Monday, September 30, 2024

လူမင်းဘုန်းကြီးတော့


 

❝ လူမင်းဘုန်းကြီးတော့ ❞

ဟို ရှေးရှေးတုန်း က တိုင်းကြီးအောင်ချာ ကို သိမ်းမြန်းပြီး ထီးနန်း စိုးစံခဲ့တဲ့ မင်းဇေယျ ဆိုတဲ့ ဘုရင် တစ်ပါး ရှိခဲ့ သတဲ့ ။ မင်းဇေယျ ဟာ သူရသတ္တိ ဉာဏ်မျက်စိ အရှိဆုံး မင်းပျိုမင်းလွင် တစ်ပါး ဖြစ်ခဲ့တယ်တဲ့ကွယ် ။ ဆင်စီးတိုက်ပွဲ မှာ လည်း သူ ပဲ နိုင်ခဲ့တယ် ။ မြင်းစီးတိုက်ပွဲ မှာ လည်း သူပဲ နိုင်ခဲ့တယ် တဲ့ ။ တိုင်းတစ်ပါး မင်းတွေ နဲ့ စီးချင်းထိုးပွဲ ဖြစ်ခဲ့သမျှ မှာ သူ ချည်းပဲ အောင်နိုင်ခဲ့ တာပေါ့ ။ အလွန် ဘုန်းလက်ရုန်း တောက်ပြောင်တဲ့ မင်း ပေါ့ကွယ် ။ နတ်တွေ က တောင် နတ်မြင်း တစ်ကောင် ဆက်ထား ရတယ်ဆိုပဲ ။ လူမင်း ဘုန်းကြီး တော့ နတ်မင်း မနေနိုင် ဆိုတာ ဒါမျိုးပေါ့ ။ အဲဒီ မင်းဇေယျ ဟာ သူ လှည့်လည်ရာ တိုင်းခန်းပြည်နယ် တို့ ကို တစ်နှစ် အတွင်း လှည့်လည် လိုက်တာ သူ ရောက်ရာ တိုင်းပြည်မြို့နယ်တိုင်း က သူ့ ကို မင်းဧကရာဇ် တင်မြှောက် ခစားကြရ တယ်တဲ့ ။

ဒီအချိန်မှာ မင်းမဟာ ဆိုတဲ့ ဘုရင် တစ်ပါး ကလည်း တိုင်းကြီးနာဂရ မှာ စိုးမိုးအုပ်ချုပ် နေတယ်တဲ့ ။ သူ လည်း ဘုန်းလက်ရုန်း တောက်ပတဲ့ ဘုရင် တစ်ပါး ပေါ့ကွယ် ။ သူ ဟာ သူ့ ထက် နုငယ်တဲ့ မင်းဇေယျ ရဲ့ ကောင်းကြီး သတင်း ကျော်ကြားခြင်း အကြောင်း ကို ကြားတော့ မင်းဇေယျ က သူ့ ထက် သာ သွားမှာကို စိုးရိမ်သွားတယ် ။ မနာလိုဝန်တို စိတ်တွေ ဖြစ်လာတာပေါ့ လေ ။

ဒီလိုနဲ့ပဲ တစ်နေ့ ကျတော့ ကြီးကျယ်ခမ်းနားတဲ့ မင်းပွဲသဘင်ကြီး ဆင်ယင်ကျင်းပ သတဲ့ ။ အမှန်တော့ သူ့ သမီးတော် ယမင်းခင် မင်းသမီးလေး အတွက် ကြင်ဖော်ကြင်ဘက် ရွေးပွဲ ကြီးပါပဲ ၊ ပန်းကုံးစွပ်ပွဲကြီး ပါပဲကွယ် ။

ယမင်းခင် မင်းသမီးကလေး က လည်း သိပ် လှတယ်တဲ့ ။ ဒီ မင်းသမီးလေး အတွက် ကြင်ဖက်တော် ရွေးရမယ့် ပန်းကုံးစွပ်ပွဲ မှာ မင်းဇေယျ ကို ဖိတ်မန္တက ပြုမထားဘူးတဲ့ ။ အခြား တိုင်းနိုင်ငံ အသီးသီး က မင်းညီမင်းသားတွေ နဲ့ ဘုရင်တွေ က လည်း အခွင့်အခါ ကို မလွတ်ရ အောင် ရောက်လာကြတယ် ။ ယမင်းခင် မင်းသမီးကလေး ကို သူ ရနိုး ၊ ငါ ရနိုးနဲ့ ကြိုးစားပမ်းစား တက်ရောက်ကြသတဲ့ကွယ် ။

အဲဒီအချိန် မှာ မဖိတ်ခေါ်ဘဲ ထားတဲ့ မင်းဇေယျ ရဲ့ပုံ ကို ရွံ့စေး နဲ့ ရုပ်ထုပြီး တံခါးစောင့် နေရာမှာ ထားသတဲ့ ။ မင်းဇေယျ ဟာ မင်းမဟာ ရဲ့ တံခါးမှူး ၊ မင်းမဟာ ရဲ့အစေအပါး အဖြစ် နေရမယ်လို့ အမိန့် ထားပြန်တယ် ။ မင်းဇေယျ ရဲ့ ရုပ်တု ကို တံခါးပေါက် မှာ နေရာချထားလို့ပေါ့ ။

မင်းပွဲသဘင် ဆင်ယင်ရာ ခန်းမဆောင်ကြီး မှာ လည်း ပန်းမွေ့ရာ ရွှေကော်ဇောတွေ ခင်း လို့ပေါ့ ။ တိုင်းတစ်ပါး မှ ရောက်လာတဲ့ မင်းညီမင်းသား ဘုရင်များ ကလည်း ကျောက်မျက်ရွဲကြီးတွေ နဲ့ စီခြယ်ထားတဲ့ ရွှေချည်ထိုး မင်းမြောက်တန်ဆာတွေ နဲ့ ဝင်းဝင်းပြောင် လို့ပေါ့ကွယ် ။

သုတိမင်္ဂလာ အချိန် လည်း ရောက်ရော ယမင်းခင် မင်းသမီးလေး လည်း အဆောင်အယောင်တွေ နဲ့ ထွက်လာပါရောတဲ့ ။ မင်းသမီးကလေး ဆင်မြန်းထားတဲ့ အဝတ်အထည် တွေ စိန်ခြယ်ရောင်သန်း ရွှေရည် လွှမ်းနေသတဲ့ ။ လက်ဝတ်တန်ဆာ ဥသျှောင် တို့ ရဲ့ အရောင်အဝါ တို့ ကလည်း ရွှန်းရွှန်းစို နေတာပဲတဲ့ ။ အလှပန်းတို့ လန်းလန်းပွင့် နေဘိ အလား မင်းသမီး လေး နဲ့ သိပ် ပနံရတာပဲတဲ့ ။

မင်းသမီးလေး ရဲ့လက်ထဲ မှာ တော့ မြတ်နိုးရာ ဖူးစာရှင် ကို ဆင်မြန်းပေးဖို့ ပန်းကုံးကြီး ပါလာသပေါ့ ။ တိုင်းခြားဘုရင် နဲ့ မင်းညီမင်းသား တွေ ဟာ မင်းသမီးလေး ရဲ့ လက် ထဲ က ပန်းကုံး ကို သူ ဆင်ရနိုး ၊ ငါ ဆင်ရနိုး အသက်မရှူ နိုင်ဘဲ ရှိနေကြတယ် ။ မင်းသမီးကလေး ကို သူ ကြင်ရနိုး ၊ ငါ ကြင်ရနိုး နဲ့ မျှော်လင့်တကြီး မျှော်ကိုး နေကြသတဲ့ ။ ဒါပေမယ့် မင်းသမီးကလေး က တော့ သူတို့ ရှိနေတာ ကို အမှု မထားဘူး ။ နန်းမတံခါးဝ ကိုသာ အလျင်အမြန် လျှောက် သွားတယ် ။ ပြီးတော့ မင်းဇေယျ ရဲ့ ရုပ်တု ကို ပန်းကုံး စွပ် လိုက်တယ်တဲ့ ။

ဒီတော့ မင်းမဟာဘုရင်ကြီး က ဒေါသတကြီး ခုန်ထ လိုက်တယ် ။ သမီးတော် ယမင်းခင် ကို စိတ်ဆိုးမာန်ဆိုး နဲ့ ပေါ့လေ ။ ဒါပေမယ့် မင်းမဟာဘုရင်ကြီး တို့ ဘာမှ မပြောလိုက်နိုင်သေး မီ အတွင်းမှာ ရုပ်တု ဘေး မှ မင်းဇေယျ အစစ် ပေါ်ပေါက် လာသတဲ့ ။ မဖိတ်ခေါ်ဘဲ နဲ့ ဘယ်အချိန် က ရောက်နေနှင့်တယ် မသိဘူးပေါ့ ။ သူ ဟာ တစ်ခဏချင်းပဲ မင်းသမီးကလေး ကို ပွေ့ချီကာ မြင်းပေါ် တင်ပြီး အပြင်းစိုင်း ထွက်သွားပါရောတဲ့ ။

တိုင်းတစ်ပါးမင်းတွေ က လည်း သူတို့ မြင်း ရှိရာကို ပြေးတက်ပြီး အတင်း လိုက်ကြ သတဲ့ ။ ဒါပေမယ့် မင်းဇေယျ ကို မမီရှာဘူးတဲ့ ။ ဒီလိုနဲ့ပဲ မင်းသမီးကလေး မှာ အသဲ တထိတ်ထိတ် နဲ့ ဇေယျရဋ္ဌပြည် ကို ရောက်ခဲ့ရတယ်တဲ့ကွယ် ။

⎕ ပုသိမ်ချစ်ခိုင်

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၆၂ ၊ ဖေဖော်ဝါရီ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment