❝ မြိန်ရာဟင်းကောင်း ❞
လောကဘံု၌ ဖြစ်လာကြသော လူအပေါင်းတို့သည် နေ့စဉ်ရက်ဆက် မနေမနား သွားလာ လုပ်ကိုင်လျက် ကြီးလေးလှစွာသော လူ့ကိစ္စကြီးကို ပင်ပန်း ကြီးစွာဖြင့်ဆောင်ရွက် နေကြရသည်မှာ စင်စစ်အားဖြင့် ဆိုသော် စိတ်နှလုံး သာယာရွှင်လန်းခြင်းကို ရရှိရန် မျှော်လင့်ကြခြင်းကြောင့်ဖြစ်လေသည် ။
မည်သူမဆို ရေထဲ၌ ကျွဲနွားနှင့်အတူဖက်၍ လယ် ထွန်ယက် စိုက်ပျိုးမှုကို ပြုရခြင်း ၊ ငွေရင်း ကြေးရင်း ကြီးစွာ ထုတ်လျက် ကုန်သွယ်ခြင်း အတတ်ပညာကိုရင်းနှီးစိုက်ထုတ်လျက် လုပ်ကိုင်ရခြင်းတို့မှာ အရိပ်လိုလျှင် နေပူမှ ေစာင့်ရသည် ဆိုဘိသကဲ့သို့ ရှေ့အဘို့ရာ စိတ်ပူပန်ရခြင်းမှ လွတ်ကင်းကြရအောင် ကြိုတင်ပြင် ဆင်နေကြခြင်းဖြစ်ပေသည် ။
ဤသို့ဖြစ်သဖြင့် မျက် မြင်အားဖြင့် လူတို့သည်စိတ်နှလုံးသာယာရွှင်လန်းခြင်း အဖြစ်သို့ရောက်၍ ရပ်တန့်ရသည် မရှိ ။ လူ့ဘဝ၌ မိမိနေရသော အချိန်ကာလကုန်၍ သေမင်းလက်သို့ ပါရသည့်တိုင်အောင် ကိုယ်မအား လက် မအား ဆောင်ရွက်သွားကြရသည်မှာ လူတို့၏ အလိုဆန္ဒသည် အဆုံးသတ်တတ်သော အရာမဟုတ် ။ ဆန္ဒက အဆုံးမသတ်သမျှ ကာလပတ်လုံး စိတ်နှလုံး ငြိမ်းချမ်း သာယာခြင်းကို မရနိုင်ကြသောကြောင့် ဖြစ်လေသည် ။ ထိုကြောင့် အချုပ်မှာအလိုဆန္ဒသာလျှင်ဖြစ်သည်ဟုဆိုထိုက်ပေသည် ။
လက်ထဲတွင် ငွေတသိန်းမျှလောက် ရှိပြီးဖြစ်သော်လည်း အလိုဆန္ဒက တကုဋေလောက်သို့ရောက်၍နေသောသူမှာ လယ်တကွက် နွားတရှဉ်းမျှ ရှိသော်လည်း ၊ လယ်နှစ်ကွက်နွားနှစ်ရှဉ်းသို့ မရောက်သော လယ်သမားလောက် စိတ်၏ ချမ်းသာခြင်းကိုမရနိုင် ။ ထိုငွေတသိန်း၏ပိုင်ရှင်သည် ထိုလယ်သမားလောက် စိတ်၏ ချမ်းသာခြင်းနှင့် မပြည့်စုံ ဖြစ်ရလေသည် ။ ဖြစ် ရ ေသာ ဘဝ၏ အကျိုးကျေးဇူးသည် စိတ်၏ချမ်းသာခြင်းကိုသာ အမှီပြုသည်ဖြစ်သောကြောင့် ထိုသူ၏ ဘ၀သည် လယ်သမားလောက် မကောင်းဟု ဆိုရချေမည် ။ လောကကြီး၌ ခဲဘွယ် ဘောဇဉ် ချို ၊ ချဉ်ရသာ နတ်သုဒ္ဓါ ပင်ဖြစ်လင့်ကစား သုံးဆောင်သောသူကိုသာ အမှီပြု၍ဖြစ်သောကြောင့် တခါတရံချဉ်ပေါင်ရေကြိုမျှလောက် အရသာမရှိ ဖြစ်တတ်လေသည် ။ ထို့ကြောင့် မြိန်ရာသာလျှင် ဟင်းကောင်း သည်ဖြစ်ကြောင်းကို သတိမူသင့်သည် ။
၃၁ - ၇ - ၁၉၃၂
ဇေယျ
No comments:
Post a Comment