Friday, January 15, 2021

အသိဉာဏ်နည်းတဲ့ယောက်ျား


 

❝ အသိဉာဏ်နည်းတဲ့ယောက်ျား ❞

တစ်လက်စတည်းအသိဉာဏ်နည်းတဲ့ယောက်ျားတွေ အကြောင်း ပြောချင်သေးတယ် ။ ငါ့တူမများအနေနဲ့ အလွယ်ဆုံး သိထားရမှာကတော့ အသိဉာဏ်နည်းတဲ့ယောက်ျားဆိုတာ အခွင့်အရေးရရင် ရသလို ယူတတ်တဲ့ယောက်ျားတွေပဲ ။အခြေအနေပေးတာနဲ့ အခွင့်အရေးယူလို့ရတာနဲ့ ယူတော့တာပဲ ။

အသိဉာဏ်နည်းတဲ့အတွက် စည်းစောင့် ထိန်းသိမ်းနိုင်တဲ့စွမ်းအား မရှိတော့ဘူးလေ ။ အသိဉာဏ်နည်းတဲ့ လူဟာ အချစ်ရေး မေတ္တာရေးတင် မဟုတ်ဘူး ။ ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ၊ ဘယ်သူတွေနဲ့ပဲဖြစ်ဖြစ် အခွင့်အရေး ယူစရာရှိရင်သိပ်သွက်တာ ။ ဘယ်တော့မှ လက် မနှေးဘူး ။ အချင်းချင်း ငဲ့ညှာမယ် စာနာမယ်ဆိုတဲ့ စိတ် မရှိဘူး ။ အနစ်နာခံမယ်ဆိုတဲ့ စိတ်မရှိဘူး ။ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အသိဉာဏ် နည်းလာပြီဆိုရင်ပေါ့ ။ အသိဉာဏ်နည်းတဲ့သူရဲ့လုပ်ရပ်တွေထဲက လုပ်လေ့လုပ်ထရှိတာ တစ်ခု လေးလေး ပြောပြချင်တယ် ။ ငါ့တူမများလည်း ကြုံဖူးမှာပါ ။

အသိဉာဏ်နည်းတဲ့သူနဲ့ ဘတ်စ်ကားအတူ စီးပြီဆိုပါစို့ ။ ထိုင်စရာ နေရာမရလို့ အတူတူရပ်လိုက်လာကြရတဲ့အခါမှာ ထိုင်စရာ နေရာ တစ်နေရာရာ လွတ်တာနဲ့ အတင်းတိုးဝှေ့လုယက်ပြီး ထိုင်ခွင့်ရအောင် ကြိုးစားတော့တာပါပဲ ။ အတင်းလု ထိုင်တော့တာပါပဲ ။ အဲဒါဟာ အသိဉာဏ်နည်းသူတွေရဲ့ လုပ်ရပ်ပဲ ။ ငါးမိနစ်ဆယ် မိနစ်လောက် ထိုင်လိုက်ရမယ့် အခွင့်အရေးလေးမျိုးကိုတောင် ဟန်မဆောင်နိုင်ဘဲ လုယက် ယူတတ်တယ်ဆိုမှတော့ဘဝသက်တမ်းတစ်လျှောက်လုံးနဲ့ ပတ်သက်လာပြီဆိုရင် “ ဘယ်သူသေသေ ၊ ငတေမာပြီးရော ” သဘောထားလိမ့်မယ်ဆိုတာ စဉ်းစားဖို့ မလိုဘဲ သိနိုင်ပြီပေါ့နော် ။

ယောက်ျားများ အသိဉာဏ်နည်းလို့ အခွင့်အရေးယူပြီဆိုရင် ပိုပြီးကြောက်စရာကောင်းတယ် ။သူတို့ဟာ စီးပွားရေး ၊ လူမှုရေး မှာတင် မဟုတ်ဘူး ။ မိန်းကလေးများနဲ့ပတ်သက်လာရင်လည်း အခွင့်အရေးယူမှာ သေချာလို့ပဲ ။ အခွင့်အရေးယူတတ်တာနဲ့ တစ်ပြိုင်တည်းမှာပဲ အသိဉာဏ်နည်းသူများဟာ တာဝန်မဲ့နေတတ်ပြန်ရော ။ အသိဉာဏ်နည်းတဲ့ သူဟာ အလွန်ကို ဒုက္ခ ပေးနိုင်တယ်ဆိုတာ သိထားပါ ။

လေးလေးက ခုလိုတွေ ရေးပြနေတော့ ယောက်ျားတွေ အကြောင်းကလည်း မကောင်းတာတွေချည်းပါလား လို့ ငါ့တူမများက ထင်လိမ့်မယ် ။ ဟုတ်တယ် ။ ခု လေးလေးရေးပြပြီးသလောက်ကတော့ မကောင်းတာတွေ ၊သတိထားစရာတွေ များနေတယ် ။ မကောင်းတဲ့ ယောက်ျားတွေအကြောင်း သိထားရင် ကောင်းတဲ့ ယောက်ျားတွေအကြောင်း သိဖို့က လွယ်သွားပြီလေ ။ ခု ရေးပြနေတဲ့ မကောင်းတဲ့ ယောက်ျားတွေရဲ့အမူအကျင့်တွေနဲ့ ဆန့်ကျင်ဘက်တွေဟာ ကောင်းတဲ့ ယောက်ျားတွေရဲ့ အမူအကျင့်တွေပဲပေါ့ ။

ကောင်းတဲ့ ယောက်ျားဆိုတာ

စာနာတတ်တယ် ၊

တာဝန်ယူတတ်တယ် ၊

အခွင့်အရေးမယူဘူး ၊

အနစ်နာခံတယ် ။

အဲဒါတွေပဲပေါ့ ။ သတိထားသင့်တဲ့ယောက်ျားတွေရဲ့ အမူအကျင့်ကို ရေးပြနေရတာက ငါ့တူမများ အန္တရာယ် ကင်းစေချင်လို့ ပါ ။ ရည်ရွယ်တဲ့ပန်းတိုင်အရောက် လျှောက်လှမ်းနိုင်ဖို့အတွက် ခလုတ်မထိ ဆူးမငြိဖို့လိုတယ်မဟုတ်လား ။ ခလုတ်ထိ ဆူးငြိလိုက်လို့ ထော့နဲ့ ထော့နဲ့ နဲ့ လျှောက်လှမ်းရပြီဆိုရင် ၊ ဘဝမှာဒဏ်ရာဒဏ်ချက် ရသွားပြီဆိုရင် ဘယ်မှာလာ ခရီးတွင်တော့မလဲ ။ဒါကြောင့် ခလုတ်ကန်သင်းကို ရှောင်နိုင်ဖို့ ကျော်လွှားနိုင်ဖို့ ရေးပြနေတာပါ ။

အသိဉာဏ်နည်းတာဟာ

ပညာတတ်တာ မတတ်တာနဲ့ မဆိုင်ဘူး ။

ဆင်းရဲတာ ချမ်းသာတာနဲ့ မဆိုင်ဘူး ။

ကဲ တစ်မျိုးချင်း ရှင်းပြမယ် ။ ဆင်းရဲတဲ့ ယောက်ျားတွေထဲလည်း အသိဉာဏ်နည်းတဲ့ယောက်ျားတွေ အများကြီးရှိတာပါပဲ ။ တစ်နေ့ရှာရသမျှ တစ်နေ့တည်းနဲ့ ကုန်အောင် ဖဲရိုက် ၊အရက်သောက် ၊ မိန်းမရှုပ် လုပ်ပစ်နေတဲ့ ယောက်ျားတွေ တွေ့ ဖူးမြင်ဖူးမှာပေါ့ ။ အဲဒါ ဆင်းရဲပြီးအသိဉာဏ်နည်းတဲ့ ယောက်ျားတွေပဲ ။

ချမ်းသာပြီး အသိဉာဏ် နည်းပြန်တော့လည်း ဖိုးရှူ ၊ ဂျင်လှည့် မိဘထားခဲ့တဲ့ သိန်းလေးငါးရာကို လေးငါးလနဲ့ ကုန်အောင် ဖြုန်းကြပြန်ရော ။ အသိဉာဏ်နည်းသူရဲ့ ဦးတည်ရာဟာ တိုးတက် မှု မဟုတ်ဘူးကွယ့် ။ဆုတ်ယုတ်မှု ။

ပညာတတ်ပြီး အသိဉာဏ်နည်းတော့ရော ၊ ရက်စက်တာပါပဲကွယ် ။ ပညာတတ်ယောက်ျားတွေ စော်ကားသွားလို့ ဒူးနဲ့ မျက်ရည် သုတ်နေရတဲ့ အသည်းကွဲ ပုံပြင်တွေ အများကြီးပါပဲ ။

ပညာမတတ်တဲ့အပြင် အသိဉာဏ်နည်းပြီဆိုလို့ကတော့ ပိုဆိုးတာပေါ့ ။ အနေအထိုင် ရမ်း ၊အပြောအဆို ကြမ်း နဲ့ မကောင်းမှု ဒုစရိုက်  လုပ် ၊ခိုးဆိုးနေသူတွေ ၊ မိန်းကလေးတွေကို နှိပ်စက် ၊ ကြင်နာမှုမရှိဘဲ မကောင်းတဲ့အလုပ် လုပ်စားခိုင်းနေတာတွေ ။ အသိဉာဏ်နည်းတဲ့ သူတွေဟာ ကြောက်စရာ တကယ်ကောင်းတယ် ။

မိန်းကလေးများ အသိဉာဏ်နည်းရင်လည်း အဲသလိုပါပဲ ။ မရှိလို့ ပျက်စီးတာရော ၊ တိုက်ကြီးပေါ်နေပြီး ပျက်စီးတာရော ၊ ပညာမတတ်လို့ အနေအထိုင် မတတ်တာရော၊ ပညာတတ်ပေမယ့် အသိဉာဏ်နည်းလို့ “ လီဗင်း တူဂဲသား ” ချင်တာရော ။

ဒီတော့

ယောက်ျားဖြစ်ဖြစ်

မိန်းကလေးဖြစ်ဖြစ်

သက်ကြီးကြီး အသက်ငယ်ငယ်

ပညာတတ်တတ် ပညာမတတ်တတ်

ချမ်းသာချမ်းသာ ဆင်းရဲဆင်းရဲ

အသိဉာဏ်နည်းတဲ့ လူတွေ ရှိနိုင်သလို အသိဉာဏ်ရှိတဲ့ လူတွေလည်း ရှိပါတယ် ။ ဒါကြောင့် ကိုယ်တိုင်က အသိဉာဏ်ရှိတဲ့ လူဖြစ်ဖို့ ပထမ ကြိုးစားသင့်တယ် ။ ကိုယ်က အသိဉာဏ် ရှိနေမှ ကိုယ်နဲ့ ပတ်သက်ရမယ့် လူ ၊ ဆက်ဆံရမယ့် လူဟာအသိဉာဏ် ရှိသလား မရှိဘူးလားဆိုတာ လေ့လာဝေဖန် အကဲခတ်နိုင်ပါမယ် ။

စာနာမှု မရှိတဲ့

တစ်ကိုယ်ကောင်းသမား ၊

အခွင့်အရေးသမား ၊

တာဝန်မဲ့နေတတ်သူတွေဟာ

အသိဉာဏ်မရှိတဲ့ လူတွေပဲ ။

ငါ့တူမများနဲ့ ကင်းဝေးကြပါစေ ။

✒️    ကံချွန်

📖    အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၂ )
    

koaungnaingoo.blogspot.com

.

Thursday, January 14, 2021

သတ်ကွင်းထဲ ရောက်လာပေမယ့်


 ❝ သတ်ကွင်းထဲ ရောက်လာပေမယ့် ❞


လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်တုန်းက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးပါတယ် ။ ရေးတဲ့ စာရေးဆရာဟာ စစ်မှုထမ်းဟောင်း တစ်ယောက် ဖြစ်ပါတယ် ။ ကလောင်အမည်ကိုတော့ တိတိကျကျ မမှတ်မိပါ ။ ( မှတ်မိသူရှိပါက ဖြည့်စွက်ပေးရန် တောင်းပန်ပါတယ် ။ ) ရေးသားတဲ့အကြောင်းအရာက ဖက်ဆစ်တော်လှန်ရေးကာလ ပဲခူးရိုးမ အရှေ့ဘက်တစ်နေရာမှာ တွေ့ခဲ့ရတဲ့ အတွေ့ အကြုံ ကို အခြေခံထားပါတယ် ။ ဆောင်းပါးဆိုပေမယ့် ဝတ္ထုတိုတစ်ပုဒ်လိုပဲ ခံစားရပါတယ် ။ အကြောင်းအရာက ဒီလိုပါ ။


ဖက်ဆစ်တော်လှန်ရေးကာလအတွင်း အထက်အမိန့်အရ တော်လှန်ရေးပြောက်ကျားတပ်စု တစ်စုဟာ မိတ္ထီလာစစ်မြေပြင်က ဆုတ်ခွာပြီး စစ်တောင်းမြစ်ကို ဖြတ်ကျော်သွားကြမယ့် ဖက်ဆစ်တပ်များကို ချုံခိုတိုက်ခိုက်ချေမှုန်းဖို့စောင့်နေပါတယ် ။


စောင့်နေတဲ့ နေရာဟာ ပဲခူးရိုးမ အရှေ့ခြမ်း တစ်နေရာမှာပါ ။ တော်လှန်ရေးတပ်ဖွဲ့အားလုံး လက်နက်ကိုယ်စီနဲ့ စိတ်အားထက်သန်စွာ စောင့်နေကြပါတယ် ။ ဖက်ဆစ်များကို အပြတ်အသတ် နှိမ်နင်းပစ်တော့မယ်ပေါ့ ။


မကြာခင် ဆက်သားတစ်ယောက်ဆီက ဖက်ဆစ်တပ်ဖွဲ့ တစ်ဖွဲ့ကို တွေ့ရကြောင်း သတင်းပို့ပါတယ် ။ အားလုံး စိတ်လှုပ်ရှားစွာ အဆင်သင့် လုပ်ထားကြပါတယ် ။ သေနတ်မောင်းများကိုလည်း တင်ထားပြီးကြပါပြီ ။ သေ‌ေပရော့... ဖက်ဆစ်များ ။


တော်တော်ကလေးအကြာမှာ ဖက်ဆစ်တွေ ဆုတ်ခွာလာတာကို လှမ်းမြင်ရပါတယ် ။ ဆောင်းပါးရှင်ဟာခေါင်းဆောင်ဖြစ်တဲ့အတွက် သူ့အမိန့် မရမချင်း မပစ်ဖို့ အမိန့်ပေးထားပါတယ် ။ သူကိုယ်တိုင်လည်း သေနတ်မောင်းကို အဆင်သင့် တင်ထားပြီး ဖက်ဆစ်‌ေတွ ပစ်ကွင်းထဲ ရောက်အလာကို စောင့်ဆိုင်းနေပါတယ် ။ ခပ်ပျပျလှမ်းမြင်ရတော့ သူ စ ပစ်မှ ပစ်ကြရမယ်လို့ အမိန့်ပေးလိုက်ပါသတဲ့ ။ သူ စ ပစ်လိုက်တာနဲ့ ချုံခိုတိုက်ခိုက် မယ့်တော်လှန်ရေးသမားများက ပစ်ခတ် ဖြိုခွင်းကြဖို့ပါပဲ ။ ဖက်ဆစ်တွေဟာ ပစ်ကွင်းနဲ့ နီးသထက်နီးလာပါတယ် ။သေသေချာချာ ဂရုစိုက်ကြည့်လိုက်တော့ စစ်တပ်တစ်တပ် စနစ်တကျ ဆုတ်ခွာလာပုံနဲ့မတူဘဲ ခပ်ဖြည်းဖြည်းချင်း ဆုတ်ခွာလာနေတာကို တွေ့ ရပါတယ် ။


ပစ်ကွင်းအတွင်းကို ရောက်လာပါပြီ ။ ဖက်ဆစ်များကိုလည်း သဲသဲကွဲကွဲ မြင်ရပါပြီ ။ ရှေ့ဆုံးက ဗိုလ်တစ်ယောက်ပါ ။ သူ့မှာ အားအင်ကုန်ခန်းနေဟန်ရှိပါတယ် ။ သူ့နောက် မှာ ဒဏ်ရာရလို့ တွဲလာခဲ့ရတဲ့ ဖက်ဆစ်တွေ ။ အချို့က အလဲလဲ အပြိုပြို ။ တစ်ယောက်ကို တစ်ယောက် ဖေးမနိုင်လျှင် ဖေးမ ၊ မဖေးမနိုင်လျှင် လဲပြိုတဲ့ ဖက်ဆစ်ဟာ သူ့ဘာသာ ကြိုးစားထ ။ အချင်းချင်း ကယ်နိုင်သမျှ ကယ်နေသော်လည်း မည်သူမှ အင်ပြည့်အားပြည့်မဟုတ် ။


ဖက်ဆစ်တွေ ပစ်ကွင်းထဲ သတ်ကွင်းထဲ ရောက်လာပါပြီ ။ ခေါင်းဆောင်လုပ်တဲ့ ဆောင်းပါးရှင်က အဲဒီဖက်ဆစ်တွေကို ပစ်မိန့် ပေးရမလား မပေးရဖူးလား ၊ ဘာလုပ်သင့်သလဲ စဉ်းစားနေပါသတဲ့ ။


သူ့လက်ထောက်ကိုကြည့်တော့လည်း ပစ်ခတ်သတ်ဖြတ်ချင်စိတ် သိပ်မတက်ကြွတော့ပါဘူးတဲ့ ။ ငယ်သားတွေ ၊ ရဲဘော်တွေလည်း ကြောင်ပြီး ကြည့်နေကြပါသတဲ့ ။ အထက်အမိန့်ကတော့ ဆုတ်ခွာလာတဲ့ ဖက်ဆစ်တွေကို ချေမှုန်းပစ်ဖို့ပါပဲ ။ ဒါပေမယ့် သူ စဉ်းစားပါတယ် ။ စစ်တိုက်တယ်ဆိုတာ ဉာဏ်ရည်ချင်း ၊ စွမ်းရည်ချင်း ၊ တိုက်ခိုက်ရေး ကျွမ်းကျင်မှုချင်း အစရှိသဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရတာပဲ ။


ချုံခို တိုက်ခိုက်တယ်ဆိုတာ ကိုယ်ကလည်း ဉာဏ်စွမ်းရှိသလောက် ချုံခိုနေမယ် ။ တစ်ဖက်ရန်သူကလည်း ချုံခိုတိုက်ခိုက်ခံရနိုင်တဲ့ နေရာမျိုးရောက်တာနဲ့ သတိ ဝီရိယ ကြီးစွာထားပြီး ရှေးပြေးကင်းလွှတ်တာတို့ ဘာတို့ လုပ်မယ် ။ ချုံခိုတိုက်ခိုက်တဲ့ဘက်နဲ့ စစ်ကြောင်းချီလာတဲ့ဘက်နဲ့ ဉာဏ်ရည် ဉာဏ်သွေး ၊ စစ်ရည် စစ်သွေး ယှဉ်ပြိုင်ကြတာပါ ။


ခုဟာက တစ်ဖက်ရန်သူ ဖက်ဆစ်တွေဟာ ချုံခိုတိုက်ခိုက်ခံရနိုင်တဲ့ နေရာမှန်း မသိလို့ ဟုတ်တန်မတူဘူး ။ သူတို့ အင်အားတွေကုန်ခန်းပြီး ဖြစ်သမျှနည်းနဲ့ ဖြစ်သလို ဆုတ်ခွာခဲ့ကြရတဲ့သူတွေ ။ အစာရေစာလည်း ပြတ်လပ်နေတဲ့ပုံ ။ ဒဏ်ရာ အနာတရလည်း ကြီးကျယ်ခဲ့ကြပုံ ။ စစ်ရှုံးလို့ ပြေးလာရတဲ့သူတွေ ။ သူတို့မှာ ခုခံနိုင်စွမ်း ဘယ်လိုမှ မရှိရှာတော့ဘူး ။


ဒီတော့ ခုလို ချုံခိုတိုက်ခိုက်တာဟာ စစ်စွမ်းရည်ချင်း ယှဉ်ပြိုင်တာ ဟုတ်နိုင်ပါတော့မလား ။ ကိုယ့်ကို ဘယ်လိုမှ ပြန်လည်ခုခံနိုင်စွမ်းမရှိတော့တဲ့  လူတွေကို အထက်စီးကနေ သက်သက် မဲ့ သတ်ပစ်တာနဲ့ တူမနေဖူးလား ။ စစ်တိုက်တယ်ဆိုတာ လူသတ်တာမဟုတ်ဘူး ။ သတ္တိချင်း ၊ စွမ်းရည်ချင်း ယှဉ်ပြိုင်တာ အစရှိတဲ့ အတွေးတွေ တွေးမိပါသတဲ့ ။


တိုတိုဆိုရရင် အဲဒီ ဖက်ဆစ်တွေကို သတ်ကွင်းထဲရောက်နေပေမယ့် ပစ်မိန့်မပေးဘဲ ဖြတ်ကျော် သွားစေလိုက်ပါသတဲ့ ။ ဘာမှ မခုခံနိုင်တော့တဲ့ ရန်သူကို သတ်ပစ်လိုက်လို့က ဘာများ ဂုဏ်တက်စရာရှိမှာတဲ့လဲ ။ ပြီးတော့.……. အဲဒီဖက်ဆစ်တွေဟာ ရိုးမတောင်ခြေကို ကျော်ပြီးရင် စစ်တောင်းမြစ်ကို ဖြတ်ရဦးမယ် ။ အဲဒီကမှတစ်ဆင့် တောတောင်ထူထပ်တဲ့ မြန်မာပြည် အရှေ့ပိုင်းကို ဖြတ်ရဦးမယ် ။ ပြီးမှ ထိုင်းနိုင်ငံဘက် ရောက် မယ် ။ ဒီတော ၊ ဒီတောင် ၊ ဒီမြစ် ၊ ဒီချောင်းတွေကြားမှာ အစာရေစာပြတ် ၊ ရေငတ်နဲ့ ဆုံးပါးကြရဦးမယ် ။ ငှက်ဖျားကလည်း ပေါပါဘိနဲ့ ။ ထိခိုက်ဒဏ်ရာရပြီး ကျန်းမာရေး ချွတ်ခြုံကျနေတဲ့ သူတို့တစ်တွေထဲက ဘယ်နှစ်ယောက် များ သူတို့ရဲ့ နီပွန်နိုင်ငံတော်ကို ပြန်ရောက်နိုင်ပါ့မလဲ ။


ဆောင်းပါးရှင်က မိမိတို့တိုင်းရင်းသားတွေအပေါ်  ဖိနှိပ် ညှဉ်းပန်းခဲ့တဲ့ ဖက်ဆစ်တစ်စုကို အဲဒီဖက်ဆစ်တွေ ဘာမှ ပြန်လည်မခုခံနိုင်တော့တဲ့ အချိန်မှာ အသက်ဘေးက လွှတ်ခဲ့ကြောင်း ရေးပြထားပါတယ် ။


အဲဒီဆောင်းပါးကို လုံးစေ့ပတ်စေ့မဟုတ်ပေမယ့် အကြောင်းအရာနဲ့ အနှစ်သာရကိုတော့ ကျွန်တော် မေ့မရနိုင်အောင် စွဲလမ်းနေခဲ့ပါတယ် ။


အဲဒီဆောင်းပါးဟာ ဖက်ဆစ်တော်လှန်ရေးတုန်းက အဖြစ်အပျက် တစ်ခုနဲ့ ဖက်ဆစ်တော်လှန်ရေးသမားတစ်စုရဲ့စိတ်နေသဘောထားကို ဖော်ပြထားပါတယ် ။ ဒီအဖြစ်အပျက်နဲ့ ဒီစိတ်ထားတွေကို ဖက်ဆစ်တော်လှန်ရေး ကာလမှာတင်မဟုတ်ဘဲ အချိန်မရွေး အသုံးချနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ် ။


ဥပမာ ... လူတစ်ဦးချင်း ဆက်ဆံရေးဆိုပါတော့ ။ တစ်ချိန်က ကိုယ့်အပေါ်ဆိုးခဲ့တယ် ။ သူ့ကို လက်စားချေမယ်လို့ စိတ်ကူးပြင်ဆင်ထားတယ် ။ ကိုယ့်ခွင်ထဲရောက်လာပြီ ။ အဲဒီအခါမှာ သူဟာ ချွတ်ခြုံကျနေတဲ့သူ ဖြစ်နေပြီ ။ သူ့ကို ကိုယ်က နိုင်ချင်တိုင်း နိုင်လို့ရနေပြီ ။ အဲဒီအချိန်မှာ အနိုင်ယူမှာလား ၊ သူ့ကို ညှဉ်းဆဲမှာလား ၊ အပြတ်နှိပ်ပစ်လိုက်မှာလား ။ အဲဒီလို လုပ်လို့ ကိုယ့်အတွက် ဘာအကျိုးရှိမလဲ ။ သူ့ဆိုးကျိုးကို သူ့ဘာသာ ခံစားနေရပြီ မဟုတ်လား ။ ခွင့်လွှတ်လိုက်ဖို့ မသင့်ဖူးလား ။ ဒါ အသေးအဖွဲ ကိစ္စလောက်ကို စဉ်းစားမိတာပါ ။ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေလည်း ဒီသဘောမျိုး စဉ်းစားနိုင်ပါတယ် ။


တကယ့်မဟာအင်အားကြီး စစ်တပ်တစ်တပ်ဖြစ်တဲ့ အမေရိကန် တပ်မတော်ဟာ ဗီယက်နမ်မှာ အပြစ်မဲ့ရွာသူရွာသားတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ကိစ္စတွေကြောင့် အမေရိကန်တပ်မတော်ရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျခဲ့ဖူးပါပြီ ။


စီးပွားရေးအရ ဖိနှိပ်မှုတွေ ၊ ငွေကြေးနဲ့ အနိုင်ကျင့်မှုတွေကြောင့် အဲဒီ စီးပွားရေးကောင်းလွန်းပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေ အရှက်ရခဲ့ပေါင်းများပါပြီ ။ ဒါပေမယ့် " မျက်နှာပြောင်ပြောင် တီးတဲ့ကောင် ” ဆိုတဲ့ ဆရာမြို့မငြိမ်းရဲ့ သီချင်းစာသားအတိုင်း မျက်နှာပြောင်တိုက်နေကြတာပါပဲ ။ ဂုဏ်သိက္ခာဘက်က စဉ်းစားကြည့်ရင် စီးပွားရေးအင်အား ချို့တဲ့သူတွေကို စီးပွားရေးကောင်းသူတွေက အနိုင်ကျင့်တာဟာ လူ့ယဉ်ကျေးမှုအဆင့်အတန်းအရ နိမ့်လှပါတယ် ။ ညံ့လှပါတယ်။ ရှက်စရာကြီးပါ။


ကျွန်တော် ကြားဖူးတာကတော့ ဉာဏ်ပညာနည်းပါးသူ ယုတ်မာ ဆိုးသွမ်းရင် သိသာပါသတဲ့ ။ဉာဏ်ကောင်းခဲ့သူကောက်ကျစ်ရင် အင်မတန်ဆိုးပါသတဲ့ ။


တကယ်တော့ ကောက်ကျစ်တဲ့သူဟာ ဉာဏ်ပညာ မကြီးနိုင်ပါဘူး ။ ဉာဏ်ပညာကြီးတဲ့သူ ဖြစ်လာရင်လည်း မကောက်ကျစ်တော့ပါဘူး ။ ဉာဏ်ပညာက သူ့ကို ထိန်းသိမ်းစောင့်ရှောက်ပါလိမ့်မယ် ။


ခုန ကျွန်တော်တင်ပြတဲ့ ဖက်ဆစ်တော်လှန်ရေးပြောက်ကျား ခေါင်းဆောင်လိုပေါ့ ။


( ကျွန်တော်တင်ပြတဲ့ ဆောင်းပါးရှင်ရဲ့ အမည်ကို မမှတ်မိတဲ့အတွက်အနူးအညွတ် တောင်းပန်ပါတယ် ။ သိလျှင် ကူညီကြပါခင်ဗျာ ။ )


  ✒️  မောင်ဝဏ္ဏ


  📖  ကျွန်တော် အူကြောင်ကြား



Friday, January 8, 2021

ဆောင်းရယ် နှင်းရယ် ချစ်သူရယ်

❝ ဆောင်းရယ် နှင်းရယ် ချစ်သူရယ် ❞


တေးရေး   စန္ဒရားလှထွဋ်


      ဆောင်းမှာမွေး၍ နှင်းမှာသန္ဓေတည် ကိုယ်ချစ်သော ဆောင်းမင်းသမီးရယ်ကွယ် ဆောင်းရယ် နှင်းရယ် ချစ်သူရယ် အတူတူပါပဲကွယ်


     ( ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲ အသည်းမှာ အမြဲ တင်စားကမ္ပည်းချယ် ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ် ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူမယ် ချစ်သူကကွယ် ဆောင်းနှယ်အေး နှင်းလိုဖြူတယ် ဆောင်းရယ် နှင်းရယ် ကိုယ့်ချစ်သူရယ် အတူတူပါပဲကွယ် )


      နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနွယ် အချစ်ရဲ့ အသည်းနှလုံးက နှင်းလိုဖြူစင်တယ် ပုလဲလိုကွယ် အမြဲကိုတစ်ကယ် အသည်းဝယ် ယုယချစ်မယ် ချစ်သူရယ် လှစ်ကြူတဲ့ စကားရယ်ဆောင်း၌သွေး ညှင်းလေပြည်နှယ် ကိုယ့်ရွှေရင် အသည်းမှာကွယ် အမြဲတကယ် အေးမြလှတယ် ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ် ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူမယ် ချစ်သူကကွယ် ဆောင်းနှယ်အေး နှင်းလိုဖြူတယ် ဆောင်းရယ် နှင်းရယ် က်ိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်

              

      နှင်းမြူနှယ် အဆင်းဖြူတယ် ယမင်းနွယ် အချစ်ရဲ့ အသည်းနှလုံးက နှင်းလိုဖြူစင်တယ် ပုလဲလိုကွယ် အမြဲကိုတစ်ကယ် အသည်းဝယ် ယုယချစ်မယ် ချစ်သူရယ် လှစ်ကြူတဲ့ စကားရယ် ဆောင်း၌သွေး ညှင်းလေပြည်နှယ် ကိုယ့်ရွှေရင် အသည်းမှာကွယ် အမြဲတကယ် အေးမြလှတယ် ဆောင်းဆိုသည်က အေးမြခြင်းကို သရုပ်ဆောင်တယ် ငွေနှင်းမြူက သန့်စင်တယ်လို့ အဓိပ္ပါယ်ကို ယူမယ် ချစ်သူကကွယ် ဆောင်းနှယ်အေး နှင်းလိုဖြူတယ် ဆောင်းရယ် နှင်းရယ် က်ိုယ့်ချစ်သူရယ် အတူတူပါပဲကွယ်



 

Thursday, January 7, 2021

ယမကာ လုလင်တို့ အကြောင်း


 

❝ ယမကာ လုလင်တို့ အကြောင်း ❞

သမီးရေ..

ယမကာ လုလင်ဆိုတာကတော့ မကြာသေးခင်က ကွယ်လွန်သွားတဲ့ ဆရာ အင်မတန် ခင်မင်လေးစားရတဲ့ သရော်စာရော ၊ ကဗျာရော ၊ ရသစာပေမှာရော တစ်ဖက်ကမ်းခပ်လှတဲ့ ဆရာမင်းလူရဲ့ စကားလုံးပဲကွယ့် ။

•••••  စာပေ မိသားစု

မိသားစု တစ်စုလုံး လေးစားမိရတဲ့ စာရေးဆရာတွေပေါ့ကွယ် ။ သူတို့ မိသားစုနဲ့ အရက်နဲ့ ဆက်နွယ်နေပုံကလေးက ထူးလည်းထူးဆန်းလှသလို စိတ်ထိခိုက်ဖို့လည်း ကောင်းလှတယ် ။

ဆရာမင်းလူတို့ရဲ့ ဖခင်ကွယ်လွန်သူ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာကြီး ဆရာသာဓုဟာ တကယ့်ကို တစ်ခေတ်မှာ တစ်ယောက် ထွန်းတောက် ကျော်ကြားလှတဲ့ ပါရမီရှင်ပါပဲ ။ ဆရာကြီးရဲ့ ထူးခြားချက်ကတော့ စာရေးဆရာ အများစု အရက်သောက်တတ်တဲ့ခေတ်မှာ စာရေးဆရာ ဖြစ်လာခဲ့ပေမယ့် အရက် မသောက်တတ်တဲ့အပြင် အရက်ကို ခါးခါးသီးသီး မုန်းသူဖြစ်သတဲ့ ။ အိမ်မှာတောင် “ အရက်သမား မလာရ ” လို့ စာကပ်တဲ့ ဆရာကြီး ပေါ့ကွယ် ။

အဲဒါကလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး ။ သူ့အမေ ငယ်ငယ်က နတ်ဝင်ပူးပူးပြီး အရက်သောက်တာကို မကျေနပ်ရာက စခဲ့တာပဲ ။ ဟုတ်တယ် ။ အမေကွယ့် ။ အရက်သောက်တာ အဖေမဟုတ်ဘူး ။ အမေ ။

မိန်းမ အရက်သောက်တယ်ဆိုတာ အဲသည့်ခေတ်ကတော့ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာ ဘယ်သူမှ လက် မခံတဲ့ကိစ္စတစ်ခုပါ ။ ဒီခေတ်ရော လက်ခံ နေကြပြီလားဆိုတော့ လက် မခံသေးတာတော့ အမှန်ပါကွယ် ။ ဒါပေမဲ့အနောက်တိုင်း ယဉ်ကျေးမှုသာမကအရှေ့တိုင်းယဉ်ကျေးမှုထဲမှာပါ မိန်းကလေးတွေ အရက်သောက်ကြတဲ့ ကိုရီးယားလို နိုင်ငံမျိုးကယဉ်ကျေးမှု‌ေတွ လွင့်စဉ်လာလေတော့ ခေတ်မိန်းကလေး တချို့ ယောက်ျားလေးတွေနဲ့အတူ ပုလင်းထောင်နေကြတာ အထူးသဖြင့် သင်္ကြန်မှာဆို မမြင်ချင်မှအဆုံးပါ ။

မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာ ၊ အရှက်တရားနဲ့ လုံခြုံမှုကို အရင်းက နှဲ့လှဲတဲ့ ကိစ္စ သက်သက်ပါကွယ် ။

ဆရာကတော့ သမီးကို “ အရက်ကိုရှောင်ပါ ” လို့ ပြောလို့ သမီးက စိတ်ဆိုးမာန်ဆိုး “ မိန်းကလေးနဲ့ အရက် ၊ အဲသလို ပြောစရာလား ၊ သောက်ပါ့မလား " လို့ ပြန်ရန်ဖြစ်ခဲ့ရင် သိပ်ပျော်မှာပါသမီး ၊ ဟုတ်ပါတယ် ။ မိန်းကလေးနဲ့ အရက် ဘာမှ ဘယ်ဆိုင်ပါ့မလဲ။ ဒီနေ့ ဆရာ ရှင်းပြမယ့် ပြဿနာက အရက်ကို ရှောင်ဖို့မှ မဟုတ်တာ ။ အရက်သမားတွေအကြောင်း ရှင်းပြမလို့ဥစ္စာ ၊ ဒါကြောင့် “ ယမကာ လုလင်များအကြောင်း " လို့ နာမည် တပ်ထားတာပေါ့ ။

ကဲ ... စောစောက ဆရာကြီး သာဓုအကြောင်းပဲ ဆက်ကြပါဦးစို့ ။

ဆရာကြီးဟာ သူကိုယ်တိုင် အရက်ကို ဆန့်ကျင်တဲ့နေရာမှာ အောင်မြင်ခဲ့ပေမယ့် မိသားစုပြဿနာ တချို့ကြောင့် သူ့သားတွေကို အရက် မသောက်အောင် မတားနိုင်ခဲ့ရှာဘူး ။

ဆရာကြီးရဲ့ သားကြီး ဒါရိုက်တာ မောင်ဝဏ္ဏ ဆိုတာလည်း ဆရာ အလွန်လေးစားကြည်ညို ရတဲ့ စာရေးဆရာ ဒါရိုက်တာပါပဲ ။ ဆရာ့ဝတ္ထု ၊ ဆရာကိုယ်တိုင် ရုပ်ရှင်ရိုက်ခဲ့တဲ့ “ ပန်းတွေနဲ့ဝေ " ဟာ တက္ကသိုလ်နောက်ခံ အချစ်ဇာတ်လမ်းတွေထဲမှာ အထင်ရှားဆုံး သမိုင်းဝင်ခဲ့တယ်ဆိုရင် ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်ဘူး ။

နောက် သားတစ်ယောက်က ဗလတဲ့ ။ သူ့ကို “ သုမောင် ” လို့ အများ သိကြတယ် ။ “ အချစ် ” ဆိုတဲ့ဝတ္ထုနဲ့အောင်မြင်ခဲ့တဲ့စာရေးဆရာတစ်ယောက် ဖြစ်ခဲ့သလို ၊ ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင် ( ဦး ) နေဝင်းရဲ့ နောက် မှာ တစ်ခေတ်မှာတစ်ယောက်ဆိုသလိုထွန်းတောက်ခဲ့တဲ့ သဘာဝ ရုပ်ရှင် မင်းသားစစ်စစ်လည်း ဖြစ်ခဲ့သကွယ့် ။ ဒါရိုက်တာအနေနဲ့လည်း “ သူငယ်ချင်း သုံးယောက် ရှိလေသည် ” ရုပ်ရှင်ဟာ ဒီဘက်ခေတ်မှာ ပြန်ရိုက်ရတဲ့အထိ အောင်မြင်ခဲ့တယ် ။

အဲသည့် အဖိုးတန် အနုပညာရှင်တွေအားလုံးဟာ အသက်သိပ်မကြီးခင် အချိန်ထိလျှမ်းလျှမ်းတောက် အောင်မြင်နေကြတုန်း အချိန်မှာပဲ ဘဝတွေ နေဝင်သွားခဲ့ရတယ် ။

ကာယကံရှင် မိသားစုတွေ မပြောနဲ့ ၊ ဆရာသုမောင်နဲ့ စာပေပွဲတွေမှာ မိတ်ဆက်ဖူး ၊ ခင်ဖူးရုံပဲ ရှိခဲ့တဲ့ ဆရာတောင် ယူကျုံးမရ ဖြစ်ခဲ့ရပါတယ် ။

••••• တစ်နေရာတည်း တိုးတက်ခဲ့တဲ့ တို့တိုင်းပြည်

ဆရာ့အသက်က ၅၄နှစ် ။ ၅၄နှစ်ဆိုတဲ့ အချိန်က မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အမှောင်ဖုံးခဲ့တဲ့ခေတ်ဆိုတာ နှစ်ငါးဆယ်လုံးလုံး ပြောခွင့်မရှိခဲ့ကြပေမယ့် ခုနောက်ပိုင်း လေးနှစ်အတွင်းမှာတော့ လူတိုင်းပွင့်ပွင့်လင်းလင်း ၊ စိတ်တူကိုယ်တူ ထုတ်ဖော်ပြောဆိုလာကြတဲ့ ကိစ္စဖြစ်တယ်ကွယ့် ။

ပညာရေးကအစ ဆုတ်ယုတ်လိုက်တာ နောက်ကနေ စီးပွားရေး ၊ ကျန်းမာရေးနဲ့ စာရိတ္တတွေပါ အကုန်ပါသွားခဲ့တာကိုး ။

တိုးတက်တာဆိုလို့ ပြစရာတစ်ခုတည်း ။ “ အရက် " ပါ ။

မြန်မာ့အရက်ဟာ ကမ္ဘာမှာတောင် ဆုတံဆိပ်တွေရသတဲ့ ။ ထုတ်လုပ်မှု တိုးတက်လာတာလည်း အံ့မခန်း ။

ကြော်ငြာတဲ့ နည်းစနစ်ကလည်း အကွက်ကိုစေ့လို့ ။ ရုပ်မြင်သံကြားမှာ အရက် မကြော်ငြာရဘူး ကန့်သတ်တာတောင်အရက်တံဆိပ်နဲ့ ရေသန့်တွေ တီရှပ်တွေ ကြော်ငြာလိုက်သေး ။

ကျေးရွာနှံ့အောင် ခရီးဆန့်နိုင်တာလည်း သီချင်းထဲကလို ကြက်ခြေနီ မဟုတ်တော့ဘူး ။ ထဘီရင်လျား မော်ဒယ်လ်မလေးတွေနဲ့ ကြော်ငြာထားတဲ့ အရက်တွေဖြစ်နေပြီ ။

ဘယ်လောက်သေးတဲ့ ရွာပဲဖြစ်ဖြစ် ဆေးပေးခန်းသာ မရှိရင်နေမယ် အရက်ဆိုင်တော့ ရှိသကွယ့် ။

ဘယ်လောက်ပဲ ဝင်ငွေနည်းပြီး ဆင်းရဲတဲ့ အရပ်ဖြစ်ပါစေ ။ သောက်သောက်စားစား လူရမ်းကား ကလေးတွေက တွေ့ရတတ်သကွယ့် ။

နိုင်ငံခြားတိုင်းပြည် တော်တော်များများမှာ ကျန်းမာရေး ဘတ်ဂျက် အတွက် လိုငွေကိုကျန်းမာရေးထိခိုက်စေတဲ့ စီးပွားရေးလုပ်ငန်းတွေ ၊ အရက်တို့ ၊ ဆေးလိပ်တို့ကနေ SIN TAX ဆိုတာ ကောက်သကွယ့် ။ ဒီမှာလည်း ဆရာအပါအဝင် ဆေးပညာရှင် ၁၅ဝ ပါတဲ့ အစည်းအဝေးကနေ အဲသလို ကောက်ဖို့ ၂၀၁၀ တုန်းက အဆိုပြုဖူးတယ် ။ လက် မခံပါဘူးကွယ် ။ သူတို့က တန်ခိုးကြီးနေကြပြီလေ ။

•••• အရက်ကို ဘယ်သူ ၊ ဘယ်တော့ ၊ ဘယ်လောက် ရှောင်သင့်သလဲ

‌ေဟာသမျှတရား ၊ ပြောသမျှစကား တစ်ခွန်းမှ မမှားဖူးတာ “ ဗုဒ္ဓ ” ဆရာ ခဏခဏ ရေးပြဖူးတယ် ။ ဒါအနောက်တိုင်း ဒဿနိက ပညာရှင်ကြီးတွေတောင် လက်ခံထားရတဲ့ ကိစ္စပါ ။

ဗုဒ္ဓမြတ်စွာဘုရားက ဘယ်သူ့မဆို အနိမ့်ဆုံး စောင့်ထိန်းရမယ့် သီလကို ငါးပါး ပြဋ္ဌာန်းခဲ့တာ “ အရက် " မသောက်ဖို့ ပါသကွယ့် ။

ဘယ်သူ ဘယ်ဝါတော့ ရှောင် ၊ ဘယ်သူတွေကတော့ သောက်နိုင်တယ်လို့ မဟောခဲ့ပါဘူး ။ အားလုံးကို ရှောင်ခိုင်းတာပါ ။

ဘယ်အချိန်မှာ မသောက်နဲ့လို့ ပြောခဲ့တာမဟုတ်ပါဘူး ။ ဘယ်တော့မှ မသောက်နဲ့လို့ ပြောခဲ့တာပါ ။

ဘယ်လောက်ထက် ပိုမသောက်နဲ့လို့ ပြောခဲ့တာ မဟုတ်ပါဘူး ။ လုံးဝ မသောက်ဖို့ ပြောခဲ့တာပါ ။

ဗုဒ္ဓမြတ်စွာ ဘုရားကတောင် ဒီလောက် ပြတ်ပြတ်သားသား ဆန့်ကျင်နေမှတော့ အရက်သောက်ချင်သူတွေ ဘာအကြောင်းပြချက် မှ အားကိုးစရာ မရှိတာ သိပ်သေချာပါတယ် ။

•••• ယမကာလုလင်

အရက် မကောင်းကြောင်းတွေက ဘာသာရေးဆောင်းပါးတွေမှာ ဆရာ တော်တော်များများ ရေးခဲ့ပြီး ဖြစ်လေတော့ သမီးကို ထပ်မပြောပြတော့  ဘူး ။ မြန်မာ မိန်းမပျိုလေးဖြစ်တဲ့ သမီးဟာလည်း အရက်ကို စမ်းသပ်ရုံကလေးတောင် တို့ထိကြည့်မှာ မဟုတ်ဘူး ။ ရှောင်မှာပဲလို့ ဆရာယုံလိုက် မယ်နော် ။

ရှောင်ရခက်တာက ယမကာလုလင်တွေကွယ့် ။

တို့နိုင်ငံမှာ တစ်ခုတည်းသော တိုးတက် မှုဖြစ်တဲ့ အရက်ထုတ်လုပ်ဖြန့်ချိမှုကြီး ကျေးဇူးကြောင့် တို့နိုင်ငံမှာလည်း ယမကာလုလင်တွေ တိုးပွားနေမှာတော့ အမှန်ပဲ ။

သမီးတို့လို မိန်းကလေးတွေလည်း ကိုယ့်ချစ်သူဟာ ယမကာ လုလင်ဖြစ်နေဖို့ အခွင့်အလမ်း များလာတော့တာပေါ့ ။

“ အရက် သောက်တတ်ရုံနဲ့ လူတစ်ယောက်ကို လူဆိုးလို့ သတ်မှတ်တော့မှာလား ၊ စိတ်ရင်းက ပိုအရေးမကြီးဘူးလား ”

ဒီလို စောဒက တက်ချင်တဲ့သူတွေလည်း ရှိမှာပဲ ။

အမှန်ပဲ ။ ဆရာ ကိုယ်တိုင်လည်းအင်မတန် ကြည်ညိုလေးစားတဲ့ ယမကာလုလင်ကြီးတွေ ရှိခဲ့ဖူးတာပါပဲ ။ ဆရာရေးခဲ့ဖူးတဲ့ “ တိမ်ညိုမှာ ငွေဇာကွပ်ကယ်နှင့် ” ကို ဖတ်ကြည့်ရင် သိမှာပေါ့ ။

ဒါပေမဲ့ အဲသည့်လူတွေမှာလည်း ကြီးမားတဲ့အားနည်းချက်တွေ ရှိကြတာတော့ အမှန်ပဲ သမီး ။

အရက်ဟာ နဂိုကတည်းကမှ ဖြေရှင်းရခက်တဲ့ ပုစ္ဆာတွေ အများကြီးရှိနေတဲ့ “ ဘဝ ” ဆိုတဲ့ဟာကြီးကို ရင်ဆိုင်ရမှာ အရေးအကြီးဆုံးအင်အားဖြစ်တဲ့ “ ဆင်ခြင်တုံတရား ” ကို တအိအိနဲ့ အနည်းနဲ့ အများဆိုသလို ချည့်နဲ့စေတတ်ပါတယ် ။

ယမကာ လုလင်တစ်ယောက်ကို အရက်သောက်ပေမယ့် တော်ပါတယ်လို့ ထင်ရင် သေချာတာတစ်ခုက အဲဒီသူသာ အရက် မသောက်တတ်ရင် အဲဒီထက် အများကြီး ပိုတော်မယ်ဆိုတဲ့ အချက်ပါပဲ ။

ဆေးခန်းမှာ ကလေးလာပြရင်း လိုက်လာတဲ့ အဖေ တချို့ အရက် မမူးပေမယ့်လည်း အရက်နံ့ကလေး ထွက်နေပြီး စကားပြောရင် အတင်းကြီး သတိထားပြောနေရတာ ဆရာခဏခဏ တွေ့ဖူးတယ် သမီး ။ ဆေးခန်းချိန်တွေကလည်း ညနေပိုင်းတွေချည်းပဲဆိုတော့ ညနေတိုင်း နည်းနည်းပါးပါးပဲဖြစ်ဖြစ် မသောက်ဘဲ မနေနိုင်တဲ့သူတွေက ရှိနေတာကိုး ။

အဲသည့်လူနဲ့ အတူ ပါလာတဲ့ ကလေးအမေနေရာမှာ ကိုယ့်ကိုယ် ကိုယ် မှန်းကြည့် ကြည့်လိုက်ပါ သမီး ။ဘယ်လောက် များ နေရခက်လိုက်လီမ့်မလဲလို့နော် ။ စိတ်ထဲမှာလည်း အားနာနေ ၊ သိမ်ငယ်နေမှာပဲ ။ ဆရာ့ ‌ေနရာမှာလည်း အမျိုးသမီး ဆရာဝန်တစ်ယောက်ကို မြင်ယောင်ကြည့် ။
( ကလေးဆရာဝန် အများစုက အမျိုးသမီးတွေကွယ့် ။ )

ဒီဥပမာမှာပါတဲ့ လူက လူကြီးလူကောင်းပီပီ သောက်ထားတဲ့ လူနော် ။ အဲသည်ထက် ဆိုးတဲ့ လူတွေအကြောင်းကို ပြောပြဖို့ လိုသေးလားသမီး ။

ပြီးတော့ ဆရာဝန်က ဒီအရက်နံ့ကို ခဏပဲ ရမှာနော် ။ အဲသည့် အန့ံက အဲသည် မိန်းကလေးနဲ့အတူ အိမ်ပြန်ပါသွားမှာ ။ အဲသည့်လူကလည်း အိမ်ကျရင် အဲသလို အတင်းကြီး သတိထားနေမှာ မဟုတ်တော့ဘူးနော် ။

•••• အချစ်နဲ့ အရာရာကို အကောင်းအတိုင်း

သိပ်လှတဲ့စကားနော်။

ကိုယ်က မချစ်လို့ အရက်သောက်ရတာပါဆိုတဲ့ ယောက်ျားကလေး ။

ကိုယ့်ကို ချစ်လို့ အရက်ဖြတ်ပါမယ်ဆိုတဲ့ ယောက်ျားကလေး ။

စိတ်ကူးယဉ်လို့တော့ တယ်ကောင်းပဲ ။ လက်တွေ့မှာ သိပ်အဓိပ္ပာယ် မရှိလှပါဘူးကွယ် ။ မိန်းကလေး တစ်ယောက်အတွက် အရက်သောက်ပါတယ်ဆိုတဲ့ ယောက်ျားလေး ။ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကိုရဖို့ အရက်ဖြတ်မယ့် ယောက်ျားလေး ။

ကိုယ်ပိုင်ဆင်ခြင်တုံတရား ဘယ်လောက် များ အားကောင်းမယ် ထင်သလဲ ။

“ မင်း မချစ်လို့ အရက် သောက်ရတာပါ ”

အဲသည့်စကား အစား • •

“ မင်း မချစ်လို့ ဘိန်းရှူရတာပါ ”

အဲသလိုများ ပြောခဲ့ရင် သမီးကြည်နူးနိုင်ပါ့မလား ။ ဒီစကားနှစ်ခုရဲ့ နောက်ကွယ်ကဆင်ခြင်တုံတရားဟာအတိမ်အနက်သာ ကွာချင်ကွာမယ် ။ အမျိုးအစားကတော့ အတူတူပဲ သမီး ။

ဆရာက အရက်သမား ဘယ်တော့မှ လူကောင်းပြန် မဖြစ်နိုင်တော့ဘူးလို့ ထင်တာလားလို့ မေးရင်တော့ ခေါင်းခါပါမယ် သမီး ။

ဆရာကိုယ်တိုင်လည်း အသက် ၂၀ ကျော်အရွယ် စာရေးဆရာဘဝမှာ စာရေးဆရာနဲ့ တူချင်လို့ဆိုပြီး အရက် ရံဖန်ရံခါသောက်ခဲ့တာ မှတ်မှတ်ရရ ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်အထိပါ သမီး ။ အဲသည့်နောက် မှာတော့ ဘုရားမှာ သစ္စာပြုပြီး အရက်ကို ရာသက်ပန် ရှောင်ခဲ့ပါတယ် ။

ဆရာ့ထက် ပိုသောက်ခဲ့ပြီး အဲသလို တိခနဲ ဖြတ်ချလိုက်တဲ့ ဆရာအင်မတန်ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်တွေလည်းတွေ့ခဲ့တယ် ။ တွေ့နေတုန်းပါပဲ ။

ဘယ်သူမှ အချစ်အတွက် သောက်ခဲ့ကြတာ မဟုတ်သလို ၊ အချစ်အတွက် ဖြတ်ခဲ့ကြတာလည်း မဟုတ်ပါဘူး ။

ဆင်ခြင်တုံတရား အားကောင်းလာလို့ ကိုယ့်ဟာကိုယ် မလုပ်သင့်တော့ဘူးထင်လို့ ဖြတ်ခဲ့တဲ့လူတွေချည်းပါပဲ ။

သမီးရှေ့မှာတွေ့နေတဲ့ အသက် ၂၀ ကျော် လူငယ်ကလေးတွေဟာ တစ်နေ့ အဲသလို ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်မလာဘူးလို့ မပြောနိုင်တာ မှန်ပေမယ့် မဖြစ်ဖို့က ရာခိုင်နှုန်း ပိုများပါတယ် သမီး ။ မစွန့်စားပါနဲ့ ။

အထူးသဖြင့် အချစ်အတွက် သောက်တဲ့ ၊ အချစ်အတွက် ဖြတ်တဲ့ သူတွေကိုယုံကြည်စိတ်ချလို့ မနေပါနဲ့ ။

သမီးငယ် ယမကာလုလင် တစ်ဦးဦးကြောင့် ဘဝမှာ စိတ်သောက ရောက်နေရမယ့် အဖြစ်က ကင်းဝေးနိုင်ပါစေ ။

◾ လင်္ကာရည်ကျော်

📖  သမီးသို့
       

Wednesday, January 6, 2021

အရေးတော်ပုံ ရင်ခုန်သူများ ( အပိုင်း -၂ )


 

❝ အရေးတော်ပုံ ရင်ခုန်သူများ ❞ ( အပိုင်း -၂ )

လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် ရှစ်လေးလုံး အရေးတော်ပုံကြီး အတွင်းတုန်းက ဖြစ်ပါတယ် ။

၁၉၈၈ မတ်လ ဖုန်းမော်အရေးအခင်း ၊ တံတားနီ အရေးအခင်း ဇွန်လ မြေနီကုန်း အရေးအခင်းတွေ ကနေစပြီး ကျောင်းသားတွေ ဦးဆောင်တဲ့ မဆလ တပါတီအာဏာရှင်စနစ် ဖြုတ်ချရေး ၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ရရှိရေး လူထု အုံကြွမှုကြီးပေါ်ပေါက်ခဲ့တယ် ။

လမ်းပေါ်ထွက် ဆန္ဒပြနေကြတဲ့ ရဟန်းရှင်လူကျောင်းသားပြည်သူတွေကို မဆလ စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ် နှိမ်နှင်းနေတဲ့ကြားကပဲ ခွပ်ဒေါင်းအလံတွေ တလူလူ ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေ တဝေဝေနဲ့ ကျောင်းသားထုနဲ့ လူထုကြီးဟာ ဒီမိုကရေစီ တိုက်ပွဲကို ရဲရဲရင့်ရင့် ရှေ့ဆက် ချီတက်ခဲ့ကြတယ် ။

၁၉၈၈ ခု ၊ ဩဂုတ်လ ၈ ရက် ၊ ( ၈ ) ရက် ( ၈ ) လ ( ၈၈ ) မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီး ဆင်နွှဲဖို့ကျောင်းသားတပ်ဦးက တတိုင်းတပြည်လုံးကို အသိပေး ကြေညာထားတဲ့ အချိန် ၊ အဲဒီတုန်းက တနိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် နိုးကြားတက်ကြွနေတဲ့ အချိန်ပေါ့ ။

ဒီလိုနဲ့ ချိန်းဆိုထားတဲ့နေ့ ကျောင်းသားတွေ ပြည်သူတွေ ရင်ခုန် စောင့်စားနေတဲ့နေ့ ( ၈ ) ရက် ( ၈ ) လ ( ၈၈ ) နေ့ ရောက်လို့လာခဲ့ပါပြီ ၊ ရန်ကုန်မြို့ကြီးကတော့ မိုးမလင်းခင်ကတည်း နိုးထနေခဲ့ပါပြီ။ အဲဒီမနက်က စုရပ်လုပ်ထားတဲ့ ရန်ကုန်ဆေးရုံကြီးရှေ့မှာ သပိတ်မှောက် အင်အားစုတွေ အစုံအညီ စုဝေးရောက်ရှိနေကြပါတယ် ။ ရန်ကုန်မြို့ တွင်းလှည့်လည် ဆန္ဒပြဖို့ ကျောင်းသားတွေက တပ်ဦးကနေ လမ်းကြောင်းဆွဲထားတာပါ ။

အားလုံး ညီညီညွတ်ညွတ်နဲ့ စည်းကမ်းတကျ ဆန္ဒပြဖို့ စတင်ချီတက်လိုက်ကြပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ ရွှေတိဂုံဘုရားလမ်း ၊ အနော်ရထာလမ်း ဆူလေဘုရားလမ်း ၊ မဟာဗန္ဓုလလမ်း စသည်ဖြင့် အဲဒီနေ့ကလမ်းကြောင်းရှည်ကြီး ချီတက် ဆန္ဒပြကြပါတယ် ။

သပိတ်မှောက် အင်အားစုအသီးသီးက လက်သီးလက် မောင်းတွေ ဆန့်တန်းပြီး ကြွေးကြော်သံတွေကို အားပါးတရ ဟစ်ကြွေး ချီတက်နေကြပါတယ် ။ လမ်းဘေးကရပ်ပြီး အားပေးနေတဲ့ ပရိသတ်ကြီးကလည်း လက်ခုပ်ဩဘာတွေ တီးနေကြပါတယ် ။ တချို့နေရာ လမ်းဆုံလမ်းခွတွေမှာ မဆလ စစ်သားတွေ မုဆိုးဒူးထောက် သေနတ်နဲ့ချိန်ပြီး လမ်းပိတ်ထားတာတွေ့ရင် တပ်ဦးက ချီတက်နေတဲ့ အလံကိုင်ကျောင်းသား တပ်ဖွဲ့က တခြားလွတ်တဲ့ လမ်းဘက်ကို ကွေ့ပြီး ရှေ့ဆက် ချီတက်နေတာပါ ။ ဒီလို ချီတက် ဆန္ဒပြနေတဲ့ အင်အားစုကြီးထဲမှာ ကျနော်တို့ စာပေနဲ့ အနုပညာရှင်များလည်း ကိုယ့်ဆိုင်းဘုတ်အောက် မှာ ကိုယ်လိုက်ပါချီတက်နေကြတာပါ ။ စာပေ ၊ ရုပ်ရှင် ၊ ဂီတ အနုပညာရှင်တွေဟာ " ဒီမိုကရေစီ ရရှိရေး - ဒို့အရေး ” ဆိုပြီး လက်သီးလက် မောင်းတန်း ဟစ်ကြွေးနေကြပါတယ် ။

အဲဒီအထဲမှာ စာပေသမားတွေထဲမှာ ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင်တို့ဟာ အများနဲ့ မတူဘဲ တမူထူးခြားနေတာကို ကျနော်တို့ သတိထားမိပါတယ် ။ ဒီဆရာကြီး နှစ်ပါးဟာ လမ်းတလျှောက်လုံး ဘာကြွေးကြော်သံမှ လိုက်ပြီး ကြွေးကြော်တာ မတွေ့ရဘူး ၊ လက်သီးလက် မောင်းတန်းဖို့ နေနေသာသာ သူတို့ရဲ့ ခေါင်းတွေကိုတောင် ငုံ့ပြီး နှစ်ယောက်သား ပခုံးချင်းဆိုင် စကား‌ေတွ တတွတ်တွတ် ပြောလာကြတာပါ ။

တယောက်နဲ့ တယောက်အပြန်အလှန် ပြောဆို ငြင်းခုံနေတဲ့ ဟန်လည်း မဟုတ်ပါဘူး ။ သေရေးရှင်ရေး အရေးကြီးနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကို ဒီဆရာကြီး နှစ်ယောက် မနားတမ်း ဝေဖန်သုံးသပ် ပြောဆိုနေပုံရပါတယ် ။

တနေရာရာမှာ မဆလ စစ်တပ်က မုဆိုးဒူးထောက် သေနတ်နဲ့ ချိန်ပြီး လမ်းပိတ်ထားလို့ ဆန္ဒပြစစ်ကြောင်း ခဏ ရပ်တန့်နေရရင်လည်း ဆရာမြသန်းတင့်နဲ့ ဆရာဦးဝင်းတင် ဒီဆရာကြီး နှစ်ယောက်ရဲ့ စကားဝိုင်းကတော့ ရပ်မနေပါဘူး ။

ကျနော်တို့ကတော့ ဆရာရင်း တပည့်ရင်းတွေ ဖြစ်တာမို့ နှစ်ယောက် ဘာတွေပြောတယ် ၊ ဘာတွေတိုင်ပင်နေတယ် ဆိုတာ အရိပ်အမြွက်လောက်တော့ ခန့်မှန်းနိုင်ကြပါတယ် ။

ချီတက်ရာလမ်းကြောင်း ရှည်ကြီးတလျှောက် လှုပ်ရှားအော်ဟစ်နေတဲ့ လူအုပ်ကြီးကြားမှာ ဆရာမြသန်းတင့် နဲ့ ဆရာဦးဝင်းတင် တို့ နှစ်ယောက်ဟာ ငြိမ်ငြိမ်သက်သက်နဲ့ပဲ ဆန္ဒပြပွဲပြီးဆုံးတဲ့အထိ သူတို့ရဲ့ တိုက်ပွဲအပေါ် သဘောထားတွေကို မရပ်မနား ဆွေးနွေးခဲ့ကြတာပါပဲ ။

နောက်ပိုင်းမှာ ဆရာမောင်သော်က ဆရာဦးဝင်းတင် ၊ ဆရာမောင်မိုးသူ ၊ ဆရာဦးဝင်းခက်တို့ ဦးဆောင်တဲ့ စာနယ်ဇင်း သမဂ္ဂ ပေါ်ထွက်လာပါတယ် ။ စာနယ်ဇင်း သမဂ္ဂရုံးခန်းနဲ့ ကျောင်းသား သမဂ္ဂက ထုတ်တဲ့ သတင်းစာ အယ်ဒီတာ ရုံးခန်းတို့က တနေရာတည်းမှာ ဖွင့်ထားတာပါ ။

ကျောင်းသားသမဂ္ဂ သတင်းစာ အယ်ဒီတာအဖွဲ့က အကူအညီတောင်းလို့ ကျနော် ၊ ဆရာမြသန်းတင့် ဆီကို စာမူသွားတောင်းခဲ့ပါတယ် ။ ဆရာမြသန်းတင့်က ကျောင်းသား သမဂ္ဂ သတင်းစာကို သူအားပေးပါတယ် ။ ထောက်ခံပါတယ်တဲ့ ။ ဒါပေမဲ့ သူ့စာမူကိုတော့ ကျောင်းသားသမဂ္ဂသတင်းစာမှာ မထည့်ပါနဲ့တဲ့ ။ သူတင်မက ဆရာဒဂုန်တာရာ တို့ ဘာတို့ ဆီကလည်း မတောင်းပါနဲ့တဲ့ ။

ဘာဖြစ်လို့လဲဆိုတော့ သူတို့ ဒဂုန်တာရာတို့ စာမူတွေပါလာရင် မဆလ စစ်အစိုးရက ကျောင်းသားတွေထဲကို
အနီတွေ ၊ လက်ဝဲတွေ ၊ ဗကပတွေ လွှမ်းမိုး ထိုးဖောက်နေပြီလို့ မတရား စွပ်စွဲလာလိမ့်မယ်တဲ့ ။ ဒါကြောင့် ဆရာမြဆီက စာမူ မရခဲ့ပါဘူး ။ ကျောင်းသားတွေကလည်း ဒီအချက်ကို နားလည် လက်ခံကြပါတယ် ။

ဆရာမြသန်းတင့်ဟာ သူ့အသက်ရှိသရွေ့ ကျနော်တို့ လူငယ်တွေ ၊ ပြည်သူတွေကို ရှေ့ဆောင်လမ်းပြခဲ့တဲ့ ပုဂ္ဂိုလ်ကြီးပါ ။ ဆရာ မကွယ်လွန်ခင် အရေးကြီးတဲ့ မှတ်ချက်တခုကိုစာပေလောက အဝန်းအဝိုင်းမှာ ဆရာ တရားဝင် ပြောခဲ့တာကို အားလုံးက မှတ်မိနေကြပါတယ် ။

အဲဒါကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ မှတ်ချက်ပါ ။ ဆရာမြသန်းတင့်က ရင်ဆိုင်ရတဲ့ ရန်သူရဲ့ အနေအထား ဖြတ်သန်းရတဲ့ ခေတ်ကာလ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင်တော့ သမီးလုပ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဖအေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းထက် ပိုပြီး တော်တယ်လို့ ကျနော် သတ်မှတ်ချင်ပါတယ် ဆိုတဲ့ စကားပါပဲ ။

အခုတော့ ဆရာ မြသန်းတင့် ကွယ်လွန်ခဲ့တာ ( ၁၁ ) နှစ် တိုင်ခဲ့ပါပြီ ။ ဆရာဟာ ကွယ်လွန်တဲ့အချိန်မှာ မဆလ စစ်အစိုးရ စာပေစိစစ်ရေးဌာနနဲ့ ဘလက်လစ် ( black list ) ထဲမှာ No 1 ရန်သူ နံပါတ်တစ် အဖြစ် သတ်မှတ်ခံထားခဲ့ရသူပါ ။

ဆရာဟာ နောက်ဆုံးထွက်သက် အထိ ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ အရေးတော်ပုံ ပေါ်ရင် ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွ ရဲရဲရင့်ရင့် ယုံကြည်ရင်ခုန်ခဲ့တဲ့ ပြည်သူ့ဘက်သား ၊ တိုင်းပြုပြည်ပြု စာရေးဆရာကြီး တယောက်ဆိုတာ သမိုင်းက သက်သေပြနေပါပြီ ။

ဆရာရဲ့ ရဲဘော်ကြီး ဆရာဦးဝင်းတင်ကတော့ အခုအချိန်အထိ အန်အယ်လ်ဒီ ( အဲန်အယ်လ်ဒီ ( NLD ) ) နဲ့ပြည်သူလူထုကို ရဲရဲရင့်ရင့် ဦးဆောင်နေဆဲပါပဲ ဆရာ ။

အားလုံးကို ဦးညွှတ် ဂုဏ်ပြုလိုက်ပါတယ် ။ ။

  ◾ အောင်ဝေး

      အောက်တိုဘာ ၁၈ ၊ ၂၀၀၉

  📖 အရေးတော်ပုံ ရင်ခုန်သူများ


Tuesday, January 5, 2021

စောလုံ စောင့်ပါခလှည့်


  ❝  စောလုံ စောင့်ပါခလှည့်  ❞

      ( နရသီဟပတေ့ )


ပုဂံရာဇဝင်မှာ ထင်ရှားခဲ့တဲ့ နရသီဟပတေ့မင်းရဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ ငယ်မည် မင်းခွေးချေး ခေါ်တဲ့ နရသီဟပတေ့ဟာ ပုဂံရာဇဝင်မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ ။ အမျက်စောင်မာန်ကြီးခြင်း ၊ စည်းစိမ်ယစ်မူးခြင်း ၊ အသိဉာဏ်နည်းခြင်း ၊ မဆင်မခြင် အဆောတလျင် ဆုံးဖြတ် အမိန့်ပေးခြင်းစတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည့်စုံသူလို့ ဆိုပါတယ် ။ သူ့လက်ထက် မှာ ထူးထူးခြားခြား ( လို့ဆိုရမယ့် ) ဖြစ်ရပ်တွေကလည်း အများသား ။ မိဖုရားကြီး ဖွားစောဟာ အမြဲတစေအနီးကပ် ထိန်းမတ်နေရတဲ့ ဘုရင်ပါတဲ့ ။


“ စောလံု ၊ စောင့်ပါခလှည့် ” ။ ဒီစကားဖြစ်ပေါ်လာပုံက ဒီလိုပါ ။

နွေလရာသီမှာ ရေဖျန်းကစားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်ကနေ မြစ်ဆိပ်အထိ အမိုးအကာအပြည့် တဲတန်းလျားရှည်ကြီးကို ထိုး ၊ မြစ်ဆိပ်မှာလည်း မင်းတဲဆောက်စေပြီး ရေကစားလေ့ ရှိပါတယ် ။ မောင်းမမိဿံ အစုံအလင်နဲ့ပါ ။ ဒီပွဲတစ်ပွဲမှာ မိဖုရားစောလုံကို “ မျက်စိ ၊မျက်နှာ ၊ ဦးဆံရွှမ်းရွှမ်းစွတ်အောင် ရေပက် " လို့ မောင်းမငယ်တစ်ဦး ထံ ကျိတ်မှာထားပါတယ် ။ စောလုံ ဆိုတာကနရသီဟပတေ့ အလွန် မြှောက်စား ချစ်ကြည်တဲ့ မိဖုရားငယ်တစ်ဦးပါ ။ အချစ်ကြီးသူမို့ ခပ်ကြမ်း

ကြမ်းကလေး ကျီစယ်တဲ့သဘောပါ ။ မောင်းမမိဿံတွေအလယ်မှာ စောလုံဟာ ရေမွန်းပြီး ဝူးဝါးပြိုလဲ အရှက်တကွဲဖြစ်ခဲ့ရပါတယ် ။ ဒါကို နရသီဟပတေ့က တဟားဟားနဲ့ ရယ်ပွဲဖွဲ့၊ ဘုရင်ရယ်တော့ အားလုံးက လည်း လိုက်ရယ်ကြပေါ့လေ ။


စောလုံဟာ ငယ်ရွယ်ချောမောသလောက် အလှဂုဏ်နဲ့ မာန်မာနကြီးရတဲ့အထဲ ရေသဘင်ပွဲမှာ အရှက်တကွဲဖြစ်ခဲ့ရတော့ မင်းကြီးအပေါ် အမျက်သို နှလုံးနာပြီး ပွဲတော်စာ ( ထမင်းအုပ် ) မှာ အဆိပ်ခပ်ပါရော ။ ဒီအမှု ပေါ် သွားတော့ မင်းကြီးက စောလုံကို စစ်မေးပါတယ် ။ စောလုံက “ ဟယ် ... ပန်းပွတ်သည်မြေး ၊ နင့်ကို ငါ လုပ်ကျွေးမွေးမြူ၍ ငါ့ကိုနင် သူကောင်းပြုလျှင် ဤသို့သောကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်းငယ်ကို နှုတ်ထည့်၍ အဝတ်အစား ဦးဆံစွတ်အောင် နင်လုပ်သောကြောင့် နင့်ကိုငါ နှလုံးထောင့်၍ ကြံသည် ” လို့ ပြန်ပြောပါတယ် ။


“ ပန်းပွတ်သည်မြေး " ဆိုတဲ့ စကားလုံးဟာ နရသီဟပတေ့ရဲ့ မျိုးရိုးဇာစ်မြစ်ကို လှန်ပြီး ငယ်ကျိုးငယ်နာ ဖော်လိုက်တဲ့စကားပါ ။ ဒီစကားလုံးကို ဘုရင်မခံနိုင်ပါဘူး ။ ဒါ့အပြင် အဆိပ်ခပ် လုပ်ကြံတယ်ဆိုတာကလည်း အဆုံးစွန်သော ရာဇဝတ်ပြစ်မှုဆိုတော့ ... 


ပန်းပဲသမားတွေခေါ် သံကျပ်စင်လုပ်ခိုင်းပြီး “ ဖိုထိုးကျပ်တင်  သတ်စေ အမိန့်ချပါတယ် ။ မိဖုရားစောလုံဟာ ခုနစ်ရက်လုံးလုံး အဓိဋ္ဌာန်ဝင် ၊ သီတင်းသီလ စောင့်ပြီးမှ သံကျပ်စင်တက်တယ်လို့ ဆိုပါတယ် ။ သီလဂုဏ်ကြောင့် မီးသုံးကြိမ်သေပြီးမှ ငါသည် ခဏချင်း ကျွမ်း၍ ပျောက်စေသားလို့ ဓိဌာန်ပြီး အနိစ္စရောက်သွားပါတယ် ။


နရသီဟပတေ့မင်းဟာ စောလုံကိုသတ်ပြီးနောက် စက်တော်ခေါ်ချိန်ရောက်ရင် ယောင်ယမ်းတမ်းတ ခေါ်မိပါတယ်တဲ့ ။ အခါတိုင်း သူအိပ်ရာအဝင်မှာ ထွေးပွေ့ချော့သိပ် ခစားရသူဟာ စောလုံဖြစ်ခဲ့တာကလား ။ ဒီတော့ မင်းကြီးဟာ အိပ်ရာဝင်တာနဲ့ မြည်တမ်းပါတော့တယ် ။ “ စောလုံ ...စောင့်ပါခလှည့် ၊ စောလုံ...စောင့်ပါခလှည့် ” တဲ့ ။


စောလုံကို စီရင်ပြီးပါပကောလို့ မိဖုရားစော သတိပေးတော့မှ ငါမှားပြီရယ်လို့ နှလုံးကြေကွဲအိပ်မပျော်နိုင်ဖြစ်ရပါတယ် ။ မဟာထေရ်ဆရာတော် တရားနဲ့ဆုံးမမှ အတန်အသင့် ဝေဒနာပြေပြီး “ နောင် ငါမျက်ကဲ့သော် လခွဲဆယ်ရက်ထားပြီးမှ အချင်းခပ်သိမ်းကို မေးမြန်းစိစစ်ဦး ၊ ပြီးမှ စီရင်သင့်သူ စီရင် ၊ လွှတ်သင့်သူ လွှတ်စေ ” လို့ မိန့်မှာပါသတဲ့ ။


******  ********  *******


ချစ်ခင်လေးစားအပ်သော မိတ်ဆွေ ... ။ ကျွန်တော်တို့မှာ ကိလေသာ အကြမ်းစားတွေ အခံရှိနေလေတော့ တစ်စုံတစ်ခု မိမိကို ထိခိုက်လာတယ်လို့ ထင်မြင်ယူဆလိုက်တဲ့အခါ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ထွက်ပေါ်လာတတ်ကြပါတယ် ။ အဲဒီပေါက်ကွဲမှုရဲ့ဖြစ်စဉ်နောက်ခံအကြောင်းရင်းတွေထဲမှာ တရားခံဟာ “ သူ " ပဲဖြစ်နေတတ်ပြီး “ မိမိ " ရဲ့အပြစ်မရှိဘူးလို့လည်း  ယူဆတတ်ကြပါတယ် ။ သူ့ကြောင့် ၊ ဒင်းကြောင့် ... ငါကဲ့သို့သော သူကိုများ စသည်ဖြင့် အတ္တမာန်မာန ၊ ဒေါသမီးအဆိပ် တောက်လောင်ပျံ့နှံ့လာတဲ့

အခါမျိုးမှာ မပြောသင့်တာ ပြောမိ ၊ မလုပ်သင့်တာ လုပ်မိနဲ့ ။


နရသီဟပတေ့ကတော့ “ စောလုံ ၊ စောင့်ပါခလှည့် ” လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက မြည်တမ်းရေရွတ်ခဲ့ဖူးပြီ ။


   ◾  ချစ်ဦးညို


   📖  သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားများ

     

Sunday, January 3, 2021

အပျိုလို မနေမိလို့ ငိုမိတယ်လေး ( ရန်အောင် )


 ❝ အပျိုလို မနေမိလို့ ငိုမိတယ်လေး ❞


မိန်းကလေးများအတွက် “ အပျိုစင် ” ၊ “ အပျိုစစ် ” ဘဝဟူသည် အမြင့်မြတ်ဆုံး ၊ အဖိုးတန်ဆုံး ၊ အထွတ်မြတ်ဆုံး ၊ ရတနာအစစ်ဆုံး “ အမြုတေ ” ပင်ဖြစ်၏ ။


အိမ်ထောင်မပြုရသေးသော ကျွန်ုပ်တို့၏ သမီးများ ၊ နှမများ ၊ တူမများသည် အိမ်ထောင်မပြုရသေးမီ ( ဝါ ) လက် မထပ်ရသေးမီ “ အပျိုစင် ” ဘဝလျှောကျပျက်သုဉ်းခြင်း မရှိအောင် ကြီးစွာသော သတိကို ဆောင်ရပေမည် ။


ဤ “ အပျိုစင် ” ဘဝကို မည်သည့်တိုင်းပြည် ၊ မည်သည့်လူမျိုးမဆို အဖိုးမဖြတ်နိုင်အောင် အထွတ်အမြတ်အဖြစ် အသိအမှတ် ပြုကြ၏ ။


အထက်တွင်ဖော်ပြခဲ့သည့် အပျိုကြီးအမည်ခံ မိန်းကလေးကဲ့သို့ “ သမီးရည်းစားလည်း မက ” ဟူသော အဖြစ်မျိုး ၊ ဖုံးမနိုင် ဖိမရသောကိစ္စမျိုး ဖြစ်ပွားခြင်းကို မဆိုထားဘိ ။


   ယောက်ျားကလေးများနှင့် ဒွေးရောယှက်တင်နေခြင်း ။

   ယောက်ျားကလေးများနှင့် ခင်မင်ပွန်းတည်းလွန်းခြင်း ။

   ယောက်ျားကလေးများနှင့် အတူသွားလာနေထိုင်ခြင်း ။

   ယောက်ျားကလေးတစ်ဦးဦးနှင့် ရည်းစားထားခြင်း ။


စသည်များကိုပင် ကြီးစွာသော သတိဖြင့် ရှောင်ကြဉ်အပ်လှပေသည် ။


ဤတွင် မေးဖွယ်ရှိပါ၏ ။


“ ရည်းစားမထားရရင် လင်သားလဲ မယူရတော့ဘူးပေါ့ ။ ဒီလိုဆိုရင် မိန်းကလေးတွေအားလုံး အပျိုကြီး ချည့်လုပ်နေရတော့မလား ”


ဤအမေးအတွက် လုံလောက်သောအဖြေရှိပါ၏ ။


သီလရှင် မလုပ်နိုင်သော မိန်းကလေး ၊ ဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ကာ အပျိုကြီး မလုပ်နိုင်သောမိန်းကလေးများအရွယ်ရောက်လာလျှင် သင့်သူ တော်သူ ကောင်းမြတ်သူနှင့် အိမ်ထောင်ပြုကြရပေမည် ။


သို့သော် အလှူရှင်မှန်းသိအောင် အလှူ မကျင်းပသေးမီ မဏ္ဍပ်တိုင်မတက်ချင်ပါနှင့် ။


ဆိုလိုရင်းကား “ ရည်းစား ” ဟူသည် မိမိနှင့် လက်ထပ်လျှင် သင့်လျော်မည်ထင်၍ လျာထား မှန်းဆထားသူဖြစ်၏ ။ သို့ လျာထား မှန်းဆခြင်းကို ကာယကံရှင်နှစ်ဦး ၊ သို့မဟုတ် ကာယကံရှင်တို့၏ မိဘဆွေမျိုး ရင်းနှီးသူများ သိလျှင် တော်ပေပြီ ။


“ မ ၊ မည်သူနှင့် မောင် ဘယ်ဝါ သမီးရည်းစား ဖြစ်နေပြီကွ ” ဟု လှည်းနေ ၊ လှေအောင်း ၊ မြင်းဇောင်းမကျန် သိဖို့ အရေးမဟုတ်ချေ ။ ( ဝါ ) တောအရပ်များတွင် အလှူလုပ်ခါနီး “ ဗျိုး ” ဟစ်သလိုဟစ်၍ ပြုရသော ကိစ္စမျိုး မဟုတ်ချေ ။


အကြောင်းမူကား “ ရည်းစား ” ဟူသည် မှန်းဆ ရာထားချက် မျှသာဖြစ်ရာ နေရာ ကျ ၊မကျ ၊ ကိစ္စ အောင်မြင်, မအောင်မြင်ကို အဘယ်မှာလျှင် သိနိုင်ပါအံ့နည်း ။


အထက်တွင်ဖော်ပြခဲ့သည့် ကျွန်ုပ်၏ မိုက် မှားချက်ကိုကြည့်လျှင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြုံကြိုက် သဘောနှစ်ခြိုက်သည်ဆိုခြင်းမှာ   သိကြားမင်းက နကင်းနှင့် ဆင်းကာ မယ်ဘဇာ မောင်ဘဇိတို့ လက်ထပ်တော်မူပါဘိဟု ဗျာဒိတ်ပေးခြင်းလည်းမဟုတ် ၊ သတ္တဘာဂ ဖူးစာရေးနတ်မင်းက စုတ်ချက်ကြီး ခပ်ပြင်းပြင်းနှင့် မောင်မင်းနှင့် မယ်မိ အိမ်ထောင်ဘက်ပြုလေဘိဟု ကတိဝန်ခံချက် ပေးခြင်းလည်း မဟုတ် ။


ကျားနှင့် မ တို့ သွားရင်းလာရင်းကူးသန်းရင်းဖြင့် အလျဉ်းသင့်၍ တွေ့ဆုံကာ စိတ်ထဲမှာ ကြံစည်ကြခြင်းသာလျှင်ဖြစ်ရာ ၊ ရည်းစားဟူ၍ ထားကြသူတိုင်းအကြောင်းပါကြ ၊ လက်ထပ်ရမည်ဟု ဒိဌမပြောနိုင်ချေ ။


အကယ်၍လူသိရှင်ကြားသမီးရည်းစား ဖြစ်နေကြပြီဟု ဟိုးလေးတကျော် ဖြစ်နေပြီးမှ အကြောင်းမသင့် ၊ အခွင့်မသာ၍ မညားရပါလျှင် ယောက်ျားမှာ မထောင်းသာ ၊ မိန်းကလေးမှာသာ နာမည်ပျက်တတ်၏ ။


အထက်တွင်ဖော်ပြခဲ့သည့် “ အပျိုကြီးအမည်ခံ” မိန်းကလေး၏အဖြစ်မျိုး မဟုတ်သည့်တိုင်အောင် ၊ ရည်စားပျက် , ရည်းစားကွဲ , ရည်းစားနှင့် လွဲရသူများမှာလည်းတစ်နည်းအားဖြင့် ဂုဏ်သိက္ခာပျက်ခြင်းပင် ဖြစ်ပေသည် ။


ထို့ ကြောင့် ရည်စားထားလျှင် လူမသိအောင် ထားရ၏ ။ “ သမီးရည်းစားလည်း မက ” ဆိုသောအဖြစ်မျိုးသို့ ဘယ်အခါမျှမရောက်အောင် ကြီးစွာသော သတိကို ဆောင်ရပေလိမ့်မည် ။


အကြောင်းမူကား ယောက်ျားဟူသည် ကလေးနှင့်အင်မတန်တူသော သတ္တဝါများဖြစ်၏ ။ ကလေးသည် ကစားစရာတစ်ခုကို မရလေ လိုချင်လေဖြစ်၏ ။ ထိုကစားစရာကို တကယ်ရ တကယ်ပိုင်လျှင် အခြားကစားစရာအသစ်ကို ပူဆာတတ်ပြန်၏ ။


ထိုနည်းတူပင် ယောက်ျားများမှာလည်း မိန်းကလေးတစ်ယောက်ကို တကယ်ပိုင်ဆိုင် စိုးမိုးပြီဟူသော အခြေအနေမျိုးသို့ ရောက်လျှင် စိတ်တစ်မျိုး ဖောက်လွဲဖောက်ပြန်လုပ်တတ်၏ ။


ဤတွင် လူသိရှင်ကြား လက်ထပ်ပြီးသော လင်မယားထက် သမီးရည်းစားဘဝမှာ ပို၍ စိုးရိမ်ရလေသည် ။ အကြောင်းမူကား လူသိရှင်ကြား လက်ထပ်ပြီးသောအခါတွင်ကား “ ဒါ ကျွန်မလင် ” ဟု ထင်ထင်ရှားရှား ပြောနိုင်၏ ။ တရားဥပဒေအရလည်း ပိုင်ဆိုင်၏ ။ သမီးရည်းစားဘဝတွင်ကား ဤသို့ ပိုင်ပိုင်နိုင်နိုင် ပြောပိုင်ခွင့်မရှိရကား စည်းမဲ့သော ယောက်ျားများ၏ လှည့်ဖြားသွေဖီခြင်းကို ခံရတတ်လေသည် ။


၄င်းအပြင် သမီးရည်စားလည်းမဟုတ် ။ ရည်မှန်းထားသူလည်း မဟုတ်ပါဘဲလျက် အများသူငါတို့ ၏မျက်စိတွင် အမြင်မတော်အောင် ရောနှောယှက်တင် နွှဲယှဉ်သွားလာခြင်း မပြုအပ်ပေ ။


သို့ ဘယ်လိုမျှမဟုတ်သူနှင့် အတူယှဉ်တွဲသွားလာမှုကြောင့် ဤယောကျာ်းနှင့် ဤမိန်းမ ရိုးမှရိုးပါလေစဟု ထင်မြင်ခြင်းခံရလျှင် နစ်နာလျက် တန်ဖိုးယုတ်ကာ လူကောင်း သူကောင်းတို့ ရှောင်ကြဉ်ခြင်း ခံရတတ်လေသည် ။


ကျွန်ုပ်၏ အစ်ကိုတော်သူတစ်ဦးက ဤသို့ ပြောဆိုဖူး၏ ။


“ မောင်ရန်ရာ ... ငါလေ အခုပေါင်းနေတဲ့ ငါ့မယားနဲ့ အကြောင်းပါကြသကွ ၊ ငါ့မယားမှာ တစ်ခါမှ ရည်းစားမထားဘူး ၊ အထီးဆို ယင်ဖိုတောင် မသန်းဖူးတဲ့ အပျိုစင်ကလေးလို့ ထင်နေမိသကိုးကွ ၊ အဲ... ငါနဲ့ သူနဲ့လက်ထပ်ပြီးတော့မှ အရင်က ရည်းစားတစ်ယောက်ရှိခဲ့ဖူးတယ် ဆိုတာ ကြားရတော့ ငါဖြင့်လေ ယူကျုံးမရဖြစ်ပြီး ငိုလိုက်ရတာကွာ မပြောပါနဲ့တော့ ”


ယောကျာ်းဟူသည် ဤလိုသတ္တဝါမျိုးသာ ဖြစ်လေသည် ။ သူရို့ ကား အိမ်ထောင်မကျခင်က ဖြစ်ချင်သလိုဖြစ် ၊ နစ်ချင်သလိုနစ်ခဲ့တတ်ကြသော်လည်း သူတို့ လက်ထပ်ယူသည့် မိန်းကလေးမှာ အလျင်က ရည်းစားရှိခဲ့ဖူးသည်ဆိုခြင်းကိုပင် မကြားဝံ့မခံသာ ရှိတတ်ကြလေသည် ။


အရင်က ရည်းစားရှိဖူးရင် .. အရင်က ဟိုယောကျာ်း ၊ ဒီယောကျာ်းနဲ့ တွဲပြီး သွားလာဖူးရင် သူတို့ချင်း လွတ်လွတ်ကင်းကင်းမှ ရှိပါလေစ ။


လင်သည် ယောက်ျားတို့သည် မိမိတို့ ၏ဇနီးအား ဤနည်း တွေးတောကာ သင်္ကာယနမကင်း ဖြစ်တတ်၏ ။


ထို့ကြောင့် မိန်းကလေးဟူသည် မြူမျှမတင် သန့်ရှင်းစင်လျက် “ အပျိုစင် အပျိုစစ် ” ဘဝကို အရအမိ ကြိုးကုတ် အားထုတ်သင့်ကြပေသည်တကား ။


◾  ရန်အောင်


📖  အိမ်ထောင်ရေး အဘိဓမ္မာ

      

Saturday, January 2, 2021

ထိုင်ဘုဉ်း လည်ဘုဉ်း


 

❝ ထိုင်ဘုဉ်း လည်ဘုဉ်း ❞

သာသနာတော်မှာ ဘုဉ်းကြီးတယ် ဘုဥ်းကြီးတယ်ဆိုတဲ့ ၊ ကံကောင်းတယ်ဆိုတဲ့အသုံးအနှုန်းဟာ ပုဂ္ဂိုလ်တိုင်းနှင့် ဆက်နွယ်နေသော စကားအသုံးအနှုန်း ဆိုရိုးပြောရိုး ဖြစ်နေပေသည် ။

ပုဂ္ဂိုလ်တစ်ယောက်ကံကောင်းတယ် စီးပွားရေးကြီးပွားရေးအဆင်ပြေ ချောမောနေပြီဆိုလျှင် ကံကောင်းသည်ဘုန်းကြီးသည်ဟု ဆိုကြသည် ။ ဘုန်းကံကောင်းသည်ဟု ဆိုရပေမည် ။

အချို့လူများသည် စီးပွားရှာသည့်နေရာမှာ လှုပ်ခါလှည့်ခါဖြင့် အရာရာ အဆင်ပြေနေတတ်ပါသည် ။ ထိုအရာမျိုးကိုသက်သက်သာသာနှင့် အလိုအလျှောက် စိတ်သွားတိုင်းကိုယ်ပါလိုရာကိုပြီးမြောက်စေတဲ့ ဟိုဘ၀ ဒီဘဝက ထူထောင်ခဲ့သည့် ကုသိုလ်ကံများကြောင့် ဖြစ်နိုင်ပါသည် ။

( ဥပမာ ) စာမေးပွဲဖြေရာမှာအမှတ်များများရလို့လျှင် ပန်းပွင့်များများ လှူရသည်ဟု ဆိုရိုးစကား ရှိတာလို ထိုအနီးကပ်လှူသော ကံကအကျိုးပေးခြင်း ဖြစ်ပါသည် ။

အိမ်တစ်အိမ်မှာ လယ်ယာလုပ်ငန်း ၊ ကုန်ကူးကုန်ရောင်းလုပ်ငန်း မှာ အိမ်ထောင် ဦးစီးခေါ် အိမ်မှာ ဦးစီးလုပ်ကိုင်သူသည် သီလနှင့် ပြည့်စုံပြီး ကုသိုလ်များနှင့် ပြည့်စုံနေပါက သူကိုယ်တိုင် မလုပ်ကိုင်သော်လည်း သူလုပ်ကိုင်သည့် လုပ်ငန်းများ အလိုအလျှောက် အဆင်ပြေနေတတ် ပါသည် ။

နမူနာအားဖြင့် - လယ်ယာလုပ်ကိုင်သူချင်း တူပေမဲ့ ကန်သင်းချင်းဆက်စပ်ပြီး လုပ်တာခြင်းတူပေမဲ့ သီလရှိသူနှင့် ကုသိုလ်ကံ တစ်ခုခု တည်ထောင်ထားမည့်သူ လယ်က ပိုပြီး ကောင်းနေတတ်ပါသည် ။

ကုန်ကူးကုန်ဝယ်လုပ်သူချင်းလည်း ဟိုဘက်ဆိုင် နှင့် ဒီဘက်ဆိုင် အတူတူရောင်းဝယ်ကြရာမှာကုသိုလ်ကံ ထူထောင်မိသူ ၊ သီလနှင့် ပြည့်စုံ သူကရောင်းအားဝယ်အား ပိုကောင်းကြောင်း လက်ငင်းဒိဋ္ဌတွေ့မြင်ကြရမှာ ဖြစ်ကြောင်း ။

တစ်နည်းအားဖြင့် ရွာတစ်ရွာ အိမ်တစ်အိမ် မိသားစုတစ်စုမှာ ကံကောင်းသူတစ်ဦး ( ချမ်းသာမည့် ကံဇာတာပါသူတစ်ဦး ) ပါဝင်နေပြီ ဆိုလျှင် ထိုကံထူးသူတစ်ဦးကြောင့်ပင် အများမှာချမ်းသာနေကြသည် ။

ထို့အတူပင် ကံဆိုးသူ ( ကံမကောင်းတဲ့သူ ) တစ်ဦးတစ်ယောက် ပါလားပြီဆိုလျှင်လည်း ထိုသူနှင့်သက်ဆိုင်ရာနယ်တစ်ဝိုက် မှာ မိသားတစ်စု မှာ နည်းအမျိုးမျိုးနှင့် ဆင်းရဲတွင်းနက်နေတတ်ကြပါသည် ။

ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ ကောင်းကံ မကောင်းကံကို အများစုက ဝိုင်းလိုက်လို့ မမှီနိုင်ပါ ။

ထို့ကြောင့် သာသနာမှာ “ ထိုင်ဘုဉ်း လည်ဘုဉ်း ” နှစ်မျိုးနှစ်စား ရှိပါသည် ။ ထိုင်ဘုဉ်းဆိုတာ ထိုင်ရင်းက ဘယ်မှ မသွားဘဲ ဘုဥ်းကြီးသော ပုဂ္ဂိုလ် ဖြစ်သည် ။ လည်ဘုဉ်းဆိုသည်မှာ ဟိုဟိုဒီဒီ ပြေးလွှားပြီးမြင်းကြီးများလိုသွားလာနေရမှဘုဥ်းကြီးသူဖြစ်ပါသည် ။

ထိုသည်ကို ဆရာတော်မှ ထိုင်ပြီးကြီးတဲ့ ဘုဉ်းနဲ့ လည်ပြီးမှကြီးတဲ့ ဘုဉ်းနှစ်မျိုးရှိကြောင်း " ထိုင်ဘုဉ်း လည်ဘုဉ်း ထိုနှစ် ဘုဉ်းဘယ်ဘုဉ်းသာ၍ ကြီးသနည်း ”ဟု မိန့်တော်မူခဲ့ပါသည် ။

◾ ဂန္ဓာရုံဆရာတော်ကြီး၏ လျှပ်တပြက် မိန့်ကြားတော်မူချက် များ

koaungnaingoo.blogspot.com

.

Friday, January 1, 2021

အသိ နှင့် အကျွမ်း


 ❝  အသိ နှင့် အကျွမ်း  ❞

နေရှိန် တောက်ပလျက် အလွန်ပူပြင်းသော အချိန်တွင် တောရိပ်တောင်ရိပ် သစ်ပင်ရိပ်တို့ကို ခိုလှံုရသကဲ့သို့၎င်း ၊ မုန်တိုင်းကျဆင်း လှိုင်းကြီးလေကြီး အလွန်ပြင်းထန်သည့်အခါတွင် လှေသင်္ဘော စသည်တို့သည် ဆိပ်ကမ်းကို ဝင်ရောက်ခိုလှုံရသကဲ့သို၎င်း ဤလောက ဤဘဝ၌ ဖြစ်လာကြသော လူအပေါင်းတို့မှာလည်း အရိပ်ဆာယာနှင့် တူသော ဆွေရိပ် မျိုးရိပ် မိတ်ဆွေရိပ် အကြီးအကဲရိပ်တို့ကိုအစဉ်မပြတ် ခိုလှုံလျက် သွားကြရလေသည် ။ 

ဤကဲ့သို့သော အရိပ်အမျိုးမျိုးတို့တွင် မိတ်ဆွေတို့၏ အရိပ်ကား အထူးဖြစ်သည်ဟုဆိုက မှားနိုင်မည်မဟုတ်ချေ ။ ဆွေရိပ် မျိုးရိပ်ဟူသည်မှာ မိမိတို့ သွားလေရာရာ နိစ္စဘတ်အားဖြင့် ခိုလုံရန် ရရှိနိုင်သော အရာမဟုတ် ။ နေရာတိုင်း၌ အစဉ်မပြတ် ဆွေမျိုးညာတိ ရှိနိုင်သည် မဟုတ်သောကြောင့်ကျဉ်းမြောင်း ရှားပါးသော အရိပ်ဖြစ်ပေသည် ။အကြီးအကဲ ဟူသည်မှာလည်း ထိုအနည်းအတိုင်းလိုလိုပင် ဖြစ်‌ေချသည် ။ မိတ်ဆွေတို့၏ အရိပ်မှာကား သစ်ပင်ရိပ်သဖွယ် သွားလေရာရာ အရပ်တို့၌ အစဉ်မပြတ် တွေ့နိုင်သော အရိပ်မျိုးဖြစ်ပေသည် ။

သို့သော် မိတ်ဆွေဟူသည်မှာလည်း တမျိုး တစားတည်း ရှိသည်မဟုတ် ။အသိမိတ်ဆွေ အကျွမ်းမိတ်ဆွေ ဟူ၍ အမျိုးမျိုး အစားစား ရှိပေသည် ။ မိတ်ဆွေအဖြစ်သို့ ရောက်သည် မှန်သော်လည်း သိရုံသာ သိလျက် လမ်းတွင် တွေ့၍ နှုတ်ဆက်ဖေါ်  ‌ေမးထူး‌ေပြာခေါ် မိတ်ဆွေ ဖြစ်ရုံ နှင့် အရေးအရာ ကြုံ‌ေတွ့ပါက ခိုကိုးလောက်သော အရိပ် အဖြစ်သို့ ရောက်ခြင်းမရှိချေ ။ တယောက်နှင့် တယောက် သိရုံမျှသာမဟုတ် အလွန် အကျွမ်းတဝင် ဖြစ်လျက် တဦးအရေးသည် တဦးအရေး ။ တဦးအကျိုးကို တဦးက လိုလားလျက် " ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ " ဟူသကဲ့သို့ တဦးလဲလျှင် တဦးက ကူညီထောက်ပံ့ ထူမကြသောအခြေကို ရောက် မှသာလျှင် အရိပ်ကို ခိုလောက်သော မိတ်ဆွေကြီးများ ဖြစ်လာကြလေသည် ။

တခါတရံ တဦးနှင့်တဦး မိတ်ဆွေကြီးများဖြစ်ပြီဟု မှတ်ယူလျက် နေမိကြရာ အရေးအကြောင်း တစုံတခု ပေါ်ပေါက်လာသောအခါ အကူအညီမရ ဖြစ်တတ်ကြလေသည် ။ ၎င်းမှာ အခြားကြောင့်မဟုတ် မိမိတို့က ကျွမ်းပြီဟု ထင်သော်လည်း မကျွမ်း ၊ အသိမိတ်ဆွေမျှ ဖြစ်မှန်းမသိ ဖြစ်၍နေ‌ေသာကြောင့်ဖြစ်လေသည် ။ ထို့ကြောင့် မိတ်ဆွေများအား အသိမျှသာ မဟုတ် ၊အကျွမ်းဖြစ်အောင်ပေါင်းသင်းမိရန်ကို သတိပြုအပ်သည် ။


◾ ဇေယျ

     ၃၀-၁၁-၁၉၃၂


Tuesday, December 29, 2020

ချစ်ရသည်က အသက်ထက်ဆုံး


 စန္ဒရား တင်ကိုကို ( Pianist Tin Ko Ko ) တီးခတ်ထားတဲ့

ချစ်ရသည်ကအသက်ထက်ဆုံး သီချင်း မှာ ဖြည့်စွက် သီဆိုထားတာပါ ။

     နောက်တက်လာတဲ့ စန္ဒရားဆရာထဲမှာ လက်သံ လက်ကွက် ကောင်းပါတယ် ။ နှလံုးသားနဲ့ တီးခတ်သူရယ်လို့ ထင်မှတ်ပါတယ် ။


°°°°°°°  °°°°°°  °°°°°°  °°°


  ❝ ချစ်ရသည်က အသက်ထက်ဆုံး ❞


တေးရေး     ကိုသန်းလှိုင်


     ကြင်နာရသည် က ဘ၀ တစ်လျှောက်လုံး ချစ်ရသည်က အသက်ထက်ဆုံး ချမ်းမြမြ စမ်းလနှယ်တစ်နှုန်း ချစ်သူမျက်နှာ ရွှင်ကြည် တစ်ပြုံးပြုံး မြင်ပါရ အေးမြမြ ဘဝင်မှာ သာကြည်ရွှင်မဆုံး ဒါလီကြော့ဆုံး သည်းအူနှလုံး ခွဲယူခြွေသုံး ပြုံးမော့မော့ သာသာထွေးထွေး ဖေးဖေးမမ ယုယဘယ်မဆုံး မဟာကပ်ကမ္ဘာ စကြာဝဠာ တစ်ခုလုံး ချစ်ရသည်က အသက်ထက်ဆုံး


     ပျူပျူငှာငှာ မေတ္တာရည်ညွှန်း အသင်္ချာချစ်ခွန်း ညွန်းကာဆိုရသေးသက်ညှာ ငယ်ချစ်ထွေး ပျံ့ပျူးဆာယာ အေးရိပ်သာ မကွာမှီအုံး ရာသက်လုံး ( ပန်းဦးနွယ်ညှာ မေတ္တာသီကုံး ကျမ်းစူးရွယ်ကာ သစ္စာချည်ထုံး ) ချမ်းပူအတူမခွဲ လက်တွဲယှဉ်ကာ ကြင်နာမိုးမဆုံး ကြင်နာမိုးမဆုံး မပြယ်လေသည့် သည်နှောင်ထုံး ဖုန်းမျက်ဖြေ လှနွယ် ဂမုန်း ချစ်ရသည်က အသက်ထက်ဆုံး


သူတို့အကြောင်းလည်း သိသင့်တာပဲ


 

❝ သူတို့အကြောင်းလည်း သိသင့်တာပဲ ❞

ယောက်ျားလေး‌ေတွအကြောင်းပြောရင် ချန်ထားလို့ မရတာကတော့ မိန်းမစိတ် ပေါက်နေတဲ့ ယောက်ျားတွေအကြောင်းပဲ ။မိန်းကလေးတွေဟာ မိန်းမစိတ်ပေါက်နေတဲ့ယောက်ျားလေးများနဲ့ အလွန်ရင်းနှီးလွယ်ကြတယ် ။ ခင်မင်လွယ်ကြတယ် ။ ခပ်နွဲ့နွဲ့ သွား ၊ ခပ်ချွဲချွဲ ပြောနေပေမယ့် သူတို့ဟာ ယောက်ျားတွေပဲဆိုတာ မေ့မထားသင့်ပါဘူး ။ သိနေပါလျက်နဲ့ မေ့ထားမယ်ဆိုရင် မဖြစ်သင့်တာတွေ ဖြစ်ကုန်နိုင်ပါတယ် ။

မိန်းကလေးအတော်များများဟာ မိန်းမစိတ်ပေါက်နေတဲ့ ဂေးတွေကို ယောက်ျားလေးတွေကို “ ယောက်ျား ” ရယ်လို့ သဘောမထားတဲ့အတွက် သူတို့ဟာ မိန်းကလေးများနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်စားလို့ရနေကြတာပါ ။ အများဆုံးလုပ်တာကတော့ ဆံပင်မိတ်ကပ် အလှပြင်လုပ်ငန်းပါပဲ ။

လေးလေး သတိထားမိသလောက်ကတော့ မိန်းမစိတ် ပေါက်နေတဲ့ ယောက်ျားလေးများဟာ မကြားဝံ့ မနာသာ စကားပြောဖို့ ဝန်မလေးကြပါဘူး ။ ဒီတော့ သူတို့နဲ့ရင်းနှီးခင်မင်နေတဲ့မိန်းကလေးများဟာ အကြားအာရုံအရ စိတ်လှုပ်ရှားမှုနဲ့ မရိုးသားမှုတွေ ဖြစ်ကြတာ သေချာတယ် ။

ဒီတော့

စိတ်ရဲ့ကြည်လင်မှုနဲ့ ရိုးသားမှုဟာ ထိပါးတိုက်စားခြင်းခံထားရတဲ့ ကမ်းနားသစ်ပင်လို ဖြစ်ကြရတယ် ။ အချိန်မရွေးပြိုလဲနိုင်တယ် ။

သူတို့ဟာ သူတို့ကိုယ်သူတို့ တကယ့်မိန်းကလေးတစ်ယောက် နေရာကနေပြီး ပြောဆိုတတ်ကြတယ် ။

“ ဘယ်သွားတာလဲ ”

“ ကိုကိုက ခေါ်လို့လေ ၊ ကိုကို့ကို သွားတွေ့တာ ၊ ပါးတွေကြည့်ပါလား ၊ သနပ်ခါးပျက်လာတာ မမြင်ဘူးလား ”

ဆိုတဲ့ စကားမျိုးနဲ့ နိဒါန်းပျိုးပြီး ဖိုမကိစ္စတွေကို ပြောလေ့ရှိကြတယ် ။ ဒါကြောင့် လေးလေးက မိန်းမစိတ်ပေါက်နေတဲ့ ယောက်ျားလေးတွေနဲ့ ရောရောနှောနှောနေရင် စိတ်ရဲ့ကြည်လင်မှုနဲ့ရိုးသားမှုဟာ ထိပါးတိုက်စားခြင်းခံထားရတဲ့ ကမ်းနားသစ်ပင်လို ဖြစ်တတ်တယ်လို့ပြောတာ ။

မိန်းမစိတ်ပေါက်နေတဲ့ယောက်ျားများဟာ ဘယ်လိုလုပ်ငန်းမျိုးပဲလုပ်လုပ်အပြောအဆို လေကတော့ တစ်လေတည်းပါပဲ ။

တစ်ချို့ကျတော့ မိန်းကလေးတွေက သူတို့ကိုတကယ့်မိန်းမလို ဆက်ဆံ ၊ သူစိမ်း ယောက်ျားတစ်ယောက်ဆိုတာကိုပါမေ့နေကြတဲ့အတွက် ပြဿနာပေါ်ရတာတွေလည်း ရှိတယ် ။ ဒီတော့ မိန်းမစိတ် ပေါက်နေတဲ့ ယောက်ျားများနဲ့ ပတ်သက်လို့သူတို့ဟာ ဘယ်လိုပဲ ဝတ်ဝတ် ၊ ဘယ်လိုပဲ ပြောပြော ၊ ဘယ်လိုပဲနေနေ ယောက်ျားဟာ ယောက်ျားပဲဆိုတဲ့ သတိနဲ့ ဆက်ဆံဖို့ သတိပေးချင်တယ် ။

◾ ကံချွန်

     အပျိုစင်တို့ သိဖို့ ယောက်ျားတို့အကြောင်း ( ၁ )
     

Thursday, December 24, 2020

နေညိုလျှင် မေပျိုနွမ်းတယ်


 

  ❝ နေညိုလျှင် မေပျိုနွမ်းတယ်  ❞

မင်းသမီးကြီး ခင်သန်းနုနှင့် ရုပ်ရှင်ဇာတ်ကား လေးငါးကားမျှသာ တွဲဖက် ရိုက်ကူးဖူးသော်လည်း ကျွန်တော်နှင့် မောင်နှမလို ခင်မင်ခဲ့ကြပါသည် ။ ကျွန်တော်ကား ပေါ့ပေါ့ ပါးပါး ပေါပေါလောလော ဆက်ဆံတတ်သောကြောင့် လားတော့မသိ ။ ကျွန်တော်နှင့် တွဲဖက်ဖူးသူ သရုပ်ဆောင်များ ကျွန်တော့်ကို ခင်မင်သွားတတ်သည်ချည်းသာ ။

စတွေ့စ ဇာတ်ကားများမှာတော့ကျွန်တော်၏ ပွင့်လင်းသော ၀သီကြောင့် ကျွန်တော့်ကို ခပ်ချဉ်ချဉ် ဖြစ်တတ်ကြပါသည် ။ နောက်တော့လည်း ထို “ ချဉ်ဖတ် ” သည်ပင် ငါးပိရည်ကောင်းကောင်းနှင့် တွေ့သွားသလို ကျွန်တော့်ကို အချစ်ပိုသွားတတ်ကြပါသည် ။ ( ရိုးရိုးပြောတာပါ )

အစ်မကြီး ခင်သန်းနုလည်း ၎င်းအတိုင်းပါပဲ ။ ပထမဆုံး သူနှင့်တွဲဖက်ရသည့်ဇာတ်ကား ' မမ ' ( ငြိမ်းကျော်၏ ဝတ္ထု ) ရိုက်ကူးကြတော့ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့ရှိ တောင်ကတုံးလေးတစ်ခုပေါ်က ထုံးဖြူဖြူ စေတီလေးအနီးမှာ ။ နေကလည်း ပူပါဘိသနဲ့ ။ ဇာတ်ဝင်ခန်းက ချစ်သူနှစ်ဦး ဘုရားဖူးရင်း ရှေ့ရေးတွေ တိုင်ပင်ကြခန်း ။ ဤတွင် ကျွန်တော်က သူ့ကို “ မမ ” ၊ “ မမ ” ၊ “ မမ ”  ဟုတမင်တကာ တွတ်ထိုးရသည့် ဒိုင်ယာလော့ ( ခ် ) ပါဝင်သည် ။ ( ပ ၊ ဖ ၊ ဗ ၊ ဘ ၊ မ ဟူသော ကြာသပတေးနံ စကားလုံးများသည် ပါးစပ်ပိတ်ပြီးမှ လေလုံးကို ထုတ်ရသောကြောင့် အရှိန်ပြင်းပါသည် ) ထိုအခါ ကျွန်တော် သောက်ထားသော အရက်နံ့သည် မင်းသမီးထံသို့ အလုံးလိုက် အလုံးလိုက် ထိမှန်သွားပုံရပါ၏ ။

ထိုအခါ သူက ...

“ ဟိုး.. ဟိုး ပြန်ရိုက် မယ် ”

“ ဘာပြုလို့တုန်း "

“ မင်းသား ပါးစပ်က အရက်နံ့ရလို့ ဖီလင်မလာဘူး "

ထိုစဉ်က ကျွန်တော်သည် တက်သစ်စ မင်းသား ဖြစ်ပါသည် ။ အသက်ကလည်း ( ၂၀ ) ကျော်မျှသာ ရှိသေးသည် ။ ဟိုးတစ်ပတ် ( မေဂျာနယ် ) မှာ ရေးခဲ့ဖူးသလို အနံ့အသက်ကိုလည်း အလွန်ဂရုထားချိန်ပါ ။ ထို့ကြောင့် အနာပေါ် တုတ်ကျသလို ဆတ်ဆတ်ခါသွားမိ၏ ။ သူက ထိုစဉ် ခုနှယ်ခါ မေသန်းနုတို့ အနေလောက် ။ ပြီးတော့သူက အိမ်ထောင်သည် ။ အရွယ်ရင့် ။

ကျွန်တော်လည်း အရှိုက်ကိုထိုးသည့် စကားလုံးကို ပြန်၍ လွှတ်ပြောလိုက်ရာ “ မရိုက်တော့ဘူး ” ဟု စိတ်ဆိုးပြီးတောင်ခါးပန်း ဇရပ်ကလေးဆီ ဆင်းသွားပါတော့၏ ။ နေကလည်းပူ အရိပ်ကလည်းမရှိ ၊ စက်သမားလေးများလည်း ထမင်းဆာလှပြီ ။ ဒါရိုက်တာကလည်း စိတ်လျော့ခိုင်းသည် ။မင်းသားကြီး မြင့်နိုင် ( သူက မမနှင့် အိမ်ကသဘောတူသူ သူဌေးသား ) ခမျာမှာလည်းအနောက်တိုင်းဝတ်စုံကြီးဖြင့် ချွေးတဒီးဒီးကျနေရှာပြီ ။

နောက်ဆုံး သူ ( ခင်သန်းနု ) ၏ မိတ်ကပ်သေတ္တာထဲမှ အကောင်းဆုံး ၊ အကောင်းစား ရေမွှေးပုလင်းလေးထုတ် ၊ ပါးစပ်နှင့် မျက်နှာကိုဆွတ်ဖျန်း ၊ ( မရိုသေ့စကား တစ်ကိုယ်လုံး ခြေထောက်ပါမကျန် ရေမွှေးဆွတ် ) ပြီး တောင်ခါးပန်းဆီ ဆင်းလာခဲ့တော့၏ ။

ဟိုဘက် လှည့်ထိုင်နေသော မမနုအား ကျွန်တော်က နောက်နားကပ်ပြီး “ မမ ” “ မမ ” “ မမ ” ဟု ကျီစယ်သံပြုသောအခါ ...
“ ခွေးလေး ခုမှ ” ဟု ဆိုလျက် သူနှင့် ကျွန်တော် လက်တွဲပြီး ရိုက်ကွင်းဆီ ပြန်လာခဲ့ကြပါတော့သည် ။ ( အစ်မကြီးရေ ရေမွှေးကိစ္စ ခုမှဖွင့်ပြောတာ ခွင့်လွှတ်ပါ )

ထိုမှ နောက်ပိုင်း ဒေါ်ခင်သန်းနုသည် ကျွန်တော့်အပေါ် မောင်နှမလို ခင်မင်သွားပါတော့၏ ။ နောင်သော် “ မောင်လေး ” “ ကောင်လေး ” ဟုပင် မခေါ်တော့ဘဲ “ ကိုဗလကြီး ” ဟုပင် တရင်းတနှီး သုံးနှုန်းလာပါတော့သည် ။

°°°°°°°  °°°°°°°  °°°°°°  °°°°°°

“ နောက်ဆုံးပိတ် အိတ်နှင့်လွယ် ” ဆိုရမလားမသိ ။ သူနှင့် ကျွန်တော် နောက်ဆုံး တွဲဖက်သရုပ်ဆောင်ခြင်းအဖြစ် ( ၁၉၈၉ ) တွင် “ ခုနစ်စဉ်အလွမ်း ” ဇာတ်ကားရိုက်ကူးဖြစ်၏ ။ ၀တ္ထုမင်းလူ ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ၊   မင်းသားသုမောင် ၊ ဇာတ်ပို့ မောင်ရူပ ၊ ဇာတ်လမ်းမှတ်တမ်း အာယု ( မောင် ) ကိုလည်း ရှားပါးစွာ ထိုတစ်ကားတည်းမှာပဲ ညီအစ်ကိုငါးယောက် ဆုံဖြစ်ဖူးသလို ၊ မောင်ဝဏ္ဏ ၊ ကျွန်တော် နှင့် ခင်သန်းနု တို့ အကယ်ဒမီ ရကြသည် ။ ( ၁၉၉၁ )

ဤတွင်လည်း ကျွန်တော်နှင့် ဒေါ်ခင်သန်းနုတို့ ပြဿနာတစ်ခု တက်ရပြန်ပါသည် ။ သူသည် ရိုက်ကွင်းပေါ်သို့ နောက်ကျမှ ရောက်လာပြီး စောစောစီးစီး ရိုက်ကွင်းမှ ပြန်ရန် ဟန်ပြင်တတ်ခြင်း ဖြစ်သည် ။ သူနှင့် ကျွန်တော်က ရင်းနှီးပြီးသားမို့ မ ‌ေထာင်းသာလှသော်လည်း မောင်ဝဏ္ဏ ခမျာမှာ ခင်သန်းနု နှင့် ပထမဆုံးအကြိမ်နဖူးတွေ့ဒူးတွေ့ တွေ့ရခြင်းဖြစ်သည် ။ မင်းသမီးများ၏ အထောကို မောင်ဝဏ္ဏသိသော်လည်း ခင်သန်းနု အထာကို‌ေတာ့ကျွန်တော်လောက် သိမည်မဟုက်ပါ ။ ပြီးတော့ ရိုးရိုးပြောကြကြေး ။ ထိုကာလတွင် ကျွန်တော်သည် ဟိုယခင် ' မမ ' ရိုက်ကူးစဉ်က သူ့အရွယ် သူ့အနေအထားမှာ ရောက်နေပြီး သူက အရွယ်လွန်စပြုနေပါပြီ ။ ထို့ကြောင့် ရိုက်ကွင်းမှာ သူ့ကို စောင့်ရသည့် အလုပ် ၊ သူ စောစောပြန်သွားမည့် အဖြစ်တို့ကို ကျွန်တော် မခံမရပ်နိုင်ပါ ။
ကျွန်တော်ကလည်း ကလေးဆန်စွာ မာနတက်နေကြောင်း ဝန်ခံပါ၏ ။ ထို့ကြောင့် ရိုက်ကွင်းပေါ်မှ ညနေလေးနာရီလောက် ( ရိုက်ကူးကောင်းနေစဉ် ) သူ ပြန်သွား
လေတိုင်း “ ဒီမိန်းမ သိပ်အလိုမလိုက်နဲ့ဗျာ ” ဟု ကျွန်တော်က မောင်ဝဏ္ဏကို ရင့်ရင့်သီးသီးပင် ပြောမိပါသည် ။ မောင်ဝဏ္ဏကတော့ ထုံးစံအတိုင်း သွားကလေး ဖြီးပြီး “ နေပါစေကွာ ” ဟု သာဆိုပါ၏ ။ ထိုအကျိတ်အခဲသည် ကျွန်တော့်ရင်ထဲ တနံု့နံု့ဖြစ်နေပါသည် ။ ပြီးတော့ ထိုဇာတ်ကား ရိုက်ကူးစဉ်က ကျွန်တော်က အရက် မသောက်သဖြင့် နှုတ်ဆွံ့နေတာလည်း ဖြစ်နိုင်ပါသည် ။

တစ်နေ့သော် တွဲဖက် မင်းသားကြီး ဇော်လင်းနှင့် ထိုးကြိတ် ၊ကျွန်တော် ထွက်ပြေး ၊ ဇော်လင်းက သေနတ်နှင့်ပစ် ၊ ပေသုံးဆယ်လောက် မြင့်သော တောင်ကမူလေးပေါ်မှ သေနတ်မှန် ပြုတ်ကျ ။ ထိုအခန်းရိုက်ကူးတော့ မောင်ဝဏ္ဏ ခွင့်ပြုချက်ယူပြီး ကျွန်တော် အရက်နည်းနည်း ရဲဆေးတင်သောက်ရပါသည် ။ ( အရက်
မသောက်သော ဦးဇော်လင်းကိုယ်တိုင် ဝယ်တိုက်ခဲ့တာ မှတ်မိနေ၏ ။ )

သည်လိုနှင့် ညပိုင်း ကျွန်တော်နှင့် ခင်သန်းနတို့ ဇာတ်ဝင်ခန်းဆက်သော် ကျွန်တော် အရှိန်မသေသေးပါ ။ သူက ညခန်းများကျတော့လည်းညဉ့်နက်သန်းခေါင်တိုင် စိတ်ရှည်လက်ရှည် ရိုက်ပေးပြန်ပါသည် ။ ကျွန်တော်လည်း ညနေက အရှိန်လေးနှင့် နှုတ်ရဲလျှာရဲ ဖြစ်နေလေရာ ... သူ ရိုက်ကွင်းမှ စောစော ပြန်သွားတတ်သည့် ကိစ္စကို ပွင့်လင်းစွာပင် ပြောဆိုမိပါတော့သည် ။ အားမနာပါ ။

ထိုအခါကျမှ ဒေါ်ခင်သန်းနုက ကိုသုမောင် ခေါင်းကို အသာအယာ ပုတ်လျက် စကားဆိုပါသည် ။

“ ဪ .. ကိုဗလကြီးက ယောက်ျားသားဆိုတော့ မိန်းမသူတွေရဲ့ သဘာဝကို ဘယ်နားလည်ပါ့မလဲ ။ ကိုယ့်မောင်နှမ လုပ်ဖော်ကိုင်ဖက်ချင်း ပြောပြထားမယ်မှတ်ထားကွယ့် ။ မိန်းမဆိုတာ အသက်လေးဆယ်ကျော်ရင် ညနေပိုင်းနေစောင်းတာနဲ့ကိုယ်ရောစိတ်ပါ ကျဆင်းတတ်တယ် ။ တစ်ကိုယ်လုံး အကြောအခြင်တွေ လျော့ပါးကုန်ကြတယ် ။ အဲဒီအချိန်မှာ ရုပ်ရှင်ရိုက်ရင် ကြည့်မကောင်းဘူး ။တင်းတင်းရင်းရင်း မရှိဘူး ။ အိုက်တင်လည်း ကျတယ် ။ ဒါကြောင့် မနု စောစောပြန်တာပါ ။ အဲ .. ခုလို ညပိုင်းမျိုးကျတော့ ပြန်ပြီးလန်းဆန်းလာပြန်ရော ။ ကိုဗလကြီးတို့ ဘယ်လောက်ရိုက် မလဲ ။ မိုးအလင်းရိုက် မနု ရိုက်ပေးပါ့မယ် "

သူ့စကားဆုံးသောအခါ ကျွန်တော် စိတ်မကောင်းဖြစ်သွားရပေါ့ ။ သူ့ကွယ်ရာမှာ အပြစ်ဆိုမိသည်များကိုလည်း နောင်တရသွား၏ ။ အားနာသွား၏ ။ အမျိုးသမီး သရုပ်ဆောင်တို့၏ ဘဝကိုလည်း နားလည်သွား၏ ။

ခုနှယ်ခါ ဤစာစုကို ရေးနေချိန်တွင်မူကား လေးဆယ်ကျော်အရွယ်လွန် အမျိုးသမီးများ အားလုံးကို စာနာမိနေလေသည် ။ အထူးသဖြင့် ရုပ်ရည်အလှအပကိုယ်ကာယဖြင့် လုပ်ကိုင် စားသောက်ရသော အနုပညာရှင်များသည် မိမိ၏ အလုပ်ကို မိမိ သတိကြီးစွာထား၍ လေးစားကြရမည်ဟု အလေးအနက် ထားမိပါသည် ။

   ◾ သုမောင်

[ သတင်းဂျာနယ် ၊ အတွဲ ၂ ၊ အမှတ် ၁၀ ။
နိုဝင်ဘာ ၃ ရက် ၊ ၁၉၉၉ ခုနှစ် ]
       

Wednesday, December 16, 2020

ဝါသနာကိုမတားနဲ့ ရှင်မရာ


 

❝ ဝါသနာကိုမတားနဲ့ ရှင်မရာ ❞

ယောက်ျားများဟာ မိန်းမကို အချစ်ဆုံးပဲ ၊ စိတ်အဝင်စားဆုံးပဲလို့တော့ တရားသေတွက် မထားလေနဲ့ ၊ မှတ်ထင်မထားလေနဲ့ ။ တချို့ယောက်ျားလေးများဟာ မိန်းမထက် သူတို့ ဝါသနာကို စိတ်ဝင်စားတတ်တာ ရှိသေးတယ် ။

သမီးရည်းစား ချိန်းထားပြီးမှ ဘောပွဲရှိလို့ မလာဖြစ်တာတို့ ၊ စတိတ်ရှိုး သွားနေလို့ မလာဖြစ်တာတို့ ဆိုတာ ချစ်သူထက် ဝါသနာကို ဦးစားပေးတဲ့ သဘောပေါ့ ။ ဝါသနာတွေက အမျိုးမျိုးပဲ ။

အားကစား ဝါသနာပါသူ
ဂီတ ဝါသနာပါသူ
စာပေ ဝါသနာပါသူ

အဲသလို ဝါသနာတစ်ခုခု ရှိနေသူကို ရည်းစားထားမိပြီဆိုတာနဲ့ စဉ်းစား ။ သူ့ဝါသနာကို ကိုယ်ကရော စိတ်ဝင်စားသလား ။ ဝါသနာ ပါနိုင်မလား ဆိုတာ ။ ဖြစ်နိုင်ရင်တော့ ကိုယ့်ကို ချစ်ရေးဆိုလာကတည်း က ၊ ကိုယ်က ချစ်ရေးမပြန်ခင်ကတည်းက သူ့ဝါသနာကို သိထားနိုင်ရင်တော့ ကောင်းတာပေါ့ ။ ဝါသနာ မတူရင်ချစ်ရေးဆိုကတည်းက ၊ ကိုယ်က ချစ်ရေးမပြန်ခင်ကတည်းက လက် မခံလေနဲ့ ။ ရည်းစားဖြစ်ပြီးမှ ဝါသနာချင်းမတူရင်လည်း လက်ထပ်ဖို့ စဉ်းစားပေတော့ ။

သူ့ဝါသနာကို မသိဘဲလက်ထပ်ပြီးခါမှ သူက ကိုယ့်ကို ဂရုမစိုက်ရင်တစ်သက်လုံး စိတ်ဆင်းရဲရမယ်လေ ။ ယောက်ျားတွေမှာ
ဝါသနာ တစ်ခုခုရှိထားပြီဆိုရင် ချစ်သူဘဝမှာသာမိန်းကလေးကို ဦးစားပေးချင်ပေးမယ် ။ အဲ ရပြီးပြီဆိုလို့ကတော့ မိန်းမကို အိမ်မှာခေါက်ထားပြီး သူတို့ဝါသနာကို ရှေ့တန်းတင်တော့တာပဲ ။ အိမ်မှာ စားစရာမရှိရင်နေ ဝါသနာပါတာကို မလုပ်ရရင် မနေနိုင်ဘူးဆိုတဲ့ ယောက်ျားမျိုးတွေ ထိရှိတယ် ။

ယောက်ျားတစ်ယောက်ရဲ့ ဝါသနာဟာ

လောင်းကစားလို
အရက်လို
အပျော်အပါးလို

ဆိုးကျိုးကို ဦးတည်တဲ့ဝါသနာမျိုးဆိုလို့ ကတော့ အဲဒီ အိမ်ထောင်ဟာ သာယာစိုပြည်တဲ့ အိမ်ထောင်လုံးဝမဖြစ်နိုင်တော့ပါဘူး ။ယောက်ျားတွေဟာ အိမ်ထောင်ကျပြီးတဲ့အခါမှာ ကိုယ်လိုချင်တဲ့ မိန်းမကို ရပြီးတဲ့အတွက် ဝါသနာပါတာကို ပိုပြီးဦးစားပေးသွားတတ်ကြတယ် ။ တချို့အသောက်အစား ဝါသနာပါတဲ့သူများ " ရှင် မိန်းမနဲ့အရက် ဘယ်သူ့ချစ်သလဲ ၊ အရက်ဖြတ်မလား ၊ မိန်းမဖြတ်မလား  " ဆို မေးလာရင် အရက် ချစ်တယ် ၊ မိန်းမ ဖြတ်မယ် ဆိုတဲ့ လူစားမျိုးတောင် ရှိပါသေးတယ် ။

လောင်းကစား ဝါသနာပါလို့ မိန်းမကို ပေါင်ပြီး ဖဲရိုက်တဲ့ ယောက်ျားမျိုးတောင် လေးလေးတို့ တွေ့ဖူးတယ် ။ယုံတမ်းစကား မဟုတ်ဘူး ၊ တကယ်ပြောတာ ။ အပေါင်ခံထားတဲ့သူက ဖဲဝိုင်းထဲမှာသာ သွေးဆူနေကြတုန်းမို့ အပေါင်ခံထားလိုက်ပြီး နောက်ရက် မှာယောက်ျားက လာမရွေးတော့ တစ်ရက်က နှစ်ရက် ၊ နှစ်ရက်က သုံးရက် ထမင်းကျွေးထားရတာ မတတ်နိုင်လို့ ပြန်ခေါ်ပေးလိုက်ရတာတွေ ကြားဖူးတယ် ။ တကယ် ။

အဲ အဆိုးဆုံးကတော့ မိန်းမရှုပ်တာ ပွေတာ ဝါသနာပါတဲ့ ယောက်ျားကို ယူမိတဲ့ မိန်းမပဲ ။

မိန်းမတွေမှာကလည်း

မုန့်ကိုသာ ဝေစားနိုင်မယ်
အချစ်ကိုတော့ ဝေမစားနိုင်ဘူး

ဆိုတဲ့စိတ်မျိုး ရှိကြတာဆိုတော့ ယောက်ျားက မိန်းမရှုပ်ပြီ ဆိုတာနဲ့ ငိုမယ့်သာ ပြင်ပေတော့ပဲ ။

ယောက်ျားတွေရဲ့ဝါသနာဟာကိုယ် ခွင့်လွှတ်နိုင်တဲ့ ဝါသနာလား ။ အားကစားလို ၊အနုပညာလို ၊ ကိုယ်နဲ့ စိတ်တူကိုယ်တူ ဝါသနာတူဖြစ်နိုင်မယ့်ဟာလား ကွဲကွဲပြားပြား ကြိုသိထားရရင် ရေရှည်အတွက် စိတ်အေးရမယ်လေ ။

ဝါသနာဆိုတာကဖျောက်ဖျက်လို့ ရသား ။

ဘာဝါသနာမျှ မပါပါဘူးဆိုတဲ့ ယောက်ျားဟာ မရှိသလောက်ပါပဲ ။ တချို့က ကိုယ်ဝါသနာပါနေတာကို ဝါသနာပါမှန်း မသိဘူး ။ ဆိုကြပါစို့ ။ စီးပွားရေးဝါသနာပါတဲ့လူ ။ အဲဒီ ဝါသနာမျိုးကိုတော့ရုတ်တရက်ဆို မသိကြဘူး ။ အချိန်ကြာမှ သိရတာ ။ ကိုယ်နဲ့ရပြီးတဲ့အခါ ကိုယ့်ဂရုစိုက်ဖို့ထက် “ ငွေ ” ရဖို့သာ ဂရုစိုက်နေ ၊ ငွေနောက်သာလိုက်နေ ၊ ငွေတွေပဲ ချမ်းသာသည်ထက် ချမ်းသာ ၊ အဲသလို စီးပွားရေး  ဝါသနာပါသူများကို ရမိရင်လည်းအထိုက်အလျောက်တော့ ကသိကအောင့် ဖြစ်ရတာပဲ ။ အိမ်ထောင်ရေး သာယာမှုမှာ လစ်ဟင်းတာပါပဲ ။

ဒါကြောင့် ကိုယ်ရွေးချယ်မယ့် ယောက်ျားလေးရဲ့ ဝါသနာကိုလည်း ကြိုတင်သိထားသင့်တယ်လို့ လေးလေးက ပြောတာပါ ။
ယောက်ျားလေးများဟာ အိမ်ထောင်ကျပြီးရင် မိန်းမထက်ဝါသနာကို ဦးစားပေးတတ်ကြတယ်ကွဲ့ ။

◾ ကံချွန်

     အပျိုစင်တို့သိဖို့ ယောက်ျားတို့အကြောင်း ( ၁ )


Thursday, December 10, 2020

မြိန်ရာဟင်းကောင်း


 ❝  မြိန်ရာဟင်းကောင်း  ❞

    

လောကဘံု၌ ဖြစ်လာကြသော လူအပေါင်းတို့သည် နေ့စဉ်ရက်ဆက် မနေမနား သွားလာ လုပ်ကိုင်လျက် ကြီးလေးလှစွာသော လူ့ကိစ္စကြီးကို ပင်ပန်း ကြီးစွာဖြင့်ဆောင်ရွက် နေကြရသည်မှာ စင်စစ်အားဖြင့် ဆိုသော် စိတ်နှလုံး သာယာရွှင်လန်းခြင်းကို ရရှိရန် မျှော်လင့်ကြခြင်းကြောင့်ဖြစ်လေသည် ။ 


မည်သူမဆို ရေထဲ၌ ကျွဲနွားနှင့်အတူဖက်၍ လယ် ထွန်ယက် စိုက်ပျိုးမှုကို ပြုရခြင်း ၊ ငွေရင်း ကြေးရင်း ကြီးစွာ ထုတ်လျက် ကုန်သွယ်ခြင်း အတတ်ပညာကိုရင်းနှီးစိုက်ထုတ်လျက် လုပ်ကိုင်ရခြင်းတို့မှာ အရိပ်လိုလျှင် နေပူမှ ေစာင့်ရသည် ဆိုဘိသကဲ့သို့ ရှေ့အဘို့ရာ စိတ်ပူပန်ရခြင်းမှ လွတ်ကင်းကြရအောင် ကြိုတင်ပြင် ဆင်နေကြခြင်းဖြစ်ပေသည် ။


 ဤသို့ဖြစ်သဖြင့် မျက် မြင်အားဖြင့် လူတို့သည်စိတ်နှလုံးသာယာရွှင်လန်းခြင်း အဖြစ်သို့ရောက်၍ ရပ်တန့်ရသည် မရှိ ။ လူ့ဘဝ၌ မိမိနေရသော အချိန်ကာလကုန်၍ သေမင်းလက်သို့ ပါရသည့်တိုင်အောင် ကိုယ်မအား လက် မအား ဆောင်ရွက်သွားကြရသည်မှာ လူတို့၏ အလိုဆန္ဒသည် အဆုံးသတ်တတ်သော အရာမဟုတ် ။ ဆန္ဒက အဆုံးမသတ်သမျှ ကာလပတ်လုံး စိတ်နှလုံး ငြိမ်းချမ်း သာယာခြင်းကို မရနိုင်ကြသောကြောင့် ဖြစ်လေသည် ။ ထိုကြောင့် အချုပ်မှာအလိုဆန္ဒသာလျှင်ဖြစ်သည်ဟုဆိုထိုက်ပေသည် ။


လက်ထဲတွင် ငွေတသိန်းမျှလောက် ရှိပြီးဖြစ်သော်လည်း အလိုဆန္ဒက တကုဋေလောက်သို့ရောက်၍နေသောသူမှာ လယ်တကွက် နွားတရှဉ်းမျှ ရှိသော်လည်း ၊ လယ်နှစ်ကွက်နွားနှစ်ရှဉ်းသို့ မရောက်သော လယ်သမားလောက် စိတ်၏ ချမ်းသာခြင်းကိုမရနိုင် ။ ထိုငွေတသိန်း၏ပိုင်ရှင်သည် ထိုလယ်သမားလောက် စိတ်၏ ချမ်းသာခြင်းနှင့် မပြည့်စုံ ဖြစ်ရလေသည် ။ ဖြစ် ရ ‌ေသာ ဘဝ၏ အကျိုးကျေးဇူးသည် စိတ်၏ချမ်းသာခြင်းကိုသာ အမှီပြုသည်ဖြစ်သောကြောင့် ထိုသူ၏ ဘ၀သည် လယ်သမားလောက် မကောင်းဟု ဆိုရချေမည် ။ လောကကြီး၌ ခဲဘွယ် ဘောဇဉ် ချို ၊ ချဉ်ရသာ နတ်သုဒ္ဓါ ပင်ဖြစ်လင့်ကစား သုံးဆောင်သောသူကိုသာ အမှီပြု၍ဖြစ်သောကြောင့် တခါတရံချဉ်ပေါင်ရေကြိုမျှလောက် အရသာမရှိ ဖြစ်တတ်လေသည် ။ ထို့ကြောင့် မြိန်ရာသာလျှင် ဟင်းကောင်း သည်ဖြစ်ကြောင်းကို သတိမူသင့်သည် ။


၃၁ - ၇ - ၁၉၃၂


ဇေယျ

တောင်းစားတာတောင် ငတ်ဦးမယ်


 

  ❝  တောင်းစားတာတောင် ငတ်ဦးမယ်  ❞

ကံကလည်း မွဲ ၊ ဉာဏ်ကလည်း မပါ ၊ ဝီရိယကလည်း မရှိဆိုလျှင် တောင်းစားတာတောင် ငတ်ဦးမယ် ။ ကံရဲ့ နောက်ထောက်ကျောခံကလည်း ကောင်းမှ ၊ အားလည်း ရှိမှ အကျိုးပေးအောင်လည်း လုပ်တတ်မှ အကျိုးဆိုတာ ပေးလာနိုင်တာပဲ ။

အကြောင်းတွေစုံအောင် လုပ်ထားမှ အကျိုးဆိုတာပေါ်လာနိုင်တာပဲ ။ အကျိုးဆိုတာ ပေးချင်တိုင်း ပေးလို့ရတာ မဟုတ်ဘူး ။

   ◾ အရှင်ဇနကာဘိဝံသ

.

Tuesday, December 8, 2020

မောင်စိန်၀င်း ( ပုတီးကုန်း )


 ❝   မောင်စိန်ဝင်း ( ပုတီးကုန်း )  ❞ 


ပုတီးကုန်းမှ မောင်စိန်ဝင်းဆိုသော ကောင်လေးသည် ပုတီးကုန်းတွင် ကျောင်းနေရာမှ ကြို့ပင်ကောက်ကျောင်းသို့ ရောက်လာသည် ။ ပုတီးကုန်းမှ ကြို့ပင်ကောက်သို့ ယာယီ ရွေ့လာသော မောင်စိန်ဝင်းသည် ကြို့ပင်ကောက်တွင် ရှိနှင့်နေသော ကိုတင်ဦး ( ကဗျာဆရာ မောင်လွမ်းဝေ ) နှင့် မိတ်ဆွေဖြစ်ကြသည် ။


“ ကိုတင်ဦး ... ကျွန်တော်ရေးထားတဲ့ ကဗျာလေးတွေ ဖတ်ကြည့်စမ်းပါ "


မောင်စိန်ဝင်းက ကဗျာရေး ဝါသနာပါသည် ။ တစ်ချိန်တစ်ခါတွင် ကဗျာဆရာ ဖြစ်ရန် ကြိုးစားအားသစ် နေသူဖြစ်သည် ။ သူရေးထားသော ကဗျာများကို ကဗျာဆရာ ဖြစ်နှင့်ပြီးသော မောင်လွမ်းဝေကို ပြသည် ။ ထိုစဉ်က မောင်လွမ်းဝေက ဂုရုကွေးတို့နှင့် ခေတ်ပြိုင်ကဗျာဆရာ ရှုမဝ သွေးသောက် မဂ္ဂဇင်း များတွင် ကဗျာရေးနေပြီ ။


“ မဆိုးဘူး မောင်စိန်ဝင်းဆက်ရေးကွာ မင်းမှာ လက်စလက်န့်ရှိတယ် ၊ ဖြစ်ကို ဖြစ်ရမယ် "


ကိုတင်ဦး ( မောင်လွမ်းဝေ ) က အားပေးတော့ မောင်စိန်ဝင်းလေးပျော်သွားသည် ။ ကြို့ပင်ကောက်မှာက သက်နိုင် ( ကြို့ပင်ကောက် ) ဆိုသော ကဗျာဆရာလည်း ရှိနှင့်နေပြီ ။ မောင်စိန်ဝင်းလေးအတွက် ပို၍ ကံကောင်းထောက် မသည်ကား ကြို့ပင်ကောက် အ.ထ. က မှ အထက်တန်းပြဆရာ ဦးရွှေမှိုင်း ကိုယ်တိုင်က ( ရွှေငယ်မှိုင်း ) အမည်ဖြင့် ကဗျာဆရာ ဖြစ်နှင့်နေခြင်းပင်တည်း ။ ရွှေငယ်မှိုင်းမှသည် မောင်လွမ်းဝေတို့ ၊ သက်နိုင်တို့ ဆင့်ပွားဖြစ်ထွန်းလာရသလို မောင်လွမ်းဝေတို့ သက်နိုင်တို့မှ မောင်စိန်ဝင်း ဆင့်ပွားဖြစ်ထွန်းလာတော့မည် ။ ကဗျာဆရာ ဖြစ်ချင်သော မောင်စိန်ဝင်းတစ်ယောက် ကဗျာစာပေနှင့်ပတ်သက်၍ ရေခံမြေခံ ဘူမိနက်သန် မှန်လှသော ကြို့ပင်ကောက်တွင် ကျောင်းပြောင်းနေခဲ့မိခြင်းမှာ ကံကောင်းပေစွ ။


ပုတီးကုန်းတွင်သာ ဆက်နေခဲ့ပါကကဗျာဆရာ ဖြစ်ချင်မှဖြစ်မည် ။ ဖြစ်သည့်တိုင် ကာလတာရှည် ကြာလိမ့်ဦးမည် ။ ကြို့ပင်ကောက်ကဲ့သို့ အဆင်ပြေနိုင်ဖို့ မလွယ် ။ မောင်လွမ်းဝေ နှင့် ဂုရုကွေးက ခေတ်ပြိုင်ရေးဖော်များ ပီပီ အလွန်ခင်မင် ရင်းနှီးသည် ။ မည်မျှ ရင်းနှီးသနည်းဆိုသော် ကောင်းတိုင်ပင် ဆိုးတိုင်ပင်ဆိုးတူကောင်းဖက် ပွင့်ပွင့်လင်းလင်း ရင်းနှီးကြသည် ။


“ ဟေ့ လူကြီး ကိုယ့်ကောင်လေး တစ်ယောက် ကဗျာတွေ ရေးနေတယ် ။ ကဗျာလေးတွေ ကောင်းတယ် ။ ယူခဲ့ရမလား "


ထိုစဉ်က ဂုရုကွေးက မဂ္ဂဇင်းတစ်စောင်တွင် ကဗျာအယ်ဒီတာ ။ ကဗျာရေးနည်း ဆောင်းပါးတွေ ရေးနေသည် ။ ကဗျာပွဲခင်းသာကဏ္ဍပင် မဖွင့်ရသေး ။ ထိုမဂ္ဂဇင်း၏ ဦးရဲလွင်နှင့် တာဝန်ခံအယ်ဒီတာ ရွှေလင်းသက်ဝေတို့၏ အကြံပေးချက်အရ ကဗျာအယ်ဒီတာ ဝင်လုပ်စ ပူပူနွေးနွေးသာ ရှိသေးသည် ။


“ ယူခဲ့လေဗျာ ခင်ဗျားကောင်းတယ်ဆိုရင်ကျွန်တော်စိတ်ချတယ် ။ ယူသာယူခဲ့... ကျွန်တော်ကလည်း မဂ္ဂဇင်းအတွက် ကဗျာကောင်းလေးတွေမျှော်နေတာ အတော်ပဲ... "


မောင်စိန်ဝင်းသည် ရေးစကပင် ကဗျာလေးတွေ လှသည် ။ ကဗျာကို ပီပီပြင်ပြင်နှင့် ရင်ထဲရှိအောင် ‌ေရးနိုင်သည် ။ ဤသို့ဖြင့် မောင်စိန်ဝင်း ( ပုတီးကုန်း ) တစ်ယောက် ယင်းမဂ္ဂဇင်း၏ လက်ရွေးစင် ကဗျာဆရာ တစ်ယောက်ဖြစ်လာသည် ။


နဂိုသူများမှာ နကိုင်းထွက်လွယ်သည် ။ နဂိုရှိမှ နကိုင်းထွက်သည်ဟု ရှေးလူကြီးများ ဆိုရိုးပြုခဲ့သည် မဟုတ်ပါလော ။ ဤနည်းဖြင့် မောင်စိန်ဝင်းနှင့် ဂုရုကွေးတို့ ခင်မင်ရင်းနှီးခဲ့ကြသည် ။ ကဗျာရှင်နှင့် ကဗျာအယ်ဒီတာ ရင်းနှီးပုံမျိုးထက် ကဗျာဆရာချင်း ရင်းနှီးသလို အချိန်တိုတိုအတွင်း ခင်မင်ရင်းနှီးသွားကြသည် ။


မောင်စိန်ဝင်းလေးသည် တဖြည်းဖြည်းနှင့် မောင်စိန်ဝင်းလတ် ဖြစ်လာသည် ။လူပျိုပေါက်စမှ လူပျိုပီပီပြင်ပြင် ဖြစ်လာသည် ။ ကြို့ပင်ကောက်ကျောင်းမှ ဆယ်တန်းအောင်ပြီး စက် မှုတက္ကသိုလ်သို့ ရောက်လာသည် ။ စက် မှုတက္ကသိုလ်ကျောင်းသား ဘဝတွင် ကဗျာလုံးချင်းစာအုပ်ကလေးများ ထုတ်၍ ကဗျာဆရာ ဖြစ်နေပြီ ။ သောကခြေရာ ကဗျာများမှာ စက် မှုကျောင်းသားဘဝမှ မောင်စိန်ဝင်း ထုတ်ခဲ့သော ကဗျာစာအုပ် ဖြစ်သည် ။ ကိုယ့်ငွေနှင့်ကိုယ်စိုက်ထုတ်ပြီး ကျောင်းတွေမှာ ရောင်းကာ ရောင်းရငွေကို ပျော်ပျော်ပါးပါး လက်ဖက်ရည်သောက်ပစ်ကြသည် ။ ထိုစဉ်က စီးပွားရေးအရအရှုံးအမြတ် မတွက်ကြ ။ ရေးချင်သည် ။ ရေးသည် ။ ထုတ်သည် ။ ရောင်းသည် ။ ကျေနပ်ပြီ.. ဒါပါပဲ ။


“ ဂုရုကြီး ... အားတယ်မဟုတ်လား... ”


တစ်နေ့၌ ဂုရုကွေး နေထိုင်ရာ တောင်ဥက္ကလာပ အိမ်ကလေးသို့ မောင်စိန်ဝင်းနှင့် ရေးဖော်တစ်စု ရောက်လာသည် ။ ထိုအုပ်စုထဲတွင် တစ်နေ့သောအခါ ( နွမ်ဂျာသိုင်း ) ဖြစ်လာမည့် ကောင်လေးတစ်ယောက်လည်း ပါလာသည် ။


“ စာရေးနေတဲ့ အလုပ်ကလွဲလို့ ဘာအလုပ်မှ မရှိတာ မင်းသိသားပဲ ။ ငါအမြဲတမ်း အားနေတယ် ။ ဘာလုပ်ပေးရမလဲ ။ မင်းအတွက် မိန်းမခိုးပေးရမလား ။ ဒါမျိုးတွေလည်း ရတယ်နော် .. ငါခိုးပေးလို့ ရသွားတဲ့ အတွဲတွေ ကလေးတောင် ရနေပြီ "


ဂုရုကွေး၏ ဟာသကို ဒီကောင်တွေ အုပ်စု ပွဲကျသွားသည် ။ သူနှင့်ပါလာသော ငတိတချို့မှာ ခုကတည်းက ရယ်ရနေပြီဟု ဂုရုကွေးကို စိတ်ချသွားပုံရသည် ။


“ ကဲ...ငါ ဘာလုပ်ပေးရမလဲ.. ပြော.."


“ စာပေ ဟောပြောပွဲ ဖိတ်ချင်လို့... ”


“ ဟိုက်... ရှာလပတ်ရည်... ဒါလေးများ ပြောနေရသေးတယ် အခုလိုက်ခဲ့ ရမှာလား  "


“ မဟုတ်သေးဘူး .. ဒီလို ဒီလို... ပြဿနာလေးတွေ နည်းနည်းရှိတယ် "


“ မင်းတို့ဟာ ဟောတောင်မ ‌ေဟာ ရသေးဘူး . .ပြဿနာက ရှိနေပြီလား ”


မောင်စိန်ဝင်းက အဖြစ်မှန်ကို ရင်းနှီး ပွင့်လင်းစွာ ရှင်းပြသည် ။ သူတို့၏ လက်ရှိ ပါမောက္ခချုပ် ဒေါက်တာ ( ... ) က စာပေ ဟောပြောပွဲ မလုပ်ချင် ။ကျောင်းသားတွေ ပူဆာသောကြောင့်သာ ခွင့်မပြုချင် ပြုချင်ဖြင့် ခွင့်ပြုခြင်းဖြစ်သည် ။


စက် မှု ကျောင်းသားတွေက ကြိုက်သည့် စာရေးဆရာ တစ်ယောက်ဖိတ် ၊ စက် မှု ကျောင်းသူတွေက ကြိုက်သည့်စာရေးဆရာမ တစ်ယောက်ဖိတ်... ဆရာ တစ်ယောက် ၊ ဆရာမ တစ်ယောက် နှစ်ယောက်ဟောရမည် ။


" သိတဲ့အတိုင်း ကျွန်တော်တို့ အုပ်စုက ကွေးကြီး ပရိသတ်မို့ ကြွေးကြီးကို ဆန္ဒပြုကြတယ် ။ ကောင်မလေးတွေကတော့ ယုဝတီခင်စိန်လှိုင်တဲ့ ။ အဲဒါ ပြဿနာက ပါမောက္ခချုပ်က မြန်မာစာနယ်ဇင်းတွေ မဖတ်ဘူး ။ အင်္ဂလိပ်စာအုပ်တွေပဲ ဖတ်တယ်.. ။


“ အီကြာကွေးဆိုတော့ သူဘာပြောသလဲ... ”


“ သူသိတာ အီကြာကွေးကို မုန့်ပဲသိတယ် ။ ကွေးကြီးနာမည်ကျွန်တော်တို့က ဆန္ဒပြုတော့ မင်းတို့ဟာ ကြံကြံဖန်ဖန် လူစင်စစ်က မုန့်နာမည်နဲ့ စာရေးဆရာပါလား … ဘာတွေ ဟောမှာလဲ... ငါ့ကျောင်းမှာရှုပ်ရှုပ်ယှက်ယှက်တွေ ဟောလို့ မဖြစ်ဘူးနော်တဲ့ ... ကျွန်တော်တို့က ကျွန်တော်တို့ ဆရာကြီးဟောတာ ရယ်စရာဟာသတွေ ဟောမှာပါလို့ အာမခံမှအင်တင်တင်နဲ့ ခွင့်ပြုတယ် ။ ဆိုလိုတာက ကွေးကြီးကို ကျွန်တော်တို့က အထင်ကြီးလို့ ဖိတ်ပေမယ့်ပါမောက္ခချုပ်က လုံးဝ အထင်မကြီး ဘူး ။ အဲဒါ ကြိုသိထားဖို့ ပြောထားတာ... ”


ဟိုက်ရှာလပတ်ရည်... လုံးဝ အထင်မကြီးဘူး ဆိုပါလား... ကောင်းဟောင်းဟောင်းလေစွ ။


“ အထင် စမောတယ်ပေါ့ကွာ... အဲဒါ ကောင်းပါတယ်... အထင်ကြီးပြီး ကြီးသလို ဖြစ်မလာလို့အထင်သေးခံရတာထက် စာရင် စောစောကတည်းကအထင်သေးခံရတာ ပိုကောင်းတယ်....”


သို့ဖြင့် စက် မှုတက္ကသိုလ်တွင် ဂုရုကွေး ဟောဖြစ်သွား သည် ။ ထိုစဉ်က ယုဝတီခင်စိန်လှိုင်မှာ လုံးချင်းတွေ အဆက် မပြတ် ရေးကာ ထိုဝတ္ထုတွေကို  ရုပ်ရှင်တွေ တစ်ကားပြီးတစ်ကား ရိုက်ရသဖြင့် စူပါ ဖြစ်နေသော ၊ အလွန်စန်း တက်‌ေန‌ သော ကာလဖြစ်သည် ။


ဂုရုကွေးကား အားလုံး သိကြသည့်အတိုင်း မဂ္ဂဇင်းများတွင် ဟိုစပ်စပ် ၊ ဒီစပ်စပ် မဖြစ်ညစ်ကျယ် လျှောက်နေသောစာရေးဆရာသာဖြစ်သည် ။ စူပါစာရေးဆရာမဟုတ် စပ်စပ် စပ်စပ် စာရေးဆရာ ၊မဖြစ်ညစ်ကျယ် ဟာသ ဆရာ ။


ပါမောက္ခချုပ်က ဝတ္တရားအရ ဧည့်ခံရသော်လည်း ဂုရုကွေးအပေါ်၌ ဟက်ဟက်ပက်ပက် မရှိကြောင်း သတိထားမိသည် ။ လက်ဖက်ရည် သုံးဆောင်ပါဆရာ ။ ဒါပဲပြောပြီး ခင်စိန်လှိုင်နှင့် စကားပြောနေသည် ။ ဂုရုကွေးဘက်သို့ ပြန်လှည့်မလာတော့ ။


ထိုဟောပြောပွဲကား မရည်ရွယ်ဘဲ ပြိုင်ပွဲဆန်နေသည် ။ ကျောင်းသူများက သူတို့ဆန္ဒပြုထားသော ခင်စိန်လှိုင်ကို သာစေချင်သည် ။ မောင်စိန်ဝင်းတို့က သူတို့ဆန္ဒပြုထားသော ဂုရုကွေးကို သာစေချင်သည် ။ ခင်စိန်လှိုင်က ထိုပွဲသို့ သူ့သားငယ်လေးကို ခေါ်လာသည် ။ ကလေးက ချစ်စရာ ဘောင်းဘီရှည်လေး ဝတ်ထားသည် ။


“ စက် မှု ကျောင်းသူများမျှော်လင့် စောင့်စားနေကြတဲ့ နာမည်ကျော် စာရေးဆရာမကြီး ယုဝတီခင်စိန်လှိုင်က ခင်စိန်လှိုင် နှင့်တိုင်းရင်းသား သရုပ်ဖော်ဝတ္ထုများအကြောင်း ဟောပြောပါတော့မယ် ”


စက် မှုတက္ကသိုလ် ခန်းမကြီးတွင် လက်ခုပ်သံများ ဟိန်းထွက်သွားသည် ။မိန်းကလေးများ၏ လက်ခုပ်သံက အကျယ်ဆုံး ၊ အများဆုံး ၊ အမြည်ဆုံးဖြစ်သည် ။ ခင်စိန်လှိုင်နှင့် ဂုရုကွေးတို့မှာ ပွဲပေါင်းများစွာ အတူတွဲလျှက် ဟောလာကြသော ဟောဖော်ဟောဖက် များ ဖြစ်သည် ။ စက် မှုပွဲတွင်ကား ခင်စိန်လှိုင် အထူးကြိုးစားဟောပါသည် ။ အလွန်ကောင်းမွန်၍ မှတ်သားစရာလည်း များပါသည် ။


ထူးခြားချက်ကား ကရင်လူမျိုးဘဝ သရုပ်ဖော် ဝတ္ထုများအကြောင်းပြောပြီး ကရင်သီချင်းဆိုသည် ။ ရှမ်းလူမျိုးဘဝ သရုပ်ဖော်ဝတ္ထု အကြောင်းပြောပြီး ရှမ်းသီချင်းဆိုသည် ။ အလားတူပင် ကချင် ၊ ချင်း ၊ မွန် ၊ ရခိုင် ဘဝသရုပ်ဖော် ဝတ္ထုတွေအကြောင်း ဆက်ဟောပြီး ၊သက်ဆိုင်ရာသီချင်းများကို ဆိုပြသည် ။ အလုံးစုံသွားသောအခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သီချင်းကို ဆိုသည် ။ မြန်မာသီချင်း ဖြစ်သည် ။


“ သားရေ.. စင်ပေါ် ခဏကြွခဲ့ပါဦးကွယ် ”


ကလေးငယ်ကို လှမ်းခေါ်သည် ။ ကလေးငယ်က ဘောင်းဘီရှည်ထဲတွင် အသင့်ထည့်လာသော ဘာဂျာထုတ်၍ မှုတ်ပေးသည် ။ မိခင်ကသီချင်းဆို သားငယ်က ဘာဂျာဖြင့် အထောက်အကူပေး ။ အဆင်ပြေလှသည် ။ ြမိ ု င်ဆိုင်လှသည်။ ဟာမိုနီ ဖြစ်လှသည် ။ ကျောင်းသူများ၏ လက်ခုပ်သံများ အတောမသတ် ညံသွားသည် ။ တချို့ကျောင်းသူများမတ်တတ်ရပ်၍ လက်ခုပ်တီးကြသည် ။


မည်သို့ပင် ဖြစ်စေ ။ နှစ်ယောက်တည်း နွှဲရသော တူးမင်းရှိုးတွင် ခင်စိန်လှိုင်က အမှတ်ပေါင်းများစွာဖြင့် ဂုရုကွေးရှေ့ရောက်သွားသည် ။ ထိုပွဲတစ်ပွဲလုံး သူ့ပွဲဖြစ်သွားကြောင်း ထင်ရှားသည် ။


မောင်စိန်ဝင်းတို့ အုပ်စု မျက်နှာလေးတွေ အငယ်သား ဖြစ်နေသည် ။အတ္ထုပ္ပတ္တိ ဖတ်နေချိန်အထိ ဂုရုကွေး ဘယ်ကစ၍ ဘယ်လိုဝင်ရမှန်း စဉ်းစားမရသေး ။ ဆရာအီကြာကွေး ဟောပြော ကြွပါဆိုတော့မှ ခေါင်းထဲတွင် လင်းခနဲ ဖြစ်သွားသည် ။ မိုက်ကရိုဖုန်းရှိရာသို့ လျှောက်လာစဉ် ကျောင်းသား ပရိသတ်၏ လက်ခုပ်သံများ ညံသွားသည် ။ ကျောင်းသူပရိသတ်က လက်ခုပ်မတီးကြ ။


“ ဆရာမကြီးက သီချင်းတွေဆိုသွားတော့ ကျွန်တော်လည်း သီချင်းဆိုဖို့ အကြံရလာတယ် ။ ဟောပြောချက်ကို သီချင်းနဲ့ စဖွင့်ရမယ် ။ ကျွန်တော်ဆိုမယ့် သီချင်းက နိုင်ငံရေးခေါင်းဆောင်ကြီး တစ်ဦးကို ဂုဏ်ပြုထားတဲ့ ( အရှေ့ဆီက အနီ ) ဆိုတဲ့ သီချင်းပါပဲ... တရုတ်လိုဆိုပါ့မယ် ”


ဤသို့လျှင် ပဏာမခံပြီးနောက် ထိုစဉ်က ရန်ကုန်တွင် ရုံတင်နေသော အာရာဒါးနားကုလားကားမှ


“ ပွတ်တေလား ... မတ်စကားနား ပြားမေလား ... ဒီဝါးနား .. လိအာ.. ကျဲလိအာ ကို ကျဲလိအာ.. ကျဲလိအာ... ”


ကုလားသီချင်းကို ကုလားသံနှင့်အပီ ဆိုပြီး အဲဒါ တရုတ်သီချင်းပါပဲ ဟုနောက်လိုက်ရာ ခန်းမတစ်ခုလုံး ရယ်သံများ အတောမသတ် ဖြစ်သွားသည် ။ ပါမောက္ခချုပ် ရယ်သံကိုပါ နောက်ဘက် မှ ကြားရသည် ။


“ အေးကွ... ကွေးကွေးကြီး.. ဒါမှ တို့ကွေးကြီး... ”


တော်တော်နှင့် ပြန်မငြိမ်သော ရယ်သံများကြားတွင် မောင်စိန်ဝင်း၏ အော်သံကို ကြားရသည် ။ ထို့နောက်ကား ... ဂုရုကွေး၏ ထုံးစံအတိုင်း ၊အားကြိုးမာန်တက်အပြတ်အသတ်ကြဲရာ ပွဲစမှ ပွဲဆံုး ရယ်သံ တအုန်းအုန်းဖြင့် စည်စည်ညံသွားသည် ။


“ဆရာ့ကို ကျွန်တော် ဒါလောက်ရယ်ရမယ် မထင်ဘူး……. ကျွန်တော်ရော ကျောင်းသားတွေပါ အလွန်ပျော်ရ၊ အလွန်ရယ်ရပါတယ်။ နောက်ကို ကျွန်တော့်ကျောင်းကို နှစ်တိုင်း လာလာဟောပေးပါဆရာ...”


ပါမောက္ခချုပ်၏ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်သောစကား...။ မည်သို့ပင်ဖြစ်စေ အီကြာကွေးဆိုသော သတ္တဝါမှာ မုန့်အီကြာကွေးလိုပင် စားကောင်းဝါးကောင်း နှင့် အရသာရှိလှကြောင်း ပါမောက္ခချုပ် သိသွားလေပြီ။


မောင်စိန်ဝင်းနှင့် အပေါင်းပါ ကဗျာအုပ်စု မြောက်ကြွမြောက်ကြွ ဖြစ်နေကြသည်။ ဂုရုကွေးကို ကျောင်းကင်တင်းသို့ ခေါ်သွားပြီး စားစား ကြိုက်ရာစားဟု တစ်ဝကျွေးကြသည်။


°°°°°   °°°°°°°   °°°°°°°   °°°


ကဗျာနှင့် စကားပြေမှာ မတူပေ ။ နှစ်မျိုးစလုံး သူ့နည်းသူ့ဟန်ဖြင့် ခက်ကြသည်ချည်း။ ကဗျာကောင်း တစ်ပုဒ်ရဖို့အားစိုက်ကြိုးစားရသည် ။


ကဗျာဆရာကောင်း ဖြစ်ဖို့မလွယ် ။ထို့အတူ စကားပြောကောင်းသော စာရေးဆရာကောင်း ဖြစ်ဖို့လည်း မလွယ် ။ ကဗျာဆရာသည်များသောအားဖြင့်

ကဗျာဆရာသာ ဖြစ်၍ စာရေးဆရာဖြစ်မလာ ။ စာရေးဆရာသည်လည်း စာရေးဆရာသာ ဖြစ်၍ ကဗျာဆရာ ဖြစ်မလာ ။


မောင်စိန်ဝင်းက ထူးခြားသူ ဖြစ်သည် ။


ပထမဆုံး သူစဖြစ်တာက ကဗျာဆရာ ၊ ကဗျာတွေ ရေးနေရာမှ စကား‌ေြပကိုပါ တွဲရေးလာသည် ။ ကဗျာတွင် အောင်မြင်သလို စကားပြေတွင်လည်း အောင်မြင်သည် ။ မောင်စိန်ဝင်းသည်ကဗျာဆရာသာမက စာရေးဆရာပါ ဖြစ်လာသည် ။


စာရေးခြင်းနှင့် စကားပြောခြင်း ( ဟောပြောခြင်း ) တို့မှာလည်း တစ်ဘာသာဖြစ်သည် ။ စာရေးကောင်းတိုင်း ၊ ကဗျာရေးကောင်းတိုင်း စကားပြော မကောင်းတတ်ကြ ။ စကားပြောကောင်းတိုင်းလည်း စာရေးကောင်း ၊ ကဗျာရေးကောင်း မဖြစ်ကြ ။ စာရေးရော ၊ အပြောပါ စွယ်စုံရသူ ဟူ၍ အတော် ရှားသည် ။


မောင်စိန်ဝင်းကား စာရေးကောင်းရုံသာမကအပြောအဟောလည်း ကောင်းသည် ။


စက် မှုတက္ကသိုလ်တွင် ကျွန်တော့်ကို ဟောဖို့ လာဖိတ်သော မောင်စိန်ဝင်းနှင့်နောက်ပိုင်း မောင်စိန်ဝင်းတို့ အံ့ဩစရာကောင်းအောင် လုံးဝ ကွဲပြားခြားနားသွားသည် ။ ကျွန်တော့်ကို လာဖိတ်တုန်းက ကဗျာဆရာ ပေါက်စ ၊ စက် မှုတက္ကသိုလ်မှ ကဗျာဝါသနာရှင်များစုစည်း၍ ကဗျာစာအုပ်ကလေးများ ထုတ်နေစ ၊ ဝတ္ထုတိုလေးတွေ စမ်းသပ်ရေးသားနေစ ... ။


ကျွန်တော်နှင့် နှစ်အနည်းငယ်ကွဲကွာနေသော ကာလအတွင်း မောင်စိန်ဝင်း တစ်ယောက် တစ်ရိပ်ရိပ် တက်လာသည် ။ ကဗျာဆရာ မောင်စိန်ဝင်း ၊ စာရေးဆရာ မောင်စိန်ဝင်း၊ ထိုမှ.. ကဗျာဆရာ ဝတ္ထုတွင်ပါ စူပါမောင်စိန်ဝင်း .. ။ စာဖတ်ပရိသတ် အသည်းစွဲ ဖြစ်လာသော မောင်စိန်ဝင်း ။


“ မင်းနာမည်နောက်... ပုတီးကုန်းကြီး ဖြုတ်လိုက်စမ်းပါကွာ... မောင်စိန်ဝင်းသက်သက်ပဲ လုပ်စမ်းပါ "


ကလောင်နာမည်နှင့် ပတ်သက်ပြီးကျွန်တော်က ဝေဖန်တော့ မောင်စိန်ဝင်းက ပြုံးထေ့ထေ့ လုပ်၍... ကိုယ့်မြို့ ကိုယ် ဂုဏ်ယူတာပဲ ဂုရုကြီးလည်း တစ်ချိန်က ဓနုဖြူ ကျော်ထွန်း လုပ်ခဲ့တယ် မဟုတ်လား ။ နောက် မှ အီကြာကွေး ဆိုပြီး ကလောင်ထပ်ခွဲတာပဲ.. "


"အေး... မင်းလည်း မောင်စိန်ဝင်း ( ပုတီးကုန်း ) နဲ့ အတည်အခန့်တွေ ရေးရာကနေ နံပြားဆိုပြီး ဟာသ ဖို့ကောင်းတယ် ”


သည်တော့ မောင်စိန်ဝင်း တဟားဟားရယ်သည် ။ ကျွန်တော့် ဦးနှောက်က အနုအလှ ၊ သမုဒယတွေပဲ ထွက်တယ် ။ ဂုရုကြီး ဦးနှောက်လို သွတ်သွတ်သွတ်တွေ ဟိုက်ရှာလပတ်ရည်တွေ မထွက်ဘူး ဟုပြောသည် ။ ကိုယ့်ကို ဟောပြောပွဲလာဖိတ်သော လူငယ်တစ်ယောက် လျှမ်းလျှမ်းတောက်အောင်မြင်သောအခါ ဝမ်းသာရသည် ။ ထို့ထက် အတူတွဲ၍ ဟောပြော

ရသောအခါမျိုး၌ ဝမ်းသာရသည် ။ မောင်စိန်ဝင်းသည် အရေးအသားတွင်သာ

ကြိုးစားသည် မဟုတ် ။ အဟောအပြောတွင်လည်း ပရိသတ် သည်းခြေခိုက်

အောင် ကြိုးစားသည် ။


မောင်စိန်ဝင်းနှင့် ကျွန်တော် မြန်မာပြည်အနှံ့အပြားလှည့်၍ ပွဲပေါင်းများစွာ ဟောခဲ့သည့်အနက် မမေ့နိုင်သော အမှတ်တရ ဖြစ်ရသော ပွဲအချို့ရှိသည် ။ ( ဥပမာ ) ပျဉ်းမနား စာပေဟောပြောပွဲ ။ သည်ပွဲက မောင်စိန်ဝင်းနှင့် ကျွန်တော်သာမက ချစ်ဦးညိုလည်းပါသည် ။ သုံးယောက်ပေါင်းလောင်းကျော်သည့်ပွဲ ။ မြတ်ခိုင်က တစ်နေရာက ကူးလာပြီး ဟောဖို့ ရှိသည် ။ သူအချိန်မီရောက် မလာ ။ ရောက်လာပါက ထိုနှစ်ပျဉ်းမနားပွဲသည် လေးယောက်ပေါင်းလောင်းကျော်ပွဲ ဖြစ်မှာသေချာသည် ။


“ ရန်ကုန်မှာ မီးသွေးမော်တော် ၊ မီးသွေးကားတွေ ခုတစ်လော အဝင်ကြဲနေလို့ မီးသွေးဈေး နည်းနည်းမြောက်သွားတယ် ”


ကျွန်တော့်မှာ စာရေးရင်း တစ်ဖက် မှ မမာမကျန်း ဖြစ်နေသော အဒေါ် အပျိုကြီးကိုပါ ချက်ပြုတ်ကျွေးမွေးနေရသည် ။ ဝတ်ကြီးဝတ်ငယ်ပြုစုနေရသည် ။ စာရေးချိန် ၊ မြို့ထဲထွက်ချိန်တွင်စာရေးဆရာ ၊ ဈေးသွားချိန် ၊ ချက်ပြုတ်ချိန် ၊ လျှော်ဖွပ်ချိန်တွင် အိမ်ရှင်မ ၊ စာပေဟောပြောပွဲတွေ လိုက်ဟောချိန်တွင် စာဟောဆရာ ၊ လူတစ်ကိုယ်တည်းက အသွင်မတူသော ဘဝသုံးမျိုးကို ဒလက်လည်သလို လည်နေရသော ကာလ ၊ အလုပ်အမျိုးမျိုးကို ဇယ်ဆက်သလို လုပ်နေရသောအချိန် ၊ အိမ်မှာ ဆန်ကုန်လျှင် ကိုယ်ပဲပူရသည် ။ ဆီကုန်လျှင်လည်း ကိုယ်ပဲယူရသည် ။ ထင်းကုန်နေလျှင်လည်း ကိုယ်ပဲ ပူရသည် ။ အမျိုးစုံကို ရင်ဝယ်ပိုက်၍ တစ်ယောက်တည်း ပျဉ်းမနားသို့ ထွက် မလာခင်မှာ အိမ်တွင် မီးသွေးကုန်လုလု ဖြစ်နေသည် ။ အချို့ ကို အစောင့်ထားခဲ့သော တပည့်လေးအား မီးသွေးတစ်ပိဿာ ၊ နှစ်ပိဿာ လိုသလို ဝယ်ချက်ဖို့ ပိုက်ဆံပေးထားခဲ့ရသည် ။


“ ရန်ကုန်မှာ မီးသွေးမြောက်နေတော့ ဂုရုကြီး ဘာလုပ်ချင်လို့လဲ "


“ ဒီလိုကွ ၊ ဒီပျဉ်းမနားမှာ မီးသွေးဈေးငါစုံစမ်းကြည့်တာ ရန်ကုန်နဲ့ ဘာမှ မဆိုင်ဘူး ။ အတော်သက်သာတာပဲ "


“ ရန်ကုန်မှာက သယ်ယူပို့ဆောင်တဲ့ စရိတ်ခ ရှိတယ်လေ... ဘယ်ပစ္စည်းမဆို အဝင်နည်းရင် ဈေးမြောက် မှာပဲ ”


“ အဲဒီမြောက်တဲ့ဈေးကို ငါက လိုက် မမီတာ ခက်နေတယ် ။ အပြန်မှာ မီးသွေး တစ်အိတ်လောက် ဝယ်သွားရကောင်းမလားလို့ ငါစဉ်းစားကြည့်တယ်..."


မီးသွေးဆိုသည်နှင့် တီကိုဆားနှင့် တို့သလို မောင်စိန်ဝင်း တွန့်သွားသည် ။


“ မီးသွေးလောက် မည်းတာ မီးသွေးလောက်ပေရေတာ အမှုန်အမွှားကျတာ မီးသွေးပဲရှိတယ် ။ အပ်ပါးနဲ့ ပြန်ရမှာ ခင်ဗျားမီးသွေးအိတ်ကို အပ်ပါးက ဘယ်အတင်ခံမယ် "


“ လပ်ဂိတ်တွဲက တင်မယ်ကွာ ရတာပဲ ”


“ ဒါလောက်လည်း ပင်ပမ်းခံမနေပါနဲ့ ဂုရုကြီး မီးသွေးတစ်အိတ်မဟုတ်ဘူး ။ နှစ်အိတ် ။ ရန်ကုန်ရောက်ရင် ကျွန်တော် ဝယ်ကန်တော့မယ် ။ မီးသွေးသယ်ဖို့ စိတ်ကူးကြီး ဖျောက်လိုက်ပါတော့.. ”


သူက ဖျောက်လိုက်ပါဆိုမှ ကျွန်တော့်တွင် ဖျောက် မရဘဲ အိမ်တွင် ဖင်ကပ်သာသာကျန်ခဲ့သော မီးသွေးအိတ်ကို မြင်ယောင်နေသည် ။ ပျဉ်းမနားမြို့လယ်က ဓမ္မာရုံတွင် စာပေဆွေးနွေးပွဲလုပ်သည် ။ ဆွေးနွေးပွဲတွင် သူတို့‌ေြပာသော စာပေအကြောင်းထက် ကျွန်တော့်ခေါင်းထဲက မီးသွေးအကြောင်းက လွှမ်းမိုးကြီး စိုးနေသည် ။


စာပေအကြောင်းဆွေးနွေးဘဲ မီးသွေးအကြောင်း ဆွေးနွေးလျှင် မည်မျှ ကောင်းချေမည်နည်း ။


“ ကိုနှင်းခိုင် ... ခဏဗျာ.. ပြောစရာရှိတယ်... ”


စာပေဆွေးနွေးပွဲ ကျွန်တော့်အလှည့်အပြီးတွင် ပရိသတ်ထဲမှ မောင်နှင်းခိုင်ကို ဓမ္မာရုံအဝသို့ ခေါ်ထုတ်ခဲ့ရသည် ။ မောင်နှင်းခိုင်နှင့် ကျွန်တော်က ကဗျာဆရာ ဘ၀ ကတည်းက အလွန်ရင်းနှီးကြသော သူငယ်ချင်းတွေ ဖြစ်သည် ။ သူ့ဇနီး စမ်းသီတာ ( ကလော ) ကလည်း ကျွန်တော်နှင့် ရင်းနှီးနေတာ ကြာပါပြီ ။ မောင်နှင်းခိုင် နှင့် အိမ်ထောင်မကျခင် ကလောတွင်နေစဉ်က ကျွန်တော်၏ ကဗျာများကို နှစ်သက်သော သူ့သူငယ်ချင်းမ တစ်ယောက်က စမ်းသီတာတို့အိမ်တွင် ထမင်းကျွေးခဲ့ဖူးသည် ။


“ပြော ဂုရုကြီး ကျွန်တော် ဘာလုပ်ပေးရမလဲ ”


မောင်နှင်းခိုင်က တီတိုး‌ေမးသဖြင့်ကျွန်တော်ကလည်း တီးတိုးပင် ဖြစ်ရပ်အကျဉ်းချုပ်ကို ပြောပြသည် ။


“ စိတ်ချ ဒါ့အတွက် မပူနဲ့ သပ်သပ်ရပ်ရပ် သားသားနားနားလေးဖြစ်အောင်ကျွန်တော် ဖန်တီးပေးမယ်... "


သို့နှယ် ကတိပေးပြီး မောင်နှင်းခိုင် ဓမ္မာရုံပေါ်မှ ဆင်းသွားသည် ။ ဆွေးနွေးပွဲရှိရာသို့ ကျွန်တော်ပြန်လာတော့ မောင်စိန်ဝင်းက


“ ခင်ဗျားတို့ နှစ်ယောက် ဘာတွေ တိုင်ပင်နေတာလဲ... တိုးတိုး တိုးတိုးနဲ့ ၊ ဒီက မြင်ရတယ်နော်... ”


“ မင်းနဲ့ မဆိုင်ပါဘူးကွာ.. ချစ်ဦးညိုနဲ့လည်း မဆိုင်ပါဘူး ။ ငါ့ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ပါ "


ညနေစောင်းတွင် မောင်နှင်းခိုင်နှင့် စမ်းသီတာတို့ကျွန်တော်တို့ တည်းခိုရာသို့ လာ၍ ကျွန်တော့်ကို လက်ဆောင် ပစ္စည်းတစ်ခုပေးသည် ။ ပြာနုရောင် မြွေရေခွံလက်ဆွဲအိတ် တစ်လုံး ၊ အိတ်က အသစ်ကလေး ၊ ဆွဲပိတ်ထား  သောဇစ်ကကြေးဝါရောင်ပြောင်ပြောင်...


ရေဆင်းဟောပြောပွဲတွင် မြတ်ခိုင်ရောက်လာသဖြင့် သူပါ ဝင်ဟောသည် ။ ပျဉ်းမနားသကြားစက်ပွဲနှင့် မြို့မပွဲတွင် ကျွန်တော်တို့ သုံးယောက်တည်း ဟောကြရသည် ။ ရထားကို လိုက်ပို့တော့ မောင်နှင်းခိုင်က သူ့လက်ဆောင် အပြာရောင် အိတ်ကလေးကို ဆွဲပြီး တွဲပေါ်အထိပို့ပေးသည် ။ ကျွန်တော်နှင့် မောင်စိန်ဝင်း ဘေးချင်းကပ်ယှဉ်ထိုင်မည့် ထိုင်ခုံနှစ်လုံးပေါ်မှပစ္စည်းတင်သော စင်ပေါ်တွင် အိတ်ကလေးကို တင်ပေးသည် ။


“ ကိုင်း... ရထားထွက်တော့မယ်... ။ နောက်နှစ်လည်း လာခဲ့ဦး "


“ အဆင်ပြေရင် လာခဲ့မယ် သူငယ်ချင်း ”


ရထားထွက်လာပြီး မကြာခင်ပြဿနာစသည် ။ ရထားအလှုပ်တွင် မောင်စိန်ဝင်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည် ။


" ဘာဖြစ်တာလဲကွ .. ပွင့်ကောင်းငံပြာရည်မခပ်မိလို့လား ”


“ မဟုတ်ဘူး ဂုရုကြီး... ခေါင်းပေါ်ကို ဘာတွေလဲ မသိဘူး ။ တဖွားဖွားကျနေတယ် ... "


“ ရထားက ဖုံတွေ ဖြစ်မှာပေါ့ ”


“ ဘယ်က ဖုံရမှာလဲ .. ဒါအထက်တန်းတွဲ ၊ အပ်ပါးသီးသန့်တွဲ ၊ ခင်ဗျားအိတ်ကို ကျွန်တော် မသင်္ကာဘူး ။ ချပြီး ဖွင့်ရှာရမယ် ”


“ မလုပ်ပါနဲ့ကွာ .. အထဲမှာ ဘိန်းလည်းမပါဘူး ။ မောင်နှင်းခိုင်နဲ့ မစမ်းသီတာ လက်ဆောင်ပေးလိုက်တာပါ ။ မုန့်ပဲသရေစာ တစ်ခုခု ဖြစ်ပါလိမ့်မယ် .. "


" ဟော.. ဟော.. ပြောရင်းဆိုရင်း ထပ်ကျလာပြန်ပြီ ။ မလိုချင်ဘူး ။ရှာမှ ဖြစ်တော့မယ် ... "


အတန်တန် တားနေသည့်ကြားမှ မောင်စိန်ဝင်း အိတ်ကို ဆွဲချပြီး ဇစ်ကို ဖွင့်ကြည့်သည် ။ အတွင်းမှာ အဝတ်အစားလည်း မဟုတ် ၊ မုန့်ပဲသရေစာလည်းမဟုတ် ၊ သူ လုံးဝထင်မထားတာကို တွေ့ရသဖြင့်


“ ဟိုက် ရှာလပတ်ရည် ဂုရုကြီးကတော့ တကယ့်ကို စံနမူနာပါပဲ ဒါကြောင့် ခေါင်းပေါ်ကို တဖွားဖွား ကျတာကိုး .. ”


ဘေးက ခရီးသည်တွေ မမြင်ခင် ဇစ်ကို ကမန်းကတန်း ဆွဲစေ့ပြီးစင်ပေါ် ပြန်တင်သည် ။ ပြီးနောက် စိတ်မသက် မသာသံဖြင့် ညည်းသည် ။


“ မီးသွေးများ ပင်ပန်းခံပြီး ရန်ကုန်အထိ သယ်ရတယ်လို့ ။ ကျွန်တော်ကတော့ အိမ်ရောက်တာနဲ့ ခေါင်းလျှော်ပစ်ရတော့မှာပဲ... ”


“ ငါက ခေါင်းတုံးဆံတောက်ဆိုတော့ လျှော်စရာ မလိုဘူး ။ အေးအေးဆေးဆေးပဲ. . ။ ခေါင်းက ရေလောင်းချိုးလိုက်တာနဲ့ ပြီးတယ် ”


ကျွန်တော်၏ ဘ၀ အခြေအနေကို သိနေသော မောင်စိန်ဝင်းက ပျဉ်းမနားကမီးသွေးကို ရန်ကုန်ရောက်အောင် ကြံဖန်သယ်သော ကျွန်တော့်ကို အပြစ်မတင်တော့ဘဲ တဟားဟားတဝါးဝါး ရယ်နေသည် ။


“ နွမ်ဂျာပါတဲ့ ပွဲတစ်ပွဲကျရင် အဲဒီအကြောင်း ထည့်ဟောဗျာ ။ ပရိသတ်က ကျိန်းသေ ပွဲကျမယ် ...”


နွမ်ဂျာသိုင်းက စက် မှုတက္ကသိုလ်တွင် ခင်မင်ရင်းနှီးခဲ့သည် ။ ဒီငနဲကလည်း ခေသူမဟုတ် ၊ အဟောကောင်း အပြောကောင်း ၊ ပွဲထိန်းကောင်း ၊ ပရိသတ် တဝါးဝါး ပွဲကျအောင် ဟောတတ်သည် ။ အချစ်ဝတ္ထုစာနု ၊ စာနွဲ့တွေ ရေးသော စာရေးဆရာက ဟာသကို ပီပြင်အောင်ပြောတတ်သူ ဟူ၍ သူတစ်ယောက်ပဲ ကျွန်တော်တွေ့ဖူးသည် ။


ပြောတတ်ပေမပေါ့ ။ နွမ်ဂျာသိုင်းဖြစ်မလာမီ တစ်ခြားကလောင် အမည်တစ်မျိုးဖြင့် ဆရာသော်တာဆွေ အဟိတွင် ဟာသ ဝတ္ထုတိုတွေ ရေးခဲ့သည် မဟုတ်ပါလား ... ။


အီကြာကွေး


သောကြာစာစောင်


အမှတ် ( ၄၃၇ ) ၊ ဒီဇင်ဘာလ ၊ ၁၉၉၉ ခုနှစ်


အမှတ် ( ၄၃၈ ) ၊ ဖေဖော်ဝါရီလ ၊ ၂၀၀၀ ပြည့်နှစ်


Saturday, December 5, 2020

အချစ်ကို ဘယ်လို ‌ေြပာရမယ်

 
   ❝  အချစ်ကို ဘယ်လိုပြောရမယ် ❞ 


တေးရေး   သောင်းတင်ဌေး


      မြစ်ယမုံခြား သေလာရိုးမ ဆီးရံခစေ မုန်တိုင်းရယ်ထန် အဆန်ခရီး တက် မစုံ ရွက် မပါ မင်းရှိရာ အလာဝယ် နေပူကြဲတာကြုံတယ် မိုးက သည်းလာ တစ်ဖုံကွယ် နှင်းဖွဲတွေကျ ဒီကာလကို မေ့ပြီလားကွယ် မောင်ရှာပေးလာဖူးတဲ့ ပန်းသဇင်တွေ နှင်းတွေ အပြေးကြားမယ် အတွေးမှားကာ ချစ်နေသူရယ် ‌ဪ မေ့လွယ် မုန်းလွယ် ခက်လိုက်တာ မေ့အပြုံးရယ်က မောင်ဘယ်လို မုန်းနိုင်ပါ့မယ်ကွယ်

      ခုတော့ ခုတော့ မြကြိုးခက် လှမျိုးယှက်ကာ စိမ်းနေသူရယ် မြရွက် မြရိုးသဖွယ် မင်းဘာကြောင့်စိမ်း ယိမ်းညွှတ်စေချင်သော်လည်း စိမ်းကားသူက မြပဝါကိုခြုံ မိုးအဆုံးမြေအဆုံး ရှောင်ခွါပုန်းတော့ကွယ် ရှာလေ ဝေးပြီအချစ်ရယ် ဖွေရှာသူ မောပြီမို့ ကိုယ့်ချစ်သူ ဘယ်မှာရှိတယ် တိုင်တည်ပါရစေ နော်ကွယ် ဖိုးရွှေလမင်းရယ် ဆန်ဖွတ်ရင်း သတင်းပေးပါလားကွယ်

      မိုးမြေရေလှိုင်း ပန်းတိုင်း သက်သေထားပါ့မယ် ကြယ်လစုံသော ညဉ့်လွှာရုံဝယ် ချစ်သူလာမယ့် လမ်းက ပန်းတွေကြဲ အမြဲမျှော်နေမယ် တစ်လောကလုံး မုန်းချင် မုန်းပါစေကွယ် ချစ်တဲ့သူ ပြုံးနေသမျှ မောင့်ဘ၀ ကျေနပ်နေပါ့မယ် ဒါတွေ ညည်းညှာ မယုံရင် ကြယ်စုံရံခ ဖိုးရွှေလကို မေးပါ အချစ်ဦးရယ်

      ( ကြယ်တွေလတွေ ခွန်းဆက်ရတာ နှမြောမိတယ် ရေစက်ရယ်ကြုံ ဘဝရယ် ဖီလာသွား အများနဲ့ ကိုယ့်မှာမတူတယ် လွမ်းမျိုးမေတ္တာ ကုဋေ ကုဋာကြွယ် ကြယ်ရောင်မဖြာ ဪ သော်တာ မလှပြန်တော့ တိမ်မဲညို ကိုလူဆိုး စိုးမိုးတဲ့ ညအမှောင်မှာကွယ် သည်လို ညခင်းမျိုးမယ် လမင်းကြီး ခရီးလွန်နေပြီကွယ် အချစ်ကို ဘယ်လိုပြောရမယ် အချစ်ကို ဘယ်လိုပြောရမယ် )


°°°°°   °°°°°°   °°°°°°  °°°°°°


۝ တီးလုံး သီးသန့်


ဟင်္သာတထွန်းရင် သီဆိုထားတဲ့ 

အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/qqv5xXuVkKBWCQ


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ် သီချင်း ရဲ့ တီးလုံးသီးသန့်


https://yadi.sk/d/tkc9nsrTLDxjWw


°°°°°°  °°°°°°°  °°°°°°°  °°°°°


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်

( ရေဒီယို မှာ လွှင့်တဲ့ သီချင်း )


https://yadi.sk/d/awIPBjnDrAqQXw


မောင်မောင်ကြီး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/BxRWhE1fncnwsQ


သောင်းတင်ဌေး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/ckEqzG6dMTsd7g


ကိုတင်လှိုင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/rdmThe-GMW0f4w


ဟင်္သာတ ထွန်းရင် သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/B1OySchkbNMfTA


လွှမ်းမိုး သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/u9W55L8pJcBKkA


ခင်ညွန့်ရီ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/n8KkrJUYmEbFNQ


အောင်သူ သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/H8j5PTZtuTB5KA


စိုးစန္ဒာထွန်း သီဆိုထားတဲ့ အချစ်ကို ဘယ်လိုပြောရမယ်


https://yadi.sk/d/GovCCJV1sKJ9uw


Friday, December 4, 2020

ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ


❝ ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ ❞


ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးဖြစ်ဖို့အတွက် ရိုး , ရမယ် ၊ အ , ရမယ်လို့

ဆိုလိုတာ မဟုတ်ဘူးနော် ။ ထုံထုံထိုင်းထိုင်း အူတူတူအတတ ဖြစ်ဖို့ မလိုပါဘူး ။


ယောက်ျားလေးတွေဟာ ခေတ်မီတဲ့ မိန်းကလေးတွေကို အထင်သေးတာမဟုတ်ဘူးနော် ။ သရုပ်ပျက်တဲ့မိန်းကလေးကိုသာအထင်သေး တာပါ ။ ခေတ်မီတာနဲ့ သရုပ်ပျက်တာဟာ ကွဲပြားပါတယ် ။ အသိဉာဏ်ရှိတဲ့ မိန်းကလေးဟာ ခေတ်မီပေမယ့် သရုပ်မပျက်ပါဘူး ။ အပြောအဆို ၊ အနေအထိုင် အဝတ်အစား သူ့နေရာနှင့်သူ အံဝင်အောင် ပြောဆိုနေထိုင် ဝတ်စားတတ်တယ် ။


ရှင်းအောင်လို့ ဥပမာပြောပြရရင်တော့ မိန်းကလေးတစ်ယောက် အားကစားကွင်းထဲမှာ ဘောင်းဘီတို ဝတ်တာဟာ အထင်သေးစရာ မဟုတ်ပေမယ့် ဧည့်ခန်းထဲမှာဘောင်းဘီတိုနဲ့နေရင် ၊ ဈေးကို ဘောင်းဘီတိုနဲ့ လာရင်အထင်သေးစရာဖြစ်သွားပြီ ။ ခေတ်မီတာလို့ မမြင်တော့ဘူး ။ သရုပ်ပျက်သွားပြီပေါ့ ။ စဉ်းစားချင့်ချိန်ပြီး သူ့နေရာနဲ့သူ အံဝင်အောင် မဝတ်လို့ပေါ့ ။ ဘောင်းဘီတိုက အဓိကမဟုတ်ဘူး ။ သူ့နေရာနဲ့သူ ဝတ်သင့် မဝတ်သင့်ခွဲခြားတတ်တာက အဓိက ။


ဝတ်စားဆင်ယင်ပြောဆိုနေထိုင်တဲ့ဆီမှာ


အခြေအနေ


အချိန်အခါ


နေရာဒေသ


နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ရင် ခေတ်မီတဲ့ မိန်းကလေး ၊ တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်မယ် ။


နောက်ပြီး ငယ်တဲ့မိန်းကလေးများ


ကလက်တာနဲ့ သွက်တာဟာလည်း ရောထွေးနေကြတယ် ။ မကွဲပြားဘူး ။ သွက်တာဟာ လူအထင်သေးစရာ မဖြစ်ပေမယ့် ၊ ကလက်တာဟာ လူအထင်သေးစရာဖြစ်တယ်ကွဲ့ ။ ကိုယ့်ဝတ်စား

ဆင်ယင်မှု ၊ ကိုယ့်အခြေအနေ ၊ ကိုယ့်အလုပ်အကိုင်နဲ့ အံဝင်ဖို့လိုတယ် ။ စင်ပေါ်က တေးသံရှင်က စကတ်ဝတ်ပြီး နားကွင်းတစ်ဘက်တည်း ဆွဲတာနဲ့ ကိုယ်က အကြော်ရောင်းရင်း ၊ မုန့်ဟင်းခါးရောင်းရင်း  အဲသလို လိုက်လုပ်ရင် သွက်တာမဟုတ်တော့ဘူး ။ ကလက်တာ ဖြစ်သွားရော ။


တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်ဖို့အတွက် ကိုယ့်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့ အသိဉာဏ်ရှိရမယ် ။

ယောက်ျားလေးတွေဟာ ဘဝတစ်သက်တာ အိမ်ထောင်ဖက်အဖြစ် ရွေးတော့မယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးကို ရွေးတာပါပဲ ။


 ◾  ကံချွန် 


  📖 အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း ( ၁ )

Wednesday, December 2, 2020

အမှား နှစ်မျိုး ရှောင်ရေး


 ❝  အမှားနှစ်မျိုးကို ရှောင်ရေး  ❞


အလုပ်တာဝန်တစ်ခုကို ဆောင်ရွက်ရာမှာဖြစ်စေ ၊ ပြဿနာတစ်ရပ်ကို ဖြေရှင်းရာမှာဖြစ်စေ ၊ ရည်မှန်းချက်ပန်းတိုင် ရှိရသည် ။ တစ်နည်းဆိုသော် ရရှိရန်သတ်မှတ်ထားသော အကျိုးတရားရှိရသည် ။ ထိုအကျိုးတရားကို ရရှိအောင်လုပ်ဆောင်ရာတွင် အချိန်ကာလနှင့်ပတ်သက်၍ အချိန်ကိုက် လှုပ်ရှားနိုင်ရန် လိုအပ်သလို နေရာဒေသအလိုက် အခြေ အနေအလိုက် ကိုက်ညီရန်လည်း အရေးကြီး၏ ။


နေရာဒေသ အလိုက်ဖြစ်ရပ်၏ အခြင်းအရာအခြေအနေ အလိုက် လုပ်ထိုက်သည်ထက် ပိုမို လွန်ကဲစွာ ပြုလျှင် အမှားပင် ဖြစ်၏ ။ ဝီရိယရှိတိုင်း ၊ ကြိုးစားတိုင်း ၊ အားစိုက်ခွန်စိုက် လုပ်တိုင်း ကောင်းကျိုးရသည်မဟုတ် ၊ အပ်နှင့် ထွင်ရမည့်အရာကို အပ်နှင့်ထွင်မှသာ အကျိုးရှိ၏ ။ စေတနာပို၍ ပုဆိန်ဖြင့်ပေါက်လျှင် အကျိုးပျက်၏ ။ ထို့ကြောင့် ရှေးလူကြီးသူမများက လက်တွေ့ဘဝမှ ရရှိသော အသိဉာဏ်ကို အခြေပြုပြီး ပိုလွန်းသော အမှားနှင့်ပတ်သက်၍ “ အပ်နှင့်ထွင်ရမည့်အရာကို ပုဆိန်ဖြင့်ပေါက်သည် ” ဟု ရှုတ်ချခဲ့ကြသည် ။


လူ့လောကတွင် နေ့စဉ်နှင့်အမျှ ဤအမှားမျိုး များကို သတိမထားလျှင် ကျူးလွန်မိကြ၏ ။ စေတနာဖြင့် လုပ်သည်ပင် ဖြစ်သော်လည်း မှားလျှင် အကျိုးယုတ်၏ ။ စာရေးသူ ကျောင်းဆရာ လုပ်ခဲ့စဉ်က အတွေ့အကြုံ တစ်ခု ရှိခဲ့၏ ။ကျောင်းသားတစ်ဦး နှင့် ကျောင်းသူတစ်ဦးသည် သမီးရီးစားပင် တိတိကျကျဖြစ်သေးသည်မဟုတ် ၊ လူငယ်တို့စိတ်ကူး

ရုံမျှသာရှိဦးမည် ၊ အခြားအဖော်များလည်း အတူပါသွားကြပါ၏ ။ အချိန်ကျလျှင် ပြန်လာကြမည်သာ ဖြစ်ပါသည် ။ သို့သော် တာဝန်ရှိသူ ဆရာများက စိုးရိမ်လွန်၍ စက်ဘီးများဖြင့် လိုက်သွားကြသည် ။ ကျောင်းသားကြီး များကိုလည်း ခေါ်သွားသည် ။


ဆရာများနှင့် ကျောင်းသားကြီးများလိုက်လာကြသည်ကို မြင်သော် အတူပါသွားသော အ​ေဖာ်များကအထိတ်တလန့် ဖြစ်ကြသည် ။ ကာယကံရှင် ကျောင်း သား နှင့် ကျောင်းသူတို့မှာလည်း ကြောက်လွန်းလှ၍ တောင်ပေါ်သို့ တက်ပြေးပုန်းအောင်းကြသည် ။ ဆရာများနှင့်ကျောင်းသားများက လိုက်လံရှာဖွေကြသည် ။ ခဏအကြာတွင် သတင်းပြန့်၍ မိန်းကလေး၏ အစ်ကိုများပါ တုတ်ဆွဲ ၊ ဓားဆွဲ ရောက်လာကြသည် ။ပုန်းအောင်းနေရာမှ လှမ်းမြင် နေရသော ယောက်ျားလေး နှင့် မိန်းကလေးမှာ ပိုပြီးကြောက်ရွံ့  တုန်လှုပ်မိကြသည် ။ ပုန်းအောင်းနေရာမှလည်း ထွက် မလာရဲတော့ပါ ။


ရှာသူများမှာ ကြာသည်နှင့်အမျှ ပို၍ စိတ်ဆိုးလာကြသည် ။ အစ်ကိုများကလည်း တွေ့လျှင်ရိုက် မည် ၊ ခုတ်မည်ဟု ကြိမ်းမောင်းနေကြသည် ။ ဤသို့ဖြင့် မိုးချုပ်ပြီး မှောင်သွားသည် ။ ရှာဖွေသူများ လက်လျော့၍ ပြန်ကြသည် ။ ကျောင်းသူနှင့်ကျောင်းသား မှာ ပြန်မလာဝံ့တော့၍ တကယ်ပင်ထွက်ပြေးကြရသည် ။ အရေးယူမှု လွန်ကဲသော အမှားကြောင့် ငယ်ရမည့် အမှုသည် ကြီးကြယ်သွားရခြင်းဖြစ်၏ ။


တစ်ဆိတ်ကို တစ်အိတ် လုပ်ခြင်း ၊ လွယ် သော ကိစ္စကို ခက်အောင်ပြုခြင်း ၊ လိုအပ်သည်ထက်ပိုမိုလွန်ကဲစွာ အကျယ်ချဲ့ပြီးလုပ်ဆောင်ခြင်းတို့သည် လွဲမှားခြင်းများပင် ဖြစ်၏ ။ ဝန်နှင့်အား ၊ မြားနှင့်လေး ဆိုသကဲ့သို့ မှန်ကန်စွာတွေးခေါ် မြော်မြင်နိုင်ခြင်း မရှိသည့် ညံ့ဖျင်းမှုသာ ဖြစ်၏ ။ ထိုလုပ်ရပ်မျိုးကို ရှေးလူကြီးသူမတို့ စက်ဆုပ်ခဲ့ကြသည် ။ထို့ကြောင့် “ ကလိန်စေ့ငြမ်းဆင်သည် ” “ ​ေလျှာမွေးသောမသာကို ဗာရာဏသီချဲ့ငိုသည် ” ဟု သရော်ရှုတ်ချကြသည် ။ တိုက်တာဘုရား ၊ ပုထိုး ကြီးကျယ်သောအဆောက်အအုံများကို တက်ရောက်ပြုပြင်ရန်အတွက် ငြမ်းဆင်၍ တက်ရသည် ။ ကလိန်စေ့ ဆိုသည်မှာ သေးသေးငယ်ငယ်မျှသာရှိ၏ ။ ထိုကလိန်စေ ပေါ်သို့ တက်ရောက်ရန် ငြမ်းဆင်နေသူမှာ ပြက်ရယ်ပြု စရာသာဖြစ်၏ ။ ထိုနည်းတူပင် နေ့လမစေ့ခင် သားလျော ( သားပျက် ) ကျသည်ကို စွန့်ပစ်လိုက်ရန်သာ သင့်ပါလျက် ကြီးကျယ်စွာ  ဈာပန အခမ်းအနားကျင်းပပြီး ငိုချင်းသည်ငှား၍ ငိုစေသည် ။ ငိုချင်းသည် ကလည်း “ ဗာရာဏသီရယ်မှလေး -” အစချီပြီး ငိုကြွေးပူဆွေးကြသည် ။ အမြင်မတော်သော အကျယ်ချဲ့မှုပင်ဖြစ်၏ ။


လုပ်ဆောင်မှု ဟူသမျှသည် သူ့ နေရာနှင့် သူ ၊ သူ့အကြောင်းနှင့်သူ ကိုက်ညီရုံမျှသာ ကောင်း၏ ။ပုရွက်ဆိတ်ကို အုတ်နီခဲဖြင့် ထုသတ်နေခြင်းသည်သတ္တဝါနှင့်လက်နက် မမျှ၍ အမြင်မတော်ပါ ။ လုပ်ဆောင်သူအတွက်လည်း မလိုအပ်ပါဘဲ ခွန်အားများကို ပိုပြီး အသုံး ချနေရ၍ မှားယွင်း၏ ။ ထိုနည်းတူပင် ကြက်ဥပြုတ်ကို တင်းပုတ်ဖြင့် ထုခွဲလျှင်လည်း

စားရတော့မည်မဟုတ်ပါ ။ ထိုသို့လွန်ကဲသော အမှားများနှင့်ပတ်သက်၍ ရှေးလူကြီးများက “ ခရုခါးတောင်းကျိုက်ဖမ်းသည် ” “ နှံပြည်စုတ် အမြှောက်နှင့်ပစ်သည် ” ဟု ဆိုရိုးစကားများထားခဲ့၏ ။ နောင်လာနောက်သားတို့ မှတ်သားရှောင်ရှားနိုင်ရန် သရော်ပြီး ဖော်ပြသည့်စကားပုံများ ဖြစ်ပါ၏ ။


အကြောင်းကိစ္စဟူသမျှမှာပင် လွန်ကဲလျှင် မကောင်းပါ ။ စည်းကမ်းရှိခြင်း ၊စည်းကမ်းကို လိုက်နာခြင်းမှာကောင်းပါ၏ ။ သို့သော် လိုက်နာသင့် လိုက်နာနိုင်သည်ထက် တင်းကြပ်လွန်းသော စည်းကမ်းများသည်ကား အကျိုး ပျက်၏ ။ မခံမရပ်နိုင်သည့် အဆုံးတွင် ဖောက်ဖျက်ကျူးလွန်မှုများပေါ် ပေါက်လာတတ်သည် ။ ထို့ ကြောင့် “ တင်းလွန်းလျှင်ပြတ်သည် ” ဟု စကားပုံ ဆိုထုံးပြုခဲ့ကြ၏ ။  


အချို့ မိဘများသည်သားသမီးကို လွန်လွန်ကဲကဲ တင်းကြပ်စွာ ချုပ်ချယ်ကြသည် ။ ချီးမွမ်းစရာရှိလျှင် အသိအမှတ်မပြုသော်လည်း အပြစ်ရှိလျှင်တော့ ကြီးကြီးငယ်ငယ် ခွင့်မလွှတ် ။ ဆုံးမအပြစ်ပေးရာတွင်လည်း ငေါက်ရုံနှင့်ပြီးရမည်ကို ရိုက်နှက်၏ ။ ရိုက်ရာတွင်လည်း တစ်ချက်နှင့် ပြီးသင့်သော အပြစ်ကို ဒေါသအလျှောက်အတိုင်းထက်အလွန် ရိုက် မိတတ်၏ ။ တင်းကြပ်လွန်းစွာ ချုပ်ချယ်ခံရသူ သားသမီး တို့မှာ လိမ္မာသည် ရှား၍ မလိမ္မာသည်သာများ၏ ။ တင်းလွန်းသောကြောင့် ပြတ်ခြင်းဖြစ်၏ ။


လိုအပ် သည်ထက် ပိုလွန်သမျှမှာ အမှားသာ ဖြစ်၏ ။ “ လှစေလိုလို့ သွားချောင်တိုက် ၊ရေစီးကမ်းပြို လိုက် ” ဟူသော ဆိုရိုးစကားသည် လှချင်လွန်း၍ မလှမပ ဖြစ်ရသည်ကိုပြညွှန်ထား၏ ။ “ ပြင်ဖန်များသော် ဘုရားရွှေကူမျောက်နှင့်တူ ” ဟူ

သော စကားပုံသည်လည်း စေတနာပို၍ လိုအပ်သည်ထက်ပိုပြီး ပြုပြင်လွန်းသောကြောင့် ပျက်ယွင်း သွားရသည်ကို ဖော်ပြထားခြင်းဖြစ်၏ ။ “ လူမှာအဝတ် တောင်းမှာအကွပ် ” ဆိုသကဲ့သို့ အဝတ်အဆင်သည် လှပတင့်တယ် စေပါ၏ ။

သို့သော် အဆန်းထွင်၍ ပြင်လွန်းလျှင် အဆင်တန်ဆာကြောင့်ပင် အလှပျက်၏ ။ စိန်ရွှေတန်ဆာဆင်လျှင် လှမည်ထင်၍ တစ်ကိုယ်လုံး ခြေအစ ခေါင်းအဆုံး စိန်ရွှေ အဆင်တန်ဆာများဖြင့် ဖုံးလွှမ်းအောင် ဝတ်ဆင်ထားလျှင် လှတော့မည်မဟုတ်ပါ ။


မျက်ခုံးဆွဲခြင်း ၊ မျက်ရစ်ဆွဲခြင်း ၊ မျက်ခွံ ချယ်ခြင်း ၊ နှုတ်ခမ်းဆိုးခြင်း ၊ ပါးနီလိမ်းခြင်း စသည်တို့ကို လိုအပ်ရုံပြုလျှင် လှသော်လည်းလွန်မင်းစွာပြုလျှင်ကား မလှရုံမက ကြောက်စရာပင်ဖြစ်နေ၏ ။ အငင်မတတ်လျှင် ပန်းလျက်နှင့် မရသကဲ့သို့ အဆင်မတတ်လျှင်ဆန်းလျက်နှင့်မလှပါ ။


လွန်ကဲသောအလှများ နှင့်ပတ်သက်၍ စကားပုံများတွင် ထောင့်စုံအောင် လမ်းညွှန်ပြခဲ့သည် ။


“ ဓားထက်လွန်းပဲ့ ၊ လှံချွန်လွန်းလျှင်ကျိုး ”


“ ဆင်ချည်ကြိုးနှင့် ကြက်ကိုချည်သော်မမြဲ ” စသည်တို့မှာ လုပ်သင့်သည်ထက် ပိုလွန်းသော အမှားနှင့် ထိုအမှားကြောင့် အကျိုးယုတ်ခြင်းကိုပြ၏ ။ အချို့က လွန်သောအမှားကို “ စေတနာနှင့် မှားတာပဲဗျာ ” ဟု ဆင်ခြေဖြင့် ဖြေသိမ့်ကြ၏ ။ သို့သော် အမှားသည် အမှားသာဖြစ်၏ ။ သားဖြစ်သူသည် ဖခင်အပေါ် စေတနာစိတ်ဖြင့် ဖခင်၏ နဖူးတွင် ကိုက်နေ

သော မှက်ခြင်ကို တင်းပုတ်ဖြင့်ထု၏ ။ စေတနာနှင့်ပါဟု ဆိုသော်လည်း သေသောဖခင်မှာ ပြန်မရှင်နိုင်တော့ပါ ။


ထို့ ကြောင့် မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ ၊ မလွန်အောင် မမှားအောင်သတိထားသင့်သည် ။ နေရာဌာနအလိုက် ကိုက်ညီအောင် လုပ်ဆောင်ရမည် ။ ပိုလွန်းလျှင်မှားသကဲ့သို့ ​ေလျာ့လွန်းလျှင်လည်းမှားသည် ။ 


သားသမီးကို လွန်ကဲစွာ တင်းကြပ်လွန်းလျှင် မှားသကဲ့သို့ အလိုလိုက်လွန်းလျှင်လည်း မှား၏ ။ လိုက်နာ သင့်သည့် စည်းကမ်းကို လိုက်နာစေရမည် ။ ဆုံးမသင့်သည်ကို ဆုံးမရ မည် ။ အပြစ်ပေးသင့်သည်ကို အပြစ်ပေးရမည် ။ နေရာတကာမှာ ခွင့်လွတ်လွန်းလျှင် စည်းပျက်ကမ်းပျက် ဖြစ်သွားတတ်၏ ။

အချို့သောမိဘများသည် သားသမီးကို ချစ်သည့် စိတ်ဖြင့်ပြောသမျှယုံ၏ ။ တောင်းဆိုသမျှကိုလိုက်လျော၏ ။ အပြစ်ရှိသော်လည်း ရိုက်ရန်ဝေး၍ ဆိုရုံမျှ မဆိုရက် ၊ ပြောရုံမျှ မပြောရက် ။ ထို့ ကြောင့် တစ်ဆင့်ထက်တစ်ဆင့်တက်၍ ဆိုးလာတတ်ပြီး နောက်ဆုံးတွင် အဖတ်ဆည်မရအောင် ဖြစ်တတ်သည် ။ လျော့လွန်းခြင်း အမှားကြောင့်အကျိုးယုတ်ရခြင်းဖြစ်၏ ။ ထို့ကြောင့် ရှေးလူကြီးများက “ လျော့လွန်းလျှင်ပတ် ” ဟု ဆိုရိုးစကား ထားခဲ့ခြင်းဖြစ်၏ ။


နေရာဒေသအလိုက် ၊ လုပ်ငန်း၏ အခြေအနေ အလိုက် ကိုက်ညီမှုမရှိဘဲ လျော့နည်းနေလျှင်လည်းမှား၏ ။ အပ်နှင့် ထွင်ရမည့်အရာကို ပုဆိန်ဖြင့် ပေါက်သော် အရေးပျက်သကဲ့သို့ ပုဆိန်နှင့်ပေါက်ရမည်ကို အပ်ဖြင့်ထွင်လျှင်လည်း အကျိုးမပြီးနိုင်ပါ ။ ဓားကို ထက်သည်ထက်ပို၍ လွန်ကဲစွာ သွေးလျှင် ပဲ့ သကဲ့သို့ သွေးသင့်သွေးအပ်သလောက် မသွေးလျှင်လည်း အသုံးပြု၍ ရမည်မဟုတ်ပေ ။


အဝတ်အဆင်ကို လိုအပ်သည်ထက်ပို၍ ပြင်လွန်းလျှင်လည်း မလှသကဲ့သို့ လိုအပ်သလောက်သပ်ရပ်တင့်တယ်အောင် ပြင်ဆင်ခြင်းမရှိ ၊ ပစ်စလက်ခတ်နေလွန်းလျှင်လည်း တင့်တယ်ခြင်းကင်း၍ မြင်သူတကာစိတ်ပျက်စရာ ဖြစ်တတ်သည် ။


ထို့ ကြောင့် လုပ်ငန်းတိုင်း နေရာတိုင်းမှာ တင်းလွန်းခြင်း ၊ ပိုမိုလွန်ကဲခြင်း စသည်တို့သည် မှားသကဲ့သို့ လျော့လွန်းခြင်းသည်လည်း မှားယွင်း၏ ။ လွန်သောအမှားကို ရှောင်အပ်သကဲ့သို့ နည်းသောအမှားကိုလည်း ရှောင်ရှားရမည်ဖြစ်သည် ။


နေ့စဉ်နှင့်အမျှ ဖြစ်သည့်ကိစ္စများမှစ၍ လွန်သောအမှားနှင့် လျော့နည်းသော အမှားများကို သတိထားသင့်သည် ။ သူငယ်ချင်း မိတ်ဆွေများနှင့်ဆက်ဆံရာမှာအကန့်အသတ်မရှိ ၊ စည်းလွတ် ဘောင်လွတ်သည်အထိ ရင်းနှီးမှု လွန်ကဲပါက မကြာမီ ပြဿနာနှင့်ကြုံရတတ်သည် ။ သို့သော်ထိုက်သင့်သည့် ရင်းနှီးချစ်ခင်မှု ၊ ပွင့်လင်းမှု ၊ ယုံကြည်စိတ်ချမှု မရှိဘဲ ခပ်စိမ်းစိမ်းနေလျှင်လည်း လူမှုဆက်ဆံရေးတွင် အဆင် ပြေမည် မဟုတ်ပေ ။


အစာအာဟာရ စားသုံးခြင်းသည် လူ၏ အသက်ရှင်သန်ရေးအတွက် အရေးကြီးသော်လည်း စားသင့်စားထိုက်သည်ထက် ပိုမိုလွန်ကဲစွာစားလျှင် “ အစားမတော် တစ်လုတ် ” ဆိုသကဲ့သို့ ဒုက္ခဖြစ်တတ်၏ ။ စားသင့်သည်ထက် လျော့နည်းပြီး စားပါကလည်း အာဟာရယုတ်လျော့၍ အသက်ရှည်မည်မဟုတ်ပေ ။


မည်သည့်ကိစ္စ ၊ မည်သည့်အလုပ်တာဝန်မှာဖြစ်စေ  လုပ်ဆောင်ရာတွင် လွန်ကဲသော အမှားများနှင့်လျော့နည်းသော အမှားများရှိ၏ ။ အချိန်ကာလအလိုက် နေရာဒေသအလိုက် ၊အကြောင်းအရာ အခြေအနေအလိုက်ကိုက်ညီမှန်ကန်အောင် ဆောင်ရွက်ရန် လိုသည် ။ လွန်ကဲသော အမှားနှင့် လျော့နည်းသော အမှားများကို ရှောင်ရှားနိုင်ရန် သတိထားပြီး ကောင်းကျိုးရအောင် ကြိုးစားကြရမည် ဖြစ်ပေသည် ။


     လယ်တွင်းသားစောချစ် 


     စကားပုံမှပေးသော အတွေးအမြင်