Thursday, June 11, 2026

ယုဂန်ဗွေ အစွန်းမှာ


❝ ယုဂန်ဗွေ အစွန်းမှာ ❞ 
         ( မိချမ်းဝေ )

“ သန်းယု ၊ မိသန်းယုဈေးက ပြန်လာပြီလား ”

ဈေးက ပြန်ရောက်ရောက်ချင်း ဆွဲခြင်းချသည်နှင့် အခန်းထဲမှ ပျံ့လွင့်လာသော မေမေကြီး၏ အသံကြောင့် သန်းယု စိတ်မရှည်စွာ နှုတ်ခမ်းကို မဲ့လိုက်လေသည် ။

“ ဟဲ့ မိသန်းယု .. အခန်းထဲ လာခဲ့ဦး ။ နင် ရောက်နေတာ ငါသိတယ်နော် ”

မေမေကြီးက သန်းယု၏ ထုံပေပေ အကျင့်ကို သိသလို ထပ်အော်လိုက်သည် ။ သန်းယု အကျင့်က ခေါ်လျှင် ထူးချင်မှထူးသည် ။ ကြားချင်မှ ကြားသည် ။ ကြားလျှင် မကြားချင်ယောင် ဆောင်ပြီးလည်း နေချင်နေတတ်သည် ။ အခန်းထဲရောက်သွားတော့ မေမေကြီးက ဆီးသွားချင်တာလည်း မဟုတ် ၊ ဝမ်းသွားချင်တာလည်း မဟုတ် ၊ ဒါဆိုရင် .... “ ငါ မှာတာတွေ ပါခဲ့ရဲ့လား ” မေမေကြီးအသံက စောစောကနဲ့ တခြားစီ ။ တိုးတိုးကလေး နှစ်ကိုယ်ကြား လေသံနှင့် ဖြစ်သွားသည် ။

“ ပါ ပါတယ် မေမေကြီးရဲ့ ။ ပုစွန်ချဉ်ရော ၊ တညင်းသီးပြုတ်ရော ပါပါတယ် ”

“ အေး အေး နံနံပင်ကလေးများ အဆစ် မတောင်းခဲ့ဘူးလား ။ စားခါနီးမှ ဆီစိမ်းကလေးနဲ့ သုပ်နော် ။ ပြီးတော့ ငါ ပြောထားသလို .. ”

စိတ်ချ ၊ စိတ်ချ မတည့်တာတွေချည်း စားချင်နေတဲ့ မေမေကြီးအတွက် စပယ်ရှယ် လုပ်ပေးပါမယ် ။ ထမင်း စားတော့မယ်ဆို ပုစွန်ချဉ်သုပ်ကိုရော ၊ ပါးပါးလှီးထားတဲ့ တညင်းသီးပြုတ်ကိုရော အန်ကယ်ကြီး မမြင်အောင် အပေါ်က ထမင်းနဲ့ ဖုံးပေးရမယ် ဆိုတာ ။ ဖုံးမယ့်သာ ဖုံး ဝှက်မယ့်သာ ဝှက်နေတာ ... အန်ကယ်ကြီးက မေမေကြီး ဘာနဲ့ စားလဲ ၊ ဘယ်လို နေလဲဆိုတာ သိချင်တာ မဟုတ် ၊ တစ်နေ့လုံး နေလို့ အခန်းထဲတစ်ခေါက် မဝင် ၊ လေဖြန်း ထားလို့ မသန်မစွမ်း ဖြစ်နေတဲ့ အမယ်အိုနား ဘယ်လာချင်ပါ့မလဲ ။ တစ်ခန်းလုံး အင်္ဂလိပ်ဆေးနံ့က တစ်မျိုး ၊ မြန်မာလိမ်းဆေးနံ့တွေက တစ်မျိုး ... ညှဉ်းသိုးသိုး နံစော်စော် ဖြစ်နေတဲ့ အခန်းထဲ သန်းယု တောင် မလွဲမရှောင်သာ ဝင်နေရသည် မဟုတ်လား ။

ဆီးချိုသွေးချို ၊ နှလုံးရောဂါနှင့် အဆစ်အမြစ်ကိုက် ရောဂါတွေပါ ရှိသော မေမေကြီး တစ်ယောက် အစဉ်အမြဲပင် မတည့်တာတွေ စားချင်နေတတ်သည် ။ မတည့်တာကိုမှ သွေးက တောင်းလှသည် ။ မကျွေးလျှင် ၊ စားချင်တာ မစားရလျှင် အလိုမပြည့်ချင် ၊ ဟိုအော် ဒီငေါက်နှင့်တစ်နေ့လုံး မကြည်မလင်ဖြစ်နေပါရော ။ ဒီတော့ သန်းယု အနေ တတ်ရသည် ။ လူနာစိတ်ချမ်းသာဖို့ အရေးကြီးသည် ။ အခုတစ်လော သန်းယုသဘောထားတွေ ပြောင်းနေသည် ။ လူနာတောင်းသည့် မတည့်စာတွေ ကျွေးနေခြင်းသည် လူနာစိတ်ချမ်းသာစေချင်လို့လား ၊ စေတနာမှန်နှင့် ကျွေးနေခြင်းလား ၊ အစကတော့ နားအေးလျှင် ပြီးရော ၊ ကြည်သာလျှင် ပြီးရော ၊ ကျီမကျလျှင်  ပြီးရော သဘောနှင့် ကျွေးနေခြင်းဖြစ်သည် ။ ယခုတော့ ထိုသဘောထား သက်သက်မျှ မဟုတ်တော့ ၊ သေမင်း နှုတ်ခမ်းဝသို့ သွားနေသူ တစ်ယောက် မြန်မြန် ရောက်သွားအောင် တွန်းပို့နေသည့် သဘောများ ပါဝင်လာသည် ။

ထိုသဘောများ ပါဝင်လာခြင်းသည် တစ်ခုသော မိုးသည်းတစ်ညမှ စတင်သည်ဟု သန်းယု မှတ်မိနေသည် ။ သန်းယုသည် သက်ပြင်းကို မျှဉ်းမျှဉ်းချကာ မီးဖိုထဲမှာ အလုပ်တွေကို ဇယ်ဆက်သလို လုပ်နေရင်း အိမ်ရှေ့ကို နားစွင့်နေလိုက်သည် ။ သည်အချိန်ဆို အန်ကယ်ကြီး လမ်းတစ်ပတ်လျှောက်ပြီး ပြန်လာပြီ ။ ဈေး မသွားခင် ပြင်ဆင်သွားခဲ့သော နံနက်စာကို စားသောက်ပြီး သတင်းစာဖတ်ရင်း ရေဒီယိုတစ်လုံးနှင့် အလှုပ်ရှုပ်နေပြီ ။ နဖူးပြောင်ပြောင် ဥပဓိရုပ်ကောင်းကောင်း ၊ အငြိမ်းစားအရာရှိ အန်ကယ်ကြီးသည် သန်းယု ကို အရောတဝင် မနေ ၊ စကားကို အပို မပြော ၊ အနေတည်လှသည်မှာ မိုးသည်းည မတိုင်မီ အထိပင် ။ ဤအိမ်မှာ အန်ကယ်ကြီး ၊ မေမေကြီးနှင့် သန်းယုတို့ သုံးဦးသာ ရှိသည် ။ တစ်ဦးတည်းသော သားမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေရာ ပြန်မလာသေးပေ ။ အန်ကယ်ကြီးက အလုပ်မှ အငြိမ်းစားယူကာ ကားပစ္စည်းအရောင်းဆိုင် ဖွင့်ထားသဖြင့် စီးပွားရေး မပူပင်ရ ။ မေမေကြီး ကလည်း ရှေးက ယစ်မျိုးဝန်ထောက်ကြီး သမီးအဖြစ်နှင့် အမွေတွေ ရထားသူ ဖြစ်သည် ။ ဤအိမ်ကြီး ပင်လျှင် မေမေကြီး မိဘပိုင် အိမ်ကြီးဟု ကြားဖူးထားသည် ။

သန်းယုမှာ အိပ်ရာထဲ လဲနေသော လူနာကို ပြုစုရန် ၊ အိမ်ကြီးကို အပေါ်ထပ် အောက်ထပ် သန့်ရှင်းရေး လုပ်ရန် ၊ ချက်ရေးပြုတ်ရေးတာဝန်ယူရန်နှင့် ဗာဟီရများ ပြုလုပ်ရန်အတွက် ခေါ်ထားခြင်းဖြစ်သည် ။ လူသုံးယောက် စားဖို့ချက်ရန် မပင်ပန်းသော်လည်း ကျယ်လွင့်လှသော အိမ်ကြီးသန့်ရှင်းရေး ပြုလုပ်ရန်မူ သန်းယု အဖို့ ငြီးငွေ့ဖွယ် ကောင်းလှ၏ ။ အလားတူပင် အပေါက်အစပ်များ ကကျီကကြောင် နိုင်လှသော လေဖြန်းလူနာ ပြုစုရသည့် ကိစ္စကလည်း တော်ရုံခံနိုင်ရည်နှင့် မဖြစ်သော ကိစ္စဖြစ်သည် ။

ရေတွက်လျှင် ဘာလိုလိုနှင့် သန်းယု အိမ်ဖော်လုပ်သက် သုံးနှစ်ရှိပြီ ။ ဘောက်ထော်ဘက်မှ အိမ်တစ်အိမ်မှာ နှစ်နှစ်ကျော် ကြာသွားသည် ။ အိမ်က မူကြို ဖွင့်ထားသဖြင့် ကလေးတွေ ချေးကိစ္စ ၊ သေးကိစ္စများလှလေရာ သန်းယု မပျော်ဘဲ အိမ်ပြောင်းလာခြင်းဖြစ်၏ ။ သည်အလုပ် မလုပ်လျှင် ယခုလောက်ဆို သန်းယု အကြီးဘုရား၏ သီလရှင်ဇရပ်မှာ သီလရှင်ဖြစ်နေလောက်ပြီ ။ သန်းယု ပင်ကိုစရိုက်က သီလရှင် မဝတ်ချင် ။ ခေါင်းတုံးတုံး၍ ဖန်ရည်စွန်းသော အဝတ်ကို ဝတ်ကာ အိမ်တကာလှည့် ဆန် အလှူခံရသည့် အလုပ်ကို မလုပ်ချင် ။ ပရိယတ္တိ စာပေများကိုလည်း မသင်အံချင် ။ ကောင်းသော အာရုံ များမှာ ဝင်စားလေ့ မရှိတာ သန်းယု စရိုက်ပင်လား မသိ ။ သန်းယု အရွယ်မတိုင်ခင် အမေ ဆုံးသွားတော့ အမေ ဆိုတာ ဘာမှန်းမသိဘဲ ကြီးပြင်းခဲ့ရသည် ။ အဖေ့ နောက်မိန်းမ မမိဆူးက ဘီလူးလို မျက်နှာထားနှင့် အမျက် ဒေါသကြီးသူဖြစ်သည် ။ သန်းယု ချိုစောင်းမှာ လက်တစ်ဆစ်ခန့် ကွဲဖူးတာ မမိဆူး လက်ရာဖြစ်သည် ။ သူက မွေးကောင်းတိုင်းမွေးသည့် ကလေးတွေကို သန်းယု ခါးကိုင်းအောင် ချီထိန်းခဲ့ရသည် ။ သန်းယု အသည်းအနာဆုံးမှာ လေးတန်းအောင်တော့ ကျောင်းမထားနိုင်ဆိုကာ ကျောင်းထုတ်လိုက်ခြင်းပင် ။ သန်းယု ကို မမိဆူး ခိုင်းစားချင်ပြီ ။ ပျိုးနုတ် ၊ ကောက်စိုက် ၊ လက်လုပ်လက်စား အလုပ်တွေ ရွာမှာ ပေါလှသည် မဟုတ်လား ။ ဒီလိုနှင့် သန်းယု ငွေရှာရတော့သည် ။ အပျိုပေါက်ကလေး ဖြစ်လာတော့ ပြောင်းလဲလာသော သန်းယု ရုပ်ရည်အပေါ် ရွာမှ ကာလသားတွေ မျက်စိကျလာသည် ။ သန်းယုက အသားလတ်လတ် ၊ မျက်လုံးမျက်ဖန် လှလှ ၊ ဆုံးသွားသည့် အမေနှင့်တူသည်ဟု ပြောကြသည် ။ ပြောင်းလဲလာသော သန်းယု အလှက မမိဆူး၏ မနာလိုစိတ်ကို နှိုးဆွပေးလျက်ရှိသည် ။ အလိုလိုနေရင်း သန်းယုကို ကြည့်မရ ၊ မရှုဆိတ်နိုင် ။ အဖေကလည်း မမိဆူး မီးထိုးသဖြင့် သန်းယု အပေါ် မကြည်လင်လှ ။ တစ်နေ့ ခြံဝင်းရှေ့မှ ကာလသားအမူးသမားတွေ သူတို့ ဘာသာ သန်းယုရေ သန်းယုရေ .. ဟု မူးပြီး အော်သွား ကြသည် ။ ထိုနေ့က အဖေ သန်းယုကို ရိုက်သည်မှာ မြော့မြော့ပဲ ကျန်တော့သည် ။သန်းယု ဘာမှ မမှား ။ ဘာကြောင့် ရိုက်တာလဲ ။ အဖေ့ကို သန်းယု မုန်းလိုက်သည်မှာ မပြောပါနှင့်တော့ ။ ထိုအချိန် အိမ်သို့ ကြီးတော်တစ်ဝမ်းကွဲ သီလရှင် အကြီးဘုရား ဒေါ်သီလစာရီ ဆွမ်းခြောက်ခံရင်း ကြွလာသည် ။ အကျိုးအကြောင်းသိတော့ သန်းယုကို ကယ်တင်ဖို့ လုပ်သည် ။ အကြီးဘုရားနောက် လိုက်ပြီး သီလရှင် ဝတ်မလားမေးသည် ။

အလှအပမက်မောစပြုနေပြီ ဖြစ်သော အပျိုပေါက်ကလေး သန်းယုမှာ အကြီးဘုရား အမေးကို ခေါင်းခါမည် ပြုပြီးမှ လောလောဆယ် ဒုက္ခက လွတ်မြောက်ရေးကို မျှော်လင့်လျက် လိုက်မည် ဖြေဖြစ်သည် ။ လိုက်မည် ဟူသော အဖြေသည် သီလရှင်ဝတ်မည်ဟု ကတိပေးတာ မဟုတ်ကြောင်း သန်းယု သာလျှင် အသိဆုံးဖြစ်၏ ။

သို့နှင့် ရွှေတိဂုံဘုရားစောင်းတန်း အနီးမှ အကြီးဘုရား ဇရပ်သို့ သန်းယု ပါလာ၏ ။ သန်းယုကို မလိုသော မမိဆူး၏ အပြုံးမျက်နှာသည် မျက်စိထဲက မထွက် ၊ မကောင်းစားဘဲ ရွာကို မပြန်ဟု သန်းယု ဆုံးဖြတ်ထား၏ ။ အကြီးဘုရားဇရပ်မှာ လူဝတ်နှင့် နေကာ ဘုရားရှိခိုး ၊ ပရိသတ်ကြီး ၁၁ သုတ်တို့ကို ကျက်ရင်း အကြီးဘုရား ဝေယျာဝစ္စကို ပြုရသည် ။ အကြီးဘုရားသည် သန်းယု ကို အကဲမရပေ ။ သန်းယု အနေအထိုင်ကို မကြိုက် ၊ သန်းယုမျက်လုံး ဂနာမငြိမ်တာကို မကြိုက် ၊ တောနေ တောစား ကြီးပြင်းလာရလို့ စကားပျူဌာ မပြောဆိုတတ် တာကို မကြိုက် ။ ယဉ်ကျေးလိမ္မာ သိမ်မွေ့ဖို့ အများကြီး လိုသေးသည်ဟု ယူဆပြီး သန်းယုကို သီလရှင် မဝတ် ပေးဖြစ်သေးပေ ။ ဒါကို အခွင့်ကောင်းယူ၍ သန်းယု တစ်ယောက် ဖောက်လာတော့သည် ။ အကြီးဘုရား အလှူခံရသမျှ ဆန်ဈေးမှာ သွားသွင်းရင်း အိမ်ဖော်ပွဲစား ဒေါ်သီနှင့် မိတ်ဆွေဖြစ်လာသည် ။ ဒေါ်သီ အပြောအဆွယ်မှာ ကျပြီး တစ်နေ့ ဒေါ်သီနောက် လိုက်ခဲ့ရင်းဖြင့် ဘောက်ထော်ဘက်က အိမ်တစ်အိမ်ရောက်ခဲ့တော့၏ ။

“ သန်းယု ... ဟေ့ သန်းယု ”

ဟော ... အတွေးနယ်လွန်နေတာနှင့် မေမေကြီး အော်ခေါ်နေပြီ ။ ခြေထောက်က မသန်သော်လည်း လက် အလွန်မြန်သော မေမေကြီးကို ချူဆီကလေး ထည့်ဖို့ ကြောင်အိမ်ပေါ်မှ ကျောက်ဖရုံယိုထုပ်ကို လှမ်းယူလိုက် သည် ။ ဆီးချို ရှိသော မေမေကြီး အကြိုက် ( မတည့်စာ ) ကျောက်ဖရုံယိုထုပ်ကလေးက ခေါင်းပေါ် ရောက်လာမည့် မေမေကြီးလက်အစုံတို့ကို ဟန့်တားပေးမည် ထင်ပါသည် ။

••••• ••••• •••••

လူ မနေသော အပေါ်ထပ်ကြီးမှာ ကြမ်းတိုက်ရသည့်အလုပ်ကို သန်းယု မကြိုက်သော်လည်း ကိုယ်လုံးပေါ်မှန်ကြီးရှေ့မှာ ရပ်ကာ တင်းရင်းဖောင်းကား အချိုးကျလာသော သူ့ကိုယ်ကာယကို လှည့်ပတ်ကြည့်ရသည့် ကိစ္စကိုတော့ အလွန်မြိန်ရှက်စွာ လုပ်လေ့ရှိသည် ။ ရွာမှ အိမ်မှာရော အကြီးဘုရားဇရပ်မှာပါ ကိုယ်လုံးပေါ်မှန် မရှိသည့်အတွက် သန်းယု တစ်ခါမှ ဒီလိုမှန်ရှေ့မှာ မရပ်ဖူးပေ ။ မှန်ရှေ့မှာ ရပ်မိနေသည့်နေ့က သူ့ကိုယ်သူ အလွန်အမင်း အံ့သြ သဘောကျ သွားခဲ့သည် ။ အပေါ်ထပ်မှာ သူတစ်ယောက်တည်း တီဗွီထဲက မော်ဒယ်ဂဲလ်တွေလို ရင်ကို မောက်ကြည့် ၊ တင်ကို ကောက်ကြည့် ၊ လက်ကို မြှောက်ကြည့် ၊ ပြုံးကြည့်ရယ်ကြည့်နှင့် ဘဝင်ခွေ့နေတုန်း မှန်ထဲမှာ မျက်လုံးစူးစူးတစ်စုံကို မြင်လိုက်ရတော့ လန့်ပြီး တုန်သွားလေသည် ။

ထိုမျက်လုံးစူးစူး တစ်စုံသည် သူ့အလှပွင့်အာမှုများ အပေါ် အာသာငမ်းငမ်းဖြစ်နေသည်ကိုတော့ အရွယ် အသိနှင့် သန်းယု သိနှင့်ပြီး ဖြစ်သည် ။ လှည့်ကြည့်လိုက်တော့ လှေကားထိပ်မှာ ရပ်နေသူက အန်ကယ်ကြီး ။ သန်းယုသည် လုပ်လက်စ အလုပ်ကို အမြန် လက်စသတ်ကာ အောက်ထပ်သို့ ဆင်းပြေးခဲ့တော့၏ ။ အောက်ထပ် ထမင်းစားခန်းမှာ အလုပ်တွေ ဆက်လုပ်နေရသော်လည်း အန်ကယ်ကြီး၏ အကြည့်မြားစူးသွားသော သန်းယု ရင်ဒိတ်ဒိတ် ခုန်နေတော့သည် ။

ထိုညသည် မိုးသည်းညတစ်ည ဖြစ်သလို လှေကား အောက်မှ သူ့အတွက် ပေးထားသော အခန်းလေးထဲမှ ဖြစ်ရိုးဖြစ်စဉ်နှင့် သွေဖည်သော အဖြစ်အပျက်တစ်ခု ဖြစ်ပျက်သွားခဲ့သည် ။ မိုးကြီးလေကြီးကျတော့ သန်းယု တစ်ရေးနိုးလာသည် ။ သံချိတ် မတပ်ဘဲ ပွင့်နေသော တံခါးပေါက်တချို့ တဂျိုင်းဂျိုင်း ရိုက်ခတ်သံကြောင့် တံခါးပေါက်တွေ ပိတ်ဖို့ ဧည့်ခန်းဆီ ထွက်ခဲ့၏ ။ ဧည့်ခန်းနှင့် ကပ်လျက် အခန်းထဲမှာတော့ အိပ်ဆေးနှင့် အိပ်ရလေ့ ရှိသော မေမေကြီး အိပ်မောကျနေလိမ့်မည် ။ အန်ကယ်ကြီးလည်း အပေါ်ထပ်မှာ မိုးအေးအေးနှင့် ကွေးနေရောပေါ့ ။ ပြတင်းတံခါးများမှ အဆီးအတားမရှိ ဝင်လာသော လေနှင့်အတူ မိုးသက်မှုန်တို့ကြောင့် သန်းယု အင်္ကျီတွေ ရွဲရွဲစိုကုန်တော့သည် ။ မအိပ်ခင် တံခါးတွေ စစ်ပြီး မပိတ်မိသော ကိုယ့်ကိုယ်ကိုယ်ပင် အပြစ်တင်ရင်း အိပ်ခန်းထဲ ပြန်လာကာ အဝတ်ကို ကပျာကယာ လဲဖြစ်သည် ။ ရေစိုသွားသော အဝတ်များ ချွတ်နေစဉ်မှာပင် နောက်ဘက်ဆီမှ တင်းကျပ်သော ပွေ့ငင်ခြင်းကို ခံလိုက်ရသည် ။ ထိတ်လန့်တကြား အော်မည်ပြုသော သန်းယု ပါးစပ်ကိုလည်း လက်ကြမ်းကြီးက ပိတ်ချလာသည် ။

“ သန်းယု မအော်နဲ့ ၊ အန်ကယ်ကြီးပါ ။ သန်းယုကို ချစ်လို့ပါ ”

မိုးသည် သည်းသည်ထက် သည်းလာသည် ။ သန်းယု အခန်းမှ အမှောင်သည်လည်း သိပ်သည်း သထက် သိပ်သည်းလာသည် ။ အစမှာ ထိတ်လန့်သလိုရှိ သော်လည်း နောက်တော့ ပွတ်သပ်ချော့မြူခြင်းမှာ သန်းယု သာယာလာပြီး ငြိမ်သက်သွားသည် ။ နောက်တော့ လွင့်လွင့်ဟာဟာ ခံစားမှုတစ်မျိုး ဝင်လာပြန်ကာ သန်းယု ငိုလေသည် ။ တစ်နေ့လုံးနေ၍ စကား မပြောသော အန်ကယ်ကြီးသည် သန်းယု ငိုတော့ ချော့လိုက်သည်မှာ တတွတ်တွတ် ။ သန်းယု စိတ်ကူးယဉ်ထားသည်မှာ သည်လို သက်ကျားအို မဟုတ် ၊ ပျိုပျိုရွယ်ရွယ် ဗီဒီယို ရုပ်ရှင်ကားတွေထဲက သက်တူရွယ်တူ မင်းသားမျိုး ။ ခုတော့ သွားပါပြီ ။

ထိုနေ့မှစ၍ သန်းယု စိတ်ရိုင်းဝင်လာခြင်းဖြစ်သည် ။ ကြောင်ခံတွင်းပျက်ကြီး ဘာ အလိုရှိသည်ကို သန်းယု နားလည်သွားပြီ ။ အမှောင်မယား အဖြစ်တော့ သန်းယု မတင်းတိမ်နိုင် ။ တစ်ခုခုတော့ လုပ်ရမည် ။ ရှိနေဆဲ အနေအထားမှ ပိုမိုမြင့်မားလာအောင် ခြေကုပ် ရယူရမည် ။ ထိုအရာမှာ မေမေကြီး နေရာကို ပိုင်ပိုင်နိုင်နိုင် ရယူရေးပင် ။ မေမေကြီး နေရာ ရယူဖို့ဆိုသည်က မေမေကြီး မရှိမှဖြစ်မည် မဟုတ်လား ။

မေမေကြီး မရှိဖို့ ဆိုသည်က လွယ်လွယ်လေး ။ အစာလည်းဆေး ၊ ဆေးလည်းအစာ ဆိုသော စကားကို သန်းယု ပြောင်းပြန်ယူလိုက်သည် ။ အစာလည်းအဆိပ် ၊ အဆိပ်လည်းအစာ ။ နံနက် ဈေးသွားတိုင်း မေမေကြီးနှင့် မတည့်တာတွေ တက်စာတွေ ၊ သွေးတိုးစာတွေ ရွေးဝယ် ရသည် ။ စေတနာထားသလိုလိုနှင့် သာသာထိုးထိုးကလေး ကျွေးရ၏ ။ အစားအသောက် မက်သော မေမေကြီးသည် သန်းယု ဆင်သောအကွက်မှာ အမိကြီး မိနေသည် မှာ ယခုဆို ဆေးပင် မနိုင်တော့ ။ ဆေးပင် မတိုးတော့ ။

အန်ကယ်ကြီးကတော့ သန်းယု အကွက်ကို မမြင် ၊ လူမမာကြီးက သူ့အတွက် အသုံး မတည့်တော့သော်လည်း ယခုလိုလူ့လောကထဲမှာ ထွက်ခွာဖို့ နှုတ်ဆက် နေချိန်မှာ ငယ်သံယောဇဉ်နှင့် မျက်နှာ မကောင်းလှ ။ သုံးကြိမ်မြောက် ဆေးရုံက ဆင်းလာပြီး အခြေအနေ အတော်ဆိုးလာတော့ နိုင်ငံခြားမှ သားဖြစ်သူကို မှာရတော့သည် ။ သားဖြစ်သူက ဟိုက အလုပ်တွေ သိမ်းပြီး ဒီမှာ ကုမ္ပဏီထောင်မည့်ကိစ္စတွေ အန်ကယ်ကြီးနှင့် ဖုန်းထဲမှာ စီစဉ်နေသံကြားရ၏ ။

သန်းယုမှာလည်း လူနာပြုစုရသည်မှာ ငြီးငွေ့လှပြီ ။ ယခုတလော အန်ကယ်ကြီး ဆင်ထားသော အဝတ်အစားများဖြင့် ယခင်ကနှင့် မတူ သစ်လွင်လှပနေသော သန်းယုကို စကားမပြောနိုင်တော့သော မေမေကြီး မျက်လုံးပြူးကြီးနှင့် စိုက်ကြည့်နေတတ်သည် ။ သူ မရှိလျှင် ဆက်ကမည့် ဇာတ်ဝင်ခန်းကို သိနေသည့်အလား ။ နောက်ဆံငင်ကာ လက်ရှိ ဘဝခန္ဓာကို မစွန့်လွှတ်နိုင် ဖြစ်နေသည် ။ မေမေကြီး အသက်ငင်နေသည့်ရက်များ ခက်ခဲရှည်ကြာ ပင်ပန်းလှပါဘိ ။

ထိုရက်များတွင် သန်းယုသည် အပေါ်ထပ် အန်ကယ်ကြီး အခန်းသို့ ပြောင်ပြောင်တင်းတင်း ရောက်ရှိနေတတ်သည် ။ သူတို့အတွက် မိုးသည်းည မလိုတော့ ။ သူတို့နှစ်ဦးစလုံး၏ ရင်တွင်းတွင် ရမ္မက်မိုးများ သွန်းဖြိုးနေသောကြောင့် ဖြစ်သည် ။

••••• ••••• •••••

ဆုံးမည့်ဆုံးတော့ မေမေကြီးသည် အိပ်ရာထဲမှာပင် ဆုံးလေသည် ။ သူ့သားပင် အသက် မမီလိုက် ၊ အသုဘ ချမည့်နေ့မှ ရောက်လာသည် ။ သားနှင့် အမေက နွေးနွေးထွေးထွေး ရှိပုံမပေါ် ၊ သုသာန်မှာ အလောင်းနား ခဏ နေပြီး လာသမျှဧည့်သည်ကို မျက်နှာညှိုးညှိုးနှင့် ဧည့်ခံတာသာ တွေ့ရပြီး အမေရယ်လို့ ငိုကြီးချက်မ မဖြစ် ၊ အရပ်ထောင်ထောင်မောင်းမောင်း ၊ အသားလတ်လတ် ၊ သန်စွမ်းသော ဆံပင်များ ထောင်လျက် နဖူးကျယ်ပုံက အန်ကယ်ကြီးနှင့် တူ၍ မျက်လုံးနှာတံများက မေမေကြီး နှင့် တူသည် ။ အသုဘရက်လည် ကိစ္စများကို သွက်သွက်လက်လက် လုပ်နေသော သန်းယုကို လိုက်ကြည့်ကာ ရင်းနှီးလိုဟန် ပြ၏ ။နာမည်က မသန်းယု တဲ့လား ။ ဒီအိမ် ရောက်တာ ဘယ်လောက်ကြာပြီလဲ ။ ဇာတိက ဘယ်ကလဲ .. စသည်ဖြင့် မေးခွန်းတွေ မေးပြီး ဝင်လုံးဖို့ကြိုးစားသည် ။ သူ့ပုံစံက မိန်းကလေးတွေနှင့် ရင်းနှီးလွယ်သောပုံစံ ၊ နောက်တော့ မယု ... မယုနှင့် ဖြစ်လာတော့သည် ။ သူ ရှိနေတုန်း သူ့အခန်းကို ရှင်းခိုင်းတာမျိုး ၊ သူ့အခန်းမှာ လျှော်ဖို့ အဝတ်ညစ်တွေ လာယူစေတာမျိုးတွေ လုပ်လာသည် ။

သန်းယုမို့ သူ့အခန်းထဲ ဝင်လျှင် သန်းယု နောက်ပိုင်း အလှကို သူ ကြည့်နေမည်ဆိုတာ လှည့်မကြည့်ဘဲနှင့် သိနေသည် ။ သည်လို မျက်လုံးမျိုးက ဘာကို အလိုရှိ တတ်သလဲ သန်းယု သိနေပြီဖြစ်သည် ။ သန်းယု ကလည်း သည်လို နေရတာ သာယာလာသည် ။ သူ့စိတ်ကူး အိပ်မက်ထဲက ပျိုပျိုရွယ်ရွယ် ၊ သန်သန်မာမာ ယောက်ျားမျိုး ။ သန်းယု တစ်ကိုယ်လုံး ရှိမ်းရှိမ်းမြမြဖြစ်ကာ ရင်တွေ ခုန်လာပြန်သည် ။

ဈေးသွားလျှင် ကိုအောင် ဘာကြိုက်သလဲ ။ နိုင်ငံခြားမှာ ဘာတွေ ငတ်လာသလဲ ။ ဘာတွေ စားချင်နေလဲ ။ ငါးသလောက်ပေါင်းလို ခဲရာခဲဆစ် ဟင်းမျိုးကိုပင် မမောနိုင် မပန်းနိုင် ချက်ပေးတတ်သည် ။ ငါးဆိုလျှင် ကြော်ပြီးနှပ်မှ ကိုအောင်က ကြိုက်သည် ။ ပဲကုလားသီးစုံဟင်း ဆိုလျှင် ပဲကို နူးအိအောင်ပြုတ်ပြီး ပဲလုံး မမြင်ရအောင် ကြေနေမှ သဘောကျသည် ။ ငါးခူးစဉ်းကောကို တမ်းတလိုက်လျှင် ငါးခူးတွေ ဝယ်ပြီး ထုဖို့ သန်းယု ဝန်မလေးတော့ ။ ငါးခူက သေသွားလျှင် မချိုတော့ ၊ မသေမရှင် ဝယ်လာပြီး ချက်ခါနီး သေစေမှ ဆူဖြိုးသော အရသာကို ရမည် မဟုတ်ပါလား ။ ကိုအောင် လျှာခံတွင်းတွေ့ဖို့ ဘာမဆို လုပ်ပေးရန် အဆင်သင့် သန်းယု တစ်ယောက် စေတနာတွေ ရေစီးကမ်းပြိုလိုက်နေသည်မှာ အန်ကယ်ကြီး ကိုပင် လှည့်မကြည့်နိုင် ။

အန်ကယ်ကြီးကလည်း မိန်းမ ရက်လည်ပြီးသည်နှင့် အံ့သြစရာကောင်းလောက်အောင်ပင် အရွယ်ကျ အိုစာသွားခဲ့သည် ။ တစ်ရက် မူးလဲသွားရာ ဆရာဝန်ပင့် စစ်ဆေး စမ်းသပ်ကြည့်တော့ သွေးတိုးတဲ့ ။ နှလုံးလည်း မကောင်းပါတဲ့ ။ သည်လိုနှင့် အထူးကုဆေးခန်းတစ်ခုမှာ တင်ပြီး ရောဂါရှာဖွေရပြန်သည် ။ အန်ကယ်ကြီး ဆေးရုံမှာ ရှိသည့်ရက်များကဆို ကိုအောင် တော်တော်ကဲချင်သည် ။

သန်းယုမှာ အန်ကယ်ကြီးကျောင်းက ဆင်းထားပြီးမို့ သိပ်အလိုမလိုက် ။ ယောက်ျားတွေ လိုချင်တာ အလွယ် ပေးလျှင် ဈေးပေါတတ်ကြောင်း အတွေ့အကြုံက သန်းယုကို သင်ပေးခဲ့ပြီ ။

အန်ကယ်ကြီးသည် ဆေးရုံပေါ်မှာ နေရသော်လည်း စိတ်က မဖြောင့် ။ အိမ်ကိုသာ စိတ်ရောက်နေ၏ ။ သူ မရှိလျှင် အိမ်မှာ ဘာတွေဖြစ်နိုင်သလဲ ။ တစ်မိုးအောက်မှာ ကျား ၊ မ နှစ်ဦးတည်း မနေသင့် ။ သူတောင် သန်းယု အပေါ် စိတ်ဆင်ရိုင်း ချွန်းအုပ် မနိုင်ခဲ့လျှင် သားအနေဖြင့် ပင့်ကူမျှင်လို စေးထန်းငြိတွယ်မှုမှာ ရုန်းထွက်နိုင်ပါ့ ။ သားကို ပြန်ခေါ် ၊ လုပ်ငန်းသစ်ထူ ထောင်ပေးပြီး အိမ်ထောင်ရက်သား ချပေးမည် ဆိုသော စိတ်ကူးများကလည်း အကောင်အထည် မဖော်ရသေး ။ မတိုင်ပင် မဆွေးနွေးရသေး ။

သွားလေသူ ဒေါ်ခင်မမကြီး အကြောင်း စဉ်းစားလျှင် စိတ်မကောင်းပါ ။ ဒေါ်ခင်မမကြီးက သူ့ထက် ခြောက်နှစ်ခန့် ကြီးသည် ။ မမကြီး ဖခင် ယစ်မျိုး ဝန်ထောက်ကြီး လက်ထက်က သူ့အဖေသည် ဝန်ထောက်ကြီးကားကို မောင်းသော ဒါရိုင်ဘာဖြစ်သည် ။ သူ့အဖေက သစ္စာရှိသူ ၊ ကျိုးနွံသူဆိုတော့ သူ့တက္ကသိုလ်စရိတ်ကို ထောက်ပံ့၍ အလုပ်အကိုင် အခြေတကျဖြစ်တော့ သမီးနှင့်ပါ နေရာချပေးခဲ့သည် ။

သူ မမကြီးပေါ်မှာ ချစ်ခဲ့သလား ၊ မချစ်ခဲ့ဘူးလား တောင် တစ်ခါမှ မစဉ်းစားမိ ။ မမကြီးလည်း တစ်ဦးတည်းသော သမီးပီပီ ခပ်စွာစွာ ၊ ခပ်ဆိုးဆိုး ၊ အလိုဆန္ဒ များများနှင့် ကြီးပြင်းခဲ့ရသူပီပီ ... သူသည် မမကြီး၏ ထားရာနေ စေရာသွား အရုပ်လင်ဖြစ်ခဲ့သည် ။ မိဘတွေရဲ့ ကျေးဇူးတရားကိုရော သားလေးတစ်ယောက် မွေးဖွားလာတာပါ ထောက်ချင့်၍ သူ့မှာ မမကြီးရှေ့မှာ တစ်လျှောက်လုံး ကျိုးနွံခဲ့ရသည် ။

မမကြီး သွေးတိုး ၊ ဆီးချို ၊ နှလုံးရောဂါတွေစုံ အိပ်ရာထဲလဲတော့ သူ့ကိုယ်သူ လွတ်မြောက်သလို ခံစားရသည် ။ အိပ်ခန်းထဲက မမကြီး ဘယ်လောက် ခေါ်နေနေ သူသွားချင်မှ သွားသည် ။ တစ်သက်လုံး သူ့စိတ်နှင့် သူ့ကိုယ် မနေခဲ့ရမှုက ထုံပေပေ နေချင်စိတ်ကို နှိုးဆွပေးခဲ့ပြီ ။ အစကနဦးက မမကြီး ဘက်မှ တူမတော် တစ်ယောက် လာနေသော်လည်း မမကြီးဒဏ်ကို မခံနိုင်၍ ပြေးတော့သည် ။ အိမ်ဖော်တွေလည်း တစ်ယောက်ပြီး တစ်ယောက် ၊ သန်းယု နဲ့မှ မြဲတော့၏ ။

သန်းယု ကိုတော့ ရောက်ကတည်းက သူ သဘောကျသည် ။ အလုပ် လုပ်တာဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက်ကလေး ။ မပြောလျှင် တောသူ ဟု မထင်ရသည့် ရုပ်ရည်မျိုး ၊ ရောက်စက အမှတ်တမဲ့မို့ သတိမထားမိသော်လည်း လေး ၊ ငါး ၊ ခြောက်လလောက် ကြာတော့ မြို့ရည်မြို့သွေးဆင့်ကာ အလှတွေ တိုးလာသော သန်းယု အဖု ၊ အထစ် ၊ အရုန်းအကြွ ၊ အမို့ အမောက်တွေက သူ့ရမ္မက်တွေကို နိုးထစေခဲ့ပြီ ။ သတိ တမံ ဉာဏ်မြေကတုတ် ဟု ဆိုလျှင် သတိတမံ အထိန်း အကွပ်မရှိသော သူ၏ ဉာဏ်မြေကတုတ်သည်လည်း ပြိုကွဲခဲ့ရ၏ ။ မိုးသည်းညကို သူ ပြန် မတွေးချင် ။ မိုးကြီးလေကြီး ကျနေသည်ကို အခွင့်ကောင်းယူ၍ မကြံအပ် မစည်အပ်မှုတွေ ပြုခဲ့သည် ။ အမှန်အမှား ရှေ့နောက် မတွေးဘဲ တဒင်္ဂ သူ့လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ သန်းယုကို အသုံးချမိခဲ့သည် ။ သားလည်း ပြန်ရောက် ၊ အဘွားကြီး ကိစ္စလည်း ပြီးလျှင် သန်းယုကို တစ်နည်းတစ်ဖုံ ရှင်းပစ်မည်ဟု သူ စဉ်းစားထားသည် ။

သန်းယုသည် သူ့အဖို့ ခဏသုံး ၊ ယာယီသုံး ၊ တစ်ခါသုံးပစ္စည်းဖြစ်သည် ။ တစ်ခါသုံးပစ္စည်းကို ဘာလို့ အမြဲသုံးမလဲ ။ သန်းယုလို လူကို ဘာလို့ တန်ဖိုးထား နေမှာလဲ ။ တစ်ခါသုံးပြီး နှစ်ခါသုံးပြီး လွှင့်ပစ်လိုက်ရုံပေါ့ ။ လာစမ်း .... သန်းယု နောက်တစ်ယောက် ။

သူ့စိတ်ကူး စီမံချက်အတွက် ဆေးရုံက ဆင်းချင်လှပြီ ။ အရေးထဲ မဖြစ်ချင်တဲ့ ရောဂါတွေက လာဖြစ်နေလေသည် ။ သူ့ဘဝက အခုမှ ရွှန်းစိုစ ပြုလာသည့် ကာလ ။ ဒေါ်ခင်မမကြီး မရှိမှ လူပျိုပေါက်ကလေးလို အလွတ်ကြီး လွတ်ချင်သည့် အနေအထား ။ စားချင်တာ စား ၊ သွားချင်တာ သွား ၊ စိတ်တိုင်းကျနေရမယ့် အချိန်ကြမှ တောက် .... ။

နံနက်တိုင်း ( ဆရာဝန် ရောင်းလှည့် ) ပြီးတိုင်း ဆရာဝန့် မျက်နှာကို မော့ကြည့်ကာ မေးဖြစ်သည့် မေးခွန်းတစ်ခု ။

“ ဒေါက်တာ ... ကျုပ် ဘယ်တော့လောက် ဆေးရုံက ဆင်းရမှာလဲဟင် ”

••••• ••••• •••••

ဆေးရုံက ဆင်းချင်လှသည့် အန်ကယ်ကြီးသည် ဆေးရုံပေါ်မှာ ဆယ်ရက် ကျော်ကျော် ကြာသွားလေသည် ။ အမှန်မှာ သူ့နှလုံးက ခွဲရမည့် နှလုံးဖြစ်သည် ။ ခွဲစိတ်နေလျှင် ဆေးရုံမှာ ပိုကြာမည် ။ အိပ်ပြန် အားမွေးချင်သည် ဆိုသော တောင်းဆိုမှုကြောင့် ဆရာဝန်က ဆင်းခွင့်ပြုလိုက်ခြင်းဖြစ်သည် ။ သူ့အကြောင်း သူသာ သိ ၊ အိမ်ကို စိတ်မချ ၊ နောက်ပိုင်းမအေး ... သူက သူမဟုတ်လား ။ တပ်မက်မှုတဏှာ၏ စေစား မောင်းနှင်မှုကြောင့် အကြင်ယောက်ျားသည် နွားနှင့် မခြား ချည်တိုင်ကို ပြန်ခဲ့ပေပြီ ။

ထိုညက အန်ကယ်ကြီးသည် သန်းယုကို တွေ့ချင်ဇောဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး အပေါ်ထပ်မှ တုန်ချည့်တုန်ချည့် ဆင်းလာသည် ။ လူမမာတစ်ယောက် အဖို့ အိပ်ဆေးနှင့် အိပ်နေရမည့်အချိန်မှာ အန်ကယ်ကြီးသည် စွဲလမ်းနှစ်ခြိုက်ဖွယ် အာရုံကလေးမှာ တမ်းတမ်းမက်မက် ခံစားဖို့ စိတ်ဇောအဟုန်တွေ ရုန်းကြွနေသည် ။ သူဘယ်လိုမှ အိပ်မပျော်နိုင် ။ တစ်ခါက မိုးသည်းည အတွေ့သည် သူ့စိတ်ခန္ဓာ တစ်ခုလုံးကို ဝုန်းဒိုင်းဆူအောင် မွှေနှောက်နေသည် ။

ယခင် သွက်သွက်လက်လက် တက်ဆင်းနေကျ လှေကားမှာ သုံးကြိမ်ခန့် နားပြီးမှ အိမ်အောက်ထပ်သို့ ရောက်လာသည် ။ အင်း ... သူ့ကျန်းမာရေးက အပေါ်ထပ် နှင့် မသင့်တော့ပါလား ။ နောက်နေ့မှ အဘွားကြီးနေတဲ့ အခန်းမှာ ပြောင်းနေဦးမှ ။ ဒါလည်း တစ်မျိုးကောင်းမှာပါပဲ ။ သန်းယုကလေးနဲ့ နီးသွားတာပေါ့ ။

အတွေးပီတိတွေနှင့် သူ သန်းယု အခန်းရှေ့ ရောက်လာသည် ။ အခန်းတံခါးကို ဖွဖွခေါက်ဖို့ လက်လှမ်းလိုက်စဉ်မှာပင် အခန်းတံခါး ကျွီခနဲ ပွင့်သွားသည် ။

အခန်းတွင်မှ ထွက်လာသူကို မြင်တော့ သူ ဆွံ့အ မှင်တက်သွားသည်မှာ အသံပင် မထွက်နိုင် ။

“ ဟင် ဖေဖေ ။ ဘာကိစ္စ ဘာလိုချင်လို့ ” 

သားအသံ မပီပိုးပါးကိုသာ နောက်ဆုံးကြားလိုက်ရသည် ။

••••• ••••• ••••• 

ဆေးရုံကားပေါ် အသက်ငွေ့ငွေ့နှင့် ပါသွားသော အန်ကယ်ကြီးကို ဒီလိုဆိုတော့ သန်းယု သနားသလိုလိုပင် ။ အခန်းရှေ့မှာ ဝုန်းခနဲ ပြိုလဲသံကြောင့် ထွက်ကြည့်တော့ ကိုအောင်က သူ့အဖေကို ပွေ့ထားပြီး ဖြစ်သည် ။ အန်ကယ်ကြီးသည် မျက်လုံးကြီးပြူးကာ သန်းယု ကို လက်ညှိုး တထိုးထိုးနှင့် တစ်ခုခု ပြောဖို့ ကြိုးစားသေး၏ ။

ထိုမျက်လုံးပြူးကြီးများသည် မေမေကြီး မဆုံးခင် သန်းယုကို ကြည့်သွားသော မျက်လုံးများနှင့် အတူတူပင် ဖြစ်၏ ။ အန်ကယ်ကြီး တစ်ယောက် အသက်မှ ရှင်နိုင်ပါ့မလား ၊ နာတာရှည် ရောဂါသည်အဖြစ် အိမ်ကို ပြန်သယ်လာဦးမည်လား ။ သန်းယုသည် သူသုံးနေကျ အစာလည်း ဆေး ၊ ဆေးလည်း အစာဗျူဟာကို သတိရကာ တစ်ကိုယ်တည်း ပြုံးလိုက်မိသည် ။

အင်း .. အန်ကယ်ကြီးက ပညာတတ် ဆိုတော့ နည်းနည်းတော့ ညက်မှ ဖြစ်မည် ။

မှတ်ချက် ။  ။
        အိမ်ရှင်တွေက အိမ်ဖော်တွေကို အနိုင်ကျင့် နှိပ်စက်သည့် အဖြစ်မျိုး ရှိသလို တောနယ်တွေက တက်လာသော်လည်း သန်းယုလို မိန်းမလည် သိန်းကြွယ်တွေလည်း ရှိသည်ကို သတိထားကြရန် ဤဝတ္ထုကို ရေးဖွဲ့ပါသည် ။

▢  မိချမ်းဝေ
📖 ရွှေအမြုတေ မဂ္ဂဇင်း
      ဧပြီလ ၊ ၂၀၁၃

No comments:

Post a Comment