Wednesday, September 11, 2024

နေနန်းနွယ် ရဲ့ ည


 

❝ နေနန်းနွယ် ရဲ့ ည ❞
━━━━━━━━━━━━
           နေနော်
━━━━━━━━━━━━
( ၀ )

ပြဿနာ ၏ အစ က တော့ ရေကျသံ ပဲ ဖြစ်လေသည် ။

( ၁ )

ထို အသံ ကို တင်ဌေးအောင် စတင် သတိထားမိ သည်မှာ သိပ် မကြာသေး ။

မှတ်မှတ်ရရ သူ ရင်ဆိုင် ရတော့မည့် စာမေးပွဲ ရက်ရှည် ကာလကြီး မတိုင်ခင် ရက် အနည်းငယ် အလိုက ဖြစ်သည် ။ ထိုနေ့ က အတော် ညဉ့်နက်သည် အထိ သူ စာကျက် နေခဲ့သည် ။ ရှည်လျားသော ၊ ကွေ့ ကောက်ရှုပ်ထွေးသော စကားလုံးများ ၊ ဘာသာရပ်ဆိုင်ရာ အခေါ် အဝေါ်များ နှင့် သူ ထွေးလုံးရစ်ပတ် ဖြစ်နေစဉ် မှာပင် ထို အသံ ကို သူ စတင် သတိထားမိခြင်း ဖြစ်သည် ။

အသံ က သိပ် အတိုးကြီး မဟုတ် သလို ၊ သိပ် အကျယ်ကြီး လည်း မဟုတ် ။ အစကတော့ ထို အသံ ကို ဘာသံ ဟု ရေရေရာရာ သူ မခွဲခြားတတ်ခဲ့ ။ စည်းချက် ညီစွာ ထွက်ပေါ် နေသော ထိုအသံကို သာမန် အသံ တစ်ခု အဖြစ်သာ သဘောထားလျက် သူ့ စာ ကို ဆက်ကျက် နေလိုက်သည် ။ သို့သော် စာတစ်ပိုဒ် မဆုံးခင်မှာပင် ထိုအသံ သည် ဘာသံ ဖြစ်ကြောင်း သူ ကောင်းစွာ သတိ ထားလိုက်မိ တော့သည် ။ ပျော့ပျောင်း ညင်သာစွာ အဆက်မပြတ် ထွက်ပေါ် နေသော ထို အသံ မှာ ရေမြောင်း အနီး၌ ကြားရလေ့ ရှိသော အသံမျိုး ဖြစ်သည် ။

သေချာတယ် ။ ဒါဟာ ရေကျသံ အစစ်ပဲ ။

ကျက်လက်စ စာအုပ်ကို ဘေးသို့ ချရင်း ထို အသံ ကို အာရုံစူးစိုက်ကာ နားထောင် နေမိသည် ။ ရေကျသံ သည် ပြင်ညီ တစ်ခု ပေါ်သို့ ရေလောင်းချ သောအခါ ကြားရလေ့ ရှိသော တဗြန်းဗြန်း ရေကျသံမျိုး မဟုတ် ။ ရေရှိ နေသော ရေအိုင် သို့မဟုတ် ရေမြောင်း အတွင်းသို့ ရေစီးကြောင်း အသေးစား တစ်ခု စီးဆင်းပြိုကျသည့် အသံမျိုး ဖြစ်သည် ။ တစ်နည်းအားဖြင့် အလွန် သေးငယ်သော ရေတံခွန်လေး တစ်ခု ထွက်ပေါ်လာသည့် ရေကျသံမျိုး ဖြစ်သည် ။

ထို ရေကျသံ ၏ ဆွဲဆောင်မှု က တင်ဌေးအောင် ၏ စာကျက်ခြင်းကိစ္စကို ရပ်ဆိုင်းသွားစေခဲ့တော့သည် ။ ဒီ အသံ ဘယ်က လာတာလဲ ။ ထို မေးခွန်း သည် ထို ရေကျသံ ကြောင့် သူ ၏ ဦးခေါင်း အတွင်းသို့ ထိုးခွဲ ဝင်ရောက် လာကြသော မေးခွန်းများစွာ အနက်မှ ပထမဦးဆုံး ဝင် ရောက်လာသည့် မေးခွန်းပင် ဖြစ်လေသည် ။

သူ ထိုင်ရာ မှ ထရပ်ရင်း ရေကျသံ ထွက်ပေါ်ရာ အရပ် ကို လိုက်လံ ရှာဖွေလေတော့သည် ။ ထို ရေကျသံ သည် သူ နေထိုင်ရာ အခန်းကျဉ်းလေး ၏ အနီး ပတ်ဝန်း ကျင် တစ်နေရာမှ ထွက်ပေါ် နေခြင်း ဖြစ်သည် ။ သူ ၏ အခန်းကျဉ်းလေး မှာ မိသားစုပိုင် အိမ်မကြီး နှင့် ဝေးကွာ ရာ ခြံထောင့် ၌ ဆောက်လုပ် ထားသည့် ကားဂိုဒေါင် နှင့် တစ်ဆက်တည်း အခန်းကျဉ်းလေး ဖြစ်သည် ။

အခန်းတံခါးကို ဆွဲဖွင့်၍ သူ သည် အခန်း ( ကား ဂိုဒေါင် ) ၏ အပြင်ဘက် သို့ ထွက် လိုက်သည် ။ ထို့နောက် မဟူရာရင့်ရောင် အမှောင်ထု အတွင်းသို့ တိုးဝင်ရင်း ရေကျသံ ထွက်ပေါ်ရာ အရပ် ကို လိုက်လံ ရှာဖွေလေတော့ သည် ။ မိုးရာသီ ဖြစ်သော်လည်း မိုး မရွာသော ည တစ်ည ၏ သန်းခေါင်ယံ အချိန်၌ ထွက်ပေါ် နေသော ရေကျသံနှင့် ထို ရေကျသံ အား လိုက်လံ ရှာဖွေနေသော လူ တစ်ယောက် တို့ကို ဆုံစည်းမိစေသော နေရာ ကတော့ သူ၏ အိပ်ခန်း ပြတင်းပေါက် နှင့်တည့်တည့် ခြံစည်းရိုး အစပ် ၌ ဖြစ်လေ သည် ။ ထိုနေရာ အရောက် ကြိုတင် ပြင်ဆင်ထားခြင်း မရှိ ပါဘဲ သူ့ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ တဖြန်း ဖြန်း ထ သွားတော့သည် ။

ဟင့်အင်း .. မဖြစ်နိုင်ဘူး ။ ဒီနေရာ တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ မယုံကြည် နိုင်စွာ ခေါင်း ခါယမ်းရင်း ရေကျသံ ထွက်ပေါ်ရာ မြေပြင် ကို စူးစိုက် ကြည့်လိုက်မိ သည် ။ ထို မြေပြင်၌ ရေ နှင့် တူသော အရာ ဟူ၍ ဘာမျှ မရှိ ။ သို့သော် သူ၏ နား ၌ ကြား နေရသော ရေတံခွန် အသေးစားလေး ၏ အသံ မှာ ထိုနေရာမှပင် ထွက်ပေါ် နေခြင်း ဖြစ်သည် ။ မယုံကြည်နိုင်စွာ ၊ အံ့သြမှင်တက်စွာ မြေပြင် ပေါ်သို့ ဒူးထောက် ထိုင်ချလိုက်မိသည် ။ သည်မှာ ပင် ရေကျသံ နှင့် သူ ပက်ပင်း တိုးလေတော့သည် ။

သူ ၏ နားတွင်း သို့ တိုးသက် ညင်သာစွာ အဆက် မပြတ် စီးဝင်နေသော ထို ရေကျသံ သည် သူ ထိုင်ချသော နေရာ နှင့် တည့်တည့် ဟိုး မြေကြီး အောက်မှ ထွက်ပေါ် နေ ခြင်းပဲ ဖြစ်လေသည် ။

( ၂ )

ထို ည မှ စတင်၍ သူ ၏ အိပ်စက်ခြင်းများ နှင့် စာကျက်ချိန် အတော်များများ ကို ထို ရေကျသံ က တစ်စစီ ကိုက်ဖဲ့ ခြွေမွ လေတော့သည် ။ တိုးသက် ပျော့ပျောင်း သော်လည်း ညဉ့်နက်ပြီ ဆိုသည်နှင့် မှန်မှန်ကြီး ထွက်ပေါ်လာ တတ်သော ထိုရေကျသံ က သူ့အား ညစဉ် ဆိုသလို ဒုက္ခ ပေးတော့သည် ။ သူ၏ ဦးခေါင်းအတွင်း၌ ( ဗားတိုင်မင် ဒိုင်ယာဂရမ်များ ၊ ဆပ်စ်ပင်းရှင်း မစ္စတမ်များ ၊ အင်ဂျင်နီယာ ဒီဇိုင်းများ အစား ) ထို ရေကျသံ က သာ စီးဝင် နေရာယူ တော့သည် ။

ရပ်လိုက်စမ်းပါ ။ ကျေးဇူးပြုပြီး အဲဒီ အသံ ကို ရပ် လိုက်ကြစမ်းပါ ။

သို့သော် ထို ရေကျသံ ကတော့ ညစဉ် မှန်မှန်ကြီး ထွက်ပေါ်လာမြဲ ဖြစ်သည် ။ ကြာတော့ သူ သည်းမခံ နိုင်တော့ ။ သူ၏ အိမ်သားများ အား သူ့ အိပ်ခန်းပြတင်း အပြင်ဘက် မှ ရေကျသံ တစ်ခု ကို ကြားနေရကြောင်း ပြောပြ လိုက်တော့သည် ။ ထို ရေကျသံ နှင့် ပတ်သက်သည့် အိမ်သားများ ၏ တုံ့ပြန်မှု ကတော့ တစ်ယောက် တစ်မျိုး ဖြစ်သည် ။

တချို့က ‘ မဖြစ်နိုင်ပါဘူး ’ ဟု ပြော၍ တချို့က ‘ အဲဒီ အောက်မှာ ရေပိုက်လိုင်း တစ်ခု ရှိရမယ် ။ အဲဒီ ရေ ပိုက်လိုင်း က အဲဒီ နေရာ အရောက် မှာ ပေါက် နေလိမ့်မယ် ။ ဒါကြောင့် အဲဒီ ရေကျသံ ထွက်လာတာ ဖြစ်ရမယ် ’ ဟု ဆိုသည် ။ တချို့ ကတော့ ‘ မိုးတွင်း မို့ ရေတွေကြောင့် မြေအောက် ရေစီးကြောင်း တစ်ခု ဖြစ်လာပြီး အဲဒီရေစီး ကြောင်းဟာ အဲဒီ နေရာ အောက်က ဖြတ်သန်း သွားတာ ဖြစ်ရမယ် ’ ဟု သုံးသပ်လေသည် ။

ထို သုံးသပ်ချက် မှာ လက်ခံနိုင်လောက်အောင် ဖြစ် နိုင်ခြေများသော သုံးသပ်ချက်ပဲ ဖြစ်သည် ။ ထိုသုံးသပ် ချက်ကြောင့် ရေကျသံ ၏ ဆွဲဆောင်မှုမှာ အတော်အသင့် လျော့ပါး သွားရတော့သည် ။ သို့သော် ထိုလျော့ပါးသွား ခြင်းမှာ ကြာကြာမခံခဲ့ ။ ရက်အနည်းငယ် အတွင်းမှာပင် ထို ရေကျသံ အား ပြန်လည် စိတ်ဝင်တစား ဖြစ်ရမည့် ကိစ္စ တစ်ခု ပေါ်ပေါက် လာခဲ့သည် ။ ထို ကိစ္စ ကို ဖြစ်ပွားစေသူ ကတော့ သူတို့ အိမ်သို့ အလည်အပတ် ရောက်ရှိလာ သော သူတို့ အိမ် ၏ ယခင် ပိုင်ရှင်ဟောင်း ပဲ ဖြစ်လေ သည် ။

ထို ပိုင်ရှင်ဟောင်း အား ခြံထောင့် မှ ရေကျသံ တစ်ခု ကြားရကြောင်း ပြောပြ လိုက်မိသည် ။ ပိုင်ရှင်ဟောင်း က ကြားဖူးနေကျ စကားကို ကြားလိုက်ရသည့်ပမာ ဘာမှ မထူးဆန်းသည့် ဟန်မျိုးဖြင့် ခေါင်း တစ်ချက် ညိတ်သည် ။ ထို့နောက် အတော်အသင့် ရှင်းနေသည့် အရာမှန်သမျှ ကို ရှုပ်ထွေး သွားစေမည့် စကား တစ်ခွန်း ကို ရေရွတ်လေ သည် ။ စကား ကတော့ ‘ မေတ္တာပို့ပါ ’ ဟူသည့် စကားပဲ ဖြစ်သည် ။

မေတ္တာပို့ပါ တဲ့ ။ ထို စကား၏ နောက်ကွယ်၌ လျှို့ဝှက်နက်နဲမှု များစွာ ရှိကြောင်း သူ အပါအဝင် အိမ်သား အားလုံး သဘောပေါက် လိုက်ကြသည် ။

ဘာကို မေတ္တာပို့ရမှာလဲ ။ ဘာအတွက် မေတ္တာ ပို့ရမှာလဲ ။ တစ်ယောက် တစ်ပေါက် ဝိုင်း မေးကြသော မေးခွန်းများ ကို ပိုင်ရှင်ဟောင်း အပြုံးဖြင့် တုံ့ပြန်ရင်း တစ်လုံးချင်း ပြောပြသည် ။ ထိုသူ ပြောပြသည်မှာ ယခု ရေကျသံ ကြားနေရသော နေရာ ( သူ၏ အိပ်ခန်းပြတင်း အပြင်ဘက် ခြံစည်းရိုး အစပ်၌ ) ယခင်က ရေတွင်းပျက် ကြီးတစ်ခုရှိပြီး ထို ရေတွင်းပျက်မှာ မြေကြီးများ ဖုံးလွှမ်း မှုကြောင့် ပျောက်ကွယ် သွားခြင်းဖြစ်ကြောင်း ၊ ထိုရေတွင်းပျက် မှာ သာမန် ရေတွင်းပျက် မဟုတ်ဘဲ သိုက်ဘတစ်ခု ဖြစ်ကြောင်း ၊ ထို သိုက် ကို စောင့်သော ဥစ္စာစောင့်မှာ နေနန်းနွယ် ဆိုသည့် မင်းသမီး တစ်ပါး ဖြစ်ပြီး သူမ မှာ အလွန် ချောမော လှပကြောင်း ၊ ထို့အပြင် ယခု ကြားရသော ရေကျသံ မှာ နေနန်းနွယ် က တမင်ဖန်တီးသည့် အသံ ဖြစ်ပြီး သူ့ အလိုလိုပင် ပျောက်ကွယ်သွားတတ်ကြောင်း ၊ ၎င်းတို့ နေစဉ်အခါကလည်း ယခုလိုပင် တစ်ခါတစ်ရံ၌ ရေကျသံများ ကြားရတတ်ကြောင်း စသည်တို့ ဖြစ်သည် ။

အလွန် စိတ်ဝင်စားဖွယ် ကောင်း၍ အလွန်လည်း ရင်ခုန်ဖွယ် ကောင်းသော အကြောင်းအရာများပဲ ဖြစ်သည် ။ ထို အကြောင်းအရာများ ကြောင့် သူ ရင်ဆိုင် နေရသော အရာမှာ သာမန် ရေကျသံ တစ်ခု မဟုတ်ဘဲ အလွန် ချောသည့် ဥစ္စာစောင့်မ တစ်ယောက် ဖြစ်ကြောင်း နားလည် လိုက်မိသည် ။ ယင်း နားလည်မှုကပင် သူ့ အား ဒုက္ခ ရောက်စေခဲ့ခြင်း ဖြစ်လေသည် ။ အကြောင်းကတော့ သူတို့ အိမ် ၌ ယခင် ပိုင်ရှင်ဟောင်း လာလည် သွားသည့် နေ့မှစ၍ အချိန်ရှိတိုင်း နေနန်းနွယ် ဟူသော ဥစ္စာစောင့်မလေး ၏ အကြောင်း ကိုသာ သူ တွေး နေမိတော့သည် ။

နေနန်းနွယ် တဲ့ ။ သူမ ဟာ သိပ်ကို လှသတဲ့ ။ ဘယ်လို လှတာလဲ ။ ပြီးတော့ ဘယ်လောက် လှတာလဲ ။

ထို အတွေး သည် သူ ၏ ဦးခေါင်း အတွင်းသို့ မကြာခဏ ဝင်ရောက် လာတတ်သော အတွေး ဖြစ်သလို ။ သူ၏ စာကျက်ချိန်များကို တစ်စစီ ခြွေဖဲ့ပစ်သော အတွေး လည်း ဖြစ်လေသည် ။ ထိုအတွေး ကို သူ နည်းမျိုးစုံဖြင့် ကြိုးစား မေ့ဖျောက် ပစ်ခဲ့သည် ။ သို့သော် သူ မည်မျှပင် ကြိုးစား ကြိုးစား ထို အတွေးက သူ့အား မကြာခဏ ဆိုသလိုပင် အနိုင်ရသွားတတ်မြဲ ဖြစ်သည် ။ တစ်ခါတစ်ရံ ရေကျသံ ကို နားထောင်ရင်း နေနန်းနွယ် ၏ ပုံသဏ္ဌာန် ကို စိတ်ကူးဖြင့် ပုံဖော် နေမိလေသည် ။

သည်လိုနှင့်ပင် သူ ဖြတ်သန်းရမည့် စာမေးပွဲရက် များက တိုးဝင် ရောက်ရှိလာခဲ့တော့သည် ။ စာမေးပွဲ စဖြေသည့် ပထမဆုံး နေ့မှာပင် နေနန်းနွယ် သည် သူ့ကို လွှမ်းမိုး အနိုင်ရနေကြောင်း သူ သဘောပေါက်လိုက် တော့သည် ။ ထိုနေ့က စာမေးပွဲခန်း အတွင်း ရေကျသံ တသွင်သွင် ကိုသာ သူ ကြားယောင် နေမိသည် ။ ပို၍ ဆိုးသည်က ဂဏန်းတွက်စက် မှန်ချပ် ပေါ်မှာ ၊ အဖြေလွှာ ပေါ်မှာ ၊ စာမေးပွဲ မေးခွန်းလွှာ ပေါ်မှာ စိတ်ကူးဖြင့် မြင် ယောင်နေမိသော နေနန်းနွယ် ၏ ပုံရိပ် က မကြာခဏ ပေါ် ပေါ်လာခြင်းပဲ ဖြစ်သည် ။ သူ စိတ်ရှုပ်ထွေးစွာ ခေါင်းကို ခါယမ်း လိုက်မိသည် ။

ခက်လိုက်တာ ။ ကျေးဇူးပြုပြီး ခဏလောက် ထွက် သွားစမ်းပါ ။ ပြီးတော့ မင်း ရဲ့ ရေကျသံတွေ ကို ရပ်ပစ် လိုက်စမ်းပါ ။

သို့သော် နေနန်းနွယ် နှင့် ရေကျသံ ကတော့ သူ့ အား တိုက်စား သယ်ဆောင် သွားမြဲ ဖြစ်လေသည် ။ သည်လို နှင့်ပင် စားမေးပွဲ ကာလ ၏ အစပိုင်း ရက် အတော်များများ ကို သူ ရယ် ၊ နေနန်းနွယ် ရယ် ၊ ရေကျသံ ရယ် ထွေးလုံး ရစ်ပတ်လျက် ကယောင်ချောက်ချား နိုင်လှစွာ ဖြတ်ကျော် ခဲ့ရသည် ။

နေနန်းနွယ် ရယ် မင်း ကိုယ့် ကို မနှောင့်ယှက်စမ်း ပါနဲ့ ။ ပြီးတော့ မနှိပ်စက်စမ်းပါနဲ့ ။

