Showing posts with label စံရတီ. Show all posts
Showing posts with label စံရတီ. Show all posts

Thursday, May 2, 2024

ထမင်းချိုး ဟင်းချိုး


 ❝ ထမင်းချိုး ဟင်းချိုး ❞ 


[ ၁ ]


“ ဟာ မဖြစ်နိုင်ပါဘူး သူဌေး ရယ် ၊ ကျွန်တော် မလုပ်ပါရစေနဲ့ ”


မျှော်လင့် မထားတဲ့ စကား မို့ အကျောက်အကန် ငြင်း မိတယ် ။ ကျွန်တော့် လို အောက်ခြေ အလုပ်သမား တစ်ယောက် ကို သူဌေး က နှစ်ယောက် တည်း ပြောချင်တယ် ဆို ကတည်း က ရင် ထဲ ထိတ် နေခဲ့ရတာ ။ ခုတော့ ရင်တုန် ပန်းတုန် မထိတ်သာ မလန့်သာ ကိစ္စ ကို မှ အကူအညီ တောင်းရတယ် လို့ သူဌေး ရယ် ။ ကျွန်တော့် ရဲ့ ထိတ်လန့်မှု တွေ က သူဌေး ရဲ့ မျက်နှာ ကို မဆိုစလောက် ပျက် သွား စေတယ် ။ နည်းနည်းတော့ အားနာမိ သွားရဲ့ ။ သူဌေး က သက်ပြင်းရှည် တစ်ချက် ကို လေးလေးပင်ပင် မှုတ် ထုတ် လိုက်တယ် ။ အိတ် ထဲ မှ စနိုးတာဝါ ကို ထုတ်ပြီး မျက်နှာ ကို ပွတ် သုတ်တယ် ၊ ရေ တစ်ခွက် မော့ သောက် လိုက်ပြီး မှ .. 


“ သေချာ စဉ်းစားပေးပါဦး ကိုမိုးဝေ ရယ် ၊ ကျွန်တော် လည်း ဒီလို ကိစ္စမျိုး တော်ရုံ လူ အကူအညီ မတောင်းဝံ့ ပါဘူး ။ အခုဟာ က အိမ်ထောင်ရေး တည်မြဲမှု ၊ သာယာမှုဆိုတာ တွေ ထက် ကျွန်တော့် မိန်းမ ကို စိတ်ချမ်းသာ စေချင်လွန်း လို့ပါ ” သူဌေး က စကား ကို ခဏ ရပ်ပြီး အသက် ကို ခပ်ပြင်းပြင်း ရှူတယ် ။ သူဌေး ရဲ့ မျက်လုံး ထဲ က စိုစွတ်ခြင်း တွေ ဟာ ကျွန်တော့် မျက်လုံး ဆီ ကို ကူးစက် ချင် နေပြီ ။ ပြတင်းပေါက် မှန် ကို လာ ရိုက်ခတ် နေတဲ့ မိုးဖွဲဖွဲ ထံ အကြည့်တွေ ကို လမ်း လွှဲ လိုက်တယ် ။ တကယ်တော့ သူဌေး က ကျွန်တော့် ဘဝ ရဲ့ ကျေးဇူးရှင် ၊ အလုပ်ရှင် ၊ ထမင်းရှင် ပါ ။ ကျွန်တော် ဟာ သူဌေး သေဆို သေ ၊ ရှင် ဆို ရှင် ဖြစ်ရမယ့် လူစားမျိုး ပါ ။ ပြီးတော့ သူဌေး တို့ အိမ်ထောင်ရေးကို လည်း တည်မြဲစေချင် ၊ သာယာစေချင် တဲ့ သူ ဟာ ကျွန်တော့် အပြင် တခြား လူ ဘယ်သူ ရှိဦးမှာ လဲ ။ သူဌေး ရဲ့ ဆိုနင့်နင့် စကားသံ တွေ ထွက်ကျ လာ ပြန် တယ် ။


“ ကိုမိုးဝေ ပဲ စဉ်းစား ကြည့်ပါဗျာ ။ ကိုယ့် မိန်းမ နဲ့ ဖန်ပြွန်သန္ဓေသား တည် ဖို့ သုက်ပိုး ကို တခြား သူစိမ်း တစ်ယောက် ဆီ က အလှူခံ နေရတဲ့ ယောက်ျား တစ်ယောက် ဟာ ဘယ်လောက်များ ... ”


သူဌေး ရဲ့ တုန်ယင် ပြီး တိမ်ဝင် သွားတဲ့ အသံကြောင့် ကျွန်တော် လှည့် ကြည့်မိတယ် ။ သူဌေး က မျက်နှာ ကို လက်ဖဝါး နှစ်ဖက် နဲ့ အုပ် ထားတယ် ။ အချိန် အတော် ကြာ ငြိမ်သက် နေပြီးမှ ခေါင်း မော့ လာတယ် ။


“ ကျွန်တော့် ချို့ယွင်းချက် ကြောင့် ကလေး မရနိုင်

တာ ကို သာ သူ သိသွားရင် သူ တခြား မိန်းမတွေ လို ကျွန်တော့် ကို မစွန့်ခွာ သွားဘဲ သူ သာ တစ်သက်လုံး စိတ် ဆင်းရဲ ခံသွားမှာ ဗျ ။ ဒါတွေကို ကိုမိုးဝေ အသိဆုံးပါ ။ ဒါကြောင့် ... ဒါကြောင့်ပါ ဗျာ .. ”


မျက်ရည်စတွေ တွဲလွဲ ခို နေတဲ့ သူဌေး ရဲ့ မျက်ဝန်း တွေ ဟာ ယောက်ျား တစ်ယောက် ရဲ့ အနှိမ့်ချဆုံး သော တောင်းပန်ခြင်း ၊ အသနားခံခြင်း ဆိုတာ ကို ကျွန်တော် နားလည် လိုက်ပြီ ။ သက်ပြင်းမော တစ်ချက် ကို မှုတ်ထုတ် လိုက်တယ် ။ သူဌေး ကို မကြည့်ဘဲ ...


“ ကျွန်တော် အလေးအနက် အသေအချာ ကို စဉ်းစားပါရစေဦး သူဌေး ရယ် ”


ကျွန်တော် ထိုင်ရာ မှ ထ လိုက်တယ် ။ ပြီးတော့ သူဌေး နဲ့ ကျွန်တော် နှစ်ယောက် တည်း ရှိနေတဲ့ အခန်းကျဉ်းလေး ထဲ က လွန်မြောက်ရာ ဆီ သို့ ... ။


[ ၂ ]


အဖြေမဲ့ အမေးပုစ္ဆာ အတွက် ဖိစီးလေးလံ နေတဲ့ ကျွန်တော့် ခြေထောက်တွေ က ခြေဦးတည့်ရာ ။ သင်းပျံ့ နေ တဲ့ ပန်းရနံ့ ရယ် ၊ ကလေး တစ်စု ရဲ့ ဆူဆူညံညံ အသံ ကြောင့် ပတ်ဝန်းကျင် ကို သတိ ပြုမိတယ် ။ ရောက် နေတဲ့ နေရာ က ကလေးကစားကွင်း တစ်ခု ။ ညောင်းချည့် လာ တဲ့ ခြေထောက် တွေ က ကစားကွင်း ထဲ က ခုံတန်းလေး မှာ ထိုင်ဖို့ အမိန့် ပေး နေတယ် ။


“ တော်ပြီဟာ ၊ ထမင်းချိုး ဟင်းချိုး ဆိုရင် ငါ မပါ တော့ဘူး ”


ကစားဝိုင်း ထဲ ကနေ စူပုပ်ပုပ် နဲ့ ထွက် သွားတဲ့ လူကောင်သေးသေး ကလေးငယ် တစ်ယောက် ၊ သူ က ကျွန်တော့် အတိတ် တွေ ကို တူးဆွ လိုက် သလို ။ ဟုတ်တယ် ၊ ကျွန်တော် ငယ်ငယ်တုန်း က လည်း ဘာပဲ ဆော့ ဆော့ အမြဲတမ်း ထမင်းချိုး ဟင်းချိုး ။ လူကောင် သေးလွန်း ညှက်လွန်း တဲ့ ကျွန်တော် က ဘယ် ကစားပွဲ မှာ မှ အင် နဲ့ အား နဲ့ မဆော့နိုင် ၊ ဒီတော့ ဘယ် အဖွဲ့ က မှ ကျွန်တော့် ကို ကစားဖော် အဖြစ် မခေါ်ချင် ။ ဒါပေမဲ့ မြတ်နိုး ဆိုတဲ့ သူငယ်ချင်း အစုတ်ပလုတ်မလေး က တော့ အမြဲ လိုလို သူ့ အဖွဲ့ ထဲ မှာ ထမင်းချိုး ဟင်းချိုးဆိုပြီး ကျွန်တော့် ကို ခေါ် သွင်း တတ်လေတယ် ။ တကယ်တော့ ထမင်းချိုး ဟင်းချိုး ဆိုတာ ကစားပွဲ ထဲ မှာ ဝင် မကစား ရတဲ့ အရန် လူ သဘောမျိုး ။ ဒီတော့ ဘယ် ကလေး က မှ ထမင်းချိုး ဟင်းချိုး အဖြစ် မကစား ချင် ။ ကျွန်တော် က တော့ လုံးဝ ဝင် မကစားရတာ ထက် စာရင် ထမင်းချိုး ဟင်းချိုး က မှ တော်သေးတယ် လို့ တွေးမိတဲ့ ကောင် ။ ဒီလိုနဲ့ ကျွန်တော့် စိတ်တွေ ဟာ အတိတ် ကို တဖြည်းဖြည်း ... ။


[ ၃ ]


သူများတွေ တက္ကသိုလ်ရိပ် မှာ ခိုပြီး ပျော်မွေ့ နေချိန် မှာ ကျွန်တော် နဲ့ မြတ်နိုး က တော့ ဘဝတက္ကသိုလ် မှာ ဘွဲ့ရ နေပြီ ။ အတန်းပညာ မရှိတဲ့ ကျွန်တော် တို့ ဟာ ထမင်းဆိုင် တစ်ဆိုင် ရဲ့ အခြေခံလုပ်သား ။ ရုပ်ရည် ချောမောလှပတဲ့ မြတ်နိုး က တော့ ကောင်တာ မှာ သက်သောင့် သက်သာ အလှ ပြရုံ သက်သက် ။ ကျွန်တော် က တော့ စားပွဲထိုး ပေါ့ ။ တစ်နေကုန် ဘဝ အမောတွေ နဲ့ ပိတ်လှောင် မိ နေတဲ့ မြတ်နိုး နဲ့ ကျွန်တော် ရဲ့ အိမ်ပြန်လမ်း ဟာ စကား တပြောပြော နဲ့ အပန်းဖြေ ခရီး ပမာ ။


“ မိုးဝေ ၊ မနေ့ က နင်တို့ အိမ် မှာ ထမင်း စားရဟာ အတော် မြိန်တာ ဟာ ”


မနေ့ ညနေ က အိမ် မှာ ငါးပိရည်ကျဲ ၊ တို့စရာ အကြမ်းထည် နဲ့ စားခဲ့ရတဲ့ ထမင်းဝိုင်း ကို မြတ်နိုး က တမ်းတမ်းတတ ပြော နေ ရှာတယ် ။


“ မြတ်နိုး ရယ် ငါ့ အိမ် ထက် စာရင် နင့် အိမ် က မှ ဟင်း ကောင်းသေး ”


“ အမယ်လေး ဟယ် ငါတို့ အိမ် လည်း သားအမိ နှစ်ယောက်တည်း ဆိုပေမဲ့ အမေ့ ဆေးဖိုး က ရှိနေတော့ ချွေတာ စား နေရတာပါပဲ ။ နင်တို့ အိမ် နဲ့ သိပ် မကွာလှဘူး ရယ် ။ ဒါပေမဲ့ နင့်တို့ အိမ် က မောင်တွေ နှမတွေ နဲ့ ဆိုတော့ ဟင်း မကောင်း လည်း စား မြိန်တယ်ဟ ”


မြတ်နိုး စကား ကို ကျွန်တော် ထောက်ခံလိုက် မိ တယ် ။ ဟုတ်တယ် ။ မြတ်နိုး ရဲ့ ထမင်း ဝိုင်း ဟာ အမြဲ လိုလို ငေါင်းစင်းစင်း တစ်ယောက် တည်း ။ ရောဂါသည် အမေ က လည်း မြတ်နိုး နဲ့ ဝိုင်းဖွဲ့ ပြီး ထမင်း အတူ စား မပေးနိုင် ။ သူ ကိုယ်တိုင် တောင် မြတ်နိုး ခွံ့ တဲ့ ဆန်ပြုတ် ကို မနည်း မျိုချ နေရသူ ။


“ မိုးဝေ ရယ် ၊ ငါ လေ တစ်ခါတစ်ခါ ကျ နင်တို့ မိသားစု ကို သိပ် အားကျတာပဲ ”


“ နင် ငါတို့ မိသားစု ကို သိပ် အားကျ နေရင် ငါ့ အမေ လိုပဲ ယောက်ျား ယူပြီး ကလေးတွေ တစ်ပြုံကြီး မွေးလိုက် ပေါ့ ဟ ”


