Sunday, June 14, 2026

အတွေးလွင့်ပျံ့

❝ အတွေးလွင့်ပျံ့ ❞
    ( ကြည်အေး )

ည ၉ နာရီ ထိုးပြီးသော်လည်း အပြင်မှာ နေရောင်လင်းပြီး ငှက်တွေ ပျံသန်းနေဆဲပဲ ။ အထူးသဖြင့် ကျွန်မ အိပ်ခန်းပြတင်း အဖွင့်အပိတ်ကို စောင့်ကြည့်နေတတ်ကြတဲ့ ခိုကလေးများဟာ တစ်ဝက်တစ်ပျက် မြင်ရတဲ့ တိုက်ခန်း ညာဘက်ဆောင် ခေါင်မိုးပေါ်မှာ တန်းစီနေကြတုန်းပဲ ။ မနက်တစ်ခါ ညနေတစ်ခါ ပေါင်မုန့်ပစ်ကျွေးတာကို သူတို့ မျှော်နေတတ်ကြတယ် ။ မြေကြီးပေါ်က မြက်ခင်းကို ငုံ့ကြည့် နေတတ်ကြတယ် ။

ဒီနေ့ ပေါင်မုန့်ဈေး တက်သွားတယ် ၊ ပေါင်မုန့်လေးလုံးကို ၂ ပေါင်ကျော် ပေးရတယ် ။ ဘယ်တတ်နိုင်မလဲလို့ ကျွန်မ ပြောပြီး ဝယ်ခဲ့တယ် ။ ပေါင်မုန့်ကို အစိတ်စိတ် အမြွှာအမြွှာ ချွေခွဲပြီး ပြတင်းက မြက်ခင်းပေါ်ကို ပစ်ကြဲလိုက်တဲ့အခါ မီးခိုးရောင် ရှဉ့်ကလေး ၃ - ၄ ကောင် ပြေးလာပြီး ကျကျနန ထိုင်ပြီး ပါးစပ်နဲ့ ကောက်ယူပြီး လက်နှစ်ဖက်နဲ့ စုံကိုင်ပြီး စားတတ်ကြတယ် ။ သူတို့ အမြီးကလေးတွေကို ကောက်ကွေ့ပြီး ကျောပေါ်အုပ်ထား တတ်တယ် ။ စောင်ခြုံထားသလိုပဲ ။ ကျွန်မ နေတဲ့ တောင်ပိုင်းမှာ မီးခိုးရောင်ရှဉ့်မျိုးပဲ ရှိတယ် ။ လန်ဒန်မြို့ကြီးနားမှာ နေပြီး လူ့အစာ အကျန်အကြွင်းပဲ စားရလို့ ထင်ပါရဲ့ ။ ရှဉ့်ကလေးတွေဟာ သေးသေးကလေးတွေ ။ အမေရိက မြောက်ပိုင်း အထူးသဖြင့် ဒါကိုတာ မြောက်ပိုင်း ကနေဒါနဲ့ နီးတဲ့ ထင်းရှူးပင် ထင်းရှူးသီးနဲ့ တခြား သစ်သီးသစ်ဥပေါတဲ့ နေရာက မီးခိုးရောင် ရှဉ့်ကလေးတွေလို မဟုတ်ဘူး ။ အမေရိကန် ရှဉ့်တွေရဲ့ တစ်ဝက်လောက်ပဲ ရှိတယ် ။

အနီရောင်ရှဉ့်တွေ ဒီမှာ မရှိဘူး ။ စကော့တလန်ပြည်မှာပဲ ရှိတယ် ပြောတယ် ။ ရှဉ့်နီကလေးတွေက အရွယ်ငယ်တဲ့အမျိုးမို့ ထင်ရဲ့ ။ မီးခိုးရောင်ရှဉ့်တွေ ရောက်လာရင် ရှဉ့်နီလေးတွေ ပျောက်ကုန်ရောတဲ့ ။

လောလောဆယ် ကျွန်မ ဆေးရုံဝင်းထဲမှာ တစ်ပတ်ငါးရက် ( အလုပ်လုပ်တဲ့ ရက် ) နေတော့ ထုံးစံအတိုင်း ဆေးရုံဝင်းက ကျယ်ပြန့်ပြီး သစ်ပင်ကြီး သစ်ပင်ငယ် ချုံပုတ်မျိုးစုံ ရှိတာမို့ တိရစ္ဆာန်ကလေးတွေ မျိုးစုံ ခိုလှုံနေကြတာ တွေ့ရပါတယ် ။ ဆေးရုံထဲမှာ ကားလည်း အရမ်း မောင်းလို့မရတော့ တိရစ္ဆာန်ကလေးတွေ ဘေးကင်းပြီး အသက်ရှည်နေထိုင် နိုင်ကြတာပေါ့ ။ ကျွန်မကလည်း တိရစ္ဆာန် ဟူသမျှကို ချစ်ခင်ကြင်နာချင်လေတော့ ရောက်လေရာမှာ သူတို့နဲ့ တစ်နည်းမဟုတ် တစ်နည်း အဖော် ဖြစ်သွားတတ်တယ် ။ သူတို့ ကြိုက်တတ်တဲ့ အစာကို ရှာဖွေပြီး ပစ်ကြဲကျွေးမွေးစ ပြုလိုက်ရင် ၂ ရက် ၊ ၃ ရက်အတွင်း သူတို့ အုပ်လိုက် ရောက်လာပြီး အစာတောင်းတဲ့ အကျင့် ရသွားတတ်ကြတယ် ။

ရှဉ့်ကလေးတွေ သိပ်ကြာကြာ မနေဘူး ။ စားလို့ ဝရင် ပေါင်မုန့်စ အပိုတစ်ခု နှစ်ခုကို ကိုက်ပြီး ချုံပုတ်ထဲ ပြန်ပြေးသွားကြတယ် ။ သူတို့ မပြန်ခင်ဖြစ်စေ ပြန်ပြီးမှ ဖြစ်စေ ခေါင်းမိုး ပေါ်က ခိုကလေးတွေ လျှောပျံကျဆင်းလာတတ်ကြတယ် ။ သူတို့ အသံ သိပ်မပြုကြဘူး ။ မြက်ခင်းပေါ်မှာ ဟိုလျှောက်သည်လျှောက် လျှောက်ရင်း ပေါင်မုန့်ကို ကောက်စားကြတတ် တယ် ။ သူတို့ နှုတ်သီးတွေက သေးပြီးချွန်တယ် ။ သိပ်ကျယ်ကျယ်ဟလို့ မရဘူး ။ အစာကို နှုတ်သီးထိပ်နဲ့ ပေါက်ပြီး စားကြတယ် ။ ပေါင်မုန့်စတွေ ကွဲကြေစင်ထွက်သွားတတ်တယ် ။ တစ်ခါ ပေါင်မုန့် တစ်စဟာ ခိုကလေး တစ်ကောင်ရဲ့ ကျောပေါ်တင်ပြီး တော်တော်နဲ့ အောက်မကျလို့ ခိုကလေး ဟိုပြေးဒီပြေးနဲ့ ကိုယ်ကို ခါရမ်းပြီး ချောက်ကျနေတာ ရယ်စရာ လိုပဲ မြင်လိုက်ရပါတယ် ။ သူတို့ အစာတစ်စကို ပြီးအောင် မစားဘူး ။ တစ်ခုပြီးတစ်ခု နှုတ်သီးနဲ့ ပေါက်ပြီး လျှောက်သွားရင်း စားတတ်ကြတယ် ။ စားရင်း စိတ်ကူးတစ်မျိုး ပေါက်ပြီး ခိုမကို ရစ်စိုင်းပြီး တဇူးဇူးနဲ့ အလုပ်များတတ်တဲ့ ခိုအဖို တစ်ကောင်နှစ်ကောင်ကိုလည်း သတိပြုရတတ်တယ် ။

ခိုလေးတွေ အများအားဖြင့် မီးခိုး ၊ အပြာ ၊ နက်ပြာနဲ့ မီးသွေးရောင်ရောတဲ့ အဆင်ကို ဆင်တတ်တယ် ။ အဖြူစင်းနဲ့ အဖြူပြောက်တွေ အတောင်ဖျား လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဆင်တတ်တယ် ။ ခြေထောက်ကတော့ အနီနဲ့အပြာ နည်းနည်းပေါ့ ။ နီညိုညိုခိုကလေး တစ်ကောင် နှစ်ကောင်လည်း ပါလာတတ်တယ် ။ ခိုဖြူလည်း တွေ့ဖူးတယ် ။

မြို့ထဲမှာ မနေတဲ့ တောအုပ်တွင်းက လာတတ်တဲ့ ခိုက အင်္ဂလိပ်လိုတော့ Wood Pigeon ခေါ်မှာပေါ့ ။ သူတို့လည်း လာတတ်တယ် ။ နှစ်ကောင် သုံးကောင်ပဲ အုပ်ဖွဲ့ လာလေ့ မရှိဘူး ။ သူတို့က မြို့သားခိုတွေနဲ့ မရောဘူး ။ မနီးမဝေးမှာ နေကြတယ် ။ ကြာကြာလည်း မနေဘူး ။

ညိုငွေရောင်လို့ ကျွန်မ ခေါ်ချင်တဲ့ ခိုကလေးတွေလည်း လာကြတယ် ။ အားလုံး လေးကောင်ပဲ ၊ နှစ်ကောင်တွဲ အဖိုအမ တစ်စုံစီပေါ့ ၊ လာကြတယ် ။ သူတို့က ခိုထက် သေးငယ်ပြီး ခေါင်းသေးသေး ရင်အုပ်အတောင်ရင်း ထူထူပဲရှင့် ။ သူတို့က ခိုတွေကို နည်းနည်း ကြောက်သလိုပဲ ။ ဒါပေမဲ့ ခိုတွေဟာ သိပ်ရန်နည်းတဲ့ ငှက်ကလေးတွေ ချိုးကလေး တွေကို ရန်မမူပါဘူး ။ သူတို့အချင်းချင်း ရန်မူတိုက်ခိုက်တာ တစ်ခါမှ မတွေ့သေးဘူး ။

ချိုးကလေးတွေက ကူးကူးလို့ အော်ပြီး သုတ်ခနဲ ထပျံပြေးလာတတ်ကြတယ် ။ သူတို့က မိုးချုပ်မှောင်စပြုတဲ့ အထိ နေပြီး အစာ တဖြည်းဖြည်း စားကြတယ် ။ သူတို့ ဘယ်မှာ အိပ်သလဲ ကျွန်မ မသိဘူး ။ ခိုတွေလို ခေါင်မိုး တံစက်မြိတ်မှာ မအိပ်ဘူး ။ အနားက ချုံပုတ်ကြီးတွေနဲ့ သစ်ပင်ကြီးကြီး ရွက်ထူထူ ကြားမှာ အိပ်မှာပဲလို့ ကျွန်မ တွေးပါတယ် ။

အံ့သြစရာ တစ်ခုက ဘယ်က ရောက်လာမှန်း မသိဘူးရှင့် ။ တောဘဲအမနဲ့ အထီး သုံးကောင် ရောက်လာပြီး ခိုတွေနဲ့ ရောပြီး အစာစားကြတယ် ။ အမေ အဖေနဲ့ သားနှစ်ကောင် လို့ ထင်ပါတယ် ။ အမေက အညိုများများ အဖြူဖတ်ကြားကြားနဲ့ အထီးသုံးကောင်က အမြီးမှာ အညိုနည်းနည်း လည်ပင်းနဲ့ ခေါင်းက စိမ့်ဖန့်ပြာလဲ့ပြီး မြရတနာလို တောက်ပပြီး လှနေကြတယ် ။ သူတို့ အချင်းချင်း သိပ်စောင့်ရှောက်ကြတယ် ။ ဘဲတစ်ကောင်က အမြဲတမ်း စန္တရီစောင့်ဆဲ အခြား သုံးကောင်က အစာစားကြတယ် ။ အမေဘဲမက အများအားဖြင့် စန္တရီ စောင့်တဲ့ အလုပ် သိပ်မလုပ်ဘူး ။ သူက ခပ်အေးအေးပဲ ၊ စားပြီး မြက်ခင်းပေါ်မှာ ဝပ်နေတတ်တယ် ။ ခဏကြာရင် ဘဲတွေ အားလုံး ဝပ်နေကြတယ် ။ သူတို့ ပူးပူးကပ်ကပ် မနေဘူး ။ တစ်ကောင်နဲ့ တစ်ကောင် တစ်ပေ တစ်ပေခွဲလောက် အကွာမှာ နေတယ် ။ ဒါပေမဲ့ သူတို့ ကလေးဖောက်တဲ့အခါ ဘဲပေါက်စကလေးတွေ တန်းစီပြီး ဘဲကြီးတွေ နောက် လမ်းလျှောက် လိုက်တဲ့အခါ ရေပေါ်မှာ ကူးတဲ့ အခါဆိုရင်တော့ ဘဲကြီးသုံးလေးကောင်က ဝိုင်းရံပူးကပ်ပြီး အကာအကွယ် ပေးတတ်တယ် ။ ဘဲပေါက်စကလေးတွေက မောရင် ညောင်းရင် ဘဲကြီး တွေရဲ့ ကျောပေါ်နဲ့ အတောင်ကြားထဲ ခိုဝင်ပြီး အချောင်စီးတတ်ကြတာ မြင်ဖူးမှာပေါ့ ။ 

ဘဲတွေလည်း ရန်မထောင်တတ်ဘူးရှင့် ။ ခိုတွေ ချိုးတွေ ရှဉ့်တွေနဲ့ ရောပြီး ပေါင်မုန့်စတွေ စားကြတယ် ။

တစ်ခါ ပြောရဦးမယ် ။ ပေါင်မုန့်တစ်စဟာ ဘဲတစ်ကောင်ရဲ့ လျှာပေါ် အလျားလိုက် ကပ်နေပြီး မျိုချလို့ မရ ဖြစ်နေတာ ကျွန်မ စိတ်ပူစွာ မြင်ရပါတယ် ။ ခါထုတ်လို့လည်း မရ ၊ မျိုချလို့လည်း မရ ၊ ကျွန်မလည်း ဘာမှ မတတ်နိုင် ။ ပြတင်းပေါက်ကပဲ မျှော်ကြည့်ရင်း နောင်တရရင်း ပေါင်မုန့်စကို နောင် ပိုပြီး သေးသေးငယ်ငယ်အဖြစ် ဖဲ့ချွေပေးရမယ်လို့ပဲ စိတ်ကူးဆဲ နောက်ဆုံးတော့ သူ မျိုချလို့ ရသွားတယ်ရှင့် ။ ဘုရားမလို့ ။

နှစ်ပတ်သုံးပတ် အတွင်းမှာ ဘဲအမေနဲ့ အဖေပဲ လာပြီး သားနှစ်ကောင်က အဝေးကို တွဲပြီး ခွဲပျံသွားကြတယ် ။

ဘဲထီးနဲ့ ဘဲမ ခပ်ငယ်ငယ် တစ်စုံတွဲလည်း လာခဲ့သေးတယ် ။ သားတစ်ကောင် အဖော် တွေ့လေသလား ။ ဘဲစုံတွဲ အသစ်ပဲ ရောက်လာသလား ကျွန်မ မပြောတတ်ပါ ။

မက်ပိုင်းဆိုတဲ့ အဖြူနဲ့ အနက် ကြားထားတဲ့ အမြီးရှည်ရှည် အတောင်ကားကားနဲ့ ငှက်ဖိုငှက်မလည်း လာတတ်တယ် ။ အဲဒီငှက်ကို အနောက်နိုင်ငံသားတွေက မချစ်ဘူး ။ သူခိုးငှက်တဲ့ရှင့် ။ ကျွန်မက ပြောတယ် ။ သူတို့လည်း ငှက်ပဲ အစာမြင် စားချင်တာပဲ ။ သူတို့ အစာရှာစားတာ အစာတွေ့ရင် ကောက်ချီပြေးတာပဲ ။ သူတို့ကိုမှ ရွေးပြီး ဘယ်ကြောင့် သူခိုးလို့ ခေါ်ရတာလဲဆိုတော့ မဖြေတတ်ကြဘူး ။ အို ... ပြောင်ပြောင်လက်လက် မြင်ရင်လည်း ကောက်ချီ ပြေးတတ်တယ်တဲ့ရှင် ။

မက်ပိုင်းမှ မဟုတ်ပါဘူး ၊ ကျီးငှက်တွေလည်း ပြောင်ပြောင်လက်လက်မြင်ရင် ကောက်ချီ ပြေးတတ်ကြတယ် ။

အဲဒီငှက် အမူအရာမှာ အရင်းခံ အကြောင်းရှိတယ် ။ ငှက်တွေဟာ အင်မတန်ချီးမွမ်း အံ့သြဖွယ် ကောင်းတဲ့ သတ္တဝါတွေ ဖြစ်တယ် ။ ကမ္ဘာမြေကြီးပေါ်မှာ လူသတ္တဝါ မဖြစ် မပေါ်ခင် နှစ်ပေါင်း ကုဋေကုဋာ စောပြီး ဖြစ်ပေါ်ခဲ့ကြတယ် ။ ဒိုင်နာဆောတွေ တဖြည်းဖြည်းနဲ့ အတောင်ပေါက်ပြီး ငှက်ဖြစ်သွားတယ်လို့ ဆိုကြတယ် ။ ကမ္ဘာကြီး တစ်ခုလုံး ရေနစ်ပြီး သတ္တဝါ အကုန်လုံးလုံး လိုလို ပျက်စီးပျောက်ကွယ်သွားတဲ့ ခေတ်မှာ ကောင်းကင်မှာ ပျံသန်း ပြီး ကမ္ဘာကို ရစ်ဝဲခိုလှုံပြီး နောက်ဆုံး မြေပေါ် ပြန်လာနားနေနိုင်ခဲ့တဲ့ အခုအထိ အစဉ်အဆက် မပြတ်ခဲ့တဲ့ သတ္တဝါဟာ ငှက်တွေပဲလို့ ဆိုတယ် ။

နယူးဂီနီ မှာ ထင်ပါရဲ့ ။ ဘာဝါငှက် ဆိုတဲ့ ငှက်အမျိုးမျိုး တစ်အုပ်ဟာ အင်မတန် စိတ်ကူးယဉ်တဲ့ အနုပညာသည်တွေပဲရှင့် ။ သူတို့မှာ ထူးဆန်းလှပတဲ့ အမွေးအတောင် ရှိတယ် ။ သူတို့ သိပ်ပြီး ကတတ်တယ် ။ အဖိုက အမကို နောက်ပိုးတဲ့အခါ အတောင်ဖြန့်ပြီး ခြေက ကရင်း ဟိုယိမ်းသည်ယိုင် ကွေ့ဝိုက်ပြီး ရစ်တတ်တယ် ။ နောက်ငှက် တစ်မျိုးက အမကို အိမ်ဆောက်ပြီး လက်ဆောင်ပေးတယ် ။ အိမ်က ဧရာမအသိုက်ကြီး ဖြစ်တတ်ပြီး အနီရောင် အဝါရောင် တောက်ပတဲ့ သစ်ရွက်နဲ့ အကန့်အကန့် ခြယ်လှယ်ဖြန့်ကြဲ အလှပြ ထားတတ်တယ် ။ အရောင်မျိုးစုံ ဝင်းလက်တဲ့ ကျောက်စရစ်ခဲတွေကိုလည်း အကန့်အကန့် ဆင်ပြင်ပြီး အိမ်ခြေရင်းမှာ အလှပြထားတတ်တယ် ။

ငှက်များစွာမှာ အဖိုနဲ့ အမ တစ်သက်လုံး သစ္စာရှိရှိ မဖောက်ပြားဘဲ တွဲဖက်နေကြတဲ့ အကျင့် ရှိတတ်တယ် ။ အမေအဖေ အတူတကွ သားဖောက်ပြီး အစာကျွေး အပျံသင်ပေး ကြတတ်တယ် ။ ဒါကို တစ်သက်လုံး လုပ်နေတတ်တယ် ။ ကျွန်မရဲ့ ပြတင်းပြင်က ငှက်ကလေးတွေကတော့ သိပ်စာဖွဲ့လောက်တာ မဟုတ်သော်လည်း သူတို့မှာ စဉ်းစား တွေးတောတတ်တဲ့ ဦးနှောက်ရှိတာ အမှန်ပဲ ။

ကျွန်မကို သူတို့ သိကြတယ် ။ သူတို့ မျက်စိထဲမှာတော့ ကျွန်မဟာ ပြတင်းပေါက် ဖွင့်ပြီး အစာပစ်ကြဲတတ်တဲ့ မတ်တတ်ရပ် နေတတ်တဲ့ ခြေထောက်ရှည်ရှည်နဲ့ လမ်းလျှောက်တတ်တဲ့ အတောင်မရှိ မပျံနိုင် မြေကြီးမှာ ကပ်နေရတဲ့ လူသတ္တဝါ တစ်ကောင်ပေါ့ ရှင် ။

 ▢  ကြည်အေး
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၁၉၉၈

No comments:

Post a Comment