Thursday, June 4, 2026

မုဆိုးတစ်ယောက် မျက်စိလည်နေသည်


❝ မုဆိုးတစ်ယောက် မျက်စိလည်နေသည် ❞
     ( လမင်းမောင်မောင် )

နှလုံးသား ဆိုတာ တစ်ခါတစ်ရံ တောနက်နက်ထဲမယ် မျက်စိလည်နေတဲ့ မုဆိုး တစ်ယောက်လိုပဲ ထင်ပါရဲ့ ။ ရည်ရွယ်ရာ သားကောင်ကို မရတဲ့ အခါ မြင်မြင်ရာ သားကောင်ကိုလည်း ပစ်ခတ်တတ်သေးတာ မဟုတ်လား ။ အကောင် ကြီးကြီးသေးသေး ကြေး ( ဂျီး ) မများရဲတဲ့ အခြေ အနေမျိုးနဲ့လည်း ရင်ဆိုင်ရတတ်သေးတာပဲလေ ။ ကျွန်တော့် နှလုံးသားက အထီးကျန် ဆန်လှတာ မှန်ပေမဲ့ မုဆိုးလိုတော့ မြင်မြင်ရာ သားကောင်ကို မလိုက်ချင်တော့တာ ကြာခဲ့ပြီ ။

••••• ••••• •••••

သားကောင်တွေကို ကျွန်တော် မယုံရဲတော့တာမို့ မြားနတ်မောင်ရဲ့ မြားတွေလည်း ချိုးပစ်ထားခဲ့တာ နှစ်တွေ မနည်းတော့ ။ တကယ်တော့ ကျွန်တော်က မျက်စိလည်နေတာ ဖြစ်မှာပါ ။ အချစ်ဆိုတဲ့ မှော်ရုံတောထဲမှာပဲပေါ့ ။ ဒီတောက နက်တယ် ၊ မာယာလည်း များတယ် ။ ပြီးတော့ မမျှော်လင့်တဲ့ အန္တရာယ်တွေ ဆိုတာကလည်း ဘွားခနဲ ပေါ်လာတတ်သေးတာကိုး ။ ကျွန်တော် မယုံကြည်တဲ့ အရာတွေထဲမယ် အချစ် ဆိုတာကြီးက ရှေ့ဆုံးက ပါနေတာပါ ။ ဒါပေမဲ့ ပုထုဇဉ် လောကီသား ပေမို့ အဖော်မွန် ဆိုတာလေးကိုတော့ တမ်းတမိတာလည်း ဝန်ခံရမှာပါ ။ စရိုက် ၊ ဝါသနာ ဟိုဟာ ဒီဟာ တူညီစေချင်သလို ၊ ကိုယ့် အပေါ် တကယ် ချစ်မယ့်သူလည်း ဖြစ်စေချင်ပြန်တယ်လေ ။ ကျွန်တော်က ရင်မခုန်တတ်သူတော့ မဟုတ် ။ ကျွန်တော့်ရဲ့ ရင်ခုန်မှု အတိုင်းအတာ ရာခိုင်နှုန်း အတော်များများက ရုပ်ပိုင်းဆိုင်ရာတွေနဲ့ အနည်းနဲ့ အများတော့ ပတ်သက်နေတာလည်း အမှန် ။ ဥပမာ ရူပါချူချာ တဲ့ မဒီကညာ ဆိုရင်တော့ ရွှေပုံကြီးပေါ် ထိုင် နေစေဦး ဘယ်လိုမှ ဖီလင် လာမယ် မထင် ။ လူတိုင်း တခုတ်တရ ပြောကြ ၊ မေးကြ ၊ ငြင်းခုံကြတဲ့ အချစ်ဆိုတဲ့ အဲဒီ အရာ အပေါ် မှာ ထားတဲ သဘောထားကို ပြောပြပါ ဆိုရင်တော့ ဘဝ ရှင်သန်ရေးမှာ လက်တွေ့ နဲ့ ကင်းဝေးလှတဲ့အရာ ၊ စိတ်ကစားခြင်းမျိုး ၊ ဒါမှမဟုတ် ကိုယ့်ဘာသာ အရူး လုပ်မိခြင်း ၊ သို့မဟုတ် မိုက်မဲစွာ စိတ် အလိုလိုက်မိခြင်းမျိုး တစ်ခုခု ပေါ့လေ ။ အဲဒါကြောင့် ကျွန်တော့်ကို ရုပ်ဝတ္ထု ဆန်လွန်းသူကြီး ရယ်လို့ သမုတ်မယ် ဆိုရင်ဖြင့် ဝန်ခံဖို့ရာ အင်မတန် ခက်ခဲပါလိမ့်မယ် ။ အချစ် ဆိုတာနဲ့ ဘဝတစ်ခုကို တည်ဆောက်လို့ မရဘူး ရယ်လို့ ယုံကြည်သူ တစ်ယောက်ပါပဲလို့ပဲ ဖြေချင်သူပါ ။

အကြောင်းကြောင်းကြောင့် ဘဝ နှစ်ခု ပေါင်းစပ်ပြီးမှ ချစ်သွားကြသူတွေ ၊ ချစ်လှပါချည့်ရဲ့ ဆိုပြီး အရူးအမူး ဖြစ်ကြပြီးမှ ခါးခါးသီးသီး မုန်းတီး သွားကြ ၊ ရန်သူတွေ ဖြစ်သွားကြသူတွေ ကျွန်တော်တို့ ဝန်းကျင်မှာ မနည်းမနော မဟုတ်ပါလား ခင်ဗျာ ။ ကဲ ... အဲဒီ အချစ် ဆိုတာကြီးက ဘယ်မှာ တစ်သမတ်တည်း ရှိလို့လဲ ။ ဘာ အာမခံချက်များ ပေးနိုင်လို့လဲ ။ အနည်းနဲ့ အများတော့ ရုပ်ဝတ္ထုပစ္စည်း ၊ ရုပ်ပိုင်းဆိုင်ရာ စွဲလမ်းမှု ၊ တန်ဖိုးထားမှုတွေက မလွဲမသွေ ပါဝင် ပတ်သက် နေကြတာချည်းပဲလေ ။ ဘယ်လို ပုရိသ ၊ ဣတ္ထိယ လူစွမ်းကောင်းတွေကများ မစားမသောက်ဘဲ ဗိုက်ဟောင်းလောင်းကြီးတွေနဲ့ တစ်ချစ်တည်း ချစ်နိုင်ကြမှာတဲ့လဲ ။ မထင်ပေါင် ။ ရုပ်ပိုင်း ဆိုင်ရာ စွဲလမ်းနှစ်သက်စေမှု မပါဘဲနဲ့တော့ ကြာကြာ သည်းခံပြီး ချစ်နိုင်ကြမယ် လို့ မယုံကြည်နိုင်ပါ ။ အချစ် ဆိုတာက မီးပုံးပျံ လိုမျိုးပဲ ဖြစ်မှာပါ ။ မှိုင်း ကုန်တဲ့အခါ အောက်ကို ကျဆင်းတတ်တဲ့ အရာမျိုး ။ လောင်စာ ကုန်တဲ့အခါ ခရီး မဆက်နိုင်တဲ့ ယာဉ်တွေနဲ့ အလားတူ နေ သလား မသိ ။ ရှိသေးတယ် ။ တချို့ ကိုကို ၊ မမတွေ ချစ်ကြပြီးမှ အဆင်မပြေကြတဲ့ အခါ အမယ်လေး ရက်စက်လှတယ် ၊ အသည်းကွဲပါပြီ ဆိုပြီး အော်ဟစ် ညည်းညူ ကြသေးရဲ့လေ ။ ခပ်ကြမ်းကြမ်း ပြောရရင် အရမ်းပဲ မြင်ပြင်းကတ်စရာ အရူးရောဂါ တစ်မျိုးပါပဲ ။

မဆင်မခြင် ရူးသွပ်ခြင်း ၊ စွဲလမ်းရာ မရတော့တဲ့အခါ ထိတွေ့ ခံစားခွင့် မရတော့တဲ့ အခါ ဖြစ်တဲ့ ခံစားမှုကိုပဲ အသည်းကွဲ ပါပြီတဲ့လေ ။ ချစ်ချင်ချစ် ၊ မချစ်ချင်နေ အသည်းကွဲကွဲ ဘာပဲကွဲကွဲ လက်တွေ့ ဘဝမှာ ဆန်အိုး ထဲ ဆန်ရှိနေမှ ၊ ဆီအိုး ၊ ဆားအိုးတွေ ပြည့်နေမှ ၊ မီးဖိုချောင် သာယာနေမှ ။ ဒီလို သာယာဖို့ရာ ငွေ ရှိမှ ၊ ငွေ ရှိဖို့ရာ အလုပ်အကိုင် ရှိမှ ၊ အလုပ်အကိုင် ရှိဖို့ရာ လူတမ်းစေ့ဖို့ရာ ပညာတတ်မှသာ မဟုတ်ပါလား ။

တချို့မိန်းကလေးတွေ ရှိသေး ။ ဒီ ဘဲကို အသည်းခွဲ ပြမတဲ့ ။ ဟင်း ၊ ဘာ အားကိုးနဲ့ ခွဲမှာပါလိမ့် ။ သဘာဝကိုက မိန်းမသား ရှုံးနေပြီးသားချည်း ။ တွဲသားတွဲလာ လုပ်လို့ ဟိုဟာ ဒီဟာပါ မသွားဦးတော့ သိက္ခာက ကျနေပြီလေ ။ မိန်းမသား ဆိုတာ ရောင်းကုန် ၊ ပုရိသတွေ ဆိုတာက ဝယ်လက် ၊ ဒါကိုများ ဘယ်လို မာန်မျိုးနဲ့ ဣတ္ထိယတွေက အသည်းခွဲသမား အဖြစ် ခံယူချင်ကြသလဲ နားမလည်ပေါင် ။ အခု ခေတ်ကာလကြီးမှာလည်း အသည်းကွဲတဲ့ ပုရိသ ဆိုတာ ရှိမထင်ပေါင် ။

••••• ••••• •••••

“ နင် ခုထိ မိန်းမ မယူသေးဘူးလား ။ လူက ဘိုးဘွားရိပ်သာပဲ ရောက် တော့မယ် ”

စစ်ကိုင်းက ဆေးလိပ်ခုံ ပိုင်ရှင် အဒေါ်ကြီးက လူ တွေ့တိုင်း ဒါပဲ ။

“ တဲစုတ်ကလေးနဲ့ နေရတုန်း လာကြိုက်တာ ဆိုရင်တော့ လူကို မေတ္တာ ရှိလို့လို့ ယုံမိမှာပါ ။ ခုနေခါတော့ မယုံရဲဘူး ဒေါ်လေး ”

“ အေး .. အဲဒီလို ဇီဇာကြောင်နေ .. ဟင်း ၊ ဟဲ့ ငါ အလုပ်သမားတွေ ထဲမယ် ဟိုမှာ တွေ့လား ”

အဒေါ် ရဲ့ တိုက်တွန်းမှု ကြောင့် ကျွန်တော့် မျက်စိထဲ ရောက်လာကြတဲ့ ဆေးလိပ်သမ နှစ်ယောက် ။ တစ်ယောက်က မိုးယုစံ လိုလို ၊ တစ်ယောက်က မေသက်ခိုင် နဲ့ ခပ်ဆင်ဆင်ကလေး ။ ဆင်းရဲတယ် ။ ပညာမတတ်ကြဘူး ။ ကျွန်နဲ့ တူတဲ့ မယား ဖြစ်နိုင်တယ်ဟဲ့ ဆိုတဲ့ … အဒေါ့် စကားက ကျွန်တော့် လေး နဲ့ မြား ကို ချိန်ရွယ်စေလုလု .. အဲ .. အဲ .. ဒါပေမဲ့ သို့သော်လည်း …. ။

လေ့လာ နေခဲ့ရင်း တစ်ရက်သားမှာတော့ ဆေးလိပ်လိပ်ရင်း သူတို့ မိန်းကလေး အချင်းချင်း ရင်ဖွင့်နေသံကို ကြားရတဲ့ အခိုက်မှာတော့ ကျွန်တော့် မပါ့တပါ စိတ်ကလေး ဟာ မုန့်လေပွေ ဆင်အနင်း ခံရသလိုမျိုး တစ်စစီ ၊ တစ်ပဲ့စီ ကျိုးကြေမွ သွားခဲ့ရပြန်ပါရော ။

“ ဟို ကားထဲမှာ မိုးဟေကို လှချက်အေ ၊ ဝတ်ထား လိုက်တာ မျက်စိထဲကကို မထွက်ဘူး ။ ဒီ တစ်ပတ် ပိုက်ဆံ ရှင်းရင်တော့ အမေ့ကို ပေးမနေတော့ဘူး ။ အဲဒီ ဒီဇိုင်း ပြေးဝယ်မယ် ။ ဟင်း ... ပိုက်ဆံများ ရှိလို့က တော့လားအေ တစ်နေ့ တစ်မျိုး မရိုးရအောင်လို့ ပြင်ဦး ဝတ်ဦးမှာ ။ သူဌေး တစ်ယောက်လောက် ရရင် ကောင်းမယ် ”

နောက်တစ်ယောက် ပက်ပက်စက်စက် ရင်ဖွင့်တာလည်း ကြည့် ။

“ မြင့်မြတ်အေ ကြည့်လို့ ကို မဝဘူး ။ နေမင်းကလည်း အသည်း ယားစရာကြီး ... ဟင်း ဟင်း .. ငါကတော့ ပိုက်ဆံ ရှိရှိ မရှိရှိ ချောလို့ကတော့ ယူမယ် ။ နှစ်ယောက် ရလည်း ပေါင်းမယ်အေ ။ လုပ်ကျွေးဆိုလည်းပဲ ကျွေးလိုက်မယ် ”

ကဲ တွက်သာကြည့်ကြပါတော့ ။ ၂ဝ ရာစု မဗျိုင်း နဲ့ ပဒုမပေါင်တိုဇာတ်ကို ကွက်ခနဲ ပြေးမြင်မိတယ် ။ နောက်ရက် မချော နှစ်ယောက်ကို စေ့စေ့ မကြည့်ရဲတော့ပါဘူး ။ အဒေါ် က

“ နင့်ကိုက ဇီဇာကြောင်တာ ။ ဒီလိုပြောတိုင်း ဖြစ်လာမှာမှ မဟုတ်တာပဲဟာ ”

“ အဲဒါ သူတို့စရိုက်နဲ့ ဗီဇကို ဖော်ပြလိုက်တာပဲလေ ။ မယ်မင်းကြီးမလို ၊ မဗျိုင်းလို ပြီးတော့ လင်ကို ဒုက္ခပေးမယ့် အစားထဲက ဟာတွေပါ ”

နောက်တော့လည်း ပညာ တတ် ငွေရှိလို့ လေ့လာမိတဲ့ မဖုရားတွေလည်း တွေ့ ရပါရဲ့ ။ အိမ်ထောင်တော့ တွေ့ ပြုချင်ပါရဲ့ ။ လင့် ဒုက္ခဝတ္တရား ဘာမှ မလုပ်ချင်ပါဘူး ဆိုသူ ၊ မီးဖိုချောင်လည်း မဝင်ချင် ၊ စီးပွားရေးလည်း မလုပ်ချင် ၊ ဝတ်စားသုံးဖြုန်းချင်ရုံသက်သက်တွေ ။

စာပေအနုပညာ ဝါသနာ ဘာမှမရှိတဲ့ ဟာမတွေ ။ အိုး ... စုံလို့ စုံလို့ ။ ဒီ မှော်ရုံတောထဲမှာ တဝဲလည်လည်နဲ့ ဘာသားကောင်မှ မရနိုင်ခဲ့တဲ့ အသက် ၃၄ နှစ်ထဲ ချဉ်းနင်း ဝင်ရောက် လာခဲ့တဲ့ အထိ ။

••••• ••••• •••••

ကာလပြောင်းပြန် မိန်းမ နောက်ပိုးတွေရဲ့ ဒဏ်လည်း အလူးအလဲ ခံစားခဲ့ရဖူးတော့ အပျိုလေး ၊ အပျိုကြီး ၊ တစ်ခုလပ် ၊ မုဆိုးမ ဘယ် အိမ်ကိုမှ အပေါင်းအသင်း မလုပ်ရဲတော့ပါ ။ ကျွန်တော် ချစ်ချင်တဲ့ မိန်းမသား ဆိုတာက ခြောက်ပြစ်ကင်း သဲလဲစင် မဟုတ်ပေမယ့်လည်း ဒီလိုဟာတွေထဲ ကတော့ မစမ်းသပ်ရဲပြန် ။

‘ မချစ်လို့ပါ ။ ချစ်ရင် ဘာမဆို နားလည်တယ် ၊ ပေးဆပ်တယ် ၊ ခွင့်လွှတ်တတ်ပါတယ် ’ လို့ ဆိုသူက ဆိုရဲ့ ။ အမယ်လေး အမြဲတမ်း ပေးနေရရင် ၊ ယူနေရရင် ကော ဆက်ဆံရေးက အမြဲတမ်း သာယာနိုင်မှာတဲ့လား ။ ကျွန်တော် မသေချာပါဘူး ။ ကြာရင် စိတ်ပျက် စိတ်နာတွေနဲ့လည်း ဇာတ်သိမ်း သွားနိုင်တယ်လေ ။ တချို့က ဆိုတယ် ။

“ ညှိယူ ၊ အပေးအယူနဲ့ နားလည်မှု ရအောင် လုပ်ပေါ့ ”

ဆိုကြသေးရဲ့ ။ နှစ်ယောက်လုံးက ချစ်တယ် ဆို ၊ ဘာလို့ ညှိနေကြသေးတာတုံး ။ ညှိနေရပြီ ဆိုကတည်းက မချစ်ကြလို့ မဟုတ်ဘူးလား ။ ဝါသနာ မတူ ၊ စရိုက် မတူညီကြတာတွေကို အချစ်က ‘ တူညီစေ ’ ဆိုပြီး စေ တစ်လုံးပိုင် မလုပ်ပေးနိုင်တာ ထင်ရှား မနေဘူးလား ။ တကယ်တော့ လူဟာ ကိုယ့်ကိုယ်ကိုပဲ ချစ်တတ်တဲ့ သတ္တဝါပါ ။ သူတစ်ပါးကို ချစ်တယ် ဆိုတာလည်း တကယ်တော့ ကိုယ်စိတ်ဆန္ဒ ပြည့်ဝဖို့ ရာက အဓိက ဦးစားပေး ဖြစ်နေတာ သတိ မပြုကြလို့ပါ ။ ကိုယ့်ကို ပြန် ချစ်စေချင်တာ ၊ အတူ နေချင်တာ ၊ ပြုစုတာ ခံချင်တာ ၊ သာယာမှုတွေ ၊ ဖဿတွေ ခံစားချင်တာ ဒါတွေ အားလုံးဟာ ကိုယ့်ကိုပဲ ပဓာန ပြုနေတာပဲ မဟုတ်ပါလား ။ အဲ တစ်ဖက်သား အတွက် ငဲ့ကွက်မှု ၊ စာနာမှု ၊ ပေးဆပ်မှု ပါနေရင်တော့လည်း ‘ မေတ္တာ ’ ရဲ့ ရောစပ်မှုက ရှိနေမှတော့ လက်ခံရမှာပါပဲ ။

ကျွန်တော်ကတော့ အနည်းဆုံး တစ်နေ့ကို တစ်ခါ ရေမချိုးတဲ့ မိန်းမနဲ့ အတူနေဖို့ ၊ အိပ်ဖို့ရာ မဖြစ်နိုင်ပါ ။ ခန္ဓာကိုယ်က မကောင်းတဲ့ အနံ့ တစ်ခုခု ထွက်နေသူကို ကျွန်တော်က စိတ်ပျက်တတ်သူလေ ။ တစ်အိပ်ရာတည်း အိပ် ကြတော့ ဟိုအနံ့ ၊ ဒီအနံ့ ဟင်း … စဉ်းစားရင်း တောင် မှပဲ ရွံစလွန်မွန်တွန်ကြီးပါ ဗျာတို့ရယ် ။ ချစ်လှချည်ရဲ့ဆိုပြီး အဲဒီ မိန်းမဆီက ထွက်လာတဲ့ လေပုပ်တွေကို ရှူမနေနိုင်ပေါင် ။ ကဲ ... ဒီတစ်ခါ တော့ ကျွန်တော် ဇီဇာကြောင်တာ လွန်ကဲသွားပြီလား ။ ပုထုဇဉ် မှန်သမျှ အနည်းနဲ့ အများတော့ ဇီဇာကြောင်ကြ သူတွေချည်း ။

‘ တော်တော် အထီးကျန်တဲ့ သူ ’ လို တချို့က သမုတ်ကြတာခံရတဲ့ ကျွန်တော် ၊ လက်တွေ့ ဘဝမှာတော့ အဲဒီ အထီးကျန်ခြင်း ဆိုတာကပဲ ငြိမ်းချမ်းမှု ရာခိုင်နှုန်း အတော်များများ ပါဝင် ပတ်သက်နေတာ အသေအချာပါ ။ ရန်ဖြစ် ၊ ငြင်းခုံ ၊ စိတ်ကောက်တဲ့ သဘာဝတွေ ကျွန်တော် မလိုလားပါ ။ နှစ်ယောက် ဖြစ်လာမှ ရန်ဖြစ်နေရင် ဘဝက ဘယ်မှာ ငြိမ်းချမ်းမှာတုံး ။

‘ လျှာ နဲ့ သွား ’ တဲ့ ။ တင်စားကြတာက ကိုက်မိကြတော့ နာရော ၊ လျှာကပဲ နာတဲ့ ဘက်က နေရတာလေ ။ ကျွန်တော်က မချော့တတ်တော့ စိတ်ကောက်တဲ့ မယားနဲ့ ဆို သေပြီ ။ အဲ သူသေမှာ ကို ပြောတာ ။ ကျွန်တော်က မချော့လို့လေ ။

တကယ် အလိုချင်ဆုံး ဘဝ အဖော်ကို ပြောရရင်တော့ ဆရာဝန် စာရေးဆရာမပေါ့ ။ ဟဲဟဲ ... အဲအဲ အသက်ကြီး လို့တော့ မဖြစ်ဘူးပေါ့နော်ဗျာ ။ ပြီးတော့ ကျွန်တော်က ချစ်ပြီးမှ မပေါင်းချင်ဘူး ။ ဘိုဆန်တယ် ပြောပြော ဘာပဲ ပြောပြော ပေါင်းပြီးမှ တဖြည်းဖြည်းကလေး အနှေးကလေးနဲ့ ချစ်သွားချင်တာ ။ ကျည်ဆန်လို ယာဉ်ကြီး မစီးချင် ၊ ငှက်မွေးကလေး လေ ထဲလွင့် မျောနေသလိုမျိုး တရွေ့ရွေ့ တငြိမ့်ငြိမ့် စီးမျောနေရတာမျိုး ။

ပြီးတော့ ကြံကို အဖျား ကနေ စုပ်ပြီး တဖြည်းဖြည်း အရင်းကို တိုးတိုးသွားလေ ပိုချိုလေ ။ အဲဒီ အချစ်မျိုး ။ ကြာလေ ကြီးလေ အဲ အသက်ကြီးလေ ပိုချစ်လေ ဆိုတဲ့ ဘဝရဲ့ အချိန်တွေနဲ့ တစ်ပြေးညီ ရှင်သန်ပြီး အရသာ ရှိနေမယ့် အချစ်နဲ့ ဘဝမျိုး ။ အဲဒီ အဖော်ဆိုသူဟာ ဟာသဉာဏ်လည်း ရှိဖို့ရာ လိုအပ်ပါတယ် ။ အေးလည်း ပြုံးပြုံး ၊ ပူလည်း မငြူစူတဲ့ စိတ်ထားရှိသူ ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ ။ တစ်ပါးသူကို ကူညီ တတ်တဲ့ ပရဟိတစိတ်ထားရှိသူ ဆိုရင်တော့ တန်ဖိုးထား မြတ်နိုးရမှာပေါ့ ။

ကိုယ်က တစ်ခုခု ပေးလိုက်တဲ့ သက်ရောက်မှုမှာ သင့်တော်ရာ တစ်ခုခုနဲ့ ပြန်လည် သက်ရောက်တတ်တဲ့ အပြန်အလှန် သဘောတရားကို ဝတ္တရား တစ်ခုလို မယူဆဘဲ စိတ်ပါလက်ပါ သဘာဝ အလျောက် ပြုမူတတ်သူ ဖြစ်ဖို့ကလည်း လုံးဝ မရှိ မဖြစ် ၊ မပါ မဖြစ် ၊ အချစ် … ရယ် ၊ ရုပ်ဝတ္ထု ပစ္စည်း ၊ ပညာ ၊ ဝါသနာ ဒါတွေအားလုံး စည်းချက်ညီနေတဲ့ ‘ အချစ် ’ မျိုး ဆိုရင်တော့ ၊ အဲ ... ရှိနေမယ် ဆိုရင်တော့ ကျွန်တော်က အပူ ပေးချင်ပါသေးတယ်လေ ။ တချို့ မမမူမူ တို့က ‘ အပူ မရှာချင်တော့ဘူး ’ ဆိုလို့ တပ်လည်း ခေါက်ခဲ့ရဖူးပါပကောလေ ။

တချို့ကျတော့ လည်း Over Confidence ဖြစ်လွန်း ၊ တချို့ကျတော့လည်း ဟို သတင်းကြား ၊ ဒီ သတင်း ကြား မကပ်ရဲ ။ ဒီလိုနဲ့ပဲ ခင်တန်းကိုလည်း လွန်ခဲ့ ၊ ဗျိုက်တောကိုလည်း ကျော်ခဲ့ပြီး မှော်ရုံတောထဲ ဝင်ခဲ့မိပါပေါ့ ။ ခုထိ မထွက်နိုင်သေးဘူး ။ ဘယ် သားကောင်မှ မပစ်ခတ်ရသေးဘူး ။ ဒီ မုဆိုးကို သားကောင်တွေကပဲ ဝေးဝေးက ရှောင်ရှားလေကြရော့သလား ... ။

ဒီ အချစ် မှော်ရုံတော ဆိုတဲ့ ရပ်ဝန်းထဲမှာ ဒီ မုဆိုး တစ်ယောက်ကတော့ဖြင့် မျက်စိလည်ပြီးရင်း လည်ရင်း ... ။  ။

⎕ လမင်းမောင်မောင်
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ၂၀၁၅ ၊ ဧပြီ

No comments:

Post a Comment