❝ အရူးမ ❞
( ပီမိုးနင်း )
မောင်တင်သည် ခြံထဲ၌ရှိသော ကားဟောင်းကားပျက်ကြီး တစ်ခုကို မြင်ရသဖြင့် အတွင်းရှိ အိမ်ကို သတိထားမိလေ၏ ။
ထိုကားဟောင်း ညစ်ပြာရောင်ကြီးမှာ ခြောက်ယောက်ထိုင် အက်ဆိုက်ကားကြီး ဖြစ်လေရာ တာယာများမှာ များစွာ ပျက်စီး၍ နေလေ၏ ။ အမိုးမှာ တင်၍ ထားလေ၏ ။ ၎င်းကားသည် ခြံစည်းရိုးနံဘေးမှာ ရှိနေလေ၏ ။ အတွင်းကို ကြည့်လိုက်သောအခါ အိမ်အိုကြီး တစ်ခုကို တွေ့ရှိရလေ၏ ။
၎င်းအိမ်ကြီးမှာ မြန်မာစိတ်ကူးနှင့် ဆောက်သော အိမ်နှင့် မတူ ။ လူမျိုးကွဲ ကု,လားများ ဆောက်သော အိမ်နှင့် တူလေ၏ ။ ခြံဝမှနေ၍ ကြည့်ရသဖြင့် သေချာစွာ မမြင်ရ ။ ဆယ့်နှစ်ရာသီ ပန်းပင်တွေကလည်း ပတ်လည် ဝိုင်းလျက် နေလေရာ နောက်မှာ သမံတလင်း အခင်းနှင့် စာသင်ကျောင်းခန်းလို ပျဉ်ထောင်နံရံ အကာများမှာ ဆေးစိမ်းသုတ်ထားသည် ဟူ၍သာ သိရလေ၏ ။ ဆေးရောင်မှာ များစွာမှိန်၍ နေလေ၏ ။ သွပ်မိုးမှာ အနီဖြစ်လျက် အပေါ်ထပ် ပျဉ်ထောင်မှာမူ ဆေးရောင် မရှိ ။ နောက်ဖေး မီးဖိုဆောင်မှာလည်း အိမ်လတ် တစ်ဆောင်လောက်နီးနီး ကြီးလေ၏ ။ ထိုအိမ်မှာမူ လူအမြဲ အတည်တကျ နေသော အိမ် မဟုတ် ။ အကြောင်း တစ်ခုခုကြောင့် စွန့်ပစ်ထားလေသလားဟု မောင်တင် တွေးမိလေ၏ ။
သို့ကြည့်၍ နေခိုက်တွင် ခြံစည်းရိုး အပြင်ဘက် လက်ယာထောင့်နားတွင် ပိစပ်ချုံများ၏ အနီး၌ အတော် သားနားလှပသော မိန်းမပျိုကလေးတစ်ယောက် ရပ်ကာ မိမိကို ကြည့်၍ နေသည်ကို မြင်ရလေ၏ ။
မောင်တင်သည် ထိုအခါ၌ မိန်းမ တစ်စုံတစ်ယောက် ကို ဂရုစိုက်၍နေသည် မဟုတ်သော်လည်း ၎င်းမိန်းမပျိုကို မြင်သောအခါ၌ကား ဂရုမစိုက်ဘဲ မနေနိုင်တော့ချေ ။ ထိုနေရာမှာ ရန်ကုန်မြို့နှင့် မိုင် ၂ဝ ကျော်ခန့် ကွာသဖြင့် ခြံစောင့်များ ခြံလုပ်သော ရှမ်းမများ ၊ ဆင်းရဲသူများကိုသာ မြင်ဖို့ရှိလေရာ ထိုလှပသားနားသော သဏ္ဌာန်ကို မြင်ရသောအခါ တွေးတောဖွယ်ရာ အကြောင်းတွေ စိတ်ထဲတွင် များစွာ ပေါ်ပေါက်၍ လာဖွယ်ရာ ရှိလေ၏ ။
ထို့အပြင် သာလွန်၍ ဂရုစိုက်ရသော အချက်မှာ မိမိ ရှိရာသို့ ထိုမိန်းမပျိုကလေး တူရူလျှောက်၍လာခြင်း ဖြစ်လေ၏ ။ လာရသော လမ်းမှာလည်း မလွယ်ကူချေ ။ ပိစပ်ချုံစပ်မှာ ခြောက်သော မြောင်းကြီးတစ်ခု ရှိလေရာ မိမိ ရှိရာသို့ ထိုမိန်းမပျိုလာသောအခါ၌ ကြောက်ရွံ့သော မျက်နှာနှင့် တောင်မြောက်လေးပါး ကြည့်ခြင်းသည် သာလွန်ထူးခြားခြင်း တစ်ခု ဖြစ်၍ နေလေ၏ ။
၎င်းကို ခြံအတွင်းရှိ အိမ်မှ နေ၍ လွယ်ကူစွာ မြင်နိုင်ဖို့ နည်းလမ်းမရှိသည်ကို မောင်တင် တွေ့ရှိရလေ၏ ။ အကြောင်းမူကား အိမ်အနီး၌ရှိသော ဆယ့်နှစ်ရာသီပင်များအပြင် ခြံမှာ အတော်ကျယ်၍ အခြား သရက် ၊ ပိန္နဲ စသည့် အပင်တွေ ၊ ပန်းပင် ပန်းရုံတွေလည်း ရှိကြလေ၏ ။ ထို့အပြင် ကြီးသော တောပင်ကြီးများအောက် ခြံစည်းရိုးမှာ ထူထပ်သော ကြခတ်ပင်များ ဖြစ်ကြလေ ၏ ။
သင်း အဘယ်အတွက် ဤကဲ့သို့ ငါ့ထံသို့ တူရူ ရှေးရှုလာပါသနည်း ။ မြန်မာမိန်းမပျိုတို့မည်သည် ငါကဲ့သို့သော သားနားသော ယောက်ျားပျို တစ်ယောက်ကို မြင်လျှင် ရှောင်ရှားမြဲသာ ဖြစ်ကြ၏ ။ ၎င်းကား အဘယ်သို့သော အမျိုးသမီး ဖြစ်ပေသနည်း ။
၎င်း၏ အမူအရာမှာ လော်လည်ပေါ့ပါးခြင်း မရှိ ။ မြန်မာလူမျိုးများကို များစွာ လေးစားခြင်း မပြု ။ ရဲတင်းစွာ မျက်နှာချင်းဆိုင် တွေ့တတ်သော အင်္ဂလိပ်မများ၏ အမူအရာ မျက်နှာထားပုံမျိုးလိုလို အမူအရာလည်း ပါရှိသည်ဟု စဉ်းစားမိလေ၏ ။ မောင်တင် ရပ်၍ နေသော နေရာမှာ ပြည်လမ်းမကြီး၏ နံဘေးဖြစ်လေရာ အတွင်းကျသော အိမ်နှင့် သာလွန်၍ ဝေးလေ၏ ။ မကြာမီ မိန်းမပျိုသည် အပါးသို့ ရောက်၍ လာလေ၏ ။
မောင်တင်သည် မေးမြန်းနှုတ်ဆက်ရန် အသင့် ရှိနေသော မျက်နှာထားမျိုးနှင့် ၎င်းကို ကြည့်၍ နေလေ၏ ။ မိန်းမပျိုကလည်း သာယာသော မျက်နှာ ၊ စူးရှသော မျက်လုံးများနှင့် ၎င်းကို ကြည့်ကာ “ ရှင် ရာဇဝတ်ဘက်က မဟုတ်လား ” ဟု မိန်းမပျိုက မေးလေ၏ ။
မောင်တင်သည် အံ့အားသင့်လျက် ၎င်း၏ လှပဖော်ရွေ ရဲတင်းသော မျက်နှာကို စိုက်ကာကြည့်လျက် “ တူလို့လား ” ဟု ပြန်၍မေးလေ၏ ။
“ တူတယ်လို့ မဟုတ်ပါဘူး ။ ကျွန်မ စိတ်ထဲက တောင့်တနေတာ ။ ပါးစပ်က ထွက်တာပါရှင် ။ ရန်ကုန်ကပဲ မဟုတ်လား ။ ကားပါသလား ” ဟု မေးပြန်လေ၏ ။
အင့်ဟင် ငါ ဘာမှုများ ဖြစ်ချင်ပါလိမ့်မလဲဟု မောင်တင်၏ စိတ်၌ တွေးပြန်လေ၏ ။ မောင်တင်သည် မိမိ၏ အကြောင်းကို ပြောဖို့ရန် ဝန်လေးသူ မဟုတ်ချေ ။ သို့သော်လည်း အဘယ်အတွက် ကားကို မေးသလဲ ။ ဘာဖြစ်လို့ ပုလိပ်ကို တွေ့ချင်နေတာလဲ စသဖြင့် စဉ်းစား ပြီး “ အင်း .. ဟုတ်တယ် ဆိုပါတော့ ” ဟု ပြန်၍ ပြောလေ ၏ ။
ထို့နောက် ဤသွေ့ခြောက်သောနေရာ မသာမယာ သုသာန်နှင့် တူသော မြေ၌ သင်း ဘယ်အခြေအနေနှင့် နေရလို့ ငါ့အား ဤမေးနည်းများကို မေးပါလိမ့်မလဲဟု တွေးပြန်လေ၏ ။
“ ကျွန်မတို့ ကားကလည်း အပျက်ကြီး ဖြစ်နေတယ် ။ ဒါနဲ့ ဘာဖြစ်ဖြစ်လို့ ပစ်ထားတာပဲ ” ဟု ပြောပြီး ဟု မိန်းမပျိုသည် တစ်ဖန် တောင်မြောက်လေးပါးကို ကြောက်ရွံ့သော အမူအရာနှင့် ကြည့်ပြန်လျက် နားစွင့်သလို လုပ်ပြီး ပျာယီးပျာယာ လုပ်ကာ “ သွားပါ ၊ သွားပါ ။ တစ်ဆိတ် အခု မြန်မြန်သွားစမ်းပါ ” ဟု တိုးတိုးသက်သာ အကျွမ်းဝင်ပြီး သူနှင့် နှစ်ကိုယ်ကြား ပြောသည့် အမူအရာမျိုးကို သုံး၍ပြောပြီး စကားကို ရပ်လျက် နောက်ပြန်၍ လှည့်သွားတော့မလို လုပ်လေ၏ ။
ထို့နောက် တတန် အရေးကြီးသော အကြောင်းကိစ္စ တစ်ခုခုအတွက် မပြောဘဲ မနေနိုင်သည့် အမူအရာ နှင့် ပြန်၍ လှည့်ပြီး “ ရှင် နက်ဖြန်ခါ ၊ ဒီအချိန်လောက် လာနိုင်ရင် အများကြီး ကျေးဇူးတင်မှာပဲ ။ လာနိုင်ပါ့မလား ။ တစ်ယောက်တည်း လာမှ ဖြစ်မှာပဲ ။ ကျွန်မ ရှင့်ကို ဒုက္ခပေးသလိုပဲ ။ နို့ပေမယ့် ကျွန်မ ရှင့်ကို မြင်မြင်ချင်း ကယ်နိုင်သူပဲ ဆိုတာ အလိုလို စိတ်ထဲပေါ်လာလို့ လာတာပဲ ။ ကျွန်မ အရေးက သိပ်ကြီးနေလို့ပါ ။ အင်မတန် ကြီးတဲ့ ဒုက္ခကြီးနဲ့ တွေ့ရတော့မှာမို့ပါ ။ ကျွန်မ ရှက်လည်း ရှက်ပါရဲ့ ။ ပြောရမှာ သိပ်ခက်တာပဲ ”
ဤထူးဆန်းသော တောင်းပန်ချက်ကို ပြုလုပ်ရာ၌ ၎င်း၏ ထက်သန်သော မျက်နှာထား အမူအရာမှာ ခုခံ ငြင်းဆန်၍ မရသာအောင် ဖြစ်လေ၏ ။ အကြောင်းကို သိလိုသောစိတ် တစ်ခုက ၎င်း၏ ဘက်သို့ ပါပြီးဖြစ်လေရာ အဘယ်သို့သော ဘေးအန္တရာယ်ပင် ဖြစ်စေကာမူ စွန့်ရတော့မည့် အနေသို့ ရောက်သကဲ့သို့ဖြစ်၍ နေလေ၏ ။
အဘယ်အတွက် ဝတ္ထုရှည် ဇာတ်လမ်းတစ်ခုလို ဘယ်အတွက် ပထမပိုင်း ၊ ဒုတိယအပိုင်း လုပ်နေပါလိမ့် ကရို့ဟု မောင်တင်မှာ တွေးတောဆင်ခြင်ခြင်းသည် ဖြစ်ပေါ်၍လာလေ၏ ။
ထိုအခိုက်တွင် အိမ်လှေကားမှ ဆင်း၍လာသော ပိုးဘောင်းဘီနှင့် သားနားသော လူမြင့်မြင့် တစ်ယောက်ကို မြင်ရလေ၏ ။ ၎င်း၏မျက်နှာမှာ အဘယ်လို မျက်နှာဟု မသိရချေ ။ ထိုအခါ အဘယ်သို့အရေးဟု မသိရသော ကိစ္စထဲ၌ မိမိ ပါဝင်နေမည်ကို စိုးသောကြောင့် တစ်ကြောင်း ၊ အမှုအခင်းနှင့် ပတ်သက်၍ စုံထောက်ရန် အကြောင်းပေါ်ချေက လွယ်ကူဖို့ရန်အတွက် လည်းကောင်း မောင်တင်သည် လျင်မြန်စွာ ထိုနေရာမှ ခွာပြီးလျှင် လျင်မြန်စွာ ပြန်၍ သွားလေ၏ ။
သို့ပြန်၍သွားရာတွင် မိမိ တွေ့ကြုံပုံနှင့် ပတ်သက်၍ များစွာ စဉ်းစားလေ၏ ။ မိမိ စုံစမ်းရန်လာသော ကိစ္စက တစ်မျိုး ၊ တွေ့ ရပုံက ဒုက္ခသည် ဆိုသည့် မိန်းမ ရုပ်ကလည်း ချောချောလှလှ ၊ ဘယ်နည်းဘယ်ပုံ ဖြစ်ချင်လို့ တွေ့ရပုံ ဆန်းရတာတုံး စသည်ဖြင့် မိမိကိုယ်ကို မိမိ မေးလေ၏ ။
ထိုနေရာ အနီးအနား၌ မိမိနှင့် ကောင်းစွာ သိသော ထမင်းဆိုင်တစ်ဆိုင် ရှိလေ၏ ။ ဆိုင်ရှင်မှာ ဒေါ်ဌေး ဆိုသူ ဖြစ်လေရာ ၎င်းအား ထိုအိမ်အကြောင်းနှင့် ပတ်သက်၍ မေးကြည့်ရာ ကြားသိရပုံမှာ မကြားမသိရသည်ထက် ပိုမို ထွေးရှုပ်လေ၏ ။ ၎င်းဒေါ်ဌေးက ပြောသည်မှာ ။
“ ဒီအိမ်ရှင်က အထက်သွားနေတယ် ။ အခု လာနေကြတာက အထက်က အိမ်ရှင်ရဲ့ အသိဟု ကြားသိရကြောင်း ၊ အခုနေသူ၏ နာမည်မှာ ကိုမောင် ဟု ခေါ် ကြောင်း ၊ အနီးအပါးမှာ ဘယ်သူကိုပဲ မြင်မြင် အင်မတန် သိချင်သူ တစ်ယောက် ဖြစ်ကြောင်း ၊ နည်းနည်း ငြီးငွေ့ဟန် တူကြောင်း ၊ ၎င်း၏ မိန်းမမှာ စိတ်နောက်နေသလိုလို ပြောကြောင်း ”
“ အထက်က ဒီကို ဘာလုပ်လာနေသတဲ့လဲ ” ဟု မောင်တင်က မေးရာ မိန်းမကြီးက “ မသိ ။ ဆေးဝါးကုဖို့ ဖြစ်မှာပေါ့ ” ဟု ပြန်၍ပြောလေ၏ ။
နောက်တစ်နေ့နံနက် ကိုမောင် ခေါ်သူ ကိုယ်တိုင်ကို ထမင်းဆိုင်၌ တွေ့ လေ၏ ။ လက်ဖက်ရည် သောက်ရင်း စကားပြောကြရာ ကိုမောင်က “ မိမိမှာ အထက်သား ဖြစ်ကြောင်း ၊ မယားဖြစ်သူ မကျန်းမာသဖြင့် ဘယ်ကိုမှ မလည်မပတ်နိုင်ကြောင်း ” စသည်ဖြင့် ပြောလေရာ မောင်တင်က “ ကျေးဇူးတင်ကြောင်း ၊ မယားဖြစ်သူ မကျန်းမာသည့်အတွက် ဝမ်းနည်းကြောင်း ၊ ဆရာကောင်းသမား ကောင်းများနှင့် စောစောက ကုရလျှင် ကျန်းမာဖို့ ရှိကြောင်း ” မောင်တင်က ပြောလေ၏ ။
ကိုမောင်ကမူကား “ များစွာ အားမရှိ ။ မျှော်လင့်ချက် မရှိတော့သည့်အကြောင်း ဆရာမျိုးစုံ လာခဲ့ပြီ ဖြစ်ကြောင်း ။ ရောဂါမှာ သွေးရိုးသားရိုး ဖြစ်ကြောင်း ၊ လူဆိုး ဓားပြများနှင့် တွေ့ခဲ့ဖူးရာမှ ထိတ်လန့်၍ ဖြစ်သော ရောဂါ ဖြစ်သည်နှင့် တူသဖြင့် ကုသရန် ခက်ကြောင်း ၊ သည့်အတွက် ရောဂါ မတိုးဖို့ရန်သာ သဘောထားပြီး ငြိမ်သက်တဲ့ နေရာကို ရှာ၍ အနှောင့်အယှက်များမှ ကင်းလွတ်အောင် အင်မတန်မှ သတိထား စောင့်ရှောက်ရကြောင်း ” စသည်ဖြင့် ပြော၍ ပြလေ၏ ။
ထို့နောက် အခြား အကြောင်းအရာများနှင့် ပတ်သက်၍ အနည်းငယ် ပြောဆိုပြီး ဆိုင်မှ ထွက်၍ သွားလေ၏ ။ မောင်တင်သည် ၎င်း၏ စကားများအနက် အဘယ်မျှလောက်သာ ယုံကြည်ရမည်ဟု စဉ်းစား၍ နေလေ၏ ။ ထိုအခိုက် ဆိုင်ရှင်မိန်းမကြီး အပါးကို ရောက်လာပြီး “ ကိုမောင် ဆိုတာ ဒီလူပေါ့ ။ ဟိုခြံကြီးထဲမှာ နေတာပဲ ” ဟု ပြောလေ၏ ။
“ ဘာပြုလို့ အရူးထောင် မပို့သလဲ မသိဘူး ” ဟု မောင်တင်က ပြောလေ၏ ။
မိန်းမကြီး “ ပို့ရကောင်းမလား ၊ မပို့ရကောင်းမလား စဉ်းစားနေသေးတယ်လို့ ကြားတာပဲ ။ အခုတော့ တောက ဆရာတွေနဲ့ ကုနေသေးတယ် ပြောတာပဲ ။ တစ်ခါတစ်ခါ မော်တော်ကားနဲ့ သာယာဝတီဘက်က လိုလို ၊ ပြည်ဘက်က လိုလို ဆရာတွေ လာကြတာပဲ ။ အတော်တော့ ငွေကြေး အကုန်ခံနိုင်ပုံ ရှိတာပဲ ။ အရင်က ခြံနားက ကားကြီးနဲ့ ဆရာကို ကိုယ်တိုင် သွားခေါ်တာပဲ ။ အခုတော့ ကားကြီး ပျက်နေလို့ ။ ကားလည်း ပြင်တတ်တယ် ပြောတာပဲ ”
“ ကျွန်တော်ဖြင့် စိတ်နောက်တယ် ဆိုတာ မယုံချင်ဘူး ။ စိတ်နောက်တဲ့ရုပ် ဒီလို မဟုတ်ဘဲ ”
“ ဘယ်သူမှ မယုံပါဘူး ။ အဒေါ်လည်း မယုံပါဘူး ” ဟု မိန်းမကြီးက ပြန်၍ပြောလေ၏ ။
ကိုမောင်သည် မိမိ၏ မယား ၊ မောင်တင်နှင့် တွေ့ကြုံ စကားပြောသည်ကို မနေ့က မြင်မိသဖြင့် အဘယ်လို လူလဲဟု သိဖို့ရန် လာရောက် စုံစမ်းသည်ဟု မောင်တင်၏ စိတ်၌ တွေးလေ၏ ။ အိမ်ကို လာ၍ လည်ဖို့ ခေါ်သည်မှာ ရိုးရိုးစိတ်အကြံနဲ့ပဲလား ဟူ၍လည်း မောင်တင် စိတ်၌ တွေးမိလေ၏ ။ ဆိတ်ငြိမ်သော နေရာမှာ အနှောင့်အယှက် မရှိရအောင် ထားသည် ဟူသော စကားကို ထောက်လိုက်သောအခါ အိမ်ကို ဝင်ပါထွက်ပါ ဟူသော စကားသည် လောကွတ်စကားသာ ဖြစ်ရာ၏ ။ အဟုတ်တကယ် မဟုတ်နိုင် ဟူ၍လည်း မောင်တင် စဉ်းစားလေ၏ ။
ထိုနေ့ညနေ မောင်တင်သည် မိမိ၏ ကားကို လမ်းနံဘေး၌ ထားပြီး မနေ့က ရောက်ရှိသောနေရာ အနီးအနားသို့ ရောက်၍သွားလေ၏ ။ ကားမှာ ဒရိုင်ဘာနှင့်သာ ရှေးဦးပထမ လွှတ်၍ထားပြီး မိမိက နောက်မှ လိုက်၍ သွားလေ၏ ။ သို့လိုက်၍ သွားရာ၌ အိမ်ပေါ်မှ နေ၍ မမြင်နိုင်သော နေရာများဖြစ်သည့် ခြံများကို ကူးဖြတ်၍ လာခဲ့လေ၏ ။
ကိုမောင်သည် ထိုအချိန်၌ အိမ်မှာ ရှိ၍ သတိထား ကြည့်ရှုချေက ကားကိုသာ သတိထားဖို့ ရှိ၏ ။ မောင်တင် ကို မမြင်သောအခါ အခြား ကားတစ်ခုခု အကြောင်း ကိစ္စနှင့် လာသည်ဟု မှတ်ထင်ဖို့သာ ရှိ၏ ။ အကြောင်းမူကား မနေ့က မောင်တင်မှာ အိမ်ကြီးအနီးသို့ ကားနှင့် မလာ ။ ခြေကျင် လာရောက်ခဲ့လေရာ မောင်တင်နှင့် ထိုကား ဆက်သွယ်ခြင်းရှိကြောင်းကို ကိုမောင် လွယ်ကူ စွာ တွေးနိုင်ဖို့ မရှိချေ ။ ကားမှာလည်း အိမ်နှင့် အတော် ဝေးသောနေရာမှာ ရပ်လေရာ ကားကိုပင် ကိုမောင် သတိထားမိချင်မှ သတိထားမိမှာပဲဟု မောင်တင် စဉ်းစားလေ၏ ။ သို့ရပ်၍နေရာ မကြာမီ မိမိ၏ အပါး ပိစပ်ချုံများ အနီးမှပင် ၎င်းမိန်းမပျို ထွက်ပေါ်၍လာသည်ဟု မှတ်ထင်ရလေ၏ ။ အကြောင်းမူကား နောက်သို့ မောင်တင် လှည့်လိုက်သောအခါ အပါးမှာ မိန်းမပျို ရပ်လျက် နေသည်ကို တွေ့ ရလေ၏ ။
“ မြန်မြန် မြန်မြန် ။ လာပါ လာပါ ။ မြင်ရင် ဒုက္ခပဲ ” ဟု မိန်းမပျိုက ပြောပြီး ချုံကြား သေးငယ်သော ခြေလှမ်းကလေးကို ရှေ့ဆောင်၍ လျှောက်သွားလေ၏ ။ အက်ဆိုက်ကားကြီး အနီး ရောက်သောအခါ မိန်းမပျိုက ကားထဲသို့ ဝင်၍ ထိုင်ပြီး “ လာ လာ ထိုင်ပါ ” ဟု ပြော ကာ မိမိ၏ နံဘေး၌ နေရာကို ပေးလေ၏ ။
မောင်တင်မှာ မရဲတရဲ ဖြစ်၍နေလေရာ မိန်းမပျို၏ ထက်သန်သော မျက်လုံးအရှိန်သည် ၎င်းကို တစ်နည်းနည်းနှင့်ပင် ပတ်ရစ်ကာ ဆွဲသည်ဟု မှတ်ထင်ရလေ၏ ။ မကြာမီ ဝင်၍ ထိုင်လေ၏ ။
“ ကျွန်မ ပြုမူပုံနဲ့ ရှင် ကြားသိရတာတွေကို ထောက်ကြည့်ရင် ရှင် သူတို့ ပြောတာကို ယုံမှာပဲ ။ ကျွန်မကို သူတို့က ရူးတယ်လို့ ပြောကြတာပဲ ။ ကျွန်မ မရူးပါဘူး ။ ကျွန်မကို ကျွန်မယောက်ျားကိုယ်တိုင်က မကောင်းကြံ နေတာပါ ။ ကျွန်မကို ရှင် ကယ်နိုင်လိမ့်မယ်လို့ ယုံကြည်လို့ ဖွင့်ပြောတာပါ ။ ကျွန်မယောက်ျား အခုနောက်ဖေးခန်းမှာ ဖိုထိုးနေတယ် ။ သူ ဖိုမှာထိုင်ရင် မထဘူး ။ နာရီဝက်လောက်တော့ ကျွန်မ အဖြစ်အပျက်ကို ပြောပြနိုင်ရဲ့လို့ အောက်မေ့တာပဲ ။ ကျွန်မနဲ့ ကျွန်မ ယောက်ျား မောင်နှမဝမ်းကွဲ တော်ပါတယ် ။ ကျွန်မမှာ ပစ္စည်း အမြောက်အမြား အရီး တစ်ယောက်ထံမှ အမွေခံရထားတယ် ။ ကျွန်မယောက်ျားလည်း အချို့အဝက် ရတာပဲ ။ သို့သော်လည်း ကျွန်မ မရှိရင် သူ တစ်ယောက်တည်း သိန်းနှစ်ဆယ်ကျော်ကျော် ရဖို့ ရှိပါတယ် ။ ဒီလောက် ပြောရင် ရှင် စဉ်းစားသိနိုင်မှာပဲ ။ အကျယ်ကို ပြောရရင် တစ်လ ပြောလို့ ကုန်မှာ မဟုတ်ပါဘူး ။ သည့်အတွက် ကျွန်မမှာ အစိုးရမှ တစ်ပါး တခြား ခိုကိုးရာ မရှိဘူး အောက်မေ့ပြီး ရှင့်ကို မြင်မြင်ချင်း ပုလိပ်ဘက်ကလားလို့ မေးတာပါ ။ ကျွန်မမှာ ရန်သူတွေ ဝိုင်းနေပါတယ် ။ ကျွန်မ ယောက်ျားနဲ့လည်း သူ့ကို လိုလားတဲ့ ပစ္စည်းထိန်း အရီးတော် တစ်ယောက်က စက်လှည့်လို့ ညားရတာပါ ။ ကျွန်မ စုံမက်တဲ့ ယောက်ျား ရှိပါတယ် ။အခုတော့ ကျွန်မ ချစ်သူနဲ့လည်း ကွဲ ၊ ပစ္စည်းလည်း ဆုံး ၊ လူလည်း အရူး ဖြစ်ပြီး သူတို့ တိုက်ချင်တဲ့ ဆေးတွေကို အတင်းတိုက်နေတာပါ ။ ကျွန်မ သောက်နေရတာပါပဲ ။ ရှင် ပုလိပ်အရာရှိ ဖြစ်ရင် ဒီအချက်ကို သေသေချာချာ မှတ်ပါ ။ နောင် ကျွန်မမှာ တစ်ခုခုဖြစ်ရင် စုံထောက်ဝတ္ထုများမှာ ပါတာလို ဘာခေါ်လဲရှင် ။ ဟိုဒင်း သဲလွန်စ ဆိုတာ ဟုတ်ကဲ့ ။ အဲဒါ ရှင့်လက်ထဲမှာ ရှိမှာပဲ ။ ရှင် အခု ကျွန်မကို ကယ်နိုင်ရင်လည်း ဒီလောက်ကြီးတဲ့ အလုပ်ကို ရှင် လုပ်ရဖို့ရှိမယ် မဟုတ်ပါဘူး ။ ကျွန်မကို ကယ်ရတဲ့ အလုပ်ကလေး တစ်ခု ရှိမှာပါပဲ ။ အခုတော့ ကျွန်မမှာ ကယ်သူ မရှိရင် နောက် တစ်ရက်နှစ်ရက်လောက် ကြာလို့ မှော်ဇာက ဆရာကြီး ရောက်ရင် ကျွန်မ ဘယ်လိုနေမယ် မသိဘူး ။ သွက်သွက်ချာချာလည်ပဲ ရူးနေမလား ။ ခေါင်းထဲပဲ ရောက်မလား မသိဘူး ။ သူတို့ ကြံတာက ခြေရာပျောက် လက်ရာပျောက် အစိုးရ ဓာတုဗေဒဉာဏ်မမီတဲ့ အောက်လမ်းနည်းမျိုးတွေနဲ့ ကျွန်မကို ကြံနေတာပါ ။ ရှင် ကျွန်မကို ကယ်နိုင်ပါတယ် ။ ဇီဝိတဒါနအဖြစ် ကျွန်မကို ကယ်ပါ ။ ရှင်တို့ ပုလိပ်အရာရှိဆိုတာလည်း ဒီလို အရေး တွေ့ရင် ကယ်ဖို့ ဝတ္တရားရှိပါတယ် ” ဟု အသက်မရှူဘဲ မျက်လုံးများမှာလည်း ကြောက်ရွံ့ခြင်း ထက်သန်ခြင်း အရှိန်တွေ ဝင်းဝင်းတောက်လျက် ပြောလေ၏ ။
မောင်တင်မှာ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်၍ နေပုံကို ပြလေ၏ ။
မိန်းမပျိုက စိတ်ပျက်အားငယ်သော မျက်နှာနှင့် ဆက်၍ ပြောပြန်သည်ကား “ ရှင်လည်း မယုံဘူးဆိုတာ ကျွန်မ သိတာပဲ ။ ရှင်လည်း သူ့ဘက်ပါတဲ့ လူမျိုးတွေထဲကလို ဖြစ်နေတာပဲ ။ ဒီလိုအဖြစ်မျိုးဆိုတာ ဝတ္ထုများမှာသာ တွေ့ရလေတော့ ယုံဖို့ အများကြီး ခက်နေတာပဲ ။ ကျွန်မမှာတော့ကာ မယုံလို့ မကယ်ကြရင် အင်မတန်မှ ကံဆိုးတဲ့ မိန်းမကလေး တစ်ယောက် ဖြစ်ရမှာပါ ။ ကျွန်မ ယောက်ျား ပြောတော့ ရှင်တို့တစ်တွေ လွယ်လွယ်ကူကူ ယုံတာပဲ ”
“ မယုံဘူးလို့လည်း မဟုတ်ပါဘူး ။ သို့သော်လည်း ... ”
“ မှန်ပါတယ် ။ ဘယ်သူမှန်း မသိ ဘယ်ဝါမှန်း မသိ ။ လမ်းမှာတွေ့ပြီး ကယ်ပါ ဆိုတိုင်း ကယ်ရမယ် ဆိုရင် အများကြီး ခက်ကုန်ကြဖို့ ရှိတာပဲ ။ ကယ်ပါ ဆိုပြီး ကယ်တဲ့လူကို မကောင်းကြံတဲ့ မိန်းမတွေလည်း ရှိဖူးတာကိုး ”
“ ကျွန်မကို ဒီမိန်းမမျိုး ထင်ရင် ခံရမှာပဲ ။ ကျွန်မ အဖြစ်အပျက်ကို ကျွန်မပါးစပ် တစ်ပေါက်တည်း ပြောပြရုံထက် တခြား သက်သေပြစရာဆိုလို့ အထောက်အခံ ဘာမှ မရှိတော့ ပုံကြီးခက်တာပဲ ”
“ မင်းဘာသာ ထွက်မပြေးနိုင်ဘူးလား ” ဟု မောင်တင်က မေးလေ၏ ။
“ ဘာသာ မပြေးနိုင်တဲ့ အချက်တွေ ရှိပါတယ် ။ ကျွန်မ လက်ထဲမှာ စရိတ်လည်း မရှိဘူး ။ နို့ မင်းကို ကြိုးနဲ့ ချည်ထားသလားလို့ မေးစရာ ရှိပါတယ် ။ မေးစရာရှိတာလည်း ဖြေစရာတွေ အများကြီး ရှိပါတယ် ။ အခု ပြောရမှာ သိပ်ခက်နေတာပဲ ။ တဖြည်းဖြည်းတော့ဖြင့် ရှင် သိရမှာပဲ ။ ကျွန်မ ဆုပ်စူးစားရူး ဒီလိုအဖြစ်မျိုး ကြုံတွေ့ရသူ လူ့ပြည်မှာ ရှိမယ်လို့တောင် မထင်ဘူးရှင် ။ နောင် သိရတော့မှ ရှင် အံ့သြမှာပါ ။ ကျွန်မ သဘောအတိုင်း ပြေးကို မပြေးနိုင်လို့ ရှင့်ကို အသနားခံရတာပါ ။ ကျွန်မ ဒီလောက်တောင် အရေးမကြီးရင် ရှင့်ကို ဒီလောက် ဘာ ကညဝတ္တ တောင်းပန်နေစရာ ရှိသလဲ ဆိုတာလည်း စဉ်းစားပါဦး ။ ကျွန်မပိုင်ပစ္စည်း ဆယ်သိန်းကျော် ပါ တယ် ။ ရှင့် ကျွန်မ တစ်သက်လုံး ဆပ်ရမှာပါ ။ ကျွန်မ ကျေးဇူးသိတတ်တဲ့ မိန်းမကလေးပါ ။ အခုတော့ ကိုယ့် ပစ္စည်းနဲ့ ကိုယ့်မှာ ဘယ်သူမျှ မတွေ့ရတဲ့ ဒုက္ခကြီး တွေ့နေ ရတာပါပဲ ” ဟု ပြောပြီး လက်မှိုင်ချသောအနေနှင့် နေလေ ၏ ။
“ ဘယ်တော့ ပြေးချင်သလဲ ”
“ ချက်ချင်း ပြေးချင်တာပေါ့ရှင် ။ နို့ပေမယ့် အခုည ပြီးအောင် လုပ်စရာကလေး တစ်ခုရှိလို့ အခုတစ်ညတော့ အောင့်နေရဦးမှာပဲ ။ စာချုပ်ကလေး တစ်ခု ၊ နက်ဖြန်ခါ ဒီအချိန်ဆိုရင် သူ မရှိဘူး ။ တွံတေးကို သွားလိမ့်မယ် ။ ရှင် နက်ဖြန်ခါ ဒီအချိန်မှာလာရင် ကျွန်မတော့ ချမ်းသာတော့မှာပဲ ။ မလာရင် ကျွန်မ အင်မတန်ကြီးတဲ့ ဒုက္ခ တွေ့ ရတော့မှာပါ ”
မောင်တင်သည် စကားမပြောဘဲ စဉ်းစားနေ၏ ။ ကိုမောင်တင် ဟိုလူရဲ့ သဏ္ဌာန် အမူအရာ ပြောပုံဆိုပုံ များကို ပြန်၍ ထင်မြင်ကာ “ ရုပ်တော့ မကောင်းတဲ့ ရုပ်မျိုးပဲ ” ဟု တွေးမိလေ၏ ။
ထိုအခိုက်တွင် မိန်းမပျိုက “ ရှင်လည်း မယုံပါဘူး ။ ကျွန်မကို ကယ်ဝံ့မယ့်လူ မဟုတ်ပါဘူး ။ ကျွန်မ အပင်ပန်းခံ ပြောရတာ အလကားပါပဲ ” ဟု ပြောပြီး သွားတော့မည့် ဟန် ပြင်လေရာ မောင်တင်က လက်ကို ကိုင်ဆွဲပြီး “ နေဦးလေ ယုံပါတယ် ။ စဉ်းစားပါရစေဦး ” ဟု ပြောလေ၏ ။
မိန်းမပျိုသည် နူးညံ့ချောပြေသော လက်ကို ပြန်၍ မရုပ်မသိမ်းဘဲ နေရာမှာပြန်၍ ထိုင်လေ၏ ။
မောင်တင်က “ မင်းမှာ ဆွေမျိုးများ မရှိဘူးလား ။ ဆွေမျိုးရှိရင် စာရေး မှာပေးမယ် ။ လာပြီး မင်းကို ကယ်ကြမှာပေါ့ ”
“ ကျွန်မမှာ ဆွေမျိုးမရှိလို့ မဟုတ်ပါဘူး ။ ဆွေမျိုး တွေက ကျွန်မယောက်ျား စကားကို သိပ်ယုံနေကြလို့ ခက်တာပေါ့ ။ ကျွန်မမှာ တစ်ကမ္ဘာလုံး ရန်သူတွေ ဝိုင်းနေတာပါပဲ ။ ဘယ်သူ့ကိုမှ ကျွန်မ အားမကိုးနိုင်အောင် ရှိနေပါကလား ။ ရှင်လို လူတောင်မှ ကျွန်မ ပြောတာကို မယုံဘူး ။ ကျွန်မယောက်ျားကသာ တစ်ခုခု ပြောရင် ရှင် ဧကန်ယုံတော့မှာပဲ ။ အလကားပဲ ။ ကျွန်မကို ကယ်မယ့် လူ မရှိတော့ပါဘူး ထင်ပါရဲ့ ” ဟု ပြောကာ မျက်ရည်များကို သုတ်လေ၏ ။
ထိုအခါ သာလွန်လှပ၍သွားသည်ဟု မောင်တင် မှတ်ထင်လိုက်လေ၏ ။ သို့မှတ်ထင်လိုက်သည်နှင့် တစ်ပြိုင်တည်း မိန်းမပျို၏လက်ကို ကိုင်ကာ “ မငိုနဲ့ ၊ မငိုနဲ့ ။ ကယ်ဆို ကယ်ရတာပေါ့ ။ မင်းကို သူတို့က ရူးတယ် ပြောတာ မဟုတ်ဘူးနော် ။ မင်း တကယ် အကောင်းနော် ”
မိန်းမပျိုသည် အံ့အားသင့်သော မျက်နှာနှင့် မောင်တင်ကို စိုက်ကာကြည့်ပြီး “ အရူးလား အကောင်းလား ဆိုတာ မေးနေရသေးသလားရှင် ။ ကျွန်မ စကားပြောတာ အရူးနဲ့ တူလို့လား ”
“ မင်း ငါ့ကို ဒီကားစုတ်ကြီးထဲခေါ် အထိုင်ခိုင်းပြီး ဘယ်အခါကမှ မသိဖူးတဲ့ လူတစ်ယောက်ကို ဒီအကြောင်းတွေ ပြောတာ စဉ်းစားစရာ တစ်ခုတော့ ဖြစ်နေတာပဲကွယ့် ။ စိတ်လည်း မဆိုးပါနဲ့ ”
“ နေပူလို့ တခြားမှာ အရိပ်မမြင်လို့ ။ ကျွန်မ ပြောချင်တဲ့ အကြောင်းအရာတွေကလည်း အရေးကြီးအားကြီးတော့ ကျွန်မ ဘာကိုမှ မတွေးပါဘူး ။ ကျွန်မ အသက်ဘေး ၊ ကျွန်မ တစ်သက်လုံး ဆင်းရဲချမ်းသာရေးနဲ့ ဆိုင်တဲ့ ကိစ္စတစ်ခုကိုသာ ကျွန်မ ပြောဖို့ သတိရတာပဲ ။ ရက်ကလည်း နီးနေလို့ ။ ရေနစ်တဲ့ လူလို တွယ်မိတွယ်ရာ တွယ်ရတာပါရှင် ။ တော်တယ် မတော်ဘူး ဆိုတဲ့ အကြောင်းတွေကို ကျွန်မ ဘာမှ မစဉ်းစားမိပါဘူး ”
“ ကောင်းပြီ ၊ မင်းပြောတဲ့ စကားအရတော့ မင်းကို ကယ်ရတော့မှာပဲ ။ နောင်တစ်ခုခု ဒီမှာ ဖြစ်ရင်သာ .. ”
“ ဘာဖြစ်ရမှာလဲရှင့် ။ ရှင် ဒီပြုရတဲ့ကျေးဇူး အဘယ်လောက် ကြီးတယ်ဆိုတာ နောင်ခါကျမှ သိမှာပါ ”
“ မင်းယောက်ျားက ဒီလို သူ့မယား သွေးဆောင် ခေါ်မှုနဲ့ တရားစွဲရင် ဘယ်နှယ်လုပ်မလဲ ”
“ ကျွန်မ နက်ဖြန်ခါ သူ့ဆီက လွတ်ရင် သူဟာ ကျွန်မ လက်ခုပ်ထဲက ရေလို ဖြစ်ရမှာပါ ။ ရှင် ဒီအကြောင်းတွေကို မသိတော့ အခက်သားပဲ ။ ကျွန်မကလည်း အခု အနေတော့ အကုန်ပြောမပြနိုင်လို့ ခက်တာပဲ ”
“ နို့ကွယ် အခုလိုဆိုတော့ မင်းမှာ အချောင်ကြီးပဲ ။ သွားချင်ရာ သွားနိုင်သားပဲ ။ မင်းယောက်ျား အဂ္ဂိရတ် ထိုးနေတယ်ဆို ပြေးပါလား ”
“ ဪ ... ခက်ပါဘိတော့တယ်ရှင် ။ ကျွန်မ ဒီလိုချည်း မပြေးနိုင်သေးဘူး ။ ကျွန်မ သူ့ဆီက ရစရာ စာတို စာစကလေးများ ရှိသေးလို့ ဆိုင်းနေရတာပါလို့ ကျွန်မ ပြောပြီးပါပကောရှင့် ။ ပြီးတော့လည်း ရှင့်ကို ပြောမဖြစ်သေးတဲ့ အကြောင်းတစ်ခုကလည်း ရှိနေတယ်လို့ ခုပဲ ကျွန်မပြောတယ် မဟုတ်လားရှင့် ။ ဒီတစ်နေ့ညတော့ ကျွန်မ အကြံမြောက်မယ့်ည ။ မနက်ဖြန်ခါ လွယ်မယ့်ည ဆိုတာ ။ ပိုင်နိုင်လို့ ရှင့်ကို ကျွန်မ ပြောတာပေါ့ရှင် ။ ရှင့်မှာ အင်မတန်မှ ကြီးတဲ့ ကံထမ်းလာတာကြီးကို ရှင် ပယ်ချမလို့ လုပ်တာလား ။ မသိတော့ ခက်တာပဲ ”
မောင်တင်သည် ၎င်း၏ မျက်နှာကို စိုက်ကာကြည့်လျက် စဉ်းစား၍ နေလေ၏ ။ ဒင်း ဘာကို ပြောလိုက်ပါလိမ့်မလဲ ။ ငါ့ကို ရိပ်များ ရိပ်သလား ။ ချိတ်တိတ်တိတ် စကားလား ။
“ ရှင် တလွဲမထင်နဲ့နော် ။ ကျွန်မ စကား မှားသွားတယ် ။ ရှင်လူကောင်းလား ၊ လူဆိုးလား ကျွန်မ မသိဘူး ။ သည့်အတွက် ရှင့်ကို ကျွန်မ ဘာမှ ချိတ်တိတ်တိတ် ရိပ်တိတ်တိတ်လို့ ပြောဖို့ မလိုဘူး ။ ကျွန်မက ဘွင်းဘွင်း ပြောတတ်တယ် ။ ကျွန်မ ဆိုလိုတာက ကျွန်မကို ကယ်သည့် အတွက် ရှင်လာဘ်လာဘ ငွေကြေးလိုလျှင် ကျေးဇူး အမြောက်အမြား အဆပ်ခံရဖို့ ရှိတာကို ကျွန်မ ပြောတာပါ ”
အင်း ... အရူးက တစ်မူးသာပြန်ပဟဲ့ဟု မောင်တင် ၏ စိတ်၌ အောက်မေ့ပြီး အများကြီး အတွေး ခက်လေ၏ ။ သို့သော်လည်း ပြောပုံဆိုပုံတို့နှင့် ၎င်း၏ စကားများ မှာ အမှားဟူ၍ တစ်လုံးမျှ မပါ ။ လွန်စွာမှ အသိဉာဏ် လျင်မြန်ထက်မြက်သူ ဖြစ်ကြောင်း သိရလေ၏ ။ ထိုမျှလောက် အသိဉာဏ် လျင်မြန်ထက်မြက်သူ တစ်ယောက်မှာ ဤလို အခက်အခဲမျိုး ဤလို ဘေးဒုက္ခမျိုးနှင့် အဘယ်နည်းဖြင့် တွေ့ရပါသလဲ ဟူ၍သာ တွေးမိလေ၏ ။ သို့သော်လည်း လောကကြီးဟာ လွန်စွာမှ ဆန်းကြယ်သည် ။ မတွေးမခေါ် မမြော်မမြင်သည့် အရာတွေ အများကြီး ဖြစ်နိုင်သည် ဟူသော အကြောင်းများကို ဆင်ခြင်ပြန်လေ၏ ။ သို့ဆိတ်ငြိမ်စွာ အတန်ငယ် စဉ်းစားပြီး “ ကိုင်း ... နက်ဖြန်ခါ မင်းအသင့်သာ စောင့်ပေရော့ ။ ငါ လာခဲ့မယ် သိလား ။ ကားဟိုဘက်မှာ အခု ရပ်ထားတယ် ။ နက်ဖြန်ခါလည်း အဲဒီနေရာမှာပဲ ရှိမယ် ။ ညနေ လေးနာရီတိတိ လာမယ် ။ ဟုတ်လား စိတ်ချနော် ။ အေး ။ ကိုင်း ... အခု သွားမယ် ။ မင်းယောက်ျား တွေ့နေရင် ခွကျနေဦးမယ် ။ သွားမှပဲ ” ဟု ပြောပြီး ကားဟောင်းကြီးထဲမှ ထွက်လေ၏ ။
မိန်းမပျိုက “ ကောင်းပါပြီရှင် ၊ စိတ်သာချပါ ။ ကျွန်မ အတွက် ရှင့်မှာ ဘာမှ မဖြစ်စေရပါဘူး ။ ဖြစ်ရင် ကျွန်မ အကုန်ခံမယ် ။ ကျွန်မ အသင့်ပြင်ထားမယ်နော် ။ ဘယ်သူမှ အဖော်မခေါ်ခဲ့ပါနဲ့ ။ လူများရင် မသင်္ကာဖြစ်ပြီး မိသွားမှာ စိုးလို့ပါ ” ဟု မိန်းမပျိုက ပြောလေ၏ ။ မောင်တင်သည် အမျိုးမျိုး စဉ်းစားလျက် ထွက်၍လာလေ၏ ။
နက်ဖြန်ခါ မောင်တင် ကားဆိုက်လျှင် ဆိုက်ချင်း မိန်းမပျိုသည် သားရေသေတ္တာကြီး တစ်ခုကို မနိုင့်တနိုင် ဆွဲ၍ ကားရှိရာသို့ ပိစပ်တောထဲမှ ထွက်၍လာလေ၏ ။ ပိစပ်ပင်တွေ ဆံပင်မှာ ငြိသဖြင့် သားရေသေတ္တာကြီးကို မြေပေါ်သို့ ချပြီး ရှင်း၍နေလေ၏ ။
မောင်တင်သည် ကားပေါ်မှ ဆင်းလာပြီး ကူညီကာ ရှင်း၍ပေးပြီး သားရေသေတ္တာကိုယူရာ မိန်းမပျိုက “ သတိထား ဒီအထဲမှာ အဖိုးတန်တွေ ရှိတယ် ။ ကျွန်မ ပြန်ပြီး ယူလိုက်ဦးမယ် ” ဟု ပြောပြီး ကျဉ်းမြောင်းသော လမ်းကလေးဖြင့် ပြန်၍ ပြေးလေ၏ ။
အတန်ကြာလျှင် သာ၍ ကြီးသော သားရေသေတ္တာ တစ်လုံးကို လက်တစ်ဖက်မှာ ဆွဲလျက် ဦးခေါင်းထက်မှာ ဖာကြီးတစ်လုံးကို ရွက်ကာ ပေါ်၍ လာပြန်လေ၏ ။ မောင်တင်သည် ဆီး၍ကြိုယူရင်း “ မင်းယောက်ျား ရှိလား ” ဟု မေး၍ -
မိန်းမပျိုက “ အို .. တယ်ခွကျတဲ့လူကိုး ။ မရှိလို့ အခုလို စိတ်ချလက်ချ သေတ္တာကြီးငယ်နဲ့ ပြေးနိုင်တာပေါ့ ” ဟု ပြောလေ၏ ။
“ မင်း စာတွေ ၊ စက္ကူတွေ ဆိုတာကော ”
“ အားလုံး နေရာကျတယ် ။ ကျွန်မ သေသေချာချာ စီမံပြီးမှ ကြံတာပါ ။ ပြန်လာရင် ဘကြီးသာကြီးတော့ ဒေါသူပုန်ဇာတ်ခင်းတော့မှာပဲ ။ ပြန်ပြီး ချောင်းကြည့် လိုက်ချင်သေးရဲ့ ။ နို့ပေမယ့် သူ့ထိုက်နဲ့ သူ့ကံပေါ့ရှင် မဟုတ်ဘူးလား ” ဟု မောသံနှင့် လျင်မြန်စွာ သွားရင်း ပြောလေ၏ ။
“ သေသေချာချာ လုပ်ပါရှင် ။ ကျွန်မက ဖာပေမယ့် အမြင်သာစုတ် ရွှေထုပ်တဲ့ ဖာပါ ”
“ လေးလှချည့်လား ။ အလယ်မှ ဆင့်ထားတာ ” ဟု မောင်တင်က ပြောလေ၏ ။
“ လေးဆို ရှင်မြင်တော့ သိရောပေါ့ ။ အဖိုးတန် ချည်းပဲ ။ ကျွန်မတို့ ငွေစက္ကူ မသုံးဘူး ။ ငွေသားချည်း သုံးတယ် ။ ညှပ်ပုံလုပ်တယ်လို့လည်း မထင်ပါနဲ့ရှင် ” ဟု ရယ်မောကာ ပြောလေ၏ ။
၎င်း၏ အသွင်မှာ ကြီးစွာသော လွတ်မြောက်ခြင်း နေ့၌ အတိုင်းမသိ ဝမ်းမြောက်ရွှင်မြူးသော သူ၏ ပမာ ကဲ့သို့ လည်းကောင်း ၊ နှောင်အိမ်မှ လွတ်သော ငှက်ကဲ့သို့ လည်းကောင်း ရွှင်ပျ၍ နေလေ၏ ။
ကားထွက်၍ သွားသောအခါ မိန်းမပျိုသည် စကား မပြောဘဲ ဆိတ်ငြိမ်ကာ တွေးတောဆင်ခြင်၍ နေသော လက္ခဏာ ရှိလေ၏ ။ မောင်တင်ကလည်း တစ်စုံတစ်ရာ မေးခြင်းမြန်းခြင်း မပြုတော့ချေ ။ သို့ဆိတ်ငြိမ်ရာတွင် မောင်တင် စိတ်မှာ အတွေးတွေ ပေါ်၍ လာလေ၏ ။
ငါ ဘယ်လိုဟာ လုပ်မိပါလိမ့်မတုံး ၊ သေသေချာချာ စဉ်းစားလိုက်တော့ ငါ သူများမယား ခိုးတဲ့အမှု သင့်နေချေပေါ့တကား ။ သူများမယားကို လင်ကြီး လက်ထဲမှ လင်ငယ်က ကယ်သည်ဟု ထုံးစံ မရှိ ။ ခိုးသည် ဟူသော ထုံးစံတစ်ခုသာ ရှိပေသည် ။ တခြားသူများမှာ ကြာခိုကြရာ၌ ကိုယ်ကျိုးရှိတန်သလောက် ရှိကြ၏ ။ ငါ၌ မူကား ကြာလည်း မခိုရဘဲလျက် သူ့မယား ကားတင်မှု သင့်၍ နေချေပြီတကား ဟူ၍ တွေးတောကာ ထိတ်လန့်စ ပြုလေ၏ ။ နက်ဖြန် ငါ အချုပ်ထောင်ကိုများ ရောက်ဖို့ ရှိလေသလားဟု စဉ်းစား၏ ။
စဉ်းစားနေခိုက်တွင် မိန်းမပျိုက “ အလို ရှင် မြင်ရဲ့လား ” ဟု ရှေ့သို့ ကိုင်းညွတ်ကာ ကြည့်၍ ပြောလေ၏ ။
“ လိုက်လာသလား ” ဟု ပြောပြီး မောင်တင်သည် ကားကို စက်ကုန်လွှတ်မည် အပြုတွင် မိန်းမပျိုက “ မဟုတ်ပါဘူး ။ ရှင့်ကား မီးလောင်နေတာ မမြင်ရဘူး လားရှင့် ”
မောင်တင်သည် သေချာစွာ ကြည့်လေ၏ ။ ဘာကို မျှ မမြင်ရချေ ။ ထိုအခါ ထိတ်လန့်လျက် မိန်းမပျိုကို စောင်းငဲ့ကာ ကြည့်လေ၏ ။
မိန်းမပျိုသည် ကြောက်ရွံ့သော အမူအရာ မျက်လုံးများပြူးစွာနှင့် ကားခေါင်းကို ကြည့်လျက် မီးဟပ်မှာ စိုးသဖြင့် လက်များနှင့် ကွယ်ကာ ပုံအမျိုးမျိုး လုပ်၍ နေသည်ကို မြင်ရလေ၏ ။
“ ဘယ်က မီးလောင်ရမလဲ ။ သတိထားလေ ။ ကိုယ်ကျိုး နည်းပြီ ။ ငါ အရူးမကို အုပ်ထိန်းသူ့ လက်အောက်မှ ခိုးလာမိလျက်သား ဖြစ်နေပါပေါ့လား ကရို့ ” ဟု တွေးကာ ထိတ်လန့်ရင်း ပြောလေ၏ ။
ထိုအတွင်း မိန်းမပျို၏ မျက်နှာမှာ တကယ့် အရူး ရုပ်ပေါ်၍ လာလေ၏ ။ လွန်စွာ ကြောက်ရွံ့ထိတ်လန့်၍ နေပုံ ရှိလေ၏ ။ မီးပူမှာ စိုးသဖြင့် လက်ကားယား ခြေကားယား လုပ်လျက် ။ ကိုယ်ခန္ဓာကို မီးလောင်သည့် အလား တွန့်ကာလိမ်ကာ ၊ ကွေ့ကာ ကောက်ကာ မျက်နှာမှာ မဲ့ကာရွဲ့ကာ လက်များမှာ ယိုးဒယားနှင့် ဒိုးပတ် ၊ စိန်ကတုံး ကြိုးချပ်သလို ဖြစ်၍ နေလေ၏ ။
ကားကို ခပ်နှေးနှေး မောင်းလေ၏ ။ မိန်းမပျိုသည် မိမိ၏ ဝိုင်သားအင်္ကျီ ရင်ဘတ်နားကို ငုံ့ကာကိုက်၍ ဖြဲဆုတ်လေ၏ ။ အမယ်လေးလေး လေးလေးတော့ ။ အမယ်လေးလေးလေးလေးတော့ ဟူ၍ ထပ်ကာ ထပ်ကာ အော်လျက် ထဘီကို မြှောက်တော့မလို ၊ ပင့်တော့မည် လုပ်ရာ မောင်တင်က လက်တစ်ဖက်နှင့် ထဘီနားကို လှမ်း၍ ဆွဲကာချရင်း “ ဟင် ... မလုပ်နဲ့လေ ။ ဟင် ... မလုပ်နဲ့လေ ။ ဟာ .. ဘယ့်နှယ်လဲ ” ဟူ၍သာ ပြောနိုင် လေ၏ ။
မိန်းမပျိုသည် ထဘီကို ပြင်၍ ဝတ်မလို လုပ်ပြီးမှ ဆွဲကန်၍ ဆုတ်တော့မလို လုပ်လေ၏ ။ ထဘီမှာ ကြက်သွေးရောင် ၊ ဂျပန်ဖဲ ပန်းပွင့်အညိုများနှင့် ထိုးထားလေရာ လွန်စွာ လှလေ၏ ။
“ ဟင် … မလုပ်နဲ့လေ ။ အလို ဘယ့်နှယ်ပါလိမ့် ။ အိုး မဖြဲနဲ့လေ ။ ဟင် ... ခွကျကုန်ပါပြီ ” စသည်ဖြင့် ပြောခိုက်တွင် မိန်းမပျိုက “ ရပ် ရပ် ။ ရှင် ရပ်ဆို မရပ်ဘူးလား ။ ရှင် ဘယ့်နှယ်လူလဲ ။ ကျုပ်ကို ဘယ်ခေါ်သွား မလို့လဲ ။ အော်လိုက်ရမလား ” ဟု မျက်နှာထား တည်တည်ကြီးနှင့် မောင်တင်ကို ကြည့်၍ ပြောရုံမက ကားကို မိမိလက်နှင့် ကိုင်ကာ ရပ်လေ၏ ။
ကား ရပ်လျှင်ရပ်ခြင်း ကားပေါ်မှ ဆင်းပြီး လမ်း နံဘေး မြက်ခင်းပေါ်၌ အငြိမ့်မင်းသမီး ကသလို ဝဲပျံလျက် မောင်တင်ကို ပြုံးစနဲ့နဲ့နှင့် ကြည့်ကာ ကြာပစ်ရင်း ဝိုင်းဝိုင်းလည်အောင် က၍ နေလေ၏ ။
မောင်တင်မှာ ခါးထောက်လျက် ရပ်ကာ ၎င်းကို ကြီးစွာသော အံ့သြခြင်းနှင့် ကြည့်၍သာ နေရလေ၏ ။
အင်း .. ငါတော့ ဒုက္ခပဲ ။ လှလှကြီး ဒုက္ခတွေ့တော့ တာပဲ ။ နေ့အချိန်မို့ တော်သေးရဲ့ ။ ညအချိန်ဆိုရင် ဒီလို လုပ်ပုံမျိုးနဲ့ဆိုရင် အများကြီး အများကြီး ခက်ဖို့ပါကလား ကရို့ ။ ဒုက္ခ ဒုက္ခ ။ နှမြောစရာ ကောင်းလိုက်ပါဘိတော့ ။ လှကလည်း လှပါဘိသနဲ့ ။ ဘယ်လို ဝဋ်များ ဆိုက်ရှာပါ လိမ့်ကရို့ စသည်ဖြင့် တွေး၍ နေလေ၏ ။
ထဘီကြက်သွေး အင်္ကျီဝိုင်သားနှင့် ညနေခင်း နေရောင်တွင် ဝင်းနဲ လက်ခနဲ ခြေသလုံးသားကလေးများမှာ ဖွေးခနဲ ဖြစ်အောင် အမျိုးမျိုး ကလေ၏ ။
ထိုအခါ မောင်တင်၏ စိတ်၌ အရူးမဟာ ငါ့ကို တကယ်များ မြှူနေလေရော့သလား ။ ဟိုဘက်ကလည်း တော ။ ဒီဘက်ကလည်း တော ။ ဪ ... ဒုက္ခ ဒုက္ခ ။ ဒီကောင်ဟာ လင်တရူး ထင်ပါ့ကလားကရို့ဟု တွေးရင်း မတ်တတ်ထရာမှ ဆောင့်ကြောင့်ထိုင်ကာ ကြည့်၍ နေလေ၏ ။
ထို့နောက် မိန်းမပျိုသည် ကရာမှ ထိုင်၍ ချပြီး တစ်ဖန် ထဘီကို လှန်ဆုတ်မည့်ဟန်နှင့် အရူးထပြန်လေရာ မောင်တင်မှာ အကြံရခက်၍ နေလေ၏ ။
နေကလည်း နည်း ၊ မိုးချုပ်လျှင် ချောက်ကျတော့ မှာပဲ ။ ငါ ပြန်ပို့ရလျှင် ကောင်းမလား ။ ၎င်းကို ရန်ကုန် အထိ ခေါ်လို့တော့ မလိုက်ဘူး ။ သူ့ယောက်ျားဆီ ပြန်ပို့ ပြီး အကျိုးအကြောင်း ပြောပြတောင်းပန်မှ ဖြစ်မယ် ထင်ပါရဲ့လေ ဟု အောက်မေ့ကာ ချော့မော့ကာ ကားပေါ်သို့ ပြန်ရန် အတက်ခိုင်းလေ၏ ။
မိန်းမပျိုသည်ကား ငြင်းဆန်လျက် နေလေ၏ ။
“ ရှင် ကျွန်မအနား မကပ်နဲ့ ။ ရှင် ဘယ်ကလဲ ။ ဘယ်သူလဲ ။ ကျွန်မ ဒီကို ဘယ့်နှယ်ရောက်တာလဲ ” စသည်ဖြင့် ဒေါသနှင့် ပြောလေ၏ ။
မောင်တင်မှာ ၎င်း၏ စကားများကို ဂရုမစိုက် ။ မိန်းမပျိုကို အတင်းပွေ့ယူကာ ကားပေါ် ပြန်၍ တင်မည် အပြုတွင် ကားတစ်စင်း ၎င်းတို့ ရှိရာသို့ လာသည်ကို မြင်ရလေ၏ ။
မောင်တင်က တော်လှပြီ ၊ ဒီကားတော့ အကူအညီ ရမှာပဲဟု အောက်မေ့ကာ ၎င်းကားကို ဆီး၍ အရပ်ခိုင်း လေ၏ ။
ကားရပ်သောအခါ ၎င်းကားထဲရှိ မိန်းမတစ်ယောက်က အရူးမကို ကြည့်ကာ “ အလိုအလို မခင်ညွန့်ပါ ကလား ။ အို ... ဘယ့်နှယ် ဖြစ်တာလဲ ။ ထနေပြန်ပါမှ ကိုး ။ လာလာ ခင် ” ဟု ပြောရင်း ကားပေါ်မှ ဆင်းပြီး တွဲထူလေ၏ ။ ယောက်ျားပျို တစ်ယောက် ဆင်းလာပြီး မောင်တင်အား “ ခင်ဗျား ဘယ့်နှယ် …. ” ဟု စကားမဆုံးမီ ပထမ ဆင်းလာသော မိန်းမက “ ကိုသိန်းမောင် ၊ ဟိုက အစ်ကိုကြီး အပြစ် မဟုတ်ပါဘူး ထင်ပါတယ် ။ ဟိုက ကူညီရှာတာ ထင်ပါ ရဲ့ ။ လာလာ ခင် ။ သတိထားမှပေါ့ ” ဟု ပြောပြီး မိမိတို့ ကားပေါ်သို့ တွဲ၍ တင်လေ၏ ။
ယောက်ျားပျိုက “ ဘယ်လိုအကြောင်းလဲ ။ သူ့ပစ္စည်းများ ပါသလား နှမတော်ပါ ။ စိတ်မကောင်းဘူး ။ သည့်အတွက် လာတာ ။ ဟိုမှာ မတွေ့ရလို့ ကျွန်တော်တို့ ဒါထက် ဘာများပါသလဲ ”
တင် “ သေတ္တာတွေ ပါတာပဲ ။ ကျုပ် ခေါ်လာတာ မဟုတ်ပါဘူး ။ သူကိုယ်တိုင်က .. ”
ယောက်ျားပျို ( ပြုံးလျက် ) “ ဟုတ်ပါတယ် ။ သိပါတယ် ။ ဒါမျိုး လုပ်တတ်တယ် ။ အရင်ယောက်ျား တစ်ယောက်နဲ့ လိုက်ပြေးပြီး မိဘက အတင်းပြန်သိမ်းထား ။ ယောက်ျားက ဆွဲကြိုးချသေတာနဲ့ စိတ်ဖောက်ပြန်ပြီး သူ့ဘာသာ ခိုးရာလိုက် ဇာတ်တွေကို ခင်းနေတာ ။ မိတ်ဆွေ မသိလို့ သူ့ကို ကယ်တဲ့အနေနဲ့ တင်လာတယ် မဟုတ်လား ”
“ ဟုတ်ပါတယ် ၊ ဟုတ်ပါတယ် ။ ဒီလို အသိခံ ရှိပေလို့ပေါ့ဗျာ ။ ဒီလို သိမထားရင် ကျုပ်အပေါ် တာဝန်ကြီး ဖြစ်နေတော့တာပါပဲ ။ ဟောဒီမှာ သူ့ပစ္စည်းတွေ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ပို့ပါခင်ဗျာ ။ သနားပါတယ် ” ဟု ဝန်လေး ကြီးကျလျက် လျင်မြန်စွာ ပြောလေ၏ ။
မကြာမီ သေတ္တာများနှင့် ဖာကို ကားပြောင်း၍ တင်ပြီးသောအခါ မောင်တင်သည် ၎င်းတို့၏ ကား အတွင်းကို ကြည့်လေလျှင် မိန်းမပျိုမှာ တစ်ဖန် အကောင်းလို ဖြစ်ကာ အဖေ ၊ မိန်းမနှင့် တီးတိုးစကားများ ထက်သန်စွာသော အမူအရာနှင့် ပြောနေသည်ကို မြင်ရလေ၏ ။ မောင်တင်ကို မှတ်မိပုံ မရချေ ။ ၎င်း၏ အဖော်မိန်းမနှင့် ယောက်ျားပျိုက မောင်တင်အား ကျေးဇူးတင် စကား ပြောပြီး နှုတ်ဆက်၍ ကားအထွက်မှာ မောင်တင် သေချာစွာ ကြည့်သောအခါ မှောင်သော ကားထောင့်၌ ဣန္ဒြေရရ ထိုင်၍နေသူ တစ်ယောက်ကို မြင်ရပြန်လေ၏ ။ ထိုလူကား အခြား မဟုတ် ။ မိန်းမပျို၏ လင်ယောက်ျား ကိုမောင် ဆိုသူပင် ဖြစ်သည်ကို သိရလေ၏ ။
ထိုအခါ မောင်တင်မှာ စဉ်းစား၍ မရနိုင်အောင် ဖြစ်၍ နေလေ၏ ။ ကားလည်း ထွက်၍ သွားတော့သတည်း ။ မောင်တင်မှာ မိန်းမောတွေဝေလျက် မိမိ၏ ကားနားမှာ ရပ်ကာ စဉ်းစား၍ နေလေ၏ ။ ထို့နောက် ကားထဲကို ဝင်၍ ထိုင်လေ၏ ။ သို့နေခိုက်တွင် အခြား ကားတစ်စီး ရောက်၍ လာလေ၏ ။
ထိုကားသည် မောင်တင်၏ ကားအနီး၌ လာ၍ ရပ်လေ၏ ။ သို့ရပ်ပြီး လူသုံးယောက် ဆင်း၍ လာကြ ပြီး မောင်တင်၏ ကားနားသို့ ကပ်လာကြပြီးလျှင် -
“ ဒီလမ်းမှာ ကားတစ်စီးသွားတာ မြင်လိုက်ရဲ့ လား ”
“ ခုတင်ကပဲ ထွက်သွားတယ် ”
“ မိန်းမနှစ်ယောက် ၊ ယောက်ျားနှစ်ယောက် ပါတယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ၊ လာတုန်းကတော့ မိန်းမတစ်ယောက် ပဲ ။ ကျွန်တော့်ကားက တစ်ယောက် သူတို့ ကားပေါ် ပြောင်းစီးပြီး ပါသွားတယ် ”
ယောက်ျားသုံးယောက်မှာ တစ်ယောက်ကို တစ်ယောက် အံ့အားသင့်သော မျက်နှာထားနှင့် ကြည့်၍ နေကြ၏ ။
တစ်ယောက်က “ ကိုင်း .. ကျုပ် မပြောဘူးလား ။ မိန်းမ တစ်ယောက်တည်း ပါတယ်ဆိုတာ ”
“ နှစ်ယောက် ပါရမယ် ။ နှစ်ယောက်ပဲ ” ဟု တစ်ယောက်က သေချာစွာ ပြောလေရာ တစ်ယောက်က “ နို့ အခု ပြောနေတာ မကြားဘူးလား ။ ဒီကားနဲ့ တစ်ယောက်က စောစောပါလာနှင့်တာ မဟုတ်ဘူးလားဗျာ ” ဟု မောင်တင်ကို ကြည့်၍ မေးလေ၏ ။ မောင်တင်က “ ဟုတ်ကြောင်း ” ပြောလေရာ ထိုလူက “ သူတို့ကားမှာ ဘာများ မြင်လိုက်ရသလဲ ” ဟု မေးလေ၏ ။
တင် “ သူတို့ကားမှာ ဘာမှမပါဘူး ခင်ဗျာ့ ။ ကျွန်တော့် ကားပေါ်က သေတ္တာနှစ်လုံး ၊ ဖာတစ်လုံးနဲ့ မိန်းမ တစ်ယောက်ကို သူတို့ကားပေါ် ပြောင်းတင်ပေးလိုက်ရ တာပဲ ”
“ ဟင် ... တက်တက်စင် လွဲတာပဲ ။ ဒီပုံတော့ သူတို့ ကားကို တွေ့ရင်လည်း သတင်းနဲ့ မလိုက် ။ ဒီက မိတ်ဆွေ ကားကို တွေ့ရင်လည်း မကိုက်ဘူးပဲ ။ အဲဒါမှ နှစ်ပတ်ရိုက် တာပဲ ။ မိတ်ဆွေက ဘယ်နည်းနဲ့ သူတို့နဲ့ ပတ်သက်သလဲ ” ဟု တစ်ယောက်က မေးလေ၏ ။
မောင်တင်သည် အကျိုးအကြောင်းကို ပြော၍ ပြလေ၏ ။ စကားဆုံးသောအခါ သုံးယောက်သား ရယ်မောကြလေ၏ ။ တစ်ယောက်က “ ဒီလိုဖြင့် ခင်ဗျားလည်း နှစ်ပတ်ထဲ စက်ကွင်း အမိခံရတာပေါ့ ။ သိပ်လည်တဲ့ ကောင်မ နှစ်ကောင်ဗျာ့ ။ တခြား မဟုတ်ပါဘူး ။ ဘိန်းသေတ္တာနဲ့ ဘိန်းဖာ ။ အထက်က ဘယ်လိုချပြီး ဒီနေရာမှာ ခိုနေတယ် မသိဘူး ။ ယနေ့တော့ အုပ်မယ်ဆိုတာ ။ သူတို့ သတင်းရလို့ ပြေးတာပဲ ။ ကိုင်း ... ဒါထက် သွားကြစို့ ။ ဒီတစ်ခါတော့ ရှော်တာပဲ ။ နောက်တစ်ချက်ချက်တော့ အုပ်မိဦးမှာပေါ့လေ ။ “ မုဆိုးစိုင်သင် ” သတဲ့ ။ အခုတော့ မရဘူး ။ လွတ်သွားပြီ ” ဟု ပြောပြီး ကားနှစ်စင်း ရှေ့ဆက်နောက်ဆက် ရန်ကုန်သို့ မောင်းလာခဲ့ကြရာတွင် မောင်တင်သည် ထူးဆန်းသော ဖြစ်ပျက်ပုံကို ဆင်ခြင်ကာ ငါ သည်တစ်ခါ နွားအကျဆုံးပဲဟု တွေးမိလျက် အရူးမကို စိတ်မဆိုးရုံမက နောက်တစ်ကြိမ် တွေ့မှ တွေ့ရပါဦးမလားဟု အောက်မေ့မိလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယ မဂ္ဂဇင်း
အတွဲ ၁၇ ၊ အမှတ် ၅
ဇူလိုင် ၊ ၁၉၃၃
No comments:
Post a Comment