❝ သတိမေ့ရွာ ❞
━━━━━━━━━━
မင်းခိုက်စိုးစန်
━━━━━━━━━━
အဲဒီ ညက တော်တော် လသာခဲ့သည် ။ ကျွန်တော် အပေါ်ထပ် ဝရန်တာ က လှမ်းကြည့်လိုက် တော့ ခြံတံခါးပွင့်နေသည် ကို မြင်ရ၏ ။ ကျွန်တော့် တပည့်တွေ ခြံတံခါးပိတ်ဖို့ မေ့နေပြီး အိပ်ပျော်နေကြပြီ ထင်သည် ။
အချိန်ကလည်း ည ဆယ့်တစ်နာရီခွဲနေပြီ ။ ကျွန်တော် က အောက်ထပ်ကို ဆင်းလာပြီး ခြံတံခါး ပိတ်ဖို့ အပြင်ထွက်လိုက်တော့ ခြံပေါက်ဝတည့်တည့် ကွန်ကရစ်သား တလင်းပြင်ပြောင်ပြောင် မှာ လက်မှတ် လိုလို ... ဖြတ်ပိုင်းလိုလို ... စာရွက်လေး တစ်ရွက်ကို လရောင် အလင်းဖြင့် မြင်တွေ့ လိုက်ရ၏ ။
ကျွန်တော် ကောက်ယူ ကြည့်လိုက်သောအခါ တကယ်ပင် အဝေးပြေး ကားလက်မှတ်တစ်စောင် ဖြစ် နေသည်ကို တွေ့လိုက်ရ၏ ။
ဘယ်ကို သွားတဲ့ ကားလက်မှတ်ပါလိမ့် ... ။
နေပြည်တော် .... မန္တလေး ... မုံရွာ ဘက်ဆီ တွေကိုလား ... ။
ဒါမှမဟုတ် ... မော်လမြိုင် ဘက်ကိုလား ။
ကျွန်တော် က ကားလက်မှတ် ပေါ်တွင် ရိုက်နှိပ်ထားသော ခရီးဆုံး နေရာ ကို ဖတ်ကြည့် လိုက်တော့ ...
“ သတိမေ့ ရွာ ”
••••• ••••• •••••
“ ဟင် ... ဘယ်လိုပါလိမ့် ” ဟု ကျွန်တော် တွေး လိုက်မိ၏ ။ ‘ သတိမေ့ ရွာ ’ ဟူသော အမည်ဖြင့် နေရာ ဒေသတစ်ခု ဘယ်နေရာတွင် ရှိနေမှန်း ကျွန်တော် မသိပါ ။ ငယ်ငယ်ကလေးဘဝ ကတည်းက ကြား လည်း မကြားဖူးပါ ။
သို့သော် အဲဒီ ရွာ ကို သွားဖို့ ကားလက်မှတ် က တော့ တကယ်ကို ရှိနေခဲ့လေပြီ ။
“ ဒါ တစ်ယောက်ယောက် ကျပျောက်ခဲ့တဲ့ ကားလက်မှတ်ပဲ ဖြစ်မယ် ”
ကျွန်တော့် စိတ်ထဲတွင် ထိုအတွေးက ဖျတ်ခနဲ ပေါ်လာသည် ။ လက်မှတ်ပိုင်ရှင်ကို အမြန်ဆုံး လိုက်ရှာ ပြီး ပြန်ပေးမှပဲ ။ သူ့ခမျာ သွားဖို့ ၊ လာဖို့ ရှိခါမှ ကသိ ကအောက် ဖြစ်နေရတော့မှာပဲ ။
ကျွန်တော် က လက်မှတ်ကို ဆုပ်ကိုင်ရင်း အိမ်ရှေ့ ကားလမ်းမ ပေါ်သို့ ထွက်လိုက်သည် ။ လမ်းပေါ်တွင် လူသူ ကင်းရှင်းနေ၏ ။ ကားအသွားအလာ ပင် ရှိမနေ ။ လက်မှတ်ပိုင်ရှင် ကို ဘယ်လိုများ လိုက် ရှာရမှာပါလိမ့် ။
ကျွန်တော့် စိတ်ထဲတွင် ယောင်ဝါးဝါးဖြင့် ဘာကိုမှ ယတိပြတ် မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေသည် ။ ညဉ့်နက်သန်းခေါင် လရောင်အောက်က လူသူကင်းမဲ့ သော ကားလမ်းမ ပေါ်တွင် ကျွန်တော် တစ်ယောက် တည်းသာ ။
ဘယ်သူမှန်း မသိသော တစ်စုံတစ်ယောက် ကို လိုက်လံ ရှာဖွေရင်း ဘယ်ဦးတည်ရာ အရပ်ကိုမှန်း မသိ ဘဲ လျှောက်သွား နေမိ၏ ။
ထိုသို့လျှောက်သွားရင်း ခြေထောက် ညောင်းညာ လာသဖြင့် ကားလမ်းဘေး ပလက်ဖောင်း ပေါ်ရှိ ခုံတန်းလေးတစ်ခု ကို တွေ့ သောအခါ ဝင်ထိုင်လိုက် သည် ။ ထိုခုံတန်းလေး အပေါ်ဘက်မှာ အမိုး လည်း မိုးထားသည် ။ နောက်ကျောဘက်တွင် လည်း ကုန်ပစ္စည်းကြော်ငြာ ဆိုင်းဘုတ် တစ်ခုဖြင့် ကာရံထားသည် ။
ဪ ... လက်စသတ်တော့ ဒါဟာ ကားမှတ်တိုင် တစ်ခုပဲ ။
ထိုအချိန်မှာပင် ညဆယ့်နှစ်နာရီ ထိုးသည့် သံချောင်းခေါက်သံ ကို ကြားလိုက်ရသည် ။
“ ဒေါင် ... ဒေါင် ... ၊ ဒေါင် ... ဒေါင် ၊ ဒေါင်ဒေါင် ”
အဲသည့် အခိုက်အတန့် မှာပင် ကားမီးရောင် အလင်းတန်းနှစ်ခုကို ကျွန်တော် သတိထား လိုက်မိ ခြင်းဖြစ်၏ ။ အဝေးပြေးကား တစ်စင်းသည် ကတ္တရာ လမ်းအတိုင်း အရှိန်ပြင်းပြင်း မောင်းနှင်းလာရာမှ ကျွန်တော် ထိုင်နေသည့် မှတ်တိုင်ရှေ့ တည့်တည့်တွင် ...
“ ကျွီ ”
ခနဲ ထိုးရပ်လိုက်သည် ။ ထိုနောက် ... ဒရိုင်ဘာ က ကားပြတင်းပေါက်မှ ခေါင်းပြူလာပြီး ..
“ ဟေ့လူ တက်လေဗျာ ၊ ဘာကြောင်တောင်တောင် လုပ်နေတာလဲ ”
ကျွန်တော်က ငေးကြောင် နေရာမှ လန့်ဖျပ်သွားပြီး ...
“ ဗျာ ၊ ကျွန်တော် ကျွန်တော့်ကို ပြောတာလား ။ နေပါဦး ... ဒီ ကားက ဘယ်ကိုသွားမှာလဲ ”
“ ဟာ ... ဒီလူနှယ် ၊ ဒုံးဝေးလိုက်တာ ။ ခင်ဗျား လက်ထဲမှာ ကိုင်ထားတဲ့ လက်မှတ် ကိုလည်း ပြန် ကြည့်စမ်းပါဦး ”
“ ဗျာ ... ဒါဆို ၊ သတိမေ့ရွာ ကို သွားဖို့ ကျွန်တော် .... ကျွန်တော် ”
ကျွန်တော် ပြောချင်သည့် စကား မဆုံးခင်မှာပင် ဒရိုင်ဘာ မှ စိတ်မရှည်ဟန် ဖြင့် ...
“ ဟေ့လူ ၊ ပြောစရာ ရှိတာ ကားပေါ်ရောက်မှ ပြော ၊ မြန်မြန်တက် ... အချိန် မရှိတော့ဘူး ။ ဆယ့်နှစ်နာရီ ထိုးနေပြီ ”
ဘဝ ဆိုသည်မှာ ဘာမှန်း မသိရသော အလောသုံးဆယ် နိုင်မှု တစ်ခု ဖြစ်သည် ။
ကျွန်တော် အတွက် အစကတည်းက ဘာမှန်း မသိခဲ့ရသော ကိစ္စတစ်ခု ၊ ဒေသတစ်နေရာ ၊ ပြီးတော့ ရေရေရာရာမရှိသည့် ရှင်းပြနိုင်ခွင့် ၊ နားမလည်နိုင်သော အရပ် ... အားလုံးသော ဝိုးတိုးဝါးတား ၊ ကစဉ့်ကလျား စိတ်ခံစားချက်များဖြင့် ရွေ့လျားစပြုနေသော ကားပေါ် သို့ ကမန်းကတန်း တက်လိုက်ရသည် ။
ဘာဖြစ်လို့ လော နေရတာပါလိမ့် ။
ဒါကိုလည်း ငြင်းဆန်နိုင်ခွင့် မရှိသလို ဖြစ်နေ သည် ။ ကြည့်စမ်း ... ငါဟာ ခရီးသည်တစ်ယောက် ပါလား ။
ကိုယ်ဘာသာ ကိုယ်တောင်မသိ ။
ကား က ဂီယာပြောင်းပြီး အရှိန်မြှင့်လိုက်သော ကြောင့် ကျွန်တော့် တစ်ကိုယ်လုံး ယိုင်သွား၏ ။ နီးရာ တန်းကို လှမ်းဆွဲပြီး ဟန်ချက်ကို ထိန်း လိုက်ရသည် ။
တစ်နေရာရာမှာတော့ ဝင်ဘထိုင်မှဖြစ်မယ် ... ဟု တွေးကာ ထိုင်ခုံများဆီသို့ ဝေ့ဝဲကြည့်လိုက်၏ ။ အဝေး ပြေးကားကြီး တစ်စီးလုံးတွင် ခရီးသည် ရှစ်ယောက် ၊ ကိုးယောက် မျှသာ ပါသောကြောင့် ထိုင်ခုံလွတ်တွေက များလှသည် ။
ကျွန်တော်က ဒုတိယမြောက် အတန်းက ခုံတွင် ဝင်ထိုင် လိုက်သည် ။ အလယ် လူသွားလမ်းနှင့် ကပ် လျက်မှာ ဖြစ်၏ ။
ထို့နောက် .... ပြတင်းပေါက် ဘေးကခုံတွင် စီးနင်းလိုက်ပါလာသော ဝဝဖိုင့်ဖိုင့် ဂုတ်ပိုးသား အစ်အစ် နှင့်ခရီးသည်ကို ကျွန်တော်က လက်တို့ပြီး မေးလိုက်မိ၏ ။
“ ဦးလေး ... ဦးလေး က ဘယ်ကို သွားမှာလဲ ဟင် ”
ထို လူဝကြီး က ပျင်းရိပျင်းတွဲ ဆင်အိုကြီး တစ်ကောင် လို ကျွန်တော့် ဘက် ကို တအိအိ ၊ တရွေ့ရွေ့ လှည့်ကြည့်ရင်း ...
“ ငါ က နတ်ပြည် ကို သွားနေတာကွ ” ဟု ကျယ်လောင်ပြီး နားခါးဖွယ် ကောင်းသော အသံဆိုးကြီး ဖြင့် ပြန်ဖြေ၏ ။ အနားက ထိုင်ခုံများတွင် စီးနင်းလိုက်ပါ လာသူများ ကလည်း ထိုသူ့ စကားကို သဘောကျ နှစ်ခြိုက်ဟန် ဖြင့် ဝါကြင့်ကြင့် သွားကြီးများကို ဖြဲကာ တဟီးဟီး လုပ်ရင်း ခေါင်းညိတ် ပြကြ၏ ။
အခုမှပင် သူတို့ မျက်နှာတွေကို ကျွန်တော် ကောင်းကောင်း အကဲခတ်ခွင့် ရတော့သည် ။ အဝေးပြေး ကား အတွင်းမှာ ဖွင့်ထားသော ညအိပ်မီးလုံး ပြာလဲ့လဲ့ ၏ အောက်တွင် သူတို့ အားလုံး၏ မျက်နှာများ သည် အလိုရမ္မက်ဖြင့် အဆီပြန် နေကြ၏ ။
သူတို့ ကို ကျွန်တော် ကောင်းကောင်းသိသည် ။ သည့်ထက်ပိုပြီး တိတိကျကျ ပြောရလျှင် သူတို့ နှလုံးအိမ် အကန့် အခန်းငယ်များ အတွင်းမှာ စီးဆင်းနေသော သွေးဆိုး ၊ သွေးညစ် ၊ သွေးပုပ်တွေ အကြောင်း ကောင်းကောင်းသိသည် ။
သူတို့ ၏ ဘဝအတ္ထုပတ္တိ ကို ရေးသားဖို့ အကြောင်းရေ များများစားစား မလိုပါ ။
“ သူတို့သည် လူယုတ်မာများ ဖြစ်ကြသည် ” ဟု တစ်ကြောင်းတည်း ရေးသားလျှင် ပြည့်စုံလုံလောက်ပြီ ဖြစ်သည် ။ သူတို့ သည် တစ်လျှောက်လုံး လောဘကြီး ခဲ့ကြတယ် ။ သူတို့ ကိုယ်ကျိုး အတ္တအတွက် လူအများစုကြီး ကို ဖိနှိပ် ညှဉ်းပန်း သွေးစုပ်ခဲ့ကြသည် ။
ဟော ... သူတို့ သေခါနီးဆဲဆဲကျတော့မှ အမြင်မှန် ရသလိုလို တရားသံဝေဂ ရသလိုလို အိုက်တင် များဖြင့် ကမန်းကတန်း ဘုရား ထ တည်ကြသည် ။ ရေတွင်းတွေ အပြေးအလွှား တူးလှူ ၊ တံတားတွေ ဝုန်း ဝုန်းဒိုင်းဒိုင်း ဆောက်လှူကြပြီး ( လိုင်စင်တွေ ပါမစ် တွေ ရနေကျ လူတန်းစားများ ဖြစ်သောကြောင့် ) ကုသိုလ် ကို လည်း လိုင်စင်လို ၊ ပါမစ်လို အမြန်ဆုံး မဟားတရား ရယူလိုက်ကြ၏ ။
အခုတော့ ... ဒီ လူတွေ က နတ်ပြည် သွားကြမလို့ ... တဲ့ ။
တော်ပါပြီ ... ။ ဒီလို လူစားတွေနဲ့ အတူတူ ဆို လျှင်တော့ နတ်ပြည် ကို လည်း မသွားချင်ပါဘူး ။
ထိုကြောင့် .... ကျွန်တော်က ..
“ ဟိုးထား ... ဟိုးထား ၊ ကျွန်တော် ဆင်းမယ် ”
အသံကုန် ထပ်ခါတလဲလဲ အော်ပြောနေသော် လည်း ဒရိုင်ဘာ က ကားကို ရပ်မပေးပါ ။ အမှောင်ဆုံး အတွင်း သို့ သာ တစ်ဟုန်ထိုး မောင်းနှင် ဝင်ရောက်သွား လေတော့သည် ။
••••• ••••• •••••
“ ကျွန်တော်တို့ ခရီးစဉ် ဒီမှာ အဆုံးသတ်ပါပြီ ။ ခရီးသည်အားလုံး ဆင်းနိုင်ကြပါပြီ ... ခင်ဗျား ”
ကားရပ်သွားပြီး ဒရိုင်ဘာ၏ ကြေငြာသံစကား အဆုံးတွင် ကျွန်တော် အပါအဝင် ခရီးသည်များ အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရတော့သည် ။
“ သတိမေ့ ရွာ ” ကားလက်မှတ် ကို ကိုင်ဆောင် သူ ကျွန်တော် နှင့် နတ်ပြည် ကိုလာသော လူယုတ်မာ များသည် ဘာကြောင့် တစ်နေရာ ထဲမှာ အတူတူဆင်း ကြရမှန်းတော့ ကျွန်တော် နားမလည်ပါ ။
ကားဂိတ် ၏ ရှေ့တည့်တည့် မှာတော့ ရွာလေး တစ်ရွာ ကို လှမ်းမြင်နေရ၏ ။ မြက်ခင်းစိမ်းစိမ်းလေး တွေကို တစ်ကန့်စီ ခြံခတ်ထားသည့် စည်းရိုးဖြူဖြူများ ရှိ၏ ။
အရုပ်အိမ်ကလေးတွေ နှင့်တူသော ရောင်စုံသစ်သားအိမ်ငယ်လေးများ က စီတန်း နေသည် ။ အိမ် ရှေ့တိုင်းမှာ နှင်းဆီပန်းပင်တွေ ကို စိုက်ပျိုးထားကြ သည် ။ ထူးဆန်းသည် ကတော့ ရွာအဝင်လမ်း တစ်လျှောက်လုံး မှာ အရိပ်ကောင်းသော သစ်ပင်တွေ ရှိ နေပြီး ပိတောက်ပင်နှင့် စံပယ်ပန်းရုံများသည် တစ်ပြိုင်တည်း ဖူးပွင့်နေကြခြင်း ဖြစ်၏ ။
ရွာအဝင် လမ်း အတိုင်း ကျွန်တော် ဖြည်းဖြည်း ချင်းလျှောက်ပြီး ဝင်သွား လိုက်သည် ။ ရောင်စုံအိမ်တွေ ပေါ်မှာ ဟန်ကျပန်ကျ နေထိုင်နေကြသော လူဝကြီး များကိုလည်း တွေ့ရသည် ။ ( ကျွန်တော် နှင့် ဘတ်စ်ကား တစ်စီးတည်း စီးလာသော လူစားမျိုးတွေပင် ဖြစ်၏ )
“ ဪ ဒီနေရာ က သူတို့ အတွက်တော့ နတ်ပြည်ပေါ့လေ ” ဟု ကျွန်တော့် စိတ်ထဲက ရေရွတ်လိုက် သည် ။ ပြီးနောက် .. အမှတ်တမဲ့ဖြင့် လမ်းဘေးမြေ ကွက်လပ် ထဲ ကို လှမ်း ကြည့်လိုက်မိတော့ လူနှစ်ယောက် လေးဖက် ထောက် ပြီး ခေါင်းချင်းဆိုင်ကာ ဆောင့်ကြောင့် ထိုင်နေသည်ကို မြင်ရ၏ ။
“ ခွပ် ” ခနဲ ဆောင့် တိုက်လိုက် မိတိုင်း သူတို့ နှစ်ယောက်စလုံး ၏ ဦးခေါင်း မှ သွေးများ ဖြာ ခနဲ စီးကျလာကြသည် ။ သူတို့ မျက်နှာတွေ ကလည်း နာကျင်လွန်းသဖြင့် ရှုံ့မဲ့ နေကြ၏ ။
သို့သော် ... နောက် မဆုတ်စတမ်း အံကြိတ် တင်းခံနေကြသည် ။
“ ဒီလို ဇွဲမျိုး .. ဒီလို သတ္တိမျိုးရှိတဲ့ လူတွေကို ငါရင်းရင်းနှီးနှီး သိခဲ့ဖူးပါတယ် ။ ဘယ်သူတွေပါလိမ့် ” ဟု ကျွန်တော့် စိတ်ထဲ ဖျတ်ခနဲ အာရုံနိုးလာသည် ။ ထိုအခါကျမှပင် သူတို့ မျက်နှာတွေကို ကျွန်တော် မှတ်မိသွားလေတော့သည် ။ သို့သော် သူတို့က လုံးဝ လှည့် မကြည့်ကြပါ ။ တစ်ယောက် ကို တစ်ယောက် သာ သဲသဲမဲမဲ ခေါင်းချင်းဆောင့်နေကြ၏ ။
ကျွန်တော်က သူတို့ဆီ ပြေးသွားပြီး ပခုံးမှ ကိုင် ကာ ဆွဲခွာ ထားရင်း “ အစ်ကိုတို့ ကလည်း ဗျာ အချင်းချင်းတွေ ဘာဖြစ်နေကြတာလဲ ”
သူတို့က ဗလာဟင်းလင်း ဖြစ်နေသော မျက်ဝန်း များဖြင့် ကျွန်တော့် ကို လေးဖက်ထောက် ထားရာမှ ပြန် မော့ကြည့်နေ၏ ။ သွေးတွေ က နဖူး ထက် မှာ စီးကျလို့ ။ ကျွန်တော့် ရင် ထဲ မှာ နာကျင်သွားသည် ။
သူတို့ က ပြူးကျယ်ကြောင်စီသော မျက်လုံး များဖြင့် ကြည့်နေရာမှ ကျွန်တော့်ဘကို ပြန်ပြီး မေး၏ ။
“ မင်း က ဘယ်သူတွေ ကို အော်ခေါ်နေတာလဲ ”
သူတို့ နာမည်တွေကို သူတို့ကိုယ်တိုင် သတိရကြပုံ မပေါ်တော့ ။ ဟိုးတစ်ချိန်တုန်းက သူတို့ချင်း အတူ လက်တွဲပြီး လူတွေ အားလုံး အတွက် အနစ်နာခံ ဖူးသော ရာဇဝင် ကို လည်း သူတို့ မေ့သွားကြလေပြီ ။
ကျွန်တော်က အကျိုးအကြောင်း ရှင်းပြသည့် တိုင်အောင် သူတို့က “ မဖြစ်နိုင်တာတွေ လာပြောမနေ စမ်းနဲ့ကွာ ။ ငါတို့ အခုရောက်နေတာ .. ငရဲပြည် ကွ ။ ငါတို့ က နွားတွေ ။ ဒါကြောင့်မို့ အချင်းချင်း ချို နဲ့ ဝှေ့ နေကြတာပေါ့ ။ မမြင်ဘူးလား ”
ကျွန်တော် မြင်နေရသည် ကတော့ အချင်းချင်း ဆောင့်တိုက် ထားသောကြောင့် သွေး တစ်စက်စက် စီး ကျနေသည့် ဦးခေါင်းများသာ ။
ဟိုး .. ခပ်လှမ်းလှမ်းကို လှမ်းကြည့်လိုက် တော့လည်း လူတွေ ... လူတွေ ။ တချို့က ခြေထောက် မှာ ဓားတွေ ၊ ဝါးချွန်တွေ တပ်ကာ အချင်းချင်း တိုက်ကြက်တွေလို အသေအကျေ ခွပ်နေကြသည် ။
သူတို့ ကိုယ် သူတို့ “ လူ ” ဆိုသည် ကို မေ့နေကြ၏ ။
ဒါဟာ သူတို့ အတွက် ငရဲပြည် တဲ့ လား ။ တကယ်တော့ ဒီနေရာ သည် “ နတ်ပြည် ” မဟုတ်သလို “ ငရဲပြည် ” လည်း မဟုတ်ပါ ။
ဒီနေရာသည် သတိမေ့ရွာ သာလျှင် ဖြစ်၏ ။ တစ်သက်လုံး ကိုယ်ကျိုးစွန့် ကာ လူ ပီသခဲ့သူ များက သူတို့ ကိုယ် သူတို့ လူ ဖြစ်နေကြောင်း မေ့လျော့ သွားကြသည် ။
‘ လူ ’ ဖြစ်နေသည် ကို မေ့လျော့သွားခြင်း သည် ငရဲ ပင် ဖြစ်သည် ။
တချို့ကတော့ မိမိတို့ တစ်သက်လုံး ယုတ်မာ ခဲ့သည်များ ကို လွယ်ကူစွာ မေ့လျော့သွားကြ၏ ။
မိမိ ၏ ဖောက်ပြန်မှု ကို မိမိ ဘာသာ မသိကျိုးကျွန် ပြုနိုင်သူတွေ ကတော့ ဒီနေရာ ကို နတ်ပြည် ဟု အမည် တပ်ကာ နေရာ ကောင်းကောင်း ယူလိုက်ကြပြီ ဖြစ်သည် ။
“ ထွီ ”
ကျွန်တော် စက်ဆုပ်ရွံ့ရှာစွာဖြင့် ဒီနေ ရာကို ကျောခိုင်းစွန့်ခွာရန် လှည့်ထွက်လိုက်သည် ။ သို့သော် ကျွန်တော့် ခြေလှမ်းတွေ က အလိုလို ရပ်တန့် သွားကြ၏ ။
ကျွန်တော် ... ဘယ်သူလဲ ။
ကျွန်တော် ... ဘယ်က လာခဲ့သလဲ ။
ကျွန်တော် သတိမေ့လျော့ သွားခဲ့ပြီ ဖြစ်သည် ။
••••• ••••• •••••
သင်တို့ အိမ်ရှေ့ မှာ ကော ...
“ သတိမေ့ ရွာ ” ကို သွားသည့် ကားလက်မှတ်လေး ရောက်နေလေပြီလား ။
ရောက်နေပြီ ဆိုလျှင်တော့ ကောက်ယူ မကြည့်ကြဖို့ ကျွန်တော် အကြံပေး ချင်ပါသည် ။
ကိုယ့် သမိုင်း ကိုယ် မေ့ မသွားကြဖို့ အရေးကြီးသည် မဟုတ်ဘူးလား ။
◾မင်းခိုက်စိုးစန်
📖 idea မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂၀၁၂
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment