❝ ညီနောင် နှစ်ယောက် ရွှေအိတ်ပျောက် ❞
ရှေးတုန်းက ရွာ တစ်ရွာ မှာ ဆင်းရဲနွမ်းပါးလှတဲ့ မုဆိုးမကြီး တစ်ယောက် ဟာ သား ကလေး နှစ်ယောက် နဲ့ ညှိုးညှိုးငယ်ငယ် နေရရှာတယ် ။ မိန်းမကြီး မှာ ပစ္စည်း ဆိုလို့ တောင်ခြေရင်း မှာ မြေကွက်ကလေး တစ်ကွက် သာ ရှိတယ် ။ သားကလေး နှစ်ယောက် မှာ နာမည် တောင် မရှိရှာဘူး ။ လူတွေ က ကလေး နှစ်ယောက် ကို ငမွဲကြီး ၊ ငမွဲကလေး လို့ ခေါ်ကြတယ် ။ ဒီလို ခေါ်လို့ လည်း ကလေးတွေ ကတော့ စိတ်မဆိုးကြဘူးတဲ့ ။
ငမွဲကလေး နှစ်ယောက် ဟာ နေ့စဉ်နေ့တိုင်း သူတို့ အမေ မယ်ဇယ်ရွက်ဟင်း တွေ ချည်း စား နေရတာ မြင်ရတော့ သိပ်ပြီး စိတ်မကောင်းခြင်း ၊ ဝမ်းနည်းခြင်း ဖြစ်နေကြရတာပေါ့ ကွယ် ။
သူတို့ နှစ်ယောက် ကတော့ သူတို့ အတွက် တစ်ဝက်သာ လေငြိမ်ရုံ စားပြီး အမေကြီး အတွက် ထားကြတယ် ။ အမေကြီး ကတော့ သားတွေရဲ့ ငဲ့ပြီး ဝဝ မစားဘူး ။ စားပါစေလို့ သူ ချက် တဲ့ ဟင်းသီးဟင်းရွက်တွေ အများကြီး ချန်ချန်ထားတာ တွေ့ရတယ်တဲ့ ။
အဲဒီတော့ ညီနောင် နှစ်ယောက် က မိခင်ကြီး ကို အရင် အစားခိုင်းတယ် ။ အမေကြီး လုပ်တဲ့သူ ကတော့ သားတွေ ဝဝလင်လင် စားပါစေလို့ နည်းနည်းသာ စားတယ်တဲ့ ။ ဒီလိုနဲ့ အမေ ကို အရင် စားခိုင်းနှင့် လို့လည်း မရ ။ နောက်မှ စားလည်း မရတော့ ။ အမေကြီး ဝဝလင်လင် စားနိုင်တဲ့ နည်းလမ်း ကို ညီနောင်နှစ်ယောက် ဟာ နေ့ရော ညပါ တိုင်ပင် ရှာဖွေခဲ့ကြတယ်တဲ့ကွယ် ။
နောက်ဆုံးတော့ သူတို့ ဟာ ခိုတွေ ၊ ကြက်တွေ ဖမ်းပြီး အနီးအနား တိုင်းပြည်နယ်တွေ ကို သွား ရောင်းမယ် ၊ ရွှေတွေငွေတွေ ရမှ ပြန်လာမယ် လို့ ဆုံးဖြတ် လိုက်ကြတယ် ။ ညီနောင် နှစ်ယောက် ဟာ သူတို့ မိခင်အိုကြီး ကို ချမ်းချမ်းသာသာ ၀၀လင်လင် နဲ့ နေတာကိုပဲ မြင်ချင်ကြ သတဲ့ ။
