Saturday, September 14, 2024

မာနပြာပြာ


 

❝ မာနပြာပြာ ❞
━━━━━━━━━━
    မြမြင့်မိုရ်
━━━━━━━━━━
( ၁ )

နေ့ကလေး တစ်နေ့ အိုမင်း သေဆုံးတော့မယ့် အချိန် ...

နေမင်း ဟာ ဆည်းဆာအလှကို ဖန်တီးနေချိန် ... 

ငှက်သရမ်းလေးတွေ အိပ်တန်း ကို ပြန်လာတဲ့ အချိန် ...

သီချင်း တစ်ပိုင်းတစ်စ လွင့်လာသည် ။ အနောက်ဘက် မိုးကောင်းကင် ၌ ပန်းရောင်တောက်ပလျက် ရှိ၏ ။ တိမ်စိုင်တွေ က လည်း အရုပ်အမျိုးမျိုး ပုံဖော်မျောပါ နေ၏ ။ ညနေခင်း လေပြည်တချို့ က မြက်ရိုင်း နှင့် သစ် ရွက်များ ကို ဒေါသတကြီး တွန်းဖယ်သွားရာ ရော်ရွက် တချို့ ပြုတ်လွင့်ကြွေကျလာ၏ ။ ရော်ရွက်ကလေးတစ်ရွက် လေပြေ ၌ ဒန်းစီးနေရင်း မှ လွင့်ကာ ဝဲကာဖြင့် မြေအပြင် သို့ ကျလာသည် ။

သစ်ရွက်ကြွေကလေး ကျရာနေရာ ကား ရွှေရောင် ဖိနပ်ကလေး နှင့် လှပနေသော ခြေဖမိုးလေး တစ်ဖက် အနီးသို့ ဖြစ်၏ ။ ခြေဖမိုးလေး ၏ အဖောင်းအအိ အထက်နားတွင် ထဘီဇာနားတွန့်ကလေး ။

ရဲရင့်မြင့် သည် သစ်ရွက်ကြွေကလေး ကို ငေးနေ ရင်း မှ အနီး တွင် ထိုင် နေသော ပြာရီနွယ် ကို ကြည့် လိုက်၏ ။ ဆည်းဆာရီ ၏ ရွှေရုပ်တုကလေးပါပဲ ။ သို့သော် ပြာရီနွယ် ကမူ ဟိုအဝေး ဆီသို့ ငေးကြည့် နေ၏ ။ နှစ်ယောက် စလုံး ငြိမ်သက်စွာ ထိုင်နေကြပုံ ကို ခုံတန်းလျား အပြာနုကလေး က များ မှတ်တမ်း တင်နေ ရော့သလား မသိ ။

မြပြာတိမ်လိပ်တို့ တရိပ်ရိပ် လွင့်ပါးဆဲ ။ ရော်ရွက်ဝါတို့ ၏ လေပြည်စီးသံ ၊ ပြီးတော့ စည်းချက် မှားနေ သော ရင်ခုန်သံတို့ ကြားမှ ပင် ရဲရင့်မြင့် က စကား တစ်ခွန်း ဖြင့် တိတ်ဆိတ်ခြင်း ကို ဖြိုဖျက်လိုက်သည် ။ နူးညံ့ညင် သာသော အသံလှိုင်းတစ်ခု အနေနှင့်ပါပဲ ။

“ တစ်ခုခု တော့ ပြောစေချင်တယ် ပြာရီ ရယ် ”

ဝေဒနာ ပေကျံသော သံညင်းတစ်ခု နှုတ်ဖျားမှ ရုန်း အထွက် ပြာရီနွယ် က ရုတ်တရက် ထိတ်လန့်သွားသလို ကိုင်ထားသော စာရွက်များ ကို လန့်ဆုပ်လိုက်၏ ။ အင်မတန် သတိထား ကြည့်မှ မြင်နိုင်သည့် အလှုပ် အရှား ။ အနှေးရုပ်သွင် ကား တစ်ကား ထဲ က လို မျက်ရည် ကြည်နူလှိုင်းတို့ ဖြန့်တက်လာသည့် မျက်ဝန်း နှင့်အတူ ရဲရင့်မြင့် ကို ကြည့်လိုက်၏ ။ မျက်တောင်ကော့များ ကို တစ်ချက် နှစ်ချက် ပုတ်ခတ်ရင်း သက်ပြင်းပူ တစ်ချက် လေးပင်စွာ ချလိုက်သည် ။

ပြီးမှ အားယူ၍ ထိန်းထိန်းသိမ်းသိမ်း ပြောရသော ပင်ပန်းနွမ်းနယ်မှုမျိုး ဖြင့် စကားတစ်ခွန်း ဆိုသည် ။ ထို စကားသည် အဆုံးအဖြတ် ။

“ ကိုရဲ ကို ပြာရီ ချစ်လို့ မဖြစ်နိုင်ဘူး ကိုရဲ ရယ် ၊ ပြာရီ ကို ခွင့်လွှတ်ပါ ”

“ ဟင် ”

ပြာရီနွယ် သည် စကားပင် မဆုံးသေးဘဲ ရဲရင့်မြင့်  ပေးခဲ့သော မေတ္တာစာများကို ရုတ်တရက် လွှတ်ချလိုက် ကာ မျက်နှာကို လက်ဖဝါးနှစ်ဖက် နှင့် အုပ်၍ ခုံတန်း လျားပြာကလေး ပေါ် ထိုင်နေရာမှ ပြေးထွက်သွားလေ တော့သည် ။ ရှိုက်သံ တချို့သာ ဖိတ်စင်ပြန့်ကျဲ ကျန်ရစ် ခဲ့၏ ။

ရဲရင့်မြင့် ၏ အာမေဍိတ်သံသည် အံ့သြခြင်း နှင့် မသိနားမလည်နိုင်ခြင်း တို့ ကို အဓိပ္ပာယ် ဖွဲ့ရင်း ကြောင်အ ကျန်ရစ်သည် ။ ပြာရီနွယ်  ကို ကြည့်လိုက်၏ ။ ပြာရီနွယ် က လေးညှို့ ကို စုံကန်၍ ပြေးလေသော မြားတစ်စင်း ကဲ့သို့ ဝေး၍ ဝေး၍ .. ။

ရဲရင့်မြင့် ၏ ရင်ခုန်သံ မေတ္တာဘွဲ့ ကို သီဖွဲ့အပ် သော စာရွက်ပြာကလေး တွေ က မူ ခုံတန်းလျားပြာ အောက် ကျောက်စရစ် နီကြင်ကြင်တို့အပေါ်ဝယ် အလူးလူးအလိမ့်လိမ့် ။

သီချင်း တစ်ပိုင်းတစ်စ ကို ဆက် ကြားရပြန်သည် ။

ဒီရေ က ကမ်းစပ် ကို နှုတ်ဆက်အနမ်း နဲ့ လွမ်းနေတဲ့ အချိန်မှာ ...

နင် ငါ့ ကို စွန့်လွှတ်ပစ်ခွာ ထွက်သွားရက်ပြီ ။

( ၂ )

ပြာရီနွယ် သည် အဆောင် ကို ပြန်ရောက်သည် နှင့် အခန်းဖော် ဖြစ်သူ မာယာဆွေ ကို ပြုံးရုံသာ ပြုံးပြရင်း စာကြည့်စားပွဲ ဆီသို့ တိုက်ရိုက် လာခဲ့သည် ။ မာယာဆွေ က အခြေအနေ ကို သိနေသည့် အလား သူမ ၏ စာကြည့်စားပွဲ ဆီ မှ ထမလာ ။ အခန်းကျဉ်းကလေးသည် တိတ် ဆိတ်သော သီးခြား ကမ္ဘာငယ် ။ ပြာရီနွယ် သည် စားပွဲ ရှေ့၌ ထပ်ထားသော စာအုပ်ပုံတွေ ထဲမှာ စာအုပ် တစ်အုပ် ကို ဆွဲယူကာ ဖွင့်လှန်လိုက်၏ ။ သို့သော် စာမျက်နှာ ဘယ်လောက်ရယ်လို့ မသိ ။ ဘာ စာတွေ ရှိနေသည် ကို လည်း မမြင် ။

စာအုပ် ကို ကြည့်ရင်း ဦးနှောက် ၏ အတွေးမျှင်များ လွင့်ပါးမှုဒဏ် ကို ကြိတ်ခံနေရင်း ရဲရင့်မြင့် ၏ အတ္ထုပ္ပတ္ထိ နှင့် မိမိ ၏ ရာဇဝင်ငယ် ဆက်စပ်ကူးလူးပုံ မကောင်း ခဲ့ခြင်းကိုသာ ကြေကွဲနေမိသည် ။ ဖျောက်ဖျက်ဖြေသိမ့် မရနိုင်သော အတိတ်သည် လေးလံ တင်းကျပ်စွာ ဖိစီးလာ၏ ။

အတွေးတွေ က ကစဉ့်ကလျား ...

ပြာရီနွယ် သည် စာကြည့်စားပွဲ မှ ထ ရပ်လိုက်မိ၏ ။ အရှေ့ဘက် မိုးကောင်းကင် စိမ်းပြာစက်ဝိုင်းခြမ်း မှ လဝန်းသည် မြင့်တက်လာပြီကို သတိထားမိ၏ ။ မွန်းနစ် နွမ်းလျနေသော နှလုံးသည်းပွတ် အတွက် အေးရာအေးကြောင်း ရှာမိသည့်နှယ် မှန်ပြတင်း တစ်ချပ် ကို တွန်းဖွင့် လိုက်မိသည် ။ လရောင်စိမ်းစိမ်းသည် လေပြည်ရိုင်း တို့ကို လျှောစီး၍ အခန်းထဲသို့ ဝင်လာသည် ။ အတွေး မျှင်တွေက လရောင် နှင့် လေပြည်ကြားဝယ် ရောနှော ကူးယှက်တော့သည် ။

ပြာရီနွယ် သည် ရဲရင့်မြင့် အပေါ် ၌ ကစားရွယ် ငယ်ကတည်း က ပင် အသည်းအသက် မှာ တစ်ပြိုင်နက် စွဲဖွဲ့ချစ်ခဲ့ရသည် ။ ကာလသုံးပါး ၏ မည်သည့် ထောင့်စွန်းမကျန် နေရာလပ်ပင် မရှိ ။ အချစ်တို့ နှင့် ဖြည့်ခဲ့သည် ။

“ ကိုရဲ ကို ပြာရီ ချစ်နေတယ် ၊ ဘယ်လို ပြောရမလဲ ကိုရဲရယ် ၊ ကိုရဲ က ကော ပြာရီ ကို ဘယ်တော့များမှ ...  ” ။ ဒီလို စကားစုမျိုးတွေ ပြာရီနွယ် ရဲ့ တစ်ဦးတည်းပိုင် ဒိုင်ယာရီ စာမျက်နှာတွေ ပေါ်မှာ အထင်ကရ နေရာယူ ထားခဲ့ဖူးတာတွေ ကိုရဲ သိနိုင်မလား ။ နှလုံးသည်းပွတ်မှ မြည်ဟည်းလာသော အချစ်ခေါင်းလောင်းသံသည် နှုတ်ဖျားသို့ တိုင် ခုန်တက်လာခဲ့ဖူးသော်လည်း တစ်ကိုယ်တည်း အချိန်မျိုးမှာပါပဲ ။ ဘယ်လို နေရာမှာပဲဖြစ်ဖြစ် ကိုရဲ ကို မြင်လိုက်သည်နှင့် ရင်ခုန်သံစည်းချက် မှားကာ မြည်ဟိန်းလာတတ်သည် ။ ရင်ခုန်သံ ကို ဘေးဘီ က များ ကြားသွားပြီလား ဟု ကိုယ့် လိပ်ပြာ ကိုယ် လန့်ခဲ့ရသည့် အကြိမ်တွေ မနည်းတော့ ။ ဒါပေမဲ့ ပြာရီနွယ်  ဟာ မိန်းမ တစ်ယောက်ပါ ။ မိန်းမသား ဣန္ဒြေသော့ နှင့် နှလုံးသည်း ပွတ်သော့အိမ် ကို အကြိမ်ကြိမ် ခတ်ပိတ်ခဲ့ရသည်ကို ကိုရဲ သိနိုင်မလား ။

ပြာရီနွယ် ကိုယ့် ဘဝ ၊ ကိုယ့် အနေအထားကို တွေးမိ ခဲ့သည့် အကြိမ်တွေ ထဲမှာ မိဘဆွေမျိုးများ ၏ အဆုံးအမ ဥခွံကျဉ်း၌ ပျပ်ဝပ်ကျိုးနွံစွာ ဗိုင်းကောင်းကျောက်ဖိ နေခဲ့ ရသည့်အဖြစ်ကို လည်းကောင်း ၊ ဝါတွင်းဝါပ ဘာသာ ရေးနေ့များ တွင် ဘာသာရေး ကိုင်းရှိုင်းသော မိဘများ နှင့် အတူ အစဉ်အလာ ဝန်ထုပ်ဝန်ပိုး ပိခဲ့ရသည် ကို လည်းကောင်း ၊ ဟက်ဟက်ပက်ပက် ရယ်မောခွင့် မရရုံသာမက ဆွေမျိုးအုပ်စု ထဲ မှ အကြီးအကဲ တစ်ဦးဦး မပါလျှင် အိမ်ထဲ မှ အိမ်ပြင် သို့ ထွက်ခွင့် မရှိသော အနေအထား ကို ပြန် မြင်နေရသည် ။

တစ်ခုတော့ ရှိသည် ။ ခေတ်ပညာ တစ်ပိုင်းတစ်စနှင့် စာဖတ်ဝါသနာပါသော ဖခင် ဖြစ်သူကြောင့် ဘာသာရေး ဆိုင်ရာ စာအုပ်စာတမ်းများသာမက ဝတ္ထု ၊ မဂ္ဂဇင်း ကောင်းများစွာ ကို လွတ်လပ်စွာ ဖတ်ခွင့်ရခဲ့သည် ။ ထို့ကြောင့်လည်း စာအုပ် ၌ ခုံမင်မွေ့လျော်ခဲ့သည် ။ ဆွေမျိုးစု ကိုလိုနီနယ်ကလေး ထဲ မှာ စိတ်ခံစားမှု မြင်တိုင်း သည်သာ ပြေးလွှားဆော့ကစားနိုင်ခဲ့ပြီး လွတ်လပ်မှု ကို ထာဝစဉ် တမ်းတနေတတ်ခဲ့သည်လေ ။

သည်လို အနေထား မျိုးမှာ ရဲရင့်မြင့် ကို ချစ်ခဲ့ရခြင်း ဖြစ်လေသည် ။ ကျောင်းသွားဖော် သူငယ်ချင်း အဆင့် မှ အရွယ်အသိ နှင့် တွယ်ငြိတတ်သော သံယောဇဉ် သည် အချစ်သစ်ပင် ကို လူမသိ သူမသိ ကြီးရင့်စေခဲ့တော့ သည် ။ ပြောရရင်တော့ မြင်း က မလှုပ် လျှင် ခုံ က လည်း မလှုပ်ဝံ့ပါ ။ ယုန် က မတိုးလျှင် လည်း ပိုက် က မတိုးဝံ့ပါ ။

သို့သော် နှလုံးသည်းပွတ် ကိုမူ မည်သို့မျှ ထိန်းချုပ် မရ ။ ရဲရင့်မြင့် ကို တိတ်တခိုး ချစ်ခင်စုံမက်ခဲ့သည် ။ သူ့ထံမှ ဖွင့်ဟတောင်းခံလာမည့် မေတ္တာတရား ကို ငံ့လင့် မိ၏ ။ “ ကိုရဲ ကို ပိုင်ဆိုင်ချင်တယ် ၊ ကိုရဲ နဲ့ အတူတကွ ဖွဲ့စည်း နေထိုင်ရမယ့် အိမ်ထောင်စုကလေး ကို ဖန်တီး တည်ဆောက်ချင်တယ် ။ လောက အလယ်မှာ ချစ်ရတဲ့ သူ ကိုရဲ ရဲ့ လက် ကို ခိုင်ခိုင်တွဲလို့ ရဲဝံ့ချင်လိုက်တာ ” ဟု မည်သူ့ ကို မှ ပေးမဖတ်ဖြစ်ခဲ့သော စာများ သီဖွဲ့ခဲ့ဖူးသည် ။

ချစ်တယ် ဆိုတာ တန်ဖိုးထားခြင်းတစ်ရပ် ဖြစ်သည် မဟုတ်ပါလား ကိုရဲ ရေ ။ တန်ဖိုးထားပြီ ဆိုမှတော့ တန်ဖိုး လည်း ရှိစေချင်လာသည် ။ အဆင့်အတန်းလည်း မြင့်မား လာစေချင်လာသည် ။ ကမ္ဘာလောကကြီးရဲ့ အကောင်းဆုံး ၊ အမွန်မြတ်ဆုံး ဆိုသည့် အရာတွေကို ပိုင်ဆိုင်စေချင် သည် ။ ပြာရီနွယ် ကတော့ ဆုတောင်းပတ္ထနာ သာ တတ် နိုင်ခဲ့သည် ။ ကိုရဲ နှင့်ပတ်သက်၍ ကိုရဲ ဟု နာမည်မတပ် ပါဘဲ မာယာဆွေ ကိုပင် မိန်းမသား အချစ်အကြောင်း ဖြေဖြစ်ခဲ့သေး၏ ။

“ မာယာ …. ငါ့ မှာ ချစ်သူ တစ်ယောက် သာ ရှိမယ် ဆိုရင် ငါ သူ့ ကို သိပ် ချစ်မိမှာပဲ ။ အဲဒီ အချစ် ကို သက်သေ ပြဖို့ အတွက် ငါ စဉ်းစားထားတာရှိတယ် ။ အဲဒါ ဘာလဲ ဆိုတော့ ငါ သိပ်ချစ်တဲ့ သူ ကို လွတ်လပ်စွာ ရွေးချယ်ချစ် ခွင့်ပေးထားမယ် ။ ငါ့ ကို မှ ချစ်ရမယ်လို့ မသတ်မှတ်ဘူး ။ ငါ့ ထက် ချစ်ရမယ့်သူ ဆိုရင် ငါ့ ထက် သူ့ ဘဝ ကို အေးငြိမ်းချမ်းသာမယ် ဆိုရင် သူ့ ကို ငါ ချစ်တဲ့ ကြားက ရင် အကွဲခံပြီး စွန့်လွှတ်ပေးအပ်လိုက်မယ် ။ မျက်ရည်တွေ ကြားက ပြုံးရင်း ချစ်သူပေးအပ်ပွဲ အခမ်းအနား ကို ငါ ကျင်းပပေးလိုက်မယ် ။ စည်ကားသိုက်မြိုက်စွာ ကျင်းပ ပေးလိုက်မယ် ။ အေး ... အဲဒီလိုမှ မဟုတ်ရင်တော့ ပေါ့ပေါ့တန်တန် မိန်းမ တစ်ယောက် နဲ့ တော့ မဖြစ်စေရဘူး ။ ဖြစ်လာရင်တော့ ဘယ်သူတွေ ဘာပဲပြောပြော ငါ ကာကွယ်ရမှာပဲ ။ ငါ က ချစ်တာကိုး ”

သည်စကား ကြားတော့ “ မိပြာရီ နင် ရူးနေသလား ” ဟုပြောကာ မာယာ ရယ်ဖူးသည် ။ “ ကဲ .. နေစမ်းပါဦး ၊ နင် က ဘယ်သူ့ကို ချစ်နေလို့လဲ ” ဟု မေးသောအခါ ပြာရီနွယ် မဖြေ ။ “ ကြောင်ပါ့ သူငယ်ချင်း ရာ ” ဟု ပြော သော်လည်း ပြာရီနွယ် ကမူ မမှု ။ မိန်းမသား မာနကြောင့် ဣန္ဒြေစည်းကြောင့် ၊ အစဉ်အလာ ဝန်ထုပ်ပိုးကြောင့် နာမည် ကို နှုတ်ပိတ်ရေငုံ ကာ စကားလမ်းကြောင်း လွှဲ သော်လည်း “ သူ ကလည်း ကိုယ့် ကို ချစ်တယ် ။ ကိုယ် က လည်း သူ့ ကို ချစ်တယ် ။ သိပ်ကို ပျော်စရာကောင်းမှာပဲ ” ဟု စကား အထွန့်တက်သောအခါ မာယာဆွေ က မကြား ချင် ဟန် ဆောင်၍ ကျောခိုင်းသည် ကို ပခုံး မှ ဆွဲလှည့်၍ ထပ်ကာ ထပ်ကာ ပြောတတ်ပြန်လေသည် ။

( ၃ )

ကျောင်း ၏ (  ) ကြိမ်မြောက် အမျိုးသားစာဆို တော်နေ့ နှင့် ကျောင်းကပွဲ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည် ။ သည်တုန်းက စာဆိုတော်နေ့ ဟောပြောပွဲ အတွက် တိုင်းသိပြည်သိ နိုင်ငံကျော် စာရေးဆရာ ကြီးများ ပါဝင် သကဲ့သို့ ကျောင်းကပွဲ ၌ လည်း ရဲရင့်မြင့် တို့ ပါဝင်ခဲ့လေသည် ။ ဘာပဲဖြစ်ဖြစ် ပြာရီနွယ် အတွက် ရဲရင့်မြင့် သည် သာ အရေးကြီးဆုံးပါပဲ ။

ရဲရင့်မြင့် နှင့် ပြာရီနွယ်  တို့သည် မိဘချင်းလည်း ရင်းနှီးသော ကျောင်းနေဖက် သူငယ်ချင်းတွေ ဖြစ်သည့်
တိုင် ရဲရင့်မြင့် က ပိုပြီးထင်ရှားသည် ။ ကျောင်းစာမှာ လည်း အထိုက်အလျောက် တော်သည် ။ နံရံကပ် စာစောင်များ တွင် လည်း ကဗျာရေး ကောင်း ၊ စကား ရည်လုပွဲ၌လည်း အပြော ကောင်း ၊ ကျောင်းကပွဲ ၌ လည်း သရုပ်ဆောင် ကောင်းသူမို့ လူရှေ့ သူရှေ့ မှာ ဟန်ကျ ပန်ကျ စကားပြောတတ် ၊ သရုပ်ဆောင်တတ်သည် ။ ပြာရီနွယ် သည် နှုတ် မှ တစ်ခွန်းတစ်ပါဒ ဖွင့်ဟ မချီးကျူး ဖူးသော်လည်း ရင်ဆီ၌ ကြည်နူးကျေနပ်ခြင်း က အိမ်ဖွဲ့ လျက်ရှိသည် ။ ပြာရီနွယ် ကတော့ စာတော်သော ရိုးရိုး ကျောင်းသူ တစ်ဦးပါပဲ ။

ကျောင်း ၏ ဝိစ္စကိစ္စတွေ လက်စသတ်၍ နောက် တစ်နေ့ ကျောင်းပြန်အတက်၌ သူငယ်ချင်း ဖြစ်သူ မာယာဆွေ ၏ သတင်းစကား တစ်ခွန်းသည် ပြာရီနွယ် ၏ စိတ်ကူးယဉ်ရေပြင် ပေါ်သို့ ကျရောက် ဂယက်ထသွားစေ သော ခဲတစ်လုံး ဖြစ်လာသည် ။

“ မိပြာရီ … ကိုရဲ နဲ့ ဝတ်ရည်တို့ ရည်းစား ဖြစ်နေကြ တယ်လို့ ငါ ကြားပါလား ၊ နင် ကော မကြားဘူးလား ”

ထိုအရာသည် မုန်တိုင်းဖြစ်၏ ။ ပြာရီနွယ် ၏ နားစည် မှ သည် ခန္ဓာကိုယ် ထဲရှိ ဆဲလ် အားလုံးကို ပျက်စီး ကြေပျက်သွားလောက်အောင် တိုက်ခတ်သော မုန်တိုင်း တစ်ခုလိုပင် ။ မကြားချင်သော်လည်း နားတွင် ပဲ့တင် ထပ်နေသည့် စကားတွေက အဆက်မပြတ် ။ ကျောင်း ကပွဲ က စပြီးတော့ ... တဲ့ ။ သိပ်ချစ်နေကြတာပဲ တဲ့  ။ ချိုချဉ်လေးတွေ စက္ကူပတ်ခွာပြီး ခွံ့ ကျွေးနေတာ ကိုတောင် တွေ့တဲ့ လူက တွေ့ တယ်တဲ့ ။ စကားတွေ ကလည်း ပြောမိရင် မဆုံးနိုင်တော့ဘူးတဲ့ ။ အများကြီးပါပဲ ။ သတင်းစကားတွေ ၊ သတင်းစကား တွေ ...  ။

သတင်းကို ကြားစက မည်သူ့ ကို မှ မဟုတ် ။ ရဲရင့်မြင့် ကို ပြာရီနွယ် မယုံနိုင်ခဲ့ ။ ပြီးတော့ ဝတ်ရည် ကို လည်း မယုံနိုင်ခဲ့ ။ မယုံကြည်ခြင်း မည်သို့ပင် ကြီးမားစေတော့ ။ ဖြစ်သည် တို့ က ဖြစ်ခဲ့ပြီ ။ ဒီတော့ ပျက်သည် တို့ ကလည်း ပျက်ရပြီပေါ့ ။ မဖြစ်နိုင်ပါဘူး ။ လုံးဝ မဖြစ်နိုင်တာ ပြာရီနွယ် အသိဆုံး ။

သို့သော် သတင်းသည် မှန်ခဲ့ပြီ ။ သေချာခဲ့ပြီ ဆိုလျှင်တော့ ရဲရင့်မြင့် အတွက်နှင့် တစ်ခုသော အချစ် ဇာတ်လမ်း က လူကြမ်းလေး ကျွန်မ ဖြစ်ရတော့မည် ။ ယခုတော့ ပြာရီနွယ် ၏ နှုတ်ခမ်းပါး ပေါ်မှာ မဲ့ပြုံးလေး တစ်ခု ။ မျက်ခုံး ပေါ်မှာ မျက်မှောင်ကလေး တစ်ခု အသစ် ရခဲ့ပြီ ။

“ မာယာ ”

“ ဘာလဲ ”

သေချာအောင် တော့ ပြာရီနွယ် သည် မာယာဆွေ ကို မေးခဲ့ပါသေးသည် ။

“ ကိုရဲ နဲ့ ဝတ်ရည် ချစ်နေကြတယ်ဆိုတာ တကယ်လား ”

“ တကယ်ပေါ့ ”

“ ဘယ်သူက ပြောတာလဲ ”

“ ဝတ်ရည် က ဒီပြင် လူတွေလည်း ပြောတာပဲ ”

“ အေး ... ဟုတ်ပြီ ၊ ဒီမှာ မာယာ … ဝတ်ရည် နဲ့ ငါတို့
အစ်ကို တစ်ဝမ်းကွဲ ကိုမောင်မောင် နဲ့ ဖြစ်နေကြတာဟ ။ အဲဒါ ကိုရဲ က မသိဘူးလား ”

“ နင့် ဟာက သေချာလို့လား မိပြာရီ ”

“ ဪ … မသေချာဘဲနဲ့ ငါပြောပါ့မလား ။ ငါ မေးတာ ပြောစမ်းပါဦး ။ အဲဒီ ကိစ္စတွေကို ကိုရဲ မသိဘူးလား ”

“ သိလား မသိလားတော့ ငါ ဘယ်သိမလဲ ”

“ ငါ တော့ သိမယ် မထင်ဘူး ။ ငါ ဒီလို လုပ်ချင်တယ် ”

“ ဘယ်လို လုပ်ချင်တာလဲ ”

“ အဲဒီကိစ္စ ငါ ကိုရဲ ကို သွားပြောမယ် ”

“ အေးဟယ် ... ဝတ်ရည် ကလည်း ဘာမှန်းလည်း မသိဘူး ။ ကိုရဲ တော့ သနားပါတယ် ။ ဒါပေမဲ့ ...  ”

“ ဒါပေမဲ့ ဘာဖြစ်လဲ ”

“ နင် ရမ်းသမ်း သွား မပြောနဲ့ဦး ။ တော်ကြာ ဟိုကောင် က အဆိပ် တက်နေတုန်း နင့်ကို ရမ်းသွားဦး မယ် ”

“ အံမယ် ... ငါ့ ကို ဘာဖြစ်လို့ ရမ်းရမှာလဲ ၊ ငါ သက်သေသက္ကာယ နဲ့ ပြောမှာ ”

ပြာရီနွယ် မှာ လူငယ်စိတ် ။ ပြီးတော့ ပြာရီနွယ် တစ် ယောက်တည်းပဲ သိသည့် ဖြူစင်သည့် စိတ် ။ ပြာရီနွယ် စဉ်းစားရပြီ ။ ကိုရဲ မိုက်တယ် ။ ကိုရဲ ပြာရီ ကို မချစ်ရင် နေပါ ။ ဒါပေမဲ့ ဝတ်ရည် လို လှတဲ့ ၊ လွယ်တဲ့ စာရိတ္တ အရ ချို့ယွင်းတဲ့ သူ နဲ့တော့ မဖြစ်သင့်ဘူး ။

ကိုရဲ ရယ် ... ဟု ပြာရီနွယ်   အကြိမ်ကြိမ် အခါခါ ညည်းညူခဲ့မိ၏ ။ ဖြစ်ရလေတယ် ဟု စိတ်မကောင်း ။ သူငယ်ချင်း ဆိုတဲ့ မျက်နှာစာ ကနေ စစ်ဆင်ရေး တစ်ခု ဆင်နွှဲရမည် ဟု ပြာရီနွယ် ပြောကာ ဆုံးဖြတ်ချက် တစ်ခု ချသည် ။ မာယာဆွေ ကတော့ ရိပ်မိစ ပြုသည် ။ တစ်ခါက ပြာရီနွယ် သူ့ ကို ပြောခဲ့ဖူးသော စကား ။

“ ငါ့ ချစ်သူ ကို ပေါ့ပေါ့တန်တန် မိန်းမတစ်ယောက် နဲ့ တော့ မဖြစ်စေရဘူး ။ ဖြစ်လာရင် တော့ ဘယ်သူတွေ ဘာပြောပြော ငါ ကာကွယ်ရမှာပဲ ၊ ငါ က ချစ်တာကိုး ”

မာယာဆွေ သည် သက်ပြင်းကို သာ လေးပင်စွာ ချမိ၏ ။ သူငယ်ချင်း ကို မတားရက်ခဲ့ ။ သူငယ်ချင်း ကို ကရုဏာစိတ် နှင့် ဘက် လိုက်ကာ ရေငုံ နေခဲ့လေသည် ။

( ၄ )

သစ်ရွက်တို့ သဲသဲလှုပ် ကြွေစပြုသော နွေဦးရက် တစ်ရက်မှာ မာယာဆွေ ၏ အစီအစဉ် နှင့် ရဲရင့်မြင့် နှင့် ပြာရီနွယ် ကို ဆုံမိကြသည် ။ ပြာရီနွယ် ၏ လုံခြုံရေး ၊ ပြာရီနွယ် ၏ ရည်ရွယ်ချက် ၊ ပြာရီနွယ် အတွက် အစစ ကူညီခဲ့သည့် မာယာဆွေ က သက်သေ ။

“ ပြာရီ …. ခင်ဗျား ကျွန်တော့်ကို ဘာကိစ္စ နဲ့ ခေါ်တွေ့ တာလဲ ”

“ ငါ့ ကို ခင်ဗျား တွေ ၊ ကျွန်တော် တွေ နဲ့ နောက် မနေနဲ့ ။ နင့် ကို မေးစရာ ရှိလို့ ”

“ နင် မေးတိုင်း ငါ ဖြေရမှာလား ”

“ နင် မဖြေလို့ ဘယ်ဖြစ်မလဲ ၊ နင် ကိုယ်တိုင်လည်း သိပ်ဖြေချင်နေမှာပါ ”

“ အလဲ့ …. သေချာလှချည်လား ”

“ နင် သိပ် ပျော်နေတယ်ပေါ့လေ ”

ရဲရင့်မြင့် ၏ လွတ်လပ်ပေါ့ပါးမှု ကို ကြည့်ရင်း ပြာရီ နွယ် ရင် ထဲမှာ နာလာသည် ။ ရဲရင့်မြင့် သည် ပီဘိ ကလေးငယ် တစ်ဦး နှယ် ။ အပြစ်ကင်းစင်မည် ဆိုသည် ကို ယုံကြည်လာသည် ။

ကိုရဲ ရယ် ...

ရင်ထဲ က ရှိုက်သံ ။ ကံကြမ္မာဆိုး တစ်ခုသည် အသူတစ်ရာ နက်သည့် ချောက်ကြီး တစ်ခုနှယ် ။ သွားရာလမ်း တစ်နေရာ ၌ တည်ရှိ စောင့်ဆိုင်း နေခဲ့ပြီးကို ရဲရင့်မြင့်  သိဟန် မတူ ဟု တွေးမိ၏ ။

“ နင် နဲ့ ဝတ်ရည် အကြောင်း သိချင်လို့ ”

“ ဒါများ အဆန်းလုပ်လို့ဟာ ၊ ငါ က ကျောင်းကပွဲ တုန်းက သူ့ကို ချစ်တဲ့ အကြောင်း ပြောတယ် ။ သူ က ငါ့ ကို ချစ်နေတာ ကြာပါပြီတဲ့ ။ ဒီလိုနဲ့ ကျောင်းကပွဲ လည်း ပြီးရော ချစ်သွားကြရော ”

“ အင်းလေ ... ဟုတ်ပါပြီ ၊ ငါ က နင့် ကို သူငယ်ချင်း တစ်ယောက် အနေနဲ့ ပြောစရာရှိလို့ပါ ။ ဝတ်ရည် ရဲ့ နောက်ကြောင်း ကို နင် ဘယ်လောက် ထိ ...  ”

“ ဪ …. ဒါလား ၊ ဝတ်ရည် မှာ အရင်တုန်းက ကိုမောင်မောင် ဆိုတဲ့ လူနဲ့ ချစ်ခဲ့ကြဖူးတယ်တဲ့ ။ ခုတော့ အဲဒီ ဇာတ်လမ်း က ပြီးသွားပါပြီတဲ့ ။ ကြာလည်း ကြာပါပြီတဲ့ ။ ခုတော့ ကိုလတ် တစ်ယောက်တည်း ပဲ သူ့ ဘဝ မှာ ရှိပါတယ်တဲ့ ။ ဒါက ဖြစ်ရိုးဖြစ်စဉ်ပဲ ဟာ ၊ မဆန်းပါဘူး ။ ငါ နားလည်ယူလို့ ရပါတယ် ။ အရေးကြီးတာ က သူ နဲ့ ငါ ချစ်နေကြဆဲ ကာလမှာ သစ္စာ မဖောက်ဖို့ ၊ မေတ္တာ မပျက် ဖို့ပဲ ။ အားလုံး ရှင်းနေရင် ပြီးတာပဲ ”

ပြာရီနွယ် လိုချင်သော စကားလုံးများ မှာ နောက်ဆုံး ဝါကျများ ဖြစ်လေသည် ။ ပြာရီနွယ် မဲ့ပြုံးကလေး တစ်ခု ပြုံးလိုက်မိရင်း ..

“ ကောင်းပါတယ် ၊ ဒါနဲ့ နင် နဲ့ ဝတ်ရည် ချစ်ကြတာ ဘယ်လောက် ကြာပြီလဲ ”

“ လေးဆယ့်ငါးရက် တိတိ ရှိပြီ ”

ပြာရီနွယ် က ဘာမှ ဆက်မမေးတော့ဘဲ ခဏနော် ဟု ဆိုကာ သူမ ၏ လွယ်အိတ် ထဲမှ စာအုပ် တစ်အုပ် ကို ထုတ်ယူ လိုက်သည် ။ စာအုပ် ကို ဖွင့်ကာ အတွင်းမှ စာအိတ်အဖြူကလေး တစ်အိတ်ယူကာ ရဲရင့်မြင့် ဆီ လက် လှမ်းလိုက်သည် ။

ရဲရင့်မြင့် က ဒါကို ငါ က ဘာလုပ်ရမှာလဲဟု ပြောရင်းမှပင် ဘာများပါလိမ့် ဟူသော သိချင်စိတ်ကြောင့် လှမ်းယူလိုက်၏ ။ ပြီးမှ စာအိတ် ပေါ်က လက်ရေး ကို မှတ်မိသွားဟန်တူ၏ ။ စာအိတ် ကို ဖွင့်ကာ အတွင်း မှ ပန်းနုရောင် စာရွက်ခေါက် ကို ကမန်းကတန်း ဆွဲထုတ် ကာ ဖတ်လိုက်၏ ။

ပြာရီနွယ် က အသာပင် ကြည့် နေလိုက်သည် ။ သူမ  နှင့် သူမ ၏ အစ်ကိုဝမ်းကွဲ ကိုမောင်မောင် ၏ ညီမတို့
ပူးပေါင်းကာ ဝတ်ရည် ၏ ကိုမောင်မောင်ဦး ထံ ပေးစာ များကို ရှာဖွေခဲ့ရသည် ။ စာတစ်စောင် ကို တွေ့လိုက်ရ တော့ စိတ် ထဲမှာ မကောင်း ။ ရဲရင့်မြင့် နှင့် ဆိုင်သော စာပိုဒ် သည် အနည်းငယ်မျှသာ ဖြစ်သည် ။ သို့သော် စကားလုံး အနည်းငယ် နှင့် မမျှလောက်အောင် ထဘီအောက်နား သို့ ထိုးဆင်းသွားရသော အချစ်များ ၊ ဂုဏ်သိက္ခာများ ။

      မောင့် ကို သိပ်ချစ်တဲ့ ဝတ်ရည် ပါ မောင် ရယ် ။ မောင် က တက္ကသိုလ် ကို ရောက်သွားတော့ ဝတ်ရည် ကို မေ့သွားမှာ ပဲ စိုးပါတယ် ။ ဝတ်ရည် က တော့ နေ့စဉ် စက္ကန့် နဲ့ အမျှ လွမ်းဆွတ်နေရမယ့်သူပါ မောင် ။ မောင် ဟို ရောက်ရင် နေကောင်းအောင် နေ နော် ။ ကျန်းမာရေး လည်း ဂရုစိုက် ။ ဟိုကျရင် ဝတ်ရည် ကို မေ့ပြီး မပွေရ ၊ မရှုပ်ရဘူးနော် ။ ဪ ... ပြီးတော့ ပြောရဦးမယ် ။ မောင် မေးထားတဲ့ ရဲရင့်မြင့် အကြောင်းလား ။ အလကားပါ မောင် ရယ် ။ သူ က ဝတ်ရည်ကို စိတ်ဝင်စား ပေမယ့် ဝတ်ရည် က မေးထူး ခေါ်ပြောပါ ။ မစိုးရိမ်ပါနဲ့ မောင် ရယ် ။ ဝတ်ရည် ဘဝ မှာ မောင် တစ်ယောက် တည်းပဲ ရှိပါတယ် ။ မောင် နဲ့ စာရင် ရဲရင့်မြင့် ဆိုတာ အလကားပါပဲ ။ အို ... အားလုံး အလကားပါပဲ ။ ဝတ်ရည် လေ မောင့် ကိုပဲ ချစ်တယ် ။

သည်စာ ရဲ့ ရက်စွဲ ကို ကြည့်လိုက်တော့ လွန်ခဲ့သော တစ်ပတ်ခန့် က ဝတ်ရည် က ကိုမောင်မောင် ဆီသို့ ပေး သောစာ ။ ဖတ်ရင်း နှင့် ရဲရင့်မြင့် မျက်နှာတွေ နီ လာသည် ။ ပြီးတော့ အိုမင်းမှိုင်းရီသွားလေသည် ။ စောစောက ပျော်ရွှင်တက်ကြွခဲ့သော ရဲရင့်မြင့် ဆိုတာ ဘယ်မှာလဲကွယ် ။

“ တောက် .. သစ္စာဖျက်မ ”

ဒေါသကုမ္မာရ ဖြစ်သွားသော ရဲရင့်မြင့် ကို ပြာရီနွယ် ဘာပြောရမည် မသိ ။ ဘယ်လို ဖျောင်းဖျရမည် မသိ ။ ပြာရီနွယ် ၏ ရည်မှန်းချက် မှာ ရဲရင့်မြင့် တစ်ယောက် လှသလောက် လည်၍ ၊ လည်သလောက် ရက်စက် တတ်သော ဝတ်ရည် ၏ သစ္စာပျက် အရှက်ရ ဝဲသြဃ မှ လွတ်မြောက်စေချင်သည် ။ အဓိပ္ပာယ်မဲ့ အချစ်စေးမျှင် ၌ မတွယ်ငြိစေချင် ။ အမှန်အမှား ၊ အခါးအချို ကွဲပြားလျှင် ကျေနပ်ပါပြီ ။

ရဲရင့်မြင့် ကို ပြာရီနွယ်   သနားသည် ။ ပြီးတော့ ချစ်သည် ။ ရဲရင့်မြင့် ဒုက္ခပင်လယ်ဝေ စေမည့် ၊ ဝမ်းနည်း စေမည့် သောကဗျာပါဒမီးလျှံ က ဘဝတစ်လျှောက်လုံး လောင်မြိုက်မည့် ကိစ္စမျိုး ကို ပြာရီနွယ် မကြည့်နိုင် ။ မကြည့်ရက်နိုင် ။

“ ကိုရဲ ကာကွယ်တာ ဟာ ကုသတာထက် ကောင်း တယ်လို့ မြင် လို့ ဒီကိစ္စ ထဲမှာ ငါဝင်လာတာပဲ ။ ဒေါသ အလျောက် အမှားမှား အယွင်းယွင်းတွေ တော့ မလုပ်ပါနဲ့ ကိုရဲ ။ ငါ တောင်းပန်ပါတယ် ။ ပြီးတာတွေ လည်း ပြီးပါ စေတော့ ။ ငါ့ ကို ခင်တယ် ၊ ငါ့ စေတနာ ကို အသိအမှတ် ပြုတယ် ဆိုရင် ငါ့စကား ကို နားထောင်ပါဟာ ”

ရဲရင့်မြင့် ဘာ တစ်ခွန်း မှ မဆို ။ ကြေကွဲကျောက်ရုပ် ။ ပြာရီနွယ် က ပြန်ရန် ဟန်ပြင် ရင်း ထပ် ပြောသည် ။

“ ငါ သွားတော့မယ် ကိုရဲ ၊ နင့် အတွက် ငါ လုံးဝ စိတ်မကောင်းပါဘူး ။ သူငယ်ချင်းကောင်း ပီသစွာ နဲ့ သာ ”

“ ပြာရီ နင် တာဝန်ကျေပါတယ် ”

သစ်ရွက်တို့ သဲသဲလှုပ်ကြွေကျလာပြန်သည် ။ ကြွေ နေသော သစ်ရွက်များ ကို ဖြတ်သန်းရင်း ပြာရီနွယ်  သည် ရဲရင့်မြင့် ကို ချန်ထားခဲ့သည် ။ ချစ်သမျှ လွမ်းပေတော့ ၊ နာပေတော့ ကိုရဲ ရေ ။

( ၅ )

မျှော်လင့်မထားသော အဖြစ်အပျက် ။ လောက သည်ဆန်းစွ ။ တင်ကြိုမတွေးခဲ့မိ ။ ဤမျှ ထိရောက်စွာ ပြန့်ကားကျယ်လောင် သွားလိမ့်မည်ဟုလည်း တွက်ဆ မထားသောအရာ ။ သို့သော် လွန်ခဲ့ပြီ ။

ပြာရီနွယ် နေ့လယ် ထမင်းစား ကျောင်း ဆင်း၍ ပြန် အလာ စာသင်ခန်း ထဲ ဝင်မည် အပြု စကား တချို့လွင့်လာ သည် ။ လှမ်းလက်စ ခြေလှမ်းများ တုံ့၍ တံခါးရွက် အကွယ် တွင် ရပ်နေမိလျက်သား ။ ကြားရသော စကား တွေ က ပြိုင်ပွဲဝင် လေးပစ်သမားအသီးသီးတို့ အလွန် ပြင်းသော အဟုန် နှင့် ပစ်ကွင်း တစ်ခု ထဲ ကို စုပစ်နေကြသည့်နှယ် ။

      ပြာရီနွယ် လား ။ ဪ …. သူ လား ။ ဝတ်ရည် နဲ့ ရဲရင့်မြင့် ကြား မှာ ... ၊ ဟုတ်လား ။ ဖြစ်ရမယ်လေ ။ မှန်တော့ မှန်တာပေါ့ ။ ဒါပေမဲ့ .. ၊ ဘာလဲ စကား အရောင်းအဝယ်လား ။ ဒီလိုကော မဖြစ်နိုင်ဘူး လား ။ အို ... ဖြစ်နိုင်တယ် ၊ ဖြစ်နိုင်တယ် ။ မိန်းကလေး တန်မဲ့ နဲ့များအေ ။ ဘယ်သူ့ ကို ပြောတာလဲ ။ ဝတ်ရည် လား ၊ ပြာရီနွယ် လား ။ နှစ်ယောက်စလုံးပဲ ။ တစ်ဖက်သ,တ်အချစ်မျိုး ဟူသည် ...

ဘယ်လိုမှ ဆက်ပြီး နားထောင်ချင်စရာ မကောင်း သော ၊ နားမထောင်ရဲသော စကားတွေ ဆက်ကြားရသော ကြောင့် ပြာရီနွယ် နောက်ကြောင်း ပြန်လှည့်ခဲ့ရသည် ။ မဟုတ်ရပါဘူးလို့ ပြာရီ ရှင်းပြပါရစေ ။ ပြာရီ ဘာပြန် ပြောရမလဲ ။ ရန်ဖြစ်ရမလား ၊ ရှိုက်ငိုရမလား ။ ပြာရီ က ဖြူဖြူစင်စင် နဲ့ပါ ဆိုရင် ရယ်ကြပေလိမ့်မည် ။ တစ်ယောက်ချင်း လိုက်လံရှင်းပြရမည်လား ။

ရဲရင့်မြင့် နှင့် ပတ်သက်လာလျှင် ပြာရီနွယ် သည် ဖျက်လုပ်ထားသော အရုပ် တစ်ရုပ် ။ လူငယ်ပီပီ ခံစားမှု အိမ်ဖွဲ့ ရဲဝံ့သောစိတ် နှင့် ရဲရင့်မြင့် ကို ကူညီခဲ့သည် ။ ပြာရီနွယ် ရင်ထဲမှာ ချစ်တာက သီးခြားဘာသာရပ် တစ်ခုပါ ။ သို့သော် ပြာရီနွယ်   ဘယ်လောက် မှန်ကန် တယ်ပြောပြော ၊ ဘယ်လောက် ဖြူစင်တယ်ပြောပြော သတိမထားမိသော ထောင့်စွန်းတစ်နေရာ မှ ဆိုးရွားသော ကံကြမ္မာ သည် ပေါ်ပေါက်လာခဲ့ပြီ ။ ပြာရီနွယ် ၏ ရိုးသားမှု သည် ပတ်ဝန်းကျင် ၌ ...

မာယာဆွေ က တော့ ရင်တံခါး ကို ဖွင့်ပေါင်းသူ ချင်းမို့ တစ်ခါက မတားရစ်ခဲ့ခြင်းကို ပြောပြခဲ့သည် ။

“ ကိုရဲ ကို ဝတ်ရည် နဲ့ ကိုမောင်မောင် ကိစ္စ ကို ပြော တော့မယ် ဆိုတော့ အန္တရာယ်ကြီးတယ် ဆိုတာ မာယာ သိခဲ့တယ် ။ ဒါပေမဲ့ သူငယ်ချင်း ရဲ့ ခံစားမှုကို ဘက် လိုက်ပြီး ရေငုံ နေခဲ့မိတာပါ ။ မာယာ နားလည်တယ် ။ ပြာရီ ဖြူစင်တယ် ဆိုတာလည်း မာယာ သိတယ် ။ တစ်ခု တော့ရှိတယ် ”

“ ပြာရီ ဘာလုပ်ရမလဲ မာယာ ”

မာယာဆွေ က ချက်ချင်း စကားမပြန် ။ ပြာရီနွယ် ကို တစ်ချက် ကြည့်လိုက်၏ ။ အကြည့်ချင်း ဆုံမိကြချိန်မှာ ပင် မာယာဆွေ မျက်နှာလွှဲလိုက်ပြီး သက်ပြင်းပူ တစ်ချက် ချသည် ။ ချစ်သူငယ်ချင်း ၏ ဝေဒနာ ကို သိနေတော့ လည်း ပြောမထွက် ။

“ ကိုရဲ ကို ပြာရီ စိတ်ကြိုက် ကူညီခဲ့ပြီးပြီပဲ ။ ပြောရရင် ပြာရီ ရဲ့အချစ် ကို ပြခဲ့ပြီးပြီပဲ ။ ပြာရီ ကျေနပ်တော့ ။ ပတ်ဝန်းကျင် က ပြာရီ အပေါ် ထင်ထားတာတွေ က မကောင်း လှဘူး ။ ဒီတော့ အကောင်းဆုံးနည်းလမ်း က ကိုရဲ ကို ပြာရီ ရှောင်ဖို့ပဲ ”

“ ဘာပြောတယ် မာယာ ”

“ ဟုတ်တယ် ၊ တို့ဟာ မိန်းကလေးတွေ ပါကွာ ။ စိတ်ကူး မယဉ်စမ်းပါနဲ့ ”

မာယာဆွေ ပြောတာ မှန်ပါသည် ။ မာယာဆွေ ၏ ရင်ခွင်၌ မျက်ရည်စတွေ ပေလူးစွတ်စို ငိုမဆုံးခဲ့သော ပြာရီနွယ် ကို အားရအောင် ငိုပစေဟူသော သဘောနှင့် မာယာဆွေ ကြည့်နေခဲ့သည် ။ သည်နေ့ကတော့ ပြာရီ နွယ် ရင်ဖွင့်ပွဲပါပဲ ။ မာယာဆွေ ကို မပေါက်ကြားရန် ကတိ အတန်တန် တောင်း၍ ရဲရင့်မြင့် အား ချစ်သမျှကို တိတ်တခိုး တွယ်တာခဲ့ရသမျှကို ဖွင့်အန်ခဲ့လေသည် ။

အဲဒီ ည က အိမ်ကို ပြန်ရောက်တော့လည်း တွေးမိ တိုင်း ကြေကွဲမဆုံးနိုင်သဖြင့် လူကြီးတွေ အိပ်တဲ့ တိတ် ဆိတ်ချိန်မှာ ဝမ်းနည်းပက်လက် ငိုလိုက်ရတာ ။ ည ကောင်းကင်ယံ မှာ ကြွေသွားတတ်တဲ့ ကြယ်ကလေး တွေ ကို ကိုရဲ တွေ့ဖူးလားဟင် ။

အဲဒါ ပြာရီနွယ် ရဲ့ အသည်းနှလုံးတွေလေ ။

( ၆ )

မိန်းမ တစ်ယောက် ရဲ့ အချစ်ကို ကိုရဲ သိနားလည် နိုင်ပါ့မလား ။ ပြာရီနွယ် ကတော့ မထင်ပေ ။ ပြီးတော့ ပြာရီနွယ်   ပြောခဲ့သလိုပါပဲ ။ အစဉ်အလာဟောင်း ရဲ့ ဓား သွား အောက် က လည်အစင်းခံ ၊ အပြဋ္ဌာန်းခံဘ၀တွေ ။ ကိုရဲ ကို ပြာရီနွယ် အပြစ် မတင်ချင်ပါ ။ ဒါဟာ သိနား လည်ရခက်တဲ့ သဘာဝကြီး ရဲ့ တွန့်ခေါက်မှုတစ်ရပ်ပါပဲ ။

ကံကောင်းချင်တော့ ပြဿနာတွေ လှိုင်းတံပိုး ထကြွသည့် နှစ်မှာ ပြာရီနွယ်  နှင့် မာယာဆွေ တို့ ဆယ်တန်းစာမေးပွဲ အောင်ခဲ့ကြသည် ။ ရဲရင့်မြင့် ကမူ လေလွင့်ခြင်း ၏ ရလဒ်အဖြစ် စာမေးပွဲ ကျခဲ့သည် ။ ဝတ် ရည် ကမူ ကျောင်း မှထွက် ကာ အိမ်မှ ပေးစားသော ယောက်ျား နှင့် ယူလိုက်လေ၏ ။ သူမ ကတော့ ရှင်းလင်း လွယ်ကူလွန်းလှသည် ။

ပြာရီနွယ် အနေ နှင့် စာမေးပွဲအောင်သည် ထက် မိမိ ၏ မြို့ငယ် မှ ပတ်ဝန်းကျင်ဟောင်း၏ မွန်းကျပ် ပိတ်ဆို့မှုများ မှ ယာယီ ဖြစ်ဖြစ် ရုန်းထွက်နိုင်ခဲ့သည် မို့ ကျေနပ်မိခြင်းက ပိုသည် ။ ကိုယ့် ဝမ်းနာ ကိုယ် သာသိ သည် ။ ကိုရဲ ကို တစ်ချက် တစ်ချက် သတိရ နေမိသေး တယ် ။ စိတ်ကို မနည်း တင်းထားရလေသည် ။

ပြာရီနွယ် ရော မာယာဆွေ ပါ စီးပွားရေးတက္ကသိုလ် တက်ခွင့် ရသဖြင့် ရန်ကုန် နေ အဆောင်ကျောင်းသူများ အဖြစ် လွတ်လွတ်လပ်လပ် နေခဲ့ကြရသည် ။ မာယာဆွေ  ကတော့ အိမ်ခဏ ခဏ ပြန်သည် ။ ပြာရီနွယ် ကမူ ဦးလေး တော်သူ ၏ မိသားစု က ရန်ကုန် တွင် ရှိသဖြင့် မပြန်ဖြစ်တော့ ။ ပြန်လည်း မပြန်ချင် ။ မြို့နှင့် အဆက် အသွယ် ဖြတ်ထားနိုင်ခဲ့သည် ။ ပြာရီနွယ် သူ့ စိတ် ကို သူ သိသည် ။ ရဲရင့်မြင့် နှင့် မတွေ့ချင် ။ မေ့နိုင်သ၍ မေ့ထားခဲ့သည် ။ မီးဝေးချိပ် ပမာ တစ်စ တစ်စ ဝေးကွာသွားပါစေ ဟု သာ ဆုတောင်းခဲ့လေသည် ။

သို့သော် ဆုတောင်း မပြည့်ခဲ့ ။

ပြာရီနွယ် တတိယနှစ် အရောက်တွင် တစ်ညနေခင်း ၌ အခန်းဖော် တစ်ယောက်၏ အော်ဟစ်သံ ကြားရ သည် ။

“ မမပြာရီနွယ် ဧည့်သည် ”

ဘယ်သူများပါလိမ့် ဟု ဝေခွဲရင်း သနပ်ခါးကြား ကြား ထူထူကြီးများ လိမ်းလျက်သား ၊ ဆံပင်ရှည် ကို ဖားလျားချလျက်သား ။ ရေချိုးပြီးခါစမို့ ခုံဖိနပ်စီးလျက် သား က ပင် ဧည့်ခန်းသို့ ဆင်းလာခဲ့လေသည် ။ ဧည့်ခန်း ရောက်သည် နှင့် အံ့သြစိတ် က သစ်သီးတစ်လုံးကဲ့သို့ ရုတ်တရက် ကြွေကျလာတော့သည် ။

“ ကိုရဲ ”

“ ဟုတ်တယ်လေ ၊ ငါ ကိုရဲ ပဲ ။ သရဲ မဟုတ်ဘူး ။ နင် ဘာကြောင်နေတာလဲ ”

“ မဟုတ်ပါဘူး ”

“ နင် က တက္ကသိုလ် ကို စောရောက်တယ် ဆိုပြီး တော့ ငါ့ကို အဖက် မလုပ်ချင်တော့ဘူးပေါ့ ၊ ရပါတယ် လေ ”

“ မဟုတ် ... မ ... ဟုတ်ပါဘူး ကိုရဲ ရယ် ၊ နင် ကလည်း စတွေ့တာ နဲ့ ဒီလို စကားမျိုးတွေ ပြော ... ”

“ မသိဘူးလေဟာ ၊ ငါ က တောက ရောက်ကာစ ဆိုတော့ ...  ”

ပြာရီနွယ် သူ့ စိတ် ကို သူသိသည် ။ ဖြစ်နိုင်ရင် ရဲရင့်မြင့် ကို မတွေ့ချင် ။ တွေ့လိုက်ရလျှင် ကိုရဲ နှင့် ပတ်သက်သော တင်းတည် ထားသမျှ လျော့ပြေတော့ မည်ကို သိနေသည် ။

ရဲရင့်မြင့် က သူ ဒီနှစ် ဆယ်တန်း အောင်ကြောင်း ၊ ကျောင်း ကို ဒီနှစ် ရောက်လာကြောင်း ၊ ကျောင်း ထားပေး သူမှာ ဦးလေး လည်း ဖြစ်၍ လည်းကောင်း ၊ အဓိကဘာ သာ မှာ အင်္ဂလိပ်စာ ဖြစ်သောကြောင့် ရန်ကုန်ရောက်လာ ခြင်းဖြစ်ကြောင်း ပြောပြသည် ။ မာယာဆွေ နှင့် သူ မြို့၌ တွေ့ခဲ့ရကြောင်း ၊ လောလောဆယ် အဆောင် မရသေး၍ အပြင်ဆောင်တွင် နေကြောင်းများ တရင်းတနှီး ပြောဖြစ် ကြသည် ။ ငယ်သူငယ်ချင်း တွေ ပြန်တွေ့ကြသည့်ပွဲ ။ တစ်ခါတုန်းက ဝတ်ရည် နှင့် ရဲရင့်မြင့် တို့၏ တစ်ခန်းရပ် ဇာတ်လမ်း မှာ ပါးလျမှုန်ဖျော့သွားပြီ ။

သို့သော် ပြာရီနွယ် သည် ရဲရင့်မြင့် ကို ကြည့်ရင်း ထိတ်လန့် လာ၏ ။ သူ နှင့်ပတ်သက်လာလျှင် မိမိ စိတ်တို့ သည် ကစဉ့်ကလျား ဖြစ်ရပြီကို သိသည် ။ ဆုံးဖြတ် ချက်ကို မနိုင် ။ ပြာရီနွယ် မှာ စဉ်းစားလွန်ရင်း ကြောင်အအ ဖြစ်နေသည် ကို ရဲရင့်မြင့် သတိပြုမိ သွား၏ ။

“ ပြာရီ ရယ် တက္ကသိုလ်ရောက် မှ နင် စိမ်းသွားသလိုကြီးပဲ ”

ထို စကား တစ်ခွန်းသည် ပြာရီနွယ် ၏ နှလုံးသည်း ပွတ်အိမ် ကို ဖွင့်သော သော့တံတစ်ချောင်း ဖြစ်သည် ။ တစ်ခါက ဒဏ်ရာဟောင်းပေါ်သို့ အချစ်တုတ်ချက် ကျ လာချိန်တွင် ဟန့်မထားနိုင်တော့ ။

နောက်တော့ တက္ကသိုလ် ၏ ညနေခင်းများ သည် ရဲရင့်မြင့် နှင့် ပြာရီနွယ် တို့ ပိုင်စိုးရာ ဖြစ်လာ၏ ။ ယမ်း ဘီလူး အအေးဆိုင် မှာ နှစ်ယောက်အတူ ၊ မာလာကင်တီး မှာ ။ ပြီးတော့ အီကိုကင်တီး နှင့် သစ်ရွက် ၊ မြက်ခင်း ၊ စင်္ကြံလမ်း ၊ အဓိပတိ ၊ ရေတမာပင် တို့ဆီမှ တက္ကသိုလ် ရနံ့ ခံစားရင်း စိတ်ကူးသစ် ၌ မွေ့ လျော်သော အချစ်သစ်ပင် ဆီသို့ ဦးတည် လာကြသည် ။

ပြာရီနွယ် သည် ရဲရင့်မြင့် နှင့် တွေ့လျှင် ပျော်ရွှင်ကာ အရာအားလုံး ကို မေ့လျော့နေသော်လည်း အခန်း ပြန်ရောက်သည်နှင့် စိတ်ထဲမှာ မနေတတ် ။ မာယာဆွေ ကမူ တစ်ခွန်းတစ်ပါဒ မှ ဝင်မပြော ။ တစ်နေ့ တွင် ရဲရင့်မြင့် ထံ မှ ချစ်စကား ကြားရတော့မည် ဟု သိလာရ ၊ ခံစားလာရသော အခါ ဝမ်းနည်းကြေကွဲမိသည် ။ ပြာရီနွယ် ၏ ရင်ထဲ ၌ မထွေးနိုင် ၊ မမျိုနိုင် ဖြစ်နေရသည် ။

သူငယ်ချင်း ဖြစ်သူ မာယာဆွေ ပြောခဲ့သော စကား တွေ က ယနေ့တိုင် သစ်လွင်နေသေးသည် ။ နားထဲ တွင် ပဲ့တင်ထပ် လာသည် ။ ကြာရင် ခက်ရတော့မယ် ကိုရဲ ရယ် ။ မိန်းမသား တစ်ယောက် ရဲ့ ရပ်တည်မှု ဘဝဟာ ဂုဏ်သိက္ခာ နဲ့ တိုက်ရိုက်ဆက်စပ်နေတတ်တာမျိုး ။ အချစ်လွင်ပြင်ဆီ မှ ဒုန်းစိုင်းပြေးလွှား ပျောက်ကွယ်သွား ခဲ့ပြီဖြစ်သော အတိတ်မြင်းရိုင်း ကို သာ ငေးကြည့်နေမိ၏ ။

မျှော်လင့်ထားသော ဝမ်းနည်းဖွယ်ရာ နေ့ တစ်နေ့ သည် အမှန် တကယ်ပင် ဆိုက်ရောက် လာခဲ့လေသည် ။ ကိုရဲ က ပြာရီ ကို ချစ်သတဲ့ ။ ရဲရင့်မြင့် ၏ စာကို ဖတ်ပြီး ချိန်တွင် မာယာဆွေ ၏ စကားတွေ က ပဲ့တင်လာပြန်၏ ။ ပြာရီ ရဲ့အချစ် ကို တစ်ခါက ပြခဲ့ပြီးပြီပဲ ။ ပတ်ဝန်းကျင် က ပတ်ဝန်းကျင် က အို ... အကောင်းဆုံး ကတော့ ကိုရဲကို ပြာရီ ရှောင်ဖို့ပဲတဲ့ ။ ပြာရီ ဘာလုပ်ရမလဲ ကိုရဲ ရယ် ။ နောက်ဆုံးတော့ ကိုရဲ ထံပါးမှ ငိုရှိုက်ထွက်ပြေးခဲ့တာသာ အမှတ်ရတော့သည် ။

ည လေပြည် ၌ အအေးဓာတ်တို့ စိမ့်ဝင် လာသည် ။ လရောင် က မြင့်တက်လာ၏ ။ သို့သော် လရောင် ၏ အေးမြငြိမ်းချမ်းသော သဘာဝ သည် ပင် အံ့ဖွယ်ပူလောင် လျက် ရှိသည် ဟု ထင်မိ၏ ။ အမှန်ကတော့ ဆုံးရှုံးမှုရဲ့ ဝေစု ကို ပြာရီနွယ် ရခဲ့ခြင်းပါပဲ ။

ထိုညက ပြာရီနွယ် သည် သူတကာ အိပ်မောကျ နေကြချိန်တွင် လရောင်ဖွဲ့ ပြတင်းတံခါး မှ ခွာခဲ့ပြီး စာ ကြည့်စားပွဲ တွင်ထိုင်ကာ ရဲရင့်မြင့် ကို ပေးရန် စာရှည်ကြီး တစ်စောင် ရေးသားခဲ့လေသည် ။

      ကိုရဲ ကို ငြင်းဆန်ခဲ့တာဟာ ပြာရီ နားလည် ထားတဲ့ ချစ်ခြင်းမေတ္တာ ရဲ့ ပုံသဏ္ဌာန် တစ်ခုပါပဲ ။ ပြာရီ ကို ခွင့်လွှတ်ပါ ။

      ပြာရီ လေ ကိုရဲ ကို ချစ်ခဲ့တာ ၊ မျှော်လင့်ခဲ့တာ အမှန်ပါ ။ တစ်ခါတုန်း က ပြာရီ ကို သိပ်ချစ်တာပဲ လို့ တစ်ခွန်းတည်းသာ ပြောလိုက် ။ ဒီ စကားလေး တစ်ခွန်း နဲ့ ပဲ နှလုံးသည်းပွတ်အိမ် ထဲမှာ အမြတ်တနိုး တန်ဖိုးထားတဲ့ မေတ္တာ ကျောက်သံပတ္တမြား တွေကို အကုန်လုံး သွန်ချပေးမိမှာပဲ ။ ဒါပေမဲ့ ကိုရဲ က ပြာရီ ကို ချစ်မှ မချစ်ဘဲ ။ ချစ်စကား တစ်ခွန်းတလေ အချစ်အရိပ် တစ်ပိုင်းတစ်စတောင်မှ မပြခဲ့ဘူးပဲ ။ ပြာရီ က ကိုရဲ ကို သိပ်ချစ်တာပဲလို့ ဘယ်လို လုပ်ပြီး စကား စမလဲ ။ ဖွင့်ချရမလဲကွယ် ။ ကိုရဲ သိပါတယ် ။ ပြာရီ လေ လူငယ်စိတ် နဲ့ အင်မတန် အန္တရာယ်ကြီး တဲ့ အလုပ်တစ်ခု ကို လုပ်ခဲ့မိတယ် ။ အဲဒါက ကိုရဲ နဲ့ ဝတ်ရည် ကြား မှာ လူကြမ်းသမား လုပ်ခဲ့ရတာလေ ။ အဲဒီတုန်းကတော့ သတ္တိတွေ ဘယ်က ဘယ်က ရတယ်မသိဘူး ။ သစ္စာပျက်နွံ ထဲ မှာ ကိုရဲ ရဲ့ ဖြူစင်ရိုးသားတဲ့ အချစ် ကို မနစ်မွန်း စေချင်လို့ အဲဒီ ဆန္ဒတစ်ခုတည်း နဲ့ ပြာရီ ကူညီခဲ့ တာပါ ။ ဒါပေမဲ့ ပြာရီ ရလိုက်တဲ့ ဆုလာဘ် က လူတွေရဲ့ အတင်းအဖျင်းစကားသံတွေ ၊ မေးငေါ့ ပြစ်တင်သံတွေပါပဲ ။ ပြာရီ ခုထိ မမေ့သေးဘူး ။ ခုထိ ကြားနေရတုန်းပဲ ။ အဲဒီ အသံတွေက ပြာရီ ကို ဒုက္ခ ပေးနေကြတုန်းပဲ ။ ကိုရဲ အချစ် ကို ပြာရီ လက်ခံလိုက်ရင် ပြာရီ ဘာဖြစ်သွားမလဲ ။ ပြာရီ ဘက်က စဉ်းစားပေးပါ ကိုရဲ ရယ် ။ အလှဆုံး စကားလုံး တစ်လုံးတော့ ရှိရဲ့ ၊ ဒီ ယုန် မြင် လို့ ဒီ ချုံ ထွင်တယ် ဆိုတဲ့ စကား ။ ဒါပေမဲ့ မိန်းကလေး တစ်ယောက် အတွက် အဓိပ္ပာယ် က မကောင်းလှပါဘူး ။ ပြာရီ တို့ ရဲ့ မိန်းမသား ဘဝ ကို ကိုရဲ နားလည်စေချင် လိုက်တာ ။

      တစ်ချိန်တုန်းက ...

      ပြာရီ စက္ကန့် နဲ့ အမျှ မျှော်လင့်ခဲ့တဲ့ ချစ်စကား တွေ ကို ပြာရီ မကြားဝံ့တဲ့ အချိန် ကို ရောက်တော့မှ ကိုရဲ က ပြာရီ ကို ချစ်တယ် တဲ့ ။ ပြာရီ ဝမ်းနည်းလိုက်တာ ကိုရဲ ရယ် ၊ တုံ့ပြန်ခွင့် မရတော့တဲ့ အဖြစ်ကို ကြေကွဲလိုက်တာ ။

      ပြာရီ အချစ် က သေသွားပြီ ကိုရဲ ရဲ့ ။ သေသွား ပါပြီ ။ ပြာရီ လေ ... ပြာရီ .. ။

☐ မြမြင့်မိုရ်

    ၁၉၉၂ ၊ သြဂုတ်လ

📖 မှတ်မှတ်ရရ မြန်မာဝတ္ထုတိုများ - ၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment