Tuesday, September 10, 2024

ရေစီး


 

❝ ရေစီး ❞
━━━━━━━━━━━━━━
နန္ဒာစိုး ( ဆင်ဖြူကျွန်း )
━━━━━━━━━━━━━━
( ၁ )

“ စာရေးဆရာ ဝိုင်း စ,မယ်ဗျို့ ၊ လောလောဆယ် ချိုပေါ့ကျ နှစ်ခွက် ” 

လက်ဖက်ရည်ဆိုင် ထဲ ကို သူ တို့ ဝင်လိုက်တာ နဲ့ တစ်ပြိုင်နက်တည်း ပဲ စားပွဲထိုးကလေး ရဲ့ အော်သံ ထွက်လာတယ် ။ အဲဒီ အသံ ကြားတော့ ကိုထွန်းခင် က အတူ ပါလာတဲ့ ကိုလှအောင် မျက်နှာ ကို လှမ်းကြည့်ပြီး ပြုံးတယ် ။ ကိုလှအောင် က တော့ ခပ်တည်တည်ပဲ ။ “ ရေနွေးကရား အရင် ချလေကွာ ၊ နောက်လူ တွေလည်း လာဦးမှာ ” လို့ လှမ်းပြောရင်း နာရီ ကို တစ်ချက် ငုံ့ကြည့် လိုက်သေးတယ် ။ ပြီးတော့ သူတို့ နှစ်ယောက် ထိုင်နေကျ စားပွဲ မှာ ဝင် ထိုင်လိုက်တယ် ။

“ ကဲ ဖြည်းဖြည်းပေါ့ ၊ လူ မှ မစုံသေးတာ ”

ကိုလှအောင် က အဖော် ညှိ သလိုလို ပြောရင်း သူ့ လက်ထဲ မှာ ကိုင်လာတဲ့ သည်လ ထုတ် စီးပွားရေး မဂ္ဂဇင်းစာအုပ် ကို ကောက် လှန်တယ် ။ အာရုံ ယူတော့မယ့် ပုံပေါ့လေ ။ ကိုထွန်းခင် ကလည်း ခပ်မဆိတ်ပဲ ဆက် ထိုင် နေလိုက်တယ် ။ လူ က သာ ငြိမ်ထိုင် နေပေမယ့် စိတ် က တော့ မငြိမ်ဘူး ။ စကား ပြောစရာ လည်း မရှိတော့ ဘာရယ် မဟုတ် လျှောက်တွေး နေမိတယ် ။ အင်း ... စာရေးဆရာဝိုင်း တဲ့ ။ သူတို့ အဖွဲ့ လာရင် စားပွဲထိုးကလေး ဆီးဆီး အော်လေ့ ရှိတဲ့ အသံ ကို ပြန် ကြားမိတော့ ကိုထွန်းခင် ပြုံးချင်သား ။ ဟုတ်ပဲ ဟုတ်နေချေသေးတော့ ။

ဘာပဲဖြစ်ဖြစ် အဲဒီ အတွက် တော့ ကိုမျိုး ကိုပဲ ကျေးဇူး တင်ရမှာပဲလို့ သူ  ဆက်တွေးနေမိပြန်ရဲ့ ။

( ၂ )

ပြောရရင် သူ နဲ့ မတွေ့ခင် အချိန် ကတည်းက ကိုမျိုး က စာရေးဆရာ ပါ ။ ကိုမျိုး ရဲ့ “ လေ ” အတိုင်း ပြောရရင် ရသဝတ္ထုတိုတွေ ဖန်တီး နေတဲ့ “ ရသ စာရေး ဆရာ ” ပေါ့ ။ ဟုတ်တယ် ။ ကိုမျိုး ရဲ့ လူမှုပြဿနာ အဝဝ ၊ ဘဝအထွေထွေ ကို ခံစားတင်ပြတဲ့ ခေတ်ပြိုင် အကြောင်းအရာ အမျိုးမျိုး နဲ့ ဝတ္ထုတိုတွေ ကို အဲဒီ ကတည်း က ကိုထွန်းခင် ဖတ်နေရပြီ ။ မဂ္ဂဇင်းတွေ မှာ မကြာခဏ ပါလာတတ် တဲ့ ကိုမျိုး ရဲ့ ဝတ္ထုတို အတော်များများ ကို သူ ဖတ်ခဲ့ရဖူးတယ် ။

သူ ကတော့ အဲဒီ အချိန်မှာ မိဘရိုးရာ အမွေ ဆက်ခံပြီး တိုင်းရင်းဆေး ဆရာ လုပ်နေတုန်းပေါ့ ။ ဒါပေမဲ့ “ သည်နယ် တစ်ရိုး မှာ တိုင်းရင်းဆေးဆရာကြီး ဆရာထွား ရဲ့ သား ၊ ဗမာဆေးဆရာ ကိုထွန်းခင် တော့ ရှိလေရဲ့ ” ဆိုတာ ကိုတောင် သိတဲ့သူ က အတော် နည်းနေပါပြီ ။ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်း တွေက တော့ လာကြပါရဲ့ ။ ခေါင်းကိုက် ဗိုက်နာ ဆိုသလို ရောဂါ အသေးအမွှားကလေးတွေ ပါ ။ လာပုံ ကလည်း တယ် အားရစရာ မရှိလှပါဘူး ။ “ ဘယ်လို ဖြစ်နေတယ် ၊ ဘာ ဆေးကလေး စားရင် တော်မလဲ ” လို့ ဆေးမြီးတို လာ တောင်းကြပုံမျိုး ။ သူ ကလည်း ဘာရွက်ကလေး မီးကင်ပြီး အုံလိုက် ၊ ဘယ် အမြစ်ကလေး ဆား နဲ့ သွေး သောက်လိုက် ဆိုတာမျိုး လမ်းညွှန် လိုက်ရရုံမျိုး လောက်ပါ ။ အလုပ် ဖြစ် လောက် အောင် လာတယ် ဆိုတာက ဆယ်ခါရံ တစ်ခါ လောက် ။ သည်တော့ သူ့ ဝင်ငွေ လည်း မမှန်ဘူး ဆိုပါတော့ ။ မမှန်ဘူး မဟုတ်ပါဘူး ။ ဘယ်လိုမှ ကို မျှော်လင့်မှန်းဆ ကြည့်လို့ မရတာပါ ။ ဒီကနေ့ တော့ဖြင့် ဘယ်လောက် ဝင်မဟဲ့ လို့ ကို တွက်ဆလို့ မရတာ ။ သည်တော့ ဝင်ငွေ မမှန်သူ တို့ ရဲ့ ထုံးစံအတိုင်း သူ  အတော် စိတ်လေ နေ မိခဲ့ရသေးရဲ့ ။

