Friday, December 4, 2020

ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ


❝ ခေတ်မီတာနဲ့ သရုပ်ပျက်တာ သွက်တာနဲ့ ကလက်တာ ❞


ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးဖြစ်ဖို့အတွက် ရိုး , ရမယ် ၊ အ , ရမယ်လို့

ဆိုလိုတာ မဟုတ်ဘူးနော် ။ ထုံထုံထိုင်းထိုင်း အူတူတူအတတ ဖြစ်ဖို့ မလိုပါဘူး ။


ယောက်ျားလေးတွေဟာ ခေတ်မီတဲ့ မိန်းကလေးတွေကို အထင်သေးတာမဟုတ်ဘူးနော် ။ သရုပ်ပျက်တဲ့မိန်းကလေးကိုသာအထင်သေး တာပါ ။ ခေတ်မီတာနဲ့ သရုပ်ပျက်တာဟာ ကွဲပြားပါတယ် ။ အသိဉာဏ်ရှိတဲ့ မိန်းကလေးဟာ ခေတ်မီပေမယ့် သရုပ်မပျက်ပါဘူး ။ အပြောအဆို ၊ အနေအထိုင် အဝတ်အစား သူ့နေရာနှင့်သူ အံဝင်အောင် ပြောဆိုနေထိုင် ဝတ်စားတတ်တယ် ။


ရှင်းအောင်လို့ ဥပမာပြောပြရရင်တော့ မိန်းကလေးတစ်ယောက် အားကစားကွင်းထဲမှာ ဘောင်းဘီတို ဝတ်တာဟာ အထင်သေးစရာ မဟုတ်ပေမယ့် ဧည့်ခန်းထဲမှာဘောင်းဘီတိုနဲ့နေရင် ၊ ဈေးကို ဘောင်းဘီတိုနဲ့ လာရင်အထင်သေးစရာဖြစ်သွားပြီ ။ ခေတ်မီတာလို့ မမြင်တော့ဘူး ။ သရုပ်ပျက်သွားပြီပေါ့ ။ စဉ်းစားချင့်ချိန်ပြီး သူ့နေရာနဲ့သူ အံဝင်အောင် မဝတ်လို့ပေါ့ ။ ဘောင်းဘီတိုက အဓိကမဟုတ်ဘူး ။ သူ့နေရာနဲ့သူ ဝတ်သင့် မဝတ်သင့်ခွဲခြားတတ်တာက အဓိက ။


ဝတ်စားဆင်ယင်ပြောဆိုနေထိုင်တဲ့ဆီမှာ


အခြေအနေ


အချိန်အခါ


နေရာဒေသ


နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ရင် ခေတ်မီတဲ့ မိန်းကလေး ၊ တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်မယ် ။


နောက်ပြီး ငယ်တဲ့မိန်းကလေးများ


ကလက်တာနဲ့ သွက်တာဟာလည်း ရောထွေးနေကြတယ် ။ မကွဲပြားဘူး ။ သွက်တာဟာ လူအထင်သေးစရာ မဖြစ်ပေမယ့် ၊ ကလက်တာဟာ လူအထင်သေးစရာဖြစ်တယ်ကွဲ့ ။ ကိုယ့်ဝတ်စား

ဆင်ယင်မှု ၊ ကိုယ့်အခြေအနေ ၊ ကိုယ့်အလုပ်အကိုင်နဲ့ အံဝင်ဖို့လိုတယ် ။ စင်ပေါ်က တေးသံရှင်က စကတ်ဝတ်ပြီး နားကွင်းတစ်ဘက်တည်း ဆွဲတာနဲ့ ကိုယ်က အကြော်ရောင်းရင်း ၊ မုန့်ဟင်းခါးရောင်းရင်း  အဲသလို လိုက်လုပ်ရင် သွက်တာမဟုတ်တော့ဘူး ။ ကလက်တာ ဖြစ်သွားရော ။


တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်ဖို့အတွက် ကိုယ့်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့ အသိဉာဏ်ရှိရမယ် ။

ယောက်ျားလေးတွေဟာ ဘဝတစ်သက်တာ အိမ်ထောင်ဖက်အဖြစ် ရွေးတော့မယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဣန္ဒြေသိက္ခာရှိတဲ့မိန်းကလေးကို ရွေးတာပါပဲ ။


 ◾  ကံချွန် 


  📖 အပျိုစင်တို့သိဖို့ယောက်ျားတို့အကြောင်း ( ၁ )

No comments:

Post a Comment