Showing posts with label ရန်အောင်. Show all posts
Showing posts with label ရန်အောင်. Show all posts

Thursday, February 12, 2026

ကံချင်းမတူ


 

❝ ကံချင်းမတူ ❞
   ( ရန်အောင် )

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားသည့်နောက် မြန်မာပြည်၏ လွပ်လပ်ရေးအတွက် မြန်မာတွေ အားတိုက်အင်တိုက် အစွမ်းကုန်ဆောင်ရွက် အရေးဆိုနေဆဲ အချိန်ပင် ဖြစ်ပါသည် ။

ကျွန်တော်ကား မီးရထားလမ်း မြို့နယ်ကလေးတစ်မြို့တွင် နေရသူဖြစ်ရာ ၊ ငယ်စဉ်က ရန်ကုန်မြို့သို့ နှစ်ခေါက်သာ ရောက်ခဲ့ဖူးသည် ။ ကြီးလာသောအခါ ရန်ကုန်မြို့ကြီး သို့ သွားရောက်လည်ပတ်ရန် စိတ်ဇောသန်ခဲ့သော်လည်း အကြောင်းမသင့်၍ မရောက်နိုင်ခဲ့ ။ ထိုအတွင်း စစ်ကြီးဖြစ် လာလေရာ ၊ ရန်ကုန်မြို့တွင် ဗုံးဒဏ် ၊ စက်သေနတ်ဒဏ်များ လွန်စွာကြောက်ရသည်ပြောသဖြင့် ၊ ရန်ကုန်မြို့သို့ သွားလိုစိတ်ကို ဖိနှိပ်ချုပ်တည်း၍ ထားခဲ့ရသည် ။

ယခုအခါ စစ်ကြီး ပြီးပြီဖြစ်သဖြင့် ကျွန်တော်၏ အာသာဆန္ဒ ပြည့်ဝတော့မည်ဟု ဝမ်းမြောက်အားတက်ကာ ၊ ရန်ကုန်မြို့ကြီးသို့ လာခဲ့ပါသည် ။ ရန်ကုန်မြို့ကြီးကား ၊ ကျွန်တော် ငယ်စဉ်အခါက ရောက်ဖူးသည်နှင့် လုံးဝ မတူတော့ဘဲ ၊ စစ်ဘေးစစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်း အိုမင်းရင့်ရော်ကာ အချို့နေရာများတွင် ရွာဆိုးကုန်းကြီး ၊ မြို့ဟောင်းနေရာကြီးလို ဖြစ်၍နေတော့သည် ။ သို့အတွက် ရန်ကုန်ရွှေမြို့တော်ကြီးသို့ ကျွန်တော် လာရကျိုး ၊ လည်ပတ်ကြည့်ရှုရကျိုး မနပ်တော့ဟု ထင်မိပါသည် ။

သို့သော် ကျွန်တော့်အတွက် အရင်းမဆုံးသော အခါကောင်းနှင့် ကြုံခဲ့ပါသေးသည် ။ အကြောင်းမူကား ၊ ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသည့် အမျိုးသားတပ်ပေါင်းစုညီလာခံသဘင်ကြီးကို ရွှေတိဂုံကုန်းတော်တွင် ဆင်ယင် ကျင်းပနေသဖြင့် ၊ ရန်ကုန် ရောက်ရကျိုးနပ်ပြီဟု အယူရှိကာ ထိုညီလာခံကြီးသို့ တက်ရောက်နားထောင်ခဲ့ပါသည် ။

မြန်မာ့လွတ်လပ်ရေးအတွက် ခေါင်းဆောင်ကြီးများ၏ ဟောပြောချက်များကား ၊ အတိုင်းမသိ စိတ်အား တက်ကြွဖြစ်လျက် ၊ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းပြည်လူထုအားလုံး အင်တိုက်အားတိုက် ၊ စိတ်ပါလက်ပါ ဆောင်ရွက်ကြပုံများမှာ ကြက်သီးမွေးညင်းထဖွယ်ပင် ဖြစ်ပါသည် ။

လွပ်လပ်ရေးရန်ပုံငွေ အတွက် လယ်မြေလှူသူ ၊ အိမ်ရာတိုက်တာ အဆောက်အဦလှူသူ ၊ ငွေကြေးလှူသူများ အလျှိုအလျှို ပေါ်ပေါက်ခဲ့ကြရာ ၊ ညီလာခံပရိသတ်၏ ကောင်းချီးသြဘာပေးမှုကို နားကွဲမတတ်ကြားရတွေ့ ရသည်မှာ လွန်စွာ လွန်စွာ စိတ်တက်ကြွဖွယ်ကောင်းပါ တော့သည် ။

ကျွန်တော်လည်း အားကျမခံ ထက်သန်သောစိတ်များ ပေါ်လာကာ ၊ လွပ်လပ်ရေးရန်ပုံငွေအတွက် လှူလိုသောဆန္ဒ ပြင်းထန်လာပါ၏ ။ ကျွန်တော့်တွင် ငွေကြေး အပိုအလျှံ မပါပါ ။ လယ်မြေယာမြေများ လှူဒါန်းရန်မှာလည်း ကျွန်တော်သည် မြေပိုင်ရှင် မဟုတ် လက်လုပ် လက်စားမျှသာ ဖြစ်ရကား ၊ အကျပ်ကျ၍နေပါတော့သည် ။

‘ လွပ်လပ်ရေးရန်ပုံငွေအတွက် ဘာများ လှူဒါန်းရပါမည်နည်း ’ ဟု ကျွန်တော့်ဦးနှောက် ဆူဝေမတတ် ကြံမိပါသည် ။ ငွေလှူသူ ၊ ပစ္စည်းလှူသူ ၊ လက်ဝတ်လက်စား လှူသူများကို ကောင်းချီးသြဘာပေးသည့် အသံသည် နားကွဲမတတ် ဆင့်ကာဆင့်ကာပေါ်လာလေရာ ၊ ထိုအသံများကား ၊ ကျွန်တော့်ကို လှောင်ပြောင်သရော်နေသကဲ့သို့ ထင်မိပါတော့သည် ။

ကျွန်တော်၏ ထက်သန်ပြင်းပြလှသော စိတ်ကား ၊ ဗုံးပေါက်ကွဲသလို ပေါက်ကွဲတော့သည် ။ ကျွန်တော့်အား အပ ပယောဂ မှီကာ တစ်စုံတစ်ခုကို တိုက်တွန်းနေသကဲ့သို့ ဖြစ်တော့သည် ။ ထို့ကြောင့် ကျွန်တော်သည် ထိုင်ရာမှ ငေါက်ခနဲထမိပါသည် ။ ခေါင်းဆောင်ကြီးများ တရားဟောနေရာ စင်မြင့်ဆီသို့ တန်းတန်းမတ်မတ် လာခဲ့သည် ။ စင်မြင့်ပေါ်သို့ ချဉ်းကပ်တက်ရောက်ခဲ့သည် ။

ခေါင်းဆောင်ကြီးများသည် လည်းကောင်း ၊ ညီလာခံ ပရိသတ်ကြီးသည် လည်းကောင်း ၊ ကျွန်တော့်အား အံ့သြ ငေးမောကာ ကြည့်ရင်း ၊ လွပ်လပ်ရေးရန်ပုံငွေအတွက် တစ်စုံတစ်ရာ လှူတော့မည်ဟု မျှော်လင့်ရင်း စောင့်စားနေကြသည် ။

ကျွန်တော်ကား ပရိသတ်ကို လန့်ကာ ၊ မျက်လုံးတွေ ပြာမိုက်၍ သွား၏ ။ ထို့နောက် အရဲစွန့်ကာ ပြောထုတ်လိုက်ပါသည် ။

“ မြန်မာပြည်လွတ်လပ်ရေးရန်ပုံငွေအတွက် လှူစရာ တန်းစရာ ကျွန်တော့်မှာ ငွေကြေးဥစ္စာ မရှိပါ ။ ဒါကြောင့် ကျွန်တော့် ကိုယ်ခန္ဓာနဲ့ အသက်ကို လှူပါတယ် ။ ခေါင်းဆောင်ကြီးများကရော တိုင်းပြည် လူထုကပါ မြန်မာပြည်လွတ်လပ်ရေးအတွက် သုံးလိုရာ သုံးစေ လိုရာစေ သဘောရှိ ပြုလုပ်နိုင်ပါတယ် ”

သြဘာများ နားကွဲမတတ် ဆူပွက်ထွက်ပေါ်လာပါသည် ။ ကျွန်တော်ကား ထူမွှန်၍ သွားသဖြင့် ၊ သတိလစ် သကဲ့သို့ ဖြစ်နေပါသည် ။

ကျွန်တော် စင်မြင့်ပေါ်က ဆင်းခဲ့ပြီးနောက် ပရိသတ် အလယ်သို့ ပြန်ရောက်သောအခါ ကျွန်တော့် ပတ်ဝန်းကျင်ရှိ လူအပေါင်းတို့သည် ကျွန်တော့်ကို အထူးအဆန်းသဖွယ် ငေးမောကြည့်ရှုကြ ၊ မေးစမ်းကြနှင့် တလှုပ်လှုပ် တရွရွဖြစ်နေပါသည် ။

ထိုအခိုက် ကျွန်တော့်ကို ဝိုင်းပတ်နေသည့် လူများ၏ ကြားမှ ထိုးထွက်ကာ ကျွန်တော့် အပါးသို့ ချဉ်းကပ်လာသည့် မိန်းမပျိုကလေးတစ်ဦးကို မြင်ရသည့် အတွက် ကျွန်တော် အံ့သြစွာ ကြည့်နေစဉ် ၊ ထိုမိန်းမပျိုသည် မျက်ရည်တွေဝဲကာ ရင်ကလေး တဖိုဖိုတလှိုက်လှိုက် ဖြစ်နေရှာလျက် ကျွန်တော်၏ လက်ကိုဆွဲပြီး “ ကိုခင်မောင် ကိုခင်မောင် ” ဟု ခေါ်ငင်ရှာလေတော့သည် ။

ကျွန်တော်ကား အံ့အားသင့်၍ သွားပြီး ၊ သူ့ကို ကြောင်စီစီ ကြည့်နေမိပါသည် ။ ကျွန်တော့်ပတ်ဝန်းကျင်ရှိ လူများသည်လည်း ကျွန်တော်တို့ကို စိတ်ပါဝင်စားစွာ ဝိုင်းဝန်း ကြည့်နေကြရာ မိန်းမပျိုသည် ထိုသူများ၏ ဘက်သို့ လှည့်ပြီး “ ဒါ - ကျွန်မယောက်ျားပါရှင် ၊ မြန်မာ့တပ်မတော်ကဗိုလ်ပါ ၊ ဂျပန်ကို တော်လှန်စဉ် ကျဆုံးခဲ့တယ်လို့ သူ့ တပ်သားတွေက ပြောလို့ ကျွန်မမှာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်ပြီး သူ့အတွက် သပိတ်တောင် သွပ်ရပါသေးတယ် ။ အခုလို မသေမပျောက် တွေ့ရတာ ဝမ်းသာလို့ မဆုံးနိုင်ပါဘူး ” ဟု ကရားရေလွှတ်တတွတ်တွတ် ပြောရှာပါတော့သည် ။

ကျွန်တော်ကား ပြန်၍ ပြောရန် စကားစ ရှာမတွေ့တော့ပါ ။ ကလေးမကား လူမှား၍ နေချေပြီ ၊ ကျွန်တော်က သူ့ခင်ပွန်း ကိုခင်မောင် ဆိုသူ မဟုတ်ရကြောင်း ငြင်းပယ်လိုက်လျှင် ကလေးမမှာ ရင်ကွဲပက်လက် ဖြစ်ရှာမည့်အပြင် ပရိသတ်ဗိုလ်ပုံ အလယ်တွင် အရှက်တကွဲအကျိုးနည်း လည်း ဖြစ်ရှာတော့မည် ။ ထို့ကြောင့် ကျွန်တော် ဘာစကားကို ပြောရမည် မသိသဖြင့် တွေတွေကြီး လုပ်ကာ ကလေးမကို ကြည့်နေမိပါသည် ။ အနီးအနားရှိ လူများကလည်း ကျွန်တော်၏ အမူအရာထူးခြားပုံကို အကဲခတ်ကာ ၊ ကြည့်နေကြပါသည် ။

“ ကိုခင်မောင် ... မြ ကို မမှတ်မိတော့ဘူးလားရှင် ” ဟု ဝမ်းနည်းသံဖြင့် ကျွန်တော့် ကို ပြောပြီး ၊ အနီးရှိ လူများ၏ ဘက်သို့ လှည့်ကာ “ ကျွန်မယောက်ျားဟာ စစ်ထဲမှာ ဒဏ်ရာရပြီး နည်းနည်း စိတ်နောက်နေတယ် ထင်ပါရဲ့ရှင် ၊ ဒါကြောင့် ရန်ကုန် ရောက်ရဲ့ သားနဲ့ ကိုယ့်အိမ်ကိုယ် ပြန် မလာတာပေါ့ ၊ ခုတင်က စင်မြင့်ပေါ် တက်ပြီး ၊ သူလုပ်ပုံတွေကို ကြည့်ပါလားရှင် ၊ လွတ်လပ်ရေးရန်ပုံငွေအတွက် သူ့မှာ လှူစရာ ၊ တန်းစရာငွေဥစ္စာ မရှိတဲ့ အတွက် သူ့ခန္ဓာ နဲ့ အသက်ကို လှူပါသတဲ့ ။ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို အသက် မမှတ်ဘဲ ၊ တိုက်ခဲ့ခိုက်ခဲ့တဲ့ စစ်သူရဲကောင်းကြီး လုပ်ခဲ့တဲ့လူ ဖြစ်တော့ ၊ အခုလို ညီလာခံသဘင်ကြီးမှာ သူများတကာတွေ လှူကြ ၊ တန်းကြတာ အားကျပြီး စိတ်လိုက်မာန်ပါ တက်လုပ်လိုက်တာပဲရှင့် ၊ စိတ်ကလည်း နည်းနည်း ... ”

ကလေးမကား ကျွန်တော့်ကို ကရုဏာသက်လှသည့် မျက်နှာထားဖြင့် ကြည့်ကာ ၊ ကျွန်တော် စိတ်နောက်ကြောင်း လုံးစေ့ပတ်စေ့ ဆက်၍ မပြောသည့်သဖွယ် စကားမဆုံးဘဲ ရပ်ထားလိုက်ပါသည် ။

အနီးရှိ လူများသည်လည်း ကျွန်တော့်အား တကယ် စိတ်နောက်နေသူဟု မှတ်ထင်ကာ ၊ ကြင်နာသနားသည့် မျက်နှာထားဖြင့် ၊ ကြည့်ကြပါသည် ။ ‘ မြ ’ ဆိုသည့် ကလေးမကိုလည်း သနားကရုဏာသက်သည့် အမူအရာဖြင့် ကြည့်ကြသည့် အပြင် ၊ ကျွန်တော်တို့ချင်း ထူးခြားစွာ ပြန်လည်ဆုံတွေ့ရသည့်အတွက် ကျေနပ်ဝမ်းမြောက်သည့် မျက်နှာထားမျိုးလည်း ပေါ်နေကြပါသည် ။

“ လာ - ကိုခင်မောင် ..... အိမ်ပြန်ကြစို့ ” ဟု မြ က ကျွန်တော်၏ လက်ကို ယုယစွာ ဆွဲခေါ်လေတော့ရာ ၊ ကျွန်တော့်မှာ တစ်စုံတစ်ရာ ငြင်းပယ်ရုန်းကန်ခြင်း မပြုနိုင်တော့ဘဲ ၊ လိုက်ပါသွားမိပါသည် ။

ရွှေတိဂုံဘုရား၏ တောင်ဘက်စောင်းတန်းမှ နှစ်ယောက်ယှဉ်တွဲကာ ၊ မြက ကျွန်တော့် လက်ကို ကိုင်ဆွဲရင်း ၊ ဆင်းခဲ့ကြပါသည် ။ ခြေတော်ရင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ၊ လူငယ်တစ်ဦး ကျွန်တော်တို့ ထံသို့ ပြေးကပ်လာပြီး “ ဟာ ... အစ်ကိုကြီးပါလား ၊ ဘယ်မှာ တွေ့ခဲ့သလဲ မမ ” ဟု ပျာပျာသလဲမေးပါသည် ။

“ ကုန်းတော်ပေါ်က ညီလာခံသဘင်မှာ တွေ့ခဲ့တယ်ကွဲ့ ၊ သို့ပေမဲ့ မင်းတို့အစ်ကိုကြီး … ” ဟု မြက ပြောပြီး ထိုသူငယ်၏ ဘက်သို့လှည့်ကာ ၊ မျက်ရိပ်မျက်ခြည် ပြလိုက်ပါသည် ။ ကျွန်တော် စိတ်နောက်နေကြောင်း အထိမ်းအမှတ် ပြလိုက်ခြင်းဖြစ်ပါ၏ ။

“ ဪ ” ဟု ထိုသူငယ် ပြောပြီး လမ်းဘေးတွင် ရပ်ထားသည့်မော်တော်ကားပေါ်သို့ တက်ကာ ၊ ကျွန်တော်တို့ အနီးသို့ မော်တော်ကားကို မောင်းနှင်ခဲ့ပြီး ၊ ထိုးရပ်လိုက်ပါသည် ။ ထို့နောက် ထိုသူငယ်ပင် မော်တော်ကား နောက်တံခါးကို ဖွင့်ပေးပါ၏ ။

“ လာ .. ကိုခင်မောင် ၊ မော်တော်ကားပေါ်တက် ၊ အိမ် သွားကြစို့နော် ” ဟု မြက ကျွန်တော့်လက်ကို ဆွဲကာ ၊ မော်တော်ကားပေါ်သို့ တက်စေရာ ၊ ကျွန်တော့်မှာ မငြင်းပယ်သာဘဲ တက်ရပါတော့သည် ။

“ ထွန်းမြတ် .... အိမ်ကိုမ မောင်းနဲ့ဦးဟေ့ ၊ မြို့ကို တစ်ပတ်လောက် ပတ်ပြီး မင့်အစ်ကိုကြီးကို ပြလိုက်စမ်းပါ ဦးကွယ့် ။ လေကောင်းလေသန့်ကလေးများ ရှူရအောင် ” ဟု မြက ဒရိုင်ဘာ ထွန်းမြတ်ကို ပြောရာ ၊ ဒရိုင်ဘာလည်း မြ၏ အမိန့်အတိုင်းပင် ဘုရားလမ်းတစ်လျှောက် သိမ်ကြီးဈေးဆီသို့ မောင်းခဲ့ပါသည် ။

ကျွန်တော်ကား ဘာစကားမှ မပြောနိုင်ပါ ။ ကျွန်တော် ပြောရန်စကားစလည်း ရှာမရပါ ။ ကျွန်တော့်ကို လူမှား၍ နေကြောင်း ဖွင့်၍ ပြောရလျှင် တော်လေမည်လားဟု အကြိမ်ကြိမ် တွေးမိပါသည် ။ သို့သော် ထိုကဲ့သို့ ပြောမည် ကြံတိုင်း ၊ ကျွန်တော့် ပါးစပ်တွင် အာစေးထည့်ထားသကဲ့သို့ မပြောနိုင်အောင် ဖြစ်ရပါ၏ ။

အကြောင်းရင်းကို ရှာသော် ၊ ကျွန်တော့်ကို မြက သူ့ လင် ဟု ထင်ကာ ၊ လင်ပြောသားပြော ပြောနေခြင်းကို လွန်စွာကြည်နူးနှစ်သိမ့်၍ နေမိသည် ။ ယခုကဲ့သို့ မော်တော်ကားကြီး အတူ တွဲစီးရခြင်းမှာလည်း ကျွန်တော့်အတွက် နတ်၏ စည်းစိမ်ကို ခံနေရသကဲ့သို့ပင်ဖြစ်သည် ။ မြ၏ ယောက်ျားစစ်ဗိုလ်မှာ စစ်ပွဲတွင် ဧကန်ပင် ကျဆုံးပြီဖြစ်ဟန် တူ၏ ။ ထို့ကြောင့်သာ ယနေ့ထိ မြ ထံ မရောက်လာခြင်းဖြစ်သည် ။ မြကား သူ့လင် သေပြီ မှတ်ကာ ၊ အပူကြီးပူခဲ့ရှာမည် ။ ယခု သူ့လင်သည် မသေမပျောက် ပြန် ရောက်လာပြီဟု မှတ်ထင်ကာ ၊ အတိုင်းမသိ ဝမ်းမြောက် ရွှင်မြူးနေသည် ။ ကျွန်တော် သူ့လင် မဟုတ်ကြောင်း တပ်တပ်အပ်အပ် ပြောပြလိုက်ပါလျှင် သူ၏ ပျော်ရွှင်ဝမ်းသာမှုတွေ အားလုံး ပျောက်ကာ အနာဟောင်းထသလို အပူကြီး ပြန်၍ ပူရှာတော့မည် ။ ကျွန်တော်ကား ၊ မြ စိတ်မချမ်းမသာ ဖြစ်မည့် ကိစ္စကို မပြုရက် ၊ မပြောရက်အောင် ဖြစ်ချေပြီ တကား ။ ရှင်းရှင်းပြောရလျှင် ကျွန်တော်သည် မြ အပေါ်တွင် မေတ္တာကရုဏာ သံယောဇဉ်ကြိုးတွေ ရစ်ပတ်ဖွဲ့စည်း ချေပြီတကား ။

ကျွန်တော် ထိုကဲ့သို့ တွေးတောရီဝေနေစဉ် “ မောင် ရန်ကုန်ကို ရောက်တာ ဘယ်လောက် ကြာပြီလဲဟင် ” ဟု မြက ကျွန်တော့်ကို ကြည့်ကာ မေးပါသည် ။

“ ဘယ်နှစ်ရက် ကြာနေမှန်းတောင် မသိတော့ပါဘူး မြရယ် ” ဟု ကျွန်တော်က ပြောလိုက်ရာ မြမှာ မျက်ရည်ကလေး လည်၍ နေရှာပါသည် ။

“ မောင် ဘယ်မှာ နေပြီး ဘယ်လို စားသောက်နေသလဲ ”

ကျွန်တော်ကား မြ ထင်နေသည့်အတိုင်းပင် စိတ်နောက်ဟန်ပြုကာ ၊ စိတ်နောက်နေသူများ ပြောသလို ပြောအံ့ဟု ကြံစည်တွေးတောနေစဉ် ၊ “ အို .. .မောင့်ဦးနှောက်တွေ မကောင်းသေးဘူး ထင်ပါရဲ့  ၊ မြက တောမေးတောင်မေး မေးရင် ၊ မောင့် ဦးနှောက် နောက်သထက် နောက်နေပါလိမ့်မယ်လေ ။ မမေးတော့ပါဘူး ။ ဘာမှ ပြန်မပြောနဲ့ မောင် ဟောဒီဟာ သိမ်ကြီးဈေး မောင်ရဲ့ ၊ ဒီရုံနဲ့ စီရုံကို အင်္ဂလိပ်တွေ ပြေးကာနီးမှာ မီးရှို့ပစ်ခဲ့လို့ အတွင်းမှာ ဆိုင်တွေ မရောင်းနိုင်ဘူး ။ အပြင်တန်းမှာဘဲ ရောင်းကြတယ် ” ဟု မြ က မော်တော်ကားပေါ်မှ လက်ညှိုးညွှန်ကာ ပြပါသည် ။

မော်တော်ကားသည် တရုတ်တန်းတစ်လျှောက် ကမ်းနားဘက်သို့ မောင်းခဲ့ပြီး ၊ ကမ်းနားလမ်းအတိုင်း အရှေ့ဘက်သို့ ကွေ့ကာ မောင်းခဲ့ပါသည် ။

“ ဟော ဒီနေရာဟာ ဗိုလ်တထောင် ဘုရားပေါ့ မောင်ရဲ့ ။ ဂျပန်လက်ထက်က အင်္ဂလိပ်တွေရဲ့ ဗုံးဒဏ်ကြောင့် ပျက်စီးရတယ် ”ဟု မြ က ပြောပြပြန်ပါသည် ။

ထို့နောက် ဗိုလ်တထောင်မှကွေ့ကာ ပုဇွန်တောင် မီးရထားခုံးကြီးမှ ကျော်ဖြတ် မောင်းနှင်ခဲ့ရာ ၊ အတန်ကြာလျှင် ကန်တော်ကြီးစောင်းသို့ ရောက်ခဲ့ပါသည် ။

“ ဟေ့ - ထွန်းမြတ် မော်တော်ကားကို ခဏလောက်ရပ်ပါကွယ် ” ဟု မြက ပြောသဖြင့် ၊ ဒရိုင်ဘာသည် ကန်တော်ကြီးစောင်းတွင် ရပ်လိုက်ပါသည် ။

“ မောင် ... ပတ်ဝန်းကျင် စိမ်းစိမ်းစိုစိုတွေ ကြည့်နော် ။ လေကောင်းလေသန့်လည်း ဝအောင်ရှူ ၊ ဟုတ်လား ။ ဒီကနေ ဖူးမှ ရွှေတိဂုံစေတီတော်ကြီးဟာ ၊ ပိုပြီး ကြည်ညိုဖို့ မကောင်းဘူးလားမောင်ရယ် ” ဟု မြ က တီတီတာတာ ပြောကာ လက်ညှိုးကလေးတငေါက်ငေါက်နှင့် ပြရှာပါ တော့သည် ။

ကျွန်တော်၏ စိတ်တွင် မြ နှင့် ကျွန်တော်မှာ တကယ်ပင် လင်မယားဟု ထင်မှတ်မိကာ ၊ ဤကဲ့သို့ တစ်သက်လုံး နေသွားချင်စိတ်ပေါ်လာပါသည် ။ မတော်တဆ သူ့လင် အရင်း ကိုခင်မောင် ဆိုသူ ရောက်လာပါက ၊ ကျွန်တော်တို့ချင်း ကွဲကာ ကွေကွင်းရတော့မည်ဟု တွေးမိကာ ၊

ကိုခင်မောင် ဆိုသူ ရောက်မလာပါစေနှင့်ဟုပင် ဆုတောင်းမိပါသေးသည် ။

“ အိမ်ပြန်ကြစို့လား မောင်ရယ် ” ဟု မြက ပြောသဖြင့် ကျွန်တော်ခေါင်းညိတ်ပြလိုက်ပါသည် ။ မော်တော်ကားသည် ကန်တော်ကြီးကို ပတ်ပြီးနောက် ကိုယ့်မင်းကိုယ့်ချင်း လမ်းပေါ်သို့ ရောက်လာသည် ။ ထို့နောက် ကုက္ကိုင်းလမ်းပေါ်တွင် ပြေးလျက်ရှိသည် ။ အတန်ကလေး ကြာလျှင် ကျယ်ဝန်းသော ဝင်းကြီး တစ်ခု အတွင်းသို့ ဝင်ခဲ့သည် ။ ကျွန်တော်ကား မည်သူနှင့် တွေ့ပြီး ၊ မည်ကဲ့သို့သော အဖြစ်ထူးမျိုးနှင့် ကြုံရလေဦးမည်နည်းဟု တွေးကာ အသည်းတထိတ်ထိတ် ရင်တဖိုဖို ရှိတော့သည် ။

ဝင်းအတွင်းရှိ တိုက်ခံအိမ်ကြီး တလုံး၏ ဆင်ဝင် အောက်တွင် မော်တော်ကား ရပ်လိုက်သည့် တစ်ပြိုင်နက် “ မေမေ … မေမေ ” ဟု မြက ကြည်လင်အောင်မြင်သည့် အသံကလေးနှင့် လှမ်းခေါ်လိုက်ပါသည် ။

အသက် ၅ဝ ကျော်အရွယ် အဒေါ်ကြီး တစ်ယောက် တိုက်တွင်းမှ ထွက်လာကာ ၊ ကျွန်တော်တို့ကို မြင်လျှင်ပင် “ ဟဲ့ - မောင်ခင်မောင် မဟုတ်လား ၊ ဘယ်မှာ တွေ့ခဲ့သလဲ ” ဟု ဝမ်းသာအားရ ပြောပြီး မော်တော်ကား အနီးသို့ ပြေးကပ်လာပါသည် ။

မော်တော်ကားတံခါးကို ဒရိုင်ဘာ ဖွင့်ပေးသဖြင့် ၊ ကျွန်တော်တို့ နှစ်ယောက် ဆင်းကြလေရာ ၊ မြ၏ မိခင်ကြီး မှာ ကျွန်တော့်အား ပွေ့တော့မလို ဖက်တော့မလို ပြုရင်း ၊ “ အမယ်လေး .. ဝမ်းသာလိုက်တာ သားရယ် - မေမေတို့ဖြင့် ၊ မင်း သေပြီကြားလို့ ပူလိုက်ဆွေးလိုက်ရတာ မပြောပါနဲ တော့ ” ဟု ဆိုရှာသည် ။

ကျွန်တော်လည်း အလိုက်သင့်အလျားသင့်လိုက်လျော ပြောဆိုရန် စကား ရှာကြံ၍ မရသဖြင့် ငေးကြောင်ကြောင်ဖြစ်ကာ ၊ မြတို့ အမေကို စိုက်ကြည့်နေစဉ် ၊ မြသည် သူ့မိခင်ကို လက်တို့ပြီး တိုက်အတွင်းသို့ ခေါ်သွားပါသည် ။

ကျွန်တော် ဦးနှောက်ပျက်ကာ စိတ်နောက်တောက်တောက် ဖြစ်နေကြောင်း ၊ တိုးတိုးတိတ်တိတ် ပြောပြခြင်း ဖြစ်မည်ဟု တွေးမိပါသည် ။ ချက်ချင်းလိုပင် မြ ထွက်လာပြီး ...

“ လာ - မောင် ။ တိုက်ထဲကို ဝင်လေ ” ဟု ခေါ်သဖြင့် ဟု တိုက်တွင်းသို့ဝ င်မည့် ဆဲဆဲတွင် ရန်သူတော်တစ်ဦး ပေါ် လာပါတော့သတည်း ။

သင်္ဘောခွေး အမွေးစုတ်ဖွားကလေးသည် ကျွန်တော့် အား စားတော့မတတ် ၊ ဝါးတော့မတတ် ဟောင်ဟိန်းကာ ကိုက်ခဲမည် တကဲကဲ ပြုနေပါတော့သည် ။

“ ဟဲ့ ပါပီ ၊ ဒါ နင့်သခင်လေ ၊ အမယ်လေး သခင်နဲ့ ကွဲနေတာကြာလို့ မေ့နေတယ်ထင်ပါရဲ့ မောင်ရယ် ၊ ဒါမှ မဟုတ်ရင်လည်း မောင် တခြားကို ကြာရှည်လေးမြင့် သွားနေရမလားလို့ စိတ်ဆိုးစိတ်နာပြီး ၊ ရန်တွေ့တာများလား မဆိုနိုင်ဘူး ” ဟု မြ က ပြောသော်လည်း ၊ ကျွန်တော်ကား ကိုယ့် အကြောင်း ကိုယ်သိကာ ၊ ဝမ်းတွင်းက ပြုံးမိပါသည် ။

ခွေးကလေးကို မြက ပွေ့ဖက်ထားသဖြင့် ကျွန်တော် တိုက်တွင်းသို့ ဝင်ကာ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ရာ မြ မှာလည်း ခွေးကလေးကို ပွေ့ချီရင်း ၊ ကျွန်တော်၏ အနီး ကုလားထိုင်တွင် ထိုင်ပါသည် ။ ပါပီကား မြ၏ရင်ခွင်ထဲကပင် ကျွန်တော့်ကို ပြူးတူးပြဲတဲကြည့်ကာ တဟင်းဟင်း ၊ တဟဲဟဲ လုပ်၍နေသဖြင့်  ၊ ကျွန်တော်အတော်ကြီး ထိတ်လန့်တုန်လှုပ်မိပါသည် ။ အကြောင်းမူကား ကျွန်တော် သည် မြ၏ လင် ကိုခင်မောင်မဟုတ်ကြောင်း မြ အစရှိသော လူအပေါင်းတို့က မသိကြသေးသော်လည်း ပါပီ က ကောင်းစွာသိပါသည် ။ ခွေးက ဟိန်းဟောင်တိုင်း ၊ ကျွန်တော်၏ နားတွင် “ နင်ဟာ - ငါ့သခင် မဟုတ်ဘူး ၊ အတုအယောင် လူညာ ၊ နင် ငါတို့အိမ် မလာနဲ  ၊ အခုထွက်သွား ” ဟု အော်ဟစ်မောင်းနှင်နေသကဲ့သို့ မှတ်ထင်ကာ ရှက်စိတ် ကြောက်စိတ်တွေ ပေါ်၍ နေပါတော့သည် ။

ကျွန်တော်ကား စကားထွေထွေလာလာ မပြောဘဲ ၊ ထူးဆန်းစွာ တွေ့ရကြုံရပုံတွေကို အံ့သြ - တွေဝေစွာ တွေးတောနေမိပါသည် ။ ထိုကဲ့သို့ ကျွန်တော် တွေတွေဝေဝေကြီး ဖြစ်နေခြင်းမှာ ၊ ကျွန်တော်၏ ဦးနှောက်မကောင်းဘဲ စိတ်နောက်သည့်ဝေဒနာကြောင့်ဟု မြ က ထင်မှတ်ကာ ကျွန်တော့်အားလည်း စကားအကျယ်အပွား မပြောဘဲ ငြိမ်သက်တိတ်ဆိတ်စွာ ကျွန်တော်၏ အကဲကလေးကို ကြည့်နေပါသည် ။

ကျွန်တော်သည် မြတို့၏ တိုက်အတွင်းရှိ ၊ အိမ်ထောင် ပရိဘောဂများကို ကြည့်ရှုမိပါသည် ။ တစ်ယောက်ထိုင် နှစ်ယောက်ထိုင် ဆိုဖါကြီးများ ၊ တဖိတ်ဖိတ်တောက် ပြောင်သည့် စားပွဲကုလားထိုင် ၊ ဗီရိုကြီးများ ၊ အဖိုးတန် နာရီကြီးများ စသည်တို့ကို တစ်ခုပြီး တစ်ခု ကြည့်ရှုမိစဉ် ၊ တစ်စုံတစ်ခုသောနေရာသို့ မျက်စိစူးစိုက်မိရာ ၊ ကျွန်တော် အတိုင်းမသိ အံ့သြသွားမိပါသည် ။

အလျား ၃ပေခန့်  ၊ အနံ ၂ ပေခန့် ရှိသော ရွှေဘောင်ကြီးအတွင်းတွင် မြန်မာ့တပ်မတော် စစ်ဝတ်တန်ဆာအစုံအလင် နှင့် ရိုက်ထားသည့်ဓာတ်ပုံကား ၊ ကျွန်တော်နှင့် ရွေးမရအောင် တူသောပုံ ဖြစ်နေလေတော့သည် ။ ကျွန်တော် နှင့် ကိုခင်မောင် မှာ တူယောင်ရိုးမှားမျှသာ ဖြစ်လျှက် ၊ မြတို့နှင့် ကွဲကွာနေသည်မှာ ကြာပြီဖြစ်သောကြောင့် ကောင်းကောင်းမမှတ်မိသည့်အတွက် မြတို့က ကျွန်တော့်ကို ကိုခင်မောင်ဟု ထင်ယူစွဲပိုက်ခြင်း ဖြစ်သည်ဟု ကျွန်တော် ထင်မိခဲ့သော်လည်း ၊ ယခု - ကိုခင်မောင်ပုံ၏ ပုံကို မြင်ရသော အခါတွင်ကား ၊ ကျွန်တော်၏ ထင်မြင်ယူဆချက်အတိုင်းမဟုတ်ဘဲ ကျွန်တော် နှင့် ကိုခင်မောင်မှာ လူအစစ်နှင့် မှန်ထဲက ပုံပမာ ချွတ်စွပ်တူနေကြောင်းကို တွေ့ရလေရာ မြ သာမက ၊ ကိုခင်မောင် ကို သိသူ မှန်သမျှသည် ကျွန်တော့် အား ကိုခင်မောင် ဟုပင် ထင်မှတ်ကြတော့မည်ဟု တွေးမိပါသည် ။သို့သော် ကျွန်တော်ကား ကိုခင်မောင် မဟုတ် ကြောင်းကို သိသူ တစ်ဦးတည်းသာ ရှိပါသည် ။ ထိုတစ်ဦးကား စကားမပြောတတ်သည့် ခွေးကလေး ပါပီပင် ဖြစ်ပါ တော့သည် ။ ပါပီ သာ စကားပြောတတ်သူ ဖြစ်ပါဘိမူကား ၊ ကျွန်တော်၏ အခြေအနေမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမည် အမှန်ပင် ဖြစ်ပါတော့သည် ။

“ မောင် .. ရေချိုးလိုက်ပါဦးလား - မောင့်အဝတ်အစားတွေကလည်း မည်းလှညစ်လှပါပြီ မောင်ရယ် ၊ ရေချိုးပြီးမှ အဝတ်အစား လဲရအောင်နော် ” ဟု မြ က ပြောသဖြင့် ၊ ကျွန်တော် ထိုင်ရာမှ ထပါသည် ။ သို့သော် ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်သဖြင့် ၊ ရေချိုးခန်း မည်သည့်နေရာတွင် ရှိသည်ကို ကျွန်တော် အဘယ်မှာလျှင် သိပါအံ့နည်း ။

ထို့ကြောင့် ကျွန်တော် မတ်တတ်ရပ်ရင်း ယောင်ငေးငေးကြီး ဖြစ်နေသည်ကို မြင်သော မြသည် ကျွန်တော်၏ စိတ်တွေရီဝေနောက်ကျိနေသဖြင့် မသွားတတ်မလာတတ်ဖြစ်သည်ဟု ထင်ကာ ၊ “ ဟေ့ ... မိတုတ်ရေ လာစမ်း ၊ မောင့်ကို ရေချိုးခန်း လိုက်ပြလိုက် ၊ ရေလဲတို့ ဆပ်ပြာခွက်တို့ မျက်နှာသုတ်ပုဝါတို့ အသင့်ထုတ်ပေး ဟေ့ ” ဟု အစေခံမကလေးကို အမိန့်ပေးပါသည် ။

ကျွန်တော်ကား အစေခံမကလေး ရှေ့ဆောင်ညွှန်ပြရာသို့ လိုက်ပါကာ ၊ ရေချိုးခန်းတွင် ရေချိုးရပါ၏ ။ သို့ချိုးရင်း ကိုခင်မောင်၏ ဘဝနှင့် ကျွန်တော့် ဘဝကို နှိုင်းယှဉ် စံထိုး၍ ကြည့်မိပါသည် ။ ကျွန်တော်ကား တောတွင် မွေးသည့် တောသားသာ ဖြစ်ခဲ့ပါသည် ။ ကိုခင်မောင်ကား ၊ မြို့ကြီး ပြကြီးသား ဖြစ်လျက် ၊ စည်းစိမ်ဥစ္စာဘောဂဗလနှင့် ပြည့်ဝကုံလုံသူ ဖြစ်ပါသည် ။ ကျွန်တော်ကား ကံထူးသဖြင့် ရွှေအိမ် ဘုံမြင့်ခုနှစ်ဆင့်သို့ ရောက်လာရသော ကျီးငှက်ပမာ အတန်ကြာလျှင် ပျံသန်းထွက်ခွာသွားရလေမည်လားဟု တွေးမိသောအခါ ကျွန်တော် အကြီးအကျယ် စိတ်မချမ်းမသာ ဖြစ်ရပါတော့သည် ။ ကိုခင်မောင် ပြန်မလာပါစေနှင့်ဟု ကျွန်တော် မတောင့်တထိုက်သော ဆုကိုပင် တောင်းမိပါသည် ။

ထိုအခိုက် “ မောင် ... မောင် ” ဟု ခေါ်သည့် မြ၏ အသံကို ရေချိုးခန်းအပြင်ဘက်မှ ကြားရသဖြင့် အလန့်တကြား ဖြစ်ကာ “ ဘာလဲ - မြ ” ဟု ကျွန်တော်က ထူးလိုက်ပါသည် ။

“ ဪ …. တခြားကြောင့် မဟုတ်ပါဘူး ၊ မောင် ရေချိုးတာ ကြာလွန်းလို့ မူးများလဲနေသလားလို့ စိုးရိမ်ပြီး ခေါ် ကြည့်တာပါ ” ဟု မြ၏ အသံကို ကြားရပါသည် ။

ကျွန်တော်ကား ကြင်နာလှသော မယားကလေးကို ရနေသဖြင့် ဝမ်းမြောက်မိလှပါသည် ။ သို့သော် အမှန်စင်စစ်မှာကား မြမှာ ကျွန်တော်နှင့်မဆိုင် ကျွန်တော်ပိုင် မဟုတ်ကြောင်း တွေးမိသောအခါ စိတ်ပျက်အားငယ်မိပါတော့သည် ။ မတော်တဆ ကိုခင်မောင် မသေမပျောက်ဘဲ ပြန်ရောက်လာမည်လားဟု တွေးကာ ၊ ပူပန်စိုးရိမ်မိပါသေးသည် ။

“ မောင်ရေ ရေချိုးပြီးရင် ပြောနော် ၊ မောင့်လုံချည် အဟောင်းကို ပြန်မဝတ်နဲ့  ၊ ဟောဒီက လုံချည်သစ်ကို ဝတ်ရမယ် ” ဟူသော မြ၏ အသံကို ကြားရသည့်အတွက် ရေချိုးပြီးလျှင် တံခါးဖွင့်လိုက်ရာ လုံချည်သစ်ကိုင်ကာ ၊ စောင့်စားနေသော မြ ကို တွေ့ရပါသည် ။

ကျွန်တော် လုံချည်လဲပြီးလျှင် ၊ မြက “ လာ မောင် အဝတ်အစားလဲရမယ် ” ဟု ပြောကာ ၊ ရှေ့ဆောင်ခေါ်ငင် သွားသဖြင့် အပေါ်ထပ်သို့ တက်လိုက်သွားရပါသည် ။ အဝတ်လဲခန်းတွင် အဝတ်ဗီရိုများ ကို ဖွင့်ပေးပြီး “ ကဲမောင် ဝတ်ချင်တာဝတ် ” ဟု စေတနာရေစီးကမ်းပြို လိုက်ပါ တော့သည် ။

အဝတ်ဗီရိုထဲတွင် အဝတ်အစား အသစ်စက်စက်များက ဗီရိုတစ်လုံး ၊ လျှော်ဖွပ်ပြီး မီးပူတိုက်ပြီးများက တစ်လုံး ဖြစ်ရာ ၊ ထိုအဝတ်များကား ၊ သူတို့၏ အရှင်သခင်ကို မျှော်လင့်စောင့်စားနေကြဟန်တူပါသည် ။ အဝတ်များသည် ပါပီကဲ့သို့ သိတတ်သောဝိညာဉ်သာ ရှိကြပါက ကျွန်တော့်အား လှောင်ပြောင်သရော်ကြပေလိမ့်မည် ။ ကျွန်တော်ကား အဝတ်အစားများကို ကြည့်ရင်း တွေး၍ ရှက်မိပါသေးသည် ။

လျှော်ပြီးဖွပ်ပြီး အဝတ်ဗီရိုထဲမှ ကျွန်တော် နှစ်သက်သည့် အဆင်အသွေးများကို ရွေးယူဝတ်ဆင်ပြီးနောက် အောက်ထပ်သို့ ဆင်းခဲ့ရာ ၊ မြက ဆီးပြီး -

“ အမယ် မောင်က ဒီလုံချည်နဲ့ အင်္ကျီတော့ အားကြီး ကြိုက်တယ်နော် ၊ အရင်တုန်းက ဆိုရင်လည်း ဒီအဝတ်အစားကို အမြဲလိုလို ဝတ်တာပဲ ” ဟု ပြောလိုက်ရာ ကျွန်တော့်မှာ ကိုခင်မောင် နှင့် ရုပ်ချင်းသာ တူသည်မဟုတ် ၊ အကြိုက်ချင်းလည်း တူနေသဖြင့် အံ့သြရပြန်ပါသည် ။

ထိုနေ့ညနေတွင် ညစာ စားကြပါသည် ။ ကျွန်တော် နှင့် မြ အပြင် မြ၏မယ်တော်ကြီး ပါ အတူ စားကြပါသည် ။ ချက်ပြုတ်ကြော်လှော်ထားသော ဟင်းများမှာ ကျွန်တော်၏ အကြိုက်ချည်းပင်ဖြစ်တော့သည် ။ မြ က “ မောင်က ငါးသလောက် ကြိုက်တတ်လွန်းလို့ တမင်ဝယ်ပြီး ကြော်ရတာ မောင်ရဲ့ ၊ အရင်ကလို လိပ်ဥကလေးလည်း စားချင်သေးတယ်မဟုတ်လား ” ဟုပြောပြီး ငါးသလောက်ကြော်များနှင့် လိပ်ဥပြုတ်ကို ကျွန်တော်၏ ပန်းကန်ထဲသို့ ထည့်ပေးရှာပါသည် ။

ထိုညတွင် ကျွန်တော်တို့ နှစ်ယောက် အပေါ်ထပ် ပီယာနိုခန်းတွင် ထိုင်နေကြပါသည် ။ “ မြက ပီယာနို တီးမယ် ၊ မောင်က သီချင်းဆိုနော်  ၊ မောင်မကြာမကြာ ဆိုတတ်တဲ့ သီချင်းဟာ ဘာတဲ့လေ မြ မေ့နေလို့ ”

ဤတစ်ချီတွင် ကျွန်တော် အခက်တွေ့တော့သည် ။ ကျွန်တော် ရသည့်သီချင်းတစ်ပုဒ်ကို ကောက်ကာငင်ကာ ပြောလိုက်လျှင် ကိုခင်မောင် ဆိုနေကျ သီချင်း မဟုတ်ချေ သော် ခက်လိမ့်မည် ။ ကျွန်တော်၏ အလိမ်တွေပေါ်တော့မည် ။ ကျွန်တော်ကား ကိုခင်မောင် မဟုတ်ပါဟု မြ နှင့် တွေ့စက ပြောခဲ့ဖူးသည် ။ သို့သော် မြ မယုံ ၊ ထိုစဉ်အခါက မယုံလျှင် မော်တော်ကားပေါ်တွင် အကျိုးအကြောင်း ရှင်းလင်းပြောပြသင့်သည် ။ မော်တော်ကားပေါ်တွင် မပြောခဲ့ဘူးဘဲ ထားဦးတော့ ၊ အိမ်ရောက်လျှင် မြ ကောင်းကောင်း နားလည်အောင် လုံးစေ့ပတ်စေ့ ပြောပြသင့်သည် ။ သို့သော် ကျွန်တော် မပြော ၊ ကျွန်တော်ကား ရေသာခိုကာ တိတ်ဆိတ်လျှို့ဝှက်လျက် ကိုခင်မောင်ယောင် အကြီးအကျယ် ဆောင်၍ နေမိချေပြီ ။

သို့အယောင်ဆောင်ကြောင်း မြ သိသွားပါလျှင် ကျွန်တော့်အား စိတ်အဆိုးကြီးဆိုးကာ အိမ်မှ နှင်ချပေတော့မည် ။ ကျွန်တော်ကား ကျွန်တော့်အပြစ်အလျောက် နှင်ချခံရမည်ကို မကြောက်လှသော်လည်း ကျွန်တော့်ကို ကိုခင်မောင် ဟု ထင်ကာ ၊ ယုံကြည်ကိုးစားအားရရွှင်မြူးနေသော မြ ခမျာမှာ စိတ်မကောင်း ဖြစ်ရှာပါလိမ့်မည် ။ ကျွန်တော့်အတွက်က ပိုမို၍ အရေးကြီးသည်ဟု ကျွန်တော် အယူရှိကာ ကျွန်တော်၏ လုပ်ဇာတ်မပေါ်အောင် အကြီးအကျယ်ဖုံး ဖိရပါတော့မည် ။

“ ဆိုပါမောင်ရဲ့ မောင် မကြာ မကြာ ဆိုတတ်တဲ့ သီချင်းကိုလေ ” ဟု မြ က ထပ်လောင်း တောင်းပန်ပြန်ပါသည် ။

ကျွန်တော်လည်း အကြံခက်ကာ အကြိုက်ဆုံးသီချင်းကို ဆိုလိုက်လေတော့သည် ။

“ နံ့သာနီတောင် သီချင်းလား မြရဲ့ ”

“ ဟုတ်တယ် ဟုတ်တယ် မြ မေ့နေလို့ ၊ ကဲ ဆိုစမ်းပါ မောင်ရယ် မြက ပီယာနို တီးပါ့မယ် ”

ကျွန်တော်ကား နေ့စဉ်လိုပင် နံ့သာနီတောင်သီချင်းကို ဆိုကာ ပတ္တလား တီးခဲ့ပါသည် ။ ကျွန်တော် နေ့စဉ်ဆိုသော သီချင်းကိုပင် ကိုခင်မောင် အမြဲဆိုလေ့ဆိုထရှိသည်မှာကား အံ့ဩဖွယ်ကြီးတရပ်ပင်ဖြစ်ပါတော့သည် ။

ကျွန်တော်ကား နံ့သာနီတောင်သီချင်းကို အစွမ်းကုန် ကြိုးစား၍ ဆိုလိုက်ပါသည် ။ မြ ကလည်း အားတက်သရော ပီယာနို တီးရှာပါသည် ။ သီချင်းဆုံးလျှင် မြ သည် ကျွန်တော့် အား နှစ်သိမ့်ကြည်နူးသည့် အကြည့်မျိုးဖြင့် ကြည့်ကာ “ မောင် ဦးနှောက် မကောင်းဘူးသာ ဆိုတယ် ၊ ဆိုတဲ့အခါ မှာတော့ အမှားအယွင်း မရှိဘူး ၊ ရှေးကဆိုပုံ ညုပုံ နွဲ့ပုံ အတိုင်းပဲနော် ” ဟု ပြောပါသည် ။

“ ဒီသီချင်းဟာ မောင့်အသည်းစွဲပေါ့ မြရဲ့ ၊ ဘာပြုလို့ရယ် မဆိုနိုင်ဘူး ၊ မောင်ငယ်ငယ်ကလည်း ဒီသီချင်းကို ကြားရရင် စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲနဲ့ ဝမ်းပန်းတနည်း ဖြစ်ဖြစ်သွားတယ် ၊ ဒီသီချင်းကြားရတဲ့အခါ ဘယ်သူ့ကို လွမ်းသလိုလို ဘယ်ဟာကို သတိရသလိုလိုနဲ့ ရင်ထဲမှာ ဆို့ဆို့သွားတာပဲမြရဲ့ ”

“ အမယ်လေး ဒီစကားတွေကို မောင် ပြောတာ ကြားရလွန်းလို့ မြဖြင့် အလွတ်တောင် ရနေပါပေါ့ရှင် ”

ကျွန်တော် အတိုင်းမသိ အံ့သြရပြန်ပါသည် ။ နံ့သာနီတောင် သီချင်းကို ကြားရလျှင် ၊ ကျွန်တော် ဝမ်းနည်း လှိုက်လှဲသလို ၊ ကိုခင်မောင်လည်း ဝမ်းနည်းလှိုက်လှဲခြင်း ဖြစ်သည် ။ ကျွန်တော် ဤသီချင်းကို နေ့စဉ် ဆိုသလို သူလည်း ဆိုတတ်သည် ။ ကျွန်တော်တို့ချင်း အဘယ်ကြောင့် ဤမျှ စိတ်ချင်းသဘောချင်း ၊ လူချင်း တူညီကြပါသနည်း ။

အမြွှာပူးမွေးသည်ပြောရန်မှာလည်း ကျွန်တော်၏ မိဘများတွင် ကျွန်တော် တစ်ယောက်တည်းသာ သား ဟူ၍ ရှိသည် ။ ကျွန်တော်ကား တောရွာတွင် နေရလျက် ကိုခင်မောင် ကား ၊ မြို့ကြီးပြကြီးများတွင် စည်းစိမ်သုခနှင့် နေရသည် ။ သို့ဖြစ်ပါလျက် ကျွန်တော်တို့ချင်း ဘယ်အတွက် အရာရာတွင် တူနေကြောင်းကို ကျွန်တော် မစဉ်းစားတတ်အောင်ပင် ဖြစ်တော့သည် ။

ကျွန်တော် နှင့် မြ ပီယာနိုခန်းက ထွက်ခဲ့ကြပြီးနောက် အိပ်ခန်းတွင်းသို့ ဝင်ကြပါသည် ။ ဤအရေးဤကိစ္စ အတွက်ကား ၊ ကျွန်တော် အသည်းအထိတ်ဆုံးပင် ဖြစ်တော့သည် ။ ကိုခင်မောင်ကား သေသည် ၊ ရှင်သည်မသိရသေး ။ အကယ်၍ ကိုခင်မောင် သေရိုးမှန်ပါက ၊ ကျွန်တော်သည် ကိုခင်မောင်၏ ကိုယ်စားပြုကာ ၊ တစ်သက်လုံး အယောင်ဆောင်၍သွားနိုင်သည် ။ မတော်တဆ ကိုခင်မောင် ပြန်လာပါလျှင် မည်သို့ ဖြစ်မည်နည်း ကျွန်တော်၏ ဇာတ်ထုပ်ပေါ်ကာ ကျွန်တော့်မှာ သူတစ်ပါး၏ သားမယားကို ကြာခိုမှုဖြင့် ၊ မင်းပြစ်မင်းဒဏ် သင့်တော့မည် ။ မြ မှာလည်း အရှက်တကွဲ အကျိုးနည်းဖြစ်ကာ ၊ ကိုခင်မောင်၏ ပြစ်တင် ရှုတ်ချစွန့်ပစ်ခြင်းကို ခံရရှာမည် ။ မြ လည်း တစ်သက်လုံး စိတ်ချမ်းသာတော့မည် မဟုတ် ၊ ကိုခင်မောင်လည်း ရင်ကွဲပက်လက် ဖြစ်ရှာတော့မည် ။ ကျွန်တော့်မှာလည်း ဆိုးညစ်သည့် အမှုအတွက် တစ်သက်လုံး လူတော တိုးဝံ့တော့မည် မဟုတ် ၊ ကျွန်တော်သည် အိပ်ရာထက်တွင် ပက်လက်လှန်ကာ  နဖူးပေါ် လက်တင်ပြီး ဤအရေးတွေကို တွေးလျက် ၊ အဆွေးကြီး ဆွေးမိတော့သည် ။

မြ ကား ၊ ကျွန်တော့် အနီးတွင် ခွေခွေကလေး အိပ်စက် နေချေပြီ ။

ကျွန်တော်၏ စိတ်ရိုင်းကား ထူးဖြတ်၍ လွတ်တော့မည် တကဲကဲ ဖြစ်သည် ။ ကျွန်တော်လည်း ထိန်းနိုင်သမျှ ထိန်း ၊ သိမ်းနိုင်သမျှသိမ်းလျက် ကိုယ့်စိတ်ကိုကိုယ် နိုင်လု မနိုင်လု လွန်ဆွဲနေသကဲ့သို့ ဖြစ်နေပါတော့သည် ။

ထိုအခိုက် အိပ်ရာခုတင်၏ အနီးရှိ စားပွဲငယ်ပေါ်တွင်ထောင်ထားသည့် ကိုခင်မောင်၏ ဓာတ်ပုံကို လှမ်း၍ မြင်မိသည် ။ ကိုခင်မောင်၏ ဓာတ်ပုံဟုသာ ဆိုရသည် ။ အမှန်မှာ ကျွန်တော်၏ ဓာတ်ပုံနှင့်တစ်သဝေမတိမ်း တူနေပေသည် ။ ကျွန်တော်သည် ဓာတ်ပုံကို ကြည့်ရင်း ၊ ကျွန်တော်သည် ကိုခင်မောင် - ကိုခင်မောင်သည် ကျွန်တော် ဟု ပင် ထင်မိသည် ။ ကျွန်တော် နှင့် သူ နှစ်ယောက်မှာ တစ်ယောက်တည်းပင် ဖြစ်သလို စိတ်တွင် အောက်မေ့မိသည် ။

ထို့ကြောင့် ကိုခင်မောင် ပူဆွေးရမည့် ကိစ္စသည် ကျွန်တော် ပူဆွေးရမည်ကဲ့သို့ပင် ထင်မှတ်သည် ။ သူ မနှစ်သက်သော အလုပ်သည် ကျွန်တော် မနှစ်သက်သောအလုပ် ဟု အယူရှိသည် ။ ကျွန်တော်ကား ကျွန်တော်၏ပုံတူကို ကြည့်ကာ ၊ ကိုခင်မောင် အား ကိုယ်နှင့် ထပ်တူ ချစ်ခင်ကြည်ဖြူသနားမိသည် ။

၎င်းအပြင် ကိုခင်မောင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်း ကိစ္စကို တွေးတောဆင်ခြင်မိပြန်သည် ။ သူသည် အဖ မြန်မာပြည်၏ သားကောင်းရတနာပီပီ မြန်မာ့လွတ်လပ်ရေးအတွက် အသက်ကို အသက်မမှတ်ဘဲ စစ်မြေပြင်သို့ ထွက်ခွာသွားသူ ဖြစ်သည် ။ ထိုသူ၏ ချစ်ဇနီးကို ကျွန်တော် ကျူးလွန်စော်ကားခဲ့ချေသော် ၊ ကိုခင်မောင်ကို စော်ကား ရုံသာမက ၊ အဖ - မြန်မာပြည်ကို စော်ကားရာလည်းရောက်သည် ။ မြန်မာတစ်မျိုးလုံးကို စော်ကားခြင်းလည်း မည်ပေသည် ။ ယနေ့ပင်လျှင် ကျွန်တော်သည် တိုင်းပြည်လွတ် လပ်ရေးအတွက် လိုရာသုံးရန် အသက်နှင့်ခန္ဓာကို အပ်နှံခဲ့ သည် မဟုတ်ပါလော ။ ထို့ကြောင့် ကျွန်တော်သည် ဆုံးဖြတ်ချက် တစ်ခုကို ရဲတင်းစွာချလိုက်ပါသည် ။

“ ကိုခင်မောင် သေကြောင်း ၊ မသေကြောင်း မသိရမချင်း ၊ မြကို ကျူးလွန်ခြင်းမပြု ၊ ကိုခင်မောင် သေကြောင်း ဒိဋ္ဌိသိရပါက မြကို အကျိုးအကြောင်းလုံးဝဥဿုံ ပြောပြကာ မြက ကျေနပ်ခွင့်ပြုမှသာ မြကို ယူမည် ။ မြက မကျေနပ်လျှင် မယူ ” ဤကဲ့သို့ ဆုံးဖြတ်ကာ စိတ်ကို နိုင်အောင် ထိန်းရပါတော့သည် ။ ထိုကဲ့သို့ ထိန်း၍ ရသဖြင့် ကျွန်တော့် ကိုယ် ကျွန်တော် အံ့ဩမိပါသည် ။ အဘယ့်ကြောင့် ထိန်းနိုင်သနည်းဟူသော အကြောင်းရင်းကို ရှာဖွေစုံစမ်းကြည့်မိရာ ၊ အကြောင်းရင်း အစစ်အမှန်ကိုလည်း တွေ့ရှိစဉ်းစားမိပါ သည် ။

ကျွန်တော် နှင့် ကိုခင်မောင်မှာ အရာရာတွင် တူလှပေသည် ။ ထို့ကြောင့် ကိုခင်မောင်ကို ကိုယ်နှင့် ထပ်တူချစ်ခင် ကြင်နာမိသည် ။ ထိုကဲ့သို့ ချစ်ခင် ကြင်နာသူ၏ မယားကို ကျူးလွန်စော်ကားခြင်း ၊ မပြုမိအောင် ချုပ်တည်းခြင်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ပါ ။ ဥပမာ ကိုယ်၏ ညီအစ်ကို ရင်းချာ၏ သားမယားကို အခွင့်သာ၍ အခါသင့်သော်လည်း ရှောင်ကွင်းနိုင်ကြသည် မဟုတ်ပါလော ။

၎င်းပြင် မြကို ကျွန်တော် တကယ် ချစ်ခင်သနားရိုးလည်း မှန်ပါသည် ။ ကျေးဇူးလည်း တင်ပါသည် ။ ထို ကျေးဇူးရှင်အချစ်မကလေး၏ နောင်ရေးအတွက် စိတ်မအေးဖွယ်ကိစ္စကို ကျွန်တော် မချုပ်တည်းဘဲ နေနိုင်ပါမည်လော ။

သို့ဖြင့် ရက်ပေါင်းအတော်ကြာ ကုန်လွန်ကြာညောင်းခဲ့ပါသည် ။ တောနေ ကျွန်တော်၏ မိဘများမှာ ကျွန်တော့် အတွက် တွေးတောပူပန်ကြလိမ့်မည်ဟု စိုးရိမ်စိတ်မချ ဖြစ်မိပါသည် ။ သူတို့ထံသို့ အကျိုးအကြောင်းစာရေးရမည် ကလည်း မတော်တဆ သူတို့ လိုက်လာပါက ကျွန်တော်၏ ဇာတ်ထုပ်ပေါ်ကာ အစီအစဉ်တွေ ပျက်ကုန်တော့မည် ။ သူတို့ ထံမှ စာပြန်လျှင် ထိုစာကို မြ တွေ့၍ သွားပါကလည်း ခက်လိမ့်မည် ။ ထို့ကြောင့် ကျွန်တော်၏ မိဘများအတွက် ကျွန်တော့်မှာ ဥပေက္ခာပြု၍ ထားရပါတော့သတည်း ။

တစ်နေ့တွင် ကျွန်တော် အိပ်ရာက ထသည်နှင့် တစ်ပြိုင်နက် စိတ်ဓာတ်တွေလေးလှသည် ။ တစ်စုံတစ်ခု ထူးထူးထွေထွေ ဖြစ်တော့မည်ဟု တွေးတောပူပန်မိသည် ။ ထို့ကြောင့် စိတ်လေးလေးနှင့်ပင် အိပ်ရာကထ မျက်နှာသစ်ပြီး အောက်ထပ်သို့ ဆင်းသွားရာ ၊ မြတို့ သားအမိမှာလည်း မျက်နှာပျက်၍ နေသည်ကို တွေ့ ရသဖြင့် ၊ ကျွန်တော် အတော်ကြီး ထိတ်လန့်တုန်လှုပ်သွားမိပါသည် ။ မြအား အကျိုးအကြောင်းမေးမည်ကြံသော်လည်း မမေးဝံ့ ၊ မမေးရက်သဖြင့် ပူပင်စိုးရိမ်စွာနှင့်ပင် နေရတော့သည် ။

မြကား ကျွန်တော့်ကို ရှေးကဲ့သို့ ဖော်ဖော်ရွေရွေ ခေါ်ပြောခြင်း မရှိဘဲ ၊ ခပ်တည်တည် လုပ်နေပါသည် ။ မြ၏ မိခင်ကား ကျွန်တော့်ကို စောင်းမြောင်းရေရွတ်၍ပင် ပြောနေပါတော့သည် ။ ပါပီသည် ကျွန်တော့်ကို ရှေးကထက် ပိုကာ ၊ မာန်မဲဟိန်းဟောင်တော့သည် ။

မြမိခင်က “ ဟေ့ မြ ညည်းဟာလေ ခွေးလောက်မှ မလိမ္မာဘူး ” ဟု ပြောလိုက်ရာ ၊ ကျွန်တော့် ဇာတ်ထုပ်ကို သူတို့ ရိပ်မိသိရှိပြီးဖြစ်ကြောင်း ၊ အကဲခတ်နိုင်ပါသည် ။ ကျွန်တော်ကား မနေတတ် ၊ မထိုင်တတ် ဖြစ်နေကာ ညအခါ ကျမှ ကျွန်တော့် အကြောင်းကို အစအဆုံး ဇာတ်လှန်ပြော ပြတော့မည်ဟု ဆုံးဖြတ်လိုက်ပါသည် ။ ကျွန်တော်ကား ထိုနေ့တစ်နေ့လုံးပင် တအုံနွေးနွေးနှင့် စိတ်မအေးဘဲ ဖြစ်နေပါသည် ။

ထိုညနေရီဝင်တရော အချိန်တွင် ပါပီသည် ထူးခြားစွာ အော်မြည်လျက် ၊ တိုက်ပေါ်မှ ဆင်းပြေးပါသည် ။ ကျွန်တော်တို့ သုံးယောက်စလုံး လှမ်းမျှော်ကြည့်ရှုလိုက်ရာ လူတစ်ယောက်သည် ခြံတွင်းသို့ ခပ်သုတ်သုတ် ဝင်လာသည်ကို မြင်ရပါသည် ။ ထိုသူသည် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း ကျွန်တော် အရင်ဆုံး သိပါသည် ။

“ ဟော ကိုခင်မောင် ပြန်လာပြီ မေမေ ” ဟု မြက သူ့ မိခင် ဘက်သို့လှည့်ကာ ၊ ဝမ်းမြောက်ရွှင်ပျစွာ ပြောလိုက်ရာ ကျွန်တော့်မှာ ငယ်ထိပ်ကို မိုးကြိုးထိမှန်သလို ထိတ်လန့်တုန်လှုပ်သွားပြီး ၊ ကြက်သေသေနေမိပါသည် ။

မြတို့ သားအမိက ကျွန်တော့်ကို စိုက်၍ ကြည့်နေကြသည် ။ ကျွန်တော် ဘာလုပ်ရမည်ကို ချက်ချင်းဆုံးဖြတ်လိုက်ပါသည် ။ စကားပြောနေ စဉ်းစားနေရန် အချိန်မရပါ ။ ကျွန်တော် လျင်မြန်စွာ အတွင်းသို့ ပြေးဝင်ကာ နောက်ဖေးပေါက်မှ ထွက်ခဲ့ပါသည် ။ ထို့နောက် သူတို့၏ အဖြစ် သနစ်ကို ကြားချင်သိချင်သေးသဖြင့် တိုက်နံရံ အနီးသို့ ကပ်ကာ ချောင်းမြောင်းကြည့်ရှု နားထောင်မိပါသည် ။

မြ သည် ကိုခင်မောင် ကို ဖက်ကာ ၊ တရှုပ်ရှုပ် ငိုရှာပါသည် ။ ထို့နောက် သားအမိနှစ်ယောက်စလုံး ဝမ်းမြောက် စကားများ ပြောပါသည် ။ ထိုစကားများကား ကျွန်တော်နှင့် စတွေ့စဉ်က ပြောသော စကားများပင် ဖြစ်ပါသည် ။ ကျွန်တော်သည် မှောင်ရိပ်ခိုကာ ကိုခင်မောင် ကို ကြည့်မိသည် ။ ကျွန်တော်မှ ကျွန်တော်အစစ်ပင် ဖြစ်သည် ။ အခြားသူကကို မဆိုထားနှင့် ကျွန်တော်တို့ချင်းပင် လူချင်း မှားလောက်ပေသည် ။

ကျွန်တော်၏ စိတ်ထဲတွင် ကိုခင်မောင် ဆိုသူသည် ကျွန်တော်ပင် ဖြစ်သည် ။ မြတို့ ချစ်ခင်ယုယနေသူမှာလည်း ကျွန်တော်သာ ဖြစ်သည်ဟုပင် ထင်မိပါသေးသည် ။

ကိုခင်မောင်က ကျွန်တော်၏ အသံမျိုးအတိုင်းနှင့် ဝမ်းသာအားရ ပြောရှာပါသည် ။

“ မောင်တို့ တော်လှန်ရေး စလုပ်တော့ မောင်ဟာ ရခိုင်ပြည်နယ်စစ်မြေပြင်မှာ ရောက်နေတယ် မြရဲ့ ၊ တော်လှန်ရေးလည်း ပြီးရော တောကြိုအုံကြားရွာကလေး တရွာမှာ ငှက်ဖျားအကြီးအကျယ် မိပြီး သေမတတ်ခံခဲ့ရတယ် ။ မောင့်ကိုယ်ကို မောင် သေပြီလို့တောင် ထင်မိတယ် ။ သို့ပေမဲ့ သေကံမရောက် သက်မပျောက် ဆိုတာလို သေမင်းခံတွင်းထဲက ထွက်ခဲ့ပြီး ၊ ကျန်းမာချင်း ကျန်းမာချင်း ပြန်လာခဲ့တာ ပဲ ” စသည်ဖြင့် ပြောပါသည် ။ သူ ပြောသည့် အသံ သူပြောသည့် လေယူလေထားတို့မှာ ကျွန်တော်နှင့်တစ်သဝေမတိမ်း ဖြစ်ရာ ကျွန်တော်ပဲ စကားပြောနေမိတော့သလို ထင်မိပါသည် ။

“ မောင် ဒီနေ့ ရောက်မှာမို့ ထင်ပါရဲ့ ၊ နိမိတ်တော့ အပြသား ” ဟု မြကပြောပါသည် ။

“ ဘယ်လို နိမိတ်လဲ မြရဲ့ ”

မြ သည် ဗီရိုတလုံးကို ဖွင့်ကာ ၊ သတင်းစာတစောင်ကို ထုတ်ယူပြီး လှန်လျောလျက် ကိုခင်မောင် ကို ပြပါသည် ။ ကိုခင်မောင်သည် သတင်းစာကို စိတ်ပါဝင်စားစွာ ဖတ်နေပါသည် ။

“ သိပ်ထူးဆန်းတာပဲနော် မောင် ၊ အောက်က ကြော်ငြာ ကိုသာ မတွေ့ရရင် မောင့်ဓာတ်ပုံလို့ ထင်မှာပဲ ၊ လောက မှာ ဒီလောက် ရွေးမရအောင်တူတဲ့ လူများ ရှိသေးတယ်နော် ” ဟု မြ က ပြောပါသည် ။

“ ရန်ကုန် ထွက်သွားတာ ပျောက်ဆုံးနေလို့ သူ့မိဘတွေက ကြော်ငြာတာပဲ ၊ မြတို့နဲ့ မတွေ့တာ တော်ပါသေးရဲ့ကွယ် ၊ မြ နဲ့ သာ တွေ့ရင် မောင်လို့ဆိုပြီး အိမ်ကို အတင်း ခေါ်လာလိမ့်မယ် ထင်တယ် ”

ထိုစကားကို ကြားသောအခါ မြရော သူ့မိခင်ပါ မျက်နှာပျက်၍ သွားကြပါသည် ။

ကိုခင်မောင်သည့် တစ်စုံတစ်ရာကို နက်နဲစွာတွေးတောနေသဖြင့် မြတို့မျက်နှာ ပျက်နေသည်ကို သတိထားမိဟန် မတူပါ ။

“ မောင်တော့ ဒီလို ထင်တယ် ” ဟု ကိုခင်မောင်က ပြောလိုက်ရာ ၊ မြ က “ ဘယ်လို ထင်သလဲ ” ဟု စိတ်အား ထက်သန်စွာ မေးလိုက်ပါသည် ။

“ ဒီလူဟာ မောင်နဲ့ ညီအကို ဖြစ်ရမယ် ”

“ အို မောင်ကလည်း မတော်တရော် ၊ လူချင်း တူတာနဲ့ ညီအစ်ကို ဖြစ်ရမှာလား မောင်ရဲ့ ” ဟု မြက အံ့သြသံဖြင့် မေးပါ၏ ။

“ မောင်တို့ ဖေဖေဟာ ၊ ငယ်ငယ်က မောင့်ရုပ်အတိုင်းပဲ ရှမ်းပြည်နယ်မှာ မေမေနဲ့ စိတ်ဆိုးပြီး ထွက်သွားတုန်းက ရှမ်းပြည်နယ်က ရှမ်းမကလေးနဲ့ သားတစ်ယောက်ရတယ်လို့ ပြောဖူးတယ် ။ ညီအစ်ကိုမှ ရိုးရိုး ညီအစ်ကို မဟုတ်ဘူး ၊ အမြွှာပူးညီအစ်ကို ဖြစ်ရမယ် ”

“ အို .. မောင်ကလည်း စိတ်များ နောက်နေသလား ၊ မဆိုနိုင်ပါဘူး ” ဟု မြက စိုးရိမ်သံဖြင့် ပြောပါသည် ။

“ မောင် စိတ်မနောက်ဘူး ၊ တကယ် ပြောနေတာ ၊ မြကို ဒီအကြောင်းတစ်ခါမှ မောင် ပြောမပြဘူး ထင်ပါရဲ့ ”

“ ဘယ်အကြောင်းလဲ မောင် ” ဟု မြ က စိတ်အားထက်သန်စွာ မေးလိုက်ပါသည် ။

“ ကိုကိုတို့ အမြွှာပူးမွေးတဲ့ အကြောင်းကိုလေ ”

“ ဟင့်အင်း ပြောမပြဘူးဘူး မောင်ရဲ့ ၊ ပြောစမ်းပါဦး ၊ ဘယ်လို အမြွှာပူးမွေးတာလဲ ”

ကျွန်တော်ကား စိတ်အားထက်သန်လွန်းရကား ၊ အသက်ရှူပင် ရပ်တန့်မိကာ လုံးစေ့ - ပတ်စေ့ ကြားပါစေ တော့ဟု နားကို လက်ကာပြီး နားထောင်ရပါသည် ။

“ မောင်တို့ အမြွှာပူး ညီအစ်ကို မွေးသတဲ့ မြရဲ့ ၊ ၃ နှစ်သားလောက် ရှိတော့ ၊ မောင်တို့ မိဘများအိမ်ကို ဓားပြတွေ ဝင်တိုက်တာ ၊ ကလေးတစ်ယောက်ကို ဓားပြတွေ ခေါ်သွားကြသတဲ့ ၊ နောက်တော့ ဒီကလေးကို ရှာလို့ဖွေလို့လည်း မရ ၊ သတင်းအစအနလည်း မကြားရတော့ ၊ သေပြီလို့ မှတ်နေကြတာပေါ့ ။ ဒီဓာတ်ပုံထဲမှာ ပါတဲ့ လူဟာ မောင့်ညီအစ်ကိုတော် ဖြစ်မှာပဲ ၊ ဒါကြောင့် ဒီလောက်ချွတ်စွပ် တူနိုင်တာပေါ့ကွဲ့  ”

“ ဒါဖြင့် ဒီလူကို ဓားပြတွေက ၊ မွေးထားတယ်ထင်ပါရဲ့နော် ” ဟု မြက မေးပါသည် ။

“ ဓားပြတွေက မွေးထားရင်လည်း ဖြစ်ရမယ် ၊ ဒါမှမဟုတ်ရင်လည်း ဓားပြတွေက တခြားလူကို ပေးပြီး အဲဒီလူက မွေးထားတာလည်း ဖြစ်ရမယ် ”

ကျွန်တော်၏ အဖြစ်ဘဝကို ကျွန်တော်ပင် မသိပါ ။ ကိုခင်မောင် ပြောမှပင်သိရပါတော့သည် ။ ကျွန်တော်ကား ချမ်းသာကြွယ်ဝသော မိဘကမွေးပါလျက် ဆင်းရဲအောက်ကျကာ တောရွာတွင် နေထိုင်ကြီးပြင်းရသည့် ဘဝဆိုးကို တွေးတောဆွေးမြည့်မိသဖြင့် မျက်ရည်လည်မိပါတော့သည် ။

ကျွန်တော်၏ ကံတရားကား ၊ ဤကဲ့သို့ပင် စီရင်ချက် ချခဲ့သည် ။ သတ္တဝါမှန်သမျှ ကံပစ်ချရာ နေရသည် ဟူသော ဘုရားဟောတရားတော်ကား ကျွန်တော့် အတွက် မှန်ခြင်းကြီးမက မှန်ပါတော့သည်တကား ။

ကျွန်တော်ကား ခေါင်းငိုက်စိုက်ချကာ ညှိုးလျသော နှလုံးမီးအုံးထားသကဲ့သို့သော ခန္ဓာကိုယ်ဖြင့် ကိုခင်မောင် နှင့် မြတို့၏ တိုက်အနီးမှ ခွာဆုတ်၍ လာခါနီးတွင် နောက်ဆုံး ကြားလိုက်ရသော စကားကား -

“ ဒီလူ့ မိဘတွေနေတဲ့ နေရပ်ဟာ သတင်းစာထဲမှာ အပါသားပဲ မြရဲ့ ၊ မောင်တို့ သူ့ဆီ လိုက်သွားရအောင် ၊ အကျိုးအကြောင်း ပြောပြပြီး ၊ မောင်တို့နဲ့ အတူ ခေါ်ထားမယ်နော် ၊ မောင့်ညီအစ်ကိုတော်ဟာ တောကြိုအုံကြားမှာ ဆင်းရဲနေတာ မကြည့်ရက်ပါဘူးကွယ် ” ဟူသော ကိုခင်မောင်၏ စကားမှာ ကျွန်တော်၏ နားထဲတွင် စွဲဝင် နစ်မြုပ်ခဲ့ပါတော့သတည်း ။

▢  ရန်အောင်
📖 ပဒေသာရုပ်စုံ မဂ္ဂဇင်း
     အတွဲ - ၂ ၊ အမှတ် - ၁၅
     ၁၉၄၉ ၊ မေ

Thursday, April 17, 2025

မျက်လှည့်ဆရာ


 ❝ မျက်လှည့်ဆရာ ❞ 

     ( ရန်အောင် )

     

လွန်ခဲ့သော ၂ လ ၊ ၃ လ အတွင်း က ရန်ကုန်မြို့ တွင် ပြသ သွားသည့် ကမ္ဘာကျော်သည် ဆိုသော လူမျိုးခြား တစ်ဦး ၏ မျက်လှည့်ပွဲ မှာ ၃ ကျပ် ၊ ၅ ကျပ် ၊ ၁ဝ တန်း မှ ၂၀ ကျပ်တန်း အထိ လူ ကြိတ်ကြိတ် တိုး အောင် စည်ကားခဲ့ ဖူး၏ ။ နိုင်ငံ ၏ မျက်နှာဖုံး လူကြီးလူကောင်းများ ထံမှ ချီးမွမ်း ထောမနာ ဩဘာ ပြု သော စာများ ကို ထို နိုင်ငံခြားသား မျက်လှည့်ဆရာ ရရှိကာ သတင်းစာ တွင် ထည့်၍ ကြော်ငြာ ခဲ့၏ ။


ထိုအခါ က ထို မျက်လှည့် နှင့် ပတ်သက်၍ ကျွန်တော် ၏ မိတ်ဆွေ သင်္ဂဟများစွာ တို့ တွင် ကောင်းလှပါသည် ဟု ချီးမွမ်းသူ က ချီးမွမ်း ကြ၏ ။ ဆန်းကြယ် ထူးခြားခြင်း မရှိ ။ လမ်းဘေး မျက်လှည့် သာသာမျှ ရှိ၍ တချို့ မြန်မာ မျက်လှည့်များ ကို ပင် မမီ ဟု ရှုတ်ချသူများက လည်း ရှုတ်ချ ကြ၏ ။ 


မျက်လှည့် ဟူသည် မှာ လိမ်လည် လှည့်ဖြားခြင်း ပင် ဖြစ်ပေသည် ။ သို့သော် လိမ်ပုံ ၊ လှည့်ဖြားပုံ ပိရိသပ်ရပ် ခဲ့ ပါလျှင် ပညာ တစ်မျိုးပင် ဖြစ်၍ ကြည့်ရှုသူ ပရိသတ် က ကျေနပ်ကြလေသည် ။ မျက်လှည့်ဆရာ ၏ လိမ်ပုံ ၊ ညာပုံ ၊ လှည့်ဖြားပုံ မကျွမ်းကျင် မသေသပ် ၍ ပရိသတ် က သူ မည်သို့ လှည့်ပတ် ထားသည် ကို ရိပ်မိ သိရှိ နေလျှင် ညံ့ဖျင်းသော မျက်လှည့် ဟူ၍ပင် ခေါ်ဆိုရ ချေမည် ။


ကျွန်တော် ကား ထို မျက်လှည့် ကို သွားရောက် ၍ မကြည့်ခဲ့ပေ ။ အကြောင်းမူ ကား ကျွန်တော် ကိုယ်တိုင် မျက်လှည့်ဆရာ ဖြစ်ခဲ့ဖူးသောကြောင့် ပေ တည်း ။ 


ထိုစဉ်က ကျွန်တော် သည် ဇာတိ ဆင်ပေါင်ဝဲမြို့ကလေး တွင် ကုန်သေးဆိုင်ကလေး ဖွင့်ကာ ရောင်း နေ၏ ။ ထိုအချိန် တွင် ကျွန်တော်တို့ တစ်ရွာ လုံး ကြည်ညိုကိုးကွယ် သည့် ဘူတာကျောင်း ဆရာတော်ဘုရားကြီး ပျံလွန်တော်မူရာ ဘုန်းကြီးပျံ အခမ်းအနား အတွက် ဇာတ်ပွဲ ၊ ရုပ်သေးပွဲ ၊ ယိမ်း ၊ သိုင်း ( သိုင်း ဆိုသည်မှာ တုတ်သိုင်း ၊ ဓားသိုင်း မဟုတ် ။ ဘုန်းတော်ကြီး အလောင်း ထည့်သည့် ခေါင်း ကို ပြာသာဒ် တွင် တင်ကာ လူ ဆယ့်လေးငါး ခြောက်ယောက် ထမ်းပြီး သိုင်း နင်းခြင်း ဖြစ်၏ ) ။ ထိုသို့သော အကအခုန် များ ကို စီစဉ်ပြီးသော်ငြားလည်း မျက်လှည့် ကား မပါ ။ မျက်လှည့် မှာ တော လူထု လွန်စွာ နှစ်ခြိုက်သဘောကျသော ပွဲ တစ်ရပ် ဖြစ်သဖြင့် မျက်လှည့် ပါ ရန် အတွက် မျက်လှည့်ဆရာ လိုက်၍ ရှာ၏ ။ သို့သော် ဘယ်မှာမှ မတွေ့ ။


ထို့ကြောင့် ခါတော်မီ မျက်လှည့်ဆရာ တစ်ယောက် အမြန် ဖန်ဆင်း တီထွင်ရန် ကိစ္စ ပေါ်၍ လာပေသည် ။


မျက်လှည့်ပွဲ ဖြစ်မြောက်ရန် အတွက် ကာလသားတွေ အစည်းအဝေး လုပ်ရာတွင် ကျွန်တော် လည်း ပါလျက် ဘယ်သူမျှ မျက်လှည့်ဆရာ လုပ်နိုင် သူ မပေါ်သည့် အခါ ကျွန်တော် က မျက်လှည့်ဆရာ လုပ်မည် ဟု ရဲဝံ့စွာ ဝန်ခံ လိုက်၏ ။


“ မင်း မျက်လှည့် ပြတတ်လို့လား ” ဟု ကာလသားခေါင်း ကိုဘိုးဝန်း က မေးခွန်း ထုတ်၏ ။


“ ဘုန်းကြီးပျံ ကျင်းပဖို့ က သုံးလလောက် လိုပါသေးတယ် ။ ဒီ အတောအတွင်း ကျွန်တော် ကြိုးစားမှာပေါ့ ။ ဘုန်းကြီးပျံ မတိုင်ခင် ကျွန်တော် ခင်ဗျား တို့ ကို အစမ်း ပြပါဦးမယ် ။ သဘောကျ တော့ မှ ဘုန်းကြီးပျံ အတွက် အပြ ခိုင်း ပေါ့ ” ဟု ကျွန်တော် က ရဲဝံ့စွာ တာဝန်ခံ လိုက်၏ ။


ထူးထူးဆန်းဆန်း လုပ်ချင်တတ်သော ကျွန်တော် ၏ ညာဉ် ကို သိပြီး ဖြစ်သည့် ကာလသားများ သည် ကျွန်တော် ၏ ဝန်ခံချက် ကို ယုံကြည် ကြ၏ ။


သို့ဖြင့် ကျွန်တော် မှာ မျက်လှည့်ပညာ ကို ဆည်းပူး လေ့ကျင့်ရ တော့ သည် ။ ကျွန်တော် တို့ ရွာ နှင့် ၁ဝ မိုင်ခန့် ကွာသော ခိုင်းရွာ တွင် ရှေး က မျက်လှည့် ပြ၍ စားဖူးသည့် ဆရာလှ ဆိုသူ ရှိသည် ကြား သဖြင့် သွားရောက် ကာ တပည့် ခံလျက် မျက်လှည့် ပြနည်း သင်ကြားခဲ့ရ၏ ။


ရန်ကုန်မြို့ ဗိုလ်တထောင် ၊ ဗန္ဓုလကုမ္ပဏီ ( ဗန္ဓုလဂျာနယ်တိုက် မဟုတ် ) က ထုတ်သည့် မျက်လှည့်ပြနည်း နိဿရည်း ကို မှာ၍ ဖတ် ရ၏ ။ ထိုစဉ် အခါက လွန်စွာ နာမည်ကြီး သည့် စိတ်ညှို့ အိပ်မွေ့ချနည်း ၊ သံလိုက်ဓာတ် ဖော်စပ်နည်း စာအုပ်များ ကို ဝယ်ယူ ဖတ်ရှုကာ အပူတပြင်း လေ့လာရ၏ ။


သို့ဖြင့် ၃ လ ခန့်မျှ မျက်လှည့်ပညာ ကို လေ့လာ သင်ကြား ပြီးသည် ၏ အခြားမဲ့ ၌ ကျွန်တော် မျက်လှည့် ပြတတ်ပြီ ဟု ကျွန်တော့် ကိုယ် ကျွန်တော် ယုံကြည် ကာ ပွဲ မဝင်ခင် ပြင်က ကျင်းပ ဟူသော စကား အတိုင်း ဘုန်းကြီးပျံ မကျင်းပမီ သုံးရက်ခန့် အလိုတွင် ကာလသားများ အား ဆင်ဆာ အဖြစ် ဖြင့် မျက်လှည့် ပြ ရပါတော့သည် ။


ကျွန်တော် ၏ မျက်လှည့် ကို မြင်ရသော အခါ ကာလသားတွေ အတော် အံ့အားသင့် ကြ၏ ။


“ ဟေ့ကောင် ဒါတွေ ကို ဘယ်က တတ်သလဲ ” ဟု မေးကြ၏ ။ ဘုန်းကြီးပျံ တွင် လို၍ နေသော မျက်လှည့်ပွဲ မှာ တခမ်းတနား ပါတော့မည် ဟု သိကြ သဖြင့် ဝမ်းမြောက်ကြ၏ ။


သို့ဖြင့် ဘုန်းကြီးပျံ ကျင်းပသည့် ရက် သို့ ရောက်ခဲ့လေသည် ။ 


မျက်လှည့် ပြရန် အတွက် ပြစင် တစ်ခု အခိုင်အခံ့ ကို ပေးကြ၏ ။ ယခု ကာလ အငြိမ့်စင် မျိုးပင် ဖြစ်သည် ။ စင် နောက်တွင် ကန့်လန့်ကာ နက်ကြီး ကာ ထား၏ ။ မျက်လှည့်ဆရာ ကျွန်တော် မှာ ယောလုံချည် အနက် အပေါ် အင်္ကျီ အနက် ၊ ခေါင်းပေါင်း အနက် နှင့် လူနက်ကလေး ဖြစ်၍ နေ၏ ။ ထိုကဲ့သို့ အနက်တွေ ချည်း ဆင်ပြင် မွမ်းမံထားခြင်း ကား မျက်လှည့်ဆရာ ၏ ပရိယာယ် တစ်မျိုး ပင်ဖြစ်၏ ။ အကြောင်းမူ ကား မည်းနက်သော အရောင် ၏အတွင်း တွင် လက်လှည့် ၊ မျက်လှည့် နည်းများ ဖန်တီး၍ ပြနိုင်၏ ။ ဥပမာ အရိုးစုပုံ စက္ကူကတ်ထူရုပ် ကို ကြိုးနက် ဖြင့် ဆိုင်း တွဲ ကာ


အပေါ်က လှုပ်ရှား ပေးသော် ကြိုးနက် နှင့် ကန့်လန့်ကာနက် အဝတ်နက် ရော၍ နေသဖြင့် မမြင်ရ ၊ အရိုးစု ရုပ် ဖြူဖြူ သာ မြင်ရ၏ ။ ဤနည်းမျိုးတွေ လုပ်လို သဖြင့် အနက် ကာ ရခြင်းဖြစ်၏ ။


၎င်းပြင် အနက် သည် ကြောက်ရွံ့ ထိတ်လန့်သော စိတ် ကို ဖြစ်ပေါ် စေနိုင်၏ ။ ကြောက်ရွံ့လျှင် အကြောက် က ဖုံးနေ သဖြင့် အမှန် ကို မတွေးနိုင် ။ မျက်လှည့်ဆရာ မှာ ကြောက်စရာ လူ တစ်မျိုးကြီး ဖြစ် နေ သဖြင့် လူ သာမန်တို့ မစွမ်းဆောင် နိုင်သည့် ကိစ္စကို စွမ်းဆောင်ပြသနိုင်မည် ဟု ယုံကြည်စေရန် အနက်ထည်တွေ ဆင်ပြင် ထားခြင်းလည်း ဖြစ်၏ ။


ည ၉ နာရီ ခန့် တွင်မှာ မျက်လှည့်ပွဲ စ ပါတော့သည် ။ တန်ခိုးကြီး ဆရာတော်ဘုရား ၏ သာဓုကိဠနသဘင် ဖြစ်၍ တော ရော မြို့ ပါ လူတွေ ကြိတ်ကြိတ် တိုး မျှ စည်ကား လှ၏ ။


မျက်လှည့်စင် ၏ ရှေ့နား ခပ်ကျကျ တွင် သုံးချောင်းထောက် ခုံမည်းကလေး တစ်လုံး ထား၏ ။ ထို ခုံပေါ် တွင် ခေါင်းခွံ နှင့် လူရိုး တစ်ချောင်း တင် ထား ရ၏ ။ ဤလည်း ပရိသတ် ကြောက်ရွံ့အောင်  ၊ မျက်လှည့်ဆရာ ကို ကြောက်အောင် လှည့်စားခြင်း ပင် ဖြစ်၏ ။


အထူးအဆန်း ကို တွေ့လို မြင်လို ကြသော တောပရိသတ် သည် ကျွန်တော် ၏ မျက်လှည့်စင် အနီးတွင် တိုး မပေါက်နိုင်အောင် များပြား၏ ။


ကျွန်တော် သည် ရဲတင်းစွာပ င် ကန့်လန့်ကာနက် ၏ ရှေ့ သို့ ထွက်၍ ရပ် လိုက်သည် ။ ထိုနောက် ပရိသတ် အား ညှို့မျက်လုံး ဖြင့် အတန်ကြာ အောင် စိုက်၍ ကြည့်၏ ။ ပရိသတ် ကား ကျွန်တော့် ကို မျက်တောင် မခတ် ကြည့် နေကြသည် ။ 


ထိုနောက် ..


နာဂရီဂါထာ တစ်ပုဒ် ကို လျှာလိပ်သံ ပါပါ နှင့် ရွတ်လိုက်၏ ။ ဤသည် လည်း ပရိသတ် အထင်ကြီး အောင် လှည့်စားခြင်း ပင် ။ 


ကျွန်တော် ၏ လက်ထောက် မျက်လှည့် တပည့် ကား ပေစိ ဖြစ်၏ ။ 


“ ဟေ့ တပည့် ရေအိုး နဲ့ သဲထုပ် ယူခဲ့ ”


ကျွန်တော် က အာဏာသံ ပြင်းပြင်း ဖြင့် အမိန့် ပေးလိုက်သောအခါ တပည့် က ကျွန်တော့် အမိန့် အတိုင်း ရေ ဖြစ်ကြောင်း ၊ သဲ ဖြစ်ကြောင်း သွန်၍ လည်းကောင်း ၊ ကြဲဖြန့်၍ လည်းကောင်း ပြ ရ ပေသည် ။


“ ကိုင်း ကြည့်ကြဗျ ။ ဟောဒီ သဲတွေ ကို ရေ ထဲ မှာ ထည့် လိုက်မယ် ”  


ကျွန်တော် က ပြောပြောဆိုဆို သဲ တစ်ဆုပ်ကြီး ကို ယူကာ ရေအိုး ထဲ သို့ ထည့်လိုက်၏ ။ ထည့် ရုံ သာမက ရေ ကို လည်း လက် ဖြင့် မွှေနှောက် ၍ ပြ လိုက်ပါသေးသည် ။


“ ကိုင်း ရေ ထဲ မှာ မွှေနှောက် ထားတဲ့ သဲ ကို ကျွန်တော် ယူပြပါမယ် ” ဟု ဆိုကာ ရေ ထဲ သို့ လက်နှိုက် မိသော် လက်ဖြန့် ယမ်းခါ တွယ်၍ ပြ၏ ။ ထိုနောက် ရေ ထဲ ကို လက် နှိုက်၏ ။ သဲ ကို ဆုပ်ယူခဲ့၏ ။ မျက်လှည့်စင် အစွန်း ပရိသတ် နှင့် နီးသည့် ဘက် သို့ သွား ကာ ဆုပ် ထားသည့် သဲများ ကို လက် ဖွ ၍ ချ လိုက်၏ ။ ခြောက်သွေ့သော သဲ တစ်မှုန့် စီကျ၍ သွားပေ သတည်း ။ 


“ ဟ...သိပ် ဟုတ်ပါကလား ၊ ရေ ထဲ ကို သဲ ထည့်တာ ရေ မစိုဘူးကွ ” ဟု ပြောကြ၏ ။


“ ဒီ မျက်လှည့်ဆရာလေး ကို ငါ မြင်ဖူးပါတယ် ” ဟု တစ်ယောက် က ပြော၏ ။


တခြား တစ်ယောက် က “ ဟာ ... မြင်ဖူးမှာပေါ့ကွ ။ တို့ ရွာ ကို အရောင်တင်ထုပ် တို့ ပန်းစည်းကြိုး တို့ မကြာမကြာ လာ ရောင်းတဲ့ ကောင်လေးပဲ ” ဟု ပြော၏ ။ သဲ ကို ရေ ထဲ ထည့်လျက် ရေ မစိုခြင်း ၏ အကြောင်းရင်း ကို သိချင် ကောင်း သိချင်ကြပါ လိမ့်မည် ။


မခဲယဉ်းပါ ။ သဲ နှင့် ဖယောင်း ရော၍ လှော် ထား ရပါသည် ။ ထိုအခါ ဖယောင်း သည် သဲမှုန့်ကလေးများ ပေါ် တွင် ဖုံးအုပ် ကာ ဝါတာပရု လို ဖြစ် နေ၏ ။ ထို သဲမှုန့် ကို ဆုပ် ကာ ရေအိုး ၏ အောက်ခြေ တွင် အသာ ချထား ။ ထို့နောက် ရေ ၏ အပေါ်ယံ လောက် တွင် မွှေနှောက် ဟန် ပြု ။ ချ ထားသည့် သဲပုံ ကို ပြန် ယူပြီး လက် ထဲ က ချပြ ။ သဲများ ရေ မစိုဘဲ တစ်မှုန့်စီ ကျရသည် သာ တည်း ။


ဒါက မဆန်းပါ ။ ဆန်းတဲ့ တစ်နည်း ပြ ရပါသည် ။ သော့တံဆိပ် ဗျစ်ပုလင်း အမည်း ကို ပရိသတ် အား ဗျစ်ပုလင်း မှာ သစ်လွင်လွန်း သဖြင့် တံဆိပ်အ သစ်စက်စက် ကပ်လျက် ရှိ၏ ။ ထို ပုလင်း ကို စားပွဲ ပေါ် တင်ကာ မန်းရ မှုတ်ရ၏ ။ လူရိုး နှင့် လူခေါင်းခွံ ကို တဒေါက်ဒေါက်  ခေါက်ရ၏ ။


အတန်ကြာလျှင် ပရိသတ်၏အနီး မျက်လှည့်စင်စွန်းတွင် ပုလင်း ကို ရိုက်ခွဲလိုက် ။ ကြက်ကလေး တစ်ကောင် ပုလင်း ထဲ က ထွက်လာပေ သတည်း ။


ကြက်ကလေး မှာ ပုလင်း အဝ က သွင်း၍ ဘယ်နည်းနဲ့ မှ မဖြစ် ။ ပုလင်း ကိုယ်ထည် ထဲ တွင်ပင် တော်တော် ကျပ်တည်း ကျပ်သပ် နေရသော ကြက်ကလေး ဖြစ်၏ ။


ပုလင်း ထဲ က ကြက် ထွက်ခြင်း ကို ပရိသတ်များ အံ့သြ ကြသည် ။ မျက်လှည့်ဆရာ တင်ကြိုပြင်ဆင် ထားပုံ ကို သိ ရလျှင် မအံ့ဩသည့် အပြင် မျက်လှည့်ဆရာ ကို ကော် ဆဲကာ ပါး တက် ရိုက်ချင်ပေလိမ့်မည် ။ တင်ကြို ပြင်ဆင်ထားမှု ကား ဤသို့တည်း ။


သော့တံဆိပ် ဘီယာပုလင်း အလွတ် သစ်သစ် တစ်လုံး ကို ဝယ်ရ၏ ။ ပုလင်း ကို ရေ စိမ်ကာ တံဆိပ် ကို မစုတ်မပြဲအောင် ခွာရ၏ ။ ထိုနောက် ပုလင်း ၏ ခါးလည် လောက် တွင် ရေနံဆီစိမ် ထားသော ဇာခြည် ကြိုး ဖြင့် တည့်တည့် ပတ် ၍ ချည် ၊ ထိုနောက် ဖယောင်းတိုင်မီး တွင် ဇာခြည်ကြိုး ကို လှည့် ၍ မီးရှို့ ။ တော်တော်ကြီး ပူ၍ ပုလင်း တွင် ပတ် ထားသည့် ဇာခြည်ကြိုး တွေ မီးလောင်ပြီ ဖြစ်ကုန်လျှင် ပုလင်း ကို ရေထဲ မြန်မြ န်နှစ် ဇာခြည် ရစ်ထား သည့် နေရာ က တိတိရိရိ ပြတ်သွား၏ ။ ထို ပုလင်း ပြတ် ၍ အတွင်း က ဆေးမည်း ဖြင့် သုတ် ၊ သို့မှ အတွင်း က ကြက်ကလေး ကို အပြင် က မမြင်ဘဲ ရှိချိမ့်မည် ။ ကြက်ကလေး ကို သွင်း ၊ ပုလင်းပြတ် နှစ်ခု ကို ကျွဲကော် နှင့် ဆက် ။ အပြင်က တံဆိပ် ကို သေသပ်စွာ ပြန်ကပ် ။ ကဲ အထဲ မှာ ကြက်ကလေး ရှိမှန်း မသိတဲ့ ပုလင်းကောင်း ၊ ပုလင်းလွတ်ကြီး မဖြစ်ပါ လော .. ။


ဤမျှလောက် ဖော်ပြလျှင် မျက်လှည့်ဆရာတွေ ညာပုံ လိမ်ပုံ ပရိသတ် ကို တစ်ပတ်ရိုက်ပုံ တွေ သိလောက် ပါပြီ ။


မျက်လှည့်ဆရာ ညာပုံကလေး နည်းနည်း ထပ် သိချင်ပါသေး သလား ။ ဟုတ်ကဲ့ တစ်ခု တော့ ပြောပါဦးမည် ။


ပန်းကန်ပြား နှင့် ပန်းကန်လုံး ကို မှောက်လှန် ခါတွယ်ကာ ပရိသတ် အား ပြ၏ ။ ထိုနောက် ငွေဒင်္ဂါး တစ်ပြားကို ပန်းကန်ပြား ထဲ ထည့်လိုက်၏ ။ ပန်းကန်လုံး ဖြင့် ဖုံး၏ ။ ခလောက်၍ ခလောက်၍ ပြရာ တချောက်ချောက် မြည်သံ ကြားရ၏ ။ ထိုနောက် မန်းမှုတ် ရွတ်ဖတ်ကာ ပန်းကန်လုံး ကို မ ပြီး စားပွဲ ပေါ် တွင် ထား၏ ။ ပန်းကန်ပြား ကို စောင်းမှောက် ၍ ပြ လိုက်၏ ။ ငွေဒင်္ဂါး ပျောက်ခြင်း မလှ ပျောက် သွား ချေပြီ ။ အံ့သြဖွယ် မကောင်းပါလော ။


အကယ်၍ ပန်းကန်လုံး ထဲ တွင် တုတ်တန်းကလေး အလောတော် လုပ် ကာ ဖယောင်း နှင့် ကပ် ၊ ဆေးဖြူ သုတ် ထားကြောင်း သာ ပရိသတ် သိပါ က မျက်လှည့်ဆရာ သောက်ရှက်ကွဲမည် သာတည်း ။


ပျောက်သွားသော ဒင်္ဂါး ကို ပြန်၍ ခေါ်ရချေမည် ။ ပရိသတ် ထဲ က ရိုးအအ အူကြောင်ကြောင် တစ်ယောက် ကို အတင်း ခေါ်ယူ၏ ။ သူ ၏ အိတ် ထဲ တွင် ဒင်္ဂါး ရောက်နေပြီ ဟု မျက်လှည့်ဆရာ က အာဝဇ္ဇန်း ရွှင်ရွှင် ပြော ပြီး သူ့ အိတ် ထဲ လက် နှိုက်ပြီး “ ဟော အင်္ဂါးတွေ့ပြီ ” ဟု ဆိုကာ အသင့် ထားသည့် လက်ကိုင်ပဝါ ထဲ သို့ ထည့်လိုက်၏ ။ လက်ကိုင်ပဝါ ထဲ တွင် တကယ် ပင် ဒင်္ဂါး ရောက်နေ၏ ။ ကိုင် ကြည့်လျှင် တွေ့၏ ။ ခေါက် ပြလျှင် ရ ၏  ။ လက်ကိုင်ပဝါ ထဲ က ဒင်္ဂါး အကွင်းလိုက် ကို လည်း မြင်ရ၏ ။ လက်ကိုင် ပဝါ က ဒင်္ဂါး ပန်းကန် ထဲ ပြန်သွင်းမည် ဆိုကာ လက်ကိုင်ပဝါ ထောင့်စွန်း နှစ်ဘက် ကို ကိုင်ပြီး နာနာ ခါ၍ ပြ၏ ။ ဒင်္ဂါး ကား ပျောက်ခြင်း မလှ ပျောက် ပြန် ချေပြီ ။ မပျောက်ဘဲ ရှိအံ့လော ။ လက်ကိုင်ပဝါ အနားပတ် ထောင့် ထဲ တွင် ဒင်္ဂါး ကို ထည့် ချုပ် ထား သကိုး ။


ပန်းကန်ပြား ပေါ် ပန်းကန်လုံး အုပ် ၊ ပန်းကန်လုံး ထဲ က အထပ်ခိုး တွင် မှောင်ခို နေသော ဒင်္ဂါး ကို ခါ ချသော် ဒင်္ဂါး သည် ပန်းကန်ပြား ထဲ သို့ ချွမ်ခနဲ မြည်ကာ ပေါ်ထွက် လာ၏ ။ ဤကဲ့သို့ဖြင့် နည်းပေါင်း ၅ဝ ထက် မနည်း ပြ ခဲ့လေရာ ကျွန်တော့် အား ပဉ္စလက် တတ် သလိုလို ၊ မှော်ဆရာ လိုလို ထင်ကြ၏ ။


ပွဲ သိမ်းခါနီးတွင် ထူးခြားသော အခန်း နှစ်ခန်း ပြပါသေးသည် ။ ပရိသတ် ထဲ တွင် ထိုင်၍နေသော ဘဟိန်း ကို ခေါ်ကာ အိပ်မွေ့ချ၏ ။ ဒါကတော့ တကယ်ပါခင်ဗျား ။ ဘဟိန်း ကို သံချောင်း လို အတောင့် ခိုင်း၏ ။ တကယ် တောင့်၏ ။ ခေါင်းဖျား နှင့် ခြေဖျား ကို ကု,လားထိုင် ပေါ် တင်၏ ။ တံတား သဖွယ် တောင့် နေသည့် ကိုယ် ပေါ်သို့ လူ တစ်ယောက် တက်၍ နင်း စေ၏ ။ ပျော့ မကျ ခွေ မကျ ။ ဒါမှ တကယ့် ပညာ သာ တည်း ။ တစ်ဖန် ဘဟိန်း ၏

ခြေသလုံး ကို အပ် တစ်ချောင်း အဆုံး ဝင်အောင် ထိုး၍ ပြ၏ ။ ဘဟိန်း ကား မတုန် မလှုပ် ။ ဤနည်း က တော့ အိပ်မွေ့ချနည်း အစစ် ပင် ဖြစ်ပါသည် ။ ဤနည်း ကို တော့ သုံးလပတ်လုံး ကျွန်တော် အပူတပြင်း တကယ်ပင် လေ့လာ အားထုတ်ခဲ့ရပါသည် ။


ထိုနည်း ကို မည်ကဲ့သို့ လေ့လာ အားထုတ်ရပုံ အလုံးစုံ ကို နောင် အလျဉ်းသင့် လျှင် ရှုမဝမဂ္ဂဇင်း တွင် ထည့်သွင်း ဖော်ပြမည် ဖြစ်ပါကြောင်း ။


 ◾ရန်အောင်

📖 ရှုမဝ မဂ္ဂဇင်း

Sunday, January 3, 2021

အပျိုလို မနေမိလို့ ငိုမိတယ်လေး ( ရန်အောင် )


 ❝ အပျိုလို မနေမိလို့ ငိုမိတယ်လေး ❞


မိန်းကလေးများအတွက် “ အပျိုစင် ” ၊ “ အပျိုစစ် ” ဘဝဟူသည် အမြင့်မြတ်ဆုံး ၊ အဖိုးတန်ဆုံး ၊ အထွတ်မြတ်ဆုံး ၊ ရတနာအစစ်ဆုံး “ အမြုတေ ” ပင်ဖြစ်၏ ။


အိမ်ထောင်မပြုရသေးသော ကျွန်ုပ်တို့၏ သမီးများ ၊ နှမများ ၊ တူမများသည် အိမ်ထောင်မပြုရသေးမီ ( ဝါ ) လက် မထပ်ရသေးမီ “ အပျိုစင် ” ဘဝလျှောကျပျက်သုဉ်းခြင်း မရှိအောင် ကြီးစွာသော သတိကို ဆောင်ရပေမည် ။


ဤ “ အပျိုစင် ” ဘဝကို မည်သည့်တိုင်းပြည် ၊ မည်သည့်လူမျိုးမဆို အဖိုးမဖြတ်နိုင်အောင် အထွတ်အမြတ်အဖြစ် အသိအမှတ် ပြုကြ၏ ။


အထက်တွင်ဖော်ပြခဲ့သည့် အပျိုကြီးအမည်ခံ မိန်းကလေးကဲ့သို့ “ သမီးရည်းစားလည်း မက ” ဟူသော အဖြစ်မျိုး ၊ ဖုံးမနိုင် ဖိမရသောကိစ္စမျိုး ဖြစ်ပွားခြင်းကို မဆိုထားဘိ ။


   ယောက်ျားကလေးများနှင့် ဒွေးရောယှက်တင်နေခြင်း ။

   ယောက်ျားကလေးများနှင့် ခင်မင်ပွန်းတည်းလွန်းခြင်း ။

   ယောက်ျားကလေးများနှင့် အတူသွားလာနေထိုင်ခြင်း ။

   ယောက်ျားကလေးတစ်ဦးဦးနှင့် ရည်းစားထားခြင်း ။


စသည်များကိုပင် ကြီးစွာသော သတိဖြင့် ရှောင်ကြဉ်အပ်လှပေသည် ။


ဤတွင် မေးဖွယ်ရှိပါ၏ ။


“ ရည်းစားမထားရရင် လင်သားလဲ မယူရတော့ဘူးပေါ့ ။ ဒီလိုဆိုရင် မိန်းကလေးတွေအားလုံး အပျိုကြီး ချည့်လုပ်နေရတော့မလား ”


ဤအမေးအတွက် လုံလောက်သောအဖြေရှိပါ၏ ။


သီလရှင် မလုပ်နိုင်သော မိန်းကလေး ၊ ဗြဟ္မစရိယ သိက္ခာပုဒ်ကို ဆောက်တည်ကာ အပျိုကြီး မလုပ်နိုင်သောမိန်းကလေးများအရွယ်ရောက်လာလျှင် သင့်သူ တော်သူ ကောင်းမြတ်သူနှင့် အိမ်ထောင်ပြုကြရပေမည် ။


သို့သော် အလှူရှင်မှန်းသိအောင် အလှူ မကျင်းပသေးမီ မဏ္ဍပ်တိုင်မတက်ချင်ပါနှင့် ။


ဆိုလိုရင်းကား “ ရည်းစား ” ဟူသည် မိမိနှင့် လက်ထပ်လျှင် သင့်လျော်မည်ထင်၍ လျာထား မှန်းဆထားသူဖြစ်၏ ။ သို့ လျာထား မှန်းဆခြင်းကို ကာယကံရှင်နှစ်ဦး ၊ သို့မဟုတ် ကာယကံရှင်တို့၏ မိဘဆွေမျိုး ရင်းနှီးသူများ သိလျှင် တော်ပေပြီ ။


“ မ ၊ မည်သူနှင့် မောင် ဘယ်ဝါ သမီးရည်းစား ဖြစ်နေပြီကွ ” ဟု လှည်းနေ ၊ လှေအောင်း ၊ မြင်းဇောင်းမကျန် သိဖို့ အရေးမဟုတ်ချေ ။ ( ဝါ ) တောအရပ်များတွင် အလှူလုပ်ခါနီး “ ဗျိုး ” ဟစ်သလိုဟစ်၍ ပြုရသော ကိစ္စမျိုး မဟုတ်ချေ ။


အကြောင်းမူကား “ ရည်းစား ” ဟူသည် မှန်းဆ ရာထားချက် မျှသာဖြစ်ရာ နေရာ ကျ ၊မကျ ၊ ကိစ္စ အောင်မြင်, မအောင်မြင်ကို အဘယ်မှာလျှင် သိနိုင်ပါအံ့နည်း ။


အထက်တွင်ဖော်ပြခဲ့သည့် ကျွန်ုပ်၏ မိုက် မှားချက်ကိုကြည့်လျှင် တစ်ဦးနှင့်တစ်ဦး တွေ့ဆုံကြုံကြိုက် သဘောနှစ်ခြိုက်သည်ဆိုခြင်းမှာ   သိကြားမင်းက နကင်းနှင့် ဆင်းကာ မယ်ဘဇာ မောင်ဘဇိတို့ လက်ထပ်တော်မူပါဘိဟု ဗျာဒိတ်ပေးခြင်းလည်းမဟုတ် ၊ သတ္တဘာဂ ဖူးစာရေးနတ်မင်းက စုတ်ချက်ကြီး ခပ်ပြင်းပြင်းနှင့် မောင်မင်းနှင့် မယ်မိ အိမ်ထောင်ဘက်ပြုလေဘိဟု ကတိဝန်ခံချက် ပေးခြင်းလည်း မဟုတ် ။


ကျားနှင့် မ တို့ သွားရင်းလာရင်းကူးသန်းရင်းဖြင့် အလျဉ်းသင့်၍ တွေ့ဆုံကာ စိတ်ထဲမှာ ကြံစည်ကြခြင်းသာလျှင်ဖြစ်ရာ ၊ ရည်းစားဟူ၍ ထားကြသူတိုင်းအကြောင်းပါကြ ၊ လက်ထပ်ရမည်ဟု ဒိဌမပြောနိုင်ချေ ။


အကယ်၍လူသိရှင်ကြားသမီးရည်းစား ဖြစ်နေကြပြီဟု ဟိုးလေးတကျော် ဖြစ်နေပြီးမှ အကြောင်းမသင့် ၊ အခွင့်မသာ၍ မညားရပါလျှင် ယောက်ျားမှာ မထောင်းသာ ၊ မိန်းကလေးမှာသာ နာမည်ပျက်တတ်၏ ။


အထက်တွင်ဖော်ပြခဲ့သည့် “ အပျိုကြီးအမည်ခံ” မိန်းကလေး၏အဖြစ်မျိုး မဟုတ်သည့်တိုင်အောင် ၊ ရည်စားပျက် , ရည်းစားကွဲ , ရည်းစားနှင့် လွဲရသူများမှာလည်းတစ်နည်းအားဖြင့် ဂုဏ်သိက္ခာပျက်ခြင်းပင် ဖြစ်ပေသည် ။


ထို့ ကြောင့် ရည်စားထားလျှင် လူမသိအောင် ထားရ၏ ။ “ သမီးရည်းစားလည်း မက ” ဆိုသောအဖြစ်မျိုးသို့ ဘယ်အခါမျှမရောက်အောင် ကြီးစွာသော သတိကို ဆောင်ရပေလိမ့်မည် ။


အကြောင်းမူကား ယောက်ျားဟူသည် ကလေးနှင့်အင်မတန်တူသော သတ္တဝါများဖြစ်၏ ။ ကလေးသည် ကစားစရာတစ်ခုကို မရလေ လိုချင်လေဖြစ်၏ ။ ထိုကစားစရာကို တကယ်ရ တကယ်ပိုင်လျှင် အခြားကစားစရာအသစ်ကို ပူဆာတတ်ပြန်၏ ။


ထိုနည်းတူပင် ယောက်ျားများမှာလည်း မိန်းကလေးတစ်ယောက်ကို တကယ်ပိုင်ဆိုင် စိုးမိုးပြီဟူသော အခြေအနေမျိုးသို့ ရောက်လျှင် စိတ်တစ်မျိုး ဖောက်လွဲဖောက်ပြန်လုပ်တတ်၏ ။


ဤတွင် လူသိရှင်ကြား လက်ထပ်ပြီးသော လင်မယားထက် သမီးရည်းစားဘဝမှာ ပို၍ စိုးရိမ်ရလေသည် ။ အကြောင်းမူကား လူသိရှင်ကြား လက်ထပ်ပြီးသောအခါတွင်ကား “ ဒါ ကျွန်မလင် ” ဟု ထင်ထင်ရှားရှား ပြောနိုင်၏ ။ တရားဥပဒေအရလည်း ပိုင်ဆိုင်၏ ။ သမီးရည်းစားဘဝတွင်ကား ဤသို့ ပိုင်ပိုင်နိုင်နိုင် ပြောပိုင်ခွင့်မရှိရကား စည်းမဲ့သော ယောက်ျားများ၏ လှည့်ဖြားသွေဖီခြင်းကို ခံရတတ်လေသည် ။


၄င်းအပြင် သမီးရည်စားလည်းမဟုတ် ။ ရည်မှန်းထားသူလည်း မဟုတ်ပါဘဲလျက် အများသူငါတို့ ၏မျက်စိတွင် အမြင်မတော်အောင် ရောနှောယှက်တင် နွှဲယှဉ်သွားလာခြင်း မပြုအပ်ပေ ။


သို့ ဘယ်လိုမျှမဟုတ်သူနှင့် အတူယှဉ်တွဲသွားလာမှုကြောင့် ဤယောကျာ်းနှင့် ဤမိန်းမ ရိုးမှရိုးပါလေစဟု ထင်မြင်ခြင်းခံရလျှင် နစ်နာလျက် တန်ဖိုးယုတ်ကာ လူကောင်း သူကောင်းတို့ ရှောင်ကြဉ်ခြင်း ခံရတတ်လေသည် ။


ကျွန်ုပ်၏ အစ်ကိုတော်သူတစ်ဦးက ဤသို့ ပြောဆိုဖူး၏ ။


“ မောင်ရန်ရာ ... ငါလေ အခုပေါင်းနေတဲ့ ငါ့မယားနဲ့ အကြောင်းပါကြသကွ ၊ ငါ့မယားမှာ တစ်ခါမှ ရည်းစားမထားဘူး ၊ အထီးဆို ယင်ဖိုတောင် မသန်းဖူးတဲ့ အပျိုစင်ကလေးလို့ ထင်နေမိသကိုးကွ ၊ အဲ... ငါနဲ့ သူနဲ့လက်ထပ်ပြီးတော့မှ အရင်က ရည်းစားတစ်ယောက်ရှိခဲ့ဖူးတယ် ဆိုတာ ကြားရတော့ ငါဖြင့်လေ ယူကျုံးမရဖြစ်ပြီး ငိုလိုက်ရတာကွာ မပြောပါနဲ့တော့ ”


ယောကျာ်းဟူသည် ဤလိုသတ္တဝါမျိုးသာ ဖြစ်လေသည် ။ သူရို့ ကား အိမ်ထောင်မကျခင်က ဖြစ်ချင်သလိုဖြစ် ၊ နစ်ချင်သလိုနစ်ခဲ့တတ်ကြသော်လည်း သူတို့ လက်ထပ်ယူသည့် မိန်းကလေးမှာ အလျင်က ရည်းစားရှိခဲ့ဖူးသည်ဆိုခြင်းကိုပင် မကြားဝံ့မခံသာ ရှိတတ်ကြလေသည် ။


အရင်က ရည်းစားရှိဖူးရင် .. အရင်က ဟိုယောကျာ်း ၊ ဒီယောကျာ်းနဲ့ တွဲပြီး သွားလာဖူးရင် သူတို့ချင်း လွတ်လွတ်ကင်းကင်းမှ ရှိပါလေစ ။


လင်သည် ယောက်ျားတို့သည် မိမိတို့ ၏ဇနီးအား ဤနည်း တွေးတောကာ သင်္ကာယနမကင်း ဖြစ်တတ်၏ ။


ထို့ကြောင့် မိန်းကလေးဟူသည် မြူမျှမတင် သန့်ရှင်းစင်လျက် “ အပျိုစင် အပျိုစစ် ” ဘဝကို အရအမိ ကြိုးကုတ် အားထုတ်သင့်ကြပေသည်တကား ။


◾  ရန်အောင်


📖  အိမ်ထောင်ရေး အဘိဓမ္မာ

      

Tuesday, November 3, 2020

ကျွန်ုပ်ခံရ ချစ်ဒုက္ခ


 

  ❝  ကျွန်ုပ်ခံရ ချစ်ခုက္ခ  ❞

ကျွန်ုပ်သည် “ အိမ်ထောင်ရေးကျမ်း ” ကို အဘယ်ကြောင့် ရေးလိုသည် ၊ ရေးရသည်၏ အကြောင်းရင်းများကို အထက်တွင် ဖော်ပြပြီးခဲ့ပေပြီ ။ ထိုဖော်ပြပြီးခဲ့သည့် အကြောင်းရင်းများထက် ပို၍ အရေးကြီးသော အကြောင်းရင်း တစ်ခုလည်း ရှိပေသေး၏ ။

ကျွန်ုပ်ကား အသက် ၅၀ ရှိပေပြီ ။ အိမ်ထောင်သက် ၂၅ နှစ်ရှိပြီ ဖြစ်၏ ။ အိမ်ထောင်လည်း ၃ - ၄ ဆက် ပြောင်းခဲ့ရပြီ ။ ကျွန်ုပ်၏ အိမ်ထောင်ရေး အဆက်ဆက် တစ်သက်တာဘဝတွင် ချမ်းမြကြည်သာ အဆင်ပြေပါသည်ဟု ပြောပလောက်အောင် တစ်ကြိမ်တစ်ခါမျှ မတွေ့ရ ။ သို့မတွေ့ရသည်များမှာ ' ကံ ' ကိုချည်း ချရန်မဟုတ် ။ အတိတ်ကံလည်း ရှိချင်ရှိပေမည် ။ ပစ္စုပ္ပန်ကံဟု ခေါ်ထိုက်သောပစ္စက္ခ လုပ်ကိုင်ဆောင်ရွက်ပုံ နေရာမကျ၍လည်းဖြစ်နိုင်သည် ။ ကျွန်ုပ်၏ ပတ်ဝန်းကျင် အခြေအ​ေန အကျိုးအကြောင်းတို့ကြောင့်လည်း ဖြစ်နိုင်သည် ။

မည်သို့ပင်ဖြစ်စေ ကျွန်ုပ်၏တစ်ဘဝလုံးတွင် အိမ်ထောင်ရေး အဆင်မပြေမှုကြောင့် ဒုက္ခသောကအမျိုးမျိုးတို့ကို ကုန်း၍ ရုန်း၍ ခံခဲ့ရသည်များကို ဖော်ပြခြင်းသည် ကျွန်ုပ်၏ချို့တဲ့ချက် ၊ချွတ်ယွင်းချက် များကိုလည်း မခြွင်းမချန် ရေးပြလိုသည် ။

သို့မှသာ နောင်လာနောက်သား နှောင်းလူများကို ကျွန်ုပ်တွေ့ကြုံ  ခံစားခဲ့ရသည့် အဖြစ်ဆိုးမျိုးမှ လွတ်ကင်းအောင် တတ်နိုင်သမျှ ရှောင်ကြည်နိုင်ပေမည် ။ သို့ရှောင်ကြည်နိုင်သဖြင့်အိမ်ထောင်ရေးသုခ ရသင့်သလောက် ရကြပါဘိမူကား ကျွန်ုပ်၏ ငယ်ကျိုးငယ်နာတို့ကို ဖော်ထုတ်ရေးသားရကျိုးနပ်ပေပြီဟု ထင်မှတ်ယုံကြည်မိပေသည် ။

၄င်းပြင် ကျွန်ုပ်၏ အိမ်ထောင်ရေး သင်ခန်းစာများကို ဝတ္ထုရေးလျှင်
လည်း ဖြစ်ပါ၏ ။ ဆောင်းပါးလည်း ရေးနိုင်ပါ၏ ။

သို့သော် ဝတ္ထုဟူသည် ဇာတ်လိုက် များကိုအသားပေး၍ရေးမြဲဖြစ်သည် ။ ဇာတ်လိုက်ပြောသမျှသည် အဟုတ် ၊ ဇာတ်လိုက်လုပ်သမျှသည် အမှန် ၊ ဇာတ်လိုက်ကြံသမျှသည် အကောင်းချည်း ရေးရမြဲဖြစ်ရာ ဤသို့ရေးလျှင် စာဖတ်သူများ တကယ့်ဖြစ်စဉ်, တကယ့်ဘဝကို မသိဘဲနေမည် ။ သို့အမှန်ကို မသိရလျှင် အဘယ်မှာလျှင် သင်ခန်းစာရပါတော့အံ့နည်း ။

ဤနေရာတွင် စကားအလျဉ်းသင့်သဖြင့် ဝတ္ထု သဘောကို အနည်းငယ် ဖော်ပြလိုပေသည် ။ ဝတ္ထုဟူသည် အထက်တွင်ဆိုခဲ့သည့်အတိုင်း ဇာတ်လိုက်ကို အသားပေးကာ ရေးသားမြဲဖြစ်သဖြင့် ဇာတ်လိုက်နှင့် ပဋိပက္ခပြုသူမှန်သမျှမှာ လူကြမ်း ( ဗီလိန် ) လုပ်၍ ရေးရသည် ။

ဥပမာ ဇာတ်လိုက် ကျားနှင့်မတို့ မညားအောင်ဖျက်ဆီးသည့် မိဘများမှာ လူကြမ်း ( ဗီလိန် ) တွေ ဖြစ်ကြရသည် ။

တကယ့်ဖြစ်စဉ်များမှာမူ မိဘသည် ဗီလိန်မဟုတ်ပါပေ ။ မိဘဟူသည် သားသမီးကို ဘုရားသခင်၏မေတ္တာတော်မျိုးဖြင့် ချစ်၏ ။ ၄င်းပြင် မိဘများသည် ပျိုခဲ့ အိုခဲ့ဖူးပြီဖြစ်ရာ အိမ်ထောင်ရေးအတွက် လူငယ်တွေထက် ပို၍သိ၏ ။ ဗဟုသုတရှိ၏ ။ သို့ပါလျက် ဇာတ်လိုက်ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့် မိဘမှာ ဗီလိန် ဖြစ်ရရှာသည် ။

အမှန်မှာကား အကယ်၍ အိမ်ထောင်ဘက်ပြုမည့်သူကို မိဘက သဘောမတူဖြစ်ငြားအံ့ ၊ သဘောမတူနိုင်လောက်သည့် အကြောင်းရင်း လုံလောက်အောင် ရှိပေမည် ။

ဤနေရာတွင် ရှေးစကားပုံမှာ ဘယ်တော့မှ ရိုးမည်မဟုတ်သော စကားပုံပင်ဖြစ်၏ ။

“ ဆင်စီး၍ မြင်းရံသည်ကိုသာ မြင်လိုသည် ”

“ ဆင်နင်း၍ မြင်းကန်သည်ကို မမြင်လို ”

ဤစကားပုံအတိုင်း မိဘသည် သားသမီးကို မိမိကိုယ်တိုင်ထက်ပို၍ ချစ်တတ် ကြင်နာတတ်မြဲဖြစ်ရာ ဝတ္ထုထဲက ကောင်လေးနှင့်ကောင်မလေး မညားအောင် တားမြစ်မှုကြောင့်ကျေးဇူးရှင် မိဘနှစ်ပါးမှာ လူကြမ်းတွေဖြစ်ကြရသည် ။ မိဘကို တော်လှန်ပုန်ကန်သော လူငယ်များမှာ ဇာတ်လိုက်ဟီးရိုးတွေ ဖြစ်ကုန်ကြသည် ။

ထိုကဲ့သို့သော ဝတ္ထုပြီသသည့်ဝတ္ထုများကို လူငယ်များဖတ်ရှုအားကျကာ မိဘကို တော်လှန်ပုန်ကန်ကြ၏ ။ မိဘ၏စကား ပျားပမာချိုပါလျက် တမာလိုခါးကြ၏ ။

ဝတ္ထုထဲတွင်ကား “ မိဘကိုတော်လှန်သော လူငယ်များ ပျော်ပါးရွှင်ပျစွာ နေကြရလေသတည်း ” ဟုရေးမည်ဖြစ်သော်လည်း တကယ့်ဖြစ်စဉ်မှာကား ထိုသားသမီးတို့သည် ဆင်းရဲခြင်းကြီးစွာနှင့် တွေ့ရလေသတည်းသာ ဖြစ်ပေလိမ့်မည် ။

ထို့ကြောင့် ကျွန်ုပ်၏ အိမ်ထောင်ရေးဖြစ်စဉ် ဝတ္ထုအသွင်မရေးဘဲ “ ကျမ်း ” အဖြစ် ရေးသားခြင်းဖြစ်၏ ။ သို့ရေးမှလည်း အပြစ်အနာချွတ်ယွင်း လွဲချော်ရာများကို တိတိကျကျ ဖော်ပြနိုင်မည် ဖြစ်သတည်း ။

   ◾ ရန်အောင်

   📖  အိမ်ထောင်ရေး အဘိဓမ္မာ

Saturday, August 29, 2020

သူကြီးကတော် ထွက်ရှာသော်


 

❝ သူကြီးကတော် ထွက်ရှာသော် ❞

    အထက်တွင် ဖော်ပြခဲ့သည့် မယားကံဆိုးရှာ ၊ သနားစရာ သူငယ်အကြောင်းကို စကားစပ်မိတိုင်း ကျွန်ုပ်က ပြောပြတတ်ပေရာ ကျွန်ုပ်၏စကားကို ကြားရသော ကျွန်ုပ်၏ မိတ်ဆွေတစ်ယောက်က အောက်ပါအတိုင်း သူ့ကိုယ်တွေ့ဖြစ်စဉ်တစ်ရပ်ကို ပြောပြပေ၏ ။

    “ ပဂိုးနယ်က ဘန္ဒာဆိုတဲ့ ရွာမှာ သမ္ဗန်ခတ်တဲ့ လူတစ်ယောက်ရှိတယ်ဆရာရဲ့၊ အဲဒီလူဟာ သမ္ဗန်သမားဘဝနဲ့ မိန်းမရရော ၊ သမ္ဗန်သမားဘဝက ရတဲ့ မိန်းမဆိုတော့ သမ္ဗန်သမား အဆင့်အတန်းမျိုးထဲကပဲပေါ့လေ ။

    အဲ... နောက်တော့ အဲဒီလူက ထထကြွကြွ ၊ လုံ့လဝီရိယကလဲ ရှိတယ် ၊အရည်အချင်းကလေးကလဲ အသင့်အတင့်ရှိတယ် ၊ ကံကလဲလိုက်လာတယ်ဆိုပါတော့ ၊ သူတို့ရွာမှာ သူကြီးဖြစ်ပါလေရော...။

    အဲဒီလိုသူကြီးဖြစ်တဲ့အခါကျတော့ သမ္ဗန်သမားဘဝကရခဲ့တဲ့ မိန်းမကအရည်အချင်းမရှိ ၊ သူကြီးကတော် ဂုဏ်ဒြပ်နဲ့ မတန် အင်မတန်အောက်ကျနောက်ကျ ဖြစ်နေတော့ အဲဒီမိန်းမကို စိတ်ညစ် စိတ်ပျက်ပြီး သူကြီးကတော်လောင်း အရှာထွက်ပါလေရောဆရာ ။

    အင်း... အခုတော့ သူကြိုက်တဲ့ သူကြီးကတော်လောင်းလျာတော့တွေ့ထားပြီ ၊ သူတို့ချင်းနေရာ ကျ  , မကျတော့မသိဘူး ၊ သူကြီးကတော်ရာထူးနဲ့ ထိုက်တန်တဲ့ မိန်းမနဲ့သာ အကြောင်းသင့်မြတ်ရင်တော့ သမ္ဗန်သမားဘဝက မယားဟာ ရာထူးလျှောကျပြီး လင်ပစ်မ, ဖြစ်ရတော့မှာပဲ ”

    ထိုကိစ္စမျိုးကား မကြာခဏ ကြုံတွေ့ တွေ့တတ်၏ ။ ဤကဲ့သို့ဖြစ်ရခြင်းကား အရည်အချင်းညံ့ဖျင်းသောမိန်းမ၏ အပြစ်ချည်းမဟုတ် ၊အမြော်အမြင်နည်းပါး ၊ မယားရွေးနည်းနေရာမကျသည့် ယောက်ျားဘက် က ညံ့ဖျင်းမှုလည်း ပါပေသည် ။

    တစ်နည်းအားဖြင့်ပြန်ဆိုလျှင် သမ္ဗန်သမားဘဝက မိန်းမယူလျှင် သမ္ဗန်သမားမယား အဆင့်အတန်းရှိသည့် မိန်းမမျိုးကိုသာ ရမည်ဖြစ်၏ ။ သူကြီးဘဝရောက် မှ မိန်းမယူလျှင် သူကြီးကတော်ဖြစ်ထိုက်သည့် မိန်းမမျိုး ရမည်ဖြစ်ပေသည် ။ သို့ဖြစ်ပါလျက် မအောင့်နိုင် ၊ မချုပ်တည်းနိုင် ၊ ကိလေသာညံွ့အိုင်တွင် လှိုင်လှိုင်ကြီး အမြုပ်စောသဖြင့်ဘသားချောခမျာ ဒုက္ခတွေ့ ရခြင်းသာလျှင်ဖြစ်၏ ။

    ၄င်းပြင်တစ်နည်း ဤသို့လည်းဆိုနိုင်ပါသေး၏ ။ လူ၏အရည်အချင်းဟူသည် ဆင်းရဲခြင်း ၊ ချမ်းသာခြင်း ၊ ပစ္စည်းရှိခြင်း ၊ ပစ္စည်းမဲ့ခြင်း တွင်မတည် ။ အသိအလိမ္မာဉာဏ်ပေါ်တွင်သာ တည်ခြင်းဖြစ်ရာ အသိအလိမ္မာရှိလျှင်ကား ဆင်းရဲသားဘဝက ယူသည့်မယားကို မင်းဖျား ရာဇာဘုရင်မင်းမြတ် ဖြစ်လာသော်လည်း စွန့်ပစ်ခြင်းငှါ မသင့်ပါပေ ။

    ကျန်စစ်သားသည် ကျောက်ဖြူရွာတွင် ရသေ့တူမ သမ္ဘူလနှင့် မေတ္တာဖွဲ့နှောင် ချစ်ကြိုးဆောင်၍ အိမ်ထောင်ကျခဲ့လေရာ ကျန်စစ်သားမင်း လူ့သနင်းသည် ရာစင်းထီးဖြူ စိုးအုပ်တော်မူသည့်အခါ အနှာ သမ္ဘူလ တောတွင်းက အမျိုးသမီးကိုပင်လျှင် အချစ်ကြီးချစ် ၊ မစွန့်ပစ်ဘဲ ၊ နာမသစ်အမည် ၊ “ ဦးဆောင်ပန်း ” ဟူသော ဘွဲ့ ချည်လျက် ဒေဝီမိဖုရားတင်မြှောက်စား ထင်ရှားထုံးဟောင်းရှိသည် မဟုတ်ပါလော ။

    တောင်ငူဘုရင် တပင်ရွှေထီး ၊ စောထီးရာဇ ၊ မင်းမြတ်စွာ့၏ ၊ မွေးဖပီတာ ၊ မင်းကြီးညိုရာဇာသည် ၊ ဆင်းလျောချောမွေ့၊ ဣန္ဒြေ ့ရှင် ၊ လှထွတ်တင်ဟု မြော်မြင်ဉာဏ်ကြီး ၊ ငနွယ်ကုန်း သူကြီးသမီးကို မိဖုရားကြီး မြှောက်စားလျက် မင်းတရားရွှေထီးကိုပင် ဖွားမြင်ခဲ့သည် မဟုတ်တုံလော ။

    သာယာဝတီမင်း ၊ လူ့သနင်းသည် ၊ အဆင်းပြင်လျာ ၊ ပညာပြည့်စုံ ၊ စွယ်စုံထင်ရှား ၊ လှိုင်ထိပ်ထားကို မိဖုရားမြှောက်ခဲ့တုံချေသေး၏ ။

    ဤအချက်တွေကို ထောက်ထားလျှင် ဆင်းရဲခြင်း ၊ ချမ်းသာခြင်းကား အရင်းမူလ မဟုတ်လှပါ ။ ပညာမြော်မြင် ၊ ဆင်ခြင်တိုင်းထွာ ၊ ဗဟုသုတအဖြာဖြာ ပြည့်ဝသည့် ကလျာဏ မိန်းမမြတ်ဟူလျှင် ငယ်စဉ်ဘဝ ၊ ဆင်းရဲစဉ်ကအကြောင်းမျှသော်လည်း ဘယ်တော့မျှ စွန့်ပစ်ခြင်း မပြုထိုက်ချေ ။

    သို့သော် အမိုက်ခေါင်သီး ၊ နှုတ်သီးကစွာ ၊ အသုံးဖွာလျက် ၊ ပညာတုံးတိ ၊ ဝီစိအစာ ဆိုးခေါင်ချာတို့ကိုကား မယားဖြစ်စေ ၊ လင်ဖြစ်စေ သားသမီးတွေ တစ်ကျိပ်ပင်မွေးသော်ငြားလည်း လားလားမျှ မပေါင်းသင်း မဖင့်မနှေး ၊ ပစ်၍ သာပြေးရမည်ဟု ရှေးပဝေဏီ ၊ ပညာမြတ်နှစ်အဆီ ၊ လောကနီတိ ကျမ်းသိင်္ဂီတွင် ဤသို့ပင် ရေးသားခဲ့သည်မဟုတ်ပါလော ။

 ◾ ရန်အောင် 

  📖 အိမ်ထောင်ရေး အဘိဓမ္မာ

.

Wednesday, July 1, 2020

အိမ်ထောင်ရေး ဓမ္မ ဤသို့ပြ ( ရန်အောင် )



  ❝  အိမ်ထောင်ရေး ဓမ္မ   ဤသို့ပြ  ❞

ကျွန်ုပ် တူလို သားလို ခင်မင်ရင်းနှီးသော သူငယ်တစ်ယောက် ရှိ၏ ။ စစ်ပြီးစက ထိုသူငယ်မှာ အလုပ်အကိုင် မယ်မယ်ရရ မရှိသဖြင့် သူများအိမ်တွင် ထမင်းစားကျွန်ခံကဲ့သို့ နေရရှာသည် ။သို့သော် ထိုသူငယ်၏ ပညာ အရည်အချင်းကား မညံ့ပေ ။ တက် မယ့်မီးကျည် စအိုနီနှင့်ဟူသကဲ့သို့ဉာဏ်ရည်ဉာဏ်သွားနှင့် လူစွမ်းလူစအပြင် စာပဝါသနာအိုး စာသမား, ပေသမား တစ်ယောက်ဖြစ်၏ ။

ထိုသူငယ်သည် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း သူများအိမ်တွင် ထမင်းစား ကျွန်ခံဘဝမျိုး၌ နေရစဉ်တွင် အချစ်စိတ်ကို ဖိနှိပ်ဆုံးမ၍ မထားဘဲ အိမ်ထောင်ပြုလိုသည့်အလျှောက်အိမ်ထောင်ပြုလေ၏ ။
သို့အိမ်ထောင်ပြုသော အခါတွင်ကား သူ့အခြေအ​ေန အဆင့်အတန်း အားလျှော်စွာ စာပေမတတ် ,  ဂွတတ , အတတ , တောသူ အရိုင်းမကြီးနှင့် အိမ်ထောင်ကျသတတ် ။

ယခုအခါတွင်ကား ထိုသူငယ်၏ ပညာအရည်အချင်းအလိုအလျောက် လခ ၅၀ဝိ/- နီးပါးစားရသည့် ဘရားဝါလား အလုပ်ကြီးကို လုပ်ရလေရာ ထမင်းစား ကျွန်ခံဘဝက ယူထားသည့်အရိုင်းမကြီးမှာ ရှေ့သွားနောက်လိုက် မညီ ကသီလင်တ ၊ ဂွအကျကြီးကျလျက်စွန့်ပစ်၍လည်းမရ
ကျေနပ်နှစ်သိမ့်ရမည်ကလဲ သဘာဝမကျ ၊ ဒုက္ခအကြီးအကျယ် တွေ့ရရှာလေသည် ။

တစ်နေ့သောအခါတွင် ကျွန်ုပ်သည် ထိုသူငယ်အလုပ်လုပ်ရာ ဌာနသို့ သွားရောက်လည်ပတ်၏ ။  ထိုသူငယ်၏ စားပွဲရှေ့တွင် ရေမွန်သားနားသော ပညာတတ်စာတတ်ပေတတ် မိန်းကလေးတစ်ဦးထိုင်ကာ စာအကြောင်း ပေအကြောင်း သောင်းပြောင်းရောရာပြောရန် သဘောကြည်မျှ ရွှင်ပြဝမ်းမြောက်နေကြသည်ကို တွေ့ရ၏ ။
ကျွန်ုပ်မှာ ထိုသူငယ်အတွက် ရင်တွင်းမှနာ မချိစွာဖြင့် အသာထိုင်၍ ကြည့်နေရပေသည် ။
ထိုသူငယ်သည် ထိုသူငယ်မနှင့်သာ အကြောင်းပါ ပါကအိမ်ထောင်ရေးသုခ အဘယ်မျှရမည်နည်းဟု အတွေးကြီးတွေးပြီး ဝမ်းအနည်းကြီး နည်းပေ၏ ။

ထိုသူငယ် အိမ်ထောင်ရေးသုခ မရရသည်မှာချုပ်တည်းမှု အောင့်အီးမှု မရှိသောကြောင့်ဖြစ်၏ ။ တစ်နည်းဆိုသော် လက်ထဲတွင် တစ်ပဲသား ရှိစဉ်က ပစ္စည်းဝယ်မိသဖြင့် တစ်ပဲတန်ကိုသာ ရခြင်းဖြစ်၏ ။ အကယ်၍ ထောင့် - ကိုးရာရှိမှ ပစ္စည်းဝယ်လျှင် ထောင့် - ကိုးရာတန်ရမည် ။ မှန်လေသည် ။

ဤသူငယ်ကားအိမ်ထောင်ရေးအတွက် စိတ်အပျက်ကြီးပျက်လျက် မိတ်ဘက်နှင့်လည်း အတူမနေချင် အိမ်တွင်  ​ေနသော်ငြားလည်း မယားနှင့်စကားပြော၍မဖြစ် သူငယ်က ဗဟုသုတဖြစ်ဖွယ်စကားပြောလျှင် သူ့မယား ကန်စွန်းရွက်တစ်ပဲဖိုး သုံးစည်းမရကောင်းလားဟု မဟားဒယားနှင့် ကန်စွန်ရွက်သည်ကို ဒေါပွသည့်စကားကိုဆို၏ ။

သူငယ်က စီးပွားရေးစကားပြောလျှင် သူ့မယားက ကလေးတစ်ယောက် မွေးစားချင်ကြောင်းပြောမည်ဖြစ်၏ ။

ဤကဲ့သို့ အဆင်မပြေ ကလေကဝ ဂွအကျကြီးကျသော သူငယ်မှာ အိမ်မှလည်ပတ်ကာ စိတ်ဖြေဖျော်ရာကိုရှာလျက် ဘိုင်စကုတ်ကြည့်မိ၏ ။ ဘောလုံးပွဲသွား၏ ။ မိတ်ဆွေများအိမ်တွင် ပိုကာဒေါင်း၏ ။ သို့ဖြင့် ရသမျှငွေများမှာ တမလွန်သို့သွားသလို လက်ကြားမှယို၍ ဆင်းလေတော့သည် ။

“ အဲ့ဒါပဲကွတပည့် အဲဒီလိုမြင်ချင်ရင် စောစောစီးစီး အိမ်ထောင်ပြုပေတော့ အဲဒီသူငယ်လို စိတ်မချမ်းသာတဲ့ဘဝမျိုးက လွတ်ချင်ရင် စောင့်စည်းချုပ်တည်းဦးကွာ ၊ ဒီကိစ္စမျိုးဆိုတာ အောင့်မရ ချုပ်မရတာ မျိုးမဟုတ်ပါဘူးကွာ ။ ဒီလိုဆိုရင် ဘုန်းတော်ကြီးတွေ သီလရှင်တွေ ခက်ကုန်ကျရောပေါ့ မောင်ရာ ။ သဘာဝက တိုက်တွန်းလို့ စိတ်ဆိုး စိတ်ယုတ်မာပေါ်လာရင် ဉာဏ်စိတ်, သတိစိတ်, ပညာစိတ် နဲ့ နှိပ်ကွပ်ဆုံးမပေတော့ကွာ ” ဟု အိမ်ထောင်ပြုချင်ပြီဆိုသော ကျွန်ုပ်၏ တပည့်အား တရားပြ၍ နားချသောအခါ အကျင် တပည့်မှာ ပီတိဖြင့် ရွှန်းရွှန်းဝေလျက် အိမ်ထောင်မပြုဘဲ နေပါအုံးမယ်ဟု ဝန်ခံ၏ ။

အဟောသုခံ ဤသည်လည်း ချမ်းသာခြင်းကြီးပင် မဟုတ်ပါလော ။

                    ◾  ရန်အောင်
   📖  အိမ်ထောင်ရေး အဘိဓမ္မာ
.