Showing posts with label ချစ်ဦးညို. Show all posts
Showing posts with label ချစ်ဦးညို. Show all posts

Saturday, March 1, 2025

ဗျဂ္ဃ ( ချစ်ဦးညို )


 ❝ ဗျဂ္ဃ ❞

( ချစ်ဦးညို )


နေလုံးကြီး ဟာ ဟိုး အနောက်ဘက် တောင်တန်းအစွယ် ပေါ် မှာ မေးတင် ထားရာ က နေ ပြုတ်ကျသွားတယ် ။ ရှည်လျားတဲ့ နေရောင်ခြည်တန်း အလင်းမျှင်တွေ လည်း ချက်ချင်း ဆိုသလိုပဲ ဖြုတ်ခနဲ ပျောက်သွားတယ် ။


လက် ထဲ က ဓားရိုး ကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း တံခါးနီမှူးကြီး ကို ကျုပ် တစ်ချက် လှမ်း ကြည့်လိုက်တယ် ။ တံခါးနီမှူးကြီး က ခေါင်း တစ်ချက် ညိတ် အပြမှာပဲ ... ။ 


ကျုပ် လက် ထဲ က ဓား အပေါ်  ကို မြောက်ကြွ သွားတယ် ။


ပြီးတော့ အောက်ပြန်အကျ ... ။


တစ်ချက်ကလေးတောင် မအော်နိုင်ပါဘူး ။ ဘာ ဝေဒနာ ကို မှ လည်း ခံစား မသွားရပါဘူး ။ ငမိုက်သား ရဲ့ ဦးခေါင်း ဟာ သူ့ ကိုယ် ကနေ လွင့်စင် သွားတယ် ။ ငေါက်ခနဲ ပန်းထွက် လာတဲ့ သွေးတွေ ကို တပည့်ကျော် “ ငဆွံ့ ” က အင်တုံနဲ့ ခံပြီးတော့ ထုံးစံ အတိုင်း သူသ,တ်ကုန်း မြေပေါ်ကို ဖျန်းပက် လိုက်တယ် ။


ခွေးကြီး ဗျဂ္ဂ က လည်း ရှည်ရှည်လျားလျား အူတယ် ။


အမှောင် သန်းပြီ ။


အင်း ... ရာဇဝတ်သား တစ်ယောက် လည်း သူ့ လမ်း သူ သွားခဲ့ပြီပေါ့ ။


တစ်နေ့တာ အတွက် တာဝန် ပြီးပြန်ပြီ ။ 


သူသ,တ်ကုန်း ထောင့် က တဲ ဆီ ကို ကျုပ် ပြန်လာခဲ့ ရတယ် ။ ကိုယ်တိုင် ချက်ထားတဲ့ မီးတောက်အရက် ကို သောက်မယ် ။ ထမင်း စားမယ် ။ ပြီးတော့ အိပ်မယ် ။


••••• ••••• •••••


အမောင်တို့ အမိတို့ သိချင်သာ ဆိုလည်း ပြောရတာပ ။ 


ကျုပ် နာမည် က ဗျဂ္ဃ တဲ့ ။ နေပြည်တော်သူ နေပြည် တော်သား တွေ ကတော့ မကောင်းဆိုးရွားကောင်ကြီး ဗျဂ္ဃ လို့ ခေါ်ကြလေရဲ့ ။ ဒါကလည်း သူတို့ ဘာသာ သူတို့ အချင်းချင်း စကားပြောရင်း ကျုပ် ကို အမည် တပ်ကြတာပါ ။ တကယ်တော့ ကျုပ် ကို စေ့စေ့တောင် မှ ကြည့်ရဲကြတာ မဟုတ်ပါဘူး ။


ကျုပ် နဲ့ မတွေ့ချင် ၊ မဆုံချင် ၊ အသိအကျွမ်း မဖြစ်ချင်ကြဘူး ။


ကျုပ် ရှိရာ အရပ် ကို လည်း မလာချင်ကြဘူး ။ ဘယ် လို အကြောင်းကြောင့် နဲ့ မှ ကျုပ် နဲ့ မပတ်သက်ချင်ကြ ဘူးလေ ။


ဟား ... ဟား ... ဒီလိုပဲ ဖြစ်ရမှာပေါ့ ။ 


အမောင်တို့ အမိတို့ ကော ကျုပ် နဲ့ ပတ်သက်ချင် ကြသလား ။ မပတ်သက်ချင်ကြနဲ့ ။ ကိုယ်ကျိုး နည်း သွားမယ်နော် ။


အေးလေ ... သူသ,တ်ကုန်းက အာဏာပါးကွက်သားကြီး ဗျဂ္ဃ ဆိုတာ လူတွေ အတွက် ခင်မင်နှစ်လိုဖွယ် မှ မဟုတ်တာကလား ။ ကျုပ် ဆီ ရောက်လာတဲ့ သူ တွေ ဟာ မြို့ဝန်မင်း ရဲ့ အမိန့်တော် အရ ရာဇဝတ် သင့် လာ သူတွေချည်းပဲ ။ တောပုန်းဓားပြတွေ ၊ မုဒိမ်းတန္တတွေ ၊ ဘုရင်မင်းမြတ် ကို ပုန်းစားခြားနားသူတွေ ။


ဓား တန် ဓား ၊ ပုဆိန် တန်ပုဆိန် ၊ ဝါးရင်းတုတ် တန် ဝါးရင်းတုတ် အပြစ် ကြီးငယ် လိုက်ပြီး ကျုပ် က သင်းတို့ ကို စီရင် ပေးရတယ် ။ အင်း ... စီရင် ပေးရတယ် ဆိုတဲ့ စကား လုံး ကျုပ် ဟာကျုပ် တယ်ကြိုက် ။ ဟုတ်သပ ။ နေပြည်တော် က လူတွေ ကတော့ ကျုပ် ကို လက်မရွံ့ ပါးကွက်သားကြီး တဲ့ ။ လူ့ဘီလူးကြီး တဲ့ ။ လူ့ခန္ဓာကိုယ် ရှိတဲ့ တိရိစ္ဆာန်ကြီး တဲ့ ။ ငရဲသားကြီး တဲ့ ။ စုံလို့ပါပဲ ။ အမည်နာမ ပေါင်း များစွာ နဲ့ သိဒ္ဓိ တင်ပေး နေကြတာ ။ အင်း ... ဇနပုဒ်သားတွေ ကတော့ သူသ,တ်သမားကြီး တဲ့ လေ ။


ဒီ “ သ,တ် ” ဆိုတဲ့ စကားအသုံး ကျုပ် တယ် မကြိုက်ချင်ဘူး ။


ကျုပ် အလုပ် နဲ့ သိပ် မအပ်စပ်ဘူး ။ ဒီ စကားလုံးဟာ ။ 


အမှန်က စီရင် ပေးရတာ ။ စီရင် ရတာ ။


ကြည့်လေ ။ ဓား နဲ့ လား ၊ ပုဆိန် နဲ့ လား ၊ ဝါးရင်းတုတ်  နဲ့ လား ။ ဘာနဲ့ပဲ အလှည့် သင့်သင့် ။ ရာဇဝတ်သား ဝေဒနာ မခံစားရအောင် ကျုပ် က တစ်ချက် နဲ့ အပြီး လုပ် ပေးရတာ ။ သွေးရူးသွေးတန်း ထ ပြေးတာ ၊ အော်ဟစ် နေတာ မျိုး မရှိစေရ ။ တစ်ချက် မှ တစ်ချက်တည်း ။ ဒီလို ဗျဂ္ဃမျိုးပါ ။ ဟေး ... ဟေး ... ဟေး  ။


တစ်ခုတော့ ရှိသပေါ့လေ ။ ရာဇဝတ်သားတွေ ဟာ ကျုပ် ဆီ ရောက်လာပြီး တုံးပေါ် လည်စင်း ပေးတဲ့ အချိန် ထိတော့ ကယောင်ကတမ်း ဖြစ်နေကြတာပါပဲ ။ တချို့ဆို ကြောက်လွန်း အားကြီးပြီး ကျုပ် ဘာမှ မလုပ်ခင် မှာပဲ ရူး တဲ့ လူ ရူး ၊ မေ့ တဲ့ လူ မေ့ ၊ နှလုံးသွေး ရပ်တဲ့ လူ ရပ် နဲ့ ။


အမှန်က ကျုပ် လက် ကြောင့် မို့တော့ ဘာမှ အနာတရ မခံစားစေရဘူး ။ ဘယ်နဲ့ ဗျဂ္ဃတို့ ပါးကွက်သား လုပ် လာတာ ကြာပြီပဲဟာ ။


ကျုပ် က ကျုပ် အလုပ် သိပ် ဂုဏ်ယူတာ ။ လောက မှာ ဘယ်သူမှ မလုပ်ရဲ ၊ မလုပ်ချင် ၊ မလုပ်တတ်တဲ့ အလုပ်မျိုး ရှားရှားပါးပါး ကျုပ် တစ်ယောက်တည်း ရှိတာ ။ ဪ ... ကျုပ် တစ်ယောက်တည်း ဆိုရင် စကား မုသား ပါ နေဦးမယ် ။


ခွေး တစ်ကောင် ရှိတယ် ။ မထူးပါဘူး ။ လူ နဲ့ ခွေး ဆိုပေမယ့် အမှန်က ကျုပ် လက်အောက် မှာ လူ တစ်ယောက် နဲ့ သတ္တဝါ နှစ်ကောင် ပဲ ဆိုကြပါစို့ ။ ဟုတ်တယ်လေ ၊ ငဆွံ့ ဆို တဲ့ အကောင် က လူ ဖြစ်နေလို့သာ လူ လို့ ခေါ်ရတာ ။ တိရစ္ဆာန် တစ်ကောင် နဲ့ ဘာမှ မခြားဘူး ။ နာမည် နဲ့ လည်း ကိုက်ပါ့ ။ စကား မပြောတတ် ၊ နား မကြား ။ အဲ ... အထင် တော့ မသေးလေနဲ့ဗျာ ။ ငဆွံ့ ကလည်း သူ့ အလုပ်တော့ သူ အင်မတန် ကျွမ်းကျင်တာ ။ သူ့ အလုပ် က ဒီလိုလေ ၊ ကျုပ် စီစဉ်လိုက်တဲ့ ရာဇဝတ်သား ရဲ့ အလောင်း ကို ရှင်းလင်းတဲ့ အလုပ် ။


နောက် တစ်ကောင် ရှိပါသေးကော ။ ကျုပ် ရဲ့ ခွေးကြီး လေ ။ ဟဲ .. ဟဲ သူ့ နာမည် ကို ကော သိချင် ကြသေးလား ။ လွယ်ပါတယ် ။ တခြား နာမည် မပေးတတ် တာနဲ့ ကျုပ် လည်း ကျုပ် ခွေး ကို ကျုပ် နာမည် ပဲ မှည့်လိုက် တယ် ။ ဗျဂ္ဃ တဲ့ ။ အံမာ ၊ ခွေး ဆိုပြီး အထင် မသေးလိုက်နဲ့ နော် ။ ဗျဂ္ဃ ဟာ ခွေး လို ခွေး မဟုတ်ဘူး ။ ကျား လို ခွေး ။ သူသ,တ်ကုန်း မှာ မြှုပ်ထားသမျှ အလောင်းတွေ ကို ဒီ အကောင် ဖော် ဖော်ပြီး စားရင်း နဲ့ ဝဖီး နေတာ ။ ရာဇဝတ်သား ရဲ့ သွေးများဆို ဒီကောင် တယ် ကြိုက်သကိုး ။ အင်း ... ဗျဂ္ဃ က ကျုပ် လိုပဲ ။ မီးတောက်အရက် လည်း ကြိုက်တယ် ။ သခင် ဗျဂ္ဃ ၊ ခွေး ဗျဂ္ဃ ။ တယ် ဟုတ်သကိုး ။ 


အဲ ... ကျုပ် ရယ် ၊ ငဆွံ့ ရယ် ၊ ဗျဂ္ဃ ရယ် ။ ဒီ သုံးယောက် ပဲ သူသ,တ်ကုန်း မှာ နေကြတာ ။ ကျုပ် အဖို့လည်း ဘယ်မှ သွားစရာ မလိုဘူး ။ ဘယ်သူနဲ့ မှ တွေ့စရာ လည်း မလိုဘူး ။ ကိုယ့် အလုပ် ကိုယ် လုပ် ။ သေသောက် ၊ ထမင်းစား ၊ အိပ် ၊ ဒါပဲ ။


ဘယ်သူမှ လည်း ကျုပ်တို့ ဆီ တခုတ်တရ မလာ ကြပါဘူး ။


ဟဲ ... ဟဲ ... လာမိတယ် ဆိုရင်လည်း ပြန် ထွက်သွားစရာ အကြောင်း မှ မရှိတော့တာကိုး ။ 


ကဲ ... အမောင်တို့ အမိတို့ ကော ၊ ခုလို အကြောင်း အစုံအလင် သိကြရပြီးတဲ့ နောက် ၊ ဘယ်လိုရှိစ ။ လာချင်ကြသလား ။ ဟေး ... ဟေး ။


••••• ••••• •••••


ခုတလော ရွှေနန်းတော် တစ်ဝိုက် မှာ အရေးတော်ပုံများ ရှုပ်ရှုပ်ထွေးထွေး ရှိလှတယ် လို့ တံခါးနီမှူးကြီး က ဟိုတစ်နေ့ က ရာဇဝတ်သား တစ်ယောက် လာ ပို့ရင်း ပြောသွားတယ် ။ ကျုပ် တော့ ဒါတွေကို နားမလည်ပါဘူး ။ စိတ်ဝင်တစား လည်း မရှိလှပါဘူး ။ ကျုပ်တို့ မြို့ဝန်မင်း ကလည်း အတော် အလုပ်များ နေသတဲ့ ။ ရွှေနန်းတော် အခစား ဝင်လိုက် ၊ ဇနပုဒ် တွေ ဆင်းလိုက် နဲ့ မအားရဘူးတဲ့ ။


ထူးခြားတာ တစ်ခု တော့ ပြောသွားတဲ့ စကား ထဲက မှတ်မိလိုက်ရဲ့ ။


မြို့ဝန်မင်း က ဘုရင်မင်းမြတ် ရဲ့ သစ္စာတော် ကို လျှို့လျှို့ဝှက်ဝှက် ဖီဆန် နေတယ်ဆိုပဲ ။ ဘဏ္ဍာတော်တွေ ကို ဖြတ်ယူ သတဲ့ ။ ခိုးသားဓားပြတွေ တိတ်တဆိတ် မွေး သတဲ့ ။ ဇနပုဒ်သားတွေ အပေါ် လည်း တယ် ဖိနှိပ် သတဲ့ ။ အခွန်အတုတ်တွေ ဖိကောက် ၊ ပစ္စည်းတွေ မတရားသိမ်း ၊ ရွှေနန်းတော် ကို ဝင်တဲ့ အခါကျတော့ တစ်မျိုး တဲ့ ။ သူ့ နယ် က ပြည်သားလူထုတွေ ကပဲ ဆိုးသယောင် သူ က ရွှေနားတော် သွင်း သတဲ့ ။


တံခါးနီမှူးကြီး က ပြော သွားသေးတယ် ။


“ မြို့ဝန်မင်း အကောက် ကြံပြီး ဆိုရွားရက်စက်ပုံ ကို နေပြည်တော်သူ နေပြည်တော်သားတွေ က ဘုရင်မင်းမြတ် ရွှေနားတော် ပေါက်ကြားအောင် လုပ်ဖို့ ကြိုးစား နေတယ် ။ ဒါကို မြို့ဝန်မင်း က လဲ သိတော့ အဖိအနှိပ် အကွပ်အညှပ်တွေ ပို များ လာတယ် ”


“ ဒီအတိုင်း မှန်ရင်တော့ မြို့ဝန်မင်း တစ်ဆိတ်ရိုင်း သကိုး ” လို့ ကျုပ် က ပြန် ပြောမိတယ် ။ ဒါပေမဲ့ ဒီ အကြောင်း က ဒီလောက် နဲ့ ပဲ ပြီး သွားတယ် ။ ကျုပ် က စိတ်ဝင်းစားတာ မဟုတ်ဘူးလေ ။ ကျုပ် နဲ့ မှ မဆိုင်တာလား ။ ကျုပ် အလုပ် က အမိန့်တော် တစ်ခုခု နဲ့ သူသ,တ်ကုန်း ထဲ ရောက်လာမယ့် ရာဇဝတ်သား ကို အမိန့်တော် အတိုင်း စီရင်ပေးဖို့ပဲ ။


“ ဟေ့ ... ဗျဂ္ဃကြီး ၊ ငါ အခု ပြောသွားတာတွေ ကို ဘယ်သူ မှ မကြားပါစေနဲ့ ၊ နှုတ်လုံပါနော် ” တဲ့ ။ 


တံခါးနီမှူးကြီး က ပြန်ခါနီး ပြောသွားတယ် ။ 


ကျုပ် က လည်း ပြန် ပြောလိုက်ပါတယ် ။

 

“ ကျုပ် ကို ငဆွံ့ လို့ပဲ အောက်မေ့ လိုက်စမ်းပါဗျာ ”


••••• ••••• •••••


တောင်စွယ် မှာ နေကွယ် သွားပြီ ။ ဘယ် ရာဇဝတ်သား မှ ရောက်မလာဘူး ။ ဒီနေ့ တော့ဖြင့် အနား ရပဟဲ့လို့ မီး တောက်အရက်အိုး ကို ဖွင့်ပြီး ထမင်းစားမယ် ပြင်ခါမှ သူ သ,တ်ကုန်း အဝ ဆီ က အသံတွေ ကြားလိုက်ရတယ် ။ ဗျဂ္ဂ က ဝေါခနဲ ထိုး ဟောင်တော့တာပဲ ။


“ ဗျဂ္ဃကြီး ၊ ဟေ့ ...ဗျဂ္ဃကြီး ၊ ငါ ပါဟ ၊ မီးတိုင်လေး ဘာလေး ပြပါဦး ” 


တံခါးနီမှူးကြီး ရဲ့ အသံပဲ ။


ဘယ်နှယ့် ။ ညဉ့် အချိန် မတော် ကျကာ မှ ဘာ အရေးအရာ ပေါ်ပြန်ပလဲ လို့ စဉ်းစားရင်း တဲ အပြင် ထွက်လိုက်တယ် ။ လ ကလည်း ခပ်သာသာ ကိုး ။ သူသ,တ်ကုန်း ပေါ် တက်လာတဲ့ လူတစ်သိုက် တွေ့လိုက်ရတယ် ။


“ ဗျဂ္ဃကြီး ရာဇဝတ်သား ပါလာသဟေ့ ” 


“ အား ... နေကွယ်ပြီပါပကော ”


“ နေ ကွယ်ကွယ် ၊ လ ထွက်ထွက် ၊ အမိန့်တော် နဲ့ ပဲ  ” 


“ ပြစမ်းပါဦး ”


အမိန့်တော်စာ ကို ယူပြီး မီးတိုင် မှာ ကပ်ကြည့် လိုက်တယ် ။ စာ ဖတ်တာ မဟုတ်ပါဘူး ။ ကျုပ် မှ စာမတတ် တာ ။ ကျုပ် ကြည့်တာက အမိန့်တော်စာ ထဲ က ရုပ်ပုံပါ ။ ဓား ပုံ လား ၊ ပုဆိန် ပုံ လား ။ စီရင်ရမယ့် လက်နက် အမျိုးအစား ။


“ အား ... ဝါးရင်းတုတ် ပါလား ”


“ ဟုတ်တယ် ၊ ကဲ ... ဒီမှာ ရာဇဝတ်သား တွေ ထားခဲ့မယ် ”


 ‘“ ရာဇဝတ်သားတွေ ဟုတ်လား ၊ တစ်ယောက် မဟုတ်ဘူးလား ”


“ နှစ်ယောက် ၊ နှစ်ယောက် ဒီမှာ ထားခဲ့ပြီ ၊ ငါတို့ ပြန်တော့မယ် ”


တံခါးနီမှူးကြီး ရဲ့ ရဲမက် နှစ်ယောက် ခြေလှမ်း ပြင်နေကြတယ် ။


“ နေပါဦးလား ၊ တဲ ထဲ ဝင်ပြီး မီးတောက်လေး ဘာလေးချ ”


“ တန်ပါ ကောင်ကြီးရာ ၊ ဒီလို အချိန် မတော်ကြီး မင့် နေရာ လာရတာ ကို က စိတ်မသန့်ပါဘူး ၊ အမိန့်တော် ကြောင့် သာ ”


“ အောင်မာ ၊ တံခါးမှူးကြီး နှယ့် ၊ မီးတောက်လေး ကောင်းလွန်းလို့ပါ ”


အင်း ဒီ ည အနား ရပြီ အောက်မေ့တာ ။ အလုပ် က ပေါ်လာပြန်ပြီကိုး ။ ဘာတဲ့ ။ ဝါးရင်းတုတ် တဲ့ ။ အလို မသေးပါလား ။ စဉ့်နီတုံး ပေါ် ခေါင်း ကို လှန် ၊ မျက်နှာ ကိုမော့ ထား ၊ လည်မြို ကို ဝါးရင်းတုတ် နဲ့ ရိုက် ။ ဒီ စီရင်နည်းမျိုး ဟာ အင်မတန် ကို အပြစ်ကြီး မှ စီရင်တဲ့ နည်းမျိုး ။ တော်တော်တန်တန် တွေ ဆိုရင် ခေါင်းဖြတ်တာ လောက် ၊ ပုဆိန် နဲ့ ခုတ်တာ လောက်ပဲ ။ ခုဟာ က နေပါဦး ။ ရာဇဝတ်သား က လည်း တစ်ယောက် တည်း မဟုတ် ။ နှစ်ယောက် ။


မီးတိုင် ကို ကိုင်မြှောက်ပြီး ရာဇဝတ်သားတွေ ရဲ့ မျက်နှာ နား ကပ် ကြည့်လိုက်တော့ ...


အလိုလေး ...


မျက်စိများ မှောက်လေ သလား ။ မီးတောက် အရက် လည်း ဒီလောက် သောက်ရသေးတာ မဟုတ်ပါဘူး ။ ဟုတ် မှ ဟုတ်ပါလေစ ။


မီးရောင် နဲ့ ထပ် ကြည့် လိုက်တယ် ။


ရာဇဝတ်သား နှစ်ယောက် ။ တစ်ယောက် က အမျိုးသား ၊ တစ်ယောက် က အမျိုးသမီး ။ ငယ်ငယ်ရွယ် ရွယ် နုနုနယ်နယ်လေးတွေ ။ လူပုံလေးတွေ က နဖူးရေ ဒူးရေ သန့်သန့်ပြန့်ပြန့် ။ ဘယ့်နှယ် ရာဇဝတ်သား ပုံပန်း မဟုတ်ပါကလား ။ ပြီးတော့ လည်း ဝါးရင်းတုတ် နဲ့ ရိုက် သ,တ်ရမှာ ဆိုတော့ အပြစ် က မြို့ဝန်မင်း လောက် ထိ ကို ပုန်စား ပုန်ကန် လုပ်တဲ့ အပြစ်မျိုး ။


သိချင်စိတ် မမြိုသိပ်နိုင်တော့တာမို့ ကျုပ် ဖွင့်မေး လိုက်တယ် ။


“ အမောင် နဲ့ အမိ က ဘယ်လို အပြစ်မျိုး သင့်လာ ကြတာတုံး ”


မဖြေဘူး ။ မျက်လွှာ တစ်ချက်ပဲ ပင့် ကြည့်ကြတယ်


“ အမောင် နဲ့ အမိ က ဘာ တော်သတုံး ၊ မောင်နှမ တော့ မဖြစ်တန်ဘူး ”


ဒါလည်း မဖြေကြဘူး ။


“ ရော ... ဘာမှ မပြောကြပါလား ၊ အကြောက် လွန်ပြီး နှုတ်ဆွံ့ သွားပြီလား ”


ဒီတစ်ခါတော့ ယောက်ျားပျို က တစ်ချက် ပြုံးပြီး မိန်းမပျို ရဲ့ လက် ကို ဆုပ်ကိုင်လိုက်တာ တွေ့ရတယ် ။ 


ငဆွံ့ ရောက်လာတယ် ။ လက်ဟန်ခြေဟန် ပြတယ် ။ သူသ,တ်ကုန်း ထိပ် ကို ညွှန်ပြတယ် ။ အဓိပ္ပာယ် ကတော့ ရာဇဝတ်ကောင်တွေ ကို စီရင်ဖို့ အတွက် အသင့် ပြင်ပြီးကြောင်း လာပြောတာ ။ ငဆွံ့ ဒါတွေ တော်တာ ။


သိုင်းထားတဲ့ လက်ပြန်ကြိုးစ ကို ငဆွံ့ က စု ဆွဲပြီး ရာဇဝတ်ကောင်တွေ ကို ခေါ်လာခဲ့တယ် ။ ကျုပ် က တော့ ဝါးရင်းတုတ် ကို ထမ်းလို့ပေါ့ ။ သူသ,တ်ကုန်း ထိပ် ရောက်ခဲ့ ပြီ ။ လ က လည်း ခပ် သာသာ ။ သူသ,တ်ကုန်း တစ်ပြင်လုံး က မြေကမူမို့မို့ တွေ ၊ တွင်းချိုင့်ချိုင့် တွေ ၊ ကားစင် တွေ ၊ ပြီးတော့ ကားစင်ထိပ် မှာ ချိတ်ဆွဲ ထားတဲ့ အရာတွေ ကို လရောင် အောက် မှာ အထင်အရှား တွေ့နေရတယ် ။


ဗျဂ္ဃကြီး က လည်း တအင်အင် နဲ့ ၊ အမြီး တနန့်နန့် နဲ့ ၊ သွေးအသစ် သောက်မြိုဖို့ အသင့် ရှိနေပြီလေ ။


ရာဇဝတ်သား နှစ်ယောက် တုံး ရှေ့မှာ ထိုင်လိုက်ကြ တယ် ။ ပြီးတော့ တုံး ပေါ် ကို ဇက်တင်ပြီး လည်ပင်း ကို မော့ လိုက်ကြတယ် ။ အားလုံး ငဆွံ့  ရဲ့ အကူအညီ နဲ့ ပေါ့ ။ သက်သောင့်သက်သာ အဖြစ်ဆုံး အနေအထား ရအောင် လေ ။


လရောင် အောက် မှာ ဝင်းနေတဲ့ လည်တိုင် နှစ်ခု ကို ကြည့်ပြီး ကျုပ် လက် ထဲ က ဝါးရင်းတုတ် ဟာ အလိုလို လှုပ်ရှား လာသလိုပဲ ။ ဒါပေမဲ့ ငယ်ရွယ် နုနယ်ပျိုမျစ်တဲ့ ရာဇဝတ်သား နှစ်ယောက် ကို ကြည့်ပြီး ဝါးရင်းတုတ် ကိုင် ထားတဲ့ လက်တွေ က မလှုပ်မရွ ဖြစ်နေကြတယ် ။ 


ကျုပ် ရင်ထဲ မတင်မကျကြီး ။


သူတို့ ဘာ တော်သလဲ ၊ သူတို့ ဘာ အပြစ် ကျူးလွန် ထားသလဲ ၊ သူတို့ ဘယ်ကလဲ ၊ ပြီးတော့ သူတို့ နှစ်ယောက် ဟာ သူသ,တ်ကုန်းထိပ် ကို ရောက်နေပြီး ဗျဂ္ဃကြီး ရှေ့မှာ လည်မျို ဝါးရင်းတုတ် နဲ့ အရိုက်ခံဖို့ အသင့် ရှိနေချိန် 

ထိ ကြောက်ရွံ့တုန်လှုပ်ဟန် တစ်ချက် မပြဘူး ။


ပကတိ တည်ငြိမ်တဲ့ အမူအရာတွေ။ နဲ့ ။ 


ကျုပ် ဆီ ရောက်လာတဲ့ ရာဇဝတ်သား တိုင်း ဟာ သူ့နည်း နဲ့ သူ တော့ တုန်လှုပ်ချောက်ချား သွားကြတာချည်း ။ အော် လို အော် ၊ ငို လို ငို ၊ တချို့ မေ့သွား ၊ တချို့က ရူးသွား နဲ့ ။ အခု သင်းတို့ နှစ်ယောက် ကျခါမှ ကျုပ် ရဲ့ ပါးကွက်သား သက်တမ်း အတွင်း မှာ ပထမဆုံးအကြိမ် တည်ငြိမ် သော ရာဇဝတ်သား ကို တွေ့ရခြင်း ။


ကျုပ် မအောင့်နိုင်တော့ဘူးလေ ။


“ ဟေ့ဟေ့ ၊ အခုဟာ က နင်တို့ ရဲ့ လည်တိုင်လှလှကလေးတွေ ကို ဝါးရင်းတုတ် နဲ့ ရိုက်သ,တ်မယ့်ကိစ္စ ၊ နား လည်ရဲ့လား ”


စကား မပြောဘူး ။


“ ဟေ့ ... ဟေ့ ၊ ဒါ လူသ,တ်ကုန်းနော် ” 


မတုန်မလှုပ် ။


ကျုပ် စိတ်ရှုပ် လာတယ် ။ သင်းတို့ လည်တိုင် ကို ဝါးရင်းတုတ် နဲ့ မရိုက်ခင် အဲဒီ အထဲ က စကားပြောသံ တစ်သံတလေ ထွက်လာဖို့ ကိုပဲ ကျုပ် အလိုရှိ နေတယ် ။ ခက်တာ က နှစ်ယောက်စလုံး တုံဏှိဘာဝေ ။


ကျုပ် ဝါးရင်းတုတ် ကို ဒီအတိုင်း ကိုင်လျက်သား ။ ဘာ လုပ်ရမှန်း မသိ ဖြစ်နေချိန် မှာ သူတို့ ဆီ က သူတို့ချင်း ပြောတဲ့ အသံ ထွက်လာတယ် ။


“ နှမလေး ”


“ မောင်ကြီး ”


“ ကြောက်သလား ”


“ ဟင့်အင်း ၊ မောင်ကြီး နဲ့ အတူ ရှိနေတာပဲ ”


“ တကယ်နော် ”


“ တကယ်ပါ မောင်ကြီး ”


“ စောင်း မရှိတာတော့ ဆိုးသကွယ် ၊ ဒါပေမဲ့ ဒီအတိုင်းပဲ တေး ဆိုကြရအောင် ၊ မောင်ကြီး ပါ ရောဆိုမယ် လေ ”


“ အို ... အင်မတန် အဓိပ္ပာယ် ပြည့်ဝတဲ့ အချိန် အခါပေါ့ မောင်ကြီး ”


“ သေခြင်းတရား ကို မောင်ကြီးတို့ နှစ်ယောက် ရဲ့ တေး နဲ့ ရင်ဆိုင်ရအောင် ”


“ တေးဆိုကြစို့ မောင်ကြီးရယ် ”


အလိုလေး ... ။ တေးသံ တစ်စ သူတို့ နှုတ် က ထွက်လာပါပကော ။ ကျုပ် နား ထဲ မှာ အဝေး ဆီက သဲ့သဲ့ လွင့်လာ သလို အနီးကပ်ပြီး မြည်ဟည်း ထစ်ချုန်းလာ သလို ။ တေးသံ ဟာ နား က တစ်ဆင့် ၊ တစ်ကိုယ်လုံး အနှံ့အပြား စီးဆင်း လာတယ် ။ 


“ × × × လှပသော အနာဂတ် ၏ နံနက်ခင်းအခါ × × × ငြိမ်းချမ်းသော ငှက်ငယ်လေးများ တေးသံသာ လွတ်လပ်သော ပန်းပွင့်လေးများ ဖူးပွင့်ဝေဆာ × × × × မွှေးပျံ့ရနံ့ ထုံယစ်ကြိုင်လှိုင်စွာ × × × အို ... လင်းအရုဏ် ၏ ချိုမြသော အလင်းရောင် 

× × × မဟာကမ္ဘာ လောက သည်မြေ အနှံ့ စီးပျံ့တော့မည်သာ ” 


အလိုလေး အလိုလေး ၊ ဒီတေး တစ်ပိုဒ် ကို ကျုပ် စိတ်ထဲ က လိုက် ဆိုနေမိပါပကောလား ။


ဟုတ်သလေ ။ နေပြည်တော် မှာ အလွန် လူကြိုက် များ လူတိုင်း ပါးစပ်ဖျား မှာ သီးနေတဲ့ တေး ။ ကျုပ် လို ကောင် မျိုး တောင် မှ နားစွန်နားဖျား ကြား ၊ တစ်ပိုင်းတစ်စ ရပြီး ၊ သိပ် ကြိုက်နေတဲ့ တေး ။ ဒါ ... ဒါ ... ဆိုရင် ... သူတို့ ဟာ ... ။


“ ဟေ့ ... ဟေ့ ...မင်းတို့ ဟာ ဂီတမောင်နှံ ဝေဠု နဲ့ ဟေမာ ဆိုတာလား ” 


ကျုပ် အသံတွေ ထူးထူးခြားခြား တုန် နေတယ် ။ တေးသံ ရပ် သွားတယ် ။ ယောက်ျားပျို က မျက်လုံး ပင့်ကြည့်တယ် ။


“ မှန်ပါတယ် ဗျဂ္ဃကြီး ၊ ကိုင်း ကိုယ် လုပ်စရာ ရှိတာ လုပ်ပေတော့ ၊ ကျုပ်တို့ တေး ဆိုလို့ ပြီး သွားပါပြီ ”


“ နေ ... နေပါဦး ... ဆရာလေး ၊ ဒီလောက် ကျွမ်းကျင်ပြောင်မြောက်ပြီး လူချစ်လူခင် ပေါတဲ့ ဂီတမောင်နှံ နေပြည်တော် တစ်ဝန်းလုံး မှာ တေးအလှတွေ ကို ဖုံးလွှမ်း စေခဲ့တဲ့ ဂီတမောင်နှံ ဟာ ဘယ်လို အပြစ်မျိုးနဲ့များ ကျုပ် ဆီ ရောက်လာကြတာတုံး ၊ ပြောကြစမ်းပါ ၊ ပြောကြစမ်းပါ ” 


“ ဟင် ... ဗျဂူကြီး တကယ် မသိဘူးလား ”


“ တကယ် မသိပါဘူး ဆရာလေး ”


“ မြို့ဝန်မင်း ရဲ့ ရက်စက်ယုတ်မာ ကောက်ကျစ်ပုံ တွေ ကို ကျုပ် က တေးဖွဲ့တယ်လေ ၊ ပြီးတော့ ဟောဒီ 

ချစ်ဇနီး ဟေမာ က တေးဆိုတယ် ၊ ဈေးရုံတော် အ၀ မှာ ကျုပ် က စောင်းတီး ၊ သူ က တေးဆို ၊ ဒီ တေး ချက်ချင်း ပျံ့နှံ့ သွားတယ် ။ ရွှေနန်းတော် ပွဲကြည့်ဆောင် ကို ရောက် သွားတယ် ။ မြို့ဝန်မင်း က ဒါကို သိပြီး ... ကျုပ်တို့ နှစ်ယောက် ကို ...  ”


ကျုပ် တစ်ကိုယ်လုံး သွေးရပ် သွား သလိုလို လက် မောင်း ထဲ မှာ စစ်ခနဲ ကျင်သွားတယ် ။ အဆင်သင့် ရှိနေတဲ့ လက် က အပေါ် ကို မြောက် သွားတယ် ။ ပြန် ကျလာတယ် ။ သူတို့ နှစ်ယောက် ရဲ့ ခေါင်း နောက် က မြေစိုင်ခဲတွေ ဖွာ ထွက်သွားတယ် ။ ဝါးရင်းတုတ် လည်း အဝေး ကို လွင့် သွားတယ် ။


သူတို့ အနား မှာ ကျုပ် ဒူးတုပ် ထိုင်ချ လိုက်တယ် ။ ပြီးတော့ ကြိုးတွေ ကို ဖြည်ပေးရင်း


“ အလိုလေး ၊ အချိန်မီ သိရလို့ပါလား ဆရာလေး ၊ ကဲ ... ကဲ ... အချိန် မရှိဘူး ၊ သူသ,တ်ကုန်း ရဲ့ ဟောဟို ဆင်ခြေလျှော အတိုင်း ဆင်းသွား ၊ ခင်တန်းတောစပ် ကိုလွန် ရင် ချောင်းကလေး တစ်ချောင်း တွေ့ရလိမ့်မယ် ။ ချောင်းရိုး အတိုင်းသာ ဆင်းသွား ရွှေနန်းတော် သွားတဲ့ လမ်းမကြီး ရောက် ကရော ၊ ကိုင်း ... နံနက် မလင်းခင် ရွှေနန်းတော် အရောက် ဝင်ကြပေတော့ ”


သူတို့ အတိုင်းမသိ အံ့သြတဲ့ မျက်လုံးတွေ နဲ့ ကြည့်နေကြတယ် ။


“ ကျုပ် ပြောတဲ့ အတိုင်း လုပ်ပါ ။ ဒါဟာ ကျုပ် ကို ကူညီရာ ရောက်ပါတယ် ။ ပါးကွက်သားကြီး ဗျဂ္ဃ ရဲ့ တစ်သက် မှာ ကောင်းသော အလုပ် တစ်ခု ကို လုပ်ခွင့် ရစေဖို့ ကျုပ် ကို ကူညီပါ ”


အလို ။ သူတို့ သူတို့ ကျုပ် ကို လက်အုပ်ချီ ကန်တော့ နေကြလေရဲ့ ။ ကျုပ် သဲသဲကွဲကွဲ မမြင်ရတော့ဘူး ။ ထူးဆန်းပါလား ။ ကျုပ် မျက်လုံး ထဲ မျက်ရည်တွေ စို့ နေ ပါလား ။


သူတို့ ဆင်း သွားကြပြီ ။ အမှောင်ထု ထဲ တိုးဝင် သွားကြပြီ ။ အမှောင် ဟာ တဖြည်းဖြည်း ထူထပ် လာမယ် ။ ပြီးတော့ တစ်စတစ်စ ပြန်ပြီး ပါးလျား သွားမယ် ။ သည်လိုနဲ့ ပဲ တစ်ညဉ့် ကုန်ပြီး နောက် တစ်နေ့ အလင်း ရောက်တော့မယ် ။ အဲဒီ အချိန်ဆို သူတို့ လည်း ရွှေနန်းတော် ရောက် လောက်ပြီ ။ တရား မှန်ကန်တဲ့ အတိုင်း ဖြစ်သွားကြမယ် လို့ ကျုပ် ယုံကြည်တယ် ။ ကောင်းလေခြင်း ဗျဂ္ဃ ။ ကောင်းလေခြင်း ။


အင်း ... ကျုပ် ရယ် ၊ ငဆွံ့ ရယ် ၊ ခွေးဗျဂ္ဃ ရယ် ကတော့ ရှင်းရှင်းလေး ။ ရာဇဝတ်သား ကို အမိန့် နဲ့ အညီ မစီရင်ဘဲ အသက်ချမ်းသာ ပေးရုံ မက နှောင်ကြိုး က လွှတ် ပေးလိုက်တဲ့ အပြစ် ဆိုတာဟာ ပါးကွက်သား တစ်ယောက် အဖို့ နည်းနည်းနောနော အပြစ်လား ။


မြို့ဝန်မင်း က ဘယ် ညှာလိမ့်မတုံး ။


အေးလေ .. ကျုပ် ကလည်း အားလုံးကို ကြို တွက် ပြီးသားပါ ။


နောက်နေ့ တောင်စွယ် နေကွယ်ချိန် က စပြီး ကျုပ် ၊ ငဆွံ့  နဲ့ ခွေးဗျဂ္ဃ တို့ ရဲ့ ခေါင်းပြတ် ကို သူသ,တ်ကုန်း ကားစင် ထိပ် မှာ အားလုံး တွေ့ကြရတော့မယ်လေ ။


⎕ ချစ်ဦးညို


📚 ပန် မဂ္ဂဇင်း

      ဇွန် ၊ ၁၉၈၄


Tuesday, May 30, 2023

စာ နှင့် ၊ လူ နှင့် ၊ လွတ်လပ်မှု နှင့် တစ်ထပ်တည်းကျသူ


 

❝  စာ နှင့် ၊ လူ နှင့် ၊ လွတ်လပ်မှု နှင့် တစ်ထပ်တည်းကျသူ
( သို့မဟုတ် )
ဆရာသော်တာဆွေ ❞

ပေါင်းတည် ဆိုတာက စာရေးဆရာ အတော်လေး ထွန်းကားထွက်ပေါ် တဲ့ မြို့ ဖြစ် ပါတယ် ။ ဆရာသော်တာဆွေ ၊ ရွှေတည်ရန်နောင် ၊ ပေါင်းတည်မင်းသိမ်း ၊ ပေါင်းတည်ဘုန်းကြည် ၊ ပေါင်းတည်စန်းမြင့် စသည်ဖြင့် ဆရာနန္ဒာသိန်းဇံ က လည်း ပေါင်းတည်သား ပါ ။

ပေါင်းတည် ပွဲ မှာတော့ အမှတ်တရ ဖြစ်စရာ တစ်ခု နဲ့ ဦးလေးဆွေ ရဲ့ လွတ်လပ်သော စာရေးဆရာ ဝိညာဉ် သဘာဝ ကို လက်တွေ့ မျက်တွေ့ ကြုံ ခဲ့ရပါတယ် ။ မှတ်မှတ်ရရ ကျွန်တော် တို့ ဟောပြောတဲ့ ရုံကြီး မှာ နောက်နေ့ ည ဇာတ်ပွဲ က မှာ မို့ ဟောမယ့် ညနေ မှာပဲ ဇာတ်ကားကြီးတွေ ရောက်ချ လာပါတယ် ။ (၁၉၈၄ - ၈၅ ခန့် ထင်ပါတယ် ။ ) ဘယ် ဇာတ်အဖွဲ့ လဲ ဆိုတော့ မြို့တော်အင်အားစု ပါ ။ မြို့တော်အင်အားစု ဆိုတာ က ကျွန်တော့် အတွက် အင်မတန် ရင်းခြာ တဲ့ အဖွဲ့ကြီး ။ ကျွန်တော့် ဖခင်ကြီး ဦးရွှေဒေါင်းညို ဟာ မြို့တော် မှာ ဇာတ်စီးပညာရှင် အဖြစ် နဲ့ နှစ် အတန်ကြာ အလုပ် လုပ်ခဲ့ဖူးတော့ ကျောင်း ပိတ်ရက်တွေ ကြုံ ရင် ဖခင်ကြီး နောက် ကို လိုက် သွားရင်း မြို့တော် ဇာတ်ခုံ ၊ ဇာတ်ရုံ ဟာ ကျွန်တော့် အတွက် ခမ်းနားလှပသော ကစားကွင်း ဖြစ် ခဲ့ပါတယ် ။ ဒါရိုက်တာ မြို့တော်မောင်ယဉ်အောင် နဲ့ သူငယ်ချင်း ဖြစ် ခဲ့ပါတယ် ။

ဟောတဲ့ ည ကျ တော့ ကျွန်တော် ဟော နေ တုန်းမှာ ဇာတ်ခုံ ပေါ် တိုင်ဖုံး ကြား မှာ အစအဆုံး မတ်တတ် ရပ် နားထောင် နေ သူက တခြား ဟုတ်ပါရိုး လား ။ ဘဒွေး ၊ မြို့တော်သိန်းအာင် ရယ် လေ ။

ကျွန်တော့် ဟောပြောချက် ပြီးတော့ ဘဒွေး က “ မင်းတို့ အလုပ် ကလည်း မလွယ်ပါလား ။ ဘာ ဆိုင်း ဘာ သီချင်း မှ မပါဘဲ တစ်နာရီ သာသာ လောက် ကို စကားတွေ ပြော ရတာ ။ ပရိတ်သတ် က လဲ ပွဲ ကျပဲ ၊ ငါတို့ များ ဖြင့် ငါတို့ အလုပ် နဲ့ ငါတို့ တော့ တစ်ညလုံး ပဲ ကရ ကရ ။ မင်းတို့ လို တစ်နာရီ ရပ် စကား ပြောဖို့ ဆိုတာတော့ မလုပ်တတ်ပါဘူးကွာ ” တဲ့ ။

ဦးလေးသော်တာဆွေ လည်း ပါတယ် လို့ ကျွန်တော် က ပြောတော့ ဘဒွေး က “ ဟာ ၊ အဲဒီ စာရေးဆရာကြီး ငါ သိပ် လေးစားတာ ကွ ၊ သူ့ ဝတ္ထုတွေ သိပ်ကောင်းတာ ( မြို့တော်အင်အားစု ဇာတ်အဖွဲ့  မှာ ရွေ့လျား စာကြည့်တိုက် လို့ ခေါ်ရမယ့် စာကြည့်တိုက် ရှိပါတယ် ။ ) သူ့ နဲ့ တွေ့ချင်သကွာ ၊ ငါ့ မိတ်ဆက် ပေးစမ်း ” တဲ့ ။

ည ဟောပြောပွဲ ပြီးတော့ တည်းတဲ့ အဆောင် မှာ ဦးလေးဆွေ ကို ကျွန်တော် က ဒီ အကြောင်း ပြောပြ ပါတယ် ။ သူ နည်းနည်း အရှိန် ရနေပြီပေါ့ ။ မြို့တော်သိန်းအောင် ဆိုတာ လည်း နည်းတဲ့ ပုဂ္ဂိုလ် မှ မဟုတ်ဘဲ ကလား ။ အားလုံး သိ ပါတယ် ။ ဦးလေးဆွေ ပြန် ပြောပုံ က ဒီလိုပါ ။

“ ငါ က သူ့ ပွဲ မကြည့်ဖူးဘူး ဟ ၊ နာမည်ကြီး မို့ ကြားရုံ ကြား ဖူးတာ ။ သူ့ ပြဇာတ်တွေ အကြောင်း ဝေဖန်ပေးပါ ။ ဘာညာ နဲ့ ပြောမှာ မုချ ကွ ။ ငါ ဘာမှ ပြောနိုင် မှာ မဟုတ်ဘူး ။ မတွေ့တော့ဘူးကွာ ။ မိတ်ဆက် မပေးနဲ့ ” တဲ့ ။

တကယ် လည်း သော်တာဆွေ နဲ့ မြို့တော်သိန်းအောင် တို့ မတွေ့ဆုံလိုက်ရပါ ။ တွေ့များ တွေ့ကြရင် ဘယ်လို စကားဝိုင်းမျိုးများ ဖြစ်လာမယ် မသိ ။

ပေါင်းတည် မှာ ဟောပြောပွဲ ပြီး နောက် တစ်နေ့ ရေးသူ ဖတ်သူ ဆွေးနွေးပွဲ ကျင်းပ ဖြစ် ပါတယ် ။ ဒီ ဆွေးနွေးပွဲ မှာတော့ ဦးလေးဆွေ ဟာ မေးမြန်းဆွေးနွေး တဲ့ မေးခွန်းစာရွက် အများဆုံး ရ သူ ပါ ။ ဟာသဝတ္ထုတွေ အကြောင်း နဲ့ ဘဝသရုပ်ဖော် ဝတ္ထုတွေ အကြောင်း မေးကြတာ ကို ဦးလေးဆွေ ရှင်းလင်း ဖြေဆို ဆွေးနွေး ပါတယ် ။ မှတ်သားစရာတွေပါ ။ စာ များများ ဖတ်ကြ ဆိုတာ ကို အဓိက ဦးတည် ပြော ပါတယ် ။ သူ့ ထုံးစံ အတိုင်း လေသံ ဗလုံးဗထွေး နဲ့ ပါပဲ ။

ည ဟောပြောပွဲ တုန်း ကလည်း ဆိုဗီယက် ၊ ရုရှား အတွေ့အကြုံ အကြောင်း ပဲ ပြော သွားခဲ့လို့ ထုံးစံ အတိုင်း ပျင်းစရာကြီးပါ ။ ဒါပေမယ့် ပေါင်းတည် ပရိသတ် ဟာ သူတို့ ပေါင်းတည်သား ဟာသစာရေးဆရာကြီး ထံ က ရှားရှားပါးပါး ပွဲကျ ပြက်လုံး တစ်ခုတော့ ကြားခဲ့ရတယ်လို့ ဆို ရပါမယ် ။ ဘာလဲ ဆို တော့ ....

ဘယ်လိုက နေ စကား စပ် သွား သလဲ မသိပါဘူး ။ ဟောရင်း...

“ ချစ်ဦးညို တို့ မောင်ဝဏ္ဏ တို့ ကို ကျွန်တော် က ပြော ထားတယ် ။ ပေါင်းတည် မှာ ဘာမှ မကြောက် နဲ့ ။ ငါ ပါတယ် ။ နန္ဒာသိန်းဇံ ပါတယ် ။ ပေါင်းတည်သား စာရေးဆရာတွေ ။ အဲ ... တစ်ခု လည်း ပြောထားတယ် ။ အရှင်မဟာမောဂ္ဂလန် ကိုယ်တော်ကြီး ကို ရိုက်နှက်တဲ့ ခိုးသားငါးရာ ရှိပါ ရောလား ။ အဲဒီမှာ ပေါင်းတည် က နှစ်ရာ့ငါးဆယ် ၊ သာယာဝတီ က နှစ်ရာ့ငါးဆယ် ပါတယ် ။ ဒါကြောင့် ဘာမှ မကြောက်နဲ့ ….. လို့ ”

ဒီ စကား နဲ့ အသော ဖောက် ရာ မှာ သူ့ မျက်နှာကြီး က ခပ်တည်တည်ကြီး ဆိုတော့ တချို့ပရိသတ် ရယ်လိုက်ဖို့ မေ့သွားကြတယ် ထင်ပါရဲ့ ။ ထင်သလောက် ‘ ပွဲမကျ ’ ပါ ။

ဆွေးနွေးပွဲ ပြီးတော့ မွန်းလွဲပိုင်း မှာ သူ့ ကို ပြုစုချင်တဲ့ ( သူအမျိုး ထဲ ကလား မမှတ်မိတော့ပါ ) လူတစ်ဦး က လယ်တဲ တစ်ခု ဆီ ခေါ် သွားပါတယ် ။ ကျွန်တော်တို့ အားလုံး လည်း လိုက် သွား ကြတယ် ။ လယ်ပြင်ကွင်းစပ် ငါးကန် ၊ လယ်တဲ ၊ ထန်းတော မှာ ၊ ထန်းရည် နဲ့ ကြက်ကြော် အခု ဖမ်း အခု ကြော် တဲ့ ငါးကြော်များ နဲ့ ဧည့်ခံပါတယ် ။

ဪ … ဦးလေးဆွေ ။ ခုတော့ မရှိရှာတော့ဘူး ။ စာလို ရေးရင်း နဲ့ စိတ်လိုက်မာန်ပါ စကား ပြော သလိုတွေ ရေး ရေး သွားတဲ့ သူ့ အရေးအသား တွေ ကလဲ ခုထိ ဆွဲဆောင် စွမ်းအား ကြီး ဆဲပါ ။ ရေးစရာ ရှိလဲ ပွင့်ပွင့်လင်းလင်း ရေးတယ် ။ ပျော်စရာ ရှိရင်လဲ ခပ်ကြမ်းကြမ်းလေး ပျော်တယ် ။ သူ့ စကား ထဲ က လို ဘာ အချုပ်အနှောင် ကို မှ မခံဘဲ လွတ်လပ်တဲ့ စာရေးဆရာ ဘဝ ထဲ မှာ သူ ပျော်ပျော်ကြီး  နေသွားခဲ့ ။

စာပေဟောပြောပွဲ မှာ တိုက်ပုံအနက် ဝတ် ဖြစ်တိုင်း သတိတရ လွမ်း ရပါတယ် ဦးလေးဆွေ ခင်ဗျား ။

ကွယ်လွန်သွားကြပြီ ဖြစ်တဲ့ ဆရာများ ရဲ့ ရုပ်ပုံလွှာ တစေ့တစောင်း ကို စာပေ ဟောပြောပွဲ နောက်ခံ ထားပြီး ရေး ခဲ့တာ အခု ဆိုရင် ဆရာမင်းကျော် ၊ ဆရာ မြသန်းတင့် ၊ ဆရာကြီး ( ဦး ) ဆန်းထွန်း ( မန်းတက္ကသိုလ် ) ၊ ဆရာ အထောက်တော်လှအောင် တို့ အကြောင်း ရေးပြီးခဲ့ပြီ ဖြစ်ပါတယ် ။

စာရေးဆရာ တစ်ယောက် အဖြစ် နဲ့ မိမိ ရဲ့ အသက်မွေးဝမ်းကျောင်းမှု အရ ရော ၊ မရေးရ မနေနိုင် ဝါသနာ အရ ရော ၊ တာဝန် ယူပြီးသား အခန်းဆက် ဝတ္ထုရှည် ဆောင်းပါး အချို့ ကို ဝတ္တရား တစ်ရပ် အဖြစ် ရေးရတဲ့ အလုပ် အရ ရော ၊ ကျွန်တော့် မှာ အခြား သော စာရေးဆရာများ နည်းတူ ပါပဲ ။ ခုနစ်ထွေ ၊ တစ်ဆယ့်နှစ်ထွေ ကကြိုး ကို တစ်ခွင်စီ တစ်ကွက်စီ လှည့် ကနေ ဖြစ်ပါတယ် ။ ဗုဒ္ဓယဉ်ကျေးမှု နောက်ခံ ဝတ္ထုတွေ ရေး လိုက် ၊ ခရီးသွားဆောင်းပါး ရေးလိုက် ၊ ကျမ်းဆန်ဆန် စာတမ်း ရေးလိုက် ၊ ဖျတ်ခနဲ စိတ်ကူး ပွင့်ရာ အက်ဆေးလေးတွေ ရေးလိုက် နဲ့ လမိုင်း အမျိုးမျိုး ပူးကပ် ဝင်စားပြီး စာ ရေး ရတဲ့ ဘဝ ဟာ တစ်ခါတလေ တော့ လည်း ကြည်နူးစရာ ။ တစ်ခါတလေ တော့လည်း စိတ်ပန်းလက်ပန်းနဲ့ မောချင်စရာ ။

ဒါပေမယ့် စာရေးဉာဉ် ကြောင့် လား မသိပါ ။ ဒီလိုတွေ ရေးသား နေတာ ကိုပဲ ပျော်ရွှင်မှု အဖြစ် နဲ့ ခံစားရပါတယ် ။ တစ်ခါတစ်ရံ တော့ လည်း ခံစားမှု ဆိုတဲ့ ဝေဒနာ က ‘ ထုံ ’ နေတတ်ပြီး ဦးနှောက်လည်း ‘ အုံ ’ နေတတ် ပြန်တော့ စာရွက် ရှေ့ ချ ၊ ဘောလ်ပင် ဖွင့် ၊ အဖုံးစွပ် ကိုင်ပြီး မှ ဘာ တစ်လုံးမျှ ရေးလို့ မရဘဲ စားပွဲ မှာ အငူသား ထိုင်နေမိတာ မျိုးလည်း ရှိပါတယ် ။ အဲဒီလို အခါမျိုး မှာ ကျွန်တော့် အတွက် အကောင်းဆုံး အား ပြန်ဖြည့်ခြင်း Recharge ကတော့ စာ ဖတ်ခြင်းပါပဲ ။ စာအုပ်စင်တွေ ရှေ့မှာ ရပ် ၊ ထိုင်ရင်း နဲ့ စာအုပ် အနှောင့်တွေ လိုက်ကြည့် ‘ ဓာတ်ကြ ’ တဲ့ စာအုပ် တစ်အုပ် ကို ဆွဲထုတ် ဖတ်လိုက်တာဟာ ကုန်ခန်းသွားသော အင်အားများ ကို ပြန်ဖြည့် ပေးလိုက်သော တကယ့် ဗီတာမင် ပါ ။

အဲဒီလိုနဲ့ ဖတ်ဖြစ်တဲ့ ( ခဏခဏ ပြန်ဖတ်ဖြစ်တဲ့ ) စာအုပ်တွေ ထဲ မှာ ဆရာသော်တာဆွေရဲ့ “ ကျွန်တော့် ဘဝ ဇာတ်ကြောင်း ” လည်း ပါဝင် နေပါတယ် ။ ( စကားစပ် လို့ ဖောက်သည် ချ ရရင် ဒီလို အင်အားကုန်ခန်း ၊ စိတ်ပန်းလက်ကုန် ဖြစ်နေ ချိန်တွေ မှာ ကျွန်တော် အများဆုံး ပြန် ဖတ်ဖြစ်တဲ့ စာအုပ်တွေ က သပြေကန်ဆရာတော်ကြီး ရဲ့ ပရိတ်ကြီး နိဿယသစ် နဲ့ မဟာဂန္ဓာရုံ ဆရာတော်ကြီးရဲ့ တစ်ဘဝသံသရာ တို့ ပဲ ဖြစ်ပါတယ် ။ ဒီ စာအုပ်များ ကို ဖတ် လိုက်ရတဲ့ အခါမှာ အားကျကြည်ညိုစိတ် နဲ့ သဒ္ဓါတွေ ပေါက်ဖွား လာပြီး အကောင်းဆုံး အကြောဆေး ထိုး လိုက်ရသလို အားတွေ ပြန်ပြန် ပြည့် လာတတ်ပါတယ် ။ ကျွန်တော့် ပုဂ္ဂလိက ဖြစ်စဉ်ကို ပြောပြတာပါ ။ )

ဆရာသော်တာဆွေ အကြောင်း ပြန် ဆက်ပါမယ် ။ အဲဒီလို သူ့ စာအုပ်တွေ ဖတ် မိတိုင်း မှာ သူ့ ရဲ့ စာရေးဉာဉ် နဲ့ စာရေးဆရာ စိတ် ဟာ ကျွန်တော့် ဆီ ‘ ဓာတ်ကူး ’ သလို ကူး လာ တတ်ပါတယ် ။ ဒီ့ အပြင် မှာ သူ ကျွန်တော့် ကို ပြောဖူးခဲ့တဲ့ စကား တစ်ခွန်း လည်း အမြဲ ပြန် ကြားယောင် ပါတယ် ။

သင်္ဘောကြီး တစ်စီး အပေါ် မှာပါ ။ ( ဒီ အကြောင်း နောက်ပိုင်း ပါလာပါမယ် ။ )

ဘာပြောသလဲ ဆိုတော့ သူ့ စကား က

“ ဟေ့ကောင် ချစ်ဦးညို ၊ ဆရာရွှေဒေါင်းညို သား ”

“ ခင်ညာ ” 

( လို့ …. သူ့ ဇာတ်လိုက် လေသံလေး နဲ့ ကျွန်တော် က ထူး လိုက်ပါတယ် )

( မှတ်မိမှာပါ ၊ သူ က ဝတ္ထု တစ်ပုဒ် ထဲ မှာ ဟေ့ကောင် ... လို့ ဘကြီး ခေါ်လိုက်တော့ ... ခင်ညာ …. တဲ့ ထူးပုံ က ။ )

သူ က ဆက် ပြောပါတယ် ။

“ မင်း ၊ စာပေလုပ်သား မဂ္ဂဇင်း ထဲ မှာ ရေး ထားတဲ့ ဟို ဝတ္ထု ကွာ ၊ ဇာတ်ကောင် နာမည်တွေ ကို ခေါင်းစဉ် တပ်ထားတာ ' ဘာ ' တဲ့ ”

“ မခင်သက် ၊ ကိုလှချို နှင့် ကိုမြင့်မော် ပါ ဦးလေး ”

“ အေး … အဲဒီ ဝတ္ထုလေး ကောင်းသား ကွ ”

( စာရေးဆရာကြီး တစ်ယောက် ရဲ့ ချီးကျူး စကား တစ်ခွန်း ရ လိုက်တဲ့ စာရေးဆရာလေး ဘယ်လောက် ကြည်နူးမလဲ ။ )

“ ဟုတ်ကဲ့ ဦးလေး ”

“ ဒါပဲကွ … မင်း ကို ရွှေဒေါင်းညို သား လို့ ငါ တမင် ခေါ် လိုက်တာ မင်း သိလား ”

“ ရိပ်မိသလိုပဲ ဦးလေး ”

“ ခွီး မှ ဘဲ ၊ တမင် ခေါ် တာပါ ဆိုမှ ။ ဒီလိုကွ ၊ မင်း အဖေ ဟာ ဇာတ်သဘင် ပညာရှင်ကြီး မဟုတ်လား ။ အေး ရွှေဒေါင်းညို သား ချစ်ဦးညို ဆိုတဲ့ ကောင် တစ်ကောင် ဟာ ပမာ ဆိုပါတော့ ဇာတ်မင်းသား ဖြစ် လာရင် သူ ဟာ ဇာတ်မင်းသား ပဲ ဖြစ်မှာကွ ”

ကျွန်တော် သဘော မပေါက်လို့ ငြိမ် နေစဉ်မှာ

“ ငါ ပြောတာ က မင်းသား ဆိုရင် မင်းသား ပဲ ဖြစ် နေတော့မှာ ။ တခြား အလုပ် ဆိုရင်လည်း မင်း ဟာ အဲဒီ အလုပ် မှာဘဲ သံမှို စွဲထား သလို နေလေရော့ ။ အဲဒါက လွဲပြီး မင်း ဘာမှ ဖြစ်လို့ မရပါဘူး ။ အခု မင်း စာရေးဆရာ ဖြစ် လာတော့ မင်းကိုယ်မင်း မင်းသား လုပ်လိုက် ၊ လူကြမ်း လုပ်လိုက် ၊ မိန်းမ ဖြစ်လိုက်နဲ့ အမျိုးမျိုး ပွားလို့ ရတယ်လေ ။ ဝတ္ထုတွေ ထဲ မှာ မင်း ဖြစ်ချင် သလို ဖြစ်လို့ ရတယ် ။ အဲဒါ စာရေးဆရာ အရသာ ပဲ ကွ မှတ်ထား ”

တည့်တည့် ပြောမှ သဘော ပေါက် ပါတယ် ။ သူ ချီးကျူး လိုက်တဲ့ ‘ မခင်သက် ကိုလှချို နှင့် ကိုမြင့်မော် ' ဝတ္ထုရှည် ပါ ။ ဝတ္ထု ထဲ မှာ မခင်သက် နေရာ ၊ ကိုလှချို နေရာ ၊ ကိုမြင့်မော် နေရာ ၊ ဒီ သုံးနေရာ က နေပြီး ပထမ နာမ်စား နဲ့ ရေး ထားပြီး သုံးယောက် ရဲ့ ခံစားချက် နဲ့ အဖြစ်သနစ် သုံးခု ကို စပ် လိုက်တဲ့ အခါ ကျ မှ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ် တာပါ ။

“ အဲဒါ ဦးလေး အားကျလို့ ”

“ ဘာကွ ”

“ ဦးလေး ရဲ့ ကျွန်တော် ဇာတ်လိုက် တို့ ။ ကျွန်တော် ပြဇာတ်မင်းသား တို့ ၊ ကျွန်တော် ဘောက်ဆာ တို့ ၊ အဲဒါတွေ ဖတ်ရတယ်လေ ။ ဦးလေး က ကိုယ့် ကိုယ် ကို ဇာတ်ကောင် အမျိုးမျိုး ၊ နေရာ ထားပြီး ရေး ထားတာလေ ”

“ အံမာ … ငါ့ ကို အားကျလို့ ”

“ ဟုတ်ကဲ့ ”

“ ငါ့ အားကျ မင်း ပျက်ပြီပေါ့ကွာ ” တဲ့ ။

‘ ဆရာတို့ကို လွမ်း ’ အစုလေးတွေ ထဲ မှာ ဆရာသော်တာဆွေ ကို လွမ်းတဲ့ အလွမ်း က သူ့ဓာတ် ကူး လို့လား မသိပါ ။ ရင်နင့် နေတဲ့ တသက်သက် တမြေ့မြေ့ ဝေဒနာမျိုး နဲ့ လွမ်းတဲ့ အလွမ်း မဟုတ်ပါဘူး ။ ဇိုးဇိုးဇပ်ဇပ် နဲ့ ကြွပ်ကြွပ်ရွရွ လွမ်းတဲ့ ‘ အလွမ်းမျိုး ’ ။

ယခင် ဆင်းဒဝစ် ၊ ယခု ဗိုလ်ရာညွန့်လမ်း ရှုမဝမဂ္ဂဇင်းတိုက် ရှေ့ က ခုံတန်းလေး ဟာ စာပေသမားများ မမေ့နိုင်တဲ့ နေရာလေး ဖြစ်ပါတယ် ။ ရှုမဝတိုက် ကို ကျွန်တော် စာရေးဆရာ ပေါက်စလေး အဖြစ် ဟိုဝင် သည်ထွက် ရောက်ရှိချိန် ဟာ “ လင်္ကာဒီပချစ်သူ ”  ကို ပန်းချီဝသုန် က ရုပ်ပြ အခန်းဆက် ရေးဆွဲ ချိန် ၊ ကျွန်တော် က လည်း ဝတ္ထုတို ၊ ဝတ္ထုရှည်များ အားကောင်း ကောင်း နဲ့ တသွင်သွင် ရေးချိန် ၁၉၇၈ နောက်ပိုင်း ၊ ၁၉၈ဝ နှစ်ဦး ကာလများ ဖြစ်ပါတယ် ။ အဲဒီ ခုံတန်းလေး မှာ ပဲ ချစ်ခင်လေးစားရတဲ့ စာရေးဆရာ ၊ ကဗျာဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာများ နဲ့ တွေ့ဆုံ သိကျွမ်းခွင့် ရခဲ့ပါတယ် ။ အဲဒီ ထဲ မှာ ဆရာသော်တာဆွေ ၊ သူ ဟာ ထိပ်ဆုံး က ပါ ။

စ တွေ့ တွေ့ချင်း ပဲ ကိုဆွေ ( မောင်ဆွေတင့် ) တို့ ခေါ်သလို ၊ သူ့ ကို ဦးလေး လို့ ပဲ ကျွန်တော် ခေါ် မိပါတယ် ။ ဆရာ လို့ မခေါ်ဖြစ်ပါဘူး ။ ဒီ ဦးလေး နဲ့  စာပေဟောပြောပွဲ နယ်ခရီး ကို ပွန်းပွန်းတီးတီး သွားဖို့ ကြုံ လာပါတယ် ။ ဖိတ်မန္တက ပြုသူ က ထိုစဉ်က မြစ်ဝကျွန်းပေါ် ဘက် မှာ ခရိုင်အဆင့် လား ၊ တိုင်းအဆင့် လား မမှတ်မိပါ ။ စိုက်ပျိုးရေး ဘက် မှာ အရာရှိကြီး ဖြစ်နေတဲ့ ဦးဝင်းတင် ပါ ။ သူ က မောင်သန္တာ အမည် နဲ့ ကဗျာ ရေးပါတယ် ။ ဆရာ သော်တာဆွေ ရဲ့တပည့် ဆရာသော်တာဆွေ ကို ကြည်ညိုတဲ့ သူ ။

ဟောပြောပွဲ ကျင်းပမယ့် နေရာ က ကျုံပျော် ၊ ဟောပြောပွဲ သွားကြမယ့် စာရေးဆရာ အဖွဲ့ ကို ကိုဆွေ ၊ ကိုမြင့်မြတ် တို့ က စီစဉ် လိုက်ကြပါတယ် ။ ပါဝင်သူတွေ က သော်တာဆွေ ၊ အောင်သင်း ၊ မင်းသားကြီး ဦးကျောက်လုံး ၊ မောင်ဆွေတင့် ၊ မောင်မြင့်မြတ် ၊ မောင်ပြုပြင် ( ကျုံပျော် ) ၊ ကာတွန်းငွေကြည် နဲ့ ချစ်ဦးညို ၊ စာရေးဆရာတွေ တစ်လှေကြီး ၊ အဲ တစ်လှေကြီး ဆိုတာ က တင်စား တဲ့ စကား ၊ တကယ့် သဘာဝ ယုတ္တိ အရ ပြောရရင် တစ်သင်္ဘောကြီး ။ ဘာကြောင့်လဲ ဆိုတော့ ဦးဝင်းတင် ( မောင်သန္တာ ) ရဲ့ အစီအစဉ် နဲ့ ကျုံပျော် အသွားအပြန် စီစဉ် လိုက်တာ က နှစ်ထပ် သင်္ဘောကြီး ပါ ။ ခရီးသည်တင် ၊ ကုန်တင် ပြေးဆွဲဖို့ လိုင်း ဝင် ထားခါစ သင်္ဘောကြီး ကို ဘယ်လို လုပ်လိုက် သလဲ မသိပါ ။ ဘယ်ခရီးသည် ဘာကုန် မှ မတင်ဘဲ အဲဒီ စာရေးဆရာ အုပ်စု ကို ပဲ ကျုံပျော် ဟောပြောပွဲ ခရီး အတွက် သီးသန့် ဖယ်ရီ လုပ် လိုက်ခြင်းပါပဲ ။

သင်္ဘောကြီး က အသစ် စက်စက် ၊ ဆေး နံ့ တောင် မပြယ်ချင်သေး ၊ သန့် မှ သန့် ၊ လတ်လတ်ဆတ်ဆတ် ၊ တစ်စီးလုံး မှ စာရေးဆရာအဖွဲ့ သီးသန့် ။

အဘကျောက် လို့ ကျွန်တော် တို့ ခေါ်ကြတဲ့ မင်းသားကြီး ဦးကျောက်လုံး ဟာ ရှုမဝဦးကျော် မှ တစ်ဆင့် ရှုမဝ ဝိုင်းတော်သား တစ်ဦး အနေ နဲ့ ရှုမဝ တိုက် ခုံတန်း မှာ ထိုင် ထိုင် နေတတ်တော့ သူ နဲ့ လည်း ခင်မင်ခွင့် ရခဲ့ပါတယ် ။

အဲဒီ အဘကျောက် ကို လည်း ကိုဆွေ တို့ ၊ ကိုမြင့်မြတ် တို့ က ပင့် ပါတယ် ။ အဘကျောက် က လည်း အစ်ကိုဆွေ နဲ့ ဆိုရင် “ အင်း ၊ လိုက်ရမှာတော့ ကျောက်လုံး တို့ ခပ်ကြောက်ကြောက် ပဲ ကွ ၊ ဒါပေမယ့် လိုက်မယ်ကွာ ”  တဲ့ ။

ဒီလိုနဲ့ သင်္ဘောကြီး ပေါ် ရောက် ၊ မွန်းတိမ်း ညနေဦး ကာလ ။

စ ကတည်း က ယဉ်သကို ပါ ပဲ ။ ဦးလေး ( သော်တာဆွေ ) တို့ တစ်စခန်း ထ ပါပြီကော ။

ရန်ကုန် ဝါးတန်း ဘောတံတားဆိပ် မှာ ဆိုက်တဲ့ သင်္ဘောကြီး ဟာ ကမ်း က စတင် ခွာ ပါပြီ ။ ဒီအချိန် မှာ ဆရာ ဦးအောင်သင်း နဲ့ ကိုဆွေ ( မောင်ဆွေတင့် ) တို့ က တစ်တွဲ ၊ သင်္ဘော အခန်း ထဲ မှာ စကား ပြော နေကြတယ် ။ မောင်မြင့်မြတ် က ဦးခန်း ဘုရားဆောင် ထဲ မှာ အဓိဋ္ဌာန် ပုတီး စိပ် လို့ ။ ကာတွန်းငွေကြည် နဲ့ ကျွန်တော် က သင်္ဘော လက်ရန်း ဝဲယာ ကူးရင်း ရန်ကုန်မြစ်ပြင် ရဲ့ ညနေခင်း နဲ့ စင်ရော်လေး တွေ ကို ကြည့်ပြီး စိတ်ကူးယဉ် လှိုင်းလေးတွေ ကို စီးလို့ ။ ( ဒီအချိန် က ကျွန်တော် ဟာ မောင်ကြည်တိုး ရဲ့ ငွေလှိုင်းဇာခြည် ကို ညည်း နေတယ်လို့ အမှတ်ရ မိတယ် ။ ကိုငွေကြည် ၊ ခင်ဗျား ကော မှတ်မိတန်ကောင်း ရဲ့ ။ )

“ လှိုင်းရေဖွေးဖွေးဝယ် လွန့်လူးတယ် × × စင်ရော်ငှက်ကလေးတွေ ×× ပျံကာပဲ ဝဲတယ် ×× ပျော်မြူးကြရှာတယ် × × မြစ်နဒီအတွင်းဝယ် × × နှုတ်ခွန်းလွှာခြယ် x x လေဝယ်ဆန့်သော လွန်သာယာ xxx ငွေလှိုင်းဇာခြည် ဖွာဖွာလည် × × နေစွယ်ပြန့်ပြော× × ကွန်လွှာလွှာ သွေမဆိုင်း လာပြီ အို × × တံငါသည် xxx

ကဗျာဆရာ မောင်ပြုပြင် ( ကျုံပျော် ) ( ကွယ်လွန် ) လည်း ကျွန်တော် နဲ့ ကိုငွေကြည် ဘေးနား မှာ တိတ်တိတ်ကလေး ရပ် ၊ ဆည်းဆာမြစ်ပြင် ရှုခင်း ကို ခံစားလို့ ။

မင်းသားကြီး ဦးကျောက်လုံး ( အဘကျောက် ) က ဘယ်ခရီးသည် မှ မရှိတဲ့ ကုန်းပတ် မှာ ဟိုသည် လမ်းလျှောက် ရင်း မြစ်ပြင် လေ ကို ရှူရှိုက် လို့ ။

အဲဒီလိုနဲ့ သက်သောင့် သက်သာ သာယာ အေးချမ်း တဲ့ ညနေခင်းလေး ဟာ ကြာကြာ မခံလိုက်ဘဲ ကွဲအက် သွားပါလေရော ။ ဒီ ညနေခင်း ကို ထိုးဆောင့် လှုပ်ခါ ပစ်လိုက်တဲ့ အသံ တစ်သံ က သင်္ဘောဦးခန်း ဘက် ရဲ့ ကေဗင် အခန်း တစ်ခန်း ထဲ က ထွက် လာတာပါ ။

“ ဟေး ၊ ကိုကျောက်လုံး ၊ လာဗျာ ”  တဲ့ ။

အသံရှင် က ဦးလေး သော်တာဆွေ ပါ ။ စင်္ကြံ လျှောက် နေတဲ့ အဘ ကျောက် တုံ့ခနဲ ရပ် သွားရှာပါတယ် ။

“ လာစမ်းပါ ဗျ ၊ ဘာလဲ ၊ ခင်ဗျား က ။ လာ ၊ ဒီမှာ ကျုပ် နဲ့ ခွက်လှည့်ရအောင် ” တဲ့ ။

ရုပ်ရှင် ထဲ မှာ လူကြမ်းကြီး ၊ လူဆိုးကြီး ၊ ကြာကူရီကြီး ၊ ဂိုဏ်းခေါင်းဆောင်ကြီး စသည်ဖြင့် ဝိဘစ္ဆရသ ကို ပြောင်ပြောင်မြောက်မြောက် သရုပ်ဆောင် နိုင်တဲ့ အကယ်ဒမီ ဦးကျောက်လုံး ဟာ အပြင် မှာ တကယ့် ကို နူးညံ့အေးဆေး သိမ်မွေ့ သူ ဖြစ်ပါတယ် ။ ပြီးတော့ သူခမြာ မှာ ဦးလေး သော်တာဆွေ ကို လည်း ကြောက်ရှာပုံ ရ ပါတယ် ။ ဒါပေမယ့် လည်း ဦးလေးဆွေ နဲ့ အတူတူ ခွက်လှည့် ရမှာ ကို ပို ကြောက်ပုံ ရပါတယ် ။ အဘကျောက် ဟာ ဟိုလိုလို ဒီလိုလို လုပ် နေရင်းနဲ့ ကျွန်တော်တို့ နား ကပ် လာပြီး လက်ရန်း ကို မှီ ရပ်နေ ရှာတယ် ။ ဒီအခါ မှာ အခန်း ထဲ က တတိယ အကြိမ် ပေါ် လာတဲ့ အသံ က …

“ ကိုကျောက်လုံး ၊ ကျုပ် ခေါ်နေတာ မလာဖူးလား ။ ခင်ဗျား မလာရင် ကျုပ် က တိုင် နဲ့ ခေါင်း နဲ့ ပစ်ဆောင့် လိုက်မယ်"

အဘကျောက် ဟာ သူ့ ရဲ့ ပင်ကို အမူအရာ ပြုံးမဲ့မဲ့ မျက်နှာကြီး နဲ့ အသံလုံး ကြီးကြီး အသံကြီး နဲ့

“ သွားမှပဲ ဟေ့ ၊ သူ ခေါ်ရာ ကို ။ တော်ကြာ ပြတင်းပေါက် ကနေ မြစ် ထဲ ကို ဒိုက်ဗင် ထိုးမချဘူး မပြောနိုင်ဘူး ။ လာပြီ ၊ ကိုဆွေ ရေ ၊ ကျွန်တော် လာပြီ ” 

လို့ ပြောရင်း သုတ်သုတ်ကလေး ထွက်သွား ရှာပါတယ် ။

ဦးလေးဆွေ ရယ်လေ ၊ ဘယ်အချိန်က စ ‘ ကိုင် ' နေသလဲ မသိပါဘူး ။

ကျွန်တော့် ရဲ့ ငွေလှိုင်းဇာခြည် ဖွာဖွာ လည်း စုတ်ပြဲ သွားတော့တယ် ။ တွံတေးတူးမြောင်း ထဲ သင်္ဘော ဖြတ်ချိန် မှာ တော့ “ ဟေ့ ၊ အပြင်က ကောင်လေးတွေ လာကြကွာ ”  တဲ့ ။ ဦးလေးဆွေ အသံ ပို ကျယ် နေပါပြီ ။ အင်မတန် ကြောက် တတ်တဲ့ ကဗျာဆရာ မောင်ပြုပြင် ( ကျုံပျော် ) က တော့ အောက်ထပ် ဆင်း ပြေးလေရဲ့ ။ ကိုငွေကြည် နဲ့ ကျွန်တော် က ကုပ်ချောင်းချောင်း နဲ့ ခေါ်ရာ သွား ရပါတယ် ။ ဒီတစ်ခါ တော့ ဦးခန်းဘုရားစင် မှာ ပုတီး စိပ် နေတဲ့ ကိုမြင့်မြတ် လည်း ထိန်းတန်တာ ထိန်း ပေးရအောင် ရောက် နေပါပြီ ။ အဘကျောက် မှာ တော့ စတိ ဝင် သောက်ပေးရင်း နဲ့ မျက်နှာကြီး က ' အို ' လို့ ။ အသားဖြူ တဲ့ ဦးလေးသော်တာဆွေ မျက်နှာ ကတော့ နီရဲလို့ ။

နာမည်ကြီးစာရေးဆရာ သော်တာဆွေ နဲ့ တစ်ဝိုင်းတည်း ကြုံရပါပြီ ။ ကိုငွေကြည် က လုံးဝ မသောက်တတ် ။ ကျွန်တော် က ခပ်လန့်လန့်  နဲ့ ဝင် ရော ပါတယ် ။ ဦးလေးဆွေ နဲ့ အဘကျောက် တို့ က ရှုမ၀ဦးကျော် အကြောင်း နဲ့ ရုပ်ရှင် အကြောင်း ပြောနေ ကြတယ် ။ အဘကျောက် က အင်း လိုက်ပြီး ထောက် ပေး ရတာပါ ။ မနားတမ်း ပြော နေသူ က ဦးလေးဆွေ ။

အမှန်တော့ ကျွန်တော် ဝင် ရော တာမှာ ဦးလေး ဆီ က ကျွန်တော် သိပ် သိချင်တဲ့ ပုဂ္ဂိုလ် နှစ်ယောက် အကြောင်း ရှိ နေလို့ပါ ။ ဆရာကြီး ရွှေဥဒေါင်း နဲ့ ဆရာမ ( ဒေါ် ) ကြည်အေး တို့ ဖြစ်ပါတယ် ။ ဦးလေးဆွေ က ရင်းရင်းနှီးနှီး ပေါင်းခဲ့ ဖူးတာမို့ ( သူ့ စာ ထဲ မှာ တော့ ဆရာကြီး နဲ့ ဆရာမတို့ အကြောင်း ပါပြီးသား ) ။ သူ့ ဆီ က နှုတ်ထွက် တိုက်ရိုက် စကား ကို ကြား ချင်လို့ ။ ဒါပေမယ့် ကျွန်တော် မမေးရဲပါ ။ သူ့ စကား တွေ က လည်း သူ ရုပ်ရှင် ထဲ ဝင် သရုပ်ဆောင် တုန်းက အကြောင်းတွေ ချည်း ။ အဘကျောက် ကို ပြောနေတဲ့ စကားတွေ ။

ကိုမြင့်မြတ် ကို ကျွန်တော် က လေသံလေး နဲ့ ဆရာကြီးရွှေဥဒေါင်း နဲ့ ဆရာမ ဒေါ်ကြည်အေး အကြောင်း သိချင်တာတွေ မေး ရင် ကောင်းမလား လို့ တိုင်ပင်တော့ ကိုမြင့်မြတ် က သွား မလုပ်နဲ့ ကိုရင် ။ သူ ပြောတာပဲ အသာ နားထောင် နေ ၊ ကိုရင် မေးလည်း ပြော မှာ မဟုတ်ဘူး ။ မပြောဘဲ နေရင် တော် ဦးမယ် ။ အံမာ မင်း မေးတိုင်း ငါ ပြောရမှာလားကွ ဆိုပြီး ခွက် နဲ့ ကောက် ပေါက် မှ ပြေးပေါက် မှား နေမယ်လို့ သတိ ပေး ပါတယ် ။

ဪ ၊ ဆရာသော်တာ‌ဆွေ သွေးဆိုး တယ် လို့ ဒါကြောင့် ပြော ကြတာကိုး လို့ ကျွန်တော် တွေးရင်း အသာလေး ငြိမ်ကုပ် နေ လိုက်ရတော့တယ် ။ ဘယ်သူ ဘယ်ဝါ က အဘိယာစက လုပ်လုပ် ။ သူ ပြော ချင်တာ ပြော ။ သူ ရေး ချင်တာ ပဲ ရေး တတ်တဲ့ ဝသီ ဟာ ဦးလေးဆွေ ရဲ့ အထင်ကရ ရုပ်ပုံလွှာ ပါပဲ ။ အဲဒါဟာ တဇွတ်ထိုး စိတ် လို့ ခေါ်ချင် ခေါ်နိုင်ပေမယ့် တကယ်တော့ စာရေးဆရာ တစ်ယောက် ရဲ့ လွတ်လပ်မှု ကို ဦးလေးဆွေ အလွန်အမင်း နှစ်ခြိုက်မွေ့လျော် တတ်တဲ့ သဘာဝ ဖြစ်တယ်လို့ နာမည် တပ်ချင်ပါတယ် ။

ကျုံပျော် ရောက်တော့ ဦးဝင်းတင် ( မောင်သန္တာ ) က ဦးလေးဆွေ ကို အန္တေဝါသိက အဖြစ် နဲ့ ဖူးဖူး မှုတ်လိုက်တာ မှ ၊ သော်တာဆွေ ပါလာသတဲ့ ဆိုပြီး သူ့ စာဖတ်ပရိတ်သတ် ကြီးငယ်ရွယ်လတ်တွေ ကလည်း လာ တွေ့ကြ ၊ နှုတ်ဆက်ကြ ၊ ကန်တော့ကြ ၊ သူ ပဲ စတား ဖြစ်နေတာ ။ ဒါပေမယ့် သူ ကတော့ ဘာမှ ထူးခြားမှု မပြပါဘူး ။ ကျော်စံကေး ၊ ဟစ်တလုံး ၊ အေးဆွေ ၊ ပေါ်အူး စသည်ဖြင့် သူ့ ဇာတ်လိုက်တွေအကြောင်း ကို ပရိသတ် က မက်မက်ရှိုက်ရှိုက် ပြောကြ ။ သူ က အင်း ... ဒါပဲ ။ ( ကျွန်တော့် ဘဝ ဇာတ်ကြောင်း ) ထဲ က ဇာတ်လမ်းတွေ မေးကြ ၊ သူ က မင်း တို့ ပြန် ဖတ်ကြပေါ့ တဲ့ ။

သူ့ ကို ချစ်ကြလေးစားကြတဲ့ ပရိသတ် ရဲ့ ဂုဏ်ပြု ချီးကျူး ပူဇော်မှု တွေ ကို လည်း သူ က ဘာတစ်ခု မှ အယ်လဲဝမ်းသာ တုံ့ပြန်ခြင်း မရှိပါဘူး ။ လောကွတ်စကား ဆိုတာ ဝေလာဝေး ။

အဲဒီ စရိုက် သဘာဝ ဟာ ဟောပြောပွဲ စင်မြင့် ပေါ် မှာလည်း အထင်းသား ။

စာရေးဆရာကြီး သော်တာဆွေ ဆိုပြီး ပရိသတ် က သိပ် စိတ်ဝင်စားကြတာ ကလား ။ ဘရန်ဒီ တစ်ပုလင်း က စလို့ ၊ သူ့ရဲ့ ဟာသစာပေတွေ အကြောင်း ကြား ရဖို့ အားခဲမျှော်လင့် နေကြတာ ။ သူ့ တပည့်ကြီး ဦးဝင်းတင် ( မောင်သန္တာ ) ကလည်း ပရိတ်သတ် မျှော်လင့် စောင့်စားနေကြတဲ့ အဲဒီ အကြောင်းတွေ ပြောဖို့ အဘိယာစက ပြု ထား ပါသေးတယ် ။

ဘယ် ဟုတ်လိမ့်မလဲ ၊ တိုက်ပုံ အနက်ကြီး ဝတ်ပြီး စင်ပေါ် တက် လာ ကတည်း က ဟောလိုက် ပြောလိုက် တာ ။ သူ ဆိုဗီယက် ရုရှား သွားရတဲ့ အကြောင်း ။ ဟိုမှာ ကြုံခဲ့ရပုံတွေ အကြောင်း ။ လေသံ က လည်း ဗလုံးဗထွေး နဲ့ ငေါက်သံလိုလို ( တကယ်တော့ ငေါက်တာ မဟုတ်ပါ ) ။ မျက်နှာ ကြီး က လည်း မပြုံး မရယ် ။ ဟောပြောတဲ့ အကြောင်းအရာ ကလည်း စိတ်ဝင်စားစရာ ( အလွန် ) မကောင်း ။

ပရိသတ် က အစပိုင်း မှာတော့ သော်တာဆွေ ဆီ က ဘာ ကြားရမလဲ လို့ နား စွင့် ကြ ပါသေးတယ် ။ တဖြည်းဖြည်း နဲ့ ပျင်းစရာ ကောင်းလာတော့ လှုပ်လှုပ်ရွရွ ဖြစ် လာပါရော ။ ပွဲခင်း က မငြိမ်ဘူး ။ သူ ကလည်း ပရိသတ် ဘာဖြစ် နေနေ သူ ဟောချင်တာပဲ ဟော နေတာပါ ။ တစ်နာရီ လောက် ဟောပြော ပြီးတော့ ဘာမှ အမွမ်းအမံ မပါတဲ့ စကား နဲ့ နိဂုံးချုပ် ပြီး ဆင်း လာတာပါပဲ ။ လက်ခုပ်သံ ကတော့ ဟိန်းထွက် လာပါတယ် ။ ငြီးငွေ့ဖွယ် ဟောပြောချက်ကြီး ပြီး သွား လို့ စိတ်လက် ပေါ့ပါး သွားတဲ့ ပျော်ရွှင်သော လက်ခုပ်သံ ပါ ။ ( သူ့ အရှိန်အဝါ ကြောင့် တော်ပါတော့ဗျို့ ၊ ဆင်းပါတော့ဗျို့ လို့တော့ မကြား ရပါဘူး ၊ တခြား စာရေးဆရာ ဆိုရင် မုချအဲဒီလို အအော် ခံ ရမှာပါ ။ ) ဆင်းလာပြီး သူ့ နေရာ သူ ပြန်ထိုင်တော့လည်း သူ့ ဟောပြောချက် နဲ့ ထိရောက်မှု ၊ အကျိုးသက်ရောက်မှု နောက်ဆက်တွဲ ရလဒ် ဘာညာ ဘာမှ မစဉ်းစားတဲ့ ပုံစံ ။ ခပ်တည်တည် နဲ့ အေးအေးဆေးဆေး ပါပဲ ။

နောက် တစ်ကြိမ် သူ နဲ့ ဆုံခဲ့ရတာ ကတော့ ပေါင်းတည် ဟောပြောပွဲ ပါ ။ ပေါင်းတည် ဆိုတာ သူ့ ဒေသ ။ အတူပါတဲ့ သူတွေ က နန္ဒသိန်းဇံ  ၊ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ နဲ့ ကျွန်တော် ။ ( ဒီအကြောင်း ကို ရှေ့ပိုင်း မှာ ရေးခဲ့ပြီးပါပြီ ။ )

ဦးလေးဆွေ ဟာ တကယ့်ကို သူ့ စာ နဲ့ သူ နဲ့ လွတ်လပ်မှု နဲ့ တစ်ထပ်တည်း ကျတဲ့ စာရေးဆရာကြီးပါ  ။

◾ချစ်ဦးညို

📖 ဆရာတို့ ကို သာ လွမ်း

#ကိုအောင်နိုင်ဦး

.

Saturday, May 7, 2022

သောင်းတိုက်ကကျော်


 ❝ သောင်းတိုက်က ကျော် ❞


သုဓ္ဓမာခန်းမ နန်းဆောင်ကြီးဆီ မှာ နတ်ပရိသတ် တို့ စုံညီ စုဝေးမိနေကြ ပြီး သည် တစ်ကြိမ် နတ်သဘင်အစည်းအဝေးကြီး ၌ တရား ဟောမည့် နတ်မင်း မှာ ဂန္ဓဗ္ဗနတ်မှူးကြီး ပဉ္စသိင်္ခ ဖြစ်သည် ။ နတ်ပြည် ၏ သဘင်နတ်မှူးကြီး လည်း ဖြစ် ကိုယ်တိုင်လည်း ဗေဠုဝစောင်းဆရာဖြစ် ၊ သိကြားမင်း ၏ အားထားရာ လက်ရုံးလည်း ဖြစ်သော ပဉ္စသိင်္ခနတ်မင်းကြီး ကိုယ်တိုင် တရား ဟောမည့် အလှည့် ။


ဥသျှစ်သီးမှည့် အဆင်း ရှိသော ၊ ဗေဠုဝစောင်းကြီး ကို အဝေး ကပင် မြင် နေရ၏ ။ ပဉ္စသိင်္ခနတ်မင်းကြီး သည် သူ ၏ သျှောင်ငါးခု ကို ပုလဲများဖြင့် တန်ဆာ ဆင် ထား၏ ။ တာဝတိံသာ မှ နတ်သမီးများ မှာ တရားဟောပလ္လင် နား မှာ သဲသဲ လှုပ် နေကြသည် ။ အင်း - နတ်သဘင် မှာ ပရိသတ်အများစု က နတ်သမီး တွေ ။


ကျွန်ုပ် နောက် ကျနေပြီး ဘုံစံ အားဖြင့် လည်းကောင်း ၊ တန်ခိုးဣဒ္ဓိပါတ် အားဖြင့် လည်းကောင်း ၊ ပိုင်နက် အားဖြင့် လည်းကောင်း ၊ မထင်မရှား အညတြ သာ ဖြစ်သော ကျွန်ုပ် အဖို့ရာ ဖွေးဖွေးလှုပ် ဝင်းဝင်းလက် နေသော ဤ နတ်သဘင် နတ်ပရိသတ် ထုကြီးကို ထိုးဖောက်ဖို့ မလွယ်ပေ ။ ဒါပေမဲ့ ဂန္ဓဗ္ဗနတ်မှူးကြီး ပဉ္စသိင်္ခ အနီးထံပါး သို့ မရောက် ရောက်အောင်တော့ တိုးဝှေ့ သွားရပေမည် ။


ကျွန်ုပ် ကိုယ်တိုင် က အညတြ နတ်သား ဖြစ်သော်လည်း ကျွန်ုပ် သယ်ယူလာသည့် ကိစ္စကား အညတြ မဟုတ် ။ လူ့ပြည် ၏ အမျိုး ၊ ဘာသာ ၊ သာသနာ နှင့်ပတ်သက် နေသည် ။ ဒါကို ပဉ္စသိင်္ခနတ်မှူးကြီး သိအောင် သတင်းပို့ လျှောက်တင်ရမည့် တာဝန် ကျွန်ုပ် မှာ ရှိနေသည် ။


တန်ခိုးကြီးနတ်မင်းများ အား တိုးလျှိုးတောင်းပန်လျက် ကျွန်ုပ် တိုးဝှေ့ ဖြတ်ကျော်ခဲ့၏ ။ နတ်သမီးများ ၏ လှပသော မျက်စောင်းများ ကိုလည်း မသိ ကျိုးကျွံ ပြုခဲ့ရ၏ ။ အင်း ဂန္ဓဗ္ဗနတ်မင်းကြီး ထိုင်ရာ ပလ္လင် အခြေသို့ ရောက်ပေပြီ ။ ဗေဠုဝ စောင်းကြီး ၏ စောင်းကြိုးများ ကိုပင် လှမ်း ၍ ထိ တို့ နိုင်လောက်သည့် နေရာ ... ။ ကျွန်ုပ် အကျအန နေရာ ယူလိုက်၏ ။


“ ဟဲ့ ... ဟဲ့ ... ကိုယ်ရောင်ကိုယ်ဝါ ကလဲ မတောက် မပ ၊ နတ်ဝတ် တန်ဆာ ကလဲ ချို့ချို့ငဲ့ငဲ့နဲ့ ဘယ်က နတ်သား လဲ ”


ပလ္လင်ဘေး မှ အခြံအရံနတ်မင်းတစ်ပါး က လှမ်းမေးသည် ။ 


“ ကျွန်ုပ် ရုံစောင့်နတ် ပါ ” 


“ ဘာ ... ဘယ်လို ”


“ ရုံစောင့်နတ် ပါ ။ လူ့ပြည် က ... အဲ... စတုမဟာရာဇ်ဘုံ နယ်နိမိတ် တစ်ခု က လာခဲ့တာပါ ”


“ ဘယ်လို... ရုံစောင့်နတ် လဲ .... ။ ကိုယ်စောင့်နတ် လဲ မဟုတ် ၊ ဘုမ္မစိုး ၊ အာကာသစိုး ၊ ရုက္ခစိုး လဲ မဟုတ် ...  ။ ဘယ်နှယ့် ရုံစောင့်နတ် ရယ် လို့ ”


“ အဲ ..... ဟိုဒင်း ..... နစ္စ ၊ ဂီတ ၊ ဝါဒိတ သဘင်ဂီတအမှုတွေ ကျင်းပတဲ့ ရုံ ၊ ဇာတ်ရုံကြီး တစ်ခု ကို စောင့် တဲ့ နတ်ပါ ..... ဂန္ဓဗ္ဗနတ်မှူးကြီး ဒီနေ့တရားဟောမယ် ဆိုလို့ သံတော်ဦး တင်စရာတွေလဲ ရှိလို့ လာခဲ့ခြင်းဖြစ်ပါ တယ် နတ်မင်းကြီး ”


“ အံမာ .... လာ လာချည်သေး ၊ ပလ္လင် ရဲ့ ဒီ ရှေ့တန်း နေရာတွေဟာ တန်ခိုးကြီး နတ်တွေ နဲ့ အလွန် အရေးကြီးသော ဒေဝတာတွေ အတွက် သီးသန့် နေရာ ဆိုတာ သင် မသိရော့သလား ..... သင့်လို အညတြ ”


“ သိပါတယ် နတ်မင်းကြီးရယ် အခုဟာ က လူသားတွေရဲ့ အမျိုး ၊ ဘာသာ ၊ သာသနာရေး အတွက် .. ”


“ ဟာ ... ရှုပ်လိုက်တာ .... ဟော ... ဟော  ... နတ်သဘင် အစည်းအဝေး စတော့မယ် ”


ခရုသင်းသံများ ကိုပင် ကျေးဇူး တင်ရတော့မည် ။ ကျွန်ုပ် အား သဟောက် သဟန်း လုပ်နေသော နတ်မင်း မှာ ခရုသင်းသံများ နှင့် ဟိုမှာဘက် မှ နတ်သမီး ဆီ အာရုံ ပြောင်း သွားလေသည်  ။


ကိုင်း ..... သူတို့တတွေ နတ်သဘင် အစည်းအဝေးကြီး ၏ အစီ အစဉ်များဖြင့် အလုပ် ရှုပ် နေကြချိန်မှာ ကျွန်ုပ် လည်း ရုံစောင့်နတ် ကိုယ့် ရှိစုမဲ့စု တန်ခိုး ဣဒ္ဓိပါတ် ကို သုံးလျက် ၊ ကိုယ့် ကိစ္စကိုယ် နှလုံးသွင်း ဆင်ခြင်လိုက်၏ ။


ပဉ္စသိင်္ခနတ်မင်းကြီး တရား စ ဟောတော့မည် ။ ဟောပစေ ။ ကျွန်ုပ် လာ တာက တရား နာဖို့ မဟုတ် ။ သတင်းပို့ လျှောက်တင်ဖို့သာ ဖြစ်သည် ။ ကိုင်း ... မင်း ပြောရမယ့် စကားတွေ ကို အစီအစဉ်တကျ ဖြစ်အောင် လုပ်စမ်း ။ မင်း တွေ့ခဲ့ ကြုံခဲ့ ၊ ကြားခဲ့ရတာတွေ ..... လေ့လာ .....  ။ 


( ၂ )


မြို့လယ်ခေါင် က ဇာတ်ရုံကြီး .... ။ အဲ ..... ဇာတ်ရုံကြီးလို့တော့ ပြောရမှာ ခက်သည် ။ အမှန်က ရုပ်ရှင်ရုံကြီး ဖြစ်သည် ။ ဒါကို ဇာတ်ရုံ အဖြစ် ယာယီ အသုံးပြုလိုက်ကြတာ ဖြစ်သည် ။ သူ့ ဘာသာ သူ ရုပ်ရှင် ဖြစ်ဖြစ် ၊ ဇာတ် ဖြစ်ဖြစ် ၊ ဘာ ပြပြ ဘာမှ မပြဘဲ ပိတ်လို့ပဲ ထားထား ကိုယ် က စတုမဟာရာဇ် နတ်မင်းကြီးတစ်ပါး ၏ ခွင့်ပြုချက်ဖြင့် ဒီ ရုံ ကိုစောင့်ရှောက်ရင်း ဗိမာန်ပြု နေထိုင် ရတာ ဖြစ်သောကြောင့် ဒီရုံကြီး နှင့်ပတ်သက်သမျှ ကိုယ့် တာဝန် ပေါ့ ။


ဟေမန္တဥတု ။ တစ်ခုသော ညဉ့်ဦး အဲဒီ ဇာတ်ရုံကြီး ၏ အတွင်းဘက် ဇာတ်သဘင်သည် တို့ အဝတ်အစား လဲရာ နားနေရာ အခန်း တစ်ခန်း ။ ထို အခန်းငယ် ထောင့် တစ်နေရာ မှာ ကျွန်ုပ် ရပ် နေခဲ့သည် ။ လူသားတွေ ကတော့ ကျွန်ုပ် ကို မမြင်နိုင်ဘူးပေါ့ ။


ခေါင်းဆောင် ၊ ဇာတ်ဆရာ မင်းသားလေး ၏ အဝတ်လဲနေရာလေး ကို ကျွန်ုပ် သဘောက် ကျမိသည် ။ ကိုယ်လုံးပေါ်မှန်ချပ် အထက်တွင် မြတ်စွာဘုရား ပုံတော် ကို ပူဇော် ထားသည် ။ ပြီးတော့ ချောင်းဝ ဆရာတော် သာမည ဆရာတော် များ ၏ ပုံတော် ၊ သာဓု ၊ သာဓု ၊ သာဓု ၊ ရတနာသုံးပါး ကိုင်းရှိုင်းသော မင်းသား လေး ပဲ ။


အနီးတစ်ဝိုက်မှ ကျန်ပစ္စည်းတွေ ကိုတော့ ကျွန်ုပ် သိပ် နားမလည် ။ ကဗျာ စာရွက် တွေလည်း ချိတ်ထားသည် ။ ကြော်ငြာဓာတ်ပုံတွေလည်း ရှိသည် ။ ပြီးတော့ တဝှီးဝှီး လည်နေသော လျှပ်စစ် လေရဟတ် ၊ ဘော်ကြယ်ထိုး ဇာတ်ဝင် ဝတ်စားတန်ဆာများ ။ အဲ ..... ပြောင်ပြောင်လက်လက် အဲ ဟို ဒွါဒရာ တစ်ခု က ကျွန်ုပ် ၏ ခါးထက်မှ ခါးစည်းကြိုး ထက်ပင် ပို၍ အရောင် တောက်ပါသေး သကော  ။


မင်းသားလေး နှင့် သူ့ ဇနီး ဖြစ်ပုံရသည့် မိန်းကလေး တို့ စောစောကပင် ဘုရားရှိခိုး ၊ မေတ္တာပို့ ၊ အမျှဝေခဲ့ကြသည် ။ အမျှဝေ သည့် အထဲ မှာ ရုံစောင့်နတ် ဆိုတဲ့ စကားလုံး ပါသည် ။ ကျွန်ုပ် သာဓု ခေါ်ခဲ့သေးသည် ။ အသင်တို့ ၏ အမျှ မေတ္တာ ကို ခံယူလျက် အကျွန်ုပ် ကလည်း ကိုယ့်ပိုင်နက်ဗိမာန် အတွင်း ရောက်နေသော အသင်တို့ အား ပြန်လည် စောင့်ရှောက် မ စ ရပေမပေါ့ကွယ် ။  ။ 


ကဲ ... ကဲ ... ဘာများ လိုအပ်ကြသလဲကွဲ့... ၊ ဘေးကင်းရန်ကင်း ရှိစေဖို့ စောင့်ရှောက်မယ် ။ ရန်သူမျိုးငါးပါး ဘေးကနေ လွတ် အောင် လုံခြုံစေရမယ် ။ အသင်တို့ ရဲ့ တင်ဆက်ကပြမှု သဘင်အနုပညာ ကိစ္စ ၊ အစစချောမွေ့အောင် စောင့်ရှောက်မယ် ။ အင်း ..... လှူနိုင်တန်းနိုင် ဖို့ အတွက် ရွှေငွေ ၊ ရတနာအသပြာများ ရရှိအောင် မစ .... အဲ.... ဒါတော့  ခန ဆိုင်းဦး ကွဲ့ ။ အသင်တို့ ပွဲကို လာရောက် ကြည့်ရှုတဲ့ ပရိသတ် က ရုံ ရဲ့ သုံးချိုး တစ်ချိုး တောင် မရှိချင်ဘူး ။ 


သို့သော်လဲ စိတ် မပျက်လေနဲ့ ။ အသင် လူသား ၊ မင်းသား မောင်နှံ တို့ ။ အသင်တို့ ယခု ကပြတဲ့ နောက်ပိုင်း ဇာတ်ထုပ် ဟာ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ ဇာတ်ကြီးဆယ်ဘွဲ့ဝင် မဟာနိပါတ် ဇာတ် တစ်ဆယ် ထဲက အလောင်းတော်ဇာတ် ထုပ် ဖြစ်သမို့ အသင်တို့ မှာ ကုသိုလ် လဲ ရ ဝမ်းလဲ ဝ ရပေမကွဲ့ ၊ ဒါတွင်မကသေး ဘူးကွဲ့ ။


ရုံစောင့်နတ် ဆိုတော့ ကျွန်ုပ် ကောင်းကောင်း သိသပေါ့ ။ သည် တိုင်းနိုင်ငံ ၏ မြို့ရွာဇနပုဒ် အရပ်ရပ် ရှိ အခြား အခြားသော ရုံစောင့်နတ်များ နှင့် ဆွေးနွေး တိုင်ပင်နေ ကျ ဖြစ်သည် ။ ရုံစောင့်နတ်မင်းများ အားလုံး လိုလို ၊ တစ်သံတည်း အညီအညွတ် ထွက်လာကြတဲ့ စကား ။  ။


“ နတ်မင်းတို့ ရယ် အသင်တို့ စောင့်ရတဲ့ ဇာတ်ရုံတွေ မှာတော့ ပွဲတွေ ၊ သဘင်တွေ ခင်းကျင်းလိုက်ကြတာ .... ဘာတွေမှန်းကို မသိဘူး ။ အလွန် တရာမှ ဆူညံစူးရှတဲ့ ဂီတသံတွေ အလွန်တရာ ထူးဆန်းတဲ့ ဝတ်စားဆင်ယင်မှု တွေ ၊ အလွန်တရာ မျက်စိရှစရာ လှုပ်ရှားမှုတွေနဲ့ တစ်ရုံလုံးကို ဝက်ဝက်ကွဲ နေတော့တာကလား ။ ဟိုး ယခင့်ယခင် အနှစ် ငါးဆယ် တစ်ရာ ကလို ဗုဒ္ဓဝင် ၊ မဟာဝင် ၊ ရာဇဝင် ၊ ထူပဝင် ၊ ဝင် ကိုး ဝင်ဇာတ်နိပါတ်တွေ မက ကြတော့ဘူးဗျ ။ ပွဲကြည့် သူ ကို ဘာဝနာ မဖြစ်စေတော့ဘူးဗျ ။ ကြည့်တတ် မကြည့်တတ် တဏှာတွေ ချည်းဘဲ ပေး နေသဗျ ။ အဲ သူ့ အရပ် သူ့ဇာတ် ဟုတ်ပေဗျား  ။ က သူ က ကတော့ ကြည့် သူ ကလဲ လက်ခုတ်ဩဘာ တဖြောင်းဖြောင်း နဲ့ ဗျ ။ ဘာတွေ ဖြစ်ကုန်ကြပြီ  လဲ ။ သင်တို့ စောင့်တဲ့ ရုံတွေမှာကော နတ်မင်းတို့ ”


“ ထိုနည်းလည်းကောင်းပါပဲဗျာ ထိုနည်းလည်းကောင်းပါပဲဗျာ ”


သို့ကလို အခြေမှာ အခု ကျွန်ုပ် စောင့်ရတဲ့ ရုံ ကို ဝင်ရောက် ကပြလာတဲ့ အဖွဲ့ ကတော့ ရိုးရာအစဉ်အလာ သဘင်အနုပညာ ဆိုပြီး ၊ မဟာနိပါတ်ဝင် ဇာတ်ကြီး ကို ကပြပေတာမို့ ... အင်း ... သာဓု ... သာဓု ... သာ ... ။


အလို ... အလှပြင် မှန်ချပ်ကြီးရှေ့ ၊ ကော်ဇောပေါ်မှာ ဧည့်သည် တစ်ဦး ထိုင် လို့ပါလား ။ သူ့ ကြည့်ရတာ တစ်ခုခု ထူးခြားနေသလိုလို ။ အလို ..... မင်းသားလေး ရဲ့ ဇနီး နဲ့ တပည့် တစ်ဦး ကို သူ က ဘာတွေ မေးနေပါလိမ့် ။ စာအုပ်ဖွင့် ၊ ကလောင်တန် ဝင့်လို့ ။ ကိုင်း ..... ရုံစောင့်နတ် တို့ ရဲ့ ဒိဗ္ဗ သောတ နဲ့ နား စွင့်ကြည့်လိုက်စမ်းမယ် လာလေ့ ”


( ၃ )


“ ကိုင်း ... မလေး ... အခုဟာ က မင်းသား ရဲ့ ဇနီးလေး နဲ့ အင်တာဗျူး မဟုတ်ဘူး ။ ဇာတ်အဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးနဲ့ တွေ့ဆုံတာလို့ သဘောထား ကြီးကြီးကျယ်ကျယ် ပြောရရင် ၊ ယနေ့ ဇာတ်သဘင်နှင့် တွေ့ဆုံ ခြင်းပေါ့ ။ အကြမ်းဖျဉ်း အချက်အလက် တွေ ကိုတော့ ညီတော်မောင် မင်းသားလေး နဲ့ တွေ့ခဲ့လို့ သိပြီးပါပြီ ။ အသေးစိတ် အတွင်းကျကျလေးတွေ သိချင်လို့ ၊ မလေး နဲ့ တွေ့ရတာပါ ”  


“ ကျွန်မ ဘာတွေ ပြောရမလဲ ဆရာ ”


“ ကျွန်တော် မေးတာတွေ ဖြေပေါ့ဗျာ ။ ပြီးတော့ မလေး ပြောချင်တာတွေ လဲ ပြောပေါ့  ။ အင်း - အားတော့နာသား ... အခြေအနေ သိနေတာကိုး ”


“ ရပါတယ် ဆရာ ။ အားမနာပါနဲ့ ကျွန်မ စိတ်ဓာတ် မကျပါဘူး ၊ လူရော စိတ်ပါ အဲငွေကြေး အရပါ ပင်ပန်းအားနည်း နေပေမယ့် ကျွန်မ ကြည်နူးနေမိပါတယ် ”


“ အဲ ... ဟုတ်ပြီ ... ဒီ အခြေခံနဲ့ မလေး ကို တွေ့ရတာ သိပ် ကောင်း ပါတယ် ။ အခု ဒီ ရုံကြီးမှာ ဝင် ကခဲ့တာ ၊ သုံးပါတ် နီးပါး ရှိသွားပြီနော် ။ အခု မလေး ဆီ က သိချင်တာက ငွေရေးကြေးရေး အခြေအနေပဲ ”


စာအုပ်ဖွင့် ၊ကလောင်တံ ကိုင်ထားသော မျက်မှန် နှင့် ပုဂ္ဂိုလ် ၏ အမေးစကား တွေ နှင့် ထပ်ကြပ်မကွာ လိုက်ပါ ဖြေဆိုသည့် မင်းသားလေး ဇနီး ၏ အဖြေစကား များ ကို အကျွန်ုပ် အံ့ဩစွာ ၊ စာနာစွာ ၊ စိတ်မကောင်းစွာ ။ သို့သော် ဘာမျှ မတတ်နိုင်စွာ ကြား လိုက်ရချေ၏ ။ အို ... ဖြစ်ရလေ ... အသင် လူသားတို့ ...  ။


“ ကုန်ကျစားရိတ် ဟုတ်လား ။ ဟင်း ဟင်း ... ဒီ မြို့လယ်ရုံကြီး မှာ နောက်ပိုင်း ဇာတ်ထုပ် စစ်စစ် ကို က မယ်လို့ ... ကျွန်မတို့ မနှစ် ကတည်းက  ကြံရွယ် ထားတာပါ ။ တကယ် က ဖို့က တစ်လခွဲ နှစ်လလောက် က စပြီး ပြင်ဆင်ခဲ့ပါတယ် ။ အခုလို လရာသီ မှာ တခြားနေရာတွေမှာ ကမယ့် ပွဲခွင်တွေ ရှိပြီးသား ပါ ။ ကြိမ်းသေ အမြတ်အစွန်း ရမယ့် ပွဲချီတွေပေါ့ ဆရာ ။ ဒါပေမယ့် အဲဒီ ညပွဲချီ တွေကို လက်လွှတ်ပြီး ကျွန်မတို့ ဒီ မြို့တော် မြို့လယ်ရုံကြီး ကို ဝင် ခဲ့ပါတယ် ။ ဆရာ့ ညီတော်မောင် ရဲ့ စိတ်ဓာတ် လဲ ဆရာ သိသားပဲလေ ”


“ ရုံခ က တစ်ပါတ် ကို သုံးသောင်း ပေးရတယ် ။ တစ်ည ကို လေးထောင့် သုံးရာ နီးပါးပေါ့ ။ ဇာတ် မဝင်ခင် တစ်ပါတ် ကြို ပြီး ရုံသန့်ရှင်းခ ခြောက်ထောင့်ခြောက်ရာ သွင်း ရသေးတယ် ။ တယ်လီဖုန်း သုံးခ ၊ ဒီပိုးဇစ်ပေါ့ ဆရာ ။ ငါးထောင် သွင်းရတယ် ။ ကြိုတင်ပြင်ဆင်ခ က တစ်သောင်းငါးထောင် ”


“ ကြော်ငြာ ကိုလည်း ဂရုစိုက်ရပါတယ် ။ ကိုယ် က တာ လူ သိ မှ ဖြစ်မှာ ကိုး ။ ဒါကြောင့် သတင်းစာကြော်ငြာ ၊ ရုံရှေ့ ဂိတ်ထိုး ပန်းချီကား ၊ ပိုစတာ .... ဘာညာ ..... ကြော်ငြာခ ချည်း တစ်သိန်း နီးပါး သုံး ခဲ့ရတယ်လေ ” 


“ မြို့တော်ကြီးရဲ့ မြို့လယ် အချက်အခြာရုံ မှာ က ရမှာ ဆိုတော့ အဝတ်အစားတွေ လဲ အသစ်တွေချည်း ပြန် ချုပ်ပါတယ် ။ သူ့ အတွက် နှစ်ပါးသွား ဝတ်စုံ အသစ် နောက်ပိုင်းဝတ်စုံ အသစ် ... ဟင်း .. ဟင်း .. ကိုယ့် ခင်ပွန်း အတွက်တင် မဟုတ်ပါဘူး ဆရာ ။ ဘုရင်နေရာ ကမယ့် အဘ အတွက် မိဖုရားကြီး နဲ့ နတ်သမီး အတွက် လဲ .. ဘယက်ဒွါဒရာ ၊ ထိုင်မသိမ်း ပုဆိုး ၊ ထဘီ ကအစ အသစ်တွေ ချုပ်တာပါ ။ မြို့တော်ကြီး မှာ ဝင်ရမှာကိုး ဆရာရဲ့ ”


“ ဟုတ်ပါတယ် အစ ကတည်းက ရုပ်ရှင်ရုံ ဆိုတော့ ခုံတွေနဲ့ပေါ့ ။ ဟုတ်ကဲ့ တစ်ရာ့ငါးဆယ် ၊ တစ်ရာ ၊ ခုနှစ်ဆယ့်ငါးကျပ် ၊ ငါးဆယ် ဆိုပြီး လေးမျိုး ခွဲပါတယ် ။ ဟင်း ... ဟင်း ... ဒါပေမဲ့  ... ငါးဆယ်တန်း မှာပဲ ပွဲကြည့် ပုံမှန် ရှိတယ်လေ ။ ခုံအပြည့် ဆိုရင်လား ... အင်း ခုံပြည့်ရုံပြည့် ဆိုရင်တော့ တစ်ပွဲကို ခြောက်သောင်း ကျော် ခုနှစ်သောင်း လောက် ရမှာပါ ” . 


“ အခု က ခဲ့သလောက်လား ... ဟင်း ... ဟင်း .... တစ်ပွဲမှာ ခြောက်ထောင့်ငါးရာ ပဲ ရတဲ့ နေ့တွေ ရှိတယ် ။ တနင်္လာ ကနေ သောကြာ အထိ ရက်တွေ ဆိုရင် တစ်ဝက် ၊ တစ်ဝက်ကျော် လူ ဝင်တယ် ။ ကြွားတယ် မထင်နဲ့နော် ဆရာ ”


“ ရှင် ကုန်ကျ စရိတ်လား ။ အဲ .... စားစရိတ် က ဇာတ်အဖွဲ့ လူအင်အား ၇၀ ကျော် အတွက် တစ်နေ့ နှစ်ထောင် ၊ သန့်ရှင်းခ ၊ ခရီးစားရိတ် ၊ ပညာရှင်တွေ အတွက် ညကြေး ။ အားလုံး ပေါင်းရင် တစ်နေ့ကို ကုန်ကျစားရိတ် နှစ်သောင်းခွဲ နဲ့ သုံးသောင်း ကြား မှာ ရှိပါတယ် ” 


“ ဟုတ်ပါတယ် ဆရာ ။ ပွဲခွန် က ဆယ့်ငါးရာနှုန်း ပါ ။ ဒါကလဲ ရရှိငွေ ထဲ က ကုန်ကျစားရိတ်နှုတ် ၊ အသားတင် ထဲ က ကောက်တာ မဟုတ်ဘူးလေ ။ ဝင်ငွေ ကို ဆယ့်ငါးရာနှုန်း ကောက်ခံတာ .... ဒီရုံမှာ အသားတင် ထဲ က ကောက် မယ် ဆိုရင်လည်း ပွဲခွန်တော်ဌာန မျက်စိ လည်သွားနိုင်တယ် ။ အသားတင် အမြတ် မှ မရှိတာကိုး ဆရာရဲ့ ” 


“ ရှင် ..... အခုထိ သုံးပါတ် အရက် နှစ်ဆယ် ကျော် က ခဲ့ပြီး နောက် လား ... အင်း ... ကြွားလိုက်ရဦးမယ် ဆရာရေ ။ သုံးသိန်းခွဲ နဲ့ လေးသိန်း အကြား အရှုံး စာရင်း ပြပါတယ် ”


“ ငွေကြေး အရ ရှုံးမယ် ဆိုတာ ကျွန်မတို့ နှစ်ယောက်စလုံး ကြို တွက်ပြီး သား ၊ မျှော်လင့်ပြင်ဆင်ထားပြီးသားပါ ။ ဒါပေမဲ့ ဒီလောက်ကြီး အရှုံး ပြမယ် မထင်ခဲ့တာတော့ အမှန်ပဲ ဆရာရေ့ ။ အခုဟာက ဟင်း ... ဟင်း .... မျှော်လင့်တာထက် အတော်လေး ပို များသွားတယ် ။ ဆရာ့ညီတော်မောင် ကတော့ လင့်ရိုဗာကား ကို မျက်စောင်း ထိုးနေပြီ ။ ပွဲစားတန်း မှာ ဈေး မေးခိုင်းထား သလား မသိဘူး ၊ ရောင်းသင့်လဲ ရောင်း ရမှာပေါ့ရှင် ”


“ ဒါပေမဲ့ ဆရာ .... ။ အနုပညာ အရ ဂုဏ်သိက္ခာ အရ ကျွန်မတို့ မရှုံးဘူးလို့ ကျွန်မ ယုံကြည်ပါတယ် ။ ပါရမီဖြည့်ဘက်တို့ အနုပညာစိတ်ဓာတ်တို့ ဘာတို့ ဆိုတဲ့ စကားလုံးတွေ ကတော့ ကျွန်မ မသုံးတတ်ဘူး ဆရာ ။ ဒါပေမဲ့ တစ်ခု ပြောရဲပါတယ် ။ ငွေကြေးအရ ရှုံးပေမယ့် ပင်ပန်းလွန်းမက ပင်ပန်းပေမယ့် ... သူရော ကျွန်မရော ဇာတ်အဖွဲ့သားတွေ အားလုံးပါ စိတ်ဓာတ် မကျကြဘူး ။ ကျွန်မ က မပြောတတ်ဘူး ဆရာ ။ ဘာ ခေါ်မလဲ ......  ။ ရှုံးရကျိုး နပ်တယ် ခေါ် မလား ဆရာ့ညီတော်မောင် တော့ ပြောတတ်မှာပါ ” 


“ ဘာကြောင့်လဲ ဟုတ်လား .... ကျွန်မ မဖြေတတ်ဘူး ဆရာ ။ ဇာတ်ပွဲ ဆိုရင် ည မှ ကြည့်ရတာ ဆိုတဲ့ အစဉ်အလာကြောင့်လား .... အခုဟာက နေ့ပွဲ ကိုး ၊ ပြီးတော့ နောက်ပိုင်းဇာတ်ထုပ် ဆိုတာကို စိတ် မဝင်စားကြလို့ လား ၊ မသိပါဘူး ဆရာ ၊ အဲဒါတွေတော့ ကျွန်မ မသိဘူး မပြောတတ်ဘူး ဆရာ ”


အလို ဖြစ်မှ ဖြစ်ရလေ ။ အသင်လူသား မင်းသားဇနီးမောင်နှံ တို့ ။ ကျွန်ုပ် ရုံစောင့်နတ်မင်း တစ်ပါးလုံး ရှိပါရက် နှင့် ဤသို့ ဖြစ်ရမည် လော .....  ။ တကယ်စစ် ၊ တကယ်မှန် ၊ တကယ်လုပ်သူ စွန့်စားသူ ၊ စေတနာကောင်းထားသူ ၊ အမျိုးဘာသာ သာသနာ ကို မိမိတို့ တတ်စွမ်းသော ပညာဖြင့် တိုးမြှင့်လိုသူ မနုဿ လူသားတို့ အတွက် ကျွန်ုပ်တို့ သမာဒေဝနတ်များ မှာ တာဝန် ရှိပေ၏ ။ 


ရုံစောင့်နတ် ဖြစ်ပေသော ကျွန်ုပ် အဖို့ ဤ ရုံမှာ လူဝင် စည်ကားဖို့ တကယ် ကောင်းတာကို အရသာ ခံတတ်ကြဖို့ ... ပရိသတ်တို့ သဲသဲလှုပ် အားပေးကြဖို့ ကူညီညာဝိုင်း၍ မှိုင်းမရချေမည် .....လာလေ့ ။


( ၄ )


အလို - ဘာသံပါလိမ့် ဇာတ်ခုံပေါ်မှာ မီးတွေ မှောင်လို့ တစ်ရုံလုံးလည်း တိတ်လို့ ဟဲ့ ... အလို ... မင်းသားလေး ကိုယ်ပေါ်မှာ အဏုမြူရောင်ခြည် တွေ ပက်ဖြန်းလို့ပါကလား ... မှန်းစမ်း ။ အို ... ကဗျာ ရွတ်သံပါ တကား ။


“ မနက်ခင်းကလေး ရေ တို့နှစ်ယောက် ရဲ့ အလင်းရောင် ဟာ ဘယ်တော ဘယ်တောင်မှာ ရောက်နေပြီလဲ ။ မီးဖွင့်လိုက် ။ စိမ်းလန်းခြင်းကို ဘယ်ခါမမေ့လျော့တဲ့ လယ်ကွင်းတွေပျော်ရွှင်ဖို့ ... မီးဖွင့်လိုက်  ။


“ ဒီမှာ မိတ်ဆွေ ... ငါတို့အားလုံး ရဲ့ အမေ့ ရင်ခွင် ထိန်ညီးစေဖို့ ကမ္ဘာကြီး ကို မီးဖွင့်လိုက် ”


ကဗျာ ရွတ်ဆိုနေသော မင်းသားလေး .... ဝိုးခနဲ ဝင်းခနဲ လက် လက် သွားသည့် အလင်းတန်း ... ။ ငြိမ်ဆိတ်နစ်မျောလှိုက်လှဲ ပရိသတ် ... ။


ရှေ့ခုံတန်းများ မှာ ..... အလယ်ခုံတန်းများ မှာ နောက်ခုံတန်းများ  ။ အလို ..... အများစုဟာ စာပေနယ် က ပုဂ္ဂိုလ်တွေ ပဲ ။ ကျွန်ုပ် ၏ နတ် တို့ တန်ခိုးဖြင့် သိ သပေါ့ ။ ဟုတ်ပေစွ ၊ စာရေးဆရာတွေ ၊ ကဗျာဆရာတွေ ၊ တက္ကသိုလ် က ဆရာဆရာမတွေ သမိုင်း ပညာရှင်တွေ အို ..... တကယ့် ပရိသတ်ပါ တကား ..... ။


မီးဖွင့်လိုက် ..... မီးဖွင့်လိုက် ..... ကဗျာရွတ်သံ ......  ။


မင်းသားလေး ဇနီး ပြောပြခဲ့သော စကားများ ၊ ကိန်းဂဏန်းများ ....  ။


ဒေဝတာဣဒ္ဓိပါတ် တန်ခိုး ကို နှိုး ကြည့်လိုက်၏ ။ အမျိုး ၊ ဘာသာ ၊ သာသနာ ကို စောင့်ရှောက်ကြချင်သူ တွေ အမှန်အစစ် ကို ချစ်ကြသူ တွေ ။ အမှန်အစစ် ကို ချစ်ကြသူတွေ ..... သည် ရုံကြီးထဲ လှိမ့် ဝင်လာအောင် ကျွန်ုပ် စွမ်းဆောင်နိုင်မည်လား ကိုင်း ..... ငါ့ ရဲ့ နတ်တန်ခိုးတွေ နိုးထကြစမ်း ဟေ့ .... ။ 


ဟင်း .... ၊ ငါ ဟာ စတုမဟာရာဇ်ဘုံ ထဲ က သာမာန် အညတြ ရုံစောင့်နတ် တစ်ပါး ပါကလား ..... သည် အမှု မှာ ငါ့ ဗိမာန် ပိုင်နက်အတွင်း ဖြစ်သော်လည်း တွေ့ကြုံရင်ဆိုင်နေရသော အမှု.... ငါ မစွမ်းနိုင်သော အမှု ။


မဖြစ်ချေပြီကဘူး သုဓမ္မာနတ်သဘင် အစည်းအဝေးကြီး မှာ ဂန္ဓဗ္ဗနတ် ကြီး ပဉ္စသိင်္ခ ဗေဠုဝအရှင် တရားဟောမည့် အလှည့် ဘယ်တော့ ရောက်မလဲ ....  ။ မြို့စောင့်နတ် နှင့် ပုထိုးစေတီစောင့် နတ်မင်းကြီးများ ထံမှ တဆင့် နတ်သဘင် တက်ခွင့် ရွှေလွှာ ချပ် လက်မှတ် တောင်းယူလေမှပဲ .... ။


နတ်သဘင် မှာ ပလ္လင် အနီးဆုံး အရောက် သွားပြီး သျှောင် ငါးခု အရှင် ၊ ဗေဠုဝစောင်းတော် သခင် ၊ ပဉ္စသိင်္ခနတ်မှူးကြီး ရွှေနားတော် ပေါက် အရောက် ကြားသိ သံတော်ဦး တင်လေမှ .....  ။


“ ဟောသလို ... ဟောသလို တော့ ဖြစ်နေကြပါပေါ့ အရှင် နတ်မင်းကြီးဘုရား ... အစချီပြီး ... ”


◾  ချစ်ဦးညို


📖  မြန်မာ့ဓန ၊ ၁၉၉၅


Aung Naing Oo


.

Tuesday, January 5, 2021

စောလုံ စောင့်ပါခလှည့်


  ❝  စောလုံ စောင့်ပါခလှည့်  ❞

      ( နရသီဟပတေ့ )


ပုဂံရာဇဝင်မှာ ထင်ရှားခဲ့တဲ့ နရသီဟပတေ့မင်းရဲ့ စကားတစ်ခွန်း ဖြစ်ပါတယ် ။ ငယ်မည် မင်းခွေးချေး ခေါ်တဲ့ နရသီဟပတေ့ဟာ ပုဂံရာဇဝင်မှာ ဖြစ်ရပ်စုံလင်လှတဲ့ ဘုရင်တစ်ပါးပါ ။ အမျက်စောင်မာန်ကြီးခြင်း ၊ စည်းစိမ်ယစ်မူးခြင်း ၊ အသိဉာဏ်နည်းခြင်း ၊ မဆင်မခြင် အဆောတလျင် ဆုံးဖြတ် အမိန့်ပေးခြင်းစတဲ့ စရိုက်လက္ခဏာတွေနဲ့ ပြည့်စုံသူလို့ ဆိုပါတယ် ။ သူ့လက်ထက် မှာ ထူးထူးခြားခြား ( လို့ဆိုရမယ့် ) ဖြစ်ရပ်တွေကလည်း အများသား ။ မိဖုရားကြီး ဖွားစောဟာ အမြဲတစေအနီးကပ် ထိန်းမတ်နေရတဲ့ ဘုရင်ပါတဲ့ ။


“ စောလံု ၊ စောင့်ပါခလှည့် ” ။ ဒီစကားဖြစ်ပေါ်လာပုံက ဒီလိုပါ ။

နွေလရာသီမှာ ရေဖျန်းကစားမြဲဖြစ်တဲ့ နရသီဟပတေ့ဟာ နန်းတော်ကနေ မြစ်ဆိပ်အထိ အမိုးအကာအပြည့် တဲတန်းလျားရှည်ကြီးကို ထိုး ၊ မြစ်ဆိပ်မှာလည်း မင်းတဲဆောက်စေပြီး ရေကစားလေ့ ရှိပါတယ် ။ မောင်းမမိဿံ အစုံအလင်နဲ့ပါ ။ ဒီပွဲတစ်ပွဲမှာ မိဖုရားစောလုံကို “ မျက်စိ ၊မျက်နှာ ၊ ဦးဆံရွှမ်းရွှမ်းစွတ်အောင် ရေပက် " လို့ မောင်းမငယ်တစ်ဦး ထံ ကျိတ်မှာထားပါတယ် ။ စောလုံ ဆိုတာကနရသီဟပတေ့ အလွန် မြှောက်စား ချစ်ကြည်တဲ့ မိဖုရားငယ်တစ်ဦးပါ ။ အချစ်ကြီးသူမို့ ခပ်ကြမ်း

ကြမ်းကလေး ကျီစယ်တဲ့သဘောပါ ။ မောင်းမမိဿံတွေအလယ်မှာ စောလုံဟာ ရေမွန်းပြီး ဝူးဝါးပြိုလဲ အရှက်တကွဲဖြစ်ခဲ့ရပါတယ် ။ ဒါကို နရသီဟပတေ့က တဟားဟားနဲ့ ရယ်ပွဲဖွဲ့၊ ဘုရင်ရယ်တော့ အားလုံးက လည်း လိုက်ရယ်ကြပေါ့လေ ။


စောလုံဟာ ငယ်ရွယ်ချောမောသလောက် အလှဂုဏ်နဲ့ မာန်မာနကြီးရတဲ့အထဲ ရေသဘင်ပွဲမှာ အရှက်တကွဲဖြစ်ခဲ့ရတော့ မင်းကြီးအပေါ် အမျက်သို နှလုံးနာပြီး ပွဲတော်စာ ( ထမင်းအုပ် ) မှာ အဆိပ်ခပ်ပါရော ။ ဒီအမှု ပေါ် သွားတော့ မင်းကြီးက စောလုံကို စစ်မေးပါတယ် ။ စောလုံက “ ဟယ် ... ပန်းပွတ်သည်မြေး ၊ နင့်ကို ငါ လုပ်ကျွေးမွေးမြူ၍ ငါ့ကိုနင် သူကောင်းပြုလျှင် ဤသို့သောကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်းငယ်ကို နှုတ်ထည့်၍ အဝတ်အစား ဦးဆံစွတ်အောင် နင်လုပ်သောကြောင့် နင့်ကိုငါ နှလုံးထောင့်၍ ကြံသည် ” လို့ ပြန်ပြောပါတယ် ။


“ ပန်းပွတ်သည်မြေး " ဆိုတဲ့ စကားလုံးဟာ နရသီဟပတေ့ရဲ့ မျိုးရိုးဇာစ်မြစ်ကို လှန်ပြီး ငယ်ကျိုးငယ်နာ ဖော်လိုက်တဲ့စကားပါ ။ ဒီစကားလုံးကို ဘုရင်မခံနိုင်ပါဘူး ။ ဒါ့အပြင် အဆိပ်ခပ် လုပ်ကြံတယ်ဆိုတာကလည်း အဆုံးစွန်သော ရာဇဝတ်ပြစ်မှုဆိုတော့ ... 


ပန်းပဲသမားတွေခေါ် သံကျပ်စင်လုပ်ခိုင်းပြီး “ ဖိုထိုးကျပ်တင်  သတ်စေ အမိန့်ချပါတယ် ။ မိဖုရားစောလုံဟာ ခုနစ်ရက်လုံးလုံး အဓိဋ္ဌာန်ဝင် ၊ သီတင်းသီလ စောင့်ပြီးမှ သံကျပ်စင်တက်တယ်လို့ ဆိုပါတယ် ။ သီလဂုဏ်ကြောင့် မီးသုံးကြိမ်သေပြီးမှ ငါသည် ခဏချင်း ကျွမ်း၍ ပျောက်စေသားလို့ ဓိဌာန်ပြီး အနိစ္စရောက်သွားပါတယ် ။


နရသီဟပတေ့မင်းဟာ စောလုံကိုသတ်ပြီးနောက် စက်တော်ခေါ်ချိန်ရောက်ရင် ယောင်ယမ်းတမ်းတ ခေါ်မိပါတယ်တဲ့ ။ အခါတိုင်း သူအိပ်ရာအဝင်မှာ ထွေးပွေ့ချော့သိပ် ခစားရသူဟာ စောလုံဖြစ်ခဲ့တာကလား ။ ဒီတော့ မင်းကြီးဟာ အိပ်ရာဝင်တာနဲ့ မြည်တမ်းပါတော့တယ် ။ “ စောလုံ ...စောင့်ပါခလှည့် ၊ စောလုံ...စောင့်ပါခလှည့် ” တဲ့ ။


စောလုံကို စီရင်ပြီးပါပကောလို့ မိဖုရားစော သတိပေးတော့မှ ငါမှားပြီရယ်လို့ နှလုံးကြေကွဲအိပ်မပျော်နိုင်ဖြစ်ရပါတယ် ။ မဟာထေရ်ဆရာတော် တရားနဲ့ဆုံးမမှ အတန်အသင့် ဝေဒနာပြေပြီး “ နောင် ငါမျက်ကဲ့သော် လခွဲဆယ်ရက်ထားပြီးမှ အချင်းခပ်သိမ်းကို မေးမြန်းစိစစ်ဦး ၊ ပြီးမှ စီရင်သင့်သူ စီရင် ၊ လွှတ်သင့်သူ လွှတ်စေ ” လို့ မိန့်မှာပါသတဲ့ ။


******  ********  *******


ချစ်ခင်လေးစားအပ်သော မိတ်ဆွေ ... ။ ကျွန်တော်တို့မှာ ကိလေသာ အကြမ်းစားတွေ အခံရှိနေလေတော့ တစ်စုံတစ်ခု မိမိကို ထိခိုက်လာတယ်လို့ ထင်မြင်ယူဆလိုက်တဲ့အခါ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ထွက်ပေါ်လာတတ်ကြပါတယ် ။ အဲဒီပေါက်ကွဲမှုရဲ့ဖြစ်စဉ်နောက်ခံအကြောင်းရင်းတွေထဲမှာ တရားခံဟာ “ သူ " ပဲဖြစ်နေတတ်ပြီး “ မိမိ " ရဲ့အပြစ်မရှိဘူးလို့လည်း  ယူဆတတ်ကြပါတယ် ။ သူ့ကြောင့် ၊ ဒင်းကြောင့် ... ငါကဲ့သို့သော သူကိုများ စသည်ဖြင့် အတ္တမာန်မာန ၊ ဒေါသမီးအဆိပ် တောက်လောင်ပျံ့နှံ့လာတဲ့

အခါမျိုးမှာ မပြောသင့်တာ ပြောမိ ၊ မလုပ်သင့်တာ လုပ်မိနဲ့ ။


နရသီဟပတေ့ကတော့ “ စောလုံ ၊ စောင့်ပါခလှည့် ” လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀၀ ကျော်ကတည်းက မြည်တမ်းရေရွတ်ခဲ့ဖူးပြီ ။


   ◾  ချစ်ဦးညို


   📖  သမိုင်းမတွင်ပေမယ့် သမိုင်းဝင်နေတဲ့ စကားများ