❝ သတ်ကွင်းထဲ ရောက်လာပေမယ့် ❞
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်လောက်တုန်းက လုပ်သားပြည်သူ့နေ့စဉ်သတင်းစာမှာ ဆောင်းပါးတစ်ပုဒ် ဖတ်ဖူးပါတယ် ။ ရေးတဲ့ စာရေးဆရာဟာ စစ်မှုထမ်းဟောင်း တစ်ယောက် ဖြစ်ပါတယ် ။ ကလောင်အမည်ကိုတော့ တိတိကျကျ မမှတ်မိပါ ။ ( မှတ်မိသူရှိပါက ဖြည့်စွက်ပေးရန် တောင်းပန်ပါတယ် ။ ) ရေးသားတဲ့အကြောင်းအရာက ဖက်ဆစ်တော်လှန်ရေးကာလ ပဲခူးရိုးမ အရှေ့ဘက်တစ်နေရာမှာ တွေ့ခဲ့ရတဲ့ အတွေ့ အကြုံ ကို အခြေခံထားပါတယ် ။ ဆောင်းပါးဆိုပေမယ့် ဝတ္ထုတိုတစ်ပုဒ်လိုပဲ ခံစားရပါတယ် ။ အကြောင်းအရာက ဒီလိုပါ ။
ဖက်ဆစ်တော်လှန်ရေးကာလအတွင်း အထက်အမိန့်အရ တော်လှန်ရေးပြောက်ကျားတပ်စု တစ်စုဟာ မိတ္ထီလာစစ်မြေပြင်က ဆုတ်ခွာပြီး စစ်တောင်းမြစ်ကို ဖြတ်ကျော်သွားကြမယ့် ဖက်ဆစ်တပ်များကို ချုံခိုတိုက်ခိုက်ချေမှုန်းဖို့စောင့်နေပါတယ် ။
စောင့်နေတဲ့ နေရာဟာ ပဲခူးရိုးမ အရှေ့ခြမ်း တစ်နေရာမှာပါ ။ တော်လှန်ရေးတပ်ဖွဲ့အားလုံး လက်နက်ကိုယ်စီနဲ့ စိတ်အားထက်သန်စွာ စောင့်နေကြပါတယ် ။ ဖက်ဆစ်များကို အပြတ်အသတ် နှိမ်နင်းပစ်တော့မယ်ပေါ့ ။
မကြာခင် ဆက်သားတစ်ယောက်ဆီက ဖက်ဆစ်တပ်ဖွဲ့ တစ်ဖွဲ့ကို တွေ့ရကြောင်း သတင်းပို့ပါတယ် ။ အားလုံး စိတ်လှုပ်ရှားစွာ အဆင်သင့် လုပ်ထားကြပါတယ် ။ သေနတ်မောင်းများကိုလည်း တင်ထားပြီးကြပါပြီ ။ သေေပရော့... ဖက်ဆစ်များ ။
တော်တော်ကလေးအကြာမှာ ဖက်ဆစ်တွေ ဆုတ်ခွာလာတာကို လှမ်းမြင်ရပါတယ် ။ ဆောင်းပါးရှင်ဟာခေါင်းဆောင်ဖြစ်တဲ့အတွက် သူ့အမိန့် မရမချင်း မပစ်ဖို့ အမိန့်ပေးထားပါတယ် ။ သူကိုယ်တိုင်လည်း သေနတ်မောင်းကို အဆင်သင့် တင်ထားပြီး ဖက်ဆစ်ေတွ ပစ်ကွင်းထဲ ရောက်အလာကို စောင့်ဆိုင်းနေပါတယ် ။ ခပ်ပျပျလှမ်းမြင်ရတော့ သူ စ ပစ်မှ ပစ်ကြရမယ်လို့ အမိန့်ပေးလိုက်ပါသတဲ့ ။ သူ စ ပစ်လိုက်တာနဲ့ ချုံခိုတိုက်ခိုက် မယ့်တော်လှန်ရေးသမားများက ပစ်ခတ် ဖြိုခွင်းကြဖို့ပါပဲ ။ ဖက်ဆစ်တွေဟာ ပစ်ကွင်းနဲ့ နီးသထက်နီးလာပါတယ် ။သေသေချာချာ ဂရုစိုက်ကြည့်လိုက်တော့ စစ်တပ်တစ်တပ် စနစ်တကျ ဆုတ်ခွာလာပုံနဲ့မတူဘဲ ခပ်ဖြည်းဖြည်းချင်း ဆုတ်ခွာလာနေတာကို တွေ့ ရပါတယ် ။
ပစ်ကွင်းအတွင်းကို ရောက်လာပါပြီ ။ ဖက်ဆစ်များကိုလည်း သဲသဲကွဲကွဲ မြင်ရပါပြီ ။ ရှေ့ဆုံးက ဗိုလ်တစ်ယောက်ပါ ။ သူ့မှာ အားအင်ကုန်ခန်းနေဟန်ရှိပါတယ် ။ သူ့နောက် မှာ ဒဏ်ရာရလို့ တွဲလာခဲ့ရတဲ့ ဖက်ဆစ်တွေ ။ အချို့က အလဲလဲ အပြိုပြို ။ တစ်ယောက်ကို တစ်ယောက် ဖေးမနိုင်လျှင် ဖေးမ ၊ မဖေးမနိုင်လျှင် လဲပြိုတဲ့ ဖက်ဆစ်ဟာ သူ့ဘာသာ ကြိုးစားထ ။ အချင်းချင်း ကယ်နိုင်သမျှ ကယ်နေသော်လည်း မည်သူမှ အင်ပြည့်အားပြည့်မဟုတ် ။
ဖက်ဆစ်တွေ ပစ်ကွင်းထဲ သတ်ကွင်းထဲ ရောက်လာပါပြီ ။ ခေါင်းဆောင်လုပ်တဲ့ ဆောင်းပါးရှင်က အဲဒီဖက်ဆစ်တွေကို ပစ်မိန့် ပေးရမလား မပေးရဖူးလား ၊ ဘာလုပ်သင့်သလဲ စဉ်းစားနေပါသတဲ့ ။
သူ့လက်ထောက်ကိုကြည့်တော့လည်း ပစ်ခတ်သတ်ဖြတ်ချင်စိတ် သိပ်မတက်ကြွတော့ပါဘူးတဲ့ ။ ငယ်သားတွေ ၊ ရဲဘော်တွေလည်း ကြောင်ပြီး ကြည့်နေကြပါသတဲ့ ။ အထက်အမိန့်ကတော့ ဆုတ်ခွာလာတဲ့ ဖက်ဆစ်တွေကို ချေမှုန်းပစ်ဖို့ပါပဲ ။ ဒါပေမယ့် သူ စဉ်းစားပါတယ် ။ စစ်တိုက်တယ်ဆိုတာ ဉာဏ်ရည်ချင်း ၊ စွမ်းရည်ချင်း ၊ တိုက်ခိုက်ရေး ကျွမ်းကျင်မှုချင်း အစရှိသဖြင့် ယှဉ်ပြိုင်တိုက်ခိုက်ရတာပဲ ။
ချုံခို တိုက်ခိုက်တယ်ဆိုတာ ကိုယ်ကလည်း ဉာဏ်စွမ်းရှိသလောက် ချုံခိုနေမယ် ။ တစ်ဖက်ရန်သူကလည်း ချုံခိုတိုက်ခိုက်ခံရနိုင်တဲ့ နေရာမျိုးရောက်တာနဲ့ သတိ ဝီရိယ ကြီးစွာထားပြီး ရှေးပြေးကင်းလွှတ်တာတို့ ဘာတို့ လုပ်မယ် ။ ချုံခိုတိုက်ခိုက်တဲ့ဘက်နဲ့ စစ်ကြောင်းချီလာတဲ့ဘက်နဲ့ ဉာဏ်ရည် ဉာဏ်သွေး ၊ စစ်ရည် စစ်သွေး ယှဉ်ပြိုင်ကြတာပါ ။
ခုဟာက တစ်ဖက်ရန်သူ ဖက်ဆစ်တွေဟာ ချုံခိုတိုက်ခိုက်ခံရနိုင်တဲ့ နေရာမှန်း မသိလို့ ဟုတ်တန်မတူဘူး ။ သူတို့ အင်အားတွေကုန်ခန်းပြီး ဖြစ်သမျှနည်းနဲ့ ဖြစ်သလို ဆုတ်ခွာခဲ့ကြရတဲ့သူတွေ ။ အစာရေစာလည်း ပြတ်လပ်နေတဲ့ပုံ ။ ဒဏ်ရာ အနာတရလည်း ကြီးကျယ်ခဲ့ကြပုံ ။ စစ်ရှုံးလို့ ပြေးလာရတဲ့သူတွေ ။ သူတို့မှာ ခုခံနိုင်စွမ်း ဘယ်လိုမှ မရှိရှာတော့ဘူး ။
ဒီတော့ ခုလို ချုံခိုတိုက်ခိုက်တာဟာ စစ်စွမ်းရည်ချင်း ယှဉ်ပြိုင်တာ ဟုတ်နိုင်ပါတော့မလား ။ ကိုယ့်ကို ဘယ်လိုမှ ပြန်လည်ခုခံနိုင်စွမ်းမရှိတော့တဲ့ လူတွေကို အထက်စီးကနေ သက်သက် မဲ့ သတ်ပစ်တာနဲ့ တူမနေဖူးလား ။ စစ်တိုက်တယ်ဆိုတာ လူသတ်တာမဟုတ်ဘူး ။ သတ္တိချင်း ၊ စွမ်းရည်ချင်း ယှဉ်ပြိုင်တာ အစရှိတဲ့ အတွေးတွေ တွေးမိပါသတဲ့ ။
တိုတိုဆိုရရင် အဲဒီ ဖက်ဆစ်တွေကို သတ်ကွင်းထဲရောက်နေပေမယ့် ပစ်မိန့်မပေးဘဲ ဖြတ်ကျော် သွားစေလိုက်ပါသတဲ့ ။ ဘာမှ မခုခံနိုင်တော့တဲ့ ရန်သူကို သတ်ပစ်လိုက်လို့က ဘာများ ဂုဏ်တက်စရာရှိမှာတဲ့လဲ ။ ပြီးတော့.……. အဲဒီဖက်ဆစ်တွေဟာ ရိုးမတောင်ခြေကို ကျော်ပြီးရင် စစ်တောင်းမြစ်ကို ဖြတ်ရဦးမယ် ။ အဲဒီကမှတစ်ဆင့် တောတောင်ထူထပ်တဲ့ မြန်မာပြည် အရှေ့ပိုင်းကို ဖြတ်ရဦးမယ် ။ ပြီးမှ ထိုင်းနိုင်ငံဘက် ရောက် မယ် ။ ဒီတော ၊ ဒီတောင် ၊ ဒီမြစ် ၊ ဒီချောင်းတွေကြားမှာ အစာရေစာပြတ် ၊ ရေငတ်နဲ့ ဆုံးပါးကြရဦးမယ် ။ ငှက်ဖျားကလည်း ပေါပါဘိနဲ့ ။ ထိခိုက်ဒဏ်ရာရပြီး ကျန်းမာရေး ချွတ်ခြုံကျနေတဲ့ သူတို့တစ်တွေထဲက ဘယ်နှစ်ယောက် များ သူတို့ရဲ့ နီပွန်နိုင်ငံတော်ကို ပြန်ရောက်နိုင်ပါ့မလဲ ။
ဆောင်းပါးရှင်က မိမိတို့တိုင်းရင်းသားတွေအပေါ် ဖိနှိပ် ညှဉ်းပန်းခဲ့တဲ့ ဖက်ဆစ်တစ်စုကို အဲဒီဖက်ဆစ်တွေ ဘာမှ ပြန်လည်မခုခံနိုင်တော့တဲ့ အချိန်မှာ အသက်ဘေးက လွှတ်ခဲ့ကြောင်း ရေးပြထားပါတယ် ။
အဲဒီဆောင်းပါးကို လုံးစေ့ပတ်စေ့မဟုတ်ပေမယ့် အကြောင်းအရာနဲ့ အနှစ်သာရကိုတော့ ကျွန်တော် မေ့မရနိုင်အောင် စွဲလမ်းနေခဲ့ပါတယ် ။
အဲဒီဆောင်းပါးဟာ ဖက်ဆစ်တော်လှန်ရေးတုန်းက အဖြစ်အပျက် တစ်ခုနဲ့ ဖက်ဆစ်တော်လှန်ရေးသမားတစ်စုရဲ့စိတ်နေသဘောထားကို ဖော်ပြထားပါတယ် ။ ဒီအဖြစ်အပျက်နဲ့ ဒီစိတ်ထားတွေကို ဖက်ဆစ်တော်လှန်ရေး ကာလမှာတင်မဟုတ်ဘဲ အချိန်မရွေး အသုံးချနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ် ။
ဥပမာ ... လူတစ်ဦးချင်း ဆက်ဆံရေးဆိုပါတော့ ။ တစ်ချိန်က ကိုယ့်အပေါ်ဆိုးခဲ့တယ် ။ သူ့ကို လက်စားချေမယ်လို့ စိတ်ကူးပြင်ဆင်ထားတယ် ။ ကိုယ့်ခွင်ထဲရောက်လာပြီ ။ အဲဒီအခါမှာ သူဟာ ချွတ်ခြုံကျနေတဲ့သူ ဖြစ်နေပြီ ။ သူ့ကို ကိုယ်က နိုင်ချင်တိုင်း နိုင်လို့ရနေပြီ ။ အဲဒီအချိန်မှာ အနိုင်ယူမှာလား ၊ သူ့ကို ညှဉ်းဆဲမှာလား ၊ အပြတ်နှိပ်ပစ်လိုက်မှာလား ။ အဲဒီလို လုပ်လို့ ကိုယ့်အတွက် ဘာအကျိုးရှိမလဲ ။ သူ့ဆိုးကျိုးကို သူ့ဘာသာ ခံစားနေရပြီ မဟုတ်လား ။ ခွင့်လွှတ်လိုက်ဖို့ မသင့်ဖူးလား ။ ဒါ အသေးအဖွဲ ကိစ္စလောက်ကို စဉ်းစားမိတာပါ ။ ဒီထက်အရေးကြီးတဲ့ ကိစ္စတွေလည်း ဒီသဘောမျိုး စဉ်းစားနိုင်ပါတယ် ။
တကယ့်မဟာအင်အားကြီး စစ်တပ်တစ်တပ်ဖြစ်တဲ့ အမေရိကန် တပ်မတော်ဟာ ဗီယက်နမ်မှာ အပြစ်မဲ့ရွာသူရွာသားတွေကို အစုလိုက် အပြုံလိုက် သတ်ခဲ့တဲ့ကိစ္စတွေကြောင့် အမေရိကန်တပ်မတော်ရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျခဲ့ဖူးပါပြီ ။
စီးပွားရေးအရ ဖိနှိပ်မှုတွေ ၊ ငွေကြေးနဲ့ အနိုင်ကျင့်မှုတွေကြောင့် အဲဒီ စီးပွားရေးကောင်းလွန်းပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေ အရှက်ရခဲ့ပေါင်းများပါပြီ ။ ဒါပေမယ့် " မျက်နှာပြောင်ပြောင် တီးတဲ့ကောင် ” ဆိုတဲ့ ဆရာမြို့မငြိမ်းရဲ့ သီချင်းစာသားအတိုင်း မျက်နှာပြောင်တိုက်နေကြတာပါပဲ ။ ဂုဏ်သိက္ခာဘက်က စဉ်းစားကြည့်ရင် စီးပွားရေးအင်အား ချို့တဲ့သူတွေကို စီးပွားရေးကောင်းသူတွေက အနိုင်ကျင့်တာဟာ လူ့ယဉ်ကျေးမှုအဆင့်အတန်းအရ နိမ့်လှပါတယ် ။ ညံ့လှပါတယ်။ ရှက်စရာကြီးပါ။
ကျွန်တော် ကြားဖူးတာကတော့ ဉာဏ်ပညာနည်းပါးသူ ယုတ်မာ ဆိုးသွမ်းရင် သိသာပါသတဲ့ ။ဉာဏ်ကောင်းခဲ့သူကောက်ကျစ်ရင် အင်မတန်ဆိုးပါသတဲ့ ။
တကယ်တော့ ကောက်ကျစ်တဲ့သူဟာ ဉာဏ်ပညာ မကြီးနိုင်ပါဘူး ။ ဉာဏ်ပညာကြီးတဲ့သူ ဖြစ်လာရင်လည်း မကောက်ကျစ်တော့ပါဘူး ။ ဉာဏ်ပညာက သူ့ကို ထိန်းသိမ်းစောင့်ရှောက်ပါလိမ့်မယ် ။
ခုန ကျွန်တော်တင်ပြတဲ့ ဖက်ဆစ်တော်လှန်ရေးပြောက်ကျား ခေါင်းဆောင်လိုပေါ့ ။
( ကျွန်တော်တင်ပြတဲ့ ဆောင်းပါးရှင်ရဲ့ အမည်ကို မမှတ်မိတဲ့အတွက်အနူးအညွတ် တောင်းပန်ပါတယ် ။ သိလျှင် ကူညီကြပါခင်ဗျာ ။ )
✒️ မောင်ဝဏ္ဏ
📖 ကျွန်တော် အူကြောင်ကြား
No comments:
Post a Comment