Thursday, September 5, 2024

တယ်လီဗီးရှင်း ဝေဒနာ


 

❝ တယ်လီဗီးရှင်း ဝေဒနာ ❞
  ━━━━━━━━━━━━━━
         သန်းမြင့်အောင်
  ━━━━━━━━━━━━━━
ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော် တွင် ကမ္ဘာအေး သာသနာရေး ဦးစီးဌာန နှင့် ရန်ကုန်တိုင်း ပြည်သူ့ကောင်စီ မှ ကျင်းပပြုလုပ်သည့် မဟာဘွဲ့နှင်းသဘင် အတွက် မြို့နယ် ပေါင်းစုံ မှ အလှူရှင် လုပ်သားပြည်သူများ ၏ ပဒေသာပင်များ လှူဒါန်းပေးပို့ရေး တွင် ကျွန်မတို့ မြို့နယ် မှ ကျွန်မတို့ ရုံး တွင် ကျွန်မ ပါဝင် လှုပ်ရှားခွင့်ရခဲ့သည် ။ လူမှုရေး နှင့် ဘာသာရေးလုပ်ငန်းများ တွင် မည်သည့်အခါက မဆို ကျွန်မ မှာ အမှုဆောင်တစ်ဦး အဖြစ် အားတက်သရော ပါဝင်လှုပ်ရှားခဲ့သည် ချည်းပင် ။ သို့သော် ဤ တစ်ပွဲ တွင် လူမသိ သူမသိ တာဝန်ပျက်ယွင်းပြီး လွဲမှားသော အသိ စိတ်ဓာတ် ဝင်ခဲ့ သဖြင့် ကျွန်မ ကိုယ် ကျွန်မ ရှက်၍ မဆုံးသော သင်ခန်းစာ တစ်ခု ရရှိခဲ့ဖူးကြောင်း ဝန်ခံလိုပါသည် ။

ခါတိုင်း ပွဲများ ထက် သည် တစ်ပွဲ တွင် ကျွန်မ စိတ်ဓာတ်များ ပိုမိုတက်ကြွ၍ နုပျိုရှင်သန်လျက် ရှိပါသည် ။ အဘယ်ကြောင့် ဆိုသော် “ ပဒေသာပင် ပေးပို့သော ၂၃ ရက် နှင့် ဘွဲ့နှင်းသဘင် ကျင်းပ သော ၂၅ ရက် နေ့များ တွင် ပြန်ကြားရေးဌာန မှ တယ်လီဗီးရှင်း ရိုက်ကူး ၍ ညဘက် မြန်မာ့ရုပ်မြင်သံကြားသတင်းကြေညာချက် တွင် ထည့်သွင်း ပြသမည် ” ဟူသော သတင်းစကားကြောင့်ပင် ။ ရုံး မှ လုပ်သားရဲဘော်များက ဤ ကိစ္စကို အထူးတလည် အလေးအနက် ထားကြပုံ မပေါ်သော်လည်း ကျွန်မ ရင်ထဲ မှာ တော့ အတော်လေး စိတ် လှုပ်ရှားမိသည် ။ ကျွန်မ မှာ ကျောင်း နေစဉ်  က ပင် ရုပ်ရှင်ရူး ၊ ဇာတ်ရူး ရူးခဲ့ဖူးသည် ။ ယခု အသက်အရွယ် အထိ ဓာတ်ပုံဖိုး က လည်း တွက်ကြည့် လျှင် နည်းမည် မထင် ။ အိမ်ထောင် ကျ မှ ဝင်ငွေ နှင့် ထွက်ငွေ မျှတအောင် စီမံ နေရ သဖြင့် ဓာတ်ပုံ အရိုက် နည်းသွား ခြင်းပင် ။ ထို့ကြောင့် တယ်လီဗီးရှင်း အရိုက် ခံရမည် ဆိုသောအခါ ကျွန်မ ရင်ထဲ ကျိတ် ၍ ဝမ်းသာ ကျေနပ်မိသည် ကား အမှန်ပင် ။ သို့သော် လူ သိမည် စိုးရသဖြင့် ဘာသိဘာသာ ပင် ဣန္ဒြေ မပျက် ဆောင်ရွက်စရာ ရှိသည် တို့ ကို ဆက်လက် ဆောင်ရွက်ရသည် ။

ထို သတင်းကြားသည့် နေ့ က စ၍ မအိပ်နိုင် မစားနိုင် နှင့် အချိန် ရှိ သရွေ့ စိတ်ကူးယဉ် ရင်း စဉ်းစားခန်း ဝင် နေရသည် ။ ကြိုတင် ပြင်ဆင်စရာ ရှိသည် တို့ ကို ပြင်ဆင်ရသည် ။ ပဒေသာပင် ပို့သော အချိန် တယ်လီဗီးရှင်း ရိုက်ရာ တွင် ဘယ်လို ပေါ်လွင်အောင် ဝတ်စားရမည် ။ ကိုယ် အနေအထား က ဘယ်သို့ ရှိရမည် ။ နွဲ့နွဲ့ကြော့ရှင်းအောင် ဘယ်ပုံ လျှောက်လှမ်းရမည် စသည် တို့ ကို အိမ် ရောက် မှ မှန်တင်ခုံ ရှေ့ တွင် တစ်ယောက် တည်း ကျိတ် ၍ ကျင့်ရသည် ။ ကျွန်မ အကြောင်း ကို သိသော သူ က မောင် တစ်ယောက် သာ ရှိသည် ။

ညဘက် ခုတင် ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေသော သမီး ဘေး တွင် စာအုပ် တစ်အုပ် နှင့် ပက်လက်လှန် နေရာ မှ ခြေရင်း ရှိ မှန်တင်ခုံ ရှေ့တွင် ဆံပင်ပုံစံ ကို အမျိုးမျိုး ထုံးကြည့်လိုက်၊ ပြန် ဖြေလိုက်၊ ရှေ့မှန် နောက်မှန် ထောင်ကြည့်လိုက် နှင့် အလုပ်ရှုပ်နေသော ကျွန်မ ကို ကြည့် ၍ ကြာလာတော့ မအောင့်အည်း နိုင်တော့ပြီ ထင့်။

“ မင်း ကို ကြည့်ရတာ ပင်ပန်းလိုက်တာ ငြိမ်း ရာ ၊ ဒီလောက် ဖြစ်လှတာ ၊ စကော့ဈေး က ဆံပင် ပုံစံ တစ်ခု လောက် ဝယ်ပြီး တပ်သွားပါလား ”

“ ဒါတော့ မောင် ပြောမှ လား ၊ တစ်လ တစ်လ ငွေပိုငွေလျှံက ရှိတာကိုး ၊ မောင် က ကိုယ့် မိသားစု အခြေအနေကို သိရက်သားနဲ့ ၊ သက်သက်မဲ့ ငြိမ်း ကို စိတ်မချမ်းသာအောင် ပြောနေ တာ ၊ သူ လည်း ဝယ်ပေးနိုင်တာ မဟုတ်ဘဲနဲ့  ”

ကိုယ့် ဆံပင် ကိုယ် စိတ်တိုင်းမကျသော ဒေါသ က မောင့်ဆီ ဒုန်းခနဲ ဝင် ဆောင့်သည် ။

“ ဟောဗျာ၊ မချော ကလည်း ဒေါန ချည်းပဲ၊ ဒီက သူ ပင်ပန်း နေတာ ကို မကြည့်ရက်လို့ ပြောတဲ့ ဟာ ၊ ကဲ … ဒါဖြင့် လာ ... လာ ၊ မောင်ထုံး ပေးမယ် “ 

ကိုယ့် ဆံပင် တောင် ကိုယ် သေသေသပ်သပ် မဖြီးသင်လာ သူ က ကျွန်မ ဆံပင်ရှည်ကြီး ကို ထုံးပေးမည့်ဟန် ပြင်သော အခါတွင် တော့ ကျွန်မ မှာ ဆက်ပြီး အငေါ် မတူးနိုင်တော့ဘဲ မျက်စောင်း တစ်ချက် သာ လှည့်ထိုး၍ ကိုယ့် အလုပ် ကိုယ် ဆက် လုပ်နေလိုက်သည် ။

••••• ••••• •••••

“ ငြိမ်း ရေ ၊ အိမ်ရှေ့ မှာ မမခိုင် တို့ ရောက်နေပြီ ။ ပြင်လို့ မပြီးသေးဘူးလားကွာ ၊ မင်းဟာ က မနက် ၈ နာရီ လောက် ကတည်း က မှန်ရှေ့ မှာ ထိုင်ပြီး လုံးပန်း နေလိုက်တာ ခု ၁၁ နာရီခွဲ နေပြီကွ ”

“ အိုး .. တိုးတိုး ပြောပါ မောင် ကလည်း ၊ သွား သွား လာခဲ့မယ် ၊ အပြင် မှာ ဘာမှ လျှောက်ပြောမနေနဲ့ နော် ”

ကျွန်မ စိုးရိမ်တကြီး နှင့် မောင့် ကို လှမ်း ဟန့် လိုက်ပြီး နောက်ဆုံး အပြီးသတ် မှန်ရှေ့ မှာ မတ်တတ် ရပ်ပြီး တစ်ကိုယ်လုံး ကို ပြန်လည်သုံးသပ်လိုက်သည် ။ မျက်နှာ ကို စိတ်ကြိုက် ပြင်ထား သည် မို့ အပြစ် ဆိုစရာ မတွေ့ ၊ ဆံထုံးမို့မို့ ဘေး တွင် စပိုင်ဒါသစ်ခွပွင့်များ ကို စီရရီ ပန်ထားသည် မို့ လည်း မျက်စိပသာဒ ရှိလှသည် ။ သည် ဆံထုံး ကို အဆင်ပြေအောင် ထုံး ဖို့ ၊ အနှီ သစ်ခွပွင့်ကလေးများ ကို လှအောင် ပန်ဖြစ်ဖို့ ကလည်း ရှေ့မှန် နောက်မှန် ထောင်၍ အချိန်အတော်ကြာကြာ ယူခဲ့ရသည် ။ စိတ်တိုင်း မကျလိုက် ၊ ပြန် ဖြေလိုက် ၊ ပြန်ထုံးလိုက် ၊ ပန်းနေရာ ချတာ လှ ၊ မလှ ခဏခဏ ကပ်ကြည့် လိုက် ၊ ပြန် ပန်လိုက် လုပ်ရသည် ကလည်း လက်မောင်းများ ညောင်းလာသည် အထိပင် ။ စပိုင်ဒါ သစ်ခွအရောင် နှင့် လိုက်အောင် ကိုယ် ပေါ် မှာ အဝါခံ ပေါ် တွင် နီညိုအစင်းအပြောက်များ ခြယ်ထားသော ဝတ်စုံ ကို ဆင်လိုက်သော အခါတွင် တော့ စိတ် ကျေနပ်စရာပင် ပေါ်ပေါ်ထင်ထင် လှသွားတော့သည် ။ မှန် ထဲ တွင် ကျေနပ်လောက်သည် ရှိမှ ကိုယ့်ကိုယ် ကိုယ် အထူးဂရုတစိုက် မရှိဟန် ၊ ဟန်ပန် မလုပ်တတ်ဟန် နှင့် အိမ်ရှေ့ကို ကသောကမျော ထွက်လာခဲ့သည် ။

“ မမခိုင် နဲ့ ဌေး တောင် ရောက်နေကြပြီကိုး ၊ ငြိမ်း မနက် ကတည်း က ဈေးသွားရ ၊ ချက်ရ ပြုတ်ရ ၊ သမီး ကို မူကြို ပို့ရ နဲ့ စောစောကလေးတင် မှ ရေချိုးရတယ် ၊ ဒီ မနက်တော့ တကယ့် ကို ကသုတ်ကရက် ပဲ မမရဲ့ ”

“ အမလေး ငြိမ်း ရဲ့ ၊ ငါ့ ညီမလေး က ကသုတ်ကရက် မို့သာပဲကွယ် ၊ ကြည့်စမ်းပါဦး လှလိုက်တာ ၊ အေးအေးဆေးဆေးများ ပြင်ရရင်ဖြင့် ဥမ္မာဒန္တီ ရှုံးသွားမယ် ထင်ပါရဲ့ ”

“ ဟုတ်တယ်နော် မမခိုင် ၊ အခု ပြင်ထားတဲ့ ပုံလေးများ ကြည့်ပါဦး ၊ သိပ်ကို အဆင်ပြေတာပဲ ငြိမ်း ရယ် ၊ တို့ သူငယ်ချင်း က ဒီနေ့ သိပ်ကို လှနေတယ် ”

ဌေး နှင့် မမခိုင် တို့ က လှိုက်လှိုက်လှဲလှဲ ချီးကျူးလေ ကျွန်မ ရင် ထဲက ထပ်ဆင့် ထပ်ဆင့် ပီတိ ဖြာလေပါ ၊ သို့သော်လည်း ပါးစပ် က တော့ ...

“ ငြိမ်း က မှန်တောင် ဝအောင် ကြည့်ခဲ့ရတာ မဟုတ်ပါဘူး ဌေး ရာ ၊ ဌေးတို့ က ဝိုင်းမြှောက် တော့လည်း ဘဝင် က မြင့်ချင်သား ၊ သူများ ကို ချည်း ဝိုင်းမြှောက် မနေပါနဲ့ နော် ၊ ဌေးတို့ ၊ မမခိုင် တို့ လည်း လှပါတယ် ”

မမခိုင် က ခရမ်းရောင် အိရှံနှင့် ခရမ်းရောင်ပါတိတ် ၊ ဌေး က ကြည်ပြာရောင်အိရှံနှင့် နက်ပြာရောင် ရှံထဘီ တို့  ကို ရိုးရိုးလေးပင် ဝတ်လာကြပြီး မျက်နှာ ကလည်း အထူးပြုပြင် ခြယ်သမှု မရှိ သဖြင့် ကျွန်မ အလှ ကို မမီကြသည် ကို ဘဲ ကျွန်မ က ကျိတ်၍ ကျေနပ် နေရသေးသည် ။

သို့နှင် ရုံး သို့ ရောက်လာကြပြီး လူ စု၍ ပဒေသာပင် သွားပို့ကြသည် ။ မြို့နယ်အလိုက် တန်းစီ ဝင်လာသော ပဒေသာပင်များ ကို လိုဏ်ဂူတော် အတွင်း တစ်နေရာ မှ တယ်လီဗီးရှင်း ရိုက်ယူ နေသည် ။ ထို နေရာ ကို ဖြတ်သန်း သွားချိန်မှာ မိနစ်ပိုင်း မျှသာ ရှိ သော်လည်း သတိကြီးစွာ လှုပ်ရှားရသည့် ကျွန်မ မှာ ပင်ပန်းလှသည် ။ ထို ရိုက်ကူးထားသော ပြကွက်များ ကို ယနေ့ ရုပ်မြင်သံကြား သတင်းကြေညာချက် အစီအစဉ်တွင် ထည့်သွင်းပြသမည် ဖြစ်သည် ။ ထို့ကြောင့် ကျွန်မ တွင် နောက်ထပ် ဝေဒနာ တစ်ခု ထပ် တိုးလာပြန်သည် ။ ဤကား ယနေ့ည တယ်လီဗီးရှင်း ကြည့် လိုသော ဆန္ဒပင် ။ ခက်သည် က ကျွန်မတို့ လို လခစား လောက အဖို့ တယ်လီဗီးရှင်း နှင့် နီးစပ်ခြင်း မရှိခြင်းပင်တည်း ။ ထို့ကြောင့် ယနေ့ ည တယ်လီဗီးရှင်း မည်သည့် နေရာတွင် ကြည့်နိုင်မည် ကို အပြင်းအထန် စဉ်းစားရသည် ။ တစ်လမ်းလုံး သိုသိပ်စွာ စဉ်းစားလာရသော ဦးနှောက် သည် ထုံထိုင်း မူးဝေလာသည် ။ ထို့ကြောင့် အိမ် ရောက်သောအခါတွင် တစ်ဦးတည်းသော အတိုင်ပင်ခံခင်ပွန်းသည် ကို မရှက်မကြောက် ဖွင့်ဟ အကူအညီ တောင်းရတော့သည် ။

“ တို့ … လမ်းထဲ မှာ တော့ တီဗွီ မထားနိုင်တဲ့ လုပ်လုပ်စားစား လူတန်းစားချည်းပဲကွ ။ ဆွေမျိုး ထဲ မှာဆိုလဲ တီဗွီ ကတော့ ဝေးရော ကက်ဆက် တောင် အိမ်တိုင်း ရှိကြတာ မဟုတ်တော့ ဘယ်လိုလုပ် မတုံး ”

“ ငြိမ်း စဉ်းစားလို့ မရလို့ မောင့် ကို ကူညီပြီး စဉ်းစားခိုင်းတာပေါ့ ၊ ဒီ ည တော့ ကြည့် ကို ကြည့် ရ မှ ဖြစ်မယ် မောင် ၊ ကိုယ့် ပုံ မှ ကိုယ် မမြင်လိုက်ရလို့ ဘယ်ဖြစ်မလဲ ”

“ ရုံး က အပေါင်းအသင်း တစ်ယောက် အိမ် မှာ ကောကွာ ”

“ ကိုယ် လည်း သူ့ လို ၊ သူလည်း ကိုယ့် လို လူ ချည်းပဲဟာ ၊ ဘယ် ရှိမလဲ မောင်ရဲ့ ”

“ စိတ်ညစ်ရတဲ့ အထဲ မဖြစ်နိုင်တာကို မပြောစမ်းပါနဲ့ မောင် ရယ် ၊ ဖြစ်နိုင်တာ ကို စဉ်းစားပေး စမ်းပါ ”

မောင် က ငြိမ်ပြီး တွေနေသည် ။ မောင် သည်လိုတွေး နေလျှင် အကြောင်းတစ်ခု ကို အလေးအနက်ထား စဉ်းစားတတ်သည် ကို သိသဖြင့် ကျွန်မ မျှော်လင့်ခြင်းကြီးစွာဖြင့် မောင့် စကား ကို ငံ့လင့် နေသည် ။ အတန်ကြာ မှ ...

“ ဖြစ်နိုင်စရာ တစ်ခုတော့ ရှိတယ်၊ ငြိမ်း အပင်ပန်းခံနိုင်ရင်ပေါ့လေ ” 

မောင် က ခပ်ဆိုင်းဆိုင်း လုပ်နေ သဖြင့် အားမလို အားမရစွာနှင့်  ...

“ ပြောစမ်းပါ မောင် ရဲ့ မြန်မြန် ”

“ ( ..... ) ရပ်ကွက် ကောင်စီရုံး ဘေး ကွင်း ထဲ မှာ တော့ ခုတစ်လော တီဗွီ ပြ ပြနေတာကို မောင် ဖြတ်သွား ဖြတ်လာ ရင်း တွေ့တယ် ။ ဒါပေမဲ့ မောင် တို့ နဲ့ နည်းနည်း အလှမ်း ဝေးတယ် ၊ နောက်ပြီး မီးရထားလမ်း ကို ဖြတ်ရတာ ကလည်း လူ ပြတ် က ပြတ် နဲ့ ၊ မှောင်လည်း မှောင်တယ်။ အဲ … ကွေ့ပတ် သွားရင်တော့ ရတာပေါ့ကွာ။ ပို ဝေးတာပေါ့။ အဲဒီ ဒုက္ခတွေ ခံပြီး သွားကြည့် နိုင်ရင်တော့ ဖြစ်နိုင်စရာ ရှိတယ် ၊ ငြိမ်း စဉ်းစားပေါ့ ”

မောင့်စကား အဆုံး တွင် မောင် ပြောသည့် ရပ်ကွက်အနေအထား နှင့် လမ်းခရီး ကို စဉ်းစား မြင်ယောင် ကြည့်သည် အလွန် မသက်သာသော ကိစ္စ ဖြစ်သည် ။ သို့ရာတွင် ဤနည်း ကို သာ မသုံးပါ က ယနေ့ ည အဖို့ ကျွန်မ မကြည့်ရရုံသာ ရှိမည် ။ ထို့ကြောင့် ထို ရပ်ကွက် မှာ ယနေ့ ည တယ်လီဗီးရှင်း မပြ ဖြစ်မှာ ပင် ကျွန်မ ဘက်က ပြန် စိုးရိမ်နေရသည့် အနေအထား တွင် ရှိနေသည် ။ မသကာ မသွား မလာဖူးသော ရပ်ကွက် မှာ သွား၍ တိုးဝှေ့ ကြည့်ရမှာ မို့ အသိအကျွမ်း တွေ့လျှင် ရှက်စရာ လောက် သာ ရှိမည်။

“ ဘယ်လို သဘောရသလဲ ငြိမ်း ”

“ သွားကြတာပေါ့ မောင် ၊ ဒီတစ်နည်းပဲ ရှိတာပဲ ”

••••• ••••• ••••• 

၂၄ လက်မ အရွယ် ရုပ်မြင်သံကြားစက် တပ်ထားသော ကောင်စီရုံးဘေးမှ ကွင်းပြင် တွင် လူထုပရိသတ် က လျှံထွက်နေသည် ။ လူကြီး ပရိသတ်ထက် ကလေး ပရိသတ် က ထုထည် ပိုများသည် ။ တယ်လီဗီးရှင်း မှ တစ်ဦးချင်းအဆို ကဏ္ဍ ဖြေဖျော်နေဆဲမို့ ကလေးတွေ အလုအယက် အသဲအမဲ တိုးဝှေ့ နေကြသည် ။ ကျွန်မ မှာ လည်း မသိမသာ နှင့် အနီးဆုံး နေရာသို့ ရောက်အောင် တရွေ့ရွေ့ တိုးခဲ့ရသည် ။ မကြာခင်ပင် သတင်း ကြေညာ တော့သည် ။ ကျွန်မ ရင် ထဲ တွင် တထိတ်ထိတ် ခုန်လာသည် ။

“ ရန်ကုန်တိုင်း  ပြည်သူ့ကောင်စီ နှင့် သာသနာရေးဦးစီးဌာန မှ ကြီးမှူးကျင်းပသော ( ၆ ) ကြိမ် မြောက် ဓမ္မာစရိယ ပါဠိ ပထမပြန် စာအောင် သံဃာတော်များအား ”

သတင်းကြေညာသူ ၏ အသံ နှင့် အတူ ပြကွက်များ
ထွက်ပေါ်လာသည် နှင့် ကျွန်မ အသက် ရှူ ရန် ပင် မေ့နေသည် ။

ပဒေသာပင်များ မြို့နယ်အလိုက် တန်းစီဝင်လာသည် ။

သတ်မှတ်ထားသော အချိန်အတွင်း မှ ပြသရသည် မို့ အချိန် က မြန်ဆန်လွန်းသည် ။ ကျွန်မတို့ မြို့နယ် ၏ အလှည့် ကျ လာပြီ ၊ ကျွန်မ ရင်တွေ အခုန် မြန်လာ၏ ။ ကျွန်မတို့ ပဒေသာပင် ကို သယ်လာပြီ ။

ဟင် ကျွန်မ ၊ ကျွန်မ ပုံ မပါလာပါလား ။ ပဒေသာပင်  ၏ တစ်ဖက် မှာ ကွယ်နေသည် မို့ ပဒေသာပင် ကို ဆုပ်ကိုင် ထားသော လက်တစ်ဖက် နှင့် အတူ ရော၍ ဆုပ်ကိုင် ထားသော လက်ကိုင်ပဝါ အစွန်း ကလေး တစ်ဖက် သာ မြင်ရသည် ။ သည် တစ်ဖက် မှာ တော့ မိုးပြာရောင်ဝတ်စုံ နှင့် ယဉ်ယဉ်လေး လှ နေ ဌေး ၏ တစ်ကိုယ်လုံးကြီး ကို ရှင်းရှင်းကြီး မြင်လိုက်ရသည် ။ သွားပြီ ။ ကျွန်မ စိတ်ပျက်လက်ပျက် နှင့် လူအုပ် ကြား မှ တိုးဝှေ့ ထွက်လာခဲ့သည် ။ ပြန်လမ်းတစ်လျှောက် ရင် မှာ မခံချိ မခံသာ ဖြင့် မောဟိုက်နေသည် ။ နှုတ် မှ လည်း မကျေမနပ် ရေရွတ်လာမိသည် ။

“ ဟွန့် တယ်လီဗီးရှင်း ရှာရတဲ့ ဒုက္ခ က လည်း မသက်သာလိုက်တာ ၊ ဒီလိုမှန်း သိရင် ဒီလောက် ဒုက္ခခံပြီး လာ မကြည့်ပါဘူး။ ကိုယ့် အိမ် မှာ ကိုယ် ဇိမ် နဲ့ အိပ် နေတာ က မှ အကျိုးရှိဦးမယ် ”

“ ဖြစ်ရလေ မိန်းမ ရယ် ၊ တီဗွီ ထဲ မှာ မင်း ဘယ်လောက်လှလဲ ၊ မောင် တောင် လူတွေ ဘာတွေ မှားသွားတယ် ၊ စပိုင်ဒါသစ်ခွပန်းတွေ နဲ့ လှနေလိုက်တဲ့ ဖြစ်ခြင်း ”

မောင် က ထပ် နောက်လိုက်ကာ မှ ကျွန်မ ရင်ထဲ က မကျေနပ်ချက် တို့ က ခုန်ပေါက် ၍ ထွက်လာ ပြန်သည် ။

“ တကူးတက ပြင်လာ ဆင်လာ ရတဲ့ သူ က မပါဘူး ၊ ဘာမှ ပြင် မထားတဲ့ လူ ကျတော့ ပေါ်ပေါ်ထင်ထင်ကြီးကို ပါလာတယ် ၊ မတရားဘူး ၊ တစ်စက်ကလေး မှ မတရားဘူး ”

“ ငြိမ်း က လည်းကွာ ၊ သူ့ ကုသိုလ် နဲ့ သူ ဖြစ်သွားတဲ့ ဟာ ဘာ မနာလိုစရာ ရှိလဲ ၊ သိပ်ပြီး ဒေါသ တွေ ကြီးမနေစမ်းပါနဲ့ ကွာ ”

“ မောင် က ဘာကိစ္စ ဌေးဘက် က ဝင် နာနေရတာတုံး ၊ ငြိမ်း ပြောနေတာ က သူ့ ကို အပြစ် ပြော နေတာမှ မဟုတ်တာ ၊ တယ်လီဗွီးရှင်း ရိုက်တဲ့ လူ ကို ပြောနေတာ ”

“ ဟ ၊ ဒါ ရုပ်ရှင် ရိုက်နေတာ မှ မဟုတ်တာ ၊ ပြန်ကြားရေးဌာန က ပဒေသာပင်တွေ ကို မှတ်တမ်းတင် ပုံ ရိုက်တဲ့ ဟာပဲ ၊ မင်း ဟာ မင်း
ဘယ်လောက် မင်းသမီး ရှုံးအောင် ပြင်ပြင် ၊ သူတို့ က ပဒေသာပင် ကို အဓိက ထားပြီး ရိုက်တဲ့ ဟာ ၊ သူတို့ အဆင်ပြေ သလို ရိုက် မှာ ပေါ့ ၊ အဲဒီ ရိုက်ကွင်း မှာ ဌေးက အနေအထား ကျ သွားတာတော့ ဘယ် တတ်နိုင်မလဲ ၊ သူတို့ က မင်းတို့ ကို သိတာမှ မဟုတ်တာ ၊ မျက်နှာ လိုက်ပြီး ရိုက်ပါ့မလားကွ ၊ အလကား မစ္ဆရိယတွေ များ နေတယ် ” 

မောင် က စိတ် မရှည်တော့ဟန် တူပြီမို့ ကျွန်မ မှာ မကျေနပ်သော်လည်း အသာ ငြိမ် နေလိုက်ရ တော့သည် ။ မနက် ရုံး ရောက်လျှင် တီဗွီ မှာ လှလှပပလေး ပါလာသည့် ဌေး တစ်ယောက် ဘယ်လောက်  ကြွားနေမည်လဲ ဟု မနာလို သလို ရှိနေမိသည် ။

••••• ••••• •••••

ရုံးသူရုံးသား တို့ ခါတိုင်း လိုပင် ပုံစံ မပျက် အလုပ် လုပ်နေကြသည် ။ ဌေး တို့ ၊ မမခိုင် တို့ ပုံစံ က လည်း ပကတိ တည်တည်ငြိမ်ငြိမ်ပင်။ သူတို့ က မကြွားဝါဘဲ နှုတ်ဆိတ် နေကြသောအခါတွင် တော့ လူတို့ ၏ ထုံးစံအတိုင်း ကိုယ် က စ၍ လှုပ်လှုပ်ရှားရှား ဖြစ်လာသည် ။ ထို့ကြောင့် မနက်ပိုင်း အလုပ် နား ၍ ထမင်းစားချိန် ရောက်သောအခါ -

“ ဌေး ”

“ ဟင် ၊ ဘာလဲ ငြိမ်း ”

“ ည က တီဗွီ ကြည့်ဖြစ်သေးလား ဟင် ”

“ ဟင့်အင်း ငြိမ်း ၊ ဘာဖြစ်လို့ လဲဟင် ”

“ အဲဒီ အထဲမှာ ဌေး ပုံ ပါတယ် ၊ သိပ် လှတာပဲ ၊ သိလား ”

“ ဟုတ်လား ၊ ငြိမ်း တို့ ၊ မမခိုင် တို့ ကော ”

“ ပဒေသာပင် နဲ့ ကွယ်နေလို့  တစ်စိတ်တစ်ဒေသလောက်စီပဲ။ ဌေး ပုံ ပဲ ရှင်းရှင်းလင်းလင်း မြင်ရတယ် ”

“ ဟုတ်လား ၊ မသိပါဘူး ငြိမ်း ရယ် ၊ ဌေး တို့ အနီးအနား မှာ တီဗွီ လည်း မရှိလို့ မကြည့်ဖြစ်ပါဘူး ”

ဌေး မျက်နှာ တွင် ထူးထူးခြားခြား ဝင့်ကြွားဂုဏ်ယူမှု ကို မတွေ့ရ သဖြင့် ကျွန်မ သူ့ အပေါ်  ကျိတ်၍ သဝန်တို ခဲ့မိသည် ကို နောင်တ ရ သလို ရှိသွားရသည် ။ သူ့ မှာ ကျွန်မလောက် မျှော်လင့်တကြီး အားမထုတ် ထားရ သဖြင့် ကျွန်မ လောက် စိတ်လှုပ်ရှားမှု ဖြစ်ဟန် မတူ ၊ ကျွန်မ မှာ သာ ပင်ပန်းလိုက် သည့်ဖြစ်ခြင်း ။

ထမင်း စားသောက် ပြီး၍ ကိုယ့် အလုပ်စားပွဲ တွင် ကိုယ် ပြန် လုပ်ငန်းဝင်စဉ်။

“ ဒေါ်ငြိမ်းငြိမ်း ၊ ညွှန်မှူး ခေါ်နေပါတယ် ”

အုပ်ချုပ်သူ အရာရှိ က ခေါ်သည် ဆိုသဖြင့် ဝင်တွေ့ရသည် ။ စားပွဲ တွင် အမျိုးသားကြီး တစ်ယောက် ကို လည်း မြင်တွေ့ရသည် ။

“ ဆရာ ဘာခိုင်းစရာ ရှိလို့ ပါလဲ ”

“ ဆရာတို့ ဌာန က အလှူခံရရှိတဲ့ အလှူငွေ နဲ့ လှူဒါန်းတဲ့ ပဒေသာပင် တန်ဖိုး ၊ ကုန်ကျစရိတ် တွေ ကို ရှင်းတမ်း ပြုစုပြီး ရိုက်ဖို့ ပြော မလို့ ပါ ၊ တစ်ဆက်တည်း ကြုံတုန်းမှာ ဆရာတို့ မြို့နယ် က ဘာသာရေး အလှူခံအဖွဲ့ က လူကြီး နဲ့ လည်း မိတ်ဆက်ပေးရဦးမယ် ၊ ဥက္ကဌကြီး ၊ ဒါ ကျွန်တော်တို့ ရုံး က လူမှုဝန်ထမ်းလုပ်ငန်း၊ သာသနာ့ဝန်ထမ်းလုပ်ငန်းတွေ ဆို ရှေ့ဆုံး က အားတက်သရော ဆောင်ရွက် တတ်တဲ့ ကျွန်တော်တို့ အားအထားရဆုံး အမှုဆောင် တစ်ယောက်ပေါ့ ”

“ ဟုတ်လား၊ ငယ်ငယ်ရွယ်ရွယ် နဲ့ သာသနာ့ဝန်ထမ်းစိတ် ရှိတာ ဦးလေး တို့ အများကြီး လေးစားပါတယ် ။ လောကီဘောင် မှာ လောကီ အလုပ်တွေ ကို လုပ်ရင်း ၊ လောကီစည်းစိမ် ကိုလည်း ခံစားရင်း ကနေ သာသနာ့တာဝန် ကို လည်း ထက်ထက်သန်သန် ထမ်းဆောင်တတ်တဲ့ ငါ့ တူမ တို့ ကို ဦးလေး က ‘ ခေတ်သစ် ဝိသာခါ ’ လေးတွေ လို့ တင်စားပါရစေကွာ ။ သာဓု သာဓု သာဓု ”

ကျွန်မတို့ အရာရှိ မှာ ချီးကျူး ခံရသော ကျွန်မ ကို  ကြည့်ကာ တပြုံးပြုံး ရှိနေသည် ။

“ ကဲ ၊ ဒါပါပဲ ငြိမ်းငြိမ်း ၊ ဪ ဒါနဲ့ မနက်ဖြန် ဘွဲ့လက်မှတ် ဆက်ကပ်တဲ့ အခမ်းအနား သွားကြဖို့ လူစုကြဦးနော် ”

“ ဟုတ်ကဲ့ပါ ဆရာ ”

အရာရှိခန်း ထဲ က ထွက်လာရသော ကျွန်မ မှာ ကိုယ့်ကိုယ် ကိုယ် ရှက်ခြင်း ၊ ယူကျုံးမရ ဖြစ်ခြင်း ၊ နောင်တရခြင်း တို့ က ရင် မှာ တလိပ်လိပ် တက်ကြွ ခံစားလာရသည် ။ ကျွန်မ မှာ ထို ကာလများ အလှူငွေကောက်ခံခြင်း ၊ ဝေယျာဝစ္စ လုပ်ကိုင်ခြင်းများ ကို ဝတ္တရားမပျက် လုပ်ကိုင်ခဲ့ပေမဲ့ ကျွန်မတို့ ကိုယ်တိုင် ပြင် ပေးခဲ့သော ပဒေသာပင် ကို ပင် စိတ်ဝင်တစား မကြည့်အားခဲ့ပါ။ အခါ ခပ်သိမ်း ဖြူစင်သော စိတ်ဖြင့် သန့်သန့်ရှင်းရှင်း ထားရှိခဲ့သော လူမှုဝန်ထမ်း ၊ သာသနာ့ဝန်ထမ်း စိတ်ဓာတ်များ ကို ယခု ပွဲ တွင် ထင်ပေါ်လိုမှု ၊ ပြိုင်ဆိုင်လိုမှု ၊ အလှမာန်တက်ကြွမှု ၊ မစ္ဆရိယများမှုတွေ နှင့် ညစ်နွမ်းမှေးမှိန်စေခဲ့ကြောင်း သူတို့  မသိကြ သဖြင့်သာ ကျွန်မ ကို ထိုကဲ့သို့ ထောမနာ ပြုကြခြင်း ပင် ။ သည် လူကြီးများ ၏ ချီးကျူးမှု က ကျွန်မ ရင်ကို ထိခိုက်နာကျင်စေခဲ့ပါသည် ။

“ ဘယ်လိုလဲ ဒေါ်ရွှေငြိမ်း ၊
ငြိမ်လှချည်လား ၊ မနက်ဖြန်
လိုဏ်ဂူတော် က ဘွဲ့လက်မှတ် ကပ်တဲ့ အခမ်းအနား မှာ တယ်လီဗေးရှင်း ရိုက်ဦး မှာ ဗျ ၊ ဘာမှ ကြိုတင် ပြင်ဆင်တာ မတွေ့ရ ပါလား ၊ ဟို တစ်နေ့ က ရိုက်ကွင်း ထဲ မပါလို့ သိပ် စိတ်ဓာတ် ကျသွားပြီလား ၊ မနက်ဖြန် ကျတော့ ပါရင် ပါမှာ ပေါ့ ”

မောင် က ရိုးရိုးသားသား ပြောပေမဲ့ ကျွန်မ ရင် ကို
ထိုးနှက်တိုက်ခိုက် နေ သလိုပင် ။ သို့သော် ဒေါသ ၊ မောဟ တို့ ကတော့ ကင်းစင်နေကြလေပြီ။

“ ဘာသာရေး လုပ် တဲ့ နေရာမှာ လွဲမှားစွာ ကျင့်သုံးမိတဲ့ ငြိမ်း ကိုယ် ငြိမ်း နောင်တ ရလို့ မဆုံး ပါဘူး မောင် ရယ် ၊ မနက်ဖြန် အတွက် ကို တော့ ငြိမ်း ကြိုတင် ပြင်ဆင်ပြီး နေပါပြီ၊ အဲဒါကတော့ ဗုဒ္ဓ ရဲ့ သမီးပျို ပီသစွာ ယောဂီထဘီ အင်္ကျီအဖြူ နဲ့ ယောဂီတဘက် ကို လွှမ်းပြီး သံဃာတော် အရှင်မြတ်တို့ ရဲ့ ရေစက်ချတရား ကို နာယူပြီး အလှူဒါန အပေါင်း ကို လှိုက်လှိုက်လှဲလှဲ သာဓုခေါ်ဖို့ ပါပဲ ”

ဟု မောင့် ကို အေးအေးသာသာ ပင် ပြန်ပြောလိုက်မိသည် ။

ကျွန်မ စကား ကြောင့် မောင် ပင် တဒင်္ဂ အားဖြင့် ကြောင်ငေးငေး ဖြစ်သွားပါတော့သည် ။

⎕ သန်းမြင့်အောင်

📖 တိုင်းရင်းမေ ဂျာနယ်
      ၁၉၇၈ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment