❝ မီးကိုလည်း ငြိမ်းစေသည် ❞
( ဆင်ဖြူကျွန်းအောင်သိန်း )
နေပူလာပေပြီ ။
နေ့တွင် ပူ၍ ညတွင် ချမ်းမြသောလ ဟူ၍ သတ်မှတ်ထားပေမယ့် ရမ်းဘိုကုန်းရွာ၏ အတွေ့ ဓာတ်မှာ ပူပြင်းခြင်းသာ ဖြစ်နေချေသည် ။ မိုးလင်းပိုင်းနှင့် နံနက်ပိုင်းတွင် ချမ်းသယောင်ယောင်ရှိကာ သစ်ပင်အုပ်များ အောက်၌ နှင်းပြာပြာပါးပါးကလေး ရစ်ဆိုင်းနေခြင်းက လွဲလျှင် အို … နွေဆိုမှ နွေ ။
စပါးနယ်ပြီးချိန် ၊ လယ်အလုပ်ကို နိဂုံးသတ်ချိန် ဖြစ်သောကြောင့်လည်း ရမ်းဘိုကုန်းရွာ၏ တန်ဆာ တစ်ရပ် ဖြစ်သည့် အိုးပုတ်သံ ၊ ရိုက်ခတ်သံများ မြိုင်စည်၍ လာပြန်လေပြီ ။ အဝေးမှနေ၍ နားထောင်လိုက်သော် ပန်းကုံးကျနေသော အိုးစည်ကို တအားထုနေသည့်အသံနှင့် မည်သို့မျှ မခြား ။ ရွာဦးမှသည် ရွာဖျား အထိ အိုးပုတ်သံများသည် အချီအချ ထွက်ပေါ်လာလိုက် ပြိုင်တူ ဟိန်းလိုက်ဖြင့် ရမ်းဘိုကုန်းရွာ၏ အလှ ကို ဖော်ထုတ်နေလေ၏ ။
ရွာအပြင် လှည်းလမ်းအတိုင်း နွားလှည်း တစ်စီးက အကြမ်း မောင်းနှင်သွားသည် ။ ဖုန်လုံးကြီးများသည်လည်း လှည်းနောက်သို့ အပြေးလိုက်သွားရာက ဖုန်လုံးအညွန့်သည် တဖြည်းဖြည်း အိပြိုလာပြီး ရမ်းဘိုကုန်းရွာထဲသို့ ယိုင်ဆင်းလာလေသည် ။ ကျနေ၏ ဖျော့တော့သော ရောင်ခြည်အောက်တွင် ဖုန်လုံးကြီးသည် လှိုင်းလုံးများပမာ အိပြိုလိပ်လွင့်သွား၏ ။
“ တကတည်းတော် လှည်းသမားနှယ် ၊ သူ့ မယား လင့်နောက် လိုက်ပြေးတာ ကျနေတာပဲ ။ တကတည်းမှ ”
မကျီးဒန်သည် အိုးပုတ်နေဆဲ လက်ခတ်ကို ရေအင်တုံထဲသို့ ပစ်ချလိုက်ရင်း ဆူဆောင့်ပြောဆိုကာ တဲနောက်ဖေးဘက်သို့ ထလာလေသည် ။ ဖုန်လုံးကြီးများသည် တဲထဲမှ ဖြတ်သန်း၍ တဲနောက်ဖေးသို့ ထွက်လာလေ၏ ။
မကျီးဒန်သည် ဖုန်များကို လက်ဖြင့် ပုတ်ယမ်းရင်း ချောင်းပြင်ထဲသို့ မျှော်ကြည့်လေသည် ။ ချောင်းပြင်ထဲရှိ ကြက်သွန်ခင်းများမှာ စိမ်းနုသောအရောင် လွှမ်းနေ၏ ။ ကြက်သွန်ခင်းများနှင့် ချောင်းကမ်းပါး၏ ကြားတွင်ကား စမ်းရေကလေး စပ်စပ်ရှိနေသေးကာ ရေချိုးဆင်းသော ကျီးကန်းများကြောင့် ဆူညံနေသည် ။ ရေစပ်နှင့် ကြက်သွန်ခင်းများ၏ ကြားတွင်မူ လက်ယက်တွင်းကလေးများ ရှိနေပြီး သောက်ရေ သုံးရေ ခပ်သူများမှာ ကူးချည်သန်းချည်ဖြင့် ပုရွက်ကောင်များနှယ် လှုပ်ရွနေပေ၏ ။
“ ကျီးဒန်ရေ ...”
တဲရှေ့မှ ထွက်ပေါ်လာသော ခေါ်သံကြောင့်
မကျီးဒန်မှာ ကြက်သွန်ခင်းများကို ငေးမောနေရာက နောက်သို့ လှည့်ကြည့်သည် ။ ချောစိန်က အိုးတစ်လုံးကို အချောသပ် ပုတ်ခတ်နေရင်း “ ဒေါ်ဖော့ ထင်တယ် အမေရဲ့ ” ဟု လှမ်းပြောလေ၏ ။
“ ဟေ့ ကျီးဒန်တို့ ”
အသံသည် နီးကပ်လာကာ “ အမယ် … သားအမိနှစ်ယောက် အလုပ်ကောင်းနေလိုက်ကြတာ ” ဟူသော အသံနှင့်အတူ မဖော့က မကျီးဒန် အနားသို့ ရောက်ရှိလာပြီး မြေကြီးပေါ်သို့ ထိုင်ချလိုက်သည် ။
“ ကောင်မ ၊ ညည်းတို့ ဘယ်တော့ အိုးတွေ တိုက်သွင်းမလဲ ”
တိုက်ဆိုသည်မှာ အိုးဖုတ်သော ဖိုကို ခေါ်ခြင်းပင်ဖြစ်၏ ။
“ မပြောတတ်သေးပါဘူး အေရယ် ... ဖိန်း သန်ဘက်ခါလောက်တော့ တစ်ဖိုစာ ရကောင်းရဲ့လို့ အောက်မေ့တာပဲ ”
မကျီးဒန်က မဖော့ဘေးတွင် ဝင်ထိုင်ရာက ဒူးကို ပုတ်၍ ထပ်ဆင့် မေးလိုက်ပြန်သည် ။
“ ကျက်ခဲ့ပလား ကောင်မ "
“ ကျက်ဖို့နေနေသာသာအေ ၊ ထမင်းအိုး တည်စရာ ဆန်မရှိလို့ ညည်းတို့ဘက် လှည့်လာခဲ့တာ ။ အဲဒါ တစ်ခွက်လောက်ဖြစ်ဖြစ် ၊ တစ်ပြည်လောက်ဖြစ်ဖြစ် ချေးစမ်းပါအေ ”
မဖော့က မကျီးဒန်ကို တစ်ချက်မျှ စောင်းပြီး အကဲခတ်လိုက်ကာ ဆက်လိုက်ပြန်၏ ။
“ ကောက်ပြန့်ကို ဖော်ပြီး လောလောဆယ် စားဖို့ စက်တင်ချေပါ ဆိုတာလည်း အိမ်က သေနာကောင်က တစ်နေ့စာ ကျန်သေးလို့ ကျန်သေးလို့နဲ့ နေလာလိုက်တာ နက်ဖြန်ကျမှပဲ ဈေးသုံးနားသုံးကလေးလည်း ရအောင် စပါးနှစ်ဆယ်လောက် စက်ထဲကို သွားရောင်းရင်း ဆန်ကြိတ်နိုင်မယ် ကောင်မရဲ့ ။ အဲဒီကျတော့ ညည်းတို့ မကြိတ်ရသေးလည်း တို့ဆီက တစ်စိတ် တစ်ခွဲ ယူစားပေါ့အေ ”
ဟိုမှသည်မှ ထွက်ပေါ်နေသော အိုးပုတ်သံများသည် တဖြည်းဖြည်း ပါး၍ပါး၍ လာချေသည် ။
“ အံ့ပါရဲ့ မဖော့ရယ် … သားအမိသားအဖ လေး ယောက်နဲ့ စပါးငါးရာ ရတာများ ။ တလင်းမှ မသိမ်း သေးဘူး ၊ ဝမ်းစာ မရှိတော့ဘူးလို့ ”
မကျီးဒန်က ထဘီကိုပြင်၍ ရင်ရှားရင်း အပြစ် တင်သံဖြင့် ဆိုလိုက်သည် ။
“ ညည်းတို့မှာ ဒါပဲ သိတယ် ။ ဝင်တော့ စည်ကြီး တီးပြီးဝင်လာလိုက်တာ ၊ ထွက်သွားတော့ ခေါင်းမြီးခြုံကလေးနဲ့ ဘယ်သူမှ မသိလိုက်ဘူး ”
မဖော့က ထဘီကို ဒူးခေါက်ခွက်အောက်သို့ ဆွဲသွင်းလိုက်ရာက မကျီးဒန်ကို မျက်စောင်းတစ်ချက် ထိုးရင်း “ ညည်းက စပါးတစ်ရာကို ငွေသုံးရာ ၊ စပါး ငါးရာဆိုရင် ငွေတွေ အများကြီးပေါ့လေ ၊ ဟုတ်လား ” ဟု မေးလိုက်ရာ
“ အေးပေါ့အေ ”
“ ရပါလိမ့်မယ် ၊ အားကြီးရပါလိမ့်မယ် ။ ကောက်စိုက်ပျိုးနုတ်ခ ၊ ကောက်ရိတ်ခအတွက် ပိုက်ဆံက ဘယ်ကလာ ရမလဲ ။ ကဲ ... မျိုးစပါး ဘယ်က ရမလဲ ။ ထွန်တုံးထွန်သန် ဝယ်တယ် ၊ ချည်ကြမ်းလုံချည် တစ်ထည် လေးငါးကျပ် ၊ ငါးတစ်ပိဿာ ၆ ကျပ် ၊ အပ်ချည်တစ်ပြားကို ဟိုတုန်းက တစ်ပြားဟာ အခု ဆယ့် ငါးပြား ။ နေထိုင်မကောင်းတော့လည်း ဒီစပါးကိုပဲ ရောင်း ၊ ဥပုသ်သီတင်းစောင့်ချင်လည်း ဒီစပါးကိုပဲ ရောင်း ၊ အိမ်မိုးဖို့ သက်ငယ်ဝယ်တာကအစ ဒီစပါးကိုပဲ ရောင်းပြီး တစ်နှစ်လုံး ဘယ်ကမှ မဝင်ဘဲ ထိုင်စား နေရတာ အေရဲ့ ”
မကျီးဒန် ထံမှ တုံ့ပြန်ချက်သည် ရုတ်တရက် ထွက်ပေါ်မလာပေ ။ ဆေးပေါ့လိပ်ကြီးကို မဲ၍ ဖွာရှိုက် နေရာက အတန်ကြာမှ “ အင်း ” ခနဲ မြည်တမ်းရင်း လှုပ်ရှားလာလေသည် ။
“ အေးလေ … တို့မလဲ တစ်စိတ်လောက်ပဲ ရှိတော့တယ် ကောင်မရဲ့ ”
“ တစ်စိတ် ဆိုရင် လောက်ပါတယ် ကောင်မရယ် ၊ ငါ့ကို တစ်ပြည် ချေးလိုက်ပါ ။ ဒါမှ မနက်ဖြန် မနက်စာပါ ဘယ်မှ လည်မချေးရအောင် ”
“ အဲဒါတောင် ကောက်ပြန့်ထဲက စပါးဆယ့်ငါးတောင်းလောက် ဖော်ပြီး စက်မှာ သွားကြိတ် ၊ စက်ခတောင် ဆန်ကိုပဲ ပေးခဲ့ရတယ် ကောင်မရဲ့ ။ အခုလည်း လာတဲ့ ဈေးသည်တိုင်း မဝယ်နိုင်ဘူး ။ ဆန်နဲ့ ရောင်းတဲ့ ဈေးသည်ကိုမှ ဝယ်နိုင်တယ် ။ ပိုက်ဆံ ဆိုလို့ ဆယ်ပြားစေ့ တစ်စေ့ပဲ ရှိတယ် ”
မကျီးဒန်က မဖော့ ခင်းပေးသော ပုဆိုးစုတ်ထဲသို့ ဆန်တစ်ပြည်ခြင်၍ ထည့်ပေးနေရာက အိမ်တွင်း ဇာတ်ကို ခင်းပြနေလေသည် ။
“ အေးပါ ကောင်မရယ် … ငါသိပါတယ် ”
မဖော့က လုံချည်ကို စုလုံး၍ အခိုင်အခံ့ ချည်ပြီးနောက် ခေါင်းပေါ်တင်လိုက်ကာ
“ ကဲ လေမကျခင် ပြန်ဦးမှ ” ဟု ဆိုကာ ဒူးနှစ်ဖက်ပေါ် လက်ထောက်လျက် ကုန်းထလိုက်၏ ။
“ အေး … အေး ၊ ငါလည်း ချက်ပြုတ်ဖို့ မေ့နေ လိုက်တာ ၊ ညည်းပြောမှ သတိရတယ် ”
မကျီးဒန်က မဖော့ကို လှမ်းပြောလိုက်ပြီးနောက် ချောစိန်ကို လှည့်ကြည့်လိုက်သည် ။
“ မိန်းကလေး ”
ချောစိန်ကား အိုးတစ်လုံးကို လှည့်ကာ ပြောင်းကာဖြင့် သဲကြီးမဲကြီး ပုတ်နေ၏ ။ မကျီးဒန်၏ ခေါ်သံကို မကြားပေ ။
“ ဟဲ့ မိန်းကလေး ”
“ တော် ”
ချောစိန်က လက်ခတ်ကို ကိုင်မြှောက်ထားကာ မော့ကြည့်၏ ။ ချွေးသီးကလေးများသည် ချောစိန်၏ နဖူးပြင်တွင် တွဲခိုနေသည် ။
“ ထမင်းချက်ဖို့ အချိန်ကျပြီ ထင်တယ် ။ ချက်ဖို့ ပြုတ်ဖို့လုပ်ဦးမှ ”
ချောစိန်မှာ ပုဆိုးစုတ်တစ်ထည်ဖြင့် မျက်နှာသုတ်နေရာက “ ဟုတ်ကဲ့ အမေ ” ဟု ပြောကာ တဲထောင့်တွင် ချထားသော ခံတောင်းအိုကြီး တစ်လုံးကို ဆွဲယူလာခဲ့ပြီး ထမင်းအိုး ဟင်းအိုးများဘေးတွင် ထိုင်ချလိုက်၏ ။ မကျီးဒန် မှာလည်း ကွပ်ပျစ်ပေါ်တွင် တင်ထားသော ဆေးတောင်းကို ဆွဲယူပြီး ဖက်တို ဖက်စများ အစီခံအတွက် ကိုက်ညှပ်ရင်း ချောစိန်ကို မကြည့်ဘဲ ပြောနေပြန်သည် ။
“ ညည့်အဖေ သောက်ဖို့ ဆေးလိပ်ကလေး တစ်လိပ် နှစ်လိပ်လောက် ကပျာကသီ ပွတ်လိုက်ဦးမယ် ။ ခံတောင်းထဲက ထမင်း ဟင်းအိုးတွေ သေသေချာချာ ထည့် ။ လိမ့်ကုန်မှဖြင့် တစ်ကိုယ်လုံး ရွှဲဦးမယ် ”
“ ဘာဟင်းချက်မလဲ အမေ ”
ချောစိန်က လှည့်မေးပြီးလျှင် ထမင်းအိုးကို ရေအိုးနားမှာ ချလိုက်သည် ။
“ ငရုတ်သီးချက်ပေါ့ သမီးရယ် ။ ငါးပိ နည်းနည်းလောက် ပိုပြီးယူခဲ့ ၊ ဟင်းချိုတစ်အိုး တည်ရအောင် ။ ဟိုရောက်မှပဲ သရက်ရွက်ခူးပြီး ပြုတ်တို့တာပေါ့ ”
“ အမေ့ဟင်းချိုက ခတ်စရာ ဘာရွက် ဘာသီးမှ မရှိတဲ့ဥစ္စာ ”
“ အိုအေ ဟိုချုံ ဒီချုံ လိုက်ခူးတာပေါ့ ”
ရမ်းဘိုကုန်းရွာနှင့် ပတ်ဝန်းကျင် နေရာများမှာ သည်ရာသီမျိုးတွင် မီးကို သတိဝီရိယဖြင့် တားဆီး ကာကွယ်နေကြရ၏ ။ လဲပွင့်ကလေးတွေ တရိပ်ရိပ်နှင့် မိုးသားထဲတွင် ပျံသန်းမြူးတူးနေပြီဆိုမှဖြင့် ရမ်းဘိုကုန်းရွာပေါ်သို့ လေပြင်းလေကြမ်းများ ညနေတိုင်း ကျရောက်တိုက်ခိုက်တတ်ပေသည် ။ သစ်ရွက်တွေ ဝါရော် ညှိုးခြောက်လာကာ ဖုန်မှုန့်ဖြင့် လူးကျံလာသော သည်ရာသီဝယ် ညနေတိုင်း ကြမ်းကြမ်းတစ်ဖုံ ၊ ခပ်သောသော တစ်နည်း တိုက်ခိုက်လာလေ့ရှိသော လေပြင်းသည် ညစာချက်ချိန် ပြုတ်ချိန်များတွင် တမင်ရွေးချယ် ရောက်ရှိလာတတ်သည့်အတွက် ကျေးရွာအုပ်စု သူကြီးများသည် ရွာခေါင်း ဆယ်အိမ်ခေါင်းများမှ တစ်ဆင့် အိမ်တိုင်းအိမ်တိုင်း မြေကြီးမှာ ဆင်းပြီး တစ်တောင်အောက် မတိမ်သော မီးဖိုကျင်းများတူး၍ ထမင်း ချက်ရမည်ဟု ဆင့်ဆိုထားလေသည် ။
တကယ့် လေကြမ်းလာသောအခါတွင် မီးဖိုကျင်းထဲက မီးသည်လည်း မလုံခြုံတော့ပေ ။ လေနောက်သို့ မီးပွားများလွင့်ပါလျက် လောင်ကျွမ်းတတ်သည် ။
ထို့ကြောင့်လည်း မကျီးဒန်တို့ သားအမိတစ်တွေ ရွာအပြင်သို့ ထွက်ပြီး လေကွယ်ရာအရပ်တွင် ထမင်း ဟင်း ချက်ပြုတ်ရန် စီစဉ်နေကြခြင်းဖြစ်၏ ။ ထမင်းအိုး မကျမီတွင် သည်လေကြမ်း ကျလာခဲ့လျှင်ကား အိမ်ရှင်မသည် တည်ဆဲထမင်းအိုးကို သွန်ပစ်ရလေ့ရှိသည် ။ နှမြော၍ သွန်မပစ်ခဲ့ပါမူ အိမ်ရှင်ယောက်ျားသည် ပျော့လည်း ပျော့ ၊ တူးလည်း တူး ၊ နပ်လည်း မနပ်သောထမင်းကို မကြည်သာသော နှလုံးဖြင့် ဝါးမျို ရရှာချေတော့မည် ။ ထို့ကြောင့်လည်း မကျီးဒန်က လေကျချိန်မတိုင်မီ ရွာပြင်ထွက်ရန် ပြင်ဆင်နေခြင်း ဖြစ်၏ ။
“ အပြင်မှာ လှန်းထားတဲ့ ညည့်ထဘီကို ရုပ်ထား ၊ လူ မရှိတုန်း လေထဲပါသွားမှဖြင့် နန်းမတော် မယ်နုလို မိဖုရား မဖြစ်ဘဲ ထဘီ ဆုံးနေဦးမယ် ။ ပြီးရင် နောက်ဖေးတံခါးကို လုံအောင်ပိတ် ”
မကျီးဒန်က ချောစိန်ကို လှမ်းပြောရာက အံသွားကြိတ်လျက် ဆေးလိပ်ဖင်ကို ကတ်ကြေးဖြင့် ညှိဖြတ် နေလေသည် ။ ဖင်စီခံညှိတာကလေးကိုပင် အံကြိတ်ရအောင်ကလည်း ကတ်ကြေး “ နားပွင့် ” က ချောင်နေကာ အံက ချော်နေ၏ ။ ဆေးလိပ်ဖင်စီခံကို အံသွား တခဲခဲဖြင့် ငုံ့ဖြတ်နေစဉ် တဲထဲသို့ လူတစ်ယောက် ဝင်ရောက်လာပြီး မကျီးဒန် အနားမှာရပ်လာသည် ။
ခြေထောက်ကို မြင်မှ မကျီးဒန်က မော့ကြည့်ကာ “ သောက်ကောင်မ ၊ အသံမပြု ဘာမပြုနဲ့ ” ဟု ဆိုလိုက်မှ ထိုသူက မကျီးဒန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏ ။ မကျီးဒန်က မျက်နှာကို တစ်ချက် လှမ်းကြည့်ပြန်သည် ။
“ ညည်း ဘာဖြစ်လာသလဲဟင် မိအေး ”
“ သန်းကြည်ပေါ့တော် မြွေပွေးကိုက်မ ။ လိုချင်တုန်းကတော့ နက်ဖြန်ပေးပါ့မယ် ၊ သန်ဘက်ခါ ပေးပါ့မယ်နဲ့ ဆီတစ်ဇွန်း ချေးသွားတာ ၊ အခု သွားတောင်းတော့ သူကပဲ မာရေကျောရေနဲ့ ။ သူ့ကိုပဲ ကျုပ်က ပြန်ပြီး တောင်းပန်ရဦးတော့မလို ”
ရွာတော့မည့်မိုးနှယ် ညို့နေသော မိအေး မျက်နှာမှာ ပြောရင်းဆိုရင်း ပို၍ ခက်ထန်လာ၏ ။
“ အိုအေ … မရှိသေးလို့ ဖြစ်ပါလိမ့်မယ် ဟယ် ”
“ မဟုတ်ဘူး မကျီးဒန်ရဲ့ ၊ ကနေ့ ပေးပါ့မယ်လို့ အာမခံသွားတာ ။ ကိုကျော်လှိုင်ကလည်း နေ့လယ်ကမှ ချောင်းထဲ ဆင်းပက်လို့ အစိတ်သားလောက် ရခဲ့တယ် ။ တစ်ဝက်ခွဲပြီး လည်ရောင်းတော့လည်း လက်ငင်းဝယ်မယ့်လူ တစ်ယောက်မှ မရှိဘူး ”
“ ဒီအချိန်မှာတော့ ညည်းလို လူတိုင်း ကျပ်တာပဲ အေရဲ့ ”
မကျီးဒန်က ဆေးလိပ်ကို စွန်တောင်ကိုက်နေရာက မော့ကြည့်ပြီး နှစ်သိမ့်လိုက်လျှင်
“ အဲဒီလို ကျပ်လို့ ခက်နေတာပေါ့ မကျီးဒန်ရဲ့ ။ ဒါကြောင့်သာ ဒီဆီကလေး တစ်ဇွန်းဖိုးကို လာအပေး မစောင့်ဘဲ သွားတောင်းတာပေါ့ ။ ဟိုသေနာ ဝမ်းကျမဆီက မရခဲ့လို့ အစ်မကျီးဒန်ဆီ ဝင်လာတာ ”
“ ဟဲ့ ”
မကျီးဒန်က မိအေးကို တအံ့တသြ မော့ကြည့်သည် ။
“ ညည်းတို့ လင်မယားနှစ်ယောက်တည်းနဲ့ လယ်က ငါးဆယ်စိုက်တောင် လုပ်တာများ ကျပ်ရတယ် ရှိသေးလားအေ့ ”
“ ဪ … အစ်မကျီးဒန်နှယ် ”
မိအေးက ညည်းညူသံကလေးဖြင့် ဆွဲဆွဲငင်ငင် ပြောလိုက်ပြီး ရှေ့သို့ တိုးလိုက်ကာ
“ ဒီမယ် အစ်မကျီးဒန် ၊ လင်ကိုယ်မယား နှစ်ယောက်တည်းနဲ့ လယ်က ငါးဆယ်စိုက်လုပ်တာကိုသာ လူ သိတာကိုး ။ လယ်ထဲမှာ ပိုးကျလို့ ပျိုးတွေ ဝယ်ဖာရတာ လူမသိဘူး အစ်မကျီးဒန်ရဲ့ ။ အစစအရာရာ တိုရေရှားရေ ဝယ်ရဝတ်ရတာကျတော့ ဘယ်သွားထား မလဲ ကဲ … ”
မိအေးက လက်ဝါးကို ဖြန့်လျက် နှိမ့်ချည်မြင့်ချည် ဒေါပါပါရှင်းပြနေစဉ် မကျီးဒန်က ဆေးလိပ် သုံးလိပ်ကို ကြမ်းပေါ်ချထားပြီး ဆေးတောင်းကို ထရံဘက် ကပ်လိုက်ရင်း “ ဟုတ်တာပဲ ” ဟု ညည်းတွားလိုက်လေ၏ ။
“ မအေး ၊ ဆီဝယ်ပြီး ပြန်လာသလား ”
တဲနောက်ဖေးမှ အဝတ်များကို ရုပ်သိမ်းပြီး ပြန်ဝင်လာသော ချောစိန်က လှမ်းမေးလိုက်ခြင်း ဖြစ်သည် ။ မိအေးက ခေါင်းထောင်ကြည့်ပြီး အော်၍ ရယ်လိုက်၏ ။
“ ဆီချေးထားတာ သွားတောင်းတာဟေ့ ၊ မရခဲ့လို့ ညည်းတို့ဆီ ဝင်ချေးတာ ”
ချောစိန်က ရင်ကို လက်ဝါးဖြင့် ဖိလိုက်သည် ။
“ ဟောတော့် …. ဒီမှာလည်း ရွာသစ်ကြီးတောင် သွားပြီး မနက်က ဆီဝယ်သေးတယ် ။ ဆန်နဲ့ မရောင်းဘူးဆိုလို့ ပြန်လာရတာ ။ ဟောဒီမှာ ပြင်ထားတဲ့ ဟင်းအိုးတွေသာ လာကြည့်ပေတော့ ”
မိအေးမှာ တစ်ချက်တည်း ငိုင်ကျသွားလေ၏ ။ ချက်ချက် ကြော်ကြော် ဆီမပါလို့ မဖြစ်သည့် ငါးကိုမှ ဟင်းလျာအဖြစ်ရထားမိသူမို့လည်း ငိုင်ငိုင်ကြီး ကြည့်နေမိလေသည် ။
“ ဟိုသေခြင်းဆိုးမကြောင့် ၊ ဒင်းကြောင့် ”
တစ်ဆက်တည်းပင် မိအေးမှာ ဆီချေး ပြန်မဆပ် လိုက်သော သန်းကြည်ကို မဲချည်တင်၍ ရေရွတ်လျက် ထသွားလေတော့၏ ။
“ ကဲ ... ပြီးပြီလား မိန်းကလေး ”
မိအေး ထွက်သွားသည်ကို ငေးကြည့်နေရာက မကျီးဒန်က ဆတ်ခနဲ လှည့်၍ မေးသည် ။
“ ပြီးပြီ ၊ အမေ စကားကောင်းနေလို့ ”
“ ကဲ … ဒါဖြင့် သွားရအောင် ၊ ဘာလိုသေးလဲ ။ ရေအိုးကို အမေ ရွက်ခဲ့မယ် ”
မကျီးဒန်က ဆေးပေါ့လိပ် အကြီးတစ်လိပ်နှင့် အသေးနှစ်လိပ်ကို ခံတောင်းထဲသို့ ထည့်လိုက်ပြီး ရေမှုတ်တန်းလန်းနှင့် ရေအိုးတစ်လုံးကို ကောက်ရွက်လိုက်သည် ။ ချက်ပြုတ်မည့် ထမင်းအိုးတွင် ဆန်ဆေး ပြီးသား ၊ ရေထည့်ပြီးသား ဟင်းအိုးများကို ပြင်ဆင်ပြီးသား ဖြစ်သည့်တိုင်အောင် မီးဖိုဘေးတွင် ရေအိုး တစ်လုံး ထားရှိရန်အတွက် ရွက်လာခဲ့ကြခြင်း ဖြစ်ပေ သည် ။ ချက်ပြုတ်ပြီးစီးလျှင် သည်ရေဖြင့်ပင် မီးကြွင်းကို သတ်ခဲ့ရမည် မဟုတ်ပါလား ။
ရမ်းဘိုကုန်း၌ မီးကို သည်မျှ ရိုသေရ၏ ။ စင်စစ်တော့ ကြောက်၍ ရိုသေခြင်းသာဖြစ်၏ ။ စပါးနယ် ဖတ်ပြီးသည့်တိုင်အောင် စပါးများကို ကျီထဲပုတ်ထဲသို့ မထည့်သေးဘဲ ရွာပြင် တလင်းထဲမှာပင် စပါးတွေကို ပုံထားခြင်းက သူတို့တစ်တွေ အဘယ်မျှ မီးကို ကြောက်ရွံ့ကြကြောင်းကို ဖော်ပြနေပေ၏ ။
ရွာ၏ တောင်ဘက်ရှိ ဘုရားပျက်ကုန်းကြီးမှ မီးခိုးများ အူထွက်နေပေသည် ။ မီးခိုးညွန့်များသည် ထန်းလက်များကြားသို့ တိုးဝင်ပျောက်ကွယ်သွားလေ၏ ။ ဘုရားပျက်ကုန်းရှိ စေတီအိုများနှင့် ချုံပုတ်ကြီးများမှာ အတော်အသင့်မျှသော လေဒဏ်ကို ကာကွယ်နိုင်သောကြောင့် တစ်ရွာလုံး လာရောက်ပြီး ချက်ကြ ပြုတ် ကြခြင်းဖြစ်သည် ။ မကျီးဒန်တို့ သားအမိ ရောက်သွားချိန်တွင် မီးဖိုအတော်ခပ်များများထက်၌ ဝေပွက်သော ထမင်းအိုးများကို တွေ့မြင်ရသည် ။
“ သားအမိနှစ်ယောက်သား လောဘနားရွက် တက်နေလိုက်ကြတာ သူများတွေ ထမင်းအိုးတစ်လုံး ကျမှ အိုးပုတ်ရာက ထလာကြတယ်ပေါ့လေ ”
ဒေါ်ဂျမ်းဘုံက အာကျယ်ပါကျယ်ဖြင့် ဆီး၍ နှုတ်ဆက်၏ ။ မကျီးဒန်က
“ ဟုတ်တယ် ၊ ဟုတ်တယ် ။ သူများလို ဘာမှ ပူပင်စရာ မရှိလို့ စားဖို့ပဲ အားထား မနေနိုင်ဘူး ။ အဲဒါကြောင့် အစောကြီး ထမင်းလာမချက်နိုင်ဘူး ”
“ အေးပါ ညည်း ပြောသလို ဖြစ်စမ်းပါစေအေ ။ လာဟေ့ .. ညည်းတို့ မီးဖိုကို ၊ ငါတောင် ပြာတွေ ယက်ထားသေးတယ် ”
ဒေါ်ဂျမ်းဘုံက မကျီးဒန်၏ ရေအိုးကို နေရာချပေးနေစဉ် ဒေါ်ဂျမ်းဘုံ၏ မီးဖိုနှင့် တစ်ဖိုကျော်မှ သန်းကြည်၏ အသံကလည်း ထွက်ပေါ်လာပြန်သည် ။
“ ချောစိန် ဟဲ့ကောင်မ ၊ အမယ်လေး ရွက်လာလိုက်တာ ကုပ်ကလေးကို တိုလို့ ”
“ အမယ် … ရှင်သန်းကြည်တို့ ထမင်းအိုးတောင် နှပ်နေပါပေါ့လား ”
ချောစိန်က ပြန်၍ ပြောရင်း ခံတောင်းကိုချကာ ဒေါ်ဂျမ်းဘုံ၏ မီးဖိုမှ မီးစသုံးလေးချောင်းယူပြီး မီးမွှေးနေလေသည် ။ မကျီးဒန် ၊ ချောစိန်တို့နှင့် ရှေ့ဆင့်နောက်ဆင့်ပင် မိအေးကလည်း တောင်းကလေး တစ်လုံးဖြင့် ရောက်ရှိလာပြန်၏ ။
မိအေးသည် နှုတ်ခမ်းကို ခပ်ထော်ထော် စူပစ်ပြီး သန်းကြည်ကို မျက်စောင်းထိုးနေသည် ။
“ ဪ … မိန်းကလေးရေ ”
မကျီးဒန်က ဒေါ်ဂျမ်းဘုံနှင့် စကားကောင်းနေရာက ချောစိန်ကိုလှည့်ကြည့်ပြီး “ ထမင်းအိုး တည်ထား ခဲ့ပြီး ဖအေကြီးဆီ ဆေးလိပ်သွားပို့ချေဦး ” ဟု ပြော ရာက တစ်ဆက်တည်း “ ဟေ့ မိအေး ၊ ဘာတွေ ချက်မလို့လဲ ” ဟူ၍ လှမ်းမေးလိုက်သည်တွင် မိအေး အတွက် အကွက်ကောင်း ရသွားလေ၏ ။
“ ငါးပြုတ်မလို့ မကျီးဒန်ရေ ၊ ငါးပြုတ်မလို့ ။ အစတုန်းကတော့ ကြော်မလို့ ၊ ချက်မလို့ပါပဲ ”
မိအေးသည် ခပ်ငေါ့ငေါ့ ပြောရင်း သန်းကြည် တည်ထားသော ဟင်းအိုးကို လှမ်းကြည့်မိသည် ။ ခံပြင်းစိတ်နှင့် ရန်စလိုစိတ်များသည် ရင်ထဲ၌ ချက်ချင်း ဖြစ်ပေါ်လာရတော့၏ ။ မိအေး မြင်လိုက်ရသည်မှာ သန်းကြည်၏ ဟင်းချိုအိုးထဲမှ ရေပေါ်တွင် ဆီလို လိုဝေ့နေသော အစက်အပြောက်များဖြစ်သည် ။ ငါ့ဆီ ချေးကိုတော့ ပြန်မဆပ်ဘဲ ဒင်းကတော့ အခံ့သား ဆီတွေ ပျားတွေနှင့် စားလို့သောက်လို့ ချက်လို့ ပြုတ်လို့ ဟူသော ယူဆချက်က ဒေါသကို ပင့်မြှောက်ပေး လေသည့်အတွက် ‘ ထွီ ’ ခနဲ တံတွေးတစ်ချက်ကို လုပ်ထွေး ထွေးလိုက်လေ၏ ။
တစ်ယောက်နှင့် တစ်ယောက် အချက်ရှိထားသူ အချင်းမို့ သန်းကြည်ကလည်း မိအေးတစ်ယောက် မိမိကို စောင်းမြောင်း ရန်ထောင်လေပြီဟု နားလည် လိုက်သည် ။ သို့သော် ရန်တုံ့မပြန်ဘဲ ဟင်းအိုးကိုသာ စိုက်ကြည့်နေ၏ ။
“ တယ် ဒီမီးဟာ ငါထပြီး × × × လိုက်ရ ၊ တစ်ခါတည်း × × × နေရော့မယ် ထွီ ... ”
မိအေးသည် မီးကို ကုန်းမှုတ်ရင်းက ယုတ်ယုတ်မာမာ တိုင်းထွာလိုက်ရာ သန်းကြည်က မျက်စောင်းထိုးကြည့်သည် ။ သို့စဉ်တွင် “ သန်းကြည် ကျက်ပြီ လားဟေ့ ” ဟူသော ဒေါ်ဂျမ်းဘုံ၏ အသံကြောင့် တစ်ဖက်သို့လှည့်လိုက်ရကာ “ မကျက်သေးဘူး တော်ရေ့ ၊ အခုမှ ထမင်းအိုးကျတယ် ” ဟု ပြန်ဖြေလိုက်သည် ။ ဒေါ်ဂျမ်းဘုံသည် သန်းကြည်ကို လှမ်းမေးပြီးနောက် မကျီးဒန် ဘက်သို့ လှည့်ကာ ပြောလက်စ စကားကို ဆက်ပြောဆိုနေ၏ ။
“ ဟုတ်တယ် ကျီးဒန် ၊ ဂျပန်ပိုက်ဆံကို သုံးရသလိုပါပဲ အေရယ် ”
“ ဪ … မဂျမ်းဘုံနှယ် ၊ အခုကြည့်လေ တလင်းထဲက စပါး အိမ် မရောက်သေးဘူး ။ မြေခွန်တော်က လာပြီ တော်ရဲ့ ။ ကောက်စိုက်စည်းခေါင်းကလည်း လက်ဝါး တဖြန့်ဖြန့်နဲ့ ။ မိန်းကလေးဖို့ ၊ ဖအေကြီးဖို့နဲ့ ကျုပ်ဖို့ လုံချည် အင်္ကျီကလေးလည်း ဝယ်မယ် ၊ ပေးစရာ ရှိတာလည်း ပေးမယ် ဆိုပြီး တွက်ကြည့်လိုက်တော့ စပါးသုံးရာတောင် လောက်မှလောက်ပါ့မလား မသိဘူး ”
မကျီးဒန်က ထမင်းအိုးစလောင်း ဆွဲဖွင့်လိုက်သည် ။ ဒေါ်ဂျမ်းဘုံက နောက်ဆုံး ဟင်းအိုးတစ်လုံးကို တည်ရင်း
“ အေး … အေရဲ့ ၊ တစ်နှစ် လာလည်း ဒီလို ၊ တစ်နှစ် လာလည်း ဒီလိုမို့ ငါလည်း အတတ်နိုင်ဆုံး ချွေတာ ကြည့်တယ် ကောင်မရဲ့ ။ ငါ့ဆို လုံချည်အကောင်း ပါမှ လေးထည်ပဲ ရှိတယ် ။ ဒါလည်းပဲ တလင်း မဝင်ခင် အိမ်က စပါးက ကုန်နေပြီ ”
“ ဒါကတော့ မဂျမ်းဘုံရယ် ... ဖွဲသောသော ဆားသောသောနဲ့ ငါးပိတောင် လေးငါးကျပ် ၊ ဒုံးခြောက် တစ်ဆယ်သား ငါးမူးပေးစားနေရတာ ဘယ်မှာ လောက်နိုင်ပါ့မလဲ ။ ကျုပ်တို့က ဝယ်ရသမျှ ဈေးကြီးတာချည်းပဲ ။ ကျုပ်တို့က ရောင်းတော့သာ ”
မကျီးဒန်၏ စကား အဖျားပိုင်းကို မီးဖို တစ်ဖိုကျော်မှ မိအေး၏အသံက လွှမ်းသွားလေ၏ ။
“ သူများပစ္စည်းကို ချေးငှားပြီး မျက်နှာပြောင်တိုက်ပြီး ပြန်မပေးတဲ့ဟာတွေ ကာလနာတိုက်ပါစေ ”
မိအေးသည် တစ်ဖက်သား မခံမရပ်နိုင်အောင် ရန်စနေခြင်းဖြစ်၏ ။ သန်းကြည်မှာ တစ်ခွန်းမျှ ပြန်မပက်ဘဲ ထင်းစတစ်စကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည် ။
“ အံ့ပါရဲ့တော် … ဒင်းတို့မို့ အရှက်မရှိ ၊ သွေးစိမ်း သွေးနက် ပွက်ပွက်အန် သေမယ့်ဟာတွေ ”
သန်းကြည်သည် ထင်းစကို ကိုင်လျက် ဆောင့်ကြောင့်ပြင်ထိုင်လိုက်သည် ။ ရည်ရွယ်ချက်မှာမူ နောက်တစ်ခွန်း ပြောလျှင် အတွယ်ပဲ ။ သို့သော် … သို့သော်
သန်းကြည်၏ ခေါင်းသည် မိအေးဘက်သို့ လှည့်မနေဘဲ မကျီးဒန်တို့ ဘက်သို့ ချာခနဲ လည်သွား၏ ။
“ မနေ့တုန်းက ကျုပ်တို့ရဲ့ အိုးဖောက်သည်ကြီး လာတော့ မကျီးဒန်တို့များ အစိုးရက စပါးဈေးကို ငါးရာဈေး ပေးရင် အိုးမှ လုပ်ပါ့ဦးမလား မသိဘူးတဲ့ ၊ ကျုပ်ကို ခနဲ့သွားသေးတယ် ”
“ အေး … အေရယ် ။ အဲဒီလိုများ ဖြစ်သွားရင်တော့ စပါးသုံးရာ ကုန်မယ့် နေရာမှာ နှစ်ရာတည်း ကုန်မှာမို့ တို့တစ်တွေ ဝမ်းစာစပါးကို နှစ်လည်အောင် ထားနိုင်မှာပဲအေ့ ”
သန်းကြည်သည် လက်ထဲမှ ထင်းစကို လွှတ်ချလိုက်ပြီး ဒေါ်ဂျမ်းဘုံတို့ ဘက်သို့ ဖင်ရွှေ့တိုးလာ၏ ။
“ ကိုဆေးရိုးက ပြောတော့ အစိုးရက ငါးရာဈေး ပေးမှာ မဟုတ်ဘူးတဲ့ ”
“ ဟင် ၊ ဘာဖြစ်လို့လဲဟင် ”
နှစ်ယောက်ပြိုင်တူ မေးလိုက်သည့်အသံဖြစ်ကာ အသံရှင်မှာ သန်းကြည်နှင့် မိအေးတို့ ဖြစ်ပေ၏ ။
“ လယ်သမားတွေကို စပါးဈေး တိုးပေးရော ၊ ဟော ဆန်ဈေးပါ အလိုလို တက်သွားပြီး လယ်သမား မဟုတ်တဲ့ လူတွေ ဒုက္ခရောက်ကုန်မှာ စိုးလို့တဲ့ ”
“ အလိုတော် … ကြံကြီးစည်ရာ ”
ဒေါ်ဂျမ်းဘုံက ကိုယ်ကိုကျုံ့ ၊ ခေါင်းကို စောင်း၍ ဆိုလိုက်ပြီးနောက်
“ ဆန်ဈေးက ဘာဖြစ်လို့ တက်ရမှာတဲ့လဲ ၊ ကျီးဒန်ရဲ့ ၊ ညည်းပဲ တွက်ကြည့်ပါဦး ။ ဈေးထဲမှာ ကနေ့ ရောင်းနေတာ စံရွှေဒွန်း တစ်ပြည်ကို ပြား ရှစ်ဆယ် ရောင်းနေတာ အေရဲ့ ။ တို့ အကြမ်းတွက် တွက်ရင် စပါးခုနစ်တင်းကို ဆန်သုံးတင်းကျော်ကျော် ရနေတဲ့ ဥစ္စာကို ”
မကျီးဒန်မှာ အတန်ကြာမျှ တတွတ်တွတ် ရေရွတ်လျက် မိန်းမတွက် တွက်ပြီးမှ
“ ဟုတ်တယ် မဂျမ်းဘုံ ” ဖြေလိုက်ရာ
“ စပါးဈေးသာ ငါးရာ ဖြစ်ရင် အစ်မဂျမ်းဘုံရယ် ၊ ကျုပ်တို့လင်ကိုယ်မယား နှစ်ယောက်ဝမ်းစာ စပါးကို အခါလည်အောင် ထားနိုင်တာပေါ့ ”
စောစောက တထွီထွီဖြင့် စောင်းမြောင်းနေသော မိအေး၏ ထောက်ခံချက်ဖြစ်သည် ။
“ အေးဟဲ့နော် ကောင်မ ၊ စပါးဈေးသာ ငါးရာ ဖြစ်လာရင် အခု လယ်စရိတ် စပါးသုံးရာ ကုန်တာဟာ နှစ်ရာပဲ ကုန်တော့မှာအေ့ ။ အိမ်က နအိုကြီးလည်း အလိုက်ပေးပြီး နွားကောင်းကောင်းတစ်ကောင်နဲ့ လဲနိုင်မှာပဲ ”
မိအေးအား ဆော်ရန်နှက်ရန် ထင်းစကြီးကို ကိုင်ထားခဲ့သော သန်းကြည်က မိအေး စကားကို ထောက်ခံလိုက်သည် ။
“ ဟင် ... အမေ ”
ကျောဘက်မှ ရုတ်တရက် ထွက်ပေါ်လာသော ချောစိန်၏ အသံကြောင့် ပြိုင်တူ လှည့်ပြီး မော့ကြည့်ကြသည် ။ ချောစိန်သည် မျက်လုံးကြီးအစုံကို ဖြဲ၍ ပါးစပ်ကို ဟကာ တစ်စုံတစ်ခုကို ငုံ့ကြည့်နေ၏ ။ ဒေါ်ဂျမ်းဘုံ ၊ မကျီးဒန် ၊ မိအေးနှင့် သန်းကြည်တို့သည် ချောစိန် ငုံ့ကြည့်သော နေရာသို့ မျက်လုံးကလေး ကစားလိုက်မိကြ၏ ။
“ အလို ...”
အလို မကျီးဒန်၏ မီးဖိုမှာ ထမင်းအိုး ဝေကျပြီး မီးမှာ ထမင်းရည်များ ရွှဲအိုင်လျက် မီးလျှံ မီးစွယ် လုံးဝချုပ်ငြိမ်းနေပါကလား ။
▢ ဆင်ဖြူကျွန်းအောင်သိန်း
📖 ကိုဆေးရိုး ပေါင်းချုပ်
No comments:
Post a Comment