အဲဒီ ရက်တွေ အတွင်း မှာ ပဲ ရသစာရေးဆရာ ကိုမျိုး နဲ့ တတွဲတွဲ နေမိရင်း က အားအား ရှိတိုင်း စာတိုပေစ တွေ လျှောက် ဖတ် ဖြစ်ခဲ့တယ် ။ အစက ဘာရယ် မဟုတ်ဘူး ။ အချိန်ကုန် ၊ အပျင်းပြေ ရင်  ပြီးရော ဆိုပြီး စာအုပ်တွေ လျှောက် ဖတ် ဖြစ်တာ ။ ကိုမျိုး ရဲ့ စာအုပ်စင်ကြီး က ဆွဲဖတ်ရတာ ဆိုတော့ အငှားဆိုင် က ငှားရ သလို ပိုက်ဆံမကုန်တာကလည်း တွန်းအား တစ်ခုပေါ့လေ ။ ပိုက်ဆံ ပေး ပြီးမှ အငှားဆိုင် က ငှား ဖတ်ရမှာမျိုး ဆိုရင်တော့ သေချာတယ် ။ သူ လုံးဝ ဖတ်ဖြစ်မှာ မဟုတ်ဘူး ။

ကိုမျိုး နဲ့ အတွဲများလို့ ကိုမျိုး ဆီ က ဓာတ်ကူးတယ် ပဲ ပြောရမလား မသိဘူး ။ စာဖတ်ရှိန် အတော်ကလေး ရလာတော့ သူ စာရေးချင် လာ သလိုလိုပဲ ။ ကိုမျိုး ကလည်း သူ နဲ့ တွဲမိတဲ့ သူ တိုင်း ကို စာဖတ် ဖြစ်အောင် ၊ ရေးချင်စိတ် အခံရှိတဲ့ သူမျိုး ကို စာရေး ဖြစ်အောင် မီးထိုး ပေးတတ်တဲ့ သူ ဆိုတော့ နောက်ဆုံးမှာ ကိုမျိုး ရဲ့ တိုက်တွန်းမှုကြောင့် လို့ပဲ ပြောပါတော့ ။ သူ စာ ရေး ဖြစ်လာတော့တယ် ။ ဒါပေမဲ့ ကိုမျိုး လို စာမျိုးတွေတော့ သူ မရေးတတ်ဘူး ။ ဘာမှ လည်း မခံစားတတ်ပါဘူး ။

ခံစားမှု တစ်ခုခု ကို စာဖတ်သူ ရင်ထဲ ကူးမျော စီးဝင်သွားစေတဲ့ စာမျိုး ရေးဖို့ သူ  အိပ်မက် ထဲ တောင် ထည့် မမက်ပါဘူး ။ တိုင်းရင်းဆေးတွေ ဘာတွေ အကြောင်း အဓိက ထားပြီး ဖော်ပြထုတ်ဝေတဲ့ မဂ္ဂဇင်း တစ်စောင် မှာ သူ ဝင်ရေး ဖြစ်တာပါ ။

“ ရေးသာ ရေးစမ်းပါ ၊ ကျုပ် ပို့ ပေးပါ့မယ် ၊ ဒီ လိုင်း က ခင်ဗျားတို့ ပိုင်တဲ့ လိုင်းပဲဟာ ၊ ဖော်ပြခံရရင် အိုကေပေါ့ ” တဲ့ ။

ကိုမျိုး တွန်းအားပေးတာနဲ့ သူ့ အဖေ လက်ထက် ကတည်း က စုဆောင်း ထားရစ်ခဲ့တဲ့ ရှေးမြန်မာ တိုင်းရင်းဆေးကျမ်းတွေ ထဲက ကောင်းနိုးရာရာ ဆေးနည်း ကလေးတွေ ထုတ်နှုတ်ပြီး သူ ချရေး ကြည့် ဖြစ်တယ် ။ အချိန် အားလည်း ရနေတာ ပဲဟာ ။ စိတ် လည်း မလေတော့ဘူး လေ ဆိုပြီး သူ ချချ ရေးတယ် ။ စာသွား စာလာ ချောမွေ့ ဖို့တော့ ကိုမျိုး က ပြင်ပေးနဲ့ ပေါ့လေ ။ သည်လိုနဲ့ အချိန်တန် တော့ သူ ပို့တဲ့ မဂ္ဂဇင်း တစ်စောင် မှာ သူ့ တိုင်းရင်းဆေးနည်း ဆောင်းပါး တစ်ပုဒ် စပြီး ပါလာတယ် ။ ဘာ ကြာလို့လဲ ။ မေတ္တာလက်ဆောင် မဂ္ဂဇင်း တစ်အုပ် နဲ့ စာမူခ ဆိုပြီး ဉာဏ်ပူဇော်ခ ငွေ ( ၃၀၀ ) ကျပ် စာတိုက် ကနေ ရောက်လာတယ် ။

“ ဟ ... ၊ တယ် ဟုတ်ပါကလား ” လို့ သူ အံ့ဩ သွားမိသလို ဝမ်းလည်း သာ သွားတယ် ။ လက်ဖက်ရည် တစ်ခွက် ( ၁၀ ) ကျပ် ခေတ် မှာ ငွေ ( ၃၀၀ ) ကျပ် ဆိုတော့ တစ်လစာ လက်ဖက်ရည် ဖိုးပဲ ၊ မဆိုးဘူးပေါ့ ။ အလကား နေရင်း ဒီဆေး ကျမ်းစာအုပ်တွေ ကို သေတ္တာ ထဲ ထည့် သိမ်းထားရတာ နဲ့ စာရင် သည်လိုလေး ထုတ်နှုတ် ရေးပို့နေတာက ဝင်ငွေ လည်း ရ ၊ ပညာ ဖြန့်ဖြူးပြီးသား လည်း ဖြစ်ဆိုတော့ သားရွှေအိုး ထမ်းလာတဲ့ ကိန်းပဲလို့ သူ  သဘောရမိတယ် ။ အဲဒီက စပြီး တိုင်းရင်းဆေးနည်း နဲ့ ပတ်သက် ဖော်ပြပေးတဲ့ တစ်ခြား မဂ္ဂဇင်းတွေ ကိုပါ သူ အဆက်မပြတ် ရေးပို့ဖြစ်တော့တာ သည်နေ့ အထိပဲ ဆိုပါစို့ ။

အခုဆိုရင် သူ တို့ မြို့ကလေး မှာ သူ ဟာ တိုင်းရင်းဆေးဆရာ ဘွဲ့ တင် မကတော့ဘဲ ‘ စာရေးဆရာ ’ ဆိုတဲ့ ဘွဲ့ ကိုပါ သူ  မရည်ရွယ်ဘဲ ရခဲ့သူ  ဖြစ်နေခဲ့ပြီ ။ စာလေးပေလေး ဖတ်ရကောင်းမှန်း သိတဲ့ စာဖတ်သူ  လူနည်းစု ကသာ သူ့ ကို တိုင်းရင်းဆေး ဆောင်းပါးရှင် ” လို့ လိုင်းခွဲပြီး ခေါ်ကြပေမယ့် တစ်လ ရှိလို့ မဂ္ဂဇင်း တစ်အုပ် ကောက် မလှန်ဖူးကြတဲ့ လူများစုကြီး ကတော့ တစ်ဆင့်ကြားနဲ့ပဲ သူ့ ကို “ စာရေးဆရာ ” လို့ လွယ်လွယ် ခေါ်လိုက်ကြတာပါပဲ ။ အင်း ကံကြမ္မာ ဖန်လာပြန် တော့လည်း တစ်သက်လုံး က သူ မမျှော်လင့်ခဲ့ဘူးတဲ့ စာရေးဆရာ ဘွဲ့ ကို တောင် ရလို့ ။ ဟိုက ဒီက စုဆောင်း ရရှိထားသမျှ တိုင်းရင်းဆေးနည်းပညာတွေ ဆေးမြီးတို မြီးရှည်တွေ မကုန်သေး သရွေ့ အဲဒီ တိုင်းရင်းဆေး နဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းတွေ စာစောင်တွေ ထွက်ရှိ နေသေးသရွေ့ သူ  စာရေးဆရာ အဖြစ် ဆက် စခန်းသွားရဦး မှာပဲလို့ သူ့ အနာဂတ် ကို သူ  ပြဋ္ဌာန်း ထားလိုက်လေရဲ့ ။ “ စာရေးဆရာ ဖြစ်ဖို့များ ခက်ခက်နိုးနိုး ” လို့ သူ့ ဟာ သူ  ပြန် တွေးမိတော့ ပြုံးချင် သလိုလို ရယ်ချင် သလိုလို ။

“ ဆရာ လက်ဖက်ရည် ရပြီ ခင်ဗျာ့ ”

စားပွဲထိုးကလေး ရဲ့ အသံကြောင့် တိုင်းရင်းဆေးဆရာ တစ်ဖြစ်လဲ စာရေးဆရာ ကိုထွန်းခင် အတွေးတွေ ရပ်သွားတယ် ။ တစ်ခွက် ကို ကိုလှအောင် ဘက် တိုးပေး လိုက်ရင်း သူ က ပြောလိုက်တယ် ။

( ၃ )

“ ကိုင်း လက်ဖက်ရည် ရပြီ ကိုယ့်လူ စာအုပ်ကလေး ဘာလေး ချစမ်းပါဦး ”

မျက်နှာချင်းဆိုင် က ကိုထွန်းခင် ရဲ့ အသံကြောင့် ကိုလှအောင်  ဖတ် လက်စ စီးပွားရေး မဂ္ဂဇင်း က အကြည့် ကို လွှဲပြီး ခေါင်းညိတ် လိုက်တယ် ။ ပြီးတော့ စာအုပ်ကို လွယ်အိတ် ထဲ ပြန် ထည့် ထားလိုက်တယ် ။

“ အခုလ ဘယ်သူ က ဘယ်ကုန်စည်သတင်း ကို ရေးသလဲ ဆိုတာ လေ့လာ နေတာဗျ ။ ဒါမှ ကိုယ် လည်း ဘယ်ကုန်စည် ဘယ်ဈေးနှုန်း အကြောင်း ရေးရမလဲ ဆိုတာ စဉ်းစားနိုင်မှာ ၊ မထပ်အောင်ပေါ့လေ ”

သူ ပြောလိုက်တော့ ကိုထွန်းခင် က ခေါင်းညိတ် ပြပြီး “ ကိုယ် ကတော့ ဒီလ အတွက် အသစ် ( ၅ ) ပုဒ် ရေးပို့ ပြီးပြီ ကိုယ့်လူ ၊ အေးအေးဆေးဆေး ပဲ ” လို့ ပြန်ပြောလေရဲ့ ။ “ အင်း ... သူ ကတော့ လွယ်တာပေါ့လေ ၊ ဆေးကျမ်းကြီး ကျမ်း ငယ် အသွယ်သွယ် လက်ကိုင် ရှိနေလေတော့ ဟော တစ်ပုဒ် ၊ ဟော တစ်ပုဒ် ပေါ့ ၊ ကိုယ့် မှာ သာ ခက်တာ ” လို့ ကိုလှအောင် တွေးလိုက်မိ ပြန်တယ် ။

ကိုလှအောင် အလုပ် က ပွဲစား ပဲ ပြောပါတော့ ။ ပဲ ၊ နှမ်း အစ ရှိသဖြင့် သီးနှံထွက်ကုန်တွေ ကို ရောင်းလက် နဲ့ ဝယ်လက် ကြား ပွဲစား လုပ်ပေးတဲ့သူ ပေါ့ ။ ဒီတော့ ကုန်စည်မျိုးစုံ ဈေးနှုန်းသတင်းတွေ က သူ  မသိချင် အဆုံးလေ ။ မသိ သိအောင် ကို တမင်တကာ အချိန် နဲ့ အမျှ ဈေး အတက်အကျတွေ ပြေးလွှား စုံစမ်း နေရတဲ့ သူ မဟုတ်လား ။ ရန်ကုန် ဘုရင့်နောင်ပွဲရုံတန်း ကို ဖုန်း တဂွမ်ဂွမ် ဆက်ရတာ လည်း နေ့စဉ်ကိစ္စကြီးလေ ။

နဂိုကတော့ စာတွေပေတွေ လည်း ဖတ်ရကောင်းမှန်း သူ  မသိပါဘူး ။ မဂ္ဂဇင်းတွေ ဖတ်တယ် ဆိုတာ အချိန်တွေ ပို နေတဲ့ လူပျင်းတွေ ရဲ့ အလုပ် လို့ တောင် အောက်မေ့ခဲ့မိ သေးတာကလား ။ သူ ကတော့ တစ်နေ့ တစ်နေ့ သီးနှံမျိုးစုံ အရောင်း အဝယ် ကိစ္စတွေ နောက် တတန်းတန်း လိုက်နေရတာ နဲ့ ပဲ အချိန် ကုန်ခဲ့တာပါပဲ ။ ဖြစ်ချင်တော့ လက်ဖက်ရည်ဆိုင်မှာ ကိုမျိုး တို့ ကိုထွန်းခင် တို့ နဲ့ မနက်တိုင်း ဘာ ရယ် မဟုတ် တစ်ဝိုင်းတည်း ထိုင်မိ ၊ ထိုင်မိနေရာ ကနေ လက်ဖက်ရည် မိတ်ဆွေ တွေဖြစ်ပြီး ခင်မင်သွားတယ် ။ နောက်တော့ တွဲမိသွားတော့တာပေါ့လေ ။ ဆုံနေကျ ဆိုတော့ တစ်ယာက် မလာ တစ်ယောက် မျှော်မိတဲ့ အထိ ရင်းနှီးကျွမ်းဝင် သွားတယ် ။ သည်မှာတင် တစ်နေ့သား တော့ ကိုထွန်းခင် က သူ့ အတွက် ဝင်ငွေ ရနိုင်တဲ့ နောက်ထပ် လမ်းသစ် တစ်ခု ကို ညွှန်တယ် ။

“ ကိုင်း ... တစ်ဖက်တစ်လမ်း က စာရေးဆရာ လုပ်ဗျာ ”  တဲ့ ။

အဲဒီစကား ကြားရကာစ ကတော့ သူ  ဟက်ဟက်ပက်ပက် ရှယ်မိသေးတယ် ။ ရှာရှာဖွေဖွေ ပြောတဲ့ လူ ပဲ ၊ အတော် နောက်တဲ့ လူ ၊ စာရေးဆရာ လုပ်ဖို့များ ငှက်ပျောသီးအခွံ နွှာ စားတာ ကျလို့ပေါ့လေ ။ သူ အောက်မေ့မိတာ က ဒါပေမဲ့ မဟုတ် သေးဘူး ။ ကိုထွန်းခင် က တကယ် အတည်ပေါက်ကြီး ပြောနေတာ ။ နောက် နေတာ မဟုတ်ဘူး ။ ပြောရုံတင် မကသေးဘူး ။ သူ ရေးခဲ့တဲ့ တိုင်းရင်းဆေး ဆောင်းပါးတွေ ပါတဲ့ မဂ္ဂဇင်းတွေ ပါ ထုတ်ပြ လာတယ် ။ နောက် အဲဒီ အတွက် သူ ရတဲ့ စာမူခ ငွေကြေး ကိုပါ ဇယားချ တွက်ပြတယ် ။ အဟုတ်သားပါကလား ဟ ၊ ဟေ .. ။ သူ နည်းနည်း စိတ်ဝင်စား သွားတယ် ။ 

ကဲ ... ကိုယ် လည်း သီးနှံမျိုးစုံ ဈေးကစား နေရတဲ့ သူ ပဲ ဥစ္စာ ။ ဖြစ်တာ မဖြစ်တာ နောက်ထား ။ လုပ်ကြည့်မယ် ဆုံးဖြတ်ပြီး လေးငါးလ ဆက်တိုက် ဆို ပါတော့ ။ သူ တို့ နယ် တစ်ကြော က ကုန်စည်ဈေးနှုန်း သတင်းတွေ ၊ ဈေးကွက် ရ စ ပြုလာတဲ့ အလားအလာရှိ သီးနှံစိုက်ပျိုး ထုတ်လုပ်ပုံတွေ ကို တောင်သူ မိတ်ဆွေ တွေဆီ မေးတန်တာ မေး နဲ့ ချရေး ကြည့်ပြီး စီးပွားရေးလိုင်း အဓိက ထား ဖော်ပြတဲ့ မဂ္ဂဇင်းကြီး တစ်စောင် ကို သူ ပို့ ကြည့်တယ် ။ ကိုထွန်းခင် ညွှန်းပေးတဲ့ လမ်းကြောင်း အတိုင်း ပေါ့လေ ။ ဩော် ... အသိ နောက်ကျလေခြင်း ။ သုံးလေးလ အတွင်း မှာ တင် သူ့ စာတွေ မဂ္ဂဇင်း မှာ ပါလာတယ် ။ သင့်နိုးရာရာ ဆိုပြီး ရိုက်ထည့် ပေးလိုက်တဲ့ သတင်းဓာတ်ပုံတွေ ဝေဝေဆာဆာ နဲ့ ။ “ ကုန်စည်ဈေးနှုန်းတွေ က အချိန်နဲ့အမျှ အပြောင်းအလဲ ရှိတာမို့ လစဉ် ဖောင်ပိတ် အမီ ပို့ပေးနိုင်အောင် ကြိုးစားပေးပါ ဆရာ ခင်ဗျား ” ဆိုတဲ့ အယ်ဒီတာ ရဲ့ ညွှန်ကြားချက် လိုလို ၊ တောင်းပန်စာ လိုလိုကလေး တောင် သူ့ ဆီ ရောက်လာခဲ့သေးရဲ့ ။

အင်း ... အဲဒီက စပြီး သူ လည်း ပွဲစား တစ်ပိုင်း ၊ စာရေးဆရာ တစ်ပိုင်း ဘဝကို ရောက်လာခဲ့တော့ တာပါပဲ ။ လက်စသတ် တော့ စာရေးဆရာ ဖြစ်ဖို့ ဆို တာ တယ် လွယ်သကိုး ၊ ငှက်ပျောသီး အခွံနွှာ စားတာ က မှ နည်းနည်း စိမ်း နေသေး ရင် နွှာရ ပြုရ လက်ပေါက်ကပ် ဦးမှာ လို့ သူ ကောက်ချက် ချမိတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီအတိုင်း ပွဲစား အလုပ် တစ်ခု တည်း ထက် စာ ရင်တော့ စာမူခ ငွေကြေးကလေး က လစဉ်မှန်မှန် ဈေးဖိုး လက်ဖက်ရည်ဖိုးကလေး ဝင် ဖာထေး နေတာမို့ သူ ကျေနပ်ပါတယ် ။ အရပ် ထဲ က လူတွေ က “ ဘယ် က ပြန်လာလဲ စာရေးဆရာကြီး ” လို့ နှုတ်ဆက်တဲ့ အခါ မိန့်မိန့်ကြီး အပြုံး နဲ့ ခံယူလိုက်ရ မလိုလို ၊ ရှိုးတိုးရှန့်တန့် ဖြစ်ရ မလိုလို ခံစားရတာ က လွဲရင် ပေါ့လေ ။

“ ဟေ့ လူတွေ ၊ ရောက် နေတာ ကြာပြီလား ”

နှုတ်ဆက်သံ နဲ့ အတူ ဆိုင်ထဲ ကို ဝင်လာကြတဲ့ ကိုမျိုး နဲ့ ကိုဒီပါ ကို မော့ ကြည့်ရင်း ကိုလှအောင် ပြုံးပြလိုက်တယ် ။

( ၄ )

“ ဒီနေ့တော့ ကိုယ် ဒကာခံမယ် ၊ အခု လ အတွက် ကိုယ့် ဆောင်းပါး စာမူခ ရခဲ့ပြီ ၊ ခုပဲ စာတိုက် က ထုတ်လာခဲ့တာ တိုက်ရမှာပေါ့နော့ ” 

အတူ လာခဲ့တဲ့ ကိုမျိုး နဲ့ အတူ စားပွဲ မှာ ဝင် ထိုင်လိုက်ရင်း သူ ပြော လိုက်တော့ ကြိုတင် ရောက်နေနှင့် တဲ့ ကိုထွန်းခင် နဲ့ ကိုလှအောင် တို့ က “ မင်္ဂလာ ရှိလိုက်ပါပေ့ဗျာ ” လို့ ခပ်သောသော ပြန် ပြောကြတယ် ။ ဟုတ်တယ်လေ ။ ကိုဒီပါ သည်နေ့ စာမူခ ထုတ်လာခဲ့ဟယ် ။ ဒါကြောင့် သည်နေ့ သူ ပဲ ဒကာခံဖို့ ဆုံးဖြတ် ခဲ့ပြီးသား ။ ဘာထူးလို့လဲ ။ ဟိုလူတွေ ကလည်း သူ တို့ စာမူခတွေ ရတဲ့ အခါ သည် လိုပဲ ဒကာခံကြတာပဲဟာ ။ တစ်လှည့်စီပေါ့ ။

“ စာရေးဆရာဝိုင်း က လူစုံပြီဗျို့ ၊ နောက်ထပ် ချိုဆိမ့်နှစ်ခွက် ထပ်တိုး ထားမယ် ”

စားပွဲထိုးကလေး ရဲ့ အော်သံ ထွက်လာတော့ ကိုဒီပါ က “ ဟေ့ အိပ်စ်ပို့ ပါ ချကွာ ” လို့ ပြန် အော် လိုက်သေးတယ် ။ ပြီးမှ သူ့ လက် ထဲမှာ ပါလာတဲ့ မေတ္တာ လက်ဆောင် မဂ္ဂဇင်းစာအုပ် ကို ဖွင့်ပြီး ဟိုလူတွေ ကို ပြလိုက်တယ် ။ “ သင့် လက်ဝါး ပေါ်ရှိ ဂြိုဟ်ခုံများနှင့် ကံတရား၏ ဆက်စပ်မှု ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ ရဲ့ ဗေဒင် ဆောင်းပါး ၊ တိုင်းရင်းဆေးဆရာ က လှမ်းယူ ကြည့်ပြီး “ ဘယ်လောက် ကြာလဲ ၊ ဘယ်လောက် ရလဲ ” လို့ မေးတယ် ။

“ အင်း သုံးလ စောင့် လိုက်ရတယ် ၊ ငါးရာ ထုတ်ခဲ့ရတယ်ဗျ ၊ အခု လည်း စာအုပ် နဲ့ စာမူခ ထုတ်ရင်း နောက်နှစ်ပုဒ် ထပ်ပို့ခဲ့ပြီ ”

သူ က ပြောလိုက်တော့ ပွဲစား ဆရာ ကိုလှအောင် က “ ဟ လုပ်လှချည် လား ၊ အေးလေ များများ စွံတော့ များများ ဒကာ ခံနိုင်တာပေါ့ဗျာ ၊ ဟဲ ဟဲ ဟဲ ” လို့ ရယ်သံ တစ်ဝက် နဲ့ ပြန် ပြောတယ် ။ ကိုဒီပါ က ပြုံးပြုံးကြီး ခေါင်းညိတ် ပြလိုက်တယ် ။ “ ဒါပေါ့ ဒါပေါ့ ဟုတ်တာပေါ့ ” လို့လည်း စိတ် ထဲ က သံယောင်လိုက် ပြောလိုက်မိသေးရဲ့ ။

တကယ် ပြန် တွေး ရင် သူ  ဒီလို ဗေဒင်ဆောင်းပါးတွေ ရေးဖြစ်အောင် သည် လူတွေ ကပဲ ဝိုင်းဝန်း တိုက်တွန်း ခဲ့ကြတာ မဟုတ်လား ။ ကျေးဇူး ရှိကြပါ တယ် ။ သူ့ ဟာ။သူ  နေမြဲ အတိုင်းသာ ဆို တတ်တဲ့ ပညာကလေး နဲ့ ဗေဒင် ဟော လိုက် ၊ မဟာဘုတ်တိုင် ထူလိုက် ၊ ယတြာ ချေပေးလိုက် နဲ့ပဲ လုံးလည်လိုက် နေမှာ ။ ခက်တာက ဗေဒင် ဟော လို့ ရသမျှ ဝင်ငွေ ကလည်း မိသားစု ခြိုးခြိုးခြံခြံ ချွေချွေတာတာ စားလောက်ရုံရယ် ။ အိမ် က အဂ္ဂိရတ်ဖားဖိုကြီး ထဲ လည်း တချို့ တစ်ဝက်။က ဝင်သွားတာကိုး ။ အဲဒီတုန်းက နဲ့ စာရင် ခုလက်ရှိ သူ့ အခြေအနေ က အပုံကြီး တော်သေးတာပဲ ။

“ မောင်ရင် ပိုင်တဲ့ ဗေဒင်လက္ခဏာ တို့ ၊ အဂ္ဂိရတ် တို့ စတဲ့ ဂမ္ဘီရပညာ နဲ့ ပတ်သက်တဲ့ မဂ္ဂဇင်းတွေ က အတော် ခေတ်စား နေတာဗျ ၊ စမ်းကြည့်စမ်းပါ ၊ သင့်နိုးရာရာ ဆောင်းပါးကလေး တွေ ရေးပို့စမ်းပါ ၊ အကျိုး မယုတ်ပါဘူး ” 

ကိုထွန်းခင် နဲ့ ကိုလှအောင် တို့ က သံပြိုင် တွန်းအား ပေးလာကြတော့ ကိုဒီပါ လည်း ထ , လုပ်ကြည့် ဖြစ်ခဲ့တယ်လေ ။ ကဲ ခုဆိုရင် ရေးသက် နှစ်နှစ် မပြည့် သေးပေမယ့် ကိုဒီပါ ကို နီးစပ်ရာ က စာရေးဆရာ လို့ ခေါ်ဝေါ် သတ်မှတ် လာကြပြီ ။ အိမ်ရှေ့က ကြော်ငြာဆိုင်းဘုတ် မှာ တောင် “ ( ... . . ) မဂ္ဂဇင်းကြီး ၏ ပင်တိုင် ဆောင်းပါးရှင် စာရေးဆရာ ဦးဒီပါ ” လို့ ရေးထည့် ကြော်ငြာနိုင်လေတော့ တန်ရုံ ပရိသတ် လည်း ဘယ်လာ အထင်သေးဝံ့တော့လို့ တုန်း ။ မှန်မှန် ရနေတဲ့ ဆောင်းပါးခ,ကလေးတွေ ကလည်း အပို သုံးစွဲ နေရပြီ ။ ဒါဟာ ဒီ လူတွေ ရဲ့ လမ်းခင်းပေးမှု ကျေးဇူးတရားတွေ ပါပဲ ။

သူ့ အတွေး မဆုံးခင် မှာပဲ စားပွဲထိုးကလေး က နောက်ထပ် လက်ဖက်ရည်ခွက်တွေ နဲ့ စီးကရက်ပန်းကန်ကလေးတွေ လာချတယ် ။ သူ က လက်ဖက်ရည် တစ်ခွက် ကို ကိုမျိုး ရှေ့ ထိုး ပေး လိုက်ရင်း ပြောလိုက်တယ် ။

“ ဆရာမျိုး ၊ သောက်ဗျာ ၊ ဒီနေ့တော့ ကျုပ် ဒကာ ပဲ ၊ အင်း ဘာလိုလို နဲ့ ဆရာမျိုး ဒကာခံ တဲ့ လက်ဖက်ရည် မသောက်ကြရတာ ကြာပြီနော် ။ ဆရာမျိုး က မူလလက်ဟောင်း စစ်စစ်ကြီး လုပ် နေပြီး လက်နှေး မနေနဲ့ဦးဗျ ၊ စာမူကလေး ဘာလေး ရေးဖို့ ပို့ဖို့ လုပ်ဦးလေဗျာ ”

( ၅ )

ကိုဒီပါ လှမ်း ပေးလိုက်တဲ့ လက်ဖက်ရည်ခွက်ကလေး ကို ငုံ့ ကြည့်ရင်း ကိုမျိုး ပြုံးလိုက်မိတယ် ။ ဟုတ်တာပဲ ။ သူ ဒကာ မခံနိုင်တာ တောင် အတော် ကြာခဲ့ပြီလို့ ဆက်တွေး လိုက်မိပြန်ရဲ့ ။

တကယ်တော့ သည် တစ်ဝိုင်းလုံး မှာ သူ က ထိပ်ဆုံးက စပြီး စာရေးခဲ့ တဲ့ သူ ၊ မဂ္ဂဇင်း စာမျက်နှာ တွေ ပေါ်ကို အစောဆုံး ဖြတ်သန်းခဲ့သူ  ဆိုပေမယ့် ခုတော့ ဟိုလူတွေ ဒကာခံတာ ချည်းပဲ လိုက်လိုက် သောက်ရဖန် များတော့ အားတောင် နာလာမိ သလိုပဲ ။

ခက်တော့လည်း ခက်သားပဲလေ ။ သူ ဘယ်လောက် ရေးချင်စိတ် ရှိနေ လေဦးတော့ ၊ ရသဝတ္ထုတို တစ်ပုဒ် ဆိုတာက လွယ်လွယ်ကလေး ဟော တစ်ပုဒ် ၊ ဟော တစ်ပုဒ် ချရေးဖို့ မဖြစ်နိုင်ဘူးလေ ။ အာရုံ ရပါမှ ... ၊ လိပ်ပြာ နိုးပါမှ ... ဈာန် ဝင်စားပါမှ ... ၊ ထိရှတဲ့ အတွေးအမြင် ခံစားမှု တစ်ခုခု ရင် ထဲ ကို ဝင်လာ ပါမှ ချရေးလို့ ဖြစ်တဲ့ကိစ္စ ။ တစ်ခါတလေ ထိထိရှရှ ခံစား နေရတာ ဖြစ်ပါလျက် နဲ့ ရေးပြီးမှ ပြန်ဖတ် ကြည့်တော့ အနုပညာ အသက်ဓာတ် ပျော်ဝင်မှု ရာနှုန်း နည်း နေလို့ အားမရတာ က ရှိသေး ၊ သည်တော့လည်း အဲလို စာမူမျိုး ကို အယ်ဒီတာ ဆီ မပို့ဖြစ် ပြန်ဘူး ။ ကိုယ့် နာမည်ကလေး ပါရုံ နဲ့ ကတော့ ဘာလုပ်မှာတုန်း ၊ ကိုယ် ကိုယ်တိုင် မှ အားမရတဲ့ စာမူမျိုး ကို ပရိသတ် ရှေ့ ချ ပြရမှာ အားနာစရာကြီး ၊ ကိုယ့် ကလောင်နာမည်ကလေး ကို အသိအမှတ် ပြုပြီး တလေးတစား စောင့်ဖတ် ကြတဲ့ စာဖတ်သူ တွေ ကို စော်ကားရာ မကျပေ ဘူးလား ။ ဒီလို မဟုတ်ဘဲ အားရှိ ပါးရှိ လွှတ်ရေး ချလိုက်လို့ ကိုယ့် စိတ်ကြိုက် ရသဝတ္ထု တစ်ပုဒ် ဖြစ်လာပါလျက် နဲ့လည်း သွားလေသူ ဆရာအထောက်တော်လှအောင် ရဲ့ လက်သုံးစကား လို ဖြစ် သွားရတာကလည်း ရှိသေး ။ အကြောင်းကြောင်းသော အကြောင်းများ ကို အကြောင်း ပြု၍ ... တချို့လည်း မွေးပြီး မှ ပယောဂဝင် တဲ့ ကလေး ငေါက်ခနဲ သေသလိုမျိုး က ကြုံရသေး …  ၊ “ ကြုံသေးတယ် ကုန်ဆွေးဗျာ ထုကြွယ် ” ဆိုတဲ့ ရှေးသီချင်းပဲ အမှတ်ရမိသေးတော့ ။

ပြီးတော့ လက်ရှိ မြန်မာစာနယ်ဇင်း လောက မှာ ကလည်း ဘဝသရုပ်ဖော် ရသဝတ္ထုတိုတွေ ကို ဖော်ပြ ပေးနေတဲ့ မဂ္ဂဇင်း ဆိုတာက တဖြည်းဖြည်း ရှားပါး ကုန် ဖြစ်လာနေပြီလေ ။ မဂ္ဂဇင်း အများစု ရဲ့ ဆယ်ပုံ မှာ ကိုးပုံလောက် က သင်္ကြန်ယိမ်း ထက် ညီ လာသေး မဟုတ်လား ။ နိုင်ငံတကာ နဲ့ မြန်မာပြည် က မင်းသား မင်းသမီးတွေ ရဲ့ လက်ထပ်ပွဲ ၊ မွေးနေ့ပွဲ ၊ အိမ်ယာအပြောင်း အရွှေ့ ၊ နိုင်ငံခြားခရီး သွား မသွား ၊ မုန့်ဟင်းခါး ကြိုက် မကြိုက် ၊ တရားပါတ် ဝင် မဝင် ကိစ္စတွေ ၊ ဗွီဒီယို လှုပ်ရှားမှု ၊ စူပါတိတ်ခွေ အဆိုတော်များ ရဲ့ သီချင်းစီးရီး ကိစ္စ နဲ့ မော်ဒယ်ဘွိုင်း မော်ဒယ်ဂဲလ် သောင်းခြောက်ထောင် ရဲ့ ဖက်ရှင်ပြပွဲကိစ္စ ၊ ကြောင်လို လမ်းလျှောက် မလျှောက် ၊ လျှောက်ခဲ့ရင် ဘယ်နှစ်ပွဲ ရှိသလဲ ဆိုတာတွေ ၊ မိုက်ကယ် ဂျက်ဆင် ၊ ဒိုင်ယာနာ ၊ စတားလုံး ၊ အာနိုး ၊ ကီဗင်ကော့စနာ ၊ တွမ်ဟင့် ၊ မက်ဒေါနား တို့ရဲ့ အိမ်တွင်းရေး လူမှုရေး နောက်လင် နောက်မယား ယူ မယူ ၊ တဟီတီကျွန်း ကို အပန်းဖြေခရီး သွား မသွား ကိစ္စတွေ ၊ အဲဒီနောက် အိမ်တွင်းမှု ချက်နည်း ပြုတ်နည်းပေါင်းစုံ ၊ ဇာထိုး ပန်းထိုး အစရှိ အမျိုးသမီးရေးရာ အထွေထွေ ၊ ဗြူတီပါလာ နဲ့ မိတ်ကပ်ပညာရှင် တွတ်လိင် ၊ တည့်လိင် ၊ ဟိုမရောက် ဒီမရောက် လိင် တို့ရဲ့ အင်တာဗျူး ၊ ဗေဒင် ၊ ကာတွန်း ၊ အမေးအဖြေ ၊ ပဟေဠိ ၊ အားကစား ၊ ဝေဖန်ရေး မှာ တောင် ရုပ်ရှင် ၊ ဗွီဒီယို ၊ တိတ်ခွေသီချင်း ၊ စာပေ - ကဏ္ဍအလိုက် ဝေဖန်ရေး အဖုံဖုံ ၊ ကဗျာ ၊ ဆောင်းပါး ၊ စူပါလုံးချင်းဆရာ ဆရာမတို့ ရဲ့ အချစ်ခံစားမှု အဝဝ ၊ အဲဒါတွေကြား ထဲ ကမှ ဘဝသရုပ်ဖော် သရုပ်မှန် ဝတ္ထုတို ဆိုတဲ့ အမျိုးအစားလေး က လွန်လှ နှစ်ပုဒ် လောက် ဆိုသလို ချိချိနဲ့နဲ့ ဖုတ်လှိုက် ဖုတ်လှိုက် ရုန်းကန် နေရရှာတာကလား ။ “ ဝတ္ထုတိုရွှေခေတ် ” ဆိုတဲ့ အသံတွေ တောင် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ် သွားခဲ့တာ အသိသာကြီး ဆိုပေမယ့် ဘယ်သူ က ရော ဘာ တတ်နိုင်မှာတဲ့ လဲ ။ အားလုံးက လက်ပိုက် ကြည့် နေလိုက်ကြရပုံများ အသက်ထွက်လုလု လူမမာ ကို စောင့်နေရ သလိုမျိုး ။ အတွေးစဉ်ကြီး အဆုံးမှာ ကိုမျိုး  သက်ပြင်း ချလိုက်တယ် ။ ပြီးတော့ သူ့ ရင်ထဲ မှာ ရှိနေတဲ့ အတိုင်းပဲ ခပ်အေး အေး ပြော လိုက်တယ် ။

“ အင်း ... ၊ မတတ်နိုင်ဘူး ကိုယ့်လူ တို့ ၊ ကိုယ် ကတော့ ဆယ်ကြိမ် တစ်ကြိမ် လောက်ပဲ အတုံ့အလှည့် ပြန် ဒကာ ခံနိုင်လိမ့်မယ် ထင်တယ် ၊ ခေတ် ရေစီး အလိုအတိုင်း ပေါ့ဗျာ ၊ မြန်မာပြည် မှာ တဖြည်းဖြည်း ဝေဝါး မှိန်ပျောက် ကုန် မယ့် မဂ္ဂဇင်းတွေ နဲ့ စာရေးဆရာ တွေ ထဲ မှာ ရသစာပေ မဂ္ဂဇင်းတွေ နဲ့ ရသဝတ္ထုတို ဆရာ တွေ ဟာ ထိပ်ဆုံး က ဖြစ်လိမ့်မယ် ထင်တယ် ၊ ကျန်ချင်း ကျန်ရင် မောင်ရင် တို့ တတွေ ရယ် ၊ ဘက်ဆဲလ်လားစ် စိတ်ကူးယဉ် ဆရာတွေ ရယ် ၊ အပစ်အခတ် အညှစ်အသ,တ် နဲ့ အပြာနုနု ဆရာတွေ ရယ် လောက်ပဲ စာရေးဆရာ တွေ အဖြစ် ကျန်ရစ်မှာ ၊ ကိုယ့် အနာဂတ် က သိပ် ရေရာတာ မဟုတ်ဘူး ၊ ကြာရင် စာရေးဆရာ ဘဝ ကို အလိုလို နှုတ်ထွက်ပြီးသား တောင် ဖြစ်နေဦးမလား မပြောတတ်ဘူး ” 

သည်တော့ ဟိုလူ သုံးယောက် က သဘောကျ သွားသလို ၊ ပြက်လုံး တစ်ခု ကြားလိုက်ရ သလို ပြိုင်တူ ရယ်ကြတယ် ။ သူ ကတော့ စိတ် ထဲကပဲ ဆက် ညည်းညူ ဖြစ်လိုက်တော့တယ် ။ ဟို လူတွေ မသိတာဘဲ ကောင်းတောင်းတောင်း ညည်းချင်းပါ ။

“ အင်း ... သည် လူတွေ က ငါ နောက်ပြောင် ပြောတယ်များ ထင်နေ ကြသလား မသိဘူး ၊ သက္ကရာဇ် နှစ်ထောင် အစွန်း ဟိုဘက် ဘယ်လောက် ယွန်း တဲ့ အထိ ခံဦးမလဲ ဆိုတာ စောင့်ကြည့်လိုက်ကြသေးတာပေါ့နော် ၊ ဪ ... ၊ ဒုက္ခ ...  ၊ ဒုက္ခ ... ”

☐ နန္ဒာစိုး ( ဆင်ဖြူကျွန်း )

📖 ရုပ်ရှင်မျက်မှန် မဂ္ဂဇင်း     
      ၁၉၉၅ ၊ အောက်တိုဘာလ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment