Thursday, October 30, 2025

ကိန်းပျောက်ပုစ္ဆာ


 

❝ ကိန်းပျောက်ပုစ္ဆာ ❞
⎕ လဲ့ဝင်းကြည် ၊ ချို ၊

ဤရွာတွင် ဆရာမလေး အဖြစ် အမှုထမ်းသက် ဆယ်နှစ်အတွင်း ဝင်လာပြီမို့ ဒေသစရိုက်၏ ထိတွေ့မှု၌ နေသားတကျ ရှိလာခဲ့၏ ။ ညနေက ရွာရှေ့ပိုင်းမှ ဦးကြီးမြိုင် လာဖိတ်သည့် မင်္ဂလာပွဲသတင်းကို ကြားတော့ ကျွန်မ အတော်လေး အံ့သြမိသွားသည်  ။ ရွာမင်္ဂလာဆောင်ပွဲတွေ မကြုံဖူးလို့လည်း မဟုတ် ၊ ကြုံဖူး၏ ။ အခု အရီး ကျေးဥသား မင်္ဂလာပွဲက ... ။

••••• ••••• •••••

အရီး ကျေးဥသား မင်္ဂလာပွဲကို ကျွန်မ ရောက်တော့ မင်္ဂလာပွဲ အတော် စည်ကားနေပြီ ။ မဏ္ဍပ်တွင်း တစ်ရွာလုံးvအိမ်များရှိ ပြက္ခဒိန်များကို ငှားယူပြီး အလှချိတ်ဆွဲ ပြထားသည်ကလည်း ရွာ၏ ချစ်စရာဓလေ့ တစ်ခုပင် ။ သာကူပျစ်ပျစ် ထန်းလျက်နှင့် ကျို၍
ပေါင်မုန့်ကြမ်းကြမ်းများကို လက်နှစ်လုံးအထူ လှီးကာ တည်ခင်း ကျင်းပနေသည့် မင်္ဂလာပွဲက တောသဘာဝအတိုင်း လှပနေ၏ ။

ကာလသားတစ်သိုက်၏ နောက်ပြောင်ကျီစယ် စကားလုံးတို့ ကို လုံးစေ့ပတ်စေ့ နားလည်သည် မဟုတ်ဘဲ တဟီးဟီး သဘောကျနေသော သားနှင့် တောစံပယ်ပန်းများ ဝေအောင်ပန်လျက် အိုက်တင်လုပ်နေသည့် ချွေးမကို ကြည့်ပြီး မဏ္ဍပ်ထောင့် ကွယ်ချိုးမှ မျက်ရည်ကြည် သုတ်နေသော အရီး ကျေးဥကို တွေ့၍ ကျွန်မ ခံစားလိုက် ရသည် ။

“ လာ ... လာ ... ဆရာမလေး ၊ အရီး မမြင်လို့ ”

အရီး ကျေးဥ ကျွန်မကို တွေ့သွား၍ အိမ်ပေါ်သို့ တက်ရန် ပြော၏ ။

“ အမေရေ ... ညကျ ခဲဖိုးပေးရမယ်တဲ့ ၊ မပေးရင် အတူ မအိပ်ရဘူးလို့ ကိုသာထွန်းကြီးက ပြောနေတယ် ”

မဏ္ဍပ်တွင်းမှ အားပါးတရ လှမ်းအော်လိုက်သည့် လှကြိုင် စကားကြောင့် ကျွန်မ မျက်နှာ အထားရ ခက်သွားသည် ။ အိမ်ဦးခန်းတွင် ကြိုရောက်နေသည့် ရွာလူကြီး အချို့မှာလည်း ...

“ ဒီကောင်တွေကလည်း ခက်ပါ့ ”

ညည်းပြော ပြောရင်း မဏ္ဍပ်တွင်း ပြန်ဆင်းသွားသည့် အရီး ကျေးဥ ကို ကြည့်ပြီး “ ကျေးဥတော့ အပူထပ်ရှာပြန်ပေါ့ကွာ ” ဟု အဘညိုက ဆို၏ ။

ကျွန်မ ဒီရွာ စရောက်ကတည်းက အရီးကျေးဥသည် မုဆိုးမ ဖြစ်နေပြီ ။ သားကလည်း လုံးဝရူးသွပ်နေသူ မဟုတ်ပေမဲ့ အသက်အရွယ်လိုက်၍ စိတ်ဉာဏ် ဖွံ့ဖြိုးမလာသည့် စကားမပီသော ပေါချာချာ တစ်ဦး ဖြစ်၏ ။ ထိုသားက ဆယ့်ရှစ်နှစ်ခန့်တွင် သစ်ပင်ပေါ်မှ ပြုတ်ကျ၍ မြို့ဆေးရုံတွင် တစ်လနီးပါး တက်ကုရသေးသည် ။ ယခု ထို သားကို မင်္ဂလာဆောင် ပေးနေသည့် မြင်ကွင်း ၊ မင်္ဂလာပွဲလေးက ပကာသနမဲ့ စည်ကားနေဆဲ ။

••••• ••••• •••••

မင်္ဂလာပွဲပြီးရက် နောက်ပိုင်း အရီး ကျေးဥနှင့် တွေ့၍ “ အရီးကျေးဥ ဘယ်လို စိတ်ကူးရသွားတာလဲ ” ကျွန်မ မေးတော့ -

“ မိန်းကလေး အများ ရှိတဲ့ နေရာတွေ လှကြိုင် သွားသွားနေလို့ တချို့က မညှာမတာ ပြောပြော လွှတ်တာတွေ အရီး ကြားရတော့ စိတ်မကောင်းဘူး ဆရာမလေးရယ် ” ၊ အရီးကျေးဥ စကားကို ခဏနားပြီး “ သူများတွေ မသိပေမဲ့ အရီးက အမေ ဆိုတော့ သူ့စိတ်အခြေအနေကို သိတယ် ဆရာမလေး ” ဟု ဆက်ပြောပြ၍ “ ဆရာမလေး ကျွန်မတို့ ရေချိုးတဲ့နား လှကြိုင် လာပြီး ဟို … ”

တစ်လောက ကျွန်မ ထံ လာရင်းပြောသွားသည့် ထွေးနု စကားတို့ ကို ပြန်ကြားယောင်ကာ ခေါင်းညိတ်မိသည် ။

“ ဒါနဲ့ မချစ် ကို ဘယ်က တွေ့လာတာလဲ ”

“ မြို့ဈေးနား ကားဂိတ်ထမင်းဆိုင်မှာ ပန်းကန်ကူဆေးတဲ့ မချစ် ကို အမှတ်ရပြီး ဆိုင်ရှင်တွေ ပြော ခေါ်လာတာ ဆရာမလေး ၊ မချစ် က လှကြိုင် ထက် နည်းနည်း ပိုတော်ပါတယ် ” ဆို၍ သက်ပြင်းတစ်ချက် ရှိုက်ထုတ်၏ ။ ပြီး ...“ ဆရာမလေးရယ် အမေ ဆိုတော့ လုပ်နိုင်တာလေး လုပ်ပေးရတာပေါ့ ” ဟု ပြောသည် ။

အရီး ကျေးဥ သားထိန်း ချွေးမ ကြည့်ရင်း ဝမ်းသုံးထွာတိုက်ပွဲ ကို ခြေကုန် လက်ကုန် ဖွင့်ရှာရ၏ ။ ချွေးမဖြစ်သူက ကလေးများ နှင့် ဖန်ခုန်တိုင်းကစား ၊ သားတော်မောင် က ဆေးလိပ်တစ်တို နှင့် ထိုင်ကြည့်နေသည် ကို ယာထဲ ၊ ကိုင်းထဲ မှ အပြန် ထမင်းတည် ကျွေးရသည် ။

တစ်ခါတလေ မချစ် အဝတ်လျှော် ၊ ရေခပ်နေတတ်သလို ပဲလှော်ဖို ၊ ထန်းလျက်ချက်ဖို ၊ ကြံသကာချက်သည့် နေရာများ တွင် အလုပ်လုပ် နေတတ်သည် ။ စိတ်ကူးရလျှင် မြို့က ထမင်းဆိုင်မှာ ပန်းကန် သွားဆေးနေပြီး ညနေစောင်းမှ အိမ်ပြန်လာ၏ ။

လှကြိုင် ကတော့ မိန်းမ ပါလာသည့် မုန့်သရေစာလေးများ စားပြီး ကျေနပ်နေ၏ ။ လှကြိုင် ကြွားတတ်တာ ဆို၍ အိမ်ကို ဧည့်သည် လာလျှင် “ သောက် ဦးကြီး ကျွန်တော် မိန်းမရနေပြီဗျ ” ဟု ရေနွေး ငှဲ့ပေးရင်း ပြောသည် ။ အကြောင်းသိ ဧည့်သည် က “ ဟုတ်လား ၊ မင်းတို့ ဘယ်လို တွေ့တာလဲ ” လို့ မေးလျှင် “ အမေ ပေးစားတာဗျ ”  ဖြေရင်း “ မိန်းမရေ .. မိန်းမ ” ဟု မချစ် အနားတွင် ရှိရှိ ၊ မရှိရှိ လှမ်းခေါ်၏ ။

“ မချစ် လှကြိုင်နဲ့ ဘယ်လို တွေ့တာတုံး ” အမေးကို မချစ်ကလည်း “ အမေက ငါ့သားကို ယူမလား မေးတော့ ၊ ကျွန်မက ယူမယ် ပြောတာပေါ့ ” မျက်နှာ ကလေးချီကာ ဆိုတတ်သည် ။

••••• ••••• ••••• 

တစ်နေ့ ကျွန်မ ကျောင်းဆင်းချိန် စုပို့ပို့ ဗိုက်ကလေးဖြင့် မန်ကျည်းရွက်ခူး ပြန်လာသော မချစ်နှင့် တွေ့သည် ။

“ ဆရာမ ဒီမှာ ကြည့် ကျွန်မ ဗိုက်ပူနေပြီ ၊ ကလေးမွေးတော့မယ် ” ဟု အပူအပင်မဲ့ ဗိုက်ကို ပုတ်၍ ပြောလိုက်သည့် မချစ်၏ ဟန်ကို ကြည့်ပြီး ကျွန်မ ကရုဏာသက်မိ၏ ။ အရီး ကျေးဥ ကိုလည်း ... ။

ကျောင်းအားရက်တွင် ကျွန်မ ခါးရှည် ဘလောက်ပွပွ အင်္ကျီနှစ်ထည် ယူ၍ အရီး ကျေးဥအိမ်သို့ ထွက်ခဲ့သည် ။

“ အမေရေ ... ဆရာမ လာတယ် ”

ကျွန်မ ခြံဝင်းထဲ ဝင်သည်နှင့် မချစ် က အိမ်ပေါ်သို့ လှမ်းအော်၏ ။

“ မချစ် ရော့ မချစ်ဝတ်ဖို့ ”

အင်္ကျီထုပ်လေးကို ကျွန်မ ကမ်းပေးလိုက်သည် ။

“ လှကြိုင်ရေ ဆရာမ ငါ့ကို အင်္ကျီဝယ်ပေးတယ် ” ပြောပြီး အင်္ကျီကို ကိုယ်ပေါ် ပတ်ပြီး အားပါးတရ ခုန်၍ “ ဟဲ့ဟဲ့ မချစ် ဒုက္ခပါပဲ ” ဟု အရီး ကျေးဥ လှမ်းအော်သံကို ကြားရသည် ။

“ အဲဒါသာကြည့် ဆရာမလေးရယ် ”

ကျွန်မကိုလည်း လှမ်းပြောရင်း အိမ်ပေါ်တက်ဖို့ ခေါ်သည် ။

“ အရီး ကျေးဥရယ် သောကတွေ များလိုက်တာ ” ဟု သာ ကျွန်မ ဆိုနိုင်ပြီး အိမ်ရှေ့ သရက်ပင် အောက်တွင် ပဲလှော်ထိုင် ဝါးနေသည့် ဇနီးမောင်နှံကို ကြည့်နေမိ၏ ။

“ ဆရာမလေးရယ် အရီးလေ ... အရီး ... ” စကားမဆက်ဘဲ ပြောင်းဖူးဖက် ဆေးလိပ်ကြီးကို အငွေ့ထောင်းထောင်း ထသွား အောင် ဖွာလိုက်သော အရီး ကျေးဥ ကို ... ။

နောက် မကြာခင် မချစ် ယောက်ျားလေး မွေးသည် ။ အရီး ကျေးဥ လည်း သာမန်နှင့် မတူသော မိသားစုကို ပြုစုစောင့်ရှောက်ရင်း ဘဝအမောတွေ ကြားမှာ လူးလွန့်ကူးခပ်နေ၏ ။

“ အရီးခင် ဘယ်က ပြန်လာတာလဲ ၊ နေပြင်းတယ် ” 

“ ကျေးဥမြေး ဖျားလို့ သွားတာ ၊ သုံးရက်ရှိပေါ့ ”

“ ဟုတ်လား ၊ ကျွန်မ သွားကြည့်ပါဦးမယ် ”

“ အေးအေး ... သွားသွား ၊ ကျေးဥ လည်း သနားစရာ ”

“ ဟုတ်ကဲ့ ၊ အရီးခင် ” ဟု ပြောပြီး နှုတ်ဆက်၍ ကျောင်းသို့ ကျွန်မ ထွက်ခဲ့သည် ။

အမှောင်ထု က အလင်းအားကို ဝါးမျိုအနိုင်ယူပြီးစချိန် ကျွန်မ အရီး ကျေးဥအိမ် သို့ ထွက်ခဲ့၏ ။

“ အရီး ကျေးဥ အိပ်ပြီလား ”

ခြံဝမှ ကျွန်မ လှမ်းခေါ်နှုတ်ဆက်လိုက်သည် ။

“ မအိပ်သေးဘူး ၊ မအိပ်သေးပါဘူး ဆရာမလေးရေ ၊ လာ ... လာ ... အိ မ်ပေါ်တက် ” ဟု ပြန်အော်၍ မီးတိုင်ငယ် မြှောက်ပြရင်း “ ချော်လဲမယ်နော် ” လို့ ဆက်ပြော၏ ။

“ ရပါတယ် ၊ အရီး - ကျေးဥ ကလေး နေမကောင်းဘူးဆို ၊ သက်သာသွား ပြီလား ”

အိမ်ပေါ်တက်ရင်း ကလေးကိုပါ တစ်ခါတည်း မေးလိုက်၏ ။

“ သက်သာပါတယ် ၊ ညနေက သားဖွားဆရာမလေး စုရီ ဆေးလာပေးတယ် ” ပြောပြီး “ ထန်းလျက်စား ၊ ရေနွေးသောက် ” ဆို၏ ။ ပြီး ကလေး ကို တိုက်ရသည့် ဆေးလုံးများကို ထုတ်ပြသည် ။ အဖေနှင့် အမေက တီဗွီ သွားကြည့်သည်ဟု ပြောသည် ။

ကျွန်မတို့ စကားပြောနေစဉ် ကလေး ထံမှ ညည်းသံ ထွက်လာ၍ အရီးကျေးဥ ကလေးထံ ကပျာကသီ ထသွားသည် ။ ကလေးငယ်ကို ချီထွေးပြီး ကျွန်မနား ပြန်လာထိုင်သည့် အရီး ကျေးဥ ကို ကျွန်မ .... ။ ရှစ်လသားအရွယ် ကလေးမှာ မီးတိုင်ငယ် အလင်းအောက်မှာ ဖျော့လျော့နေသည် ။

ဇရာ၏ ဖိထောင်းမှု ၊ ဘဝ၏ ကြမ်းထော်မှုများ ကြားမှာ အသိမပြည့်သည့် လင်မယားနှစ်ဦးနှင့် ကလေးငယ် တာဝန်ပါ ထမ်းပိုးနေရသည့် အရီး ကျေးဥ ကို ကြည့်ပြီး ကျွန်မ -

“ အရီး ကျေးဥ စိတ်တော့ မဆိုးနဲ့ နော် ၊ ကျွန်မ တကယ့် စေတနာနဲ့ ပြောတာ ။ အရီး ကျေးဥ လည်း အသက်ကြီးပြီ ကျွန်မ သနား ... ”

“ ပြောပါ ဆရာမလေးရယ် ပြောပါ ၊ အားနာစရာ လူမှ မဟုတ်ဘဲ ပြော ” ဟု ဆို၍ လေပူတစ်ချက် ကျွန်မ ရှိုက်ထုတ်ပြီး ...

“ လှကြိုင်နဲ့ မချစ်ကို ဟို ... ခု ကလေး တစ်ယောက်နဲ့ တင် အရီး ကျေးဥ ပင်ပန်းနေပြီ ၊ အဲဒါ ဟို ကျန်းမာရေးမှူး နဲ့ တိုင်ပင်ပြီး ... ”

ကျွန်မ စကား မဆုံးခင်မှာဘဲ “ ဆရာမလေးရယ် အရီး သိတာပေါ့ ။ လှကြိုင် သစ်ပင်ပေါ်က ပြုတ်ကျလို့ ဆေးရုံ တက်ရတယ်လေ ၊ ဆေးရုံက ဆင်းတော့ ဆရာဝန်ကြီးနဲ့ ဆရာမလေးတွေက “ အမေကြီး အမေကြီးသားမှာ မျိုးဆက်မ ရနိုင်တော့ဘူး ” လို့ သေချာပြောလိုက်တာ ဆရာမလေးရဲ့  ၊ ဒါကြောင့် လှကြိုင်ကို ဒီလို အခြေအနေနဲ့ မိန်းမ ပေးစားတာ ။ ခု မသိ နားမလည်တဲ့ အချစ်ကို ကြားက .. ကြားက ...“  ပြောရင်း အသံနစ် ဝင်သွားသည့် အရီး ကျေးဥ စကားသံ အောက်မှာ ကျွန်မ သွေးပျက်မတတ် ဖြစ်သွားသည် ။

မီးတိုင်ငယ်မှ မီးညွန့်လေးသာ လေသင့်ရာ ယိုင်နေ၏ ။ တအင်းအင်း ကလေး ချော့နေသည့် အရီးကျေးဥ အသံမှ လွဲ၍ ညက ကြောက်စရာ ကောင်းအောင် ငြိမ်ကျသွားသည် ။

အရီးကျေးဥ ကို နှုတ်ဆက် အိမ်ပြန်ချိန် ညက ပိုနက်ရှိုင်းစွာ မှောင်နေသည် ။ အသိ သိမဲ့နေသည့် လူတချို့ ကြောင့် တန်ဆာခံ ဖြစ်လာကြရသည့် ကလေးငယ်များ ဟူး .. ဟူး .. ။ ကျွန်မ မိုးပေါ် မော့ကြည့်တော့ ကောင်းကင်ကြီးမှာ အဘိုးအို ပျောက်နေ၏ ။

▢  လဲ့ဝင်းကြည် ၊ ချို ၊
📖 ရွှေအမြုတေရုပ်စုံ မဂ္ဂဇင်း
      အမှတ် ၁၇၀
      ဇန်နဝါရီလ ၊ ၂၀ဝ၄

Wednesday, October 29, 2025

ရွှေရစ်တံ ၊ရွှေလွန်းနှင့် ရွှေအပ်ကလေး

 

❝ ရွှေရစ်တံ ၊ရွှေလွန်းနှင့် ရွှေအပ်ကလေး ❞
          ( ပုံပြင် )

တရံရောအခါ လိမ္မာသော မိန်းကလေး တစ်ယောက် ရှိလေ၏ ။ မိန်းကလေးသည် မိဘနှစ်ပါး သေဆုံးသွား၍ သူ၏ အဘွားက သူ့ကို ဆက်လက်၍ မွေးမြူခြင်းကို ခံရလေ၏ ။ သူ၏ အဘွားသည် နေ့စဉ် ရက်ကန်းရက်ခြင်း ၊ ဗိုင်းငင်ခြင်း ၊ အပ်ချုပ်ခြင်းဖြင့် အသက်မွေး နေထိုင်သူ ဖြစ်လေ၏ ။ မိန်းကလေးသည် သူ၏အဘွား တတ်သော ပညာများကို သင်ယူနေရင်း အသက် တစ်ဆယ့်ငါးနှစ်အရွယ်သို့ ရောက်ရှိလာလေ၏ ။

တစ်နေ့သ၌ သူ၏ အဘွားသည် နာမကျန်း ဖြစ်လာ၍ မိန်းကလေးကို ခေါ်ပြီးလျှင်“ ငါ့ မြေး ၊ အဘွားတော့ ဒီတစ်ခါ သေရလိမ့်မယ် ၊ အဘွား မရှိရင် ငါ့မြေးကို ဟောဒီ အိမ်နှင့် အဘွား လုပ်ကိုင် စားသောက်နေတဲ့ ရွှေရစ်တံကလေး ၊ ရွေလွန်းနှင့် ရွှေအပ်ကလေးကို ပေးအပ်ခဲ့မယ် ၊ ငါ့မြေး လိမ္မာသလိုသာ ကြည့်နေရစ်ခဲ့ပေတော့ ” ဟုမှာခဲ့လေ၏ ။

မိန်းကလေးသည်လည်း သူ့အဘွား သေဆုံးသွားသောအခါ ပထမ၌ ပူဆွေး နေသော်လည်း မကြာမီ စိတ်ကို တင်းပြီးလျှင် သူ့အဘွား ကဲ့သို့ နေ့စဉ် ရက်ကန်းရက်ခြင်း ၊ အပ်ချုပ်ခြင်း ၊ ဗိုင်းငင်ခြင်း အလုပ်တို့ကို မရပ်မနား လုပ်ကိုင်လျက် ရှိလေ၏ ။ မိန်းကလေး ထိုသို့ လုပ်ကိုင်ခြင်းကြောင့် သူ စားသောက်ရန် မပူမပင်ရတော့ဘဲ အဘွားရှိစဉ်က ကဲ့သို့ပင် ကောင်းစွာ နေထိုင်နိုင်လေ၏ ။ မိန်းကလေးသည် အလွန် လိမ္မာ၍ အိမ်နီးချင်းများက သူ့ကို သနားချစ်ခင်ကြလေ၏ ။ တစ်နေ့သ၌ မိန်းကလေး နေသော တိုင်းပြည်တွင် ပြည့်ရှင်မင်းကြီး၏ သားတော် တစ်ပါးသည် ကြင်ဖက်ရှာရန် ထွက်လာလေ၏ ။ မင်းသားက သူနှင့် ကြင်ဖက် ဖြစ်ရမည့် သူသည် တိုင်းပြည်၌ အချမ်းသာဆုံးလည်း ဖြစ်ရမည် ။ အဆင်းရဲဆုံးလည်း ဖြစ်ရမည် ။ ထိုသို့ နှစ်ဖက် ပြည့်စုံသူကိုမှ သူ လက်ထပ်နိုင်မည်ဟု ဆိုလေ၏ ။ မင်းသားသည် တိုင်းပြည်တွင်းသို့ လှည့်လည်၍ ရှာလာရာ အလွန် ချမ်းသာသော မိန်းမပျိုများကို တွေ့ရလေ၏ ။ သူတို့က မင်းသား ရောက်လာသောအခါ ကောင်းမွန်စွာ ဝတ်စား ဆင်ယင်ကြပြီးလျှင် ဧည့်ဝတ် ကျေပွန်စွာပင် ပြုစုကြလေ၏ ။ သို့ရာတွင် မင်းသားက မကျေနပ်နိုင်ဘဲ အလွန်ဆင်းရဲ၍ လိမ္မာသော ကြင်ဖက်ကို ရှာရန် ဆက်လက် ၍ ထွက်လာခဲ့လေ၏ ။ မင်းသားသည် လိမ္မာသော မိန်းကလေးရှိရာ အိမ်ကလေး အနီးသို့ရောက်လာလေ၏ ။ ရောက်သောအခါ အိမ်ကလေး သေးသေးထဲမှ ရက်ကန်းရက်သံကို ကြားလိုက်ရလေ၏ ။ ထို့ကြောင့် မင်းသားက ရပ်ပြီးလျှင် မိန်းကလေး၏ အိမ်ပြတင်းပေါက်မှ နေ၍ အတွင်း ဘက်သို့ ချောင်းကြည့်လိုက်လေ၏ ။ မိန်းကလေး ကလည်း ရက်ကန်း ကိုသာ ဝီရိယ ကောင်းကောင်း ရက်လျက်ရှိလေ၏ ။ ထိုသို့ မင်းသားလာ၍ ချောင်းကြည့်နေသည်ကို အလုပ် လုပ်နေသော မိန်းကလေးက မမြင်ပေ ။ ခဏကြာ၍ မိန်းကလေးက ခေါင်းမော့၍ ကြည့်လိုက်သော အခါမှ မင်းသားကို မြင်ရလေ၏ ။ သို့ရာတွင် မိန်းကလေးသည် သူ့အလုပ် ပျက်မည်စိုး၍ မင်းသားကို ဧည့်ဝတ် ပြုရန် သတိမေ့နေမိလေ၏ ။ မင်းသား ကလည်း သူ့ကို မိန်းကလေးက ဧည့်ဝတ် မပြုသော်လည်း အလုပ်ကောင်းစွာ လုပ်ကိုင်လျက် ရှိသည်ကို သဘောကျလျက် သူ့နန်းတော်သို့ ရုတ်တရက် ပြန်ထွက်သွားလေ၏ ။ မိန်းကလေးလည်း ရက်ကန်းရက်နေရာမှ ထလာပြီးနောက် မင်းသား သွားရာဘက်သို့ မျက်စိတဆုံး မျှော်ကြည့်ကာ ကျန်ရစ်ခဲ့လေ၏ ။ ထို့နောက် ရက်ကန်း ရက်ရန် စင်ပေါ်၌ ထိုင်လိုက်သောအခါ ရက်၍ မရနိုင်ပေ ။ ထို့ကြောင့် သူ့အဘွား ရှိစဉ်က သီဆိုလေ့ ရှိသော သီချင်းကလေးကို တစ်ယောက်တည်း သီဆိုနေလေ၏ ။

“ ရွှေရင်တံကလေး သေးငယ်ငယ် ဖူးစာရှင်ကို ခေါ်ခဲ့ကွယ် ရက်ကန်းသည်နှမလေး ဆီးကြိုပါ့မယ်လေး ”

မိန်းကလေးက ထိုသို့ သီချင်း ဆိုလိုက်သောအခါ ရွှေရစ်တံကလေးသည် အိမ်ထဲမှ ပြေးထွက်လာ ပြီးလျှင် ရွှေချည်မျှင်ကလေး တန်းကာ မင်းသား နောက်သို့ လိုက်သွားလေ၏ ။ ထို့နောက် မိန်းကလေးက ဆက်လက်၍ ..

