❝ တိမ်လွှာမိုးဦး ❞
( မြတ်သင်း )
ကိုစံမောင် တစ်ယောက် ဘတ်စ်ကားစီးခြင်း အတတ်ပညာမှာ အတော်ကလေး ကျွမ်းနေပါပြီ ။
မှတ်တိုင်မှာ ဘတ်စ်ကားတစ်စီး ထိုးဆိုက်ပြီ ဆိုပါတော့ ။ တံခါးပေါက် ဘေးကို သွား ၊ သံကိုင်းကို ကိုင် ၊ ကားဘော်ဒီကို ကျောနဲ့ ကပ်ပြီး ရပ်လိုက်ပါ ။
ကားပေါ်က လူတွေ ဆင်းတာကို စောင့်ပေး ။ စောင့်ပေး ။ လူကုန်ပြီးလား ။ ကိုင်ထားတဲ့ သံကိုင်းကို အားပြု ၊ ကိုယ်ကိုလှည့် ခြေနင်းခုံကို နင်းပြီး ကားထဲကို တစ်ကိုယ်လုံး ပစ်သွင်းလိုက်ပေတော့ ။ ဒီမှတ်တိုင်ရဲ့ ပထမဆုံးခရီးသည် ဆုကြီးကို ဆွတ်ခူးနိုင်သူဟာ ခင်ဗျားပဲ ဖြစ်မယ် ။ ဒါက သင်ခန်းစာ နံပါတ် တစ် ။
“ အပေါက်ဝမှာ ရပ်မနေကြပါနဲ့နော် ၊ ရပ်နေရင်တော့ ကလိထိုးမှာပဲ ... ယားတတ်ယောင် တတ်ရင် နောက်ကို သွားကြ ”
“ နောက်ကို ရောက်အောင် သွားကြပါဗျာ ... နောက်မှာ ကိုက်တတ်တဲ့ အကောင် မရှိပါဘူး ”
စပယ်ယာလေးရဲ့ ပါးစပ်က မန္တန်ရွက်သံကို ကြားလား ။ လက်ကလည်း တက်လာသမျှ ၊ ခရီးသည်တိုင်းကို နောက်ပဲ အတင်းတွန်းလွှတ်နေတာ တွေ့လိမ့်မယ် ။ ဒီတော့ ကားနောက်ပိုင်းမှာ အမြဲတမ်း လူကျပ်နေတယ် ။ ယောင်လို့များ မသွားမိစေနဲ့ ။ ကားရှေ့ပိုင်းကိုပဲ သွား ။ ဒါက သင်ခန်းစာ နံပါတ်နှစ် ။
ရှေ့ကို တရွေ့ရွေ့ တိုးသွားလိုက်တာ ဒရိုင်ဘာ နောက်က စတီးလက်တန်း နားအထိကိုစံမောင် ရောက်သွားတယ် ။ အသက် ဝဝရှူလို့ ရတယ် ။ ကားရှေ့ဘက်ကို မျက်နှာမူပြီး ရပ်လို့ ရတဲ့အတွက် မြင်ကွင်း ကောင်းတယ် ။ အတွန်းအတိုက် နည်းတယ် ။ နောက်ထပ် ဖယ်ပေးစရာ မလိုဘူး ။ ထိုင်ခုံနေရာ ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်လေတော့ ဒီလို ခြေချပြီး ရပ်စရာ နေရာကောင်းလေး ရတာကိုပဲ ကံကောင်းတယ်လို့ မှတ်ရမယ် ။ ဒီနေရာလေးကို ရောက်အောင် သွားဖို့ ဆိုတာကလည်း အမြဲတမ်း အဖြစ်နိုင်ဘူးလေ ။
ဒါ့ကြောင့် ကိုစံမောင်က ဒါကို သင်ခန်းစာနံပါတ် သုံးရယ်လို့တော့ မသတ်မှတ်ချင်ပါဘူးတဲ့ ။
ဓာတ်တိုင်တွေ ၊ ရောင်စုံဆိုင်းဘုတ်တွေ တရိပ်ရိပ် နောက်ဆုတ်ပြေး နေကြတယ် ။
ကိုစံမောင်ဟာ ဦးဘမြိုင်အိမ်က ပြန်လာတာပါ ။
မတ်တတ်ရပ်ရတာ သက်သောင့်သက်သာ ဖြစ်လာတော့ ဦးဘမြိုင်နဲ့ သူ့တူ ၊ တူမတွေ အကြောင်းကို ပြန်တွေးနေမိသည် ။
“ ယာဉ်စီးခ တစ်ယောက်ကျန်သေးတယ်နော် .. ငွေနှစ်ဆယ်နဲ့ သံသရာကြွေး မတင်ချင်ကြပါနဲ့ ”
စပယ်ယာလေးက အော်နေတယ် ။
သံသရာ ခရီးလမ်းမှာ ကိုစံမောင်နဲ့ ဦးဘမြိုင်တို့ တွေ့ခဲ့ကြပုံကတော့ ဒီလိုပါ ။
မြို့နယ်အသင်း နှစ်ပတ်လည်အစည်းအဝေးမှာ ဦးဘမြိုင်နဲ့ စတွေ့ခဲ့တာပါ ။
အစည်းအဝေက မိန့်ခွန်းတွေ ၊ ရှင်းတမ်းတွေ ၊ ဂုဏ်ပြုလွှာတွေ ၊ ဆုပေးပွဲတွေနဲ့ အိုင်ကျင်းနေတုံး ။
ကိုယ့်သားသမီးထဲက ပညာရည်ချွန် သူလည်း မရှိ ၊ ကိုယ်ကိုယ်တိုင်ကလည်း ဂုဏ်ပြုခံရလောက်အောင် ထူးချွန်းသူ မဟုတ်လေတော့ နောက်ဆုံးက နံရံကို မှီထိုင်ရင်း ဒံပေါက်နဲ့ ရေခဲမုန့် ကျွေးမယ့် အစီအစဉ်ကို စောင့်နေတယ် ။ ဒီလို အချိန်မှာပဲ ဘေးနားမှာ ထိုင်နေတဲ့ ဦးဘမြိုင် နဲ့ စကားစမြည် ပြောရင်း ခင်မင်သွားကြတယ် ။
ကိုစံမောင်က အနောက်ဈေးမှာ နေဖူးကြောင်းပြောတော့ ဦးဘမြိုင်ကလည်း ဘုရင့်ရုံ အနောက်ဘက်မှာ နေဖူးသတဲ့ ။ ဒေါ်အေးဆက် မုန့်ပျားသလက် ၊ ဒေါ်မြိုင်ကြီး မုန့်တီ ၊ တင်မြကြီး ခေါက်ဆွဲ ၊ ပြန်ကြားရေး ပဲထပ်တစ်ရာ အကြောင်းတွေပြောရင်း ပိုပြီး ခင်သွားကြတယ် ( ထမင်းစားချိန်လည် ရောက်နေပြီကိုး ) ။ နောက်တော့ မြို့ထောင့် စေတီဘုရားပွဲ ၊ ဘုံကထိန်ပွဲ ၊ သင်္ကြန်ပွဲတော် ၊ ရေကြည်တော်ကပ်ပွဲနဲ့ ညောင်ရေသွန်းပွဲတွေ အကြောင်း ပြောကြပြန်တယ် ။
ဦးဘမြိုင်က အသက်ခုနှစ်ဆယ်ကျော် ရှိပါပြီ ။ ကျန်းမာဖျတ်လတ် တုန်းပါပဲ ။ ဇာတိမြို့မှာ မီးကြီးလောင်တုန်းက ရန်ကုန်ကို တက်လာခဲ့တာတဲ့ ။ ရန်ကုန် သိမ်ကြီးဈေးမှာ လင်မယား နှစ်ယောက် အထည်ဆိုင် ဖွင့်ဖူးတယ် ။ ဇနီး ဆုံးသွားတော့ အထည်ဆိုင် ဆက်မဖွင့်တော့ဘူး ။ မြို့သစ်မှာ ခြံလေးဝင်းလေးနဲ့ နေတယ် ။
စီးပွားရေးလုပ်ငန်းလည်း မလုပ်တော့ဘူး ။ အတွင်းပစ္စည်းလေးတွေ ထုခွဲရောင်းချပြီး စားနေတယ် ။
ဦးဘမြိုင်မှာ သားသမီးလည်း မရှိဘူး ။ နေ့စဉ် စားသောက်ရေးကိုတော့ တူတွေ ၊ တူမတွေက စီစဉ်ပေးကြသတဲ့ ။ မြို့နယ်အသင်း အစည်းအဝေး ပြီးလို့ လူစုခွဲကြတဲ့ အချိန်မှာတော့ ဦးဘမြိုင်က သူ့ အိမ်လိပ်စာ ပေးပြီး အလည်လာဖို့ ဖိတ်တယ် ။
“ လာဖြစ်အောင် လာပါနော် ၊ ဝတ်ကျေတန်းကျေ ဖိတ်တာ မဟုတ်ပါဘူး ၊ တကယ့်ကို ခင်မင်လို့ ဖိတ်တာပါ ။ ကိုစံမောင်ကို တိုင်ပင်ချင်တာလေး လည်းရှိလို့ပါ ”
ဦးဘမြိုင်ခြံက အတော်လေး ကျယ်ပါတယ် ။ ပိန္နဲပင် ၊ သရက်ပင် ၊ သပြေပင် ၊ ကံ့ကော်ပင်တွေနဲ့ စိမ်းညို့နေတဲ့ ခြံထဲမှာ အဖြူရောင် နှစ်ထပ်တိုက်လေးက နေချင်စဖွယ်ပါပဲ ။ တိုက်ရဲ့ နောက်ဘက်မှာတော့ တန်းလျား တစ်ခု ရှိတယ် ။
ပျဉ်ကာသွပ်မိုး သုံးခန်တွဲ အဆောက်အအုံလေးပါ ။ အဲဒီ တန်းလျားမှာ ဦးဘမြိုင်ရဲ့ တူ ၊ တူမတွေ နေကြတယ် ။ ဦးဘမြိုင်ရဲ့ ညီ ဦးဘခိုင်ရဲ့ သားသမီးတွေပါ ။ မောင့်တင့်လွင် တဲ့ ။ မောင်ကျော်ဇင် တဲ့ ။ မမြခင် တဲ့ မောင်နှမသုံးယောက် တစ်ခန်းစီ နေကြတယ် ။ အစ်ကို နှစ်ယောက်က အိမ်ထောင်ကျပြီး ကြပြီ ။ မမြခင် ကတော့ အပျိုပါ ။
ကိုစံမောင်က ဦးဘမြိုင်နဲ့ တင် မကဘူး ၊ သူတို့လေးတွေနဲ့ပါ ခင်နေပြီ ။ တစ်မြို့တည်းသားတွေကိုး ။ ခံစားချက်ချင်း တူတော့ ရင်းနှီးလွယ်တာပေါ့ ။
ဦးဘမြိုင်နဲ့ စကားပြောရင်း ငြီးငွေ့လာတဲ့အခါ သူတို့ မောင်နှမတွေနဲ့ သွားပြီး စကားဝိုင်းဖွဲ့ ရတယ် ။
ဦးဘမြိုင် ပြောတာတွေက တစ်ခါတစ်ရံ သဘောမပေါက်ဘူး ။ သူတို့ ရှင်းပြမှ ဇာတ်ရည်လည် သွားတာမျိုးလည်း ရှိသည် ။
“ အိမ်တို့ မြေတို့ ဆိုတာ ကိုယ် သေသွားရင် ထားခဲ့ရမှာပဲဆိုတာ သိပါတယ် ၊ ဒါပေမယ့် သင့်တော်တဲ့လူ လက်ထဲကိုတော့ ရောက်စေချင်တယ်လေ ၊ မောင်တင့်လွင် ကတော့ ဦး အပေါ် အတော်လေး ကောင်းရှာပါတယ် ၊ အကျင့်စာရိတ္တ ကလည်း ပြောဖွယ်ရာ မရှိပါဘူး ၊ ဒါ့ကြောင့် ဟောဒီ တိုက်နဲ့ခြံကို မောင်တင့်လွင် ကိုပဲ ပေးခဲ့ချင်တယ် ၊ ကိုစံမောင် က စာချုပ်စာတမ်းလေးတွေ စီစဉ်ပေးစမ်းပါ ”
ကိုစံမောင်နဲ့ တွေ့စတုန်းက ဦးဘမြိုင် ပြောခဲ့တဲ့ စကားပါ ။ ပြောရုံတင် မကဘူး ၊ မောင်တင့်လွင် နဲ့ သဲသဲတို့ လင်မယားကို ရှေ့က တိုက်ပေါ်ခေါ်ပြီး တင်ထားတာလည်း တွေ့တယ် ။ မောင်တင့်လွင်တို့ လင်မယားကို သိပ်ချီးမွမ်းတာပဲ ။ နံနက်လင်းတာနဲ့ နို့ဆန်ပြုတ် ၊ ကွေကာအုပ် ၊ မုန့်ဟင်းခါး ၊ ကောက်ညှင်းပေါင်း စသဖြင့် အမယ် မထပ်အောင် ကျွေးသတဲ့ ။ ဟင်းချက်ရာမှာလည်း ဦးဘမြိုင် အကြိုက် ခရမ်းချဉ်သီးများများနဲ့ ချက်ကျွေးတယ် ဆိုပဲ ။
ဦးဘမြိုင်ရဲ့ ချီးမွမ်းခန်းက သိပ်တော့ မကြာလှဘူး ။ မောင်တင့်လွင်တို့ လင်မယား တန်းလျားပေါ် ပြန်ရောက်နေတာ တွေ့တယ် ။
“ ကျုပ်က ရှိတဲ့ စည်းစိမ် အကုန် အပ်ခဲ့မယ့် လူပါဗျာ ... ဒီလိုလူကိုတောင် မိသဲသဲက ရွံသေးသတဲ့ ... ကျေးဇူးရှင်တွေ ကျေးဇူးရှင်တွေ ... နေပေါ့ ၊ ရွံပေါ့ သင်းတို့ထိုက်နဲ့ သင်းတို့ကံ ပဲ ”
သဲသဲက ရေအိုးစင်က ရေကို မသောက်ပဲ သူ့ ရေပုလင်းလေးနဲ့ သူ သောက်နေတာကို တွေ့သွားရာက ပြဿနာ စတာတဲ့ ။
ကလေးတွေ ရှင်းပြတာကို နားထောင်လိုက်တော့လည်း သဲသဲကို သိပ်အပြစ် ဆိုစရာ မရှိပြန်ဘူး ။ ဦးဘမြိုင်ရဲ့ အကျင့်ဆန်း နှစ်ခုကြောင့် ဒီပြဿနာ ဖြစ်ရတာ ဆိုကိုး ။ ဦးဘမြိုင်ရဲ့ အကျင့်တစ်ခုက ချွဲသလိပ် ဟပ်ပြီးရင် ထွေးခံထဲကို တစ်ခါတည်း ထွေးမထည့်ဘူး ။ လက်ဖဝါးပေါ်ကို အရင် ထွေးချပြီး သူ့သလိပ်ကို သူ ကျောက်သံပတ္တမြား ကြည့်သလို ကြည့်နေတတ်တယ် ။ ပြီးမှ ထွေးခံထဲကို လက်ခါချပြီး ထည့်တယ် ။
“ သလိပ် ပေနေတဲ့ လက်ကို ဝတ်ထားတဲ့ လုံချည်နဲ့ သုတ်တာပဲ တွေ့တယ် ။ လက်ဆေးတာလည်း မတွေ့ဘူး ”
သဲသဲက ပြောပြတယ် ။ ဦးဘမြိုင်မှာ နောက်ထပ် အကျင့်ဆန်း တစ်ခု ရှိသေးတယ် ။
ရေအိုးထဲက ရေမှာ အောက်လွှာက အေးပြီး အပေါ်လွှာက ပူသတဲ့ ။
ဒီတော့ ရေအေးအေး သောက်ချင်ရင် အထက်အောက် လှန်ပေးရမယ်လို့ ဆိုတယ် ။
“ နေ့ခင်းနေ့လယ် ရောက်ရင် သောက်ရေအိုးထဲကို လက်နှိုက်ပြီး အသကုန် မွှေတော့တာပဲ လေးလေးရဲ့ ... အဲဒါ နေ့တိုင်းဗျ ”
မောင်တင့်လွင်က ပြောတာပါ ။
ဒီလိုဆိုတော့ သဲသဲ တစ်ယောက် သောက်ရေအိုးကရေ မသောက်ဘဲ ရေပုလင်း ဆောင်တာ ဘယ်လွန်ပါ့မလဲ ။ ဘာပဲပြောပြော ဦးဘမြိုင် ကတော့ မောင်တင့်လွင် တို့ကို ငယ်စာရင်း ဖျက်လိုက်ပြီ ။
သူ့ခြံနဲ့ တိုက်ကို အငယ်ဆုံး တူမ မမြခင် ကိုပဲ ပေးတော့မတဲ့ ။ စာချုပ် ပြင်ရေးပေးပါဦးလို့ ကိုစံမောင်ကို ပြောတယ် ။ မမြခင်ရဲ့ မှတ်ပုံတင် နံပါတ်လည်း ပေးမယ် ။ ဒီရက်ထဲမှာတော့ မမြခင် လိမ္မာတဲ့ အကြောင်း ၊ သူ့ကို နင်းနှိပ်ပေးတဲ့ အကြောင်း ၊ သူ့စွပ်ကျယ်နဲ့ ပုဆိုးတွေကို တစ်ရက်ခြား လျှော်ပေးတဲ့ အကြောင်း ချီးမွမ်းစကားတွေပဲ ကြားနေရတယ် ။
သိပ်တော့ မကြာပါဘူး ။ လေသံပြောင်းသွားပြန်တယ် ။
“ မြခင်လေး တော်လှ တော်လှနဲ့ ယောက်မမြင်းစီး ထွက်တာပဲ ... ငါ့အိမ်က မီးဆိုင်း အရောင်နဲ့ နင့်အကောင်ရဲ့ အသား မဟပ်ဖူးလို့ ပြောပစ်လိုက်တယ် ”
ဦးဘမြိုင် စကားက သိပ်သည်းလွန်းလို့ ကိုစံမောင် နားမလည် နိုင်အောင် ဖြစ်သွားတယ် ။ တန်းလျားက စကားဝိုင်း ရောက်မှ လိပ်ပတ်လည်တော့တယ် ။
မနှစ်က မြို့ထောင့် ဘုရားပွဲချိန်မှာ မမြခင် ဇာတိမြို့ကို ပြန်တယ် ။ အဲဒီမှာ မောင်စိုး ဆိုတဲ့ ကောင်လေး တစ်ယောက်နဲ့ လူငယ်တို့ဘာဝ ချစ်ကြိုက်မိကြတယ် ။
မောင်စိုးက အခု ရန်ကုန်ကို လိုက်လာတယ် ။ ဒါကို ဦးဘမြိုင် သိသွားတဲ့ အတွက် သဘောမတူလို့ ဒေါသူပုန် ထနေတာတဲ့ ။
ငါ့အိမ်က မီးဆိုင်း အရောင်နဲ့ နင့်အကောင်ရဲ့ အသား မဟပ်ဘူး ဆိုတဲ့ အဓိပ္ပာယ်ကို လင်းစမ်းပါဦးလို့ မေးတော့ ဦးဘမြိုင်တိုက် မျက်နှာကြက်မှာ ရောင်စုံမီးဆိုင်း တစ်ခု တပ်ထားသတဲ့ ။ ခရမ်းရောင် ၊ ပန်းရောင် ၊ အစိမ်းနုရောင် ၊ တစ်ရိပ်ရိပ် ပြေးနေတာကို ဦးဘမြိုင်က သဘောကျလွန်းလို့ ဧည့်သည် လာရင် တခြား မီးချောင်းတွေ ပိတ်ပြီး အကြည့်ခိုင်းတတ်သတဲ့ ။ ( သူ့ဇနီးရှိတုန်းက ဦးဘမြိုင် အဲသလို လုပ်ရင် ကိုဘမြိုင်ကလည်းတော် ၊ ဧည့်သည်ကို မှောင်ထဲ အထိုင်ခိုင်းထားပြန်ပြီ လို့ ပြောတတ်သတဲ့ )
“ မောင်စိုး ဆိုတာ သူပဲ လေးလေးရဲ့ ”
မမြခင်က ကိုစံမောင်ကို သူ့ရည်းစားနဲ့ မိတ်ဆက်ပေးတယ် ။
“ မင့်အသားကလည်း မည်းသကိုးကွ ။ စိန်ဗေဒါကြီး အသားအရောင် အတိုင်းပဲ ။ ဒီတော့ ဘကြီးရဲ့ မီးဆိုင်းအရောင်နဲ့ ဘယ်လိုက်ပါ့မလဲ ”
မောင်တင့်လွင်က သူ့ယောက်ဖလောင်းကို နောက်ပြောင်ရင်း ပြောတော့ မောင်နှမတွေ ဝိုင်းရယ်ကြတယ် ။ မောင်စိုး ကလည်း သွားအဖွေးသားနဲ့ ရယ်နေတယ် ။
မောင်စိုးကို မီးဆိုင်းရောင်အောက် အဝင် မခံမှတော့ မမြခင်ကို ခြံနဲ့ အိမ် ပေးမယ့် စီမံကိန်းလည်း ပျက်ပြီပေါ့ ။
မောင်ကျော်ဇင် တို့မှာ သုံးနှစ်အရွယ် သမီးလေး တစ်ယောက် ရှိတယ် ။ နာမည်က စံပယ်ပွင့် တဲ့ ။ တွတ်တီးတွတ်တာ ပြောတတ်တဲ့ အရွယ်ပေါ့ ။
အဲဒီ မြေးလေးကို ချစ်လွန်းလို့တဲ့ ။ ခြံနဲ့ တိုက်ကို မောင်ကျော်ဇင်တို့ လင်မယားကိုပဲ ပေးတော့မတဲ့ ။
ဦးဘမြိုင်က ကိုစံမောင်ကို တိုင်ပင်ပြန်တယ် ။
“ ဒီမှာ လေးလေး .. ဘကြီး စိတ်ချမ်းသာသလို လုပ်ပါစေ ... ကျွန်တော်တို့မှာ မိဘလည်း မရှိတော့ဘူး ။ ဆွေမျိုးကြီး အကဲဆိုလို့ ဒီဘကြီး တစ်ယောက်ပဲ ရှိတော့တာ ၊ ဘကြီးကို ပြုစုနေရရင် ကုသိုလ်ရနေတာပဲ ၊ ဒီခြံနဲ့ တိုက် ကိုလည်း ဘယ်သူမှ မမက်ဘူး ၊ ဘကြီး ပေးချင်တဲ့ လူပေး ၊ မောင်နှမတစ်တွေ ဘယ်တော့မှ စိတ်ဝမ်းမကွဲဘူး ၊ ကျွန်တော်တို့က ရန်ကုန်မှာနေတာ ဘကြီး ရှိနေသခိုက်ပဲ ... အချိန်တန်ရင် အားလုံး ဇာတိမြို့ကို ပြန်ကြမှာ ”
မောင်နှမတွေ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝိုင်းပြောကြမှ ကိုစံမောင် ခေါင်းထဲမှာ ပေါ့သွားတယ် ။
“ အဝိုင်းပတ်မယ် ... တန်းတွေ ၊ ကွင်းတွေ ကိုင်ထားကြပါ ”
ကားပေါ်မှာ မတ်တတ်ရပ်ရတာ ကြာလာတော့ ခြေတစ်ဖက်က ထုံပြီး ကျဉ်လာတယ် ။
ဆင်းရမယ့် မှတ်တိုင်ကလည်း ဝေးသေးတော့ ထိုင်စရာ ရှာဦးမှ ။
ကိုစံမောင်ရဲ့ ဘယ်ဘက်မှာ သံဃာခုံ ရှိတယ် ။ ဘုန်းကြီးတက်မလာတဲ့အတွက် တီရှပ်နဲ့ ချာတိတ် တစ်ယောက် ထိုင်နေတယ် ။ နားကြပ်နဲ့ အေးအေးလူလူ သီးချင်းနားထောင်နေပုံထောက် တော့ ဆင်းမယ့် လက္ခဏာ မရှိသေးဘူး ။
ညာဘက်ခုံမှာတော့ မိန်းမဝဝကြီး တစ်ယောက် ထိုင်နေတယ် ။ ရေပုလင်းနဲ့ ပိုက်ဆံအိတ်ကို ကြမ်းပေါ်က ခြင်းထဲ ထည့်တယ် ။ ပြီးတော့ ခြင်းကို ယူပြီး ပေါင်ပေါ်တင်တာ တွေ့တယ် ။
ဘတ်စ်ကားစီးခြင်း အတတ်ပညာမှာ အတော်လေး ကျွမ်းနေတဲ့လူ မဟုတ်လား ။
ဒီအဒေါ်ကြီး ရှေ့မှတ်တိုင်မှာ ဆင်းတော့မယ် ဆိုတာ သေချာပေါက် သိတာပေါ့ ။
ကိုစံမောင် ရှေ့တန်းကို လက်လွှတ်လိုက်တယ် ။ တန်းရှည်ကို ပြောင်းကိုင်တယ် ။ “ ညာလှည့် ” လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲက အမိန့်ပေးပြီး ခြေထောက်က နာခံလိုက်တယ် ။ အဒေါ်ကြီးရဲ့ ခုံရှေ့ လက်တန်းကြားက ကွက်လပ်ကို ကိုယ်လုံးနဲ့ ကွယ်ထားလိုက်တယ် ။ အဒေါ်ကြီး ထလိုက်တာနဲ့ ဝင်ပြီး ထိုင်လိုက်ရုံပဲ ။ အသင့် အနေအထားမှာ ရှိနေတယ် ။
ဒါပေမယ့် ထင်သလောက်တော့ မလွယ်ဘူး ။ အဒေါ်ကြီးက ကိုစံမောင်ကို တစ်ချက် မော့ကြည့်ပြီး မျက်နှာ လွှဲသွားပြန်တယ် ။ သမင်လည်ပြန် လှည့်ပြီး နောက်ပိုင်းက ခရီးသည်တွေ ကြားထဲကို လှမ်းကြည့် နေပြန်တယ် ။ တော်တော် ကြာအောင် ကြည့်ပြီးမှ အော်ပြောလိုက်တယ် ။
“ ဟဲ့ ... ဟိုနောက်က အင်္ကျီနီနဲ့ ကလေးမ ဒီမှာ လာထိုင် ” တဲ့ ။
ကြည့်စမ်း ။ ခဏတာ ထိုင်ခဲ့ရတဲ့ ခုံနေရာလေး တစ်ခု အတွက် အဒေါ်ကြီး တစ်ယောက် ဗျာများနေလိုက်ပုံ များတော့ ။
မောင့်တင်လွင်တို့နဲ့ တွေ့မှ ပြောပြရဦးမယ် ။
“ မင်းတို့ ဘကြီးကို အပြစ်တင်စောလို့ မဖြစ်သေးဘူး ကလေးတို့ရေ ... ကားပေါ်မှာ လေးလေး တွေ့ခဲ့ရတဲ့ ဖြစ်ရပ်လေးက ဒီလို ... ဒီလို ”
မောင့်တင်လွင်တို့နဲ့ ဆုံစည်းရမယ့် ပျော်စရာ စကားဝိုင်းလေးကို မြင်ယောင်မိရင်း ကိုစံမောင် တစ်ယောက် မိန့်မိန့်ကြီး ပြုံးနေလိုက်တာ ခြေတစ်ဖက် ထုံနေတာကိုတောင် မေ့သွားသတဲ့ ။
▢ မြတ်သင်း
📖 မုသားပျားရည် နှစ်စက်
No comments:
Post a Comment