ကျွန်တော့် စကားကြောင့် အရှက်သည်း သွားတဲ့ မြတ် နိုးက ကျွန်တော့် ကျောကုန်း ကို သဲကြီးမဲကြီး ထု တယ် ။ ကျွန်တော် က တဟဲဟဲ ရယ်တော့ သူ က အရှက်ပြေ ပြန်ပြောတယ် ။


“ ဟုတ်တယ် ဟာ ၊ မွေးမယ် ဟာ မွေးမယ် ဟာ ဘာဖြစ်လဲ ”


“ ဘာလဲ နင် က နင့် ကို ကျိတ် ခိုက်ပြီး ထမင်း လာလာ စား နေတဲ့ ဟို လူပျိုကြီး ကိုသူရ နဲ့ ယူ .. ”


“ ဟာ .. ငါ့ ကို အဲ့ လူ နဲ့ မစနဲ့ ဟာ ၊ မကြိုက်ဘူး ” 


ဒေါသတကြီး ပိတ် အော် လိုက်တဲ့ မြတ်နိုး ကို ကျွန်တော် ထပ် စ ချင်လာတယ် ။


“ အောင်မယ် ၊ သူ က ပဲ နာအံ့ ထင်သေး ။ ဟိုက ဘွဲ့ရ ပညာတတ် ၊ ဥစ္စာပေါ ရုပ်ချော ပါ နော် ။ တကယ်များ သူ့ ကို လာ တောင်းရင် ကောက်ခနဲ ပါ သွားမယ့်ဟာကများ ” 


“ အောင်မယ် ၊ ပါ စရာလား ။ ငါ့ မှာ ချစ်ရမယ့် လူ ရှိတယ်ဟဲ့ ငတုံး မိုးဝေ ရဲ့ ”


“ ဘာ .. မြတ်နိုး ၊ နင် က ငါ မသိအောင် ရည်းစား ထား နေတယ်ပေါ့လေ ။ ဘယ်သူလဲ ပြောစမ်း ” 


မြတ်နိုး က လျှာလေး ထုတ် ကာ စပ်ဖြဲ ဖြဲပြောပြရင်း လက် ခါ ပြတယ် ။ မြတ်နိုး ရဲ့ ကုပ်ပိုး ကို ဖမ်းဆုပ် လိုက် ပြီး ... 


“ ပြောနော် ၊ မပြောရင် ငါ မလွှတ်ဘူး မြတ်နိုးစုတ်မ ” 


“ အား နာတယ် ဟ မိုးဝေရ ။ လွှတ်ပါ ၊ လွှတ်ပါ ၊ ပြောပါ့မယ် ”


သူ့ ကို လွှတ် ပေးလိုက်တော့ ကုပ်ပိုးလေး ကို ပွတ်ပြီး ရှုံ့မဲ့မဲ့ ပြောတယ် ။


“ ငါ့ ချစ်ရမယ့် လူ က .... ”


မြတ်နိုး က စကားစ ဖြတ်ပြီး ကျွန်တော့် ကို စူးစူးစိုက်စိုက် ကြည့် နေတယ် ။ သူ့ မျက်လုံးတွေ က နူးနူးညံ့ညံ့ ပြုံးနေတယ် ။ ကျွန်တော့် ရင်တွေ တဒိန်းဒိန်း ခုန် နေတယ် ။ မြတ်နိုး ရဲ့ နှုတ်ခမ်းတွေ က တဖြည်းဖြည်း တွန့်ကွေး ပြီး ပြုံး လာတယ် ။


“ ဟီး ... မမွေးသေးဘူး ဟ ”


ကျွန်တော့် ရင် ထဲ ပူခနဲ ၊ ရှိန်းခနဲ ၊ နွေးခနဲ ဖြစ်သွားတယ် ။ ပြီးတော့ မြတ်နိုး ရဲ့ ဆံပင်တိုတိုတွေကို  ထိုးဖွ လိုက် ပြီး သူ့ ကို အမည်သစ် တစ်ခု ပေး လိုက်မိတယ် ။ 


“ အရူးမ ”


အဲဒီ အချိန်မှာ ဗြုန်း ဆို မိုး က ရွာ ချတယ် ။ မြတ်နိုး က သူ့ အိတ် ထဲ က ထီးလေး ကို ထုတ် ဆောင်းတယ် ။ လက်ဗလာ နဲ့ ကျွန်တော့် ကို ကြည့်ပြီး ...


“ ထုံးစံအတိုင်း ထီး မပါပြန်ဘူး မဟုတ်လား ၊ နင် ဟာ လေ ငါ က ဆောင်းစေချင် လို့ ဝယ်ပေး ထားတာ တောင် ထီး ကို ယူ မလာဘူး ”


“ ထီး ဆောင်း တာ အကျင့် မရှိတော့ မေ့ မေ့ ကျန်ခဲ့တယ် ဟ ”


“ ကဲ လာပါ ၊ လာပါ ။ ငါ့ ထီး ထဲ ကိုပဲ ကြွတော်မူပါ ” 


အဲဒီလို နဲ့ ဝုန်းဝုန်းဒိုင်းဒိုင်း မိုးသည်း ထဲ မှာ ထုံးစံ အတိုင်း ထီး တစ်ချောင်း ကို နှစ်ယောက် အတူ ဆောင်း လို့ ပြန် ခဲ့ကြတယ် ။


[ ၄ ]


“ မိုးဝေ ၊ ကိုသူရ ငါ့ ကို လာ တောင်းတဲ့ ကိစ္စ နင့် က သဘော တူတယ်လို့ အမေ့ ကို ပြောလိုက်တယ် ဆို ” 


ဒေါသတကြီး မေးနေတဲ့ မြတ်နိုး ရဲ့ အသံ ဟာ တိတ်ဆိတ်အေးချမ်း နေတဲ့ ပတ်ဝန်းကျင် နဲ့ မလိုက်ဖက်လွန်းစွာ ။ သူ့ ဒေါသ တွေ ကို သိရလို့ ရပ်ကွက် ထိပ် က ကန်ပေါင် ဆီ ကို ကျွန်တော် ခေါ် လာခဲ့တာ ။ မြတ်နိုး ဒေါသ တွေ က ဆူဝေ လာ သလို ကျွန်တော့် ရင်ဘတ် က လည်း ထုံပေ လာပြီ ။ ကျွန်တော် အားယူ ပြီး ပြုံး လိုက်တယ် ။


“ ကိုသူရ က နင့် ကို မိသားဖသား ပီပီ တောင်းရမ်း .. ” 


ကျွန်တော့် စကား ကို ဖြတ် ပြောဖို့ နှုတ်ခမ်း ချွန်လာ တဲ့ မြတ်နိုး ကို လက်ကာ ဟန့်တား ရင်း ကျွန်တော် ပြော လိုရာ ကို အတင်း ပြောချ လိုက်ရတယ် ။


“ ကိုသူရ က နင့် ကို တကယ် ချစ်တာပါ မြတ်နိုး ရယ် ။ ပြီးတော့ သူ က နင် ငြင်းရမယ့် လူလား ။ နင် က ငါ့ အချစ်ဆုံး သူငယ်ချင်း ပါ ။ ငါ မကောင်းကြံပါ့ မလား ဟာ ” 


မြတ်နိုး က ခေါင်း ကို တွင်တွင် ခါယမ်း လိုက်ပြီး ... 


“ အချစ် မပါတဲ့ အိမ်ထောင်ရေး က သာယာမှာ တဲ့ လား ၊ ငါ သူ့ ကို မချစ်ဘူး ၊ ပြီးတော့ ငါ့ ရင် ထဲ မှာ ဘယ်သူ ရှိနေတယ် ဆိုတာ နင် အသိဆုံး ”


“ တိတ်စမ်း မြတ်နိုး ”


ဖြတ် အော် လိုက်တဲ့ ကျွန်တော့် အသံ ကြောင့် မြတ်နိုး မျက်ရည် ဝိုင်း သွားတယ် ။ ကျွန်တော် သူ့ ကို ကျောခိုင်း လိုက်တယ် ။


“ နင် တို့ ငါ့ တို့ ဘဝ တွေ က စိတ်ကူး ယဉ် ရမယ့် ဘဝ တွေလား ။ နင် လည်း နှလုံးရောဂါသည် အမေအို ကို ပြုစု လုပ်ကျွေး နေရ သလို ငါ လည်း မုဆိုးမ အမေ နဲ့ ညီ ငယ် ၊ ညီမငယ် တွေ နဲ့ တာဝန် ကို ထမ်း နေရတာ ။ ဘာပဲ ဖြစ်ဖြစ် နင် နင့် အမေ အတွက် စဉ်းစား သင့်တယ် ” 


မြတ်နိုး က ကျွန်တော့် ကို ပခုံး က နေ ကိုင်ပြီး ဆွဲ လှည့် လိုက်တယ် ။ ကျွန်တော့် မျက်လုံး တွေ ကို သေသေချာချာ စိုက် ကြည့်တယ် ။ သူ့ အကြည့် တွေ ကနေ လွှဲဖယ်ဖို့ ကျွန်တော် ခေါင်း ငုံ့ ထားမိတယ် ။ ကျွန်တော့် ပခုံး တွေ ကို လှုပ်ယမ်း ပြီး သူ မေးတယ် ။


“ ဒါဆို ငါ ကိုသူရ ကို လက်ထပ် လိုက်ရင် နင် ဝမ်းသာ မှာ လား ၊ နင် ပျော်မှာလား ဟင် ။ ငါ့ ကို ပြောစမ်းပါ မိုးဝေ ရဲ့ ”


ကျွန်တော့် ပခုံး ကို ဆုပ်ကိုင် ထားတဲ့ မြတ်နိုး ရဲ့ လက်တွေ ကို တွန်းဖယ် လိုက်တယ် ။ မျက်ဝန်းတံခါး က နေ ခုန်ဆင်း ဖို့ အားယူ နေတဲ့ မျက်ရည် တွေ ကို ကွယ် ဝှက် ဖို့ အတွက် ကျွန်တော် သူ့ ကို ကျောခိုင်း လိုက်တယ် ။ မျက်နှာ ကို လက်ဝါး နဲ့ ပွတ်သပ်ရင်း ခေါင်းညိတ် ပြ တယ် ။ မြတ်နိုး က ဟက်ဟက်ပက်ပက် ရယ်တယ် ။ 


“ မလိမ်တတ်ဘဲ လိမ် မနေစမ်းပါနဲ့ မိုးဝေ ရယ် ။ ငါ့ မျက်နှာ ကို သာ တည့်တည့် ကြည့်ပြီး နင် ဖြေစမ်းပါ ။ ငါ က စိတ်ကူးယဉ် နေတာလား ၊ နင် က သူရဲဘော ကြောင် နေတာလား ဆိုတာ ဟင် ”


သရော်တော်တော် ပြော နေတဲ့ မြတ်နိုး ကို မျက်နှာချင်းဆို င်ဖို့ ကျွန်တော် ကြိုးစားလိုက်တယ် ။ အောက် နှုတ်ခမ်း ကို တင်းတင်းပြတ်ပြတ် ဖိကိုက် ပြီး မထီတရီ ပြုံး နေတဲ့ မြတ်နိုး ကို ကျွန်တော် တည်တည်ငြိမ်ငြိမ် စိုက် ကြည့် လိုက်တယ် ။


“ မြတ်နိုး နင် သာ ကိုသူရ ကို လက်ထပ် လိုက်စမ်းပါ  ၊ ဒီ ကမ္ဘာ မှာ အပျော်ဆုံး လူ က ငါ ပဲ ။ ဘာလို့လဲ သိလား ၊ နင်တို့ သားအ မိကို စောင့်ရှောက် ပေးနေရတဲ့ ဒုက္ခ ၊ အဲ ဒုက္ခ တွေ ပေါ့သွားလို့ ဟေ့ ... ”


“ ဘာ ... နင် ဟာ နင် ... နင် ...”


ကျွန်တော့် ကို လက်ညှိုး ငေါက်ငေါက် ထိုးပြီး အော်ဟစ် ၊ ရင်ဘတ် ထဲ က ခုန်ထွက်ချင် နေတဲ့ စကားတွေ ကို မျိုသိပ် ၊ ချာခနဲ လှည့် ကျောခိုင်း ၊ ကျွန်တော် နဲ့ ဝေးရာ ကို မြတ်နိုး ပြေးထွက် လို့ သွားပြီ ။ ကျွန်တော် က တော့ တောင့် တင်း နေတဲ့ ခြေထောက်တွေ နဲ့ အချိန် အတော်ကြာ အဲဒီ နေရာက နေ ခွာ မရဘူး ။ မျက်ဝန်းတံခါး ကို ကျူးကျော် ဖို့ ကြိုးစား နေတဲ့ မျက်ရည် တွေ ကို လည်း အတားအဆီး မရှိ ကျွန်တော် ခွင့်ပြု မိတယ် ။ မိုးတွေ က လည်း ငြိုးမာန် ဖွဲ့ လို့ သည်း နေတယ် ။ မိုးရေ တွေ နဲ့ အတူ ကျွန်တော့် မျက်ရည် တွေ လည်း ကန်ရေပြင် ထဲ ကို အရှုံး ပေး လို့ စီးဆင်းနေတယ် ။


[ ၅ ]


အတိတ် ကို ပြန် တွေး မိတိုင်း ကျွန်တော့် ပါးပြင် ပေါ် မှာ မျက်ရည်မြစ် တစ်စင်း စီးဆင်း သွားတတ်တယ် ။ မျက်ရည် တွေ ကို လက်ခုံ နဲ့ ပွတ်သပ် လိုက်တယ် ။ ညောင်း ညာ နေတဲ့ ခြေထောက် တွေ က လည်း အတော်အတန် ပြေလျော့ သွားပြီမို့ ထိုင်ရာ က ထတယ် ။ အဲ ဒီအချိန်မှာပဲ အစိုး မရတဲ့ ရန်ကုန် မိုး က ဗြုန်းဆို ရွာချ ပြန်တယ် ။ အား ကိုး ရာ ထီး ပါတဲ့ လူတွေ က တော့ အလျှိုလျှို ထီးလေး တွေ ဖွင့် ဆောင်းလို့ ။ လက်ဗလာ နဲ့ ကျွန်တော် က တော့ ခေါင်း ပေါ် ကို လက် နှစ်ဖက် အုပ် တင် လို့ မိုးခို ဖို့ နေရာ ရှာ ရတယ် ။ ခပ်လှမ်းလှ မ်းက အအေးဆိုင်လေး ထဲ ကို ကျွန်တော် ပြေးဝင်လိုက်တယ် ။


ခပ်ကျဉ်းကျဉ်း ဆိုင်လေး ထဲ မှာ တိုးဝှေ့ လို့ မိုး ခို တယ် ။ စိုစွတ် နေတဲ့ မိုးရေ တွေ ကို လက် နဲ့ သပ် ချလိုက် တယ် ။ ဘောင်းဘီအိတ် ထဲ ထည့် ထားတဲ့ ဖုန်း က ရုတ်တရက် မြည် လာတော့ ဖုန်း ကို ထုတ် ကြည့်တယ် ။ မြင် လိုက် ရတဲ့ နံပါတ် ကြောင့် ပြုံး မိရဲ့ ။ မြည်နေ တဲ့ ဖုန်း ကို ကိုင် လိုက်တယ် ဆိုရင်ပဲ ..


“ ဟဲ့ မိုးဝေ ၊ မိုးတွေ ရွာ နေတယ် နော် ။ နင် အခု အပြင် မှာ လား ၊ ထီး ရော ပါရဲ့လား ။ မပါ လည်း မိုး လွတ်ရာမှာ ခို နေနော် ”


တရစပ် ပြော နေတဲ့ မြတ်နိုး ရဲ့အသံ ကြောင့် ကျွန်တော် ပြုံး မိတယ် ။ သူ စိတ် မပူစေဖို့ အတွက် သူ့ အမေးတွေ ကို ဆီလျော် အောင် ကျွန်တော် ဖြေလိုက်တယ် ။ ကျွန်တော့် အဖြေ စကား ကြောင့် စိတ်ချလက်ချ ဖုန်း ချဖို့ ပြင်နေတဲ့ မြတ်နိုး ကို လှမ်း တား လိုက်ရတယ် ။


“ ဘာ ပြောမလို့လဲ ဟဲ့ ၊ ငါ ဒီမှာ အလုပ် ရှိသေးတယ် ” 


ကျွန်တော် သက်ပြင်းမော တစ်ချက် ရှိုက် ထုတ် လိုက်တယ် ။


“ နင့် ယောက်ျား ငါ့ သူဌေး ကိုသူရ ကို ပြောပေးပါ ဟာ ၊ သူ ပြောထားတဲ့ ကိစ္စ ကို ငါ သဘော တူပါတယ် လို့ ” 


“ ဪ ... အေး အေး ၊ ဘာ ကိစ္စလဲ ဟဲ့ ”


ကျွန်တော် အံတင်းတင်း ကြိတ် လိုက်တယ် ။ 


“ အလုပ် ကိစ္စပါ ဟာ ” 


“ ဪ ... အေး ဒါပဲနော် ”


ဖုန်း ချဖို့ ဟန်ပြင် နေတဲ့ မြတ်နိုး ကို ဒုတိယအကြိမ် လှမ်း တား မိပြန်တယ် ။


“ မြတ်နိုး ၊ နင် နဲ့ ကိုသူရ တို့ ကလေး ရ လာရင် လေ သားလေး ပဲ ဖြစ်ဖြစ် ၊ သမီးလေး ပဲ ဖြစ်ဖြစ် မိုး ဆိုတဲ့ အမည် တစ်လုံး တော့ ပါအောင် မှည့်ပေးပါ ဟာ ”


မြတ်နိုး ဟာ ဟာသပြက်လုံး တစ်ခု ကြား လိုက်ရ သလို ဟက်ဟက်ပက်ပက် ရယ်မော ပြီး ဖုန်း ချ သွား တယ် ။ ကျွန်တော့် ရင်ဘတ်ကြီး က လည်း နာနာကျင်ကျင် နဲ့ ငိုမဲ့မဲ့ကြီး ရယ် နေတယ် ။ မိုးမင်းကြီး က လည်း ကြေကြေကွဲကွဲ နဲ့ ပြုံးဖြဲဖြဲကြီး မဲ့နေတယ် ။ ဪ ... မြတ်နိုး ရယ် ၊ တကယ်တော့ ငါ ဟာ လေ ဟိုး အရင် ကတည်း က ထမင်းချိုး ဟင်းချိုး ဘဝ ပါ ဟာ ။


◾ စံရတီ


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း 

      သြဂုတ် ၊ ၂၀၁၇ 


#ကိုအောင်နိုင်ဦး


.

Saturday, December 17, 2022

ဘက်လိုက် လမင်း



❝ ဘက်လိုက် လမင်း ❞

အခန်း ( ၁ )

လ နတ်သမီး သည် သူ ၏ ပြာလဲ့လဲ့ ညဉ့်ရုံလွှာ ကို တစ်လွှာချင်း ရုတ်သိမ်း နေ ချိန် နေနတ်သား သည် လည်း သူ ၏ နီစွေးစွေး နေ့ ဝတ်ရုံ ကို တစ်လွှာချင်း ဖြန့်ကြက် ခင်းကျင်း နေသည် ။ ကျွန်တော် တည်ရှိနေရာ စက်ရုံဝင်းကြီး ၏ အရုဏ်ဦး အလှ သည် တလှုပ်လှုပ် တရွရွ သွားလာလှုပ်ရှား နေကြသော စက်ရုပ်ဆန်ဆန် လူသားများ ဖြင့် အသက် ဝင်နေ၏ ။ ထက်အာကာ တစ်ခွင် တွင် လစန္ဒာသည် ငိုက်မြည်း နေ၍ နေသူရိန် သည် ဟန်ရေး ကြွ လျက် ရှိသည် ။ နေ ထွက် ၍ လ ဝင် ရပြီ ။ တစ်ဖန် နေ ဝင် လျှင် လ ထွက်ရ ပေဦးမည် ။ ဆုံနိုင်ခွင့်ကင်း သော နေ နှင့် လ ပါတကား ။

သက်ပြင်း မော ကို ကျွန်တော် ရှိုက် မိ၏ ။ ပါးစပ် မှာ ခဲထားသော ဆေးပြင်းလိပ် ကို ယူပြီး ဘေး ရှိ ပြာခွက် ထဲ သို့ ထိုးချေထည့် လိုက်သည် ။ ပက်လက်ကုလားထိုင် ပေါ် တွင် လှဲ နေရာ မှ ထ ထိုင် လိုက်သည် ။ ပျင်းကြော ဆန့်လိုက်၏ ။ တစ်ည လုံး မအိပ် ခဲ့ ရ ၍ ကျိန်းစပ် နေသော မျက်လုံးများ ကို ပွတ်သပ်မိသည် ။ ဝါးခနဲ သန်းဝေ လိုက်ပြီး မက်တပ် ထ ရပ်လိုက်သည် ။ ကြီးမားလှသော စက်ရုံကြီး ကို အမှတ်တမဲ့ ငေး ကြည့် နေမိ၏ ။

အမှန်တော့ ဤ စက်ရုံကြီး သည် ကျွန်တော့် ဘဝ ၏ မဟာကယ်တင်ရှင် ကြီး ပင် ။ ဘုန်းကြီးကျောင်း တွင် ကပ် နေရသော မိဘ မဲ့ တစ်ကောင် ကြွက် ကျွန်တော် က မြ နှင့် တစ်အိုး တစ်အိမ် ထူထောင် လိုက်သော အခါ လောကဓံလှိုင်းကြမ်းများ ကို နဖူး တွေ့ ဒူး တွေ့ ရင်ဆိုင် ရသည် ။ အတန်းပညာ လည်း မရှိ အတတ်ပညာ လည်း မရှိသော ကျွန်တော့် မှာ ဘဝ ရပ်တည်ရန် အလုပ် ရ ဖို့ မလွယ်ကူခဲ့ပေ ။ ဟို လူ့ ဆီ အကူညီ တောင်း ဒီ လူ့ ဆီ အကူညီ တောင်း ဖြင့် အတော်ပင် ကသီ ခဲ့ ရသည် ။

ထို အခက်အခဲ များ ကို ဘုန်းကြီးကျောင်း သို့ အမြဲ လာရောက် လှူဒါန်း နေသော အစ်ကိုကြီး က ဖြေရှင်း ပေးခဲ့သည် ။ ကျွန်တော့် ကို ယုံကြည်စွာ ဖြင့်ပင် သူ့ စက်ရုံ မှာ ညစောင့် လုပ်ခိုင်းခဲ့၏ ။ လစာ ကောင်းကောင်း လည်း ပေး ခဲ့သည် ။ ကျွန်တော့် အပေါ် မှာ လည်း ညီရင်း တစ်ယောက် လို စောင့်ရှောက် ခဲ့၏ ။ ကျွန်တော် က လည်း သူ့ စီးပွားရေး ကို ကိုယ့် စီးပွားရေး လို ပင် သဘော ထားပြီး စောင့်ရှောက် ခဲ့သည် ။ တဖြည်းဖြည်း နှင့် ကျွန်တော် လည်း သူဋ္ဌေး ၏ လူယုံ သဖွယ် ဖြစ် လာရ၏ ။ ထိုသို့ဖြင့် ကျွန်တော် နှင့် မြ သာယာသော အိမ်ထောင် တစ်ခု ကို ထူထောင် နိုင်ခဲ့သည် ။ ယခု ဆို အိမ်ထောင် သက် တစ်နှစ် ပင် ပြည့်လု ပြီ ။

မြ အကြောင်း ကို တွေးမိတော့ ကျွန်တော့် ရင် ထဲ မှာ မကောင်း ။ ရွှေပေါ်မြတင် ဆိုသည့် အတိုင်း မြ သည် ရွှေပုံပေါ် မှာ ကြီးပြင်းခဲ့ရသော သူဋ္ဌေးသမီး တစ်ယောက် ။ ကျွန်တော် နှင့် ညား ၍ သာ သူ့ ခမျာ ဆင်းရဲဒုက္ခ ရောက် နေ ရရှာသည် ။ ထို့ပြင် မြ က ကျွန်တော့် အပေါ် လက်တွဲဖော်ကောင်း ပီသ လွန်း သည် ။ မြ ကို ကျွန်တော် ချစ် လည်း ချစ် သနား လည်း သနား မိ သည် ။ ထို့ကြောင့် ပင် မြ ကို ယခုထက် ပို၍ တင့်တင့်တယ်တယ် ထား နိုင်ရန် အမြဲ ကြိုးစား နေရ၏ ။

“ ဟိတ် မောင်ရွှေ ဘာတွေများတွေး နေတာလဲ ငါ ခေါ် နေတာတောင် မကြားပါလား ”

ပုခုံး ကို ပုတ်၍ နောက် မှ လှမ်းခေါ် လိုက်သော အသံ ကြောင့် လှည့် ကြည့် မိသည် ။

“ ဟာ အစ်ကိုကြီး ဒီနေ့ အစောကြီး စက်ရုံ ထဲ ရောက် နေပါလား ”

“ အေးကွ ငါ မင်း ကို အကူညီ တောင်းစရာ ရှိလို့ ”

“ မလိုပါဘူးဗျာ ။ အစ်ကိုကြီး အတွက် ဆို ကျွန်တော် က အမြဲတမ်း အဆင်သင့် ပါ ”

ကျွန်တော့် စကား ကို အစ်ကိုကြီး က သဘော ကျ စွာ ပြုံးပြီး ...

“ ငါ မနက်ဖြန် မန္တလေး တက်မလို့ ကွ ။ မနက်ဖြန် မနက် က စပြီး မင်း အိမ် မပြန် နဲ့ တော့ စက်ရုံ မှာ ပဲ နေလိုက် ။ ခါတိုင်းလိုပဲ သုံးလေးရက် ပဲ ကြာ မှာပါ ။ ဟို မန်နေဂျာ ကောင် ကို လည်း သေချာ ကြည့်ထား ဒီကောင် က ငါ မရှိရင် မရှိ သလို လုပ် ချင်တာ ”

အစ်ကိုကြီး ၏ စကား အဆုံး မှာ ကျွန်တော် မှိုင်တွေ သွားရသည် ။ ဖွင့်ဟချင် နေတဲ့ နှုတ်ခမ်း အစုံ ကို ခပ်တင်းတင်း ဖိ ကိုက်လိုက်၏ ။ အံထွက်လု ဆဲ စကားလုံး တို့ ကို မျိုသိပ် ပစ်လိုက်သည် ။ ထို့နောက် ခေါင်း ကို ခပ်သွက်သွက် ညိတ်ပြလိုက်၏ ။ အစ်ကိုကြီး က ကျွန်တော့် ပုခုံး ကို အားရ ဝမ်းသာ ပုတ် လိုက်ပြီး လှိုက်လှိုက်လှဲလှဲ ပြုံး သည် ။

“ ဒါတွေကြောင့် မင်း ကို ငါ အားကိုး နေရတာ ။ မင်း က ငါ့ အပေါ် မှာ နားလည် အပေးနိုင် ဆုံးပဲ ”

အစ်ကိုကြီး က ပြုံးပြုံး ပြုံးပြုံးနှင့် ပြောပြီး လှည့် ထွက်သွားသည် ။ ကျွန်တော် လည်း ပြုံး နေမိသည် ။ သို့သော် မချိ ပြုံး မျှ သာ ။ အကယ်၍ မနက်ဖြန်သည် လပြည့်နေ့လေး သာ မဟုတ်ခဲ့ဘူး ဆိုလျှင်တော့ အစ်ကိုကြီး ၏ အပြုံးများအတွက် ကျွန်တော် ပို၍ ပြုံး နေ မိမည်သာ ။ ယခုတော့ တိုက်ဆိုင် လွန်းသော ကံကြမ္မာကို ပင် ယိုးမယ် ဖွဲ့ ရ မည်လား ။

အခန်း ( ၂ )

စက်ရုံ မှ အိမ် သို့ ပြန်လာရာ လမ်း တစ်လျှောက် ကျွန်တော့်ရင်တွေ မွမ်းကြပ် နေ ရသည် ။ စွန့်လွှတ် လိုက်ရသော မနက်ဖြန် အတွက် အတိအကျ ပြော ရလျှင် တစ်လ မှ တစ်ကြိမ် သာ ကြုံခွင့် ရှိသော ကျွန်တော့် လပြည့်နေ့လေး အတွက် ရင် နှင့် အမျှ နာကျင် နေရသည် ။ အကြောင်း အမျိုးမျိုးကြောင့် လပြည့်နေ့လေး ကို ကျွန်တော် စွန့်လွှတ် ခဲ့ရသည် မှာ သုံးခါ ရှိပြီ  ။ လပြည့်နေ့လေး အကြောင်း ကို အစ်ကိုကြီး အား ပြောပြ ချင် နေမိသည် ။ ပြောပြ ဖို့ လည်း အကြိမ်ကြိမ် အခါခါ ကြိုးစားဖူး၏ ။ သို့သော် အထ မမြောက်ခဲ့ ။ အားနာ လွန်း ၍ ဖြစ်သည် ။ သက်ပြင်း မော ကို သာ ကျွန်တော် ဟူးခနဲ မှုတ် ထုတ်မိ၏ ။

အတွေးများ နှင့် လျှောက် လာရာ အိမ်ဝ သို့ ပင် ရောက်ပြီ ။ သော့ ခတ်ထား သော အိမ်တံခါး ကို နွမ်းလျစွာ ကြည့် မိ၏ ။ အိတ် ထဲ မှ သော့တံ ကို ဆွဲ ထုတ်လိုက်သည် ။

သော့ခလောက် ထဲ ထည့်၍ လှည့် ဖွင့် လိုက်၏ ။ ပွင့်ဟ သွားသော အိမ်တံခါး မှ တဆင့် မြင် လိုက်ရသည် က အိမ်ဝ မှာချိတ်ဆွဲ ထားသော ဝှိုက်ဘုတ် ။ ထို ဝှိုက်ဘုတ် ပေါ် မှာ ရေးသားထားသော ဝိုင်းစက်လှပသည့် မြ ၏ လက်ရေးများ ။

မောင်ရေ

မနက်ဖြန် လပြည့်နေ့ နော် ။ ကံကောင်း ထောက်မလို့ မောင့်သူဋ္ဌေး ခရီး မသွားပါစေ နဲ့ ရှင် ။

မောင့် ကို ချစ်တဲ့ မြ

( အော် အုပ်ဆောင်း အောက် မှာ မောင့် အတွက် ထမင်းပွဲ အဆင်သင့် ပြင် ပေး ထားတယ်  ။ ပူတုန်း စားလိုက်ဦးနော် ။ မြတော့ ဈေး သွားပြီ မောင် )

မြ ရေးထားသော စာ ကို ဖတ်ပြီး ....

“ အော် ... မြ ရယ် မင်းဆုတောင်းတွေ လွဲခဲ့ရပြန်ပြီပေါ့ ”

ကျွန်တော် ခပ်လေးလေး ရေရွတ် လိုက်မိ၏ ။ ကျွန်တော့် ရင်ထဲ တွင် မချိ လိုက်သည့် အဖြစ်ပင် ။ ဝှိုက်ဘုတ် ပေါ် မှ အကြည့်များ ကို လွှဲဖယ် လိုက်ပြီး အိမ် ထဲ သို့ လှမ်း ဝင် လိုက်သည် ။ ထမင်းစား စားပွဲခုံ အပုလေး ဆီ သို့ တန်း သွားမိ၏ ။ အုပ်ဆောင်း ကို လှပ် ကြည့်မိတော့ မြ ပြင်ဆင် ပေးခဲ့သော ထမင်းပွဲလေး က အငွေ့ ပင် မပြယ်ချင်သေး ။ ကျွန်တော် သက်မ ချ ရ ပြန်သည် ။ အုပ်ဆောင်းလေး ကို ပြန် အုပ် လိုက်၏ ။ စားချင်စိတ် လည်း မရှိတော့ ။ အိပ်ခန်း ထဲ သို့ သာ တန်း ဝင် လိုက်တော့သည် ။

အစ်ကိုကြီး မရှိချိန် တွင် စက်ရုံ ကို နေ့ရော ညပါ စောင့်ရှောက်ရမည် ။ ထို့ကြောင့် အိမ် ကို ပြန်မလာဘဲ စက်ရုံ မှာသုံးလေးရက်နေ ရဦးမည် ။ ရင်မော ရပါ၏ ။

“ အော် မနက်ဖြန် လပြည့်နေ့ ဒါပေမဲ့ မောင့် ရင် ထဲ မှာ တော့ လကွယ်ရဦး မှာ ပါလား မြ ရယ် ”

တစ်ယောက် တည်း ခပ်တိုးတိုးသာ ရေရွတ် မိတော့သည် ။

အခန်း ( ၃ )

တစ်နေကုန် လည်ပတ် လှုပ်ရှားနေခဲ့သော စက်ရုံကြီး သည် ညဉ့်သမီးပျို ၏ တေးသွားအောက် မှာ အိပ်မောကျ နေပြီ ။ မအိပ်နိုင် သူ က ကျွန်တော် တစ်ယောက် တည်း သာ ။ ဝါးပက်လက် ကုလားထိုင် ပေါ်ညမှာ လှဲ ပြီး ကောင်းကင် ကို မော့ ကြည့် နေ မိသည် ။ ကောင်းကင်မှာ ထိန်ထိန် သာ နေသော လမင်းကြီး က လှောင်ပြောင် နေ သည့်နှယ် ။ ကျွန်တော် ငိုချင် လာမိသည် ။

ဒီနေ့ လပြည့်နေ့ ။ မြ တစ်ယောက် လမင်းကြီး ကို ကြည့်ပြီး များ ငို နေမည်လား ။ တစ်နေခင်း လုံး ရော နေပျော်ပါရဲ့လား ။ ထမင်း ရော စားပါရဲ့လား ။ ကျွန်တော့် ကို လွမ်းစိတ် နှင့် များ တပိန်ပိန် တလိမ်လိမ် ဖြစ် နေမည်လား ။ စိုးရိမ် မိသည် ။ နေ့လယ် က မြ ဆီ ဖုန်း ဆက်တော့ လွမ်းငွေ့ဝေ နေသည့် မြ အသံ က နား ထဲ မှ မထွက် ။

“ နောက် တစ်လ ပေါ့ မောင် ရယ် ”

မြ ၏ ဖျော့တော့ သော အသံ ကို ကြားယောင် မိ ပြန်သည် ။

အမှန်တော့ ကျွန်တော် နှင့် မြအဖြစ် က အမည် ကြောင့် များ ပညတ် သွားရာ ဓာတ်သက် ပါ နေသည်လား မသိ ။ မောင်ရွှေနှင့် မမြ ဆိုသောကြောင့် နေ နှင့် လ ၊ ရွှေ နှင့် မြ ဆိုသော ဆိုရိုး စကား နှင့် အညီ ဓာတ်သက်ပါ သွား သည်လား မပြောတတ် ။ နေ နှင့် လ ၊ ရွှေ နှင့် မြ လို လိုက်ဖက် လွန်းလှသည်တော့မဟုတ် ။ နေ နှင့် လ လို ဆုံနိုင်ခဲလှ ခြင်း ဖြစ်၏ ။

ကျွန်တော် နှင့် မြ ညားကာ စ ကပင် ကျွန်တော် က အစ်ကိုကြီး စက်ရုံ မှာ ညစောင့် လုပ် ရ၍ မြ က ဈေး ထဲ က ကုန်စုံဆိုင် မှာ ဆိုင်အကူ ဝင်လုပ် ရသည် ။ မနက် ခြောက်နာရီ လုပ်ငန်းခွင် မှ ကျွန်တော် ထွက် လာချိန် မြ က ဆိုင် မှာ အလုပ် ဝင်ရသည် ။ ညနေ ငါးနာရီ ကျွန်တော် လုပ်ငန်းခွင် ဝင် ရချိန် မြ က ဆိုင် သိမ်းပြီး အိမ် ပြန်ရသည် ။ ကျွန်တော် တို့ နှစ်ယောက် အတွက် ဆုံနိုင်ခွင့် သည် တစ်လ တစ်ကြိမ် ဈေး ပိတ်သည့် လပြည့်နေ့လေး သာ ။ ယခုတော့ ထို လပြည့်နေ့လေး ကို ပင် အစ်ကိုကြီး ၏ ကျေးဇူးကြွေးများ အတွက် ထိုး ဆပ်နေရပြီ ။

“ သူ့ ဆန် စား မှ တော့ ရဲ ရတော့ မှာ ပေါ့ မြ ရယ် ”

ကျွန်တော် တစ်ယောက် တည်း ရေရွတ် လိုက်မိပြန်သည် ။ ထိုစဉ် ခုံဘေး မှာ ထားသော ဖုန်း က မြည် လာသည် ။ ကျွန်တော် ယူ ကြည့်လိုက်၏ ။ အစ်ကိုကြီး ခေါ် နေခြင်းပင် ။ ဖုန်း ကိုင်လိုက်ပြီး ဟယ်လို ဟု အသံ ပြုလိုက်သည် ။

“ အေး မောင်ရွှေ ရေ ငါ့ မိန်းမ မင်း ဆီ ဖုန်း ဆက်သေးလား ”

“ မဆက်ဘူး အစ်ကိုကြီး ’’

“ အေးကွာ ဆက်လည်း သူ ယုံအောင် ကြည့် ရွှီး ထားလိုက်ဦး ။ သူ က မင်း စကား ဆိုရင် ယုံတယ် ကွ ”

“ ဟုတ် အစ်ကိုကြီး ကျွန်တော် ပြောတတ် နေပါပြီ ”

“ အေး ဒါနဲ့ ငါ ဒီမှာ နည်းနည်း ကြာမယ်ကွ ။ မင်း မမလေး က ငါ့ ကို မပြန်ချင် လောက် အောင် ကို အပြုစု ကောင်း နေလို့ဟေ့ .. ဟဲ ... ဟဲ ”

“ စိတ်ချပါ အစ်ကိုကြီး စက်ရုံ ကို လည်း ကျွန်တော် သေချာ စောင့်ရှောက် ထား ပါတယ် ”

“ အေး အေး ဒါကြောင့် ငါ့ ညီ ကို အားကိုး နေရတာ ။ ပြန်လာ မှ မင်း ကို လစာ တိုး ပေးမယ် ဟေ့ ”

အစ်ကိုကြီး က ဖုန်း ပြောပြီး ချသွားသည် ။ ကျွန်တော် သက်ပြင်းမော ကို ရှိုက် မိ၏ ။ ကောင်းကင် ကို မော့ ကြည့်မိတော့ လမင်းကြီး က ပြည့်ပြည့်ဝဝကြီး သာ နေသည် ။ ထို လမင်း ကို ကျွန်တော် နာနာကြည်းကြည်း ကြည့် မိ၏ ။ ပြီးတော့ မချင့်မရဲ ပြစ်တင် စကား ဆို လိုက်မိသည် ။

“ လမင်း ရာ မင်း သိပ် ဘက် လိုက်တာပဲ ။ ငါ့ အတွက် ကျ လပြည့်နေ့ က ရှားပြီး ။ အစ်ကိုကြီး အတွက် ကျ တော့ ပေါလိုက်တဲ့ လပြည့်နေ့ တွေ ”

◾စံရတီ

📖 တစ်ယောက် တစ်ဘဝ ( ၁ )

#ကိုအောင်နိုင်ဦး

.