❝ ခြေထောက်များသည် ဘောလုံးကန်ရန် ဖြစ်၏ ❞
( ကိုဆွေ )
ပြီးခဲ့တဲ့ ၂၀၀၉ -၂၀၁၀ ဘောလုံးရာသီ အစဟာ နဝင်းယူနိုက်တက် ဘောလုံးအသင်း အခက်အခဲတွေနဲ့ ကြုံတွေ့ ခဲ့ရတဲ့ အတွက် သိပ်တော့ အဆင်ပြေလှတယ်လို့ မဆိုနိုင်ခဲ့ပါဘူး ။
ထိပ်ဆုံးက ဖြစ်သင့်တဲ့ ကိုယ့်နေရာကို ပြည်မြို့ရဲ့ အရှေ့ပိုင်းဒေသဆီက ဝက်ထီးကန်စီးတီး ဆိုတဲ့အသင်း ဆီမှာ ခဏတာ အပ်ထားလိုက်ရလို့ ဗီလိန် တစ်ယောက်လို မြင်ခဲ့ကြတဲ့ ပရိသတ်ကြီး ဆီကို နည်းပြကြီး ကိုလူလှ သူ့မျက်နှာ မပြဝံ့ခဲ့ပါဘူး ။ သူဟာ ဟယ်ရီပေါ်တာ မဟုတ်တော့လည်း အဲဒီအချိန်က ရပ်တည်နေတဲ့ အမှတ်ပေးဇယားကို ပြောင်းပြန်လှန်ပစ်ဖို့ မတတ်နိုင်ခဲ့ဘူးပေါ့ ။
အဲဒီတုန်းက သူ့ ရဲ့ အနာဂတ်မဲ့ နေ့ရက်တွေကို ရင်ဆိုင်ဖြတ်သန်းဖို့ အခက်အခဲတွေ ရှိနေခဲ့တော့ လက်ဖက်ရည် တစ်ခွက်နဲ့ စိမ်းလန်းနေခဲ့ရတဲ့ သူ့ မနက်ခင်းဟာ ခြောက်သွေ့ ခဲ့ရတယ် ။ ခါးသီးလွန်းခဲ့တဲ့ နေ့ ရက်တွေထဲမှာ သူ့ရဲ့ ကံကြမ္မာကို ဘယ်ဗေဒင်ဆရာမှ သူ့ထက် ပိုသိနိုင်မှာ မဟုတ်ပါဘူး ။
အရေးထဲ ငိုချင်လျက် လက်တို့ ဆိုတာမျိုး ဖြစ်ခဲ့ရသေးတာပေါ့ ။ “ ဘာကို အပြစ်ရှာပုံမှာလဲ ၊ တရားခံ အရင်းဟာ ဘယ်သူလဲ ။ ကိုယ်လေ စဉ်းစား မရနိုင်တိုင်း နံရံကို လက်သီးနဲ့ ထိုးမိတယ် ” ဆိုတဲ့ သီချင်းကို ခေါင်းရင်းအိမ်က နေ့တိုင်း ဖွင့်နေခဲ့လို့ပါ ။
၂၀၀၈ - ၂၀၀၉ ရာသီ ကုန်ခါနီးကာလမှာ နည်းပြမဲ့ပြီး ကစားသမား ကောင်းတွေ လစ်သွားလို့ တန်းဆင်းဇုန်ထဲ ရောက် ၊ အခွံပဲ ကျန်ခဲ့တဲ့ နဝင်းယူနိုက်တက် ဘောလုံးအသင်းကို ကယ်တင်ဖို့ လမင်းထမင်းဆိုင်မှာ ထမင်းချက်လုပ်နေတဲ့သူ့ကို အသင်းပိုင်ရှင်တွေက မရမက အတင်း ခေါ်တာနဲ့ လက်ခုစုတ်ကို ပစ်ချခဲ့ပြီး ပွဲစဉ် ၃ဝ မှာ စတင်ရောက်ရှိခဲ့ပါတယ် ။
ရာသီအစိမ်း မှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် တန်းတင်ကျန်ရစ်ခဲ့ရပြီး ၂၀၀၉ - ၂၀၁၀ ရာသီအသစ်ကို အသရေမချို့တဲ့ ပြည်မြို့က ဘောလုံး စူပါစတားတွေ ဖြစ်လာမယ့် နားလေးဝင်းအောင် ၊ ရှိုက်ကုန်း မျိုးနောင် ၊ အသူရာလှိုင်မင်း ၊ ဖိုးဇော် ၊ လှအောင် ၊ ရာဂျူး တို့အဖွဲ့ နဲ့ ရင်ကော့ပြီး ဆက်လက် ချီတက်ခဲ့ပါတယ် ။
ဒါပေမဲ့ စောစောက ပြောခဲ့သလို အဲဒီရာသီ အစဟာ ခါးသီးမှုတွေ အပြည့်နဲ့ပါ ။ လေးပွဲဆက်တိုက် ရှုံးတယ် ။ နှစ်ပွဲ သရေကျတယ် ။ အဲဒီနှစ်ပွဲမှာ တစ်ပွဲက ရီပတ်ဗလစ် အနောက်ရွာသစ်အသင်းကို သရေကျအောင် နောက်ကနေ မနည်းလိုက်ပြီး ချေပခဲ့ရတဲ့ ပွဲ ။ အဲဒီ ရွာသစ်နဲ့ ပွဲအပြီးမှာ ကိုလူလှတို့ ဆရာတပည့်တွေ ၊ ပျော်ပျော်နေ သေခဲ ဆိုတဲ့ ထုံးကို နှလုံးမူပြီး မဟားတရား အောင်ပွဲခံခဲ့ကြသေးတာပေါ့ ။ ဒါပေမဲ့ ပတ္တမြား မှန်လို့ နွံမနစ်ခဲ့ပါဘူး ။
ပွဲစဉ် ၃၈ ရာသီ အပိုင်းမှာတော့ ဒုတိယ နေရာက ရွာဘဲ အင်တာနေရှင်နယ်အသင်းကို သုံးမှတ်ဖြတ်ပြီး ဆုဖလားကြီးကို အသင်းရဲ့ပြတိုက်ထဲ ထည့်ပေးခဲ့တာ အားလုံး အသိပါ ။ အဲဒီ ချန်ပီယံ လမ်းကြောင်းဆီ သွားခဲ့တဲ့ လမ်းတစ်လျှောက်မှာ ကိုလူလှ အတွက် မမေ့နိုင်စရာ ပြက္ခဒိန်ပေါ်က နေ့ရက်တွေလည်း ရှိခဲ့ပါသေးတယ် ။ အဲဒီအထဲမှာမှ မှတ်မှတ်ရရ နေ့တစ်နေ့ကတော့ ... ။
ဆင်စု FC ဆိုတဲ့ အသင်းကို ပထမအကျော့ ပွဲစဉ် ၈ တုန်းက သူတို့ရဲ့ တောင်ပိုင်းကြယ် ဆိုတဲ့ နာမည်ကျော် ကွင်းကြီးထဲကို ကိုလူလှတို့ အဖွဲ့ ဧည့်သည် အဖြစ်နဲ့ သွားတုန်းကပါ ။ အဲဒီ တောင်ပိုင်းကြယ် ကွင်းကြီးဟာ ကိုလူလှတို့ အဖွဲ့ကို နွေးနွေးထွေးထွေး မဆက်ဆံခဲ့ပါဘူး ။ ဆင်စု ၃ - ဝ နဝင်း ဆိုတဲ့ ရလဒ်နဲ့ အရှက်ကွဲပြီး ကိုယ့်အိတ် ကိုယ်ဆွဲ အိမ်ပြန်ခဲ့ကြရတယ် ။ တစ်ချိန်တည်း ကစားနေတဲ့ ရွာဘဲအသင်း ငရဲကျနေချိန်က ကိုလူလှတို့ အခွင့်အရေး မယူနိုင်ခဲ့ပါဘူး ။ အဲဒီနေ့က နဝင်းရဲ့ အသည်းကျော် ဖိုးဇော် ပွဲပယ်ခံ ထားရတာ ပြောစရာရှိပေမယ့် အဝေးကွင်း ဆိုရင် ယုံကြည်လို့ ပုံအပ်ထားတဲ့ လူတွေကို မျက်နှာလွှဲခဲပစ် လုပ်တတ်တဲ့ သူတို့ရဲ့ အကျင့်က ငယ်ငယ်တုန်းက အမေ့ရင်ခွင်မာ နားဆင်ခဲ့ရတဲ့ သားချော့တေး တစ်ပုဒ်လို မမေ့နိုင်စရာအဖြစ်ပေါ့ ။ အဲဒီပွဲ ရလဒ်က ကိုလူလှ ရဲ့ရင်ထဲမှာ အင်မတန် နာကျင်ခဲ့ရတဲ့ ဆူး တစ်ချောင်း ပါ ။ တောင်ပိုင်းကြယ်ကွင်းထဲမှာ ဟောက်စား လုပ်ခံ လိုက်ရတဲ့ အတွက် ကိုလူလှ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရတာက လူရိုသေ ရှင်ရိုသေ မဲ့ခဲ့ရပြီး ညတွေဟာ အိပ်လို့ မရနိုင်အောင် ရှည်လျားလွန်းနေခဲ့တာပါပဲ ။ မီဒီယာတွေရဲ့ ထိုးနှက်ချက်တွေကြောင့် သူနဲ့ တပည့်တွေရဲ့ ကြားက အရမ်းကို လိုက်ဖက်လှတဲ့ ရေစက်ဟာလည်း ပြတ်လုပြတ်ခင် အခြေအနေ ။
ငါတို့ ဘဝတွေကို လိုရာသုံးတော့ဆိုပြီး ဆင်စု တာရိုးမှာပဲ စတေးလိုက်ရမယ့် အဖြစ် ။ နောက်ပြီး အသင်းမှာ လူနာတွေ အရမ်းများနေလို့ နဝင်းအသင်းဟာ ဆေးရုံနဲ့ တူတယ် ဆိုပြီး ဂျာနယ်လစ်တွေ ဝိုင်းသမ ခဲ့တာက တစ်ဖုံ ၊ ခုအချိန်မှာတော့ နဝင်းယူနိုက်တက် အသင်းဟာ နဝင်းနယ်မြေ တစ်ခွင်လုံးမှာ ဒဏ္ဍာရီထဲက သူရဲကောင်း ဖြစ်နေခဲ့ပါပြီဆိုတဲ့ စာတန်းတွေဟာ အရက်ဆိုင်တွေ ၊ လက်ဖက်ရည်ဆိုင်တွေမှာ အပြည့်ချိတ်ဆွဲ နေကြလေရဲ့ ။ ရာသီအစတုန်းက နဝင်းအသင်းရဲ့ ခြေစွမ်းဟာ တစ်နေ့ ရွှေ ၊ တစ်နေ့ ငွေ ဖြစ်ခဲ့ပေမယ့် အခု ဒါတွေအားလုံးကို ကျော်လွှားနိုင်ဖို့ အခြေအနေပေးခဲ့ပါပြီ ။
ရာသီတစ်ဝက် အကျိုးမှာ ဖြစ်တည်နေတဲ့ နဝင်း ယူနိုက်တက်အသင်းရဲ့ ရလဒ်တွေကို ခင်ဗျားတို့ တစ်ချက်လှည့်ကြည့်လိုက်ပါဦး ။ ပွဲစဉ် ၂၇ မှာ ဟောင်းနွမ်း ဆွေးမြည့်ပြီး ခြံစည်းရိုး အဆင့်လောက်ပဲရှိတဲ့ FC လွှစင် အသင်းကို သူတို့ရဲ့ ချာပရာစီကွင်းမှာ ၅ ဂိုးပြတ်နဲ့ တီးလာခဲ့ပြီး ပွဲစဉ် ၂၈ မှာ ရွာဘဲအသင်းကို အိမ်ကွင်း မှာ ၄ ဂိုးပြတ် ၊ ၂၉ ယူနိုက်တက်ဆံတော် အဝေးကွင်း ၂ ဂိုးပြတ် ၊ ၃၀ ပေါင်းတလည် ရွှေမြေအသင်း အဝေး ကွင်း ၂ ဂိုး - ၁ ဂိုး ၊ ၃၁ ရွှေကူ FC တွမ်တီးအသင်း အိမ်ကွင်း ဂိုးဒါဇင်ဝက် သွင်းပြီး ရာသီအစက ခေါင်းမြီးခြုံ အလေလိုက်နေခဲ့တဲ့ ရမှတ်တွေကို ကိုလူလှ ပြန်လည် သိမ်းပိုက်ခဲ့ပြီးပါပြီ ။ ဘောလုံးအဖွဲ့ချုပ်ရဲ့ Home Away စနစ်အရ ပထမအကျော့တုန်းက တောင်ပိုင်း ကြယ်ကွင်းကြီး ထဲမှာ စိုက်ဝင်ခဲ့တဲ့ ရင်ထဲက ဆူးကို ကိုလူလှ နှုတ်ဆက်ခွင့် ရခဲ့ပါပြီ ။ စောစောက ပြောခဲ့တဲ့ ကိုလူလှအသင်းရဲ့ အခြေအနေလေးတွေကြောင့် လာမယ့်ပွဲစဉ် ၃ဝ မှာ ကိုလူလှကို ခင်ဗျားတို့ ငြင်းပယ်ချင်တယ် ဆိုရင် သဘာဝကျပါ့မလား ။ အားလုံးပဲ စဉ်းစားတတ်ကြတယ်ဆိုရင် White Lady ကွင်းကြီးဟာ ကိုလူလှရဲ့ မဟာအောင်မြေ ဆိုတာ ခင်ဗျားတို့ မြင်ကြမှာပါ ။
တပည့်တွေရဲ့ ဖိအားတွေ လျော့ကျစေဖို့ ပြည် ချောင်းသာကို ၃ ရက် ပို့ပေးပြီးပါပြီ ၊ အဲဒီပွဲစဉ်ရဲ့ ဖွင့်လှစ်မှု ကတော့ နဝင်းအသင်း ၁ ဂိုး အသာနဲ့ နိုင်ခဲ့ ရင်တောင် အပြည့်နီးပါး ဆုံးရှုံးဖို့ ရှိတယ်ဆိုခဲ့ရင် ကိုလူလှ ဘက်က စွန့်စားဖို့ တွေဝေနေကြဦးမှာလား ။ ကိုလူလှ နဲ့ ပရိသတ်ကြီး ပရိသတ်ကြီး နဲ့ ကိုလူလှ ၊ ဟာမိုနီ ဖြစ်ဖို့ ခင်ဗျားတို့ရဲ့ ရင်ထဲမှာ ရှိတဲ့ ဒွိဟတွေကို ခေါက်ထားလိုက်ကြစမ်းပါ ။ ဆင်စုအသင်း အတွက် နဝင်း နယ်မြေဟာ နေသင့်တဲ့ အရပ် မဟုတ်ပါဘူး ။ အဝေးကွင်းတုန်းက ဂိုးပေါက်ပျောက်ခဲ့တဲ့ နားလေး ဝင်းအောင် နဲ့ ဖိုးဇော် တို့ရဲ့ ဖိနပ်တွေလည်း အသစ်လဲ ပြီးပြီ ။ ဒါကြောင့် သူတို့အတွဲ ဂိုးတွေသွင်းခဲ့ကြရင်တော့ ခင်ဗျားတို့ရဲ့ လက်ခုပ်သံတွေ ကျယ်ကျယ်လေး တီးဖို့ မမေ့ကြပါနဲ့ ။
ဒီနေရာ မှာတော့ ကိုလူလှနဲ့ သူ့ တပည့်တွေရဲ့ ကြားက အခေါ်အပြောလေးတွေကို ပြောပါရစေဦး ။ အသင်းကို ကိုလူလှ ရောက်လာစတုန်းက သူ့ရဲ့ ထွားကျိုင်းလှတဲ့ ခန္ဓာကိုယ်ကြီးကြောင့် အားလုံးက ဖိန့်ပြီး အာစရိလို့ လေးလေးစားစား ခေါ်ကြတယ် ။ နည်းနည်း ရင်းနှီးလာတော့ အာစိတဲ့ ။ နောက် ရှုပ်ပါ တယ်ဆိုပြီး စိလို့ တစ်လုံးတည်း ခေါ်ကြတော့တယ် ။
အခုလည်း ကြည့်လိုက်စမ်းပါ ။ နဝင်းအသင်းရဲ့ လေ့ကျင့်ရေးကွင်းထဲမှာပေါ့ ။ ကွင်းလယ်သမား ရှိုက်ကုန်း က ...
“ ကျွန်တော်တို့ ဒီပွဲမှာ One Touch တစ်ချက်ထိ အတိုလေးတွေနဲ့ ကစားရမှာလား ၊ ကန်တင် ပြေးလား ၊ Play Sing ကစားကွက်လေး ပြောထားပါဦး စိရဲ့ ”
ကိုလူလှက အပိုတွေ ထပ်မေးရကောင်းလားဆိုပြီး ဒေါသဖြစ်ဖြစ် ...
“ One Touch ရော ၊ ကန်တင်ပြေးရော ၊ ရောသမ မွှေပြီး ကစားကြပေါ့ ။ လိုအပ်ရင် ဘုရင့်နောင် လိုလုပ်ကြ ၊ ပွဲကြည့်စင် ပေါ်က ပရိသတ်တွေရဲ့ ဟာကွာ ၊ တောက် ... ကျွတ် ဆိုတဲ့ အသံတွေကို ငါ မကြားချင်ဘူး ။ ငါ့စက်ဘီး ကို အပေါင်ဆိုင် ပို့ပြီးပြီ ။ ဒီမှာမြင်လား ငွေ ၊ ဒီပွဲ နိုင်ကိုနိုင်မှ ဖြစ်မှာ ၊ ငါ့ရဲ့ ခိုင်မာပြတ်သားတဲ့ သဘောထားကို ငါ့ ကိုယ်စား မင်းတို့ ပြပေးလိုက်ကြ ၊ ဒီပွဲမှာ ၃ မှတ် အပြည့်ရခဲ့ရင် ဖလားကြီးကို ငါတို့ တစ်ဖက်ကိုင်ပြီး သားပဲ ”
အသူရာ လှိုင်မင်းက “ ဖောင်ဖျက်ဖို့ ပြောတာလား စိ ၊ ဟာကွာ ၊ တောက် .. ကျွတ်က ကြားရတာ ရိုးနေပြီ မဟုတ်လား ”
ကပ္ပတိန် လှအောင်ကြီး ကတော့ ...
“ အဲဒီလို ပြောထားလေ စိရဲ့ ၊ တော်ကြာ မြို့သစ်နဲ့ ပွဲတုန်းကလို ဂိုးမသွင်းဘဲ ဂိုးသမားပါ ဆက်လှည့်နေမိမှာ စိုးလို့ ၊ ခုတလော နားလေးကြီးရော ၊ ဖိုးဇော်ရော အဆင်မပြေဘူးလို့ ကြားတယ် ”
ဖိုးဇော်နဲ့ နားလေးဝင်းအောင်တို့ အတွဲကတော့ အဲဒီဆင်စုနဲ့ပွဲကို မစောင့်နိုင်တော့လောက်အောင် ဖြစ်နေကြပြီဆိုပဲ ။
ကြုံတုန်း နားလေးဝင်းအောင်ရဲ့ အထာကိုလည်း နည်းနည်း ပြောပါရစေဦး ။ ဝင်းအောင်ကြီးရဲ့ ဉာဉ်က အားလုံးနဲ့ တစ်ဘာသာပါ ။ ကလပ်မှာ တစ်နေ့ တစ်ယောက်စီနဲ့ လှည့်ပတ် ရန်ဖြစ်တယ် ။ ဖြစ်စရာ လူကုန်ရင် သူ့ရဲ့ စိနဲ့ ဆက်ဖြစ်တယ် ။ ကွင်းထဲမှာ ဖရီးကစ်ရရင် ရှိုက်ကုန်းမျိုးနောင် ကို ကိုလူလှ က တာဝန် ပေးပြီးသား ။ ဒါကို အတင်းလုကန်တယ် ။ ကွင်းထဲမှာ ပရိသတ်ရဲ့ အသံတွေနဲ့ ရောပြီး ဒိုင်လူကြီးရဲ့ ဝီစီသံကို မကြားဘဲ ကန်ချင်ရာ စွတ်ကန်တော့တာပါပဲ ။ ဒိုင်လူကြီးက အဝါကတ်ပြားပြပြီး သတိပေးတဲ့အခါ အနောက်တိုင်းက ရုပ်ရှင်မင်းသားတွေလို ပခုံးလေး တွန့်ကာတွန့်ကာနဲ့ပေါ့ ။
နောက်ပြီး စိမ်းစိမ်းကျက်ကျက် ၊ လက်တစ်လုံးခြား လှည့်တာ ၊ ပတ်တာလေးတွေ သိပ်ကောင်းဆိုပဲ ။ ကိုလူလှ နဲ့ အသင်းပိုင်ရှင်တွေ နှစ်ခါ ၊ သုံးခါမက ခံလိုက်ရတာတောင် သူ့ကို လက်မလွှတ် နိုင်ကြဘူးတဲ့ ။ ၁၉၈ဝ လောက်က နာမည်ကြီး ရုပ်ရှင် ၊ အကယ်ဒမီ စိန်မြင့် ရဲ့ ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ် ဇာတ်ကားကို နားလေးဝင်းအောင် နဲ့ ခုပြန်ရိုက်ရင် ဝင်ငွေ သောက်သောက်လဲ ရမယ်လို့ ရပ်ကွက်ထဲက သူ့ ပရိသတ်တွေက ပြောနေကြလေရဲ့ ။
ကိုလူလှ က ဆက်ပြီး “ နောက်ရာသီ အတွက် မပူကြနဲ့တော့ ၊ ယူနီဖောင်း စပွန်ဆာ ရပြီကွ ။ ပွင့်သစ်နွယ် လက်ဖက်ရည်ဆိုင်ပိုင်ရှင်လေ ။ ဆရာကြီး ဆိုလား ၊ ကိုဘာဘူ ဆိုလားကွာ ”
ကပ္ပတိန် လှအောင်ကြီးက “ ကိုသက်ဝင်း ပါဗျာ ၊ သူက ပေးမယ် ဟုတ်လား ၊ အင်္ကျီမှာ လက်ဖက်ရည်ခွက် ပါမှာပေါ့ ”
ရှိုက်ကုန်းမျိုးနောင်က “ ဟို ... ငါးခူ နှုတ်ခမ်းမွေးနဲ့ နှာခေါင်းကြီးကြီးလူ မဟုတ်လား ”
လှအောင်က “ အေးလေ ၊ ပုဆိုးဖိုး မတတ်နိုင်လို့ မည်းညစ်ညစ် ဘောင်းဘီ နှစ်ထည်ကို ဆယ့်နှစ်ရာသီ လှည့်ပတ် ဝတ်နေတဲ့ လူပေါ့ ”
ရာဂျူးက “ ဟုတ်တယ်ဗျ ၊ အဲဒီ လူပဲ ၊ သူ့အိမ်မှာ သနပ်ခါးကို သူ့ မိန်းမ မလိမ်းရဘူး ။ သူပဲ လိမ်းတယ် ၊ သူ့ မျက်နှာကို နှီးစနဲ့ ခြစ်ချလို့တောင်ရတယ် ”
“ အဲဒါ ကိုဘာဘူပါ ၊ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်လေ စိရဲ့ ”
ဒီလိုနဲ့ ပွဲစဉ် ၃၂ အတွက် မျှော်လင့်ခဲ့ရတဲ့ စူပါဆန်းဒေးကို ရောက်ခဲ့ပါပြီ ။ အခုတစ်ပတ်ရဲ့ နောက် ဆုံးပွဲစဉ်ဖြစ်တဲ့ နဝင်း VS ဆင်စု ပွဲစဉ်ပါ ။ ပွဲကစားချိန်က တနင်္ဂနွေရဲ့ ညနေ ၄ နာရီ ဖြစ်ပေမယ့် အားလပ်ရက် ဖြစ်တာကြောင့် လူတန်းစားမျိုးစုံနဲ့ ဧည့်သည် အဖြစ် လိုက်ပါခဲ့ကြတဲ့ ဆင်စု တောင်ပိုင်းကြယ် ပရိသတ်တွေပါ ။ နေ့ခင်း ၂ နာရီ ကတည်းက ကိုလူလှ ရဲ့ White Lady ကွင်းကြီးထဲမှာ ပြည့်နေခဲ့ပါပြီ ။ White Lady ကွင်းကြီးရဲ့ မာယာထောင်ချောက်ထဲကို ရောက်လာတဲ့ သားကောင် မှန်သမျှ ကိုလူလှ မျက်နှာသာ ပေးရိုးထုံးစံ မရှိပါဘူး ။ ဒါကြောင့် အဝတ်အစား လဲတဲ့ အခန်းထဲမှာ မာမာချာချာ ရှိအောင် ဆိုပြီး သူ့ မိန်းမ မအရှာဘီ စီရင် ပေးလိုက်တဲ့ တမာခက်တွေနဲ့ တစ်ယောက် တစ်ချက်ဆီ လျှောက် ရိုက်နေလေရဲ့ ။ Keyplayer ဖြစ်တဲ့ ရှိုက်ကုန်းမျိုးနောင် နဲ့ အသူရာ လှိုင်မင်း ကိုတော့ တမာရိုးရင့်ရင့်ကို လက်တစ်ဆစ်စီ ဖြတ်ပြီး အထူးစီမံထားတဲ့ အပ်ချည်ကြိုးနဲ့ သူတို့ လည်ပင်းမှာ တစ်ကုံးစီ ဆွဲပေးလိုက်တယ် ။
အားလုံးရဲ့ အကြည့်တွေက ကိုလူလှ ဆီမှာပါ ။ အဓိပ္ပာယ် ကတော့ “ တတ်နိုင်ပါပေ့ စိရယ် ” တဲ့ ။ ပွဲစဖို့ မိနစ် အနည်းငယ်သာ လိုတဲ့ အချိန်မှာတော့ တောင်ပိုင်းကြယ် ရဲ့ ပရိသတ်တွေနဲ့ နဝင်း ပရိသတ်တွေဟာ ဘယ် တိုက်စစ်မှူးက ပိုစွမ်းသလဲ ဆိုပြီး တစ်ယောက် တစ်ပြန် မေးခွန်းထုတ်နေလေရဲ့ ။
ပွဲစလို့ ၁၅ မိနစ် အရောက်မှာ ရှိုက်ကုန်းဟာ ဆင်စုဂိုးသမားနဲ့ တစ်ယောက်ချင်း တွေ့တဲ့ အခါမှာတော့ ဂိုးဘားတန်းကျော်အောင် မတရား ကျုံးကန် ပစ်ပါတော့တယ် ။ မကန်ခင် အချိန်လေးမှာတော့ အဲဒီဂိုးဝင်ရင် အောင်ပွဲခံဖို့ ၊ ဟန်ရေးပြနေတဲ့ ကွင်းဘေးက နည်းပြကြီး ကိုလူလှ ဟာ ဂိုးဘားတန်းလည်း ကျော်သွားရော သူ့ ခေါင်းသူ လက်နှစ်ဖက်နှင့် ကိုင်ပြီး “ သွားပါပြီကွာ ” ဆိုရင်း တွန့်လိမ်ကောက်ကွေးသွားလေရဲ့ ။ ကွင်းထဲမှာတော့ ရှိုက်ကုန်းက ကစားဖော်တွေကို “ ငါ သူ့ရဲ့ အဲဒီပုံကို မြင်ချင်လို့ တမင်လုပ်လိုက်တာ ” တဲ့ ။
ဒါပေမဲ့ ပထမပိုင်း ပြီးခါနီး ၄၂ မိနစ်လောက် မှာတော့ ရှိုက်ကုန်းက အဲဒီရာသီရဲ့ ဂိုးသွင်းဘုရင် ဖြစ်မယ့် ဖိုးဇော်အတွက် ဆင်စုရဲ့ နောက်ခံလူတွေကို ဖြတ်ကျော်ပြီး အဖွင့်ဂိုး ဖန်တီးပေးနိုင်ခဲ့တယ် ။ ဒုတိယပိုင်း ၇၅ မိနစ်မှာလည်း ရှိုက်ကုန်းက နားလေး ဝင်းအောင်အတွက် တစ်ဂိုး ထပ် ဖန်တီးပေးပြီး မိနစ် ၉ဝ တိတိမှာတော့ သူကိုယ်တိုင် တစ်ကိုယ်တော်အစွမ်းနဲ့ တောင်ပိုင်းကြယ်ရဲ့ နောက်တန်းသုံးလေးယောက်ကို ဖြတ်ကျော်ပြီး ပွဲသိမ်းဂိုး သွင်းပေးခဲ့တယ် ။ အဲဒီပွဲရဲ့ မိနစ် ၉၀ ရလဒ်ဟာ နဝင်း ၃ - ၀ ဆင်စုပါ ။
White Lady ကွင်းကြီး ထဲမှာတော့ နဝင်းရဲ့ ကွင်းလယ်သမား ရှိုက်ကုန်းဟာ ဆယ်စုနှစ်ရဲ့ ကွင်းလယ်သမား အဖြစ် အကောင်းဆုံး မော်ကွန်းရေးထိုးနိုင်ခဲ့တယ် ။ အသင်းဖော်တွေ ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးမှုနှစ်ကြိမ်နဲ့ သူကိုယ်တိုင် တစ်ဂိုး သွင်းပေးခဲ့နိုင်တာကြောင့် ဘောလုံးအဖွဲ့ချုပ်က ချီးမြှင့်တဲ့ တစ်လတာရဲ့ အကောင်းဆုံး မန်နေဂျာဆုနဲ့ ကစားသမားဆုကို ပွဲအပြီး မှာ ရှိုက်ကုန်းနဲ့ သူ့ရဲ့ စိတို့ လက်ခံယူခဲ့ပါတယ် ။
White Lady ကွင်းကြီးထဲမှာ နဝင်းဟာ ဂိုးပြတ်ခြေပြတ်နဲ့ အနိုင်ယူခဲ့ပြီးနောက် ရာသီ အစတုန်းက ချိုးချိုးဖဲ့ဖဲ့ ရေးခဲ့ကြတဲ့ မီဒီယာတွေနဲ့ ဂျာနယ်လစ်တွေ အကြားမှာ ရေပန်း အစားဆုံးဟာ နဝင်းယူနိုက်တက် အသင်းပဲပေါ့ ။
အာရှအကြိုက် မီဒီယာတွေ ကတော့ နဝင်းယူနိုက်တက် ချန်ပီယံဖြစ်ပြီလားဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တွေ လုပ်ကြတယ်ဆိုပဲ ။ နောက်ပွဲစဉ်တွေ အတွက်တော့ ပရိသတ်ကြီး နဝင်းအသင်း နဲ့ ပန်းခင်းလမ်းကို အတူတူ လျှောက်ကြဖို့ လက်မှတ်ခတွေ မိုးပေါ်မှာ ဖြစ်နေပါလိမ့်မယ် ။
သူတို့ အတွက်တော့ ဒါက သိပ်အဓိက မကျလောက်ဘူး ထင်ပါရဲ့ ။ တစ်ပွဲပြီး တစ်ပွဲ ပျော်ခွင့်ရရင် ကျေနပ်ကြမှာပါ ။ လာမယ့် စနေနေ့ရဲ့ ပထမဆုံးပွဲစဉ် ဖြစ်တဲ့ နဝဒေး နဲ့ ပွဲကျရင်သာ နဝင်း ၅ - ဝ လို့ ကြားရင် ကိုလူလှ ကြိုက်တဲ့ စဗျစ်ဝိုင်တွေ တစ်လုံးပြီး တစ်လုံး ရောက်လာမှာ သေချာတာပေါ့ ။
Play Star သတင်းဌာနက စကတ်တိုတိုနဲ့ သတင်းထောက်မလေးတွေ လာဗျူးတော့ ...
“ နည်းပြကြီး ကိုလူရှင့် ၊ ဒီပွဲရဲ့ အမြင်လေးကို ( ပေါ့နော် ) ရှင်းပြပေးပါဦး ။ အသင်းသားတွေရဲ့ စိတ်ဓာတ်ကိုရော ( ပေါ့နော် ) ဘယ်လိုများ မြှင့်တင်ပေး ထားပါသလဲ ။ နောက်ပြီး ဦးလူ အနေနဲ့ ဘယ်လိုများ အောင်ပွဲခံမလဲဆိုတာကို ( ပေါ့နော် ) လာမယ့် နဝဒေး နဲ့ပွဲ အကြောင်း ကိုလည်း ( ပေါ့နော် ) ရှင်းပြပေးပါဦး ရှင့် ”
ဘယ်သူ စ လိုက်မှန်း မသိတဲ့ အဲဒီ ဘာအဓိပ္ပာယ်မှ မရှိတဲ့ ၊ ဘာမှန်းမသိတဲ့ ( ပေါ့နော် ) ဆိုတာကြီးက မြန်မာ တစ်ပြည်လုံး အင်တာဗျူးမမတွေရဲ့ပါးစပ်ဖျားမှာ နေရာယူထားလေရဲ့ ။
ကိုလူလှက စကတ်တိုတိုလေးတွေကို ခေါ်တောကြည့် ကြည့်ပြီး ...
“ အင်း ... အဲ ... ဟို .. ဟိုလေ ၊ ကျွန်တော် နည်းပြခုံတန်းမှာပဲ အောင်ပွဲခံမှာပါ ။ တခြားမှာ အောင်ပွဲခံမှာ မဟုတ်ပါဘူး ။ ဒီနေ့ ကျွန်တော့် ချာတိတ်တွေရဲ့ စွမ်းဆောင်ရည်တွေကို သဘောကျပါတယ် ။ ကျွန်တော်တို့ တစ်သင်းလုံးရဲ့ အကောင်းဆုံး ပုံစံကို ဒီနေ့မှာ ပြခဲ့ပြီးပါပြီ ။ ဒါပေမဲ့ ပြိုင်ပွဲပြီးဖို့ ၅ ပွဲလောက် လိုပါသေး တယ် ။ ကျွန်တော် ထင်ပါတယ် ။ ကျွန်တော်တို့ဟာ ပြိုင်ဘက်အားလုံးကို ခေါက်ထားနိုင်လိုက်ပြီဆိုတာကို ပေါ့ ၊ သမီးတို့ နွားနို့ကျိုဖူးကြမှာပါ ။ အချိန်တန်ရင် မလိုင်ဘဲ အပေါ်တက်လာတာ မြင်ဖူးကြမှာပေါ့ ။ အင်း ... နောက်ပွဲက နဝဒေး နဲ့ပါ ။ အဲဒီ အသင်းက တောင့်တင်းတဲ့ အသင်း ဖြစ်ပြီး ကစားရ ခက်တဲ့ အသင်းကောင်း တစ်သင်းပါ ။ ဟုတ်ကဲ့ .. ကျေးဇူးတင်ပါတယ် ”
ကံဇာတ်ဆရာ ပစ်ချခဲ့တဲ့ အတိုင်း နည်းပြဘဝနဲ့ ယောင်လည်လည် ဖြစ်နေရပေမယ့် သူ တကယ် ဖြစ်ချင် တာက စရိတ်ငြိမ်းရတဲ့ ထမင်းဆိုင်မှာ ထမင်းချက် လုပ် ချင်တဲ့ လူပါတဲ့ ။ ရှိုက်ကုန်းမျိုးနောင် ကတော့ ..
“ ကျွန်တော်တို့က စိ ခိုင်းတဲ့ အတိုင်း လုပ်ပေးရုံပါပဲ ။ အထွေအထူး မဟုတ်ပါဘူး ။ ဒါပေမဲ့ စိ ထက် ပိုပြီး လေးစားထိုက်တဲ့ တစ်ယောက် ရှိပါသေးတယ် ။ သူ ကတော့ မအရှာဘီပါ ။ ဆရာကတော်ရဲ့ အစီအမံတွေကြောင့် အခုလို အောင်ပွဲ ဆင်နိုင်ခဲ့တာပါ ။ ဒါကြောင့် သူတို့ လင်မယားကို ဒီနေရာကနေ “ ဂါ ” လိုက်ပါတယ် ။ ဗျာ ၊ ဪ ... ဟုတ်ကဲ့ ၊ စိလား ၊ သူ့မိန်းမနဲ့ သ,တ်မလာတဲ့ နေ့ဆို ကွင်းထဲမှာ O.K ပါ ”
ကိုလူလှက အားလုံးကို အိမ်ပြန်ခွင့် ၂ ရက် ပေးလိုက်တာကြောင့် အားလုံးပျော်ရွှင်စွာ အိမ်ပြန်သွားကြပေမယ့် White Lady ကွင်းကြီးရဲ့ မြက်ခင်းစိမ်းတွေကို တစ်လှမ်းချင်း နင်းပြီး မပျော်ရွှင်နိုင်သူက ကိုလူလှ ပါ ။
ဘာကြောင့်လဲ ဆိုတော့ အဲဒီနေ့ပွဲစဉ်ကို လာရောက် ကြည့်ရှုတဲ့ ပရိသတ်ထဲမှာ သူ့ ရင်ထဲ တစ်ချိန်တုန်းက တက္ကသိုလ် ဖြစ်ခဲ့ရတဲ့ “ ချို ” ဆိုတဲ့ မိန်းမလှလေးနဲ့ တစ်ထပ်တည်း တူတဲ့ မိန်းကလေး တစ်ယောက်ကို အထူးတန်း ပွဲကြည့်စင်ပေါ်မှာ တွေ့ လိုက်ရလို့ပေါ့ ။
ချို နဲ့ နှစ်ပေါင်းများစွာ ဝေးကွာသွားခဲ့ပေမယ့် မှတ်မိ နေဆဲပါ ချို ။ အဲဒီ ကလေးမလေးက ရုပ်ရှင်ထဲကလို ချို ရဲ့ သမီးလေးများ ဖြစ်နေမလား ။ ဆံပင်နီကြောင်ကြောင် ချာတိတ်ကလေးနဲ့ နှစ်ကိုယ်ယှဉ်တွဲပြီး သူကိုင်တွယ်နေတဲ့ နဝင်းယူနိုက်တက်အသင်းကို အားပေးနေတဲ့ ကလေးမပေါ့ ။
တူမှ တူတတ်ပလေတယ် ။ ဤ သည် မရွေးပါပဲ ချို ၊ ချွတ်ပြီး စွပ်ထားတဲ့ အတိုင်းပါပဲ ။ တီဗီဖန်သားပြင်မှာ အတိတ်ရဲ့ပုံရိပ်တွေ တစ်ကွက်ပြီး တစ်ကွက် ပေါ်လာခဲ့ပြီ ချို ၊ လှလိုက်တဲ့ ချို ။ ဟို ... သီချင်းထဲကလို စတော်ဘယ်ရီရောင် နှုတ်ခမ်းပိုင်ရှင်မလေး ချို ။
အဲဒီ မိန်းမလှလေးကို ၁၉၈၁ အထက်တန်းကျောင်းသားဘဝမှာ စတွေ့ ခဲ့ရတယ် ။ ချို့ အကြောင်းကို သူငယ်ချင်းတွေဆီ စုံစမ်းကြည့်တော့ ချို့ဆီက တုံ့ပြန်မယ့် မေတ္တာကို စောင့်မျှော်နေတဲ့ ငနဲတွေက အများသား ။ ဒီတော့ ကိုလူလှ အပူကျလို့ စဉ်းစားရပြီ ။ သိပြီ အရပ်ထဲက မြာပွေတဲ့ ငနဲကြီး တစ်ယောက် ပြောထားတဲ့ စကားရှိတယ် ဘာတဲ့ ။
“ ဖူးစာ မဟုတ်ဘူး ၊ ဦးရာကွ ဦးရာ ။ လက်ရဲဇက်ရဲ သောက်ရှက် နည်းရတယ် မှတ်ထား ”
ရပ်ကွက်ထဲက ဂစ်တာ တီးတတ်တဲ့ သူငယ်ချင်းကို လက်ဖက်ရည်တိုက်ပြီး ပလေးဘွိုင်းသန်းနိုင်ရဲ့ နေနဲ့လ အရှေ့နဲ့ အနောက်ဆိုတဲ့ သီချင်းကို ချိုတို့ အိမ်ရှေ့မှာ ညတိုင်း သွားသွား ဆိုရတာ အမော ။
“ ချစ်တဲ့ စကားပြောဖို့က မလွယ် ။ ရင်ထဲမှာ အသည်းနှလုံး ရှိတယ် ၊ ချစ်တယ် ချိုတယ် ၊ နေရာတိုင်းမှာ အရှုံးကို ရင်ဆိုင် ”
ကြိမ်ဖန်များစွာ နေပူမရှောင် မိုးရွာမရှောင် ကြိုးစားခဲ့တော့ ဆောင်းရဲ့ သင်္ကေတ တစ်ခု ဖြစ်တဲ့ နှင်းတွေ ဝေနေကာလမှာ ချို့ဆီက မီးစိမ်းပြခဲ့တယ် ။ ညတိုင်း ဂစ်တာဝိုင်းလေးနဲ့ ဖြေဖျော်ရင်း လှေကားထောင်ပြီး ချို အိပ်တဲ့ အခန်းဝမှာ ချစ်စကားလေးတွေ ခွန်းဖွဲ့သီခဲ့ကြတယ် ။
“ မောင့် ရင်ဘတ်ကြီးနဲ့ ဆုံးဖြတ်ပြီးမှ ပြောတာပါ ချို ၊ တို့ လစ်ရအောင် ”
“ ဟင် ... ကိုလှ ကလည်း ၁ဝ တန်းတောင် မအောင်သေးဘဲနဲ့ စာကြိုးစားနော် ၊ လိမ္မာတယ် သိလား ”
သံဆန်ခါကွက် ကြားလေးထဲ လက်လျှိုပြီး အေးနေတဲ့ ချို့ လက်ဖျားလေးတွေ လှမ်းကိုင်ရင်း “ ချို့ အတွက် မောင်လေ ချစ်တာတွေ စာစီကုံးထားတာ ”
“ ယုံပါဘူး သွား ”
အောက်က သူငယ်ချင်းတွေရဲ့ ဂစ်တာဝိုင်း ကလည်း ...
“ လေဟုန်ကိုဆန် အဝေးဆုံးကိုပျံ ၊ တောင်တွေကို ကျော်လွန်ကာ ပင်လယ်ဖြတ်လို့ မိုးကောင်းကင်ယံ ၊ အချစ်လေး မယုံဘူးလား ၊ ကိုယ်ချစ်တာ မင်းပဲ ”
မျှော်လင့်ခဲ့ရတဲ့ ၁၀ တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့လို့ ရန်ကုန် လှိုင်တက္ကသိုလ်မှာ ပညာတော်သင် သွားတဲ့ အချိန်မှာ လူလှ ဘဝအတွက် ကံကြမ္မာဟာ ထရန်စဖာနဲ့ ဝင်ရောက်ခဲ့ပါတော့တယ် ။ ကြားရတဲ့ သတင်း ကတော့ ရပ်ကွက် ထဲက ငနဲတစ်ယောက် မစားရတဲ့အမဲ သဲနဲ့ပက် ဆိုသလို သူ့ အဖေ လူ့ဂွစာကြီးဆီကို “ ဦးသမီးဟာ ဘာမဟုတ်တဲ့ လူလှနဲ့ ကြိုက်နေတယ် ” လို့ သံတော်ဦး တင်ခဲ့ပြီး ကိုလူလှ ညတိုင်း ချို့ ပြတင်းဝ တက်တဲ့ လှေကားပါပြလေတော့ ချို့ အဖေ လူ့ဂွစာကြီးက လှေကားကို တစ်စစီ ခုတ်ထစ်ပြီး မီးရှို့ပစ်ခဲ့လေရဲ့ ။
နောက်တော့ သိပ်မကြာဘူး ။ အထက်အညာက ငွေရှာ ကောင်းတယ် ဆိုတဲ့ သပိတ်ရောင် ထနေတဲ့ ထန်း လျက်ကုန်သည် ငနဲ တစ်ယောက်နဲ့ စုလျားရစ်ပတ်ပေးခဲ့တယ် ။ တစ်ချက်ကလေး တောင် မငြင်းခဲ့ဘူးလား ချို ၊ ရက်စက်ခဲ့တဲ့ ချို ၊ သမီးအလိမ္မာလေး ချို ။
လူလှ ရင်ထဲက နှလုံးသားကို အညာက ထန်းလျက်ခဲ လောက်တောင် တန်ဖိုးမထားခဲ့တာလား ။ ခုခေတ် စကားနဲ့ ပြောရင် ရင်နာတယ် ဧပရယ်ပေါ့ ချို ရယ် ။ အဲဒီ စိတ်တွေကြောင့် ဒုတိယနှစ် ဗုန်းဗုန်း ကျခဲ့ရတယ် ။ တစ်လုံးမှ မဖြေနိုင်ဘဲ ဆရာ ၊ ဆရာမဆီ အဖြေလွှာတွေ ပလိန်းကြီး ထိုးအပ်ခဲ့တယ် ။ ခပ်ဝေးဝေးက သီချင်းသံ ကြားရတယ် ချို ။ “ ကိုယ်ခန္ဓာကြွေမှာကို စိုး ၊ နင်းထားတဲ့ကြမ်းပြင် ကျွံသွားမလား ၊ ရင်ခုန်သံကို တိုးတိုးမေးကြည့် .. ငါ့ရဲ့ အချစ် ဘယ်မှာလဲ ”
မင်း ခဏဝင်ပြီး မှေးစက်ခဲ့တဲ့ လူလှ ရင်ခွင်ဟာ ခုထိ ပူနွေးနေတုန်းပါပဲ ချိုရယ် ။ အသေပိတ် ထားတဲ့ ချို့ရဲ့ ပြတင်းပေါက်လေးဟာ ခုတော့ ဝေဒနာပြတင်းပေါက်လေးပေါ့ ချို ။ ဒါပေမဲ့ လူလှဟာ အညတရ မဟုတ်ခဲ့ပါဘူး ။ မိန်းမအတွက်နဲ့ အရက် မသောက်ခဲ့ဘူး ။ ၁၉၈၆ မှာတော့ ပညာရေးဌာနက ပေးအပ်ချီးမြှင့် တဲ့ Law ( ဥပဒေ ) ဘွဲ့ကို ရခဲ့တယ် ။ ပြည်ပြန်ရောက်တော့ ဓာတ်ပုံနဲ့ ပို့စကတ် ၊ စွယ်တော်ရွက်လေးတွေ ၊ အားလုံး ကိုလူလှ ရင်နာနာနဲ့ ပြည်မြို့ရဲ့ နာမည်ကြီး လူစားတဲ့ ဧရာဝတီရဲ့ ကျောင်းကြီး ဝဲထဲမှာ သင်္ဂြိုဟ်လိုက်ပါပြီ ။
လူလှ အသည်းက အရမ်း ပါးလျလွန်းတော့ နောက်တစ်ကြိမ် ဒီဇာတ်လမ်းမျိုး ထပ်ဖြစ်ရင် ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး ။ ဒါကြောင့် ဘဝ တစ်သက်တာမှာ ပထမ အသည်းကွဲဇာတ်လမ်းနဲ့ပဲ အဆုံးသတ်လိုက်ပါရစေ ချို ။
“ အတွေးလေးထဲ ပြန်စဉ်းစားလိုက်တော့ ဒီ ဆေးပြယ်လွင့် ပန်းချီကားလေးဟာ အသစ်ပြန်ဖြစ် ၊ အရောင်တွေလင်းပြီးတော့ လက်လာ ၊ ငါလေ ပြေးထွက် မရ ၊ လိုက်ခဲ့တဲ့ အတိတ်ဘဝက အချစ်ရဲ့တစ္ဆေ ဇွတ် ရင်ခွင်မှာ နင်းချေ သူထားခဲ့သလား ” ဒီလောက် ရင်နာ စရာကောင်းတဲ့ ဇာတ်လမ်းမျိုး နောင်တစ်ခေတ်ရဲ့ ချာတိတ်တွေ မကြုံကြပါစေနဲ့ ။
နောက်တော့ ... နောက်တော့ ... သူ့ကို တစ်ဖက်သတ် ကြိုက်နေတဲ့ မဂိုမလေးနဲ့ လက်ထပ်ခဲ့တယ် ။ အဲဒီ မဂိုမလေးကတော့ ကပ္ပတိန်လှအောင် ၊ ရာဂျူး ၊ ဖိုးဇော် ၊ နားလေးဝင်းအောင် ၊ အသူရာလှိုင်မင်း ၊ ရှိုက်ကုန်း မျိုးနောင် စတဲ့ နဝင်းယူနိုက်တက် အသင်းသားတွေရဲ့ ဆရာကတော် ဖြစ်လာတဲ့ လမင်းထမင်းဆိုင်ပိုင်ရှင် မအရှာဘီပဲပေါ့ ။ အဲဒီမှာ ကိုလူလှဟာ ရှေ့နေ မလုပ်ဖြစ်တော့ဘဲ မအရှာဘီရဲ့ နောက်နေ ၊ မီးဖိုချောင်ထဲ ချွေးတစ် လုံးလုံးနဲ့ ထမင်းဟင်း ချက်နေတုန်း ။ နဝင်းယူနိုက်တက် ပိုင်ရှင်တွေ အတင်း လာခေါ်တာနဲ့ ၂၀၀၈ - ၂၀၀၉ ရာသီ ပွဲစဉ် ၃ဝ မှာ အသင်းကို ရောက်ခဲ့ရပါတော့တယ် ။
ဘောလုံးရာသီ အစတုန်းက သူတို့ ဆရာတပည့်တွေ ၊ လောကကြီးရဲ့ အနံ့အသက်ကို မခံချင်လောက်အောင် ဖြစ်ခဲ့ကြပေမယ့် ရာသီအသိမ်း ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရတဲ့ အချိန်မှာတော့ နဝင်း ယူနိုက်တက် အသင်းကို ချစ်တဲ့ ပရိသတ်တွေအတွက်ရော ထာဝရ တည်တံ့နေတဲ့ ကောင်းကင်ကြီး အတွက်ပါ ပျော်ရွှင်ခြင်းတွေကို ခံစားခိုင်းခဲ့ပြီးပါပြီ ။
အရာရာကတော့ မမြဲခြင်းတွေနဲ့ လွင့်မျောနေကြတုန်းပါပဲ ။ အခါခပ်သိမ်း လောဘမီး မငြိမ်းနိုင်သူတွေ အတွက်ကလည်း ပူဆွေးစရာတွေ အပြည့် ဖြစ်နေပါလိမ့်မယ် ။
နဝင်းယူနိုက်တက်အသင်းအတွက် ကမ္ဘာက ပြားပြီး ဘောလုံးက လုံးနေဦးမယ် ဆိုရင်တော့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်နေရဦးမှာပါပဲ ။ ။
⎕ ကိုဆွေ
📖ပေဖူးလွှာ မဂ္ဂဇင်း
၂၀၁၂ ၊ ဇူလိုင်လ
No comments:
Post a Comment