“ ရွှေလွန်းကလေး သေးငယ်ငယ် ဖူးစာရှင်ကို ခေါ်ခဲ့ကွယ် ရက်ကန်းသယ်နှမလေး ဆီးကြိုပါ့မယ်လေး ”

မိန်းကလေး ထိုသို့ သီဆို လိုက်သောအခါ ရက်ကန်းစင်မှ ရွှေလွန်းကလေးသည် အိမ်ထဲမှ ပြေးထွက်ပြီးလျှင် မင်းသား နောက်သို့ လိုက်သွားလေ၏ ။ ထို့နောက် မိန်းကလေးက မရပ် သေးဘဲ ……

“ ရွှေအပ်ကလေး သေးငယ်ငယ် အိမ်သာယာအောင် ပြင်ပါ့ကွယ် ရက်ကန်းသည်နှမလေး ဆီးကြိုပါ့မယ်လေး ”

မိန်းကလေးက ထိုသို့ သီဆို လိုက်သောအခါ စက်ခုံထဲမှ ရွှေအပ်ကလေးသည် ပြေး ထွက်လာပြီးလျှင် မိန်းကလေး၏ အိမ်ထဲတွင် လိုက်၍ ထိုင်ခုံများ ချုပ်လုပ်လေ၏ ။ ထို့နောက် ကုလားထိုင်များ ၊ လိုက်ကာခန်းဆီးများ ၊ စားပွဲခင်းများ ၊ ကော်ဇောများ စသည်တို့ကို ပြည့်စုံအောင် လိုက်၍ ပြင်ဆင်ပေးလေ၏ ။ မင်းသား မှာလည်း သူ့ နောက်မှ ရွှေရစ်တံကလေး နှင့် လွန်းကလေးက လိုက်လာ၍ များစွာ အံ့သြပြီးလျှင် မြင်းကို ပြန်လှည့်ကာ မိန်းကလေး ရှိရာသို့ ရောက်လာလေ၏ ။ မိန်းကလေး၏ အိမ်ထဲသို့ ဝင်လိုက်သောအခါ ခုတင်ကဲ့သို့ မဟုတ်တော့ဘဲ နန်းတော်ထဲမှာ ကဲ့သို့ ပြင်ဆင်ထားလျက်ရှိသည်ကို အံ့ဩစွာ တွေ့မြင်ရလေ၏ ။ ထိုအခါ မင်းသား ကမိန်းကလေးကို ကြည့်ကာ “ ကဲ ... မင်းဟာဖြင့် ငါ ရည်မှန်းထားခဲ့တဲ့ အဆင်းရဲဆုံး ၊ အချမ်းသာဆုံးနှင့် ပြည့်စုံတဲ့ အတွက် ကြင်ဖက် ဖြစ်ထိုက်ပေတယ် ” ဟုဆိုကာ မိန်းကလေးကို မေးလေ၏ ။ မိန်းကလေးကလည်း အလွန်လိမ္မာ၍ တည်ကြည်သောကြောင့် မင်းသားမေးသည်ကို နှုတ်ဖြင့် ပြန်၍ မဖြေဘဲ ခေါင်းညိတ် ပြလိုက်ရာ မင်းသားကလည်း ချစ်ခင်စွာဖြင့် မြင်းနှင့် တင်၍ ခေါ် ဆောင်သွားလေသတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆ဝ ၊ ဇွန်

ရင်ခုန်သံစည်းချက်များ ပေါ် ကခုန်ခြင်း


 ❝ ရင်ခုန်သံစည်းချက်များ ပေါ် ကခုန်ခြင်း ❞ 

( မောင်တင်ဆင့် )


မီးခိုးဖြူငွေ့များက လေးထောင့်အုတ်ခေါင်းတိုင်ထိပ်မှ တဝေ့ဝေ့ နွဲ့ယိမ်းတက်လွင့်သွားသည်ကို ချစ်ချစ် ငေးတွေ ကြည့်နေမိသည်  ။ သူမ မျက်ဝန်းမှာ မျက်ရည်ကြည်နုများ နှင့် ဝေဝေဝါးဝါး ။ ကိုကို တစ်ယောက် မီးခိုးဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် ကောင်းကင်ပြာလွင်လွင်ဆီ တစ်စစီ ပျံသန်းသွားနေခဲ့သလား ။


ကိုကိုသည် ဖိစီးမှုအားလုံးမှ လွတ်မြောက်သွားခဲ့တာကတော့ အမှန်ပင် ။


“ ကိုယ် ချစ်ချစ်ကို သိပ်သနားတယ်ကွယ် ” ဟု ကိုကို ပြောခဲ့ဖူးသည် ။ ကိုကိုရယ်ဟု သူမက ကို့ကို ရင်ဘတ်ထဲ ညည်းညူတိုးဝှေ့မှီနွဲ့ရင်း ကိုကို့ ကို သူ ပိုင်ဆိုင်သော တစ်ဖက်တည်းသော လက်ဖြင့် သူမကို ထွေးပွေ့သောအခါ ချစ်ချစ် ဘဝတစ်ခုလုံး လုံခြုံပြည့်စုံသွားသည် ဟု ပျော်ရွှင်ချမ်းမြေ့စွာ ကျေနပ်နေခဲ့ဖူးသည် ။


ကိုကိုနှင့် ဖြတ်သန်းခဲ့သော ထိုနည်းပါးလှသည့် ညတွေသည် ကြယ်စုံသောညတွေဟု ထင်ပါသည် ။


“ ကလေးအပေါ်မှာ မတရားဘူးလို့ ကိုယ့်စိတ်ထဲ ခံစားနေမိတယ် ” 


“ ချစ်ကတော့ ဘာပဲဖြစ်ဖြစ် ကိုကိုနဲ့ အတူ ရှိနေရတာကိုပဲ ကျေနပ်မိပါတယ် ”


“ ကလေးရယ် ... ချစ်ချစ်ရယ် ... ကိုယ့်ဘဝမှာ နောင်တ အရဆုံးက ချစ်ချစ်ကို ချစ်ခဲ့မိတာပါပဲ ”


ကိုကို့ နှုတ်ခမ်းမှ ဘီယာနံ့သည် မွှေးပျံ့လို့ နေခဲ့သည် ။ မလေးရှားပိတောက်တို့၏ စူးရှသော ရနံ့သည် ညထဲမှာ ယစ်မူးဖွယ်ဖြစ်သည် ။ လမ်းပေါ်မှ တစ်ခါတစ်ရံ ဖြတ်သွားသော လူအချို့၏ ဖိနပ်သံသည် ညရဲ့ စည်းချက်ချသံနှင့် တူနေ၏ ။ ထို့နောက် ညသည် တိတ်ဆိတ်မှုတွင်းထဲ ဆွဲငင်ယူဆောင် သွားလေသည် ။


ကိုကိုနှင့် နေရက်တွေကို ချစ်ချစ် အာရုံမှာ အသေးစိတ် အမှတ်ထင်ထင် ရှိနေခဲ့သည်  ။ ကိုကိုသည် တစ်ခါတစ်ရံ ကလေးဆိုးကြီးနှယ် ရှိနေကာ ကိုကို့ စိတ်ကို သိနိုင်ဖို့ ချစ်ချစ်အတွက် ခက်ခဲ သလို ရှိခဲ့ဖူးပါသည် ။


ထိုနေ့ကတော့ ကိုကိုသည် သူ လပေး ငှားစီးသော ဆလွန်းကားလေးကို သောကတွေ ဗရပွနှင့် ဒေါသလှိုင်းထကာ သူပိုင်ဆိုင်သော တစ်ချောင်းတည်းသော လက်ဖြင့် ဂယ်ရီကားပြိုင်ပွဲဝင်သလို မောင်းချလာခဲ့သည်ဟု ဆိုပါသည် ။ အဖြစ်ကတော့ ရယ်စရာလိုနှင့် သနားစရာလည်း ကောင်းနေခဲ့သည် ။

 

ကိုကိုက သူ့ရဲ့ ကျူရှင်ခန်း အနီးမှ ချစ်ချစ် ဆီကို ဖုန်းဆက်ခဲ့ချိန်တွင် ချစ်ချစ်က အိမ်မှာ မရှိပါ ။ အိမ်ရှင်အမျိုးသမီး ကောင်မလေးကလည်း ချစ်ချစ် မရှိ ၊ ဘယ်သွားမှန်း မသိလို့ ဖုန်းထဲမှ ပြန်ပြောလိုက်ခဲ့တော့ ကိုကို ပူပင်သောကလှိုင်းတွေ ချက်ချင်းကြွတက်လာပြီး ထိုမှ ဒေါသအဆင့်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည် ။ ထိုအချိန်က ချစ်ချစ် ကျောင်းနေဖက် သူငယ်ချင်းတွေ ရောက်လာသဖြင့် သူငယ်ချင်းတွေနှင့် သူငယ်ချင်းတစ်ယောက်အိမ် ထွက်လိုက်သွားခဲ့ချိန် ဖြစ်သည် ။


ကိုကို အိမ်ရောက်လာတော့ ကိုကို့ မျက်နှာသည် ခဲသားရောင်ကောင်းကင်နှယ် ရှိနေပြီး ဒေါသ လျှပ်ပန်းတို့လည်း တဝင်းဝင်း တလက်လက် ရှိနေပါသည် ။ ထိုနေ့က ချစ်ချစ် ကိုကို့ကို အစွမ်းကုန် နှစ်သိမ့်ခဲ့ရလေသည် ။ အိမ်ရှင်အစ်မနှင့် သမီးတို့ ကလည်း ချစ်ချစ် ဘက်က အကောင်းဆုံး ထောက်ခံချက်တွေ ပေးခဲ့သဖြင့် ကိုကို တစ်ယောက် နောက်ဆုံးတော့ မိုးသားတိမ်ညိုကို ကင်းစင်သွားခဲ့ရ၏ ။


“ ချစ်ချစ်ရယ် ၊ ကိုယ် ဖုန်းဆက်တာ စာသင်နေရင်းက ထွက်ပြီးဆက်ရတာ ။ ချစ်ချစ် အသံကလေး ကြားချင်လို့  ၊ နောက်ဆို ကိုယ်ဖုန်းဆက်ရင် ချစ်ချစ် ဖုန်းနားမှာ အမြဲရှိပါစေကွယ် ၊ နို့မို့ဆိုရင် ကိုယ် ရင်ပူလွန်းလို့ ... ” ဟု ပြောခဲ့ပုံက ကိုကို အိမ်မှာ ရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ ချစ်ချစ်ကို ကိုကို့ အပါးမှာ ၊ လက်လှမ်းမီရာမှာ ရှိနေစေချင်ပုံ ရပါသည် ။ မဖြစ်နိုင်မှန်းကို ကိုကို သိပါလျက် ကလေးကြီးတစ်ယောက်လို သူ လိုရာ ဇွတ်ကြီး တောင်းဆိုနေပုံမျိုး ဖြစ်သည် ။

 

ဒီလိုနှင့် ကိုကို အပြင်မှာ ရှိတိုင်း ချစ်ချစ် ဆီ ဖုန်းအခါခါဆက်နေတတ်ပါသည် ။ တစ်ခါတော့ ချစ်ချစ် အစ်မရောက် လာပြီး ကိစ္စတစ်ခုနှင့်လိုက်ပါသွားရာ ကိုကို့ဖုန်းနှင့် လွဲခဲ့ရပြန်သည် ။ ကိုကို ကားကို တရကြမ်း မောင်း၍ အိမ်ရောက်လာတော့သည် ။ ချစ်ချစ် ပြန်မရောက်သေးပါ ။ ချစ်ချစ် ပြန်ရောက်လာတော့ ကိုကိုသည် သူ့ခြေထောက်တစ်ဖက်ရဲ့ အကူအဖြစ် ထားရှိသော တုတ်ကောက် ဖြင့် ချစ်ချစ်ကို စကားတစ်လုံးမှ မဆိုဘဲ ကလေးတစ်ယောက်ကို မိဘက ရိုက်နှက်ဆုံးမသလို ရိုက်နှက်ခဲ့ တော့သည် ။ ချစ်ချစ် လည်း ကလေးတစ်ယောက်လို “ ကြောက်ပါပြီ ကို ကိုရဲ့” ဟု ခပ်တိုးတိုး အော်ရင်း ကျေနပ်ပျော်ရွှင်နေခဲ့ဖူးပါသည် ။


နောက်တော့လည်း “ ကလေး ဘယ်နာသွားလဲကွယ် ၊ ကိုယ် တကယ် စိတ်မကောင်းပါဘူး ။ ကိုယ့်ကို စိတ်မဆိုးပါနဲ့ နော် ” ဟု ချော့မြူနေခဲ့ပြန် ၏ ။ သွား ... ကိုကိုနဲ့ မခေါ်တော့ဘူး ဆိုတော့ ကိုကို့ မျက်နှာပြင်မှာ ခဲသားရောင် တိမ်မိုးညိုတို့ ဝေ့သီလာခဲ့ပြန်သည် ။


တစ်ခါတော့ ညကြီးသန်းခေါင် နိုးလာပြီး ရေငတ်ဆာလောင်နေသဖြင့် အိပ်ရာအပြင် ထ အထွက်တွင် ( လျှပ်စစ်မီး ကလည်း ပျက်တော့ အမှောင်ထဲ စမ်းလျှောက်ရင်း ) ကိုကို့ လက်တစ်ဖက် ကို ခလုတ်တိုက်မိရာ ခြေဖြင့် ကန်သလို ဖြစ်သွားခဲ့ပြီး ကိုကို့ လက်ကြီး လွင့်စဉ်သွားကာ ချစ်ချစ် ခြေ ထောက်လည်း အတော် နာကျင်သွားခဲ့ပြီး ထိတ်လန့်တုန်လှုပ်သွားမှုသည် မူးမေ့သွားမတတ် ဖြစ်ခဲ့သည် ။ ကိုကို လည်း အိပ်ရာမှ ချက်ချင်း နိုးလာပြီး ထိတ်လန့်သွားခဲ့၏ ။


သူပိုင် လက်တစ်ဖက်ဖြင့် ချစ်ချစ် ကို ဖက်ပွေ့ရင်း ကလေး ဘာဖြစ်သွားလဲ ။ အတော် နာသွားလား ၊ နာသွားလား နှင့် တဖွဖွ ဖြစ်နေခဲ့ပုံမှာ ကြေကွဲဝမ်းနည်းဖွယ်ရာ ဖြစ်သည် ။ ချစ်ချစ်သည် သူ့ရင်ဘတ်ပေါ် မျက်နှာပစ်ချပြီး မျက်ရည်သွယ်သွယ်ကျနေခဲ့ဖူးပါသည် ။


ကိုကို့ လက်ကြီး ဘယ်ရောက်သွားပါလိမ့် ။


ကိုကို့ ရဲ့ အစစ်အမှန် လက်တစ်ဖက်သည်ကား မတော်တဆဖြစ်မှု တစ်ခုကြောင့် ပျောက်ဆုံးခဲ့ရသည် ကို ကိုကို တစ်ခါက ပြောပြခဲ့ဖူးသည် ။ ယခု ကိုကို အတုအယောင် လက်တစ်ဖက်သည် ချစ်ချစ် ခြေထောက်ဖြင့် တိုက်မိလိုက်သဖြင့် အမှောင်တွင်းသို့ လွင့်စဉ်သွားခဲ့သည် ။ အစစ်အမှန် လက်တစ်ဖက်သာ ပိုင်ဆိုင်သော ကိုကိုသည် သူ့ရဲ့ မွေးရာပါ ရောဂါဖိစီးမှုကြောင့် ခြေဆစ် မှာလည်း ရောင်ကိုင်းညိုမည်းနေကာ ခြေဆစ်လှုပ်ရှားလို့ မရသည့် အခြေထိ ရောက်ရှိပြီး ခြေတုတပ်ထားသော ခြေထောက်လို တုတ်ကောက်အကူနှင့် လမ်းလျှောက်နေခဲ့ရ၏ ။ တစ်ခါတော့ ချစ်ချစ်က ကိုကို့ ကို မေးကြည့်ခဲ့ဖူးသည် ။


“ ကိုကို့ ခြေထောက်က ဘာဖြစ်တာလဲဟင် ”


“ ဘာဖြစ်တယ် မသိပါဘူးကွယ် ။ ဆရာဝန်ကတော့ ဟမိုသရိုးဆစ် ( Haemorthrosis ) ရောဂါ ဆိုတဲ့ ခြေဆစ်ထဲ အတွင်းသွေးယိုစီးမှုဖြစ်တာလို့ ပြောတယ် ”


ချစ်ချစ် ကိုကို့ကို အံ့ဩငေးမောနေခဲ့မိသည် ။ ကိုကိုသည် သူ့ရောဂါ အကြောင်းကို ပုံပြင်တစ်ပုဒ် ပြောသလို တည်ငြိမ်အေးဆေးစွာ ( သူနှင့် မပတ်သက်သလို ) ပြောပြနိုင်စွမ်းရှိသူ ဖြစ်သည် ။ ချစ်ချစ်သည် မုတ်ဆိတ် ကျိုးတိုးကျဲတဲ ၊ နှုတ်ခမ်းမွေး တိုနံ့နံ့နှင့် ယောက်ျားပီသသော ကိုကို့မျ က်နှာ ကို ချစ်မြတ်နိုးစွာ ငေးကြည့်ခဲ့ဖူးသည် မှာ အကြိမ်ပေါင်း မရေမတွက်နိုင်ခဲ့ ။


တစ်ခါတော့ ကိုကိုသည် သွားဖုံးတွင် ငါးရိုးစူးရာ ငါးရိုးကို နုတ်ပယ် လိုက်စဉ် သွားဖုံးမှ သွေး မတိတ်နိုင်ဘဲ နှစ်ရက် သုံးရက် ကြာမြင့်သွားသောအခါ ကိုကိုသည် ဂွမ်းစတစ်စပြီးတစ်စ သွားကြားမှာ ဆို့ပိတ်နေခဲ့ ရရာ ချစ်ချစ် ကိုယ်တိုင်ဂွမ်းထုပ်တွေ ဝယ်ပြီး ပေးခဲ့ရဖူးသည် ။ ဒီတုန်း က ကိုကိုသည် ချစ်ချစ်တို့ အိမ်အောက်ထပ်ကို ငှားပြီး ကျူရှင်ကျောင်းဖွင့်နေခဲ့သည် ။


“ ဆရာ ... ဘာဖြစ်တာလဲ ”


 ”ဘာမှ မဖြစ်ပါဘူး ”


ကိုကိုသည် ထိုအတိုင်း ဂွမ်းအသစ် ဆို့လိုက် ။ သွေးပြည့်လာလျှင် ထုတ်ပစ်လိုက်နှင့် နှစ်ရက် ၊ သုံးရက်ထိ ကြာမြင့်ခဲ့ဖူးသည် ။


ဒီကတည်းက ဆရာ့မှာ သွေးမတိတ်တဲ့ ရောဂါ ရှိတယ်ဟု ကြားခဲ့ရဖူးသည် ။ ချစ်ချစ်ကတော့ ဟုတ်မယ် မထင်ပါဘူးဟု စိတ်ကိုလျှော့ချဖြေသိမ့်ထားခဲ့ဖူးသည် ။ ဒီနောက်ပိုင်း ကိုကို့ ကို ဖေးမကူညီရင်း ချစ်ချစ်ရဲ့ ညဉ့်အိပ်မက်တွေအတွင်း ကိုကို ဝင်ရောက်ပိုင်စိုးလာခဲ့သည် ။ ကိုကိုနှင့်အတူ အအေးဆိုင်မှာ နှစ်ယောက်သား အအေးသောက်ရင်း ၊ ကိုကို့ရဲ့ ခန့်ညားချောမောသော မျက်နှာကို ငေးစိုက်ကြည့်ရင်း ချစ်ချစ် ရင်ထဲမှာ “ ကိုကို ” ဆိုသောအသံ မြည်လာခဲ့သည် ။


ကိုကို က ချစ်ချစ် လက်ကလေးကို ကိုင်တွယ်ယုယရင်း ... 


“ ကလေးရယ် ... ကိုယ့်ကို ကလေး မချစ်မိစေနဲ့ နော် ” ဟု ပြောခဲ့သည် ။ ကိုကို့ အသံက ချစ်ချစ် ရင်ထဲထိ ဝင်ရောက်သွားကာ ကြေကွဲစိတ်ဖြင့် ငိုချင်လာပါသည် ။ ကိုကို့ ကို ချစ်ချစ် ချစ်တယ် ဟု မပြောမိစေရန် နှုတ်ခမ်းသားများကို ကိုက်ထားမိသော်လည်း မျက်ရည်တို့ က တားဆီးမရခဲ့ပါ ။ ကိုယ့်ဘဝထဲ ( ချောက်နက်ထဲ ) ဝင်မလာပါနဲ့ ကလေးရယ် ။


ကိုကိုသည် ဝင်ငွေကောင်းသော ကျူရှင်ဆရာတစ်ယောက် ဖြစ်ခဲ့သ ည် ။ ကိုယ်ပိုင်ကား စီးနိုင်ခဲ့သည် ။ ချစ်ချစ်တို့ သာမန် မိသားစုလေးတစ်ခုပါ ။ မုဆိုးမ မေမေက အထည်ချုပ် စက်ရုံတစ်ခုမှာ လုပ်ရင်း ဖေဖေ ထားခဲ့သော အိမ်ရဲ့ အောက်ထပ်ကို ငှားရမ်းလို့ ရသည့် ဝင်ငွေလေးနှင့် ဘ၀ကို ရပ်တည်ခဲ့ကြပါသည် ။ အစ်မတစ်ယောက်က သူ့အိမ်ထောင်နှင့် သူ ၊ မောင်လေး ညီမလေး နှစ်ယောက် က ကျောင်းသား ၊ ချစ်ချစ်က ဆယ်တန်းအောင်ပြီးစ ဟိုမရောက် ဒီမရောက် ဖြစ်သည် ။


“ နင်တို့ နွယ်နေကြပြီလား ”


ဟု ချစ်ချစ် သူငယ်ချင်း ၊ ကိုကို့ ရဲ့ သင်တန်းစာရေး ပြောလာတဲ့ နေ့က ချစ်ချစ် ငြင်းပယ်ဖို့ မကြိုးစားခဲ့ပါ ။


“ သူ့မှာ မယားကြီး ငုတ်တုတ်ရှိတယ်နော် ” ဆိုတဲ့ အထိ မတုန်လှုပ်ခဲ့ ။ ပြုံးမြမြနှင့်ပင် နေနိုင်ခဲ့သည်  ။


“ သူက လေပွေလို့ ပြောကြတယ် ။ တခြားလည်း တွယ်နေတာ ရှိသတဲ့  ။ အကြွေးပတ်လည် လည်း ဝိုင်းနေတာတဲ့ ”


ချစ်ချစ် စကားလုံးတွေကို တွန်းထုတ်ခေါင်းခါ ပစ်ခဲ့ပါသည် ။


ကိုကို့ကား ရောင်းလိုက်ရပြီး ကားတစ်စီး ငှားသုံးဖို့ စပေါ်ပေးရန် ငွေ လိုတယ် ဆိုတော့ မေမေ့ကို နားချပြီး အိမ်ဂရန်ကို ပေးခဲ့သည် ။


ကိုကို နှင့် အတူ ဖြတ်သန်းခဲ့ရသော တိုတောင်းနည်းပါးလှသည့် ညတွေသည် အရာရာနှင့် မလဲနိုင်ပါ ။ အရာရာထက်လည်း တန်ဖိုးကြီးမားသည် ဟု ချစ်ချစ် ထင်ပါသည်  ။ ညတွေက အေးမြမွှေးပျံ့လို့ နေသည် ။


တစ်ရက်တွင် ချစ်ချစ်နှင့် ကိုကိုတို့ ငှားရမ်းနေထိုင်သော အိမ်ခန်းလေးသို့ မေမေနှင့်မမ ရောက်ချလာခဲ့သည် ။ အိမ်ဂရန်နှင့် ချစ်ချစ်ကိုပါ ကိုကို့ဆီက ပြန်လည်ရယူနိုင်ဖို့ ဖြစ်သည် ။


“ ကျွန်တော် လူကြီးလူကောင်း တစ်ယောက်ပါ ဒေါ်ဒေါ် ၊ ကျွန်တော် ဘယ်မှ ထွက်မပြေးပါဘူး ။ စိတ်ချပါ ၊ ဒေါ်ဒေါ် အိမ်ဂရန် ပြန်ရွေးပေးမှာပါ ”


ကိုကို ဆေးရုံပေါ်မှ နောက်ဆုံးအခြေအနေအဖြစ် ရှိနေတော့ ချစ်ချစ် ကို တွေ့ချင်သည် ၊ ချစ်ချစ်ကို ခေါ်ပေးပါဟု သမီးလေးကို ပွေ့ဖက်ထား ရင်း မျက်ရည်စီးကြောင်းတွေနှင့် သူ့ဇနီးကို တဖွဖွတောင်းဆိုခဲ့သည် ဟု ဆိုပါသည် ။ 


“ ချစ်ချစ် အိမ်ဂရန်ကို ပြန်ရွေးပေးလိုက်ပါ ။ ချစ်ချစ် ဆွဲကြိုးလေးကိုလည်း ပြန်ရွေးပေးလိုက်ပါ ။ အဲဒီ ကတိပေးပါ ”


ဟု သူ့ဇနီးကို တောင်းဆိုခဲ့သည် ဟုလည်း ဆိုပါသည် ။


“ ချစ်ချစ်က သိပ်သနားဖို့ ကောင်းတယ်ကွယ် ”


ဟု ကိုကို ဝေဒနာကြားက ညည်းတွားနေခဲ့သည်ဟု ဆိုသည် ။ ဒါ လေးတွေကြောင့် အရာ အားလုံးအတွက် ချစ်ချစ် ကိုကို့ ကို ကျေနပ်နိုင်ခဲ့ပါပြီ ။


တစ်ရက် ကိုကို မရှိချိန် မေမေနှင့် မမ ရောက်လာပြီး ချစ်ချစ် ကို ကိုကို့ ရင်ခွင်ထဲမှ ဆွဲထုတ်ဖို့ ကြံစည်ခဲ့ကြသည် ။ ချစ်ချစ် ရုန်းကန်ငြင်းဆို ခဲ့ပါသည် ။


“ ညည်း သူနဲ့သာ ဆက်ပေါင်းနေရင် ညည်းဘဝ ဆုံးမယ် ။ ညည်း လူမှာ ဘာမက်စရာရှိလို့ လဲ ဟင် .. မိချစ်ချစ် ။ ဒုက္ခိတရောဂါသည် ၊ အကြွေးဗရပွနဲ့ ချစ်ချစ်ရယ် ... ညည်းကိုယ် ညည်း မသနားတောင် မိဘ ညီအစ်ကိုမောင်နှမတွေ မျက်နှာထောက်ထားပါ ”


ချစ်ချစ် နားကိုသာ လက်နှင့် ပိတ်ရင်း တွင်တွင် ခေါင်းခါခဲ့ပါသည် ။ 


“ ညည်း မိဘ အုပ်ထိန်းမှုအောက်မှာ ရှိသေးတယ် ။ မအေ့ စကားနား ထောင်စမ်းပါအေ ။ ညည်း အခု မအေနဲ့ ပြန်လိုက်ခဲ့ပါ ။ ညည်းဘဝ အတွ က် မအေက ဒါလောက် ပြောနေတာပါ ”


ချစ်ချစ် နားမဝင်နိုင်ပါ ။ “ သမီး မလိုက်ဘူး ။ သူနဲ့ မခွဲနိုင်ဘူး ” ဟု ပြန်လည်ချေပပြောဆိုတော့ မေမေ လက်ပါလာခဲ့သည် ။ မျက်ရည်ပေါက်ပေါက် ကျသော်လည်း အံကြိတ်တင်းခံခဲ့ရသည်က ကိုကို့ရင်ခွင် အတွက် ဆိုတာတော့ ကိုကို သိချင်မှ သိပါမည် ။ နောက်ဆုံး မေမေနှင့် မမက လ က်တစ်ဖက်စီဆွဲ၍ တရွတ်တိုက် ဆွဲခေါ်တော့ ချစ်ချစ် အော်ဟစ်ရုန်းကန်ခဲ့ရသည် ထိ ၊ ခုနစ်အိမ်ကြား ၊ ရှစ်အိမ်ကြား ကျော်မကောင်း ကြားမကောင်း အရှက်မဲ့ရသည်ထိ ကိုကို့အပေါ် နင့်နေအောင် ချစ်သက်သေ ထူခဲ့ဖူးသည် ။ ချစ်ချစ်က သေးသေးသွယ်သွယ်ပေမယ့် သန်မာသည် ။ မေမေနှင့် မမ လက်မှ ရုန်းထွက်နိုင်ခဲ့သည် ။ မေမေရဲ့ ပူရှခါးသီးသော စကားလုံးများကို ချစ်ခြင်း အတွင်းအားဖြင့် ခံနိုင်ရည် ရှိခဲ့သည် ။


ယခုတော့ ကိုကို သည် မီးခိုးဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ကောင်းကင်ဆီသို့ ပျံသန်း သွားနေခဲ့ပြီ ။


နောက်ဆုံး ကိုကို နှင့် နေခဲ့ရသော နေ့ရက်တွေသည် ကျဉ်းမြောင်းသော တိုက်ခန်းကလေး တစ်ခုက အခန်းလေးတစ်ခန်းမှာ ဖြစ်သည် ။ ခေါင်းအုံးတစ်လုံး ၊ ဖျာတစ်ချပ် ၊ တစ်ယောက်အိပ် သစ်သားခုတင်လေး ၊ သောက်ရေအိုးတစ်လုံးသာ အိမ်ထောင်ပရိဘောဂအဖြစ် ရှိခဲ့သောနေရာလေး ၊ ခေါင်းအုံးလေးတစ်အုံးမှာ ခေါင်းနှစ်လုံးပူးကပ်ပျော်ရွှင်လို့  ၊ စောင်တစ်ထည်ကို အတူတူခြုံကာ တခစ်ခစ်ရယ်မောလို့ ပြတင်းပေါက်မှ ပျံသန်းထွက်ခွာကာ လဟာပြင်ထဲက ကြယ်တာရာတွေကို ငေးမော ရေတွ က်ရတာ ဘယ်လောက် ကြည်နူးဖွယ်ရာလဲ ။


“ နင်ဟာ နင့်ဘဝကို ( လောကကြီးကို ) အရွဲ့တိုက်နေတာလား ချစ်ချစ် ရယ် ” ဟု သူငယ်ချင်း သန်းသန်း က သူတို့ အခန်းလေးကို ရောက်လာ လည်ပတ်ရင်း မျက်ရည်ကလေးတွေ လည်ကာ ပြောခဲ့ တာကို မှတ်မိနေပါသည် ။


ကိုကိုရဲ့  ရောင်ကိုင်းညိုမည်းကာ လှုပ်ရှားနိုင်စွမ်းမဲ့ ခြေဆစ်အရေပြားကို တစ်စုံတစ်ရာနှင့် ထိတိုက်မိပြီး သွေးတို့ အဆက်မပြတ် ယိုစီးကျနေချိန်မှာ ချစ်ချစ်သည် ချစ်ချစ်တို့ တူနှစ်ကိုယ် ဘဝလေး စားဝတ်နေရေးအတွက် အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ် ဝင်နေချိန်ဖြစ်သည် ။ ကိုကိုသည် ထိုအချိန်က သူ့လုပ်ငန်း သွေးဆုတ်နေချိန်လည်း ဖြစ်သည် ။ နောက်ဆုံး သွေးပုလင်းပေါင်းမြောက်မြားစွာ သူ့ ခန္ဓာကိုယ်မှ မြစ်တစ်စင်းလို စီးထွက်ပြီးနောက် ကလေး တစ်ယောက်ကို ကားငှားခိုင်းကာ ကိုကို တစ်ယောက်တည်း သူ့မိဘအိမ် ထွက်ခွာသွားခဲ့သည် ။ ဒီကတည်းက ကိုကို နှင့် ချစ်ချစ် စတင် ခွဲခွာခဲ့ရသည်မှာ ဘဝတစ်သက်တာ ဖြစ်တော့သည်  ။


တစ်ညမှာတော့ ကိုကို က ဒီလို ပြောခဲ့သည် ။


“ ကိုယ်နဲ့ ချစ်ချစ်တို့ ကလေး မယူကြေးနော် ”


“ ဘာဖြစ်လို့ လဲ ကိုကို ၊ ချစ်ချစ်တော့ ကိုကို့ ကိုယ်ပွားလေး တစ်ယောက်လောက် ရပြီးရင် တော်ပါပြီ ”


“ မဖြစ်ဘူး ကလေးရယ် ” 


“ ဘာကြောင့်လဲဟင် ”


“ ဘာကြောင့်လဲ ဆိုတော့ ကိုယ့် ရောဂါက ဟင်မိုဖီးလီးယား ( Heamophilia) လို့ ခေါ်တဲ့ သွေးမတိတ်ရောဂါ ။ ဒီရောဂါက ကိုယ့်မွေးရာပါရောဂါ ပေါ့ ။ ကိုတို့ သားလေး မှာ ဒီရောဂါမျိုး ဆက်မပေးချင်ဘူး ကလေးရယ် ။ ဒီ ဝဋ်ကြွေးကို ဒီဘဝမှာ ကိုယ်တစ်ဦးတည်းပဲ ခံယူသွားချင်တယ် ။ ကလေးကို ကိုယ် ချစ်မိတာ သိပ်နောင်တရမိတယ်ကွယ် ။ ကိုယ် မရှိတဲ့ အခါ ကလေးတစ်ယောက်တည်း လူ့လောက အလယ်မှာ မျက်စိသူငယ် ၊ နားသူငယ် နဲ့ ယောင်လည်လည် ကျန်ရစ်မှာ ကိုယ် မတွေးရဲဘူး ”


“ တော်ပါတော့ ကိုကိုရယ် ။ ချစ်ချစ် ဝမ်းနည်းစကားတွေ မကြားပါရစေနဲ့  ။ ကိုကိုနဲ့ နေရတဲ့ ဘဝခဏတာလေး ဆိုတာ ချစ်ချစ် ဘဝတစ်သက် တာပါနော် ။ ကိုကိုဟာ ဘာမှ မတုန်လှုပ်တဲ့ ယောက်ျား တစ်ယောက်ပါ ။ ဟုတ်ပါတယ်နော် ”


ကိုကိုသည် သေမိန့်ကျပြီးသူအဖြစ် သူ့ကိုယ်သူ သိနေသော်လည်း သူ့ ဘဝမှာ အချစ်ကို တွေ့ရှိသွားသူ အဖြစ် တန်အောင်နေထိုင်သွားခဲ့သူ ဖြစ်သည် ဟု ကျေနပ်နိုင်ပါစေ ။


မီးခိုးဖြူငွေ့များက လေးထောင့်အုတ်ခေါင်းတိုင်ထိပ်မှ တဝေ့ဝေ့ နွဲ့ယိမ်းတက်လွင့်သွားသည် ကို ချစ်ချစ် ငေးတွေ ကြည့်နေမိသည် ။ ကိုကို တစ်ယောက် မီးခိုးဖြူရောင်ဝတ်ရုံကို ဝတ်ဆင်လျက် ကောင်းကင်ပြာလွင်လွင်ဆီ တစ်စစီ ပျံသန်းသွားနေခဲ့ပေပြီ ။ ဒီလိုနှင့် ကိုကိုသည် ဖိစီးမှုများ အားလုံး မှ လွတ်မြောက်သွားခဲ့သည် ကတော့ အမှန်ပင် ။


 ▢  မောင်တင်ဆင့် 

📖ရွှေအမြုတေမြုပ်စုံမဂ္ဂဇင်း

     အမှတ် ၁၇၈

    စက်တင်ဘာလ ၊ ၂၀၀၄ ခုနှစ် 

Tuesday, October 28, 2025

မြို့ဂျပိုး ( ဇာတ်သိမ်း )


 ဗေဒင်ဆရာ ဟောလိုက်တဲ့ အထဲမှာ ဒုတိယအချက် ကလည်း ဒက်ဒက်ထိ မှန်ပြန်ပြီဗျို့ ။ တင်မြရီ တစ်ယောက် ကိုယ်လေးလက်ဝန် ဖြစ်နေရှာသတဲ့ဗျာ ။ လူ့ပြည်က အပ်တစ်စင်း နဲ့ ဗြဟ္မာပြည်က အပ်တစ်စင်း ထိကြတာထက် ခဲယဉ်းပါတဲ့ လူဖြစ်ရခြင်းတွေ ထဲမှာ တစ်ခါတစ်ရံ မထင်မှတ်တဲ့ ပြဿနာမျိုးတွေနဲ့ လူဖြစ်ရပြီ ဆိုရင် ဒီကလေးအတွက် သိပ်တော့ ဟန်မကျလှဘူး ။ တင်မြရီ လို မိန်းကလေးမျိုး အတွက် အပ်နှစ်စင်း ထိတဲ့ ပြဿနာဟာ ဘယ်ဘက်က တွေးတွေး စိတ်မအေးစရာ ချည်းပဲ ။


ကျွန်တော့်ကို တွေ့တော့ သူ ဝမ်းသာအားရ ဖြစ်သွားတာကို ကြည့်ပြီး ပါးစပ်က ပြောပစ်ချင်တာတွေ အလိုလို ပျောက်သွားပါတယ် ။


“ မိုးအောင်ရေ ... ငါ့ဘဝ အခုမှ ပြည့်စုံသွားတာဟဲ့ ၊ ငါ အရမ်းဝမ်းသာတယ် သိလား ၊ သူ့အဖေ ဘယ်သူလဲ ဆိုတာ နင်သိသားပဲ ၊ ဒါပေမဲ့ သူ့အဖေကို ငါ မေ့လိုက်ပြီ ၊ ငါ့ဘဝ အခုမှ တကယ် ငြိမ်းချမ်းသွားတာ ၊ ဟဲ့ ... နင် ဘာဖြစ်နေတာလဲ ” 


“ ကျွတ် ... နင် အရူးထပြန်ပြီလား ” 


“ မဟုတ်ပါဘူး ၊ ငါ တကယ် ပြောနေတာ ၊ သူ့အဖေကို ငါ လုံးဝ ဂရုမစိုက်ဘူး ၊ သူ သိအောင်လည်း ငါ မကြိုးစားဘူး ၊ ဘယ်သူ့မှ ငါ အပြစ်မတင်ဘူး ၊ ဒီလိုဖြစ်အောင် ငါ တမင် လုပ်တာဟဲ့ ၊ နင်သိလား ” 


“ ငါ သိသားပဲ ၊ ဒါ နင် တမင်လုပ်တာ အသိသာကြီးပဲဟာ ၊ နင် အရူးထတာ အရေးမကြီးဘူး ၊ ဒီကလေး ကြီးလာရင် ဘယ်လို လုပ်မလဲ ” 


“ အောင်မယ်လေး ... မိုးအောင်ရယ် ၊ နင်က သူ့အဖေ ကျနေတာပဲ ၊ ငါက အမေရင်းပါဟဲ့ ၊ သူ့ကို ဘာမှ ဒုက္ခ မဖြစ်စေရပါဘူး ၊ ငါ ရှာကျွေးနိုင်ပါတယ် မိုးအောင်ရယ် ၊ နင် ကလည်း ပူမနေစမ်းပါနဲ့ ” 

 

“ ဘိုးတော်ကြီးကို အကြောင်းကြားလိုက်ရင် ကောင်းမယ် ထင်တယ် ” 


“ နေပါစေ မိုးအောင် ၊ သူ့ဟာသူ သတင်းကြားပြီး သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ် ၊ နင်လူတွေ အကြောင်း ဘယ်လောက် သိလို့ လဲ ။ နင် သွားပြောရင် နင်ပဲ အဟားခံရမှာ ၊ နင့် ကိုယ်ဝန်လို့ တောင် ပြောလိမ့်ဦးမယ် ။ နေပလေ့စေ ၊ ဒီပြဿနာတွေ ငါ တမင် လုပ်တာ ၊ ငါ ရအောင် ဖြေရှင်းမယ် ၊ ဒါထက် နင် မိန်းမယူတော့မလို့ဆို ၊ ဟေ့ ချောရဲ့လား ၊ ငါ့ယောင်းမကို ကြည့်ချင်လိုက်တာ ” 


“ မသေချာသေးပါဘူးဟာ ၊ ငွေရေးကြေးရေးက မလွယ်သေးဘူးဟ ”   


“ ဟဲ့ ... ငါ့ ဘဏ်စာအုပ် ယူသွားလေ ၊ နင့်နာမည်နဲ့ ငါ ချက်ရေးပေး ထားသားပဲ ၊ နီလာ မပြောဘူးလား ၊ နင်ကလည်း ဟယ် ။ ဒါများ လာပြော နေရသေးတယ် ” 


“ ပြောပါတယ် ၊ ငါ ကိုယ်တိုင်က မယူချင်သေးတာပါ ။ အဲဒါ ထားလိုက်ဟာ ၊ နင့်ကိစ္စအခု ဘယ်လို လုပ်မလဲ ” 


“ ထောင်ပိုင်ကြီး ကတော့ သူ တတ်နိုင်သလောက် ကူညီမယ်တဲ့ ၊ အသနားခံစာတော့ တင်ခိုင်းတယ် ၊ ဝန်ခံချက်နဲ့ ထွက်ရမလား မသိဘူး ။ ဟဲ့ ... နင် ငွေလိုရင် ယူသုံးနော် ၊ နီလာ့ ကိုလည်း ပစ်မထားပါနဲ့ ဟာ ၊ အေးလေ ... နင်လည်း မိန်းမ ယူတော့မှာ ဆိုတော့ ” 


“ နင် ဘာတွေ ပြောနေတာလဲ ၊ ငါ တကယ် မအားလို့ မသွားတာဟ ၊ နင် လျှောက်ပြော မနေနဲ့ ၊ အဓိပ္ပာယ် မရှိတာ ” 


“ မိုးအောင်ရယ် ၊ နင်နဲ့ ငါ ပေါင်းလာတာ ကြာပြီ ၊ လူတွေအကြောင်း ငါ သိပါတယ် ၊ ငါ နင့်ကို အပြစ်တင်တာမှ မဟုတ်တာ ၊ နင် ဘယ်လောက်ပဲ ခင်ခင် .. ” 


“ တော်တော့ တင်မြရီ ၊ နင့်ပါးစပ် ပိတ်ထား ၊ လျှောက်ပြောမနေနဲ့ ”  


“ ငါပြောတာ နင့်အတွက် ... ” 


“ တော်ပြီ တင်မြရီ ၊ ကျေးဇူးတင်တယ် ၊ ငါ လည်း ဟီးရိုး မဟုတ်ဘူး  ၊ ဒါပေမဲ့ နင် ထင်သလောက်လည်း ငါ မွှန်နေတာ မဟုတ်ဘူး  ၊ ခရီးသွား နေလို့ သွားမတွေ့ဖြစ်တာ ၊ ရှင်းပြီလား ” 

 

ကျွန်တော့် အသံက ကျယ်သွားတဲ့ အပြင် ဟောက်သံငေါက်သံ ပေါက်သွားတာမို့ တင်မြရီ ခေါင်းငုံ့ သွားပါတယ် ။ ကျွန်တော် ပြောလိုက်ပြီးမှ လွန်သွားမှန်း သိလိုက်တယ် ။ တကယ်တော့ သူ ပြောတာ အကုန် မှန်နေပါလျက် ကျွန်တော့်ကို အရှက်ရစေတာမို့ ခပ်မာမာ အော်ပစ်လိုက်ရတာပါ ။ ပုရိသတို့ရဲ့ “ ဟောက်စား ” ဆိုတာ ဒီလိုပဲလေ ။ 


“ ကဲပါဟာ ၊ နင့်ကိစ္စ ဘယ်လို လုပ်မလဲ ၊ အဲဒါ အရေးကြီးတယ် ၊ နင့် ဘိုးတော်ကြီးကို သွားပြောကြည့်မယ် ၊ သူ လက်မခံလည်း သဘောပေါ့ ”   


“ ဟင့်အင်း .. ဟင့်အင်း ၊ ငါ သူ့ကို ဒုက္ခမပေးချင်ဘူး ၊ နင် ဘာမှ သွားမပြောနဲ့  ၊ ဒါပဲနော် ၊ နင် သွားပြောလို့ ကတော့ ဟွန်း ... ” 


“ တင်မြရီ ... နင် ရုပ်ရှင် ရိုက်နေတာလား ၊ ဘာ အရူးထတာလဲ ၊ သွားပြောတော့ ဘာဖြစ်လဲ ” 


“ နင် ငါ့ကို ထပ် အရှက်ခွဲသလို ဖြစ်မှာပေါ့ ၊ ငါ ပြောပြီးပြီပဲ ၊ ဒီ ကိုယ်ဝန် ရအောင် ငါတမင် လုပ်တာပါဆို ၊ ဒါ ငါ့ဘဝပဲ မိုးအောင် ၊ ဒီကလေးနဲ့ ငါ့ ဘာသာ အေးအေးဆေးဆေး နေတော့မယ် ၊ ဘယ်သူ့မှ ဒုက္ခ မပေးချင်ဘူး ၊ သူက လာပြီး သူ့ ရင်သွေးပါလို့ ပြောလာရင်တောင် ငါ ငြင်းချင် ငြင်းမှာ ရှင်းပြီလား ”  


“ အရူး ” 


“ ဟုတ်တယ် ၊ ငါရူးတယ် ၊ ဘာဖြစ်လဲ ”


“ နင့်လောက် ရူးတဲ့ သူငယ်ချင်းမျိုး ငါ့မှာ ရှိမယ်တောင် မထင်ဘူး ၊ ဘာလဲဟ ၊ ကလေး တမင် ယူတာ ၊ အဖေကို အသိ မပေးဘူးတဲ့ ၊ ဒါ ငါ့ဘဝ တဲ့  ၊ နင် ပြောတာတွေက ရုပ်ရှင်ဆန်တယ် ။ ဒီကလေး လူလားမြောက်ဖို့ နင် တတ်နိုင်တယ်များ ထင်နေသလား ။ နင် ဝတ်ဖို့ စားဖို့တောင် လောက်အောင် ရှာနိုင်ရဲ့ လား ၊ ကလေး တစ်ယောက် လူဖြစ်ဖို့ နင် တာဝန်ယူနိုင်တယ်များ ထင်နေလား ၊ အရူးမထနဲ့ တင်မြရီ ၊ အကောင်းဆုံးက ဖျက်ချလိုက် ၊ ဒါမှမဟုတ် သူ့အဖေကို တာဝန်ယူခိုင်း ၊ ငါ ဒါပဲ ပြောချင်တယ် ”   


“ မိုးအောင် ... မိုးအောင် ... ခဏနေပါဦး မိုးအောင်ရယ် ” 


ကျွန်တော် ထပြန်ဖို့ လုပ်တော့ ငိုသံကြီးနဲ့ တားမြစ်လာတာကြောင့် ရပ်နေလိုက်ပါတယ် ။


“ မိုးအောင်ရယ် ၊ ငါ ရှိခိုးပါတယ် ၊ သူ့ကို သွားမပြောလိုက်ပါနဲ့ ဟာ ၊ ဒါ ငါ တမင်လုပ်တာပါလို့ ပြောနေတဲ့ ဟာ ၊ အရင်က ငါ အကြပ် ကိုင်မလို့ပဲ ။ ဒါပေမဲ့ သူများ မိသားစုကို ဒုက္ခ မပေးချင်ဘူး ၊ ငါ့ကြောင့် သူတို့ မိသားစု ပြိုကွဲမှာ ဟဲ့ ၊ နင် ဘာသိလို့ လဲ ၊ ပြိုကွဲသွားရင် နင် ကိုယ်ချင်းစာ ကြည့်ပေါ့ ၊ ငါ လုပ်သင့်သလား ၊ ငါ ဒုက္ခပေးသင့်သလား ၊ ငါ ... ငါ ... ငါ့ကို နားလည်ပါ မိုးအောင်ရယ် ၊ ငါ ကောင်းကောင်း နေချင်ပြီ ၊ ဘယ်သူ့ကိုမှ ရန်ငြိုး မဖွဲ့ချင်တော့ဘူး ၊ ကလဲ့စား မချေချင်တော့ဘူး ။ ငါ လူကောင်း ပြန်ဖြစ်ချင်လို့ ပါ ၊ ငါ့ကို သနားပါ မိုးအောင်ရယ် ၊ နင် သွားမပြောပါနဲ့ နော် ၊ ငါ့ကို သနားပါ ။ ဟင် ... ဟင့် ” 


ငိုရပြန်ပြီပေါ့လေ ။


ဗြဟ္မာပြည်က အပ်နဲ့ လူ့ပြည်က အပ် ဆုံဖို့ ဆိုရင် ဒါမျိုးတွေလည်း ဖြစ်တတ်တာကိုး ။


ကျွန်တော့် တောက်ခေါက်သံက သူ့ကို မချိတင်ကဲ ခွင့်လွှတ်လိုက်တယ် ဆိုတာ သူ သိသွားတယ် ။


“ ကျေးဇူးပါပဲ မိုးအောင်ရယ် ၊ ငါ တကယ် ပြောတာပါနော် ”  


“ နင် ... တကယ် သေချာတယ်နော် ” 


“ အေးပါ ၊ ငါ တကယ် ပြောတာပါ ၊ ငါ သူ့ကို အကြပ်မကိုင်ချင်ဘူး ၊ အရင်လို စိတ်တွေ ငါ့မှာ မရှိတော့ဘူး ၊ အစကတော့ သူ့ကို အကြပ်ကိုင်မလို့ လုပ်တာ ။ ဒါပေမဲ့ ငါ အဲဒါတွေကို နောင်တရနေပြီ ၊ ငါ့ကလေးနဲ့ ငါ အေးအေးဆေးဆေး နေတော့မယ် ၊ ဆင်းရဲရင် ဆင်းရဲပါစေ ၊ ငါ မယုတ်မာချင်တော့ဘူး ၊ အပျက်ဘဝကို ငါ မုန်းနေပြီ ၊ ငါ တကယ် ပြောတာပါ ” 


ဟုတ်ပါတယ် ။ သူ တကယ် ပြောတာမှန်း ကျွန်တော် သိလိုက်ရပါပြီ ။ မိဘမေတ္တာ ဖြစ်မှာပါ ။ မမြင်ရတဲ့ ရင်သွေးလေးကြောင့် သူ့ကိုယ်သူ ဖြူစင်တဲ့ လူတစ်ယောက် ဖြစ်ချင်ရှာပြီကိုး ။ အမုန်းတရားနဲ့ အာဃာတတွေကို ခဝါချလိုက်ရရှာပြီ ။ သူ နှစ်ပေါင်းများစွာ ကလဲ့စားချေဖို့ အားတင်းခဲ့ပေမယ့် တကယ်တမ်း အခွင့်ကြုံလာတော့ မလုပ်ရက်တော့ပြီကိုး ။ ကောင်းပါတယ် ။ သူ ကိုယ်တိုင်လည်း ဆွေကြီးမျိုးကြီး ဆိုတော့ အခုလို အမြင်မှန် ရသွားတာ ကောင်းတာပေါ့ ။ သူ့မိဘတွေလည်း အရှက်မကွဲတော့ဘူး ။ သူများ ကဲ့ရဲ့တာ မခံရတော့ဘူး ။ ကလေး တစ်ယောက်နဲ့ အေးအေးချမ်းချမ်း နေသွားတော့မယ် ဆိုတော့ အဆိုးထဲက အကောင်းလို့ ပြောရတော့မှာပဲ ။


ကျွန်တော် စဉ်းစားကြည့်တယ် ။ လူတွေဟာ ဒီလိုပဲ ဗြုန်းစားကြီး ပြောင်းလဲတတ်သလား ။ ကျွန်တော် ထင်တာက တင်မြရီ ဒီကိုယ်ဝန်ကို ဗန်းပြပြီး ကောင်းကောင်း ဖူလုံအောင် အကွက်ဆင်မယ်လို့ ထင်ထားတာ ကျွန်တော့် သဘောနဲ့လည်း တစ်ထပ်တည်းပဲ ။ ဟိုလူကြီးလူကောင်းကြီးကို ဒုက္ခလှလှကြီး ပေးရပြီလို့ တွက်ထားတာ ။ အခုကျတော့ တင်မြရီ မှာ သူတော်ကောင်း စိတ်တွေ ဝင်နေပါရောလား ။ ကြည့်စမ်း ၊ မိန်းကလေးတန်မဲ့ အချစ်ကို အနစ်နာခံပြီး ထူထောင်သွားတယ် ။ မမ ဆိုရင်လည်း ကျွန်တော် သူ့ အပေါ် ဒီလောက် ကလိန်ကျတာတောင် မမုန်းမမေ့နိုင်ရှာဘူး ။ တယ်ဟုတ်နေကြပါလား ။ ကျွန်တော် ကျတော့ ကျွန်တော့် အတွက် အကျိုး မရှိဘူး ထင်ရင် ဘာကိုမှ အနစ်နာ မခံရဲဘူး ။ ပါးစပ်ကတော့ တကယ့် သူရဲကောင်း လိုလို ၊ ကယ်တင်ရှင်ကြီး လိုလို ဟန်တစ်ခွဲသားနဲ့ ဖြီးဖြန်းနေလာခဲ့တယ် ။ တကယ့် တကယ်ကျတော့ မိန်းမတစ်ယောက် လောက်တောင် ချစ်ခြင်းမေတ္တာကို မဖော်ကျူးနိုင်ပါလား ။ ဟုတ်တယ် ၊ ကျွန်တော်ဟာ တော်တော် ယုတ်မာသိမ်ဖျင်းနေတဲ့ လူဖြစ်ပြီ ။ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်နေပြီ ။ ဘယ်သူသေသေ ၊ ငတေမာဖို့ အဓိကထားသူ ဖြစ်နေပြီ ။


အသက်က သုံးဆယ် ၊ အလုပ်က တက္ကစီသမား ။ တွယ်တာစရာ ကင်းကင်းနဲ့ ထင်ရာစိုင်း နေလိုက်တာ ၊ ဘာမှ ကောင်းကျိုး မရှိသေးပါလား ။ တကယ်ဆို တင်မြရီ လို မိန်းမတစ်ယောက်ရဲ့ ခြေဖဝါးကို တောင် တို့ထိပြီး ဆရာ တင်သင့်ပြီ ။ မမ ကို ဒူးထောက်ပြီး ဝန်ချတောင်းပန်သင့်ပြီ ။ ခင်မေနွယ် ကို လက်လွှတ်ဆုံးရှုံးခံသင့်ပြီ ။


ကိုယ့်လူတို့ ရေ ...


လူဟာ ကိုယ့်ကိုယ်ကိုယ် ရွံပြီ ဆိုရင် မှန်တောင် ပြန်မကြည့်ချင်တော့ဘူး ။


ရွံစရာ တကယ်ကောင်းတဲ့ စိတ်နဲ့ လောကကြီးမှာ ရှင်သန်ရပ်တည်ရတာ လိပ်ပြာမသန့်ချင် တော့ဘူး ။ ဘာဆက်လုပ်ရမလဲ ။ ကျွန်တော် ဘာ ကောင်းမှုတွေ လုပ်သင့်သလဲ ၊ စိတ်ဓာတ်တွေ ပြန်ကောင်းလာအောင် ဘာတွေ လုပ်သင့်သလဲ ။ ဖတ်ခဲ့သမျှ စာတွေ ၊ လေ့လာခဲ့သမျှ ဗဟုသုတ တွေ ၊ နားလည်ခဲ့သမျှ လူ့စရိုက်တွေ နဲ့ လောကကို ကောင်းကျိုးရှိရှိ ရပ်တ ည်နေတဲ့ လူတစ်ယောက် ပြန်ဖြစ်ဖို့ လွယ်ပါဦးမလား ။


စိတ်ဓာတ်တွေ ကျပြီဗျို့ ။


••••• ••••• ••••• 


❝ မြို့ဂျပိုး ဇာတ်သိမ်းပိုင်း ❞


တက္ကစီဆရာက သူ့ မေးခွန်းကို သူ့ဘာသာ သဘောကျပြီး ရယ်လေသည် ။ ကျွန်တော်က စဉ်းစားရင်း သူ့ကို ငေးမော ကြည့်နေဖြစ်၏ ။ သူက ရယ်သွမ်းသွေးရင်း ..


“ ဘယ်လိုလဲ ကိုမာန် ၊ ကျွန်တော့် ဇာတ်ကြောင်းက ဝတ္ထု ဖြစ်ပါ့မလား ၊ တော်တော်တော့ တစ်ကိုယ်ကောင်း ဆန်နေမှာပဲနော် ” 

 

“ ကိစ္စမရှိပါဘူး ” 


“ ဒါဆို ကိုမာန် ရေးမယ်ပေါ့ ” 


“ ရေးမှာပါ ၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒါ ကျွန်တော်တို့ ခေတ်ပဲလေ ”   


“ ဘာလဲ ၊ ကိုမာန်က ဒီခေတ် လူငယ်တွေကို ပညာပေးချင်လို့လား ”   


“ အဲဒီလိုလည်း မဟုတ်ပါဘူး ၊ ကျွန်တော့် သဘောက ဖြစ်နေတာကို ဖြစ်နေတဲ့ အတိုင်း တင်ပြချင်တာ အဓိကပါ ။ ပြီးတော့ ဒါတွေဟာ ကျွန်တော် တွေ့နေ ၊ မြင်နေရတာပဲလေ ။ ကျွန်တော် သိချင်တာက ကိုမိုးအောင် ဘာလို့ လက်မထပ်ဖြစ်တာလဲ ၊ တင်မြရီ ဘာဆက် ဖြစ်သလဲ ၊ နီလာ ရော ... သူတို့ ဆိုင်ဖွင့်ဖြစ်သလား ၊ ပြီးတော့ ကိုမိုးအောင် ရဲ့ မမကြီး ဘယ်ရောက် သွားသလဲ ဆိုတာတွေ ... ” 


တက္ကစီဆရာက အကြမ်းပန်းကန်လုံးကို စားပွဲပေါ်မှာ လှည့်ကစားရင်း ကျွန်တော့် မေးခွန်းများကို စဉ်းစားနေသည် ။ အတော်လေးကြာ တော့မှ ...


“ မမ က နယ်ကို အပြီး ပြန်သွားပြီဗျာ ၊ ကျန်တဲ့ လူတွေ အကြောင်းတော့ ကျွန်တော် မပြောပါရစေနဲ့ ၊ ကျွန်တော် လက်မထပ်ဖြစ်တဲ့ ကိစ္စက ... ” 


သူက ခေါင်းကို ခပ်လေးလေး ညိတ်ရင်း စဉ်းစားပြန်သည် ။


“ ငွေပေါ့ဗျာ ၊ ကျွန်တော် ငွေမရှာနိုင်ဘူး ၊ ငွေနဲ့ တည်ဆောက်မှ ရမယ့် တင့်တင့်တယ်တယ် အိမ်ထောင်ရေးကို ကျွန်တော် မထူထောင်နိုင်ဘူး ၊ ကြာတော့ အမေတို့ လည်း ဘာမှ မပြောတော့ပါဘူး ။ မျက်နှာပျက်စရာတော့ ဖြစ်တာပေါ့လေ ။ တစ်ခု ကောင်းတာက ကျွန်တော် ချွေတာတတ်လာတာပါ ၊ လွယ်လွယ်ရ လွယ်လွယ်သုံး မလုပ်တော့ဘူး ၊ ပြောရရင် တက္ကစီ လောက ကလည်း အရင်ကလို ခေတ်မကောင်းတော့ဘူးဗျ ။ နယ်က လူတွေ အသွားအလာ နည်းသွားတော့ အော်ဒါ ကောင်းကောင်း မရတော့ဘူး ။ ကိုမာန် သိတဲ့ အတိုင်းပဲလေ ၊ အကျိုးဆောင်လုပ်ငန်းတွေ ပြဿနာ ပေါ်ပြီး ကတည်းက လူတွေ ငွေသိပ် မဖြုန်းကြတော့ဘူး ၊ အရောင်းအဝယ် လုပ်ငန်းတွေ သိပ်မဖြစ်တော့ သွားကြလာကြ သိပ်မရှိတော့ဘူးဗျ ။ အရင်ဆို ဘယ်ဗျာ ၊ သုံးလေးကြောင်း လိမ့်လိုက်ရင် တစ်မနက်စာ ဖူလုံသွားပြီ ၊ အခု အဲဒီ သုံးလေးကြောင်း ရဖို့ ဘုရားတ နေရတယ် ” 


“ အေးဗျာ ၊ ဇာတ်သိမ်းပိုင်း ကျမှ ခက်နေပြီ ” 


“ ဘာကို ခက်တာလဲကို မာန် ၊ ကျွန်တော် ပြောတာ မယုံလို့လား ”   


“ ဟာ ... မဟုတ်ပါဘူး ၊ ကျွန်တော်က ဝတ္ထုသဘောကို ပြောတာပါ ၊ ခင်ဗျား ပြောတာက လက်တွေ့ ကျပါတယ် ။ ဒါပေမဲ့ ဝတ္ထုသဘော ကျတော့ ဖာသိဖာသာ ထားခဲ့လို့ မရဘူးဗျ ။ ဒရမ်ဆရာ တုန်းက ကျွန်တော် တော်တော် အပြောခံရတယ် ။ ဒါကြောင့် ကိုမိုးအောင် ဇာတ်လမ်းမှာ တစ်ခုခု ပေါ့ဗျာ ၊ ဥပမာ - ခင်ဗျား ကောင်းစားသွားတာတို့ ၊ တင်မြရီ ကို ကယ်တင် လိုက်တာတို့  ၊ ဘာတို့ မျိုးပေါ့ ” 


“ ဟာဗျာ ၊ ကျွန်တော် မလုပ်တာကြီးကို ဘယ်လို လုပ်ပြီး ” 


“ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ၊ ကိုမိုးအောင် မှန်ပါတယ် ။ ကျွန်တော်က ဇာတ်လမ်း သဘောကို ပြောတာပါ ၊ ကိုမိုးအောင် အခုထက်ထိ မိန်းမ မယူဖြစ်ဘူး ၊ တက္ကစီ မောင်းနေတယ် ၊ ရေကျော်မှာ ဂိတ်ထိုးတယ် ၊ ဒါတွေ ကျွန်တော် မြင်နေတာပဲ ။ ဘယ်လို ပြောမလဲ ၊ သရုပ်မှန် သဘောအရ ဒီလိုပဲ တင်ပြရမှာ ပဲ ၊ ထားပါတော့ဗျာ ။ ဒီအတိုင်းပဲ ဇာတ်သိမ်း လိုက်ပါတော့မယ် ၊ ဒါပေမဲ့ တင်မြရီ ကိုတော့ ကျွန်တော် တွေ့ချင်သေးတယ် ”   


“ ဟင် ... ဘာလုပ်မလို့ လဲကိုမာန် ” 

 

“ သူ တကယ်ပဲ ကလေးဘဝ ရှေ့ရေးကို ဦးစားပေးလိုက်ပြီလား ဆိုတာ ၊ ပြီးတော့ ဝေဇယန္တာ လမ်းမကြီး နားမှာ ကျွန်တော့် သူငယ်ချင်းကို သူရိန်စိုးတို့  ရှိတယ်ဗျ ။ သူတို့ ဆီကို ရောက်ရင် အဲဒီ လမ်းမကြီးပေါ်က ကောင်မလေးတွေအကြောင်း ခဏခဏ ကြားရတယ် ။ အဲဒီနားမှာက လူကုံထံ တွေချည်း နေတာ မဟုတ်လား ။ တစ်ခါတလေ ကားတွေ ဘာတွေ ထွက်ငှားတဲ့ အခါ အုတ်ရောရော ဖြစ်ရလို့ တင်မြရီ တို့ ကို အမြင်မကြည်ဘူး ။ ဘယ်သူ့ အပြစ်မှတော့ မဟုတ်ပါဘူး ၊ ဖြစ်တတ်တဲ့ သဘောပါ ။ နောက်တစ်ခုက ပန်းဆိုးတန်း ဆိုတာ ကျွန်တော် အမြဲ ရောက်နေတဲ့ နေရာပဲ ၊ တကယ်လို့ ခက်ခက်ဝေ ကို တွေ့ရင် ခင်ဗျား အကြောင်း ရေးတဲ့ ဝတ္ထုကို လက်ဆောင်ပေးလိုက်ဦးမယ် ၊ သူ ဘာပြောမလဲ မသိဘူး ” 


“ ဘာပြောမှာ လဲ ၊ အလကား မိုးအောင် ၊ တကယ့်ဂျပိုးလို့ပဲ ပြောမှာပေါ့ ” 


“ ဟာ .. ကိုမိုးအောင်က ဂျပိုးကျတုန်းပဲလား ” 


“ ကိုမာန်ရယ် ... ကျွန်တော် တက္ကစီ မောင်းနေတုန်းပဲလေ ” 


ပြီးပါပြီ 


လေးစားစွာဖြင့် 

မာန် ( တောင်လုံးပြန် )

ရေစီးတစ်ခါ ရေသာတစ်လှည့်

 ❝ ရေစီးတစ်ခါ ရေသာတစ်လှည့် ❞

          ( ပုံပြင် )


တစ်ခါတုန်းက ရွာတစ်ရွာမှာ ကုလားအုပ် တစ်ကောင် ရှိသတဲ့ကွယ် ။ အဲဒီ ကုလားအုပ်ကြီးဟာ သူ့သခင်ရဲ့ ခိုင်းစေခြင်းဒဏ်ကို မခံနိုင်တော့တဲ့ အတွက် သခင်နဲ့ ဝေးရာ တောကြီးထဲကို အလစ် ထွက်ပြေးသတဲ့ကွယ် ။ သည်လိုနဲ့ ခရီး ဆက်လာတာ လူသူတွေနဲ့ ဝေးရာ တောကြီးမျက်မည်းထဲ ရောက်ခဲ့သတဲ့ ။


“ ငါတစ်ဦးတည်း လွတ်လပ်စွာ နေရတာ ဘယ်လောက် ကောင်းသလဲ ၊ ငါ့ရဲ့ နဖားကြိုး ကို ရှေ့ကဆွဲ ကုန်စည်တွေ တင်ပြီး ရိုက်ခိုင်းမယ့် သူတွေ နောက် မလိုက်ရတော့ဘူး ” 


အဲဒီလို ကျေနပ် ဝမ်းမြောက်စွာ တွေးတောပြီး ဆက်လက် ထွက်ခွာခဲ့တယ် ။ ဒီအချိန်မှာ အစာ ရှာရာက ပြန်လာတဲ့ ကြွက်ငယ် တစ်ကောင်ဟာ ကုလားအုပ်ကြီးရဲ့ နောက်က တန်းလန်း ပါလာတဲ့ ကြိုးစကို မြင်တော့ အံ့ဩစွာနဲ့ ကြည့်နေသတဲ့ ။ ကုလားအုပ်ကြီးဟာ တဖြည်း ဖြည်း ကြွက်ငယ် အနားကို ရောက်လာခဲ့သတဲ့ ။ ဒီအခါမှ သူ စောစောတုန်းက မြင်ရတဲ့ ကြိုးဟာ နဖားကြိုးမှန်း သိတော့ ကြွက်ငယ်က စဉ်းစား သတဲ့ကွယ် ။


“ သနားစရာ ကောင်းတဲ့ ကုလားအုပ်ဟာ နဖားကြိုး ဆွဲတဲ့သူ မရှိဘဲ သွားရင် လမ်းမှားပြီး ဒုက္ခ တွေ့တော့မယ် ၊ ဘေးရန်ကင်းကင်းနဲ့ သွားရအောင် ငါ ဦးဆောင်မှပဲ ” 


ကြွက်ငယ်ဟာ သည် ဆုံးဖြတ်ချက်ကို ချပြီးတာနဲ့ တစ်ပြိုင်နက် နဖားကြိုးကို ဖမ်းလိုက်သတဲ့ ။ ကုလားအုပ်ကြီးက ပြန်လှည့် ကြည့်တဲ့အခါ နဖားကြိုးကို ကြွက်ငယ် ကိုင်ထားတာ မြင်တော့ ရုတ်တရက် လန့်သွားပြီး ...


“ အင်း ... ငါ့နှယ် ၊ အန္တရာယ် တွေ့နေရပြန်ပြီ ၊ ဒါပေမယ့် အသာလိုက် နေမှ သက်သာမယ် ” လို့ တွေးဆပြီး နေလိုက်သတဲ့ ။ ဒီအခါ ကြွက်ငယ်က ကြိုးစကိုင်ပြီး ရှေ့ကနေ သွားတော့သတဲ့ ။ သည်လို အမူအရာကို ကုလားအုပ်ကြီး မြင်ရတော့ ...


“ ငါ့အလှည့်ကြုံမှ ဒင်း သိမယ် ၊ ခုတော့ ဒင်းမော်ပါစေဦး ”


ကြွက်ငယ် ကတော့ သူ့ကိုယ်သူ အထင်ကြီးပြီး နှုတ်ကနေ ဖွင့်ပြောလိုက်တယ် ။ 


“ ငါ့ကိုယ်မှာ ခွန်အား ဘယ်လောက် တောင့်တယ်ဆိုတာ ခုမှသိရတယ် ၊ အားကြီးခွန်ကြီး သတ္တဝါကိုတောင် မငြင်းမဆန် လိုက်လာနိုင်အောင် ဆွဲခေါ်နိုင်တယ် ”


ခရီးနှင်လာလိုက်ကြတာ ချောင်းကလေး တစ်ခုဆီကို ရောက်ခဲ့သတဲ့ ။ သည်အခါ ကြွက်ငယ်က ရပ်တန့်လိုက်တော့သတဲ့ ။


“ ဆက်ပြီးတော့ သွားပါ အဆွေ ၊ ကျုပ်တို့သည် ချောင်းကလေးကို ကျော်ဖြတ်နိုင်စွမ်းရှိပါတယ် ”


“ ကျွန်ုပ် မသွားနိုင်တော့ပါ ၊ သည်မြစ်ဟာ အင်မတန် ကျယ်ပါတယ် ” 


“ အို … သေးငယ်လှတဲ့ ချောင်းကို မြစ်လို့ ဆိုသလား ”


ကုလားအုပ်ကြီးက အံ့ဩစွာနဲ့ ပြောသည် ။


“ ဤရေသည် မကျယ်ပါ ၊ မနက်ပါ ၊ မယုံကြည်ပါက ယခု ဆင်းပြပါမည် ” 


ပြောပြောဆိုဆို ကုလားအုပ်ကြီးက ရေထဲကို ဆင်းပြလိုက်တယ် ။


“ သင့်ဒူးဆစ်သာ ရှိသော်လည်း အဆွေ၏ ကိုယ်ကာယနှင့် ကျွန်ုပ်၏ ခန္ဓာကို တိုင်းထွာပါဦး ” 


“ ဟုတ်ပေပြီ ၊ သင် မာန်မာန မထောင်လွှားနှင့် ၊ သင်သည် ကျွန်ုပ်၏ နဖားကြိုးကို ဆွဲလာ၍သာ ပါလာခြင်း ဖြစ်သည် ။ စွမ်းလှ၍ မဟုတ် ၊ အတုန့်အလှည့် ဟူသည် ရှိတတ်သည်ကို သတိပြု ”


“ မှားပါပြီ ၊ တစ်ဖက်သို့သာ အဆွေ ပို့ဆောင်ပေးပါ ၊ အဆွေအား လေးစားစွာ တောင်းပန်ပါတယ် ” 


“ ကောင်းပြီ ၊ လိုက်ခဲ့ပေတော့ ”


ကုလားအုပ်ကြီးဟာ သူ့ရဲ့ကျောကုန်းပေါ်ကို တင်ပြီး တစ်ဖက်ကမ်းကို ကူးပြီး လိုရာ ခရီးကို ဆက်သွားကြတော့သတဲ့ကွယ် ။


ညီ ၊ ညီမလေးတို့ရေ ၊ ဒီ ဒဏ္ဍာရီပုံပြင်ကလေးမှာဖြင့် မြန်မာစကားပုံ ရေစီးတစ်ခါ ရေ သာတစ်လှည့် ဆိုသလို ညီ ၊ ညီမလေးတို့ မှတ်ဖို့က ကိုယ်က အထက်စီးက ရနေရင် အောက်လူကို နှိပ်စက်ကလူ မပြုရဘူးကွယ့် ၊ ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာဆိုတာ အစဉ် မတည်ဘူးနော် ၊ ဒါပါပဲ ကွယ် ။


( ဘာသာပြန် )


 〇 ကြိုင်မြင့် 

📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆ဝ ၊ မေ

Monday, October 27, 2025

မြို့ဂျပိုး ( ၂၃ )


 

ကားပါကင်ကလည်း ရှားရှားပါးပါး J'DONUTS ဆိုင်ရှေ့မှာမှ ရတော့တယ် ။ ကျွန်တော် စိတ်မသက်မသာနဲ့ ဆိုင်ထဲကို လှမ်းကြည့်ပြီး ကားပေါ်က ဆင်းလိုက်ပါတယ် ။ အဖေ မှာလိုက်တဲ့ ကာရာအိုကေ ဆိုဖို့ မိုက်တစ်လုံး လာဝယ်ရင်း ဒီဘက်ကို ရောက်ခဲ့ပါပြီ ။ ဒီနေရာကို မလာတော့ဘူးလို့ စဉ်းစားထားတာမို့ ရုတ်တရက် ရောက်လာတော့ ရင်ထဲမှာ တစ်မျိုးပဲ ။

ကျော်စတူရီယိုမှာ မိုက်ဝယ်ပြီး ပြန်လာချိန်မှာ ကျွန်တော် J' DONUTS ဆိုင်ထဲလှမ်းဝင်လာမိတယ် ။ နေ့လယ်နေ့ခင်းမို့ ကော်ဖီလေးတစ်ခွက်လောက်တော့ သောက်ချင်တာရယ် ၊ စိတ်က လွမ်းသလိုလို ဖြစ်နေတာရယ်ကြောင့် ဆိုင်ထဲကို ဝင်လာမိတာပါ ။

ကောင်တာမှာ ကော်ဖီဝယ်ပြီး ထောင့်ကျကျ စားပွဲကို ရှာရင်း ကျွန်တော့်အတွက် အံ့ဩစေတာက “ မမ ” ကိုတွေ့လိုက်ရလို့ပါ ။ သူက ကျွန်တော့်ကို မမြင်ဘူး ။ ကျောခိုင်းပြီး ထိုင်နေပါတယ် ။ ကျွန်တော် ကပျာကယာ ခုံလွတ်တစ်ခုမှာ ဝင်ထိုင်ပြီး သူ့ကို လှမ်း အကဲခတ်လိုက်တယ် ။ သူ့ ရှေ့မှာ ကော်ဖီက နှစ်ခွက် ၊ မုန့်က နှစ်ယောက်စာ ချထားပါတယ် ။ ဘယ်သူ နဲ့ လာတာပါလိမ့် ။ ကျန်တဲ့ တစ်ယောက်က ဘယ်သူ ဖြစ်မလဲလို့ အသာ စောင့်ကြည့်နေမိပါတယ် ။ တကယ်တော့ ကျွန်တော် ဒီလို ချောင်းကြည့်တာ ဘယ်ကောင်းပါ့မလဲ ။ သူ့ဟာသူ ဘယ်သူနဲ့ပဲ လာလာ ကျွန်တော် စောင့်ကြည့်ဖို့ မလိုဘူးလေ ။ သူကတော့ လက်ထဲမှာ ပါလာတဲ့ မဂ္ဂဇင်း စာအုပ်ကို ဖတ်ပြီး အေးအေးဆေးဆေး ထိုင်နေပါတယ် ။

ကျွန်တော် စောင့်ကြည့်နေတာ နာရီဝက်ကျော်ကျော် ကြာတဲ့ အထိ သူ့ရှေ့ကို ဘယ်သူမှ ဝင်မလာဘူး ။ ကျွန်တော် သူ့ကို သွားနှုတ်ဆက်ဖို့ ဆုံးဖြတ်လိုက်ပြီး ထလိုက်ပါတယ် ။ ဘာပဲဖြစ်ဖြစ် တွေ့လို့မှ နှုတ်မဆက်ဘူးဆိုရင် ကျွန်တော် သိပ်ရိုင်းသွားမယ်လေ ။ သူ့ဆီကို လျှောက်လာရင်း ကျွန်တော့် ရင်တွေ တုန်တယ်ဗျ ။

“ မမ ... ”

ကျွန်တော် ခေါ်လိုက်တော့ သူပခုံး တွန့်ကနဲ ဖြစ်သွားပြီး လှည့်ကြည့်ပါတယ် ။ သူ့မျက်နှာက အောင်ပွဲရ သွားတဲ့ လူတစ်ဦးလို နှုတ်ခမ်းထောင့်လေးကစပြီး တဖြည်းဖြည်း ကွေးပြီး ပြုံးလာရင်း မျက်လုံးတွေကလည်း ဝင်းလက်လို့ လာပါတယ် ။ တော်တော်လေး စိုက်ကြည့်ပြီးတော့မှ ... ။

“ မင်းတကယ် လာပြီကိုး ” တဲ့ ။

“ မမ ဘယ်သူ့ကို စောင့်နေတာလဲ ၊ နေရာကောင်းရဲ့လား ၊ အဖေ့အတွက် မိုက် လာဝယ်ပေးရင်း ဒီဘက် ကြုံလို့ ဝင်လာတာ ၊ မမ ဘယ်သူ့ကို စောင့်နေတာလဲဟင် ”

“ ထိုင်ပါဦးလား ၊ ဘယ့်နှယ် မတ်တတ်ကြီး ရပ်နေတာလဲ ။ ထိုင်လေ ၊ ဘယ်သူ့မှ မစောင့်ပါဘူး ၊ ဒါထက် မင်းကိစ္စရော အဆင်ပြေပြီလား ” 

“ ဆိုပါတော့ ၊ မမ ဒါတွေက ... ”

ကျွန်တော် သူ့ရှေ့မှ ဝင်ထိုင်လိုက်ပေမယ့် ပြောစရာစကားတော့ သိပ် မရှိလှဘူး ။ သူကလည်း ကျွန်တော့်လိုပဲ တိတ်ဆိတ်နေပါတယ် ။ ကျွန်တော် တွေးနေတာက သူဘယ်သူနဲ့ လာတာလဲ ။ ဒီလောက် အကြာကြီး စောင့်နေပုံကတော့ တော်တော်ရင်းနှီးတဲ့ လူထဲက ဖြစ်ရမယ်လို့ ထင်ပါတယ် ။ ဒီနေရာဟာ သူနဲ့ ကျွန်တော် ထိုင်နေကျနေရာမို့ သူဘယ်သူနဲ့ လာတာလဲ ဆိုတာ မေးချင်နေမိပါတယ် ။

“ မမ ဘယ်သူနဲ့ လာတာလဲ ”

“ မင်းနဲ့ ဘာဆိုင်လဲ ”

“ ဪ ... ဆောရီး ... ဆောရီး ၊ ကျွန်တော် မှားသွားတယ် ။ ဆောရီးနော် ”

အလို .. သူ မျက်ရည်တွေ ဝဲနေပါလား ။ ကျွန်တော့်ကို ပြန်ကြည့်နေတဲ့ မျက်လုံးတွေက တစ်မျိုးကြီးပဲ ။ မဖြစ်ဘူး ၊ ပြန်တာပဲ ကောင်းပါတယ် ၊ ကျွန်တော် သက်ပြင်းချပြီး ပြန်ဖို့ ပြင်လိုက်ချိန်မှာ သူက ...

“ ငါ မင်းကို စောင့်နေတာ ”  တဲ့ ။

“ ဟာ ” 

“ ကိစ္စမရှိပါဘူး ၊ မင်း သွားချင်သွားပါ ”

“ ဟာ ... မမ ၊ ဟာဗျာ ၊ အဓိပ္ပာယ် မရှိတာ ”

ကျွန်တော်က အထိတ်တလန့် ပြောပြီး ဖုံးထားတဲ့ ကော်ဖီခွက်ကို ဖွင့်ကြည့်လိုက်ပါတယ် ။ ဟုတ်နေပါပြီ ။ ဒါ ကျွန်တော် သောက်နေကျ ဘလက်ကော်ဖီ ။ ဒုက္ခတော့ ရောက်ပြီ ထင်တယ်ဗျို့ ။

“ မမရာ အဓိပ္ပာယ်မရှိတာ ။

“ ငါ ဘာပြောလို့လဲ ၊ မင်း သွားချင် သွားတော့လေ ၊ သွားပါလားကွယ် ၊ သွားမှာ သွားပါ ” 

“ ဘာ ... သွား ၊ ဟာဗျာ ... မမ ”

ခံရခက်လိုက်ပုံတော့ မပြောချင်တော့ဘူးဗျို့ ၊ ဒေါသလည်း ဖြစ် ၊ မခံ မရပ်နိုင်လည်း ဖြစ် ၊ သူ့ကိုလည်း ဘာပြန်ပြောရမှန်း မသိတော့ဘူး ။

“ သွားပါတော့ မိုးအောင်ရယ် ၊ မင်း ထွက်သွားတာ အကောင်းဆုံးပဲ ၊ မင်းကို ဘယ်လို စိတ်နဲ့ မှ စောင့်နေတာ မဟုတ်ပါဘူး ၊ ငါ့စိတ် ငါ ဖြေသိမ့်နေတာပါ ၊ မင်း ထွက်သွားလည်း ဘာမှ အရေးမကြီးဘူး ၊ ငါ စောင့်နေတဲ့ မိုးအောင် က ငါ့ ရင်ထဲက မိုးအောင်ပါ ၊ နင် ထွက်သွားပါတော့ဟာ ”  

သူ့ရင်ထဲက မိုးအောင် တဲ့ ။

ဒီမိန်းမ ရူးများ သွားပြီလား မသိဘူး ။

“ ဒီမှာ .. မိုးအောင် ၊ မိန်းမတွေရဲ့ အချစ်ကို နင်ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး ၊ ဘာဖြစ်လို့ လဲသိလား ၊ နင်က ... နင်က ... နင့်ကိုယ်နင် သိပ်ဦးစားပေးနေတာကိုး ၊ သိပ်တစ်ကိုယ်ကောင်း ဆန်နေတာကိုး ။ ဒါကြောင့် နင့်မှာ ဘယ်တော့မှ ကိုယ်ချင်းစာစိတ် မရှိဘူး ၊ ငါကလည်း အဲဒါမျိုး အရမ်းမုန်းတာ ၊ နင့်ကို ငါ စောင့်နေတယ်ဆိုတာနဲ့ နင့်ကိုယ် နင် အထင် မကြီးလိုက်နဲ့ ဦး ၊ ငါချစ်တဲ့ မိုးအောင်က နင်နဲ့ ဘာမှ မဆိုင်ဘူးသိ လား ၊ နင်သွားတော့လေ ”

“ ကျွန်တော် မသွားတော့ ဘာဖြစ်လဲ ၊ သွားချင်မှ သွားမှာပေါ့ဗျာ ” 

“ နင်ဟာ တစ်စက်လေးမှ သစ္စာမရှိတဲ့ ကောင်ပါလား ၊ ဟင် ”  

“ ခင်ဗျား အခုမှ သိသလား ၊ တော်သေးတာပေါ့ ”

“ အေး ... နင့် မိန်းမကို နင် သစ္စာမရှိတာ အရေးမကြီးဘူး ၊ ငါ သူများ သမုတ်တာ မခံချင်ဘူး ၊ ရှင်းပြီလား ၊ နင် ငါ့ရှေ့က ထွက်သွားရင် ကောင်းမယ်နော် ၊ ဟွန်း ... ငါ့အဆိုးမဆိုနဲ့ ” 

“ ကျွန်တော့်မှာ မိန်းမဆိုလို့ ခင်ဗျား ပဲရှိတဲ့ ဟာ ၊ ဟင်း .. ဟင်း ”

“ မိုးအောင်နော် ၊ နင် မမိုက်ရိုင်းနဲ့  ၊ ဘာစကား ပြောတာလဲ ”

“ ဟုတ်တယ်လေ ၊ ခင်ဗျားပဲ ”

“ တော်တော့နော် မိုးအောင် ၊ တော်တော့နော် ၊ နင် ပေါက်ကရတွေ ပြောမနေနဲ့ ”

“ ဒါဆို ခင်ဗျားပေးတဲ့ ဝတ်စုံတွေ လာပြန်ယူဗျာ ၊ ကျုပ်မှာ ယူမယ့် မိန်းမ မရှိဘူး ”

“ ဟင် ... နင် ... ”

“ ဟုတ်တယ် ၊ ကျုပ် ဘယ်မိန်းမမှ မယူဖြစ်ဘူး ၊ ရှင်းပြီလား ၊ သွားမယ် ”

ကျွန်တော့် လုပ်ရပ်ဟာ မှန်သလား ၊ မှားသလားတော့မသိဘူး ။ ပြောပြီးတာနဲ့ ဆိုင်ထဲက ထွက်လာပြီး ကားဆီလျှောက် တံခါးဖွင့်ပြီး မောင်းထွက်လာခဲ့တယ် ။ အခုမှ ပဲရင်ထဲ ပေါ့သွားတော့တယ် ။ စောစောတုန်းက မမကို ကြည့်ပြီး ငိုချင်သလိုလို ဖြစ်မိတာလေး ဘယ်ပျောက်သွား မှန်းမသိဘူး ။ သူ့ကို မြင်ရတာ စိတ်မချမ်းသာဘူး ။ ကျွန်တော့်ကို လာစောင့်နေတာတဲ့ ဗျာ ။ ကျွန်တော် သောက်နေကျ ကော်ဖီ မှာပြီး တစ်ယောက်တည်း ငုတ်တုတ်ကြီး ထိုင်နေရှာတယ် ။ သူ့ဟာက ရုပ်ရှင်ရိုက် နေတာကျ နေတာပဲ ။ ဒီလိုဆိုတော့လည်း ကျွန်တော်ဟာ စွဲလောက်စရာ ဖြစ်လို့ကိုး ၊ ဘယ်ဆိုးလို့တုံး ။ ကျွန်တော်ကိုယ် ကျွန်တော် ဒီလောက် အထင်မကြီးမိခဲ့ ဘူး ။ မိန်းမတစ်ယောက်က ဒီလောက်တောင် သည်းသည်းလှုပ်နေပြီ ဆိုတော့ ကျွန်တော် ရုပ်ရှင်တွေဘာတွေ ဝင်ရိုက်ရင် ပေါက်သွားနိုင်တယ် ဟုတ်လား ။ မန္တလေးမှာ တုန်းက ခင်မေနွယ့် သူငယ်ချင်းတွေကို “ ထက်ထက် ” တို့  ၊ “ ထွန်းအိန္ဒြာဗို ” တို့ အကြောင်း ပါးစပ်ထဲ လျှောက်ပြောမိတာ နိမိတ်ပြနေပြီလား မဆိုနိုင်ဘူး ။ ဒါပေမဲ့ ဗေဒင်ဆရာဟောလိုက်တဲ့ ဗုဒ္ဓဟူးနံနဲ့ အမျိုးသမီးကိစ္စက မှန်နေပါရောလား ။ မမ က ဗုဒ္ဓဟူးသမီး ၊ အသက်ကလည်း ကျွန်တော့်ထက် ကြီးတယ် ။ ဒီအတိုင်းဆို သူနဲ့ ကျွန်တော့် ကိစ္စဟာ ဆုံးခန်းတိုင်ဦးမှာ မဟုတ်ဘူး ။ ကျွန်တော် ဘာဖြစ်လို့ သူ့ကို မိန်းမ မရသေးတဲ့ အကြောင်း ပြောလိုက်မိတာပါလိမ့် ။ တကယ်ဆို မပြောသင့်ဘူး မဟုတ်လား ။ သူ ခံစားနေရတာကို ကြည့်ပြီး ကိုယ့်ကြောင့် ဒီလောက် စိတ်ဒုက္ခရောက် နေတာကို ကိုယ့်ဟာကိုယ် ဒေါသဖြစ်ပြီး ပြောလိုက်မိတာ မှားသွားပြီနဲ့ တူတယ် ။ သူ့ဟာသူ အလွမ်းဇာတ် ခင်းနေတာကို ဝင်ရှုပ်မိပြန်ပြီ ။

သူ ဘာကြောင့် ကျွန်တော် မိန်းမရသွားပြီလို့ ထင်နေတာလဲ ။ ဧကန္တ ကိုမြတိုး လက်ချက်ပဲနေမယ် ။ ကျွန်တော် မန္တလေးမှာ နှစ်လလောက် ကြာသွားတာကို မိန်းမ ရသွားပြီလို့ သတင်းပေးလိုက်တာ နေမှာပါ ။ ဒါမှလည်း ဇာတ်လမ်းက ပြတ်မှာကိုး ။

အခုအချိန်ဟာ ကျွန်တော့် အတွက် ပြုပြင်ပြောင်းလဲရေးကာလ ဖြစ်နေတာကြောင့် အရင်က ကိစ္စတွေ ပြန်မဖြစ်အောင် သတိထားရပါတော့တယ် ။ ကျွန်တော့် လူမှုရေးပြဿနာတွေ ခင်မေနွယ် ကို မရိုက်ခတ်စေချင်ဘူး ။ ယူဖြစ်တာ မယူဖြစ်တာထက် ကျွန်တော် ဆင်ခြင်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး အရင်ကိစ္စမျိုး ရှောင်နေမိပါတယ် ။ နီလာ့ ဆီ ကိုတောင် မသွားဖြစ်ဘူး ။ ကျွန်တော့် ခေါင်းထဲမှာ ရှိနေတဲ့ အဓိကပြဿနာဟာ ငွေ ဆယ်သိန်း ရှာမှာလား ၊ မရှာဘူးလား ၊ ဆိုတာပါပဲ ။ ခင်မေနွယ် ဟာ ဆယ်သိန်းမက တန်မှန်း ကျွန်တော် လက်ခံပါတယ် ။ ခက်တာက ကျွန်တော် စိတ်ရှုပ် မခံနိုင်ဘူး ။ ချေးရ ၊ ငှားရ ၊ ဟိုဟာပေါင်ရ ၊ ဒီဟာပေါင်ရ လုပ်ပြီး မင်္ဂလာဆောင်ရမှာကို သိပ်စိတ် မထက်သန်လှဘူး ။ ငွေမရှာဘဲ ချစ်ပြီ ၊ ကြိုက်ပြီ လုပ်ပြန်ရင်လည်း ခင်မေနွယ် ကို တန်ဖိုးမထားရာ ကျဦးမယ် ။ မယူဘဲ နေလိုက်ပြန်ရင်လည်း လူကြီးမိဘတွေကို မျက်နှာ ပူရသေးတယ် ။

ကိုမြတိုး ကတော့ ယူဖြစ်အောင် ယူဖို့ တိုက်တွန်းနေပါတယ် ။

“ သူတို့ ဘက်က တောင်းတာ တရားပါတယ်ကွာ ၊ မင်္ဂလာဆောင်တော့ ဟိုကဒီက လက်ဖွဲ့ရင် မင်း ပြန်ရဦးမှာပါ ၊ ခန်းဝင်ပစ္စည်းကလည်း မင်းတို့ တစ်သက်လုံး သုံးရမှာ ပဲဟာ ။ ငွေလေးငါးဆယ်သိန်း ကို ကြည့်မနေနဲ့ ၊ ကိုယ့် တစ်သက်လုံးစိတ်ချမ်းသာဖို့ အရေးကြီးတာကွ ။ ငွေလည်း ဒီလိုပဲ ဝိုင်းရှာကြတာပေါ့ ။ မင်္ဂလာဆောင်တာ တစ်ကိုယ်တည်း လုပ်လို့ မရဘူး ၊ ဝိုင်းပြီး လုပ်မှ အထမြောက်တာ ။ ယူစမ်းပါ ၊ မင်း ဘာမှ ကြောက်မနေနဲ့ ”

သူ ပြောတာ ဟုတ်ပါရဲ့ ။ ဒါပေမဲ့ ကျွန်တော်က ငွေတစ်သိန်းလောက်တောင် ရှာတတ်ဖွေတတ်တာ မဟုတ်ဘူး ။ လက်ထဲ ပိုက်ဆံရှိရင်သာ ဝတ်ဖို့ စားဖို့ သုံးဖို့ ဖြုန်းဖို့ နားလည်တာပါ ။ ရှာဖွေဖို့ စုဆောင်းဖို့ ဆိုရင် ဘယ်လိုမှ စိတ်အားမသန်လှဘူး ။ ငွေဆယ်သိန်းလောက် အကြွေးတင်ပြီး မင်္ဂလာဆောင်ရမယ် ဆိုတာကြီးကလည်း သိပ်လွယ်တဲ့ ကိစ္စ မဟုတ်ဘူး ။ မိန်းမယူမယ် ဆိုရင် ဒါတွေ ကြုံရမှာပဲလို့ တစ်ခါမှ မစဉ်းစားထားတော့ ကျွန်တော့်မှာ မနိုင်တဲ့ ဝန်ကို ဝင်ထမ်းရမလို ဖြစ်နေပါတယ် ။ ( ၂၁ ) ရာစု ကို တူမောင်မယ် ရွှေလက်တွဲပြီး သွားမယ်လို့ စိတ်ကူးယဉ်ထားတာတွေ တဖြည်းဖြည်းဝေးလို့ လာခဲ့ပြီ ။

လူ့စိတ်ဟာ တော်တော် ဆန်းတယ်ဗျ ။

အရင်က ကိုယ် လိုလားတောင့်တချိန်ကတော့ ခင်မေနွယ် သာလျှင် ကျွန်တော့် ဘဝရဲ့ ပန်းတိုင် ၊ အလှမဖုရား ၊ နှလုံးသားဧကရာဇ် ဖြစ်နေခဲ့ပါတယ် ။ ကိုယ် မတတ်နိုင်တဲ့ ကိစ္စလည်း ကြုံရော အလကားပါလို့ ကောက်ချက်တွေချနေမိတော့တယ် ။

အမေက မျက်စောင်း တခဲခဲပေါ့ဗျာ ။ ဘယ်လို လုပ်တာလဲ ။ လူကြီးတွေက ကောင်းပြီကောင်းရဲ့ ပြောထားပြီးတာကို ဘာအချိုး ချိုးတာလဲ ၊ လမ်းဘေးက ဟာတွေနဲ့ ပဲ နေသွားမှာလား ၊ မိဘမျက်နှာ ပျက်ရဦးမှာလား ဆိုပြီး ပြစ်တင်စကားတွေနဲ့ တိုက်နေပါတော့တယ် ။ နောက်ဆုံး ကျွန်တော့် ဘက်က ဘာမှ မထူးခြားလာတော့ ...

“ ငါ ဘာ ပြန်ပြောလိုက်ရမလဲ ၊ မင်း ရှင်းရှင်း ပြောစမ်း ” တဲ့  ။

“ ဘာကိုလဲ အမေရာ ၊ ကျွန်တော် စဉ်းစားနေတာပါ ”

“ ဘာစဉ်းစားတာလဲ ၊ ဘာစဉ်းစားတာလဲ ၊ ဟိုကောင်မတွေကို မပြတ်နိုင်ဘူးမဟုတ်လား ၊ ငါ အကုန်သိတယ်နော် ၊ ဟင်း ..... ”

“ မဟုတ်ပါဘူး အမေရာ ၊ ငွေရေးကြေးရေး စဉ်းစားနေတာပါ ”  

“ စုထားပြီးသား ဘယ်လောက်ရှိလဲ ၊ စောစောက ပြောပါလား ”  

ဒုက္ခပဲဗျို့ ။

ကျွန်တော်များ စုတတ်ဆောင်းတတ်တဲ့ လူ ထင်နေမှ ကိုး ။ စုထားတာ တစ်ပြားမှ မရှိဘူးဆိုရင်လည်း ယုံမှာ မဟုတ်ဘူး  ။

“ ငါသိတယ် ၊ နင့်ကောင်မတွေ ဆီက ပြန်တောင်းလို့ မရဘူး မဟုတ်လား ၊ ထင်သားပဲ ၊ ဘယ်ပြန်ရမှာ လဲ ၊ ဒါမျိုးတွေ ရိုးနေပြီ ။ နည်းတယ်လို့တောင် ထင်ဦးမယ် ၊ နင်ငတုံးပဲ ”

အလို .... သူ ထင်တာ တစ်မျိုးပါလား ။

ကျွန်တော် ဘာမှ မပြောဘဲ ငြိမ်နေလိုက်တယ် ။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာ မစုထားဘူး ဆိုတာထက် စာရင် ဒါက နည်းနည်း အပြောခံရတာ သက်သာမယ်လေ ။ ကောက်ကျစ်တယ် ဆိုလည်း ဆိုတော့ဗျာ ။ လောလောဆယ် အပြောခံရတာ သက်သာဖို့ အရေးကြီးတယ် ။ တကယ်တော့ တင်မြရီတို့ အတွက် ကျွန်တော် ကုန်တယ် ဆိုတာ နှစ်သောင်းသုံးသောင်း ပါ ။ ဟိုချာတိတ်မလေးဆီက ကားခ မရတာတော့ ရှိတာပေါ့လေ ။

“ ဟွန်း ... နင် အခု သိပြီ မဟုတ်လား ၊ ဟင် မိုးအောင် ၊ ငါ မပြောချင်လို့ ကြည့်ကြည့်နေတာဟဲ့ ၊ နင် လည်း နင့်အဖေအမျိုးပဲ ။ ဘာမဟုတ်တာတွေနဲ့ ကျတော့ ကုန်လိုက်ရတာ သောက်သောက်လဲ ။ ဟင် ... မဟာကရုဏာရှင်ကြီးတွေပေါ့လေ ၊ နင်တို့ သားအဖ အဲဒါတွေနဲ့ပဲ သွားနေကြပါလား ”  

ပြဿနာက အဖေ့ဘက် လှည့်ပြီ ။

“ အမေရာ ... အဖေနဲ့ ဘာမှ မဆိုင်ပါဘူး ၊ ကျွန်တော့် ကိစ္စ ကျွန်တော့်ကိုပဲ ပြောပါ ”

ကျွန်တော် ဒီလို ပြောလိုက်တာဟာ အဖေ့ကို စာနာတယ်လို့ ထင်လိမ့်မယ် ။ တကယ်တော့ မြှောက်ပေးလိုက်တာဗျ ။ ကျွန်တော့် အိမ်မှာ “ အထာ ” ရှိတယ်လေ ။ ဒီလို ဝင်ဟန့်တားလိုက်ပြီ ဆိုရင် ပြဿနာက ပိုကြီးသွားတတ်တာကိုး ။

“ ဘာ ... အဖေနဲ့ မဆိုင်ဘူး ဟုတ်လား ၊ ဟင်း ... ငါ မပြောလိုက်ချင်ဘူး ၊ နင့်အဖေ ခေတ်ဆန်ပေါင်းများ နေပြီ ၊ ငါ့ကို အအကြီး ထင်တယ်ပေါ့လေ ၊ သိတယ်ဟေ့ ၊ သိတယ် ၊ နင့်အဖေ ... ” 

ပြောပြောပြော ကြိုက်သလိုသာ ပြောပေတော့ ။ ကိုယ် အပြောခံရတာ သက်သာဖို့ အရေးကြီးတယ် ။ အမေက ပြောပြီဟေ့ဆိုရင် တော်ရုံတန်ရုံ ပြီးတော့တာ မဟုတ်ဘူး ။ ဪ ... ဒီနေ့ ဘာနေ့ပါလိမ့် ။ သေချာတာပေါ့ဗျာ ။ အမေ ရိပ်သာဝင်ဖို့ နှစ်ရက်ပဲ လိုတော့တာကိုး ။ သွားခါနီးလေး လက်စွမ်းပြဖို့ လမ်းစ ရှာနေတာ မဟုတ်လား ။ ဒါမှ သူ သွားရတာ လမ်းဖြောင့်မှာလေ ။ ဒါမျိုးက ကြုံရပေါင်း များပြီမို့ ကျွန်တော် အသာလေး ငြိမ်နေပေးလိုက်တယ် ။ အမေ ဆူလို့ အော်လို့ ဝပြီ ဆိုရင် ကျွန်တော့်အတွက် တစ်ခုခု စီစဉ်ပေးမှာ သေချာပါတယ် ။ အဖေ ကတော့ ပက်လက်ကုလားထိုင်မှာ ထိုင်ပြီး မျက်နှာကြီး စူပုပ်လို့ နေရှာပြီ ။ သူ ခေတ်ဆန်ခဲ့သမျှ အခုတော့ ခံပေတော့ ။ ဒီ တစ်ရက်နှစ်ရက်တော့ အဖေ ဘယ်မှ သွားမှာ မဟုတ်တော့ဘူး ။ သူ့စာအုပ်အဟောင်းတွေနဲ့ နပမ်းလုံးတော့မယ် ။ ယာယီအပစ်အခတ် ရပ်စဲတဲ့ သဘောပေါ့ဗျာ ။ အမေက ဟင်းတွေ ဘာတွေ မချက်ဘဲနေမယ် ။ အဖေက ရှိတာလေးနဲ့ စားပြီး စာအုပ်တွေ ဖတ်နေမယ် ။ ကျွန်တော့် တာဝန်က အဖေ့အတွက် ညနေ ကားသိမ်းတဲ့ အခါ ပုဇွန်တောင် ပန်းခြံနားက ဆင်ဖြူတော်ဆိုင် ကနေ ခေါက်ဆွဲကြော် ဝယ်လာပေးရမယ် ။ ဒါက အမေ့ကို ကျွန်တော်တို့ သားအဖ အသံတိတ် ဆန္ဒပြနည်းပေါ့ ။

အမေကလည်း တစ်ခွန်းဆို တစ်ခွန်းမှ မပြောတော့ဘဲ ရိပ်သာကို သွားမယ် ။ ဒါပေမဲ့ သူ့အတွက် အရေးကြီးတဲ့ သောက်ဆေးတို့ ၊ မျက်မှန်တို့  ၊ ပုတီးတို့ ထားခဲ့နေကျ ။ အဖေက လိုက်ပေးနေကျ ။ အမေ့ အတွက် ရိပ်သာကို အအေးတို့ ၊ လက်ဖက်တို့ လိုက်ပို့နေကျ ။ အမေ မရှိတဲ့ အခါ ညီမက ဟင်းချက်ပြီး လာပို့မယ် ၊ ကိုကိုကြီးမိန်းမက ဟင်းချက်ပြီး လာပို့မယ် ။ ဒါကျွန်တော်တို့ မိသားစုရဲ့ ကိုယ်ပိုင် “ အထာ ” လေးပေါ့ဗျာ ။

အဖေက ကျွန်တော့်ကို အရင် အချိန်တွေမှာ ကဲ့ရဲ့ ပြစ်တင် သလောက် ၊ အခုလိုအချိန်မျိုးဆို ညီရင်းအစ်ကိုလို ဖြစ်နေပါရော ။ “ ကိုယ့် ရန်သူရဲ့ ရန်သူဟာ ကိုယ့်မိတ်ဆွေ ” ဆိုတဲ့ သဘောပေါ့ဗျာ ။ တကယ်လို့ ကျွန်တော် နဲ့ သူ ကတောက်ကဆ ထပ်ဖြစ်ရင် အမေနဲ့ ကျွန်တော် ပူးပေါင်း သွားနိုင်တာကိုး ။ ရိပ်သာကို ကျွန်တော် သွားတဲ့ အခါ အဖေ အိမ်မှာ စာဖတ်နေတယ် ၊ ဘယ်မှ မသွားဘူး ၊ တကယ်ပြောတာပါ ဆိုတဲ့ ကျွန်တော့်ရဲ့ ထောက်ခံချက်တွေက အဖေ့ အတွက် အရေးကြီးတယ်လေ ။ ကျွန်တော်က ဒါမျိုး ကျတော့ အဖေ့ကို ပိုပိုသာသာ ပြောပေးမိပါတယ် ။ “ အဖေတောင် ရိပ်သာ ဝင်မယ်ပြောတယ် ” တို့  ၊ “ ဒုလ္လဘ ဝတ်မယ် ပြောနေတယ် ” တို့ ကျွန်တော့် ပါးစပ်က ကြံဖန် ပြောပြတော့တာပဲ ။ ဒါမှလည်း အမေက သူ့ဘီရိုသော့ကြီးကို လွှဲအပ်တာကိုး ။ ဘီရိုသော့ကြီးဟာ အဖေ့အတွက် အမောပြေ မဟုတ်လား ။ သုံးဖို့ စွဲဖို့ လိုလာရင် ဒီ ဘီရိုသော့ကြီး ရှိမှ ၊ သွားတာလာတာ ဝတ်စားဖို့ လိုရင် အဝတ်အစားကောင်းတွေက ဒီဘီရိုသော့ကြီး ရှိမှ  ၊ ဘဏ်စာအုပ် လိုချင်လည်း ဒီဘီရိုသော့ကြီး ရှိမှ ဖြစ်တာမို့ ကျွန်တော် ရိပ်သာက ပြန်လာတိုင်း အဖေ့ မျက်လုံးတွေက “ ဘယ်လိုလဲ ” လို့ မေးနေကျပါ ။ နောက်ဆုံး ဘီရိုသော့ကြီး ပါလာပြီ ဆိုတော့မှ သူ အပူလုံးကြီးကျတော့တယ် ။ အမေက ခွင့်လွှတ်လိုက်ပြီကိုး ။

“ မင်းအမေ ဘာမှာ လိုက်သေးလဲ ”

“ နေလို့ သိပ် မကောင်းချင်ဘူးတဲ့  ၊ မနက်ကျရင် တစ်ခေါက် လာခဲ့ပါဦးတဲ့ ”

“ မင်း သွားလိုက်ပေါ့ကွာ ၊ ရိပ်သာဆိုတော့ ငါ ခဏခဏ မသွားချင်ဘူး ”  

“ ဟုတ်ကဲ့ ”

တကယ်တော့ အဖေ့ကို ကျွန်တော် တမင် “ စ ” လိုက်တာပါ ။ တကယ်လို့ အမေ ရုတ်တရက် ပြန်ရောက်လာရင် သူအပြင် သွားနေတာနဲ့ ကြုံမှာကို သူ စိုးရိမ်မှန်း သိလို့ မနက်ကျရင် အမေ ပြန်လိုက်လာ မလိုလို ပြောလိုက်ရတာ ။ အမေ ဘယ်တော့မှ ဒီလို ပြန်လာလေ့ မရှိဘူး ။ ဘယ်လောက်ပဲ ပင်ပန်းနေနေ ၊ ရိပ်သာဝင်ပြီ ဆိုရင် အမေက ဇွဲကောင်းတယ် ။ တစ်ခါ တော့ ဖျားလိုက်တာမှ ဆရာဝန် ခေါ်ပြီး ဆေးထိုး ရတယ် ။ ဒါလည်း အဖျားကျတာနဲ့ တရားဆက်ဝင်တာပဲ ။ အားလုံးက အိမ်ခဏပြန်ပါ ဆိုတာတောင် မပြန်ဘူး ။ ဒီလိုမျိုး သေရမယ်ဆိုရင် သူ အရမ်းဝမ်းသာတယ် တဲ့ ။ ကျွန်တော်လည်း မိဘကို “ စ ” တတ် ၊ “ နောက် ” တတ်တဲ့ အကျင့်ကို ဘယ်လို ဖျောက်ရမှန်း မသိဘူး ။ မနက်ကျတော့ အပြင်ကနေ ကျွန်တော် ဖုန်းလှမ်းဆက်ပြီး အဖေ့ကို အမေ နေကောင်းသွားတဲ့ အကြောင်း ပြောလိုက်ပါတယ် ။ သေချာတာကတော့ ဒီကနေ့ည မိုးကြီးချုပ်မှ အဖေ ပြန်ရောက်မှာပါပဲ ။

▢  မာန် ( တောင်လုံးပြန် )
📖 မြို့ဂျပိုး

ဝက်သစ်ချသီးကလေး

 

❝ ဝက်သစ်ချသီးကလေး ❞
             ( ပုံပြင် )

ရှေးသရောအခါ တောင်ထိပ် ပေါ်ရှိ ဝက်သစ်ချပင် တစ်ပင်၌ ဂျွန်းဂျွန်း ဆိုသော ဝက်သစ်ချသီးကလေး တစ်လုံး ရှိလေ၏ ။ ဂျွန်းဂျွန်းသည် သူ ရှိသော ဝက်သစ်ချပင် ပေါ်မှနေ၍ ကြည့်လိုက်လျှင် တောင်ခြေရှိ ရွာကလေး တစ်ရွာကို ကောင်းစွာ မြင်ရလေ၏ ။ တစ်နေ့သ၌ သူသည် ရွာကလေးကို ကြည့်နေစဉ် ရွာထဲတွင် ရွာသူရွာသားများသည် နွေဦးရာသီပွဲ လုပ်ကာ ပျော်ရွှင်စွာ ကခုန် နေကြသည်ကို တွေ့မြင်ရလေ၏ ။ ဂျွန်းဂျွန်း လည်း သူတို့လို ကခုန်ချင်စိတ် ဖြစ်ပေါ်လာလေ၏ ။ ထို့ကြောင့် ဂျွန်းဂျွန်းသည် ရွာသို့ သွားလိုသည် ဖြစ်၍ လေအား “ လေမင်းကြီးရယ် ၊ ကျွန်တော် ရွာထဲကို သွားပြီး ပျော်ပွဲကြည့်ချင်လို့ပါ ၊ ကောင်းကောင်းကြီး တိုက်လိုက်စမ်းပါ ” ဟု တောင်းပန်လေ၏ ။ ထိုအခါ လေကလည်း ဂျွန်းဂျွန်းကို ချစ်သည်နှင့် ပြင်းစွာပင် တိုက်ခတ် လိုက်လေ၏ ။ လေက ပြင်းစွာ တိုက်ခတ်လိုက်သောကြောင့် ဂျွန်းဂျွန်းသည် သစ်ပင်ပေါ်မှ ကြွေကျ ပြီးလျှင် တောင်အောက်သို့ လိမ့်ကျသွားလေ၏ ။ သူသည် လိမ့်၍လိမ့်၍ ကျသွားရာ ကောင်းစွာ ရပ်၍ မရနိုင်ဘဲ တောင်ခြေရှိ မြစ်ထဲသို့ ကျပြီးနောက် မျောပါ သွားလေ၏ ။ ဂျွန်းဂျွန်းလည်း ကြောက်အားလန့်အားနှင့် ရေစီးရာသို့ မျောပါသွားရာ ဘုရားရှိခိုးကျောင်း တစ်ကျောင်း နောက်သို့ ရောက်ရှိ သွားလေ၏ ။ ဂျွန်းဂျွန်းလည်း ကြောက်အားလန့်အားနှင့်ပင် “ ကယ်တော်မူကြပါ ခင်ဗျာ ၊ ကျွန်တော် ရေနစ် နေပါတယ် ၊ ကယ်တော်မူကြပါ ” ဟု တအား ကုန်းဟစ်၍ အော်လိုက်လေ၏ ။ ထိုဘုရားရှိခိုးကျောင်း မှာလည်း နွေဦးရာသီပွဲ ကျင်းပရာဖြစ်၍ နေလေ၏ ။ ထို့ကြောင့် ဘုရားရှိခိုးကျောင်း ထဲမှာ ရှိနေသော လူကလေး နှစ်ယောက်တို့က ဂျွန်းဂျွန်း၏ ဟစ်အော်သံကို ကြားလိုက်ကြ၍ မြစ်ဆိပ်သို့ ပြေးထွက်လာခဲ့ကြလေ၏ ။ သူတို့သည် ကမ်းပေါ်မှ နေ၍ “ ဟေ့ ဘယ်ကလဲ ၊ ဘာဖြစ်နေတာလဲ ” ဟု ဟစ်အော်၍ ပြန်မေးလိုက်ကြလေ၏ ။

မြစ်ထဲမှ ဂျွန်းဂျွန်း ကလည်း ဝမ်းသာအားရဖြင့် “ ဒီမှာ ဒီမှာ ၊ ကျွန်တော် မြစ်ထဲမှာ မျောပါလာပါတယ် ၊ ကျွန်တော်ဟာ ဟိုတောင်ပေါ်က ဝက်သစ်ချသီးကလေး ဂျွန်းဂျွန်း ဆိုတာပါ ၊ ဒီရွာက နွေဦးရာသီ ပျော်ပွဲကို လာတာပါ ၊ အဲဒါ တောင်ပေါ်က လိမ့်ကျပြီး မြစ်ထဲမှာ မျောပါသွားလို့ပါ ” ဟု ပြန်ပြော လိုက်လေ၏ ။ ထိုအခါ လူကလေး နှစ်ယောက်တို့လည်း မြစ်ထဲသို့လိုက်၍ ကြည့်ကာ မျောနေသော ဂျွန်းဂျွန်းကို ကူး၍ ဆယ်လိုက်ကြလေ၏ ။ ထို့နောက် လူကလေးတို့သည် ဂျွန်းဂျွန်း ရောက်ချင်နေသော ရွာထဲမှ နွေဦးရာသီပွဲ ရှိရာသို့ ခေါ်သွားပြီးလျှင် ကောင်းစွာ လိုက်ပြကြလေ သတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆ဝ ၊ မေ

ထိုအလွမ်း


 

❝ ထိုအလွမ်း ❞
( အောင်စည်ဟိန်း )

သီတင်းကျွတ်ပြီ ဆိုလျှင်ဖြင့် တစ်အိမ်လုံး က ဘဘဦးအောင်သန်း ကို မျှော်ကြပြီ ။ ကျွန်တော်တို့ တစ်အိမ်တည်းလား ။ ကျွန်တော်တို့ ဆွေမျိုးတစ်သိုက်လုံးက မျှော်ကြပြီဖြစ်သည် ။

အဲသည်တုန်းက ကျွန်တော်တို့ က ကြည့်မြင်တိုင်ဈေးကြီးပိုင်းမှာ နေသည် ။ ဘဘဦးအောင်သန်း က စမ်းချောင်းမြင့်မိုရ်လမ်း မှာ နေသည် ။ ဘဘဦးအောင်သန်း က သူ့ ထိုးစံ ဆိုလျှင်တော့ သီတင်းကျွတ်လပြည့်ကျော် ၂ ရက် ၃ရက် နေ့ လောက်ဆိုလျှင် ပေါက်ချလာတတ်သည် ။ သူ ရောက်လာပြီ ဆိုလျှင်တော့ တစ်အိမ်သားလုံး ဆွေတွေမျိုးတွေနှင့် ပြည့်သွားတတ်သည် ။

ကျွန်တော်တို့ အိမ်နားပတ်ချာလည်မှာ တစ်ရွာတည်း နေခဲ့ကြဖူးသူတွေ ရပ်ဆွေရပ်မျိုးတွေ အိပ်အမိုးချင်း ထိမတတ်မို့ ဆွေမျိုးတွေချည်း စုနေကြသလို ဖြစ်နေသည် ။

“ ကိုအောင်သန်း ဒီနှစ် ဘယ်မှာတဲ့တုန်းရှင် လူတွေကော လွှတ်လိုက်ပြီလား ”

“ မြစ်ကူးချောင်းဖျား ဆိုသည့် နှစ်တော့ အမေတင်တို့က မလိုက်ဘူးတဲ့ ”

“ မနှစ်ကလိုရှင် အရပ် ထဲက ကလေးတွေချည်း ဆိုရင် ဒီနှစ် အလုပ်ဖြစ်မှာ မဟုတ်ဘူး ”

စသဖြင့် ဘဘဦးအောင်သန်း  စက်ဘီးပေါ် က မဆင်းရသေးခင် ဝိုင်းပြောတတ်ကြသည် ။

“ နေကြပါဦး နင်တို့ ကလည်း ငါ ဖြင့် ကိုစိန်လှိုင် တို့ အိမ်ပေါ်တောင် မတက်ရသေးဘူး ” ဟု ဆိုကာ သည်လူတွေ ကို တိုးဝှေ့၍ အိမ်ပေါ် ရောက်အောင် တန်းတက်ပြီး ကျွန်တော်တို့ အမေကြီး ဒေါ်မြမေ ထံသို့ အပြေးအလွှားသွားတတ်သည် ။

ပြီးလျှင်တော့ သည်နှစ် ဘယ်နေရာမှာ ကထိန်းခင်းဖို့ အတွက် သူ ဘယ်လို စီစဉ်ထားသည် ဆိုတာကို စီကာပတ်ကုံး ပြောပြတတ်သည် ။ အမေကြီးသည် စမ်းချောင်း ဆီဆုံလမ်းတွင် နေထိုင်ခဲ့ဖူးသည် ။ အမေကြီးတို့ စမ်းချောင်းတွင် နေထိုင်စဉ် ကတည်း က မြင့်မိုရ်လမ်း က ဘဘဦးအောင်သန်း တို့ ဇလွန်လမ်း က ဒေါ်မမတင် ( ကျွန်တော်တို့ တစ်မျိုးလုံး ကတော့ အမေတင် ဟု ခေါ်ကြသည် ။ ထိုအဖွဲ့တွေနှင့် ပေါင်းကာ နှစ်စဉ် ကထိန်ခင်းလေ့ရှိကြသည် ။

အမေကြီး က ကြည့်မြင်တိုင် မှာ နေပေမင့် ကြည့်မြင်တိုင် က ရေလမ်းဖြင့် သွားရသည့် တွံတေးမြို့နယ် အပိုင်ထဲက ရွာကလေးတွေမှာ အမေကြီး အမျိုးတွေ တစ်ပုံတစ်ပင် ရှိသေးသည် ။ အလှူဟေ့ ဆိုလျှင်တော့ အမျိုးတွေ ဆင့်ခေါ်လိုက်ကြရုံသာ ရှိသည့် ငွေအား လူအားဖြင့် အမေကြီး အိမ်မှာ လာစုကြသည် ။

ပထမတော့ ကျွန်တော်တို့ အိမ်နီးပတ်ချာလည် က ဆွေမျိုးတွေ အမေကြီးတို့ ရွာက ဆွေမျိုးတွေ ၊ ဘဘဦးအောင်သန်း တို့ အမေတင် တို့ စမ်းချောင်း က အဖွဲ့တွေ နှင့် အစဉ်အလာ မပြတ် ကထိန် ခင်းကြသည် ။ နောက်တော့ အရပ်ထဲက ရပ်ဆွေ ရပ်မျိုးတွေ ပါ တစ်တပ်တစ်အား ပါလာကြလေသည် ။

သည် အရပ်သည် အလှူရေစက် လက်နှင့် မကွာ အရပ် ဖြစ်သလို ဗမာ ရပ်ကွက်ကြီး မို့ ပွဲလမ်းသဘင်လည်း စုံလှသည် ။ ကထိန် ခင်းစရာ ဘုန်းကြီးကျောင်းတွေလည်း ပေါမှ ပေါ။ ဒါပေသိ အမေကြီးတို့ ဘဘ ဦးအောင်သန်း တို့ အမေတင် တို့ က လှူပုံ ကိုတော့ ရပ်မျိုးတွေ ရပ်ခံရွာခံ တွေက အတော့်ကို သဘောကျကြသည် ။ ဒါနှင့်ပင် သည် ကထိန်အလှူ အဖွဲ့ကို မတိုင်ပင်ပါဘဲနှင့် ဖွဲ့မိ စုမိကြပြီး ဖြစ်သည် ။

ဘဘဦးအောင်သန်း တို့ မြင့်မိုရ်လမ်းအုပ်စု က သည်လို သီတင်းကျွတ်ပြီ ဆိုကတည်းက ကထိန် ခင်းရမည့် ဘုန်းကြီးကျောင်း ကို လိုက်ရှာကြရသည် ။ ရန်ကုန်တစ်ခွင် ပဲ ဆိုပါတော့ ။ မနှစ် ကတည်းက စာရင်းကောက်ထားသည့် ကျောင်းတွေလည်း ရှိချင် ရှိနိုင်မည် ။ အဓိက အချက်ကတော့ ကထိန် လုံးဝ မရသေးသည့် ဘုန်းကြီးကျောင်း ဖြစ်ဖို့ သာ လိုသည်တဲ့ ။ အမေကြီး ဒေါ်မြမေ တို့ အမေတင် တို့ အဖွဲ့က အလှူအတွက် လှူရေးတန်းရေး ပြုတ်ရေး တာဝန်ယူထားကြသည် ။ လုပ်အားပေးကြရသသည့် အမာခံတွေ ကတော့ ဘဘဦးအောင်သန်း တို့ အဖွဲ့တွေပဲ ဖြစ်သည် ။

“ ကိုဖြူလုံးကြီးကော ပြန် မရောက်သေးဘူးလား ကိုအောင်သန်း ။ ဒီအချိန်တော့ ပြန်ရောက်ဖို့ ကောင်းပြီ ”

“ ဟဲ့ မေနှင်း ရဲ့ နင့် ဟာကလဲ အခုမှ လပြည့်ကျော်ရုံ ရှိသေးတယ် ၊ ကထိန်ခင်းမှာက တန်ဆောင်မုန်း ထဲမှာဟာကွယ် သူ့ အချိန် သူ သိပါတယ်ဟဲ့ ”

ဒါကတော့ တစ်နှစ်မှာ တစ်ကြိမ် ပြန်ဆုံကြသည် ဆွေရင်းမျိုးချာလို အချင်းချင်း ဖြစ်နေကြသည့် မိတ်ဆွေတစ်တွေ သတိတရ မေးကြမြန်းကြတာပဲဖြစ်သည် ။ အင်းလေ တစ်နှစ်မှာ တစ်ခါ ဆုံကြရသည့် တစ်နှစ်မှာ တစ်ကြိမ်သာ လှူခွင့်ရကြသည့် ကထိန်အလှူပွဲ မဟုတ်လား ။ သွားရလာရသည့် နေရာဒေသကို လိုက်၍ လူတိုင်း မလိုက်နိုင်ကြသည့် တိုင်အောင် တတ်အားသမျှ လုပ်အားတော့ ဝင်ကြကူကြမြဲဖြစ်ပါ၏ ။

ရန်ကုန်သည် မြို့ကြီးပြကြီး ဆိုပေမင့် အဲဒီတုန်းကတော့ အစွန်အဖျား နေရာဒေသများရှိ ရွာငယ်ရပ်ကွက်ငယ် ကလေးတွေမှာ ဆွမ်းကွမ်း ချို့တဲ့ရှာသည့် ဘုန်းကြီးကျောင်းတွေ တော်တော်များများပဲ ရှိသည် ။ သည်လို ဆွမ်းကွမ်းက ရှား သံဃာအင်အားက များပြီး ရံဖန်ရံခါသာ ပျောက်ကျား ကထိန် ရတတ်သည့် ဘုန်းကြီးကျောင်းမျိုးမှာ အမေကြီး တို့က ကထိန်ခင်းလေ့ရှိသည် ။

“ မိုးကျကထိန်တဲ့ ” ဘယ်က ဘယ်လို နာမည်ပေးလိုက်သည် မသိ ။ ဟုတ်တော့ဟုတ်ပါလိမ့်မည် ။ ကထိန်အလှူတော် ရှိရာ ဘုန်ကြီးကျောင်းသို့ ကထိန်ဒါယကာတွေ မိုးပေါ် က ကျသလို ရောက်လာပြီး ကထိန်ခင်း ကာ အလှူပွဲကြီးပြီးတော့ ပြန်သွားကြမည် ဖြစ်သည် ။ သူတို့ နောက်နှစ် ပြန်လာကြပါမည်လား ။ မသေချာတော့ပါလေ ။

ကထိန်အလှူ နှင့် ပတ်သက်၍ မူ ကထိန်အလှူတော် ကာလ ၊ ကထိန်ခင်းကြရသည့် ကာလ သည် သီတင်းကျွတ် လပြည့်ကျော် ၁ ရက် နေ့ မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့ အထိဟု မှတ်သားမိပါ၏။ ကထိန် အလှူတော် ပေါ်ပေါက်ခြင်းဖြင့် ကျောင်းနေ သံဃာတော်များသည် ကထိန်အာနိသင် ငါးပါးကို ရရှိကြ၍ ကထိန် အလှူတော် အဖွဲ့များက ကထိန်အလှူတော် မပေါ်ပေါက်သေးသည့် ကျောင်းများကို ဦးစားပေး ရှာဖွေ လှူဒါန်းကြခြင်းဟု လည်း မှတ်သားခဲ့ရဖူးသည် ။

ဝါဆိုလပြည့်နေ့ မှ ၍ သီတင်းကျွတ်လပြည့်နေ့ တိုင် ဝါတွင်းသုံးလ ကာလပတ်လုံး ဝါ မကျိုးမပေါက်ဘဲ ပဝါရဏာ ပြုထားသည့် သံဃာတော်များ ကသာ ကထိန်အလှူကို လက်ခံကောင်းသည်ဟုလည်း သိရပြန်ပါ၏ ။ ကထိန်ခင်းရာတွင် ဗုဒ္ဓဘုရားရှင် ခွင့်ပြုတော်မူသည့် သင်္ကန်းသုံးမျိုး ရှိလေရာ ဒုကုဋ် ဟု ခေါ်သည့် နှစ်ထပ်သင်္ကန်းကြီး ၊ ဧကသီ ခေါ် ကိုယ်ဝတ် နှင့် သင်းပိုင် ခေါ် ခါးဝတ်တို့ ဖြစ်သည်ဟုလည်း မှတ်သားရပြန်သည် ။ ကထိန်အလှူ ပေါ်ပေါက်ခြင်းဖြင့် ကျောင်းရှိ သံဃာများ ရရှိသည့် ကထိန် အာနိသင် မှာ

အနာမန္တစာရ - ထင်ရှားရှိသော ရဟန်းတို့ ခွင့်မပန်ဘဲ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ကြားရာ သို့သွားလာနိုင်ခြင်း။

အသမာဒါဒီစာရ - အဓိဋ္ဌာန်တင်ပြီး ဆောင်ရသော သင်္ကန်းကို မယူဘဲ သွားနိုင်နေနိုင်ခြင်း။

ယဝဒတ္တစီဝရ - အလိုရှိတိုင်း သင်္ကန်း ကို အဓိဋ္ဌာန် ကို ဝိကပ္ပနာ မပြုဘဲထားနိုင်ခြင်း ၊ ကထိန်ခင်းသည့် ကျောင်းတိုက်တွင် ကထိန် ခင်းပြီးသည့် နောက်နေ့ တွင် သံဃာ အား လှူဒါန်းထားသော သင်္ကန်းကို ကထိန် အနုမောဒနာ ပြုသည့် ရဟန်းသာ ရရှိနိုင်ခြင်းတို့ ဖြစ်ပါ၏ ။

ဒါကတော့ ကထိန်အလှူ နှင့် ပတ်သက်၍ မှတ်မိသရွေ့ ဖြစ်ပါ၏။ ဘဘဦးအောင်သန်း တို့ တစ်နှစ် တစ်နှစ် မိုးကျ ကထိန် အတွက် ဘုန်းကြီးကျောင်း ရှာရဖွေရတာ မသက်သာ သလို နောက်ပိုင်းမှာ လှူတန်းကျွေးမွေးကြမည့် အမေကြီး ဒေါ်မြမေ တို့ အဖွဲ့တွေ လိုက်လာနိုင်ဖို့ စီစဉ်ရသည်ကလည်း မသက်လှပါ ။ ရန်ကုန်မြို့ တစ်ဖက်ကမ်းက ရွာကလေးတွေက အဲသည်တုန်းက ခုလို ကားလမ်းတွေ မပေါက်သေး ။ ရေတစ်တန် ကုန်းတစ်တန်။ ကားနှင့် အနီးဆုံး လှေဆိပ်ကို သွား လှေနှင့် ကူး။ တစ်ဖက်ကမ်း ရောက်တော့ ကုန်းတစ်တန် အတွက် လှည်းဆင့်ကြ ၊ တစ်ခါတစ်ခါ ကထိန်အဖွဲ့ က လူအင်အား မသေးလှ ၊ ကထိန်အလှူကို လာသည့် ပရိတ်သတ်က ရွာခံတွေ ထက်ပင် များချင်သေးတတ်သည် ။ လူများတော့လည်း ပျော်စရာပဲ ဖြစ်သည် ။

တစ်ခါတစ်ခါတော့လည်း ကထိန်အဖွဲ့ နှင့် အတူ ရောင်တော်ဖွင့် အဖွဲ့ ပါ ရောပါသွားတတ်သည် ။ ရောင်တော်ဖွင့် အဖွဲ့သည် ရန်ကုန် တစ်ခွင် သင်္ကန်းတော် မရှိရာသည့် စေတီပုထိုးများကို ထုံးသင်္ကန်းတော် ကပ်လှူသည့် အရပ်ထဲက အဖွဲ့ပင် ဖြစ်သည် ။ သည်အဖွဲ့ ပါလာတော့လည်း အဲသည် ရွာအတွက် ရွာဦးကျောင်းတွင် ကထိန်အလှူပါ ဖြစ်လာသလို ရွာဦးဘုရား လည်း ထုံးသင်္ကန်းဖွေးဖွေးနှင့် ဖြစ်သွားတတ်သည် ။ တစ်ခါတစ်ရံတော့လည်း ကထိန်အလှူပင် ဝေးစွ  ၊ ကျောင်းပင် ပြိုလုကြိုဆဲ ကျောင်းမျိုးကို ရတတ်ပါ၏ ။ သည်လို ကျောင်းမျိုးဆိုလျှင်တော့ ဘဘဦးအောင်သန်း တို့ ကထိန် အလှူတွက် သာမက ကျောင်းအလှူပါ ပြီးမြောက်အောင် စွမ်းဆောင်ရပြန်ပါ၏ ။ ကထိန်အလှူ သွားကြရင်း ဆွေတွေမျိုးတွေ ဖြစ်တတ်တာလည်း ရှိဖူးသည် ။ နှစ်ရှည်လများ ကွဲကွာသွားရသည့် ဆွေတွေမျိုးတွေနှင့် ပြန်တွေ့တာလည်း ရှိဖူးသည် ။ စုံလို့ ပါပဲ။ အလှူ အတွက် ချက်ကြပြုတ်ကြတာတော့ နိုင်သလောက် ပဲ ဖြစ်သည် ။ ဟင်းတွေ ၊ ထမင်းတွေကုန်ရင် ရပ်စနစ်ပါပဲ ။ ထမင်းဟင်းတွေ ကြိုတင် ချက်ပြုတ်ကာ မိုးပြဲဒယ်ကြီးတွေ တင်းဝင် ဟင်းအိုးကြီးတွေနှင့် သယ်ယူကြသည် ။

ကထိန်အဖွဲ့၏ အစဉ်အလာ ထမင်းကျွေးပုံ ကလည်း တစ်မျိုးတစ်ဘာသာ ဖြစ်သည် ။ လူငါးယောက် ခြောက်ယောက်စာ ထမင်းဝိုင်း ခြောက်ဝိုင်းခန့် ကြိုတင် ပြင်ထားပြီး လူအရေအတွက်နှင့် ထမင်းရုံတွင်းသို့ သွင်းကာ ကျွေးကြ ဧည့်ခံကြသည် ။ တစ်ဝိုင်း ပြီးလျှင် တစ်ဝိုင်း အသစ်ခင်း တစ်ဝိုင်းစာ လူသွင်းစနစ် ဖြစ်ပါ၏ ။ အလှူကို လာကြသူတွေကို ထမင်း မကျွေးမီ အခြား တစ်နေရာတွင် နှစ်ပြန်ကြော်ချင်းသုပ် ၊ ကောက်ညှင်းပြန်ပေါင်း ဖြင့် ဧည့်ခံထားသည် ။ ပြီးမှ ထမင်းရုံတွင် ထမင်းစားရန် ထမင်းစား လက်မှတ်ကလေးတွေ ထုတ်ပေးထားသည် ။ ထမင်းရုံက လူသွင်းလျှင် ထမင်းစားလက်မှတ် ကို လက်ခံပြီး လူသွင်း ရသည် ။ ပြီးမှ ချင်းသုပ် နှင့် ကောက်ညှင်းပေါင်း ကျွေးရာ နေရာမှ ထမင်းလက်မှတ် ဝေသူထံ ပေးလိုက်တာ ဖြစ်သည် ။ ထမင်းရုံ တာဝန်ခံက ထမင်းဟင်း အခြေအနေ ကို ကြည့်ကာ ကုန်ခါနီးလျှင် တစ်ဝိုင်း ပြီး တစ်ဝိုင်း အပြီး သိမ်းဆည်းလိုက်သည် ။ ထမင်းစား လက်မှတ်တွေ ထပ် မဝေတော့။ အိုးခွက်သိမ်းဆည်းမည့် အဖွဲ့တွေ တစ်ဖွဲ့ဖွဲ့ ဝင်ကြပြီ ဆိုလျှင်တော့ အကျွေးအမွေး ပြီးပြီဟု မှတ်ယူရသည် ။ ဒါသည် အမေကြီးတို့ မိုးကျကထိန်အဖွဲ့၏ ကထိန်အလှူကျွေးမွေး ဧည့်ခံပုံပဲ ဖြစ်ပါ၏ ။

ညနေ နာရီပြန် ၂ ချက် ဆိုလျှင်တော့ တစ်ဖွဲ့လုံး ထုပ်ပိုး ပြင်ဆင်ပြီးကြပြီး ။ ရေစက်ချ တရားနာရန် အသင့် ဖြစ်ကြပြီးဖြစ်သည် ။ အင်းလေ မိုးကျကထိန်အဖွဲ့ကြီး ပြန်ကြရတော့မည်ကိုး ။ ကထိန်အဖွဲ့ကြီး ပြန်သွားတော့ ရွာခံတွေ လွမ်းကျန်ခဲ့ကြရသည် ။ နောင် ပြန်ဆုံဖို့မှ မရှိကြတော့ဘဲကိုး ။

ဒါသည် ကျွန်တော်တို့ ငယ်ငယ်က မှတ်မိနေသမျှ အမေကြီး တို့၏ မိုးကျကထိန် အလှူပဲ ဖြစ်ပါ၏။ ရက်တွေ ၊ လတွေ ၊ နှစ်တွေ ကတော့ဖြင့် အတော်ကို ကြာခဲ့ပြီဖြစ်ပါသည် ။ အခုတော့ အမေကြီး ဒေါ်မြမေ ၊ အမေတင် ၊ ဘဘဦးအောင်သန်း ၊ ဦးလေးဖြူလုံး ၊ ဒေါ်ဒေါ်မေနှင်း တို့ တစ်ယောက်ဆို တစ်ယောက်မျှ မရှိကြတော့ ။ ကျွန်တော်တို့လည်း တစ်ရပ်တစ်ရွာ သို့ ရွှေ့ခဲ့ကြ ရောက်ခဲ့ကြရပြီ ။

အမေကြီးတို့ မရှိကြတော့ ၍ မိုးကျကထိန် အစဉ်အလာကောင်းကို ကျွန်တော်တို့ ဆက်လက် မထိန်းသိမ်းနိုင်ကြတော့ပါ ။ အမေကြီးတို့ မိုးကျကထိန် ခင်းခဲ့ကြတာကိုတော့ မနေ့တစ်နေ့ကလို မှတ်မိနေတတ် မြင်ယောင်နေတတ်မိပါ၏။  သီတင်းကျွတ်ပွဲတော်ကြီး ပြီးပြီ ဆိုလျှင်တော့ ထို မိုးကျကထိန်ကို လွမ်းမိတတ်သည့် တမ်းတသည့် အလွမ်းစိတ်သည် ရင် ထဲမှာ နှစ်စဉ်ပဲ ပေါ်ပေါက်လာတတ်ပါ၏ ။

သီတင်းကျွတ်ပြီ ဆိုလျှင်ဖြင့် .. ။

အောင်စည်ဟိန်း ( စီးပွားရေးပညာ )
၂၃ အောက်တိုဘာ ၂၀၁၀ သီတင်းကျွတ်လပြည့်နေ့

▢ အောင်စည်ဟိန်း
    ဖခင် - သူရဇော်

📖 စာပေမျိုးဆက်များ

Sunday, October 26, 2025

မြို့ဂျပိုး ( ၂၂ )


 “ ကိုမိုးအောင်ကို ကြားဖူးနေတာ ကြာပါပြီ ၊ လူကိုတော့ အခုမှပဲ မြင်ဖူးတော့တယ် ၊ ... ဖြောင့်တယ်နော် ၊ အဟိ ... ” 


“ ဖြောင့်လို့ လည်း ဒီလောက် စွံတာပေါ့ ၊ ခင်မေ နော် ၊ ညည်း သတိထား ပေတော့ ၊ တော်ကြာ ကျန်ရစ်ဖြစ်နေဦးမယ် ”  


“ ဒါကတော့လည်း ကံပေါ့ဟယ် ၊ ကံစီမံတဲ့ အတိုင်းပေါ့ ” 


“ ကိုမိုးအောင်က ဒီလောက်တော့ ရက်စက်မှာ မဟုတ်ပါဘူးနော် ၊ ကိုမိုးအောင် ” 


“ ဟင်း ... ဟင်း ... ” 


“ နင်တို့ ကလည်းဟယ် ၊ ဧည့်သည်ကို ၊ ရော့ ... ကိုကိုလေး စား ၊ ဒါ တောင်သမန်အင်းရဲ့ နာမည်ကြီး ငါးကြော် ၊ စားပါ ” 


“ ဟုတ်ကဲ့ ၊ ကျေးဇူးပဲ ” 


“ အောင်မယ်လေး ... ကျေးဇူးတင်နေရသေးတယ် ၊ ဝယ်ကျွေးတဲ့ သူက ပြောင်းပြန် ” 


“ ဟာ ... ဒီလိုမဟုတ်ပါဘူး ၊ မစားဖူးလို့ ပြောတာပါ ” 

 

“ ကိုမိုးအောင် လှေစီးဦးမလား ” 


“ ဟင့်အင်း ” 


“ စီးကြည့်ပါ ၊ အင်းထဲမှာ နှစ်ယောက်တည်း ဆိုရင် အဟိ ” 


“ ကောင်မနော် ၊ ငါကောက်ပေါက်လိုက်လို့ ” 


ခင်မေနွယ်က ရေနွေးပန်းကန်လုံးနဲ့ ပေါက်မလို့ ပြင်တော့ တစ်ဖက် က ရယ်ကျဲကျဲနဲ့ လွယ်အိတ်မပြီး ကာလိုက်ပါတယ် ။ သူတို့က လေးယောက် ၊ ကျွန်တော်က တစ်ယောက်မို့ ခံစစ်ပေါ့ဗျာ ။ တောင်သမန်အင်းရဲ့ အကြော်ဆိုင်မှာ စကားစစ်ခင်းနေကြတာပါ ။ ခင်မေနွယ် နဲ့ ပတ်သက်ပြီး ကျွန်တော့် ကို အကဲခတ်ဖို့ သူတို့ သူငယ်ချင်းတွေ စုပေါင်း ကြံစည်ထားကြတာနေမယ် ။ မချောတွေက ဒါမျိုးဆို သိပ်ဝါသနာပါတာကိုး ။ သူတို့ အမြင် ၊ သူတို့ အတွေး ၊ သူတို့ သုံးသပ်ချက်တွေ ၊ သူတို့ အကဲဖြတ်တာတွေ ၊ သူတို့ အယူအဆတွေ အတွက် ကျွန်တော့်မှာ တောင်သမန်အင်းကို လိုက်ပို့ခဲ့ရပါပြီ ။


ကျွန်တော့်ကို ဖြောင့်တယ်တဲ့ ။ အကြော် ဝယ်ကျွေးလို့ပါ ။ စွံတယ်ဆိုတာကျတော့ အန္တရာယ် ရှိတယ်ဗျ ။ ဘာစွံတာလဲ ။ တင်မြရီ ကိစ္စလား ၊ နီလာ ကိစ္စလား ၊ မမ ကိစ္စလား ၊ ခက်ခက်ဝေ ကိစ္စလား ... ဒါတွေကို သိထားလို့ လား ။ ဒါဆိုရင် ပြဿနာဖြစ်နိုင်တယ် ။ ဒီအချိန်မှာ အတိတ်က ကိစ္စတွေ ကျွန်တော် မဖြေရှင်းချင်ဘူး ။ မသိတာအကောင်းဆုံးပဲလေ ။


“ ကျွန်မ မသိလို့ မေးမယ်နော် ၊ ကိုမိုးအောင် အရင်က ရည်းစားနဲ့ ခင်မေနွယ် နဲ့ ဘယ်သူက ပိုချောလဲဟင် ” 


“ ဟဲ့ ... ” 


“ နေစမ်းပါဟာ ၊ နင်ကလည်း ” 


တစ်ယောက်က မေးတယ် ၊ တစ်ယောက်က ဟန့်တယ် ။ နောက် တစ်ယောက်က ဟန့်တဲ့သူ ကို ဝင်ဖျက်တယ် ။ ခင်မေနွယ် ကတော့ ပြုံးလို့ ပါလား ။


“ ဟင်း .. ဟင်း .. ” 


ဗိုလ်အောင်ဒင်လို ရယ်ရမလားပဲဗျို့ ။တဟင်းဟင်းနဲ့ ဘာသိဘာသာ ရယ်နေရပါတယ် ။


“ ဖြေလေ ၊ဘာလဲ ၊ ရည်းစား မရှိပါဘူးလို့ ဖြေမလို့လား ၊ ကျွန်မတို့ သိပြီးသားနော် ၊ ကိုမိုးအောင် ဘယ်လောက် စွံတယ်ဆိုတာ သိပြီးသား ”   


“ မစွံလို့ ပါဗျာ ၊ ဟင်း .. ဟင်း ... ” 


“ ဒါဆို မရှိဘူးပေါ့ ဟုတ်လား ” 


“ ရှိပါတယ် ၊ ထက်ထက်နဲ့ စိတ်ကောက်ပြီး ကတည်းက ဘယ်ရည်းစားမှ မထားတော့ဘူး ” 


“ ဝါး ... ” 

 

“ တကယ်ပြောတာ ၊ ထွန်းအိန္ဒြာဗိုကို မေးကြည့်ပါလား ” 


“  ဝါး ... ” 


“ ကြည့် ... ကျွန်တော် ပြောတော့ မယုံဘူး ” 


“ ကဲပါဟယ် ၊ တော်ကြပါတော့ ၊ နင်တို့ လှေစီးမှာ ဆို သွားစီးကြ ၊ အပြန်နောက်ကျနေဦးမယ် ” 


“ အခုမှ သုံးနာရီခွဲပဲ ရှိသေးတယ် ” 


တော်ပါသေးရဲ့ ဗျာ ။ သူတို့ မေးတာတွေ ဒီလောက်နဲ့တင် ရပ်သွားလို့ ပေါ့ ။ ကျွန်တော်မှာ တကယ်ပဲ ဟိုအကြောင်းဒီအကြောင်းတွေ မေးလာတော့မှာလား ဆိုပြီး ရင်တွေ ထိတ်နေရတယ် ။ ကိုယ့်အတိတ်ကြောင်း ကလည်း ဖွင့်ပြောလို့ မကောင်းလုပ်ကိုး ။ ဒါဟာ အချစ်ဒုက္ခ တစ်မျိုးပဲလား ။ ခင်မေနွယ် ကို မြင်တော့ ကျွန်တော် သိပ်ချစ်သွားမိ တယ် ။ ကြည့်စမ်း ၊ ကိုယ်နဲ့ ညားမယ့် ကောင်မလေးက တယ်လှပါလား ။ အရွယ်လေးကလည်း နှစ်ဆယ်ဝန်းကျင် ၊ ဘဝချင်းကျတော့လည်း ကျွန်တော့်ထက် အများကြီး အေးချမ်းတယ် ၊ ရည်းစားတွေ ဘာတွေ ရှိချင်လည်း ရှိမှာပေါ့လေ ။ ဒါကိုတော့ ခေါင်းထဲ သိပ်ထည့်ထားလို့ မဖြစ်ဘူး ။ သူ့ကို မြင်လိုက် ကတည်းက ကျွန်တော် ကံကောင်းပြီလို့ အလိုလို သိသွားတယ် ။ အချစ်စိတ်ဟာ တော်တော်ဆန်းတယ် ။ ကျွန်တော် သူ့ကို ရဲရဲတင်းတင်း စကား မပြောရဲဘူး ဖြစ်နေတယ် ။


ကျွန်တော့် အကြောင်းတွေ သိသွားမှာ လန့်နေတယ် ။ တော်ပြီ ၊ ဒီနေ့က စပြီး ဆေးလိပ်လည်း ဖြတ်မယ် ၊ အသောက်အစားလည်း ဖြတ်မယ် ၊ နီလာတို့ ကိုလည်း ကင်းကင်း နေတော့မယ် ။ အိုဗျာ ... တက္ကစီတောင် မမောင်းချင်တော့ဘူး ။ နို့မို့ဆို လမ်းပေါ်မှာ သွားရင်းလာရင်း ကျွန်တော့် စိတ်က ပြောလို့ရတာ မဟုတ်ဘူး  ။ ဒါကြောင့် အခုလို ခင်မေနွယ်တို့ လေးယောက် တောင်တစ်ခွန်း ၊ မြောက်တစ်ခွန်းမေးခွန်းတွေ ထုတ်လာတော့ မသိချင်ယောင် ဆောင်နေရတာပါ ။

 

သူတို့ လှေသွားစီးတော့ ကျွန်တော် ပန်းချီကားတွေ ရောင်းတဲ့ ဆိုင်တန်းဘက်ကို လျှောက်လာခဲ့ ပါတယ် ။ ပန်းချီကားတွေ လျှောက်ကြည့်ရင်း မေးချင်တာလည်း ရှိနေတယ် ။ ဒီနားမှာ ဆရာမြသန်းတင့် အမှတ်တရကျောက်တိုင် ရှိတယ်လို့ စာစောင်ထဲမှာ ဖတ်ဖူးတယ် ။ နီးနီးနားနားဆိုရင် သွားကြည့်ချင်လို့ပါ ။


ကျွန်တော်က စာဖတ်ဝါသနာပါတော့ စာရေးဆရာတွေနဲ့ ပတ်သက်ရင် ကြိတ်ပုန်း အတွေးလေး တွေထားတတ်တယ်ဗျ ။ ပြီးတော့ ဆရာမြသန်းတင့်ရဲ့ စာတွေကို ကြိုက်တာကြောင့်လည်း သူ့ကို လေးစားတဲ့ စိတ်နဲ့ သွားကြည့်ချင်မိတာပါ ။ ပြီးရင် မဟာဂန္ဓာရုံကျောင်းတိုက် ကိုလည်း ဝင် လေ့လာချင်သေးတယ် ။ ဆရာတော်ရှင်ဇနကာဘိဝံသ ရဲ့ ကမ္ဘာကျော်စာသင်တိုက်ကြီးရဲ့ တည်ငြိမ်ခန့်ညားမှုကိုလည်း ကြည့်ချင်လို့ပါ ။ ကျွန်တော် စဉ်းစားကြည့်ဖူးတယ် ။ စာကောင်းပေကောင်းတွေဟာ ဘယ်တော့မှ တန်ဖိုးမမဲ့သလို စာကောင်းပေကောင်းကို ရေးသားပြုစုတဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေဟာလည်း ဘယ်တော့မှ လူတွေ မမေ့နိုင်ကြတော့ဘူး ။ စာကောင်းပေကောင်း ဆိုတာလည်း တော်ရုံတန်ရုံ စေတနာမျိုးနဲ့ ဝီရိယ ထုတ်လို့ ရတာမှ မဟုတ်ဘဲ ။ ရေးသားပြုစုတဲ့ လူကိုယ်တိုင် စိတ်ရင်း စိတ်ခံ ကောင်းပါမှ ဖြစ်ပေါ်နိုင်မယ်လို့ မြင်မိပါတယ် ။ အရေးအသား ပြောင်မြောက်ရုံ ၊ ဖတ်လို့ ကောင်းရုံ ၊ အဓိပ္ပာယ် ရှင်းလင်းရုံ ၊ လူကြိုက်များရုံ ရေးတာမျိုး ကျတော့ အချိန်ကာလရဲ့ စမ်းသပ်မှုကို မခံနိုင်ရှာဘူး ။ အပျော်ဖတ်စာပေတွေ ၊ နာမည်နဲ့ ရေးတဲ့ စာပေတွေဟာလည်း တစ်ကြိမ်တစ်ခါတော့ ဖတ်ရတာ ကောင်းသလိုလို ရှိပေမယ့် စိတ်ထဲ စွဲနေလောက်အောင် ဖြစ်မလာတာမျိုး ကြုံရတော့ သူတို့ ပေးလိုက်ရတဲ့ အချိန်တွေကို ကျွန်တော် နှမြောမိတယ် ။ ရေးလို့ ရတဲ့ အချိန်မှာ စနစ်တကျစေတနာထားပြီး ဝီရိယ ထုတ်ပြီး ခေတ်အဆက်ဆက်တွင် ကျန်မယ့် စာပေမျိုး ရေးဖွဲ့စေချင်မိတယ် ။ တစ်ခါဖတ်ပြီး ပြန်မကိုင်ချင်တော့တဲ့ စာမျိုးတွေ အမြောက်အမြား ရေးနေမှာ ထက် တစ်ပုဒ်ဆို တစ်ပုဒ် ၊ တစ်အုပ်ဆို တစ်အုပ် မိမိရရ ရေးစေချင်မိတယ် ။ စာရေးဆရာတွေဟာ စာ မရေးရရင် မနေနိုင်မှန်း ကျွန်တော် ကြားဖူးပါတယ် ။ ဒါပေမဲ့ ရေးချင်တိုင်းသာ ရေးနေရင် အရေအတွက် များ ပြီး အရည်အချင်းမှာ အားနည်းသွားမှာ စိုးရိမ်ရပါတယ် ။


ကျွန်တော်တို့ ရပ်ကွက်ထဲမှာ စာရေးဆရာ တစ်ဦး ရှိတယ် ။ သူ့နာမည်က ကိုလှအောင် ပါ ။ ကျွန်တော်က စာဖတ်ဝါသနာပါတော့ သူ့ဆီမှာ စာအုပ်တွေ သွားငှားဖတ်တယ် ။ ကျွန်တော့် ဆီက စာအုပ်တွေလည်း ပေးဖတ်တယ် ။ သူ့စာအုပ်စင်မှာ ရှိတဲ့ စာအုပ်တွေ မှန်သမျှ မဖတ်သင့်တာ တစ်အုပ်မှ မရှိဘူး ။ သူက ဟိုးတုန်းက ကဗျာတွေ ၊ စာတွေ ရေးဖူးတယ် ။ ရှုမဝ မှာ ချစ်ကိုယ်တွေ့ အခန်းက ဝင်ရေးဖူးတယ် ။ အခုတော့ အားကစား ဆောင်းပါးတွေပဲ ရေးပါတော့တယ် ။ သူဆို ရင် ဝတ္ထုတို တစ်ပုဒ်ကို ရေးပြီးချိန်မှာ အနည်းဆုံး အကြိမ်ငါးဆယ်လောက် ပြန်ပြန်စစ်ပြီးမှ စိတ်တိုင်းကျတယ်လို့ ပြောပါတယ် ။ သူ ရေးပုံနဲ့ တော့ ပုဒ်ရေများများ မထွက်နိုင်ဘူး ။ ဒါပေမဲ့ သူရေးလိုက်တဲ့ တစ်ပုဒ်ကလည်း ဘယ်နှကြိမ် ပြန်ဖတ်ဖတ် ၊ ဘယ်ရှုထောင့်က ကြည့်ကြည့် ၊ ဘယ်သူပဲ ဆုံးဖြတ်ဆုံးဖြတ် ကောင်းတယ်လို့ အပြောခံရတယ် ။


ဒါကြောင့် စာတစ်ပုဒ် ကောင်းကောင်း ကို ရေးထုတ်ရတာ ဘယ်လောက်ခက်ခဲမှန်း ကျွန်တော် တွေးဆမိပါတယ် ။ ဆရာတော်အရှင်ဇနကာဘိဝံသတို့လို ၊ ဆရာမြသန်းတင့်တို့လို စာကောင်းပေကောင်း မြောက်များ စွာကို ရေးဖွဲ့ပြန်ဆိုနိုင်ခဲ့တဲ့ ရဟန်းရှင်လူပုဂ္ဂိုလ်တွေ ကျွန်တော်တို့ လက်ထက်မှာ ပေါ်ထွန်း နိုင်ပါတော့မလားလို့ တွေးပြီးစိတ်မကောင်း ဖြစ်မိပါတယ် ။ သိပ္ပံပညာတွေ ၊ နည်းပညာတွေ ၊ လူ့အသုံးအဆောင်တွေ နောက်ကို လိုက်ရင်း ကျွန်တော်တို့ ဟာ စာပေစွမ်းအားကို ရှေးလူတွေလို မစွမ်းဆောင်နိုင်ကြတော့မှာ ကို စိုးရိမ် နေမိပါတယ် ။ စာကောင်းပေကောင်းတွေ ရေးသားဖို့ ဆိုတာ စာပေါင်း မြောက်များ စွာကို ဖတ်ရှုရမယ် မဟုတ်လား ။ စာကောင်းပေကောင်းတွေ မရေးသားနိုင်ကြတော့ဘူး ဆိုရင် လူတွေစာများများ မဖတ်နိုင်ကြတော့ဘူးလို့ ဝန်ခံတာနဲ့ အတူတူပါပဲ ။ ကြာရင် လူထူ လူအ တွေ ပေါများလာပြီး အတွေးအခေါ်အယူအဆပါ ချွတ်ခြုံကျလာမှာ သေချာတယ် ။ နောင်အနှစ်နှစ်ရာကျော်ရင် ဘယ်လိုလုပ်ကြမလဲ ။


တစ်ခုတော့ ကောင်းတယ်ဗျ ။ လူငယ် တော်တော်များများ စာ မဖတ်ကြတော့ ကျွန်တော်တို့လို စာဖတ်တဲ့ သူတွေ ဖြီးဖြန်းတဲ့ အခါ အဟုတ် ထင်သွားကြတယ် ။ စောစောတုန်း ကအဖြစ်ကို ကြည့်ပါလား ။ ခင်မေနွယ်နဲ့ ပတ်သက်ပြီး သူတို့ မေးကြမြန်းကြတာကို ကျွန်တော် မသိချင်ယောင် ဆောင်ပြီး ပေါက်ကရ ပြောလိုက်တာမို့ သူတို့ ဘာမှ ဆက်မမေးကြတော့ဘူး ။ ဒါပေမဲ့ ကျွန်တော် သူတို့ကို ဟန်ဆောင်ထားသမျှ ဗေဒင်ဆရာရှေ့ ရောက်တော့ ဒုက္ခလှလှကြီး တွေ့ရပါလေရော ။


ကိုယ့်ဆရာက ကျွန်တော့် နေ့နံကို ကြည့်ပြီး အိမ်ထောင်ရေးနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ဟောရမှာလားတဲ့ ။


“ ဟောပါဆရာ ၊ ဟောပါ ၊ ကျွန်မတို့ က မောင်နှမတွေလို နေလာကြတာပါ ၊ ဆရာ တွေ့တာသာ ပွင့်ပွင့်လင်းလင်း ဟောပါနော် ” 


ဆိုပြီး ခင်မေနွယ့် သူငယ်ချင်းတွေက ဝိုင်းအော်ကြပါတယ် ။ ဗေဒင်ဆရာ ဟောသမျှ မှာတော့ ကျွန်တော်ဟာ ဗုဒ္ဓဟူးနံ အနှောင့်အယှက် ရှိတယ် ။ အသက်ကြီးကြီး အမျိုးသမီးတစ်ဦး ကို ရှောင်ရမယ် ။ အိမ်ထောင်ပြုမယ် ဆိုရင် မွေးနေ့ကျော်မှ ကောင်းမယ် ။ အထူး သတိထားရမှာက အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် မိသားစု ပြဿနာပေါ်မယ် ။ ဘဝတက်လမ်း ထိခိုက်မယ် ။ ဖြစ်နိုင်ရင် ရဟန်းဝတ်ပါ ။ နို့မို့ဆို ရုံးပြင်ကန္နား ရောက်ကိန်း ရှိတယ်တဲ့ ။


သူ ဟောတာတွေ နားထောင်ပြီး ကျွန်တော် ပြုံးပန်း မဆင်နိုင်ဘူး ။


ခင်မေနွယ် လည်း သူငယ်ချင်းတွေ ကြားမှာ မျက်နှာပျက်နေတယ် ။ သူ့အကြောင်း ဗေဒင်ဆရာ ဟောတဲ့ အခါ ကြာသပတေးသား အိမ်ထောင်ဖက် ဆိုရင် အထူး သတိထားရမယ်တဲ့ ။ ဒီအချက်နဲ့တင် ကျွန်တော် ဘာပြောရမှန်း မသိတော့ဘူး ။ အရေးထဲမှာ သူ့သူငယ်ချင်းက မေးလာပြန်တယ် ။


“ ကိုမိုးအောင် ဗေဒင်ဆရာ ပြောတာ မှန်ရဲ့လား ၊ ယတြာ ချေပါလားဟင် ” တဲ့ ။


ခက်တာက ဒီဗေဒင်ဆရာက ယတြာ မလုပ်ပေးဘူး ။ ဆိုင်းဘုတ်မှာ ရေးထားတာကိုက “ ပွင့်ပွင့်လင်းလင်း ဟောမည် ၊ မမှန်လျှင် ငွေပေးစရာ မလို ၊ ယတြာမချေပေးပါ ”  တဲ့  ။ သူ ဟောတာတွေကို ကျွန်တော့်မှာ ငြင်းရ ခက်နေတယ် ။ ဘယ်တုန်းကမှ ဗေဒင် မမေးခဲ့ဘူးတော့ ကျွန်တော့် အကြောင်း ဟောလာတဲ့ အခါ လူကို ကြောင်တောင်တောင် ဖြစ်သွားပါတယ် ။ ဘယ်လို ဖြီးရမှန်းတောင် မသိတော့ဘူး ။


ကျွန်တော်တို့ အိမ်ကို ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး ခင်မေနွယ် ရော ၊ ကျွန်တော်ပါ တိတ်ဆိတ် နေကြပါတယ် ။ ကျန်တဲ့ လူတွေက ကျွန်တော်တို့ ကိစ္စကို ရေးကြီးခွင်ကျယ် မလုပ်ကြတော့ပေမယ့် ကျွန်တော့် အတွေးတွေ ထဲမှာ ခင်မေနွယ်ကို သနားစိတ်နဲ့ ဖြစ်ခဲ့သမျှ ဖွင့်ဟ ပြောချင်နေပါတယ် ။ နောက်ဆုံး ကျွန်တော့ကို ခွင့်မလွှတ်ရင်လည်း နေပါစေတော့လို့တောင် ဆုံးဖြတ်မိပါတယ် ။ ကျွန်တော့် စိတ်ကို ကျွန်တော် မလုံမလဲ ဖြစ်ပြီး သူ့ကို မျက်လုံးချင်းဆိုင်ပြီး မကြည့်ဝံ့တော့ဘူး ။ အားနာနေတယ်ဗျာ ။ ကျွန်တော် သူ့ကို ဘယ်လို စပြောရင် ကောင်းမလဲလို့ တွေးပြီး ကိုယ့်ဟာ ကိုယ် ဒေါသတောင် ဖြစ်မိပါတယ် ။ ဖွင့်ပြောရမယ့် အကြောင်းတွေ ကလည်း ပြောလို့ ကောင်းတာက ခပ်နည်းနည်း မဟုတ်လား ။ မမ အကြောင်းပဲ ဖြစ်ဖြစ် ၊ တင်မြရီ အကြောင်းပဲ ဖြစ်ဖြစ် ၊ နီလာ့ အကြောင်း ပဲ ဖြစ်ဖြစ် သူ့ ဘဝအတွေ့အကြုံနဲ့ ယှဉ်ပြီး ဘယ်လိုမှ နားလည်နိုင်မှာ မဟုတ်ဘူး ။ တစ်ယောက်နဲ့ တစ်ယောက် အသည်းနင့်အောင် ချစ်ကြရင်တော့ တစ်မျိုးပေါ့လေ ။

 

နောက်ဆုံး ကျွန်တော် ဖွင့်မပြောတာပဲ ပိုကောင်းမယ်လို့ တွေးပြီး အမေတို့ မလာခင် ပြင်ဦးလွင် ကို ကိုကာလာ နဲ့ အလည် ထွက်လာမိပါတယ် ။ ကျွန်တော့် စိတ်မှာ ခင်မေနွယ်ကို သနားမိတဲ့ စိတ်တွေဟာ နောက်နှစ်လ လောက်အထိ မပျောက်နိုင်တော့ဘူး ။ သူ့ကို သနားရင်း သနားရင်း ကိုယ့်ဟာကိုယ်တောင် သနားလာမိတဲ့ အထိပဲ ။ သူ့ကို ချစ်ရင်း ချစ်ရင်း နောက်ဆုံး ကိုယ့်ဟာကိုယ် ပြန်ချစ်လာမိတဲ့ အထိပဲ ။ ကျွန်တော် ဆိုလိုတာက ဒီလိုပါ ။ ကျွန်တော် ကြုံတွေ့ခဲ့တာတွေကို ပြန်တွေးမိရင် သူက အရမ်းဖြူစင်ပြီး ကျွန်တော်က ရှုပ်ထွေးပွေလီနေလွန်းတယ် ။ သူ ကျွန်တော့် ကို လက်တွဲရမှာ သူ့အတွက် နစ်နာမှာပဲလို့ တွေးမိပြီး သူ့ကို သနားနေမိရာကနေ ငါ ဘာလို့ သူ့ကို ဒုက္ခပေးတော့မှာ လဲ ၊ သူ့ကိုဒုက္ခပေးလို့ရော ငါ ပျော်နိုင်မှာ လား ၊ ငါတစ်သက်လုံး နောင်တရနေမယ် ၊ မဖြစ်သေးပါဘူးလို့ တွေးလိုက်မိတယ် ။ ကျွန်တော် ဖွင့်မပြောတော့ ကျွန်တော် စိတ်ဆင်းရဲရ တယ် ။ ဖွင့်ပြောရင် သူစိတ်ဆင်းရဲရမယ် ။ ဒါကြောင့် သူ့ကို ချစ်တာထက် ၊ ကိုယ့်ဟာကိုယ် ဒီလိုပဲ နေသွားရရင် ကောင်းမလားလို့ တွေးပြီး ရန်ကုန် ကို ပြန်လာခဲ့ပါတော့တယ် ။


လူကြီးတွေကတော့ ဘာမှ မသိဘူး ။ ကျွန်တော်တို့ချင်း သဘောကျရင် ကျန်တာစီစဉ်ပေးမယ်လို့ ပြောပါတယ် ။ သူတို့ သဘောထက် ကျွန်တော်တို့ သဘောကို ပြောပါတဲ့ ။ တော်တော် စဉ်းစားရ ခက်ပါတယ် ။ တကယ်လို့ သူတို့ ဘာသာ စီစဉ်လိုက်ရင် ကျွန်တော် ရေလိုက်ငါးလိုက် နေသွားမလို့ ပါ ။ အခုတော့ ကျွန်တော်တို့ ဖွင့်ပြောမှ မင်္ဂလာကိစ္စ ကို စီစဉ်ပေးမယ် ၊ အတင်းအကြပ် ဘာမှ မစီစဉ်ဘူးတဲ့  ။


အရေးထဲမှ မင်္ဂလာခန်းဝင်ပစ္စည်း ၊ မင်္ဂလာဆောင်အသုံးစရိတ် ကျွန်တော် တင်တောင်းမယ့် သတို့သမီးအတွက် မင်္ဂလာအသုံးအဆောင်တွေ ကလည်း အိမ်ရောက်တော့ ညီမဖြစ်သူက “ များတယ် ” ဆိုလို့ ကသိကအောက် ဖြစ်ရပြန်တယ် ။ သူ့အလှည့်တုန်းက ဘာမှ မရခဲ့ရှာဘူးလေ ။ ကျွန်တော်ကျမှ ဘာလို့ ဒီလောက် အကုန်ခံရမှာ လဲတဲ့ ။ သိပ် အတာပဲတဲ့ ။ ဒီခေတ်မှာ ဒီလောက် အကုန်အကျ မခံနဲ့တဲ့ ။ ယူပြီးရင် အကြွေး နင့်နေမယ်တဲ့ ။


အမေကတော့ ဒါတွေက ညှိနှိုင်းလို့ ရတယ်လို့ ပြောပါတယ် ။ ခန်းဝင်ပစ္စည်းတို့ ဘာတို့ ကိုလည်း အကုန်လုံး မဝယ်ရပါဘူးတဲ့ ။ ရန်ကုန်အိမ်မှာ လာနေကြမှာ ဆိုတော့ ကုတင် ၊ စောင် ၊ ခြင်ထောင် ၊ ခေါင်းအုံးလောက်ပဲ ဝယ်ရမှာပါတဲ့  ။ ပျဉ်းမနားမှာ တစ်ခါ ဆောင်မယ် ၊ ရန်ကုန်မှာ တော့ ဆွမ်းကျွေး လောက်ပဲ လုပ်ရမှာပေါ့တဲ့  ။ ထိုက်သလောက်တော့ တင့်တင့်တယ်တယ် ဖြစ်မှာပါတဲ့ ။


မလွယ်ပါလား ကိုယ့်လူရေ ...  ။


အိမ်တစ်ဆောင် ၊ မီးတစ်ဆောင်ကိစ္စ မပါသေးတာတောင် ကျွန်တော့်မှာ ထွက်ပြေးချင်နေပြီ ။ ကျွန်တော့် ညီမတုန်းက အိမ်မှာ ရှိသမျှပစ္စည်းတွေ ရသလောက် သယ်သွားတာ အခုမှ သဘောပေါက်တော့တယ် ။ သူ လုပ်တာ မှန်တာပေါ့ ။ အခုခေတ်မှာ ပန်းကန်တစ်ချပ် စတီးဇွန်းတစ်ချောင်းဝယ်ဖို့ ဆိုတာ လွယ်လှတာ မဟုတ်ဘူး  ။ ကျွန်တော်တို့လို လူလတ်တန်းစားတွေအဖို့ အသုံးအဆောင်ပစ္စည်းတွေ စုဆောင်းရတာ တန်ဖိုးကြီးမှန်း ကျွန်တော် တဖြည်းဖြည်း ကျွန်တော် နားလည်လာပါတယ် ။ နားလည်လာတော့ အိမ်ထောင်ပြုရမှာတောင် ကြောက်ကြောက်လာတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ ခင်မေနွယ် တို့ ဘက်က တောင်းဆိုတာတွေက ငွေဆယ်သိန်းကျော်ကျော် သုံးစွဲနိုင်မှ ဖြစ်မယ့် ကိစ္စတွေပါ ။ ကျွန်တော် ငွေဆယ်သိန်း ဆိုတာဟာ ဆရာသော်တာဆွေရဲ့ ဇာတ်လိုက်ကြီး ပတ္တမြားဝင်းထိန် နဲ့ ဆယ်ရက်အတွင်း ငွေနှစ်ရာ ဆိုတာနဲ့ အတူတူပါပဲ ။ ဘယ်လိုမှ မအပ်စပ်တဲ့ ကိစ္စ ဖြစ်နေပါရဲ့ ။ ငွေရေးကြေးရေးနဲ့ ပတ်သက်လာရင် ကျွန်တော်ဟာ သုံးလေးသိန်း စုဆောင်းဖို့ကိုတောင် အကြိမ်ကြိမ် ကြံစည် အကြိမ်ကြိမ် ပျက်ခဲ့ရသူမို့ ငွေစုဖို့ ကိစ္စကို ပေယျာလကန် ပြုထားတာ ကြာခဲ့ပြီပဲ ။ ဒါကြောင့် ခင်မေနွယ် ကို ချစ်တဲ့ စိတ်ကလေးတွေဟာ ငွေဆယ်သိန်းကို တိုးလို့ မပေါက်နိုင်တော့ဘူး ။


ခင်မေနွယ်တို့ ဘက်က တောင်းဆိုတာတွေဟာ သိပ်အလွန်အကျွံကြီးတော့ မဟုတ်ဘူး ။ သူ့အစ်မ တုန်းက ဆိုရင် သည့်ထက် မကအောင် ခမ်းခမ်းနားနား လုပ်ခဲ့ကြတာလို့ ပြောပါတယ် ။ ကျွန်တော်နဲ့ ကျတော့ နှစ်ဖက်ဆွေမျိုးတွေလို ဖြစ်နေကြတာမို့ လျှော့လျှော့ပေါ့ပေါ့ ပြောရတာပါတဲ့ ။ ပစ္စည်းတွေက ဈေးတက်လာတာမို့ သူတို့ ဘက်က အားလည်း နာပါတယ်တဲ့ ။ ခင်မေနွယ့် အစ်မတုန်းက ခန်းဝင်ပစ္စည်းတွေ ဝယ်တဲ့ အပြင် မင်္ဂလာဆောင်စရိတ် ၊ ဆက်တီတစ်စုံ ၊ ဘုရားစင် ၊ ဗီရို ၊ ရှိုးကေ့စ်တွေ ဝယ်တာတောင် ငါးသိန်း မကုန်ခဲ့ဘူးတဲ့ ။ ဒါက လွန်ခဲ့တဲ့ ခြောက်နှစ်က အဖြစ်အပျက်တွေ မဟုတ်လား ။ ( ၂၁ ) ရာစု ကို ကူးပြောင်းတော့မယ့် ကာလမှာ ဒီ ငွေလေးငါးသိန်းနဲ့ ဒါတွေ ဝယ်ဖို့ လွယ်တော့ဘူး ။ လွယ်တယ်ပဲ ထားပါဦး ။ ကျွန်တော်လိုကောင်အတွက် ငွေလေးငါးသိန်း ဆိုတာ ဘယ်လွယ်ပါ့မလဲဗျာ ။


 ▢  မာန် ( တောင်လုံးပြန် )

📖 မြို့ဂျပိုး

မျောက် နှင့် ကဏန်း

 

❝ မျောက် နှင့် ကဏန်း ❞
           ( ပုံပြင် )

ရှေးသရောအခါ မျောက်နှင့် ကဏန်းတို့ အသိမိတ်ဆွေ ဖြစ်ကြလေ၏ ။ တစ်နေ့သ၌ သူတို့သည် လမ်းလျှောက် လာကြရင်း မျောက်က ဆီးစေ့တစ်စေ့ ကောက်ရလေ၏ ။ ကဏန်းက မူ ထမင်းဆုပ်တစ်ဆုပ် ကောက်ရလေ၏ ။ မျောက်သည် ကဏန်း ထံမှ ထမင်းဆုပ်ကို စားချင်သည် ဖြစ်၍ ကဏန်းအား “ မင်း ကောက်ရတဲ့ ထမင်းဆုပ်နဲ့ ငါ့ဆီးစေ့နဲ့ လဲပါကွာ ” ဟု ချော့၍ တောင်းလေ၏ ။ သဘောကောင်းသော ကဏန်းကလည်း မျောက်ထံမှ ဆီးစေ့နှင့် သူ၏ ထမင်းဆုပ်ကို လဲလိုက်လေ၏ ။ မျောက်လည်း ထမင်းဆုပ်ကို ရသောအခါ ချက်ချင်း စားပစ်လိုက်လေ၏ ။

ကဏန်းလည်း သူ ရသော ဆီးစေ့ကို အိမ်သို့ ယူလာခဲ့ပြီးလျှင်ဥယျာဉ်ထဲတွင် မြှုပ်ထား လိုက်လေ၏ ။ မကြာမီ ကဏန်း မြှုပ်ထားသော ဆီးစေ့မှ ဆီးပင်ကလေး တစ်ပင် ပေါက်လာလေ၏ ။ ဂဏန်းလည်း ဝမ်းသာအားရစွာဖြင့် သူ့ ဆီးပင်ကလေးကို နေ့စဉ် ရေလောင်းပေးလေ၏ ။ ဆီးပင်ကလေးသည် တော်တော် ကြီးလာသောအခါ ဆီးသီးများ သီးလာလေ၏ ။ ထိုအခါ ကဏန်းသည် ဆီးပင် ပေါ်သို့ မတတ်နိုင်ဘဲ ဆီးသီးကို စားချင်စိတ်ဖြင့် မကြံတတ်အောင် ဖြစ်နေလေ၏ ။ မကြာခင်မှာပင် သူ့အိမ်သို့ မျောက် အလည် လာသောကြောင့် ကဏန်းက အဆွေ မျောက် ၊ ဆီးပင် ပေါ်မှာ ဆီးသီးတွေ သီးနေပါတယ် ၊ တက်ပြီး ခူးပါလား ၊ သင်နဲ့ ငါ စားကြရအောင်ပါ ” ဟု ပြောလေ၏ ။ မျောက်ကလည်း ဆီးပင် ပေါ်သို့ မော့ကြည့် လိုက်ပြီးလျှင် “ ကောင်းသားပဲ တက်မယ် ” ဟု ဆိုကာ တက်သွားလေ၏ ။ မျောက်သည် ဆီးပင်ပေါ်သို့ ရောက်သောအခါ ဝင်း မှည့်သော ဆီးသီးများကို ခူးလိုက်ပြီးလျှင် မြိန်ယှက်စွာ တစ်ယောက်တည်း စားနေလေ၏ ။ ကဏန်း ထံသို့ ပစ်ချပေးရန် သတိမပြုတော့ချေ ။ စားသောက်၍ ဝသောအခါ မျောက်သည် ကဏန်းကို သတိရလာသဖြင့် ကျန်ရှိသော ဆီးသီးအစိမ်း တစ်လုံးကို ခူးလိုက် ပြီးလျှင် ကဏန်း ထံသို့ ပစ်ချ ပေးလိုက်လေ၏ ။ ကဏန်းလည်း ဝမ်းသာအားရစွာဖြင့် ဆီးသီးကို ကိုက်၍ စားလေ၏ ။ သို့ရာတွင် ဆီးသီးသည် အမှည့် မဟုတ်၍ ကိုက်၍ မရနိုင်ပေ ။ ထို့ကြောင့် ကဏန်းသည် ဆီးသီးကို သူ၏ ခေါင်းနှင့် ရိုက်၍ ထုခွဲလိုက်ရာ ဆီးသီး မကွဲဘဲ ခေါင်း ပေါက်သွားလေ၏ ။ ကဏန်းလည်း ခေါင်းကွဲသွားသောအခါ မျောက်ကို စိတ်ဆိုး လာလေ၏ ။ ထို့ကြောင့် သစ်ချသီး ၊ ကျောက်ဆုံ နှင့် နကျယ်ကောင် တို့ ထံသို့ သွား၍ မိတ်ဆွေဖွဲ့ကာ မျောက် ကို ဆုံးမရန် စီစဉ်ကြလေ၏ ။

သူတို့ လေးယောက်သည် မျောက်ကို ကဏန်းအိမ်သို့ လက်ဖက်ရည်သောက် ဖိတ် ခေါ်လိုက်ကြလေ၏ ။ မျောက် ရောက်မလာမီ သစ်ချသီးသည် မီးပုံဘေးရှိ ပြာထဲတွင် ဝင်၍ ပုန်းနေလေ၏ ။ ကျောက်ဆုံသည် တံခါး အပေါ်၌ တက်၍ ပုန်းနေလေ၏ ။ နကျယ်ကောင် ကမူ အမှတ်မဲ့ စောင့်ကြည့် နေလေ၏ ။

မကြာမီ မျောက် ရောက်လာ၍ ကဏန်းက ဆီးကြို ပြီးလျှင် “ လာပါ မိတ်ဆွေ ၊ မီးလှုံကြ ရအောင် ” ဟု ခေါ်လိုက်လေ၏ ။ ထိုခဏ၌ မီးပုံဘေးရှိ ပြာထဲတွင် ဝင်၍ ပုန်းနေလျက် ရှိသော ဝက်သစ်ချသီးသည် မီးကျက်လာပြီးလျှင် ဖောင်းခနဲမြည်ကာ ပေါက်ကွဲလေ၏ ။ ပေါက်ကွဲပြီးနောက် မျောက်က လန့်ပြီးလျှင် တံခါးပေါက် ဘက်သို့ ပြေးထွက်သွားလေ၏ ။ ထိုအခါ စောင့်ကြည့်နေ လျက်ရှိသော နကျယ်ကောင်က ပျံထွက်လာပြီးလျှင် မျောက်ကို လိုက်၍ တုပ်လေ၏ ။ မျောက် လည်း နာလွန်းလှ၍ ပြေးမည် ပြုစဉ် တံခါးပေါ်မှာ ပုန်းနေသော ကျောက်ဆုံက သူ့ ကိုယ်နှင့် မျောက်ပေါ်သို့ လှိမ့်၍ ချလိုက်လေ၏ ။ မျောက် ပေါ်သို့ ကျောက်ဆုံ လိမ့်ကျသောအခါ မျောက် သည် အလွန် နာကျင်စွာဖြင့် အော်ဟစ်၍ နေရလေ၏ ။ နောက်ဆုံး၌ ကဏန်းကို စော်ကားခဲ့မိ သည့် အပြစ်ကို သတိရ လာပြီးလျှင် ကဏန်း ၊ သစ်ချသီး ၊ နကျယ်ကောင် နှင့် ကျောက်ဆုံ တို့ကို “ နောက်နောင် သူတစ်ပါး မခံသာအောင် မစော်ကားတော့ပါ ၊ အပြစ်မှ ချမ်းသာပေးပါ ” ဟုထိုင်၍ တောင်းပန်ရလေ၏ ။ ကဏန်းလည်း မျောက်က ထိုသို့ သူ့အမှားကို သတိရလာ၍ တောင်းပန်သောအခါ တစ်ကြိမ်တစ်ခါ မှားသည်ကို သည်းခံကြမည်ဟု ဆို၍ မျောက်ကို ရှေးကကဲ့သို့ ပြန်၍ မိတ်ဆွေအဖြစ် လက်ခံလျက် ပျော်ရွှင်စွာပင် နေထိုင်လျက် ရှိကြလေသတည်း ။

( ဘာသာပြန် )

〇 နုယဉ်
📖ရှုမဝ မဂ္ဂဇင်း
     ၁၉၆၀ ၊ ဧပြီလ

Saturday, October 25, 2025

မြို့ဂျပိုး ( ၂၁ )


 “ လိုက်ခဲ့ပါလား ကိုကာလာ ၊ ခင်ဗျား ပါတော့ ကျွန်တော် အဖော်ရတာပေါ့ ” 


“ သွားပါကွာ ” 


“ လာပါဗျာ ၊ လိုက်ခဲ့ပါ ၊ ငါးရက်စခန်းပဲဟာနော် ” 


“ သွားပါကွာ ၊ ငါမလိုက်ချင်ဘူး ” 


“ ရိပ်သာဝင်တာပဲဗျာ ၊ ဘာဖြစ်လို့လဲ ” 


“ ဘာမှ မဖြစ်ဘူး ၊ တကယ် မဟုတ်ဘဲနဲ့ မသွားချင်ဘူးကွာ ”   


“ ဘာကိုလဲဗျ ၊ ရိပ်သာဝင်တာ ဘာကို တကယ် မဟုတ်ရမှာလဲ ”   


“ အောင်မာ ... မင်း ဘာလို့ ဝင်တာလဲပြော ၊ ခင်မေနွယ် ဝင်လို့ မဟုတ်လား ” 


“ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ၊ ရိပ်သာဝင်တာပဲဟာ ” 


“ အေးလေ ၊ မင်း ဝင်ချင်ရင် သွားဝင် ၊ ငါ မလိုက်ဘူး ” 


သူ အတန်တန် ငြင်းနေတော့ ကျွန်တော် လည်း ဆက်မခေါ်ချင်တော့ဘူး ။ ခင်မေနွယ်တို့ ( ၂၁ ) ရာစု အကူးမှာ ရိပ်သာဝင်ကြမယ် ။ ကြီးကြီးက ကျွန်တော့်ကို ခေါ်တယ် ။ ဝင်တာပေါ့ဗျာ ။ ဒီလိုအချိန်မှာ ငြင်းလိုက်ရင် လူမိုက် ဖြစ်သွားမှာပေါ့ ။ ကျွန်တော် ရိပ်သာဝင်တော့ ကြီးကြီးက ကိုကာလာ ကို ခေါ်လို့ ရရင် ဆုချမယ်တဲ့  ။ ဒါကြောင့် ကျွန်တော် ခေါ်ကြည့်တာပါ ။ မရပါဘူး ။ မရတဲ့ အပြင် သူ့မျက်နှာက မချိုမချဉ် လုပ်နေလို့ ကျွန်တော့်မှာ ခံရခက်လှချည်သေး ။


“ ခင်ဗျားဗျာ ၊ လိုက်ခဲ့တာ မဟုတ်ဘူး ၊ ငါးရက်တာ ခဏလေးပါဗျ ”   


“ မင်းက ခဏခဏ ဝင်ဖူးတယ် ထင်တယ် ” 


“ ဝင်ဖူးတာပေါ့ ၊ အစပိုင်းသာ ခက်တာပါ ၊ နောက်ပိုင်းကျတော့ လွယ်သွားရော ” 


“ ဟာ ... တယ်ဟုတ်ပါလား ၊ မင်းဘယ်လို ကျင့်လဲ ”   


“ ဝင်လေထွက်လေပေါ့ဗျ ၊ ခင်ဗျားကလည်း ” 


“ အေး .. လုပ်စမ်းပါဦး ၊ အဲဒီလို ကျင့်တော့ ရရောလား ” 


“ ချက်ချင်းတော့ ဘယ်မှတ်လို့ ရမလဲ ၊ ဒီလိုဗျာ ၊ ကျွန်တော်တို့ စိတ်တွေဟာ အမြဲတမ်း ပျံ့လွင့်နေတယ် မဟုတ်လား ၊ ဒါကို ရုတ်တရက် စုစည်းတာ ဘယ်လွယ်မှာလဲ ၊ အလေ့အကျင့် များလာတော့မှ စုစည်းမိတာ မခက်ပါဘူးဗျာ ” 


“ အွန်း စုစည်းမိပြီးတော့ ပြီးရောလား ” 


“ ဟာ ... ဘယ်ပြီးမှာလဲ ၊ ရုပ်တရားရဲ့ ဖောက်ပြန်မှုကို ရှုရတာပေါ့ဗျ ။ ဖြစ်ပြီး ပျက်နေတဲ့ ခန္ဓာကိုယ်ကြီးရဲ့ သဘော ၊ စိတ်ရဲ့ သဘောတွေ ဆက်ပြီး မှတ်သားရသေးတယ် ။ ဝေဒနာ ရှုရတယ် ။ အနိစ္စ ကို ရှုရတယ် ၊ ပြီးတော့ ဘဝဖြစ်စဉ်တွေ ၊ လောဘ ၊ ဒေါသ ၊ မောဟတွေ ၊ အဝိဇ္ဇာတွေကို ရှုရမြင်ရတာပေါ့ ၊ သိပ်ကောင်းတယ်ဗျ ။ ခင်ဗျား လုပ်ကြည့်မှ သိမှာ ” 


“ အေး ... ပြောပါဦးကွာ ၊ အဝိဇ္ဇာကို ရှုမြင်ပြီးရင် ဘာဖြစ်လဲ ။ ဘဝတဏှာ ပြတ်ရောလား ” 


“ ဒါတော့ ဘယ်ပြတ်မလဲဗျာ ၊ ကျွန်တော်တို့က နုသေးတာကိုး ”   


“ ဟင် ... ဝိပဿနာကျင့်စဉ် ဆိုတာ ငါ သိထားတာတော့ ဘဝတဏှာ ကို ဖြတ်တောက်ပစ်တဲ့ အကျင့်တရားလို့ သိထားတာ ၊ မင်း ပြောသလိုဆို “ ဆင်ပြောင်ကြီးအမြီးကျမှ တစ် ” ဖြစ်နေပြီပေါ့ကွာ ” 


“ ... ” 


“ ဘာလဲ ၊ ငါပြောတာ မှားသွားလို့ လား ၊ မင်းက ဘာပြောချင်လို့လဲ ”  


“ ဒါတော့ ခင်ဗျား သက်သက်မဲ့ ကပ်ဖဲ့ရပ်ဖဲ့ ပြောတာပဲ ။ ဘဝတဏှာ မပြတ်နိုင်ပေမယ့် လောဘ ၊ ဒေါသ ၊ မောဟမီးတွေ တဒင်္ဂ ငြိမ်းအေးတာ နည်းတဲ့ ကုသိုလ်လားဗျာ ၊ အပြင်မှာ ငါးရက် နေတာနဲ့ ရိပ်သာမှာ ငါးရက် နေတာ မတူဘူးဗျ ”  


“ ငါ မင်းနဲ့ ဆွေးနွေးနေတာ ရိပ်သာဝင်တာ ကောင်းတယ် ။ မကောင်းဘူး ဆိုတဲ့ ကိစ္စ မဟုတ်ဘူးလေကွာ ၊ ကျင့်စဉ်တရားကို ဆွေးနွေးနေတာ ”  


“ ဒါဆိုရင် ခင်ဗျားကော ဘဝတဏှာကို ပြတ်နိုင်ပြီလား ”  


“ ဟကောင်ရ ၊ ငါက ဝိပဿနာတရား ကျင့်ပါတယ်လို့ မင်းကို ပြောနေလို့ လား ၊ မင်းတို့ အဲဒါ ခက်တာပဲကွ ၊ ကိုယ် သွားလုပ်မယ့် ကိစ္စ ကိုယ် ဘာမှန်းမသိဘဲ ဖြစ်နေတယ် ။ အမေတို့ ကို ငါ ခဏခဏ မေးတယ် ၊ ဘဝတဏှာ တကယ် ပြတ်နိုင်လို့ ရိပ်သာ ဝင်တာလား ၊ တရား ရှာတာလား ၊ ဝိပဿနာ ကျင့်ကြံတာလား ။ ဒီမှာ ဘာပြောတယ် မှတ်လဲ ၊ ဘဝကူးကောင်းရုံ အားထုတ်တာတဲ့ ။ မင်း ကြည့်စမ်း ၊ ဘယ်လောက် ရက်စက်တဲ့ အကြံအစည်လဲ ဆိုတာ ။ ဒီလောက် မွန်မြတ်တဲ့ တရားကို ( ၄၅ ) ဝါပတ်လုံး မနားမနေ ဟောကြားခဲ့တဲ့ နိဗ္ဗာန် ရောက်ကြောင်းတရားတွေကို သွားကျင့်မယ် ဆိုပြီး “ ဘဝကူးကောင်းရုံ ”  လောက် ဆိုတော့ မလွန်လွန်းဘူးလားကွာ ။ ဒါဟာ ဘဝတဏှာကို တကယ် မဖြတ်နိုင်ဘဲနဲ့ လုပ်တာကွ ၊ ဘယ်တော့မှ ဂ်တရား ၊ ဖိုလ်တရား မရနိုင်ဘူး ။ မင်း ဘုရားဟောခဲ့သမျှ နိဗ္ဗာန်ရောက်ကြောင်း တရားတွေ ၊ ကျင့်စဉ်တွေ ၊ ရှုမှတ်နည်းတွေကို ပြန် လေ့လာကြည့် ၊ ဘဝကူးကောင်းရုံ ဟောခဲ့တာ မဟုတ်ဘူးကွ ၊ ဟောဒီ ရုပ်ခန္ဓာကြီးရဲ့ ဖောက်ပြန်မှုတွေ ၊ မတည်မြဲမှုတွေ ၊ ပဋိသန္ဓေနေရခြင်း ၊ သေရခြင်းရဲ့ ပူဆွေးဒုက္ခတွေ ၊ ပုဂ္ဂိုလ်သတ္တဝါ သူသူငါငါ အစွဲတွေရဲ့ သံသရာဒုက္ခတွေကို အကြောက်ကြီး ကြောက်စေဖို့  ၊ ဘဝတဏှာကို ပြတ်သားစွာ စိန်ခေါ်ထွက်ခဲ့ဖို့  ၊ သူ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ကျင့် ၊ ပညာတွေ ဆည်းပူး ၊ အသိတရားတွေ သိုမှီးပြီး ဝေနေယျသတ္တဝါတွေ ဘဝတဏှာ ပြတ်အောင် ဟောခဲ့တာကွ ။ မင်းတို့ သူ့တရားကို ကျင့်တော့မယ် ဆိုရင် သူ့မျက်နှာကိုတော့ ထောက်ထားသင့်ပါတယ် ”  


“ ငါ ဒီလိုပြောတော့ နှောင့်ယှက်တယ် ဖြစ်ရော ၊ တကယ်တော့ ငါက ဘုရားဘက်က ရင်ထုမနာ ဖြစ်နေတာကွ ၊ ရိပ်သာတွေ ငါရောက်ဖူးသားပဲ ။ ဘဝတဏှာ ဖြတ်ရဲတဲ့ သူကို မတွေ့ဘူး သလောက်ပဲ ၊ အားလပ်တဲ့ အချိန်လေး ဝိပဿနာတရားရဲ့ အပေါ်ယံ သဘောလေးကို လာ လေ့လာတဲ့ လူတွေပဲ တွေ့ဖူးတယ် ၊ ဘုရားမျက်နှာ ကို အိုးမဲသုတ်တာနဲ့ မတူဘူးလားကွာ ။ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ရှာဖွေ ကျင့်ကြံခဲ့တဲ့ ဘု ရားဟောတရားကို လာ ဆော့ကစားနေတာနဲ့ မတူဘူးလား ။ ဒီလိုပြောတော့ မင်းက ငါ့ကို ပြန်မေးမယ် ။ ဟုတ်တယ် ။ ငါက ဘဝတဏှာကို မပြတ်နိုင်ဘူး ၊ ဘဝတဏှာ ရှိလျက်နဲ့ ကိုယ် သိသလောက် ဖတ်ရှုလေ့လာနေရတဲ့ ရတနာသုံးပါးရဲ့ အနှစ်သာရကို လေ့လာတယ် ။ အဲဒါကို ပိုသဘောကျတယ် ။ ဟုတ်တယ်လေ ၊ ငါ့ကိုယ် ငါ မညာဘူး ၊ နိဗ္ဗာန်ကို ငါ တကယ် မလိုချင်သေးဘူး ၊ နိဗ္ဗာန်ကို ရောက်သွားကြတဲ့ ဘုရား ၊ ပြီးတော့ ရဟန်းရှင်လူ ၊ ပုဂ္ဂိုလ်ကြီးတွေရဲ့ သမိုင်းကြောင်းကို ငါ လေ့လာနေတယ် ။ သူတို့ ဘာကြောင့် နိဗ္ဗာန်လမ်းကို ရွေးရတာလဲ ။ ဘယ်လို အတွေ့အကြုံတွေကြောင့် ကျွတ်တန်းဝင် သွားကြတာလဲ ။ ဒါ တွေ ငါ လေ့လာနေတယ် ၊ လေ့လာလို့ ငါကိုယ်တိုင် နိဗ္ဗာန်ကို သွားဖို့ စိတ်အား ထက်သန်ပြီး ဘဝတဏှာ ပြတ်ပြီ ဆိုရင် ငါ ကျင့်ကြံမယ် ၊ သူများ ယောင်တိုင်း ငါ လိုက် မယောင်နိုင်ဘူး ”  


“ ငါ ထင်သလို ငါ ပြောရရင် တချို့ သံဃာတော်တွေ ၊ လူပုဂ္ဂိုလ်တွေ ထဲမှာ ဘဝတဏှာကို တိကနဲ ဖြတ်နိုင်စွမ်းတဲ့ သူတွေ ရှိတယ် ။ စာတတ်ပေတတ် ပုဂ္ဂိုလ်တွေ ၊ ကျမ်းပြုဆရာတော်တွေ ၊ ဝိပဿနာ တရားပြတဲ့ ဆရာတော်ကြီးတွေဟာ ဘဝတဏှာကို ဖြတ်နိုင်မယ်လို့ ငါ ထင်တယ် ။ ဒါပေမဲ့ သူတို့ကို ငါထင်တာ ပြောရရင် နိဗ္ဗာန်ကို တစ်ယောက်တည်း မသွားချင်ကြဘူး ။ ဝေနေယျသတ္တဝါတွေကို သူတို့ နိုင်သလောက် တွဲခေါ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုချင်ကြတယ် ။ ဆုကြီးပန်တဲ့ သဘောပေါ့ကွာ ။ ဘုရားဆုပန် ကြသူတွေ ၊ အဂ္ဂသာဝက ၊ မဟာသာဝက ဆုပန်ကြသူတွေ ၊ ဘုရားရှင်လက်ထက်က အကျော်ဒေးယျရ ဟန္တာတွေ လို ဖြစ်ချင်ကြသူတွေ ၊ နောင်ပွင့်မယ့် အရိမေတ္တေယျမြတ်စွာဘုရားကို ဖူးမြော်ပြီးမှ ကျွတ်တန်းဝင်ချင်သူတွေအဖြစ် ရည်စူးကြလိမ့်မယ်လို့ ငါ ထင်တယ် ”  


“ ငါဘာလို့ ဒါကို ပြောရသလဲဆိုရင် တို့ မြတ်စွာဘုရား ကိုယ်တော်တိုင် ကျွတ်တန်းဝင်ခွင့် ရပါလျက် ၊ မဝင်ဘဲနဲ့ ဘုရားဆု ပန်ခဲ့တဲ့ သာဓက ရှိတယ် ။ ဝေနေယျသတ္တဝါတွေကို ကယ်တင် သွားချင်တယ် ။ ဘုရားဖြစ်အောင် ကျင့်ကြံအားထုတ်ချင်တယ် ။ ဒါကို သက်သေထားပြီး ပြောရတာပါ ။ မင်း စဉ်းစား ကြည့်ပေါ့ကွာ ၊ ဒီလို အနစ်နာခံခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ တရားတွေကို တကယ် ဘဝတဏှာ မပြတ်ရဲရင် သွားပြီး ကပျက်ကချော် မလုပ်ကောင်းဘူး မဟုတ်လား ။ အခုဟာက တရားက လူတွေကို ပြန်ချော့ နေရသလို ဖြစ်နေတယ် ။ဘဝတဏှာ မပြတ်လည်း ရသလောက် လုပ်ပေါ့လို့ ချော့နေရတယ် ။ ဘယ်လို လုပ်ပြီး တရား အရသာ ပြည့်တော့မှာလဲ ။ ရိပ်သာ လူစည်နေရင် ပြီးရောလို့ မှတ်ရမလို ဖြစ်နေပြီ ။ ဒါကို အရမ်း စိတ်မကောင်း ဖြစ်နေတာကွ ”  


သူက သက်ပြင်းချရင်း စိတ်ပျက်တဲ့ မျက်နှာထားနဲ့ ခေါင်းခါရမ်းနေပါတယ် ။


“ ခင်ဗျား ပြောတာ မှန်ပါတယ် ၊ ဒါပေမဲ့ ရိပ်သာ ဝင်ပြီးမှ ဘဝတဏှာပြတ်နိုင်သူတွေလည်း ရှိမှာပဲ ၊ ရိပ်သာ မရှိရင် ဘဝတဏှာ ပြတ်ဖို့ တောင် လူတွေ သိမှာ မဟုတ်ဘူး ”  

 

“ ဒါကို လက်ခံတယ် ၊ ဒါပေမဲ့ ရိပ်သာဝင်တဲ့ သူတွေ ကိုယ်တိုင် ဘဝတဏှာကို ပြတ်နိုင်ဖို့ အခွင့်ကြုံရဲ့သားနဲ့ ဘဝတဏှာ ထဲကို ပြန်ပြန်ရောက်လာကြတာကို ငါ ပြောချင်တာပါ ။ ဟုတ်လား ၊ ဖြစ်ပျက် ရှုတယ်ကွာ ၊ ဝင်လေထွက်လေ ရှုတယ်ကွာ ၊ လောဘဒေါသမောဟတွေ ငြိမ်းသတ်တယ်ကွာ ၊ ရုပ်နာမ် တရားတွေရဲ့ ဖောက်ပြန်မှုကို ရှုတယ်ကွာ ။ ပြီးတော့ ဟုတ်ပြီလား ။ နိဗ္ဗာန်ရောက်ကြောင်းတရားကို လက်ဝယ်ပိုင်ပိုင် ရနိုင်ပါလျက် ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ကြတာ ခဏခဏပဲ ။ တကယ်တော့ကွာ ဘဝတဏှာကို မပြတ်သားရဲရင် ... ”  


“ နောက်တစ်မျိုး ငါ စဉ်းစားကြည့်တာက ဒီကနေ့ ဝိပဿနာတရားကို ကျင့်ကြံအားထုတ် နေကြသူတွေဟာ အင်မတန် ခက်ခဲနက်နဲတဲ့ မဂ်တရား ၊ ဖိုလ်တရားကို သဘောမပေါက်နိုင်ကြတာလည်း ဖြစ်နိုင်တယ် ။ နိ ဗ္ဗာန်ရဲ့ အနှစ်သာရကို သိနားလည်နိုင်လောက်အောင် ၊ နိဗ္ဗာန်ကို မက်မောချင်လောက်အောင် အတွင်းကျကျတွေးဆဖို့ မလွယ်တော့ဘဲ အာရုံငါးပါးရဲ့ နှောင်ဖွဲ့မှုက ပိုကြီးထွားလာကြတာ ဖြစ်မယ် ။ ငါလည်းပဲ အာရုံငါးပါးရဲ့ နှောင်ကြိုးတွေကို အပြစ် မမြင်နိုင်လို့ နိဗ္ဗာန်ကို တွေးဆနေ တာဖြစ်မယ် ။ မြင့်မြတ်ပြီး အထက်တန်းကျတဲ့ တရား ဆိုတာ လူတိုင်းနဲ့ မထိုက်တန်ဘူး မဟုတ်လား ။ ပြီးတော့ .. ”  


သူက စကားဆက် မပြောတော့ဘဲ ဆေးပေါ့လိပ်ကို မီးညှိပါတယ် ။ ကျွန်တော်လည်း သူနဲ့ ဆက် စကားပြောနေရင် ကိုယ့်ဘက်က အရှုံးရိပ် မြင်နေတာမို့ အသာလေး ထွက်လာခဲ့တယ် ။ သူ ဘာတတ်နိုင်မှာ မို့လို့ လဲဗျာ ။ ဘဝတဏှာ တကယ်ပြတ်ရဲမှ ရိပ်သာကို ဝင်ရမယ်ဆိုရင် လူတောင်ရှိမှာ မဟုတ်ဘူး ။ ဘာပဲဖြစ်ဖြစ် ရိပ်သာမှာ ဒီလိုပဲ ကျင့်ကြံ အားထုတ်ကြတာပဲ ။ ရသလောက် အချိန်လေးမှာ ကုသိုလ်စိတ်တွေ တိုးပွား အောင် ၊ အကုသိုလ်စိတ်တွေ မေ့လျော့အောင် ၊ လောဘဒေါသမောဟတွေ ဝေးကွာအောင် လုပ်ကြရတာပဲမဟုတ်လား ။


သူ ပြောတာတွေ နားထောင်ပြီးတော့ ဘုရားကို ကြည့်ရမှာတောင် မျက်နှာ ခပ်ပူပူရယ် ။ ကိုကာလာ တောင် သိနေမှတော့ ဘုရား က ပိုပြီးတောင် သိဦးမှာ မဟုတ်လား ။ သူ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ဖြည့်ကျင့် အားထုတ် ရှာဖွေခဲ့တ နိဗ္ဗာန်ရောက်ကြောင်းတရားကို ကျွန်တော် လို တက္ကစီသမားက တကယ် ကျွတ်တမ်း ဝင်ချင်လို့ မဟုတ်ဘဲ တစ်ခဏတာ စိတ်အပူငြိမ်း အောင် လာလေ့လာ အားထုတ်မှန်း ဘုရားက သိမှာပါပဲ ။


မတတ်နိုင်ဘူးဗျို့ ။


ရိပ်သာဝင်တယ် ဆိုတာ အခုခေတ်မှာ ဘဝတိုက်ပွဲ အတွက် ဗျူဟာတစ်မျိုး ဖြစ်နေပြီဗျ ။ ရိပ်သာဝင်နေတဲ့ အချိန်မှာ ပြင်ပ ပူပင်သောကတွေ ငြိမ်းတန်သလောက်ငြိမ်းတယ် ၊ လူလေးစားတယ် ။ ဒုက္ခ ၊ သုခတရားတွေ ၊ လောကဓံတရားတွေ ကြုံတဲ့ အခါ ထိုက်သလောက် အပူကို ထိန်းစေတယ် ။ ဘဝတဏှာနဲ့ ပတ်သက်ရင်တော့ မသိချင်ယောင် ဆောင်ရတာပေါ့ဗျာ ။ ဒါကို သိပ်ထည့်ထည့် မတွေးနဲ့ပေါ့ ။ အားလုံးဟာလည်း ရေလိုက်ငါးလိုက် နေနေကြတာပဲ မဟုတ်လား ။ ဘုရားကို မျက်နှာပူတယ်ဆိုတာ အဲဒါပဲဗျ ။ ကိုကာလာ က သူ တကယ် နိဗ္ဗာန် ကို မသွားချင်သေးဘူး ဆိုတာ ပွင့်ပွင့်လင်းလင်း ဝန်ခံရဲတယ် ။ ဘုရား ၊ တရား ၊ သံဃာ ကို လေ့လာဆည်းပူးတယ် ။ ဗုဒ္ဓဘာသာရဲ့ သဘောသဘာဝ ၊ သမိုင်းကြောင်း ၊ ဖြစ်ကြောင်းကုန်စင်တွေကို ပြင်းပြင်းထန်ထန် လေ့လာတယ် ။ သူက ရှေ့က ပုဂ္ဂိုလ်ကြီးတွေ နိဗ္ဗာန် ကို ဘာကြောင့် သွားကြသလဲ ဆိုတာ သိပြီးမှ နိဗ္ဗာန် ကို သွားဖို့  ၊ မသွားဖို့ သူ ဆုံးဖြတ်မယ်တဲ့ ။ သူများ ကောင်းတယ် ဆိုတိုင်း သူမယုံဘူး ၊ နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီးမှ ဆုံးဖြတ်မယ်လို့ ပြောပါတယ် ။ ဒါကြောင့် သူ နိဗ္ဗာန်ကို ဘာမှန်း မသိသေးဘဲ မသွားချင်ဘူးလို့ ပြောရဲနေပြီ ။ ကျွန်တော် ကျတော့ ဘယ်ပြောရဲမလဲ ။ နိဗ္ဗာန်ရောက်ရပါလို၏ လို့ ဆုတောင်းပါတယ် ။ တကယ် သွားချင်တာလား ၊ ဘာလားတော့ ကိုယ့်ဟာ ကိုယ် ပြန် မမေးတော့ပါဘူး ၊ ရှက်စရာကြီး ဖြစ်ဦးမယ် ။


ဘဝတဏှာနဲ့  ပတ်သက်ရင်လည်း ကျွန်တော့် ဖြစ်ရပ်က ပြောစရာကြီးဗျ ။


ဝင်လေထွက်လေကို ရှုမှတ်တယ် ၊ ရုပ်ခန္ဓာရဲ့ ဖောက်ပြန်မှုသဘောတွေကို လက်ခံတယ် ၊ မမြဲတဲ့ အနိစ္စတရားကို မြင်တယ် ။ လောကီဘုံဘဝ ရဲ့ ရှုပ်ထွေးပွေလီတဲ့ သံသရာ ဝဲသြဃကြီးကို တွေ့တယ် ၊ ခက်တာက နောက်ဆုံး ဘဝတဏှာကို ပြတ်သားဖို့ ကျတော့ မဟုတ်ချင်တော့ဘူး ။ တစ်ခါတလေ တရားမှတ်ရင်း လူတွေကို မြင်ရ ၊ တွေ့ရ ၊ စကားပြောရမှာတောင် အလန့်ကြီး လန့်လာတဲ့ အထိ လူ့ဘဝကို မြင်မိပါတယ် ။ ဘယ်သူနဲ့မှကို မတွေ့ချင်တဲ့ အထိ ဖြစ်လာရတယ် ။ ဒါပေမဲ့ ဒီလို အမြင်နဲ့ မသေခင် အထိ ရှောင်ဖယ် မှတ်ရှုနေဖို့ ကျတော့ မလုပ်နိုင်ပြန်ဘူး ။ ဒါဟာလည်း ဘဝတဏှာ ထဲကို ပြန်ဝင်လာတာပဲ မဟုတ်လား ။ ပြောရရင် အဲဒီ အချိန်လေးမှာ နိဗ္ဗာန်ကို တကယ် သွားမှာလား ဆိုရင် တော်တော် ပြောရခက်မယ် ။ အမြင် ညံ့တယ်လို့ ပြောရမှာပဲ ။ ခဏနေပါဦး ၊ နိဗ္ဗာန်ရယ်လို့ ပြောရမှာလည်း လူ့ဘဝ ၊ လူ့ခန္ဓာ ၊ သံသရာ ဝဲသြဃကြီးကို ပယ်ပယ်နယ်နယ်စက်ဆုပ်ရွံရှာမှုက အားပျော့ပျော့နဲ့ မို့ အချိန်တန်တော့ အိမ်ကိုပဲ ပြန်လာမိပါတယ် ။


ဒါကြောင့် ရှင်တော်မြတ်ဘုရားဟာ ဓမ္မကို တွေ့ရှိပြီးတဲ့ နောက် ဝေနေယျသတ္တဝါတွေကို သူ သိထားတဲ့ တရားဓမ္မ ဟောပြဖို့ရာ ဝန်လေးခဲ့တာ နေမယ် ။ ကျွန်တော့်လို ဘဝတဏှာ ကြားမှာ ရုန်းမထွက်နိုင်တဲ့ သူတွေမျိုးအတွက် အမြတ်ဆုံး နိဗ္ဗာန်ရောက်ကြောင်း တရားဟာ ဘာမှ မတတ်နိုင်ဘူး ။ အမျိုးမျိုး လှည့်ပတ်ပြီး ဒီဘဝ တဏှာထဲမှာပဲ ပြန် ကျင်လည်နေချင်တဲ့ အတွက် ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ မဟုတ်လား ။ ကျွတ်တန်းဝင်ဖို့ ပါရမီအခံ နည်းခဲ့တဲ့ အတွက် အဆုံးမှာတော့ ရိပ်သာကနေ အိမ်ပြန် လာခဲ့တာ အကြိမ် မနည်းတော့ပါဘူး ။


ပြန်လာမိလို့ ဒုက္ခတွေ ၊ အပူတွေ ကြုံရပြန်တော့ သံသရာလွတ်လမ်းကို လွမ်းသလိုလို ဖြစ်မိပြန်ရော ။ ရိပ်သာအသံ ကြားရင် ပြေးဝင်ချင်ပြန်ရော ။ ကိုကာလာ ကဲ့ရဲ့ရင်လည်း မတတ်နိုင်ဘူး ။ ခဏလေးပဲ ဖြစ်ဖြစ် ဘဝသံသရာကို ရှောင်ဖယ်စိတ်လေးနဲ့ ကြည့်ရတဲ့ အရသာကို မက်တာတော့ အမှန်ပါ ။


ပြီးတော့ ခင်မေနွယ် စိတ်ဆိုးမှာလည်း ခပ်ကြောက်ကြောက်ရယ် ။ ဘကြီး ရှေ့မှာ ပြောခဲ့တဲ့ ဘာသာရေးစကားတွေ အတွက် ကိုယ် တကယ် ဗုဒ္ဓဘာသာဝင် လူငယ်ဖြစ်တဲ့ အကြောင်း သက်သေပြဖို့က ရိပ်သာ ဝင်ပြရဦးမယ် မဟုတ်လား ။


 ▢  မာန် ( တောင်လုံးပြန် )

📖 မြို့ဂျပိုး