု သည် ကိုအေးလူ ၏ ဝဲဖက်ပါးပြင် ကို ကျော်ဖြတ်တက်လာပြီး နောက် နှာခေါင်းပေါက် အတွင်း သို့ တွားဝင် သွားလျက်ရှိ၏ ။ စောက်ထိုး ချိတ်ဆွဲ ထားသော ပုလင်းတစ်လုံး မှ လူးလွန့် လျှောဆင်း လာသော ပိုက်တစ်ခု သည် ကိုအေးလူ ၏ လက်ကောက်ဝတ် မှ သွေးပြန်ကြော ကို အစွယ်ချွန်ဖြင့် ပေါက်ကာ မလွတ်တမ်း ခဲထားလျက် ရှိလေသည် ။
သင်းအောင် သည် ကိုအေးလူ ၏ လက်ချောင်းလေးများ ကို ဆုပ်ကိုင်ပြီး အသာအယာ ဖျစ်ညှစ် လိုက်၏ ။
“ ကျွန်တော် ရောက်လာပြီ ကိုအေးလူ ”
သင်းအောင် ၏ အသံ သည် တိုးညင်ပါးလျားလျက် ရှိ၏ ။
“ မောင်သင်းအောင် ရောက်လာပြီ လေ ... ကိုအေးလူ ရဲ့ ၊ ရှင် တွေ့ချင်ချည်ရဲ့ ဆိုတဲ့ ရှင့် အချစ်ဆုံး ညီ ရောက်လာပြီလေ ”
မမြမေ က မငိုမိအောင် ထိန်းဆည်ထားလျက် ဆို့နင့်သော အသံ ဖြင့် ပြော၏ ။ ကိုအေးလူ ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှား လာ၏ ။ သင်းအောင် ၏ လက်ထဲ မှ ကိုအေးလူ ၏ လက်ချောင်းလေးများ တစ်ဆတ်ဆတ် တုံလာကြသည် ။ ညည်းညူခြင်း လော ၊ သက်ပြင်း ချခြင်း လော ၊ မသဲကွဲသော အသံရှည် တစ်ချက် ကို ကြားရ၏ ။
“ ကိုအေးလူ နေကောင်း အောင် နေနော် ၊ ကလေးတွေ အတွက် ဘာမှ အစိုးရိမ်နဲ့ ၊ ကျွန်တော်တို့ အားလုံး တာဝန်ယူ စောင့်ရှောက် သွားမယ် ၊ ဘာမှ မညှိုးငယ်စေရဘူး ”
သင်းအောင် က ကိုအေးလူ နှင့် မျက်နှာချင်း ထိလုမတက် ကိုယ် ကို ညွတ်ကိုင်းရင်း ပြော၏ ။ ကိုအေးလူ ကား တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မပြုတော့ ၊ အငြိမ်သက်ကြီး ငြိမ်သက်လျက် ရှိလေသည် ။
မိမိ ပြောသော စကား တို့ ကို ကိုအေးလူ ကြားသိပါလေစ ၊ ကြားသိနိုင်စွမ်း မရှိတော့သော ကိုအေးလူ ကို ဤစကားစုများ ပြောဆို နေမိခြင်းသည် သူ စိတ်သက်သာရာ ရစေရန် အတွက် ပြောဆိုခြင်း မှ ဟုတ်ရဲ့လား ၊ သေအံ့မူးမူး လူတစ်ယောက် ကို တွေ့ နေပါလျှက် မည်သို့မျှ ပြန်လည် ရှင်သန်အောင် ကူညီနိုင်စွမ်း မရှိခြင်းကြောင့် ဝမ်းနည်း ပြိုကွဲလျက် ရှိသော မိမိ ၏ စိတ် ကို ဆည်တန့် နိုင်ရန် အတွက် မိမိ ကိုယ် မိမိ ပြောဆိုနေခြင်းများ ဖြစ်လေသလား ၊ သင်းအောင် ပင် သံသယ ဝင်နေမိသည် ။
ဆေးရုံ ပေါ် သို့ အေးစက်သော အမှောင်ထုကြီး လွှမ်းခြုံသွား သော အချိန်၌ သင်းအောင် အိမ် သို့ ပြန်လာခဲ့၏ ။
ညဉ့် သည် အုံ့မှိုင်း ငြိမ်သက်လျက်ရှိ၏ ။ ကောင်းကင် တွင် ကား ကြယ်တာရာများ သည် ရွစိရွစိနှင့် လှုပ်ရှားလျက် ရှိကြ၏ ။
ပြတင်း မှ ဝင်ရောက် လာသော လေ သည် နွားကျင်ငယ်နံ့များ ဖြင့် ညစ်ထေးလျက် ရှိ၏ ။ မှန်အိမ် မီးတောက်ကလေး ကား ကြယ်တာရာ တစ်ခု ဆီသို့ လွင့်စဉ် ထွက်ပြေးတော့မည့် အလား ယိမ်းယိုင် လှုပ်ရှားလျက် ရှိလေသည် ။
“ ရှေ့နှစ် ကျ ရင် စိုက်ဖို့ ဆိုပြီး သူ စုထားတဲ့ သစ်စေ့တွေ လေ ”
မမြမေ သည် နံရံမှ ပလိုင်းတစ်လုံး ကို ဖြုတ်ယူလာခဲ့၏ ။ ပလိုင်း ထဲ မှ သစ်စေ့များ သိုမှီထားသော ပုလင်းငယ်တို့ ကို ထုတ်ယူ ပြီး သင်းအောင် ကို ပြသည် ။
ပုလင်း ညိုလေးများ ထဲ တွင် ရှိသော သခင် မဲ့ သွားရှာပြီ ဖြစ်သည့် သစ်စေ့မျိုးစုံတို့သည် ညိုးသွေ့လျက် ရှိကြ၏ ။ သင်းအောင် သည် ပုလင်းတစ်လုံး ကို ကောက်ယူ ကြည့်လိုက်၏ ။ ပြက္ခဒိန် စာရွက်ဟောင်း တစ်ခု ကို လက်ညှိးပြားခန့် အရွယ် ညှပ်ပြီး ပုလင်း တွင် ကပ် ထားသည် ။ ဝါကျင့်ကျင့် စက္ကူ ပေါ်တွင် ခဲတံဖြင့် ရေးထားသည့် “ ဟင်းစားပဲ ” ဟူသော စာလုံး ဝိုင်းဝိုင်းလေးများ သည် လွှင့်ပြယ်ကြတော့မည့်နှယ် မှုန်ဝါးလျက်ရှိ ။ ဤ သစ်စေ့များကို စုဆောင်းခဲ့သော ကိုအေးလူ ကား လက်ဗွေ လို ဝိုက်ကွေးသော ထွန်ရေးကြောင်းငယ် များ ရစ်ခွေလျက်ရှိရာ ယာပြင် မှ နုညက်သော မြေမှုန့်များ အတွင်း သို့ မျိုးစေ့များ ထိုးမြုပ်ရသည့် ပျော်စရာ ကာလ ကို မျှော်မှန်းခဲ့ပေ လိမ့်မည် ။ ကိုအေးလူ ၏ မျက်စိ ထဲ ၌ မြရောင် ဖိတ်လက်သော ဟင်းရွက်ခင်းတို့သည် စိမ်းစိုလျက် ရှိပေလိမ့်မည် ။
နှင်းရည်သောက် ထားသော အညွန့်အငေါက် တို့ ၏ လေ ပြည်ဝယ် နွဲ့ယိမ်းလှုပ်မြူး နေကြဟ န်ကို မြင်ယောင်ခဲ့ပေလိမ့်မည် ။ လေညှို့သဖွယ် ညွှတ်ကွေးသော ဝါးတစ်လက်ကိုင်းများ ပေါ်မှ ပန်းကုံး ပန်းနွယ်များ ပမာ ဆိုင်းရရိုင်း တွဲရရွဲ ဖြာဆင်း နေသည့် ပဲနွယ် စိမ်းစိမ်းများ ကို လည်း မြင်ယောင်ခဲ့ပေလိမ့်မည် ။
ယခုကား ကိုအေးလူ ၏ စိတ်ကူးတို့ သည် နွေကန္တာရ ထဲ မှ တံလှပ်များ သဖွယ် ပျောက်ကွယ် သွားခဲ့လေပြီ ။
ရည်မှန်းချက် တစ်ခု ကို ဦးတည်ဆောင်ရွက်ရင်း သေသွားရတဲ့ ဘဝ ဟာ ဘာရည်မှန်းချက်မှ ထားခွင့် မရတော့ဘဲ အသက်ရှင် နေရ တဲ့ ဘဝ ထက်တော့ အများကြီး မွန်မြတ်ပါတယ် ကိုအေးလူ ရယ် ။
သင်းအောင် သည် ပုလင်းညိုလေး ကို ပလိုင်း ထဲသို့ ယုယစွာ ပြန် ထည့်ထားလိုက်၏ ။
( ၃ )
ည က သင်းအောင် တော်တော် နှင့် အိပ်မပျော် ။ ပြိုကွဲပျံ့လွင့် နေသော စိတ်တို့ကြောင့် ခေါင်း ထဲ တွင် နောက်ကျိ လျက်ရှိ၏ ။ မှေးခနဲ ဖြစ်သွားခိုက် မြင့်မားမက်စောက်သော တောင်ကမ်းပါးယံကြီးများ ဝန်းရံနေသည့် ရေကန်ပြာကြီး ၏ ကမ်းခြေသို့ သင်းအောင် ရောက်သွားသည် ။ ဟိုမှာဖက် ကမ်းစပ်၌ လူရိပ် လိုလို မြင်ရ၏ ။ လူရိပ် သည် ပီပြင်လာတော့ မလို ရှိရာမှ မှုန်ဝါး ဖျော့တော့ သွားကာ တောင်ခိုးများနှင့် ရောယှက်ပျောက်ကွယ် သွားသည် ။ ထိုစဉ်တွင် ဟိုအဝေး ဆီမှ မောဟိုက်နွမ်းလျစွာ ပျံဝဲ ရောက်ရှိလာသော အသံ တစ်သံ ကို ထပ်တလဲလဲ ကြားနေရ၏ ။ တောင်ကမ်းပါးကြီးများ ကို ရိုက်ခတ်လျက် နစ်မြုပ်တိမ်ကော သွားသော ပဲ့တင်သံ သဲ့သဲ့ ကိုလား ၊ ကမ်းခြေ ရင်ခွင် ကို တိုးဝှေ့ နမ်းရှုံ့ပြီး မှ နွမ်းနယ်စွာ ရေပြင် ထဲ သို့ ပြန်လည်ခေါင်းချ သွားရှာကြသော လှိုင်းသူငယ်လေးများ၏ ငိုကြွေး သံလား ၊ အသံ တစ်သံ ကိုကား ထပ်တလဲလဲ ကြားနေရ လေသည် ။
“ သင်းအောင် .. သင်းအောင် ”
“ သင်းအောင် ... သင်းအောင် ”
သင်းအောင် သည် လေးလံနေသော မျက်ခွံများ ကို ပင့်တင် လိုက်၏ ။ ရေနံဆီမီးခွက်ရောင် တွင် ကိုမိုးသီး ၏ အဆီပြန် နေသော မျက်နှာ ကို မြင်ရ၏ ။ ကိုမိုးသီး သည် ကိုအေးလူ ညီအရင်း ဖြစ်၏ ။
“ ထ , တော့လေ ၊ ဆေးရုံ က လာခေါ်နေတယ် ”
ဪ ... နောက်ဆုံးအချိန် ကို ရောက်ခဲ့မှ ကိုး ...
သင်းအောင် ၊ ကိုမိုးသီး နှင့် ဆွေမျိုးတစ်သိုက် တို့ ဆေးရုံ သို့ တိတ်ဆိတ်စွာ ထွက်လာခဲ့ကြသည် ။
ယိမ်းထိုး ယိမ်းထိုး နှင့် ရှေ့က သွား နေသော ကိုမိုးသီး ၏ အင်္ကျီ ဖြူဖြူ ကို ကြယ်ရောင် ပျပျတွင် မြင်နေရသည် ။ မြေနီလမ်း ထဲ မှ ခုံးထ နေသော ဂဝံကျောက်တုံးများ ကို ခြေဦး ဖြင့် ထိုးမိ၏ ။ သင်းအောင် လည်း ယိမ်းထိုး ၊ ယိမ်းထိုး ဖြစ်သွားသည် ။
ဍရင်ကောက် ထနောင်းပင်ကြီး အနီးသို့ ရောက်သောအခါ တွင် အနောက်ဘက် တဲစုများမှ ပျံသန်းလာသော ညဉ့်ငှက် တစ်ကောင် ၏ အမည်းရိပ် ကို မြင်ရ၏ ။ ညဉ့်ငှက် သည် သင်းအောင် တို့ လူစု ၏ ခေါင်းပေါ် တည့်တည့် အရောက် တွင် အသံစူးစူး တစ်ချက်ကို ညှစ်ထုတ် လိုက်၏ ။
လင်ကောင်ပိုးငှက် တစ်ကောင် ပါလား ။
လင်ကောင် ပိုးငှက် ၏ စူးရှသော အသံ သည် သင်းအောင် တို့ ၏ ညှိုးငယ်သော နှလုံးသားများ ကို နက်ရှိုင်းစွာ ကုတ်ခြစ် သွား၏ ။ နာကျည်း ထိတ်လန့်သော မျက်လုံးများ ဖြင့် မော့ကြည့် ဆဲ တွင် လင်ကောင်ပိုးငှက် သည် အရှေ့ဘက် မန်ကျည်းပင်အုပ် အကြား သို့ ပျံဝဲ ပျောက်ကွယ် သွားလေသည် ။
ဓမ္မာရုံ အနီး သို့ ရောက်သော အခါ၌ လင်ကောင်ပိုးငှက် သည် အရှေ့ဘက် မှောင်ရိပ် ထဲ မှ ထွက်ပေါ် လာ ပြန်သည် ။
“ ဂစ် ... ဂစ် ... ဂစ် ... ဂီး ”
ညဉ့်ငှက် သည် သူ ၏ ချွန်မြသော အသံ ကို ဆင့်၍ ဆင့်၍ ညှစ်ထုတ် လိုက်ပြန်၏ ။ လူအုပ် ထဲ မှ နာကျည်းမှု ကို မထိန်းချုပ် နိုင်တော့သော သူ တစ်ဦး ၏ ညည်းတွားသံ သဲ့သဲ့ ပေါ်ထွက်လာ၏ ။ ထို့နောက်တွင် ကား ညဉ့်ငှက် သည် ပို၍ အတင့်ရဲလာ၏ ။ သင်းအောင် တို့ လူစု ရှေ့မှ ဝါးလုံးထိုး ပျံသန်း ရင်း သူ ၏ အသံစူးစူး ကို တရစပ် သွန်ကြဲပစ်ခတ် သွားတော့၏ ။
ဆေးရုံ အတွင်း သို့ လှမ်းဝင်ခဲ့ကြ၏ ။ ကိုအေးလူ ၏ ရှည်မျောမျော အလောင်းသည် ဆေးရုံ ခုတင် ထက်တွင် မထသော လျောင်းခြင်း ဖြင့် လဲလျောင်းလျက် ရှိလေပြီ ။ သူ့ မျက်လုံးများ သည် မှိတ် လျက်ရှိ၏ ။ နဖူး ပေါ်၌ ဆံပင်ခွေများ ဝဲကျ နေသော သူ့မျက်နှာ ကား တည်ငြိမ်သော ဣန္ဒြေ ကို ဆောင်လျက် ရှိလေသည် ။
မမြမေ ၏ ကျိတ်၍ ရှိုက်သံ ၊ ကလေးများ ၏ ငိုသံ ၊ ကလေးများ ကို ဖျောင်းဖျချော့မော့ နေသော ဆွေမျိုးများ ၏ အသံ တို့ သည် အလောင်း အနီး၌ တိုးဝှေ့ရောယှက် နေကြ၏ ။
ကိုအေးလူ ၏ အလောင်း ကို ယူပြီး ရွာ သို့ ပြန်လာကြ၏ ။ ဓမ္မာရုံ အနီး သို့ အရောက်တွင် လင်ကောင်ပိုးငှက် သည် မှောင်ရိပ် ထဲမှ ပျံထွက် လာခဲ့ပြန်၏ ။ သင်းအောင် တို့ လူစု ၏ ခေါင်း ပေါ်မှ ဖြတ်ကျော် ပျံသန်းရင်း ထိတ်လန့်ကြေကွဲဖွယ် အသံစူးစူး ကို အော်မြည်သွားခဲ့ ပြန်သည် ။
ဍရင်ကောက် ထနောင်းပင်ကြီး အနီး သို့ ရောက်သော အခါ တွင် လင်ကောင်ပိုးငှက်သည် သင်းအောင် တို့ ၏ ဆံပင်များ ကို ထိုးဆိတ်တော့မည့် နှယ် နိမ့်စွာ ပျံသန်းလျက် ဆူညံသော အသံ ကို ပြုပြန်၏ ။
ကိုအေးလူ ၏ ကလေးများ နှင့် သည်းခံနိုင်စွမ်း မရှိတော့သော လူကြီး အချို့တို့ သည် လင်ကောင်ပိုးငှက် ကို ဆဲရေးကြ၏ ။
“ ဟဲ့ ... လင်ကောင်ပိုး ရဲ့ ၊ နင် သာ သေမှာဟဲ့ ”
“ မိုက်ရိုင်းလှချည်လားဟဲ့ ငှက်ဆိုး ရဲ့ ”
လင်ကောင်ပိုးငှက် သည် အိမ် သို့ ရောက်သည် အထိ လမ်း တစ်လျှောက်လုံး သင်းအောင် တို့ လူစု ကို နှောင့်ယှက် နေခဲ့လေသည် ။
( ၄ )
ကိုမိုးသီး သည် လက်ဆွဲ ဓာတ်မီး ကို လေထိုးပြီး ဝါးလုံးတန်း တွင် ပြန် ချိတ်ထားလိုက်၏ ။
ကနားဖျင်း ရှေ့ မှ အေးခုတင် တစ်ချပ် ပေါ်တွင် တလား ကို တင်ထား ။ တလား ထက် တွင် ကား ပန်းစက္ကူကြီးများ သည် ခန်းဆီးစများ သဖွယ် လွင့်ဝဲလျက် ရှိကြ၏ ။ ကနားဖျင်း ထဲ ရှိ သုံးပုံဝိုင်း တစ်ဝိုင်း မှ ဖဲမွှေသံ တချောက်ချောက် ကို မှန်မှန် ကြားနေရ၏ ။
သင်းအောင် သည် အသုဘရှု လာသူများ ကို ဧည့်ခံစကား ပြော လျက်ရှိ၏ ။ ဧည့်သည် အများစု မှာ သင်းအောင် ၏ ငယ်သူငယ်ချင်း များ ဖြစ်ကြသည် ။ စကားဝိုင်း သည် သေသူ ၏ အကြောင်း ကို သာ လွမ်းဆွတ်ဖွယ် ဦးတည် ပြောဆိုလျက် ရှိရာ မှ တဖြည်းဖြည်း အကြောင်းတရားများ ပြန်ကြဲ ဖွာထွက် လာခဲ့၏ ။
“ မနေ့ က လင်ကောင်ပိုး က တော့ တော်တော် ကို ဆိုးတယ်ဆို ”
သူငယ်ချင်း တစ်ယောက် က မေး၏ ။
“ အေးကွာ ... တော်တော် ဆိုးတဲ့ ငှက်ပဲ ၊ အသွား ရော အပြန် ရော ကို လိုက် ထိုးနေတာ ၊ တော်တော် ခံပြင်းဖို့ ကောင်းတယ် ”
သင်းအောင် က ပြန်ဖြေသည် ။
“ လင်ကောင်ပိုးငှက် အော်ရင် လူ သေတတ်တယ် တို့ ၊ နိမိတ် မကောင်းဘူး တို့ ဆိုတာတွေကိုတော့ မင်း မယုံပါဘူးနော် သင်းအောင် ”
ပန်းပဲဆရာ က မေး၏ ။
“ ဘယ် ယုံပါ့မလဲ ဟ ၊ သင်းအောင် လို မြို့ကျောင်း နေဖူးတဲ့လူ မပြောနဲ့ ၊ ငါ တောင် မယုံဘူး ”
ဆံပင်ဖြူဖြူ နှင့် ထန်းတက်သမား က ဝင်ပြောသည် ။
“ ခုခေတ် က သိပ္ပံခေတ် ကွယ့် ”
ကူဘိုတာ ရေစုပ်စက် ပိုင်ရှင် က ပြော၏ ။
“ ဘယ်ကလာ ... စတားဝါး ခေတ်ပါဗျ ”
ဆိုင်စာရေးလေး က ထောက်သည် ။
ထို့နောက် ခွန်းတုံ့လှယ်သံများ ဆက်လက် ဆူညံလျက် ရှိ၏ ။ သင်းအောင် ရေနွေးကြမ်း တစ်ခွက် ကို ငှဲ့ သောက်သည် ။ အားလုံး ငြိမ်သွား မှ သင်းအောင် က ပြော၏ ။
“ ကျွန်တော် အယူ မသည်း တတ်ပါဘူး ၊ ကျွန်တော် တို့ ကို ကိုမိုးသီး က အိမ် မှာ လာပြီး နှိုးတော့ ကိုအေးလူ က ဆေးရုံ မှာ ဆုံးပြီး နေပါပြီ ။ လင်ကောင်ပိုး က ကျွန်တော်တို့ ဆေးရုံ ကို အသွားလမ်း ရောက် မှ လိုက် ထိုးတာပါ ။ ဒီတော့ လင်ကောင်ပိုး မြည်တာနဲ့ ကိုအေးလူ ဆုံးတာနဲ့ ဘာမှ မပတ်သက်ပါဘူး ။ ပြီးတော့ ကိုအေးလူ ရဲ့ ရောဂါ က လဲ ၊ နိမိတ် ကောက် နေရတဲ့ ရောဂါမျိုး မှ မဟုတ်တာဗျာ ၊ စ ဖြစ်ကတည်း က သေမင်းတံဆိပ် ခတ် ထားတဲ့ ရောဂါမျိုး ပါ ”
ရွာလယ် လမ်းကြား ထဲ တွင် ဖြတ်မောင်း သွားသော နွားလှည်း တစ်စီး မှ ဝင်ရိုးအီသံ ကို ကြားရ၏ ။
“ ဒါပေမယ့်ဗျာ ... အားလုံး စိတ်ဒုက္ခ ရောက်နေကြတဲ့ အချိန် မျိုး မှာ သူ က ဒီလောက် သဲကြီးမဲကြီး လိုက် ထိုးနေတော့ ဒေါသ ဖြစ် တာပေါ့ ၊ ကိုအေးလူ ရဲ့ ကလေးတွေ စိတ်ဆင်းရဲ မှာ လဲ စိုးတယ်လေ ”
“ ဟုတ်တယ်ကွာ ၊ အဲဒီ ည က ကလေးတွေ ကို သိပ် သနားဖို့ ကောင်းတယ် ”
ကိုမိုးသီး က နီမြန်းသော မျက်နှာ ဖြင့် ဝင်ပြော၏ ။
“ နေနှင့်ဦးပေါ့ကွာ ၊ ဒီ ငှက်ဆိုး တော့ အစာ သာ ဝဝ စားထားပေ တော့ ၊ နက်ဖြန် အသုဘ ကိစ္စ ပြီး မှ လိုက် ရှာပြီး ကို သ,တ်ပစ်မယ် ”
ကိုမိုးသီး ၏ အသံ သည် ကျယ်လောင်စွာ ဟိန်းထွက် လာခဲ့၏ ။ ကိုမိုးသီး ၏ စကား ကို ကြားလိုက် သဖြင့် မကြည်မွှေး တစ်ယောက် မိန်းမဝိုင်း မှ သင်းအောင် တို့ ဝိုင်းသို့ ကူးလာသည် ။
“ လင်ကောင်ပိုးလေး အကြောင်း ပြောနေကြတာလား ”
မကြည်မွှေး က မေး၏ ။ မည်သူမျှ မဖြေ မပေးကြ ။
“ အဲဒီ လင်ကောင်ပိုးလေး က အနောက် မူးရိုး ဖျောက်ဆိတ်ပင်ကြီး မှာ နေတာ ”
ကိုမိုးသီး ၏ မျက်လုံးများ ဝင်းဝင်းတောက် လာကြ၏ ။
“ မကြည်မွှေး ကျုပ် ကို အဲဒီ အပင် လိုက်ပြ စမ်းဗျာ ၊ ကျုပ် ပစ်သ,တ်မယ် ။ တောက် အတော် မိုက်ရိုင်းတဲ့ ငှက် ”
“ မလုပ်ပါနဲ့ ကိုမိုးသီး ရယ် ... ၊ လင်ကောင်ပိုးလေး က သနားစရာပါ ”
မကြည်မွှေး သည် ပြောင်းဖူးဖတ်ဆေးလိပ်တို မှ ပြာများ ကို မှုတ်ခြွေ ပစ်လိုက်၏ ။
“ လကွယ်ည တုန်းကပေါ့ ၊ ကင်းသမားတွေ က လင်ကောင်ပိုးလေး ရဲ့ အသိုက် ကို ဖျက်ပြီး ငှက်မကြီး ကို ရော ၊ ငှက်ကလေးတွေ ကို ပါ သ,တ်စားပစ်လိုက်ကြတယ် ။ ဒါကြောင့် သူ့ခမျာ ဆောက်တည်ရာ မရ ဖြစ်ပြီး လူရိပ် မြင်တိုင်း လိုက် ထိုး နေရှာတာပါ ၊ သူ့ အဖြစ်က သနားစရာပါဟယ် ”
အားလုံး ငြိမ်သက် သွားကြ၏ ။
လေ တစ်ချက် သုတ် လိုက် သဖြင့် တလား ထက်မှ ပန်းစက္ကူစ များ တဖျပ်ဖျပ် လှုပ်ရှား သွားကြသည် ။ အိမ်ခေါင်းရင်း ထန်းပင်ကြီး မှ ရွက်ခြောက် ယမ်းသံ ကို ဆူညံစွာ ကြားရ၏ ။ လမ်းကြောင်း မဲ့ စွာ ဝိုင်းအုံ ပျံသန်းလျက်ရှိသော ပိုးစပ်ကောင်များ ကြောင့် လက်ဆွဲ ဓါတ်မီးသည် ဗိုင်းငင် နေသော ချား တစ်ခု ကဲ့သို့ ချာချာလည် နေ သယောင် တင်ရ၏ ။
အဝေး လယ်တော တစ်ခု တွင် ကား ပိန်းပိတ်အောင် မှောင်လျက် ရှိလေသည် ။
⎕ မြတ်သင်း
📖 မိုးဝေ မဂ္ဂဇင်း
မတ်လ ၊ ၁၉၈၇
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment