❝ ပန်းသည် ❞
အမေ ပန်းသည် ဘဝ ကို ရောက် တာ ကျွန်မ အသက် နဲ့ တွက် ရင် အနှစ် ၂ဝ ကျော် ပဲပေါ့ ။ ကျွန်မ တစ်နှစ် သမီး မှာ အဖေ ဆုံး သွားတော့ အမေ ယောင်တိ ယောင်ချာ နဲ့ ကျန်နေခဲ့တယ် လို့ ဆိုပါတယ် ။ ဒါနဲ့ပဲ အိမ် မှာ စိုက် ထားတဲ့ ဇော်စိမ်းပန်း ၊ ရွက်လှပန်း ၊ ဂမုန်းပန်းတွေ ချိုး ရောင်းရင်း နဲ့ ပန်းသည် ဘဝ ကို ကူးပြောင်း ခဲ့တာပဲပေါ့ ။ နောက် အိမ်နီးချင်း ခြံတွေ က ပန်းတွေ ကို ခူး ရောင်း ရင်း နဲ့ ပဲ ပန်း ကို မျိုးစုံအောင် ကိုင် နိုင်ခဲ့တာပဲပေါ့ ။
အမေ က ကျွန်မ ကို တစ်ဦးတည်း သော သမီး မို့ သိပ် ချစ်တာ ။ အမေ က ပညာ သိပ် မတတ်ဘူး ။ ဒီတော့ ကျွန်မ ကို ပန်းရောင်း ရင်း နဲ့ ပဲ ပညာ ဆက် သင်ပေးတာ ။ အခု ကျွန်မ ဆယ်တန်း နှစ်ခါ ကျတဲ့ အထိ ပဲ ဆိုပါတော့ ။ သားအမိ နှစ်ယောက်တည်း မို့ မပူပင်ရ ပေမဲ့ ကျွန်မ ဆယ်တန်း နှစ်ခါ ကျ ဆိုတော့ အမေ့ ကို အားနာ မိတာ အမှန် ပဲ ။ သနား တာ လည်း ပါတယ် ။ အမေ က တော့ ပြောပါ တယ် လေ “ အားမငယ်နဲ့ သမီး ၊ ကျူရှင် တက်ပြီး အပြင် က ဖြေပေါ့ ” တဲ့ ။
အမေ က တော့ ကျွန်မ ကို ဆယ်တန်း အောင် အောင် ထား မှာပါပဲ ။ အမေ က ကျွန်မ ကို သူ့ လို ပန်း မရောင်းစေချင် ဘူး နဲ့ တူတယ် ။ အမေ က ကျောင်းဆရာမ သိပ် ဖြစ်စေချင် တာလေ ။ ကျွန်မ က လည်း ကျောင်းဆရာမ ဖြစ်ချင်ပါ တယ် ။ ဘာကြောင့်လဲ ဆိုတော့ အမေ ဈေး ထဲ မှာ ပန်း ရောင်း နေတာ ကို မကြည့်ရက်ပါဘူး ။
ကျွန်မ လည်း ဆယ်တန်း ကို ကြိုးစား ဖြေတာပါပဲ ။ အမေ့ ကို သနားတာ နဲ့ ကျူရှင်စရိတ် မတောင်းချင်တာ နဲ့ ပဲ ကိုယ့်ဘာသာ ကိုယ် ကြိုးစား ကျက်မှတ် ရတာပေါ့ ။ ကံ က လည်း နည်းတယ်နဲ့ တူတယ် ။
ဒီနှစ် တော့ အပြတ် ကြိုးစားရမှာပဲ ။ ကိုယ် က အပြင် ဖြေ မဟုတ်လား ။ ကျူရှင် တော့ ဘာသာစုံ မတက် ပေမယ့် နှစ်ဘာသာ တော့ ယူ ပါတယ် ။ အောင်ချင်တယ် မဟုတ် လား ။ အမေ က နံနက် မိုး လင်း ကတည်း က ဈေးထွက် သွားတာ ကျွန်မ ချက်ပြုတ်ပြီး အမေ့ ဈေး ထဲ ထမင်းဘူး သွား ပို့ ပြီး မှ ကျူရှင် သွားပေါ့ ။ ဒါက နေ့တိုင်း ပဲ လေ ။ မနေ့ က အမေ နေမကောင်း လို့ တဲ့ ။ ဖျားနာ တာ တော့ မဟုတ်ဘူး ။ ကိုယ်တွေ လက်တွေ မသယ်ချင်တာ တဲ့ ။
ကျွန်မ က အမေ့ ကို နံနက်ဈေး ထွက်ပေးမယ် လို့ ပြော တော့ အမေ က မယုံ ။ ကျွန်မ က လည်း ထမင်းဘူး ပို့ ရုံ တင် အမေ့ ဆိုင် မှာ ထိုင် ဖြစ်တာ ။ ကျွန်မ ထိုင် တဲ့ အချိန် က ထမင်း ပို့ချိန် ဆိုတော့ လူဝင် လူထွက် ကျဲတဲ့ အချိန်မျိုး သာ ကြုံ နေ ကျ ။ အမေ က လည်း မနေ့ က ပန်းတွေ ယူထားတာ လည်း ရှိ ၊ ခြံသမားတွေ က လည်း ပန်းချိုးရက် နဲ့ ဆုံလို့ လာ ပို့ကြတာ နဲ့ ကျွန်မ မထွက်လို့ က မဖြစ် ။ အမေ က တော့ အားနာ နေသည် ။ သူ အကိုက်အခဲပျောက်ဆေး သောက်ပြီး ထွက်မယ် တဲ့ ။ ကျွန်မ က နေ့ကျောင်း တက်တာ မှ မဟုတ်တာ ။ ကျုရှင် ဆိုတော့ တစ်ရက် လောက် ပျက်လည်း ဆရာ က ခွင့် လွှတ်မှာ ပဲ နော် ။
ကျွန်မ နံနက် စောစော ထ ပြီး ဈေး ထွက်ရမှာပေါ့ ။
••••• ••••• •••••
[ ၂ ]
“ သမီး မထွက်နဲ့လေ ၊ ကျူရှင် သွား တက် ။ အမေ မနက် ဆို ကောင်းသွားမှာပါ ။ အခု ပန်းတွေ ပြင် စည်း လိုက်ဦးမယ် ”
“ နေနေ အမေ ။ ကျွန်မ စည်းမယ် ။ နှီးတွေ စီလိုက်ဦးမယ် ”
“ ဒီနေ့ လာ ပို့တဲ့ သပြေ က ခေါင် နည်းတယ် ဟေ့ ။ သမီး ကြည့် လုပ်နော် ။ အစည်း ကို လှအောင် စည်းဦး ။ ခေါင် နဲ့ ပယ် နဲ့ တွဲပြီး စည်း ။ ပြီးရင် ရေပုံး ထဲ စိုက်ထား ။ အပေါ် က ရေစို အဝတ် နဲ့ မအုပ်နဲ့ နော် ၊ အညွန့်တွေ ကျိုးမယ် ၊ သပြေ က အညွန့် ကို မထိ မှ ၊ ထိ ရင် ဈေး မရဘူး ။ ဝယ်တဲ့ သူ က အညွန့် ကို ကြည့် ဝယ်တာ သမီး ရဲ့ ”
“ သိပါတယ် အမေ ရ ။ အိပ်ရာ ထဲ လှဲ နေပါဦး ။ ရပါတယ် ။ သမီး လုပ်တတ်ပါတယ် ”
“ ငါ က စိတ်မချဘူး အေ့ ။ ပန်း ဆိုတာ အကိုင်အတွယ် တတ် မှ နို့မို့ရင် အရင်း ပြုတ် နိုင်တယ် ”
“ မပြုတ်ပါဘူး အမေ ရယ် ။ ကျွန်မ လည်း လုပ်နိုင်ပါတယ် အမေ ရ ”
ဈေး သွားခါနီး သပြေပန်း ကို ပလတ်စတစ်အိတ် နဲ့ ပတ်ပြီး လိပ် ၊ အိပ်ခွံ ကို အညွန့်ဘက် မှာ ခပ်များများ ချန်ပြီး လိပ် နော် ။ တော်ရုံတန်ရုံ အထိအခိုက် နည်းတာပေါ့ ။ သိပ် ပြီး စည်း ၊ ရေ စင်အောင် ခါနော် ။ တော်ကြာ အရွက်တွေ ရိ ကုန်ဦးမယ် ”
"ရေ ခါပါတယ် အမေ ရ ။ ပူရန်ကော အမေ က ”
“ ဂမုန်း ကို တစ်ပင် သုံးကျပ် ရောင်းပေါ့ ။ ဂမုန်းပင် ဝယ် တဲ့ သူတွေ က များပါတယ် အေ ။ အို - လခစားတွေ လည်း ပါ ပါတယ် ။ ဆစ် ရင် အနည်းဆုံး နှစ်ပင် ငါးကျပ် ရောင်းပေါ့ ။ သူတို့ ဒါ ဒီ ပန်း ပဲ ထိုးကြတာ ။ အပင် ခပ်လတ်လတ် နဲ့ အသေး မျှ ပေးနော် ။ ဒါက ကိုယ့်အတွက် မကျန်ပါဘူး ။ ဒါပေမဲ့ လူစုံ ဝယ်နိုင်အောင် တင် ထားရတာ ၊ အမြတ် တော့ မကျန်ဘူးပေါ့ ”
“ ဈေး က သမီး သိပါတယ် အမေ ရယ် ။ လခစားတွေ မှ ဝယ်တာ မဟုတ်ပါဘူး ”
“ အမယ်လေး သမီး က ဘာသိလို့လဲ ။ လခစားတွေ က ပန်း ကို စကေး ကိုက်အောင် ထိုးတာ သမီး ရဲ့ ။ သူ တို့ က ဂမုန်းပင်လေး တစ်ပင် ကို နောက်ခံ ပန်းလေး အဖြစ် ထိုး တာ ။ လခ ထုတ်တဲ့ ရက် ကျတော့ နှင်းဆီ တို့ ၊ ဂန္ဓမာ တို့ ၊ သစ္စာပန်း တို့ နဲ့ ရော လိုက်တာပေါ့ ။ လလယ် လောက် ကျတော့ ဂမုန်းပင်လေး တစ်ပင်တည်း နဲ့ ပဲ ဘုရားစင် ကို အေးမြ အောင် ရှင်းလင်း နေ အောင် ဆိုပြီး ထိုးကြဆိုပဲ ”
“ အမေ ရာ လခစား တိုင်း မဟုတ်ပါဘူး ၊ ကြံကြီးစည်ရာ ”
“ အမေ့ ဆိုင် ဝယ်နေကျ ဖောက်သည်တွေ လေ ။ ဟို ရဲအုပ်ကြီးကတော် ဆိုလား ၊ လမ်းအုပ်ကြီးကတော် ဆိုလား နှင်းဆီအနီ ရှိုးပန်း တစ်ခါဝယ် မနည်းဘူး ။ အစိတ် ဖိုး ၊ သုံးဆယ် ဖိုး ။ ကျောက်စိမ်းနားကပ် ခပ်ကြီးကြီး နဲ့ မိန်းမ ပေါ့ ။ သူ လာ ရင် သမီး သပြေပန်း ကို ပေးဖြစ်အောင် ပေး နော် ။ သူ က အမေ့ ဖောက်သည် ”
“ တခြား ဖောက်သည် ရှိသေးလို့လား အမေ ”
“ ရှိတာပေါ့ ၊ ဟို ရွှေဆိုင်တန်း မျက်နှာချင်းဆိုင် အထည်အတန်း တွေ ထဲ ကို ဆိုင် က ကောင်မလေး ကို သပြေ နဲ့ ကျောက်နှင်းဆီတွေ လိုက် ပို့ခိုင်း ၊ သူ က ပေးနေကျ ဆိုင်တွေ ကို သိတယ် ”
“ အမေ ရွှေဆိုင် က လူတွေ ကို ရော ပေးခိုင်းရ မှာလား ”
“ ရွှေဆိုင်တန်း က ပို့ရ မှာ တစ်ဆိုင် နှစ်ဆိုင် ပါ ပဲ ။ သူတို့ က သူတို့ အိမ် က ပွင့်တဲ့ သစ်ခွတွေ ၊ နှင်းဆီတွေ ရှိတယ် သမီး ရဲ့ ”
“ ပို့စရာ မလိုဘူးပေါ့ ”
“ သပြေ ခုန က အမေ စည်းခိုင်းတဲ့ အထဲ က ပယ်တွေ ကို စု ပြီးတော့ အရိုးနည်းနည်း ရှည်လေးတွေ ကို စု ပြီး စည်း ၊ အတို က တော့ တချို့ နတ်ပန်းအိုး တင်တဲ့ သူတွေ ဝယ်တယ် ။ အုန်းဆက်တဲ့ သူတွေ အကြိုက် ပေါ့ ။ အုန်းဆက် တဲ့ ပွဲတွေ မှာ အညွန့် ခပ်သေးသေးတွေသုံးတာ ၊ အမွှေးနံ့သာရည် ထဲ နှစ် ပြီး အသုံး လုပ်ကြတာ ။ သတ်သတ်ဖယ် ”
“ အမေ က လည်း သူတို့ လုပ်တာ အမေ လုပ်တာ ကျနေတာပဲ ”
“ ဪ သမီး က လည်း ဈေးသည် ဆိုတာ ဖောက်သည် အကြော သိထားမှ အေ့ ။ ဂန္ဓမာပန်း ခေါင်တွေ ကို တော့ ကားသမားမိန်းမတွေ ၊ အရာရှိကတော်တွေ အဝယ်များတယ် ။ ဈေး မလျှော့ နဲ့ တင် ထားနော် ။ သူတို့ က ဘုရားပန်း ကို ဈေး အပြိုင် ပေးနိုင် ကြတယ် ။ အလှဆုံး လည်း ရွေး ကြတယ် ။ ခေါင် ကို ကြိုက်ဈေး တောင်းလို့ ရတယ် ။ သပြေ ဆို လည်း ခေါင် မှ ကြိုက်တယ် ။ သပြေ လည်း မလျှော့ နဲ့ ကြားလား ”
“ ဂန္ဓမာပန်း ကို ရေစို အဝတ် နဲ့ မအုပ်ရဘူးနော် အမေ ဟုတ်လား ။ ရေပုံး ထဲ မှာ ပဲ ထောင်ထားမှာ မဟုတ်လား ”
“ အေးအေး ရှိုးနှင်းဆီတွေ ကို ပွင့်ဖတ်တွေ မလှန်နဲ့ နော် ။ ထားလိုက် သူ က အဝယ်လိုက်တယ် ။ ရေမွှေးနှင်းဆီ ကတော့ ဈေး လျှော့ရောင်း ။ သူ က အထား မခံဘူး ။ ဝယ်နေ ကျဖောက်သည်တွေ ရှိတယ် ။ မုန့်သည် အဘွားကြီးတွေ ယူတယ် ”
“ အမေ က လည်း မုန့်သည် အဘွားကြီး တွေ က ယူ တယ်လို့ ကြံကြံဖန်ဖန် ”
“ သမီး က ဘာ သိလို့လဲ ၊ သူတို့ က သားထောက် သမီးခံ မရှိသူတွေ ။ ဒီတော့ ကိုယ့် ဝမ်းကိုယ် ကျောင်းကြတဲ့ အမှီအခို မရှိတဲ့ သူတွေ များတယ်လေ ။ ဘုရားအိုး မှာ ပန်းတွေ ဝေ နေအောင် ထိုး မှ စိတ်ချမ်းသာကြတာ ။ ရေမွှေး က အနံ့ လည်း ရ ဆိုတော့ ကိုယ့် ဘုရားစင်လေး ရှေ့ မှာ ထိုင် လိုက်ရင် ရင် ကို အေးမြ သွားတာပဲ တဲ့ ။ နှင်းဆီပန်းရောင်တွေ က ဝေ နေအောင် ပွင့်တော့ ဘုရားနှင့် သပ္ပာယ်တယ် တဲ့ ။ ခဏ ခဏ လဲရပေမယ့် ကြည်နူးတယ် တဲ့ ။ သူတို့ က ရှိုး မဝယ်နိုင် တဲ့ အမေ့ ဖောက်သည်တွေ ၊ ကြည့် ပေးလိုက် ။ ဘုရား ကို တကယ်ကို ကြည်ကြည်ညိုညို နဲ့ လှူချင်တန်းချင် သူတွေ ပါ ။ ကုသိုလ် ကံ က တို့ လို နည်းလို့ နဲ့ တူတယ် ။ ရှိုး ကတော့ အလှ ရက်စက်တယ် ။ အနံ့ က နည်းတယ် ။ သူတို့ က အား မရဘူး ။ ရာသီပန်း ဆိုရင် အဲဒီ အဘွားကြီးတွေ က အမေ့ ရဲ့ကျေးဇူးရှင်တွေ ပဲ ”
“ ဘာလဲ အမေ ၊ ရာသီပန်း ဆိုတာ ”
“ ရာသီပန်း ဆိုတာ သူ့ ရာသီ မှာ ပွင့်တဲ့ ကံ့ကော် တို့ ၊ ကရမက် တို့ ၊ ပိတောက် တို့ ဆိုရင် သူတို့ က ပန် ဖို့ ရော ၊ ဘုရားစင် မှာ ထိုးဖို့ ရော အရင် ဝယ်နေ ကျ ”
“ အမေ က ပန်း ကို သူတို့ တင် ပန်တာ မဟုတ်ပါဘူး အမေ ရာ ။ လူတိုင်း ပန်နေကြတာပဲ ။ အမေ့ မှ ပဲ မုန့်သည်တွေ က ပန်ရတယ်လို့ ”
“ အမယ်လေး သမီး မသိပါဘူး ။ ရာသီ ပေါ်တဲ့ ကရ မက် တို့ ၊ ကံ့ကော် တို့ ၊ စံပယ် တို့ ၊ ပိတောက် တို့ ဆိုတာ ရုံးစာရေးမလေး တွေ ၊ ကျောင်းဆရာမ တွေ က အနံ့လေး ရ ရုံ စတိ လောက် ပန်တာ ။ မုန့်သည် တွေ လောက် ၊ ရေကုန်သည်တွေ လောက် မက်မက်စက်စက် သူတို့ က ပန်ကြတာ မှ မဟုတ်တာ ။ ကရမက် ဆို တစ်ခက် ၊ ပိတောက် ဆို တစ်ခက် ၊ ကံ့ကော် ဆို တစ်ပွင့် လောက် သာ ပန်ကြတာ ။ အမေ့ ဖောက်သည်တွေ က ပန်တယ်ဆို သိတယ် မဟုတ်လား ။ တစ်ခေါင်းလုံး ဖွေး နေအောင် အခိုင် လို က် ၊ အကုံး လိုက် ပန်ပစ်ကြ တာ ။ ဝေလို့ ။ သူတို့ က မှ တကယ် ပန်း ကို ပန်း နဲ့ တူအောင် ပန် ကြတာ ။ ရေကုန်သည် မထွေး က နံနက်တိုင်း စံပယ်ငါးကုံး အရှည်ကြီး ဖယ်ထား ပေးရတာ ။ သုံးကုံး ဆက်တယ် ။ နှစ်ကုံး ပန်တယ် ။ အမေ့ ဖောက်သည် ပေါ့ ”
“ အမေ ရေကုန်သည် လို့ ဘာလို့ ခေါ်တာလဲ ”
“ ဪ - သမီး ရယ် ၊ သူတို့ ကို ငါးစိမ်းသည် လို့ ဘယ် ခေါ်လို့ ကောင်းပါ့မလဲ ။ ညည်းနှယ် ဈေး ထဲ နေပြီး အ ရန် ကော ၊ အခုလို ခေါ်တော့ သူတို့ လည်း ကျေနပ်ကြတာ ပေါ့ သမီးရယ် ”
“ ဟုတ်တယ်နော် အမေ ပြောမှ သူတို့ တွေ ပန်း ပန် တာ အများကြီး အခု မှ သတိထား မိတယ် ”
“ ဟုတ်တယ်လေ ၊ သူတို့ အလုပ် ထဲ မှာ ဒီ အမွှေးနံ့တွေ နဲ့ လှိုင် နေမှ စိတ် ကြည်မှာပေါ့ ။ ဘယ်မှာ ကရမက် တစ်ခက် က မွှေးပါ့မလဲ ။ အခိုင်လိုက် ပန် လိုက်မှ ခေါင်း မှာ လည်း ဝေ ၊ ရနံ့လေး က လည်း ရ ၊ ဘယ်လောက်များ ကြည်နူးမလဲ ဆိုတာ ”
“ ဟုတ်တယ်နော် အမေ ၊ ပန်း များ မှ အနံ့ ပို ရမှာပေါ့ ”
“ သမီး နှင်းဆီရဲသွေး ထဲ က အအာတွေ ကို သပ်သပ် ဖယ် ပြီး အရိုး တိုတို ဖြတ် ၊ အဲဒါတွေ က ကျောင်းသားတွေ ဝယ်တယ် ။ သူတို့ ဆရာမ အတွက် ရော ၊ သူတို့ ရော ဝယ်ကြ တာ ။ ကလေးတွေ ကို ကြည့်တောင်း ”
“ သပြေတွေ စည်းလို့ ပြီးပြီ အမေ ။ နံနက်ဈေး ထွက်မယ် ၊ အမေ လည်း ကျွန်မ ကို ပြောရတာနဲ့ မောပြီ ”
••••• ••••• •••••
[ ၃ ]
ကျွန်မ ဈေး ကို အစောကြီး ထ သွားရတာ ။ ပန်းတွေ ကျိုး မှာ စိုးလို့ စပါယ်ယာ ကို ပြောရသေးတယ် ။ ပန်းတွေ ကို ရွရွကလေး တင်ပေးဖို့ ပြောတော့ စပါယ်ယာ က ကျွန်မ ကို ပိုရန်ကော လို့ မျက်စောင်း တထိုးထိုး နဲ့ ပဲ ဈေးရောက် လာတယ် ။ ပန်း အချ မှာ တော့ ကျွန်မအမေ ကို ကူရောင်း ပေးတဲ့ ကောင်မလေး က လာ ကြို လို့ တော်ပါသေးတယ် ။
အမေ က လခ ပေး ငှားတာ မဟုတ်ပါဘူး ။ သူ က တောက်တိုမယ်ရ ပါ ။ အမေ က သနား လို့ မုန့်ဖိုးလေး ပေး ၊ အဝတ်လေး ပေး နဲ့ အပြန်အလှန် ကူညီ နေကြပေါ့ ။ သူ က သူများ ဆိုင်တွေ ကူ လုပ် ပေးနေကျ ။ အမေ နဲ့ တော့ သံယောဇဉ် ကြီးကြတယ်လေ ။ ခိုင်း လို့ တော့ သိပ် ပေါ့တာပဲ တဲ့ ။ ကျွန်မ က ပန်းထုပ်တွေ ကို သူ့ ကို လှမ်းပေးတယ် ။ သူ က အသာအယာ ပဲ ပန်းတွေ ကို အောက် ချတယ် ။ တခြား ခရီးသည်တွေ က လည်း ဆင်းကြ ပေါ့ ။ ကောင်မလေး က ပန်းထုပ် အချ မှာ စပါယ်ယာ နဲ့ စကား များကြ သေးတယ် ။ စပါယ်ယာ က သူ့ ကို စ လို့ တဲ့ ။ ကျွန်မ ဘာမှ ဝင် မပြောဖြစ် ။
ဆိုင် အရောက် ခပ်သုတ်သုတ် လာ ကြရတာပေါ့ ။ ဈေးခေါင်း က ဒီနေ့ တံခါး အစောကြီး ဖွင့်တယ် နဲ့ တူတယ် ။ ပန်းသည်တွေ က အစောဆုံး ကို မုန့်သည်တွေ နဲ့ အပြိုင် လာကြရ တာ ။ တခြား စတိုးဆိုင် တို့ ၊ အထည်ဆိုင် ၊ ရွှေဆိုင်တန်း က လူတွေ က တော့ နေမြင့်တဲ့ အထိ နေလို့ ရတာပေါ့ ။ ကျွန်မ က အထုပ်တွေ ဖြေတယ် ဆိုရင်ပဲ ကောင်မလေး က ပန်းတွေ ထည့် တဲ့ ရေပုံး ထဲ ကို ရေလဲ ၊ ပန်းတွေ ထောင် တော့ တာပဲ ။
“ အစ်မ အဒေါ်ကြီး ဘာလို့ မလာတာလဲ ”
“ အမေ နေမကောင်း လို့ ပေါ့ ။ အမေ က သူ လာမယ် ပြောတာ ။ တို့ က အမေ့ ကို နားစေချင်တာနဲ့ ပဲ လာရတာ ”
“ ရပါတယ် အစ်မ ရာ ကျွန်မ ကူ ရောင်း ပေးမှာပေါ့ ။ အစ်မ ခဏ နေဦး ။ ကျွန်မ ဆိုင်တွေ ပန်း လိုက် ပေးဦးမယ် ။ သပြေ နဲ့ ကျောက်တွေ ဖယ်ထား လား ၊ စံပယ်အကုံးသေး တွေ ပါပေး ၊ ကျွန်မ ဖောက်သည်ဆိုင် တွေ ပြေး လိုက်ဦး မယ် ”
“ အေး အေး ”
“ အစ်မ ရေ ဟို ခေါက်ဆွဲဆိုင် က အကြည့် အတွက် ဂန္ဓမာ တစ်စည်း နဲ့ ကျောက် အပွင့်ကြီးကြီးတွေ ရွေး ပေးဦး ၊ သပြေ လည်း တစ်စည်း တည်း နော် ခေါင် ပဲ ”
“ အမေ က လည်း ပြောထားသေးတယ် ”
“ ဟုတ်တယ် အစ်မ ရဲ့ ။ သူတို့ က သူဌေးတွေ ဆိုတော့ ရှယ်မှ သုံးတာ ။ တခြား လူတွေ လို မဟုတ်ဘူး ။ ဈေး တော့ ဆစ်တယ် ”
“ အေးပေါ့ ဟာ ... ကြည့် ရောင်းရတာပေါ့ ၊ မြန်မြန်လာနော် ”
“ လာမယ် လာမယ် ”
“ အစ်မ ရေ သစ္စာပန်းတွေ ပြန် စည်းရဦးမယ် ”
“ ဘာပြုလို့လဲ ”
“ အမလေး အစ်မ ဒီအရိုင်းစည်း အတိုင်း ရောင်းရင် တော့ အရင်းပြုတ် မှာ ပေါ့ အစ်မ ရဲ့ ။ ပန်း က ပုပ်ကုန်နွမ်းကုန် တတ်တယ် ”
“ ဟာ ဒါဆို မြန်မြန် ပြန်လာခဲ့နော် ”
••••• ••••• •••••
[ ၄ ]
“ ပန်းသည် အဒေါ်ကြီး ဘယ်သွားလဲ ကလေးမ ”
“ အမေ နေမကောင်းလို့ပါ ”
“ ဟုတ်လား ဘာပြုလို့လဲအေ ”
“ အမေ ကိုယ်လက် ကိုက်တာလောက်ပါ ။ နောက် နေ့ နေကောင်း သွားမှာပါ ”
“ ကဲ .. အကြီး ကို ဂန္ဓမာပန်းလေး တစ်စည်း လောက် ပေးစမ်း ”
ကျွန်မ ရှိုးပန်း ကို လှမ်း ကိုင် လိုက်တယ် ။ ဝါးဈေးခြင်းတောင်းသေးသေး နဲ့ အဒေါ်ကြီး က ကျွန်မ ကို တအံ့ တသြ ပြန် ကြည့်နေတယ် ။
“ သမီး ကလေးမ ဒါ မဟုတ်ဘူး ။ ကြက်ချေး ထဲ က ပါပဲ အေ ၊ ဘယ်လောက်လဲ ”
“ တစ်စည်း ငါးကျပ် ”
“ အမလေး ဈေး များလိုက်တာ ၊ မလျှော့ဘူးလား ”
“ ဈေးကုန်ပဲအကြီး ရေ ”
ကောင်မလေး လက် ထဲ မှာ မုန့်ထုပ်လေး ကိုင် ရင်း ပြန် လာတယ် ။ အစ်မ ကျွန်မ ကောက်ညှင်းပေါင်း တစ်ထုပ် ဝယ်လာတယ် တဲ့ ။ ဈေးဝယ် အဒေါ်ကြီး ကို တွေ့ တော့ ပျာပျာသလဲ ပြော နေတယ် ။
“ အကြီး ဒီမှာ သပြေ ပါတယ် ။ အိမ်တွင်း ဆက်ဖို့ ရှိတယ် ။ အကြီး အိုး နဲ့ အတော်ပဲ ။ ဒီမှာ ကျောက်နှင်းဆီ လှလှလေးတွေ ” ဆိုပြီး ပြော နေတယ် ။
အဒေါ်ကြီး က ကျွန်မ ဆီ က နေ ကောင်မလေး ဘက် ကို ကူးပြောင်း သွားပြီး ကောင်မလေး လှမ်း ပေးတဲ့ ပန်း တွေ ကို လှမ်း ယူ လိုက်တယ် ။ အကြီး ဆို တဲ့ အဒေါ်ကြီး လက် ထဲ က ကျပ်တန် ခပ်နွမ်းနွမ်း သုံးရွက် ထုတ် ပေးရင်း ယူ သွားတယ် ။ သပြေရိုးတိုတိုလေး နဲ့ ကျောက်နှင်းဆီ မပွင့် တပွင့် တွေ လည်း ပါ သွားတယ် ။ ကျွန်မ ကို ကောင်မလေး က လှမ်းမပေးဘဲ ကောင်မလေး က ပန်းတွေ ကို ပိုက်ဆံ နဲ့ ခေါက် နေတယ် ။ ကျွန်မ က ကောင်မလေး ကို ငေးကြည့် နေ လိုက်တယ် ။
“ ပန်းသည် သစ္စာပန်းတစ်စည်း ဘယ်လောက်လဲ ”
တစ်စည်း နှစ်ဆယ် လို့ လှမ်း ပြောတယ် ။
“ မလျှော့ဘူးလား ”
“ အစ်မ ရယ် ဝယ်ဈေး က ကြီး နေတယ် ။ ကားခ က လည်း ဈေးကြီး လို့ ပါ ”
ကျွန်မ က မဖြေအားဘူး ။ ကောင်မလေး က ဝင် ဖြေနေ တာ ။ အမေ ပြောလိုက်တဲ့ ဈေးပဲ သူ က တန်း ပြောနေတာ ။ ကျွန်မ အံ့အားသင့် သွားတယ် ။
“ ယူပါ အစ်မရယ် ၊ ဒါတွေက ရှိုးပန်းတွေ ပါ ။ အစ်မ ရေ နောက် ဒီမှာ အောင်သပြေခေါင်တွေ လည်း ရှိတယ် ။ အုန်းဆက် ၊ နတ်ဆက် ရ အောင် စံပယ်တွေ လည်း ရှိပါ တယ် ”
ဈေး ဝယ်တဲ့ မိန်းမ က ဆူပါလယ်သာ အထက် အောက် ဆင်တူ ဝတ်လို့ ၊ ပိုက်ဆံအိတ် က အကြီး ကြီး ။
“ အစ်မတို့ က မှ ခေါင်တွေ ဝယ်နိုင်တာပါ အစ်မ ရယ် ။ ဒါကြောင့်လည်း အစ်မတို့ က အကျိုးပေး သန်တာပေါ့ ” လို့ ကောင်မလေး က ထပ် ပြောနေတယ် ။
ဈေး ဝယ်တဲ့ မိန်းမ က ဈေး မဆစ်ဘဲ သစ္စာပန်း ခေါင် တစ်စည်း စံပယ်အတို ဆယ်ကုံး နဲ့ သပြေခေါင် သုံးစည်း ဝယ်သွားတာ ကို ပိုက်ဆံ လှမ်း အမ်းရ သေးတယ် ။
“ အစ်မ ရေ အော် ရောင်းနော် ။ တော်ကြာ ပန်းသည် တွေ စုံ လာကြမှာ ။ ကိုယ် က အော် နိုင် မှ ကိုယ့် ဆိုင် လူ ကျ မှာ ။ အစ်မ မအော် လည်း ရပါတယ်လေ ။ အဒေါ်ကြီး ဖောက်သည်တွေ လာနေကျ ပဲ ။ ကျွန်မ အော်ပါ့မယ် ”
ကျွန်မတို့ ရောက်ပြီး မကြာခင် ပန်းသည်တွေ အသီး သီး လာ ကြပြီ ။ တောသည်တွေ လည်း တက်လာကြပြီ ။ အပြိုင် ရောင်းကြ ဝယ်ကြ ပေါ့ ။ ကျွန်မ က တော့ ဒီနေ့ အမေ့ ကို ဈေးကူထွက် ပေးရတာ ကျွန်မ အတွက် အတွေ့အ ကြုံ လည်း ရ ၊ အသိ လည်း ရတာပေါ့ ။ ဒါကြောင့် ကျွန်မ ရဲ့ ဆယ်တန်း စာမေးပွဲ ကို ဒီလို အသိ ရအောင် ကျက်မှတ် ရင် အောင်မယ် လို့ ထင်တာပဲ ။ ကျွမ်းကျင်ရာ လိမ္မာ နေမှာပေါ့ ။
ကောင်မလေး က သွက်လက်စွာ ပြောဆို ရောင်းဝယ် နေတယ် ။ ကျွန်မ က သူ့ လောက် မသွက်ဘူး ၊ သူ က တကယ့် ပီဘိ ဈေးသည် ။ ဈေးသည် ကျွန်မ က သူ့ ကို ငေး နေရတယ် ။
အမေ က တော့ သူ့ သမီး ကို ကျောင်းဆရာမ ဖြစ်စေ ချင်တယ် တဲ့ ။ ကျွန်မ က အမေ့ ဆန္ဒ ကို ဖြည့်ရမှာပေါ့ လေ ။ အမေ့ ရဲ့ ဘဝ ကို စာနာ မိပါတယ် ။ ကောင်မလေး ကို ကျွန်မ မေ့သွား တယ် ။
“ အစ်မ ကျွန်မ ကို မုန့်ဖိုး ပေးဦးလေ ၊ နေမြင့် နေပြီ ။ ဈေး လည်း ကွဲပြီ ။ ညနေ မှ လာသိမ်းပေးမယ် ၊ ပန်းတွေ နေ မထိစေနဲ့ ၊ ရေ လည်း တောက်ပေးဦး ”
ကျွန်မ သည် ပန်းသည် အမေ့ ကို သတိရ မိ တိုင်း အမေ့ ကို ကျေးဇူး တင်မိသည် ။ ကောင်မလေး မုန့်ဖိုး တောင်း မှ ကျွန်မ ထိတ် သွားသည် ။ ကောင်မလေး ကို ဘယ်လောက် ပေးရမယ် ဆိုတာ ကျွန်မ မသိ ။ တကယ်တော့ ကျွန်မ သည် အမေ့ လို မကျွမ်းကျင် ၊ ကျွမ်းကျင်အောင် လည်း မလေ့လာမိ ။
ကောင်မလေး မုန့်ဖိုး သည် ကျွန်မ နေ့တိုင်း ရ သလောက် အမေ ပေးသလား ၊ ဒါမှမဟုတ် ကျွန်မ လောက် မရဘူးလား ဆိုတာ ကို မသိခဲ့ ။ ကောင်မလေး သည် ကျွန်မ အတွက် စိန် ခေါ် လိုက်သော သူရဲကောင်းမလေး အဖြစ် သာ ပင် ။
ကောင်မလေး သည် ကျွန်မ တွက် သူရဲကောင်း ဖြစ်သလား ၊ တစ္ဆေလား ဆိုတာ ကျွန်မ မဝေခွဲ နိုင်တာတော့ အမှန် ဖြစ်သည် ။
◾သင်းမြစန္ဒီ
📖 စံပယ်ဖြူ မဂ္ဂဇင်း
၁၉၉၄ ၊ ဇန်နဝါရီ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment