Saturday, June 20, 2026

ဆရာဝန်ကတော် လုပ်ချင်လို့

❝ ဆရာဝန်ကတော် လုပ်ချင်လို့ ❞
           ( ပီမိုးနင်း )

ထဘီရင်ရှားနှင့် မိန်းမပျိုကလေးတစ်ယောက်သည် ကန်တော်ကြီးအနီး ဆေးဆိုင်တစ်ဆိုင်ထဲသို့ ဝင်၍ သွားပြီး တံခါးကို ကျောမှီကာ နောက်ပြန်ပိတ်၍ ထားလေ၏ ။ သို့နေရင်း ဆရာဝန်ကလေး မောင်စောအား တောင်းပန်သော မျက်နှာထားနှင့် ကြည့်၍ နေလေ၏ ။ ၎င်းသည် ကိုယ်အင်္ဂါ သေးသွယ်ပြေပြစ်သော ၊ အသွင်ရှိ လေ၏ ။ အသားမှာ ဝင်းဝင်းရှိနေ၏ ။ ဆံပင်မှာ အညွန့် အခက် ဝေဆာသကဲ့သို့ နဖူးအထက်၌ ကွေ့လိမ်လျက်ရှိ နေ၏ ။ ထဘီဝါဝါလေးမှာ ဒူးအထက်သို့ ရောက်လု ခမန်းရှိလေ၏ ။ ရှေ့ထိုး ဖိနပ်ကလေး တစ်ရံကိုလည်း စီး၍ ထားလေ၏ ။ ထိုနေ့မှာမူ တိတ်ဆိတ် ငြိမ်၍နေလေ၏ ။ အကြောင်းမူကား ဆရာဝန်ကြီးနှင့် ကွန်ပေါင်ဒါ မှ စ၍ ဘောဂရောင်းထဲ၌ ရှိသော ကုလားတရုတ်ဘန်းပွဲသို့ ရောက်၍ နေကြလေ၏ ။ ဆရာဝန်ကလေး မောင်စော ကား အပြင်ကို မထွက်ပေ ။ ၎င်းသည် အပျော်ပါးကို လိုက်စားသူ မဟုတ် ။ ၎င်းသည် သေးငယ်သော အလုပ်ခန်းကလေး၌ ထိုင်လျက်နေလေ၏ ။ ၎င်းသည် စိတ် ရောဂါတစ်ခုကို ခံစား၍ နေရသူ ဖြစ်လေ၏ ။ ထိုစိတ်ရောဂါသည်ကား စိတ်နှလုံးကို သွေးနောက်စေသော ရောဂါဖြစ်လေ၏ ။ ထိုရောဂါကား တင့်စိန် ခေါ်သော မိန်းမပျိုကလေးတစ်ယောက်နှင့် ချစ်ခင်ခဲ့သည့် အကြောင်းကို မေ့လျော့အောင် ကြိုးစားနေရသော ရောဂါ ဖြစ်လေသည် ။

ထိုနေ့မွန်းလွဲအချိန်၌ တင့်စိန် ဟု ခေါ်သော မိန်းမပျိုကလေးတစ်ယောက် မိမိ အလုပ်ခန်းထဲသို့ ထဘီ ရင်ရှားနှင့် ရောက်၍ လာလိမ့်မည်ဟု ဗေဒင်ဆရာတစ်ယောက်က ဟောပြောလျှင် ဆရာဝန် မောင်စောသည် ရယ်မော၍ ပစ်ပေလိမ့်မည် ။ ထဘီရင်ရှားနှင့် မိန်းမပျိုကလေးကား တင့်စိန် အစစ်ပင်ဖြစ်လေ၏ ။ ဆရာဝန်ကလေးသည် တင့်စိန်ကို တင့်စိန်ပင် ဖြစ်လေသလားဟု မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ကြည့်၍နေလေ၏ ။

“ တင့်စိန် ” ဟု ခေါ်လိုက်ပြီးနောက် မိမိနှင့် တင့်စိန် သူစိမ်းပြင်ပြင် ဖြစ်၍ နေသည်ကို မေ့လျော့၍နေပြီး သတိရလေ၏ ။ ထိုအခါ ထိုင်ရာက ထပြီး သူစိမ်းများကို နှုတ်ဆက်သကဲ့သို့ “ ကိစ္စရှိရင် ပြောပါ ” ဟု ပြောလေ၏ ။

မိန်းမပျိုကလေးသည်ကား ပြေး၍ လာရသဖြင့် မောဟိုက်၍ နေသောကြောင့် စကားပြန်၍ မပြောနိုင်ပေ ။

“ ရေကူးမလို့လား ” ဟု ဆရာဝန် မောင်စောက မေးပြန်၏ ။

မိန်းမပျိုကလေးက “ မဟုတ်ပါဘူး အဝတ်အစား ပျောက်နေလို့ပါ ” ဟု ပြောလေ၏ ။

ဆရာဝန်မောင်စောသည် ဦးခေါင်းကို ညိတ်လေ၏ ။ ခေါင်းညိတ်ပုံမှာ မိန်းကလေးတစ်ယောက်သည် မိမိ အခန်းထဲသို့ ပြေးဝင်၍ လာပြီး အဝတ်အစားပျောက်သည် ဟူသော အကြောင်းကို ပြောပြသည်မှာ ဦးနှောက် မနှံ့သကဲ့သို့ ဖြစ်လေ၏ ။ ထိုနောက် မိန်းမပျိုကလေး ပြောမည့်စကားကို နားစွင့်၍ နေလေ၏ ။

“ ဒီနေ့ မူဆာကြီးတို့ ဘတ်စ်ကားနဲ့ ကန်တော်ကြီးမှာ ရေချိုးဖို့ လိုက်လာတယ် ။ ရေချိုးနေရင်း ကန်တော်ကြီး ကမ်းပါးနားမှာ အင်္ကျီထဘီများကို ပုံထားခဲ့တယ် ။ ရေချိုးပြီး တက်လာတော့ ဒီအဝတ်တွေကို မတွေ့ဘူး ။ ကျွန်မ ဘာကို လုပ်ရမှန်းမသိလို့ ဒီကို ပြေးလာတာပဲ ။ ဆရာ လည်း ဒီမှာ ရှိလိမ့်မယ် ထင်တာမို့ ပြေးလာခဲ့တာပါ ၊ ဒီနေရာဟာ အနီးဆုံး နေရာပဲ ”

“ မင်း ငါ့ကို ဘယ်တော့မှ မတွေ့ချင်ဘူးလို့ ပြောဖူးတယ် မဟုတ်လား ”

“ ကျွန်မ ဒီကို လာရတာတော့ အရပ်ထဲမှာ ထမီရင်ရှား မသွားနိုင်လို့ လာပါတယ် ၊ ဆရာစောက နည်းနည်း အဆန်း ဖြစ်နေမှာပေါ့လေ ” ဟု ပြောလေ၏ ။

“ ခွကျတာပဲ ။ မင်း အလုပ်ကို မင်း ဂရုစိုက်ရမှာပဲ ။ တစ်နေ့နေ့ ဆရာမကြီး ဖြစ်ချင် ဖြစ်မှာကိုး ”

ထဘီရင်ရှားနှင့် မိန်းမကလေးသည်ကား ခိုက်ခိုက်တုန်၍နေလေ၏ ။ သို့ ချမ်း၍ နေသည့်အခါ ဆရာမနှင့် လားလားမျှမတူပေ ။ စကားများရန်လည်း စိတ်မရှိပေ ။

“ ဆရာ ကျွန်မကို တစ်နည်းနည်းနဲ့ မကူညီနိုင်ဘူးလား ” ဟု မေးလေ၏ ။

“ မင်း အဝတ်များကို သူတို့ တွေ့သလားလို့ ငါ တယ်လီဖုန်းနဲ့ ဂါတ်ကို မေးလိုက်မယ်လေ ”

“ မလုပ်ပါနဲ့ ” ဟု မိန်းမပျိုကလေးက ကြောက်ရွံ့စွာ ပြော၏ ။

“ ဒီအကြောင်းကို ဘယ်သူမှ မသိစေချင်ဘူး ။ ကျွန်မကျောင်းမှာ နေရတာပါ ။ ဆရာမကြီးမအေးမေဟာ ကျောင်းသူအားလုံးကို ခေါ်ပြီး နပန်းပွဲကို သွားတယ် ။ ကျွန်မ ကျောင်းစောင့် နေရရစ်တယ် ။ သို့သော်လည်း ဒီကနေ့ဟာ အိုက်လွန်းလို့ ရေကူးချင်တာနဲ့ ဆရာမကြီး နဲ့ ကျောင်းသူတွေ ပြန်မရောက်မီ ကျွန်မ ကျောင်းကို ပြန်နိုင်လိမ့်မယ် မှတ်ထင်ပြီး ဘတ်စ်ကားစီးကာ ကန်တော်ကြီးကို လာခဲ့တယ် ။ ဒီနောက် အဝတ်တွေ ပျောက်သွားတော့ မကြံတတ်လို့ ဒီနေရာကလည်း အနီးဆုံး ဖြစ်တာနဲ့ ဆရာလည်း ဒီမှာ ရှိလိမ့်မယ်ထင်လို့ ပြေးလာခဲ့တာပဲ ”

“ နို့ ငါ ဘာလုပ်ပေးရမလဲ ”

“ အဝတ် တစ်ခုခုရအောင် မကြံနိုင်ဘူးလား ”

“ ဒီဟာ ဆေးဆိုင် ။ အပ်ချုပ်ဆိုင် မဟုတ်ဘူး ”

“ ဈေးလည်း ရှိပါတယ် ၊ ဘီလူးမဈေး ဖြစ်ဖြစ် တာမွေဈေး ဖြစ်ဖြစ်ပေါ့ ”

ဆရာဝန်မောင်စောသည် ရှက်သကဲ့သို့ ဖြစ်ပြီး မျက်နှာနီမြန်း၍ သွားလေ၏ ။ ထို့နောက် “ မင်းအဟုတ် ငါ့ကို ဈေးသွားစေချင်သလား ။ ငါ ဈေးကိုသွားပြီး မိန်းမ အဝတ်ကို ဝယ်ရင် လူတွေက ဘာပြောမလဲ ။ တွေ့ကရာ တွေကို ထင်တိုင်းပြောနေကြတော့မှာပဲ ။ မင်း ငါ့ကို စော်ကားပြီး အခု ဒါကို ခိုင်းတာလား ”

“ ကျွန်မ မစော်ကားပါဘူး ။ စော်ကားတာက ရှင်ပါ ”

“ ငါကလားကွယ် ” ဟု ဆရာစောက ပြောလေ၏ ။

“ ဆရာက ကျွန်မကို ထောင်လွှားတယ် ။ အသုံးမကျဘူးလို့ ပြောတယ် မဟုတ်လား ။ ကျွန်မဟာ မိန်းကလေးတွေကို ခိုင်းနေကျသည့်အတွက် လူတိုင်း ခိုင်းနိုင်တယ်လို့ ထင်နေတယ် ၊ ဆရာ ပြောတယ် မဟုတ်လား ”

ဆရာဝန်ကလေးသည် တင့်စိန်ကို စိုက်ကာ ကြည့်လျက် ဒီလောက် လှတဲ့ နှုတ်ခမ်းကလေးက ဒီလို စကားမျိုးကို ပြောတတ်သလားဟု မေး၍ နေလေ၏ ။

“ အေး ငါ ဒါကို ပြောတာလား ။ မင်း အလုပ်ဟာ ငါ့ထက်အ ရေး ကြီးတယ်လို့ မင်းက ပြောလို့ပါကွယ် ”

“ ပြောမှာပေါ့လေ ”

“ မင်းအခုတောင် ခေါင်းမာတုန်းပါလား ”

“ အခု ကျွန်မ သေမလောက် ချမ်းနေတဲ့အထဲမှာ ဆရာက အေးအေးဆေးဆေး မတ်တတ်ရပ်ပြီး စကားပြောနေတာများဟာ အံ့သြပါရဲ့ ဆရာ ကျွန်မကို မကူညီချင်ရင် ထွက်သွားပါတော့မယ် ”

ဆရာဝန်သည် တင့်စိန်ကို မကြည့် အခြားကို ကြည့်နေ၏ ။ အကြောင်းမူကား တင့်စိန်ကို ဆက်လက်၍ ကြည့်နေချေက ၎င်းကို နမ်းရှုပ်မိလေမလား ။ သို့မဟုတ် တစ်ခုခု လုပ်မိလေမလားဟု စိုးရိမ်မိလေ၏ ။ မိမိ ချုပ်တည်း၍ထားသော ချစ်စိတ် ပြန်၍ ပေါ်လာမည်ကို ကြောက်လေ၏ ။ မျက်နှာမှာ အလွန်စိတ်ဆိုးသော အသွင်ကို တမင် ဆောင်၍ထားလေ၏ ။

“ ငါ မင်းကို ကူညီရင် မင်း ကူညီရန် ထိုက်သင့်လို့ မထင်ပါနဲ့ ။ ငါ့ဆရာကြီး ယနေ့ ဒီအချိန်မှာ လာလိမ့်မယ် ထင်လို့ ကူညီတာပါ ။ သူ လာရင် မင်းကို မြင်သွားလိမ့် မယ် ။ မြင်ရင် ငါ့ကို ဘယ့်နှယ် ထင်မလဲ ။ ဒီလို မိန်းမကလေးတွေကို အလုပ်ခန်းထဲမှာ လက်ခံတတ်တယ်လို့ ထင်မှာပဲ ။ ဒီလို ထင်ရင် ငါအများကြီး နစ်နာလိမ့်မယ် ”

တင့်စိန်သည် ၎င်းအား ဒေါသနှင့် ကြည့်လေ၏ ။ တင့်စိန်သည် စကား မပြောပေ ။ ပြောဖို့ရန်လည်း ထိုအခါ၌ စိတ်မရှိ ။ သို့သော်လည်း အဝတ်များ ရ၍ အချမ်းပြေလျှင် အများကြီး ပြောစရာရှိသည် ဟူသော မျက်နှာကို ထားလေ၏ ။

“ ဒီအဝတ်များအတွက် အတိုင်း ပြောဖို့ လိုသေးသလား ” ဟု ဆရာဝန်က မေးလေ၏ ။

“ ကျွန်မ အဝတ် တစ်ခုခုကိုသာ လိုချင်တယ် ။ အတိုင်းအထွာအတွက် အရေးမကြီးပါဘူး ”

“ ငါ ရရာကို ယူလာခဲ့မယ် ။ ငါ ပြန်လာသည့်တိုင်အောင် စောင့်နေ ။ တစ်စုံတစ်ယောက် ဒီအခန်းကို ဝင်မလာနိုင်အောင် သော့ခတ်ထားခဲ့မယ်နော် ” ဟု ဆရာဝန်က ပြောပြီးထွက်၍သွားလေ၏ ။

ဆရာဝန်သည် စိတ်လက်လေးလံစွာနှင့် လျှောက်သွားလေ၏ ။

တင့်စိန်ကို ဘယ်သောအခါမျှ တွေ့ရတော့မည် မဟုတ်ဟု မျှော်လင့်ခဲ့၏ ။ ၎င်းတို့ နောက်ဆုံးတွေ့ ခဲ့စဉ်က ပြောကဲ့သည့်စကားများကို သတိရလေ၏ ။ ၎င်းတို့သည် ကွဲ၍ နေမှကောင်းမည်ဟု နှစ်ယောက်စလုံး ပြောခဲ့၏ ။

ဤကဲ့သို့ ကွဲကွာလာရသည်မှာ ဆရာမကြီး မအေးမေ၏ ပယောဂ ဖြစ်လေသည် ။ ၎င်းဆရာမကြီးသည် အချစ်အကြောင်းကို နားမလည်သဖြင့် မိမိ၏ လက်ထောက်ဆရာမများမှာ ယောက်ျားသူငယ်များ မရှိရ ဟု ကျပ်တည်းစွာ ပညတ်၍ ထားလေ၏ ။ ထိုကဲ့သို့ ပညတ်သော အချိန်၌ ဆရာဝန် မောင်စော ရောက်၍ လာသောအချိန် ဖြစ်လေ၏ ။ ထိုအချိန် တင့်စိန်၏ စိတ်တွင် မိမိ၏ အလုပ်၌ ဆရာဝန်မောင်စောသည် အရေးကြီးသည်ဟု စိတ်ကို ပိုင်းလိုက်သောအခါ ဖြစ်လေ၏ ။

ထိုအကြောင်းများကို တွေး၍ သွားစဉ် အထည်ဆိုင်များကို ရောက်၍ သွားလေ၏ ။ ထိုနေ့မှာ အထည်များ စောစောပိတ်သောနေ့ ဖြစ်လေ၏ ။ ဆိုင်အားလုံး ပိတ်၍ ထား၏ ။

တင့်စိန်အား အဝတ် ဝယ်၍ မရကြောင်း ပြန်၍ ပြောရလျှင် နေရာကျမည်မဟုတ် အဝတ်များကို ဝယ်ပေးမည် ဟူသော ကတိနှင့် လာသူဖြစ်လေရာ ဝယ်ပြီးမှသာ ပြန်မည်ဟု အောက်မေ့လေ၏ ။

ထို့နောက် မိမိ ထမင်းလခပေး၍ စားသော မခင်ကို သတိရပြန်၏ ။

မခင်သည် တင့်စိန်ထက် ကိုယ်လုံးကိုယ်ထည် သုံးဆခန့်ကြီးလေသည် ။ အာပေါင်အာရင်း နှုတ်လျှာ ကြမ်း၏ ။ စိတ်ကောင်းသည့် အခါလည်း ကောင်း၏ ။ မောင်စောသည် စိတ်အားထက်သန်စွာနှင့် မခင် အိမ်ကို သွားလေ၏ ။ မခင်အိမ်ကို သွားသောအခါ မခင်လည်း နပန်းပွဲကို သွားသည် ။ တံခါးအနီး၌ကပ်၍ ထားသော စာသားအရ ဆရာစော သိရလေ၏ ။ ဆရာဝန်က ထို့ အပြင်မှ ထိုစာကို ဆွဲစုတ်ကာ ချေမွပစ်၏ ။

အခန်းထဲသို့ ဝင်၍ သွားလေ၏ ။ မီးဖိုသို့ ရောက်၍ သွားသောအခါ အခစား ဘောင်တွင် ချိတ်၍ထားသော လုံချည်အဝါကွက်ကြီး တွေ့သဖြင့် အံ့အားသင့်၍ သွားလေ၏ ။ ထိုအဝတ်ကိုဖြုတ်၍ ယူလိုက်သောအခါ အင်္ကျီ တစ်ထည်ကို ထိုလုံချည်အောက်တွင် ရှိလေ၏ ။ “ ငါ မခင်ကို နောက်တော့ ပြောပြမယ် ” ဟု စိတ်၌ အောက်မေ့ကာ ထိုဆရာဝန်သည် ထိုလုံချည်နှင့် အင်္ကျီကို ယူ၍ ဖြန့်ကြည့်ကာ တင့်စိန်နှင့် တော်လိမ့်မည်ဟု ဆရာစော လက်မောင်း အောက်၌ ညှပ်၍ဆင်းသွား၏ ။ မိမိ၏ ဆေးတိုက်အလုပ်ခန်းသို့ရောက်လေ၏ ။ တင့်စိန်သည် မိမိ စောင့်လျက် နေရာ၌ အချမ်းပြေအောင် ကိုယ်လက် လှုပ်ရှား၍ နေသည်ကို မြင်ရလေ၏ ။ ဆရာဝန်လေးသည် ကြည့်၍ ကောင်းသဖြင့် မော့၍ ကြည့်သည်တိုင်အောင် စိုက်၍ ကြည့်နေလေ၏ ။

“ တကတဲ ကြာလိုက်တာ ” ဟု တင့်စိန် ပြော လေ၏ ။

ဘိုးစောသည် လက်မောင်းအောက် လုံချည်နှင့် အင်္ကျီကို တင့်စိန် အနီးရှိသောအပေါ်၌ ချ၍ ထားခဲ့လေ ၏ ။

တင့်စိန်သည် အင်္ကျီနှင့် လုံချည်ကို ကြည့်ပြီး

“ ဒါ ဘယ်ကရသလဲ ”

“ ကျွန်မ ဒါပဲ ဝတ်ရလိမ့် ထင်တယ် ” ဟု တင့်စိန်က ပြောလေ၏ ။

“ ကျွန်မ ကျေးဇူးတင်ပါတယ် ။ ဒါပေမဲ့ အပွင့်ဝါဝါတွေက ကြောက်စရာကြီးတွေပဲ ၊ အရောင် မတောက်ရင် ကောင်းမှာပဲ ။ ဆရာကြီး မအေးမေ ဒီလုံ ချည်ကို ဝတ်လာတာ မြင်ရင် သိပ်ပြီး လန့်သွားမှာပဲ ။ ဒီလို အဝတ်မျိုးကို ကျွန်မ တစ်ခါမှ မဝတ်ဖူးဘူး ”

ထိုအတွင်း၌ ကားတစ်စီး ဆိုက်လာသော သံကို ကြားရလေ၏ ။

ဆရာဝန်ဘိုးစောသည် ပြတင်းပေါက်မှ အပြင်သို့ ပြူ၍ကြည့်လေ၏ ။

“ အလို ဒေါက်တာကြီးပါလား ။ မင်း အပြင်ကို ထွက်သွားရလိမ့်မယ် ထင်တယ် ” ဟု တင့်စိန်ကို ပြောလေ၏ ။

“ ဘယ်ကို သွားရမလဲ ”

ဆရာစောသည် တင့်စိန်ကို ကြည့်လျက်နေလေ၏ ။ အတင်းနှင်ရန်လည်း မဖြစ်နိုင် ။ နှင်ထုတ်၍ ထွက်သွားရလျှင်လည်း ဆရာကြီး မြင်ဖို့သာ ရှိ၏ ။ ဆရာကြီး ဦးသာလှသည် ဝဖိုင့်ဖိုင့် ကိုယ်နှင့် တောင်ရှည်ပုဆိုးကြီးကို ခါး၌ပတ်လျက် ကားပေါ်မှ ဆင်း၍ လာလေ၏ ။ ဆရာစောက တင့်စိန်အား “ မင်း ငါ့စားပွဲအောက်ကို ဝင်ပုန်းမှ ဖြစ်မယ်ထင်တယ် ၊ အသံ မမြည်စေနဲ့နော် ။ အသံမြည်ရင် ငါတော့ သွားရလိမ့်မယ် ။ ဒီဆရာကြီးထံမှာ တပည့် ခံရတာဟာ အင်မတန် ကံကောင်းတာပဲ ။ ကျောင်းက ထွက်စဉ်က သူ့တပည့် ခံချင်တို့ ဘယ်လောက်ကြံကြတယ် ဆိုတာ သိရဲ့လား ”

စားပွဲမှာ အတော်ကြီးသော စားပွဲဖြစ်၏ ။ ထိုစားပွဲ အောက်၌ ကျဉ်းကျဉ်းကျပ်ကျပ်ပင် ဖြစ်သော်လည်း တင့်စိန်သည် မမြင်ရအောင် ဖုံးကွယ်၍ နေနိုင်၏ ။ ဆရာကြီးဦးသာလှသည် စိတ်လက်သာ ကြည်စွာနှင့် “ ဂွတ်အာဖတာနွန်း ” ဟု နှုတ်ဆက်၍ ဝင်လာလေ၏ ။

“ အလုပ် , လုပ်တုံးပဲလားကွဲ့ ” ဟု ကြည်ဖြူ ခင်မင်သော အသံနှင့် ဆရာကြီး ဦးသာလှက ပြောလေ၏ ။ ထို့နောက် စကားဆက်ကာ “ မင်းလည်း တခြားလူများလို ဝမ်ဘောက်ချောင်တို့ကို သွားကြည့်ချင်လိမ့်မယ်လို့ ။ ဒါကြောင့် ငါဝင်လာတယ် ။ မင်း အလုပ်ကောင်းတဲ့ လူပဲ ။ ဒီအတွက် ငါသဘောကျတယ် ။ ငါ့အခန်းသော့ကို ခတ်မယ် ”

တင့်စိန် ထိတ်လန့်၍ သွားသည်ကို ဆရာစော သိရလေ၏ ။ ၎င်းသည် ဆရာစော၏ ခြေသလုံးကို ကြောက်အားလန့်အားနှင့် အတင်းဆွဲပိုက်လေ၏ ။

“ မသွားဘူး ဆရာ ။ ကျွန်တော် ဒီမှာပဲ အလုပ်ကို ပြီးအောင်လုပ်မယ် ။ ဒီလို ပွဲမျိုးတွေကို ကျွန်တော် မကြိုက်ဘူး ။ ဘာပွဲမှ မကြိုက်ဘူး စိတ်ကူးပြီး ကြည့်လိုက်ရင် မြင်သားပဲ ”

“ မင်းသဘောပဲကွယ် ” ဟု ဆရာဦးသာလှက ပြောလေ၏ ။ ထို့နောက် တစ်စုံတစ်ရာ စူးစိုက်ကာ ကြည့် ပြီး “ ဟိုဟာဘာလဲ ” ဟု မေးလေ၏ ။ ဆရာကြီး ကြည့်သောနေရာကို ဆရာစော ကြည့်လိုက်သောအခါ ကုလားထိုင်ပေါ်၌ လွှားထားသော လုံချည်အဝါကြီးကို မြင်ရသဖြင့် အံ့အားသင့်၍ နေ၏ ။ တင့်စိန်သည် ထို အဝတ်အစားများကို မေ့လျော့ပြီး မဖုံးမကွယ်ဘဲ ထားမိ လေ၏ ။

“ ဟိုဟာလား လုံချည်အင်္ကျီတွေပါ ”

“ ငါလည်း ဒီလို ထင်တာပဲ ” ဟုပြောကာ ထဘီကို ကိုင်လျက် မသက်သာသော မျက်နှာထားနှင့် ကြည့်၍ နေလေ၏ ။

“ ဘယ်နည်းနဲ့ ဒီအဝတ်ဟာ ဒီကို ရောက်သလဲ ၊ တစ်ယောက်ယောက် မေ့ထားပစ်ခဲ့တာလား ။ ဆေးအဝယ်လာသူတစ်ယောက်ယောက် ဖြစ်မှာပဲ ကိုယ့် အဝတ်များကို မေ့ကျန်ရစ်တာ တော်တော်ဆန်းတာပဲ ”

“ ဟုတ်ကဲ့ဆရာ ၊ အဝတ်ကတော့ ဝယ်ပြီးစ အသစ်ပဲ ”

“ ကျောင်းဆရာမ တစ်ယောက်ပါပဲ ”

“ ဘယ်ကျောင်းကလဲ ” ဟု ဆရာ ဦးသာလှက မသင်္ကာသောမျက်နှာနှင့် မေးလေ၏ ။

“ ကန်တော်ကလေး မိန်းကလေးကျောင်းက ”

တင့်စိန်သည် ဆရာစော၏ ခြေသလုံးကို လိမ်ဖက်၍ နေလေ၏ ။

“ ကိစ္စ မရှိပါဘူး ။ ကျွန်တော် ပြန်ပေးလိုက်ပါမယ် ”

“ ဒါလား ” ဟု ဆရာ ဦးသာလှက မျက်မှောင်ကုတ်၍ ပြလေ၏ ။

“ ကိုယ့်အဝတ်အစားကို မေ့ထားတဲ့ မိန်းမဟာ ဂရုဓမ္မကင်းတဲ့ မိန်းမမျိုးပဲ ဆရာမ မအေးမေ ဆိုတာ မဟုတ်လား ။ ငါသိပါတယ် ။ အတော် ကြောက်စရာ ကောင်းတဲ့ မိန်းမ ”

“ ကျွန်တော် ပြန်ပေးလိုက်ပါမယ် ” ဟု ဆရာစောက ပြောလေ၏ ။

တစ်ဖန် တင့်စိန်က ဆွဲဖက်ပြန်လေ၏ ။ မျက်နှာကို လက်ကိုင်ပဝါနှင့် သုတ်လေ၏ ။

“ ဆရာ စိတ်သာချပါ ၊ ကျွန်တော် တော်သလို လုပ်လိုက်ပါမယ် ” ဟု ဆရာစောက ပြောလေ၏ ။

“ ကိစ္စမရှိဘူးလေ ။ မင်း နပန်းပွဲကို မသွားချင်ရင် ငါပဲ သွားမယ် ။ ဆရာမ မအေးမေကလည်း သူ့တပည့်တွေနဲ့ ဟိုမှာ ရှိတယ်လို့ ကြားရတယ် ။ ဒီအဝတ်တွေကို ငါ ယူသွားပြီး သူ့ကို ပေးမယ် ။ အလုပ်ခန်းထဲမှာ တွဲလွဲကြီး ချိတ်ထားတာ မကောင်းဘူး ” ဟု ဦးသာလှက ပြောလေ၏ ။ ဆရာစောက တစ်စုံတစ်ရာ ပြောမည်အပြုတွင် “ ကိစ္စမရှိဘူး ငါ့ကားကို ဒီထားပစ်ခဲ့ပြီး ခြေလျင်လျောက်သွားမယ် ။ နောက်မှ ငါ မင်းဆီကို ပြန်လာမယ် ” ဟု ဆရာကြီးက ပြောလေ၏ ။ ဆရာဦးသာလှသည် အဝတ်ကို စက္ကူနှင့် ထုတ်ပြီး လက်မောင်းအောက်၌ ညှပ်၍ ယူသွားလေ၏ ။ ဆရာစောကား အံ့အားသင့်လျက် စကား မပြောနိုင်ဘဲ ထိုင်လျက်ပင် ကျန်ရစ်လေ၏ ။ တံခါးသော့ခတ်သံ ကြားရသောအခါ တင့်စိန် ထွက်၍ လာလေ၏ ။ သို့ထွက်၍ လာပြီး ဆရာစောနှင့် မျက်နှာချင်း လာ၍ ထိုင်ပြီး “ ဘယ့်နှယ်လုပ်လိုက်တာလဲ ။ ခု သူ ယူသွားပြီး ဆရာမ မအေးမေကို သွားပေးမယ်လို့တဲ့ ။ ခက်တော့တာပဲ ”

“ ဘယ်တတ်နိုင်မှာလဲ ၊ ဒီအခန်း ရောက်လာလာချင်း ၊ မင်းပြေးပြီး သူ မလာမီ သွားလိုက်ရင် အခုလိုဖြစ်ပါ့မလား ”

“ ဆရာ ဘာပြုလို့ ကျောင်းက အဝတ်လို့ ပြောရသလဲ ”

“ တစ်ခုခု ပြောမှာပေါ့ ။ မပြောဘဲ ရေငုံနေလို့ ဖြစ်မှာလား ။ သူ ဆရာမကြီးကို သူသိကြောင်း ဘယ်သူ သိနိုင်မှာလဲ ”

တင့်စိန်သည် စားပွဲ အနားမှာ ထိုင်လျက် နေလေ၏ ။

ဆရာစောသည် ၎င်းအား ဖျားသလား ၊ ငိုချင်သလား ဟူ၍ ဝေခွဲမရအောင် ဖြစ်နေလေ၏ ။ ထို့နောက် ဆရာစောမှာ စိတ်ပျော့၍ လာပြီး ။ မိမိ သက္ကလပ်အင်္ကျီကို ချွတ်၍ ပေးလေ၏ ။

“ မလိုချင်ပါဘူး ” ဟု တင့်စိန်က ပြောလေ၏ ။

တင့်စိန်သည် ကျေးဇူးတင်သော အမူအရာဟု ပြုံးလိုက်လေ၏ ။

ဆရာစောက ပြန်၍ ပြုံးလေ၏ ။ ထိုအတွင်း ငြိမ်သက်စွာ ပြန်လာခဲ့သည်မှာ မိမိ၏ အပြစ်ဖြစ်သည်ဟု ဆရာစော တွေးမိလေ၏ ။ အကြောင်းမူကား တင့်စိန် သည် အလွန်ချောမောလှပသူကလေး ဖြစ်လေ၏ ။ ကျောင်းဆရာမ မဖြစ်နိုင်အောင် လှ၏ ။ သို့သော် ကျောင်းဆရာမ အလုပ်ကို သူ လုပ်လိုက မိမိ တားမြစ်ဖို့ မရှိ ဟု တွေးမိလေ၏ ။

“ အခု မင်း ဘာလုပ်မလဲ ” ဟု တင့်စိန်အား ဆရာစောက မေး၏ ။

“ ကျွန်မ မသိဘူး ၊ အခု ဟိုဆိုးဝါးတဲ့ ထဘီတောင် ဝတ်စရာမရှိတော့ဘူး ။ မကြာမီအတွင်း ကျောင်းကို ပြန်မရောက်ရင်လည်း ဆရာမ မအေးမေ ကျောင်းကို ပြန်ရောက်ရင် သိလိမ့်မယ် ။ ဆရာမကြီး စော ရောက်နေရင် ဒုက္ခပဲ ” ဟု တင့်စိန်က ပြောလေ၏ ။

ဆရာစောသည် ပြတင်းပေါက်မှ အပြင်ကို ကြည့်လေ၏ ။

“ ငါတို့ ဆရာကြီးကားကို ငှားပြီး မြန်မြန် နပန်းပွဲကို သွားတာပေါ့ ။ သူ သိမှာ မဟုတ်ဘူး ။ မင်း ကိုလည်း ဘယ်သူမှကားထဲမှာ သေသေချာချာ လိုက်ကြည့်မှာ မဟုတ်ဘူး ။ ငါ မခင်ကို လိုက်ရှာမယ်ပြီး တခြားအဝတ် များကို ငှားဖို့ ပြောမယ် ။ ဒီနောက် ကျောင်းကို အရောက် ပို့ပြီး ဆရာမကြီး ပြန်မလာမီ ဒီကို အရောက် ပြန်လာမယ် ”

“ ဒါလည်း အကောင်းသားပဲ ”

“ နေရာကျမှာပဲ ”

“ ကျွန်မ သိပ်ပြီး ကျေးဇူးတင်တာပဲ ၊ ဆရာ မကူညီရင် ကျွန်မ ဘယ်လို ဖြစ်မယ်လို့ မသိဘူး ”

ဆရာစောသည် တင့်စိန်၏ မျက်နှာကို စိုက်ကြည့်ရာ တင့်စိန်၏ အနားမှ ခွာ၍ မသွားနိုင်အောင် စွဲ၍နေလေ၏ ။ သို့ဖြစ်လေရာ စကားကို ဆက်၍ ပြောချင်၏ ။ သို့သော်လည်း စကားပြော၍ နေရန် အချိန် မရှိသည့် အတွက် တံခါးကို ဖွင့်ပြီး ဆရာဦးသာလှ၏ ကား ရှိရာသို့ ဆင်းသွားလေ၏ ။ တင့်စိန်လည်း လိုက်၍ သွားလေ၏ ။ ကားနှင့် သွားစဉ် ၎င်းတို့ကို မည်သူမျှ မမြင်ရချေ ။ မကြာမီ ဘောဂရောင်း အပြင်ဘက်သို့ မောင်းနှင်၍ သွားကြလေ၏ ။ ထိုခရီးအတွင်း၌ စကား မပြောကြပေ ။ ကားကို ဘောဂရောင်း အပြင်နား၌ ရပ်ကြလေ၏ ။

“ မင်း ဒီမှာ ခဏနေဦး ငါ ဝင်ကြည့်လိုက်ဦးမယ် ” ဟု ပြောပြီး တင့်စိန်ကို ကားနှင့် ထားခဲ့၍ ဆရာစောသည် ဘောဂရောင်းသို့ ဝင်ပြေးလေ၏ ။

ဘောဂရောင်း ထဲသို့ ရောက်သောအခါ ဆရာဝန် ဦးသာလှကို လူစုလူဝေး၏ အထဲ၌ ပထမ စ၍ မြင်ရလေ၏ ။ ထိုလူစုဝေးမှာ ငြင်းခုံပြောဆိုနေသော လူအစုအဝေး ဖြစ်လေ၏ ။ ဆရာစောသည် ဆရာကြီး မြင်မည် စိုးသောကြောင့် ဆိုင်တစ်ဆိုင်၏ နောက်နား၌ ခိုကပ်၍ နေလေ ၏ ။ ငြင်းခုံပြောဆို၍နေသူကား မျက်မှန်နှင့် မိန်းမပိန်ပိန် တစ်ယောက်ဖြစ်လေ၏ ။ ၎င်းမိန်းမသည် ဆရာမကြီး မအေးမေ ဖြစ်လေ၏ ။ ဆရာမကြီးသည် လုံချည်အဝါကို ကိုင်၍ ကြည့်လျက် စိတ်ဆိုးဟန်နှင့် ပြောဆို၍ နေလေ၏ ။ အပြောခံရသူကား ဆရာဦးသာလှ ဖြစ်လေ၏ ။

“ ဒီလုံချည်ဟာ ကျွန်မလုံချည်လို့ ရှင့်ကို ဘယ်သူပြောသလဲ ၊ ဒီလောက် ဆိုးတဲ့ လုံချည်မျိုးကို ကျွန်မ ဘယ်သောအခါ မှ အသုံးမပြုခဲ့ဘူး ။ ကျွန်မ တပည့်တွေ အားလုံး ရှေ့မှာ ကျွန်မကို ဒီထဘီ ပေးပြီး လှောင်လား ပြောင်လား လုပ်တာလား ”

“ လှောင်တာ မဟုတ်ပါဘူး ၊ ခင်ဗျား လုံချည်ကို ကျုပ်အလုပ်ခန်းထဲမှာ မေ့ထားခဲ့လို့ပါ ”

“ ရှင့်အလုပ်ခန်းကို ကျုပ် ဘယ်တုံးကမှ မရောက်ဖူးပါဘူး ”

“ ခင်ဗျား ရောက်လို့သာ ဒီထဘီကို ထားပစ်ခဲ့တာပေါ့ ”

“ ကျုပ် ဒီလုံချည်ကို မထားခဲ့ပါဘူး ။ ဒီလုံချည်ကို တစ်ခါမှလည်း မမြင်ဖူးပါဘူး ”

“ စဉ်းစားစမ်းပါဦး ။ ခင်ဗျား ကျုပ်အလုပ်ခန်းထဲကို ဆေးဝယ်ဖို့ လာပါတယ် ။ ဒီအဝတ်ဟာလည်း ခင်ဗျား ဝယ်ပြီးခါစ အဝတ်ဖြစ်တယ် ။ ဒါကို ထားပစ်ခဲ့တယ် ”

“ မဟုတ်ပါဘူး ၊ ကျုပ် ဝယ်လည်း မဝယ်ဘူး ။ ရောက်လည်း မရောက်ဘူး ”

ကျောင်းသားကလေးများကလည်း ရယ်မောလျက် ဝိုင်းကြည့်နေကြ၏ ။ ဆရာစောသည် ဆရာကြီး မြင်မှာ စိုးသဖြင့် ဆိုင်တစ်ဆိုင်၏ နောက်ကို ဝင်၍ နေလေ၏ ။ ရန်တွေ့ ၍ နေသော မိန်းမသည်ကား ဆရာမ မအေးမေ ပင် ဖြစ်လေ၏ ။

“ သူမဟုတ်ပါဘူး ” ဟူသော အသံတစ်သံ လက်ဝဲဘက်နားအနီး၌ ကြားရသဖြင့် ဦးသာလှ လှည့်၍ ကြည့်လိုက်ရာ ကြီးကြီးမားမား ကြမ်းတမ်းပုံရသူကို တွေ့ရ လေ၏ ။ ဆရာဦးသာလှလည်း ထိုမိန်းမကို မမြင်ဖူးပေ ။ ဆရာစောကား မခင်ဖြစ်ကြောင်းကို သိလေ၏ ။ ၎င်း မခင် ဆရာမ ဘက်သို့ လှည့်ကာ လက်ပိုက်လျက် “ မဟုတ်ပါဘူးလို့ ကျုပ်ပြောတာပါ ” ဟုပြောလေ၏ ။

“ သူ ဝယ်တယ်ဆိုတာ မဟုတ်ဘူး ကျုပ် ပြောတာပါ ”

မခင်မှာ ဒေါသနှင့် တုန်လှုပ်လျက်နေ၏ ။ ထို့နောက် ဆက်လက်၍ ပြောသည်ကား “ ဘာအရှက် မရှိတဲ့မိန်းမ ဒင်း ခိုးတာပဲ ” မခင်က ပြော၏ ။

“ အမယ်လေး ကျုပ်လို အခြေအနေနဲ့ တစ်ယောက် ကို စော်ကားတာပဲ ။ အခုလို အစော်ကားခံရလေချင်း ရှင် ဘယ့်နှယ် စွပ်စွဲတာလဲ ”ဟု ဆရာမကြီးက ပြော၏ ။

မခင်က ပြန်၍ အော်သံကား “ ဒါကို မြင်မြင်ချင်း ကျုပ် အဝတ် မှတ်မိတယ် ။ ကျုပ် သမီး အငယ်ဆုံးမကို အိမ်လွှတ်ပြီး အကြည့်ခိုင်းလိုက်တာ အကြည့်ခိုင်းတော့ အိမ်မှာ ဒီလုံချည်မရှိတော့ ဘာဖြစ်လို့ မရှိသလဲ ။ ရှင် ခိုးလို့ပေါ့ ”

ဆရာမ မအေးမေသည် မိမိ၏ တပည့်များ ကြည့်၍ နေသည်ကို သိလေ၏ ။

“ ကျုပ် ပုလိပ်ကိုတောင် ခေါ်ချင်တော့တာပဲ ။ ဒီဟာ မတရားစွပ်စွဲတာ အရှက်တကွဲ အကျိုးနည်း ဒီလုံချည်ဟာ ရှင်လုံချည် ဖြစ်ရင် ခိုးတဲ့ လုံချည် ဆိုရင် ခိုးတာဟာ ကျွန်မ မဟုတ်ဘူး ။ ရှင့်အနားမှာ ရပ်နေတဲ့ လူပဲ ”

“ အော်ဟုတ်သား ” ဟု ဆရာ ဦးသာလှသည် ပြောပြီး လှည့်၍ ကြည့်လေ၏ ။

“ ကျုပ် ဒီနေရာမှာ အစော်ကားမခံဘူး ” ဟု ဆရာမက ပြောပြီး အဝတ်ကို မခင်၏ လက်မောင်းအောက်သို့ ထိုး၍ ပေးပြီး ကျောင်းသားများကို စီတန်းခိုင်းကာ မိမိက ရှေ့ဆုံးမှာ ရပ်၍ မြန်မြန်လာကြဟု ပြောပြီး ထွက်၍ သွားလေ၏ ။ ဆရာ ဦးသာလှလည်း ကျီးကြည့်ကြောင်ကြည့် နှင့် ကျန်ရစ်လေ၏ ။

“ အဲဒါ ခက်တာပဲ ။ ငါ ဒီဟာကို နားမလည်ဘူး ။ ဘိုးစောကလည်း သေသေချာချာ ပြောတာပဲ ” ဟု ဆရာ ဦးသာလှက ပြောလေ၏ ။

“ ဘယ်သူ ပြောတာလဲ ” ဟု မခင်က မေးလေ၏ ။

“ ဆရာစော ကျုပ် ဆေးတိုက်က မန်နေဂျာ ဒေါက်တာကလေးပါ ”

“ အော်သူလား ၊ ရှင်ဟာ သူ ပြောတဲ့ ဆိုင်ရှင် ဆရာကြီးလား သူ ကျွန်မဆီမှာ ထမင်းလခနဲ့ စားတယ် ”

“ အော်ဒီလိုဖြင့် ဒီကိစ္စ ရှင်းတော့မှာလား ။ ကျုပ် ဆရာစောနဲ့ စကားပြောရဦးမယ် ”

ထိုအခိုက်တွင် ဆရာစောသည် လစ်မှ တော်မယ် ဟု အောက်မေ့ကာ လစ်၍ သွားပြီး ကားပေါ်ကို တက်လေ၏ ။

တင့်စိန်က “ ဆရာ အဝတ် မရသေးဘူးလား ၊ မခင်ကို မတွေ့ဘူးလား ” ဟု မေးလေ၏ ။

“ တွေ့တော့ တွေ့ပါတယ် သူတို့ ဆူနေကြတယ် ” ဟု ပြောကာစက်ကို အသော့အမြန် နိုးလေ၏ ။

“ ဆရာမကြီး ပြန်သွားပြီ ။ သူ စိတ်ဆိုးပြီး ကျောင်းကို ပြန်သွား တယ် ။ မင်း အဝတ် ရှိရှိ မရှိရှိ ငါ ကျောင်းကို အမြန်ပို့ရလိမ့်မယ် ။ သို့မဟုတ် သူ ကျောင်းကို အရင်ရောက်ပြီး မင်း မရှိတာကို မိသွားလိမ့်မယ် ”

ဆရာကြီး ဦးသာလှနှင့် မခင်တို့ တံခါးမှာ ရှိနေခိုက် ကားသည်တစ်ရှိန်ထိုး ၎င်းတို့၏ အနီးကို ဖြတ်၍သွား၏ ။

“ ကားကို အရမ်းမောင်းတဲ့ အကောင်ပဲ ။ ငါ့ကားမျိုးပဲ ။ ဒီနံပါတ်လဲ ငါ မြင်ဖူးပါတယ် ။ ဟိုက် ငါ့ကားပါလား ” ဟု ပြောပြီး ပုလိပ်ကို ခေါ်လိုက်လေ၏ ။ ဆရာဦးသာလှသည် ကားကို လက်ညှိုးညွှန်လျက် ပုလိပ်အကြီးစား ၂ ကောင်နှင့် လိုက်၍ လာသည်ကို ဆရာစော မြင်ရလေ၏ ။ ၎င်းတို့၏ ကားနီး၍ လာသောအခါ ဆရာစောနှင့် တင့်စိန် ကားပေါ်မှ ခုန်၍ ဆင်းပြေးလေ၏ ။

“ အခု ပြောချင်ရင် ပြောပြတော့ ကိစ္စ မရှိတော့ဘူး ”

ဟု တင့်စိန်က ဆရာစောကို ပြောလေ၏ ။

ပုလိပ်အရာရှိ တစ်ယောက်က “ ဒီသူငယ်မ အဝတ်တွေ ပျောက်သွားတဲ့ သူငယ်မ မဟုတ်လား ၊ ယနေ့ မီးရထားရုံက ရတဲ့ အဝတ်မှာ သူ့အဝတ် ဖြစ်ချင်ဖြစ်မှာပဲ ” ဟု တစ်ယောက်ကပြော၏ ။

“ ဒီလိုဖြင့် သူတို့ ပြောတာဟာ အမှန်အတိုင်းလား ။ မင်းလည်း ငါ့ကို မခင်နဲ့ ရန်ဖြစ်အောင် လုပ်ပေးတဲ့ အကောင်ပဲ ။ မင်းငါ့ကားကို ခိုးတယ်လို့ စွဲမယ်လို့တောင် အောက်မေ့တယ် ။ ဒါမှ ကလဲ့စားချေမှာ ”

“ ဒါ သူ့အပြစ် မဟုတ်ပါဘူး ။ ကျွန်မကြောင့် ဖြစ်တာပါ ။ ကျွန်မအတွက် သူ ဒါတွေကို လုပ်တာပါ ” ဟု တင့်စိန်က ပြောလေ၏ ။

“ မင်းပြောတာ မှန်တယ် ”

ဆရာဦးသာလှသည် တင့်စိန်ကို ကြည့်ကာ ပြုံးလျက်ပြော၏ ။

“ ဒီလုံချည်ကို ယူပြီး မသွားရင် မင်း အလုပ်ပြုတ်မှာ မဟုတ်ဘူး ၊ တို့ အတွက် ဖြစ်တာပဲ ဒီအတွက် မင်းကို ( တိုက်ပစ် ) အလုပ် ကို ပေးပြီး ဆိုင်မှာ ထားမယ် လုပ်မလား ”

“ ကျွန်မလုပ်ချင်ပါတယ် ”

“ အင်္ဂလိပ်လို တတ်တယ် မဟုတ်လား ”

“ ဆယ်တန်းနှင့် ဆရာဖြစ်တန်း အောင်ပါတယ် ”

“ မောင်စောလည်း မခင်နဲ့ နေရတာ မကောင်းပါဘူး ထင်ပါရဲ့ ၊ မင်း ငါ့ကားနဲ့ ဂါတ်ကို အဝတ်ယူအောင် သွားပေတော့ ” ဟု ပြောလေ၏ ။ ဂါတ်ကို သွားရာ၌ ဆရာစောက တင့်စိန်အား “ ဆရာကြီးပြောသမျှကို အမှတ် မထားပါနဲ့ ၊ ဆရာကြီး လွန်စွာကောင်းတဲ့ လူပဲ မင်းနဲ့ ငါ လက်ထပ်တော့မယ့် အကြောင်းကို သူ သိဟန် မတူဘူး ။ မင်းဆရာမ လိမ်မယ် ဆိုတာကိုလည်း မသိပါဘူး ”

“ ကျွန်မ ကျောင်းဆရာမ မလုပ်တော့ဘူး ။ ကျွန်မ ကျောင်းဆရာမ လုပ်တာထက် ဆရာကတော် လုပ်ရတာက သာပြီး အရာရောက်မှာပဲ ” ဟု ပြောလေသတည်း ။

▢  ပီမိုးနင်း
📖 ကြီးပွားရေး မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၃၉ 

No comments:

Post a Comment