Friday, May 3, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၇ )


 ရွာလယ်ပိုင်း တွင် ရွဲယို နေသော ကား ကို သင်္ဘောဆေး နှင့် သံချေး မတက် တက်အောင် ပြုပြင် ထားသော ဘုရားဖူးယာဉ် ဆိုသည်ကြီး ကို တွေ့ရသည် ။


ကား က ရန်ကုန်မြို့ တွင် ဆိုတော့ ဘီအမ် လို့ ခေါ်သော လူ နှစ်ဆယ်ခန့် ဆန့် သည့် ကား ဖြစ်သည် ။


ကား အောက် ထဲ တွင် တော့ မဲမဲသိန်သိန် ပိန်ပိန်ချောင်ချောင် ကု,လားဒိန်ရုပ် နှင့် တစ်ယောက် က ဆီချေးများ ပေပွပြီး ဂွ တစ်ထုပ် နှင့် အလုပ် ရှုပ် နေသည် ။ လူ က မဲ ရသည့် အထဲ အင်ဂျင်ဝိုင် များ ၊ ဆီချေး များလိမ်းကျံ နေ၍ ဘယ် ဟာ က အသား ၊ ဘယ်ဟာ က အပေ လွန်စွာ ခွဲရ ခက် နေသည် ။


“ ဂုဏ်ထူး ၊ ရာထူး မလိုချင်ပါဘူး ၊ ကိုယ့် မှာ တော့ နတ် က တဲ့ ဂန်ဒူး ၊ ဂုဏ်ထူး ရာထူး မလိုပါဘူး ၊ ကိုယ် က လေ နတ် က တဲ့ ဂန်းဒူး ၊ ဂန်ဒူး ”


ထို သူ က ကျွန်တော့် ကို ပင် လှည့် မကြည့်နိုင်ဘဲ သူ့ ကား အောက်ပိုင်း ကို သာ ငုံ့ရှာ ကာ သီချင်း ညီး နေသည် ။ ကျွန်တော် လည်း စိတ် မရှည်နိုင်တော့ ။ လက် နှင့်တို့ လျှင် လက် ပေမှာ စိုး၍ ... 


“ ဟေ့ ... ဒီမှာ ”


“ ဟဲ့ ... ပလုတ်တုတ် ”


“ ဒုန် ” 


“ ခလွမ် ”


“ ဟဲ့ ... ဂန်ဒူး တော့ ကွဲပဟ ”


ခြေမ နှင့် ရုတ်တရက် တို့ လိုက်သည်မို့ အရှေ့ ကို အာရုံ ရနေ သော ငမဲပိန် ထ ခုန် မိ၍ ကား အောက်ပိုင်း နှင့် သူ့ ခေါင်းမဲမဲ ဆောင့် မိ ခြင်း ဖြစ်သည် ။ ပြီးမှ သူ့ မျက်နှာ မဲမဲ ကို ကား အောက် မှ ဆွဲထုတ် ပြီး ...


“ ဟင် ... ခင်ဗျား ... ခင်ဗျား ဘယ်လို လုပ်လိုက်တာလဲဗျ ၊ လန့် လိုက်တာ ကလူ ကလူ ”


သူ့ စကား ကို ကျွန်တော် ဂရု မစိုက်နိုင်သေး ဘဲ ဘေးဘီ ဝေ့ ကြည့်ပြီး ...


“ မင်း ဆရာ ရော ... မင်း ဆရာ ၊ ဆရာ ဘယ်မှာလဲ ” 


သူ က ကျွန်တော် ဝေ့ ကြည့်ရာ လိုက် ကြည့်ပြီး ... 


“ ဘယ်က ဆရာလဲ ၊ ဘယ် ဆရာ ကို ပြောတာလဲ ” 


“ တယ်လေ... ငါ နားရင်း အုပ်လိုက်ရ ၊ မင်း ဆရာ ကားဒရိုင်ဘာ လေ ၊ ဒရိုင်ဘာ ကို ပြောတာ ”


လက် ရွယ်ပြီး ပြောသော စကား ကြောင့် ငမဲလေး တွန့် သွား ၏ ။ နောက်မှ သတိရ ဟန် နှင့် ...


“ ဪ ... ဒရိုင်ဘာ ကို ပြောတာလား ” 


“ အေး ... ဒရိုင်ဘာ ... ဒရိုင်ဘာ ” 


“ ကျုပ် ပဲ ”


“ ဟမ် ”


ငမဲလေး ရင်ကော့ ပြောသော စကား ကြောင့် ဆံပင်များ ပင် ထောင် သွားရလေသည် ။ သွားပြီ ။ စ ကတည်း က လွဲပြီ ။ လူ က မဲမဲသေးသေးလေး နှင့် ဆီချေးများ ပေ နေ၍ လေးစားစရာ တစ်စက် မှ ရှာ မရ၍ ကားစပယ်ယာ သို့မဟုတ် စက်ပြင်ဆရာ ထင် ပြီး ဖင် ပိတ် ကန်ခဲ့ ၊ နားရင်း အုပ်ရန် ကြိုးစားခဲ့မိသည် မဟုတ်ပါလား ။ ယခု ဆို ထို ငမဲ က ကားဒရိုင်ဘာ တဲ့ ။ မျက်နှာကြီး ပြီ ( ပြေ ) ပြီး ဘာ ပြောရမှန်း မသိ ။ အပိုင် ပေါင်း ရမည့် သူ ကို မှ ဖင် ဆွ မိပြီကိုး ။ ထို့ကြောင့် မသိလိုက် မသိဘာသာ လက်သည်း ပြန် ခွာပြီး ...


“ ဟို... ဟို မနောက်ပါနဲ့ ကွာ ၊ အနော် က ဒရိုင် ... ဒရိုင်ဘာ ကို မေးတာ ”


“ ဟေ့ကောင်  ... ဒီ ကား မှာ ငါ ဒရိုင်ဘာ ပဲ ကွ ၊ ဒရိုင်ဘာ ကျော်ကို ကျော်ကို ဒရိုင်ဘာ ဆိုတာ ငါ ပဲ ၊ အရင် က ဒါရိုက်တာ ၊ အောက် ကားပေါင်း လေးဆယ် ရိုက်ပြီး အရင်းပြုတ် ပြီး မှ ဒရဝမ် ဝင် လုပ်ရာက နေ အခု အဆင့် တိုးပြီး ဒရိုင်ဘာ ဖြစ်လာတာ ၊ မင်း က ငါ့ ကို ဘယ်လို ကောင်စားမျိုး မှတ်နေလဲ ၊ အခု ချက်ချင်း အရင်စိတ် မွေးပြီး မင်းသား တင် ရိုက် လိုက် လို့ ဟုတ်ပေ့ ဖြစ်နေဦးမယ် ”


“ အဲ ... ဟို ... ဟိုလေ ကျွန်တော် ကျွန်တော် က အစ်ကိုကြီး က ”


“ ကိုကြီးကလေးလေး လုပ်စမ်းပါ ”


“ ဟင် ... ဩော် ကိုကြီးကလေးလေး က မဲ လည်း မဲ ၊ ပိန် လည်း ပိန် ဆိုတော့ ဒီ ကားစတီယာတိုင်ကြီး ကို လှည့်နိုင်မယ်မ ထင်လို့ ၊ အဲဒါ ”


“ အောင်မာ .. မင်း ကများ အထင်သေးလို့ ၊ ဒီ ကား ၊ ဒီ စတီယာတိုင် နဲ့ တင် မြောင်း ထဲ ကျတာ သုံးကြိမ် ရှိပြီကွ ၊ ဘာလဲ မင်း ပါ ရောပြီး ဒုက္ခိတ ဖြစ်ချင်လို့လား ”


ဪ ... ပြောနေပုံ က မြင့်စန်းရီ တို့ အတွက် ရင်လေး စရာ ။ သို့သော် သူ မကယ် လျှင် သေဖွယ်သာ ရှိသည်မို့ ... 


“ ယုံပါပြီ အစ်ကိုကြီး ၊ အဲ ကိုကြီးကလေးလေး ရယ် ဒုက္ခိတ အမှုတွဲ ထဲ မပါ ပါရစေနဲ့ ”


“ မပါချင် ဝေးဝေးသွား ၊ အခု ဇာတ်လမ်း စဉ်းစား မိ နေတုန်း ၊ တော်လှန်ရေးကား ရိုက် ပစ်လိုက်လို့ က တော့ သွား ... သွား ” 


“ ဟုတ် ... ဟုတ်ကဲ့ ... အဲ ”


ဟိုက မောင်း ထုတ် နေတော့ ယောင်ပြီး ထွက်ရန် ပြင်သည် ။ နောက်မှ လာရင်း ကိစ္စ ကို သတိရ ပြီး ...


“ အဲ ... ဟို ... ဟိုလေ မသွားပါရစေနဲ့ ဆရာ ရယ် ” 


ကျော်ကို သူ့ ကို ဆရာ ခေါ် လိုက်၍ သဘော ခွေ့ သွားပုံရ၏ ။ သို့သော် မျက်မှောင် ကို ကျုံ့ပြီး ...


“ ဘာလို့လဲ ကွ ... ဘာလဲ မင်း က ရုပ်ရှင် ရိုက်ချင်လို့ လား ၊ ခေါင်းဆောင်မင်းသား ဆို ငါးသိန်း ပေးရမယ် ၊ ကြော်ငြာစပွန်ဆာ က မင်း နဲ့ မဆိုင်ဘူးနော် ၊ ဟီဟိ ငါ ရ ငါ ယူပဲ ”


ဪ ... အရေးထဲ ဒါရိုက်တာ ပီပီ ပတ် ခုတ် နေသေး၏ ။ ကျွန်တော် လည်း အလိုက်သင့် မျက်နှာလေး အို ချ ပြီး ... 


“ ဟိုလေ... ဆရာ ရယ် ကျွန်တော် က အခု ကိစ္စ မင်းသား လုပ်ဖို့ မဟုတ်ပါဘူး ”


“ ဒါဆို မင်း က ”  


“ စပယ်ယာ လုပ်ဖို့ပါ ”


“ ဘာ ”  


ဒရဝမ် ၊ ဒါရိုက်တာ ၊ ဒရိုင်ဘာကျော်ကို က ကျွန်တော့် ကို ခါး ထောက်၍ ပြန် ကြည့်သည် ။ ပြီးမှ ...


“ ထွီ ... ငါ က ပိုက်ဆံ ရ မလားလို့ အာပေါက် အော င်ပြော နေရတာ ၊ အခုတော့ ငါ့ ဆီ စပယ်ယာ လုပ်ပြီး ပြန် ခုတ်မဲ့ ကော င်နဲ့ တွေ့ နေတယ်. ထွီ ... ကျက်သရေ တုံးလိုက် တာ ၊ သွား ... သွား စပယ်ယာ ဆို မလိုချင်ဘူး ၊ မင်းသား ဆို ငါးသိန်း ယူပြီး ပြန်လာ ၊ ဒါပဲ ” 


ဆိုကာ လုပ်လက်စ အလုပ်များ ပြန် လုပ်နေသည် ။ 


“ ဂုဏ်ထူး ၊ ရာထူး မလိုချင်ပါဘူး ၊ ကိုယ့် မှာ တော့ နတ် ကတဲ့ ဂန်ဒူး ”


ဪ ... သီချင်းလေး တောင် ညီးလို့ ၊ ကျွန်တော့် မှာ သာ ဒီ ကား နှင့် မှ မပါ ရ လျှင် မြင့်စန်းရီ နှင့် ဝေးရမည် မို့ မျက်နှာ ကို အငယ် ဆုံး ထားပြီး ...


“ ဆရာဂန် ... အဲ ... ဆရာ ” 


“ ဘာလဲ ကွာ ”


ခေါင်းမဲမဲ က ပြန် လှည့်လာသည် ။ သူ့ ခမျာ ဆရာ လည်း အခေါ် ခံချင်ပုံ ရ၏ ။


“ ဟိုလေ ... ကျွန်တော် စပယ်ယာ လိုက် လို့ အဖိုးအခ လည်း ပေးစရာ မလိုပါဘူး ဆရာ ”


“ ကား ကြပ်တယ် ကွာ ၊ လူပို မတင်နိုင်ဘူး ”


“ ခုံ မှာ မထိုင် နဲ့ ဆိုလည်း မထိုင်ပါဘူး ဆရာ ၊ ကိုယ့် စရိတ် နဲ့ လည်း ကိုယ် စား မှာပါ ၊ ကျွန်တော် ... ကျွန်တော် ဒီ ကား နဲ့ မှ မလိုက် ရရင် ”


ပြောရင်း ပြောရင်း စကားသံများ ဆို့နင့် လာ၏ ။ ဤသို့သာ ပေါ့ မြင့်စန်းရီ ။


ကျော်ကို က ရုတ်ချည်း မျက်ရည်ဝိုင်း လာသော ကျွန်တော့် ကို ငေး ကြည့်ပြီး ...


“ တောက် ... ဒရမ်မာကား ရိုက် လိုက်လို့ က တော့ အကယ်ဒမီ ရ ပြီ ၊ နို့ ... နေစမ်းပါဦး မင်း က ဘာဖြစ်လို့ ဒီ ကား နဲ့ မှ အတင်း လိုက်ချင်ရတာလဲ ”


ကျလုလု မျက်ရည်များ ကို ပင့် သုတ် မိသည် ။ အတန်ကြာ သည် အထိ တုန်ယင်နေသော အသံ ကို အနိုင်နိုင် ပြန် ထိ န်းနေရသည် ။ ပြီးမှ 


“ မြင့်စန်းရီ ကြောင့်ပေါ့ ဆရာ ရယ် ”


“ ဟေ ”


ထုံးစံ အတိုင်း ဒဒွေးသုံးလုံး ပိုင်ရှင် ကျော်ကို မျက်မှောင် ကျုံ့ သွား ပြန်သည် ။ နောက်မှ ...


“ ဟို ... ဒေါ်ခင်အေး တူမ မြင့်စန်းရီ လား ” 


“ ဟုတ် ... ဟုတ်ပါတယ် ဗျာ ၊ သူ နဲ့ ကျွန်တော် နဲ့ က ” 


ဖြစ်ပျက်ခဲ့သည်များ ကို မရှက်မကြောက် ရှင်းပြရ သေး၏ ။ ကျော်ကို က ခေါင်း တညိတ်ညိတ် နှင့် နားထောင် ပြီး ...


“ နေပါဦး ... မင်း က မြင့်စန်းရီ ကို ဘယ်လောက် ချစ်သလဲ ၊ အရင်ဆုံး ဥပမာ နဲ့ပြောကွာ ”


“ မျောက် က ငှက်ပျောသီး ကို ချစ်သလောက် ချစ်ပါတယ် ” 


“ ယင် က မစင် ကို ချစ်သလောက် ချစ်တယ် သာ ပြောပါကွာ ” 


ဪ ... သူ့ ဥပမာ က တောင် ပို ကောင်းသေး ။ ဆက် စဉ်းစားလျှင် သည့် ထက် ရွံစရာ သာ ရှိတော့မည် ။ ထွီ ။


“ အေးကွ .. မင်း အဖြစ်က ကူညီချင်စရာတော့ ကောင်း သား ၊ ဒါပေမဲ့ ငါ က မင်း ကို ကူညီ ပြီးရင် မင်း က ရော ငါ့ ကို ဘယ်လို ပြန် ကူညီမှာလဲ ”


ကျွန်တော် အားတက် သွားသည် ။


“ ဟာ ... ဒါတော့ စိတ်ချ ၊ ကား အတွက် လိုအပ် သမျှ ကျွန်တော် အကုန် ပြန် ကူညီမယ် ”


“ ကျွတ် ”


ကျော်ကို ခေါင်း ခါသည် ။


“ ကား ကိစ္စ ငါ အကုန် ပိုင်နိုင်တယ် ကွ ၊ တခြား ဟာ ပြော ” 


“ အဲ ... ဟိုလေ ... ရန်ကု န်မှာ ကာရာအိုကေဆိုင် မှန်သမျှ ကျွန်တော် သိတယ် ”

 

“ ဟေ ”


ကျော်ကို ၏ မပြူးတပြူး မျက်လုံး ပြူး တက်လာ၏ ။ ကာရာအိုကေ စိတ်ဝင်စားပုံ ရ၏ ။


“ မင်း ... မင်း တကယ် ပြောတာနော် ”


“ ဪ ... ဆရာ က လည်း ကျွန်တော် မရောက်ဖူးတဲ့ နေရာ မရှိပါဘူး ဆို ”


ကျော်ကို ခုန်ဆွခုန်ဆွ ပါ ဖြစ် သွား၏ ။ ပြီးမှ ခေါင်း ကုပ်ပြီး 


“ နေဦးကွ ... ရန်ကုန် က ကာရာအိုကေဆိုင် တွေ ဆို ငါ့ ကို မှတ်မိမလားပဲ ” 


“ ဘာလို့ ”


“ အာ ... ငါ က ဒါရိုက်တာ အပြင် မင်းသား လည်း လုပ် လာ တာလေကွာ ”


“ ဟင် ... ဟုတ်လား ”


“ အေးလေကွာ .. ဗွီဒီယို ကားတွေမှာ တော်လှန်ရေး အောက်ကားတွေ ရိုက်လာတဲ့ သီဟကျော်ကို ဆိုတာ ငါ ပေါ့ ” 


“ ဟင် ... နာမည် တော့ ကြားဖူးသား ”


ကျော် ကို ရင် ကော့ သွား၏ ။ တကယ်လည်း ကြားဖူးပါသည် ။ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး လွတ်လပ်ရေး ရသည့်တိုင် တစ်ယောက် တည်း လွတ်လပ်ရေး မရဘဲ တော်လှန်ရေးကားများ ရိုက် နေသော လက်ကျန် တော်လှန်ရေးသမားကြီး ပင် ။ ထိုတော့မှ ရုပ် က ရေးတေးတေး ပြန် ပေါ်လာ၏ ။ လုံချည်ကြီး ကွင်းသိုင်း ပြီး ပြောင်းတို တစ်လက် ပြောင်းရှည် တစ်လက် နှင့် ပုံရိပ်များ ။ မျက်ရည် တဝိုင်းဝိုင်း နှင့် ခမောက်စုတ် ဆောင်း ထားသော ပုံများ ။


“ အေးကွာ ... အစ က တော့ ငါ့ ကို ကု,လားဆင်လေး ဆိုပြီး အားပေးကြပါ ရဲ့ ၊ ငါလည်း ကျိုက်ထီးရိုး တောင်ပေါ် တက်ပြီး ”  


“ ဘာလုပ်တာလဲ ”


“ ဝါးသေနတ် စုတာလေ ၊ ဟီဟိ ပြီးတော့ ရုပ်ရှင် ထဲ အဲဒီ ဝါးသေနတ်တွေ နဲ့ ပြန် တော်လှန်တာ ”


“ အဲ ... အဲဒီတုန်း က မင်းသမီး က ”


“ ငါ့ မိန်းမ ပဲ လေ ၊ ဒါပေမဲ့ အခုတော့ မရိုက်တော့ပါဘူး ” 


“ ဘာဖြစ်လို့လဲ ”


“ ဘာဖြစ်ရမှာလဲ ... ငါ က လည်း သူများ အနိုင် ကျင့် မှ တော်လှန်လို့ ရ မှာလေ ၊ အဲဒီတော့ ဇာတ်ကား ထဲ မှာ ငါ တော်လှန် လို့ ကောင်း အောင် ငါ့ မိန်းမ ကို ဂျပန် က မုဒိန်းကျင့် လိုက် ၊ အင်္ဂလိပ်က အနိုင်ကျင့် လိုက် ၊ သူကြီးသား က ဗလက်ကာယပြု လိုက် ဆိုတော့ ကြာတော့ သူ လည်း လေဥ ဥပြီး ဖောလာတာ ၊ အဲဒါနဲ့ မရိုက်တော့ဘူး ၊ ရုပ်ရှင် တကြော ပြတ်ရော ၊ ဟီဟိ အခုချိန်ထိ မျက်နှာ က အယောင် မကျသေးဘူး ၊ ဖော နေတုန်း ”


ဪ .. တစ်ကား ရိုက် တစ်ကား အကျင့် ခံနေရတဲ့ နောက် ဘယ်သူ က များ ဆက် ရိုက်ချင်တော့မှာ လဲ ၊ လေဥ ဥပြီး မဖော ခံနိုင်ရိုးလား ။


“ တော်လှန်ရေးကား မှာ ကွာ ဇာတ်လမ်း က လည်းမရှိ ။ လူ က လည်း မရှိတော့ လူကောင်း နေရာက သေနတ် ပစ်ရင် လူဆိုး နေရာ က သူတို့ ပဲ ပြန် သေရ ။ လူဆိုးက ပစ်ရင် လူကောင်း နေရာ သူတို့ ပဲ ပြန် မှန်ရ နဲ့ ဆိုတော့ ကြာ တော့ ဘယ်သူမှ မလုပ်ချင် ကြတော့ဘူး ” 


“ ဒါနဲ့ အခု ဆရာက မတော်လှန် တော့ ဘယ်သူမှ ဆက်ပြီး မတော်လှန် ကြတော့ဘူးလား ”


“ ငါ့ ယောက်ဖ တော်လှန် နေတယ်လေ ၊ ငါ့ ယောက်ဖ လည်း မင်းသား ပဲ ၊ ဒါပေမဲ့ ခက်တာက ဒီကောင် က ခေါင်း ကြီးပြီး လက် တို နေ တာကွ ၊ ငါတို့ ငယ်ငယ်တုန်းက လို ကျောင်း နေရင် လက် က ခေါင်း ကို ကျော် ပြီး နားရွက် ကိုင် ပြရတာလေ ၊ အဲဒီလို တစ်ဖက် နားရွက် ကို မီမှ ကျောင်း နေရတာ ၊ အဲဒီ စနစ်သာ ခုချိန်ထိ ရှိရင် ဒီ ကောင် ဒီ အရွယ် ထိ သူငယ်တန်း တက်ရမှာ မဟုတ်ဘူး ၊ ဒီကောင့် လက် က ငယ်ထိပ် လောက် ပဲ ရှိတာ ။ တော်လှန်ရေးကား သာ ရိုက်တာ အပြင်မှာ ဆို ဒီ ကောင့် ခေါင်းကြီး က ပစ်မလွဲကြီး ၊ နောက်ပြီး ဒီ ကောင့် လက် က ရိုင်ဖယ်သေနတ် ခလုတ် တောင် မှီရုံ အနိုင်နိုင် ၊ ဟီဟိ ... ဒါပေမဲ့ အဲဒီ လက် တိုတို နဲ့ ပဲ အလုပ် ဖြစ်နေတာ ”


ဪ ... တော်လှန်ရေးသမား မျိုးရိုး ပါလား ။ ကြည့်ရင်း ကြည့်ရင်း ပင် လေးစား လာရ၏ ။ ကျိုက်ထီးရိုး ဝါးသေနတ် ရှိရုံ နှင့် အလုပ် ဖြစ် နေသည့် မျိုးရိုး ပေ ကိုး ။


“ ယောက်ဖ က တော် တော့ တော် တယ်ကွ ၊ သူ ရိုက်တဲ့ ကား ကို သူများ မကြိုက်ပေမယ့် အခု ချိန်ထိ သူ ကောင်းတယ် လို့ ပြောရဲတယ် ကွ ၊ ဒါကို က ခပ်ပေါပေါ မျက်နှာ ပြောင်တာ မဟုတ်ဘူးနော် ဒီလောက် ကြီးတဲ့ မျက်ခွက် က ဒီလောက် ပြောင်တယ် ဆိုတော့ ပုံပြင် ထဲ မှာပဲ ဒီလို ကောင် ရှိသင့်တယ် ”


စသည်ဖြင့် ဒရဝမ် ၊ ဒါရိုက်တာ ၊ ဒရိုင်ဘာ ကျော်ကို မှ သူ ၏ ဗွီဒီယိုသမိုင်းများ ကို ပြတိုက် သဖွယ် ရှင်းလင်းပြသ နေတော့၏ ။ 


“ ငါ ဒါရိုက်တာ မလုပ်ခင်က ဒီးဒုတ် ထောင်တာကွ ၊ ပြီးမှ တိုက်ရိုက် ဒရဝမ် ရတာ ”


စကားသံ သည် လေ ထဲ ၌ ပျံ့လွင့်ပြီး အကောင်အထည် မပျက် ရှိနေပါ က စကြာဝဠာ တစ်ခုလုံး ၌ အသုံးမကျမှုများ နှင့် သာ ပြည့်နှက် နေ လေတော့မည် ။


သူ ၏ စကားများ ကို နာကြား ရင်း မြင့်စန်းရီ မျက်နှာလေး မြင်ယောင် နေမိသည် ။ ဪ ... သည် အတိုင်း ဆိုလျှင် မြင့်စန်းရီ ခမျာ လည်း လေဥ ဥပြီး ဖောရှာပေတော့မည်လေ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၆ )


 မနက် အစောကြီး ဘုန်းကြီးကျောင်း မှ ထမင်း ကပ် စားပြီး ဘာ လုပ်ရမှန်း မသိဘဲ ယောင်ပေပေ ဖြစ်နေသည် ။

မနက်ဖြန် မနက် မြန်မာပြည် တစ်ပတ် ဘုရားဖူး ထွက်မည့် မြင့်စန်းရီ နောက် ဘယ်လို ကပ် ပါအောင် လုပ်ရမည် မသိ ။ နဖူး ပေါ် လက် တင်တော့ လက် က မငြိမ် ။ လက် ပေါ် နဖူး တင် တော့ လည်း နဖူး က မငြိမ် နှင့် ဘာ လို လို့ လို နေမှန်း မသိ ဖြစ်နေသည် ။

ဆောင့်ကြောင့် ထ ထိုင် မိသည် ။ ဒူး က ရင်ဘတ် ထိ နေ၍ ရင်ခုန်သံ မြန်ကြောင်း သိ နေရသည် ။

ထို အတိုင်း ဘေး သို့ ခွေခေါက် ကာ လှဲ ချ လိုက်သည် ။ လေ တိုး၍ ခြေဖျား က အေး သလို တင်ပါး က အေးသလို ပက်လက် ပြန် လှန်သည် ။ လက် ကို နဖူး ပေါ် ထား ရမလား ရင်ဘတ် ပေါ် တင် ရမလား မသိ ။

“ ဘယ့်နှယ်ကြောင့် ဒီ လောက်တောင် ဂနာမငြိမ် ဖြစ်နေရတာလဲ စောကြည်ဖြူ ရဲ့ ”

ကို ဖိုးသက် ရဲ့ အမေး ၊ သက်ပြင်း အရင် ချမိသည် ။ 

“ ဘယ်လို လုပ်ရမှန်း တောင် မသိတော့ပါဘူး ဖိုးသက် ရာ ” 

“ ဘာဖြစ်လို့တုန်း ”

“ မနက်ဖြန် မြင့်စန်းရီ က သူ့ ကြီးတော် တွေ နဲ့ မြန်မာပြည် အနှံ့ ဘုရားဖူး ပတ်မလို့တဲ့ဗျ  ”

“ ဟ ... ကောင်းတာပဲ ၊ ကုသိုလ်ရေး ကိစ္စ မို့ အားပေးရ မှာပေါ့ ၊ သာဓု ဗျာ .. သာဓု .. သာဓု ၊ ဒီလို အခွင့် အရေးမျိုး က အင်မတန် ကံ ကြီးသူများ က သာ ရတာကလား ၊ ဒီ ကလေးမ ကုသိုလ် ထူးပါ့  ”

ဪ ... မြင့်စန်းရီ က မှ ကုသိုလ် ထူး လျှင် မြင့်စန်းရီ နှင့် ခွဲရ သော ကျွန်တော့် ဘဝ ၏ အကုသိုလ် မှာ ဆိုဖွယ်ပင် မရှိတော့ ။ မြင့်စန်းရီ အကြောင်း ခေါင်း ထဲ က ထွက်သည် မရှိ သော ကျွန်တော့် အဖို့ ကတော့ ငရဲ ပင် ။

“ အေး ... နေစမ်းပါဦး ကွ ၊ သူများ ကုသိုလ် ယူ သွားတဲ့ ခရီး ကို မင်း က ဒီက နေပြီး ဘာလို့ ငရဲကျ နေရတာလဲကွ ၊ အဲဒီ ကိစ္စ ငါ မရှင်းဘူး ”

ကျွန်တော် ၏ ချစ်ခြင်း က မည်သည့် ပေတံ နှ င့်မျှ တိုင်းတာ ၍ မရနိုင်ကြောင်း သူ မသိနိုင်ရှာ ။

“ ကိုဖိုးသက် ရယ် မြင့်စန်းရီ ရှိလို့ ကျွန်တော် ဒီ ရွာ ကို ရောက်ခဲ့ တာပါ ၊ မြင့်စန်းရီ သာ မရှိရင် ကျွန်တော် ဒီ ရွာ မှာ ရှိနေခြင်း က လူ ရှိနေ ပါ လျက် နဲ့ နှလုံးသား မရှိတဲ့ ဘဝ ရောက်ရမှာပါ ”

ကိုဖိုးသက် ခေါင်း ကုပ်သည် ။ သူ့ ခမျာ ရာသက်ပန် ဘုန်းကြီးကျောင်းသား မို့ ထို ကိစ္စမျိုး နားလည်ပုံ မပေါ် ၊

“ ဆိုလိုတာ က မြင့်စန်းရီ မရှိဘဲ ကျွန်တော် ဒီ ရွာ မှာ နေခဲ့ တော့ ရော ဘာ အကြောင်း ထူး တော့မှာလဲ ဗျာ ”

ကိုဖိုးသက် ခေါင်း ကုတ် ပြန်သည် ။

“ အေး ... ဒါလည်း ဟုတ်ပြန် ရော ၊ အဲဒါဆို မင်း သူတို့ ရွာ ဘုရားဖူး ကား နဲ့ မပါ ပါအောင် လိုက်ပေါ့ကွ ”

ခေါင်းအုံး အောက် ရောက် နေသော ကျွန်တော့် ခေါင်း ဆတ်ခနဲ ထောင် သွားသည် ။ 

“ ဘုရားဖူး ကား နဲ့ ” 

“ အေးလေကွာ ” 

“ မပါ ပါအောင် ”

“  အေးပေါ့ ”

သူ့ စကား ကြားတော့ ကျွန်တော် အားတက် သွားသည် ။ နောက်မှ စဉ်းစား မိ ပြီး ...

“ နေဦးဗျ ... သူတို့ ဘုရားဖူး ကား က လူ အပြည့် တင်ပြီး သွားမှာပဲ ၊ ကျွန်တော် က ဘယ်လို ကပ် လိုက် လို့ ဖြစ်မှာလဲ ”

“ အာ .. မင်းနှယ် အ , မလိုနဲ့ တုံးလိုက်တာ ”

ပြောတာ က ဘာမှ ကို မကောင်း “ လူ ကို များ မအဘူး များ မှတ်နေလား ” ဟု မေးရ မလိုပင် ။

“ ကား ပေါ် ဘုရားဖူး ဘယ်လောက် ပြည့်ပြည့် ကားဆရာ နဲ့ ညှိ ပြီး စပယ်ယာ အနေနဲ့ လိုက် သွားပေါ့ကွ ”

“ စပယ်ယာ ”

“ အေးလေ ... ဒီ တစ်ယောက် ပဲ ရှိတော့တာ  ”

ကိုဖိုးသက် စကား ကြောင့် မရိုးမရွ ဖြစ်သွားရသည် မဟုတ်လား ။ ကားဆရာ ( ဒရိုင်ဘာ ) နှင့် ညှိပြီး စပယ်ယာ ဆိုပြီး လိုက် သွား လျှင် ရသား ။ ထို့ကြောင့် ...

“ ဘုရားဖူး ကား က ဘယ်မှာ ရှိတာလဲ ”

“ ရွာလယ် က ဒရိုင်ဘာ ကျော်ကို အိမ် ဆို ၊ ဟ ... ဟေ့ ... အေ့ ... နေ ... နေဦးလေ  ”

ကိုဖိုးသက် စကား ကို ဆုံးအောင် နား မထောင်နိုင်တော့ ။ ခြေလှမ်း က အလိုလို နေရင်း ရွာလယ် ဆီ သို့ သုတ်ချေတင် မိသည် ။ 

“ ဟေ့ ... ဟေ့ကောင် ၊ စောကြည်ဖြူ ၊ အဲဒီ ကျော်ကို က စိတ် ဆတ်တယ် နော် သတိထား ”

အနောက် က အသံ က ခပ်ညို့ညို့ သာ ပါလာသည် ။ ခြေလှမ်း က သာ ပြာခဲ ပြာခနဲ ။

◾ အကြည်တော် 

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 

#ကိုအောင်နိုင်ဦး

.

ကြယ်စင်များဆီသို့


 

❝ ကြယ်စင်များဆီသို့ ❞

( ၁ )

ဘာမျှ ဆန်းကြယ်သော ကိစ္စ တော့ မဟုတ်ပေမဲ့ ခံတော့ လည်း ခံစားရသည် ။

သူ့ ဘဝ မှာ သူ အင်မတန် လိုချင် တပ်မက်သော အရာများ အားလုံး နီးနီး ဘာမျှ သူမရခဲ့ ။ သည်တော့ သည် တစ်ခါ လည်း စွဲလမ်းတပ်မက် သော အရာ ကို မျှော်လင့်နိုင်ခွင့် မရှိသည် မှာ ဘာမျှ ထူးဆန်းသော ကိစ္စ မဟုတ် ။

သို့သော် သူ့ အသက်က ၁၈ နှစ် မဟုတ်ပါလား ။

အသား ဖြူလွန်းတာ က လွဲ၍ အခြား သူများ အမြင်တွင် သာမန် ကြည့်ပျော် ရှုပျော်မျှ သာ ဖြစ်သော “ မိုးနန္ဒာ ” ဆိုသည့် ၁၈ နှစ် အရွယ် မိန်းကလေး သည် သူ့ မျက်စိ ထဲ တွင် မူ တကယ့် ကို မိုး ပေါ် က နတ်သမီးကလေး တစ်ပါး လို လှပ တင့်တယ်နေသည် ။

မိုးကောင်းကင်ကြီး အောက် မှာ ရေကန်ကြီး တစ်ကန် ရှိနေခဲ့မည် ဆိုပါစို့ ။ ထို ကန် ၏ ရေပြင် သည် မိုးနန္ဒာ ၏ မျက်ဝန်း တစ်စုံ လိုပင် ကြည်လင်အေးမြ ၍ နေပေလိမ့်မည် ။ ရေစီးသံ တို့ က လည်း မိုးနန္ဒာ ၏ ရယ်မောသံ တိုးတိုးကလေး လို ပင် ချမ်းမြေ့ ညွတ်နူးဖွယ်ရာ သာယာ ၍ နေစေ လိမ့်မည် ။

ခက်တာ က မိုး ပေါ် တွင် လည်း ရေကန်ကြီး တစ်ကန် ရှိနေခဲ့မည် ဆိုပါစို့ ။ ထို ကန် ၏ ရေပြင် သည် မိုးနန္ဒာ ၏ မျက်ဝန်း တစ်စုံ လို ပင် ကြည်လင်အေးမြ၍ နေပေလိမ့်မည် ။ ရေစီးသံ တို့ က လည်း မိုးနန္ဒာ ၏ ရယ်မောသံ တိုးတိုးကလေး လို ပင် ချမ်းမြေ့ညွတ်နူးဖွယ်ရာ သာယာ ၍ နေစေ လိမ့်မည် ။

ခက်တာ က မိုးပေါ် တွင် ကြယ်စင်များ သာ ရှိပြီး ဘယ်တုန်း က မှ ရေကန်ကြီး တစ်ခု ရှိ မနေခဲ့ ။ မိုးနန္ဒာ သည် လည်း နတ်သမီးကလေး တစ်ပါး မဟုတ်ခဲ့ ။

သူ့ အဖေ စာရင်းကိုင် တာဝန် ထမ်းဆောင် နေသော ကုမ္ပဏီကြီး တစ်ခု မှ ပိုင်ရှင်သူဌေးကြီး ၏ သမီး သာ ဖြစ်သည် ။

မိုးနန္ဒာ နှင့် သူ တွေ့ဆုံခွင့် ရသည့် အကြောင်းရင်း သည် ပင်လျှင် သူ့ ဖခင် က သူ့ ကို ထား ပေးရန် မတတ်နိုင်သည့် သင်တန်း တစ်ခု ကို မိုးနန္ဒာ ဖခင် က ငွေကြေး စိုက်ထုတ်၍ ထား ပေး ရာမှ တစ်တန်း တည်းသား အဖြစ် မြင်ဖူးခဲ့ရခြင်း ဖြစ်သည် ။

“ မင်း မမ ကို လည်း စောင့်ရှောက် ၊ တစ်တန်းတည်းသား ပဲ ဖြစ်ဖြစ် ၊ အပြင် က  ပဲ ဖြစ်ဖြစ် ကောင်လေးတွေ လာ နှောင့်ယှက်ရင် ဦး ကို တိုင် ”

မိုးနန္ဒာ က သူ့ ထက် လပိုင်းမျှ အသက် ကြီးသည် ဟု သိရသည် ။ ဘာပဲဖြစ်ဖြစ် သူ့အဖေ က မိုးနန္ဒာ ၏အဖေ ကို ‘ ဆရာ ’ ခေါ် ရတော့ သူ က လည်း မိုးနန္ဒာ ကို မမနန္ဒာ ဟု ပင် ခေါ်ရပေ လိမ့်မည် ။

ဒါပေမဲ့ ဒါကလည်း စိတ်ကူး ကြည့်မိသော အဆင့်တွင် ပင် ရပ်တန့် သွားရသည် ။ စောင့်ရှောက်ရမည် ဟု တာဝန်ပေး ခံရသော မိုးနန္ဒာ နှင့် လက်တွေ့ တွင် စကား တစ်ခွန်း မျှ မပြောဖူးခဲ့ပါ ။

ဘယ်လိုမှ လည်း ခေါ်ခွင့်မရခဲ့ပါ ။

( ၂ )

မိုးနန္ဒာ မာန ကြီးသလား ဟု မေးလျှင်တော့ သူ မသိပါ ဟု ပင် ဖြေရမည် ။

မကြီးဘူး ဟု ထင်သည် ။ ဒါလည်း သိပ်တော့ မသေချာလှ ။ သူ့ ကို သူ မ၏ ဖခင် ခန့်ထားသော ဝန်ထမ်း တစ်ဦး ၏ သား ဟု တော့ သိထား ဟန် တူသည် ။ တစ်ခါ နှစ်ခါ ပင် အဝေး က ပြုံး ပြ ဖူးသည် ။ ဒါကလည်း သူ့ ကို ပြုံးပြသည် ဟု သူ ထင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည် ။

မိုးနန္ဒာ နှင့် ပတ်သက်လျှင် ဘယ်အရာ မှ မသေချာ ။

သေချာတာ တစ်ခု သာ ရှိသည် ။ အဲဒါက မိုးနန္ဒာ သည် သိပ် ချစ်စရာကောင်းသည်ဆိုသည့် အချက် ပင် ဖြစ်သည် ။

( ၃ )

ဗလာစာအုပ် နောက်ဆုံး စာမျက်နှာ မှာ ဘောလ်ပင် နှင့် ခပ်ကြမ်းကြမ်း ခြစ်ဆွဲထားသော ပုံ ကို သူငယ်ချင်း ရဲနောင် မြင် သွားသည် ။ အတင်း လု ယူ၍ ကြည့် သဖြင့် မြင်သွားခြင်းပါ ။

ကိုယ့် ပန်းချီ လက်ရာ က ဘယ်သူ ဆိုတာ သိသာလောက်အောင် ကောင်းမည် မဟုတ်၍ ဘာမေးမေး ဘူး ခံ လိုက်လျှင် ပြီးတာပဲ ဟု သဘော ထား လိုက်သည် ။

သို့သော်

“ မင်းသက်မွန် ”

ရဲနောင် က ကြက်သေသေ နေသော မျက်နှာ ဖြင့် ခေါ်သည် ။

“ ဘာလဲ ”

“ ဒါ မိုးနန္ဒာ မဟုတ်လား ”

သွားပါပြီ ။

“ မဟုတ်ပါဘူး ။ ဒီလိုပဲ မိန်းကလေး ပုံ ဆွဲ ထားတာပါ ။ မင်း က လည်း မျက်နှာတောင် မပါ ။ ကျောဘက် က ဆွဲထားတဲ့ပုံ ဥစ္စာ ကို ဘယ်လိုလုပ် ‘ မိုးနန္ဒာပုံ ’ ဖြစ်ရမှာလဲ ”

“ ကျောဘက် က ဆွဲ ထားလို့ သိတာပေါ့ ကွ ၊ သင်တန်း မှာ မင်း နဲ့ ငါ ဘေးချင်းယှဉ်ထိုင် နေတာ ။ အဲဒီ နေရာ က နေ မိုးနန္ဒာ နေရာ ကို လှမ်း ကြည့် လိုက်ရင် ဘယ်လို ‘ အင်န်ဂယ်လ် ’ နဲ့ မြင်ရတယ် ဆိုတာ ငါ သိတာ ပဲ ၊ မင်း တစ်ချိန်လုံး လှမ်း လှမ်းကြည့်နေတာလည်း ငါ မြင် မြင်နေတာပဲ ”

သည် တစ်ခါတော့ တကယ် သွားပါပြီ ။

( ၄ )

“ ဒီလောက် ခံစား နေရရင်လည်း ဖွင့် ပြောကွာ ”

ရဲနောင် က အင်းလျားရေပြင် ကို ငေးမော ကြည့်နေသော သူ့ ကို ပြော သည် ။

“ မဖြစ်နိုင်တာကွာ ”

“ ဘာ မဖြစ်နိုင်တာလဲကွာ ၊ မဖြစ်နိုင်တာ ဘာမျှ မရှိဘူး ၊ မင်း ယောက်ျား မဟုတ်ဘူးလား ”

သူ က ဖွဖွ ရယ်သည် ။

“ ဘာ ရယ်တာလဲကွ ”

“ ယောက်ျား မဟုတ်ဘူးလား ဆိုတဲ့ စကား ကိုပါ ၊ သတ္တိ နဲ့ ပတ်သက် ရင် အဲသည်စကား တော်တော် ပြော ကြတယ် ၊ ယောက်ျား ဆိုတာ သတ္တိ ရှိရမယ်ပေါ့ ။ သတ္တိ ရှိတာတော့ မိန်းကလေး လည်း ရှိရမှာပါပဲ ၊ ယောက်ျား မဟုတ်ဘူးလား ဆိုတဲ့ စကား နဲ့ သတ္တိ မရှိဘူးလား ဆိုတဲ့ စကား အတူတူ ပါပဲ ထင်တယ် ၊ အေး ... ငါ က ယောက်ျား ၊ သတ္တိ လည်း ရှိတယ် ၊ ငါ ရှိ တဲ့ သတ္တိက တစ်မျိုးပဲ ”

ရဲနောင် မျက်မှောင်ကြုတ် ၍ ...

“ ဘယ်လို သတ္တိလဲ ”

ဟု မေးသည် ။

“ ကိုယ် လိုချင်တာ ကို မရ ရအောင် ယူ တတ်တာ ကို ငါ က သတ္တိ လို့ မထင်ဘူး ၊ ဖြစ်သင့်တာ နဲ့ ယှဉ် လာရင် ဖြစ်ချင်တာ ကို နောက်ဆုတ် ပေး ရဲ တာ ကို သတ္တိ လို့ ထင်တယ် ၊ အဲသည်လို ယောက်ျားမျိုး ကို ယောက်ျား ပီသတယ် လို့ ငါ ယုံကြည်တာ ”

ရဲနောင် က “ ငါ မရှင်းသေးဘူး ” ဟု ပြောသည် ။

“ ရှင်းရှင်းကလေး ပါ ၊ ငါ နဲ့ မိုးနန္ဒာ မေးထူး ခေါ်ပြော တောင် မရှိ ဘူး ၊ ငါ့ အဖေ က သူ့ အဖေ ရဲ့ ကျေးဇူးခံ ကျေးဇူးစား ၊ အေး ... ငါ လည်း ပါတာပါပဲ ၊ အဲဒါ ငါ နားလည်ရမယ် ”

“ ချစ်တာ မှာ အဆင့်အတန်း တို့ ၊ ကျေးဇူး တို့ မရှိဘူးကွ ”

“ အဆင့်အတန်း တွေ ထား ၊ ကျေးဇူး တွေ ထား ၊ လောက ကို စောင့် တဲ့ လောကပါလတရား ဆိုတာ တော့ အမှန်ပဲ ရှိတယ် ။ ဒါ ဖေဖေ တစ်ချိန် လုံး ငါ့ ကို ဆုံးမခဲ့တဲ့တရား ”

“ ဘာလဲကွ ၊ လောကပါလတရား ”

“ ဟိရီ နဲ့ သြတ္တပ္ပ လေ ၊ မကောင်းမှု ပြုရမည် ကို ရှက်ခြင်း နဲ့ မကောင်းမှု ပြုရမည် ကို ကြောက်ခြင်း လို့ အဓိပ္ပာယ် ရတယ် ”

ရဲနောင် က ခေါင်းခါသည် ။

“ ချစ်တာ မကောင်းမှုလား ကွ ”

“ ချစ်တာ က မကောင်းမှု မဟုတ်ဘူး ၊ ပိုင်ဆိုင်ချင် လာရင်တော့ တစ်ခါတလေ မကောင်းမှု ဖြစ်သွား တတ်တယ် ။ ငါ အခု မိုးနန္ဒာ ကို ဖွင့် ပြောကြည့် ၊ မိုးနန္ဒာ က စိတ် ဆိုးလို့ သူ့ အဖေ ကို တိုင်ရင် ဘာ ဖြစ်မလဲ ။ ငါ လည်း ကျောင်း ထွက်ရမယ် ။ ကံ ဆိုးရင် အဖေ လည်း အလုပ် ပြုတ်နိုင်တယ် ”

“ မင်း က အဆိုး မြင်တာကိုးကွ ၊ မိုးနန္ဒာ က ခေတ် မိန်းကလေး ပဲ ၊ ကြိုက် ရင် ပြန် ကြိုက်မယ် ၊ မကြိုက် ရင် တောင် တိုင်မယ်တော့ မထင်ပါ ဘူး ”

“ ငါ အဲဒီ အထိ တောင် စဉ်းစား ထား ပြီးပြီ ”

မင်းသက်မွန် က တိုးတိုး ရယ်သည် ။

“ ဖြစ်တော့ မဖြစ်နိုင်ပါဘူး ၊ မိုးနန္ဒာ က ငါ့ ကို မှတ်မှတ်သားသား ရှိရင် တောင် ကံကောင်း ၊ အေး တကယ်လို့ မဖြစ်နိုင်ဘူး လို့ ထင် တာတွေ ဖြစ်ခဲ့လို့ မိုးနန္ဒာ က ငါ့ ကို ပြန် ချစ်ခဲ့ရင် တောင် သူ့ မိဘ သိရင် အတင်း ခွဲ မှာပဲ ။ သူ က စွန့်စားပြီး ငါ့ နောက် လိုက်ခဲ့ရင် လည်း ငါ ဟာ ကိုယ် တကယ် ချစ်တဲ့ သူ ကိုယ့် ကြောင့် သိမ်သိမ်ငယ်ငယ် နေရတာ ကို ကြည့် ပြီး တစ်သက် လုံး စိတ်ဆင်းရဲ သွားရမှာပဲ ၊ အချစ် ဆိုတာ ဘာလဲ ။ ငါ သေသေ ချာချာ မသိပေမဲ့ ငါ သူ့ ကို ချစ်တဲ့ အချစ် က အဲသလိုမျိုး တော့ မဖြစ်စေချင် တာ အမှန်ပဲ ”

ရဲနောင် က မဲ့ပြုံး ပြုံးသည် ။

“ မင်း က ရှေးရှေးက ဝတ္ထုစာအုပ်တွေ ထဲ က လို အချစ်စစ် ဆိုတာ စွန့်လွှတ်ခြင်းတွေ ၊ ဘာတွေများ ကြွေးကြော်ချင်သေး လို့ လား ။ ခေတ် လူငယ်တွေ ပါ ကွာ ၊ အချစ် ဆိုတာ ရယူပိုင်ဆိုင် နိုင်အောင် ကြိုးစားရဲတာ ကို ခေါ်တာကွ ”

မင်းသက်မွ န်က ခေါင်း ခါသည် ။

“ ခေတ် လူငယ်တွေ မှာ ရှေး က လူငယ်တွေ နဲ့ မတူတဲ့ ခံယူချက်တွေ ရှိကောင်း ရှိမယ် ၊ လောကပါလ တရား ကို တော့ သွား ပြောင်းလို့ မရ ဘူး ၊ ကိုယ့်ကြောင့် သူ တစ်ပါး ဘဝ ကသိကအောက် ဖြစ်အောင် ၊ နိမ့်ကျ ဆင်းရဲ သွားအောင် လုပ်ရင် ဒါ မကောင်းမှု ပဲ ။ အဲဒီလို မကောင်းမှုမျိုး ကို ကိုယ် သိပ်ချစ်ပါတယ် ဆိုတဲ့ မိန်းကလေး အပေါ် မှာ သွား ကျူးလွန်ဖို့ ခေတ်လူငယ် ဆိုပြီး ဆင်ခြေ ပေးလည်း ဟိရီသြတ္တပ္ပ မရှိတာ က မရှိတာ ပဲ ။ ငါ ရင် ထဲ က ပဲ ချစ်တော့မယ် ရဲနောင် ၊ ငါ့ ကို ဘာမှ မတိုက်တွန်း နဲ့ ၊ ဘယ်သူ မှ လည်း မသိစေနဲ့ ”

ရဲနောင် သက်ပြင်း ချသည် ။

“ မင်း အမြတ်နိုးဆုံး အရာ ကို ဘဝ မှာ မပိုင်ဆိုင် လိုက်ရလည်း အရေး မကြီးဘူးပေါ့ .. ဟုတ်လား ”

“ ဆုံးရှုံးရတယ် ဆိုတာ ကျူးလွန်မိတာ ထက် တော့ ခံသာတယ် ရဲနောင် ၊ ပြီးတော့ ငါ့ ဘဝ မှာ မရှိတာ ၊ မပိုင်ဆိုင်ရတာ တွေ အများကြီး ပဲ ၊ သိပ်တော့ မထူးပါဘူး ၊ ငါ ကွန်ပျူတာ နဲ့ ပတ်သက်တဲ့ ဘွဲ့တွေ လို ချင်တယ် ။ ဒါပေမဲ့ မိဘ အခြေအနေ အရ သင်္ချာ စာပေးစာယူ ဘွဲ့ ပဲ တက် ယူနိုင်တယ် ။ ငါ့ မိဘ ကို အိမ် ငှား နေရတဲ့ ဘဝ ကနေ ကိုယ်ပိုင် အိမ် ၊ အနည်းဆုံး တိုက်ခန်း ရှိစေချင်တယ် ။ လက်တွေ့ မှာ တော့ ငါ တောင် မိဘ ဆီ က လက်ဝါး ဖြန့် နေရတုန်း ။ ဖေဖေ အသက် ၅ဝ ကျ မှ ဘတ်စ် ကားကြီး စီး နေရတာ မကြည့်ရက်ဘူး ၊ ဒါပေမဲ့ ငါ လည်း စီး နေရတာပဲ ။ ငါ့ မှာ အစ်ကို တစ်ယောက် ပဲ ရှိတာ ၊ မွေး ကတည်း က ဉာဏ်ရည်နိမ့် ရောဂါ ပါ လာလို့ စာသင် ဖို့ မပြောနဲ့ ၊ သူ သွားလေရာ နောက် က တကောက် ကောက် လိုက် ကြည့်နေရတယ် ၊ ငါ လည်း မင်း မှာ ရှိသလို ဉာဏ် ကောင်း ပြီး ကိုယ့် ဘဝ ကို ဦးဆောင်လမ်းပြ နိုင်မယ့် အစ်ကို တစ်ယောက် ရှိချင် တာပေါ့ ။ ဒါပေမဲ့ မဖြစ်နိုင်ဘူး ၊ ဘဝ မှာ မဖြစ်နိုင် လို့ လက်လျှော့ ထား ရတာတွေ အများကြီး ပါ ကွာ ၊ ချစ်သူ တစ်ယောက် ကို မပိုင်ဆိုင်ရ လို့တော့ ဘဝကြီး က ထူးပြီး စုတ်ပြတ် မသွားနိုင်ပါဘူး ”

မင်းသက်မွန် ရင် ထဲ ရှိသမျှ စကားတွေ အရှည်ကြီး ပြော လိုက်ရလို့ မောသွားဟန် ဖြင့် အဝေး တစ်နေရာ သို့ ငေးမော နေသည် ။ ရဲနောင် က တော့ အားမလို အားမရ ဟန် ဖြင့် ပြောသည် ။

“ ဘဝ မှာ မပြည့်စုံတာ တွေ ကို ချည်း စဉ်းစားပြီး အားလျှော့ နေရမှာ မှ မဟုတ်တာ ၊ ရှိ လာအောင် ပြည့်စုံ လာ အောင် ကြိုးစားရမှာ လေ ”

မင်းသက်မွန် ပြုံး ၍ ခေါင်းခါ ပြသည် ။

“ ကြိုးစားမှု က တော့ အမြဲ စိုက်ထုတ် နေရမှာ အမှန်ပါပဲ ။ ဒါပေမဲ့ ဖေဖေ ပြောဖူးတယ် ။ ရ ကို ရ ရမယ် ။ ဖြစ် ကို ဖြစ်ရမယ် ဆိုပြီး အရူးအမူး စိတ် နဲ့ ကြိုးစားရ မှာ မဟုတ်ဘူး တဲ့ ။ ပေး လာတဲ့ အခြေအနေ ပေါ် မှာ မူတည်ပြီး လုပ်သင့်တာ ကို စဉ်းစား ၊ အကောင်းဆုံး ဖြစ်အောင် လုပ် တဲ့ ၊ ဖြစ်လာ တာ မဖြစ်လာ တာ ကံတရား တဲ့ ။ အဲသလို စိတ် ထား တတ်ရင် ဖြစ် မလာရင် လည်း ဝမ်းမနည်းတော့ ဘူးတဲ့ ။ အေး ... ဖြစ်လာရင် တောင် ”

မင်းသက်မွန် က ရယ်ပြန်သည် ။

“ ဖြစ်လာရင် တောင် သိပ် ပျော်ချင် မှ ပျော် မှာတဲ့ ၊ အခြေအနေ က လည်း ပေး ၊ ကြိုးစားအားထုတ်မှု လည်း အလုံအလောက် ထည့် ပြီးတဲ့ အခါကျ ရင် ပင်ပန်း ပြီး အရင် က လိုချင် မက်မောခဲ့တဲ့ အရာတွေ ကို တောင် မရ လည်း နေ ဆိုပြီး စိတ်မဝင်စားတော့ဘူး ဆိုတဲ့ စိတ်မျိုး ပေါ်လာရော တဲ့ ၊ အဲဒီလို သိပ် မလိုချင်တော့ လောက်အောင် မောပန်းနွမ်းနယ် တဲ့ အခါကျ တော့ မှ တစ်သက်လုံး လိုချင် ထားတဲ့ အရာတွေ က တစ်ခု ပြီး တစ်ခု ရ လာတတ်တာမျိုး တဲ့ ”

ရဲနောင် က နှုတ်ခ မ်းရှုံ့ ၍

“ မင်း စကား တွေ ရော ၊ မင်း အဖေ စကား တွေ ရော ၊ ဘာမှ နားမလည် တော့ပါဘူးကွာ ” ဟု ဆိုသည် ။

( ၅ )

ကြိုတင် မျှော်လင့်ထားသည့် အတိုင်းပင် မိုးနန္ဒာ နိုင်ငံခြား သို့ ထွက် ခွာ သွားသည် ။ ကျောင်း ဆက် တက်မည် ဟု သိရသည် ။ မင်းသက်မွန် နှင့် သိကျွမ်းရုံ မျှ ပင် မရှိခဲ့သဖြင့် နှုတ်ဆက်လ ည်း မသွား ။ အဆက်အသွယ် လည်း မရှိတော့ ။

မင်းသက်မွန် က စာပေးစာယူ ဖြင့် ဘွဲ့ ရပြီး ကွန်ပျူတာဆိုင်ရာ နိုင်ငံတကာ စာမေးပွဲ တစ်ခု ကို ပြည်တွင်း မှ ဝ င်ဖြေ၍ ထူးချွန်စွာ အောင်မြင်ခဲ့သည် ။ မိုးနန္ဒာ ၏ ဖခင် က သူ့ ကုမ္ပဏီ တွင် အလုပ် ပေး သော်လည်း မင်းသက်မွန် ၏ ဖခင် က သား ကို စကော်လားရှစ် ရှာ ၍ နိုင်ငံခြား သွား ပညာ သင်စေချင်သည် ။

“ ဖေဖေ လုပ်နိုင်ပါသေးတယ် သား ရယ် ၊ ကိုယ့် ရှေ့ရေး ကိုယ် ကြည့်ပါ ”

ထူးချွန်စွာ အောင်မြင်ခဲ့သည့် စာမေးပွဲ ၏ ရှေ့ပိုင်း က ရင်ဆိုင်ခဲ့ ရ သော အိပ်ပျက်ညပေါင်း များစွာမှ နာလန်ကောင်းကောင်း မထသေး သော် လည်း ဖခင်ကြီး ၏ စေတနာ ကို အသိအမှတ် ပြုသည့် အနေနှင့် မင်းသက်မွန် ဆက် ကြိုးစားခဲ့သည် ။

တစ်နှစ် မပြည့်မီ အချိန် အတွင်း တွင် ယူကေနိုင်ငံ ဘာမင်ဟန် တက္ကသိုလ် တွင် ကွန်ပျူတာ ဘွဲ့လွန်သင်တန်း တက်ရန် ပညာသင် ဆု ရခဲ့သည် ။

ယူကေနိုင်ငံ ရောက်ပြီး အချိန်ပိုင်း အလုပ် လုပ်လိုက် ၊ ကျောင်း တက် လိုက် ရုန်းကန် နေဆဲ အချိန် တွင် ကိုသက်နောင် နှင့် ဆုံရ လေသည် ။

( ၆ )

ကိုသက်နောင် က မင်းသက်မွန် လို ပင် မြန်မာပြည် မှ အင်ဂျင်နီယာ ပညာ သင်ရန် ယူကေနိုင်ငံ သို့ ရောက်ရှိပြီး ဘာမင်ဟန် တက္ကသိုလ် တွင် ပင် တက်ရောက် နေသည့် မင်းသက်မွန် ထက် သုံးနှစ် ခန့် ကြီးသည့် အစ်ကို အရွယ် လူငယ် တစ်ဦး ဖြစ်သည် ။

“ ညီ ကြိုးစားတာ တော့ ကြိုးစား ကွ ၊ ဒါပေမဲ့ လူ လို ကြိုးစား ၊ စက်ရုပ် လို မကြိုးစား နဲ့ ၊ မင်း ဒီလို ပုံစံနဲ့ ဆို မကြာဘူး ၊ ရူးမယ် ”

မင်းသက်မွန် မချိသွားဖြဲ ရယ် ပြသည် ။

“ အစ်ကို့ လို မိဘ က ကုမ္ပဏီ ဖွင့် ပေးဖို့ ငွေထုပ်ပိုက် စောင့်နေတာ မဟုတ်ဘူး အစ်ကို ၊ ကျွန်တော် တို့ ဘဝ က ပညာ ပဲ အားကိုးစရာ ရှိတာ ”

“ မင်း ငါ့ ဆီ လုပ် လို့ ကတော့ ငါ က ခန့်ပြီးသားပဲ ။ မင်း လို လူ တစ်ယောက် ကုမ္ပဏီ မှာ ထည့်ထား ပြီးရင် ငါ ဂေါ့ဖ်ကလေး မှန်မှန် ရိုက်ပြီး နှပ် နေရုံပဲ ”

“ အင်းပါ မြန်မာပြည် ပြန် ရောက် မှ အစ်ကို့ စကား အစ်ကို မေ့ မနေ နဲ့  ၊ ကျွန်တော် က ဒုက္ခ ရောက်တာ နဲ့ ပြေး လာမှာ ”

တကယ်တမ်း ကျ တော့ မြန်မာပြည် ပြ န်မရောက်ခင် ကတည်း က မင်းသက်မွန် ဒုက္ခ တွေ ကို ကိုသက်နောင် ကယ်တင် နေရပြီ ၊ အလုပ် က တစ်ဖက် နှင့် စာ ဖိ ကြိုးစား ရင်း က ဖျား ပြီး အိပ်ရာ ထဲ လဲ တော့လည်း ဆွေမရှိ ၊ မျိုးမရှိ နိုင်ငံခြားသားတွေ ကြား ထဲ မှာ အစ်ကိုရင်း တစ်ယောက် လို ဂရုစိုက် ပြုစုစောင့်ရှောက် ပေးခဲ့သည် ။ တော်တော် နှင့် အလုပ် ပြန် မလုပ်နိုင် သဖြင့် လူဝင်မှုကြီးကြပ်ရေးရုံး သို့ ငွေလက်ကျန် ပြရန် အခက်အခဲ ကြုံသော အခါ တွင် လည်း မင်းသက်မွန် ၏ ဘဏ်စာရင်း ထဲ သို့ သူ့ ငွေများ သွင်း၍ ပြေလည် စေခဲ့သည် ။

“ အားနာလိုက်တာ အစ်ကို ရာ ”

“ ဟကောင် ရ ၊ ငါ က အကြံသမား ကွ ”

“ ဘာလဲ အစ်ကို ရ ”

“ တဲလင့်စကောက် ဆိုတာလေ ၊ မင်း မကြားဖူးဘူးလား ၊ လုပ်ငန်းခွင် ထဲ ကျရင် ကြိုးစားမယ့် တော်မယ့် ကောင်တွေ ကို ကျောင်းသားဘဝ ကတည်း က တွေ့အောင်ရှာ ထားပြီး ကျေးဇူး ရှိအောင် တမင် လာ ချည် တာလေ ။ ဟား ဟား ဟား ၊ မြန်မာပြည် ရောက်ရင် ငါ့ ဆီ က လွဲပြီး ဘယ်မှာမှ လုပ်ဖို့ စိတ် မကူးနဲ့ တော့ ”

ဘုရားရေ ။

တကယ်ကို ဉာဏ် ကောင်းပြီး ငါ့ အပေါ် ကူညီလမ်းပြမယ့် အစ်ကို တစ်ယောက် ရနေပါပေါ့လား ။ မင်းသက်မွန် ကြည်နူးစွာ ပြုံး မိသည် ။

( ၇ )

နှစ်ဦး စလုံး မြန်မာပြည် ပြန် ရောက်လာကြပြီး မကြာခင် ကိုသက်နောင် က တကယ့် ကို ကုမ္ပဏီ တစ်ခု ထူထောင် ခဲ့ပြီး မင်းသက်မွန် ကို လည်း သူ့ ကုမ္ပဏီ တွင် အိုင်တီပညာရှင် အဖြစ် ခန့်ထား ခဲ့သည် ။

ကိုသက်နောင် ၏ လာဘ် မြင်မှု ၊ လက်အောက်ငယ်သားများ အား မိဘ သဖွယ် ချစ်ခင်စွာ စောင့်ရှောက်တတ်မှု ၊ လက်အောက်ငယ်သားများ က လည်း ကျေးဇူးတုံ့ပြန် ကြိုးစားကြမှု ၊ မင်းသက်မွန် ၏ မိတ်ဆွေရင်း တစ်ယောက် လို ပံ့ပိုးမှု တို့ ကြောင့် သုံးနှစ်ခန့် အတွင်း တွင် ကိုသက်နောင် ၏ ကုမ္ပဏီ က အရှိန်အဟုန် ကြီးမားစွာ အောင်မြင်မှု ရ လာသည် ။

“ အစ်ကို ကျွန်တော့် ကို လခ တိုး ပေးပြန်ပြီ ဆို ”

“ ဖြည်းဖြည်းလုပ်ပါ ငါ့ ကော င်ရာ ၊ လခ တိုး တာ ဒီလောက် အလန့်တကြား ဖြစ်စရာ မလိုပါဘူး ”

“ များလွန်းလားလို့ အစ်ကို ရ ”

“ များ ရင် ငါ့ လိုက်ကျွေး ကွာ ၊ မင်း က လည်း မင်း က အိုင်တီ မဟုတ်တော့ဘူး ၊ ဂျီအမ်မ် ဖြစ်သွားပြီ ၊ တန်းတူကုမ္ပဏီ တွေ က ဂျီအမ်မ်တွေ နဲ့ အတူတူပေးတာ ၊ ပြီးတော့ အခု မင်း စီးစီး နေတဲ့ ဆလွန်းကား ကို မင်း အိမ် ယူ သွားတော့ ၊ မင်း မိဘတွေပါ သုံး ချင် သုံး ၊ အေး တစ်ခု ပဲ ရှိတယ် ”

“ ဘာလဲ အစ်ကို ”

“ မင်း ကို ဟန်းဖုန်း ပေးထားတာတော့ ပေးထားတာပေါ့ ကွာ ၊ ဒါပေမဲ့ ရုံး က တစ်ချိန်လုံး ခေါ်နေတာ ဆိုတော့ မင်း ရော ၊ မင်း မိဘတွေ ရော ယောက်လမ်း က တိုက်ခန်း ကို ပြောင်း နေကြတော့ ၊ ဖြစ်မလား ”

ရယ်ကျဲကျဲ နှင့် သာ ...

“ အားနာစရာကြီး အစ်ကို ရာ ” ဟု ဆို ရသည် ။

“ အားနာ မနေနဲ့ ၊ နေ့ရော ညပါ ငါ့ အလုပ် ထဲ မှာ ပဲ နစ် နေလို့ မင်း ကို ငါ က ပြန် အားနာ နေတာ ၊ မင်း အခု အသက် ၂၆ နှစ် မဟုတ်လား ”

“ ၂၅ နှစ်ကျော်ပြီ အစ်ကို ၊ ဘာလို့လဲ ”

“ ရည်းစားတောင် မထားအားသေးဘူး ဟုတ်လား ”

မိုးနန္ဒာ ကို ရိပ်ခနဲ သတိရ မိသည် ။ နိုင်ငံခြား မှာ ပဲ နဲ့ တူပါရဲ့ ။ ခေါင်း သာ ခါ ပြလိုက်ပြီး အစ်ကို ကျတော့ရော ဟု ပြောတော့ ဟက်ဟက် ပက်ပက် ရယ်သည် ။

“ ငါ မိန်းမ ယူတော့မယ်ကွ ညီ ရ ၊ ယူကေ တုန်း က ငါ အွန်လိုင်း နဲ့ ချိတ်မိ နေတဲ့ ကောင်မလေး လေ ၊ မိုးသူဇာ ဆိုတာ ၊ အခု ဒီမှာ ဆုံပြီး အဆင် ပြေ နေကြတာ ကြာပြီ ။ အခု ဝါ မဝင်ခင် ယူမှာ ၊ မင်း တောင် လူပျိုရံ လုပ်ရဦးမှာ ”

“ အစ်ကို က လျှိုတယ် ဗျာ ”

“ လျှို မနေနဲ့ ၊ ဒီမှာ ငါ့ ခယ်မလောင်း က အပျိုရံ လုပ်ရမှာ ၊ အဲဒါ ယူ ၊ မယူရသေးဘူး ၊ သူဇာ က ငါ့ ကို ညှောင့် နေတယ် ။ သူ ညီမလေး က စင်ကာပူ က နေ အိုင်တီ နဲ့ ကျောင်း ပြီး လာတာ ၊ ငါ့ ကုမ္ပဏီ မှာ ခန့် ပါလား ၊ ဘာညာ ပေါ့ကွာ ၊ ငါ က လည်း အိုင်တီ က မင်း ပဲ တွဲ ကိုင်နေတာ ဆိုတော့ ဆွေတွေ မျိုးတွေ သိပ် မထည့်ချင်ဘူး ကွ ၊ မင်း လေ့လာ ကြည့်လေ ၊ လေ့လာ ကြည့်ရင်း က မင်း နဲ့ ပြေလည် သွား လည်း ကောင်းတာပဲ ။ မင်း နဲ့ ငါ တကယ့် ညီအစ်ကို ဖြစ်ရော ပေါ့ ၊ ဟား ဟား ဟား ”

ရှက်ရယ် သာ လိုက် ရယ် နေလိုက်ရသည် ။

( ၈ )

“ ဪ ... ကိုမင်းသက်မွန် ပဲ ကိုး ၊ ထင်သားပဲ ၊ ဒီ နာမည်တူ တော့ မရှိလောက်ပါဘူး လို့ ”

မိုးနန္ဒာ က ချစ်စဖွယ် ပြုံး ၍ ဆိုသည် ။ တုန်ယင်သော နှလုံးသား ၊ လှိုက်ခါနေသော ရင် ၊ ရီဝေသော အသိဉာဏ် ဖြင့် မင်းသက်မွန် ရုတ်တရက် ဘာ ပြန်ပြောရမည် မသိသေး ။

“ ဟ မင်းတို့က သိနေတာလား ”

သက်ပြင်း တစ်ချက် မသိမသာ ချ၍

“ ဖေဖေ မနားခင်တုန်း က တော့ အလုပ် လုပ်ခဲ့တာ မမိုးနန္ဒာ တို့ အဖေ ကုမ္ပဏီ မှာ ပါ ” ဟု တိုးတိုး ဖြေလိုက်သည် ။

မိုးနန္ဒာ က သူ့ ပခုံး တစ်ဖက် ကို ရင်းရင်းနှီးနှီး လက်သီး နှင့် ဖွဖွ ထိုးသည် ။

“ ဘာတွေ ပြော နေတာလဲ ၊ တစ်တန်းတည်းသား သူငယ်ချင်းတွေ လို့ ပြောရမှာလေ ၊ မဆုံတာတောင် ရှစ်နှစ် လောက် ရှိပြီ ”

တုန်ယင်ဆွံ့အ နေသော မင်းသက်မွန် ကို ခဏမျှ စိုက် ကြည့် နေပြီးမှ ကိုသက်နောင် ပေါ့ပါးစွာ ပြုံးသည် ။

“ သူငယ်ချင်းတွေ ဆို အတော်ပဲ ပေါ့ ၊ အစ်ကို နဲ့ မမသူဇာ က ဟိုတယ်ကိစ္စ သွားမယ် ၊ နန္ဒာ က ဒီ ကောင်ကြီး ခေါ်ပြီး ဖိတ်စာကိစ္စ ကို သွားပေးမလား ”

မိုးနန္ဒာ က လက်မ တစ်ချောင်း ထော င်၍ ပြုံးပြ ခေါင်းညိတ် ပြသည် ။ မင်းသက်မွန် က ကြောင်အအ ဖြင့် ...

“ ကျွန်တော် က ဒီ နေ့လယ် ကပ်စတန်ဟောက်စ် ကို သွားရမှာလေ အစ်ကို ”

ဟု ပြန် ဖြေမိသည် ။

ကိုသက်နောင် က မင်းသက်မွန် ကို လက်ညှိုး နှင့် လက်မ ကို သေနတ်ပုံစံ လုပ်၍ ပစ်ထည့်ဟန် ချိန် ပြသည် ။

“ မင်း ကို ငါ ပြောတာ ဘယ်နှခါ ရှိပြီလဲ ၊ အလုပ် ကြိုးစားတာ ကြိုး စား ၊ စက်ရုပ် လို မကြိုးစား နဲ့ ၊ လူ လို ကြိုးစား ၊ ကပ်စတန်ဟောက်စ် မနက်ဖြန် မှ သွား ၊ ဒီနေ့ နန္ဒာ နဲ့ ဖိတ်စာကိစ္စ လုပ် ၊ နေ့လယ် ကျ ရင် နန္ဒာ ကို တစ် ခုခု ဝင် ကျွေးလိုက်ဦး ၊ မဆုံတာ ရှစ်နှစ် ရှိပြီဆို ၊ အေးအေးဆေးဆေး စကား ပြောကြပေါ့ ၊ နောက် ကျရင် ကုမ္ပဏီ ပြန် မလာနဲ့ တော့ ။ နန္ဒာ သာ ပြန် ပို့ ပေးလိုက် ၊ ငါ လည်း ဒီနေ့ ကုမ္ပဏီ ပြန် မလာတော့ဘူး ၊ ဖုန်း ပဲ ဆက် လိုက်မယ် ”

ကိုသက်နောင် က တက်ကြွ ဖျတ်လတ်စွာ ပင် မိုးသူဇာ နှင့် အတူ ထွက်ခွာ သွားသည် ။

မိုးနန္ဒာ က လှပစွာ ပြုံး ၍ ကား ပါတယ် မဟုတ်လား ဟု မေးသည် ။

ထို အပြုံး ကလေး က မင်းသက်မွ န်၏ နှလုံးသား ထဲ သို့ နူးညံ့စွာ စိမ့်ဝင် သွားပါသည် ။

◾ လင်္ကာရည်ကျော်

📖 သရဖူ မဂ္ဂဇင်း
      ဇူလိုင် ၊ ၂၀၀၉

#ကိုအောင်နိုင်ဦး

.

Thursday, May 2, 2024

အေးငြိမ်းသီတာ


 

❝  အေးငြိမ်းသီတာ ❞

အေးငြိမ်းသီတာ ဆေးဝါး ထုတ်လုပ်သူ ဦးတင်မောင်ကြည် နဲ့ ရင်းနှီးခဲ့ကြတာ ၁ဝ နှစ် ကျော် ပါပြီ ။ တိုင်းရင်းဆေးပညာ ဦးစီးဌာန မှာ တာဝန် ထမ်းဆောင် နေတဲ့ ကျွန်တော့် ညီ နဲ့ ပတ်သက်ပြီး သူတို့ မိသားစု နဲ့ ခင်မင် သွားခဲ့တာ ။ မုံရွာမြို့ ကို ရောက်တဲ့ အခါ တစ်ခါတစ်ရံ အေးငြိမ်းသီတာ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ ကို ကျွန်တော် သွား လည်လေ့ ရှိတယ် ။

ယခု တစ်ခေါက် မုံရွာ ကို ရောက် လို့ အေးငြိမ်းသီတာ စက်ရုံ ကို သွား လည်တော့ အလွန် သိသိသာသာ တိုးတက် ပြောင်းလဲ နေတာ ကို တွေ့ ရတယ် ။ စက်ရုံ အတွင်း ထဲ အထိ ဝင် ကြည့်တဲ့ အခါ သိပ္ပံရုပ်ရှင်ကား တွေ ထဲ က ဓာတ်ခွဲခန်း တွေ မြင်ရ သလိုပဲ။

စက်ရုံ အတွင်း မဝင်မီ အဝတ်အစား လဲလှယ်ခန်း မှာ ဆရာဝန်တွေ ဝတ် တဲ့ ဂျူတီကုတ် လို အပေါ်အင်္ကျီ ကို ဝတ် ရတယ် ။ နှာခေါင်းစည်း တပ် ၊ ဆံပင် ကို ဦးထုပ် နဲ့ သိမ်းပြီး ဆောင်း ရတယ် ။ ပြီးတော့ ပြင်ပ မှာ စီး လာ တဲ့ ဖိနပ် ကို စက်ရုံ တွင်း စီး ဖိနပ် နဲ့ လဲလှယ်ပြီး စီး ရတယ် ။ ပုံစံ က ခွဲစိတ်ခန်း ဝင်မယ့် ဆရာဝန် လိုလို ။ စက်ရုံ အဝင်ပေါက်ဝ မှာ အခန်းလေး တစ်ခန်း ထဲ ဝင် ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ် မှာ ကပ်ငြိ ပါ လာတဲ့ ဖုန် အမှုန်အမွှားတွေ ကို လေ နဲ့ မှုတ် ၊ စုပ် တယ် ။ လေချိုး သန့်စင် ပြီး မှ စက်ရုံတွင်း ဝင် ရတယ် ။ ဆေးဝါးစပ်ပုံ ၊ ကြိတ်ပုံ ၊ ရောနှောမွှေပုံ ၊ ဆေးတောင့် ဆေးပြား လုပ်ပုံတွေ က လည်း ခေတ်မီ စက်တွေ နဲ့ ဖြစ်နေတယ် ။ စက်တွေ ၊ အခန်းခန်း အဆောင်ဆောင် တွေ က စတီးရောင် မှန်ရောင် တွေ နဲ့ ဝင်းလက် နေ ပါတယ် ။

တိုင်းရင်းဆေးဝါး ဆိုရင် သံဆုံကြီးတွေ နဲ့ ထောင်းပြီး ရောင်း တဲ့ လျှက်ဆား လောက် သာ တွေ့မြင်ဖူး သူ ဆိုရင် တော့ အေးငြိမ်းသီတာ ဆေးဝါး ထုတ်လုပ်ရေး စက်ရုံ ကို ရောက် သွားရင် ကိုယ့် မျက်စိ ကို  ကိုယ် ယုံမှာ တောင် မဟုတ်ဘူး ။ စက်ရုံ တွင်း ကို လှည့်လည် ကြည့်ရှုပြီး နောက် ဧည့်ခံဆောင် မှာ အတူတူ ထိုင်ပြီး ဆရာ ဦးတင်မောင်ကြည် ကြိုးပမ်း လျှောက်လှမ်း လာခဲ့ရတဲ့ ဘဝ လမ်းကြောင်း ကို ပြန်ပြောင်း ကြည့် ဖြစ်ကြတယ် ။ ဆရာ နဲ့ အတူ ဆရာကတော် ဒေါ်လှနှင်း လည်း ရှိနေတယ် ။

“ မိဘ တွေ က တောင်သူတွေ ၊ ကျွန်တော့် မွေးတဲ့ အချိန် စစ်ကြီး ပြီး စ ဆိုတော့ ရွာ မှာ ဓားပြတွေ တိုက်တယ် ။ ဒါကြောင့် မိဘ တွေ က မုံရွာ ပြောင်း လာပြီး ပွဲရုံ ဖွင့်တယ် ။ ကျွန်တော် ငယ်ငယ် က ရွာ မှာ ကျောင်း မနေခဲ့ရဘူး ။ အသက် တော်တော် ကြီး မှ ကျောင်း နေရတာ ။ ၁၉၅၄ ခုနှစ် မှာ ဆယ်တန်း အောင် တယ် ။ ငယ်ငယ် က ရည်မှန်းချက် က ဆရာဝန် လုပ်ဖို့ ။ ဆယ်တန်း အောင် တော့ ရန်ကုန် သွားပြီး တက္ကသိုလ် တက်တယ် ”

“ ဘာကြောင့် ဆရာဝန် ဖြစ် ချင်တာလဲ ၊ ကိုယ့် ပတ်ဝန်းကျင် မှာ အားကျစရာ ရှိလို့လား ”

“ အဲဒီတုန်း က လဲ ခုခေတ် လိုပါပဲ ၊ဆရာဝန်လိုင်း က အကောင်းဆုံး အနေအထား မို့ပါ ”

“ ဘာကြောင့် ဆရာဝန် မဖြစ်တာလဲ ”

“ ၁၉၅၇ ခုနှစ် မှာ မုံရွာ ကို မီးကြီး လောင်တယ် ။ ကျွန်တော့် အဖေတို့ ရဲ့ ကုန်တွေ ရော ဂိုဒေါင်တွေ ရော ဆုံးရှုံးတာ ။ ဒါနဲ့ ကျောင်း ဆက် မတက်နိုင်ဘဲ ပြန်ခဲ့တာ ။ အဲဒီ အချိန် မှာ ဒေါ်လှနှင်း နဲ့ အိမ်ထောင်ကျ နေပြီ ”

အိမ်ထောင် ကျ တာ ဘယ်နှခုနှစ် မှာ လဲ မေးတော့ ဦးတင်မောင်ကြည် က ပြန် စဉ်းစားတယ် ။ နောက်တော့ အကူအညီ တောင်းတဲ့ သဘော နဲ့ နံဘေး မှာ ထိုင် နေတဲ့ သူ့ ဇနီး ရဲ့ မျက်နှာ ကို လှမ်းကြည့်ပါတယ် ။ ကျွန်တော် က ဒါမျိုး မေ့လို့ မဖြစ်ဖူးနော်  အန္တရာယ် များတယ် လို့ ပြောတော့ ဆရာ က ရယ်တယ် ။ ပြီးမှ နေဦး ခုနှစ် နဲ့ မမှတ်မိဘူး လို့ ဆိုတယ် ။ ဆရာကတော် ဒေါ်လှနှင်း က ၁၉၅၄ ခုနှစ် မှာ အိမ်ထောင် ကျ တာ ။ သူ ဆယ်တန်း အောင် တော့ ကျတာပဲ ။ သူ နဲ့ ကျွန်မ က ဆွေမျိုး တော်တယ် ။ ကျွန်မ က ဖြူး သူ ဆိုပြီး ပြောပါတယ် ။

“ မုံရွာသား က ဒါလောက် ဝေးတဲ့ ဖြူးသူ နဲ့ ဘယ်လို ဖူးစာ ကြောင့် အိမ်ထောင် ကျတာလဲ ”

“ ဒေါ်လှနှင်း ရဲ့ အဖေ က လဲ ကျွန်တော့် ဇာတိ မင်းရွာသား ပဲ ၊ ဦးပုရှိန် တဲ့ ။ ဒီဘက် မှာ မိုးတွေ ခေါင် တော့ ဒီက လူတွေ အုပ်စုလိုက် အောက်ပိုင်း သွား အလုပ် လုပ်ကြတာ ။ ကျွန်တော့် အဖေ သူတို့ ဆီ သွားရင်း တွေ့လို့ ပေးစားတာ ”

ရန်ကုန် ကို တက္ကသိုလ် သွား တက်ခါနီး သား ကို စိတ်မချ လို့ အဖေ က မိန်းမ ရှာပြီး ပေးစားလိုက်တာ ထင်ပါတယ် လို့ ကျွန်တော် က ပြောတော့ သူတို့ လင်မယား ဟက်ဟက်ပက်ပက် ရယ်ကြ ပါတယ် ။

“ အိမ်ထောင် ကျ တော့ ဒေါ်လှနှင်း က မုံရွာ လိုက် လာပြီး ကျွန်တော့် အဖေ ပွဲရုံ မှာ ပွဲရုံစာရေး အဖြစ် လုပ်တယ် ။ ကျွန်တော် က ဆေးဘက် မှာ ဝါသနာ ပါ တော့ ကျန်းမာရေးမှူး သင်တန်း တက်ချင်စိတ် ဖြစ်ပြီး ဝင် ဖြေ လိုက်တော့ ပါ သွားရော ။ ၁၉၆၁ ခုနှစ် မှာ ကျန်းမာရေးမှူး သင်တန်း တက်ပြီး ၁၉၆၂ ခုနှစ် ဒီဇင်ဘာ မှာ ပြီးတယ် ”

“ ဆေးပညာ နဲ့ ဝါသနာ ပြောပါဦး ”

“ အချို့က ကျွန်တော့် ကို မေးကြတယ် ၊ မိဘ က ကုန်သည်ပွဲစား ၊ ဘယ်လို က ဘယ်လို တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ ဖြစ်လာသလဲပေါ့ ၊ gene ( မျိုးစေ့ဗီဇ ) ခေါ်မှာလား ။ ကျွန်တော့် အဘွား က သူ့ ခေတ် နဲ့ သူ တော့ ဒေါ်မယ်မွှေး ဆိုပြီး မင်းရွာ မှာ တိုင်းရင်းဆေး ဆရာမကြီး ။ သူ့ ဆေးနည်းလေးတွေ ဘာတွေ ကျွန်တော့် ကို ပေးတယ်ပေါ့ ”

“ ကျန်းမာရေးမှူး သင်တန်း ပြီး သွားတော့ ဘယ်ဒေသတွေ မှာ တာဝန် ထမ်းဆောင်ရသလဲ ”

“ ပထမ ရောက် တာ စစ်ကိုင်းမြို့နယ် ခွက်ခွင်းကျေးရွာ ကျန်းမာရေးဌာန ၊ အဲဒီက နေ ဂုံညင်းဆိပ် မှာ အာရ်အိတ်ချ်စီ အသင်း ဖွင့်တော့ သွားရတယ် ”

“ အာရ်အိတ်ချ်စီ ဆိုတာ ဘာလဲ ”

“ Rural Health Centre ကျေးလက်ကျန်းမာရေး ဌာန ပါ ။ ဂုံညင်းဆိပ် က နေ ဒီပဲယင်းမြို့နယ် သစ်ရာအိုက် အာရ်အိတ်ချ်စီ ကို ၁၉၆၈ ခုနှစ် မှာ ပြောင်းရတယ် ။ အဲဒီ နောက် ကသာမြို့နယ် မိုးတားကျေးရွာ ကျန်းမာရေး ဌာန ။ အဲဒီက နေ အဆုတ်ရောဂါကု ဌာန မိုးမိတ် ကို team leader ( အဖွဲ့ခေါင်းဆောင် ) အဖြစ် ရောက်သွားတယ် ။

ကျွန်တော် တို့ စကား ကောင်း နေတာ နေ့လယ် ၁၂း ဝဝ ထိုး သွားပြီ ။ အဲသည် အချိန်မှာ လျှပ်စစ်မီး ပြတ် သွားတယ် ။ စက်ရုံ က လည်ပတ် နေရတာ ။ ကျွန်တော်တို့ လည်း လျှပ်စစ်မီးရောင် အောက် မှာ စကား ပြောနေတာ ဖြစ်လို့ ဦးတင်မောင်ကြည် က စက် မောင်းကွာ လို့ ပြော လိုက်တယ် ။ စက် မမောင်းရသေး ခင် မှာပဲ လျှပ်စစ်မီး က ပြန် လာတော့ ဦးတင်မောင်ကြည် က  ကျားသားမိုးကြိုး ပဲ ၊ လန့်သွားတာပဲ ဗျာ လို့ ပြောပြီး ရယ်တယ် ။ပြီးတော့ ပြောလက်စ သူ့ စကား ကို ဆက် ပြောပါတယ် ။

“ မိုးကုတ် နဲ့ နီးတော့ မိုးမိတ် က အစစအရာရာ ဈေး ကြီးတယ် ။ ကျွန်တော် ရ တဲ့ ဝန်ထမ်းလခ နဲ့ ကလေးတွေ ကျောင်း ပို့ ဖို့ မလောက်င တော့ဘူး ။ ဒါနဲ့ မိုးမိတ်ဈေး အဝင်ဝ မှာ ဆိုင်ကလေး ဆောက်ပြီး နှင်းဝတ်ရည် အထည်ဆိုင် ဆိုတဲ့ နာမည် နဲ့အမျိုးသမီး က အထည်ဆိုင် ထွက်တယ် ။ ဝင်း စာပေ ဆိုပြီး စာအုပ် အငှားဆိုင်လေး လဲ ဖွင့်တယ် ။ ၁၉၇၇ ခုနှစ် ကျတော့ ပင်စင် ယူ လိုက်တယ် ”

“ ကျွန်တော့် သား အကြီး ကိုမြင့်ဇော် က မန္တလေး မှာ ကျောင်း နေတာ ၊ အမှတ် ( ၉ ) အထက မှာ ၊ သမီးအကြီး က အမှတ် ( ၈ ) ကျောင်း မှာ နေရတယ် ။ ဆိုလိုတာ က မိုးမိတ် မှာ ပေ နေ လို့ ရှိရင် ကလေးတွေ ပညာရေး အခက်အခဲ ရှိမယ် ။ စီးပွါးရေး က လဲ နောက်ကျတယ် ဆိုပါတော့ ။ အချိန် ရှိ တုန်း အပြင် ထွက်ပြီး အလုပ် လုပ်ကြမယ် လို့ လင်မယား နှစ်ယောက် တိုင်ပင်ပြီး ပင်စင် ယူ လိုက်တာ ”

“ ပင်စင် ယူပြီး မုံရွာ ပြန် လာခဲ့တာလား ”

“ မုံရွာ ပြန်လာခဲ့တာ ၊ မိုးမိတ် က ပင်စင် ယူပြီး လာခဲ့တဲ့ ၁၉၇၇ ခုနှစ် က ၁၉၈ဝ ပြည့်နှစ် လောက် အထိ တော်တော် ရုန်းကန် ခဲ့ ရတာ ။ လေဘေး အထည်တွေ လဲ ရောင်းခဲ့ရတယ် ။ မန္တလေး က အထည်တွေ ဝယ်ပြီး မုံရွာဈေး ထဲ မှာ အထည်ဆိုင် ဖွင့်တယ် ။ စာအုပ်အငှားဆိုင် ၊ ဗွီဒီယိုဆိုင် တွေ လဲ ဖွင့်တယ် ။ မင်းရွာ က ဆွေမျိုးတွေ နဲ့ အစုစပ် ကြာဆံစက် ထောင်တယ် ။ အဆင် မပြေဘူး ”

ဆရာဦးတင်မောင်ကြည် က ပြောလက်စ စကား ကို ခဏ နားပြီး သူ့ အတွေး နဲ့ သူ ရယ်တယ် ။ ပြီးမှ စကား ကို ဆက် ပြောတယ် ။

“ ခွေးရူး အကိုက် ခံရမယ့် အကောင် ယောင် ( သျှောင် ) ကလေး နဲ့ ဆိုသလိုပဲ ။ ဒါ ( အေးငြိမ်းသီတာ ) ဖြစ်ချင်လို့ နေ မှာ ။ ကြာဆံစက် က အဆင် မပြေတော့ အဲဒီ အလုပ် ကို ဇောက်ချ လုပ်လို့ က မရ ၊ သူများ လုပ် သလို ကူးသန်းရောင်းဝယ် တာ လိုက် လုပ် ကြည့်တယ် ။ ပို ဆိုးတော့ ဒီ အတိုင်း ဆိုရင်တော့ မဖြစ်သေးဘူး ဆိုပြီး ၁၉၇၉ ခုနှစ် လောက် မှာ တိုင်းရင်းဆေး ထုတ်လုပ် တဲ့ လုပ်ငန်း ကို လုပ်ဖို့ စိတ်ကူးတယ် ”

ဦးတင်မောင်ကြည် က ပြောလက်စ စကား ကို ရပ်ပြီး တည်ခင်း ထားတဲ့ အကြော် နဲ့ ရေနွေးကြမ်း ကို  စားဖို့ ကျွန်တော့် ကို ပြောတယ် ။ ကျွန်တော်တို့ စကားဝိုင်း ကို ခဏ ရပ်ပြီး ရေနွေးကြမ်း သောက်ကြတယ် ။

“ တိုင်းရင်းဆေးသိပ္ပံ က ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်ထွန်း နဲ့ ဆရာကြီးကျော် တို့ က နယ်တွေ ဆင်းပြီး တိုင်းရင်းဆေးပညာ သင်တန်း တွေ ဖွင့်ကြတယ် ။ သင်တန်း တက်ပြီး စာမေးပွဲ ဝင် ဖြေတော့ ဒ - ဘ - န - ဝ ဆိုတဲ့ တိုင်းရင်းဆေး လေးဘာသာ စာမေးပွဲ အောင်တယ် ။ ကျွန်တော်တို့ က လုပ်ငန်း လုပ်တဲ့ နေရာမှာ ပညာ နှစ်ရပ် နဲ့ လုပ်တော့ ပိုပြီး အဆင်ပြေတယ် ။ တစ်ဖက် က အနောက်တိုင်း ဆေးပညာ ၊ တစ်ဖက် က တိုင်းရင်းဆေးပညာ ”

“ ပထမဆုံး ထုတ်လုပ်တဲ့ ဆေး က ဘာ ဆေးလဲ ”

“ ပထမ အနောက်တိုင်း ဆေးပညာ အစွဲ နဲ့ အာယုဗလ သွေးညှိ သွေးဆေး ဆိုပြီး စထုတ်တယ် ။ အမှတ်တံဆိပ် က ခန္ဓာကိုယ် အတွင်း မှာ သွေးလှည့်လည် သွားလာပုံ ကို ဒီဇိုင်း လုပ်ပြီး ထုတ်တယ် ။ ဒါ ထုတ်တော့ များများ မထုတ်ရသေးဘူး ။ ဟိုပင် မှာ အာယုဗလ ဆိုတာ ထုတ်တာ နဲ့ တိုက် နေတော့ သွား ရော ။ နာမည် ချင်း တူ နေတာ ကိုယ် က အရင် သိတယ် ။ ကိုယ် က အရင် ရှောင် လိုက်တယ် ”

“ အေးငြိမ်းသီတာ ဖြစ်ပေါ်လာ ပုံ ကော ”

“ ဗေဒင်ယတြာ ကိန်းခန်း နဲ့ မတွက်ချက် လို့ ယခုလို ဖြစ်ရတာလား ဆိုပြီး လယ်တီ စိတ္တသုခကျောင်းဆရာတော် ဦးမဏ္ဍလ ကို အကျိုးအကြောင်း လျှောက် တော့ အမှတ်တံဆိပ် ရဲ့ သင်္ကေတ ကို နေ ရဲ့ အသွင်သဏ္ဍာန် ပါရမယ် ဆိုလို့ ဥဒေါင်းမင်း ၊ အမည် ကို တနင်္ဂနွေနံ စ ပြီး စနေနံ ဆုံးရမယ် ဆိုလို့ အေးငြိမ်းသီတာ ဆိုပြီး အေးချမ်းမယ့် အတိတ်နိမိတ် နဲ့ ယူ လိုက်တယ် ။ စစချင်း လုပ်ငန်း မတည် ရင်းနှီးငွေ က နှစ်ထောင့်ငါးရာ ( ကျပ် ၂၅၀ဝ ) နဲ့ စ ခဲ့တာ ။ ဆေး လုပ်ငန်း ထဲ က ရတဲ့ ငွေ ဆေးလုပ်ငန်း ထဲ ပြန် ရင်းတာ ။ အိမ်စရိတ် ကို အမျိုးသမီး ရဲ့ အထည်ဆိုင် ၊ သားသမီးတွေ ရဲ့ စာအုပ်ဆိုင် ဗီဒီယိုဆိုင် က သုံးတယ် ”

ဆရာကတော် ဒေါ်လှနှင်း က ကျွန်မ က အသန့်အရှင်း ကြိုက်တယ် ။ သူ က သစ်ဖုတွေ ယူ လာ ၊ မနက် အစောကြီး ထပြီး သံဆုံ နဲ့ တဒုန်းဒုန်း ထောင်း ။ ဆန်ခါ နဲ့ အမှုန် ချ ။ အစတော့ ဒီ ဆေးတွေ က နံ လို့ ကျွန်မ က ဗျစ်တောက် ဗျစ်တောက် ။ နောက်ပိုင်း ကျ တော့ ကျွန်မ ပါ ဝင် ပါရတယ် လို့ ပြောတယ် ။ ဆရာကတော် ပြောတဲ့ အချိန် မှာ ဆရာ က တဟဲဟဲ ရယ်နေတယ် ။ သစ်ရွက်တွေ ရော ၊ ဘာတွေ ရော အိမ် မှာ ရှုပ်ယှက်ခပ် နေတာပဲ ။ နောက်တော့  ကိုယ် ပါ ဆေးလုံး ဝင် လုံးရတယ် ။ စ ခါစ က အပြားရိုက်စက် မဝယ်နိုင်သေးဘူး လို့ ဒေါ်လှနှင်း က ဆက် ပြောတယ် ။

“ ၁၉၉၅ ခုနှစ် မှာ ဆေးအပြားရိုက်စက်လေး ဝယ်တယ် ။ တစ်ခါ ရိုက် မှ တစ်ပြား ပဲ ထွက်တာ ။ ဂျောက်ခနဲ ရိုက် ၊ ဒေါက်ခနဲ ဆေးပြားလေး တစ်ပြား ထွက်တယ် ။ ကျွန်တော် က မနက် ၂ ချက် ၊ ၃ နာရီ ထပြီး မေတ္တာပို့ အာရုံပြုရင်း ဆေးပြား ရိုက်တာ ။ ကျွန်တော့် မိတ်ဆွေ တွေ က ပြောလေ့ ပြောထ ရှိတယ် ။ တစ်ဂျောက် တစ်ကျပ် ရတာ တဲ့ ၊ တစ်ကျပ် ဆိုတာ တော်တော် သုံး လို့ ရတဲ့ အခြေအနေ ”

“ ဘာဖြစ်လို့ မနက် အစောကြီး ထ လုပ်ရတာလဲ ”

“ အာရုံ က ဆေး ထုတ်တဲ့ အထဲ ပဲ ရှိနေတော့ အိပ် မပျော်ဘူး ။ စစချင်း မှာ အလုပ်သမား ရယ် လို့ လဲ မရှိသေးဘူး ။ နောက်တော့ အိမ်နား က မခင်ကောင်း လာ လုပ်တယ် ။ သူ က အခု ထိ ရှိ သေးတယ် ။ နောက် ကိုပြေအေး ။ ကျေးဇူးရှင်တွေ ပါပဲ ။ လျှပ်စစ်မီး က လဲ အဲဒီ အချိန် မှ ပို အဆင်ပြေတယ် ။ ည မှာ စိတ်အာရုံ စူးစိုက် နိုင် လို့ အလုပ် ထ လုပ်တာ ”

ဆရာကတော် က နေ့ နဲ့ ည လွဲသလို ဖြစ်နေတာ လို့ ပြောတော့ ကလေး ဆိုရင် လည်း အိမ် တံစက်မြိတ် အေက် မှာ မီး ထွန်းပြီး ရေချိုး ပေး လိုက်ရင် နေ့ နဲ့ ည လွဲတာ ပျောက်သွားမယ် လို့ အရွှန်းဖောက် တော့ သူတို့ လင်မယား က ဟုတ်ပါ့ ဟုတ်ပါ့ လို့ ပြောပြိး ရယ်ကြတယ် ။

“ အေးငြိမ်းသီတာ အစ မှာ ဘာ ဆေးတွေ ထုတ်သလဲ ”

“ သွေးညှိသွေးဆေး လဲ ထုတ် သေးတယ် ။ အကြော အားတိုးဆေး စ ထုတ်တာ နဲ့ ပေါက် တာပဲ ။ အကြော အားတိုးဆေး က တမာ ပါတယ် ။ ချင်း ပါတယ် ။ နနွင်း ပါတယ် ။ ပျားရည် ပါတယ် ။ သူ့ ထူးခြားချက် က ဒီ ဆေး ကို အစမ်း ထုတ် ကတည်း က သဘောကျ သူ များတယ် ။ အကြော ပြေတယ် ။ အကြောတက်စာတွေ စားတာ အဆိပ်ဖြေ သလို ဖြစ်ပြီး အကြော မတက်ဘူး ။ ဒီ ဆေး က စ ထွက်ထွက်ချင်း ဘယ်လောက် နာမည် တအား ကြီးသွားလဲ ဆိုရင် ရန်ကုန် မှာ တိုးဝှေ့ ဝယ်ရတဲ့ အဖြစ် ကို ရောက် သွားတာ ”

“ ဘဝ မှာ အလှည့်အပြောင်း ဖြစ်တဲ့ အချိန် က ဘယ် အချိန် ”

“ အကြောအားတိုးဆေး တွင်ကျယ်ချိန် ပေါ့ ၊ ၁၉၉၂ ခုနှစ် မှာ မုံရွာ စက်မှုဇုန် မှာ မြေနေရာ ဝယ်ပြီး စက်ရုံသေးသေးလေး စ ဆောက်တယ် ။ နောက်မှ တဖြည်းဖြည်း တိုးချဲ့လာတာ ။ ကျွန်တော့် ကို အကူအညီ ပေးနေတဲ့ ဆရာ တွေ ရှိတယ် ။ ဒေါက်တာ မြင့်စိန် တို့ FAME က ဒေါက်တာ ခင်မောင်လွင် တို့ သူတို့ က ကျွန်တော့် ဆရာတွေ ပဲ ၊ သူတို့ က ကျွန်တော့် ကို ပြုပြင်ပေးတယ် ။ မသိတာ ရှိရင် ပြ ပေးတယ် ။ဒါနဲ့ ဒီလို အခြေအနေ ကို ရောက်လာတာပဲ ”

◾ကျော်ရင်မြင့်

📖 မော်ဒန် သတင်းဂျာနယ် 
      ၁၈ ဖေဖော်ဝါရီ ၊ ၂၀၁၁

#ကိုအောင်နိုင်ဦး

.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၅ )


 ဆရာတော်ဘုရား ကား ခြေလှမ်း မှန်စွာ ဆွမ်းခံ ကြွ၏ ၊ သူ့ နောက် မှ ကပ္ပိယ ဖိုးသက် က ငြိမ်သက်စွာ လိုက်သည် ။ ကျွန်တော် က သာ ဆွမ်းခွက်တင် ဆိုင်းထမ်းကြီး နှင့် ဂနာ မငြိမ်စွာ ဖြစ်နေ၏ ။ ဖြစ်နိုင် လျှင် ဆွမ်းလောင်းအိမ် အားလုံး ကို ကျော် ၍ ချစ်သူ ရှေ့မှောက် ရောက် ချင်ပြီ ။


သို့သော် ဖြစ်ချင်စိတ် ကို မျိုသိပ် ၍ သာ စိတ် ထဲ တွင် လည်း သိပ် မကြာတော့ ဟု ။


အိုး ... ဟိုမှာကြည့်စမ်း ။


နံနက်ခင်းစ နှင်းမှုံ ကြား ချစ်သူ ကို မှုန်ဝါးဝါး မြင် နေရတာ ကို က မမြင်ဘူးသော ရွှေငါးလေး ကို မြင် လိုက်ရသော ကလေးငယ် တစ်ဦး လို မှင်တက် အံ့အားသင့် စေပါသည် ။


အို ... မြင့်စန်းရီ ။ ဘာကြောင့်များ ဤလောက် သန့်ရှင်း စင်ကြယ် လှပ နေရပါသလဲ ။ ရှေးဘဝ အဆက်ဆက် ကုသိုလ်ကံ ပါရမီ ထူး တို့ ကြောင့် ပင် ဤ ဘ ဝ၌ ရွှေဝါဝင်းသော အဆင်း ကို ပိုင်ဆိုင်ရ နေ ခြင်းလား ။


ရှေး ဘဝ က ပါရမီတော် အစုစု က ယခု ဘဝ မှာ လာ၍ အကျိုး ပေး ထူး နေခြင်းလား ။ မာန်မာန ကင်းမဲ့သော မျက်နှာ ၊ အေးချမ်းသော အဆင်အပြင် တို့ က တစ်ဖက်သား ကို ထင်ရှား စေပါသည် ။ လူ့ ဘဝ တွင် ကောင်းရာမွန်ရာ လုပ်၍ ကောင်းရာမွန်ရာ နေထိုင်တတ် သူ မှန်း အဝေး မှ လှမ်း ကြည့်ရုံ နှင့် ခန့်မှန်း နိုင်ပါသည် ။


ဒါဆို ကျွန်တော် က ရော ... ။


အဖန်ပေါင်း မြောက်မြားစွာ က ပြုပြုခဲ့သော အကုသိုလ် က ယခု ဘဝ မှ ထူး၍ စူးနေရော့ သလား ။ ထို အကုသိုလ် မျိုးဆက် ပြတ်ဖို့ ယခု ဘဝ တွင် ပြန်လည် တောင်းဆု ပြုနေတာ များ လား ။ မဖြစ်ပါရစေ နဲ့ မြင့်စန်းရီ ။


ဆရာတော်ဘုရား နှင့် ကိုဖိုးသက် တို့ ကျော်လွန် ပြီး ချစ်သူ ရှေ့ ခြေစုံ ရပ် မိသည် ။


“ မြင့်စန်းရီ ”


ဆွမ်းခွက် ကို လှမ်း ယူအံ့ဆဲသော ချစ်သူ ၏ လက်များ ရပ်တန့် သွား၏ ။


“ စောကြည်ဖြူ ”


အံ့အားသင့် သော အရိပ်အယောင်များ မြင် လိုက် ရသည် ။ ကျွန်တော့် မျက်နှာ ကို လူ မိ သွားသော ဝါရင့် ခွေးသူခိုး အို အို ချလိုက်သည် ။


“ ကျွန်တော် မတွေ့ရ မနေနိုင် လွန်း လို့ လိုက် လာ တာပါ မြင့်စန်းရီ ”


ချစ်သူ က သက်သောင့်သက်သာ ပင် ဆွမ်းခွက် ကို လှမ်း ယူ ရင်း ဆွမ်းဟင်းများ ထည့်သည် ။ ကျွန်တော် က သာ ဆက်၍ ... 


“ ကျွန်တော် မြင့်စန်းရီ ကို မမြင်ရ ရင် မနေနိုင် လို့ လာခဲ့ရတာပါ မြင့်စန်းရီ ”


သူမ က သူ့ အလုပ် သူ ဆက် လုပ်သည် ။ သို့သော် လက်များ က တုန်ယင် နေ သယောင် ...


“ ဖြစ်ပျက်ခဲ့ သမျှ အားလုံး ဟာ လည်း ကျွန်တော့် ရဲ့ အမှား ကြောင့် မို့ ကျွန်တော် က ပဲ ဝန်ချ တောင်းပန်ပါရစေ ”


သူမ လက်ကလေး ရပ်တန့် သွားသည် ။ နောက် သက်ပြင်း ချသည် ။


“ ကျွန်မ ဘဝ မှာ လူ့ လောက ကို စိတ်ပျက်ပြီး သီလရှင် ဝတ်ချင် ခဲ့တာ နှစ်ကြိမ် ရှိတယ် စောကြည်ဖြူ ”


ကျွန်တော် သူ့ စကား ကို သာ ငေးစိုက် နေမိသည် ။ 


“ အဲဒါ .. ရှင် နဲ့ မတွေ့ ခင် တစ်ကြိမ် ”


ကျွန်တော် ဘာမှ မမေးမိ ။


“ ရှင် နဲ့ တွေ့ပြီး တစ်ကြိမ် ပါ ”


ထမ်း ထားသော ဆိုင်းထမ်း ပင် မြေပြင် နှင့် ထိ မလောက် ညွှတ်ခွေ သွားမိသည် ။ ရုတ်တရက် စကား ပြန်ရန် အစ ကို ပင် ရှာ မရ ။ 


“ ဘာပဲ ဖြစ်ဖြစ် မြင့်စန်းရီ ၊ ကျွန်တော့် ရဲ့ မေတ္တာ က ခိုင်မြဲလှပါတယ် ၊ ဒါပေမဲ့ ကျွန်တော့် ရဲ့ ဘဝပေး ကုသိုလ်ကံ ကို က ”


“ ကျွန်မ ဘဝ မှာ ဒီလို အပူတွေ ကို စိတ်ပျက် ခဲ့တာ နှစ်ကြိမ် ရှိ ပါပြီ စောကြည်ဖြူ ၊ ဒါကလည်း ရှင် နဲ့ မတွေ့ခင် တစ်ကြိမ် ၊ ရှင် နဲ့ တွေ့ပြီး တစ်ကြိမ် ပါ ၊ ကျွန်မ ဖက် က ဖိတ်စာ တစ်ခြမ်း ဖျက် ပြီး ကြောင်း သေချာ နေပါပြီ ၊ ဆက် မကြိုးစားပါ နဲ့ ”


အသက် ကို သာ ခပ်ပြင်းပြင်း ရှူ လိုက်မိသည် ။ လွယ် ထား သော ဆိုင်းထမ်းကြီး ပင် ပခုံး ပေါ် ရှိလေလား ၊ မရှိလေလား မသိ ။


“ ဒါဆို ကျွန်တော့် ဖက် က လည်း ပြောပါရစေ မြင့်စန်းရီ ၊ ကျွန်တော့် မှာ လည်း အိမ်ထောင် ပြုချင်စိတ် ရှိခဲ့တာ ရှင် နဲ့ ၊ အဲလေ မြင့်စန်းရီ နဲ့ မဆုံခင် တစ်ကြိမ် ၊ မြင့်စန်းရီ နဲ့ ဆုံပြီး မှ တစ်ကြိမ် ပါ ၊ ဒါဟာ အသေအချာပါ ပဲ ၊ မများပါဘူး ၊ နှစ်ကြိမ် တည်း ပါ မြင့်စန်းရီ ”


ချစ်သူ ကျွန်တော့် ကို ငေး သွားသည် ။ ဒါကို ကျွန်တော် က လည်း လက်လွှတ် မခံဘဲ ခိုင်မာသော မျက်နှာ ပေး ဖြင့်  ... 


“ ဟုတ်ကဲ့ ... နှစ်ကြိမ် ထဲ ပါ ”


ချစ်သူ လက် နှစ်ချောင်း ထောင် သွားသည် ။ စဉ်းစား နေပုံ ရသည် ။ အမှန်တော့ ထို နှစ်ကြိမ် သည် မွေးကတည်း က ဟု အဓိပ္ပာယ် ရ ပေလိမ့်မည် ။ ဒါကို ချစ်သူ စဉ်းစားမိ သွားမည် စိုး၍ အမြန် လုံးချပြီး 


“ အခုလည်း မြင့်စန်းရီ နဲ့ ဝေးမှာ ကို စိုးလို့ ကျွန်တော် ဒီ ရွာ အထိ ကို ဒုက္ခ ခံပြီး လိုက် ခဲ့တာပေါ့ ၊ ဒါကိုတော့ ယုံပါ ” 


ချစ်သူ ခေါင်း ငုံ့ သွားသည် ။


“ ကျွန်တော် မြင့်စန်းရီ မှ မပါရင် ဒီ ရွာ အထိ ကို ဒုက္ခ ခံပြီး လိုက်ခဲ့တာပါ ၊ ဒါကို တော့ ယုံ ပါ ” 


ချစ်သူ ခေါင်းငုံ့ သွားသည် ။ 


“ နောက်ကျ သွားပြီ စောကြည်ဖြူ ” 


“ ဗျာ ”


“ မနက်ဖြန် ဆို ပဲ မြင့်စန်းရီ ဒီက ကြီးမေ တွေ နဲ့ မြန်မာပြည် တစ်ပတ် ဘုရားဖူး ထွက် ဖို့ ပြင်ဆင် ပြီးပြီ ၊ အညံ့တွေ ပျောက်အောင် လို့ လေ ၊ ဒီတော့ စောကြည်ဖြူ ၊ မြင့်စန်းရီ မပါဘဲ ဒီ ရွာ က မခွာနိုင်လည်း နေခဲ့ရုံ ပေါ့ ”


ချစ်သူ ၏ စကားသံ က တိုးတိုးလေး ပါ ။ သို့သော် ကြိုတင် ကြံစည်ထားခြင်း မရှိလျှင် ဘာ စကားမှ မထွက်သူ မို့ ခေတ္တ ကြောင်ငေး နေ မိသည် ။


ဆရာတော်ဘုရား ၏ ဆွမ်းတန်း က လည်း ခပ်ဝေးဝေး ကို ရောက် နေ ပေပြီ ။ သို့သော် ချစ်သူ နား ရောက်လျှင် လုံးဝ မခွာချင်သော စိတ် က ကြီးစိုး နေပြီမို့ ခြေလှမ်း က ကျောက်ချ ထားတဲ့ အတိုင်း မရွေ့နိုင် သေး ။ ထို့ကြောင့် ...


“ ဘာပဲဖြစ်ဖြစ် မြင့်စန်းရီ ၊ ကျွန်တော် မြင့်စန်းရီ ကို မခွဲနိုင်ဘူး ၊ ဒါကြောင့် ”


ကျွန်တော့် စကား မဆုံးမီ မှာ ပင်  ...


“ ဟဲ့ ... မြင့်စန်းရီ ဆွမ်း လောင်းတာ မပြီးသေးဘူးလား ၊ နောက် ဘယ်သူ က လည်း မခွဲနိုင်တာ ”


ဖြတ်ဝင် လာသော မြင့်စန်းရီ ၏ ကြီးမေ အသံ ၊ ဣန္ဒြေ ရလွန်းသော မြင့်စန်းရီ ပင် လှုပ်လှုပ်ရွရွ ဖြစ် သွားသည် ၊ ကျွန်တော့် ဆို ဆိုဖွယ် မရှိတော့ ။ သို့သော်လည်း အတည်သာ မရတာ ရှိမည် ။ ပေါက်ကရ ဆို ဘယ်က ဘယ်လို ထွက်မှန်း မသိသော ရွှေပါးစပ် ။


“ အေး ... အဲဒီလို မခွဲနိုင်ပါဘူး ဆိုပြီး တွယ်ကပ် နေသော သားတော် ကို မယ်တော် က မခွဲချင် လည်း ခွဲရဦးမယ် ၊ သားတော် ဆိုပြီး တရား ချတော်မူ သတဲ့ ၊ အဲဒီ နောက်မှာ တော့ သဒ္ဓံဟောန္တု သုခိသဗ္ဗေ ၊ ပရိဝါရေဟိ အတ္တနော ၊ အနီဃာသုမနာဟောန္တု ၊ သဟ သဗ္ဗေဟိ ဉာတိဘိ ၊ သာဓု ... သာဓု ... သာဓု မှတ်ထားနော် ၊ ဒကာမလေး ” 


“ တင်ပါ့ဘုရား ”


မြင့်စန်းရီ က လည်း ယောင်တောင်တောင် နှင့် လက်အုပ်ချီ ပြောသည် ။


ဘုန်းကြီး လေးကြိမ် ဝတ် ခဲ့သော အကျိုးကျေးဇူး ကြောင့် တရားစာ က ချက်ချင်း ထွက် လာသည် ။ မြင့်စန်းရီ တို့ ကြီးတော် ပင် ကြောင်တောင်တောင် နှင့် သာဓု သုံးကြိမ် ခေါ်မိ သွားသည် ။


“ ကဲ ... တရားတော် လည်း ပြီးပြီမို့ ခွင့်ပြုပါဦး ကွယ် ၊ အင်း အနိစ္စ ... အနိစ္စ ဘယ်အရာမှ မမြဲပါလား ကွယ် ၊ အင်း သာဓု သာဓု သာဓု ”


ဟု ဆိုရင်း သုတ်ချေ တင် ရတော့သည် ။ အနောက် မှ ကပ်ပါ လာသော အသံ က ..


“ ဟဲ့ ... ဟို သူငယ် က ဘုန်းကြီး လည်း မဟုတ်ဘဲ ဘာလို့ တရား ဟော နေရတာလဲ ”


“ မသိပါဘူး ကြီးမေ ရယ် ၊ ကြောင်တောင်တောင် နဲ့ ” 


မြင့်စန်းရီ နှုတ်ဖျား မှ ထို စကား ကြားရတော့ ရင် ထဲ နင့်ခနဲ ဖြစ်သွား မိ၏ ။


ချစ်သူ နှင့် ဝေးရာ သွား ရသော ခြေလှမ်း ကား လွန်စွာ လေးကန် လွန်းလှပါသည် ။ ပခုံး ပေါ် ထမ်း ထားသော ဆိုင်းထမ်း က လည်း လွန်စွာ လေးလံ လှပါသည် ။ သို့သော် စိတ် တစ်ခု ကား ဘယ်ဆီ ရောက် သည် မသိ ၊ လွင့်ချင် ရာ ကို လွင့် နေတော့သည် ။ ဆရာတော်ဘုရား က ဘယ် လမ်း က ကြွသလဲ မသိ ။ ဘုန်းကြီးကျောင်း သို့ ကျွန်တော် အရင် ရောက် ပါသည် ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၄ )


 နေရောင်ပင် မခသေး ကျောင်းကြီး အောက် မို့ အေး နေသည် ။ 


“ ဝေါ့ ... ထွီ ”


မျက်နှာ ပေါ် မှ ဒဏ်ရာများ ကို ကြပ်ထုပ် ထိုး ဆေးထည့် ပေး နေသော ကပ္ပိယ ဖိုးသက် မှ မျက်နှာ ကို ကသိုဏ်း ရှုရင်း ပျို့ချင်စိတ် ကို မနည်း ထိန်း နေရပုံ ပေါ်သည် ။


“ အင်း ... မောင်ရင့် အဖြစ် က တော့ အထူးအဆန်း ပါ ပဲ ၊ မင်္ဂလာဆွမ်းသွပ် ”


“ အာ .. မင်္ဂလာဆွမ်းကျွေး ပါ ဗျ ၊ ဘယ့်နှယ် ဆွမ်းသွပ် ရ မှာ လဲ ၊ မင်္ဂလာ ဆောင် တာ သေ သွားတာ မှ မဟုတ်တာ ”


“ အေး .. မင်္ဂလာဆွမ်းသွပ် ၊ အဲလေ ... အဲ စေ့စပ်ပွဲ မှာ မှ ပျက်စီးခဲ့ရ တယ်လို့ ၊ ဒါမျိုး ဟာ ကမ္ဘာ မှာ တောင် တစ်ယောက် နှစ်ယောက် ပဲ ရှိ မလားပဲ ”


“ အဲဒါကြောင့် ပြောတာပါဗျာ ၊ ကံ ဆိုးလွန်းလို့ သင်္ကန်း စည်းခဲ့ တာ လည်း လေးကြိမ် ရှိခဲ့ပါပြီ ။ ဒါပေမဲ့ စည်းတုန်း သာ ကောင်း ပြီး လူဝတ် လဲ ရင် အညံ့ က မပျောက်ဘဲ ကပ်ပါ နေတော့တာ ” 


ကပ္ပိယ ဖိုးသက် က ခေါင်း တညိတ်ညိတ် နှင့် ကွမ်း လှမ်း ထွေးလိုက်သေးသည် ။


“ ဒါကတော့ ရှေးကံ ကို ပဲ အပြစ် တင် ရ မှာလား ၊ မင်း ကိုယ်တိုင် ကို က အသုံး မကျတာလား တော့ မသိဘူး ၊ မင်း အဖြစ် က ခုန ငါ ပြော သလို ဆွမ်းသွပ် လိုက်တာသာ ကောင်း ”


ရှိုးတိုးရှမ်းတမ်း ဖြစ်ရ ပြန်သည် ။ တည့်တည့် ပြောရန် အားနာ ၍ သွယ်ဝိုက် ပြောဟန် တူပါသည် ။


“ ဒါဖြင့် မင်း အခု ဘယ်လို ဆက် လုပ်မယ် စိတ်ကူး ထား လဲ ” 


“ ကျွန်တော် သိချင်တာ မြင့်စန်းရီ ကို ဘယ် အချိန် တွေ့ နိုင်တယ် ဆိုတာ ကို ပါ ”


ကိုဖိုးသက် မျက်မှောင် ကျုံ့ သွားသည် ။


“ အေး ... ဒီ ကလေးမ ရောက် ကတည်း က အပြင် သိပ် ထွက် တာတော့ မတွေ့ဘူး ၊ အဲ နေဦး မနက် မနက် တော့ အရုဏ်ဆွမ်း ထ လောင်းသား ”


“ အရုဏ်ဆွမ်း .. ဟုတ်လား ”


ကျွန်တော် ခေါင်းထောင် ထ မိသည် ။


“ ဟကောင် ရ .. ငြိမ်ငြိမ် နေပါဟ ၊ တကတည်း အရုဏ် ဆွမ်း အသံ ကြားတာ နဲ့ အခုပဲ ထ ဘုန်းပေးတော့မဲ့ အတိုင်း ” 


“ အရုဏ်ဆွမ်း ဆိုတော့ မနက် အစောကြီး ပေါ့ နော ” 


“ အေးလေ ကွာ ... မင်း လည်း သင်္ကန်း အကြိမ်ကြိမ် စည်း ခဲ့တာပဲ သိမှာ ပေါ့ ၊ မနက် လေးနာရီ လောက် ပေါ့ ”


“ ဒါ ... ဒါဆို မျက်နှာ ပေါ် က ဒဏ်ရာတွေ အမြန် ပျောက် အောင် လုပ်စမ်းပါ ကွာ ”


“ ဟ ... ဘာဖြစ်ရပြန်တာလဲ ”


“ ဟိုလေ ... ချစ်သူ နဲ့ တွေ့ ရ ချိန် မျက်နှာ မလှ မှာ စိုးလို့ ” 


“ ဪ ... မျက်နှာ မလှမှာ စိုးလို့ ဟုတ်လား ၊ ထွီ ရုပ် တင် မဟုတ်ဘူး အပြောအဆို က ပါ ကျက်သရေ တုံးနေတာ ” 


ကိုဖိုးသက် က ပြော လည်း ပြော မျက်နှာ ပေါ် ကြပ်ထုပ် ဖိ ထိုး လိုက်သည် ။


“ အား ... လား လား ရူပါရုံ အဓိက ဟာမို့ ပါ ဗျာ ၊ ဖြည်းဖြည်း လုပ်ပါ ”


မည်သို့ပင် ဖြစ်စေ ချစ်သူ နှင့် တွေ့ ရမည် ဟူသော စကား တစ်ခွန်း သည် ချစ်တတ်သူ တိုင်း အတွက် တော့ ကျေနပ်စရာ ။


ဤသို့သာပေါ့ မြင့်စန်းရီ ။


စစ်မှန်သော အချစ် သည် အုန်းပင် နှင့် တူပါသည် ။ မည်မျှ အိုမင်းပါစေ မည်မျှ လေတိုက် ခံရပါစေ တော်ရုံ ပြင်ပ အစွမ်းသတ္တိ နှင့် တော့ လဲကျရိုး ထုံးစံ မရှိ ။


မြင့်စန်းရီ နှင့် ပတ်သက် လျှင် တော့ ကျွန်တော် သည် အုန်းပင် ၊ သီးကင်း လည်း တွဲလွဲ ကျ နေပါပြီ ။ သို့သော် လူ မြင်မှာ စိုး၍ ထုတ် မပြတော့ ။


◾ အကြည်တော် 


📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ 


#ကိုအောင်နိုင်ဦး


.

ထမင်းချိုး ဟင်းချိုး


 ❝ ထမင်းချိုး ဟင်းချိုး ❞ 


[ ၁ ]


“ ဟာ မဖြစ်နိုင်ပါဘူး သူဌေး ရယ် ၊ ကျွန်တော် မလုပ်ပါရစေနဲ့ ”


မျှော်လင့် မထားတဲ့ စကား မို့ အကျောက်အကန် ငြင်း မိတယ် ။ ကျွန်တော့် လို အောက်ခြေ အလုပ်သမား တစ်ယောက် ကို သူဌေး က နှစ်ယောက် တည်း ပြောချင်တယ် ဆို ကတည်း က ရင် ထဲ ထိတ် နေခဲ့ရတာ ။ ခုတော့ ရင်တုန် ပန်းတုန် မထိတ်သာ မလန့်သာ ကိစ္စ ကို မှ အကူအညီ တောင်းရတယ် လို့ သူဌေး ရယ် ။ ကျွန်တော့် ရဲ့ ထိတ်လန့်မှု တွေ က သူဌေး ရဲ့ မျက်နှာ ကို မဆိုစလောက် ပျက် သွား စေတယ် ။ နည်းနည်းတော့ အားနာမိ သွားရဲ့ ။ သူဌေး က သက်ပြင်းရှည် တစ်ချက် ကို လေးလေးပင်ပင် မှုတ် ထုတ် လိုက်တယ် ။ အိတ် ထဲ မှ စနိုးတာဝါ ကို ထုတ်ပြီး မျက်နှာ ကို ပွတ် သုတ်တယ် ၊ ရေ တစ်ခွက် မော့ သောက် လိုက်ပြီး မှ .. 


“ သေချာ စဉ်းစားပေးပါဦး ကိုမိုးဝေ ရယ် ၊ ကျွန်တော် လည်း ဒီလို ကိစ္စမျိုး တော်ရုံ လူ အကူအညီ မတောင်းဝံ့ ပါဘူး ။ အခုဟာ က အိမ်ထောင်ရေး တည်မြဲမှု ၊ သာယာမှုဆိုတာ တွေ ထက် ကျွန်တော့် မိန်းမ ကို စိတ်ချမ်းသာ စေချင်လွန်း လို့ပါ ” သူဌေး က စကား ကို ခဏ ရပ်ပြီး အသက် ကို ခပ်ပြင်းပြင်း ရှူတယ် ။ သူဌေး ရဲ့ မျက်လုံး ထဲ က စိုစွတ်ခြင်း တွေ ဟာ ကျွန်တော့် မျက်လုံး ဆီ ကို ကူးစက် ချင် နေပြီ ။ ပြတင်းပေါက် မှန် ကို လာ ရိုက်ခတ် နေတဲ့ မိုးဖွဲဖွဲ ထံ အကြည့်တွေ ကို လမ်း လွှဲ လိုက်တယ် ။ တကယ်တော့ သူဌေး က ကျွန်တော့် ဘဝ ရဲ့ ကျေးဇူးရှင် ၊ အလုပ်ရှင် ၊ ထမင်းရှင် ပါ ။ ကျွန်တော် ဟာ သူဌေး သေဆို သေ ၊ ရှင် ဆို ရှင် ဖြစ်ရမယ့် လူစားမျိုး ပါ ။ ပြီးတော့ သူဌေး တို့ အိမ်ထောင်ရေးကို လည်း တည်မြဲစေချင် ၊ သာယာစေချင် တဲ့ သူ ဟာ ကျွန်တော့် အပြင် တခြား လူ ဘယ်သူ ရှိဦးမှာ လဲ ။ သူဌေး ရဲ့ ဆိုနင့်နင့် စကားသံ တွေ ထွက်ကျ လာ ပြန် တယ် ။


“ ကိုမိုးဝေ ပဲ စဉ်းစား ကြည့်ပါဗျာ ။ ကိုယ့် မိန်းမ နဲ့ ဖန်ပြွန်သန္ဓေသား တည် ဖို့ သုက်ပိုး ကို တခြား သူစိမ်း တစ်ယောက် ဆီ က အလှူခံ နေရတဲ့ ယောက်ျား တစ်ယောက် ဟာ ဘယ်လောက်များ ... ”


သူဌေး ရဲ့ တုန်ယင် ပြီး တိမ်ဝင် သွားတဲ့ အသံကြောင့် ကျွန်တော် လှည့် ကြည့်မိတယ် ။ သူဌေး က မျက်နှာ ကို လက်ဖဝါး နှစ်ဖက် နဲ့ အုပ် ထားတယ် ။ အချိန် အတော် ကြာ ငြိမ်သက် နေပြီးမှ ခေါင်း မော့ လာတယ် ။


“ ကျွန်တော့် ချို့ယွင်းချက် ကြောင့် ကလေး မရနိုင်

တာ ကို သာ သူ သိသွားရင် သူ တခြား မိန်းမတွေ လို ကျွန်တော့် ကို မစွန့်ခွာ သွားဘဲ သူ သာ တစ်သက်လုံး စိတ် ဆင်းရဲ ခံသွားမှာ ဗျ ။ ဒါတွေကို ကိုမိုးဝေ အသိဆုံးပါ ။ ဒါကြောင့် ... ဒါကြောင့်ပါ ဗျာ .. ”


မျက်ရည်စတွေ တွဲလွဲ ခို နေတဲ့ သူဌေး ရဲ့ မျက်ဝန်း တွေ ဟာ ယောက်ျား တစ်ယောက် ရဲ့ အနှိမ့်ချဆုံး သော တောင်းပန်ခြင်း ၊ အသနားခံခြင်း ဆိုတာ ကို ကျွန်တော် နားလည် လိုက်ပြီ ။ သက်ပြင်းမော တစ်ချက် ကို မှုတ်ထုတ် လိုက်တယ် ။ သူဌေး ကို မကြည့်ဘဲ ...


“ ကျွန်တော် အလေးအနက် အသေအချာ ကို စဉ်းစားပါရစေဦး သူဌေး ရယ် ”


ကျွန်တော် ထိုင်ရာ မှ ထ လိုက်တယ် ။ ပြီးတော့ သူဌေး နဲ့ ကျွန်တော် နှစ်ယောက် တည်း ရှိနေတဲ့ အခန်းကျဉ်းလေး ထဲ က လွန်မြောက်ရာ ဆီ သို့ ... ။


[ ၂ ]


အဖြေမဲ့ အမေးပုစ္ဆာ အတွက် ဖိစီးလေးလံ နေတဲ့ ကျွန်တော့် ခြေထောက်တွေ က ခြေဦးတည့်ရာ ။ သင်းပျံ့ နေ တဲ့ ပန်းရနံ့ ရယ် ၊ ကလေး တစ်စု ရဲ့ ဆူဆူညံညံ အသံ ကြောင့် ပတ်ဝန်းကျင် ကို သတိ ပြုမိတယ် ။ ရောက် နေတဲ့ နေရာ က ကလေးကစားကွင်း တစ်ခု ။ ညောင်းချည့် လာ တဲ့ ခြေထောက် တွေ က ကစားကွင်း ထဲ က ခုံတန်းလေး မှာ ထိုင်ဖို့ အမိန့် ပေး နေတယ် ။


“ တော်ပြီဟာ ၊ ထမင်းချိုး ဟင်းချိုး ဆိုရင် ငါ မပါ တော့ဘူး ”


ကစားဝိုင်း ထဲ ကနေ စူပုပ်ပုပ် နဲ့ ထွက် သွားတဲ့ လူကောင်သေးသေး ကလေးငယ် တစ်ယောက် ၊ သူ က ကျွန်တော့် အတိတ် တွေ ကို တူးဆွ လိုက် သလို ။ ဟုတ်တယ် ၊ ကျွန်တော် ငယ်ငယ်တုန်း က လည်း ဘာပဲ ဆော့ ဆော့ အမြဲတမ်း ထမင်းချိုး ဟင်းချိုး ။ လူကောင် သေးလွန်း ညှက်လွန်း တဲ့ ကျွန်တော် က ဘယ် ကစားပွဲ မှာ မှ အင် နဲ့ အား နဲ့ မဆော့နိုင် ၊ ဒီတော့ ဘယ် အဖွဲ့ က မှ ကျွန်တော့် ကို ကစားဖော် အဖြစ် မခေါ်ချင် ။ ဒါပေမဲ့ မြတ်နိုး ဆိုတဲ့ သူငယ်ချင်း အစုတ်ပလုတ်မလေး က တော့ အမြဲ လိုလို သူ့ အဖွဲ့ ထဲ မှာ ထမင်းချိုး ဟင်းချိုးဆိုပြီး ကျွန်တော့် ကို ခေါ် သွင်း တတ်လေတယ် ။ တကယ်တော့ ထမင်းချိုး ဟင်းချိုး ဆိုတာ ကစားပွဲ ထဲ မှာ ဝင် မကစား ရတဲ့ အရန် လူ သဘောမျိုး ။ ဒီတော့ ဘယ် ကလေး က မှ ထမင်းချိုး ဟင်းချိုး အဖြစ် မကစား ချင် ။ ကျွန်တော် က တော့ လုံးဝ ဝင် မကစားရတာ ထက် စာရင် ထမင်းချိုး ဟင်းချိုး က မှ တော်သေးတယ် လို့ တွေးမိတဲ့ ကောင် ။ ဒီလိုနဲ့ ကျွန်တော့် စိတ်တွေ ဟာ အတိတ် ကို တဖြည်းဖြည်း ... ။


[ ၃ ]


သူများတွေ တက္ကသိုလ်ရိပ် မှာ ခိုပြီး ပျော်မွေ့ နေချိန် မှာ ကျွန်တော် နဲ့ မြတ်နိုး က တော့ ဘဝတက္ကသိုလ် မှာ ဘွဲ့ရ နေပြီ ။ အတန်းပညာ မရှိတဲ့ ကျွန်တော် တို့ ဟာ ထမင်းဆိုင် တစ်ဆိုင် ရဲ့ အခြေခံလုပ်သား ။ ရုပ်ရည် ချောမောလှပတဲ့ မြတ်နိုး က တော့ ကောင်တာ မှာ သက်သောင့် သက်သာ အလှ ပြရုံ သက်သက် ။ ကျွန်တော် က တော့ စားပွဲထိုး ပေါ့ ။ တစ်နေကုန် ဘဝ အမောတွေ နဲ့ ပိတ်လှောင် မိ နေတဲ့ မြတ်နိုး နဲ့ ကျွန်တော် ရဲ့ အိမ်ပြန်လမ်း ဟာ စကား တပြောပြော နဲ့ အပန်းဖြေ ခရီး ပမာ ။


“ မိုးဝေ ၊ မနေ့ က နင်တို့ အိမ် မှာ ထမင်း စားရဟာ အတော် မြိန်တာ ဟာ ”


မနေ့ ညနေ က အိမ် မှာ ငါးပိရည်ကျဲ ၊ တို့စရာ အကြမ်းထည် နဲ့ စားခဲ့ရတဲ့ ထမင်းဝိုင်း ကို မြတ်နိုး က တမ်းတမ်းတတ ပြော နေ ရှာတယ် ။


“ မြတ်နိုး ရယ် ငါ့ အိမ် ထက် စာရင် နင့် အိမ် က မှ ဟင်း ကောင်းသေး ”


“ အမယ်လေး ဟယ် ငါတို့ အိမ် လည်း သားအမိ နှစ်ယောက်တည်း ဆိုပေမဲ့ အမေ့ ဆေးဖိုး က ရှိနေတော့ ချွေတာ စား နေရတာပါပဲ ။ နင်တို့ အိမ် နဲ့ သိပ် မကွာလှဘူး ရယ် ။ ဒါပေမဲ့ နင့်တို့ အိမ် က မောင်တွေ နှမတွေ နဲ့ ဆိုတော့ ဟင်း မကောင်း လည်း စား မြိန်တယ်ဟ ”


မြတ်နိုး စကား ကို ကျွန်တော် ထောက်ခံလိုက် မိ တယ် ။ ဟုတ်တယ် ။ မြတ်နိုး ရဲ့ ထမင်း ဝိုင်း ဟာ အမြဲ လိုလို ငေါင်းစင်းစင်း တစ်ယောက် တည်း ။ ရောဂါသည် အမေ က လည်း မြတ်နိုး နဲ့ ဝိုင်းဖွဲ့ ပြီး ထမင်း အတူ စား မပေးနိုင် ။ သူ ကိုယ်တိုင် တောင် မြတ်နိုး ခွံ့ တဲ့ ဆန်ပြုတ် ကို မနည်း မျိုချ နေရသူ ။


“ မိုးဝေ ရယ် ၊ ငါ လေ တစ်ခါတစ်ခါ ကျ နင်တို့ မိသားစု ကို သိပ် အားကျတာပဲ ”


“ နင် ငါတို့ မိသားစု ကို သိပ် အားကျ နေရင် ငါ့ အမေ လိုပဲ ယောက်ျား ယူပြီး ကလေးတွေ တစ်ပြုံကြီး မွေးလိုက် ပေါ့ ဟ ”


ကျွန်တော့် စကားကြောင့် အရှက်သည်း သွားတဲ့ မြတ် နိုးက ကျွန်တော့် ကျောကုန်း ကို သဲကြီးမဲကြီး ထု တယ် ။ ကျွန်တော် က တဟဲဟဲ ရယ်တော့ သူ က အရှက်ပြေ ပြန်ပြောတယ် ။


“ ဟုတ်တယ် ဟာ ၊ မွေးမယ် ဟာ မွေးမယ် ဟာ ဘာဖြစ်လဲ ”


“ ဘာလဲ နင် က နင့် ကို ကျိတ် ခိုက်ပြီး ထမင်း လာလာ စား နေတဲ့ ဟို လူပျိုကြီး ကိုသူရ နဲ့ ယူ .. ”


“ ဟာ .. ငါ့ ကို အဲ့ လူ နဲ့ မစနဲ့ ဟာ ၊ မကြိုက်ဘူး ” 


ဒေါသတကြီး ပိတ် အော် လိုက်တဲ့ မြတ်နိုး ကို ကျွန်တော် ထပ် စ ချင်လာတယ် ။


“ အောင်မယ် ၊ သူ က ပဲ နာအံ့ ထင်သေး ။ ဟိုက ဘွဲ့ရ ပညာတတ် ၊ ဥစ္စာပေါ ရုပ်ချော ပါ နော် ။ တကယ်များ သူ့ ကို လာ တောင်းရင် ကောက်ခနဲ ပါ သွားမယ့်ဟာကများ ” 


“ အောင်မယ် ၊ ပါ စရာလား ။ ငါ့ မှာ ချစ်ရမယ့် လူ ရှိတယ်ဟဲ့ ငတုံး မိုးဝေ ရဲ့ ”


“ ဘာ .. မြတ်နိုး ၊ နင် က ငါ မသိအောင် ရည်းစား ထား နေတယ်ပေါ့လေ ။ ဘယ်သူလဲ ပြောစမ်း ” 


မြတ်နိုး က လျှာလေး ထုတ် ကာ စပ်ဖြဲ ဖြဲပြောပြရင်း လက် ခါ ပြတယ် ။ မြတ်နိုး ရဲ့ ကုပ်ပိုး ကို ဖမ်းဆုပ် လိုက် ပြီး ... 


“ ပြောနော် ၊ မပြောရင် ငါ မလွှတ်ဘူး မြတ်နိုးစုတ်မ ” 


“ အား နာတယ် ဟ မိုးဝေရ ။ လွှတ်ပါ ၊ လွှတ်ပါ ၊ ပြောပါ့မယ် ”


သူ့ ကို လွှတ် ပေးလိုက်တော့ ကုပ်ပိုးလေး ကို ပွတ်ပြီး ရှုံ့မဲ့မဲ့ ပြောတယ် ။


“ ငါ့ ချစ်ရမယ့် လူ က .... ”


မြတ်နိုး က စကားစ ဖြတ်ပြီး ကျွန်တော့် ကို စူးစူးစိုက်စိုက် ကြည့် နေတယ် ။ သူ့ မျက်လုံးတွေ က နူးနူးညံ့ညံ့ ပြုံးနေတယ် ။ ကျွန်တော့် ရင်တွေ တဒိန်းဒိန်း ခုန် နေတယ် ။ မြတ်နိုး ရဲ့ နှုတ်ခမ်းတွေ က တဖြည်းဖြည်း တွန့်ကွေး ပြီး ပြုံး လာတယ် ။


“ ဟီး ... မမွေးသေးဘူး ဟ ”


ကျွန်တော့် ရင် ထဲ ပူခနဲ ၊ ရှိန်းခနဲ ၊ နွေးခနဲ ဖြစ်သွားတယ် ။ ပြီးတော့ မြတ်နိုး ရဲ့ ဆံပင်တိုတိုတွေကို  ထိုးဖွ လိုက် ပြီး သူ့ ကို အမည်သစ် တစ်ခု ပေး လိုက်မိတယ် ။ 


“ အရူးမ ”


အဲဒီ အချိန်မှာ ဗြုန်း ဆို မိုး က ရွာ ချတယ် ။ မြတ်နိုး က သူ့ အိတ် ထဲ က ထီးလေး ကို ထုတ် ဆောင်းတယ် ။ လက်ဗလာ နဲ့ ကျွန်တော့် ကို ကြည့်ပြီး ...


“ ထုံးစံအတိုင်း ထီး မပါပြန်ဘူး မဟုတ်လား ၊ နင် ဟာ လေ ငါ က ဆောင်းစေချင် လို့ ဝယ်ပေး ထားတာ တောင် ထီး ကို ယူ မလာဘူး ”


“ ထီး ဆောင်း တာ အကျင့် မရှိတော့ မေ့ မေ့ ကျန်ခဲ့တယ် ဟ ”


“ ကဲ လာပါ ၊ လာပါ ။ ငါ့ ထီး ထဲ ကိုပဲ ကြွတော်မူပါ ” 


အဲဒီလို နဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း မိုးသည်း ထဲ မှာ ထုံးစံ အတိုင်း ထီး တစ်ချောင်း ကို နှစ်ယောက် အတူ ဆောင်း လို့ ပြန် ခဲ့ကြတယ် ။


[ ၄ ]


“ မိုးဝေ ၊ ကိုသူရ ငါ့ ကို လာ တောင်းတဲ့ ကိစ္စ နင့် က သဘော တူတယ်လို့ အမေ့ ကို ပြောလိုက်တယ် ဆို ” 


ဒေါသတကြီး မေးနေတဲ့ မြတ်နိုး ရဲ့ အသံ ဟာ တိတ်ဆိတ်အေးချမ်း နေတဲ့ ပတ်ဝန်းကျင် နဲ့ မလိုက်ဖက်လွန်းစွာ ။ သူ့ ဒေါသ တွေ ကို သိရလို့ ရပ်ကွက် ထိပ် က ကန်ပေါင် ဆီ ကို ကျွန်တော် ခေါ် လာခဲ့တာ ။ မြတ်နိုး ဒေါသ တွေ က ဆူဝေ လာ သလို ကျွန်တော့် ရင်ဘတ် က လည်း ထုံပေ လာပြီ ။ ကျွန်တော် အားယူ ပြီး ပြုံး လိုက်တယ် ။


“ ကိုသူရ က နင့် ကို မိသားဖသား ပီပီ တောင်းရမ်း .. ” 


ကျွန်တော့် စကား ကို ဖြတ် ပြောဖို့ နှုတ်ခမ်း ချွန်လာ တဲ့ မြတ်နိုး ကို လက်ကာ ဟန့်တား ရင်း ကျွန်တော် ပြော လိုရာ ကို အတင်း ပြောချ လိုက်ရတယ် ။


“ ကိုသူရ က နင့် ကို တကယ် ချစ်တာပါ မြတ်နိုး ရယ် ။ ပြီးတော့ သူ က နင် ငြင်းရမယ့် လူလား ။ နင် က ငါ့ အချစ်ဆုံး သူငယ်ချင်း ပါ ။ ငါ မကောင်းကြံပါ့ မလား ဟာ ” 


မြတ်နိုး က ခေါင်း ကို တွင်တွင် ခါယမ်း လိုက်ပြီး ... 


“ အချစ် မပါတဲ့ အိမ်ထောင်ရေး က သာယာမှာ တဲ့ လား ၊ ငါ သူ့ ကို မချစ်ဘူး ၊ ပြီးတော့ ငါ့ ရင် ထဲ မှာ ဘယ်သူ ရှိနေတယ် ဆိုတာ နင် အသိဆုံး ”


“ တိတ်စမ်း မြတ်နိုး ”


ဖြတ် အော် လိုက်တဲ့ ကျွန်တော့် အသံ ကြောင့် မြတ်နိုး မျက်ရည် ဝိုင်း သွားတယ် ။ ကျွန်တော် သူ့ ကို ကျောခိုင်း လိုက်တယ် ။


“ နင် တို့ ငါ့ တို့ ဘဝ တွေ က စိတ်ကူး ယဉ် ရမယ့် ဘဝ တွေလား ။ နင် လည်း နှလုံးရောဂါသည် အမေအို ကို ပြုစု လုပ်ကျွေး နေရ သလို ငါ လည်း မုဆိုးမ အမေ နဲ့ ညီ ငယ် ၊ ညီမငယ် တွေ နဲ့ တာဝန် ကို ထမ်း နေရတာ ။ ဘာပဲ ဖြစ်ဖြစ် နင် နင့် အမေ အတွက် စဉ်းစား သင့်တယ် ” 


မြတ်နိုး က ကျွန်တော့် ကို ပခုံး က နေ ကိုင်ပြီး ဆွဲ လှည့် လိုက်တယ် ။ ကျွန်တော့် မျက်လုံး တွေ ကို သေသေချာချာ စိုက် ကြည့်တယ် ။ သူ့ အကြည့် တွေ ကနေ လွှဲဖယ်ဖို့ ကျွန်တော် ခေါင်း ငုံ့ ထားမိတယ် ။ ကျွန်တော့် ပခုံး တွေ ကို လှုပ်ယမ်း ပြီး သူ မေးတယ် ။


“ ဒါဆို ငါ ကိုသူရ ကို လက်ထပ် လိုက်ရင် နင် ဝမ်းသာ မှာ လား ၊ နင် ပျော်မှာလား ဟင် ။ ငါ့ ကို ပြောစမ်းပါ မိုးဝေ ရဲ့ ”


ကျွန်တော့် ပခုံး ကို ဆုပ်ကိုင် ထားတဲ့ မြတ်နိုး ရဲ့ လက်တွေ ကို တွန်းဖယ် လိုက်တယ် ။ မျက်ဝန်းတံခါး က နေ ခုန်ဆင်း ဖို့ အားယူ နေတဲ့ မျက်ရည် တွေ ကို ကွယ် ဝှက် ဖို့ အတွက် ကျွန်တော် သူ့ ကို ကျောခိုင်း လိုက်တယ် ။ မျက်နှာ ကို လက်ဝါး နဲ့ ပွတ်သပ်ရင်း ခေါင်းညိတ် ပြ တယ် ။ မြတ်နိုး က ဟက်ဟက်ပက်ပက် ရယ်တယ် ။ 


“ မလိမ်တတ်ဘဲ လိမ် မနေစမ်းပါနဲ့ မိုးဝေ ရယ် ။ ငါ့ မျက်နှာ ကို သာ တည့်တည့် ကြည့်ပြီး နင် ဖြေစမ်းပါ ။ ငါ က စိတ်ကူးယဉ် နေတာလား ၊ နင် က သူရဲဘော ကြောင် နေတာလား ဆိုတာ ဟင် ”


သရော်တော်တော် ပြော နေတဲ့ မြတ်နိုး ကို မျက်နှာချင်းဆို င်ဖို့ ကျွန်တော် ကြိုးစားလိုက်တယ် ။ အောက် နှုတ်ခမ်း ကို တင်းတင်းပြတ်ပြတ် ဖိကိုက် ပြီး မထီတရီ ပြုံး နေတဲ့ မြတ်နိုး ကို ကျွန်တော် တည်တည်ငြိမ်ငြိမ် စိုက် ကြည့် လိုက်တယ် ။


“ မြတ်နိုး နင် သာ ကိုသူရ ကို လက်ထပ် လိုက်စမ်းပါ  ၊ ဒီ ကမ္ဘာ မှာ အပျော်ဆုံး လူ က ငါ ပဲ ။ ဘာလို့လဲ သိလား ၊ နင်တို့ သားအ မိကို စောင့်ရှောက် ပေးနေရတဲ့ ဒုက္ခ ၊ အဲ ဒုက္ခ တွေ ပေါ့သွားလို့ ဟေ့ ... ”


“ ဘာ ... နင် ဟာ နင် ... နင် ...”


ကျွန်တော့် ကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး အော်ဟစ် ၊ ရင်ဘတ် ထဲ က ခုန်ထွက်ချင် နေတဲ့ စကားတွေ ကို မျိုသိပ် ၊ ချာခနဲ လှည့် ကျောခိုင်း ၊ ကျွန်တော် နဲ့ ဝေးရာ ကို မြတ်နိုး ပြေးထွက် လို့ သွားပြီ ။ ကျွန်တော် က တော့ တောင့် တင်း နေတဲ့ ခြေထောက်တွေ နဲ့ အချိန် အတော်ကြာ အဲဒီ နေရာက နေ ခွာ မရဘူး ။ မျက်ဝန်းတံခါး ကို ကျူးကျော် ဖို့ ကြိုးစား နေတဲ့ မျက်ရည် တွေ ကို လည်း အတားအဆီး မရှိ ကျွန်တော် ခွင့်ပြု မိတယ် ။ မိုးတွေ က လည်း ငြိုးမာန် ဖွဲ့ လို့ သည်း နေတယ် ။ မိုးရေ တွေ နဲ့ အတူ ကျွန်တော့် မျက်ရည် တွေ လည်း ကန်ရေပြင် ထဲ ကို အရှုံး ပေး လို့ စီးဆင်းနေတယ် ။


[ ၅ ]


အတိတ် ကို ပြန် တွေး မိတိုင်း ကျွန်တော့် ပါးပြင် ပေါ် မှာ မျက်ရည်မြစ် တစ်စင်း စီးဆင်း သွားတတ်တယ် ။ မျက်ရည် တွေ ကို လက်ခုံ နဲ့ ပွတ်သပ် လိုက်တယ် ။ ညောင်း ညာ နေတဲ့ ခြေထောက် တွေ က လည်း အတော်အတန် ပြေလျော့ သွားပြီမို့ ထိုင်ရာ က ထတယ် ။ အဲ ဒီအချိန်မှာပဲ အစိုး မရတဲ့ ရန်ကုန် မိုး က ဗြုန်းဆို ရွာချ ပြန်တယ် ။ အား ကိုး ရာ ထီး ပါတဲ့ လူတွေ က တော့ အလျှိုလျှို ထီးလေး တွေ ဖွင့် ဆောင်းလို့ ။ လက်ဗလာ နဲ့ ကျွန်တော် က တော့ ခေါင်း ပေါ် ကို လက် နှစ်ဖက် အုပ် တင် လို့ မိုးခို ဖို့ နေရာ ရှာ ရတယ် ။ ခပ်လှမ်းလှ မ်းက အအေးဆိုင်လေး ထဲ ကို ကျွန်တော် ပြေးဝင်လိုက်တယ် ။


ခပ်ကျဉ်းကျဉ်း ဆိုင်လေး ထဲ မှာ တိုးဝှေ့ လို့ မိုး ခို တယ် ။ စိုစွတ် နေတဲ့ မိုးရေ တွေ ကို လက် နဲ့ သပ် ချလိုက် တယ် ။ ဘောင်းဘီအိတ် ထဲ ထည့် ထားတဲ့ ဖုန်း က ရုတ်တရက် မြည် လာတော့ ဖုန်း ကို ထုတ် ကြည့်တယ် ။ မြင် လိုက် ရတဲ့ နံပါတ် ကြောင့် ပြုံး မိရဲ့ ။ မြည်နေ တဲ့ ဖုန်း ကို ကိုင် လိုက်တယ် ဆိုရင်ပဲ ..


“ ဟဲ့ မိုးဝေ ၊ မိုးတွေ ရွာ နေတယ် နော် ။ နင် အခု အပြင် မှာ လား ၊ ထီး ရော ပါရဲ့လား ။ မပါ လည်း မိုး လွတ်ရာမှာ ခို နေနော် ”


တရစပ် ပြော နေတဲ့ မြတ်နိုး ရဲ့အသံ ကြောင့် ကျွန်တော် ပြုံး မိတယ် ။ သူ စိတ် မပူစေဖို့ အတွက် သူ့ အမေးတွေ ကို ဆီလျော် အောင် ကျွန်တော် ဖြေလိုက်တယ် ။ ကျွန်တော့် အဖြေ စကား ကြောင့် စိတ်ချလက်ချ ဖုန်း ချဖို့ ပြင်နေတဲ့ မြတ်နိုး ကို လှမ်း တား လိုက်ရတယ် ။


“ ဘာ ပြောမလို့လဲ ဟဲ့ ၊ ငါ ဒီမှာ အလုပ် ရှိသေးတယ် ” 


ကျွန်တော် သက်ပြင်းမော တစ်ချက် ရှိုက် ထုတ် လိုက်တယ် ။


“ နင့် ယောက်ျား ငါ့ သူဌေး ကိုသူရ ကို ပြောပေးပါ ဟာ ၊ သူ ပြောထားတဲ့ ကိစ္စ ကို ငါ သဘော တူပါတယ် လို့ ” 


“ ဪ ... အေး အေး ၊ ဘာ ကိစ္စလဲ ဟဲ့ ”


ကျွန်တော် အံတင်းတင်း ကြိတ် လိုက်တယ် ။ 


“ အလုပ် ကိစ္စပါ ဟာ ” 


“ ဪ ... အေး ဒါပဲနော် ”


ဖုန်း ချဖို့ ဟန်ပြင် နေတဲ့ မြတ်နိုး ကို ဒုတိယအကြိမ် လှမ်း တား မိပြန်တယ် ။


“ မြတ်နိုး ၊ နင် နဲ့ ကိုသူရ တို့ ကလေး ရ လာရင် လေ သားလေး ပဲ ဖြစ်ဖြစ် ၊ သမီးလေး ပဲ ဖြစ်ဖြစ် မိုး ဆိုတဲ့ အမည် တစ်လုံး တော့ ပါအောင် မှည့်ပေးပါ ဟာ ”


မြတ်နိုး ဟာ ဟာသပြက်လုံး တစ်ခု ကြား လိုက်ရ သလို ဟက်ဟက်ပက်ပက် ရယ်မော ပြီး ဖုန်း ချ သွား တယ် ။ ကျွန်တော့် ရင်ဘတ်ကြီး က လည်း နာနာကျင်ကျင် နဲ့ ငိုမဲ့မဲ့ကြီး ရယ် နေတယ် ။ မိုးမင်းကြီး က လည်း ကြေကြေကွဲကွဲ နဲ့ ပြုံးဖြဲဖြဲကြီး မဲ့နေတယ် ။ ဪ ... မြတ်နိုး ရယ် ၊ တကယ်တော့ ငါ ဟာ လေ ဟိုး အရင် ကတည်း က ထမင်းချိုး ဟင်းချိုး ဘဝ ပါ ဟာ ။


◾ စံရတီ


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      သြဂုတ် ၊ ၂၀၁၇ 


#ကိုအောင်နိုင်ဦး


.

Wednesday, May 1, 2024

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၃ )


 

“ ဟဲ့ ... ကလူကလူ ”

စုတ်ပြတ်သော မျက်နှာ နှင့် လုံချည်ကြီး ခြုံ၍ ကျောပိုးအိတ် လွယ် ထားသော ကျွန်တော့် ကို မြင် တော့ စင်္ကြန် တွင် တံမြက်စည်းလေး လှဲပြီး တရားမှတ် နေသော ဆရာတော် ပင် အာမေဍိတ်သံ ထွက် သွားရ၏ ။ ပြီးနောက် မျက်လွှာ ကို ချရင်း ...

“ မကျွတ်မလွတ်ကြသေးသော သံသရာ တွင်း မှ သတ္တဝါ အားလုံး ကို အားလုံး ရစေ အမျှ ဝေပါတယ် ၊ အမျှ ... အမျှ... ယူတော် မူကြပါ ကုန်သော် ၊ သာဓု သာဓု သာဓု ၊ ဟင် .. ကလူ ကလူ ”

အမျှ ဝေပြီး မျက်လုံး ပြန် ဖွင့်တော့ လုံချည်လေး ရင်ခေါင်း စည်း ၍ ဆောင့်ကြောင့်လေး ထိုင် နေသော ကျွန်တော့် ကို မြင်တော့ ထိတ်ခနဲ ဖြစ် သွားပုံ ရသည် ။ နောက်မှ သတိရ ပြီး ...

“ ကဲ ... ပရလောက ၊ အပရလောက ၊ လောက ၌ ရှိကြကုန်သော သက်ရှိသက်မဲ့ ဝိညာဉ်သား တို့ ဆရာတော်ဘုရား က အမျှ ထပ်မံ ပေးဝေပါတယ် ၊ အမျှ အမျှ ယူတော်မူကြပါကုန်သော် ”

“ သာဓု .. သာဓု .. သာဓု ”

ကျွန်တော် လည်း ဆရာတော်ဘုရား နှင့် အတူ သာဓု ခေါ်မိ သည် ။ ကြည်နူးလိုက်သည် ဖြစ်ခြင်း ။ ဆရာတော် က သာ ကျွန်တော့် ကို ကြည့်ပြီး ...

“ ဟ ... ဒီ တစ်ကောင် မကျွတ်မလွတ်သေးပါလား ၊ ဆေးကြိမ်လုံး နဲ့ ဆော် လွှတ်မှ နဲ့ တူတယ် ”

ဆရာတော် စကား ကြောင့် ကျွန်တော် လည်း ခေါင်း ပေါ် အုပ် ထား သော လုံချည် ရင်ခေါင်း စည်း ရင်း ...

“ ဆရာတော် ဘုရား ၊ ဆရာတော် ဘုရား တပည့်တော် တစ္ဆေ မဟုတ်ပါဘူး ဘုရာ့ ”

“ ဒါဖြင့် ပြိတ္တာ ပေါ့ ”

“ ပြိတ္တာ လည်း မဟုတ်ပါဘူး ဘုရာ့ ၊ လူ ပါ ဘုရား ”

“ ဟင် ... ဒါဆို အနူ ပေါ့ ၊ အနူ က ဘာကိစ္စ ငါ့ ကျောင်း ထဲ ဝင်လာတာ တုန်း ”

“ အနူ လည်း မဟုတ်ပါဘူး ဘုရာ့ ၊ လူ လူကောင်းပါပဲ ”

ကျွန်တော့် အဖြေ ကို ဆရာတော် က မျက်နှာ ကို အသေအချာ လာ ငုံ့ ကြည့်ပြီး ...

“ မိုးကြိုးပစ် ”

“ ပစ် ”

“ ဘုရားစူး ”

“ စူး ”

ကျွန်တော် ကျိန်ဆို လိုက် မှ ဆရာတော်ဘုရား က ယုံတော်မူ ပုံ ရသည် ။

“ ဒါနဲ့ ဒကာ က ဒီ ရွာ ကတော့ မဟုတ်ဘူး နော် ”

“ တင်ပါ့ ဘုရာ့ ၊ တပည့်တော် ရန်ကုန်မြို့ က ပါ ”

ဆရာတော် က ခေါင်း ညိတ် သည် ။

“ ရန်ကုန် က ဆိုတော့ အဝေးသား ကလား ၊ ဒါနဲ့ ဒီ ရွာ ကို ”

“ တင်ပါ့ဘုရား ၊ တပည့်တော် ရဲ့ သူငယ်ချင်း မြင့်စန်းရီ ”

“ ဘယ်သူ ”

“ မြင့်စန်းရီ ပါ ဘုရာ့ ”

ဆရာတော် မျက်မှောင် ကျုံ့ သွား၏ ။ အတန်ကြာ မှ ...

“ ဪ ... ခင်အေး တူမ ပဲ ၊ မြို့ကျောင်း သွား တက် နေတဲ့ ကလေးမ ဟုတ်လား ”

“ တင်ပါ့ ... တပည့်တော် နဲ့ ကျောင်း အတူပါ ဘုရား ”

“ ဟေ ”

ဆရာတော် အံ့အားသင့် သွားသည် ။ ပြီးနောက် မျက်နှာ ကို အသေအချာ ပြန် ကြည့်သည် ။

“ ဒါဖြင့် မင်း က ခေတ်ပညာ တတ် ပေါ့ ”

“ မှန်ပါဘုရာ့ .. ခေတ်ပညာ ကို ဆယ့်လေးတန်း အောင်ပြီး ပါပြီ ”

ဆရာတော် မျက်မှောင် ကျုံ့ သွား ပြန်သည် ။ သူ့ ခမျာ ကျွန်တော့် ပုံ ကို ကြည့်၍ ယုံကြည်ပုံ မရ ။

“ စီအေတီကက် ... ဘာလဲ ”

“ ခင်ဗျာ ”

ရုတ်တရက် မေးလိုက်သော စကား ကြောင့် ကြောင် သွားမိသည် ။ ဒါကို ဆရာတော် က

“ မင်း ခေတ်ပညာ တတ် ဆို ခေတ်စာ တော့ သိရမှာပေါ့ကွ ၊ မဟုတ်ဘူးလား ၊ ငါ့ တော့ လာ မလိမ်နဲ့ ”

“ ဪ ... ဟုတ် ... ဟုတ်ပါတယ် ခင်ဗျာ ၊ မလိမ်ပါဘူး ” 

“ ကဲ ... ဒါဆို လိုက်ဆို ၊ စီအေတီကက် က ဘာလဲ ” 

“ ကြောင် ပါ ဘုရာ့ ”

“ ဒီအိုဂျီဒေါ့ က ရော ”

“ ခွေး ပါ ဘုရာ့ ၊ ball က ဘောလုံး ပါ ”

ခေတ်ပညာတတ် မှန်း သိသာစေရန် ကျွန်တော် ပို ဖြေ လိုက်သည် ။

ဆရာတော် က သူ့ ဦးပြည်း ကို သူ ပြန် စမ်းသည် ။

“ အေး ... ဘောလုံး က တော့ ဦးဇင်း တို့ နဲ့ မဆိုင်ဘူးကွ ၊ cat တို့ dog တို့ က ကျောင်း မှာ ရှိလို့ သိတာ ”

ဦးဇင်း က လည်း ငယ်ဖြူ ၊ ပါဠိစာ တတ် မို့ အင်္ဂလိပ်စာ နှင့် အနည်းငယ် အလှမ်း ဝေးသည် ထင့် ။

“ ကဲလေ ... ဒါဖြင့် လည်း ဒုက္ခ ရောက်လာ သူ ဆိုတော့ ကူညီ ရ မှာပေါ့ ၊ ကျောင်း အောက် မှာ တော့ ကပ္ပိယ ဖိုးသက် ရှိတယ် ၊ သူ နဲ့ အတူ နေ ပြီး ကျောင်း ဝေယျာဝစ္စ ပဲ ကူ ပေါ့ ၊ ကဲ ကဲ မင်း လည်း ပင်ပန်းလာ ပြီ ဆိုတော့ သွား နားချေဦး ”

“ တင်ပါ့ ဘုရား ”

“ ဟဲ့ ... မောင်ဖိုးသက် ”

“ တင်ပါ့ ဘုရား ”

“ ဒီမယ် ဧည့်သည် ကို လာခေါ်ဦး ”

“ တင်ပါ့ ဘုရား ... ဟဲ့ ... ကလူ ကလူ အာ ဘာကြီးလဲ ဟ ”

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ ( ၁၂ )


 

ဘုရားပွဲ ဖြစ်မြောက်ရေး ကော်မတီ လူကြီးများ က ကျွန်တော်တို့ နှစ်ယောက် ကို အသေအချာ ကြည့်သည် ။ သူတို့ စိတ် လဲ ဝေခွဲရ ခက် နေပုံ ။ အတန်ကြာ မှ တစ်ယောက် က သက်ပြင်း ချပြီး ...

“ ဘယ်သူ သူတောင်းစားလဲ ”

ကျွန်တော် မဖြေမီ ဟို လူကြီး ၏ လက်တိုတို က ကျွန်တော့် ဖက် လှည့် လာ၏ ။ လူကြီးများ အားလုံး ၏ မျက်လုံး က ကျွန်တော့် အပေါ် စုပြုံ ကျ လာ၏ ။ ဟို လူကြီး သရုပ်ဆောင် ကောင်း ပြန်ပြီ ။ ထိုတော့ မှ ကျွန်တော် လည်း လန့် သွားပြီး ...

“ ဟာ ... ကျွန် ... ကျွန်တော် ရှင်း ”

စကားပင် မစရသေး လူကြီး က လက် ကာ ပြသည် ။ ပြီးမှ

“ မတောင်းစားရဘူး ဆိုတာ မသိဘူးလား ”

ခေါင်းခါ ပြ ရမလား ၊ ခေါင်းညိတ် ပြ ရမလား မသိ ။ ဟို လူကြီး က တော့ လက်တိုတိုကြီး ကို မတ်မတ် ပိုက် ထား၏ ။ တကယ့် ပွဲ ထဲ က သူကြွယ် အတိုင်း ။ သူ့ သမီး နှင့် ပေးစားရန် မတူမတန် ကြည့် နှင့် ကြည့် နေသော ယောက္ခမ ကြည့် ။

ကြည့် လိုက် တော့ လည်း ယုံချင်စရာ ။ ပတ်တီး စီး ထားသူ ချင်း အတူတူ သူ က အင်္ကျီ နှင့် ။ ကိုယ် က ဗလာကျင်း ။ မျက်ခွက် က ကိုယ် က ပို စုတ်ပြတ် နေသေးသည် ။

“ မင်း က တောင်းစား ရုံ မကဘူး ၊ သူများ ပစ္စည်း ပါ လုသေးတယ် ဆိုတော့ မလွန်လွန်း ဘူးလား ”

သူ့ အမေး ကို ကျွန်တော် မ ဖြေဘဲ မတ်တပ် ရပ် လိုက်သည် ။

“ တစ်ခုပဲ ပြောချင်ပါတယ် ၊ အိတ် ထဲ က မှတ်ပုံတင် ကို စစ် ကြည့်လိုက်ပါ ”

“ ဂိန် ... အိုင် ... အိုင် ... အိုင် ”

သည်တစ်ခါ ခွေးသံ ထွက် သွားသည် က လက်တိုတို နှင့် လူကြီး ။

“ ဂစ် ... ဂစ် ... ဂစ် ”

ချက်ချင်း တက် သလို ဖြစ်ပြီး ဖုန်းခနဲ မြေပြင် ပေါ် ပစ်လဲ သွား၏ ။ ရှိနေကြသော လူ အားလုံး လည်း ကြောင် သွားပြီး ...

“ ဟ... ဟ ဘာဖြစ် သွားတာလဲ ဟ ”

“ ဝက်ရူးပြန် ... ဝက်ရူးပြန် လား မသိဘူး ၊ ခြေမချိုး ၊ ခြေမချိုး ”

“ အာ ... ခြေမ မှ မရှိတာ ဘယ်လို ချိုးရမလဲ ”

“ ဒါဆိုလည်း ခြေမ နဲ့ တူတာ ချိုးကွာ ”

လူတွေ အားလုံး ယောက်ယက်ခတ် သွား၏ ။ ဟို လူ က လည်း တွန့်လိမ်ကောက်ကွေး ကာ လူးလွန့်ရင်း လူ လွတ် ရာသို့ လှိမ့် သွားသည် ။

“ ဂစ် ... ဂစ် ... ဂစ် ”

“ ဟေ့ကောင် မိချောင်းနတ်များ ဝင် ပူးသလား ”

“ အေး ... လိမ့် နေတာ ဖမ်းတောင် မမိဘူး ”

လူ လစ်သည် နှင့် ဟို လူ မှာ လှစ်ခနဲ ထ ထွက်ပြေး သွားသည် ။

“ ဟာ ”

“ ဟယ် ... ဘယ် ... ဘယ်လို ”

မသိ လျှင် မသန်မစွမ်း ဟု ပင် မထင်ရ ။ ခဏခြင်း ပင် မြင်ကွင်း မှ ပျောက်ကွယ် သွားရတော့၏ ။ အားလုံး ကြက်သေ သေ၍ သူ့ ကို ပင် လိုက် ကြည့် နေမိကြသည် ။ အတန်ကြာ မှ ...

“ မာရသွန် ပြိုင် ရင် ဒီကောင် ရမှာကွ ၊ ဒါနဲ့ နေပါဦး မှတ်ပုံတင် မေး လိုက်ရုံ နဲ့ ဒီကောင် ဘာ ဖြစ်သွားတာလဲ ”

ထိုတော့ မှ ကျွန်တော် လည်း အခွင့်အရေး ရပြီး ...

“ ရှင်းပါတယ် ခင်ဗျာ ... ဒါဟာ ကျွန်တော့် အိတ် မို့ ကျွန်တော့် မှတ်ပုံတင် ပဲ ရှိ နေမှာပါ ၊ ဒါကို အလိမ် ပေါ် မှာ စိုး လို့ ထွက် ပြေး သွားတာပါ ”

“ ဟင် ... ဒီလိုလား ”

ကျွန်တော် ရှင်းပြ လိုက်တော့ လူကြီးများ သဘောပေါက် သွား တော့၏ ။ သူတို့ ၏ စိတ်ဝင်စားမှု က ကျွန်တော့် ဆီ ပြန် ရောက်လာသည် ။

“ နေပါဦး ... ဒါက မင်း အိတ် ဆိုတော့ မင်း ဘယ်က ကောက်ရ လာတာလဲ ”

“ ကောက်ရတာ မဟုတ်ပါဘူး ၊ ကျွန်တော် အိမ် က ထွက် ကတည်း က ပါလာတဲ့ အိတ် ပါ ”

လူကြီး တစ်ဦး က အိတ် ဖွင့် ကြည့်သည် ။

“ အေး ... အတွင်းပါ ပစ္စည်းတွေ က အကောင်းစား တွေ ချည်းပဲ ၊ ဒီကောင့် ရုပ် နဲ့ တော့ မလိုက် သလိုပဲ နော် ”

မှတ်ပုံတင် ထုတ် ကြည့် ပြန်သည် ။

“ အေး ... ရုပ် ကတော့ ခပ်ဆင်ဆင် ပဲ ၊ ဒါပေမဲ့ မင်း မျက်နှာကြီး က ဘာလို့ စုတ်ပြတ် နေတာလဲ ၊ အင်္ကျီ က ဘာလို့ မပါတာလဲ ”

“ လက်ဝှေ့ ထိုးလို့ ”

မျက်မှောင်ကျုံ့ သွား ကြသည် ။

“ ဘာလို့ လက်ဝှေ့ တက် ထိုးတာလဲ ”

“ တိရစ္ဆာန်ဆေးကု က လက်ပတ်တီး စည်းပေးလို့ ”

“ တိရစ္ဆာန်ဆေးကု က ဘာလို့ လက်ပတ်တီး စည်း လွှတ်တာလဲ ”

“ ရထား ပေါ် က ပြုတ်ကျလို့ ”

“ ရထား ပေါ် က ဘာလို့ ပြုတ်ကျတာလဲ ”  

“ မြင့်စန်းရီ ကို သတိရ လို့ ” 

“ ဟေ ”

အားလုံး ဘယ်လိုမှ ဆက်စပ်မိ ပုံ မရ ၊ အဖြစ်အပျက် က လည်း ဆက်စပ် လို့ ရချင်စရာ မရှိ ။

“  ကဲ ... အစက အသေအချာ ပြန် ရှင်းပြပါဦး ”

“ ရထား ပေါ် က ဆတ်ဆော့ ပြီး ခုန်ချ မိလို့ လက်တွေ စုတ်ပြတ် ပြီး တိရစ္ဆာန်ဆေးကု ဆရာ ဆီ ရောက်ပါတယ် ၊ အဲဒီမှာ သူ က ဒဏ်ရာ တွေ ဆေး ထည့်ပြီး လွှတ်လိုက် တော့ လက်ဝှေ့ပွဲ နား ရောက်ပါတယ် ၊ လက်ဝှေ့ပွဲ နား မှာ လက် မှာ ပတ်တီး နဲ့ မို့ လက်ဝှေ့ ထိုး ဖို့ လာတယ် ထင်ပြီး စင်ပေါ် တင် ပါတယ် ၊ စင်ပေါ် က ပြန် ဆင်းတော့ ခုန လူ နား ပစ်ချ ခဲ့ ပါတယ် ၊ အဲဒီမှာ အထုပ်လုပွဲ ဖြစ်ပြီး ဒီ ရောက် လာတာပါ ”

ကျွန်တော် ၏ ရှည်လျားလှသော ရှင်းပြ စကား ကို အားလုံး နားလည်ပုံ မရ ။

ရထား နဲ့ တိရစ္ဆာန်ဆေးကု ၊ တိရစ္ဆာန်ဆေးကု နှင့် ပတ်တီး ၊ ပတ်တီး နှင့် လက်ဝှေ့ ၊ လက်ဝှေ့ နှင့် သူတောင်းစား ၊ သူတောင်းစား နှင့် အိတ် ။ အတော်ကလေး ကို ဆက်စပ် နေရပုံ ပေါ်၏ ။ အတန်ကြာ မှ ...

“ အေးလေ ... ဟုတ်ရင် လည်း ပြီးတာပဲ ၊ တို့ က လည်း ဘုရားပွဲ မှာ ပျော်ပျော်ရွှင်ရွှင်ပဲ ဖြစ်ချင်တာ ၊ ကဲ ကဲ အထုပ် ယူပြီး သွားပေတော့ ၊ အဲ ... ဒါနဲ့ ဘယ်ကို သွားမှာလဲ ဟင် ”

ကျွန်တော် သက်ပြင်း ချ မိသည် ။

“ လောလောဆယ် ဒီ ရွာ မှာ လည်း အသိ မရှိတော့ မြန်မာတို့ ရဲ့ ထုံးစံ အတိုင်း ဘုန်းကြီးကျောင်း မှာ ပဲ ”

အားလုံး ခေါင်းညိတ် ကြသည် ။ အတန်ကြာ မှ တစ်ယောက် က ...

“ အေးကွာ ... သွားမယ်ဆို မင်း မျက်နှာကြီး ကို အုပ် သွား ပါကွာ ၊ ထွီ တွေ့ကရာ လူ အန်ချင် နေလိမ့်မယ် ”

မတတ်သာသည့် အဆုံး ကျွန်တော် လည်း လုံချည်လေး ဖြေပြီး

“ ဟုတ်ကဲ့ ... ကျွန်တော် ဒီ လုံချည် ကို ပဲ ”

ဖျတ်ခနဲ လုံချည် ကို ခေါင်း ပေါ် ဆွဲ အုပ် လိုက်မိသည် ။

◾ အကြည်တော်

📖 မောင်စောကြည်ဖြူ နှင့် မမြင့်စန်းရီ

#ကိုအောင်နိုင်ဦး

.

အက်ကွဲ သံစဉ်


 

❝ အက်ကွဲ သံစဉ် ❞ 
         
ဈေးတည့် သွားသည် နှင့် ကား နောက်ခန်းတံခါး ဖွင့်ပြီး ဝင် အထိုင် ၊ ကားကလေး က လည်း ‘ လျှော ’ ခနဲ ထွက် ။ မိမိ လိုရာ ရောက်ဖို့ နောက်ထပ် နာရီဝက် လောက်တော့ အသာလေး ။
ဂျပန်ကားလေး ချင်း တူဦး တော့ စီး ရသည့် အရသာ က တော့ လုံးလုံး မတူ ။ အရင်တုန်း က ကိုယ့် အပိုင် ကား ။ ဒီဟာ က အငှား ကား ကို ။ ရှိပါစေတော့လေ ။ ဒီ အစီအစဉ် က ပို အဆင်ပြေ ၍ သာ ဒီ လမ်းကြောင်း ကို ခင်ပွန်းသည် နှင့် မိမိ တိုင်ပင် ရွေးချယ်ခဲ့သည် ပဲ ။

အိမ် က ဆင်ခြေဖုံး ၊ ဆိုင် က ဗိုလ်ချုပ်ဈေး ၊ အလုပ် က တစ်ပတ် ကို ခြောက်ရက် ၊ အသက် က ငါးဆယ် ၊ နေ့စဉ် သွားဖို့ ပြန်ဖို့ မောင်းသူ မရှိတော့သည့် အိမ် က ကား က ဘာမှ အသုံး မဝင် ။ အိမ် က လူကြီး က လည်း တိမ် ခွဲထုတ် ထားရသည့် မျက်လုံး နှင့် မို့ ကား မမောင်း စေချင် ။ မိမိ ကိုယ် ၌ ကလည်း မမောင်း တတ် ။ ကားသမားတွေ က လည်း ကိုယ် ပေး သည့် လခ နှင့် မစားလောက် ၍ ခေါင်းချည်း ခါခါ သွား ကြသည် ။

အဲဒီတော့ ... ကား ကို ရောင်း ။ ဆိုင် အသွားအပြန် ကား ငှား စီး ။ ကား ရောင်းရသည့် ငွေ ကို အစုစပ် လုပ်ငန်း တစ်ခု ထဲ ထည့် ထားပြီး ရ လာသည့် အမြတ်အစွန်း ထဲ မှ ကားခ အဖြစ် ထုတ် သုံးဖို့ စီမံရ တော့သည် ။

အရင် က တော့ သည်လို မဟုတ်ပါ ၊ သို့သော်လည်း အခြေအနေ က ဖန် လာခဲ့ပြီ ။ နှစ်ဖက်စလုံး က မလျှော့ကြ မှ တော့ တင်းပြီး ပြတ်ကုန် ကြ ရုံသာ ရှိသည် ။ နွေးထွေး ကြည်နူးစရာ ဘဝကလေး အတိတ် မှာ မှုန်ရေးရေး သာ ကျန်ခဲ့ပြီ ထင့် ။ လောက မှာ ဆန္ဒ နှင့် ဘဝ တစ်ထပ်တည်း မကျတာ လောက် ကို များ ယိုးမယ်ဖွဲ့ မနေနိုင် လောက် အောင်ပင် မိမိတို့ စိတ်တွေ မာကျော ခဲ့လေပြီလား မသိ ။

   •••••   •••••   •••••

“  အန်တီကြီး မှတ်မိလား ၊ ကျွန်တော့် ကား ကို ဟို တစ်ပတ် က စီးဖူးသေးတယ် လေ ”

ကားသမားလေး က လှည့်ပြီး ပြောတော့ မိမိ မှာ ဇဝေဇဝါ ။ ဟုတ်လား ၊ အေးကွယ် ၊ အန်တီ က နေ့တိုင်း ကားငှား စီးရတာ ဆိုတော့ သား နဲ့ ကြုံချင် ကြုံဖူးမှာပေါ့ ”

“ အဲဒီတုန်းက ကျွန်တော့် ကား ဘီးပေါက် လို့ လဲရတော့ အန်တီကြီး က ကားပြောင်း မစီးဘဲ စောင့် ပေးတာလေ ၊ ဒါကြောင့် ကျွန်တော် က မှတ်မိ နေတာ ”

“ ဪ .. အေး .. အေး .. မှတ်မိပြီ ၊ မှတ်မိပြီ ”

ဒီလိုနဲ့ သိဟောင်း ကျွမ်းဟောင်းတွေ ပမာ တစ်လမ်းလုံး စကားပြော သွားကြသည် ။ မိမိ လည်း ဈေးသည် ပီပီ ထွေရာလေးပါး ပြောသွားရသည် ကို သဘော ကျ၏ ။ ခရီး လည်း ကြုံ ၊ ဗဟုသုတ လည်း ရ ။ အထူးသဖြင့် သူတို့ ဘဝလေးတွေ က လည်း တစ်ယောက် တစ်မျိုး စိတ်ဝင်စားစရာ ကောင်းသည် ။

တချို့ကျတော့ လည်း စိမ်းပြတ်သော ဆက်ဆံရေး ဖြင့် လိုသည် ထက် ပို မပြောဘဲ ကား ကိုချည်း “ ဖိ ” မောင်း နေတတ် သူများ လည်း ရှိသေး၏ ။ စပ်စုတာ မကြိုက်သော ၊ ကိုယ့်အတွေး နှင့် ကိုယ် ငေးချင်သော ခရီးသည် လည်း ရှိတတ်သည် ကိုး ။ အမျိုးမျိုး ပေါ့ လေ ။

“ သား က ဘယ်မှာ ဂိတ်ထိုး တာလဲ ။ နောက်နေ့ တွေ စီး ရအောင် ”

“ အဲဒီလို တော့ ဂိတ် သတ်သတ်မှတ်မှတ် မရှိပါဘူး ၊ အဆင်ပြေ သလို ဆွဲတာပဲ ၊ ဆွဲတဲ့ အချိန်လဲ နည်းတယ် အန်တီ ရဲ့ ၊ အိမ် က ကားမို့ တော်သေးတာ ၊ မဟုတ်ရင် အုံနာကြေး တောင် တစ်ခါတလေ မပြည့်ဘူး ”

နောက်ကြည့် မှန် ထဲ မှာ မြင် နေ ရသော မျက်လုံး တစ်စုံ ကို လှမ်း ကြည့် လိုက်တော့ ရှေ့တူရူ ကို သာ စူးစူးရဲရဲ စိုက် ကြည့်ရင်း အားမာန်တွေ ပြည့် နေသည့် အသွင် ။

မိမိ ရင် ထဲ မှာ ဆို့နင့် သော ခံစားချက်များ ပြည့်လျှံ လာ သဖြင့် နှုတ်ဖျား မှာ အာစေး ထည့် ထား သလို လေးလံ ငြိမ်သက် သွား သည် ကို သူ က တော့ မသိ ရှာ ။

   •••••   •••••   •••••

“ အစ်မ က စီးနေကျ မို့ ကားခ သိနေလို့ ၊ တချို့ ခရီးသည် တွေ ဒီလမ်း နဲ့ ဒီလမ်း ကို တစ်ရာ ၊ နှစ်ရာ ကပ် ဆစ် နေသေးတာ ၊ အားကြီး လက်ပေါက်ကတ်တာပဲ ”

အင်း - သူ့ ကြည့်တော့ ဖြင့် တစ်ခေါင်းလုံး ဖြူဖွေးပြီး မိမိ ထက်ပင် အိုစာ နေပါလျက် လူကို များ “ အစ်မ ” တဲ့ ။ ခရီးသည် ဆို တော့လည်း နည်းနည်း အရိုအသေ ပေးသည့် သဘော ထင်ပါရဲ့ ။

“ ဪ - တချို့လည်း အရေးကြီး လို့ သာ စီး ရတာ ၊ မပြေလည်တာတွေ ရှိမှာပေါ့လေ ”

“ ဒါတော့ ဒါပေါ့ ဗျာ ၊ ကျွန်တော်တို့ ဘက် က လည်း ရှာ စားရ တာ မလွယ်ဘူး ဗျ ၊ ကားဆွဲ စား ရတာ ‘ ဆီ ’ တစ်မျိုးတည်း ကုန် တာ မှ မဟုတ်တာ ၊ ကျန်တဲ့ စက်ပစ္စည်း တွေ ၊ ကားပစ္စည်း တွေ က ဈေး ခေါင်ခိုက် နေတာ ၊ ပျက်လို့ ပြင်ရလည်း မနည်းဘူး ကုန်တာ ၊ တစ်နေ ကုန် လည်း ပင်ပန်းရ သေးတယ် ၊ အခု ကျွန်တော် ဆို အေးအေး ချမ်းချမ်း နေရမယ့် အရွယ် ၊ ဒီလို မှ မရှာရင် မဖြစ်လို့ သာ လှုပ်ရှား နေရတာ ၊ မျက်စေ့မှုန် ၊ နားထိုင်း နေလဲ ပါးစပ် က ပိတ် နေလို့ မှ မရပဲ ”

ဟုတ်မှာ .. ဟုတ်မှာ .. ခုတောင် ဘယ်တုန်း ကတည်း က ပြောချင် နေတာတွေ ရင်ဖွင့် နေတာလဲ မသိ ။ ကား စ ထွက် ကတည်း က ဆက်တိုက် ပြော လာလိုက်တာ ။ မိမိ စိတ် ထဲ “ သူ တစ်ယောက် တည်း ရှာ စား နေရတာ ကျနေတာပဲ ” ဟု အငေါ်တူး လိုက်မိသော် လည်း နှုတ် က တော့ ..

“ သားသမီးတွေ မရှိဘူးလား ၊ ဦးလေး အသက်အရွယ် နဲ့ ကားမောင်း နေ ရတာ ”

“ ရှိပါ့ဗျာ ၊ သမီး တစ်ယောက် တော့ ဘွဲ့ကလေး ရ ၊ အလုပ်ကလေး လဲ ဝင်ရော ဗြုန်းဆို ယောက်ျား ကောက် ယူ သွားလိုက်တာ မိဘ ကို ဘယ် ပြန်ကြည့် နိုင်တော့လို့လဲ ၊ သူ့ ယောက်ျား က လည်း မဖြစ်ညစ်ကျယ် ရာထူးလေး နဲ့ ကားမောင်း တာ ကို အဆင့်တန်း ရှိတဲ့ အလုပ် ထင်တာ မဟုတ်ဘူး ၊ သူတို့ ဆီ က ဘာ အထောက်အပံ့ မှ မရတဲ့ အပြင်ဟွန်း .. သူတို့ ကလေး တောင် အဆစ် ထိန်းပေး လိုက်ရသေး တယ် ဗျာ ”

ပြောပြောဆိုဆို ရင်တွင်း ခံစား ချက် အခံ ဖြင့် အရှိန် နှင့် ကွေ့ချ ပစ်လိုက် သော ကြောင့် ယိမ်းယိုင် သွားသော မိမိ ကိုယ် ကို မနည်း ပြန် တည့်မတ် ထိန်း ကိုင် လိုက်ရ၏ ။

“ ဒီလိုပါပဲရှင် ၊ သားသမီး ဆိုတာ ကိုယ် က သာ စုန်ရ တာ ”

သူ့ ကို သာ အားပေး နှစ်သိမ့် လိုက်ရသည် ။ မိမိ အသံတွေ တိုးတိမ် အားပျော့ စွာ ။

   •••••   •••••   •••••

အရှိန် လျှော့ပြီး နောက် က လိုက်လိမ့်မည် ဟူသော မိမိ အထင် ကို ဆန့်ကျင်စွာ ကားမောင်း က လီဗာ ကို ပို ဖိနင်း လိုက် သဖြင့် ရင် ထဲ ထိတ် ၍ သွားသည် ။ ဟိုးရှေ့ မှာ က အပြင်း မောင်း လာသော ကုန်ကားကြီး ။ ရှေ့ မှ ကား ကလည်း ဘေး ချ မပေး ။ ရှောင်ဖို့ တိမ်းဖို့ နေရာ သိပ် မကျန်တော့ ။ ဘုရား .. ဘုရား ။

မိမိ မျက်စေ့တွေ ကို ယောင်၍ မှိတ်ပစ် လိုက်မိသည် ။ တစ်ချက် ယိမ်းခနဲ ဖြစ်သွားပြီး နံဘေးမှ ကုန်ကားကြီး ‘ ဝေါ ’ ခနဲ ဖြတ် သွားသံ ကြား မှ တုန် နေသော ရင် ကို လက် နှင့် ဖိရင်း ယာဉ်မောင်း ကို လှမ်း ကြည့် လိုက်မိသည် ။

“ အမယ်လေး .. ဖြည်းဖြည်း မောင်းပါ မောင်ရင် ရယ် ၊ တိုက်မိ ကုန်မှဖြင့် ”

“ ဟား - ဟား - ဒေါ်ကြီး တော်တော် လန့်သွားလား ၊ မလန့်ပါ နဲ့ ၊ ကျွန်တော့် ကား အကြောင်း ကျွန်တော် သိလို့ မောင်းရဲတာ ပေါ့ ၊ ကားမောင်း လာတာ နှစ်အစိတ် ရှိပြီ ဒေါ်ကြီး ရဲ့ ၊ တစ်ခါမှ မတိုက်ဖူးသေးဘူး ”

“ မတိုက်ဖူးပေမယ့် စောစော က လို မျိုးတော့ မလုပ်ပါနဲ့ ကွယ် ၊ ဒီနေရာ က ကား လဲ ရှုပ် ၊ လူ လဲ ရှုပ် ၊ ဆိုက္ကား စက်ဘီးတွေ လဲ ရှုပ် မို့ပါ ၊ တစ်ခု ခု ဖြစ်လို့ ဆင်း ရှင်း နေရ ရင် အချိန် လည်း ကြာတာ ပေါ့ ”

“ မဖြစ်ပါဘူးဗျာ ၊ ဒီလို ဆွဲ မှ လည်း ကျွန်တော် တို့ က ‘ ကိုက် ’ မှာ ၊ မပူနဲ့ ဒေါ်ကြီးရေ ၊ ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူး ”

သူ့ ခံယူချက် နှင့် သူ နည်းနည်း မှ မလျှော့ဘဲ ဒလကြမ်း မောင်းမြဲ မောင်း နေသည့် မို့ ဘုရား တ , ရင်း ပဲ ဖြစ်ချင်တာ ဖြစ်စေ တော့ သဘောထား လိုက်ရ တော့သည် ။ သူ က တော့ “ ဝေါ ” ခနဲ ဆောင့် ထွက် ၊ “ ဝူး ” ခနဲ ချိုး ကွေ့ ၊ “ ကျွီ ”  ခနဲ ဘရိတ် ဖမ်း ၊ ဟွန်း ကို လည်း အသက် မရှုစတမ်း တီးပြီး ကျော်တက် ၊ ဈေး ကို ရောက်မှပဲ စိတ်ချ လက်ချ အသက် ဝဝ ရှုရဲ တော့သည် ။ ကားနံပါတ် မှတ်ထား လိုက် ဦးမည် ။ နောင်ခါ ဆို ဝေါင်ဝေါင် ရှေး ဖို့ ။ ဆိုင် က ကောင်တာ မှာ ဝင် ထိုင် ပြီးချိန် အထိ ဒူးတွေ ဆတ်ဆတ် ၊ ရင်တွေ ဒိတ်ဒိတ် ။

   •••••   •••••   •••••

× × ရာသီပြောင်းချိန်မှာ × × ဖော်ကွာလို့ × × အပြင်ရော × × အတွင်းရော × ×  ဥပါဒ်ဝင် × ×

ကပ်လျက် ဆိုင် မှ လွင့်ပျံ လာသော သီချင်းသံ ကြောင့် တွက် လက်စ ဂဏန်းပေါင်းစက် ကို ခဏ ပိတ် ၊ မျက်မှန် ကို ချွတ်ပြီး မျက်လုံး တွေ ကို ခဏ မှိတ်၍ ငြိမ်သက် နေ မိသည် ။ စိုင်းထီးဆိုင် ၏ ‘ ရာသီ ပြောင်းချိန် ’ သီချင်း ။

မိမိ အသက်အရွယ် နှင့် ဒီ သီချင်း ကို ရှာရှာဖွေဖွေ သိနေ ခြင်း တော့ မဟုတ်ပါ ။ စာသားတွေ လည်း လုံးစေ့ပါဒ်စေ့ မရပါ ။ ဟို တစ်ချိန် က အိမ် မှာ ထပ်ပြန် တလဲလဲ ကြော့ပြီး ဖွင့်ခဲ့ဖူးသော သီချင်း မို့ အလွတ်ရ သလို နားယဉ် နေခဲ့ခြင်းသာ ။

ဒီ သီချင်း ကို ကြား လေတိုင်း မကြားချင် လောက်အောင် ကြေကွဲလျက် ကပင် သီချင်း ပြီးဆုံးသည် အထိ နားထောင် နေမိ ကြောင်း ဘယ်သူ့ ထံ မှာ ဝန်ခံရပါ့မလဲ ။ နာကြင်ခြင်း နှင့် လွမ်းတ, ခြင်း များ ပြွမ်းတီးလျက် တစ်စုံတစ်ယောက် ကို သာ စူးစူးနစ်နစ် သတိရ နေခဲ့ရသည် မှာ အကြိမ်ကြိမ် ။

တစ်ခွေလုံး ဒီ သီချင်း တစ်ပုဒ် တည်း ကို ပဲ အေဆိုက် ၊ ဘီ ဆိုက် သွင်း ထားပြီး သံပြိုင် လိုက် ဆို ၊ ဂီတာတီး ရင်း ဆို ၊ ရေချိုးခန်း ဝင် ရင် လည်း အော်ဆို ရ လောက်အောင် ကြိုက်ရှာ သူ ။ ဪ - ခုချိန် ဆို ဒီ သီချင်း ကို ဆိုမှ ဆိုနိုင်ပါ စလေ ။

အိမ် မှာ အကြော့သား နေရ စားရ သည့် ဘဝ မှ ဖယ်ခွာ လျက် ဘယ်လမ်း ကို များ လျှောက်နေလေပြီ မသိ ။

မိမိ မို့ ဆက်တီခုံရှည် မှာ ထိုင်ပြီ ဆို ပေါင်ပေါ် အတင်း ခေါင်းအုံး အိပ်ပြီး သူ့ အရပ် ဂလန်ဂလားကြီး ကို ခေါက်ကွေး ကာ မဆန့် ဆန့် အောင် တိုး အိပ်ရင်း မိမိ ရင်ခွင် ခေါင်းတိုး ဝင်၍ ချွဲနွဲ့ လိုက်လျှင် သူ့ မိကျောင်းသားရေ စစ်အိတ်ကလေး ထဲ လေး - ငါး - ခြောက်ထောင် မပြတ် ပြည့် နေ တတ်ခဲ့ သူ က ခုများ ကျတော့ ဘာ အလုပ်တွေများ လုပ်ကိုင် စားသောက် နေရှာပါ လိမ့် မလဲ ။

“ မင်း - ငါတို့ စကား ကို နား မထောင်ရင် ၊ ငါတို့ သဘော မတူတဲ့ မိန်းမ ကို ယူရင် အိမ် က ဆင်း ပေတော့ ၊ အမွေပြတ် တော့ အရှက်ကွဲ ခံပြီး သတင်းစာ ထဲမ ထည့်ဘူး ဟေ့ကောင် ၊ ငါတို့ စိတ် က ပြတ်ပြီ ဆိုရင် အပြီး ပြတ်တယ် ၊ ဘယ်နှယ့်ဗျာ - မိန်းမများ ယူစရာ ရှားလို့ ကလေး နှစ်ယောက် အမေ တစ်ခုလပ် ကို မှ ယူချင်ရတယ် လို့ ... တောက် ! ”

ဘယ်လိုမှ ဖျန်ဖြေ စေ့စပ်၍ မရနိုင်လောက်အောင် ဒေါသ ကြီး နေသော ခင်ပွန်းသည် ကို တောင်းပန် မရသည့် အဆုံး မိမိ က ပဲ မျက်ရည်လည်ရွဲ နှင့် လေပြေ သွေး ကြည့်ခဲ့သည် ။

“ သားလေး ရယ် ၊ မင်း အဖေ စိတ် ကို လဲ သိရက်သားနဲ့ ၊ သူ တို့ သားအမိတွေ ကို ရင်းနှီး လုပ်ကိုင်စား ဖို့ မေမေတို့ ကူညီမယ်လေ ၊ သူတို့ ဘဝ ထဲ ကို တော့ သားလေး မဝင်လိုက်ပါနဲ့လား ကွယ် ၊ သားလေး ကျောင်း လဲ ပြီး သေးတာ မဟုတ်ဘူး ၊ ပညာ တစ်ပိုင်း တစ်စ နဲ့ ဘာ လုပ် စားမှာလဲ ၊ သားလေး ပင်ပန်းမှာ မေမေ မကြည့်ရက်ပါဘူး ” 

သူ့ စပို့ရှပ်အင်္ကျီ ရင်ဘတ် တစ်ခု လုံး တွန့်ကြေ ရွဲ့စောင်း နေ အောင် ဆုပ်ကိုင် ငိုယို နေမိစဉ် မိမိ လက်ချောင်းများ ကို ကုပ်ကျစ် ဖြည်ဖြန့် ပြီး စကား တစ်ခွန်း မျှ မဆိုဘဲ အဝတ် တစ်ထည် ကိုယ် တစ်ခု နှင့် ဆင်း သွားသော မြင်ကွင်း က မှုန်ဝါး မသွားဘဲ ခုချိန် အထိ မျက်လုံး ထဲ မှာ ပြက်ပြက် ထင်ထင် ။

   •••••   •••••   •••••

ကားလမ်းတွေ ပိတ် နေသည် ။ ကြည့် ရတာ ဟိုးရှေ့မှာ ကား တစ်စီး စီးပဲ ပျက် သလား ၊ ကားချင်း ချိတ်မိ၍ ပြဿနာ ရှင်းနေကြ သည်လား ၊ ‘ ဟွန်း ’ သံမျိုးစုံ က ဆူညံ ၍ နေသည် ။ ကားဆရာ က စက် ကို ပါ သော့ပိတ် ပစ်လိုက်ပြီး စောစောက မီးပွိုင့် မှာ သူ ဝယ် လာခဲ့သော ဂျာနယ်တစ်စောင် ကို ဟိုလှန်ဒီလှော ဖတ် နေ တော့ သည် ။ အဲဒီလို မလုပ် ၍ လည်း တခြား ဘာမှ မတတ်နိုင်သည့် အနေ အထား ကိုး ။

လမ်း က ကျဉ်းကျဉ်း ၊ ယာဉ်ကြော က နှစ်ထပ် ၊ ရှေ့ လည်း မ တိုးသာ ၊ ပြန်လည်း မကွေ့သာ ။ မိမိ မှာ သာ ဆင်းလျှောက် ၍ လည်း မဖြစ်နိုင် သဖြင့် စိတ် လျှော့ ထားရသည် ။

နေပူကြီးထဲမှာ × × ဒီဘဝ × ×  လမ်းခရီးကို × × လျှောက်လှမ်းဖို့ ခံနိုင်ရည် × ×  စွမ်းအားနဲ့ ပြည့် × × 

လက်ဝဲ ဘက် ကပ်လျှက် ကား ထံ မှ ‘ ထ ' ဖွင့် လိုက်သော သီချင်းသံကြောင့် ဘာရယ် မဟုတ် လှမ်း ကြည့် လိုက်မိသည် ။ အဝါ နှင့် အပြာစပ်ကြား အငှားကား တစ်စီး ။ ကား နောက်ခန်း မှာ ခရီးသည် နှစ်ယောက် ပါသည် ။ ဩော် - ဒီ ကားသမား လည်း ဒီ သီချင်း ကြိုက် သည် ထင့် ။ တစ်ဆက်တည်း တွေးရင်း ယာဉ်မောင်း ကို ကြည့်မိ တော့ ...

“  ဟင် ”

ရုတ်တရက် တဒိုင်းဒိုင်း လှုပ်ခုန် သွားသော မိမိ နှလုံးခုန် သံ ကို ပြန် ကြားလိုက်ရသည် ။ “ ဘုရား .. ဘုရား .. ငါ မျက်စေ့များ မှား လို့လား ” ။ မျက်တောင် ကို သုံး - လေး - ငါးချက် တဖျတ်ဖျတ် ခတ် ၊ လူ က ကား ပြတင်းပေါက် နား ရောက် အောင် တိုးကပ် ရွေ့ ထိုင် ၊ သေသေချာချာ စူးစိုက်ကြည့် ။

ဟုတ်ပါသည် ၊ နေလောင် ၍ အသားအရေ ညိုမှိုင်းပြီး မျက်နှာပိန်သွယ် ချောင်ကျလျက် ဆံပင်များ မွဲခြောက်ဖွာလန် နေသော် လည်း ရင် မှ ဖြစ်သည့် ရင်နှစ်သည်းချာ ကို မိမိ ဘယ်လိုလုပ် မှား နိုင်ပါ့မလဲ လေ ။

အရင်က တော့ အိမ် က မာခ့်တူး မောင်း ကာ အမေ ကို  ကြို ပို့စဉ် ကော့ပြောင် နေသော ဆံပင် ၊ သပ်သပ်ရပ်ရပ် အထက်တန်း ကျသော အဝတ်အစား ၊ ရွှေလက်ပတ်ကြိုးပျော့ နှင့် အကောင်းစား နာရီ နှင့် လူတကာ က ငေးမော အားကျခဲ့ရသော သူ ။

ခု ကြည့်ပါဦး ။ လောကဓံ ရဲ့ အထုအထောင်း ကို ခံနိုင်ရဲ့ လား သားလေး ရယ် ။

ကြည့် နေရင်း သား ရုပ်သွင် က မှုန်ရီဝေဝါး ၍ သွားလေပြီ ။ လက်ကိုင်အိတ် ထဲ မှ ပဝါ ကို အမြန် ထုတ် ၊ မျက်မှန် ကို ချွတ် ၊ မျက်လုံး အိမ် မှာ စို့သီးရစ်ဝိုင်း လာသည့် မျက်ရည်တွေ ကို တို့ထိ သုတ်ဖယ် ပြီး မြင်ရ သမျှ မြင်ကွင်း ကို သာ ရင်နင့်စွာ စိုက်ငေး နေ မိပြန်သည် ။

ထိုအခိုက် မှာ ပင် သား က ပါးစပ် ထဲ မှာ ကွမ်း ဝါးလက်စ ဖြင့် ဒီဘက် ကို လှည့် ကြည့် လာသည် ။

မျက်နှာ လွဲ လိုက်ဖို့ ( သို့မဟုတ် ) သား မမြင်အောင် ပုန်း ကွယ်လိုက် ဖို့ ဦးနှောက် က စေခိုင်းချက် ကို အာခံဆန့်ကျင် ကာ ဒဏ်ရာ နှင့် နှလုံးသား က မိမိ မျက်ဝန်းများ မှ တစ်ဆင့်သား ထံ အရောက် ပြေး တော့သည် ။

သားအမိ နှစ်ယောက် ၏ မျက်လုံးများ တန်းတန်းတည့်တည့် ဆုံစိုက် သွားကြစဉ် တွေ့ လိုက်ရသော သား ၏ မျက်နှာ ပေါ် မှ လျှပ်တစ်ပြက် အတွင်း ဖြတ်ပြေး သွားသည့် အဓိပ္ပါယ်အရောင်မျိုးစုံ ကို မိမိ မျက်တောင် မခတ်ဘဲ ငေးကြည့် နေ မိသည် ။ ပထမ အံ့ ဩ ၊ ဒုတိယ ဝမ်းသာ ၊ တတိယ ရှက်ရွံ့သိမ်ငယ် ၊ နောက်တော့ စိတ် ကို ပြန် ထိန်း လိုက်ဟန် ။

မိမိ ရင်ထဲ ဆို့နင့်စွာ မလှုပ်မယှက် ငြိမ်သက်ယောင်မှား နေတုန်း မှာ ပင် သား က ကားတံခါးဖွင့် ဆင်းပြီး အနား ကို ချက်ချင်း ရောက် လာသည် ။

“ ဟီး - ဟီး - ဖြစ်မှ ဖြစ်ရလေ သားလေး ရယ် ၊ မင်း ဘယ်လို ပုံစံ ဖြစ် နေတာလဲ ”

“ ဟာ - မေမေ ၊ မေမေ ၊ မေမေ ဆိုင် ... ဆိုင် သွား မလို့ လား ”

ခလုတ်တိုက် ပြိုလဲ နေသော စကားလုံးများ နှင့် အတူ စက်ဆီချေး ပေ နေသော မွဲခြောက်ခြောက် ပုဆိုး ၊ သဲကြိုး ဖွာလန် နေသော ကတ္တီပါ သားရေဖိနပ် တို့ က မိမိ ၏ ငိုချင်နေသော စိတ် ကို လက် တို့ ၍ သတိပေး လိုက်ပြီ ။

“ ဟာ မေမေ ၊ မငိုနဲ့ လေ ၊ လမ်းမကြီး မှာ ၊ ဟာ - ဟာ - ဒါ ငိုစရာလား ”

သူ ပိုပြီး ပျာယာခတ် လျက် မိမိ ပါးစပ် ကို ပဲ လက် နှင့် ပိတ် တော့မလို ။

“ မငိုလို့ ရမလား ၊ ဒီလို ပြာပုံ တိုး လာတဲ့ ရုပ် ကို ဘယ် အမေ က ကြည့်ရက်မှာ လဲ ၊ မိဘစကား ကို နား မထောင်တဲ့ ကောင် ”

“ ဟုတ်ပါတယ် မေမေ ၊ သား မှားတာပါ ၊ အရင် က မေမေ တို့ ကို သား အထင် လွဲခဲ့တယ် ၊ အခု သား ကိုယ်တိုင် သားကလေး ရ တော့ မှ မိဘ ဆိုတာ သားသမီး ကို ဘယ်လောက် အထိ မျှော်မှန်းပြီး ဘယ်လို ကောင်းစား စေချင်တယ် ဆိုတဲ့ မေတ္တာစေတနာ ကို သဘော ပေါက်ပါပြီ ၊ ဒါကြောင့် ကိုယ့် ကိုယ် ကို ဒဏ်ခတ်တဲ့ အနေနဲ့ မိဘတွေ ကို ဒုက္ခ မပေးတော့ဘဲ ဇွဲခတ်ပြီး အလုပ် လုပ် နေတာပါ ၊ ဖေဖေ မေမေ တို့ ကို အမြဲ သတိရပါတယ် ၊ ဖေဖေ ရော နေကောင်း ရဲ့လား ”

သား ပြောသည့် စကား ထဲ မှ “ သား ကိုယ်တိုင် သား ကလေး ရပြီ ” ဆိုသည့် စကားစုလေး ကို ရုတ်တရက် ကြားလိုက်ရ ချိန် မှာ မိမိ နှုတ်တွေ ဆွံ့အ, ကြောင်အမ်း ကုန်ကြသည် ။

ဒီ အချိန် မှာ ပဲ လမ်းပွင့် သွား သဖြင့် ရှေ့ မှ ကားတွေ လည်း ထွက် ၊ နောက် မှ ကားတွေ လည်း ဆူညံပွက် ကုန်ကြပြီ ။ တစ်သက်လုံး မှာ မုန်းတီး နာကျည်းစရာ အကောင်းဆုံး အသံများ ။ မိမိ ကား ယာဉ်မောင်း က ကားစက် နှိုး ထားပြီး နားလည်ဟန် ခေါင်းညိတ် ၍ ပြသည် ။ သူ့ မျက်လုံး မှာ ကရုဏာ တငွေ့ငွေ့ နှင့် ။

“ သား .. သွားတော့မယ် နော် မေမေ ”

သား က ကမန်းကတန်း သူ့ ကား ဆီ ပြန်ပြေး ၊ မိမိ ကားလေး လည်း နေရာမှ ‘ ဝေါ ’ ခနဲထွက် ၊ သား က ဘေးက ယှဉ်လာပြီး အမေ ကို လှည့်ကြည့် လှည့်ကြည့် ။

လမ်းဆုံ သို့ အရောက် မိမိ ကားလေး က ညာဘက် သို့ အချက် ပြ ၍ သား ၏ ကားလေး က ဘယ်ဘက် ကို အချက်ပြ ကာ ကွေ့ကြသော အခါ ကား နှစ်စီး မှာ ဆန့်ကျင်ရာ အရပ် နှစ်ခု သို့ ဦးတည် ရွေ့လျား ၊ သားအမိ နှစ်ဦး မှာ လည်း ကျောချင်း ကပ်လျက် တရွေ့ရွေ့ ဝေးကွာ ။

အစ က တော့ မိမိ နှလုံးသား ကို မာကြောသည် ဟု ထင်မှတ် မှား ခဲ့သည် ။

ယခု မူ သား လိပ်စာကလေး မှ မမေးလိုက်ရ ကောင်းလား ဟု မိမိ ကို မိမိ အပြစ် တင် နေမိ တော့သည် ။

အင်း - မြေးကလေး နဲ့ ဘယ်တော့များ မှ တွေ့ ရပါ့လေ ... ။

◾မဦး

📖 ငါမသေဘူးဆိုတဲ့ လူ နှင့် အခြား ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.