ညီနောင် နှစ်ယောက် ဟာ အိမ် က ထွက်လာပြီး အင်မတန် ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်ကြီး တစ်ပြည် ကို ရောက်လာကြတယ် ။ အဲဒီ တိုင်းပြည် မှာ မြို့တွေရွာတွေ လျှောက်ပြီး နှစ်နှစ် ကြာအောင် ပင်ပင်ပန်းပန်း အလုပ်လုပ်ကြတယ် ။ အစုတ်အနုတ် အဝတ်တွေ ဝတ် ၊ ဆန်ကြမ်း တွေ စားပြီး ရသမျှ ရွှေကို စုကြတယ် ။ ဒီလိုနဲ့ အတော် ကြာတော့ ရွှေတွေ များများ လာပြီး အိတ် နဲ့ ပြည့်လာတော့ သတဲ့ ။ ညီနောင် နှစ်ယောက် ဟာ အင်မတန် ဝမ်းမြောက် ဝမ်းသာ ပျော်တပြုံးပြုံး မော်တပြုံးပြုံး နဲ့ ဖြစ်နေကြတာပေါ့ကွယ် ။
“ တို့ အိမ်ပြန် ပြီးတော့ ရွာရဲ့မြစ်ကမ်းဘေး မှာ တိုက်အိမ်ကလေး တစ်လုံး ဆောက် မယ် ၊ အမေ ကလည်း ဘယ်လောက် ဝမ်းမြောက်လိုက်မလဲ ။ နေ့တိုင်းနေ့တိုင်း အမေ့ ကို ဟင်းလျာမျိုးစုံ ဖွယ်ဖွယ်ရာရာ ချက်ကျွေး လိုက်မယ် ”
နှစ်ယောက်သား အဲဒီလို တိုင်ပင်ကြပြီး စိတ်ကူးယဉ်ယဉ် နှင့် မိခင်ကြီး အတွက် ပျော် ရွှင်နေကြ သတဲ့ ။
ညီနောင် နှစ်ယောက် ရွာ ကို ပြန်လာကြတဲ့ အခါ လမ်း မှာ သူခိုးဓားပြ ဘေးရန် က လုံခြုံ စိတ်ချရဖို့ ကြိုတင် စီစဉ်ပြီး ရွှေငွေတွေ ကို ယူလာခဲ့ကြတယ် ။ သူတို့ဟာ ရွှေတွေ ကို ငါးရှဉ့်တွေ အခွေလိုက် အိတ် အောက်က ခံပြီး ထည့်တယ် ။ အဖုံး ကို နွားသားရေ နဲ့ ချုပ်ပြီး ညီနောင်နှစ် ယောက်ဟာ ဝါးပိုးလုံးကြီး နဲ့ ထမ်း သယ်ခဲ့ကြတယ် ။ တောတွေတောင် တွေဖြတ်ကျော်ပြီး လူ သွားလမ်းကလေးတွေ က သာ လာခဲ့ကြတယ် ။
နေကလည်း အလွန် ပူ သစ်တောအုပ် ထဲမှာ ငှက်ကလေးတွေ တီတီတာတာအော် မြည်ကာ တစ်ပင် က တစ်ပင် ကူးပြီး ပျော်မြူးပျံသန်း နေကြတာ ကြည့်လို့ ညီနောင်နှစ်ယောက် ဟာ ကြည်ကြည်နူးနူး နဲ့ တောင်ပေါ်လမ်း ကို တဖြည်းဖြည်း တက် လာကြတယ် ။ တစ်ခါတရံ မြက်ရိုင်းတောတွေ ၊ ရေအိုင်စမ်းချောင်းတွေဖြတ်ပြီး လာခဲ့ရတယ် ။ နေ ကလည်း အလွန်ပူ အိတ်ကြီး ကလည်း လေးတော့ ညီငယ်ကလေး ဟာ နှုတ်ခမ်းတွေ ခြောက် ၊ ခြေဖဝါးတွေ ပေါက် ပြီး ခြေထောက် ကို မှ မသယ်ချင်အောင် လဲကျ သွားတော့ နောင်ကြီး လုပ်သူ က စမ်းချောင်း ကလေး တစ်ခု က ရေ ကို သွား ယူပြီး ညီငယ် ကို ပြုစုရှာတယ် ။ ဒီလိုနဲ့ တစ်ယောက် ကို တစ်ယောက် ပြုစုဖေးမရင်း တောင်ထိပ် ကို ရောက်ခဲ့ကြတယ် ။
တောင် ရဲ့ တစ်ဖက် အောက်ခြေမှာ တဲကလေး တစ်လုံး ကို လှမ်း မြင်ကြရတယ် ။ ညီနောင် နှစ်ယောက် ဟာ တောင်ကို ဖြတ်ကျော်နေတုန်း နေဝင် သွားတယ် ။ ဒါနဲ့ တဲကလေး ဆီကို အရောက် လာခဲ့ကြပြီး ခေတ္တ တစ်ည တည်းခိုဖို့ တဲရှင် အဘိုးကြီး လင်မယား ကို တောင်းပန်ကြတယ် ။
ဒီ တဲရှင် လင်မယား ဟာလည်း အတော်ပဲ ဆင်းရဲပြီး အိုးခွက်တောင် မပြည့်စုံဘဲ တောင်ယာ လုပ်ကိုင်စားကြရတယ် ။
တဲရှင် မိန်းမကြီး ကတော့ ညီနောင် နှစ်ယောက် ကို ပျူပျူငှာငှာ ဘဲ ဧည့်ခံ ရှာတယ် ။ တဲရှင် ယောက်ျားကြီး ကတော့ သိပ် သဘောမကျဘူး ။ တစ်ညတွက် လူပို ဧည့်မခံနိုင်ဘူး ။ ညီနောင် နှစ်ယောက် က ရိုရိုသေသေ တောင်းပန်ခယတော့ တဲရှင်အဘိုးကြီး က တစ်ည တည်းဖို့ ခွင့်ပြု လိုက်တယ် ။
အဲဒီည မှာပဲ ညီငယ် ဟာ အပြင်းအထန် ဖျားပါလေရော ။ အစ်ကို လုပ်တဲ့သူ မှာလည်း ခြေမကိုင် မိလက်မကိုင်မိ နဲ့ အတော် စိုးရိမ်ပူပန်ပြီး တတ်သမျှ ပြုစုရှာတယ် ။ ညီငယ် ရဲ့ကိုယ် ဟာ ခြစ်ခြစ်တောက် ပူပြီး သတိ မရ တစ်ချက် ရ တစ်ချက် တောင် ဖြစ်တယ် ။ မနက် နေထွက်တော့မှပဲ ညီငယ် ဟာ မှေးခနဲ အိပ်ပျော် သွားတော့တယ် ။
ဒီအခါမှာ အစ်ကိုကြီး က သူ့ ရဲ့ ညီငယ် ကို ကြည့်ပြီး မျက်ရည်တွေ ကျလာတယ် ။ “ ငါ့ ညီ တော့ ဖြင့် အိမ် မရောက်ခင် သေရရှာတော့မယ် ထင်ပါရဲ့ ၊ မဖြစ်ဘူး ၊ အိမ် ရောက်အောင် သယ် သွားမယ် ၊ အမေ့ ရှေ့မှာ သေပါစေ ၊ သေခါနီး နောက်ဆုံး အမေ့ ကို မြင်သွားရှာပါစေ ၊ ရွှေတွေ အတွက်လည်း မခင်တွယ်တော့ဘူး ၊ နောက်မှပဲ လာယူတော့မယ် ” လို့ ဆုံးဖြတ်လိုက်တယ် ။ ဒါနဲ့ သူ ဟာ အိတ်ထဲ က ရွှေစသုံးစ ကို ထုတ်ယူပြီး သေသေချာချာ ပြန် ချုပ်လိုက်တယ် ။
“ ကျေးဇူးရှင်ကြီးများ ခင်ဗျာ ၊ ဒီလို တစ်ညတာ တည်းခိုခွင့် ပြုတာကို အသက်ထက်ဆုံး ကျေးဇူး မမေ့ပါဘူး ၊ ညီလေး ဟာ ချက်ချင်း အပြင်းဖျားလို့ အိမ် အရောက် ထမ်းခေါ် သွားရပါမယ် ၊ ဒီမှာ ငါးရှဉ့်အိတ်ကြီး ကို ထားခဲ့ပါရစေ ၊ ဒါဟာ ဘုရားလှူဖို့ပါ ၊ သွားပြီး လက်ဖျား နဲ့ မှ မထိကြပါနဲ့ ခင်ဗျာ ၊ နောက် ငါးရက် ကြာတော့ လာပြီးယူပါ့မယ် ”
အစ်ကိုကြီး လုပ်သူက အဘိုးကြီးလင်မယား ကို မှာတော့ အဘိုးကြီး ကလည်း သနား ပြီး အစ်ကိုကြီး ရဲ့စကား ကို ဝန်ခံကတိ ပေးလိုက်ကြတယ် ။
နောက် လေးရက် ကြာတော့ညီငယ် ကလည်း အဖျားပျောက် ပြီး ညီနောင် နှစ်ယောက် ဟာ အဘိုးကြီး လင်မယားရဲ့ တောင်ယာတဲ ကို ရောက် လာကြတယ် ။ လက်ဆောင်တွေ လည်း ယူလာပြီး ကျေးဇူး ဆပ်ကြတယ် ။ အဘိုးကြီး က သူတို့ အပ်ထားခဲ့တဲ့ အိတ်ထားရာ ကို ပြပြီးတော့ ထွက်သွားတယ် ။
ညီနောင် နှစ်ယောက် ဟာ အိတ်က ဖုံတွေ ကို ခါပြီး အိမ်ပြန် သယ်ဖို့ ထမ်း လိုက်တော့ အိတ် ဟာ အရင် က ထက် သိပ်ပြီး ပေါ့ နေတာကို တွေ့ရတယ် ။ အစ်ကိုကြီး လုပ်တဲ့ သူက အိတ် ကို ဖွင့် ကြည့် လိုက်တော့ အိတ် ထဲမှာ ငါးရှဉ့်ခြောက်တွေ က လွဲပြီး ဘာမှ မတွေ့ရတော့ဘူး ။ အဲဒီ တော့မှ ချက်ချင်း တဲရှင် လင်မယား ဆီ သွားပြီး “ ရွှေတွေ ဘယ်မှာ ဝှက်ထားပါသလဲ ” လို့ မေး တယ် ။
“ မင်းတို့ ရွှေပါတယ် လို့ ဘယ်သူက ယုံနိုင်ပါ့မလဲ ၊ မင်းတို့ ပဲ ဘုရားလှူဖို့ ငါးရှဥ့်ခြောက်တွေ ဆို ”
အဲဒီလိုနဲ့ ညီနောင် နှစ်ယောက် နဲ့ တဲရှင် လင်မယား ဟာ စကား များကြတော့တယ် ။ နောက် တရားဆုံးဖြတ်ဖို့ ရှင်ဘုရင်မင်းမြတ် ထံ အရောက် အမှု ကို တိုင်ကြတယ် ။
ဘုရင်မင်းမြတ် ထံ နှစ်ဦးနှစ်ဖက် ဖြစ်ကြောင်းကုန်စင်အောင် အစုံအလင် ကို လျှောက် တင်ကြတဲ့ အခါ ဘုရင်မင်းမြတ် က ရုတ်တရက် မဆုံးဖြတ်နိုင်ဘဲ ဖြစ်သွားတယ် ။
ဘုရင်မင်းမြတ် ဟာ လည်း သူတို့ နှစ်ဦးနှစ်ဖက် ကို အစားအသောက် နဲ့ နေရာချထား ပေးပြီး နောက်နေ့မှ တရား စီရင်မယ်လို့ အမိန့်တော် မှတ်လိုက်တယ် ။
ညီနောင် နှစ်ယောက် မှာတော့ ကျွေးမွေးတဲ့ အစားအသောက် ကို ကောင်းကောင်း မစားနိုင်ကြရှာဘူး ။ တဲရှင် လင်မယား နှစ်ယောက် မှာ တော့ ပျော်ပျော်ရွှင်ရွှင် ပဲ စားသောက်နိုင်ကြတယ် ။
နောက်နေ့ ကျတော့ သူတို့ နှစ်ဦး ကို ဘုရင့် ရှေ့တော် သွင်းတယ် ။ အဲဒီအခါ ဘုရင်မင်းမြတ် က ...
“ ဒီ အမှုမှာ နှစ်ဦးနှစ်ဖက်စလုံး အပြစ် ရှိတယ်လို့ သတ်မှတ်တော် မူမယ် ၊ ဒါကြောင့် အပြစ် ပေးတဲ့ အနေနဲ့ နှစ်ဖက်လုံး ကျွန်ုပ် ၏ ဗဟိုရ်စည်ကြီး နှစ်လုံး ကို တစ်တွဲစီ တောနက် ထဲ တစ်ပတ်လှည့် ထမ်းပြီး ပြန် ယူခဲ့ကြရမယ် ” လို့ အမိန့်တော် မှတ် လိုက်တယ် ။
အင်မတန် လေးလံလှတဲ့ စည်ကြီး ကို အဘိုးကြီး လင်မယား ဟာ အတော် ပင်ပင်ပန်းပန်း ထမ်း ယူရတယ် ။ တောင်ပေါ် အတက် ထမ်းခါစ မှာပဲ မယားလုပ်သူ က အဘိုးကြီး ကို ...
“ ဒါဟာ တရား ပြတာပဲ ၊ သူများ ပစ္စည်း ကို မတရား ခိုးယူလို့ ဒီလို အပြစ်ပေး ခံရတာပဲ ” လို့ ပြောတော့ အဘိုးကြီး က..
“ နေစမ်းပါဟာ ၊ ဒီ ရွှေတွေနဲ့ အစာရေစာ တွေ ဘယ်လောက်တောင် ရမလဲ ၊ စား မကုန် နိုင်ဘူး ၊ တိတ်တိတ် နေစမ်း ကောင်မ ”
“ အမယ် ... ရွှေတွေ ဝှက်ထားတဲ့ နေရာ ကို တောင် ကျုပ် ကို မပြောဘူး ၊ ဒီ အပြစ် ပေးတဲ့ စည်ကြီး ကို တော့ အတူတူ ထမ်းရတယ် ၊ တော်ပြီ ၊ မထမ်းတော့ဘူး ” လို့ အော်လိုက်တယ် ။
ဒီလို စိတ်ဆိုးမာန်ဆိုး နဲ့ မိန်းမကြီး က ပြောလိုက်တော့ အဘိုးကြီး က တောင်းတောင်းပန်ပန် နဲ့ “ မယ်မင်းကြီးမ ရယ် ၊ ငါတို့ နှစ်ယောက် အနှစ်နှစ်ဆယ် လုံးလုံး ချစ်ချစ်ခင်ခင် ပေါင်းသင်း လာကြပြီးမှကွယ် ၊ မင်း ကို ငါ ဘာ ဝှက်ထားဖူးလို့လဲ ၊ ငါ ရွှေတွေ ကို သုံးခွ ပေါက်နေတဲ့ လက်ဖက် ပင်အိုကြီး အောက် မြှုပ်ထားပါတယ်ကွယ် ။ ကဲ ... ထမ်းမှာ သာ ထမ်းစမ်းပါ ၊ ရွှေတစ်ဝက် ကိုလည်း မင်း လုပ်ချင်တာ လုပ်ဖို့ အပ် ပါမယ် ” လို့ ပြောလိုက်မှ မိန်းမကြီး က လည်း ကောက် ထမ်းလိုက်ပြီး ရှေ့ဆက် ထွက်ခဲ့ကြတယ် ၊ သူတို့ သစ်တော ထဲ မှောင်မည်းမည်း မှာ ခဏ နား နေကြတုန်း ညီနောင် နှစ်ယောက် ရဲ့ အသံ ကို လည်းကြားရတယ် ။
“ အစ်ကိုရယ် ၊ ကျွန်တော် တို့ ကို က ကံဆိုးပါတယ် ၊ ပါးစပ်ထဲ ရောက်ပြီးသား အစာ တောင် မှ လွတ် သွားရတယ် ၊ ဒါဟာ ကျွန်တော် ဖျားတဲ့ အတွက်ကြောင့် ဒီလို ယုတ်မာတဲ့ လင်မယား လက်ထဲ ရွှေတွေ လည်း ရောက်သွားရတာပဲ ”
ညီ က ပြောတော့ အစ်ကိုကြီး လုပ်တဲ့ လူ က “ လူတွေ ကတော့ ပြောကြတာပဲ ငါ့ ညီရာ ၊ ဘုရင်မင်းမြတ် ဟာ တရားဆုံးဖြတ်တဲ့ နေရာမှာ အင်မတန် တည့်မတ် မှန်ကန်တယ် လို့ ၊ တရား ကို နတ်စောင့်ပါတယ် ကွယ် ၊ ဒီ လေးလှတဲ့ စည်ကြီးတွေ ထမ်းဖို့ အပြစ် ပေးတာ က တော့ ရယ် စရာပဲ ကောင်းသေးတယ် ” လို့ ပြောသံ ကို အဘိုးကြီး လင်မယား ကြားရတော့ အသာ လက်တို့ ပြီး ငြိမ်နေကြတယ် ။
နောက်နေ့ နေထွက် လာတော့ အစောင့်အကြပ်တွေ နဲ့ အမှုသည် နှစ်ဦး ကို ရှေ့တော် သွင်းတယ် ။ ဘုရင်မင်းမြတ် ကလည်း ...
“ ကျွန်ုပ် သင်တို့ ကို နောက်ဆုံး အခွင့်ပေးမယ် ၊ မမှန်မကန် လိမ်တဲ့ လူကို အမှု ပေါ် ရင် လက်ဖြတ်ပစ်မယ် ၊ ကဲ ... ဒီဘက် က ညီအစ်ကို နှစ်ယောက် က တကယ်ပဲ ရွှေ ပျောက်သလား ” လို့ မေးလိုက်တယ် ။
“ တကယ် ပျောက်ပါတယ် အရှင်မင်းကြီး ” လို့ လျှောက်တင်တော့ လင်မယား နှစ်ယောက် ဖက် တစ်ခါ ...
“ သင်တို့ နှစ်ယောက် ရွှေ ကို ခိုးသလား ” လို့ မေးတော့ အဘိုးကြီး က ...
“ ရွှေ ကို မြင်တောင် မမြင်ဖူးပါ ၊ အကယ်လို့ ခိုးတာ မိရင် လက် ဆယ်ချောင်းလုံး ဖြတ် ပစ်ပါ ” လို့ လျှောက်တင်တယ် ။
အဲဒီအခါ ဘုရင်မင်းမြတ် က...
“ ကောင်းပြီ ၊ အခု မည်သူက လိမ်လည်သည် ဆိုတာ တွေ့ရမယ် ” လို့ အစောင့်များ ကို စည်ကြီး နှစ်လုံး အဖွင့် ခိုင်းလိုက်တဲ့ အခါမှာ စည်ကြီး နှစ်လုံး ထဲ က စာရေး နှစ်ယောက် ခုန်ထွက် ပြီး လာတယ် ။ သူတို့ လက် ထဲ မှာ လည်း ရေးမှတ်ထားတဲ့ ပေရွက် နဲ့ ရေးတဲ့ ကညစ် နဲ့ ပါလာတယ် ။
စာရေး နှစ်ယောက် ဟာ ရေးမှတ် ထားခဲ့တဲ့ လင်မယား ပြောတဲ့ စကား ၊ ညီနောင် နှစ်ယောက် ပြောတဲ့ စကားတွေ ကို အသီးသီး ဖတ်ပြီး ဘုရင်မင်းမြတ် ကို လျှောက်တင်ကြတယ် ။ ဘုရင်မင်းမြတ် က ချက်ချင်း မင်းစေတွေ ကို လွှတ်ပြီး အဖော် ခိုင်းလိုက်တဲ့ အခါ ရွှေတွေ ကို ပြန်ရ ခဲ့တယ် ။
ညီနောင် နှစ်ယောက် ကို လည်း ရွှေတွေ ပြန်အပ်ပြီး ပြစ်မှုကျူးလွန် တဲ့ လင်မယား နှစ်ယောက် မှာ အဘိုးကြီး ရဲ့ လက်ငါးချောင်း ကိုတော့ ဖြတ်ပစ်လိုက်တယ် ။
အဲဒီ တရားစီရင်ထုံး နဲ့ ဘုရင်မင်းမြတ် ရဲ့သတင်း ဟာ တစ်ပြည်လုံး ကျော်စော သွားတာပဲ ။
“ တရား ဆိုးညစ် အမှု ဖြစ် ၊ အပြစ် ရသည်သာ ”
⎕ ဦးလေးဝင်း
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၁ ၊ ဩဂုတ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment