Showing posts with label သင်းမြစန္ဒီ. Show all posts
Showing posts with label သင်းမြစန္ဒီ. Show all posts

Thursday, March 12, 2026

ရွှေပင့်ကူ၏ ကြိုးမျှင်


 

❝ ရွှေပင့်ကူ၏ ကြိုးမျှင် ❞
        ( သင်းမြစန္ဒီ )

ဤတောင်ပေါ်မြို့လေးသည် အရောင်းအဝယ် စည်ကားရာ လမ်းဆုံမြို့လေး ဖြစ်သည် ။ တောင်ပေါ် မြို့များစွာ ရှိသော်လည်း ဤမြို့လေးမှာ အရောင်းအဝယ် စည်ကားသဖြင့် လူမျိုးစုံ ၊ လူတန်းစား ပေါင်းစုံလည်း လာရောက် နေထိုင် ရောင်းဝယ်သောမြို့ ဖြစ်သည် ။ လာရောက် နေထိုင်ကြသောလူ များသဖြင့် မြို့ခံလူများမှာ လူစိမ်းများကို သိပ်မသိကြ ။ လူစိမ်းများ ကလည်း မြို့ခံ လူကို မသိကြ ။ မြို့ခံလူအချင်းချင်း ဆက်ဆံကြသလို ။ လူစိမ်းအချင်းချင်းလည်း စည်းလုံးကြသည် ။ မြို့ခံလူများ ကတော့ ခပ်အေးအေးသာ အသက်မွေးဝမ်းကျောင်းမှု ရိုးရိုးသားသားဖြင့် ရှာဖွေစားသောက်ကြသည် ။ အခြေခံ မိရိုးဖလာ တောင်ယာအလုပ်လုပ်ခြင်း ၊ ခြံစိုက်ပျိုးခြင်း များသာ လုပ်ကိုင်လေ့ ရှိသည် ။ အရောင်းအဝယ် ဆိုလျှင် လစဉ် အခြေခံ စားကုန်သောက်ကုန် ၊ လယ်ယာခြံထွက် ပစ္စည်းများ ရိုးရာ အစားအစာများသာ ချက်ပြုတ်ရောင်း ဝယ်ကြသူများသည် ။

ဤမြို့လေးမှာ လာရောက် ရောင်းချသော အသားကင် ၊ ကြက်ကင် ၊ ဘီယာဆိုင်များမှာ အခြားမြို့မှ လာရောက် ရောင်းချသူများသာ ဖြစ်ကြသည် ။ ထို့အတူ အခြားအခြားသော အသစ်အဆန်းဆိုင်များ ပေါ်ပေါက် ရောင်းချသူများမှာ သူစိမ်းများသာ ဖြစ်သည် ။

ယင်း ယခင်နှစ်ကမူ ဈေးထဲတွင် ရိုးရာ ဆန်အရက် သာ ထမင်းဆိုင်များနှင့် တွဲဖက်ရောင်းချလေ့ ရှိသည် ။ ကျေးလက်တောရွာများမှ ရှမ်းအဘိုးအို ၊ ဓနု အဘိုးအို ၊ တောင်ရိုးအဘိုးအို ၊ ပအို့ဝ် အဘိုးအိုများသည် ဈေးတွင်း ထဲရှိ ခါးရေကြမ်းဆိုင်တွင် ထိုင်ရင်း ဆန်ချက်အရက်ကို နည်းနည်းပါးပါးသာ သောက်ကြသည် ။ ဆန်အရက်လေး တစ်ကျိုက် ဝက်သားချဉ်လေး တစ်ဇွန်း စားလိုက်နှင့် ပျော်မွေ့နေကြသည့် နေရာမှာ သတင်းစကား ဖလှယ်မည် ။ တစ်ဒေသ အသီးအနှံအကြောင်း ပြောမည် ၊ ရာသီဥတု အကြောင်း ပြောမည် ၊ စီးပွားရေး အကြောင်း ပြောမည် ၊ ရွာက ပွဲတွေအကြောင်း ပြောမည် ။ မြေသြဇာ အကြောင်း ၊ သားသမီး အကြောင်းပြောမည် ။ စပါးဈေး အကြောင်း ၊ အာလူးဈေး အကြောင်း ၊ ချင်းဈေး အကြောင်း ၊ မုန်လာထုပ်အကြောင်း ပြောမည် ။ ဤဈေး အတွင်း၌ ဆုံကြရင်း ဈေးနေ့ပေါင်းများစွာကို ကျော်ဖြတ် လာခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပြီ ။

ရိုးသားစွာဖြင့် အသက်မွေးဝမ်းကျောင်းလာခဲ့သော သူများမှာ မြို့ခံလူ ခပ်များများသာ ဖြစ်နေသည် ။ သူတို့ဘဝ နေထိုင်ခဲ့သော ပုံစံများမှာ ခပ်လွယ်လွယ်နှင့် တခြားပုံစံကို ပြောင်းဖို့ ခဲယဉ်းသောသူများ ဖြစ်နေကြသည် ။ သူတို့ အရိုးထဲ အထိ စွဲနေသော ပုံသဏ္ဌာန် လှုပ်ရှားပြုမူမှုများမှာလည်း တကယ့်ကို နှစ်နှစ်ကာကာ စွဲလမ်းစွာ ပြုမူနေတတ်သော အပြုအမူများသာ ဖြစ်နေသည် ။

ထိုသို့သော နေရာတွင် ထိုးဖောက်ကာ နေရာယူလာသော စီးပွားရေးရာ အသစ်များကို သူတို့ ဘယ်လိုမှ ခံစားလို့ မရကြ ။ ဒါကတော့ အသက်ကြီးပိုင်းမှ လူများသာ ဖြစ်ကြသည် ။ အသက်ငယ်ရွယ်သူနှင့် လူလတ်ပိုင်းကတော့ ထိုမြို့ ကလေးသို့ ထိုးဖောက်နေရာ ယူလာသော ၊ အသစ် စီးမျောလာသော စီးပွားရေးပုံစံသစ် တစ်ခုကို လက်တည့်စမ်း ကြည့်ချင်သော သို့မဟုတ် ပါဝင် ကူးခပ်လိုသော ဆန္ဒမျိုးဖြစ်ပြီး စမ်းကြည့်ကြသည် ။

ဘီယာကို အကင်လေးဖြင့် မြည်းစမ်းချင်သည် ။ ဘီယာဆိုင်မှာ ထိုင်မှ လူရာဝင်တာလား ၊ အကင်လေး စားမှ ခေတ်မီတာလား စသည် .. စသည်ဖြင့် ဝေဝါးနေသော လူငယ်လေးများ ၊ တက်သစ်စ စီးပွားရေးသမားများ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော ရိုးရာ ခံစားမှုများမှ အသစ်အဆန်းကို လက်တည့်စမ်း ကြည့်ချင်သော ဝါသနာ ခပ်ပြင်းပြင်းလူများ ၊ အိမ်မှ နှစ်ပေါင်းများစွာ လှုပ်ရှားရုန်းကန်ပြီး အတူ လက်တွဲခဲ့သော ခပ်ရိုးရိုးအေးအေး မိန်းမကို မေ့ကာ ဘီယာလေး တစ်ခွက်လောက် ၊ နှစ်ခွက်လောက် သောက်ပြီး ယစ်ထွေထွေ နေတတ်သောလူများ ၊ ဘီယာသောက်ရင်း မျက်တောင်များ စင်းကျကာ ဘီယာငှဲ့ ပေးသော ကောင်မလေး မျက်နှာကို ငေးရီကာ ကြည့်နေသောသူများ ၊ တစ်စားပွဲ နှင့် တစ်စားပွဲ ကူးကာ ဆေးလိပ်မီးခြစ် ခြစ်ပေးသော ကောင်မလေး၏ လက်ချောင်းများကို ရေတွက်ကြည့်နေသော လူများ ၊ အသားကပ် ဘောင်းဘီ ဝတ်ပြီး စကပ် တိုနံ့နံ့လေး ဝတ်ကာ လှုပ်လီလှုပ်လဲ့ လမ်းလျှောက် သွားသော ကောင်မလေး၏ ဘောင်းဘီအသားကို ဆွဲကိုင် ကြည့်ချင်သော သူများ ၊ ရင်ဟိုက်ဟိုက် ဝတ်ထားသော ကောင်မလေး၏ အင်္ကျီပေါ်မှ အလှတပ် ထားသော ပန်းခိုင်လေးများ၏ အရောင်အသွေးအစုံကို လိုက်လံ ရှာဖွေသူများ စသည်ဖြင့် ရှိနေတတ်သည် ။ ခေတ်ဆန်ဆန် ကောင်မလေး၏ ခါးမှာ ချိတ်ထားသော ကတ် ဖုန်းနံပါတ်ကို အလွတ်ကျက်မှတ်မည် တကဲကဲ လုပ်နေသော ကားသမားကလည်း တစ်မျိုး ။ နယ်စပ်ဘက်သို့ ကျွဲနွားအငှား မောင်းသွားရမည့် ကောင်လေးငယ်ငယ် ကလည်း သူနှင့်အတူ လိုက်ပါလိုသော ကောင်မလေးကို နှစ်သိမ့်ပေးရင်းဖြင့် အမောဖြေ နေသည်လည်း ပုံစံတစ်မျိုး ဖြစ်နေသည် ။ နေ့ချင်း ၊ ညချင်း စီးပွားတက် လာပြီး ငွေကို ရှာရတာ လွယ်ပါတယ်ကွာလို့ သဘောထားပြီး အချင်းချင်း ချောက်ထဲ တွန်းလိုသူများ ။ အခွင့် အရေးတွေ ခပ်များများ ရထားပြီး အလွယ်တကူ လက်တွေ့ စမ်းလို့ ရသူများ ကလည်း မနည်း ။ လူစုံ ၊ ဘဝစုံ ၊ ပြဿနာစုံ ၊ ဒုက္ခစုံ ၊ သုခစုံ ၊ အစုံစုံပါပဲလေ ။

ကျွန်မ၏ ဆေးခန်းလေး ထဲသို့ ကောင်မလေး သုံးယောက် ဝင်လာသည် ။ ကောင်မလေး တစ်ယောက် ကတော့ ခပ်ရဲရဲ ၊ ကောင်မလေး တစ်ယောက်ကတော့ ခပ်ကဲကဲ ၊ တစ်ယောက် ကတော့ မဝံ့မရဲ ။ သူတို့ကို ဝင်လာကတည်းက ကျွန်မ သတိထားမိပြီး ဖြစ်သည် ။ ကောင်မလေးများမှာ ဘယ်နည်းနှင့်မျှ သည်မြို့လေးက မဖြစ်နိုင် ။ သူတို့ ဝတ်စားဆင်ယင်ထားပုံက မြို့ကြီးမှ ကောင်မလေးများ၏ အဆင်အယင်မျိုးများသာ ။

လက်သည်းအလှဆင် ပုံဖော်ထားကြသည် ။ အသားကပ်ဘောင်းဘီ ၊ စလပ်ခပ်တိုတို ၊ တစ်ယောက် ကတော့ ဂျင်းဘောင်းဘီတို အပေါ်အင်္ကျီက ခပ်ပါးပါး ၊ တစ်ယောက် ကတော့ ထဘီနောက်ခွဲနှင့် အင်္ကျီကလည်း ခေတ်မဆန်တဆန် ၊ တောဟန်ပါးပါးလေး လွှမ်းထားသည် ။ အားလုံးကတော့ ဆံပင်ကို ရွှေရောင် ၊ အညိုရောင် ဆိုးထားသည် ။ အသားဖြူဖြူချောချောလေးတွေ ၊ ထဘီနှင့် ကောင်မလေးကတော့ အသားညိုညို ၊ နားကပ် မပါ ၊ ကျန်နှစ်ယောက် ဆီမှ အပေါစား ရေမွှေးနံ့တွေ ထွက်လာသည် ။ အသားညိုညို ကောင်မလေးမှာ ဆံပင်က ခေတ်ဆန်ဆန် မဟုတ် ၊ ဘလောက်စ် ဝတ်ထားသော အင်္ကျီအောက်မှာ ဖရိုဖရဲနှင့် ကြည့် မကောင်းအောင် ပုံပျက်ပျက် အနေအထား ၊ မျက်နှာလေးကတော့ ဘာမှ နားမလည်သေးသော အနေအထားပုံစံ ခပ်ရိုးရိုး ၊ ခပ်တုံးတုံး အနေအထား ။

ကျွန်မ ဝင်လာ ကတည်းက သူစိမ်းတွေမို့ သတိထားလိုက်မိသည် ။

“ ညီမလေး ဘာဖြစ်လို့လဲ ”

“ ကျွန်မ အစား မစားချင် ဖြစ်နေတယ် ဆရာမ ”

“ ဟုတ်လား ၊ ဘယ်လောက် ကြာသွားပြီလဲ ”

“ နှစ်လတောင် မရှိသေးဘူး ”

“ ဪ .. အမျိုးသား ” ဆိုပြီး ကျွန်မ စကားကို ဖြတ်လိုက်သည် ။ ဟုတ်ပါရဲ့ ။ သူတို့က အမျိုးသားမှ မရှိတာ ။ ကျွန်မ တော်တော် ထိန်းလိုက်ရသည် ။ သူမ၏ အသွင်အပြင်က မဝံ့မရဲလေး ဖြစ်နေသည် ။ မျက်နှာကတော့ အသား အတော်ကို ညိုသဖြင့် အမည်းရောင်လေးပါ ပြေးနေသည် ။ မိတ်ကပ်အနံ့ စူးစူးနှင့် နှုတ်ခမ်းနီ အညိုရင့်ရင့် အနံ့က ချိုချဉ်နံ့လေး မွှေးနေသည် ။

သည်တော့ ကျွန်မက ညီမလေးလို့ ခေါ်ရမည့် အရွယ် မဟုတ်သဖြင့် “ သမီး ရာသီမှန်မှန် လာရဲ့လား ” လို့ မေးဖြစ်သည် ။

ထိုကောင်မလေးမှာ အသက်ငယ်ငယ်လေး ဖြစ်ပေမယ့် မျက်နှာက နည်းနည်းရင့်နေသည်လို့ ထင်ရသည် ။ အခြား ကောင်မလေး နှစ်ယောက်လို လက်သည်း ပြင်ထားခြင်း ၊ ဆံပင်ကို ခေတ်မီမီ ပြင်ဆင်ထားခြင်း မပြုလုပ်ရသေး ။

ကျွန်မ မေးလိုက်တော့ သူ့မျက်နှာ အံ့သြသင့် သွားသည့်ပုံ ပေါ်လာသည် ။

“ ဆရာမက ဘာလို့ မေးတာလဲ ”

“ ဪ ... မိန်းကလေး ဆိုတာ အကုန် မေးရတယ်လေ ”

“ အ ... လွန်ခဲ့တဲ့ လကတော့ နည်းနည်းပဲ ပြတယ် ဆရာမ ”

သည်တော့ သူနှင့်အတူ ပါလာသည့် ကောင်မလေး နှစ်ယောက်က တခွိခွိ ရယ်နေသည် ။

“ နင့်ကို ငါပြောသားပဲ ။ ငါခိုင်းတာမှ မလုပ်တာ ” ဟု ခပ်သွက်သွက် ကောင်မလေးက သူ့ကို ကြည့်ကာ ပြောနေသည် ။

“ ဆရာမ စမ်းကြည့် ပေးပါဦး ။ ကျွန်မ ဘယ်လို ဖြစ်နေလဲ ဆိုတာ ၊ အန်လည်း အန်ချင်နေတယ် ” ဟု ကောင်မလေးက ပြောသည် ။

သည်တော့ အဖော် နောက်တစ်ယောက်က အတွေ့အကြုံ ရှိသူ ပီပီပင် ...

“ ဆရာမ ၊ ကျွန်မ သူ့ကို ဆီးစစ်ပေးတော့ နှစ်ကြောင်း ပေါ်တယ် ။ အဲဒါ မယုံလို့တဲ့ ”

“ ဟုတ်လား ၊ စစ်ကြည့်ပြီးပြီလား ”

“ ဟုတ်ကဲ့ ဆရာမ ၊ ကျွန်မ သူတို့ကို မယုံဘူး ဆရာမ ။ အချင်းချင်းပဲ ကျွန်မကို မဟုတ်တာ ပြောနေတာ ”

“ သမီး ဘယ်နေ့က စစ်ကြည့်တာလဲ ”

“ လွန်ခဲ့တဲ့ ဆယ့်ငါးရက် လောက်က ”

“ ဆီးစစ်ပြီးတော့ရော အဆင်ပြေလား ”

“ ဟင့်အင်း ”

“ ကျွန်မကို စမ်းပေးပါ ဆရာမ ” ဟု သူ ဝှက်ယူလာသော ဆီးပုလင်းလေးကို ထုတ်လိုက်သည် ။ သည် တော့ ကျွန်မ သူ့ကို သနားသွားသည် ။ ကဲ ... စမ်းကြည့်ပေးမယ် ဆိုပြီး ဆီးစမ်း ၊ အခြား စမ်းသပ်စရာ ရှိတာကို စမ်းသပ်ပေးလိုက်သည် ။ သူမ၏ မျက်နှာမှာ တစ်စုံတည်းသော မျှော်လင့်ချက်ကို ချေဖျက်လိုဟန် ရှိနေသည် ။

အခြား ကောင်မလေး နှစ်ယောက်ကတော့ သီချင်းလေး ဆိုလိုက် ၊ ပီကေ ဝါးလိုက်နှင့် သူမကို သနားစရာ အဖြစ် ကြံစည်နေသည် ။ တစ်ယောက်ကတော့ အ,လို့ ခံရတာ ဆိုသော မျက်နှာပေးဖြင့် ကြည့်နေလိုက်သည် ။

ကျွန်မ စမ်းသပ် ကြည့်ရှုချက်ကလည်း သူမ လုံးဝ မျှော်လင့် မထားသော အဖြေကို ပေးရပေမည် ။ ကျွန်မ သူ့မျက်နှာကို စိုက်ကြည့်လိုက်သည် ။ သူမမှာ ရယ်ကျဲကျဲ နေလိုက် မျက်နှာထားကို အတည်ပေါက် နေလိုက် ကြောက်နေသလိုလို ဖြစ်လိုက်နှင့် ကျွန်မ စကားကို နား ထောင်နေသည် ။

“ သမီးမှာ ကိုယ်ဝန် ရှိနေတယ်လေ ” လို့ ကျွန်မ ပြောလိုက်သည် ။

“ ဟင် … ဆရာမ ကိုယ်ဝန် ၊ ကိုယ်ဝန် ” ဟု ပြောပြီး ငိုင်ကျသွားသည် ။ သူ့မျက်နှာကို ကျွန်မ မကြည့်ရက်တော့ ။ သူမမှာ ကယောင်ကတန်း ဖြစ်ပြီး ဖြူရော်ရော် ဖြစ်သွားသော မျက်နှာလေးကို အံ့သြတသင့် ငေးမိသွားသည် ။ သူ နားမလည်နိုင်သော ၊ ဘယ်လိုမှ မျှော်လင့် မထားသော အခြေအနေ ။ ခပ်ပေါ့ပေါ့လား ၊ ဒါမှမဟုတ် ဤသို့ ကိစ္စနှင့် ပတ်သက်၍ ဘယ်လို ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်း မရှိခြင်းပဲလား မသိ ။ အတော်ကို ထိတ်လန့် တုန်လှုပ်ဖွယ်ရာ အခြေအနေကို ပြောင်းသွားသည်မှာ သိသာလွန်းလှသည် ။ မျက်ရည်တွေ ဝိုင်းလာသည် ။ ခေတ္တမျှလောက် အသက်ရှူ ရပ်သွားသည်လား မသိ ။ ခေါင်းငိုက်စိုက် ကျသွားပြန်သည် ။

ကမန်းကတန်း ထိုင်လိုက်သည်မှာ လျင်မြန်လှသည် ။ ဘေးမှ အဖော်များကတော့ သူမကို လှောင်ပြုံး ပြုံးနေသည် ။ တစ်ယောက် ကတော့ ပြုံးနေသည့် ကြားမှ “ နင်က ငါပြောတာမှ မယုံတာ ၊ နင့်ကို ပြောပြတယ်လေ ၊ မှတ်မိလား ”

“ အင်း …. ကျွန်မက ငယ်သေးတယ်လေ ၊ သည်လို မဖြစ်နိုင်ဘူးလို့ ထင်နေတာ ”

“ ဟင်း ... ဟင်း ... ငယ်သေးတယ်တဲ့လား ”

ကျွန်မသည် ဆရာမ တစ်ယောက်မို့ ကျွန်မထံ ကိုယ်ဝန် ရှိ ၊ မရှိ လာရောက် စမ်းသပ်ခံသော မိန်းကလေးများစွာကို ကြုံခဲ့ရသည် ။ ကိုယ်ဝန်ရှိသည်ဟု အဖြေကို ရလိုက်သော မိန်းကလေးများ၏ မျက်နှာမှာ ဝင်းသွားကြသည် ။ လင်းလက် သွားကြသည် ။ တစ်စုံတစ်ရာကို မျှော်လင့်ချက် အပြည့်နှင့် လက်ခံလိုက်သော မိန်းမလေးများသာ ဖြစ်ကြသည် ။

ကျွန်မ အခု ကြုံလိုက်ရသော ကောင်မလေး၏ မျက်နှာကို ကျွန်မ မြင်လိုက်ရတော့ အတော့်ကို တုန်လှုပ်သွားရသည် ။ သူမ မျက်နှာကို ကျွန်မ ကြည့်ရင်း လမ်းပျောက်နေသော မိန်းကလေးငယ်၏ စိုးရိမ်ထိတ်လန့်ဖွယ်ရာ ငိုကြွေးသံကိုသာ ကြားလိုက်ရသည် ။

သူမက ငိုကြွေးသံကို ကောင်မလေး နှစ်ယောက် စိတ်ပျက်ဖွယ်ရာ ဝေဖန် လိုက်သေးသည် ။

“ နင့်ကို ငါပြောထားတာပဲ ။ ကာကွယ်ဆေး ထိုးပါဆို ”

“ ဟယ် ... နင်နဲ့ ဘယ်သူ ” လို့ ပြောရင်း ရယ်လိုက်ကြပြန်သည် ။ ကျွန်မ ရှေ့မှာ ပြောနေသော သူတို့၏ စကားသံကို ကျွန်မ ကြားလိုက်ခြင်းပင် ။ ကျွန်မ ကိုယ်တိုင်လည်း စိတ်မကောင်း ဖြစ်သွားရသည် ။

ကောင်မလေးများ အပျိုဖော်ဝင်စ ဖြစ်မည် ။ မျက်နှာကတော့ ပင်ပင်ပန်းပန်း လုပ်ကိုင်စားရသည့် အခြေအနေမျိုးမှ လာပုံရသည် ။ သူမ ကိုယ်တိုင် ဘယ် လိုမှ မျှော်လင့်မထားတာလား ၊ ဒါမှမဟုတ် အကျိုး အကြောင်းကို ဆင်ခြင်နိုင်စွမ်း မရှိကာလား စဉ်းစားစရာပင် ဖြစ်နေသည် ။ ဤသို့ မိန်းကလေးမျိုးများ ဘယ်နှစ်ယောက်တောင် ဤတောင်ပေါ်မြို့လေးမှာ ရှိနေမည်နည်း ။

သူမ၏ တုန်ရီလှိုက်ဖိုစွာ ငိုနေသော ငိုကြွေးသံက အသံကျယ်ကျယ် ထွက်လာလိုက် ၊ ပျောက်ကွယ်သွားလိုက် ။

ကျွန်မကတော့ သူမ အတွက် စိုးရိမ်တကြီး ဖြစ်သွားသည် ။ ကိုယ်ဝန်ဆောင်ရမည် ဖြစ်သော ကောင်မလေးကို သနားသွားသည် ။ ထို့အတူ နောက်ထပ် စိုးရိမ်စရာကိစ္စ တွေကလည်း ဆက်တိုက် ဆိုသလို အစီအရီ ပေါ်လာသည် ။

“ ဟေ့ .. နင် ငိုမနေနဲ့ ၊ လွယ်လွယ်လေးပါဟာ ၊ ဆေးပူကြီး သောက်ချလိုက်ရုံပေါ့ ”

ခပ်ရဲရဲ ကောင်မလေးက အကြံဉာဏ် ပေးလိုက်သည် ။ ကျွန်မတော့ သူတို့ သုံးယောက်အပေါ် အတော်လေးကို အံ့သြသင့်သွားသည် ။ သူတို့ထဲတွင် အတွေ့အကြုံများသော ကောင်မလေးက အစိမ်းသက်သက် ကောင်မလေးကို အကြံဉာဏ် ပေးနေသည် ။

ကောင်မလေးက သူမကို အားကိုးတကြီး လှမ်းကြည့်လိုက်ရင်း ငိုချလိုက်ပြန်သည် ။

ကျွန်မက “ သမီးရယ် သည်တစ်ယောက်တော့ မွေးလိုက်ပေါ့ ။ နောက်ဆို အကာအကွယ် မမေ့စေနဲ့ ပေါ့ ”

သူမက ကျွန်မ ပြောမှ ဆက်ငိုနေပြန်သည် ။

“ ကျွန်မ ဘဝပျက်ပါပြီ ဆရာမရယ် ၊ ကျွန်မ ကလေးရှိရင် ပြန်လွှတ်မှာပေါ့ ။ မွေးလို့လည်း ဘယ်ရမလဲ ”

“ ဟဲ့ နင့်ကို ကပ်နေတဲ့ ဟိုပိန်ပိန်ပါးပါး အစ်ကိုကြီးကို မေးကြည့်ပါလား ”

“ ဘာမေးရမှာလဲ ” ဟု ငိုနေသော ကောင်မလေးက မေးလိုက်သည် ။

ကျွန်မ အထင်တော့ ဟိုပိန်ပိန်ပါးပါး အစ်ကိုကြီး ကရော သူမ အတွက် အားကိုးရာ ဖြစ်ပါ့မလား ၊ ငြင်းလိုက်မလား ၊ လက်ခံလိုက်မလား ။

“ ဟဲ့ ... အဲ့သည့် အစ်ကိုကြီးကို ဘယ်သူ သုံးမှာလဲ ။ ရောဂါသည်ကြီးတဲ့ ”

“ ဘာရောဂါလဲ ဟင် ” ဟု ကောင်မလေးက ထပ်မေး နေသည် ။

“ အေလေ ၊ အေ ”

“ ဘာအေလဲ ဟင် ”

“ အေပေါ့ဟ ၊ နင် စိတ်ကူး မလွဲနဲ့ ၊ အဲ့သည့် အစ်ကိုကြီး ကတော့ နင့်ကို ကူညီမယ် ထင်ပါရဲ့ ”

ငိုနေသော ခပ်အအ ကောင်မလေးက ဘာမှ နားမလည်ဘဲ သူ ဆွဲလို့ရနိုင်မည် ထင်သော ကောက်ရိုးမျှင် တစ်ခုကို တွယ်ကပ်လိုသော စိတ်က လွှမ်းမိုးစွာဖြင့် မေးလိုက်သည် ။

ကျွန်မ ကတော့ အတော့်ကို တုန်လှုပ်သွားသည် ။ ကျွန်မ စိတ်ထဲတွင် ဘယ်လိုမှ ထင်မထားသော အမေးနှင့် အဖြေများကို နားထောင်ရင်း အတော့်ကို စိတ်ပျက်သွားမိသည် ။ တကယ်တမ်းလည်း ကျွန်မ ကိုယ်တိုင် သည် ပြဿနာကို ကူညီဖြေရှင်း မပေးနိုင် ၊ အကူအညီ မပေးနိုင် ။

ကျွန်မ စိတ်မကောင်းစွာဖြင့် သူတို့ကို ငေးနေရင်း ကောင်မလေးများ ထွက်ခွာသွားရာ ဆီသို့ အံ့ဩမင်သက် စွာ ကြည့်နေမိတော့သည် ။  ။

⎕ သင်းမြစန္ဒီ
📖မြန်မာသစ် မဂ္ဂဇင်း
     ၂၀၁၀ ၊ သြဂုတ်လ

Sunday, February 11, 2024

ပန်းသည်


 ❝ ပန်းသည် ❞ 


အမေ ပန်းသည် ဘဝ ကို ရောက် တာ ကျွန်မ အသက် နဲ့ တွက် ရင် အနှစ် ၂ဝ ကျော် ပဲပေါ့ ။ ကျွန်မ တစ်နှစ် သမီး မှာ အဖေ ဆုံး သွားတော့ အမေ ယောင်တိ ယောင်ချာ နဲ့ ကျန်နေခဲ့တယ် လို့ ဆိုပါတယ် ။ ဒါနဲ့ပဲ အိမ် မှာ စိုက် ထားတဲ့ ဇော်စိမ်းပန်း ၊ ရွက်လှပန်း ၊ ဂမုန်းပန်းတွေ ချိုး ရောင်းရင်း နဲ့ ပန်းသည် ဘဝ ကို ကူးပြောင်း ခဲ့တာပဲပေါ့ ။ နောက် အိမ်နီးချင်း ခြံတွေ က ပန်းတွေ ကို ခူး ရောင်း ရင်း နဲ့ ပဲ ပန်း ကို မျိုးစုံအောင် ကိုင် နိုင်ခဲ့တာပဲပေါ့ ။


အမေ က ကျွန်မ ကို တစ်ဦးတည်း သော သမီး မို့ သိပ် ချစ်တာ ။ အမေ က ပညာ သိပ် မတတ်ဘူး ။ ဒီတော့ ကျွန်မ ကို ပန်းရောင်း ရင်း နဲ့ ပဲ ပညာ ဆက် သင်ပေးတာ ။ အခု ကျွန်မ ဆယ်တန်း နှစ်ခါ ကျတဲ့ အထိ ပဲ ဆိုပါတော့ ။ သားအမိ နှစ်ယောက်တည်း မို့ မပူပင်ရ ပေမဲ့ ကျွန်မ ဆယ်တန်း နှစ်ခါ ကျ ဆိုတော့ အမေ့ ကို အားနာ မိတာ အမှန် ပဲ ။ သနား တာ လည်း ပါတယ် ။ အမေ က တော့ ပြောပါ တယ် လေ “ အားမငယ်နဲ့ သမီး ၊ ကျူရှင် တက်ပြီး အပြင် က ဖြေပေါ့ ” တဲ့ ။


အမေ က တော့ ကျွန်မ ကို ဆယ်တန်း အောင် အောင် ထား မှာပါပဲ ။ အမေ က ကျွန်မ ကို သူ့ လို ပန်း မရောင်းစေချင် ဘူး နဲ့ တူတယ် ။ အမေ က ကျောင်းဆရာမ သိပ် ဖြစ်စေချင် တာလေ ။ ကျွန်မ က လည်း ကျောင်းဆရာမ ဖြစ်ချင်ပါ တယ် ။ ဘာကြောင့်လဲ ဆိုတော့ အမေ ဈေး ထဲ မှာ ပန်း ရောင်း နေတာ ကို မကြည့်ရက်ပါဘူး ။


ကျွန်မ လည်း ဆယ်တန်း ကို ကြိုးစား ဖြေတာပါပဲ ။ အမေ့ ကို သနားတာ နဲ့ ကျူရှင်စရိတ် မတောင်းချင်တာ နဲ့ ပဲ ကိုယ့်ဘာသာ ကိုယ် ကြိုးစား ကျက်မှတ် ရတာပေါ့ ။ ကံ က လည်း နည်းတယ်နဲ့ တူတယ် ။


ဒီနှစ် တော့ အပြတ် ကြိုးစားရမှာပဲ ။ ကိုယ် က အပြင် ဖြေ မဟုတ်လား ။ ကျူရှင် တော့ ဘာသာစုံ မတက် ပေမယ့် နှစ်ဘာသာ တော့ ယူ ပါတယ် ။ အောင်ချင်တယ် မဟုတ် လား ။ အမေ က နံနက် မိုး လင်း ကတည်း က ဈေးထွက် သွားတာ ကျွန်မ ချက်ပြုတ်ပြီး အမေ့ ဈေး ထဲ ထမင်းဘူး သွား ပို့ ပြီး မှ ကျူရှင် သွားပေါ့ ။ ဒါက နေ့တိုင်း ပဲ လေ ။ မနေ့ က အမေ နေမကောင်း လို့ တဲ့ ။ ဖျားနာ တာ တော့ မဟုတ်ဘူး ။ ကိုယ်တွေ လက်တွေ မသယ်ချင်တာ တဲ့ ။


ကျွန်မ က အမေ့ ကို နံနက်ဈေး ထွက်ပေးမယ် လို့ ပြော တော့ အမေ က မယုံ ။ ကျွန်မ က လည်း ထမင်းဘူး ပို့ ရုံ တင် အမေ့ ဆိုင် မှာ ထိုင် ဖြစ်တာ ။ ကျွန်မ ထိုင် တဲ့ အချိန် က ထမင်း ပို့ချိန် ဆိုတော့ လူဝင် လူထွက် ကျဲတဲ့ အချိန်မျိုး သာ ကြုံ နေ ကျ ။ အမေ က လည်း မနေ့ က ပန်းတွေ ယူထားတာ လည်း ရှိ ၊ ခြံသမားတွေ က လည်း ပန်းချိုးရက် နဲ့ ဆုံလို့ လာ ပို့ကြတာ နဲ့ ကျွန်မ မထွက်လို့ က မဖြစ် ။ အမေ က တော့ အားနာ နေသည် ။ သူ အကိုက်အခဲပျောက်ဆေး သောက်ပြီး ထွက်မယ် တဲ့ ။ ကျွန်မ က နေ့ကျောင်း တက်တာ မှ မဟုတ်တာ ။ ကျုရှင် ဆိုတော့ တစ်ရက် လောက် ပျက်လည်း ဆရာ က ခွင့် လွှတ်မှာ ပဲ နော် ။


ကျွန်မ နံနက် စောစော ထ ပြီး ဈေး ထွက်ရမှာပေါ့ ။


  •••••   •••••   •••••


[ ၂ ]


“ သမီး မထွက်နဲ့လေ ၊ ကျူရှင် သွား တက် ။ အမေ မနက် ဆို ကောင်းသွားမှာပါ ။ အခု ပန်းတွေ ပြင် စည်း လိုက်ဦးမယ် ” 


“ နေနေ အမေ ။ ကျွန်မ စည်းမယ် ။ နှီးတွေ စီလိုက်ဦးမယ် ” 


“ ဒီနေ့ လာ ပို့တဲ့ သပြေ က ခေါင် နည်းတယ် ဟေ့ ။ သမီး ကြည့် လုပ်နော် ။ အစည်း ကို လှအောင် စည်းဦး ။ ခေါင် နဲ့ ပယ် နဲ့ တွဲပြီး စည်း ။ ပြီးရင် ရေပုံး ထဲ စိုက်ထား ။ အပေါ် က ရေစို အဝတ် နဲ့ မအုပ်နဲ့ နော် ၊ အညွန့်တွေ ကျိုးမယ် ၊ သပြေ က အညွန့် ကို မထိ မှ ၊ ထိ ရင် ဈေး မရဘူး ။ ဝယ်တဲ့ သူ က အညွန့် ကို ကြည့် ဝယ်တာ သမီး ရဲ့ ” 


“ သိပါတယ် အမေ ရ ။ အိပ်ရာ ထဲ လှဲ နေပါဦး ။ ရပါတယ် ။ သမီး လုပ်တတ်ပါတယ် ” 


“ ငါ က စိတ်မချဘူး အေ့ ။ ပန်း ဆိုတာ အကိုင်အတွယ် တတ် မှ နို့မို့ရင် အရင်း ပြုတ် နိုင်တယ် ”  


“ မပြုတ်ပါဘူး အမေ ရယ် ။ ကျွန်မ လည်း လုပ်နိုင်ပါတယ် အမေ ရ ” 


ဈေး သွားခါနီး သပြေပန်း ကို ပလတ်စတစ်အိတ် နဲ့ ပတ်ပြီး လိပ် ၊ အိပ်ခွံ ကို အညွန့်ဘက် မှာ ခပ်များများ ချန်ပြီး လိပ် နော် ။ တော်ရုံတန်ရုံ အထိအခိုက် နည်းတာပေါ့ ။ သိပ် ပြီး စည်း ၊ ရေ စင်အောင် ခါနော် ။ တော်ကြာ အရွက်တွေ ရိ ကုန်ဦးမယ် ” 


"ရေ ခါပါတယ် အမေ ရ ။ ပူရန်ကော အမေ က ” 


“ ဂမုန်း ကို တစ်ပင် သုံးကျပ် ရောင်းပေါ့ ။ ဂမုန်းပင် ဝယ် တဲ့ သူတွေ က များပါတယ် အေ ။ အို - လခစားတွေ လည်း ပါ ပါတယ် ။ ဆစ် ရင် အနည်းဆုံး နှစ်ပင် ငါးကျပ် ရောင်းပေါ့  ။ သူတို့ ဒါ ဒီ ပန်း ပဲ ထိုးကြတာ ။ အပင် ခပ်လတ်လတ် နဲ့ အသေး မျှ ပေးနော် ။ ဒါက ကိုယ့်အတွက် မကျန်ပါဘူး ။ ဒါပေမဲ့ လူစုံ ဝယ်နိုင်အောင် တင် ထားရတာ ၊ အမြတ် တော့ မကျန်ဘူးပေါ့ ” 


“ ဈေး က သမီး သိပါတယ် အမေ ရယ် ။ လခစားတွေ မှ ဝယ်တာ မဟုတ်ပါဘူး ” 


“ အမယ်လေး သမီး က ဘာသိလို့လဲ ။ လခစားတွေ က ပန်း ကို စကေး ကိုက်အောင် ထိုးတာ သမီး ရဲ့ ။ သူ တို့ က ဂမုန်းပင်လေး တစ်ပင် ကို နောက်ခံ ပန်းလေး အဖြစ် ထိုး တာ  ။ လခ ထုတ်တဲ့ ရက် ကျတော့ နှင်းဆီ တို့ ၊ ဂန္ဓမာ တို့ ၊ သစ္စာပန်း တို့ နဲ့ ရော လိုက်တာပေါ့ ။ လလယ် လောက် ကျတော့ ဂမုန်းပင်လေး တစ်ပင်တည်း နဲ့ ပဲ ဘုရားစင် ကို အေးမြ အောင် ရှင်းလင်း နေ အောင် ဆိုပြီး ထိုးကြဆိုပဲ ” 


“ အမေ ရာ လခစား တိုင်း မဟုတ်ပါဘူး ၊ ကြံကြီးစည်ရာ ” 


“ အမေ့ ဆိုင် ဝယ်နေကျ ဖောက်သည်တွေ လေ ။ ဟို ရဲအုပ်ကြီးကတော် ဆိုလား ၊ လမ်းအုပ်ကြီးကတော် ဆိုလား နှင်းဆီအနီ ရှိုးပန်း တစ်ခါဝယ် မနည်းဘူး ။ အစိတ် ဖိုး ၊ သုံးဆယ် ဖိုး ။ ကျောက်စိမ်းနားကပ် ခပ်ကြီးကြီး နဲ့ မိန်းမ ပေါ့ ။ သူ လာ ရင် သမီး သပြေပန်း ကို ပေးဖြစ်အောင် ပေး နော် ။ သူ က အမေ့ ဖောက်သည် ” 


“ တခြား ဖောက်သည် ရှိသေးလို့လား အမေ ” 


“ ရှိတာပေါ့ ၊ ဟို ရွှေဆိုင်တန်း မျက်နှာချင်းဆိုင် အထည်အတန်း တွေ ထဲ ကို ဆိုင် က ကောင်မလေး ကို သပြေ နဲ့ ကျောက်နှင်းဆီတွေ လိုက် ပို့ခိုင်း ၊ သူ က ပေးနေကျ ဆိုင်တွေ ကို သိတယ် ” 


“ အမေ ရွှေဆိုင် က လူတွေ ကို ရော ပေးခိုင်းရ မှာလား ”  


“ ရွှေဆိုင်တန်း က ပို့ရ မှာ တစ်ဆိုင် နှစ်ဆိုင် ပါ ပဲ ။ သူတို့ က သူတို့ အိမ် က ပွင့်တဲ့ သစ်ခွတွေ ၊ နှင်းဆီတွေ ရှိတယ် သမီး ရဲ့ ” 


“ ပို့စရာ မလိုဘူးပေါ့ ” 


“ သပြေ ခုန က အမေ စည်းခိုင်းတဲ့ အထဲ က ပယ်တွေ ကို စု ပြီးတော့ အရိုးနည်းနည်း ရှည်လေးတွေ ကို စု ပြီး စည်း ၊ အတို က တော့ တချို့ နတ်ပန်းအိုး တင်တဲ့ သူတွေ ဝယ်တယ် ။ အုန်းဆက်တဲ့ သူတွေ အကြိုက် ပေါ့ ။ အုန်းဆက် တဲ့ ပွဲတွေ မှာ အညွန့် ခပ်သေးသေးတွေသုံးတာ ၊ အမွှေးနံ့သာရည် ထဲ နှစ် ပြီး အသုံး လုပ်ကြတာ ။ သတ်သတ်ဖယ် ” 


“ အမေ က လည်း သူတို့ လုပ်တာ အမေ လုပ်တာ ကျနေတာပဲ ” 


“ ဪ သမီး က လည်း ဈေးသည် ဆိုတာ ဖောက်သည် အကြော သိထားမှ အေ့ ။ ဂန္ဓမာပန်း ခေါင်တွေ ကို တော့ ကားသမားမိန်းမတွေ ၊ အရာရှိကတော်တွေ အဝယ်များတယ် ။ ဈေး မလျှော့ နဲ့ တင် ထားနော် ။ သူတို့ က ဘုရားပန်း ကို ဈေး အပြိုင် ပေးနိုင် ကြတယ် ။ အလှဆုံး လည်း ရွေး ကြတယ် ။ ခေါင် ကို ကြိုက်ဈေး တောင်းလို့ ရတယ် ။ သပြေ ဆို လည်း ခေါင် မှ ကြိုက်တယ် ။ သပြေ လည်း မလျှော့ နဲ့ ကြားလား ” 


“ ဂန္ဓမာပန်း ကို ရေစို အဝတ် နဲ့ မအုပ်ရဘူးနော် အမေ ဟုတ်လား ။ ရေပုံး ထဲ မှာ ပဲ ထောင်ထားမှာ မဟုတ်လား ”  


“ အေးအေး ရှိုးနှင်းဆီတွေ ကို ပွင့်ဖတ်တွေ မလှန်နဲ့ နော် ။ ထားလိုက် သူ က အဝယ်လိုက်တယ် ။ ရေမွှေးနှင်းဆီ ကတော့ ဈေး လျှော့ရောင်း ။ သူ က အထား မခံဘူး ။ ဝယ်နေ ကျဖောက်သည်တွေ ရှိတယ် ။ မုန့်သည် အဘွားကြီးတွေ ယူတယ် ” 


“ အမေ က လည်း မုန့်သည် အဘွားကြီး တွေ က ယူ တယ်လို့ ကြံကြံဖန်ဖန် ” 


“ သမီး က ဘာ သိလို့လဲ ၊ သူတို့ က သားထောက် သမီးခံ မရှိသူတွေ ။ ဒီတော့ ကိုယ့် ဝမ်းကိုယ် ကျောင်းကြတဲ့ အမှီအခို မရှိတဲ့ သူတွေ များတယ်လေ ။ ဘုရားအိုး မှာ ပန်းတွေ ဝေ နေအောင် ထိုး မှ စိတ်ချမ်းသာကြတာ ။ ရေမွှေး က အနံ့ လည်း ရ ဆိုတော့ ကိုယ့် ဘုရားစင်လေး ရှေ့ မှာ ထိုင် လိုက်ရင် ရင် ကို အေးမြ သွားတာပဲ တဲ့ ။ နှင်းဆီပန်းရောင်တွေ က ဝေ နေအောင် ပွင့်တော့ ဘုရားနှင့် သပ္ပာယ်တယ် တဲ့ ။ ခဏ ခဏ လဲရပေမယ့် ကြည်နူးတယ် တဲ့ ။ သူတို့ က ရှိုး မဝယ်နိုင် တဲ့ အမေ့ ဖောက်သည်တွေ ၊ ကြည့် ပေးလိုက် ။ ဘုရား ကို တကယ်ကို ကြည်ကြည်ညိုညို နဲ့ လှူချင်တန်းချင် သူတွေ ပါ ။ ကုသိုလ် ကံ က တို့ လို နည်းလို့ နဲ့ တူတယ် ။ ရှိုး ကတော့ အလှ ရက်စက်တယ် ။ အနံ့ က နည်းတယ် ။ သူတို့ က အား မရဘူး ။ ရာသီပန်း ဆိုရင် အဲဒီ အဘွားကြီးတွေ က အမေ့ ရဲ့ကျေးဇူးရှင်တွေ ပဲ ” 


“ ဘာလဲ အမေ ၊ ရာသီပန်း ဆိုတာ ” 


“ ရာသီပန်း ဆိုတာ သူ့ ရာသီ မှာ ပွင့်တဲ့ ကံ့ကော် တို့ ၊ ကရမက် တို့ ၊ ပိတောက် တို့ ဆိုရင် သူတို့ က ပန် ဖို့ ရော ၊ ဘုရားစင် မှာ ထိုးဖို့ ရော အရင် ဝယ်နေ ကျ ” 


“ အမေ က ပန်း ကို သူတို့ တင် ပန်တာ မဟုတ်ပါဘူး အမေ ရာ ။ လူတိုင်း ပန်နေကြတာပဲ ။ အမေ့ မှ ပဲ မုန့်သည်တွေ က ပန်ရတယ်လို့ ” 


“ အမယ်လေး သမီး မသိပါဘူး ။ ရာသီ ပေါ်တဲ့ ကရ မက် တို့ ၊ ကံ့ကော် တို့ ၊ စံပယ် တို့ ၊ ပိတောက် တို့ ဆိုတာ ရုံးစာရေးမလေး တွေ ၊ ကျောင်းဆရာမ တွေ က အနံ့လေး ရ ရုံ စတိ လောက် ပန်တာ ။ မုန့်သည် တွေ လောက်  ၊ ရေကုန်သည်တွေ လောက် မက်မက်စက်စက် သူတို့ က ပန်ကြတာ မှ မဟုတ်တာ ။ ကရမက် ဆို တစ်ခက် ၊ ပိတောက် ဆို တစ်ခက် ၊ ကံ့ကော် ဆို တစ်ပွင့် လောက် သာ ပန်ကြတာ ။ အမေ့ ဖောက်သည်တွေ က ပန်တယ်ဆို သိတယ် မဟုတ်လား ။ တစ်ခေါင်းလုံး ဖွေး နေအောင် အခိုင် လို က်  ၊ အကုံး လိုက် ပန်ပစ်ကြ တာ ။ ဝေလို့ ။ သူတို့ က မှ တကယ် ပန်း ကို ပန်း နဲ့ တူအောင် ပန် ကြတာ ။ ရေကုန်သည် မထွေး က နံနက်တိုင်း စံပယ်ငါးကုံး အရှည်ကြီး ဖယ်ထား ပေးရတာ ။ သုံးကုံး ဆက်တယ် ။ နှစ်ကုံး ပန်တယ် ။ အမေ့ ဖောက်သည် ပေါ့ ” 


“ အမေ ရေကုန်သည် လို့ ဘာလို့ ခေါ်တာလဲ ”  


“ ဪ - သမီး ရယ် ၊ သူတို့ ကို ငါးစိမ်းသည် လို့ ဘယ် ခေါ်လို့ ကောင်းပါ့မလဲ ။ ညည်းနှယ် ဈေး ထဲ နေပြီး အ ရန် ကော ၊ အခုလို ခေါ်တော့ သူတို့ လည်း ကျေနပ်ကြတာ ပေါ့ သမီးရယ် ” 


“ ဟုတ်တယ်နော် အမေ ပြောမှ သူတို့ တွေ ပန်း ပန် တာ အများကြီး အခု မှ သတိထား မိတယ် ” 


“ ဟုတ်တယ်လေ ၊ သူတို့ အလုပ် ထဲ မှာ ဒီ အမွှေးနံ့တွေ နဲ့ လှိုင် နေမှ စိတ် ကြည်မှာပေါ့ ။ ဘယ်မှာ ကရမက် တစ်ခက် က မွှေးပါ့မလဲ ။ အခိုင်လိုက် ပန် လိုက်မှ ခေါင်း မှာ လည်း ဝေ ၊ ရနံ့လေး က လည်း ရ ၊ ဘယ်လောက်များ ကြည်နူးမလဲ ဆိုတာ ” 


“ ဟုတ်တယ်နော် အမေ ၊ ပန်း များ မှ အနံ့ ပို ရမှာပေါ့ ”  


“ သမီး နှင်းဆီရဲသွေး ထဲ က အအာတွေ ကို သပ်သပ် ဖယ် ပြီး အရိုး တိုတို ဖြတ် ၊ အဲဒါတွေ က ကျောင်းသားတွေ ဝယ်တယ် ။ သူတို့ ဆရာမ အတွက် ရော ၊ သူတို့ ရော ဝယ်ကြ တာ ။ ကလေးတွေ ကို ကြည့်တောင်း ” 


“ သပြေတွေ စည်းလို့ ပြီးပြီ အမေ ။ နံနက်ဈေး ထွက်မယ် ၊ အမေ လည်း ကျွန်မ ကို ပြောရတာနဲ့ မောပြီ ” 


  •••••   •••••   •••••


[ ၃ ]


ကျွန်မ ဈေး ကို အစောကြီး ထ သွားရတာ ။ ပန်းတွေ ကျိုး မှာ စိုးလို့ စပါယ်ယာ ကို ပြောရသေးတယ် ။ ပန်းတွေ ကို ရွရွကလေး တင်ပေးဖို့ ပြောတော့ စပါယ်ယာ က ကျွန်မ ကို ပိုရန်ကော လို့ မျက်စောင်း တထိုးထိုး နဲ့ ပဲ ဈေးရောက် လာတယ် ။ ပန်း အချ မှာ တော့ ကျွန်မအမေ ကို ကူရောင်း ပေးတဲ့ ကောင်မလေး က လာ ကြို လို့ တော်ပါသေးတယ် ။


အမေ က လခ ပေး ငှားတာ မဟုတ်ပါဘူး ။ သူ က တောက်တိုမယ်ရ ပါ ။ အမေ က သနား လို့ မုန့်ဖိုးလေး ပေး ၊ အဝတ်လေး ပေး နဲ့ အပြန်အလှန် ကူညီ နေကြပေါ့ ။ သူ က သူများ ဆိုင်တွေ ကူ လုပ် ပေးနေကျ ။ အမေ နဲ့ တော့ သံယောဇဉ် ကြီးကြတယ်လေ ။ ခိုင်း လို့ တော့ သိပ် ပေါ့တာပဲ တဲ့ ။ ကျွန်မ က ပန်းထုပ်တွေ ကို သူ့ ကို လှမ်းပေးတယ် ။ သူ က အသာအယာ ပဲ ပန်းတွေ ကို အောက် ချတယ် ။ တခြား ခရီးသည်တွေ က လည်း ဆင်းကြ ပေါ့ ။ ကောင်မလေး က ပန်းထုပ် အချ မှာ စပါယ်ယာ နဲ့ စကား များကြ သေးတယ် ။ စပါယ်ယာ က သူ့ ကို စ လို့ တဲ့ ။ ကျွန်မ ဘာမှ ဝင် မပြောဖြစ် ။


ဆိုင် အရောက် ခပ်သုတ်သုတ် လာ ကြရတာပေါ့ ။ ဈေးခေါင်း က ဒီနေ့ တံခါး အစောကြီး ဖွင့်တယ် နဲ့ တူတယ် ။ ပန်းသည်တွေ က အစောဆုံး ကို မုန့်သည်တွေ နဲ့ အပြိုင် လာကြရ တာ ။ တခြား စတိုးဆိုင် တို့ ၊ အထည်ဆိုင် ၊ ရွှေဆိုင်တန်း က လူတွေ က တော့ နေမြင့်တဲ့ အထိ နေလို့ ရတာပေါ့ ။ ကျွန်မ က အထုပ်တွေ ဖြေတယ် ဆိုရင်ပဲ ကောင်မလေး က ပန်းတွေ ထည့် တဲ့ ရေပုံး ထဲ ကို ရေလဲ ၊ ပန်းတွေ ထောင် တော့ တာပဲ ။


“ အစ်မ အဒေါ်ကြီး ဘာလို့ မလာတာလဲ ” 


“ အမေ နေမကောင်း လို့ ပေါ့ ။ အမေ က သူ လာမယ် ပြောတာ ။ တို့ က အမေ့ ကို နားစေချင်တာနဲ့ ပဲ လာရတာ ”  


“ ရပါတယ် အစ်မ ရာ ကျွန်မ ကူ ရောင်း ပေးမှာပေါ့ ။ အစ်မ ခဏ နေဦး ။ ကျွန်မ ဆိုင်တွေ ပန်း လိုက် ပေးဦးမယ် ။ သပြေ နဲ့ ကျောက်တွေ ဖယ်ထား လား ၊ စံပယ်အကုံးသေး တွေ ပါပေး ၊ ကျွန်မ ဖောက်သည်ဆိုင် တွေ ပြေး လိုက်ဦး မယ် ” 


“ အေး အေး ”  


“ အစ်မ ရေ ဟို ခေါက်ဆွဲဆိုင် က အကြည့် အတွက် ဂန္ဓမာ တစ်စည်း နဲ့ ကျောက် အပွင့်ကြီးကြီးတွေ ရွေး ပေးဦး ၊ သပြေ လည်း တစ်စည်း တည်း နော် ခေါင် ပဲ ” 


“ အမေ က လည်း ပြောထားသေးတယ် ” 


“ ဟုတ်တယ် အစ်မ ရဲ့ ။ သူတို့ က သူဌေးတွေ ဆိုတော့ ရှယ်မှ သုံးတာ ။ တခြား လူတွေ လို မဟုတ်ဘူး ။ ဈေး တော့ ဆစ်တယ် ” 


“ အေးပေါ့ ဟာ ... ကြည့် ရောင်းရတာပေါ့ ၊ မြန်မြန်လာနော် ” 


“ လာမယ် လာမယ်  ” 


“ အစ်မ ရေ သစ္စာပန်းတွေ ပြန် စည်းရဦးမယ် ”  


“ ဘာပြုလို့လဲ ” 


“ အမလေး အစ်မ ဒီအရိုင်းစည်း အတိုင်း ရောင်းရင် တော့ အရင်းပြုတ် မှာ ပေါ့ အစ်မ ရဲ့ ။ ပန်း က ပုပ်ကုန်နွမ်းကုန် တတ်တယ် ” 


“ ဟာ ဒါဆို မြန်မြန် ပြန်လာခဲ့နော် ” 


  •••••   •••••   •••••


[ ၄ ]


“ ပန်းသည် အဒေါ်ကြီး ဘယ်သွားလဲ ကလေးမ ”  


“ အမေ နေမကောင်းလို့ပါ ” 


“ ဟုတ်လား ဘာပြုလို့လဲအေ ” 


“ အမေ ကိုယ်လက် ကိုက်တာလောက်ပါ ။ နောက် နေ့ နေကောင်း သွားမှာပါ ” 


“ ကဲ .. အကြီး ကို ဂန္ဓမာပန်းလေး တစ်စည်း လောက် ပေးစမ်း ” 


ကျွန်မ ရှိုးပန်း ကို လှမ်း ကိုင် လိုက်တယ် ။ ဝါးဈေးခြင်းတောင်းသေးသေး နဲ့ အဒေါ်ကြီး က ကျွန်မ ကို တအံ့ တသြ ပြန် ကြည့်နေတယ် ။


“ သမီး ကလေးမ ဒါ မဟုတ်ဘူး ။ ကြက်ချေး ထဲ က ပါပဲ အေ ၊ ဘယ်လောက်လဲ ” 


“ တစ်စည်း ငါးကျပ် ” 


“ အမလေး ဈေး များလိုက်တာ ၊ မလျှော့ဘူးလား ”  


“ ဈေးကုန်ပဲအကြီး ရေ ” 


ကောင်မလေး လက် ထဲ မှာ မုန့်ထုပ်လေး ကိုင် ရင်း ပြန် လာတယ် ။ အစ်မ ကျွန်မ ကောက်ညှင်းပေါင်း တစ်ထုပ် ဝယ်လာတယ် တဲ့ ။ ဈေးဝယ် အဒေါ်ကြီး ကို တွေ့ တော့ ပျာပျာသလဲ ပြော နေတယ် ။


“ အကြီး ဒီမှာ သပြေ ပါတယ် ။ အိမ်တွင်း ဆက်ဖို့ ရှိတယ် ။ အကြီး အိုး နဲ့ အတော်ပဲ ။ ဒီမှာ ကျောက်နှင်းဆီ လှလှလေးတွေ ” ဆိုပြီး ပြော နေတယ် ။


အဒေါ်ကြီး က ကျွန်မ ဆီ က နေ ကောင်မလေး ဘက် ကို ကူးပြောင်း သွားပြီး ကောင်မလေး လှမ်း ပေးတဲ့ ပန်း တွေ ကို လှမ်း ယူ လိုက်တယ် ။ အကြီး ဆို တဲ့ အဒေါ်ကြီး လက် ထဲ က ကျပ်တန် ခပ်နွမ်းနွမ်း သုံးရွက် ထုတ် ပေးရင်း ယူ သွားတယ် ။ သပြေရိုးတိုတိုလေး နဲ့ ကျောက်နှင်းဆီ မပွင့် တပွင့် တွေ လည်း ပါ သွားတယ် ။ ကျွန်မ ကို ကောင်မလေး က လှမ်းမပေးဘဲ ကောင်မလေး က ပန်းတွေ ကို ပိုက်ဆံ နဲ့ ခေါက် နေတယ် ။ ကျွန်မ က ကောင်မလေး ကို ငေးကြည့် နေ လိုက်တယ် ။


“ ပန်းသည် သစ္စာပန်းတစ်စည်း ဘယ်လောက်လဲ ”  


တစ်စည်း နှစ်ဆယ် လို့ လှမ်း ပြောတယ် ။ 


“ မလျှော့ဘူးလား ” 


“ အစ်မ ရယ် ဝယ်ဈေး က ကြီး နေတယ် ။ ကားခ က လည်း ဈေးကြီး လို့ ပါ ” 


ကျွန်မ က မဖြေအားဘူး ။ ကောင်မလေး က ဝင် ဖြေနေ တာ ။ အမေ ပြောလိုက်တဲ့ ဈေးပဲ သူ က တန်း ပြောနေတာ ။ ကျွန်မ အံ့အားသင့် သွားတယ် ။


“ ယူပါ အစ်မရယ် ၊ ဒါတွေက ရှိုးပန်းတွေ ပါ ။ အစ်မ ရေ နောက် ဒီမှာ အောင်သပြေခေါင်တွေ လည်း ရှိတယ် ။ အုန်းဆက် ၊ နတ်ဆက် ရ အောင် စံပယ်တွေ လည်း ရှိပါ တယ် ” 


ဈေး ဝယ်တဲ့ မိန်းမ က ဆူပါလယ်သာ အထက် အောက် ဆင်တူ ဝတ်လို့ ၊ ပိုက်ဆံအိတ် က အကြီး ကြီး ။ 


“ အစ်မတို့ က မှ ခေါင်တွေ ဝယ်နိုင်တာပါ အစ်မ ရယ် ။ ဒါကြောင့်လည်း အစ်မတို့ က အကျိုးပေး သန်တာပေါ့ ”  လို့ ကောင်မလေး က ထပ် ပြောနေတယ် ။


ဈေး ဝယ်တဲ့ မိန်းမ က ဈေး မဆစ်ဘဲ သစ္စာပန်း ခေါင် တစ်စည်း စံပယ်အတို ဆယ်ကုံး နဲ့ သပြေခေါင် သုံးစည်း ဝယ်သွားတာ ကို ပိုက်ဆံ လှမ်း အမ်းရ သေးတယ် ။ 


“ အစ်မ ရေ အော် ရောင်းနော် ။ တော်ကြာ ပန်းသည် တွေ စုံ လာကြမှာ ။ ကိုယ် က အော် နိုင် မှ ကိုယ့် ဆိုင် လူ ကျ မှာ ။ အစ်မ မအော် လည်း ရပါတယ်လေ ။ အဒေါ်ကြီး ဖောက်သည်တွေ လာနေကျ ပဲ ။ ကျွန်မ အော်ပါ့မယ် ” 


ကျွန်မတို့ ရောက်ပြီး မကြာခင် ပန်းသည်တွေ အသီး သီး လာ ကြပြီ ။ တောသည်တွေ လည်း တက်လာကြပြီ ။ အပြိုင် ရောင်းကြ ဝယ်ကြ ပေါ့ ။ ကျွန်မ က တော့ ဒီနေ့ အမေ့ ကို ဈေးကူထွက် ပေးရတာ ကျွန်မ အတွက် အတွေ့အ ကြုံ လည်း ရ ၊ အသိ လည်း ရတာပေါ့ ။ ဒါကြောင့် ကျွန်မ ရဲ့ ဆယ်တန်း စာမေးပွဲ ကို ဒီလို အသိ ရအောင် ကျက်မှတ် ရင် အောင်မယ် လို့ ထင်တာပဲ ။ ကျွမ်းကျင်ရာ လိမ္မာ နေမှာပေါ့ ။


ကောင်မလေး က သွက်လက်စွာ ပြောဆို ရောင်းဝယ် နေတယ် ။ ကျွန်မ က သူ့ လောက် မသွက်ဘူး ၊ သူ က တကယ့် ပီဘိ ဈေးသည် ။ ဈေးသည် ကျွန်မ က သူ့ ကို ငေး နေရတယ် ။

အမေ က တော့ သူ့ သမီး ကို ကျောင်းဆရာမ ဖြစ်စေ ချင်တယ် တဲ့ ။ ကျွန်မ က အမေ့ ဆန္ဒ ကို ဖြည့်ရမှာပေါ့ လေ ။ အမေ့ ရဲ့ ဘဝ ကို စာနာ မိပါတယ် ။ ကောင်မလေး ကို ကျွန်မ မေ့သွား တယ် ။


“ အစ်မ ကျွန်မ ကို မုန့်ဖိုး ပေးဦးလေ ၊ နေမြင့် နေပြီ ။ ဈေး လည်း ကွဲပြီ ။ ညနေ မှ လာသိမ်းပေးမယ် ၊ ပန်းတွေ နေ မထိစေနဲ့ ၊ ရေ လည်း တောက်ပေးဦး ” 


ကျွန်မ သည် ပန်းသည် အမေ့ ကို သတိရ မိ တိုင်း အမေ့ ကို ကျေးဇူး တင်မိသည် ။ ကောင်မလေး မုန့်ဖိုး တောင်း မှ ကျွန်မ ထိတ် သွားသည် ။ ကောင်မလေး ကို ဘယ်လောက် ပေးရမယ် ဆိုတာ ကျွန်မ မသိ ။ တကယ်တော့ ကျွန်မ သည် အမေ့ လို မကျွမ်းကျင် ၊ ကျွမ်းကျင်အောင် လည်း မလေ့လာမိ ။


ကောင်မလေး မုန့်ဖိုး သည် ကျွန်မ နေ့တိုင်း ရ သလောက် အမေ ပေးသလား ၊ ဒါမှမဟုတ် ကျွန်မ လောက် မရဘူးလား ဆိုတာ ကို မသိခဲ့ ။ ကောင်မလေး သည် ကျွန်မ အတွက် စိန် ခေါ် လိုက်သော သူရဲကောင်းမလေး အဖြစ် သာ ပင် ။


ကောင်မလေး သည် ကျွန်မ တွက် သူရဲကောင်း ဖြစ်သလား ၊ တစ္ဆေလား ဆိုတာ ကျွန်မ မဝေခွဲ နိုင်တာတော့ အမှန် ဖြစ်သည် ။


◾သင်းမြစန္ဒီ 


📖 စံပယ်ဖြူ မဂ္ဂဇင်း

      ၁၉၉၄ ၊ ဇန်နဝါရီ


#ကိုအောင်နိုင်ဦး


. 

Tuesday, June 13, 2023

နှပ်ဆေး


 ❝  နှပ်ဆေး ❞


( ၁ )


ကျွန်တော်တို့ မြို့ကလေး မှာ ကြိုးကြိုးစားစား နဲ့ ဖွဲ့ထား တဲ့ စေတနာ့ဝန်ထမ်း အဖွဲ့ကလေး တစ်ဖွဲ့ ရှိပါတယ် ။ ကျွန်တော်တို့ အဖွဲ့က တကယ့် စေတနာရှင်တွေ နဲ့ ဖွဲ့ထားတဲ့ အဖွဲ့လေး တစ်ခု ဖြစ်ပါတယ် ။ ဦးဆောင်သူ ရယ် လို့ တော့ မရှိပါဘူး ။ ကိုယ့် အသိ နဲ့ ကိုယ် ၊ အမြင် မတော်တာလေးတွေ ကို ပြုပြင်ပေးမယ် ဆိုတဲ့ ထောက်ပြပေးမယ် ဆိုတဲ့ စေတနာတွေ နဲ့ သာ လုပ်ကြ ကိုင်ကြ တာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ လို တောမြို့လေး ဆိုတာ တစ်ယောက် အကြောင်း တစ်ယောက် သိ နေကြတာကိုး ။


နောက် တောင်ပေါ်သားတွေ ဆိုတော့ ရိုးသားကြတယ်လေ ။ ကိုယ့် စီးပွား ကိုယ် လုပ်ကြ တယ်ဆိုပေမင့် အချင်းချင်း ဖြတ်စား ၊ ပါးပါး လေး ရိတ်ကြမယ် ဆိုတာလည်း သိပ် မရှိကြ ဘူး ။ သမားရိုးကျ တောင်သူ လုပ်စားကြ ၊ အရောင်းအဝယ် လုပ်စားကြ တာ လောက်ပဲ ရှိ တယ် ။ တစ်ယောက် စီးပွား ဖြစ်လည်း တစ်ယောက် မနာလို မဖြစ်ဘူး ။ သူ့ ကုသိုလ် ကံ နှင့် သူ ဖြစ်တာပဲ ဆိုတာ လောက် နှလုံး သွင်းကြတာ ။ ကျွန်တော်တို့ ဒေသ က ထမင်း တစ်လုတ် စားဖို့ ဆိုတာ ဘာမှ ခက်ခဲတဲ့ အလုပ် မဟုတ်ဘူး ။ ဟင်း က ရွှေဖရုံသီး ဖြစ်ချင် ဖြစ်မယ် ။ ပဲပုပ် ဖြစ်ချင် ဖြစ်မယ် ၊ အာလူးဟင်း ၊ ဂေါ်ဖီထုတ်ကြော် ဖြစ်ချင် ဖြစ်မယ် ။ ထမင်း တော့ ဘယ်အိမ် မှာ ဖြစ် ဖြစ် တစ်ယောက် စာ လောက် ကတော့ ညည်းညူ ကြ တာ မဟုတ်ဘူး ။ ခေါ် စား နိုင်ကြတယ် ။ ဝင် စား နိုင်ကြတယ် ။ အစားအသောက် အတွက် သိပ်ပြီး ပြဿနာ မရှိဘူး ။ အင်း ရေရှည် ဆိုတော့ လည်းတစ်မျိုးပေါ့ ။ ထသွား ၊ ထလာ လောက်က တော့ အေးအေးဆေးဆေး စားနိုင်သောက်နိုင် ကြတာချည်းပဲ ။ သူဌေးအိမ် ဖြစ်ဖြစ် ဆင်းရဲသား ဖြစ်ဖြစ် ၊ တောင်သူအိမ် ပဲ ဖြစ်ဖြစ် ကျွေးနိုင် ကြတာပဲ ။


ဒါကြောင့်မို့ ကျွန်တော် တို့ က လွယ်လွယ် စားနိုင်သောက်နိုင်ကြတာမို့ ကိုယ့် ဒေသ ကို ကိုယ် ချစ် ကြတယ် ။ တခြား နေရာ လည်း သိပ်ပြီး ကြာကြာ မပျော်နိုင်ကြပါဘူး ။ စီးပွားရေး ဆိုတာ က လည်း ကိုယ့် ဒေသ က လူတွေ က စိုက်ကြပျိုးကြ နဲ့ တောင်သူ ခပ် များများ ဆိုတော့ တောင်သူတွေ ကို မှီပြီး ရောင်း ကြ ၊ ဝယ်ကြ နဲ့ ပါ ။ အဲ ... တောင်သူ ထွက် တဲ့ သီးနှံတွေ ဈေး ကောင်း မရဘူးဆို ရင် တော့ အရောင်း အဝယ် ပါး ၊ ငွေရေးကြေးရေး ရှားပါး ကြတာ ပါပဲ ။ ဒီတော့ ကျွန်တော်တို့ က တောင်သူတွေ အရောင်းအဝယ် ကောင်း ၊ ရာသီဥတု တွေ ကောင်း ၊ သီးနှံ ကောင်း ဖို့ ဆုတောင်း ကြရ တာ ချည်းပါပဲ ။


ကျွန်တော်တို့ က ကိုယ့် ဒေသ ၊ ကိုယ့် ရေမြေ ၊ ကိုယ့် တောတောင် ကို ချစ်ကြတဲ့ သူ တွေ လေ ။ ဒီတော့ ကိုယ့် ဒေသ က လူတွေ အန္တရာယ် ကင်းအောင် ဆိုပြီး တတ်နိုင်သမျှ ကာကွယ်မယ် ဆိုတဲ့ စိတ် နဲ့ လုပ်ကြရတာ ကိုး ။ ကျွန်တော်တို့ အလုပ် က သိပ် ကျယ်ကျယ်ပြန့်ပြန့် တော့ မဟုတ်သေးပါဘူး ။ ဘယ်လို အဖွဲ့တွေ နဲ့ ချိတ် ဆက် ရမယ် ၊ ဘယ်လို နေရာတွေ နဲ့ ဆက်သွယ်ရ မယ် ဆိုတာကို သိပ်ပြီး မသိကြသေးဘူး ။ ကိုယ် သံသယ ဖြစ်မယ့် နေရာလေးတွေ ကို ကိုယ် စုံစမ်းပြီး ဖော်ထုတ်ကြမယ် ဆိုပြီး ဖွဲ့ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ ဈေး ကို သွားကြပါတယ် ။


ဈေး ဆိုတာ ပစ္စည်းမျိုးစုံ ၊ ကုန်မျိုးစုံ ရောင်းကြ ၊ ဝယ်ကြ ၊ စားကြ ၊ သောက်ကြတာ

ကိုး ။


ကျွန်တော်တို့ အဖွဲ့ က လူတွေ ကိုယ်တိုင် တစ်ဆိုင် ဝင် တစ်ဆိုင် ထွက် လေ့လာကြမယ် ဆို ပြီး ကွင်းဆင်း ကြည့်ကြ တာပါ ။


ဟော .. ဈေး မရောက်ခင်မှာ မြင်ရတဲ့ မြင်ကွင်း ပါ ။ ကွမ်းယာဆိုင်လေး ပါ ပဲ ။ ကွမ်းယာ ဆိုင် ရှေ့ မှာ အရက်ဆိုင် ။ ကွမ်းယာ ဆိုတာ က ကျွန်တော်တို့ တောင်ပေါ်သားတွေ ပါးစပ် ထဲ မှာ အချိန် မရွေး တွေ့ ရတဲ့ အစားအသောက် မျိုး ပါ ။ ကဲ .. ကွမ်းယာဆိုင် ကို ပဲ လေ့လာကြရတာပေါ့ ။


ကွမ်း ကတော့ ကျွန်တော်တို့ တောင်ပေါ် မြို့ တွေ မှာ စိုက် လို့ မရတဲ့ အပင် ။ ဒီတော့ မြန်မာပြည် ထဲ မှ ကား နဲ့ မှာ ရတာပါ ။ ကွမ်းရွက် တွေ ကို ကွမ်းခြင်းတွေ နဲ့ သယ် လာတာပါ ။ ကွမ်း ရွက် ကို အညှာချင်း ထပ်ပြီး ခွေ ထားတယ် ။ အခွေလိုက် စီ ထည့် ထားတာ ။ ကွမ်းရွက် ဆိုတာ က လည်း အရင်တုန်း က လို မဟုတ်တော့ပါဘူး ။ ဓာတ်မြေဩဇာ ထည့် ၊ ပိုးသတ်ဆေး ဖြန်းပြီး စိုက် ရတဲ့ အပင်မျိုး ဖြစ် နေပါပြီ ။ သည်တော့ ကွမ်း သယ် က ကွမ်းရွက်တွေ ကို သေချာ ဆေးလား ၊ မဆေးလား သူ ကိုယ်တိုင် သိ မှာပါ ။ အရွက် တွေ မှာ ပိုးသတ်ဆေး ဘယ်လောက် ထိ ဖျန်း ထား ပြီးပြီလဲ ။


ကျွန်တော့် သူငယ်ချင်း က ပြောတယ် ၊ ထုံးဖောက် တာ အခရာ တဲ့ ။ ထုံးအိုး ထဲ မှာ ကွမ်း သည်မ က ဘာတွေ ပစ်ထည့် ထား မလဲ ။ စဉ်း စားကြည့်ပါ ။ သူ က ဓာတ်ဝတ္ထု ပစ္စည်း အကြောင်း စာ ထဲ မှာ ဖတ်ဖူး သလား ၊ ဒါမှ မဟုတ် စိတ်ကူး နဲ့ ထုံး မပေါက်အောင် ဖန်တီးသလား ဆိုတာ စဉ်းစား စရာပါ ။ ထုံးအိုး ထဲ မှာ ရှောက်သီး တစ်လုံး ပစ် ထည့် ၊ သကြား ထည့် ၊ ဆား ထည့် ၊ အချိုမှုန့် ဆို တာ ထည့် ပြီး ထုံးဖောက် သတဲ့ ။ ထုံး ကို လက် နဲ့ မွှေ ၊ နောက် ည သိပ်ထား ၊ အာ မပေါက် ဘူး ဆိုပဲ ။ ထုံး ၊ သကြား ၊ ဆား ၊အချိုမှုန့် ၊ ရှောက်သီး ၊ ရှောက်ရည် ဘာ ဒြပ်တွေ ပေါင်းပြီး သား ဖြစ်မည်လဲ ။


နှပ်ဆေး တဲ့ ။ အရက် ၊ ချက်အရက် အပေါ စား ခပ်ပြင်းပြင်း ၊ ပျားရည် ၊ ဆေးရွက်ကြီး ၊ အရောင်တင် ဆေးမှုန့် ၊ ရော နှပ် ၊ အနံ့ပြင်းပြင်း မှ ကြိုက်ကြသတဲ့ လေ ။ ဟင်းခတ် အမွှေးအကြိုင်

ဖန်တီး နိုင်သော တိုင်းပြည် တစ်ပြည် မှ ဝင် ရောက် လာသော ဓာတ်ခွဲ စစ်ဆေးပြီးသား ရှိ / မရှိ တံဆိပ်မျိုးစုံ နဲ့ အစစ် ရော အတု ရော ဝင် လာ သည် ။ အာမွှေး ၊ နိုင်တီတူး ၊ ပါရာဂျက် စသည် စသည် ဆေးမျိုးစုံ ။ အစ ရှိသည့် ဆေးများ စွာ ရောစပ် ထားသော ကွမ်းယာများ ။ ကွမ်းသီး က ပိုး ထိုးလို့ ပစ်ထည့် ထားသည့် ပိုး မတက် သည့် ပိုးသတ်ဆေးပြား ၊ ကွမ်းသီး အရောင် လှ အောင် ထည့် ပြုတ် ထားသော ဆိုးဆေးရည်များ စသည် ဖြင့် အင်္ဂါရပ်များ စုံလှသော ကွမ်းပေါင်း တစ်ထုပ် ။


( ၂ ) 


ကျွန်တော်တို့ မြို့ က ကားသမား ၊ ပွဲစား ၊ အရောင်းအဝယ်သမား ၊ ဈေးသည် ၊ အလုပ် သမား စသည်ဖြင့် ရောယှက် နေကြသည် ။ ဆိုင်ကယ်ပြင်သမား တစ်ယောက် ဆို ကွမ်း ကို နံနက် ထဲ က မြုံ့ ပြီး ဆိုင်ကယ် ပြင် သတဲ့ ။ ဘာမှ မစား မသောက်ဘဲ တောင် ကွမ်း ကို မြုံ့ နိုင် သတဲ့ ။ ကွမ်း ကို နှပ်ပြီးသည့် တစ်နေ့ ကို နှစ်ထောင်ဖိုး သုံးထောင်ဖိုး စား နိုင်တယ် ။ ပါးစပ် ကို ကြည့် ၊ လျှာ က နီရဲ နေတာတောင် မဟုတ်ဘဲ အညို ၊ အမည်း စွဲထင် နေတာ တွေ့ နေ ရတယ် ။ ပါးစောင် ထဲ က ကွမ်းယာ ကို ငုံထား ပြီး စကား ပီအောင် ပြောနိုင်တယ် လို့ နာမည် ကြီးသူ ။ 


နောက် တစ်ယောက်က အထည်သည် အမျိုးသမီး ။ သူ က လည်း နံနက် အိပ်ရာ ထ မျက်နှာ သစ်ပြီး ကတည်း က သနပ်ခါး လိမ်း တာ တောင် ကွမ်း က ငုံသေး သတဲ့ ။ ဝဝတုတ်တုတ် ၊ နံနက် မိုးလင်း ဖြီးလိမ်း ထား တာ သနပ်ခါး ကို မှုံလို့ ။ သူ့ ကွမ်းစားပုံ က တစ်မျိုး ။ ကွမ်း ကို တရစပ် ဝါးစား နေတာ ။ စကား ပြောရင်း ကွမ်း တံတွေး က တပြစ်ပြစ် ။ သူ့ အယူအဆ က တစ်မျိုး ။ ကွမ်း ကို ဗိုက် ထဲ အဝင် မခံဘူး ။ ကွမ်းယာ ကို ဝါးပြီး ထွေး ထုတ် တာ တဲ့ ။


သူ က သူ့ အမြဲတမ်း ကိုင် ထားတဲ့ ပိုက်ဆံ အိတ်ကလေး ထဲ မှာ ကွမ်းယာ ထုပ် အပြတ် မခံ အောင် စားတာ ။ တစ်ယောက် ယောက် နဲ့ စကား ပြောရင် ကွမ်းတံတွေး ကို တစ်ချက် ထွေး ချလိုက် တာပဲ ။ ပြီးမှ စကား ဆက် ပြောရတာ ။ သူ က တော့ သွားတွေ မှာ ကွမ်းချိုး က မနည်းလှ ။ လျှာတွေ မှာ တော့ အညိုရောင် သိပ် မသမ်း ။ အံသွားတွေ ဘက်မှာ တော့ ကွမ်းချိုး က စွဲ နေပြီ ၊ အမျိုးသမီး ခပ်ရွယ်ရွယ် ဆိုတော့ ကွမ်း စား လို့ မလှမပ ဖြစ်မှာ ကို စိုးရိမ်စိတ် သိပ် မရှိ ။ သူမ က ကျန်းမာရေး နှင့် ပတ်သက်သည့် စာစောင်စာအုပ်များ ကို အမြဲတမ်း ဖတ်ရှု တတ် သည် ။ ကျန်းမာရေးစာစောင် ထဲ မှာ အစာအိမ် ၊ အသည်းရောဂါ ၊ အဆုပ်ရောဂါ ၊ နှလုံးရောဂါ စသည် အင်္ဂါကြီးများ မှ ဖြစ်ပွားလေ့ ရှိသည့် ရောဂါများ ၏ ဆိုးကျိုး ၊ ကာကွယ်နည်း အစ ရှိသည့် ဗဟုသုတများ ကို လက်တန်း ပြောပြ နိုင်လောက် ကို ဖတ် ထားသည် ။ သူမ ခန္ဓာကိုယ် က လည်း ဝဝဖြိုးဖြိုး ဆိုတော့ ကိုယ်တိုင် စားသုံး ထားသည့် ကွမ်းယာ ၏ ဘေးထွက် ဆိုးကျိုး လောက် ကို တော့ ပူစရာ မလို ထင် ထားပုံ ရသည် ။ ကွမ်း စားရင် ပါးစောင်ကင်ဆာ ၊ လျှာကင်ဆာ ၊ လည်ချောင်းကင်ဆာ တို့ ဖြစ်တတ် တာ လောက် ကို ဖတ် လေ့လာ ပြီးပြီ ။ ကိုယ့် ကိုယ်တိုင် လည်း မှန် ထဲ မှာ လျှာတို့ ၊ ပါးစောင်တို့ ၊ သွားတို့ကို စစ်ဆေး ကြည့် လိုက်သေးသည် ။


ပါးစောင် ကို မှန် ထဲ မှာ ကြည့် လိုက်တော့ ပါးစပ် အတွင်းရှိ အမြှေးပါး မှာ ကွမ်ယာ ကြောင့် နီရဲနေတာ က လွဲပြီး အပြစ် မရှိ ၊ သွားတွေ က လည်း အသက် သုံးဆယ်ကျော် ရှိပြီ ။ နဲ့ခြင်း ၊ နာခြင်း ၊ သွေးထွက်ခြင်း လုံးဝ ကင်းရှင်းသည် ။ ဒီတော့ ကွမ်း ကို မဖြတ် ဖြစ် ။ ရုပ်ဆိုး တာက တော့

သူများတွေ နှင့် စကား ပြောရ လျှင် နီးရာ နေရာ တစ်ခု မှာ ကွမ်းတံတွေး မြန်မြန် သွား ထွေး

ရတာ က လွဲပြီး ဆိုးကျိုး သိပ် မရှိလို့ တွက်ထား လိုက်သည် ။ သေချာသည် ပါးစပ် ၊ လည် ချောင်း ၊ သွား ၊ လျှာ စသည်တွေ မှာ လည်း ဘာ ပြဿနာ မှမရှိ ၊ ထိုကြောင့် ကွမ်းယာ ကို ဝါးပြီး ရင်း ဝါး ရင်း နှင့် နှစ်ကာလ တစ်ခု ဆီ သို့ ရွေ့လျား လာ ခဲ့သည် ။


သူမ က ခပ်ပျော်ပျော် နေ တတ်သူ ၊ ဒီ တော့ ကွမ်းယာ နှင့် ပတ်သက်ပြီး ထိန်းသိမ်းဖို့ မကြိုးစားခဲ့ တာတော့ သေချာလေပြီ ။ တစ်ခါ တလေ ဗိုက် ထဲ က နာတာတာ နှင့် ဆေးခန်း သွား ပြ လိုက်သည် ။ မြို့လေး က ဆေးခန်း ဆို တော့ အစာအိမ် ရောင် တာ ဖြစ်မယ် ၊ ကွမ်း ကို ဖြတ်ပါ ဆိုတော့ သူမ က ဆရာဝန် ကို  ‘ ကျွန်မ က လေနာ ရှိတယ် ဆရာ ရဲ့ ၊ လေနာ စွဲတာ ၊ ဗိုက် က အမြဲတမ်း တော့ မဟုတ်ဘူး ၊ ခဏ နား ပြီးရင် ပျောက် ပျောက် သွားတယ် ။ လေနာစွဲ တာ ' လို့ ဆရာဝန် ကို ဆင်ခြေ ပေး လိုက်သည် ။ 


သူ က ရိုးရိုးဆရာဝန် ရဲ့ ကွမ်း ဖြတ်ပါ ဆိုတဲ့ စကား ဆိုတော့ သေချာ မလိုက်နာ ခဲ့ ။ အပူ အစပ်ကို တော့ ဖြတ် လိုက်သည် ။ သူမ ကိုယ်တိုင် က ဆေးပညာပေးစာအုပ်တွေ ထဲ က အစာအိမ် ရောင်ရမ်းနာ အကြောင်း ကို နောကြေအောင် ဖတ်ပြီး ဆေးဆိုင် မှာ ဆေးတွေ ကို ကိုယ်တိုင် ဝယ်သောက်တော့ ပျောက်သွား သလိုလို ပဲ ။ ခရေးမဲအတ်စ ၊ နီဘိုရမ်နီတပ်ဒင်း ၊ အိုမီပရာဖော စတဲ့ ဆေးတွေ ကို ဝယ် သောက် လိုက် ၊ ပျောက် လိုက် နဲ့ နေ ခဲ့တာ လပေါင်း မနည်းတော့ ။ သူမ က ငယ် သေးတယ် ။ ရောဂါ အကြီးကြီး သူ့ ကိုယ် မှာ မရှိနိုင်ဘူး လို့ တထစ်ချ တွေး ထင်ထား တဲ့ အခံ က လည်း ရှိနေ ပြန်သည် ။ ဗိုက် နာတာ ကြာ လာပြီ ။ ဟို ဆေး သောက် ၊ သည် ဆေး သောက် ၊ ဒီတော့ ကျွန်မ မှာ အစာ အိမ် ရှိတယ် ။ အစာအိမ် ရှိတယ် ဆိုပြီး နေခဲ့တာ ၊ ဈေး ထဲ ဆိုတော့ လည်း တစ်ယောက် တစ်ပေါက် နဲ့ ဈေးသည် ရော ၊ ဈေးဝယ် ရော က ကြားဖူး သမျှ အကြံဉာဏ် ပေးကြတာ စုံလို့ ။ အထူးကု ဆရာဝန်ကြီး ၊ အထူးကုဆေးရုံ ၊ ဓာတ်မှန်ရိုက် ၊ အစာအိမ် မှန်ပြောင်းရိုက် ဆိုပြီး တစ်ယောက် တစ် မျိုး ညွှန်း ကြပါတယ် ။ အဲ ‘ ကွမ်းဖြတ်ပါလား ရှင် ’ ဆိုတဲ့ စကား ကို တော့ ပြော ရမှာ တွန့်ဆုတ် နေ လေရဲ့ ။ ဘာကြောင့်လဲ ဆိုတော့ ‘ သူများ အကြိုက် ကို မဖျက်ဆီးပါနဲ့ ဟယ် ’ ဆိုပြီး ရိုးသား သော မြို့သားများ ပီပီ ဒီ အကြံပေးချက် ကို ရှောင်ကြပုံ ရတယ် ။ ‘ သူများ မကြိုက်ရင် မပြော အနေသာကြီး ဆိုပြီး ’  ခပ်ကင်းကင်း ပဲ နေကြပုံ ၊ မပြောကြပုံ ပေါက်ပါတယ် ။ အချင်းချင်း တောင် “  အစ်မ က ကွမ်း ကို နှပ်ပြီးသား တစ်နေ့ ငါးရာဖိုး စားတာ လို့ ” ဂုဏ်ယူ ဝင့်ကြွားစွာ ပြော တတ်ကြတာလေ ။


တစ်နေ့ တော့ သူမ ခန္ဓာထွားထွားကြီး က ထမင်း မစားနိုင်ဘဲ နည်းနည်း ပိန် လိုက်တာ ကို တွေ့ လိုက်ရတယ် ။ သူမ ကိုယ်တိုင် ပဲ ဖတ် ထား တဲ့ ဆေး ဗဟုသုတတွေ အတိုင်း အထူးကု ဆေး ခန်းကြီး တစ်ခု ကို ရောက်သွား ပါတယ် ။ အထူးကုဆေးခန်း ဆိုတော့ သူမ ကိုယ် ကို တစ်ကိုယ် လုံး ၊ ဆီး ၊ ဝမ်း ၊ သွေး ၊ ဓာတ်မှန် ၊ အစာအိမ် ကြည့် မှန်ပြောင်း ၊ အသားစစစ် စတာတွေ နဲ့ စစ် ဆေးတော့ သေချာပြီ ။ အစာအိမ်ကင်ဆာ ဖြစ် ပြီ လို့ ထင်ရှားစွာ အဖြေ ရ လိုက်သည် ။ 


သူမ က အစ က မယုံ ၊ သည်တော့ မှ ကွမ်း ကို တုံးတိ ဖြတ် ရ တော့သည် ။ နောက်ကျ သွားပြီ ။ 


( ၃ )


ကျွန်တော်တို့ အဖွဲ့ ထဲ မှာ တက်ကြွစွာ ကျန်းမာရေး ရှုထောင့် က အားပေးခဲ့တဲ့ အမျိုးသမီး တစ်ဦး ဆုံးရှုံး သွားရလို့ ကျွန်တော် တို့ စိတ် မကောင်း ဖြစ်ကြရသည် ။ သူမ ကိုယ်တိုင် က ဒီ အဖွဲ့ ဖွဲ့ ဖို့ ဝိုင်း စဉ်းစား ပေးခဲ့သည် ။ အဘယ်ကြောင့် ဆိုသော် သူမ ကိုယ်တိုင် ဈေးသည် ဖြစ် ပြီး ဈေး ထဲ မှာ ကျင်လည်ခဲ့သူ ဆိုတော့ ဘယ်ဆိုင်က ဘယ်လို ကုန်တွေ ကို ပြုပြင် ပြောင်းလဲ ခဲ့သလဲ ၊ ဘာတွေ သုံးခဲ့သလဲ ဆိုတာ ကို ထဲထဲ ဝင်ဝင် သိပြီး သား ဖြစ် နေသည် ။ သူမ က ကွမ်းယာ ရဲ့ ဆိုးကျိုး ကို တော့ သူမ အလွန် နှစ်သက် သူ မို့ အပြစ် မမြင်ရက် တာ ဖြစ်မည် ။ 


ကျွန်တော်တို့ အဖွဲ့ ထဲ က တစ်ယောက် ကွမ်းယာ ရဲ့ ဆိုးကျိုး ကြောင့် ဆုံးရှုံး သွားတာ ကို မြင်လိုက် ရတော့ ကျွန်တော်တို့ ကျန် အဖွဲ့သား တွေ က စိတ်မကောင်း ဖြစ်ကြရသည် ။ အဖွဲ့ ထဲ က သူတွေ က ဒီ အဖြစ်အပျက် ကို သိတော့ ဘယ်လို လုပ်ရပါမလဲ ။ ဘယ်ကို အကြောင်း ကြားပြီး ဘယ်လို စစ်ဆေး ပေးစေ ချင်လဲ ။ ဘယ်လို ကာကွယ် ရမလဲ ဆိုတာ စုပေါင်းပြီး အဖြေ ထုတ်ကြမယ် လို့ စဉ်းစား ကြရတယ် ။ 


ကိုယ့် ကိုယ် ကိုယ် ကာကွယ် တားဆီးနိုင် တာ အကောင်းဆုံး လို့ လည်း တစ်ယောက် က ထ ပြော တယ် ။ တစ်ယောက် က တော့ သည် ကွမ်းယာ ထဲ က နှပ်ဆေး တို့ ၊ ထုံး တို့ ကို ဓာတ် ခွဲခန်း ပို့ချင် သတဲ့ ။ တစ်ယောက် က တော့ နိုင်ငံခြား က ဝင် လာတဲ့ ကွမ်းယာပစ္စည်း ကို ဆန့်ကျင်ကြဖို့ ပြောတယ် ။ တက်ကြွတဲ့ ကောင်လေး တစ်ယောက် က ဆိုင် ကို တရား စွဲမယ် တဲ့ ။ တစ်ယောက် က တော့ ဆိုင်တွေ ကို စစ်ဆေးရမယ် တဲ့ ၊ တစ်ယောက် က တော့ ကွမ်းယာဆိုင်တွေ ကို ပညာ ပေး ရမယ်တဲ့ ။ တစ်ယောက် က ခပ်အေး အေး မြို့ခံလူငယ် ၊ သူ က ဘာ ပြောသလဲ ဆိုရင် “ ကံတရား ပေါ့ ကွာ ၊ အလှည့် ရှိတယ်ကွ ၊ ကွမ်းယာသည် လည်း တစ်ချိန် ကြရင် ကင်ဆာရောဂါ နဲ့ ဆုံးရမှာပါကွာ ” လို့  ပြန် ပြောလိုက် သတဲ့ ။ 


ဟုတ်ကဲ့ ကျွန်တော်တို့ မြို့ကလေး မှာ ကွမ်းယာနှပ်ဆေး နဲ့ စားတဲ့ အစ်မကြီး ရဲ့ ပုံပြင် က ကျွန်တော်တို့ ကို တွေးစရာတွေ ပေးသွား ပါ တယ် ။ စကားလုံး ကြီးကြီးကျယ်ကျယ် နဲ့ ပြော တဲ့ တစ်ယောက် က တော့ ဒီလို ဖြစ်ရတာ ငါတို့ ကို အုပ်ချုပ် နေ တဲ့ လူတွေ နဲ့ ဆိုင်တယ် လို့ ထ ပြောတယ် ။


လူငယ် အားလုံး က တညီတညွတ်တည်း မှတ်ချက် ချတယ် ။ “ မင်း က လဲ ကွာ ၊ အစိုးရ ဆို တာ တိုင်းပြည် အုပ်ချုပ်ဖို့ တဲ့ ၊ ငါတို့ အစ်မကြီး ကင်ဆာရောဂါ နဲ့ မဆိုင်ရေးချ မဆိုင်ပါဘူးကွာ ”  တဲ့ ။ ဟုတ်ကဲ့ ။


◾သင်းမြစန္ဒီ


📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

     ၂၀၁၃ ခု ၊ အောက်တိုဘာလ


#ကိုအောင်နိုင်ဦး


.