❝ ကတော်တစ်ပါး ❞
( ၃ )
( ဖူးသစ်မော် )
.... မင်း အလုပ်ထဲမှာ ချစ်သူတွေ ဘာတွေ ရှိနေရင်လည်း ပြော ၊ အေး မင်းအစ်ကို ယူတဲ့ မိန်းမမျိုးတော့ ကုဋေကြွယ်သူဌေးသမီး ဖြစ်နေပါစေ ... ၊ အမေ အတူ မနေနိုင်ဘူးနော် ၊ ကြိုပြောထားတာ ”
“ စိတ်ချပါ အမေရာ ၊ ကျွန်တော်ကလည်း မိန်းမနဲ့ ပတ်သက်ရင် ဘာဒုက္ခမှ မခံချင်လို့ တော်တန်ရုံတွေ မစဉ်းစားခဲ့တာ ၊ အမေစိတ် ချမ်းသာမှ ကျွန်တော် စိတ်ချမ်းသာမှာ ၊ ကျွန်တော့်မှာတော့ ခုချိန်အထိ ချစ်သူတွေ ဘာတွေ မရှိပါဘူး ၊ ကိုယ့် အနေအထားနဲ့ မကိုက်ညီမှာ စိုးလို့ အရှောင်အတိမ်းလေး တွေနဲ့ ဖြတ်ကျော်နေရတာ အမေ ”
“ အမေကတော့ တိမ်ပွင့်စံလေးကို စဉ်းစားစေချင်တယ် ”
“ မိစံလေးက လူသာ ထွားနေတာ ၊ ငယ်ပါသေးတယ် အမေရာ ၊ ခုထိကလေးစိတ် မကုန်သေးဘူး ”
“ မငယ်ဘူးသား ၊ ၂၁ နှစ်ထဲ ရောက်နေပြီ .. ၊ ဒါ အရွယ်ကောင်းပဲ ၊ အမေက မိန်းမချင်းမို့ ပိုသိတယ် ၊ သူ့ကိုလည်း ဒီအတိုင်း ကြာကြာထားလို့ မဖြစ်တော့ဘူး ၊ လုံခြုံမှု တစ်ခုခု ပေးဖို့ လိုလာပြီ ၊ အခု မိစံကို ပိုးပန်းနေတဲ့ ကောင်လေးတွေ ရှိနေပြီ ၊ မင်း သိလား ”
“ ဟုတ်လား ၊ အဟား ဟား ”
“ မရယ်နဲ့သား ၊ အမေ မပါဘဲ ဈေးသွားတဲ့အခါ ကိုကျော်မြင့်သား ဖိုးစည်က စကား လိုက်လိုက်ပြောတယ် ၊ မျက်စောင်းထိုးအိမ်မှာ နယ်က လာပြီး သင်တန်းတက်နေတဲ့ ကောင်လေး ရှိသေးတယ် ၊ စာအုပ်ဆိုင် လူရှင်းချိန် ချောင်းပြီး စာအုပ်လာငှား ရင်း စာပေးတယ် ၊ တော်ဝင် စားသောက်ဆိုင်က ဥက္ကာ ကျော် ဆိုတဲ့ အကောင်ဟာ တော်တော် ရမ်းကားတဲ့ ကောင် ၊ မိစံကို စကားလိုက် ပြောတာ ရိုးရိုး မပြောဘဲ လက်ကို ဆွဲလားရမ်းလား လုပ်သတဲ့ ၊ မိစံ ကလည်း အာဂကောင်မလေး ၊ ပထမ ပါးကို ရိုက်ပစ်တယ် ၊ ဟိုကောင်က ရှက်ရမ်းရမ်းပြီး ပိုတိုးလာတော့ လမ်းဘေးမှာ တွေ့တဲ့ အုတ်ခဲနဲ့ ကောက်ထုပစ်တာ ခေါင်းကွဲပါရော ၊ သုံးချက်တောင် ချုပ်ရတယ် ပြောတယ် ”
“ ဟား ၊ လက်သံပြောင် လှချည်လား ၊ ဟား ဟား ၊ ဘာတွေဖြစ်သေးလဲ အမေ ”
“ အဲဒီဆိုင်ကို လိုက်ပြီး အမေ ရှင်းရတာပေါ့ ၊ ခေါင်းကွဲပြီးသေလည်း ဒီကောင်မျိုးသေတာ အကြောင်း မဟုတ်ဘူး ၊ လမ်းမပေါ်မှာ မိန်းကလေး တစ်ယောက်ကို ဣန္ဒြေသိက္ခာ ပျက်အောင် ကိုယ်ထိလက်ရောက် စော်ကားတာ အဓမ္မမှုပဲ ၊ မကျေနပ်ဘူး ၊ အမှုဖွင့်ပြီး ထောင်ချပစ်မယ်လို့ ကြမ်းပစ်ခဲ့တယ် ၊ ဆိုင်ရှင်လင်မယားက ချက်ချင်းပဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပင့်လာပြီး တောင်းပန်ပါတယ် ၊ နောင် မဖြစ်အောင် အာမခံနိုင်သလား မေးတော့ အဲဒီကောင်ကို အလုပ်ထုတ်ပစ်လိုက်ပါ့မယ်တဲ့ ၊ အမေက အလုပ်ထုတ်ပစ်ဖို့ တောင်းဆိုနေတာ မဟုတ်ဘူး ၊ နောင် မဖြစ်စေရပါဘူး ဆိုတဲ့ ကတိပဲ ပေး ၊ ရတယ် ဆိုပြီး ပြောလိုက်ရတယ် ”
“ သူက သတ္တိကောင်းတော့ သူ့ကိုယ်သူ ကာကွယ်နိုင်မှာပါ ၊ သူ့သဘာဝအတိုင်း တွေ့ရကြုံရမှာပဲ ၊ သူကြိုက်တာလည်း မတွေ့သေးလို့ပေါ့ အမေရာ ”
“ မိစံ သွက်တာလေးက အပြစ်ကင်းပြီး လူချစ်လူခင် များတယ် ၊ စိတ်ကစား အရွေးမှားပြီး မတော်တရော်နောက် ပါသွားမှာစိုးတယ်သား ၊ အမေ့ကို မပျင်းမရိ ပြုစုတာများ သမီးအရင်းတောင် လိုက်မမီနိုင်ဘူး ၊ အဓိက အချက်က ရိုးရှင်းဖြူစင်မှုပဲ ၊ အမေလည်း သမီးအရင်း တစ်ယောက်လို ချစ်တယ် ၊ မင်းဘက်က လက်မခံနိုင်တာ ရှိရင် ပွင့်ပွင့်လင်းလင်း ပြော ၊ အမေက အတင်းအဓမ္မ တွေ မလုပ်ချင်ဘူး ၊ အကြောင်း တစ်ခုခုကြောင့် မိစံလေးကို လက်လွှတ်လိုက်ရမှာပဲ စိုးတယ် ”
“ ငြင်းစရာ မရှိပါဘူး ၊ မိစံက ချစ်စရာ ကောင်းပါတယ် ၊ တန်ဖိုးရှိတဲ့ မိန်းကလေးပါ ။ ဒါပေမယ့် သူ့စိတ် ခံစားမှုက အရေးကြီးတယ် အမေ ၊ သူ့ဘဝ သူ့အခြေအနေအရ အငြင်းရခက်လို့ ခေါင်းညိတ်ရတာမျိုး မဖြစ်စေချင်ဘူး ၊ ကျွန်တော် ရှက်တယ် ၊ အချိန်လေး နည်းနည်းတော့ ယူပါဦး ၊ ကျွန်တော် ... လေ့လာကြည့်ဦးမယ် ”
“ မင်း .. ခရီးသွား နေတုန်းက အမေ့ဆန္ဒကို ဖွင့်ပြောပြီးပြီ ၊ ပထမ တော်တော် အံ့ဩသွားရှာတယ် ၊ တကယ် ပြောနေတာလား အမေတဲ့ ၊ တကယ်ပေါ့ သမီးရယ် ၊ ဒီကိစ္စမျိုး ရယ်စရာ ပြောပါ့မလား ဆိုတော့ အမေ့ကို နှိပ်ပေးနေရင်း အကြာကြီး စဉ်းစား နေပုံရတယ် ၊ နောက်မှ အစ်ကို့ကို သွားမပြောလိုက်နဲ့ ဦးနော် အမေ ၊ ရှက်စရာကြီးတဲ့ ၊ အဟင်းဟင်း ၊ အမယ် သူ့ဘဝ သူ မမေ့ဘူး သားရဲ့ ၊ သူ့လို ဘာပညာမှ မတတ်တဲ့ ဂျမ်းတောမကို အစ်ကိုက ကြိုက်ပါ့မလား ၊ အမေ့ကို ကြောက်လို့ ယူရရင် သနားပါတယ် ၊ အစ်ကို ကြိုက်တဲ့ မိန်းမကိုပဲ ယူပါစေတဲ့ ၊ ကဲ ဒီကိစ္စ ပြတ်အောင် သားဘက်က ယောက်ျားပီပီ ကြိုးစားပေတော့ ”
ကိုမင်းသက် တုံဏှိဘာဝေ ဖြစ်နေမိသည် ။
“ မင်းတို့ အဖေက ဒီအိမ်ကြီးကို ဆောက်ခဲ့တာ ရည်မှန်းချက်နဲ့ သားရဲ့ ၊ သူ့ သားတွေ အိမ်ထောင်ကျရင် ချွေးမတွေ မြေးတွေနဲ့ သိုက်သိုက်ဝန်းဝန်းကြီး နေချင်သတဲ့ ၊ မင်းထက်က မိန်းမယူပြီး ဆံထုံးနောက် ယောင်ပါ သွားတယ် ၊ ထားပါ ၊ သူ့မိန်း မမျိုးကလည်း ရွှေဘုံပေါ်က ဆင်းမယ့် မိန်းမမျိုး မဟုတ်ဘူး ၊ အမေလည်း အတူနေလို့ ဖြစ်မှာ မဟုတ်ဘူး ၊ မင်း အလှည့်မှာ မင်းအဖေ ရည်စူးခဲ့သလို ဖြစ်စေချင်တယ် ၊ မင်း တစ်ဘဝလုံးလက်တွဲရမယ့် ကိစ္စမှာ အမေ့ ကြောင့်လည်း စိတ်မဆင်းရဲစေချင်ဘူး ၊ ဘယ်သူ့ကို ဘယသူကမှ မပိုင်မစိုးနိုင်တဲ့ တရား သဘောကို အမေ လက်ကိုင် ထားပါတယ် ”
အမေက သူ့စိပ်ပုတီးလေးကို တွဲလောင်းချကိုင်ရင်း စာကြည့်ခန်းထဲမှ ထွက်ခွာသွားသည် ။ ထိုညက အတော် ညဉ့်နက်သည်အထိ စာထိုင်ရေးဖြစ်သည် ။ ကိုမင်းသက် စာမရေးဖြစ်ခဲ့တာ အတော်ကြာပြီ ။ မှတ်မှတ်ရရ အလုပ် စဝင်ကတည်းက ဖြစ်သည် ။ ရုံးချိန် တစ်ဖက်နှင့် မနက်တိုင်း စောစောထပြီး ချက်ပြုတ်ကြော်လှော်ရသည် ။ အမေ မပင်ပန်းရအောင် အားလုံးစီစဉ် လုပ်ကိုင်ပြီးမှ ရုံးသွားရသည် ။ စောစောပိုင်းက အမေ့အ တွက် အဖော်လည်း ရအောင် အကူ ကောင်မလေးတွေ ခေါ်ခဲ့ဖူးသည် ။ တစ်ယောက်မှ အဆင်မပြေခဲ့ ။
ခုတော့ မိုးနတ်မင်းကြီး ဖန်ဆင်းပေးလိုက်သည့် ပမာ မမျှော်လင့်ဘဲ တိမ်ပွင့်စံလေး ရောက်လာသည် ။ အမေ့ စိတ်တိုင်းကျ အဆင်ပြေ ချောမွေ့နေသည် ။ သူမက တစိမ်းတရံစာ အသွင် မဆောင်ဘဲ မိသားစုဝင် တစ်ဦးလို ဖြစ်ခဲ့သည် ။ သူလည်း စားဖိုမှူးရာထူးမှ ကျွတ်လွတ်ကာ စာပေဘက်သို့ ခြေဦးပြန်လှည့်နိုင်လေပြီ ။ စိတ်ထဲတွင် ပျိုးနေတာ ကြာပြီဖြစ်သည့် ဝတ္ထုတို လေးတစ်ပုဒ် စာရွက်တွေပေါ် ရောက်လာသည် ။
“ ညက အစ်ကို တော်တော်နဲ့ မအိပ်ဘူးမို့လား ၊ ကျွန်မ တစ်ခေါက် ဆင်းကြည့်သေးတယ် ၊ ညည်း အစ်ကို စာပြန်ရေးတာနေမှာပေါ့လို့ အမေက ပြောတယ် ၊ ပျော်လိုက်တာ ၊ အစ်ကို့ စာတွေ မဂ္ဂဇင်းထဲ ပါလာရင် မိစုတို့ မမေသဇင်တို့ကို ပြပြီး ကြွားပစ်လိုက်ဦးမယ် ၊ ဝဠာမိုးမြင့် က ပြောဖူးတယ် ၊ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ဆိုတာ လူတိုင်း လုပ်နိုင်တယ် ၊ ကြိုးစားအားထုတ်မှုလေးပဲ လိုတာတဲ့ ၊ စာပေအနုပညာ မျိုးကျ လူတိုင်း မဖြစ်နိုင်ဘူးတဲ့ ၊ စာရေးဆရာ ဆိုတာ သူ့ ပတ်ဝန်းကျင် သူ့လူတန်းစားရဲ့ နား ၊ မျက်စိ ၊ အသံ ၊ အာရုံခံကိရိယာတဲ့ ”
အိပ်မှုန်စုံမွှား ထလာသော ကိုမင်းသက် မျက်လုံးတွေ လက်ခနဲပြူးထွက်သွားသည် ။
“ ဘာ ... ဘယ်လို ၊ အဲဒါ ရောဝဠာမိုးမြင့် က ပြောတာလား ”
“ မဟုတ်ပါဘူး ၊ အဲဒါက မက်ကဇင်ဂေါ်ကီလေ ၊ အမ်အေအိပ်စ်အိုင်အမ်ဂျီအို အာကေဝိုင် ၊ ဒါက အင်္ဂလိပ်လို ၊ ရုရှသံနဲ့ ထွက်ရင် မက်ဆီယင်ဂေါ်ရကီ ၊ လျှာကို လိပ် ထွက်ရတယ်တဲ့ ၊ အဟီး ဟီး ”
“ ဟား ၊ အံ့ဖွယ်သုတ တွေချည်းပါလား ၊ ဒါတွေက ရော ... ”
“ အစ်ကို့စာအုပ်တွေ ထဲမှာ ပါတယ်လေ ၊ မသိတာကျ အမေ့ကို မေးပြီး ကျက်ရတာပေါ့ ... ၊ ဒါလေးများ ... ဟွန်း ”
ပါးကွက်ကျားထူထူကြီးဖြင့် ရှင်းသန့်လတ်ဆတ်စွာ လှပနေသည့် သူမ မျက်နှာလေးကို ကြောင်ငေး ကြည့်နေမိသည် ။
“ အဲဒီ စာကြီးပေကြီးတွေ ကျော်ကျော် ဖတ်ပြီး ခုထိ နင် မရူးသေးဘူးနော် ၊ အမေကလည်း မြင်းကို သွားတိုက်ပေးနေတာ ”
“ မြင်းကို ချိုတပ် ... ပါ အစ်ကိုကလဲ ”
“ အေး အေး ၊ ဟုတ်ပါ့ ၊ ချိုက တော်တော်တောင် ထွက်နေပြီ ၊ ငါတောင် စာရေးဖို့ ကြောက်လာပြီ ၊ ညည်းပဲ ရေးတော့နော် ၊ တော်ရုံ စာသမား လောက်တော့ အလုံးကြီးတွေနဲ့ ထုပစ်လို့ ရနေပြီ ၊ ဟား ဟား ဟား ”
“ အစ်ကို တိုးတိုး ရယ်ပါဆို ၊ အမေ လမ်းလျှောက်ရင်း ပုတီးစိပ်နေတာ ၊ အာရုံပျက်တတ်တယ် ၊ သိလား ”
“ ဪ ... ဟုတ်ကဲ့ ခင်ဗျ ၊ ရှေ့လျှောက်တော့ ညည်းလေးရှေ့မှာ အနေအထိုင် အပြောအဆို အငိုအရယ်တွေကအစ အတော် ဆင်ခြင်ရတော့မှာပဲ ၊ အစ်ကို ဗိုက်ဆာနေပြီ ၊ မျက်နှာသစ်ပြီး ဆွဲမယ်နော် ”
“ ရယ်ဒီပဲ ... ၊ မြန်မာ ဘရိတ်ဖတ်စ်လား ၊ ကွန်တီနင်တယ်လ် ဘရိတ်ဖတ်စ်လား ၊ ကြိုက်တာပြော ”
ကိုမင်းသက် ခြေလှမ်း ပျက်သွားပြန်သည် ။
“ မျက်နှာ သွားသစ်လေ ၊ ဘာမှ မမေးနဲ့ဦး ၊ ကျွန်မလည်းမေ့နေလို့ ကွန်တီနင်တယ်လ် ဆိုတာ စာရွက်ထဲ ပြန်ကြည့်လိုက်ဦးမယ် ”
သူ မျက်နှာသစ်ပြီး ပြန်ဝင်လာတော့ စတီးချိုင့်ကြီး ဆွဲကိုင်ထားသော တိမ်ပွင့်စံ ကို တွေ့လိုက်ရသည် ။
“ ဘာလုပ်ဖို့လဲ ဒီချိုင့်က ”
“ အမေ ဥပုသ်စောင့် သွားမှာလေ ၊ ကျောင်းကို လိုက်ပို့လိုက်ဦးမယ် ၊ အစ်ကို့ အတွက် စားပွဲပေါ်မှာ ပြင်ထားပြီးသား ၊ ကျွန်မ ပြန်လာမှ စာအုပ်ဆိုင် ဖွင့်မှာနော် ၊ အစ်ကို ဘယ်မှ ထွက်မသွားနဲ့ဦး ”
“ ဟုတ်ကဲ့ပါ ဆရာမကြီး ၊ ကျွန်တော်မျိုး စောင့်နေပါ့မယ် ခင်ဗျ ”
သူမက ကလေး တစ်ယောက်လို တဟီးဟီး ရယ်သည် ။
“ ဟဲ့ သမီးလေး ၊ ဟိုမှာ မကြည်တို့ ၊ မစန်းမြတို့ လာနေပြီ ၊ အဖေါ်တွေ ရှိတယ်လေ ၊ သမီးလေးက ညည်း အစ်ကိုနဲ့ နေခဲ့ပါလား ”
“ ဥပုဒ်နေ့တိုင်း လိုက်ပို့နေကျကို အမေကလည်း ၊ ဘာဝေးတာ မှတ်လို့ ၊ ဆရာတော်ကို ဦးချပြီး ချက်ချင်း ပြန်မယ်နော် ၊ အစ်ကို့ကို ဘယ်မှ မထွက်ဖို့ အမိန့်ပေးပြီးပြီ ၊ အစ်ကိုက ဟုတ်ကဲ့ပါ ဆရာမကြီးတဲ့ ၊ အဟီး ဟီး ”
အမေ့ အဖွဲ့ဝင်တွေကပါ တိမ်ပွင့်စံ ကို သိနေကြပြီ ထင်သည် ။ တဝါးဝါး ရယ်မောသံတွေ ကြားလိုက်ရသည် ။ သူမ၏ အပြောအဆို အမူအရာလှုပ်ရှားဟန်လေးတွေက တစ်မျိုးတစ်ဘာသာ ထူးခြားသည် ။ လောဘ မာန်မာန မရှိ ၊ ဟန်ဆောင်ဖုံးကွယ်မှု မရှိ ၊ ကလေးတစ်ယောက် ပမာ အပြစ်ကင်းစင်လှသည် ။ ပြီးတော့ မိန်းမပီသစွာ ချစ်စရာကောင်းသည် ။ တစ် သက်လုံး ကျောင်းဆရာမ ဘဝကို ဖြတ်သန်းလာခဲ့သူ အမေသည် တော်တန်ရုံလောက်ကိုပင် စိတ်တိုင်းကျတတ်သူ မဟုတ် ။ ဒီကောင်မလေးနှင့် ကျမှ သမီးရင်းချာ တစ်ယောက်လို အပြန် အလှန် သံယောဇဉ် ဖွဲ့နှောင်နိုင်စွမ်း ရှိနေသည် ။
ကိုမင်းသက် ဆုံးဖြတ်ချက် တစ်ခုကို ပြတ်ပြတ်သားသား ချဖြစ်လိုက်သည် ။ သို့သော် သူ့သဘောထားက ရှိသေးသည် ။ ကျေးဇူးတရားတွေ ၊ ဖိအားတွေ ၊ နှောင်ကြိုးတွေရဲ့ သက်ရောက် မှု ဘာတစ်ခုမှ လွှမ်းမိုးချုပ်နှောင်တာမျိုး မပါသော သဘောထား ၊ ဒါမှမဟုတ် ခံစားမှု အစစ်အမှန် ဖြစ်ဖို့လိုသည် ။ ဒီနေ့ သိအောင် ကြိုးစားမှ ဖြစ်မည် ။ မနက်ဖြန် ရုံးပြန်တက်လျှင် အချိန် သိပ်ရနိုင်မည် မဟုတ် ။
“ အစ်ကို ”
တစ်ယောက်တည်း အတွေးအလျဉ်ထဲ ရောက်နေသဖြင့် ဆတ်ခနဲ တုန်သွားမိသည် ။
“ အယ် ... ဆောရီး ... ၊ ကန်တော့ ... ကန်တော့နော် အစ်ကို ၊ ကျွန်မ သတိမေ့သွားတယ် ၊ စာရေးဆရာဆိုတာ လွတ်လွတ် လပ်လပ် တွေးခေါ်စဉ်းစားတတ်သတဲ့ ၊ ဟိုလေ ... ဟို ဘာဝင်စား ဆိုလား ”
“ ဖြစ်ရမယ်နော် ... ၊ ဈာန် ... ဈာန် .. ”
“ အင်း ... အင်း ... ဈာန်ဝင်စားတတ်တာ ၊ အစ်ကို အေးအေးဆေးဆေး ဆက် လွတ်လပ်နော် ၊ ကျွန်မ ဆိုင်ဖွင့်မလို့ ၊ အစ်ကို ခိုင်းစရာ ရှိရင် ခေါ်လိုက်နော် ”
“ အားလုံးကို ညည်း တစ်ယောက်တည်း ကျုံးလုပ်နေလို့ ဖြစ်မလား ၊ မမောဘူးလား ၊ တစ်နေကုန် ပါးစပ်ရော လက်ပါ မနားဘူး ”
“ မောပါဘူး ၊ တောမှာ လုပ်ရတာ အဖျားတောင် မမီဘူး ၊ ဒါဆို ဆိုင်ဖွင့်တော့မယ်နော် ”
“ ခဏလေး ထိုင်ဦး ၊ အစ်ကို ပြောစရာ ရှိလို့ ”
သူက မျက်နှာချင်းဆိုင် ဆက်တီခုံတွင် ဝင်ထိုင်လိုက်ပြီး မျက်လုံးစူးစူးလေးဖြင့် မော့ကြည့်နေသည် ။ ကိုယ်က မရိုးမသားစကား ပြောရမည့်သူမို့ သူ့မျက်နှာလေးကိုပင် ကြာကြာစိုက် မကြည့်ဝံ့ ဖြစ်နေသည် ။ ရင်တွေ ဆောင့်ခုန်ကာ အာခေါင်ထဲ ပူလောင်ခြောက်သွေ့လာသည် ။ သူ မာန်တင်းပြီး ပြန်ကြည့်လိုက်တော့ တိမ်ပွင့်စံလေး တစ်စုံတရာကို တွေးမိလို့လား ၊ ဘာလား မသိ ခေါင်းကလေး ငုံ့သွားသည် ။ ရှက်သွေးရောင် မျက်နှာလေးကို ပထမဆုံး အကြိမ်အဖြစ် မြင်ဖူးလိုက်ရသည် ။
“ အစ်ကို ... ပြောလေ ၊ ပြောမယ့်ဟာကို ဈာန်ဝင် နေပြန်ပြီ ”
“ ဆောရီး ၊ ပြောသင့် မပြောသင့် စဉ်းစားနေတာ ၊ နောက်မှ ပြောတော့မယ်ဟာ ၊ ဆိုင်ဖွင့်ဖို့ဆို ဖွင့်ချည်တော့ ”
“ အစ်ကို မကြိုက်တာများ ရှိလို့လားဟင် ”
“ မရှိပါဘူး ငတိမရဲ့ ၊ အကုန်ကြိုက် ... အဲ ... တခြားကိစ္စပါ ”
တိမ်ပွင့်စံ က ဇဝေဇဝါ အကြည့်တစ်ချက်နှင့် ထသွားသည် ။ ကိုမင်းသက် ချီတုံချတုံ ရင်တခုန်ခုန် ကျန်ရစ်ခဲ့သည် ။ တကယ့် လက်တွေ့ကျ ဒီစကားမျိုး ပြောဖို့ ငါ သတ္တိ ကြောင်နေပါလား ။ သူ့ ကိုယ်သူ အားမရ ။ အမေ သိလျှင် ငါ မွေးထားတာ သား ယောက်ျားလေးပါ ဟု လှောင်ပြုံး ပြုံးတော့မှာ သေချာသည် ။ တိမ်ပွင့်စံ ပြဿနာကို ခဏ ဘေးချိတ်ပြီး စာကြည့်ခန်းထဲ ဝင်လိုက်သည် ။ ညက အကြမ်း ရေးပြီးထားသည့် စာမူကို အချော ပြန်ယူရဦး မည် ။ သူ့ လက်ထဲတွင် အချော ယူပြီးထားသည့် စာမူ နှစ်ပုဒ် ရှိနေပြီ ။ ဘယ်မဂ္ဂဇင်းတိုက်တွေကို ပို့ရမှန်း မသိသေး ။ မဂ္ဂဇင်း အများစုကလည်း ကဗျာမမည် စာမပီသည့် Quality မဂ္ဂဇင်း တွေချည်း ဖြစ်နေသည် ။ အပြောင်းအလဲတွေ မြန်နေသည့် ခေတ်တွင် စာချစ်သူ မဂ္ဂဇင်းလေးတွေ ဘယ်လောက်များများ ရှင်သန်ကျန်ရစ်နေသေးလဲ ပြန်လေ့လာ ကြည့်ရဦးမည် ။
လောလောဆယ် တိမ်ပွင့်စံ ပြန်လုပ်နေသော စာအုပ်ဆိုင်ကလေးကိုပင် စူးစမ်းမကြည့်ရသေး ။ မဂ္ဂဇင်း အရေအတွက် ဘယ်လောက် တင်ငှားနေနိုင်ပါလိမ့် ။ အိုင်တီခေတ်တွင် လူငယ်တွေ စာဖတ်အား သိသိသာသာကြီး ကျဆင်းလာသည် ။ စာအုပ်အငှားဆိုင်တိုင်း လိုလို ရသမဂ္ဂဇင်းတွေ အစုံ မတင်နိုင်ကြတော့ ။ စာပေသမားတွေ အဖို့ အငှားဆိုင် အားကိုးပြီး စာဖတ်ခွင့်ရရန် အတော် ခက်ခဲလာနေပြီ ။သက် ပြင်းတစ်ချက် မှုတ်ထုတ်လိုက် ရင်း စာကြည့်ခန်းထဲမှ ပြန်ထွက်လာခဲ့သည် ။ စာအုပ်ဆိုင် နောက်ဘက် အပေါက်ဆီ အရောက်တွင် အမျိုးသ မီးကြီး တစ်ဦးနှင့် တိမ်ပွင့်စံမမတို့ စာရင်းရှင်းနေကြတာ မြင်ရသည် ။ မျက်ကွယ်ဘက်ရှိ ခုံတန်းလျားတွင် ဝင်ထိုင်ပြီး နားထောင် နေလိုက်သည် ။
“ အဲဒါ အန်တီ့ တူမလေးပါကွယ် ၊ စာအုပ်ငှား လာပြီး မေ့သွားပုံ ရတယ် ၊ ကျောင်းပိတ်ရက် ရွာကို ခဏ ပြန်သွားတာလေ ၊ ရွာက အန်တီ့ညီမ လုပ်သူက နွမ်းပါးလို့ ကျောင်းဆက်မထား နိုင်ဖြစ်နေတာနဲ့ အန်တီကပဲ မြို့ပေါ်ခေါ်ပြီး ကျောင်းထားပေးနေရတာပါ ၊ သူ့ စာအုပ်သေတ္တာလေး ရှင်းပေးရင်း တွေ့မိလို့သာပေါ့ ... မဟုတ်ရင် ဘယ်လောက်တောင် ဆက်ကြာနေမလဲ မသိဘူး ၊ တော်တော် နှိပ်စက်တဲ့ ကောင်မလေး ၊ ခုကိုပဲ ဆယ့်ငါးရက် ဆိုတော့ လျှော့ပေးပါဦး သမီးလေးရယ် ... ဆယ်ရက်ခ တစ်ထောင်ထားလိုက်ပါနော် ”
“ သူ ငှားသွားတာ ... အသစ်ကြီး အန်တီရဲ့ ၊ သူ့ လက်ထဲ ရက်ကြာနေတော့ ဖတ်ချင်တဲ့ ပရိသတ်တွေ မိတ်ပျက်ကုန်ရော ၊ ကျွန်မတို့ စာအုပ် ဝယ်တင်တဲ့အခါ ဈေးဆစ်လို့ မရဘူး ၊ ဘောက်ချာထဲက အတိုင်း အတိအကျ ရှင်းရတာ ၊ စာအုပ်ဖိုးအရင်း ကျေအောင် ငှားရရင်ပဲ ကံကောင်း ၊ ဝါသနာပါလို့သာ လုပ်နေတာ ၊ ဘာမှ စားရလောက်တာ မဟုတ်ဘူး ။ ငါးရက်ခကြီးတော့ မလုပ်ပါနဲ့ အန်တီ ၊ အလွန်ဆုံး နှစ်ရက်ခထက် ပိုလျှော့လို့ မဖြစ်ဘူး ၊ တကယ်ဆို သူ့ဘက်က ပေါ့ရော့လို့ ရက်တွေ ပုပ်ကုန်ရတာ ၊ တစ်ရက် မပြီးလို့ နှစ်ရက် ဖတ်ဦး နှစ်ရာပဲ ကျမှာပါ ”
“ ဟုတ်ပါတယ် သမီးရယ် ၊ အန်တီလည်း အားနာပါတယ် ၊ ဒီကောင်မလေး ကျောင်းစရိတ် ၊ ကျူရှင်စရိတ် ၊ ခရီးစရိတ်တွေနဲ့ အန်တီ မှာလည်း ချာချာကို လည်နေပါပြီ ၊ ကိုယ်တိုင်လည်း ချမ်းသာကြွယ်ဝသူ မဟုတ် ၊ ကိုယ့်တူမလေး မျက်နှာမငယ်ရအောင် ကြိုးစားနေရတာပါ ၊ လောလောဆယ် အန်တီ့မှာ တစ်ထောင်ပဲ ပါတယ် ၊ ကျန်တဲ့ သုံးရာကို အန်တီ ဆက်ဆက် လာပေးပါ့မယ် သမီးရယ် ၊ စိတ်ချပါ ”
“ သိပ် ခက်ခဲနေရင် ထားလိုက်ပါတော့ .. ၊ ကြွေးစာရင်း မှတ်ပြီး မျှော်ရတာ စိတ်ဆင်းရဲပါတယ် ၊ တောက နွမ်းပါးတဲ့ တူမလေးကို ခေါ် ပြီး ကျောင်းထားပေးတယ် ဆိုတော့ အန်တီ တော်တာပဲ ၊ အန်တီလို လူမျိုးတွေ များများရှိရင် သိပ်ကောင်းမှာပဲနော် ”
“ အန်တီလို လူမျိုးထက် ပိုတတ်နိုင်ပြီး အများအတွက် အကျိုးပြနိုင်တဲ့ လူတွေ ပိုများပါစေလို့ပဲ ဆုတောင်းပါတယ် ၊ ခဏနော် သမီး ၊ အန်တီ ရောက်လာကတည်းက ကြည့်နေတာ ၊ သမီးလေး ရုပ်လက္ခဏာက ထူးခြားမှု ရှိတယ် ၊ ဒီဘဝ ဒီမျှသာ အဆင့် မကလောက်ဘူး ၊ အန်တီကလည်း ကိုယ်တတ်တဲ့ ပညာနဲ့ ကျေးဇူးတုန့်ပြန် ရမှာပေါ့ ၊ တဆိတ်လောက် သမီးရဲ့ လက္ခဏာ အရေးအကြောင်းလေးတွေ ကြည့်ရအောင် ”
ကိုမင်းသက် နားရွက်တွေ ရှိရင်းစွဲထက် ပိုထောင်တက်သွားသည် ။ ဒီကောင်မလေး စာအုပ်အငှားဆိုင် လုပ်တော့မှ ခေါင်းရွက်ဗျတ်ထိုး ကုန်စိမ်းသည်ရော ... လက္ခဏာဗေဒင်ပညာရှင်ပါ စုံတကာစေ့နေသည် ။
“ အန်တီက ဗေဒင်တွေ ဘာတွေ တတ်တယ်ပေါ့ ၊ ဟို .. ပရော်ဖက်ရှင်နယ် အဆင့်လားဟင် ”
“ သမီး ပြောတာ ဘာပါလိမ့် ”
“ အင်္ဂလိပ်စာလုံးပါ ၊ ဒီပညာနဲ့ လုပ်ကိုင် အသက်မွေးနိုင်တဲ့အဆင့်လား မေးတာပါ ”
“ အဟင်း .. ဟင်း ၊ အန်တီ ထင်တဲ့ အတိုင်းပဲ ... ၊ သမီးလေးဟာ ပညာဗဟုသုတနဲ့ ပြည့်စုံသူ ဖြစ်ရမယ်လို့ ၊ ဟဲ့ ၊ သမီး လက္ခဏာကလည်း အတော် ထူးခြားပါလား ၊ ဒီဘက် လက်ဖဝါးလေး ပြပါဦး ၊ သေချာတာပေါ့ ၊ ဟောဒီ လက်သူကြွယ် အောက်တည့်တည့် နှလုံးလမ်းကြောင်းပေါ်မှာ တြိဂံပုံလေး မြင်လား ၊ အဲဒါ စေတီပုံလည်း ခေါ်တယ် ၊ အဲဒီ အထက်မှာ အောင်မြင်ရေး လမ်းကြောင်းလည်း ထင်းလို့ ၊ ဒီလက္ခဏာပိုင်ရှင်ဟာ အိမ်ထောင်ရေးကံ သိပ်ကောင်းတယ် ၊ အိမ်ထောင်ဖက်ရဲ့ အထောက်အကူနဲ့ ကြီးပွားတိုးတက်မယ် ၊ သမီးဟာ သေချာပေါက် ကတော်တစ်ပါး ဖြစ်ရမယ် ”
“ ရှင် ၊ ကတော်တစ်ပါး ”
“ အိုကွယ် ၊ ဆရာဝန်ကတော် ၊ အင်ဂျင်နီယာကတော် ၊ စစ်ဗိုလ်ကတော် ၊ သူ ဋ္ဌေးကတော် တစ်ခုခု ဖြစ်ကို ဖြစ်ရမယ် ”
တိမ်ပွင့်စံက တခစ်ခစ် ရယ်သည် ။
“ ကျွန်မက ဘာပညာမှ မတတ်တဲ့ တောသူ .. အန်တီရဲ့ ၊ ဘယ်လိုလုပ်ပြီး အန်တီ ပြောတဲ့ ကတော် ဖြစ်နိုင်ပါ့မလဲ ၊ အဲဒီ ကတော်တွေလို ဘဝမျိုးလည်း မဖြစ်ချင်ပါဘူး အန်တီရယ် ၊ ကြောက်စရာကြီးတွေ ၊ ခုလို ဘဝမျိုးလေးနဲ့ အေးအေးချမ်းချမ်း နေပြီး စာတွေ ဖတ်နေရတာကမှ ပျော်စရာ ကောင်းဦးမယ် ၊ ဒါတောင် ဒီအိမ်က အမေနဲ့ အစ်ကိုတို့ ကျေးဇူးကြောင့် နေရတာ ၊ မဟုတ်ရင် ကျွန်မ ရွာမှာပဲ အစ်ကို ပြောသလို ဂျမ်းတောမ စစ်စစ်ကြီး ဖြစ်နေပေါ့ ”
“ အန်တီ့ ပညာကို အန်တီ ယုံတယ် ၊ အန်တီ ဟောလိုက်သမျှ လွဲတယ် ဆိုတာ မရှိခဲ့ဘူး ၊ သမီးဆန္ဒ ဘယ်လိုပဲ ရှိရှိ ၊ ဖြစ်ရမယ့် ဟာက ဖြစ်မှာပဲ ၊ သမီးလေး လက္ခဏာ အရဆို အိမ်ထောင်ကျဖို့လည်း သိပ် မလိုတော့ဘူး ၊ သမီး မယုံရင် စောင့်ကြည့်လေ ... ကဲ ၊ အန်တီ့ကို ခွင့်ပြုဦး ”
တိမ်ပွင့်စံ အသံ ခဏရပ်သွားသည် ။
“ ဪ .. ခဏလေး အန်တီ ၊ မေးစရာ တစ်ခု ရှိလို့ ”
“ အမလေး .. မေးလိုက်စမ်းပါကွယ် ၊ အားနာစရာ မရှိပါဘူး ”
“ ဟိုလေ ... အန်တီ ပြောတဲ့ ကတော်တွေ ထဲမှာ စာရေးဆရာ ဆိုတာ မပါဘူးလား ၊ စာရေးဆရာနဲ့ ရရင်ရော ကတော် မဖြစ်ဘူးလားဟင် ”
“ ဟင် စာရေးဆရာ ”
အသံထွက်မလာတော့ ။ လက္ခဏာဗေဒင်ပညာရှင် အန်တီကြီးသည် စာရေးဆရာ ဆိုတာကို အရာသွင်း စဉ်းစားထားပုံ မရ ။ စာရေးဆရာ ဟူသည် ... ဘယ်လို သတ္တဝါ အမျိုးအစားပါလိမ့် ဟု အရေးပေါ် စဉ်းစားနေရဟန် တူသည် ။
ကိုယ်တိုင် အားထုတ် မကြိုးပမ်းလိုက်ရဘဲ ဖုဿရထား ဆိုက်ရောက်သွားသူ ကိုမင်းသက် ကတော့ ကျေနပ်ပျော်ရွှင်စွာ ခြေဖျားလေး ထောက်၍ အိမ်ထဲသို့ လစ်ပြေးလာခဲ့သည် ။
“ အင်း .. ငါ စာတွေ ကြိုးစားပမ်းစား ရေးရဦးမှာပါလား ... ”
▢ ဖူးသစ်မော်
📖 ရယ်စရာ မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၁၅
No comments:
Post a Comment