❝ နှပ်ဆေး ❞
( ၁ )
ကျွန်တော်တို့ မြို့ကလေး မှာ ကြိုးကြိုးစားစား နဲ့ ဖွဲ့ထား တဲ့ စေတနာ့ဝန်ထမ်း အဖွဲ့ကလေး တစ်ဖွဲ့ ရှိပါတယ် ။ ကျွန်တော်တို့ အဖွဲ့က တကယ့် စေတနာရှင်တွေ နဲ့ ဖွဲ့ထားတဲ့ အဖွဲ့လေး တစ်ခု ဖြစ်ပါတယ် ။ ဦးဆောင်သူ ရယ် လို့ တော့ မရှိပါဘူး ။ ကိုယ့် အသိ နဲ့ ကိုယ် ၊ အမြင် မတော်တာလေးတွေ ကို ပြုပြင်ပေးမယ် ဆိုတဲ့ ထောက်ပြပေးမယ် ဆိုတဲ့ စေတနာတွေ နဲ့ သာ လုပ်ကြ ကိုင်ကြ တာ ဖြစ်ပါတယ် ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ လို တောမြို့လေး ဆိုတာ တစ်ယောက် အကြောင်း တစ်ယောက် သိ နေကြတာကိုး ။
နောက် တောင်ပေါ်သားတွေ ဆိုတော့ ရိုးသားကြတယ်လေ ။ ကိုယ့် စီးပွား ကိုယ် လုပ်ကြ တယ်ဆိုပေမင့် အချင်းချင်း ဖြတ်စား ၊ ပါးပါး လေး ရိတ်ကြမယ် ဆိုတာလည်း သိပ် မရှိကြ ဘူး ။ သမားရိုးကျ တောင်သူ လုပ်စားကြ ၊ အရောင်းအဝယ် လုပ်စားကြ တာ လောက်ပဲ ရှိ တယ် ။ တစ်ယောက် စီးပွား ဖြစ်လည်း တစ်ယောက် မနာလို မဖြစ်ဘူး ။ သူ့ ကုသိုလ် ကံ နှင့် သူ ဖြစ်တာပဲ ဆိုတာ လောက် နှလုံး သွင်းကြတာ ။ ကျွန်တော်တို့ ဒေသ က ထမင်း တစ်လုတ် စားဖို့ ဆိုတာ ဘာမှ ခက်ခဲတဲ့ အလုပ် မဟုတ်ဘူး ။ ဟင်း က ရွှေဖရုံသီး ဖြစ်ချင် ဖြစ်မယ် ။ ပဲပုပ် ဖြစ်ချင် ဖြစ်မယ် ၊ အာလူးဟင်း ၊ ဂေါ်ဖီထုတ်ကြော် ဖြစ်ချင် ဖြစ်မယ် ။ ထမင်း တော့ ဘယ်အိမ် မှာ ဖြစ် ဖြစ် တစ်ယောက် စာ လောက် ကတော့ ညည်းညူ ကြ တာ မဟုတ်ဘူး ။ ခေါ် စား နိုင်ကြတယ် ။ ဝင် စား နိုင်ကြတယ် ။ အစားအသောက် အတွက် သိပ်ပြီး ပြဿနာ မရှိဘူး ။ အင်း ရေရှည် ဆိုတော့ လည်းတစ်မျိုးပေါ့ ။ ထသွား ၊ ထလာ လောက်က တော့ အေးအေးဆေးဆေး စားနိုင်သောက်နိုင် ကြတာချည်းပဲ ။ သူဌေးအိမ် ဖြစ်ဖြစ် ဆင်းရဲသား ဖြစ်ဖြစ် ၊ တောင်သူအိမ် ပဲ ဖြစ်ဖြစ် ကျွေးနိုင် ကြတာပဲ ။
ဒါကြောင့်မို့ ကျွန်တော် တို့ က လွယ်လွယ် စားနိုင်သောက်နိုင်ကြတာမို့ ကိုယ့် ဒေသ ကို ကိုယ် ချစ် ကြတယ် ။ တခြား နေရာ လည်း သိပ်ပြီး ကြာကြာ မပျော်နိုင်ကြပါဘူး ။ စီးပွားရေး ဆိုတာ က လည်း ကိုယ့် ဒေသ က လူတွေ က စိုက်ကြပျိုးကြ နဲ့ တောင်သူ ခပ် များများ ဆိုတော့ တောင်သူတွေ ကို မှီပြီး ရောင်း ကြ ၊ ဝယ်ကြ နဲ့ ပါ ။ အဲ ... တောင်သူ ထွက် တဲ့ သီးနှံတွေ ဈေး ကောင်း မရဘူးဆို ရင် တော့ အရောင်း အဝယ် ပါး ၊ ငွေရေးကြေးရေး ရှားပါး ကြတာ ပါပဲ ။ ဒီတော့ ကျွန်တော်တို့ က တောင်သူတွေ အရောင်းအဝယ် ကောင်း ၊ ရာသီဥတု တွေ ကောင်း ၊ သီးနှံ ကောင်း ဖို့ ဆုတောင်း ကြရ တာ ချည်းပါပဲ ။
ကျွန်တော်တို့ က ကိုယ့် ဒေသ ၊ ကိုယ့် ရေမြေ ၊ ကိုယ့် တောတောင် ကို ချစ်ကြတဲ့ သူ တွေ လေ ။ ဒီတော့ ကိုယ့် ဒေသ က လူတွေ အန္တရာယ် ကင်းအောင် ဆိုပြီး တတ်နိုင်သမျှ ကာကွယ်မယ် ဆိုတဲ့ စိတ် နဲ့ လုပ်ကြရတာ ကိုး ။ ကျွန်တော်တို့ အလုပ် က သိပ် ကျယ်ကျယ်ပြန့်ပြန့် တော့ မဟုတ်သေးပါဘူး ။ ဘယ်လို အဖွဲ့တွေ နဲ့ ချိတ် ဆက် ရမယ် ၊ ဘယ်လို နေရာတွေ နဲ့ ဆက်သွယ်ရ မယ် ဆိုတာကို သိပ်ပြီး မသိကြသေးဘူး ။ ကိုယ် သံသယ ဖြစ်မယ့် နေရာလေးတွေ ကို ကိုယ် စုံစမ်းပြီး ဖော်ထုတ်ကြမယ် ဆိုပြီး ဖွဲ့ကြတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကျွန်တော်တို့ ဈေး ကို သွားကြပါတယ် ။
ဈေး ဆိုတာ ပစ္စည်းမျိုးစုံ ၊ ကုန်မျိုးစုံ ရောင်းကြ ၊ ဝယ်ကြ ၊ စားကြ ၊ သောက်ကြတာ
ကိုး ။
ကျွန်တော်တို့ အဖွဲ့ က လူတွေ ကိုယ်တိုင် တစ်ဆိုင် ဝင် တစ်ဆိုင် ထွက် လေ့လာကြမယ် ဆို ပြီး ကွင်းဆင်း ကြည့်ကြ တာပါ ။
ဟော .. ဈေး မရောက်ခင်မှာ မြင်ရတဲ့ မြင်ကွင်း ပါ ။ ကွမ်းယာဆိုင်လေး ပါ ပဲ ။ ကွမ်းယာ ဆိုင် ရှေ့ မှာ အရက်ဆိုင် ။ ကွမ်းယာ ဆိုတာ က ကျွန်တော်တို့ တောင်ပေါ်သားတွေ ပါးစပ် ထဲ မှာ အချိန် မရွေး တွေ့ ရတဲ့ အစားအသောက် မျိုး ပါ ။ ကဲ .. ကွမ်းယာဆိုင် ကို ပဲ လေ့လာကြရတာပေါ့ ။
ကွမ်း ကတော့ ကျွန်တော်တို့ တောင်ပေါ် မြို့ တွေ မှာ စိုက် လို့ မရတဲ့ အပင် ။ ဒီတော့ မြန်မာပြည် ထဲ မှ ကား နဲ့ မှာ ရတာပါ ။ ကွမ်းရွက် တွေ ကို ကွမ်းခြင်းတွေ နဲ့ သယ် လာတာပါ ။ ကွမ်း ရွက် ကို အညှာချင်း ထပ်ပြီး ခွေ ထားတယ် ။ အခွေလိုက် စီ ထည့် ထားတာ ။ ကွမ်းရွက် ဆိုတာ က လည်း အရင်တုန်း က လို မဟုတ်တော့ပါဘူး ။ ဓာတ်မြေဩဇာ ထည့် ၊ ပိုးသတ်ဆေး ဖြန်းပြီး စိုက် ရတဲ့ အပင်မျိုး ဖြစ် နေပါပြီ ။ သည်တော့ ကွမ်း သယ် က ကွမ်းရွက်တွေ ကို သေချာ ဆေးလား ၊ မဆေးလား သူ ကိုယ်တိုင် သိ မှာပါ ။ အရွက် တွေ မှာ ပိုးသတ်ဆေး ဘယ်လောက် ထိ ဖျန်း ထား ပြီးပြီလဲ ။
ကျွန်တော့် သူငယ်ချင်း က ပြောတယ် ၊ ထုံးဖောက် တာ အခရာ တဲ့ ။ ထုံးအိုး ထဲ မှာ ကွမ်း သည်မ က ဘာတွေ ပစ်ထည့် ထား မလဲ ။ စဉ်း စားကြည့်ပါ ။ သူ က ဓာတ်ဝတ္ထု ပစ္စည်း အကြောင်း စာ ထဲ မှာ ဖတ်ဖူး သလား ၊ ဒါမှ မဟုတ် စိတ်ကူး နဲ့ ထုံး မပေါက်အောင် ဖန်တီးသလား ဆိုတာ စဉ်းစား စရာပါ ။ ထုံးအိုး ထဲ မှာ ရှောက်သီး တစ်လုံး ပစ် ထည့် ၊ သကြား ထည့် ၊ ဆား ထည့် ၊ အချိုမှုန့် ဆို တာ ထည့် ပြီး ထုံးဖောက် သတဲ့ ။ ထုံး ကို လက် နဲ့ မွှေ ၊ နောက် ည သိပ်ထား ၊ အာ မပေါက် ဘူး ဆိုပဲ ။ ထုံး ၊ သကြား ၊ ဆား ၊အချိုမှုန့် ၊ ရှောက်သီး ၊ ရှောက်ရည် ဘာ ဒြပ်တွေ ပေါင်းပြီး သား ဖြစ်မည်လဲ ။
နှပ်ဆေး တဲ့ ။ အရက် ၊ ချက်အရက် အပေါ စား ခပ်ပြင်းပြင်း ၊ ပျားရည် ၊ ဆေးရွက်ကြီး ၊ အရောင်တင် ဆေးမှုန့် ၊ ရော နှပ် ၊ အနံ့ပြင်းပြင်း မှ ကြိုက်ကြသတဲ့ လေ ။ ဟင်းခတ် အမွှေးအကြိုင်
ဖန်တီး နိုင်သော တိုင်းပြည် တစ်ပြည် မှ ဝင် ရောက် လာသော ဓာတ်ခွဲ စစ်ဆေးပြီးသား ရှိ / မရှိ တံဆိပ်မျိုးစုံ နဲ့ အစစ် ရော အတု ရော ဝင် လာ သည် ။ အာမွှေး ၊ နိုင်တီတူး ၊ ပါရာဂျက် စသည် စသည် ဆေးမျိုးစုံ ။ အစ ရှိသည့် ဆေးများ စွာ ရောစပ် ထားသော ကွမ်းယာများ ။ ကွမ်းသီး က ပိုး ထိုးလို့ ပစ်ထည့် ထားသည့် ပိုး မတက် သည့် ပိုးသတ်ဆေးပြား ၊ ကွမ်းသီး အရောင် လှ အောင် ထည့် ပြုတ် ထားသော ဆိုးဆေးရည်များ စသည် ဖြင့် အင်္ဂါရပ်များ စုံလှသော ကွမ်းပေါင်း တစ်ထုပ် ။
( ၂ )
ကျွန်တော်တို့ မြို့ က ကားသမား ၊ ပွဲစား ၊ အရောင်းအဝယ်သမား ၊ ဈေးသည် ၊ အလုပ် သမား စသည်ဖြင့် ရောယှက် နေကြသည် ။ ဆိုင်ကယ်ပြင်သမား တစ်ယောက် ဆို ကွမ်း ကို နံနက် ထဲ က မြုံ့ ပြီး ဆိုင်ကယ် ပြင် သတဲ့ ။ ဘာမှ မစား မသောက်ဘဲ တောင် ကွမ်း ကို မြုံ့ နိုင် သတဲ့ ။ ကွမ်း ကို နှပ်ပြီးသည့် တစ်နေ့ ကို နှစ်ထောင်ဖိုး သုံးထောင်ဖိုး စား နိုင်တယ် ။ ပါးစပ် ကို ကြည့် ၊ လျှာ က နီရဲ နေတာတောင် မဟုတ်ဘဲ အညို ၊ အမည်း စွဲထင် နေတာ တွေ့ နေ ရတယ် ။ ပါးစောင် ထဲ က ကွမ်းယာ ကို ငုံထား ပြီး စကား ပီအောင် ပြောနိုင်တယ် လို့ နာမည် ကြီးသူ ။
နောက် တစ်ယောက်က အထည်သည် အမျိုးသမီး ။ သူ က လည်း နံနက် အိပ်ရာ ထ မျက်နှာ သစ်ပြီး ကတည်း က သနပ်ခါး လိမ်း တာ တောင် ကွမ်း က ငုံသေး သတဲ့ ။ ဝဝတုတ်တုတ် ၊ နံနက် မိုးလင်း ဖြီးလိမ်း ထား တာ သနပ်ခါး ကို မှုံလို့ ။ သူ့ ကွမ်းစားပုံ က တစ်မျိုး ။ ကွမ်း ကို တရစပ် ဝါးစား နေတာ ။ စကား ပြောရင်း ကွမ်း တံတွေး က တပြစ်ပြစ် ။ သူ့ အယူအဆ က တစ်မျိုး ။ ကွမ်း ကို ဗိုက် ထဲ အဝင် မခံဘူး ။ ကွမ်းယာ ကို ဝါးပြီး ထွေး ထုတ် တာ တဲ့ ။
သူ က သူ့ အမြဲတမ်း ကိုင် ထားတဲ့ ပိုက်ဆံ အိတ်ကလေး ထဲ မှာ ကွမ်းယာ ထုပ် အပြတ် မခံ အောင် စားတာ ။ တစ်ယောက် ယောက် နဲ့ စကား ပြောရင် ကွမ်းတံတွေး ကို တစ်ချက် ထွေး ချလိုက် တာပဲ ။ ပြီးမှ စကား ဆက် ပြောရတာ ။ သူ က တော့ သွားတွေ မှာ ကွမ်းချိုး က မနည်းလှ ။ လျှာတွေ မှာ တော့ အညိုရောင် သိပ် မသမ်း ။ အံသွားတွေ ဘက်မှာ တော့ ကွမ်းချိုး က စွဲ နေပြီ ၊ အမျိုးသမီး ခပ်ရွယ်ရွယ် ဆိုတော့ ကွမ်း စား လို့ မလှမပ ဖြစ်မှာ ကို စိုးရိမ်စိတ် သိပ် မရှိ ။ သူမ က ကျန်းမာရေး နှင့် ပတ်သက်သည့် စာစောင်စာအုပ်များ ကို အမြဲတမ်း ဖတ်ရှု တတ် သည် ။ ကျန်းမာရေးစာစောင် ထဲ မှာ အစာအိမ် ၊ အသည်းရောဂါ ၊ အဆုပ်ရောဂါ ၊ နှလုံးရောဂါ စသည် အင်္ဂါကြီးများ မှ ဖြစ်ပွားလေ့ ရှိသည့် ရောဂါများ ၏ ဆိုးကျိုး ၊ ကာကွယ်နည်း အစ ရှိသည့် ဗဟုသုတများ ကို လက်တန်း ပြောပြ နိုင်လောက် ကို ဖတ် ထားသည် ။ သူမ ခန္ဓာကိုယ် က လည်း ဝဝဖြိုးဖြိုး ဆိုတော့ ကိုယ်တိုင် စားသုံး ထားသည့် ကွမ်းယာ ၏ ဘေးထွက် ဆိုးကျိုး လောက် ကို တော့ ပူစရာ မလို ထင် ထားပုံ ရသည် ။ ကွမ်း စားရင် ပါးစောင်ကင်ဆာ ၊ လျှာကင်ဆာ ၊ လည်ချောင်းကင်ဆာ တို့ ဖြစ်တတ် တာ လောက် ကို ဖတ် လေ့လာ ပြီးပြီ ။ ကိုယ့် ကိုယ်တိုင် လည်း မှန် ထဲ မှာ လျှာတို့ ၊ ပါးစောင်တို့ ၊ သွားတို့ကို စစ်ဆေး ကြည့် လိုက်သေးသည် ။
ပါးစောင် ကို မှန် ထဲ မှာ ကြည့် လိုက်တော့ ပါးစပ် အတွင်းရှိ အမြှေးပါး မှာ ကွမ်ယာ ကြောင့် နီရဲနေတာ က လွဲပြီး အပြစ် မရှိ ၊ သွားတွေ က လည်း အသက် သုံးဆယ်ကျော် ရှိပြီ ။ နဲ့ခြင်း ၊ နာခြင်း ၊ သွေးထွက်ခြင်း လုံးဝ ကင်းရှင်းသည် ။ ဒီတော့ ကွမ်း ကို မဖြတ် ဖြစ် ။ ရုပ်ဆိုး တာက တော့
သူများတွေ နှင့် စကား ပြောရ လျှင် နီးရာ နေရာ တစ်ခု မှာ ကွမ်းတံတွေး မြန်မြန် သွား ထွေး
ရတာ က လွဲပြီး ဆိုးကျိုး သိပ် မရှိလို့ တွက်ထား လိုက်သည် ။ သေချာသည် ပါးစပ် ၊ လည် ချောင်း ၊ သွား ၊ လျှာ စသည်တွေ မှာ လည်း ဘာ ပြဿနာ မှမရှိ ၊ ထိုကြောင့် ကွမ်းယာ ကို ဝါးပြီး ရင်း ဝါး ရင်း နှင့် နှစ်ကာလ တစ်ခု ဆီ သို့ ရွေ့လျား လာ ခဲ့သည် ။
သူမ က ခပ်ပျော်ပျော် နေ တတ်သူ ၊ ဒီ တော့ ကွမ်းယာ နှင့် ပတ်သက်ပြီး ထိန်းသိမ်းဖို့ မကြိုးစားခဲ့ တာတော့ သေချာလေပြီ ။ တစ်ခါ တလေ ဗိုက် ထဲ က နာတာတာ နှင့် ဆေးခန်း သွား ပြ လိုက်သည် ။ မြို့လေး က ဆေးခန်း ဆို တော့ အစာအိမ် ရောင် တာ ဖြစ်မယ် ၊ ကွမ်း ကို ဖြတ်ပါ ဆိုတော့ သူမ က ဆရာဝန် ကို ‘ ကျွန်မ က လေနာ ရှိတယ် ဆရာ ရဲ့ ၊ လေနာ စွဲတာ ၊ ဗိုက် က အမြဲတမ်း တော့ မဟုတ်ဘူး ၊ ခဏ နား ပြီးရင် ပျောက် ပျောက် သွားတယ် ။ လေနာစွဲ တာ ' လို့ ဆရာဝန် ကို ဆင်ခြေ ပေး လိုက်သည် ။
သူ က ရိုးရိုးဆရာဝန် ရဲ့ ကွမ်း ဖြတ်ပါ ဆိုတဲ့ စကား ဆိုတော့ သေချာ မလိုက်နာ ခဲ့ ။ အပူ အစပ်ကို တော့ ဖြတ် လိုက်သည် ။ သူမ ကိုယ်တိုင် က ဆေးပညာပေးစာအုပ်တွေ ထဲ က အစာအိမ် ရောင်ရမ်းနာ အကြောင်း ကို နောကြေအောင် ဖတ်ပြီး ဆေးဆိုင် မှာ ဆေးတွေ ကို ကိုယ်တိုင် ဝယ်သောက်တော့ ပျောက်သွား သလိုလို ပဲ ။ ခရေးမဲအတ်စ ၊ နီဘိုရမ်နီတပ်ဒင်း ၊ အိုမီပရာဖော စတဲ့ ဆေးတွေ ကို ဝယ် သောက် လိုက် ၊ ပျောက် လိုက် နဲ့ နေ ခဲ့တာ လပေါင်း မနည်းတော့ ။ သူမ က ငယ် သေးတယ် ။ ရောဂါ အကြီးကြီး သူ့ ကိုယ် မှာ မရှိနိုင်ဘူး လို့ တထစ်ချ တွေး ထင်ထား တဲ့ အခံ က လည်း ရှိနေ ပြန်သည် ။ ဗိုက် နာတာ ကြာ လာပြီ ။ ဟို ဆေး သောက် ၊ သည် ဆေး သောက် ၊ ဒီတော့ ကျွန်မ မှာ အစာ အိမ် ရှိတယ် ။ အစာအိမ် ရှိတယ် ဆိုပြီး နေခဲ့တာ ၊ ဈေး ထဲ ဆိုတော့ လည်း တစ်ယောက် တစ်ပေါက် နဲ့ ဈေးသည် ရော ၊ ဈေးဝယ် ရော က ကြားဖူး သမျှ အကြံဉာဏ် ပေးကြတာ စုံလို့ ။ အထူးကု ဆရာဝန်ကြီး ၊ အထူးကုဆေးရုံ ၊ ဓာတ်မှန်ရိုက် ၊ အစာအိမ် မှန်ပြောင်းရိုက် ဆိုပြီး တစ်ယောက် တစ် မျိုး ညွှန်း ကြပါတယ် ။ အဲ ‘ ကွမ်းဖြတ်ပါလား ရှင် ’ ဆိုတဲ့ စကား ကို တော့ ပြော ရမှာ တွန့်ဆုတ် နေ လေရဲ့ ။ ဘာကြောင့်လဲ ဆိုတော့ ‘ သူများ အကြိုက် ကို မဖျက်ဆီးပါနဲ့ ဟယ် ’ ဆိုပြီး ရိုးသား သော မြို့သားများ ပီပီ ဒီ အကြံပေးချက် ကို ရှောင်ကြပုံ ရတယ် ။ ‘ သူများ မကြိုက်ရင် မပြော အနေသာကြီး ဆိုပြီး ’ ခပ်ကင်းကင်း ပဲ နေကြပုံ ၊ မပြောကြပုံ ပေါက်ပါတယ် ။ အချင်းချင်း တောင် “ အစ်မ က ကွမ်း ကို နှပ်ပြီးသား တစ်နေ့ ငါးရာဖိုး စားတာ လို့ ” ဂုဏ်ယူ ဝင့်ကြွားစွာ ပြော တတ်ကြတာလေ ။
တစ်နေ့ တော့ သူမ ခန္ဓာထွားထွားကြီး က ထမင်း မစားနိုင်ဘဲ နည်းနည်း ပိန် လိုက်တာ ကို တွေ့ လိုက်ရတယ် ။ သူမ ကိုယ်တိုင် ပဲ ဖတ် ထား တဲ့ ဆေး ဗဟုသုတတွေ အတိုင်း အထူးကု ဆေး ခန်းကြီး တစ်ခု ကို ရောက်သွား ပါတယ် ။ အထူးကုဆေးခန်း ဆိုတော့ သူမ ကိုယ် ကို တစ်ကိုယ် လုံး ၊ ဆီး ၊ ဝမ်း ၊ သွေး ၊ ဓာတ်မှန် ၊ အစာအိမ် ကြည့် မှန်ပြောင်း ၊ အသားစစစ် စတာတွေ နဲ့ စစ် ဆေးတော့ သေချာပြီ ။ အစာအိမ်ကင်ဆာ ဖြစ် ပြီ လို့ ထင်ရှားစွာ အဖြေ ရ လိုက်သည် ။
သူမ က အစ က မယုံ ၊ သည်တော့ မှ ကွမ်း ကို တုံးတိ ဖြတ် ရ တော့သည် ။ နောက်ကျ သွားပြီ ။
( ၃ )
ကျွန်တော်တို့ အဖွဲ့ ထဲ မှာ တက်ကြွစွာ ကျန်းမာရေး ရှုထောင့် က အားပေးခဲ့တဲ့ အမျိုးသမီး တစ်ဦး ဆုံးရှုံး သွားရလို့ ကျွန်တော် တို့ စိတ် မကောင်း ဖြစ်ကြရသည် ။ သူမ ကိုယ်တိုင် က ဒီ အဖွဲ့ ဖွဲ့ ဖို့ ဝိုင်း စဉ်းစား ပေးခဲ့သည် ။ အဘယ်ကြောင့် ဆိုသော် သူမ ကိုယ်တိုင် ဈေးသည် ဖြစ် ပြီး ဈေး ထဲ မှာ ကျင်လည်ခဲ့သူ ဆိုတော့ ဘယ်ဆိုင်က ဘယ်လို ကုန်တွေ ကို ပြုပြင် ပြောင်းလဲ ခဲ့သလဲ ၊ ဘာတွေ သုံးခဲ့သလဲ ဆိုတာ ကို ထဲထဲ ဝင်ဝင် သိပြီး သား ဖြစ် နေသည် ။ သူမ က ကွမ်းယာ ရဲ့ ဆိုးကျိုး ကို တော့ သူမ အလွန် နှစ်သက် သူ မို့ အပြစ် မမြင်ရက် တာ ဖြစ်မည် ။
ကျွန်တော်တို့ အဖွဲ့ ထဲ က တစ်ယောက် ကွမ်းယာ ရဲ့ ဆိုးကျိုး ကြောင့် ဆုံးရှုံး သွားတာ ကို မြင်လိုက် ရတော့ ကျွန်တော်တို့ ကျန် အဖွဲ့သား တွေ က စိတ်မကောင်း ဖြစ်ကြရသည် ။ အဖွဲ့ ထဲ က သူတွေ က ဒီ အဖြစ်အပျက် ကို သိတော့ ဘယ်လို လုပ်ရပါမလဲ ။ ဘယ်ကို အကြောင်း ကြားပြီး ဘယ်လို စစ်ဆေး ပေးစေ ချင်လဲ ။ ဘယ်လို ကာကွယ် ရမလဲ ဆိုတာ စုပေါင်းပြီး အဖြေ ထုတ်ကြမယ် လို့ စဉ်းစား ကြရတယ် ။
ကိုယ့် ကိုယ် ကိုယ် ကာကွယ် တားဆီးနိုင် တာ အကောင်းဆုံး လို့ လည်း တစ်ယောက် က ထ ပြော တယ် ။ တစ်ယောက် က တော့ သည် ကွမ်းယာ ထဲ က နှပ်ဆေး တို့ ၊ ထုံး တို့ ကို ဓာတ် ခွဲခန်း ပို့ချင် သတဲ့ ။ တစ်ယောက် က တော့ နိုင်ငံခြား က ဝင် လာတဲ့ ကွမ်းယာပစ္စည်း ကို ဆန့်ကျင်ကြဖို့ ပြောတယ် ။ တက်ကြွတဲ့ ကောင်လေး တစ်ယောက် က ဆိုင် ကို တရား စွဲမယ် တဲ့ ။ တစ်ယောက် က တော့ ဆိုင်တွေ ကို စစ်ဆေးရမယ် တဲ့ ၊ တစ်ယောက် က တော့ ကွမ်းယာဆိုင်တွေ ကို ပညာ ပေး ရမယ်တဲ့ ။ တစ်ယောက် က ခပ်အေး အေး မြို့ခံလူငယ် ၊ သူ က ဘာ ပြောသလဲ ဆိုရင် “ ကံတရား ပေါ့ ကွာ ၊ အလှည့် ရှိတယ်ကွ ၊ ကွမ်းယာသည် လည်း တစ်ချိန် ကြရင် ကင်ဆာရောဂါ နဲ့ ဆုံးရမှာပါကွာ ” လို့ ပြန် ပြောလိုက် သတဲ့ ။
ဟုတ်ကဲ့ ကျွန်တော်တို့ မြို့ကလေး မှာ ကွမ်းယာနှပ်ဆေး နဲ့ စားတဲ့ အစ်မကြီး ရဲ့ ပုံပြင် က ကျွန်တော်တို့ ကို တွေးစရာတွေ ပေးသွား ပါ တယ် ။ စကားလုံး ကြီးကြီးကျယ်ကျယ် နဲ့ ပြော တဲ့ တစ်ယောက် က တော့ ဒီလို ဖြစ်ရတာ ငါတို့ ကို အုပ်ချုပ် နေ တဲ့ လူတွေ နဲ့ ဆိုင်တယ် လို့ ထ ပြောတယ် ။
လူငယ် အားလုံး က တညီတညွတ်တည်း မှတ်ချက် ချတယ် ။ “ မင်း က လဲ ကွာ ၊ အစိုးရ ဆို တာ တိုင်းပြည် အုပ်ချုပ်ဖို့ တဲ့ ၊ ငါတို့ အစ်မကြီး ကင်ဆာရောဂါ နဲ့ မဆိုင်ရေးချ မဆိုင်ပါဘူးကွာ ” တဲ့ ။ ဟုတ်ကဲ့ ။
◾သင်းမြစန္ဒီ
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
၂၀၁၃ ခု ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment