Tuesday, June 23, 2026

အနိုင်၏ အရှုံး


❝ အနိုင်၏ အရှုံး ❞
( အေပရယ်ညိုညိုချော )

သူ အိမ်က ထွက်လာတော့ ညနေ လေးနာရီပင် ကျော်နေလေပြီ ။ ထွေးငယ်ကို “ လေးနာရီ ဆုံမယ် လမ်းထိပ်မှာ စောင့်နေမယ် ၊ လာခဲ့ ” ဟု သူက ကြိုချိန်းလိုက်ပြီး ခု သူက ပြန်နောက်ကျနေရသည် ။ အကြောင်းက သူ အပြင်ထွက်မည် လုပ်မှ အမေ့ ပွစိပွစိ ရေရွတ်သံများကို ကြားနာနေရခြင်းကြောင့် ဖြစ်သည် ။ အမေက အမြဲ ဒီတိုင်းပင် ။ အိမ်မှာ နေလျှင်လည်း အလွတ်မပေး ၊ အပြင် ထွက်လျှင်လည်း ထွက်ပြန်ပြီ ဆိုကာ အမြဲ ဆူပူနေတော့သည် ။ ကြာတော့ အမေ့နာမည် ဒေါ်ချောပို အစား ဒေါ်ပြောပို ဟု မှည့်ခဲ့သင့်သည်ဟု သူ တွေးကြည့်မိခဲ့ဖူးသည် ။ ဟုတ်သည်လေ ။ သူ့အမြင်တွင် အမေ ပြောနေသမျှသည် သူ့ အဖို့တော့ အပိုတွေချည်း ဖြစ်သည်ဟုသာ ခံစားရသည် ။ အမေက သူ မနှစ်သက်သော အဝတ်အစားကို ဝတ်စေချင်သည် ။ သူ မလုပ်ချင်သော အိမ်အလုပ်များကို လုပ်စေချင်သည် ။ မည်သို့ ပြောနေပါစေ ၊ သူ မလိုက်နာမှန်း သိသိချည်းနှင့် ပြောနေခြင်းကြောင့် အပိုတွေ ပြောသည်ဟု သူ မြင်တာ မှားသည် မထင်ပါ ။ အတွေးတွေနှင့် လျှောက်လာမိတော့ လမ်းထိပ်ကို ဘယ်လို ရောက်လာမှန်းပင် မသိလိုက် ။ စူပုပ်ပုပ် မျက်နှာလေးနှင့် ရပ်စောင့်နေသော ထွေးငယ်က သူ့ကို မြင်တော့ မျက်စောင်းထိုးပြီး ကြည့်သည် ။ ထွေးငယ့် ပါးကို လှမ်းဖျစ်ရင်း သူ ပြုံးပြလိုက်သည် ။

“ ကြာလိုက်တာ အနိုင်ရာ ၊ ဒီမှာ ရပ်စောင့်နေရတာ ခြေထောက်တွေ တောင့်နေပြီ ဘာမှန်း မသိဘူး ”

“ အင်း ... သိပါတယ် ထွေးငယ်ရ ၊ ကိုယ် ထွက်ခါနီးမှ မားသားကြီးက ရစ်နေတာ ကွာ ။ ဒါကြောင့် နောက်ကျရတာ ဘွာတေးနော် ”

“ ဟွန့် ပြောလိုက်ရင် ဒီတိုင်းချည်းပဲ သင်တန်းချိန်က နီးနေပြီ ၊ ပြော ဘယ်ဆိုင် ထိုင်ကြမှာလဲ ”

“ လာ ကိုယ့်နောက် လိုက်ခဲ့ ”

သူ ဆွဲခေါ်ရာ ယက်ကန်ယက်ကန် ပါလာသော ထွေးငယ်ကို ကြည့်ရင်း သူ သဘောကျမိသည် ။ ကျောလယ်လောက် ရှိသော ထွေးငယ် ဆံပင်လေးတွေက နဂို ဖြောင့်စင်းလေးနှင့် အညိုရောင်ဘက် သန်းကာ ပျော့အိအိလေး ဖြစ်သည် ။ နှုတ်ခမ်းလေးတွေက ခပ်ပါးပါး ဖြစ်သော်လည်း သူ့ကို စိတ်ဆိုးစိတ်ကောက် နေလျှင် တော့ သိသိသာသာ ရှေ့သို့ စူထွက် နေတတ်သည် ။ ထို နှုတ်ခမ်းလေးတွေကို ကြည့်ရင်း သူ့ အာခေါင်တွေ ခြောက်ကပ်လာသည် ။ ထိုနှုတ်ခမ်းတွေ မည်သို့ အရသာ ရှိမည်လဲ မှန်းဆကြည့်မိရင်း သူ ဖတ်ဖူးသော စာတွေ ၊ ကဗျာတွေထဲက ချိုသော နှုတ်ခမ်း ဆိုသည်များကို သတိရသည် ။ ထွေးငယ် နှုတ်ခမ်းတွေရော ချိုမည်လား သူ မတွေးတတ် ။

“ ဟိတ် အနိုင် ဘာလို့ ထွေးငယ်ကို ဒီလောက် ကြည့်နေတာလဲ ၊ အအေး မှာထားပြီး မသောက်ဘဲနဲ့ ”

“ ဪ ... အင်း ချိုလားလို့ စဉ်းစားနေတာ ”

ယောင်ယမ်းထွက်သွားသော သူ့စကားကို ထွေးငယ် က ဘာမသိ ညာမသိ လှောင်ပြုံးကြည့် ကြည့်သည် ။

“ အမ် … မသောက်ကြည့်ဘဲ သိမလားလို့ ၊ စဉ်းစားမနေနဲ့ သောက်ပြီးရင် သင်တန်း လိုက်ပို့ပေးတော့ ”

“ အေးပါ အေးပါ ပို့ပါ့မယ်ဟ ”

ကွန်ပျူတာသင်တန်း အပေါက်ဝထိ ထွေးငယ်ကို ပို့ပြီး လှည့်ထွက်လာတော့ ထွေးငယ်၏ အသံစာစာက နောက်က ကပ်ပါလာသည် ။

“ ဆယ်တန်း ပြန်ဖြေဖို့ စဉ်းစားဦး ၊ လျှောက်ပဲ လည်မနေနဲ့ အနိုင်ရဲ့နော် ”

အလွယ်ခေါင်းညိတ်ပြပြီး ထွက်လာလိုက်သည် ။ အိမ်မပြန်ချင်သေးသည်မို့ သူငယ်ချင်း အောင်ဖြိုး ရှိရာ အလည်သွားဖို့ စိတ်ကူးလိုက်သည် ။ အောင်ဖြိုးတို့ အိမ် အရောက်တွင် စည်သူ့ကိုပါ အသင့် တွေ့ရသည် ။

“ ဟာ အနိုင် လာကွာ ၊ ဒီမှာ ငါတို့ ဂီတာတီး ကျင့်နေတာကွ ။ ငါတို့ကို နည်းနည်းပါးပါး ပြပေးဦး မင်းလာတာ အတော်ပဲ ”

“ အေး ငါ တတ်သလောက်တော့ ပြတာပေါ့ကွာ ၊ ငါလည်း မတောက်တခေါက်ရယ် မင်းတို့ သိသားနဲ့ ”

ဒေါင်ဒေါင်ဒင်ဒင်နှင့် သီချင်းတွေ အော်ဆိုကောင်းနေချိန် အောင်ဖြိုး မိဘများ အပြင်မှ ပြန်လာသောကြောင့် သူလည်း အိမ်ပြန်ဖို့ ပြင်ရ တော့သည် ။ မှောင်စ ပြုနေပြီ ။ ပြန်ရောက်လျှင်လည်း အမေ့ ဟောနေကျ တရားတွေ နာရပေဦးမည် ။

••••• ••••• •••••

ညက အိပ်မက် အကြောင်း ပြန်စဉ်းစားရင်း သူ့ ရင်တွေ တဒိန်းဒိန်း အခုန် မြန်နေသည် ။ ဖက်လုံးကို တင်းတင်းဖက်ရင်း မျက်လုံးကို အသာ ပြန်မှေးထားကာ အိပ်မက်ထဲမှ ထွေးငယ်၏ နှုတ်ခမ်းတွေ ချိုသလိုလိုနှင့် ရှိန်းမြမြ အရသာကို ပြန်ဖမ်း ယူကြည့်မိတော့ အာရုံထဲ ဘာမှ မပီပြင်ဘဲ ခပ်ဝါးဝါးသာ ဖြစ်နေသည် ။ ထွေးငယ် ဆံပင်လေးတွေထဲ လက်ချောင်းတွေထည့် ကစားနေမိတာတော့ သေချာပြန် သတိရသည် ။

“ ဟဲ့ အနိုင် ... အနိုင် ... ”

အတွေးနှင့် မှိန်းကောင်းနေဆဲ အမေ့အသံက အခန်းပေါက်ဝက စူးခနဲ ဝင်လာသည် ။

“ ဗျာ ... အမေ ”

“ ဗျာ ပြန်ပြီ ၊ ခေါ်လိုက် အော်လိုက်ရင် တဗျာဗျာနဲ့ ။ မဗျာနဲ့ ခုထ ၊ ငါ့ကို ဈေးပြေးပေးဦး ။ ဒီနေ့ နင့်အဖေ မွေးနေ့ ၊ သစ်သီးကိုးမျိုး ဘုရားကပ်မယ် ပြောထားတာ ငါ မဝယ်ရသေးဘူး ။ အဲဒါ ထ , ဝယ်ပေးဦး ။ နင်က နေချင်သလိုနေ ၊ နင့်အဖေက အေး အေးဆေးဆေး တရားသမား ဘာမှ မဆုံးမတတ်တာနဲ့ တွေ့ပြီ ”

“ အမေက အဲဒီလိုပဲ မိုးလင်းတာနဲ့ စ,ပြီ ။ အဖေ့လို နေပါလား အမေရဲ့ ၊ ကြည့်ပါဦး အဖေများ ဘယ်လောက် အေးချမ်းလဲ ၊ အနိုင့်ကို ဘာမှ မဆူဘူး ”

“ ဟဲ့ ... နင့်အဖေက မရမှန်း သိလို့ကို လွှတ်ထားတာ ရှင်းလား ။ ငါ ပြောနေတာ တောင် နင် အရေးစိုက်လား ။ ဆယ်တန်းက မအောင် ၊ အလုပ်က မရှိ ။ တစ်နေ့တစ်နေ့ အလေလိုက်နေတာ ပြန်ဖြေဖို့ လုပ်ဆိုတာကျ စိတ်မဝင်စား ။ နင့်ကို ဘယ်နား သွားထားမလဲ ။ ရပ်ကွက်ထဲ ၊ ဈေးထဲ ငွေတိုးလေး ကောက်ပေးပါ ဆိုတော့လည်း နင် အပြောဆို မတတ်တာနဲ့ ငါ့စီးပွား ပျက်မယ့် ကိန်းပဲ ”

စပြီ ။ ထုံးစံအတိုင်း အမေကတော့ စ , ချေပြီ ။ မျက်နှာ ကမန်းကတန်း သစ်ကာ ပိုက်ဆံတောင်းပြီး ထွက်ပြေးလာရသည် ။ အိပ်မက်လေးပင် ဘယ်ရောက်သွားမှန်း မသိတော့ ။

••••• ••••• •••••

နေ့လယ်ခင်း ပျင်းပျင်း ရှိသည်နှင့် အောင်ဖြိုးတို့ အိမ်ဘက် ထွက်လာလိုက်သည် ။ အောင်ဖြိုးအိမ်က လွတ်လပ်သည် ။ အောင်ဖြိုး မိဘများက အစိုးရဝန်ထမ်းများ ဖြစ်ကြသည်မို့ နေ့ခင်းဘက်ဆို အိမ်တွင် မရှိကြ ။ ညနေပိုင်းမှ ရှေ့ဆင့်နောက်ဆင့် ပြန်လာကြခြင်းဖြစ်သည် ။ ထို့ကြောင့် တစ်နေကုန် အောင်ဖြိုးအိမ်တွင် အချိန်ဖြုန်းလို့ ရသည် ။ သူ့ကို တွေ့တော့ “ လာထိုင်ကွာ အနိုင် ” ဟုသာ ဆိုရင်း စည်သူ နှင့် ဂစ်တာတီးနည်းတွေ ဖလှယ်နေကြသည် ။အောင်ဖြိုးရော ၊ စည်သူပါ သူနှင့် မခြား ဆယ်တန်းအတူ ကျ ထားသူတွေမို့ အလုပ်မရှိ တိုင်း ဂစ်တာတွေသာ လှိမ့် တီးနေကြသလား မသိတော့ ။ စည်သူ ကတော့ ဒီနှစ် ပြန်ဖြေမည် ၊ စာမေးပွဲနီးမှ အနီးကပ် ကျူရှင်တက်မည် ဆိုသည် ။ အောင်ဖြိုး ကတော့ စိတ်မပါတော့ဟု ဆိုသည် ။ နှစ်ယောက်သား အလုပ်တွေ ရှုပ်ကာ သူ့ကိုပင် အရေးမစိုက်နိုင်ကြတော့ ။ မင်းက ဒီလို တီး ၊ ငါက ဒီလိုတီးမယ် ဆိုကာ ခေါင်းချင်း ရိုက်နေကြတော့သည် ။ သူလည်း လုပ်စရာ မရှိသည်မို့ သီချင်းစာအုပ်တွေ ယူကာ လှန်လှောနေလိုက်သည် ။ စာအုပ်တစ်အုပ်ကို ယူကြည့်မိတော့ မျက်လုံးတွေ ပြူးသွားသည် ။ တစ်ရွက်ချင်း လှန်ကြည့်နေရင်း ခေါင်းနားပန်းတွေ ကြီးရုံ မက နားရွက်တွေပါ ထူပူ သွားရသည် ။ အောင်ဖြိုး နှင့် စည်သူ ကို လှမ်းကြည့်တော့ သူ့ကို သတိထားမိပုံ မရ ။ မသိမသာ စာအုပ်ကို လက်မှ ချကာ တခြား တစ်အုပ်ကို ဆွဲယူ လှန်လှောနေလိုက်သည် ။ လှုပ်ရှားနေသည့် စိတ်က ဘယ်လိုမှ ထိန်းမရသေး ၊ အောင်ဖြိုးတို့ ကိုလည်း မျက်နှာချင်း မဆိုင်ရဲတော့သည်မို့ ကမန်းကတန်း နှုတ်ဆက်ပြီး ထ , ပြန်ခဲ့တော့သည် ။ အောင်ဖြိုးက ထူးဆန်းသလို ကြည့်ပြီး ပြန်တော့မလို့လား မေးကာ ဘာမှ ထပ်မမေး ။ သူတို့ ဂစ်တာတီးနည်းတွေလောက် သူ့ကို စိတ်မဝင်စားတာလည်း ဖြစ်နိုင်သည် ။ ထူထူပူပူနှင့် ထွက်လာပြီးမှ အိမ်ကို တန်းမပြန်ချင်သေး ။

ထွေးငယ် သင်တန်းသွားချိန် နီးနေပြီမို့ လမ်းထိပ်က စောင့်နေလိုက်သည် ။ ထွေးငယ်နှင့် တစ်ခုခု စားပြီး သင်တန်းထိ ပို့ပြီးမှ အိမ်ပြန်တော့မည် ။ အအေးထိုင် သောက်နေသော်လည်း သူ့ စိတ်တွေက မတည်ငြိမ်နိုင် ။ ထိုစာအုပ်ကို မြင်ယောင်လိုက်တိုင်း နားတွေပါးတွေက ထူပူလာပြန်သည် ။ သူ ဖတ်မိလိုက်သည်ကို အောင်ဖြိုးနှင့် စည်သူ မြင်သွားလေသလား တွေးမိပြီး ကျောက မလုံနိုင် ။ အအေးကို ပိုက်နှင့် ငုံ့စုပ်နေသော ထွေးငယ် ကတော့ ပျက်နေသော သူ့အမူအရာကို သတိမထားမိသေးတာ သေချာသည် ။ စားပွဲပေါ် တင်ထားသော ထွေးငယ် လက်ဖမိုးလေးကို ကြည့်ကာ ဘာမဆိုင် ညာမဆိုင် ထိုစာအုပ်ထဲက မိမွေးတိုင်းဖမွေးတိုင်း စုံတွဲပုံရိပ်များနှင့် ရေးထားတဲ့ စာတွေက မျက်လုံးထဲ ပေါ်လာပြန်သည် ။ ကြားဖူးနားဝ သိနှင့်ပြီးသားဟု ဆိုသော်လည်း ထိုကိစ္စများကို ပုံများ ၊ စာများနှင့် ရေးဖွဲ့ ထားသည်ကို မမြင်ဖူး မဖတ်ဖူးခဲ့သည်က အမှန် ။ ရှက်သည် ခေါ်မလား ၊ ကြောက်သည် ခေါ်မလား မဝေခွဲနိုင်သော်လည်း ထိုစဉ်ကတော့ ထူပူ လန့်ဖျပ်သွားခဲ့သည်မှာ သေချာသည် ။

“ အနိုင် ... အနိုင် ... အနိုင် လို့ ဆို ”

“ အင်း ... အဲ့ ... ပြော ထွေးငယ် ဘာလဲ ”

“ ဘာဖြစ်နေတာလဲလို့ ငူငေါင်ငေါင်နဲ့ ၊ ခေါ်နေတာ လည်း မကြား ”

“ ဟိုကောင်တွေ အကြောင်း စဉ်းစားနေလို့ပါဟ ”

“ ဘယ်ကောင်တွေလဲ ”

“ အမ် ... ဘာမှ မဟုတ်ပါဘူး အိမ်က ကြောင်တွေ ပြောတာ ၊ မနက်က ငါ့ဖို့ ဟင်းတွေ ခိုးစားလိုက်လို့ ၊ အဲ့ဒါ ”

“ အမယ်လေးဟယ် ဖြစ် ရလေ ၊ ဘာများလဲလို့ သွားကြရအောင် ”

“ ထွေးငယ် ”

“ အင်း ... ပြောလေ အနိုင် ”

“ စည်သူတို့ ၊ အောင်ဖြိုးတို့နဲ့ မရောနဲ့နော် ”

“ ဟောတော် ... အနိုင် ရယ် အစမရှိ အဆုံးမရှိ စကားကလည်း ၊ သူတို့လည်း အနိုင့်လိုပဲ ခင်ရတာလေ ဘာဖြစ်လို့လဲ ”

“ ဘာမှ မဖြစ်ဘူး ၊ ငါ ပြောပြီးသားနော် သူတို့ကို မရောနဲ့လို့ ဒါပဲ ၊ သွားတော့ ”

အူကြောင်ကြောင်နှင့် ထွေးငယ် ကတော့ သူ့ကို နားမလည်နိုင်သလို ပြူးကြည့်သွားသည် ။ ဒီနောက်ပိုင်း သူ ကိုယ်တိုင်လည်း အောင်ဖြိုးတို့နှင့် ထပ်မတွေ့ ဖြစ်တော့ပါ ။ တွေ့ဖို့ မဝံ့တာလည်း ပါပါသည် ။ တစ်ခါတလေတော့ ငယ်သူငယ်ချင်းများ ဖြစ်သည်မို့ သတိတော့ရမိပါသည် ။ သို့ပေမဲ့လေ .. ။

••••• ••••• •••••

အမေ ဈေးဝယ်ခိုင်း၍ ဈေးဝယ်နေတုန်း တစ်စုံတစ်ယောက် နောက်ကျောကို လာပုတ်သောကြောင့် လှည့်ကြည့်မိတော့ စည်သူ ဖြစ်နေသည် ။

“ အနိုင် မင်းကွာ ငါတို့ဆီ မလာတာ ကြာပြီ ၊ ဘယ် ပျောက်နေတာတုံးကွ ။ ဒီနေ့ လာခဲ့ ဟေ့ရောင် ၊ ငါ စားဖို့ သောက်ဖို့ လုပ်ထားမယ် ”

“ ဪ ... အေး လာမယ်လေ ၊ ငါလည်း သတိရနေတာ ။ အမေ ခိုင်းတာတွေ လှည့်လုပ်ပေးနေရလို့ကွ နေ့လယ် လာခဲ့မယ် ”

“ အိုကေ လာခဲ့ကွာ ”

နေ့လယ် ရောက်တော့ အောင်ဖြိုးတို့ အိမ်ဘက် ထွက်လာခဲ့သည် ။

“ ဟာ ... အနိုင် လာကွာ ၊ မင်းကွာ ပေါ်ကို မလာတော့ဘူး ”

တွေ့တွေ့ချင်း အောင်ဖြိုးက ဝမ်းသာအားရ ခေါ် သည် ။

“ အေးပါကွာ ၊ ငါလည်း သတိရပါတယ် မအားလို့ပါကွ ”

“ ဟေ့ရောင် အနိုင် ချမလား ဒီမှာ ”

“ ဟင် ... ဘီယာတွေပါလား ။ မင်းတို့တွေ တယ် အဆင့်တက်နေပါလား ၊ လူကြီးတွေ သိကုန်မှ ဖြင့်ကွာ ”

“ မသိဘူးကွ ၊ ငါ့အဖေနဲ့ အမေ ခရီးသွားနေကြလို့ စည်သူ့ကိုတောင် အဖော်ခေါ် အိပ်နေရတာ ။ အရင်နေ့တွေ မင်းမှ မလာတာ ။ ခုလည်း အဖေတို့ မိတ်ဆွေတွေ မတော်တဆ အိမ်ရောက်လာရင် မြင်မှာစိုးလို့ ငါ့အခန်းထဲမှာ အောင်းနေကြတာကွ ”

“ မင်းတို့ဘာသာ ကဲကြပါကွာ ။ ငါ့အမေက နဂိုကမှ ငါ့အကောင်း မပြောရတဲ့ ကြားထဲ သောက်သွားရင် သ,တ် လိမ့်မယ် ၊ မလုပ်ရဲဘူး ”

သူတို့ကို ကြည့်ပြီး စမ်း သောက်ကြည့်ချင်သော်လည်း အမေ သိလျှင် မလွယ်သည့် ကိစ္စ ဖြစ်သည် ။

“ ငါ သီချင်းစာအုပ် အသစ် သွားဝယ်ဦးမယ်ကွာ ”

စည်သူ့စကားကြောင့် ဟိုတလောက စာအုပ်ကို ပြန်သတိရမိသည် ။ သီချင်းစာအုပ်ပုံထဲ မျက်စိကစား ကြည့်မိတော့ ထိုစာအုပ်ကို မတွေ့ရ ။ လက်နှင့်လည်း ကိုင်ရှာကြည့်ဖို့ စိတ်က မလုံ ။ ဒီကောင်တွေ ဆီမှာ ဒီလို စာအုပ်မျိုး ရှိနေတာကို သူ့ စိတ်က မနှစ်မြို့သော်လည်း ဒီကိစ္စကို စကားစ , ဖို့ ကျပြန်တော့ နှုတ်က မရဲပြန် ။ အပြင် ထွက်သွားသည့် စည်သူက ပြန်ရောက်မလာသေး ။ အောင်ဖြိုး တစ်ယောက်က တော့ သွေးရိုင်းမို့ နည်းနည်း သောက်ပြီး များများ မူးနေသည်လား မပြောတတ် ။ ကြည့်ရသည်မှာ ရီဝေဝေနှင့် ဖြစ်နေသည် ။ ပျင်းလာတာနှင့် အောင်ဖြိုး ခုတင်ပေါ်သို့ ပက်လက်လှန်လှဲချလိုက် သည် ။ မျက်လုံးများပင် စင်းချင်သယောင်ယောင် ။

“ အနိုင် ”

“ ဟင် ... အောင်ဖြိုး ဘာလဲ ၊ မင်း ဘာလုပ်မလို့လဲ ”

ခုတင်ပေါ် တက်လာရင်း သူ့ကို ခေါ်ကာ လှမ်းကြည့်သည့် အောင်ဖြိုး၏ မျက်လုံးထဲမှ အရိပ်တချို့ကို သူ မနှစ်မြို့မိ ။

“ ငါ ငါ မင်းကို မင်းကို ချစ်တယ် ”

ပြောရင်း လှမ်းဖက်လာသည့် အောင်ဖြိုး၏ လက်များကို တွန်းထုတ်ပစ်လိုက်သည် ။

“ ဟာ ... မင်းကလည်း အချင်းချင်းတွေ မနောက်ရဘူး ”

“ တကယ် ပြောတာ ၊ မင်းက သေချာကြည့်မှ တကယ် ချောတာကွ ”

“ ဟေ့ရောင် အောင်ဖြိုး ငါ ဆွဲထိုးမှာနော် ၊ ဟေ့ရောင် အေးဆေးနေနော် ”

ရုန်းရင်းဆန်ခတ်ကြား လှုပ်ရှား ထူပူနေသော စိတ် ကြောင့် အင်အားတို့က ကုန်ခန်းနေသလား မသိတော့ ၊ အောင်ဖြိုး ကတော့ သူ ဘာပြောပြော နားမဝင်တော့ချေ ။ ကြောက်စိတ် ၊ ထိတ်လန့် စိတ် ရှက်စိတ်တွေ ကြားတွင် ယောက်ယက်ခတ်ရင်း ထွေးငယ့် မျက်နှာက ပေါ်ပေါ်လာ သည် ။ ထွေးငယ့်နှုတ်ခမ်း တွေ ၊ လက်ဖမိုးမို့မို့လေးတွေ ၊ ဆံသားအိအိလေးတွေက ဖျတ်ခနဲ ဖျတ်ခနဲ ။ ထိုအရာများနှင့်တကွ အရာအားလုံးကို ဆုံးရှုံးလိုက်ရသလို ရင်ထဲ ဟာလာဟင်းလင်းဖြစ်လို့နေသည် ။ ယူကျုံးမရသည်လား ၊ ဒေါသထွက်သည်လား ခွဲခြားမရနိုင်စွာ ရင်ထဲ ပူလောင်နေတော့သည် ။

••••• ••••• •••••

ခုတလော နေရထိုင်ရ မလန်းမဆန်းနှင့်မို့ အိမ်ထဲမှ အိမ်ပြင်သို့ ဘယ်မှ မထွက်ဖြစ် ။ ထွေးငယ်နှင့် မတွေ့ဖြစ်ကြသည်ပင် ကြာပြီ ။ ဒီ အတောအတွင်း ထွေးငယ် လည်း သူ့အိမ်သို့ တစ်ခေါက် သာ ရောက်လာသည် ။ ထွေး ငယ်နှင့် အတူရှိချိန် အရင်လို ထွေးငယ့် မျက်နှာကို ရဲရဲပင် မကြည့်ဝံ့ ဖြစ်နေရသည် ။

“ ဘာဖြစ် နေတာလဲ အနိုင် ” ဟု မေးစဉ် “ သိပ်နေ မကောင်းလို့ ” ဟုသာ သူ ပြန် ဖြေခဲ့သည် ။ အမှန်တွင်လည်း သူ နေရထိုင်ရ မကောင်း ဖြစ်နေသည် ။ ရင်ထဲ တလှပ်လှပ်နှင့် ခေါင်းကလည်း မကြည်လင် ။

“ အနိုင် ... ဟဲ့ ... အနိုင် ၊ ညနေဈေးမှာ အမေ့ကို နေ့ပြန်တိုးတွေ သွားကောက်ပေးစမ်း ၊ အမေ မအားလို့ ”

“ ကျွန်တော် မသွားချင်ဘူး အမေရာ ”

“ ဟဲ့ ငါ မအားလို့ပါဆို ခုတလော ဘာဖြစ်နေတာလဲ ၊ အခန်းထဲ အောင်းပြီး မှိုင်တွေတွေနဲ့ ။ လူက ဖြူဖပ်ဖြူရော် နေမကောင်းဘူးလား ”

“ ကောင်းပါတယ် အမေ ၊ ခေါင်းနည်းနည်း မူးနေတာပါ ”

“ အေး ... ဒါဖြင့်လည်း ခဏနေ ငါ့ဘာသာ သွားကောက်တော့မယ် ။ နင်ပါ လိုက်ခဲ့ အပြန် ဆေးခန်း ဝင်ပြမယ် ”

“ ကျွန်တော် ဘာမှ မဖြစ်ပါဘူး အမေရာ ။ မသွားချင်ပါဘူး ဆေးခန်းကို ”

“ နင် စကားမများနဲ့ ဒါပဲ ”

••••• ••••• •••••

“ နာမည် ”

“ အနိုင် ”

“ အပြည့်အစုံ ပြောပါနော် ”

“ ဟူး ... ချော ... ချောနိုင် ”

နာစ့်မလေး မေးသမျှ သူ စိတ်မရှည်စွာနှင့် ဖြေနေရသည် ။

“ အဖေနာမည် ”

“ ဦးထွန်းနိုင် ”

“ အသက် ”

“ ၁၇ ”

“ ဆရာဝန်နဲ့ ဝင်တွေ့လို့ ရပါပြီ ”

စမ်းသပ်ခန်းထဲ အမေပါ လိုက်ဝင်လာသည် ။ ခက်ပြီ ။ ဆရာဝန်က ဘာတွေ ထပ်မေးမည်လဲ မသိ ။ သူ မဖြေချင်တာတွေ မေးလျှင် ခက်ဦးမည် ။ အရေးထဲ အမေက ပါသေးသည် ။

“ ဘာဖြစ်တာလဲ ”

“ ခေါင်းမူးမူး နေလို့တဲ့ ဒေါက်တာ ”

သူ မဖြေခင် အမေက ကြားဝင်ဖြေသည် ။

“ အင်း သွေးပေါင်ကျနေတယ် ”

“ ရာသီရော မှန်ရဲ့လား ”

ထင်သည် ။ ခုလို ပေါက်ကရတွေ မေးတော့မည်ဟု ။

“ မမှန်ဘူး ၊ ခုလနဲ့ဆို မလာတာ နှစ်လရှိပြီ ”

မဖြေချင်တာတွေ ဖြေနေရသည်မို့ သူ စိတ်က တိုလာသော်လည်း အမေ ရှိနေသည်မို့ ထိန်းထားရသည် ။

“ ဘာဆေးသောက်သေးလဲ မလာလို့ ”

“ ဘာဆေးမှ မသောက်ဘူး ”

“ အိုခေ ... ရော့ ဒီပုလင်းလေး ယူသွား ။ အိမ်သာထဲမှာ ဆီးခွက် ရှိတယ် ၊ ဆီးသွားပြီး ဒီပုလင်းထဲ ထည့်ယူခဲ့ ”

မကျေနပ်သမျှ အိမ်သာထဲ ဂလုံဂလွမ် မြည်အောင် ဆူညံပေးလိုက်သည် ။ ဆီးပုလင်း လှမ်းပေးတော့ သူ့ကို ဆရာဝန် ကြည့်နေသည့် အကြည့် ပြုံးစိစိကို သူ မုန်း လှသည် ။

“ အဒေါ် ... အဒေါ့် သမီးမှာ ကိုယ်ဝန် နှစ်လကျော် ရှိနေပြီ ”

“ ရှင် ... ”

“ ဗျာ .. ”

ပြိုင်တူ ထွက်လာသော အမေနှင့် သူ့ အသံကြောင့် အပြင်က နာ့စ်မလေးပင် အတွင်းသို့ လှမ်းကြည့်သည်ကို တွေ့ဖြစ်အောင် တွေ့လိုက်ရသေးသည် ။

“ ဘယ် ... ဘယ်လို ဖြစ်တာလဲ အနိုင် ”

“ ဟာ ... အမေရာ ရှက်လိုက်တာဗျာ ”

ပြောရင်းဆိုရင်း အတွင်း ခန်းမှ အပြင်ဘက်သို့ ပြေးထွက်လာတော့ အမေ နောက်က တကြော်ကြော် အော်ရင်း လိုက်လာသည် ။ အိမ်ရောက်တော့ အနားကပ်လာသည့် အမေ့ကို ရင်မဆိုင်ရဲ ၊ မကြည့်ရဲစွာ ခေါင်းကြီးသာ ငုံ့ထားနေလိုက်သည် ။

“ မိုက်လိုက်တာ မိနိုင် ရယ် ၊ ဘယ်သူလဲ ပြောပါဦး ။ ဘယ်သူနဲ့ ဖြစ်တာလဲ ၊ ငယ်ကတည်းက ငါ့စကားကို နားမထောင်ခဲ့တဲ့ သင်း ... ခုတော့ ဒုက္ခရောက်ပြီ ။ နင့် ကိုယ်နင် ဟုတ်လှပြီ ထင်ပြီး ယောက်ျားလေးတွေနဲ့ ဖက် လဲတကင်း နေနေတာ ငါ အတန်တန် ပြောနေတဲ့ ကြား က နင် အရေးမစိုက်တာတွေ ခုတော့ သိပြီလား ။ နင့်ကိုယ် နင် ဘာဆိုတာ လက်ခံပြီလား ။ ပြောပြော ၊ ဘယ်သူလဲ ပြောပါ မိနိုင်ရယ် ၊ ဟီး ... အီး ... ဟီး ... နင့်အဖေကို ငါ ဘယ်လို ပြောရမလဲ ၊ အီး ... ဟီး ... ”

“ ဟိုကောင့်ကိုပဲ သ,တ်ချင်တာ အမေ ၊ ဟိုကောင် အောင်ဖြိုး သင်း ... သင်းကြောင့် ကျွန်တော် အရှက်ရတာ တောက် ...”

“ ငါပြောခဲ့ပါတယ် မိနိုင်ရဲ့ ၊ နင့်ကို ငါ ဆုံးမခဲ့ပါတယ် ။ နင်ကိုက မိုက်တာ နင့်အပြစ် ၊ သူများ အပြစ်တင်မနေနဲ့ ။ ထွေးငယ် ကိုပဲ ယူမှာဆို ၊ မိန်းမပဲ ယူမှာဆို ခုတော့ နင် သိပြီမလား ။ သဘာဝတရားကို လွန်ဆန်တဲ့ အကျိုးရဲ့ အပြစ်ကို နင် သိပြီမလား ။ နင့်ရဲ့အရှုံးကို နင် သိပြီမလား အမိုက်မရဲ့ ”

“ အမေ … တော်ပါတော့ ၊ တော်ပါတော့ဗျာ ကျွန်တော် တောင်းပန်ပါတယ် ။ မပြောပါနဲ့တော့ ၊ မပြောပါနဲ့တော့ဗျာ ”

ကျွန်တော် မရှုံးဘူး ၊ ကျွန်တော် မရှုံးချင်ဘူး ။ ကျွန်တော် ... ကျွန်တော် မရှုံးပါရစေနဲ့ဗျာ ။ ကျွန်တော် က ... ကျွန်တော်က အနိုင်ပါ ဗျာ ။

⎕ အေပရယ်ညိုညိုချော
📖ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဖေဖော်ဝါရီ ၊ ၂၀၂၀

No comments:

Post a Comment