သူ မည်သို့ပင် တောင်းပန် တောင်းပန် နေနန်းနွယ် က တော့ သူ့ အား ပူးကပ် အနိုင်ယူဆဲ ဖြစ်သည် ။ ဒရောရင်း ( Drawing ) နေ့ခေါ် ပုံဆွဲရမည့် နေ့ကတော့ သူ့အား နေနန်းနွယ် အနှောင့်ယှက်ဆုံး နေ့ပဲ ဖြစ်သည် ။ ထိုနေ့က ( ဒရောရင်းပေပါ ) ပေါ်ရှိ ( ဖရွန့်ဗျူး ၊ ဆိုဒ်ဗျူး ) နေရာများ၌ နေနန်းနွယ် ၏ ပုံများကိုသာ ယောင်မှား ရေးခြစ်နေမိ တော့သည် ။ 

( ၃ )

စာမေးပွဲ ပြီးဆုံးခါနီး သုံးရက်လောက် အလိုမှာ တော့ ရင်ဘတ်မွေး လက်မွေးထူထူနှင့် ဘောင်းဘီဝတ် ပုဂ္ဂိုလ်ထံသို့ သူ ရောက်သွားရတော့သည် ။

ဆရာဝန် က သူ့ အား ဦးနှောက်ကြည်ဆေးများ ဖောဖောသီသီ ပေးသည် ။ ဘာမှ မတွေးနဲ့ ၊ ဘာကိုမှ ( ဝါရီ ) မဖြစ်နဲ့ ၊ အိပ်ရေး ဝဝ အိပ် ၊ ခေါင်း ကို ကြည်ကြည်ထား ။ စာမေးပွဲ ဆိုတာ သူ့အလိုလို ( အိုကေ ) သွားလိမ့်မယ် ဟုတ်ပြီလား ။

ဟင့်အင်း .. ဆရာ ။ ဒီကိစ္စ ဟာ ကျွန်တော် နဲ့ နေနန်းနွယ် နဲ့ ပဲ သက်ဆိုင်တာ ။ သူ နဲ့ ကျွန်တော် တွေ့ ရရင် အားလုံး အဆင်ပြေသွားမှာ ။

စာ ကို ညဉ့်နက်တဲ့ အထိ မကျက်နဲ့ ။ ဖြစ်နိုင်ရင် လုံးဝ မကျက်နဲ့တော့ ။ ခင်ဗျား က ( ဘရိုက် ) ဖြစ်ပြီး သားပဲ ။ အရင်ကလည်း အများကြီး ကျက်ထားတဲ့ ဥစ္စာ ။ ဖြေနိုင်မှာပါ ။

နေနန်းနွယ် က ဆရာရယ် .... အဲဒီ ရေကျသံ တွေကို...

ကျွန်တော် ပေးတဲ့ ဆေးတွေ ကို မှန်မှန် သောက်ရ မယ်နော် ။ ကဲ ... ထိုးဆေး ထိုးလိုက်ရအောင် ။

နေနန်းနွယ် ရယ် မင်း ကိုယ့် ကို မနှောင့်ယှက်စမ်း ပါနဲ့ ။ ဖြစ်နိုင်ရင် မင်း ကိုယ် နဲ့ လာတွေ့ စမ်းပါ ။ ကိုယ် မင်း နဲ့ တွေ့ချင်တယ် ။

ထိုနေ့ည သန်းခေါင်ယံ အချိန်မှာတော့ သူ ထို စကားများကိုသာ ထပ်ခါတလဲလဲ ရေရွတ် နေမိတော့ သည် ။ သူ ၏ အိမ်သားများက အစပိုင်းတွင် သူ နှင့် အတူတူ လာအိပ်မည် ဟု ဆိုကြသည် ။ သို့သော် သူ က တော့ အကြောက်အကန် ငြင်းခဲ့သည် ။ ထိုအခါ သူ့ အား ကားဂိုဒေါင် အခန်းကျဉ်းလေး ထဲ၌ မအိပ်ဘဲ အိမ်မကြီး၌ လာ အိပ်ရန် ပြောကြပြန်သည် ။ မဖြစ်ပါဘူး ၊ အိပ်ရာ ပြောင်းအိပ်ရင် အိပ်လို့ရမှာ မဟုတ်ပါဘူး ။ ကျွန်တော် ဒီမှာပဲ အိပ်မယ် ။ မင်း စာတွေကျက်ရင် ... ။ ဟင့်အင်း .... မကျက်ဘူး ၊ ခုပဲ အိပ်တော့မှာ ။

နောက်ဆုံးတော့ သူ ၏ အိမ်သားများ က သူ့ အား လက်လျှော့သွားကြတော့သည် ။ သူ ကတော့ အိမ်သား များ အိပ်လောက်ပြီ ဆိုသည်နှင့် အိပ်ရာ ထဲ မှ ထ၍ အိပ်ခန်း ပြတင်း ဆီ သို့ လျှောက်လာခဲ့သည် ။ ထို့နောက် ရေကျသံ ထွက်ပေါ်ရာ ခြံစည်းရိုး အစပ်သို့ ငေးရီရင်း နေနန်းနွယ် ကိုသာ တမ်းတ နေမိတော့သည် ။ နေနန်းနွယ် မင်း ကိုယ့် ဆီညလာခဲ့စမ်းပါ ။ ကိုယ် မင်း ကို စောင့်တယ် ။ သို့သော် နေနန်းနွယ် ကတော့ မိုးစင်စင်လင်း သည်အထိ တင်ဌေးအောင် ဆီသို့ ရောက်မလာခဲ့ ။ နောက်တစ်နေ့ မှာတော့ ကျိန်းစပ်သော မျက်လုံး အစုံနှင့် စာမေးပွဲခန်း ဆီသို့ သွား၍ နေနန်းနွယ် ၏ အမည် ကိုသာ အဖြေလွှာ အပြည့် ရေးနေမိတော့သည် ။

စာမေးပွဲ နောက်ဆုံးနေ့ မတိုင်ခင် ည မှာတော့ သူ သည်းမခံနိုင်အောင် ဖြစ်နေတော့သည် ။ ညပေါင်းများစွာ အိပ်ရေးပျက် ထားရသော မျက်လုံးအစုံ နှင့် ရေကျသံ ထွက်ပေါ်ရာ နေရာကို စူးစိုက်ကြည့်ရင်း နေနန်းနွယ် ၏ အမည် ကို အမောတကော ရေရွတ် နေမိတော့သည် ။ လာသင့်ပြီ နေနန်းနွယ် ။ ဘာပဲဖြစ်ဖြစ် ခုလို ညမျိုးမှာ တော့ မင်း ရောက်လာသင့်ပြီ ။

သူ ဆောက်တည်ရာမဲ့စွာ အသံ ထွက်၍ ရေရွတ် လိုက်မိသည် ။ ထိုအချိန် မှာပင် တိုးသက်ညင်သာစွာ ထွက်ပေါ်နေသော ရေကျသံ က ပို၍ ကျယ်လောင်လာ တော့သည် ။ ဖြစ်နိုင်ပါ့မလား ။ ဒါ တကယ် ဖြစ်နိုင်ပါ့ မလား ။ သူ မယုံရဲစွာ ပြတင်းပေါက် သံဆန်ခါ ကို ထောင်လိုက်မိသည် ။ ရေကျသံ ကျယ်လောင်လာခြင်း … လက်ဖြင့်ဆုပ်ကိုင်ရင်း ရေကျသံကို အာရုံစူးစိုက် နား မှာ အမှန်ပဲ ဖြစ်လေသည် ။

ဘုရားရေ ... ဒါဆို သူမ လာတော့မယ်ပေါ့ ။ နေနန်းနွယ် ရောက်လာတော့မယ်ပေါ့ ။

အံ့သြဝမ်းသာစိတ်ဖြင့် သူ့ တစ်ကိုယ်လုံး ကြက်သီး များ တဖြန်းဖြန်း ထသွားသည် ။ ပြတင်းပေါက် သံဆန်ခါ ကို ဆုပ်ကိုင်ထားရာ မှ ရေကျသံ ထွက်ပေါ်ရာ ခြံစည်းရိုး အစပ်သို့ သွားကြည့်ချင်သော ဆန္ဒတို့ သူ့ ရင်တွင်းသို့ စီးဝင် လာတော့သည် ။ ကိုယ် လာခဲ့မယ် နေနန်းနွယ် ။ မင်း ရဲ့ နေရာ ကို ကိုယ် လာခဲ့မယ် ။ မင်း အဲဒီနေရာ ကနေ ကိုယ့် ကို စောင့်နေစမ်းပါ ။ ပြတင်း ပေါက် ကို ခွာလျက် အခန်းတံခါးဆီသို့ သူ လျှောက်လာ ခဲ့သည် ။ ထို့နောက် အခန်းတံခါး ကို ဆွဲဖွင့်၍ ရေကျသံ ထွက်ပေါ်ရာ ခြံထောင့်သို့ ကားဂိုဒေါင်ကို ပတ်ရင်း အပြေး သွား တော့သည် ။

သူ ရောက်သွားတော့ ရေကျသံ က စောစောက ထက်ပင် ပို၍ ကျယ်လောင် နေပြီ ဖြစ်သည် ။ သေချာတယ် ။ သူမ တကယ် ရောက်လာတော့မှာ ။ ရင်ခုန် ကြည်နူးစွာ ရေကျသံ ထွက်ပေါ်ရာ မြေပြင်ကို သူ မျက်တောင်မခတ် စိုက်ကြည့်နေမိသည် ။

တစ်စက္ကန့် ။

နှစ်စက္ကန့် ။

သုံးစက္ကန့် ။

စက္ကန့်တွေ သာ တစ်စက္ကန့် ပြီး တစ်စက္ကန့် ကုန်လွန် သွားသည် ။ ရေကျသံ က သာ ကျယ်လောင် သထက် ပို၍ ကျယ်လောင် လာသည် ။ သို့သော် နေနန်းနွယ် ကတော့ ရောက်မလာခဲ့ ။ လှုပ်ရှားမှုမဲ့စွာ ငြိမ်သက် လွန်းလှသော ရေကျသံသာ ကျယ်လောင်စွာ ထွက်ပေါ် နေသော မြေပြင် ကို စူးစိုက်ငေးရီနေရင်းမှ သူ အားလျော့ကြေကွဲစ ပြုလာတော့သည် ။

နေနန်းနွယ် ရယ် ... ။

စိတ်ပျက် ဝမ်းနည်းစွာ အသံထွက် ရေရွတ်ရင်း ရေကျသံ ထွက်ပေါ်ရာ နေရာဆီမှ အကြည့်တို့ ကို လွှဲလိုက်မိသည် ။ ထိုအချိန် မှာပင် သူ မျှော်လင့်တမ်းတ နေသော နေနန်းနွယ် ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက် ရလေသည် ။

ဖျော့ရီ မှိုင်းပျသော မျက်လုံးအစုံနှင့် ...

ပန်းနုရောင် ပိုးဖဲနန်းတွင်း အဝတ်အစားများနှင့် ...

သူ မျှော်လင့်နေသော သူမ သည် သူ နှင့် ဝါးတစ် ရိုက်အကွာ ခြံစည်းရိုး အပြင်ဘက် ၌ ရပ်လျက် သူ့ အား စိုက်ကြည့်နေသည် ။ သူ မယုံရဲစွာ ကြက်သေ သေရင်း သူမ ကို ငေးမောနေမိသည် ။ ဝင်းဝါနုညက်သော အသား အရေ ရှည်လျား ပျော့ပျောင်းသော ဆံချည်မျှင်များနှင့် သူမ သည် သူ မျှော်လင့် ရင်ခုန်ထားသည် ထက်ပင် အဆ ပေါင်းများစွာ လှပနေလေသည် ။

နေ ... နန်း ... နွယ် ။

ထစ်ငေါ့ တုန်ရီသော ၊ သံစဉ် နိမ့်မြင့် မမှန်သော စကားသံ တစ်ခု က သူ့ နှုတ်ဖျားမှ ခုန်ဆင်း သွားတော့သည် ။ သူ့အသံကြောင့် သူမ ၏ မျက်နှာ ပေါ်၌ ခန့်မှန်းရ ခက်သော အရိပ်အယောင် တစ်ခု ဖြတ်သန်းသွားသည် ။ နေနန်းနွယ် ရယ် ... ကိုယ် လေ မင်း ကို စောင့်နေခဲ့တာ ။

တုန်ရီတိုးလျလွန်းသော သူ့ စကားသံတို့ က ဆူညံ သထက် ဆူညံ၍လာသော ရေကျသံတို့ နှင့် ရစ်ပတ် ရောထွေးလို့ နေသည် ။ သူ စိတ်လှုပ်ရှားစွာ ခြံစည်းရိုး
နားသို့ တိုးကပ်လိုက်မိသည် ။ သူ၏ လှုပ်ရှားမှုကြောင့် ခြံစည်းရိုး အပြင်ဘက် မှ နေနန်းနွယ် က နောက်သို့ ခြေ တစ်လှမ်း ဆုတ်လိုက်သည် ။

ခဏလေး နေနန်းနွယ် ... ခဏလေး ။ ကိုယ် ပြောတာကို မင်း နားထောင်စမ်းပါ ။ ပြီးတော့ မင်း ကိုယ့် ကို တစ်ခုခု ပြန်ပြောစမ်းပါ ။

သူ အမောတကော နှင့် နေနန်းနွယ် ကို လှမ်းတား လိုက်မိသည် ။ သို့သော် နေနန်းနွယ် ကတော့ နောက်သို့ သာ တစ်လှမ်းပြီး တစ်လှမ်း ဆုတ် နေတော့သည် ။ မသွား ပါနဲ့ နေနန်းနွယ် ၊ မသွားပါနဲ့ဦး ။ မင်း ထွက်သွားရင် ကိုယ် ရူးလိမ့်မယ် သိရဲ့လား ။

ခြံစည်းရိုး အပြင်ဘက် မှ နေနန်းနွယ် ကို သူ အော်၍ ပြောနေမိသည် ။ သူ့ စကားသံ တို့ က တစ်စ ထက် တစ်စ ကျယ်လောင်၍ လာသော ရေကျသံတို့ကဲ့သို့ပင် အမောတကော နိုင်လွန်းလှသည် ။ ခြံစည်းရိုးသံတိုင်များ ကို ကိုင်ရင်း အော်ဟစ် တောင်းပန်နေသော သူ့ ကို နေနန်းနွယ် တစ်ချက် ပြုံး၍ ကြည့်သည် ။ ထို့နောက် တိတ်ဆိတ် ညင်သာစွာပင် ချာခနဲ လှည့်၍ တစ်လှမ်းချင်း လှမ်းထွက် သွားတော့သည် ။ ကြက်သေသေစွာ တွေဝေငေးမော နေမိ ရာမှ ဖျတ်ခနဲ အသိဝင်လျက် ခြံတံခါး ဆီသို့ အမြန်ဆုံး ပြေးတော့သည် ။

မသွားနဲ့ နေနန်းနွယ် ။ မင်း မသွားပါနဲ့ ။ ကိုယ့် ကို ထားခဲ့ပြီး မင်း ထွက်မသွားပါနဲ့ ။ တတွတ်တွတ် ရေရွတ် စကားတို့ နှင့် အတူ ခြံတံခါး ကို ဆွဲဖွင့်ပြီး ခြံပြင် သို့ လှမ်း ထွက်လိုက်သည် ။ ထို့နောက် ခပ်ဝေးဝေးသို့ ရောက်ရှိနေ ပြီဖြစ်သော နေနန်းနွယ် ၏ နောက်သို့ သူ အပြေး လိုက် တော့သည် ။ ထို အချိန်မှာ ပင် ရေကျသံ ထွက်ပေါ်လာရာ ခြံထောင့်ဆီမှ ဆူညံသံ တစ်ခုကို သူ ကြားလိုက်ရလေသည် ။

( ၄ )

နောက် တစ်နေ့ မနက် တွင် တင်ဌေးအောင် တို့ နေထိုင်ရာ ရပ်ကွက်ကလေး ၌ အတော်အသင့် ထူးဆန်း သော အဖြစ်အပျက် နှစ်ခု ဖြစ်ပွားလေသည် ။

အဖြစ်အပျက် တစ်ခု မှာ တင်ဌေးအောင် တို့ ခြံ ထောင့်ရှိ ရေကျသံ ထွက်ပေါ်ရာ မြေပြင်မှာ ပြိုကျနိမ့် ဆင်းသွားခြင်းပဲ ဖြစ်သည် ။

ယင်းသို့ ဖြစ်ရခြင်းမှာ မိုးရေများကြောင့် ဖြစ်ပေါ် လာသော မြေအောက် ရေကြော ၏ တိုက်စားမှု ဖြစ်ကြောင်း နားလည်သူများ က သုံးသပ်ကြလေသည် ။

နောက် အဖြစ်အပျက် တစ်ခု ကတော့ နေနန်းနွယ် ဟူသည့် အမည် ကို ဆီမန်း မန်းသလို ရွတ်ဆိုနေသော စိတ် ဖောက်ပြန်နေသည့် တင်ဌေးအောင် ကို ရပ်ကွက်ကလေး နှင့် အတော် ကွာလှမ်းသော ရေအိုင်ကြီး တစ်ခု အနီး၌ တွေ့မြင်ကြရခြင်းပဲ ဖြစ်သည် ။ တင်ဌေးအောင် စိတ် ဖောက်ပြန် သွားရခြင်းနှင့် ပတ်သက်၍ ဆရာဝန် များက စာမေးပွဲ အတွက် အပြင်းအထန် စာကျက်ခြင်းနှင့် အိပ်ရေးပျက် ခံလွန်းခြင်းတို့ကြောင့် ဖြစ်ကြောင်း မှတ်ချက် ချကြသည် ။

ထို အဖြစ်အပျက် နှစ်ခု အပြင် ရပ်ကွက် တွင်းရှိ လူများ သတိ မထားလိုက်မိသော အချက် တစ်ခုလည်း ရှိလေသည် ။

ယင်းမှာ ရပ်ကွက် အစွန်ရှိ အိမ်ကြီး သို့ ယမန်နေ့ ညဦးပိုင်းကမှ တည်းခိုရန် ရောက်ရှိလာကြသော ဧည့်သည်များ အကြောင်းပဲ ဖြစ်သည် ။ ထို ဧည့်သည်များ ရောက်ရှိ လာကြခြင်းမှာ သူတို့ နှင့်အတူ ပါလာသည့် စိတ္တဇဝေဒနာသည် အမျိုးသမီးလေး ကို ဆေးကုသရန် အတွက် ဖြစ်လေသည် ။ ထို အမျိုးသမီးလေး မှာ သူမ ကိုယ် သူမ ဘုရင့်သမီး ဟု မှတ်ထင် နေသူ ဖြစ်ပြီး ရိုးရိုး အဝတ်အစားများ ဝတ်ဆင်ပေး၍ မရဘဲ နန်းတွင်းအဝတ် အစားများ သာ ဝတ်ဆင် ပေးထားရသည့် ယဉ်ယဉ်လေး နှင့် ရူးနေသူကလေး ဖြစ်သည် ။

သူမ မှာ လည်း မည်သူ မှ မသိလိုက်ကြသော ကိုယ်ပိုင် အဖြစ်အပျက်လေး တစ်ခု ရှိလေသည် ။ ယင်းမှာ ယမန်နေ့ ည သန်းခေါင်ယံ အချိန် က သူမ တည်းခိုရာ အိမ်ကြီး ၏ အပြင်ဘက် သို့ ခေတ္တခဏ လမ်းလျှောက် ထွက်သော အဖြစ်အပျက် ပဲ ဖြစ်သည် ။ ထို အဖြစ်အပျက် အသေးစိတ် ကို တော့ စိတ္တဇဝေဒနာသည် သူမ ကိုယ်တိုင် ကလည်း ပြန်လည် ပြောပြနိုင်မည် မဟုတ်သဖြင့် မည်သူမျှ သိခွင့်ရကြမည် မဟုတ်ပေ ။

( ၀ )

ပြဿနာများ ၏ အစကတော့ တိုးသက်ညင်သာ သည့် ရေကျသံ ပဲ ဖြစ်လေသည် ။  ။

☐ နေနော်

📖 ဟန်သစ် မဂ္ဂဇင်း
      ၁၉၉၁ ၊ ဒီဇင်ဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment