Saturday, June 6, 2026

အဖေ့ရန်သူ

❝ အဖေ့ရန်သူ ❞
    ( ပီမိုးနင်း )

မြို့ပိုင်အရာရှိလေး မောင်အောင်လှသည် ရွာကို ခရီးမိုင်ဝက်ခန့် ဝေးသောနေရာမှ မြင်ရလေရာ တက်ကြွ မာန်ဖီသောစိတ်နှင့် ကိုယ်ခန္ဓာမှာ မတ်မတ်မားမား တင်းတင်းကြီး ထောင်၍ သွားပြီး မြင်းကို ဖနောင့်နှင့် တုတ်ခါ ကြိမ်သွင်း၍ ပေးလိုက်လေ၏ ။

သူကြီးရွှေလုံးတော့ မသေသေးဘူးတဲ့ ။ သင်း သေရင်လည်း သင်းသား အောင်သာ ဆက်မှာပဲ ။ ငါ မြို့ပိုင်မင်း၏ ခြေရင်းကို ဦးခေါင်းနဲ့ ဆင်းလာရစေ့မယ် ။ ငါ့အဖေကို သင်းတို့ သားအဖ စော်ကားနှိပ်စက်လို့ မတရားလုပ်လို့ အရှက်လည်းကွဲ ၊ စီးပွားလည်းပျက် ၊ အသက်တောင် သေခဲ့ရသည် ။ ငါ့မျက်စိအောက်မှာ ငါ့ဖခင် သူတော်ကောင်းကြီး တစ်ယောက်ကို မတရားသဖြင့် အမှုဆင်ပြီး ထိပ်ထဲကို ချသည် ။ သင်းတို့ အိမ်သားတစ်စုလုံးအပေါ်မှာ ငါ ဒီကမ္ဘာကုန်တောင် မကြေဘူး ။ အထူးအာဏာကို ဖြုတ်မယ် ။ ငါ့ကို သင်းတို့ သားအဖ ရှိခိုးတောင်းပန်ရစေ့မယ် စသည်ဖြင့် စဉ်းစားကာ ကျေနပ်လျက် တစ်ကိုယ်တည်း ပြုံးလေ၏ ။

အောင်လှသည် သရက်ကုန်းရွာသား ဖြစ်ဖူး၏ ။ ဖခင်မှာ ရိုးသားဖြောင့်မတ်လျက် မိမိ၏ ပန်းပဲအလုပ်၌ ဝီရိယဉာဏ် အသုံး မှန်သဖြင့် သိမ်ငယ်သော ပန်းပဲအလုပ်ကိုပင် ဂုဏ်ကျက်သရေ တိုးစေလျက် ကြီးကျယ်သော အလုပ် အဖြစ်သို့ မြှင့်တင်ခဲ့လေရာ ထိုရပ်နယ်တစ်ခွင် တစ်ပြင်မှာ ၎င်း၏ ဓား ၎င်း၏ တံစဉ်ကို သုံးကြသဖြင့် ဂုဏ်အသရေရှိ လူချမ်းသာ တစ်ယောက်ဖြစ်ခဲ့လေ၏ ။

သို့ပင် ချမ်းသာသော်လည်း ကိုယ်တိုင် တပည့် မလွှဲဘဲ အလုပ်ကို ဆက်လက်၍ လုပ်လေ၏ ။ ထိုအခါ အောင်လှ မှာ ကလေးသူငယ် လူမမယ်မျှ ဖြစ်ခဲ့လေ၏ ။ သို့သော်လည်း မိမိ၏ဖခင် သူကြီးရွှေလုံး၏ အိမ်၌ အဘယ်ပုံ ခံခဲ့ရသည်များကိုလည်းကောင်း ၊ သူကြီးရွှေလုံး မကောင်းကြံသဖြင့် ဆင်းရဲ ဒုက္ခရောက်ခဲ့ခြင်းများကို လည်းကောင်း လတ်ဆတ်ထင်ရှားစွာ မြင်ရလေရာ ကလဲ့စားချေရန် အကောင်းဆုံးသော နည်းကို တွေးကြံရင်း တစ်ကိုယ်တည်း ကျေနပ်၍ နေလေ၏ ။

ဖြစ်ပျက်ပုံမှာ ထိုရွာသို့ မြို့အုပ်တစ်ယောက် လာရောက်ရာ ၎င်းရွာမှ အခြားရွာသို့ ညဉ့်အချိန်တွင် လှည်းနှင့် လိုက်၍ ပို့ရမည် ဟူသော အမိန့်ကို သူကြီးထံမှ ရရှိလေ၏ ။ ထိုအခါ ပန်းပဲဆရာကြီးက နဂိုရှိရင်း မာနနှင့် ငြင်းပယ်ကာ မိမိ၏ အလုပ်ကိုသာ လုပ်၍ နေလေ၏ ။

ထိုအခါ သူကြီးက ၎င်းအား အိမ်သို့ လာရန် ခေါ်လေ၏ ။ သို့ခေါ်သော အခါ၌လည်း ပန်းပဲဆရာကြီးက ငါ့မှာ အဘယ်အပြစ်မှ မရှိ ။ မင်းရမ်းကား ၊ မင်းတုစိုးမြှောင်တို့၏ စော်ကားမော်ကားလုပ်ခြင်းမှ လွတ်ရလေအောင် မင်းပြစ်မင်းဒဏ်မကင်းသည့် အရာ ဟူသမျှကို ရှောင်ခဲ့၏ ။ ငါအဘယ်အတွက် သွားရမှာတုံး ဟု တွေးကာ မသွားဘဲ နေလေ၏ ။

သို့ဖြစ်လေရာ နောက်လပေါင်း များမကြာမီ ပန်းပဲဆရာကြီးအပေါ် ၌ ဒင်္ဂါးပုံ လုပ်သည်ဟု စွပ်စွဲကာ သူကြီးသည် သူတော်ကောင်းကြီး တစ်ယောက် ထိပ်ထဲသို့ ချရုံမက ပရိသတ်အလယ်၌ လက်ထိပ်ခတ်ကာ မြို့သို့ ရိုက်နှက် ကန်ကျောက်၍ ပို့လေ၏ ။ ထိုအမှုနှင့် ပတ်သက်၍ ပန်းပဲဆရာကြီးမှာ ငွေကြေးကုန်ကျ လူမွဲ တစ်ယောက် အဖြစ်သို့ ရောက်ပြီးမှ ကံကောင်းထောက်မ သဖြင့် အပြစ် မခံရဘဲ ရုံးမှ လွတ်ခဲ့လေ၏ ။

ထိုအခါ သားအဖနှစ်ယောက် ဆိုးဝါးသော ရပ်ကွက်ကို စိတ်နာလျက် စွန့်ခွာ၍ ထွက်ခဲ့ကြရာ ရန်ကုန်မြို့သို့ ရောက်ခဲ့ကြလေ၏ ။ ရန်ကုန်မြို့၌ အောင်လှသည် မခံချင်သော စိတ်နှင့် ပညာကို ကြိုးစား၍ သင်ခဲ့ရာ ယခုအခါ မြို့ပိုင်ရာထူးနှင့် ဖွားရာ ဇာတိချက်မြေသို့ ကလဲ့စားချေရန် ရောက်ရှိလာခြင်း ဖြစ်လေ၏ ။ ထိုရပ်ရွာ၌ မြို့ပိုင် အဖြစ်နှင့် ရောက်နိုင်ဖို့ရန် အောင်လှမှာ အများကြီး ကြိုးစားရလေ၏ ။

ကျေးဇူးရှင်ဖခင်ကြီးမှာကား ရန်ကုန်မြို့ခြေတွင် သီတင်းသီလ ဆောက်တည်ကာ အများအားဖြင့် ရွှေတိဂုံ ဘုရားဇရပ်တစ်ခုမှာ ပုတီးနှင့် နေရှာလေတော့သည် ။

သို့ ကလဲ့စားချေရန် အကြံနှင့် စိတ်အား ထက်သန်စွာ သွားရာတွင် သူကြီးသမီးဖြစ်သူ မိမိနှင့် ကစားဘက် စိန်ဖြူကို သတိရလေ၏ ။ ဖခင်မှာ ဒုက္ခရောက်၍ ပျက်စီးခြင်း မဖြစ်မီ ၎င်းတို့ နှစ်ယောက်မှာ သူကြီးအိမ် နောက်ဖေး၌ အမြဲလိုလို အတူတကွ ကစားခဲ့ကြလေ၏ ။ ဆင်းရဲဒုက္ခဖြစ်၍ တစ်ရပ်တစ်နယ်သို့ ပြောင်းရွှေ့ပြီးသည့် အခါမှ ယခုသို့တိုင် တစ်ကြိမ်မျှ မတွေ့ မကြုံခဲ့ရချေ ။ စိန်ဖြူ ရှိပါသေးရဲ့လား ။ ရှိရင်လည်း လင်တွေ ဘာတွေ ရနေမှာပဲ ။ မရလို့ အပျို လုပ်နေပြန်ရင်လည်း ငါနဲ့တော့ ဘာမျှ မဆိုင်ပါဘူး ။ သင်းလည်း သင်းအဖေလို ယုတ်မာ မှာပဲဟူ၍ တွေးကာ ထင်မြင်သော ကလေးမျက်နှာကလေးကိုပင် ဖျောက်ဖျက်၍ ပစ်လိုက်လေ၏ ။

ရွာကို ရောက်သောအခါ ငယ်စဉ်အခါက မြင်ခဲ့ရသော မျက်နှာများကို တွေ့မြင်ရလေ၏ ။ သို့သော်လည်း မိမိကို မည်သူမျှ မှတ်မိဟန် မရှိကြပေ ။ အချို့သော မိမိနှင့် အသက်အရွယ် တူသူများနှင့် အနည်းငယ် မိမိထက် ပို၍ ကြီးသူများမှာမူကား ၎င်းကို မှတ်မိသလို အမူအရာနှင့် အကဲခတ်ကြလေ၏ ။ အောင်လှသည်ကား မိမိထက် ကြီးသူတို့ကို ကောင်းစွာ မှတ်မိ၏ ။ သို့သော်လည်း နှုတ်ဆက်မေးမြန်းခြင်း မပြုချေ ။ သို့ နှုတ်ဆက်ခြင်း မပြုသည်မှာ အခြားကြောင့် မဟုတ် ။ မိမိမှာ သားနားစွာ လာသူ ဖြစ်သောကြောင့်တည်း ။

သားနားစွာ လာခြင်းကြောင့် မိမိ သိကျွမ်းဖူးသော မိမိထက်ကြီးသူတို့ကို အမှတ်မပြု ၊ နှုတ်မဆက် နေခြင်းကို အပြစ်ဆိုဖို့ မရှိပေ ။ ၎င်း၏ စိတ်၌ စွဲမှတ်၍ ထားသော အယူ တစ်ခုရှိ၏ ။ ထိုအယူသည်ကား အခြား မဟုတ် ။ လမ်း၌ မိမိက စ၍ နှုတ်ဆက်ခြင်းသည် အောက်ကျသော စိတ်ကို ပြသည် ။ သို့မဟုတ်လျှင် မော်ကြွားချင်သောကြောင့် စ၍ နှုတ်ဆက်သည် ဟူသော အယူဖြစ်၏ ။

ဤအယူနှစ်ခု အနက် ပထမအယူမှာ မှန်သော အခါ မှန်၏ ။ မမှန်သော အခါများလည်း ရှိတတ်လေသည် ။ ဒုတိယအယူမှာကား ဆင်းရဲရာမှ ကြီးပွား၍ လာသူတို့သည် မိမိတို့နှင့် တန်းတူ ဆင်းရဲခဲ့သူတို့ကို စ၍ နှုတ်ဆက်သည့်အခါ ကြွားချင် ပြချင် မိမိ အခြေအနေ တိုးတက်ကြီးမြင့်ခြင်းကို ပြလိုသော စိတ်သည် ရိုးသား ခင်မင်သော စိတ်ထက် ပိုမိုနိုင်လေသည် ။ အကြောင်းမူကား မော်တော်ကား စီး၍ လာသော လူမွဲတစ်ယောက်သည် ခြေကျင်လာသော မိမိ၏ အသိ လူဆင်းရဲများကို လမ်း၌ တွေ့သည့်အခါ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ချင်သော စိတ်မျိုးနှင့် ရှိတတ်လေသည် ။

သို့ဖြစ်သောကြောင့် အောင်လှသည် ရွာ၌ သိသူကို လည်းကောင်း ၊ မသိသူကို လည်းကောင်း နှုတ်ဆက်ခြင်း မပြုဘဲ သွားလေ၏ ။ သို့ဖြစ်သောကြောင့် ဒိဋ္ဌအမှန် အောင်လှ မှန်း သိသူ တစ်ယောက်က ဟိုအကောင် အောင်လှ ပါကွယ် ။ အစစ်ပါပဲ ။ သူတို့သားအဖ ရန်ကုန်ကို ပြေးကြပြီး အခု ဘာဖြစ်လာသလဲ မသိဘူး ။ ရာထူးကလေး ဘာလေးရလာ ထင်ပါရဲ့ ။ ငါတို့ကိုတောင် အသိ မလုပ်ဘူးဟု ပြောလေ၏ ။

တစ်ယောက်က မြို့ပိုင် ဖြစ်လာတယ်ကွယ့် ။ မြို့ပိုင် ဦးအောင်လှလို့ ပြောတာပဲ ။ ငါတို့ အောင်လှကလေးကို ငါ သွားပြီး မတွေးမိဘူး ။ အခု မင်း ပြောမှ သတိရတာပဲ ။ အေး ... ဟုတ်တယ်ဟေ့ ။ သင်းပဲ ။ ငယ်ရုပ် မပျောက်ဘူးကွယ့် ။ ဒီအကောင် အလုပ်တာဝန်နဲ့ လာဟန် မရှိဘူး ။ တစ်ယောက်တည်း အလည်လာတာနဲ့ တူတယ်ဟု တစ်ယောက်က ပြောလေ၏ ။

ရွာထဲ၌ မကြာမီ အောင်လှကလေး မြို့ပိုင် ဖြစ်လာသည်ဟူသော သတင်းပျံ့နှံ့၍ သွားလေ၏ ။

အောင်လှသည် အိမ်တစ်အိမ်၏ ရှေ့၌ မြင်းပေါ်မှ ဆင်းပြီး မြင်းကို ခေတ္တအပ်ခဲ့ပြီး တစ်ကိုယ်တည်း ရွာတန်းရှည်လမ်းမကို လျှောက်၍ သွားလေ၏ ။

ထိုရွာမှာ သားနားသော သူ တစ်ယောက်လာလျှင် သူ့ထက်ငါ ကြည့်တတ်သော အလေ့ရှိ၏ ။

အောင်လှသည်ကား ဂရုမစိုက်ဘဲ သွားလေ၏ ။ သိသူများကို မိမိက စ၍ နှုတ်ဆက်ခြင်း မပြု ။ အခြားသိသူများကလည်း ရဲတင်းစွာ နှုတ်ဆက်ခြင်း မပြုကြ ။ ဟုတ်မှ ဟုတ်ပါ့မလား ဟူ၍ တွေးတောလျက် နေကြဟန် ရှိလေ၏ ။

ရွာမှာ များစွာပြောင်းလဲ၍ နေလေ၏ ။ မိမိ မသိသော မျက်နှာအသစ်တွေက သိသောမျက်နှာဟောင်းများထက် ပို၍များလေ၏ ။

မိမိတို့ သားအဖ နေခဲ့သော အိမ်နေရာမှာ အခြား တဲကလေးတစ်ခုကို တွေ့ရလေ၏ ။ ပန်းပဲထုသော မန်ကျည်းပင်မှာ အရွက်တွေ စိမ်းဝေလျက် ရှိလေ၏ ။

ထိုနေရာကို တစ်အောင့်ကလေးမျှ ကြည့်ပြီး ဝင်၍ သွားလေ၏ ။ ရေတစ်ခွက် တောင်း၍ သောက်လေ၏ ။ အလွန်လှပသော မိန်းမပျိုတစ်ယောက် ရေကို နှီးခွက်နှင့် လာ၍ပေးရာ အောင်လှ၏ လက်နှင့် ၎င်း၏ လက် ထိမိလေလျှင် တစ်ယောက် မျက်နှာကို တစ်ယောက်ကြည့်ကြလေ၏ ။ သို့ကြည့်ရာ၌ မိန်းမပျိုသည် စဉ်းစားသလို ဖြစ်၍ နေလေ၏ ။ ထို့နောက် မျက်နှာမှာ လျင်မြန်စွာ ပြောင်းလဲပြီး ဝမ်းနည်းသလို ဖြစ်ပြီးမှ တစ်ဖန်လျက် ကွမ်းဆေးများ တည်ပြီး ခပ်လှမ်းလှမ်း ဝါးခင်းသော ကြမ်းပေါ်၌ ခြေရင်းဘက်နားမှာ ပဆစ်တုပ်၍ ထိုင်လေ၏ ။

အိမ်ကလေးမှာ ထရံကာထားသည့် အိမ် ဖြစ်လေ၏ ။ အောက်ဆင့်မှ အပေါ်ဆင့် အိမ်ခန်းနှင့် ရေသောက်သော အဆောင်ကို တက်ရန် တိုသော လှေကားရှိလေ၏ ။ အောက်ဆင့်၏ ရှေ့၌ အမိုးတံစက်မြိတ်နှင့် ဆက်၍နေသော ဘူးစင်တစ်ခု ရှိလေ၏ ။ ဘူးစင်အောက်၌ ဆေး လိပ် ၊ စီးကရက် ၊ လက်ဖက် ၊ ချင်းသုပ် ၊ မုန့်ပဲသရေစာ ရောင်းသော ဆိုင်ခုံကလေးကတစ်ခု ၊ ၎င်းဆိုင်ကလေးနှင့် ယှဉ်လျက် ဆေးပြင်းလိပ် လိပ်သောခုံနှင့် ဆေးလုံး ၊ ထပ်တဘက်ဆေးစာများကို မြင်ရလေ၏ ။

အိမ်မှာ သိမ်ငယ် သန့်ရှင်းလျက် စိတ်ကူးယဉ်သော မိန်းမ၏ လက်ရာ အထိမ်းအမှတ်တို့ကို ဘုရားစင်၌ လည်းကောင်း ၊ အပေါ်ဆင့်ခန်းစီး၌ လည်းကောင်း ၊ စပါးပင်နုနုကလေးတွေ စိမ်းစိုလျက်နေသော သောက်ရေအိုးစင်၌ လည်းကောင်း ၊ အပ်ချုပ်စက်၌ လည်းကောင်း တွေ့ရှိနိုင်လေ၏ ။

“ သူကြီး ဦးရွှေလုံးတို့ ရှိပါသေးရဲ့လား ” ဟု အောင်လှက စ၍ မေးလေ၏ ။

မိန်းမပျိုမှာ ထိုမေးခွန်းကို ကြားရသောအခါ မျက်နှာပျက်၍ သွားလေ၏ ။

“ သူကြီးဦးရွှေလုံးတော့ မရှိပါဘူး ။ အခု သူကြီးက တစ်ယောက်ပါ ။ မောင်ကြီးက ဘယ်မြို့ကပါလဲ ”

“ ရန်ကုန်မြို့က လာပါတယ် ။ အရင်က ဒီရွာသားပါပဲ ”

“ ဪ … ကျွန်မ တစ်ခါမျှ မမြင်စဖူးမို့ ၊ ရန်ကုန်ကို သွားတာ ဘယ်လောက် ကြာပလဲ ”

“ ကျုပ်ငယ်ငယ်လေး ဆယ်နှစ်သားကျော်ကျော် လောက်က သွားပါတယ် ။ ဒီနေရာဟာ ကျုပ်တို့ သား အဖ နေတဲ့ နေရာပေါ့ ။ ဟိုမန်ကျည်းပင်အောက်မှာ ပန်းပဲ ထုတဲ့ နေရာပါပဲ ။ ကိုယ့်ဇာတိချက်မြှုပ်နေရာကို ရောက်တော့လည်း တစ်မျိုးဖြစ်တာပဲ ”

မိန်းမပျို၏မျက်နှာမှာ နီမြန်းလျက် မျက်လုံးများမှာ မှိုင်းဝေဝေဖြစ်သည်ဟု အောင်လှ၏ စိတ်မှာ မှတ်ထင်မိလေ၏ ။ အတန်ငယ်ကြာစွာ မိန်းမပျိုသည် စကား မပြောဘဲ နေလေ၏ ။ စဉ်းစားသည့် လက္ခဏာအမူအရာ အတော်ပင်သိသာလေ၏ ။

“ ဟုတ်ကဲ့ ။ ဒီနေရာမှာ ပန်းပဲဆရာကြီး တစ်ယောက် နေဖူးတယ်လို့ ပြောကြတာကို ကျွန်မ ကြားဖူးပါတယ် ။ ရှင်တို့ပဲကိုး ။ အခု ရန်ကုန်မြို့မှာ ဘာအလုပ် အကိုင်များ လုပ်ပါသလဲ ”

“ အခုတော့ မြို့ပိုင်အလုပ်နဲ့ ဒီနယ်ကို ရောက်လာပါတယ် ။ ကိုယ့်ရပ် ကိုယ့်ရွာ ရောက်တော့ ဘယ်လိုများ ဖြစ်နေသလဲဆိုတာ သိချင်တာနဲ့ ချက်ချင်း လာခဲ့တာပါပဲ ”

“ မြင်တဲ့ အတိုင်းပဲရှင့် ။ ရှေးကနဲ့တော့ ဘယ်တူမှာလဲ ။ ရွာလည်း ပျက်နေပါပြီ ။ အရင် ရှိခဲ့တဲ့ လူကြီး လူကောင်းများလည်း တစ်ယောက်မျှ မရှိတော့ပါဘူး ။ တခြား အရပ်က ပြောင်းလာတာတွေနဲ့ ၊ နောက်ပွားနောက်ပေါက် အနည်းငယ် ရှိတော့တာပါပဲ ။ တချို့လည်း ရှင်တို့လို တစ်ရပ်တစ်ရွာ ရောက်ကုန်ကြ ။ တချို့လည်း သေကြ ပျောက်ကြတာနဲ့  ရွာဟာ ခြောက်နေတာပဲ ”

“ မင်းတို့ကကော ဒီအရပ်ဌာနေပဲလား ”

မိန်းမပျိုသည် ခေါင်းငုံ့လျက် ပြန်၍ ပြောရမှာ ခက်သလိုလို ရှက်သလိုလို ဖြစ်၍ နေပြီးမှ

“ ကျွန်မတို့က အထက်က ပြောင်းလာတာပါ ”

“ မိဘရှိသလား ”

“ အဖေနဲ့ မောင် တစ်ယောက် ရှိတယ် ။ မောင်က အိမ်ထောင်နဲ့ တခြားမှာ နေပါတယ် ။ ဒီမှာတော့ သားအဖ နှစ်ယောက်ပါပဲ ။ အဖေက အသက်ကြီးတော့ ကျွန်မက ဆေးလိပ်ကလေး ၊ ဈေးကလေး ရောင်းပြီး အဖေအိုကြီးကို ပြုစုနေတာပါပဲ ”

“ သာဓုဗျာ ၊ သာဓု ။ အဖေအိုကို လုပ်ကျွေးနေရတယ်ဆိုတော့ အိမ်ထောင် မပြုသေးဘူးပေါ့ ”

“ ဒီအဖေအိုနဲ့ နေရသမျှ ကျွန်မမှာ အိမ်ထောင်ပြုဖို့ ဝေးပါတယ် ။ ရှေးက ကောင်းစားဖူးပြီး ယခုမှ ဆင်းရဲတော့ စည်းစိမ်ဥစ္စာက စွန့်သွားပေမယ့် မာနက မစွန့်တဲ့ဘူးရှင့် ။ သည်အတွက် ဒီသမီးကျွေးတာက လွဲလို့ ဘယ်သူ့ လုပ်စာကိုမျှ စားချင်စိတ် မရှိဘူးရှင့် ။ အစ်ကို တစ်ယောက် ရှိသော်လည်း သူ့မှာ မပြည့်စုံတဲ့အပြင် သူစိမ်းချွေးမက ရှိနေပြန်တော့ မျိုမကျဘူးရှင့် ။ ဖေဖေ့ကို အငတ်မထားပါနဲ့ သမီးရယ် ။ သမီး ကျွေးတဲ့ အစာ ကလွဲလို့ ဖေဖေ ဘယ်သူ့ ကျွေးစာမွေးစာကိုမျှ မျိုမကျနိုင် ဘူးဆိုတာ မကြာမကြာ ပြောတာပဲ ။ သည်အတွက် ဒီအဖေအိုကို ငဲ့ပြီး ကျွန်မလည်း ဆင်းရဲခံနေရတာပဲ ”

“ ကုသိုလ်ပေါ့လေ ။ သို့သော်လည်း အချိန်အရွယ် ကောင်းတုန်းမှာ မိမိကိုယ်ကို နေရာတကျ ဖြစ်အောင် မလုပ်ရတာကလေးတစ်ခု အတွက် အင်း .. ” ဟု ပြောပြီး မိန်းမပျို၏ မျက်နှာကို အကဲခတ် ကြည့်လေ၏ ။

မိန်းမပျိုသည် ရှက်ကိုးရှက်ကန်း အမူအရာနှင့် ခေါင်းငုံ့ကာ ဖျာစကလေးတစ်ခုကို ချိုးရင်း “ ကျွန်မ အတွက် ဘာမျှ မပူပါဘူး ။ အခုလို နေရတာဟာ ဆင်းရဲပေမယ့် စိတ်မှာတော့ သည်လောက် မဆင်းရဲပါဘူး ”

“ မဆင်းရဲဘူး ပြောသော်လည်း နည်းနည်းတော့ တစ်ခုခု လိုနေသလို ဖြစ်မှာပဲ ။ မစုံမလင် ဖြစ်နေတာပေါ့ ”

“ အမယ်လေး ။ မစုံမလင်တာဘဲ ကောင်းပါတယ် ။ အခုကာလမှာ မြင်ရလွန်းလို့ပါ ။ ကျွန်မတို့ ချမ်းသာတုန်း က ဘယ်လို ၊ အခု ဆင်းရဲမှ ဘယ်လို ဆိုတာ သိရတာနဲ့ ကြောက်လှပါပြီ ။ အခုကာလမှာ ဆင်းရဲတဲ့ မိန်းကလေး ဆိုရင် ဖျက်ဆီးချင်သူ များတာပါ ။ သည့်အတွက် လူမျိုးကွဲများ လက် ရောက်ကြတာတွေ များတာပဲ ”

“ အမယ်လေး လူမျိုးကွဲများဖြင့် မလုပ်လိုက်ပါနဲ့ဗျာ ”

“ ရောက်ကြတဲ့ အမျိုးသမီးကလေးတွေ ရှိကြောင်း ပြောတာပါ ။ ကျွန်မတို့တော့ ဒီတစ်သက်မှာ ဘာကိုမှလည်း စိတ်မကူးမိပါဘူး ။ ထမင်းတစ်လုတ်နဲ့ ဝတ်ဖို့ စားဖို့နေထိုင်ဖို့မှာ ယောက်ျားယူမှ မဟုတ်ပါဘူး ။ လုပ်ကျွေးမယ့်လူ မရှိလို့ ဆင်းရဲသည်အတွက် ယောက်ျားယူရတယ် ဆိုတာ ကျွန်မဖြင့် မယုံပါဘူး ။ တချို့မိန်းမတွေ လုပ်ကျွေးမယ့်လူကို ရှာပြီး တစ်သက်လုံး သူတို့က လုပ်ကျွေးရလို့ သေသာသေရော ခေါင်းပေါ်က ဈေးတောင်း မချရဘူး ”

“ အင်း ... ဒါလည်း ဖူးစာဘက် မတွေ့သေးခိုက်မှာ ပြောနိုင်တာပေါ့လေ ။ တွေ့လာတဲ့ တစ်နေ့ကျတော့မှ ကွင်းဖို့ရန် အခက်သားပါကလားဆိုတာ သိရမှာပဲ ”

“ ကျွန်မမှာတော့ တွေ့မယ် မထင်ပါဘူး ။ ကျွန်မစိတ်က ပိုင်းဖြတ်ပြီးသားပါ ”

မိန်းမပျိုသည် ထိုစကားကို ပြောသော်လည်း အောင်လှ၏ စိတ်၌ တစ်စုံတစ်ရာကို သိသာသည်ဟု မှတ်ထင်လေ၏ ။

ထိုကဲ့သို့ စိတ်ထင်ခြင်းမှာ မိမိကိုယ်တိုင်၏ စိတ်နှင့် နှိုင်းခြင်းတစ်မျိုးပင် ဖြစ်လေ၏ ။ အကြောင်းမူကား သူကြီး ရွှေလုံးနှင့် ပတ်သက်သမျှ သားမြေး ဖြစ်စေ ကလဲ့စားချေရန် မုန်းစိတ်ကို တင်း၍ လာသူမှာ အချစ်နှင့် တွေ့လျက် ကလဲ့စားချေခြင်းတည်းဟူသော မူလကြံရွယ် ချက်မှာ ပျောက်ကွယ်၍ နေလေတော့သတည်း ။

“ ဒါထက် သူကြီး ဦးရွှေလုံး ဘယ်ကို ရောက်နေသလဲ ၊ သေသလား ”

“ မသေသေးဘူးလို့ ကြားရတာပဲ ။ တခြားကို ပြောင်းသွားရတယ်လို့ ပြောကြတာပဲ ”

“ ဘယ်ကို ပြောင်းသလဲ ”

“ အရင်တော့ အထက်ကို ပြောင်းတာပဲ ။ သူကြီး အခုတော့ အထက်မှာ မရှိတော့ဘူးလို့ ကြားရပါတယ် ”

“ နို့ သူ့သားရော ”

“ သူ့သားလည်း တခြားမှာ နေပါတယ် ”

“ အိမ်ကို ဓားပြတိုက်ပြီး အခွန်တော်ငွေရော ၊ သေနတ်များရော ပါသွားလို့ အစိုးရက မသင်္ကာဖြစ်ပြီး ဖြုတ်ပစ်လိုက်ပါတယ် ။ ကျွန်မတို့ သိသလောက်ဖြင့် လီဆယ်တာ မဟုတ်ရှာပါဘူး ။ တကယ် ဓားပြများတိုက်တာ သိရပါတယ် ”

အောင်လှမှာ ထိုသတင်းကို ကြားရသောအခါ ကျေနပ်သလို ဖြစ်၍ သွားလေ၏ ။ သို့သော်လည်း လုံးလုံးကြီး မကျေသေးချေ ။ မိမိကို နိုင်ဖူးသော ရန်သူ တစ်ယောက် ပျက်စီးဒုက္ခရောက်သွားသည်ဟူသော သတင်းသည် ပုထုဇဉ် ဟူသမျှတို့၏ စိတ်၌ နှစ်မြို့ခြင်းကို ဖြစ်စေတတ်သည်ကား ဓမ္မတာတစ်မျိုး ဖြစ်လေသည် ။

အောင်လှမှာ ပုထုဇဉ်မျှ ဖြစ်၏ ။ မိမိဖခင် အလွန် ရိုးဖြောင့်လျက် သစ္စာသမာဓိဂုဏ် ၊ အသရေနှင့် ပြည့်စုံသော ဖခင်သူတော်ကောင်းကြီး တစ်ယောက် ဖြစ်သော ၊ ဖခင် ပန်းပဲလုပ်ရာ၌ ကြီးမားသော သံတုံးသံခဲကြီးများကို တူတစ်လက် ၊ ညှပ်တစ်လက်မျှနှင့် ကြေအောင်ပြားအောင် ထုနိုင်၍ သံကို တံစဉ် ဖြစ်အောင် လုပ်နိုင်သော ၊ ဘုန်းတန်ခိုးသတ္တိနှင့် အထူးပြည့်စုံသော ဖခင်ကြီးတစ်ယောက်လုံးကို အရှက်တကွဲ အကျိုးနည်းဖြစ်အောင် ပရိသတ် လူထုလူဝေး အလယ်၌ ထိပ်တုံးထဲကို သွင်းသောသူတို့ အပေါ်၌ တွေးသမျှ အခါတိုင်း ပြေပျောက်ခြင်း ဖြစ်ဖို့ရန် လွန်စွာ ခက်လေ၏ ။

ငယ်ရွယ်သူကလေးတို့သည် စွမ်းရည်သတ္တိနှင့် ပြည့်စုံသော မိမိတို့၏ ဖခင်ကို တန်ခိုး အကြီးဆုံးသော ဘုရင်မင်းမြတ်များထက် တန်ခိုးကြီးသည်ဟု မှတ်ထင်မြဲ ဖြစ်ကြလေ၏ ။

သို့ ငယ်စဉ်အခါ၌ မိမိတို့၏ စိတ်မှာ ထိုမျှလောက် ဘုန်းတန်ခိုးကြီးသည်ဟူသော ဖခင်တစ်ယောက် အပေါ် ၌ အခြားသူများ စော်ကား မော်ကား ပြုသည်ကို ခံနိုင်သောစိတ်သည် သဲမဲစွာ စွဲသော ရန်ငြိုးကို ဖြစ်စေနိုင်လေ၏ ။

သို့ဖြစ်လေရာ ယခု ကြားရသည့်အတိုင်း ဆင်းရဲဒုက္ခဖြစ်၍ နေသည်ကို မြင်ရပြီးနောက် စကားတစ်လုံးမျှ ထပ်လောင်းဖြည့်စွက်ကာ လဲသူအား အနည်းဆုံးအားဖြင့် စကားတစ်လုံးမျှနှင့် ထောင်းထုနှိပ်စက်လိုသောစိတ်သည် နှိပ်နင်း၍ မရနိုင်အောင် တက်ကြွ၍ နေလေ၏ ။

ငါ တွေ့အောင် ကြံမည် ။ ဘယ်ရပ် ဘယ်ရွာကို ပြောင်းစေကာမူ လိုက်မည် ။ မျက်နှာကို ပြောင်ပြောင် ကြည့်ကာ ထိပ်ထဲ အချခံရသူ၏ သားဖြစ်ကြောင်းကို ပြော၍ပြမည် ဟူသော စိတ်ကို တင်းလျက် စကား မပြောဘဲ ဆိတ်ငြိမ်စွာ စက္ကန့်အနည်းငယ် စဉ်းစား၍ နေလေ၏ ။

“ ဘာကိစ္စရှိလို့လဲ ” ဟု မိန်းမပျိုက မေးပြန်၏ ။

“ ကိစ္စမရှိပါဘူး ။ သိဖူးတဲ့ လူဟောင်းကြီးများ ရှိကြသေးသလားလို့ အင်း ... တွေ့လည်း တွေ့ချင်တာပေါ့ ။ အခုအနေများ တွေ့ရရင် .. ”

အောင်လှသည် ကျေနပ်စွာ အိမ်ရှေ့ကို ကြည့်လျက် နှုတ်ခမ်းကိုက်ကာ စဉ်းစား၍ နေလေ၏ ။

မိန်းမပျိုမှာလည်း စဉ်းစား၍ နေလေ၏ ။ မျက်နှာမှာ ဝမ်းနည်းသော အသွင် ၊ အမူအရာ ပေါ်၍ လာလေ၏ ။

“ ဒါထက် စေ့စေ့တွေး ရေးရေးပေါ် ဆိုတာလို အဲဒီသူကြီးမှာ စိန်ဖြူ ဆိုလား ၊ သမီးတစ်ယောက် ရှိတယ် ။ ရှိရင် အခုတော်တော် ကြီးရော့မယ် ။ ငယ်ငယ်ကတော့ ကစားဘက် အင်မတန် ခင်ပါတယ် ။ နောက်လူကြီးချင်း ကိစ္စနဲ့ ပတ်သက်ပြီး ကလေးချင်းပါ ကွဲကြတာပါပဲ ။ ဒီလို သူငယ်မကလေး ရှိသေးရဲ့လား ”

မိန်းမပျိုသည် ပြုံးစနဲ့လုပ်ကာ နေလေ၏ ။ အောင်လှကလည်း အကဲခတ်သလို ကြည့်၍ နေလေ၏ ။

“ ရှိပါသေးတယ် ထင်ပါရဲ့ ။ ပြောင်းသွားကြတာ အတော်ကြာမှကိုးရှင့် ။ အခုတော့ ဘာသတင်းမှ မကြားရဘူး ။ ရိုးရိုး ကစားဘက်ပဲလား ”

“ ရိုးရိုးပါပဲ ။ ရိုးရိုးပါပဲ ။ ဟိုတစ်ခါက ဘာမျှနား မလည်သေးတဲ့ အခါပါ ။ မဆန်းပါဘူး ”

“ အင်း …. ဒါတော့လေ ၊ မပြောတတ်ပါဘူး ။ အခုလည်း ဆန်းမယ် မထင်ပါဘူး ။ ငယ်ငယ်က ပုံအတိုင်း ဆိုရင်တော့ ဆန်းဖို့လည်း မရှိပါဘူး ”

ထိုကဲ့သို့ ပြောပြီး မိန်းမပျိုသည် ထိုင်ရာမှ ထ၍ အိမ်တစ်ဖက်စွန်းရှိ သောက်ရေအိုးစင်ကို သွားလေရာ အောင်လှသည် နောက်မှ နေ၍ ကြည့်လေလျှင် အလွန်တရာ ပြေပြစ်သိမ်မွေ့  ၊ တောင့်တင်းကြော့ရှင်းသော ရူပါရုံ၏ ယဉ်ကျေးလှပပြည့်ဝခြင်းကို မြိန်ရှက်စွာ ကြည့်မိလေရာ ဆေးမိသောသူ၏ အလား ထိုတဲအိမ်ကလေးမှ ထမသွားနိုင်သကဲ့သို့ ဖြစ်၍ လာလေ၏ ။ သိမ်ငယ်သော အိမ်ကလေးမှာ အောင်လှ၏ စိတ်ထဲ၌ အသာယာဆုံး ၊ ကျက်သရေ အရှိဆုံးသော အိမ်ဟု မှတ်ထင်မိလေ၏ ။

မိန်းမပျိုသည် သောက်ရေအိုးမှာ ရေသောက်ပြီး နေရာသို့ ပြန်၍ မလာဘဲ အိမ်ရှေ့ဆေးပြင်းလိပ် လိပ်သော ခုံရှိရာသို့ ဆင်း၍ သွားလေ၏ ။ ကျွန်မ ဆေးလိပ်ကလေး အရင်လိုနေလို့ ဟု မပြုံးချင် ၊ ပြုံးချင် ပြောပြီး ခေါင်းငုံ့ကာ လိပ်၍ နေလေ၏ ။

အောင်လှ၏ မျက်နှာမှာ အံ့အားသင့်သော အသွင် ပေါ်ပေါက်၍ လာလေ၏ ။

ဘယ့်နှယ့်ဟာပါလိမ့်မလဲ ၊ ယတိပြတ် ထသွား ။ ငါ့ကို စကား ဆက်မပြောချင်လို့ ထင်ပါကလားလို့ တွေးတောလေ၏ ။

ကျေးလက်ရွာငယ် အရပ်များ၌ ဂုဏ်သရေရှိ ၊ အရာရှိ ၊ အရာထူးများ အပေါ်၌ ထိုကဲ့သို့ သိမ်ငယ်သော ဆင်းရဲသူကလေးများသည် အများအားဖြင့် လိုက်လျော လွယ်ကြသည်သာ များသည်ကို သိရ၏ ။ ယခုလို စကား မပြောချင်သော အမူအရာနှင့် ရှောင်သွားလေ့ရှိသည်ကို အောင်လှ တွေး၍မရချေ ။

သို့ တွေးနေခိုက်တွင် တစ်စုံတစ်ရာကို စဉ်းစားမိလေ၏ ။ ဧကန် သူ့မှာ ရည်းစား ရှိလို့ပဲ ။ ငါနဲ့ စကားပြောတာကို မတော်တဆ သူ့ရည်းစား သိမြင်မှာ စိုးလို့ ရှောင်တာပဲ ။ ယောက်ျားယူဖို့ စိတ်မကူးဘူး ဆိုတာ ဟုတ်မယ့် လက္ခဏာ မရှိဘူးဟု တွေးလေ၏ ။

သို့တွေးမိသောအခါ စိတ်ထဲ၌ နှမြောသလို ဖြစ်၍ သွားလေ၏ ။ ဤမျှလောက် လှသူကလေး တစ်ယောက်ဟာ တောတွင်းသား လူကြမ်းကြမ်းကြီးမျိုးနဲ့ ညားရင် အင်မတန် သနားစရာကောင်းမှာပါတကား ။ တောသူ တောသားတို့ ဓလေ့မှာ ဒီလိုဆင်းရဲတဲ့ မိန်းမလေးများ ယောက်ျား ရ၍ ၊ ယောက်ျားက ဂုဏ်ကလေး သာလျှင် ယောက္ခမကြီးများ ချစ်အောင် အင်မတန်မှ ကြိုးစားပြီး ဆန်ဖွတ်မောင်းထောင်း ရေသယ် အလုပ်ကို လုပ်ရတော့မှာပဲ ။ လုပ်ရလျှင် ဤလို နုနုနယ်နယ်ကလေးမှာ ပယာ သီး ၊ သစ်တော့သီး ဘဝမှ မကြာမီအတွင်း မှိန်မှေးရှုံ့တွကာ ဝေါလနတ် ၊ သစ်ကြားသီး ၊ ခရမ်းသီး ၊ ပိန့်ရွှတ် ဖြစ်ပြီး ဆင်းရဲတဲ့ အဖြစ်မှာ အနစ်ကြီး နစ်ရရှာမှာကလေးပါပဲ ။ စသည်ဖြင့် ဆက်ကာ တွေးပြီး မတတ်နိုင်ပါဘူးလေ ။ သူတို့ ကံနဲ့ သူတို့ ချောသမျှ လှသမျှ ၊ တောသူမကလေးတွေကို ငါအကုန်သနားပေမယ့် မင်းတုန်းမင်းကြီးများလို ဘုန်းတန်ခိုးကြီးမှ ၊ ကိုယ်တော်တိုင် ကယ်နိုင်ဖို့ ရှိပါသလား ။ ဒီကယ်နည်းမျိုးလည်း ဒုက္ခများမယ့် ကယ်နည်းမျိုးပါကလား ။ အေးလေ ။ သင်းတို့ဟာနဲ့ သင်းတို့ ဘာဖြစ်ဖြစ် ကျေနပ်ရင် ငါ့မှာ ဘာအရေးကြီးဖို့ရှိသလဲ ။ ငါ အနေသာကြီးပဲ ။ ဒါထက် မတော်တဆ သူ့ရည်းစား မြင်ရင် မကောင်းပါဘူးလေ ။ သွားဦးမှပဲဟု မိမိဘာသာ ပြောပြီး မိန်းမပျိုကို နှုတ်ဆက်၍ ထွက်ခဲ့လေ၏ ။ ထွက်မည် အပြုတွင် သူကြီးဦးရွှေလုံး အဘယ် အရပ်မှာ ရှိသည်ကို သိရအောင် ထပ်၍ မေးချင်သော်လည်း မိန်းမပျိုက စကားဆက်လက်၍ ပြောချင်သည့် အမူအရာကို မပြသဖြင့် ထွက်၍ လာခဲ့ရလေ၏ ။

သို့လာရာ၌ မိမိ ပြောခဲ့သော စကားများကို ပြန်၍ တွေးရင်း အံ့သြမိလေ၏ ။

မိမိမှာကား မြို့အုပ်မို့ ဆင်းရဲသော တောသူကလေးသည် မိမိကဲ့သို့သော ဂုဏ်သရေရှိ ယောက်ျားပျို တစ်ယောက် အပေါ်၌ လိုက်လျောရမည် ဟူသော စိတ်ရင်းတစ်မျိုးကြောင့် အထက်ထက်က သိကျွမ်းဖူးသကဲ့သို့ လွတ်ကျွတ်ရဲတင်းစွာ ပြောဆိုမိလေ၏ ။ သို့ပြောဆိုသည်ကို လိုက်လျောကာ စကားလက်သင့်ခံ၍ ပြောသော မိန်းကလေး၏ အမူအရာသည်လည်း တစ်နည်းအားဖြင့် အံ့ဖွယ်ဖြစ်လေ၏ ။

သာလွန်၍ အံ့ဖွယ်ရာ ကောင်းသည်မှာကား သို့ လိုက်လျောပြော ဆို၍ နေရာမှ ရုတ်တရက် စိတ်ပြောင်းပြီး ထ၍ သွားခြင်းဖြစ်လေ၏ ။

ထိုအကြောင်းများကို တွေးရင်း ရွာကို လှည့်လည်၍ ကြည့်ပြီး မိမိ၏ မြင်းထားခဲ့သော အိမ်သို့ ရောက်ပြီး နေဝင်ရီတရောအချိန်ကို ပြန်၍ သွားလေ၏ ။

အောင်လှသည် မိန်းမပျို မျက်နှာကို ဖျောက်ဖျက်၍ မရတော့ချေ ။ နဂိုက ဂုဏ်ကို ရှာသောသူ တစ်ယောက် ဖြစ်လေရာ ထိုရွာ၌ ထိုမိန်းမချောကလေး တစ်ယောက် ရှိကြောင်းနှင့် ပတ်သက်၍ တစ်စုံတစ်ယောက်ကိုမျှ မေးခြင်း မြန်းခြင်း မပြုဘဲ နေလေ၏ ။ မေးမြန်းလျှင် မြို့အုပ်မို့ တကယ်ယူဖို့ မကြံဘဲ ဖျက်လိုဖျက်ဆီး ကြံတာပဲဟု အများ မှတ်ထင်ကာ မိမိအား အပျော်အပါး လွန်ကြူးသော အခြား မင်းအရာရှိများလို မှတ်ထင်ကြမှာများစွာ စိုးလေ၏ ။ ထို့အပြင် ၎င်းမိန်းကလေး၏အကြောင်းကို မိမိ ကိုယ်တိုင် သိအောင် ကြိုးစားခြင်းသည် တစ်ဆင့် စကား လှော်တက်သမားများကို ယုံရသည်ထက် ပိုမို၍ ကောင်းသည်ဟု သဘောရလေ၏ ။

၎င်းမိန်းမပျို၏ စိတ်ပြောင်းလဲပုံနှင့် ပတ်သက်၍ သိလိုသော စိတ်သည်လည်း သာလွန် ပြင်းထန်၍ လာလေ၏ ။ မိမိ၏ အိမ်နောက်ဖေး ဝရန်တာမှ အနောက်ဘက်ကို ကြည့်လိုက်သည့်အခါ ညို့ညို့မှိုင်းမှိုင်း ရွာကလေးကို မြင်ရလေ၏ ။ မိုးအုံ့သည့်အခါ ရွာကလေး၏ အုန်းပင်တို့သည် စိမ်းညိုသော အရောင်ဖြင့် လေထဲတွင် ယိမ်းကာ ၊ ရမ်းကာ လက်ရပ်၍ ခေါ်သည်နှင့် တူလေ၏ ။ အခုအနေ ဟိုတဲကလေးဟာ ဟိုဘက်နားမှာ ရှိမှာပဲ ။ ဘာများ လုပ်နေပါလိမ့်မလဲ ဟု တွေးတောကာ ထင် မြင်လေ၏ ။

အခါများစွာ စိတ်ကို ချုပ်တည်း၍ ထားလေ၏ ။ ဘာ မဟုတ် ၊ ညာ မဟုတ် အပျက်အပျက်က နှာခေါင်း သွေးထွက်တတ်သည်ဟူသော စကားဖြင့် မိမိကိုယ်ကို တတ်နိုင်သမျှ တိမ်းစောင်းလေ၏ ။ ထိုရွာကို သွားစဉ်က ရန်သူ အဟောင်းအပေါ်၌ ကလဲ့စားချေရန်မျှ ဖြစ်၏ ။ မိန်းမရှာရန် သွားခြင်း မဟုတ်ပေ ။ ယခုကား မ နှင့် တွေ့ခဲ့ပြီ ။ အဘယ်အခါကမျှ မစွဲသော အစွဲနှင့် တွေ့၍ နေရ လေ၏ ။

မူလကလည်း အိမ်ထောင်ပြုဖို့ရန် စိတ်အကြံမရှိခဲ့သေးပေ ။ ယခုသည်ကား ၊ ထရူးလပ် ဆိုသည့် အချစ် ဖူးစာဘက် အစစ်ပင် တွေ့လေရော့သလား မသိရ ။ ညှိုးမှိန်သိမ်မွေ့ သောကအပူငွေ့ကလေး ရစ်ပတ်၍ နေသည်နှင့် တူသော ဆင်းရဲသူ ရူပါရုံကလေး၏ ဒဏ်ရာသည် နှလုံးကို ထိရှလျက် မသက်မသာ ။ ထိုအနာမှာ ရင်း၍သာ လာတော့သည်ကို သိရလေ၏ ။

ဤတောရွာသူမကလေး တစ်ယောက်ကို ထိထိရောက်ရောက် ပိုး၍ နေချေက ထိုသတင်းသည် ဂုဏ်သရေရှိ အသိမိတ်ဆွေ အပေါင်းအဖော်များ၏ နားသို့ ရောက်ကာ လှောင်ကြပြောင်ကြမှာကို စိုးလေ၏ ။

သို့သော်လည်း မတွေ့ဘဲလည်း မနေနိုင် ။ ထိုရူပါရုံသည် အခက်ကို ကိုင်၍နေလေတော့သတည်း ။ သို့ဖြစ်လေရာ ဒီသူကြီးကို ငါမတွေ့ရတာ စိတ်မကျေ ၊ တွေ့အောင်စုံစမ်းမည် ဟူသော အကြံကိုပြုကာ အဝတ်များလဲပြီး အိမ်ပေါ်မှ ဆင်း၍ သွားလေရာ မိမိကို မည်သူမျှ မမှတ်မိဘဲ နေလေ၏ ။ အကြောင်းမူကား တောရွာကို နားစွင့်သွားလျှင် လူသူလေးပါး ဂရုစိုက်၍ ကြည့်မှာ စိုးသည့်အတွက် ရုပ်ဖျက်မထင်မရှား တောသားပုံ ဟန်ဆင်၍ သွားလေသတည်း ။

ထိုအခါ နေအတော်စောင်းလျက် ရှိလေ၏ ။ မိုးကောင်းကင်မှာလည်း ခိုးမင်တွေ ပိတ်ဆို့၍ နေလေ၏ ။ တက်၍ လာသော တိမ်တောင်ကြီးသည် ရွာကလေးကို ပိုမိုပြတ်သားစွာ ပေါ်စေလျက် ပို၍ နီးကပ်သလို မှတ်ထင်ရလေ၏ ။

သို့သွားရာ လမ်းခုလတ်လောက် ရောက်လျှင် မိုးသက်လေ ကျလျက်လေ၏ ။ လက်ဖြင့် ကြဲပက်သော မိုးဖွဲမိုးပေါက်များသည် မျက်နှာကို ဆီး၍ ပက်လေ၏ ။ ရွာကလေးသည် ပျောက်ကွယ်သွားလေ၏ ။

ပြန်ရလျှင်ကောင်းမလားဟု တွေးလေ၏ ။ သို့သော်လည်း ရှေ့ကို ဆွဲဆောင်သော ဓာတ်သည် မိုးကြိုး လျှပ်စစ်တို့၏ ခြိမ်းခြောက်ဟန့်တားခြင်းကို သတိမထား ၊ ခြေလှမ်းများသည် ရှေ့ကိုသာ ဆောင်ကြလေ၏ ။ ဦးခေါင်း၌ ရှိသော ဝါးဖတ်ဦးထုပ်မှာ လေထဲသို့ လိုက်ပါမည် ပြုသဖြင့် မနည်းကြီး လက်နှင့် ကိုင်ထားရလေ၏ ။ ရှေ့သို့ ကိုင်းကာ အားပြုလျက် သွားရလေသည် ။

သို့သွားရာ ရွာကလေးသို့ ရောက်၍ သွားလေ၏ ။ ထိုအခါ နေဝင်ရီသရော အချိန် ဖြစ်လေ၏ ။

အိမ်ကလေးအနီးသို့ ရောက်သောအခါ ဝင်ရလျှင် တော်မည် ၊ မတော်မည်ကို ခဏ စဉ်းစား၍ နေလေ၏ ။

၎င်းနောက် မိုးခိုရန်ကဲ့သို့ အိမ်ထဲသို့ ဝင်၍ ပြေးလေရာ တစ်အိမ်လုံး ဆိတ်ငြိမ်နေသည်ကို တွေ့ရသဖြင့် မတ်တတ်ရပ်ကာ တောင်မြောက်လေးပါးကို ကြည့်လျက်နှင့် ပြီးမှ အောက်ဆင့်ကြမ်းခင်းပေါ်မှာ ထိုင်လေ၏ ။

အိမ်၏ အခြေအနေကို ကြည့်သောအခါ သပ်ရပ်စွာ ဆင်ပြင်ထားသော စိတ်ကူးယဉ်သော မိန်းမလက်ရာ တို့မှာ ဆက်လက်၍ ဂရုမစိုက်ဘဲ အတော်ကြာ ထားရှိသည့် အသွင်ကိုမြင်ရလေ၏ ။

ရေအိုးစင်မှာ စပါးပင်တွေ ရှည်လျက် နေလေ၏ ။ ခန်းဆီးမှာ ဟောင်းနွမ်း၍ နေလေ၏ ။ ညောင်ရေအိုးစင်မှာ ပန်းများခြောက်လျက်နေ၏ ။ ဆေးလိပ်ခုံနှင့် ဈေးဆိုင်ကလေးမှာ မရှိတော့ပေ ။ အိမ်မှာ သွေ့ခြောက်ပစ်စွန့်၍ ထားသည့်အသွင် ရှိလေ၏ ။

မြို့အုပ်မင်းသည် အိမ်အပေါ်ဆင့် လှေကားကို တက်၍ အခန်းထဲကို ဝင်လေ၏ ။ အလင်းရောင် မရှိ မှေးမှိန်သော အခန်းကိုကြည့်လိုက်ရာ ကြက်သေသေ၍ နေလေ၏ ။ အကြောင်းမူကား နှာခေါင်း၌ ဝေ့၍လာသော အနံ့တစ်ခုသည် ဦးခေါင်းကြီးလျက် ကြက်သီးများကို ဖြန်းခနဲထအောင်ပြုလုပ်လိုက်လေ၏ ။ ထိုအနံ့မှာ လက်ဖက်နံ့ ၊ ကော်နံ့ ၊ စက္ကူနံ့တို့ ရောစပ်သည့် မသာနံ့ ဖြစ်၍ နေသည်ကို သိရလေ၏ ။ အခန်းမှာ ရှုပ်ပွေ၍ နေလေ၏ ။

စက္ကန့်အနည်းငယ် ထိုကဲ့သို့ နေပြီးနောက် စိတ်ကို တင်းပြီး သေချာစွာ ကြည့်ရာ ဆန်ကောတစ်ခုမှာ ကွမ်းသီးစိတ်များကို တွေ့ ရလေ၏ ။ သံပန်းကန်ပြား တစ်ခုမှာ လက်ဖက် ၊ ချင်းအကြွင်းအကျန်များကို မြင်ရလေ၏ ။ တောင်းနီကလေးတစ်ခုမှာ ဆေးပေါ့လိပ် ၊ ကွမ်းစားဆေး ၊ ကွမ်းရွက်နှင့် ထုပ်ထားသော ထုံးခြောက်များ ။ တစ်ခုသော ထောင့်၌ ပုံလျက်ရှိသော အဝတ်ဟောင်းများကို မြင်သဖြင့် သွား၍ ကြည့်ရာ မြန်မာဆေးဝါးအနံ့ကို ရလေ၏ ။

ထိုအခါ တစ်ဖန် ကြက်သီးထ၍ လာပြန်လေ၏ ။ တစ်ခုသော ထောင့်၌ ထောင်၍ထားသော သင်ဖြူးလိပ်ကြီး တစ်ခုကို တွေ့ ရလေရာ ဧကံ မသာအိမ် ဖြစ်ပြီ ထင်ပါကလားဟု တွေးမိလေ၏ ။

ထိုအခိုက် မိုးမှာသည်း၍ မှောင်ကြီးကျ၍လာလေ၏ ။ ထိုအခါ တိုး၍ ကြောက်ရွံ့ပြန်လေ၏ ။ မသာနံ့သည် တိုး၍ သိသာလေရာ ထိုအနံ့များသည် ဤအကြွင်း အကျန်များမှ ရိုးရိုးထွက်လာသော အနံ့များ ဖြစ်လေသလား ။ သို့မဟုတ် အစိမ်းတစ္ဆေ ပေးသော အနံ့ ဖြစ်လေသလားဟု တွေးလေ၏ ။ အကြောင်းမူကား အနံ့မှာ မငြိမ်မသက် လှုပ်ရှားသော အနံ့တစ်မျိုး ၊ အသက်ရှိသော အနံ့တစ်မျိုးဟု မှတ်ထင်ရလေ၏ ။

ထိုအခါ ခြောက်လုံးပြူးကို ခါးမှ ထုတ်ကာ ကိုင်လေ၏ ။ ခြောက်ရင် ဘာပဲဖြစ်ဖြစ် ပစ်မည်ဟု တွေးလေ၏ ။

ထို့နောက် ဘယ်သူများ သေပါလိမ့်မလဲ ။ ဟိုသူငယ်မကလေးများ ဖြစ်လေသလား ။ လွဲပါစေ ၊ ဖယ်ပါစေ မဟုတ်ပါစေနဲ့ ။ တခြား တစ်ယောက်ယောက် ဖြစ်ပါစေ ဟု ဆုတောင်းလေ၏ ။

သို့ပင် ဆုတောင်းရ သော်လည်း စိတ်၌ မပြေဘဲ ခမျာကလေးပဲ ထင်ပါရဲ့ ။ အရင် တစ်ခေါက်တုန်းက အိမ်မှာ တခြား ဘာမျှမရှိဘူး ။ တစ်ယောက်သာ မြင်ရတာပဲ ။ သူပါပဲ ထင်ပါရဲ့ ။ မဟုတ်ပါစေနဲ့ စသည်ဖြင့် တွေးရင်း ခြောက်လုံးပြူးကို တင်းစွာ ကိုင်၍ ထားလေး၏ ။ မတော်တဆ သင်းကလေးမှာ အစိမ်းဖြစ်ပြီး ငါ့ကို ခြောက်လာရင် ဘယ့်နှယ် လုပ်ပါမလဲ ။ သေနတ်နဲ့ ပစ်ရက်နိုင်ပါ့မလား ။ သူ ဖြစ်ရင် မပစ်ဘူး ။ ဘယ်လိုနေနေ ငါ ပြေးပြီး ဖက်မယ်ဟု တွေးလေ၏ ။

သို့တွေးရင်း တစ်စုံတစ်ယောက်များ ဘွားခနဲ ပေါ် ၍များ လာမလော ။ သင်းကလေး မဟုတ်ဘဲ အခြား မကောင်းဆိုးဝါးကြောက်စရာ သဏ္ဌာန်ကြီးများ ပေါ်၍ လာလိမ့်မည်လား ။ ပေါ်လျှင် ပစ်မယ် ။ ပြဝံ့ရင် ပြလာစမ်း ဟု အံကြိတ်ကာတင်းလျက် အခန်းအလယ်တွင် ရပ်ကာ နေလေ၏ ။

မိုးသည် လေနှင့် အတူ သည်း၍ လာလေ၏ ။ ထရံများမှာ မကောင်းဆိုးဝါးတွေ တိုးဝှေ့လှုပ်ရှား ၊ ဆွဲချဖြိုဖျက်ရန် ကြိုးစားကြသည်ဟု မှတ်ရလောက်အောင် လှုပ် ရှား၍နေကြလေ၏ ။ တစ်ခါတစ်ခါ အိမ်ကလေးမှာ နာနာဘာဝများ ဆွဲ၍ လှုပ်သလို သိမ့်ခနဲ ၊ သိမ့်ခနဲ ဖြစ်၍ နေလေ၏ ။ ရေဒီယမ် လက်ပတ်နာရီကို ကြည့်ရာ ခြောက်နာရီခွဲသာသာ အချိန် ဖြစ်သည်ကို တွေ့ရှိလေ၏ ။

ထိုအခိုက်တွင် အပြင်ဘက်၌ ခြေနင်းသံ ကြားရာ မြို့အုပ်မင်းသည် ထိတ်ခနဲ ဖြစ်ပြီး သာ၍ မှောင်သော ထောင့်တစ်ခုကို သွား၍ ကပ်လေ၏ ။ ဟ၍ နေသော ထရံအကြားမှ အပြင်ကိုကြည့်လိုက်သောအခါ ထဘီကို လက်တစ်ဖက်နှင့် ကိုင်မြှင့်သဖြင့် ဝန်းတောက်ပြေပြစ်သော ခြေသလုံးကလေး ပေါ်၍ နေသည်ကို မြင်ရလေ၏ ။ ထိုခြေသလုံးမှ အထက်ဆံပင် ဖိုးရိုးဖားယားနှင့် အတွင်းကို စီးစောင်းကြည့်ဟန် ရှိသော မိန်းမပျို၏ မျက်နှာကို မြင်ရလေ၏ ။ လှပညှိုးငယ်သော မျက်နှာထားမှာ သနားဖွယ် ဖြစ်သဖြင့် မြို့အုပ်မင်း၏ နှလုံးသားသည် အိ၍ သွားလေ၏ ။

ငါ့ခြေသံ ကြားလို့ ကြည့်တာ ထင်ပါရဲ့ ။ သင်း တစ္ဆေတော့ ဟုတ်မယ် မထင်ပါဘူး ။ တစ္ဆေ ဖြစ်လျှင် ခြောက်မှာပဲ ။ ဖြဲပြမလား ၊ ပြူးပြမလား ဟု တွေးကာ မျက်နှာကို သေချာစွာ ကြည့်လေ၏ ။

ထိုအခိုက်တွင် မိန်းမပျိုသည် မရဲတရဲ လှမ်းနင်းကာ လှေကားကို တက်ပြီး အခန်းထဲကို ဦးခေါင်း သွင်းကာ ထိုသို့ ၊ ဤသို့ ကြည့်လေ၏ ။

ထိုအခိုက် မြို့အုပ်မင်းသည် နေရာကို ရွှေ့၍ ရပ်လိုက်ရာ မိန်းမပျို ကလေးသည် မိမိရှိရာ နေရာဘက်သို့ လည်ကို ဆန့်ကာကြည့်ပြီး နောက်သို့ ကြောက်အားလန့်အား အမူအရာနှင့် လှည့်ကာ အောက်ကို ပြန်၍ အဆင်းမှာ ခြေချော်၍ လဲကျလေ၏ ။

မြို့အုပ်မင်းသည် မှောင်ထဲမှ တစ်ဟုန်တည်း ပြေးထွက်လေ၏ ။ မိန်းမပျိုမှာ လှေကားရင်း၌ ပုံလျက်လဲ၍ နေလေ၏ ။

မြို့အုပ်မင်းသည် ချက်ချင်း ပွေ့ထူလေရာ မိန်းမပျိုသည် ထိတ်လန့်တကြားအသံနှင့် အမယ်လေးဟု အော်၍ ၎င်း၏ လက်ထဲမှ ရုန်းထွက်ပြီး အဆင့်ပေါ်မှ ခုန်ဆင်း ၍ ပြေးလေရာ မကြာမီ တဲအပြင်သို့ ရောက်၍သွားလေ၏ ။ မြို့အုပ်မင်းသည် နောက်မှနေ၍ ကြည့်ရာ မိန်းမပျိုကို အခြား အဖော် နှစ်ယောက်က ဆီး၍ဖက်ကာ ထိတ်လန့် တကြား မေးမြန်းနေကြသည်ကို မြင်ရလေ၏ ။

မိန်းမပျိုသည် တစ်စုံတစ်ရာကို ယူရန် အဖော်များ နှင့်လာရာ အဖော်များမှာ မဝင်ဝံ့သဖြင့် အပြင်မှာ နေရစ်သောကြောင့် မိန်းမပျိုမှာ တစ်ယောက်တည်း စွန့်ခွာ ပြေးဝင်၍ လာကြောင်း သိရလေ၏ ။

မြို့အုပ်မင်းသည် ဘာကို ကြံရမှန်း မသိချေ ။ ၎င်းတို့ နောက်ကို လိုက်၍ သွားရမည်မှာလည်း ခက်လေ၏ ။ မိုးမှာလည်း သည်းလျက်ပင် ရှိနေလေရာ မည်သူမျှ လာဝံ့မှာ မဟုတ် ။ မိုးစဲမှ တာလမ်းမကြီးကို ရောက်အောင် သွားပြီး ဖြည်းဖြည်းလျှောက်ပြန်မည် စိတ်ကူးကာ အောက်ဆင့်မှာ ဝါးဖတ်ဦးထုပ်ကို ဆောင်းလျက် ထိုင်၍ နေလေ၏ ။

အတန်ငယ်ကြာလျှင် ဦးခေါင်းအနီး၌ ဝီခနဲ ပြင်းထန်သော အရှိန်နှင့် မြည်၍ သွားသော အသံတစ်ခုကို ကြားရလေ၏ ။

ဟင် - ဒါတော့ တစ္ဆေခြောက်တာ အစစ်ပဲဟု တွေးလေ၏ ။

သို့တွေးခိုက်တွင် ဝါးဖတ်ဦးထုပ်ကို ဖျတ်ခနဲ တစ်စုံတစ်ရာ ထိမှန်လေရာ ဦးထုပ် လွင့်စဉ်၍ သွားပြီး နောက်ထပ် တစ်ချက် ဆင့်၍ နားထင်ကို ထိရာ မျက်လုံးထဲမှာ ဝင်းခနဲ မီးတောက်ပြီး မေ့၍ သွားလေ၏ ။

သတိရ၍ လာသောအခါ မိမိ အပေါ်၌ ငုံ့၍ ကြည့်နေကြသော များစွာသော တောသူတောသားများကို တွေ့ရလေ၏ ။

ကိုအောင်လှ ဘယ့်နှယ့် နေသေးသလဲ ဟု မေးသော သာယာသော အသံကို ကြားရသောအခါ မော့၍ ကြည့်ရာ မိန်းမပျို၏ မျက်နှာကို မြင်ရလေရာ နာကျင်သမျှ လျော့ပြီး မျက်လုံးများမှာ ကြည်လင်၍ သွားလေတော့သတည်း ။

အောင်လှသည် ဦးခေါင်းကို ကိုင်စမ်းကြည့်ရာ ကြီးသော အဖုကြီးကို တွေ့ရလေ၏ ။

အောင်လှသည် မိန်းမပျို၏ ရင်ခွင်၌ အပွေ့ခံနေရသည်ကို သိရသောအခါ အလွန်နူးညံ့သိမ်မွေ့ ၊ မွှေးကြိုင်သည်ကို သတိထားလျက် တစ်ကိုယ်လုံးမှာ စိမ့်ခနဲ ဖြစ်၍ သွားလေ၏ ။ မေခလာရင်ခွင်၌ ဇနက္က အပွေ့ အပိုက်ခံရသည်မှာ မိမိ ယခု အပွေ့ခံရလောက် အရသာရှိလိမ့်မည် ဟုမထင် ၊ မူးမိုက်သော ဝေဒနာပင် ပျောက်ကင်း၍ သွားရလေ၏ ။

သို့ဖြစ်လေရာ ထိုမျှလောက် ထူးမြတ်သော နတ်အတွေ့နှင့် တူသည့် ရင်မွေ့ရာမှ ထွက်ရမည် စိုးသောကြောင့် မျက်နှာကို ရှုံ့ပြီး စုတ်သပ်ကာ အမယ်လေး .. အမယ်လေး မူးလှချည်ရဲ့ ခင်ဗျာဟု ညည်းပြီး မျက်လုံးကို မှိတ်လျက် မိမိကိုယ်ကိုပျော့၍ ပေးလိုက်လေ၏ ။

ထိုအခါ မိန်းမပျိုမှာ အချစ်အသနားစိတ်နှင့် တစ်ကိုယ်လုံး တစ်ရင်လုံးမှာ သိမ့်သိမ့်လှုပ်ကာ အမယ်လေး ဟု အောင်လှ၏ နားမှာ ကြားရုံမျှ လေသံကလေးနှင့် တအားတင်းစွာ တိုး၍ပွေ့ ရှာလေ၏ ။

ထို့နောက် အသံတုန်တုန်နဲ့ သွေးဆေး ပေးပါဦး ။ မာလကာရွက် ခူးကြပါ ။ ကိုအောင်လှ သတိထားလေဟု မိန်းမပျိုက ပြောလေ၏ ။

အခြား မိန်းမယောက်ျားများကလည်း ပျာလောင်ခတ်၍ နေကြသည်ကို သိရလေသည် ။

နောက်တစ်ဖန် သတိရ၍ လာပြန်လေရာ ဖြူစင်သန့်ရှင်းသော အိပ်ရာတစ်ခုသို့ တွဲ၍ ပို့ကြလေ၏ ။ ထို အိပ်ရာမှာ ဤတဲ၌ပင် ရုတ်တရက် ချက်ချင်း ပြုလုပ် ပြင်ဆင်၍ ပေးကြသော အိပ်ရာ ဖြစ်လေ၏ ။

လူတစ်ယောက်က ဟောဒီမှာ မြို့အုပ်မင်း ခြောက်လုံးပြူးဟု ပြော၍ ပေးလေ၏ ။

တစ္ဆေ ထင်ပြီး သူငယ်နှစ်ယောက်က လေးနဲ့ ချောင်းပစ်သွားကြတာပါ ။ မြို့အုပ်မင်းရဲ့ ကလေးအမိုက်များပါ ၊ မစိန်ဖြူက ဖျာလိပ်ယူဖို့ အလာမှာ မကြာမီက ဆုံးရှာတဲ့ သူ့ဖခင် ဦးရွှေလုံး ခြောက်တယ်လို့ ပြောမိတာနဲ့ ကလေးများ လာပြီး ချောင်းရာမှာ မြို့အုပ်မင်း ထိုင်နေတာကို မြင်ပြီး တစ္ဆေမှတ်လို့ ပစ်တာပါလို့ ပြောလေ၏ ။

မြို့အုပ်မင်းသည် မိန်းမပျို မျက်နှာကိုသာ စိုက်၍ ကြည့်နေသဖြင့် ထိုလူ ပြောသောစကားများကို နားမဝင်ဘဲ နေခဲ့လေ၏ ။

မိမိ ကလဲ့စားချေဖို့ လာရာမှာ ကလဲ့စားမချေရရုံ မက ဦးခေါင်းကို လောက်စာလုံး ထိမှန် မသေရုံကျန်သည်ကို တွေးကာ အံ့သြမိလေ၏ ။ ထိုမိန်းကလေးသည် အခြား မဟုတ် ။ မိမိ၏ ငယ်သူငယ်ချင်းမကလေး ဖြစ်သူ မိမိရန်သူ၏ သမီးတစ်ယောက်ပေတကားဟု အောက်မေ့ကာ ကလဲ့စားချေဖို့ရန် မလိုတော့သည် ဖြစ်ကြောင်း စဉ်းစားသံဝေဂရလေ၏ ။

“ ကိုအောင်လှ ၊ ဘာလုပ်လာတာလဲ ။ ကျွန်မကို မှတ်မိသလား ”

“ မမေ့နိုင်တဲ့ ရန်သူသမီး တစ်ယောက်ကို မမှတ်မိဘဲနေပါ့မလား စိန်စိန် ။ ငါ မင်းအဖေကို ကလဲ့စားချေချင်လို့ ၊ မင်းတို့ ဘယ်မှာနေသလဲ ဆိုတာ စုံစမ်းဖို့ လာရာမှာ မိုးခိုရင်း အခုလိုဖြစ်တာပဲ ”

“ နို့ အခု ကလဲ့စားချေချင်သေးသလား ”

“ ဟိုပထမ အခေါက်မှာတုန်းက စိန် အခုလို ဖွင့်ပြောရင် ကလဲ့စားချေဖို့ စိတ်ဟာ ဟိုတစ်ခါတည်းက ပြေပျောက်ဖို့ပါပဲ ။ စိန်က ဘာပြုလို့ ဖွင့်မပြောလိုတာလဲ ”

“ ကျွန်မတို့ကလည်း ကလဲ့စားချေမှာ ကြောက်တာပေါ့ ကိုအောင်လှရဲ့ ။ ကျွန်မဖေဖေက ကိုအောင်လှဖေဖေကို နှိပ်စက်တာကို ကျွန်မ မျက်မြင်မို့ မှတ်မိလို့ မပြောဝံ့တာပေါ့ ။ ဖေဖေ ကိုအောင်လှ လာတုန်းက ဖေဖေ မမာနေပါတယ် ။ ကိုအောင်လှ အကြောင်း မေးတာနဲ့ ကျွန်မက ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောပြတော့ ဖေဖေက ငါ ဟိုတုန်းက အများကြီး သူကြီးဂုဏ် မောက်ခဲ့လို့ မှားခဲ့တာပဲ သမီးရယ် ။ ငါတို့အပေါ်မှာ သူ့သားက ကြေမှာ မဟုတ်ပါဘူးတဲ့ ။ ဖေဖေကျန်းမာလာရင် တော်ရာ ပြေးကြမှ တော်မယ် ။ အခု သူက မြို့အုပ် ဆိုတော့ ငါတို့ကို နှိပ်စက်မယ်ဆို လွယ်လွယ်ကလေးနဲ့ နှိပ်စက်နိုင်မှာပဲလို့ ပြောသွားတယ် ကိုအောင်လှရဲ့ ။ အခုတော့ မရှိတော့ပါဘူး ” ဟုပြောကာ မျက်လုံးကို အင်္ကျီလက်နှင့် တို့လေ၏ ။

မိန်းမကြီးတစ်ယောက်က “ မြို့အုပ်မင်းရယ် ရှေးက လွန်ပြီးတာ လွန်ပါစေတော့ ။ ဒီမစိန်ဖြူကလေး မှာလည်း အခုအနေတော့ ခိုကိုးရာမဲ့ ဖြစ်နေရရှာပါတယ် ။ ရန်သူကို ရန်တုန့်မမူရုံမက ရန်သူရဲ့သမီး အပေါ် မှာ ကောင်းမယ်ဆိုရင် လူသာဓုခေါ် ၊ နတ်သာဓုခေါ် ဆိုတာလို အင်မတန်မှ သူတော်ကောင်း ပီသပါလိမ့်မယ် ”

“ ကလဲ့စားချေဖို့အတွက် သက်သက်လာတာလည်း မဟုတ်ပါဘူး အဒေါ်ရဲ့ ” ဟုပြောကာ စိန်ဖြူ၏ မျက်နှာကို စူးစိုက်စွာ ကြည့်၍ နေလေ၏ ။

မိန်းမကြီးတစ်ယောက်က “ ကိုင်း သွားကြသွားကြ ၊ မြို့အုပ်မင်း ယနေ့ည ဒီမှာ အိပ်လိမ့်မယ် ။ မဆူကြ ၊ မညံ့ကြပါနဲ့ ။ လာသွားကြစို့ ” ဟုပြောပြီး ခေါင်းတည်၍ ထွက်သွားလေ၏ ။ အားလုံး ရယ်မော ပြောဆို၍ သွားကြလေ၏ ။ မစိန်ဖြူမှာ ခေတ္တပြောင်းရွှေ့၍ အတူ နေသော ဒေါ်သဲအုံကြီး တစ်ယောက်သာ ကျန်ရှိလေ၏ ။

မြို့အုပ်မင်းက ၎င်းအဒေါ်ကြီးအား စိန်ဖြူကို ကြည့်ရှုစောင့်ရှောက်သည့်အတွက် များစွာ ကျေးဇူးတင်ကြောင်း ၊ သို့သော်လည်း စိန်ဖြူကို အိမ်သို့ ခေါ်၍ စောင့်ရှောက်ဖို့ မလို ၊ ဤအိမ်မှာ လာ၍ စောင့်ရှောက်လျှင် အများကြီး ကျေးဇူးဆပ်မည် ဖြစ်ကြောင်းနှင့် ပြောလေ၏ ။ အဒေါ့်မှာလည်း တစ်ယောက်တည်း ။ ညီမများနဲ့ နေရပါတယ် ။ ညီမများ အခွင့်ပြုလို့ ဒီကလေးမကို ဟိုမှာ အတူနေဖို့ ခေါ်ရတာပါ ။ ဆွေတစ်စ မျိုးတစ်စ တော်လည်း အရင် သူတို့ ကောင်းစားစဉ်က ကိုယ့်လက်ထဲမှာ ကြီးသည့် အတွက် အခုလို ခိုကိုးရာမဲ့ ဖြစ်နေတာ တွေ့ရတော့ ရင်ထဲမှာ မချိဘူး မောင်ရင်လေးရဲ့ ။ သည်တော့ ကိုယ်တိုင်က သူတစ်ပါးထံ ခိုကိုးနေရတဲ့ အထဲမှာ သင်းကလေးကို အတူနေဖို့ ခေါ်ရတာပါ ။ အခုလို မောင်ရင်က ပြောတော့ အတိုင်းထက်အလွန် ဝမ်းသာတာပေါ့ မောင်ရင် ။ ဒါထက် အဒေါ့်တူမလေးကို မောင်ရင် တကယ် အတည်တကျ ပေါင်းပါ မောင်ရင်လေးရယ် ”

“ အို ဒါတော့ အဒေါ် ပူစရာ မရှိပါဘူး ။ ကျွန်တော် အခြားလူမဟုတ်ဘူး အဒေါ်ရဲ့ ။ ပြောပြလိုက်ပါ စိန်ရယ် ”

ထိုအခါ စိန်ဖြူက အကျိုးအကြောင်း အဖြစ်အပျက်ကို ပြော၍ ပြလေရာ မိန်းမကြီးမှာ ဝမ်းသာအားရ သဖြင့် မျက်ရည်များကိုသုတ်လျက် စလူဖက်ကို ဆောင်းကာ ၊ ကိုင်း... အဒေါ်ကြီးလည်း သွားပြီး ပစ္စည်းကလေးများ သယ်လိုက်ဦးမယ် ဟု ပြောပြီး ထွက်၍ သွားလေ၏ ။

“ စိန် - ဟိုနေ့က ဘာဖြစ်လို့ စကားကို ဖြတ်သွားတာလဲ ”

“ ကိုအောင်လှ ။ ကျွန်မတို့ကို ကလဲ့စားချေဖို့ ကြံကြောင်းသိရလို့ပါ ။ ဖေဖေကျန်းမာရင် ကျွန်မတို့ကို ကိုအောင်လှ ရှာလို့တောင် တွေ့မှာ မဟုတ်ပါဘူး ”

“ နို့ အခုတော့ ကလဲ့စား မချေဘူးဆိုတာ စိတ်ချပလား ”

“ ဒါတော့ ကံပေါ့ ကိုအောင်လှရယ် ။ မေတ္တာကလေး ရှိသေးတာကိုး ။ နောင်ခါကျမှ ခံရရင်လည်း မတတ်နိုင်ဘူး ။ အခုတော့ ယုံလို့ စွန့်စားရတော့တာပါပဲ ။ နောင်ခါကျမှ ငါ့အဖေကို နှိပ်စက်တဲ့ အကောင်ကြီးသမီး ၊ အခု သင်း ငါ့လက်ထဲ ရောက်ပြီ ။ ငါ လုပ်သလို ခံရမှာပဲ ဆိုရင် ဒီက ကံပေါ့ ”

“ အင်္ဂလိပ်တရားဥပဒေမှာ လက်ညှိုးမကောင်း လက်ညှိုး ၊ လက်မ မကောင်း လက်မ ဆိုတဲ့ ဥပဒေမျိုးပါ ။ သူ့ခမျာလည်း ဆင်းရဲဒုက္ခ ဖြစ်ပြီး အသက်တောင် ဆုံးရှာမှပဲ ။ မြေပုံကို သွားပြီး ကြိမ်နဲ့ရိုက်လို့ ဘာအကျိုးရှိတော့မှာတုံး ”

“ ကျွန်မ လိမ်ပြောနေတုန်းက ကိုအောင်လှ နည်းနည်းမှ မရိပ်မိဘူးလား ”

“ မရိပ်မိလို့လား ရိပ်မိရင် ။ မင်းအဖေ သေတောင် မသေရဘူး ။ အကောင်းဆိုတဲ့ ဆရာဝန်နဲ့ ကုမှာပဲ ”

“ ဒီလိုဖြင့် ကိုအောင်လှ ကျွန်မကို တကယ် ချစ်တာပဲနော် ”

“ ဟောဒီနေရာမှာ အလုပ်က ပင်စင်ယူတော့ မြေးကလေးတွေ အများကြီးနဲ့ နေရအောင် တိုက်ကြီးကြီး ၊ ခိုင်ခိုင်ကြီးတစ်လုံး ဆောက်ဖို့ရန် မကြာမီ အုတ်မြစ်ကို ချရင် စိန် စိတ်ကျေနပ်ရော မဟုတ်လား ။ အဲဒါ အချစ်၏ အုတ်မြစ်လို့ မှတ်လိုက်ပေတော့ ။ မကြာစေရပါဘူး ” ဟု စိန်ဖြူ၏ နားအတွင်းသို့ အချစ်၏ စကားကို တအား သွင်းလိုက်ရှိလေသတည်း ။

▢  ပီမိုးနင်း
📖 ကဝိတံခွန် မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၃၃ 

No comments:

Post a Comment