❝ မျက်ရည်စဲချိန် မိုးသည်းချိန် ❞
( လင်းယဉ်နွဲ့ - မြို့သစ်ကလေး )
အနောက်တောင်ဘက်ဆီက လေတိုက်နှုန်း ပြင်းပြင်းနဲ့အတူ တိမ်တွေ ပြိုကျလာချိန်မှာတော့ “ ရွှေနံ့သာရွာ ” ရဲ့ မနက်ခင်းဈေး တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကြရပြန်တယ် ။ ဈေးသည်တွေရော ၊ ဈေးဝယ်သူတွေပါ တော်တော် ရှုပ်ထွေးသွားကြပါရဲ့ ။ ဈေးသည်တွေက လေကြမ်းရဲ့ ခေါ်ဆောင်ရာနောက်ဆီ လိုက်ပါသွားကြတဲ့ သူတို့ရဲ့ ကုန်ပစ္စည်းတချို့နောက်ကို ကသောကမျော လိုက်ဖမ်းနေကြရသလို ဈေးဝယ်တွေကလည်း မိုးလေလွတ်ဖို့ နီးစပ်ရာ ဆိုင်ခန်းထဲကို အပြေးအလွှား မိုးဝင်ခိုကြရတယ် ။ ဈေးဝင်း အပြင်ဘက် ဆိုင်ကယ် ၊ စက်ဘီးတွေ ထားတဲ့နေရာ ဆင့်ကဲဆင့်ကဲ လဲပြိုသံတွေကို ကြားကြပေမဲ့ ဘယ်သူကမှ အရေးတယူ မရှိနိုင်ကြ အခုအချိန်မှာ တခြားအရာတွေ လဲပြိုတာထက် လူနဲ့ ပစ္စည်း မိုးမစိုဖို့က အဓိက အခန်းကဏ္ဍ ဖြစ်နေတယ်မဟုတ်လား ။ တစ်ဧကကျော်ကျော် အကျယ်အဝန်းရှိတဲ့ ဈေးဝင်းကို ဝါးခြံနဲ့ ကာရံထားပြီး ဈေးဝင်းအပြင်ဘက် ညာဘက်ထိပ် အခြမ်းမှာတော့ ဈေးသည် ၊ ဈေးဝယ်တို့ရဲ့ ဆိုင်ကယ် ၊ စက်ဘီးတွေ ထားတဲ့ နေရာပါ ။ ဒီနေရာကိုတော့ သံဆူးကြိုး စိပ်စိပ် ကာရံထားတယ် ။ သူ ဂရုတစိုက် စောင့်ကြည့်ရတဲ့ နေရာတစ်ခု ဆိုလည်း မမှားပါဘူး ။ စျေးပေါက်က စ , ဝင်ပြီ ဆိုတာနဲ့ ဈေးထိပ် ဘယ်ဘက်ထောင့်လေးမှာ သူ့တစ်ကိုယ်စာ လုံခြုံစေတဲ့ သူ့ရဲ့ တဲသာသာ အိမ်ပေါက်စလေးရှိတယ် ။ ပြီးရင်တော့ မြေပြင်မှာ မိုးကာခင်းပြီး ဟင်းသီး ၊ ဟင်းရွက်တွေ ရောင်းတဲ့ ပျံကျဈေးသည်တို့ နေရာကို အရင် တွေ့ရမယ် ။ သူတို့ကို ကျော်ဖြတ်ပြီး ချိန်မှာတော့ ဆိုင်ခန်း ၇ ခန်းကို ၁ တန်း ၊ ၂ တန်းကို ကျောချင်းကပ်စနစ်နဲ့ ဆောက်ထားတဲ့ ဆိုင်တန်း ၆ တန်းဆီ ရောက်လာတယ် ။ ဒါကတော့ ရွှေနံသာဈေးရဲ့ အခင်းအကျင်းပါ ။ ဈေးက ရွာဈေး ဆိုပေမဲ့လည်း ရွှေနံ့ သာရွာခံတွေသာ မကဘဲ ရွာနီးချုပ်စပ် ၃ , ၄ ရွာကပါ လာရောက် ရောင်းချကြတာမို့ စည်စည်ကားကားလေးတော့ရှိတယ် ။
ဆန် ၊ ဆီ ၊ ဆား ၊ ကြက် ၊ဝက် ၊ အမဲ ၊ ငါး ၊ ကုန်ခြောက် ၊ အသီးအရွက် ၊ ပန်းမျိုးစုံနဲ့ မနက်ခင်း အဆာပြေ စားနိုင်တဲ့ ရှမ်းခေါက်ဆွဲ ၊ မုန့်ဟင်းခါး ၊ တို့ဟူး ၊ ကြာဆံချက် ၊ ကောက်ညှင်းပေါင်း ၊ မုန့်လင်မယား ၊ မုန့်ဖက်ထုပ် ၊ ကြွေမုန့် ၊ အကြော်စုံ စုံစုံလင်လင်ပါပဲ ။ ဒါပေမဲ့ တစ်ခုတော့ရှိတယ် ။ ဒီဈေးရဲ့အသက်က သိပ်တော့ မရှည်လှဘူး ။ မနက် ၈ နာရီလောက်ဆို ဈေးက ကွဲပြီ ။ စောစောထပြီး လာဝယ်နိုင်မှ လိုချင်တာ ရတတ်တာမျိုး ။ အိပ်ရာထ နောက်ကျပြီး ဈေးလာရင်တော့ အပေါက်ဝက လှည့်ပြန်ရုံပဲ ။ ဘာမှ မရှိတော့ဘူး ။ အခုလို မိုးနဲ့လေ ဝင်မွှေပြီ ဆိုရင်တော့ ဈေးစ , ခင်းတာ ၁ နာရီလောက် မပြည့်သေးခင်မှာဘဲ ဈေးကွဲဖို့က သေချာနေပါပြီ ။ ဆိုင်ခန်းနဲ့ ရောင်းနိုင်တဲ့ ဈေးသည်တွေအတွက် သိပ်ပြဿနာ မရှိလှပေမဲ့ အမိုး ၊ အကာ မရှိ မြေပြင်မှာ ချရောင်းရတဲ့ ပျံကျသည်တွေ အတွက်တော့ ဣန္ဒြေမရနိုင်ကြတော့ဘူးပေါ့ ။ ရိုးရိုး မိုးရွာရုံပဲ ဆိုရင်တော့ မိုးဘယ်လောက် သည်းသည်း ထီးကိုယ်စီ ဆောင်း ၊ မိုးကို အန်တုလို့ ဆက်ရောင်းနေကြတာပါပဲ ။ အခုလို လေက ပါလာတော့ သူတို့အတွက် ဘယ်လိုမှ အဆင်မပြေတော့ဘူး ။ လေနဲ့အတူ ဖြန့်ခင်းထားတဲ့ မိုးကာတွေက လန် ၊ ပုံထားစည်းထားတဲ့ အသီးအရွက်တွေက လွင့်နဲ့ ၊ ဒီကြားထဲ မိုးက ပက်ပြန်တော့ တစ်ကိုယ်လုံးလည်း ရွဲရွဲစိုရောလေ ။
ကန့်သတ်ချက် မရှိတဲ့ မိုးလေရပ်ချိန်ကို မစောင့်နိုင်တော့တဲ့ အဆုံးမှာတော့ ရောင်းချခွင့် မရလိုက်တဲ့ သူတို့ရဲ့ ရောင်းကုန်လေးတွေကို သိမ်းထုပ်ပြီး သူ့ရွာ ကိုယ့်ရွာဆီ အပြေး ပြန်သွားကြတာ ရှိသလို တချို့ကျတော့လည်း မိုးရပ်ချိန်ကို စိတ်ရှည်လက်ရှည် စောင့်ပြီး မတန်တဆ ဈေးချ အရှုံးခံလို့ တစ်ဆိုင်ခန်းဝင် တစ်ဆိုင်ခန်းထွက် မျက်နှာ ငယ်လေးတွေနဲ့ အတင်း ရောင်းချ ၊ လိုအပ်တဲ့ ဆန် ၊ ဆီ ၊ ဆားလေးတွေ ဝယ်ခြမ်း ပြီး သွက်လက်ရွှင်ပျစွာ ပြန် သွားကြသူတွေလည်း ရှိရဲ့ ။
သူတို့တွေကို မြင်ရတဲ့ အခါတိုင်း သူတို့ရဲ့ နောက် ကွယ်မှာ ဒါရောင်းရမှ ဝမ်းစို ကြရမယ့် ပါးစပ်ပေါက်က လေးတွေများ စောင့်မျှော်နေ ကြလေသလားဆိုတဲ့ စာနာ အတွေးတွေကို သူ တွေးနေ တတ်ပြန်တယ် ။ သူ့တုန်းက ရော ပါးစပ်ပေါက်ကလေး တွေအတွက် ဆိုရင် ဘယ်လို သိမ်ငယ်မှု ၊ ဘယ်လိုပင်ပန်း မှု ၊ ဘယ်လိုခက်ခဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရ ၊ ကြုံတွေ့ခဲ့ရ ဟ နေတဲ့ ပါးစပ်ပေါက်လေးတွေထဲ အစာဖြည့်ပေးလိုက်ရတဲ့ ခဏမှာ အားလုံးကို မေ့လျော့ပြီး ကျေနပ်ရွှင်ပျနေခဲ့ဖူးတာပဲ မဟုတ်လား ။
အခုမှသာ သူ သူတစ် ယောက်တည်း ကျန်ရစ်လို့ ။ အတွေးစတို့က ဓားထက် ထက်တစ်လက်လို သူ့ရင်အစုံကို နာကျင်အောင် ထိုးဆွနေ ပြန်ပါရောလားလေ ။
••••• ••••• •••••
“ ဈေးကဖြင့် တစ်ပြားမှ မရောင်းလိုက်ရသေးဘူး ၊ ဈေးကောက်ခက ပေးရပြန် တော့မယ် ။ ဒီလိုမှန်းသိရင် ဈေးမထွက်ဘဲ အိမ်မှာ အိပ် ရေး ဝ , အောင် အိပ်နေလိုက်ပါတယ် ”
ပါးလျစပြုသွားတဲ့ မိုးလေသံတို့ကို ထိုးဖောက်လို့ ဆိုင်ခန်းဘက်က ပျံ့လွှင့်လာတဲ့ စွာလောင်လောင် စကားသံတွေက သူ့စိတ်ကို ပိုညစ်ညူးစေပြန်တယ် ။ ရာသီဥတုမကောင်းလို့ ဈေးမရောင်းရတာကပဲ သူ့ပယောဂ ပါနေသလို ။ ဆိုင်ခန်းရှေ့ သူ ရပ်လိုက်တာနဲ့ မကြည်မသာ မျက်နှာပေးတွေနဲ့ ဆောင့်အောင့်ပြီး ဈေးကောက်ခ ထည့်ကြတဲ့ အပြုအမူတွေက သူ့ရင်ကို စူးမျက်စေခဲ့တာ ကြာပြီ ။ အရင်လို စိတ်နဲ့ ဆိုရင်တော့ “ ကျုပ်အိမ် စီးပွားရေးအတွက် ကောက်နေတာ မဟုတ်ဘူး ၊ မကျေနပ်ရင် ဈေးလူကြီးနဲ့ရှင်း ” လို့ မချေမငံ တုံ့ပြန်မိမှာ သေချာပါတယ် ။ အတွေးစတွေကို ရုပ်သိမ်း ၊ သက်ပြင်းမော တစ်ချက်ချရင်း သူက ရပ်လိုက်တယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ဆိုင်းခန်းစေ့ သူ ဈေးကောက် လိုက်ကောက်ရဦးမယ် ။ ဈေးဝင်းထဲက ရှုပ်ပွနေတဲ့ အမှိုက်သရိုက်တွေကို လှည်းကျင်းရဦးမယ် ။ ဒါ သူ့တာဝန်ပဲ မဟုတ်လား ။ ခပ်ဖွဲဖွဲ ရှိနေသေးတဲ့ မိုးစက်တွေကို ကာကွယ်ဖို့ မိုးကာအင်္ကျီအရှည်ကို ကောက်ဝတ်ပြီး သူ တဲအိမ်လေးထဲက ထွက်လိုက်တယ် ။
“ ဟင် ”
အာမေဍိတ်သံ တစ်ခုက နှုတ်ဖျားမှာ တွဲလွဲခိုသွားရဲ့ ။ ရုတ်တရက် ပြေးထွက်လု သူ့ခြေလှမ်းတွေကို အသိစိတ်က အချိန်မီ ထိန်းချုပ်ထားလိုက်တယ် ။ သူ့အကြည့်တွေကတော့ လွှဲဖယ်လို့ မရနိုင်အောင် မြင်ကွင်းလေးဆီကိုသာ စူးစူးစိုက်စိုက် ။ ပျံကျဈေးသည် နေရာမှာ ဈေးသည်ပေါက်စလေး နှစ်ယောက် ။ ထီးရွက် ရွဲ့စောင်းစောင်း အောက်မှာ ငုတ်တုတ်လေးတွေ ထိုင်လို့ ။ မိုးရေတွေက ရွှဲရွှဲနစ်နေပေါ့ ။ ဘယ်သူ့ ကလေးတွေလဲ ၊ ဒီရွာကလား ၊ တခြားရွာကလား ။ ဆိုင်ခန်းတွေထဲ မိုးဝင်မခိုရဲရှာလို့လား ။ တွေးတောငေးမောမိနေရာက အလျင်စလို တဲအိမ်ထဲက သူ အမြန်ထွက်လိုက်တယ် ။
“ ဗျို့ မခင်ထား ၊ ပျံကျနေရာမှာ ကလေးနှစ်ယောက်ဗျို့ ။ ဆိုင်ခန်းထဲက ထွက်ခဲ့ကြဦး ”
ထိပ်ဆုံးဆိုင်ခန်းက မခင်ထားကို အော်ဟစ်အသိပေးပြီး သူ့ခြေလှမ်းတွေကတော့ ဈေးသည်ပေါက်စလေးနှစ် ယောက်ဆီကို တန်းတန်းမတ်မတ် ။ အကြီးမလေးက ၆ နှစ် လောက်နဲ့ အငယ်မလေးက ၄ နှစ်လောက်ပဲ ရှိဦးမယ် ထင်ပါရဲ့ ။ အနားရောက်လာတဲ့ သူ့ကို အငယ်မလေးက ဝိုင်းစက် နေတဲ့ မျက်လုံးလေးနဲ့ မော့ ကြည့်နေပေမဲ့ အကြီးမလေး ကတော့ တစ်ချက်မော့ကြည့်ခဲ့ပြီး ခေါင်းပြန်ငုံ့သွားတယ် ။ အရောင်အသွေး လွင့်ပြယ်နေတဲ့ ပါးရိရိ ဂါဝန်လေးတွေက မိုးရေနဲ့အတူ ခန္ဓာကိုယ်မှာ စိုကပ်လို့ ။ ပြာနှမ်းတုန်ခိုက်နေတဲ့ နှုတ်ခမ်းလေးတွေက သူ့ ရင်ကို ထိထိခိုက်ခိုက်ဖြစ်စေ တယ် ။ ချမ်းနေရှာတော့မပေါ့ ၊ မိုးရွာနေတာ တစ်နာရီ မကတော့ဘူး ။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဆိုင်းခန်းထဲက ဈေးသည် ၊ ဈေးဝယ်တချို့ ရောက်လာကြတယ် ။
ဖြူဖပ်ဖပ် လက်ကလေးနဲ့ တင်းတင်းဆုပ်ကိုင် ထားတဲ့ မိုးကာထုပ်လေးကို ဖြေကြည့်ကြတော့ နှီးကြိုးနဲ့ ချည်ထားတဲ့ ကန်စွန်းရွက် ၄ စည်းနဲ့ ကင်ပွန်းချဉ်ရွက် ၂ စည်း ။
“ ဟဲ့ ဒါ ငါတို့ရွာက မိမြင့်ရဲ့သမီးလေးတွေ ။ မအေက မီးဖွားထားတာ မကြာသေးဘူး ။ ဖအေက ဖိုးသမားဟေ့ ။ ဘာအလုပ်မှ မလုပ်ဘူး ။ ဒါလေးတွေကိုပဲ ခိုင်းစားနေတာလေ ”
လူကြားထဲ ရောက်လာတဲ့ သပြေပင်ရွာ က ငါးသည် “ မစိန်တင့် ” စကားကြောင့် ကလေးမလေးတို့ရဲ့ နောက် ကွယ်က မခမ်းနားတဲ့ ကျော ထောက်နောက်ခံ အခြေအနေကို သိခွင့်ရလိုက်ကြတယ် ။ သူ ကလေးနှစ်ယောက်ရဲ့ မျက်နှာကို ကြာကြာ ကြည့်နိုင်စွမ်း မရှိတော့ဘူး ။ အမြဲတစေ အလွတ်ရနေတဲ့ မျက်နှာလေး နှစ်ခုက အစားထိုး မြင်ယောင်နေတာမို့ သူ တဲအိမ်လေးကို ပြန်လာခဲ့လိုက်တယ် ။ သူ့ ရင်ဘတ်တွေ စူးဆောင့် နာကျင်လွန်းနေခဲ့ပြီလေ ။
••••• ••••• •••••
“ ဟင်းစုံပေါင်း ၊ ပိန်းပေါင်း ၊ ငှက်ပျောဖူးပေါင်း ၊ မုန့်ညင်းပေါင်းတွေရမယ် ”
ချိုစူးစူး အသံလေးတွေကို ကြားရတိုင်း သူ ပြုံးမိရစမြဲပါ ။ ဒါ သူ့ရဲ့ ဆည်းလည်း သံလေးတွေပဲလေ ။ အိမ်အမိုး သွပ်ရိုက်နေရာက ခဏနား ၊ ခါးကို ဆန့်လို့ အသံလာရာ ဘက်ကို သူ မျှော်ကြည့်လိုက်တယ် ။ သူ မြင်အောင် ခုန်ပေါက်ပြီး လက်တွေကို ဝှေ့ယမ်းပြနေတဲ့ သမီးနဲ့ သားလေး ။ သူတို့အမေ ဘေးမှာ အမြဲလိုက်ပါနေကျ ကိုယ်ရံတော်လေးတွေပေါ့ ။
ဒီ မိသားစုလေး အတွက် မောင်တစ်ထမ်း ၊ မယ်တစ်ရွက်နဲ့ သူတို့လင်မယား ရုန်းကန်ခဲ့ကြတာ သမီးနဲ့သားလေးတို့ တစ်သက် ရှိခဲ့ပြီ ။ တကယ်တော့ သူက ပဲခူးနယ်သားပါ ။ အမေဆုံးပြီး တစ်နှစ် မပြည့်ခင်မှာပဲ နောက်အိမ်ထောင် ပြုလိုက်တဲ့ အဖေ့ကို မကျေမနပ်ဖြစ်နေရချိန် “ ကချင်ပြည်နယ် ” မှာ အမေ့မောင် ဦးလေးဘုန်းကြီး ရှိတယ်ဆိုပြီး အမေ ပေးထားခဲ့ဖူးတဲ့ လိပ်စာတစ်ခုကို ကျစ်ကျစ်ဆုပ်ရင်း ရေကြည်ရာ မြက်နုရာရှာဖို့ သူ တက်လာဖြစ်ခဲ့တာပါ ။
အဖေ့ဆီက အမွေရထားတဲ့ မတောက်တခေါက် လက် သမားပညာလေးနဲ့ ရွှေနံ့သာရဲ့ ကျောင်းထိုင်ဆရာတော် ဦးလေးဘုန်းကြီးရဲ့ ကျောင်းမှာ လက်စွမ်းပြရင်း မိဘမဲ့ အဒေါ်အိမ်မှာ ခိုကပ်နေရတဲ့ ရွှေနံ့သာသူ ထားထား နဲ့ သူ ဖူးစာဆုံရတာပါပဲ ။
ဦးလေးဘုန်းကြီးရဲ့ အထောက်အပံ့ ၊ အရှိန်အဝါနဲ့ သူ့မင်္ဂလာပွဲလေးက အထိုက် အလျောက်တော့ တင့်တယ်ခဲ့ပါတယ် ။ သမက်တက်စရာ အိမ် မရှိ ၊ ချွေးမတက်စရာ အိမ် နတ္ထိဖြစ်နေတဲ့ သူတို့နှစ်ယောက် အဖို့ လက်ဖွဲ့ရတဲ့ငွေလေးရယ် ၊ ဦးလေးဘုန်းကြီးပေးကမ်းလိုက်တဲ့ ငွေလေးရယ်ကို အားပြုလို့ “ ဖားကန့်မြို့” ကြီးရဲ့ ရင်ခွင်ထဲက “ ဖားပြင် ” ဆိုတဲ့ ရွာမှာ အခန်းလေးငှားပြီး သူတို့နှစ်ဦးရဲ့ဘဝတစ်ခုကို စတင်ခဲ့ကြတယ် ဆိုပါတော့ ။
အချက်အပြုတ် ကျွမ်းကျင်တဲ့ ထားထားက ရပ်ကွက်လှည့်ပြီး ဟင်းပေါင်းစုံ ရောင်းသလို သူကတော့ အိမ်ပေါက်စ ၊ ဆိုင်ခန်းပေါက်စလေးတွေကို ဆောက်ရင်း ဝမ်းရေးကို ဖြေရှင်းနိုင်ခဲ့ကြပါတယ် ။ နှစ်ယောက်တစ်ဘဝကနေ ဟောတစ်ယောက် ၊ ဟောတစ်ယောက် တိုးပွားလာ ချိန်မှာတော့ သူတို့လင်မယား နှစ်ယောက်လည်း ဟောတစ်မျိုး ၊ ဟောတစ်မျိုး အလုပ် ပိုလုပ်ကြရပြီပေါ့ ။ ကားဂိုဒေါင် ဆောက်ဖို့ အလုပ်အပ်ထားတဲ့ လောပန်ဆီမှာ အသနားခံ ကြိုငွေထုတ်ပြီး ဆိုင်ကယ်လေးတစ်စီး ဝယ်လို့ ဆိုင်ကယ်ကယ်ရီ ဆွဲရတယ် ။ သူ့အတွက် အဆောက်အဦဆိုတာက လက်မလည်အောင် ဆောက်နေရတာမှ မဟုတ်တာလေ ။
ဆောက်စရာ ရှိရင် လက်သမားလုပ် ၊ ဆောက် စရာမရှိချိန်မှာ ဆိုင်ကယ် ကယ်ရီသမား အဖြစ်နဲ့ ပင်ပန်းလွန်းလှပေမဲ့ သမီးနဲ့သားရဲ့ မျက်နှာလေးတွေ မြင်လိုက်ရရင်ပဲ မောပန်းမှုတွေက လွင့်ပျောက်သွားစေခဲ့တာပါပဲ ။
“ ကိုစိုးနိုင် မြပုံရိပ်ကုမ္ပဏီရဲ့ မြေစာပုံတွေဘက်မှာ ရေမဆေးသမားတွေ တအား စည်တာပဲတဲ့ ။ ကျွန်မ အဲဒီ ဘက်မှာ ဈေးသွားရောင်းမယ် ၊ ရှင် ဆိုင်လေးဆောက်ပေး ။ ရပ်ကွက် ၄ က မငယ်တို့ ဟင်းချက်သွားရောင်းတာ တအား ရောင်းကောင်းတာပဲတဲ့ ”
စိတ်အား ထက်ထက်သန်သန် ပြောနေတဲ့ “ ထားထား ” ကို သူ အသာငဲ့ကြည့်ပြီး အဖြေတော့ ချက်ချင်း မပေး ဖြစ်ဘူး ။ သူလည်း ကြားတော့ ကြားပါရဲ့ ။
“ မင်း အဲဒီမှာ သွားရောင်းတော့ ကလေးနှစ်ယောက်က ဘယ်မှာ ထားမလဲ ။ ကိုယ့်ရပ်ကွက်ထဲ လှည့်ရောင်းတာက အိုးမကွာ ၊ အိမ်မကွာလေ ”
သူ တွေးတွေးဆဆ ပြောတော့ ...
“ ခေါ်သွားမယ်လေ ။ မငယ်လည်း သူ့သားနှစ် ယောက်လုံး ခေါ်သွားတာပဲ ။ မနက်ပိုင်း ဆိုင်ကယ်နဲ့ ပို့ပေး ၊ ညနေ လာကြိုပေါ့ ။ မူကြိုဖွင့် ရင်တော့ သမီးကို မူကြိုပို့ တော့မယ် ။ အခုတော့ နှစ် ယောက်စလုံး ခေါ်သွားမယ် ”
“ အေးပါကွာ ၊ အေးပါ ”
••••• ••••• •••••
ဒီနေ့တော့ သူ အလုပ်တွေ နားထားလိုက်တယ် ။ သူတို့ မိသားစုရဲ့ လိုအပ်ချက်လေးတွေကို ဖြည့်ပေးလေ့ရှိ တဲ့ လောပန်ရဲ့ အိမ်သစ်တက် ဆွမ်းကျွေးအလှူရှိတာမို့ အလုပ်အကိုင် ကူရမယ် ။ ထားထားတို့ သားအမိတွေကို အရင်နေ့တွေထက် စောစောပဲ ဆိုင်ကို ပို့ထားရတယ် ။ ဆယ်နာရီခွဲ နေ့ဆွမ်းကပ်နေချိန်မှာတော့ အောက်ထပ်က လူတွေရဲ့ ဆူညံဆူညံ စကားသံတွေက အပေါ်ထပ်အထိ လျှံတက်လာတယ် ။
ကပ္ပိယလုပ်နေရာက သူ ထပြီး ထွက်ကြည့်လိုက်တော့ ရပ်ကွက်လမ်းတွေထဲမှာ လူတွေက ဆိုင်ကယ်နဲ့ရော ၊ ခြေလျင်ရော ရှုပ်ယှက်ခတ်နေပါရောလား ။ မီးလောင်တာလား ၊ ဘာဖြစ်တာလဲ ။ ဆိုင်ကယ်စက်သံနဲ့ လူသံတွေ ရောထွေးနေတဲ့ ကြားက သူ ကြားရတဲ့ စကားတစ်စွန်းတစ်စက “ မြပုံရိပ်ကုမ္ပဏီ လုပ်ကွက်က မြေစာပုံပြိုကျ ... မြေစာပုံ ပြိုကျ မြေစာပုံပြိုကျ ... ” ။
••••• ••••• •••••
တကယ်တော့ မြေစာပုံ ပြိုကျခဲ့တာ မဟုတ်ပါဘူး ။ မြေစာပုံအောက်မှာ မြှုပ်နှံခံ လိုက်ရတဲ့ အသက်ပေါင်းများစွာလူတွေနဲ့ သူတို့ရဲ့ ပတ်သက်ရာ မိသားစုအားလုံးရဲ့ ကမ္ဘာ ပြိုကျခဲ့ရတာပါ ။ အလောင်း တူးဖော်နေကြတဲ့ စက်ယန္တရားကြီးတွေရဲ့ ရှာဖွေမှုကို အားမရနိုင်ဘဲ သူ့မိသားစုလေးရဲ့ တည်နေရာကို မှန်းဆပြီး ပေါက်ပြားတစ်လက်နဲ့ သွေးရူးသွေးတန်း သူ တူး ဖော်နေခဲ့မိတယ် ။ တဖြုတ်ဖြုတ် ကြွေကျနေတဲ့ မျက်ရည်တွေကို မသုတ်အားနိုင်ခဲ့ဘူး ။ သူ့နှုတ်ဖျားက အမည်နာမ သုံးခုကို ရင်တွေ ပေါက်ကွဲမတတ် အော်ဟစ်ခေါ်ငင်နေခဲ့ပေမဲ့ တုံ့ပြန်ထူးသံကိုတော့ သူ မကြားခဲ့ရတော့ပါဘူးလေ ။
တစ်ပတ်ကြာတဲ့အထိ တူးဖော်လို့ရတဲ့ ခန္ဓာရုပ်ကြွင်း တွေမှာလည်း သူ့မိသားစုတွေ တစ်ယောက်မှ ပါမလာခဲ့ဘူး ။ အလောင်းရှာဖွေခြင်းကို စက်ယန္တရားကြီးတွေ ရပ်နားသွားခဲ့ပေမဲ့ သူကတော့ သူ့မိသားစုလေး ပျောက်ဆုံးသွားရတဲ့ နေရာနားမှာ မရပ်မနား တူးဆွ ရှာဖွေနေမိဆဲ ။ ရင်းနှီးသူတွေရဲ့ ဖျောင်းဖျစကားတွေကလည်း သူ့အသိစိတ်တွေကို အထောက်အကူ မပြုနိုင်ခဲ့ဘူး ။
အစားလွတ် ၊ အသောက် လွတ်ကြောင့် အားအင်ပြတ် လပ်တဲ့ဒဏ် ၊ မချိမဆံ့ ဝေဒနာဒဏ်တွေ ဖိစီးလို့ သူ အသိလွတ် မေ့မြောသွားပြီး သတိ ပြန်လည်လာချိန်မှာတော့ ရွှေနံ့သာရွာ ဦးလေးဘုန်းကြီးရဲ့ ကျောင်းဆောင်မှာ သူ ရောက်ရှိနေခဲ့ပါပြီ ။
ဒီလိုနဲ့ပဲ ဒီရွာလေးရဲ့ ဈေးမှာ လခ တစ်လငါးသောင်းနဲ့ဈေးစောင့် ၊ ဈေးကောက် ၊ ဈေးသန့်ရှင်းရေး ရာထူး ရခဲ့ပါတယ် ။ သေဆုံးသွားပြီလို့ အတည်မပြုလိုသေးတဲ့ ရူးမိုက်စိတ်ရယ် ၊ သူ့ မိသားစုလေး ပြန်လာခဲ့ရင် ဆိုတဲ့ အတွေးစိတ်ရယ် ပေါင်းစပ်ရင်း ဒီရွာလေးမှာ သူ စောင့်မျှော်နေရင်းနဲ့ပေါ့ ။
••••• ••••• •••••
“ အမေရိုက်မှာ ကြောက် တယ် အီး ... အဟင့်ဟင့် ”
ဝမ်းပန်းတနည်း ရှိုက်ငို လိုက်တဲ့ ကလေးမလေးရဲ့ အသံက သူ့အသည်းစိုင်ကို ဖျစ်ညှစ်လိုက်သလိုပါပဲ ။ ခရီးဆန့်နေတဲ့ အတွေးတွေက ခန္ဓာအိမ်မှာ ပြန်ကပ်လာတယ် ။ ခပ်ဖွဲဖွဲ မိုးစက်မှုန်တွေ ကြားမှာ လူစုမကွဲနိုင်သေးတဲ့ နေရာလေးဆီ သူ ရောက်ခဲ့ရပြန်ပြီ ။
“ ဟင်းရွက်တွေလည်း အကုန် ဝယ်ပေးလိုက်ပြီ ၊ အိမ်ပြန်ဖို့ ပြောတာကို အမေ ရိုက်မှာ စိုးတယ် ဆိုပြီး ငိုနေတာပဲဟယ် ၊ ဆိုင်ခန်းထဲ ခေါ်တာလည်း မရဘူး ။ ဒီအတိုင်းဆို နင်တို့ ဖျားလိမ့်မယ် ။ နင်တို့ အမေက မိုးရေထဲမှာ မပွမချင်း စိမ်နေခဲ့လို့ မှာခဲ့လို့လား ၊ ဟုတ်လား ”
မစိန်တင့်ရဲ့ စိတ်ရှုပ် ၊ စိတ်တိုတောင်းသံနဲ့ အမေး စကားကို အားလုံး ဝိုင်းရယ် လိုက်ကြပေမဲ့ သူ မရယ်မိဘူး ။ ပြဿနာရဲ့ အရင်းအမြစ်ကို မစုံစမ်းဘဲ စကားတွေ ဘေးချော်နေတော့ သူ စိတ်မရှည် လာတော့ပါဘူး ။ ကလေးနှစ် ယောက် အနားကို ရောက် အောင် ဝင်ပြီး မျက်နှာချင်း ဆိုင် ထိုင်ချလိုက်တယ် ။
“ သမီး ဘာလို့ အိမ်မပြန် ချင်တာလဲ ၊ အမေက ဘာဖြစ်လို့ ရိုက်မှာလဲ ဦးဦးကို ပြောပြ ။ သမီး အရိုက်မခံရအောင် ဦးဦး လုပ်ပေးမယ် ”
သူ့စကားကို ကြားတော့ မျက်တောင် ပုတ်ခတ်ပုတ် ခတ်နဲ့ သူ့ကို ကြည့်လာတယ် ။ မျက်ရည်တွေကတော့ စီးကျနေဆဲပါ ။ တော်တော်ကြာတဲ့အထိ ရှိုက်သံလုံအောင် ထိန်းနေပြီမှ ...
“ ကင်ပွန်းချဉ် ငါးစည်း ဝယ်သွားတဲ့ ကြီးကြီးက ပိုက်ဆံ မပေးသွားဘူး ။ ငါးရာတန်ရရင် လာပေးမယ်တဲ့ ။ ကင်ပွန်းချဉ်ရွက်ဖိုး ပိုက်ဆံ မပါလာရင် အမေက ရိုက်မှာ ”
“ ဪ …. ဝယ်သွားတဲ့ ကြီးကြီးကို သမီး မှတ်မိလား ။ ဒီလူတွေထဲမှာ မပါဘူးလား ”
“ မှတ်မိတယ် ၊ ဒီအထဲမှာ မပါဘူး ”
ကလေးမလေး စကားအဆုံးမှာ သူ ထင်ရာ ၊ ကိုယ် ထင်ရာ အမည်ငါးခုလောက်က လူကြားထဲက ထွက်လာတယ် ။
“ သမီးက မိုးရေထဲ ဘာလို့ ထိုင်နေချင်တာလဲ ။ ဆိုင်ခန်းထဲ ဝင်ထိုင်စောင့်ပါလား ” လို့ သူ ပြောတော့ “ ပိုက်ဆံ လာပေးရင် မတွေ့မှာစိုးလို့ ” တဲ့ ။ သူ့ရင်ထဲ နင့်ခနဲ ။ ဒီခေတ် ၊ ဒီအခါမှာ ပိုက်ဆံ ငါးရာ ဆိုတာ အပန်းကြီး ဝန်ပိ lစေတဲ့ ငွေပမာဏ မဟုတ်တော့ပါဘူး ။ ဒါပေမဲ့ ဒီနေ့ရတဲ့ ပိုက်ဆံ ဒီနေ့ ဆန်ဝယ်ချက်ရမယ့် ဘဝတွေအတွက်ကတော့ အဖိုးအတန်ကြီး တန်နေမှာ သေချာပါတယ် ။ ဥမမည် စာမမြောက် ချို့တဲ့နွမ်းပါးတဲ့ ကလေးပေါက်စလေးကို လူစိတ်မရှိ ညှဉ်းဆဲထားရက်တဲ့ လူကြီးတစ်ယောက်ရဲ့ သတ္တိနဲ့ စိတ်ဓာတ်ကိုတော့ သူ အော့နှလုံးနာမိပါရဲ့ ။ အခုချိန်ထိ “ ငါးရာတန် မရသေးလို့ လာမပေးသေးတာပဲ ” လို့ ထင်နေရှာတဲ့ ကလေးတစ်ယောက်ရဲ့ အတွေးလောက်တောင် အပြစ်မကင်းနိုင်တဲ့ လူကြီးတစ်ယောက်ရဲ့ မေတ္တာတရားအတွက်လည်း သူ ဝမ်းပန်းတနည်း ခံစားမိတယ် ။
လူကြီးတွေရဲ့မာယာ ၊ လူကြီးတွေရဲ့ ကောက်ကျစ်မှုကို လိုက်မမီရှာတဲ့ကလေး ။ ပိုက်ဆံငါးရာ မရမချင်း အိမ် အပြန်ခက်နေရှာတဲ့ကလေး ။ ဒီပိုက်ဆံလေး ငါးရာအတွက်နဲ့ပဲ မိုးလေထဲမှာ အချိန်ကြာကြာ ဒုက္ခခံခဲ့ရပြီးပြီ ။
အပြန်မရှိသေးတဲ့ ဈေးဝယ်တွေ တစ်ယောက်ချင်းစီကို ကြည့်ရှုစောင့်ဖမ်းကြမယ်ဆိုတဲ့ မစိန်တင့်တို့ရဲ့ လူဖမ်းပွဲကိုလည်း သူ စိတ်မဝင်စား ဘူး ။ စိုက်ပျိုးဖို့သာ သိပြီး ရိတ်သိမ်းဖို့ တာဝန် မသိတဲ့ အနွေးဓာတ်မဲ့ ရင်ခွင်တစ်စုံကိုလည်း သူ အပြစ်မတင်ချင်တော့ပါဘူး ။ သူ့အိတ်ထောင်ထဲက ငါးရာတန်တစ်ရွက်ကို ထုတ်ပြီး ကလေးမလေး လက်ထဲ သူ ထည့်ပေးလိုက်တယ် ။ မျက်ဝန်းမှာ အိုင်ထွန်းတွဲခိုနေတဲ့ မျက်ရည်တွေကို လက်ဖမိုးနဲ့ သွက်သွက်သုတ်ရင်း မျက်လုံးအဝိုင်းသားနဲ့ သူ့ကို ကြည့်နေရှာလေရဲ့ ။
“ မစိန်တင့် ကလေးနှစ် ယောက်ကို ခင်ဗျားတို့ရွာ အထိ ကျွန်တော် ပို့ပေးလိုက် မယ် ”
••••• ••••• •••••
“ ပွမ် ... ပွမ် ... ပွမ် ”
ဈေးပေါက်ဝတည့်တည့်မှာ ကားတစ်စီးရဲ့ တပွမ်ပွမ် အသံပေးနေသံက ဈေးထဲက လူတွေရဲ့ အာရုံကို ဆွဲငင်သွားတယ် ။ မကြာခင်မှာပဲ ဆိုင်တန်းဘက်ဆီက ခပ် သွက်သွက်ထွက်လာတဲ့ လူ သုံးဦးကို မြင်ကြရတယ် ။ ညာဘက်ဘေးမှာက ဈေးခြင်းတောင်း ကိုင်တဲ့ ကောင်မလေး တစ်ယောက် ၊ ဘယ်ဘက်ဘေးမှာက ပိုက်ဆံအိတ်ကိုင် ကောင်မလေး တစ်ယောက်နဲ့ အလယ်က တစ်ယောက်ကတော့ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်မှာ ရွှေရောင်တွေ လွှမ်းနေတဲ့ ရွှေနံ့သာရွာဘုန်းကြီးကျောင်းကို ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းဒါယိကာမကြီး “ ဒေါ်သီသီမြိုင် ” ပါ ။ ရွှေနံသာရွာရဲ့ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဖြစ်တဲ့ ကိုမြတ်ဦး ကတော့ ကားတံခါးဖွင့်လို့ အမေ ဖြစ်သူကို အသင့်ကြိုနေပါတယ် ။
ဒေါ်သီသီမြိုင်ကို မြင်လိုက်တဲ့ခဏမှာ “ ဟော ” ဆိုတဲ့ တိုးဖွဖွအသံလေး ထွက်ကျလာပြီး မျက်လုံးလေးတွေ လင်းလက်သွားတဲ့ သူ့အရှေ့က ကလေးမလေး ။ စူးရဲ ပြင်းထန်ပြီး မာန်အပြည့်ပါတဲ့ ဒေါ်သီသီမြိုင်ရဲ့ အကြည့် တစ်ချက်ကလည်း ကလေးမရဲ့ မျက်နှာပေါ် လှစ်ခနဲ ထိုးကျသွားတယ် ။ ခဏဆိုမှ ခဏလေး ။ ပြီးတော့ လက်ကောက်ချင်း ပွတ်တိုက်သံ တချွင်ချွင်နဲ့ သူတို့အရှေ့က ဖြတ်လျှောက်သွားခဲ့လေရဲ့ ။ ဘယ်သူမှ သတိမပြုမိလိုက်တဲ့ အဖြစ်အပျက်လေးတစ်ခု လျှပ်တစ်ပြက် ဖြစ်တည်သွားတာကို သူ မိမိရရ တွေ့လိုက်ရတယ် ။ မျက်ဝန်းနှစ်စုံရဲ့ ဆုံစည်းမှု တဒင်္ဂလေးမှာ မိုးက ဝေါခနဲ သွန်ချလိုက်ပြန်တယ် ။
တစ်ယောက်ကို ကျောမှာပိုး ၊ တစ်ယောက်ကို လက်တွဲရင်း ဈေးပေါက်ဝကို သူတို့ရောက်လာချိန်မှာတော့ “ မေတ္တာဖြူ လူမှုကူညီရေးအသင်း ရွှေနံ့သာကျေးရွာ ” လို့ စာတန်းထိုးထားတဲ့ ကားလေးက မိုးစက်တွေ ကြားထဲ ပြေးဝင်သွားခဲ့ပါပြီ ။ နားမလည်နိုင်မှုတွေ ပြည့်သိပ်နေတဲ့ မျက်လုံးလေးနဲ့ သူ့ကို မော့ကြည့်နေရှာတဲ့ ကလေးမလေးရဲ့ မျက်ဝန်းထဲမှာ မျက်ရည်စတွေ မရှိတော့တဲ့အတွက် သူ ကျေနပ်လွန်းလှပါပြီလေ ။ အားပါးတရ သွန်ချနေတဲ့ မိုးစက်ပေါက်တွေကို ငေးကြည့်ရင်း “ ဪ အမှန်တရားတို့ဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တည်ရှိနေတတ်ပါလား ” ဆိုတဲ့ အတွေးစတွေနဲ့အတူ မိုးအုပ်တောထဲကို သူ့ခြေလှမ်းတွေက တစ်လှမ်းပြီး တစ်လှမ်း ။ ။
⎕ လင်းယဉ်နွဲ့ ၊ မြို့သစ်ကလေး ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
စက်တင်ဘာ ၊ ၂၀၁၇
No comments:
Post a Comment