Wednesday, June 10, 2026

ဂိတ်စကုတ်

❝ ဂိတ်စကုတ် ❞
  ( ပီမိုးနင်း )

“ အလုပ် ဘယ်လောက်များများ ဒီကနေ့တော့ ထွက်မယ် ။ စနေနေ့ ။ ကြည့်စမ်း သွားလိုက်ကြတာ ။ ကိုကို အကုန် ဂိတ်စကုတ်ဘတ် ( စ် ) ကားချည်းပဲ ” ဟု ပြောကာ ခင်မြိုင်သည် သတင်းတစ်ခုကို ဘာသာပြန်လျက် နေရာမှ ရှေ့တည့်တည့် ပြတင်းပေါက်ဖြင့် လမ်းကျယ်ကြီးကို မော့၍ ကြည့်လေ၏ ။

မောင်မြစ်သည် လွန်စွာတည်သော ယောက်ျားပျို ဖြစ်လေ၏ ။ ၎င်းသည် ကလောင်တံကို ချကာ ခင်မြိုင် ကို စိုက်လျက် ကြည့်၍ နေလေ၏ ။

“ ခင်မြိုင် မင်းတို့ ‘ ဘလူးစတော့ကင်း ’ မကလေးတွေဟာ အင်မတန် ခေါင်းမာတယ် ၊ စာကလေးပေကလေး ရေးတတ်ချွတ်တတ်လို့ အယ်ဒီတာမကလေး တစ်ယောက် ဖြစ်တာနဲ့ ယောက်ျားများကို တုပြီး လွတ်လွတ်လပ်လပ် သွားချင်တိုင်းသွားလို့ ကောင်းတယ် ထင်ရင် နောက်ဆုံး တစ်နေ့ကျတော့ ယောက်ျားနဲ့ မတူကြောင်း သေသေချာချာ တွေ့ရမှ အင့်တင့်တင့်ကြီး ဖြစ်နေတယ် ၊ ဘာမှတ်သလဲ ”

“ မတူကြောင်း ဘယ်လို တွေ့မှာလဲ ။ ကိုကို အပူ တွေ့တော့ သိမှာပေါ့ ”

“ ဘာအပူလဲ ”

“ အင်း … ဒါတော့ တွေ့တော့မှ သိမှာပေါ့လေ ။ ကိုကိုက ဒီသတင်းစာတိုက်မှာ မန်နေဂျာပါ ။ ပညာရှိ အယ်ဒီတာ မဟုတ်ပါဘူး ။ ပညာရှိသူများ စဉ်းစားနိုင်ပါတယ် ။ အိုင်အေအောင်တာ ဘယ်လောက်ကြာပြီလဲ ”

“ လေးနှစ်ကြာပြီ ၊ ဘာဖြစ်သလဲ ”

“ လေးနှစ်ဆိုရင် အတော်ပညာရင့်လောက်ရောပေါ့ ။ သတင်းစာတိုက်မှာလည်း ပညာအလုပ် လုပ်နေရတာပဲ ။ ဒါလောက်မှ မစဉ်းစားတတ်ဘူးလား ”

“ ဟင် .. ကိုကိုက ခင့်ကို ဒီလို အစားထဲကမှတ်လို့ ပြောတာလား ၊ ကိုကို မသိဘူးလား ”

“ ကိုကို ဘာသိရမှာလဲ ”

“ ကိုကို အခု ခင်ဟာ ကိုကို့ လက်ခုပ်ထဲက ရေလို ဖြစ်နေတယ်ဆိုတာ သိတယ် မဟုတ်လား ။ မေမေက သဘောမတူလို့ ဒီအလုပ်တိုက်မှာတောင် ကိုကို ရှိနေတဲ့ အတွက် ခင့်ကို မလုပ်ရဘူးလို့ ပြောတယ် မဟုတ်လား ။ ခင် အတင်းလုပ်နေတာ ဘယ်သူ့ကြောင့်လဲ သိတယ် မဟုတ်လား ”

“ ဒါတော့လည်း ကျေးဇူးပေါ့ ခင်ရယ် ။ ကိုယ်ပြုတဲ့ ကျေးဇူးကို ဒီလောက် ဂုဏ်မဖော်ပေတဲ့ ကိုကို သိပါတယ် ။ နမော်နမဲ့နေတာ မဟုတ်ပါဘူး ။ နို့ ဒါနဲ့ ဘာဆိုင်သလဲ ”

“ နားထောင်လေ ၊ အလုပ်တိုက်က ခင်နဲ့ ကိုကိုနဲ့ အတူတူဆင်းပြီး နှစ်ယောက်တည်း သွားလာကြတာ အကြိမ်ပေါင်း ဘယ်လောက်များသလဲ ”

“ အများကြီးပေါ့ ”

“ ကိုကို အရင်တစ်ခါက ရုပ်ရှင်ကို အတင်း မရမက ခေါ်တယ် မဟုတ်လား ”

“ အင်း … မရဘူး ၊ ဒါ ကျေးဇူးတင်ရမှာလား ။ အခု တောင် နာတုန်း ”

“ ကိုကို နာလို့သေသေ ၊ ချစ်တာ တခြား ၊ ည ကိုးနာရီ ပွဲမှာ နှစ်ယောက်တည်း ရုပ်ရှင်ကို သွားတာက တခြားပါ ”

“ နို့ ဒါဖြစ်သေးသလဲ ”

“ စဉ်းစားကြည့်လေ ၊ ကိုကိုလို ချစ်ပြီးတဲ့ လူတစ်ယောက် ခေါ်တာကိုမှ ခင် မလိုက်ဘဲနဲ့ ခင့်ဘာသာ ခင် သွားချင် ရာသွားလို့ ခင့်မှာ ဘာဖြစ်နိုင်ဦးမှာလဲ ။ ခင် ဒီလို အပူမျိုးနဲ့ ဘယ်တော့မှ မတွေ့ရဘူးဆိုတာ စိတ်သာချပါ ကိုကို ရယ် ”

“ သာဓုဗျာ ၊ သာဓုခေါ်ပါပေတယ် ။ ကိုကိုလည်း မတော်တရော် မသမာစိတ်နဲ့ ခေါ်တာ မဟုတ်ပါဘူး ”

“ မသမာစိတ်နဲ့ ခေါ်တာတော့ မဟုတ်ဘူးပေါ့ ။ နောက်တော်တော်ကြာတော့ လူ့စိတ်ဆိုတာ သိနိုင်သလား ။  ကိုကို့စိတ်ကိုတောင် ကိုကို မသိဘူး ။ အခု လူဖြစ်ရာက မျောက်ဖြစ်ချင်ဖြစ်တာ ။ မျောက်ဖြစ်ရာက ဘီလူးဖြစ်ချင်ဖြစ်တာ ။ အင်မတန် ရုပ်ပြောင်း ရုပ်လွဲ ကောင်းတဲ့စိတ် ကိုကိုရဲ့ ”

“ နို့ ယနေ့ ဘယ်ကို ခင် သွားမှာလဲ ” 

“ ခင် ဂိတ်စကုတ်ကို သွားမှာပေါ့ ”

“ အလို ဂိတ်စကုတ်ကို ဘာလုပ်မှာလဲ ။ လောင်းမလို့လား ”

“ ခင် တစ်ခါမှ မရောက်ဖူးဘူး ။ အခုတော့ ရှူးယား တစ်လုံး ရထားလို့ စမ်းချင်လို့ ၊ ငွေတစ်ဆယ်လောက် လောင်းရင် တစ်ထောင်နှစ်ထောင် ဖြစ်မှာပဲ ”

“ အောင်မယ်လေး ၊ အပေါက်ကောင်းကြီးပါကလား ။ သို့သော်လည်း ကိုကို ဘယ့်နှယ် စိတ်ချရမလဲ ”

“ စိတ်မချရင် ဦးဘအေးဆီ သွားအခွင့်တောင်းပြီး ခင့်ကို ထိန်းဖို့ လိုက်ခဲ့ပါလား ”

“ ဘယ်ဖြစ်မလဲ ခင် ၊ ခင်လည်း အသိသားနဲ့ ၊ အခု သတင်းစာတိုက်ချဲ့ပြီး မဂ္ဂဇင်းနဲ့ စာအုပ်ဘက် ၊ စာပုံနှိပ် ကိရိယာရောင်းတဲ့ဘက် ဖွင့်ရာမှာ အစုစပ်ပါဝင်ဖို့ စကား အသေအချာပြောပြီးတာ ခင် သိတယ် မဟုတ်လား ။ ဒီ အတောအတွင်းထဲမှာ စနေဂိတ်စကုတ်နေ့ကြီးမှာ စောစောကြီး အလုပ်ဆင်းသွားတယ်ဆိုရင် တောင်တောင်မြောက်မြောက် တွေးပြီး အစုစပ်ဝင်ဖို့ သေချာထားတာ ခွမကျပေဘူးလား ။ အဘိုးကြီးက သိပ်ပြီး မသင်္ကာတတ်တာ ။ အခု အသက်ကြီးလို့ ကိုယ်တိုင် ကြီးကြပ်အုပ်ချုပ်တဲ့ အလုပ်မှာ မတတ်နိုင်မှာ စိုးပြီး သူလို စိတ်ချရမယ့် အလုပ်သမား ၊ အလုပ်ကို နားလည်ပြီး သူတကာလို အစုစပ် ပါဟန် အဖြစ်နဲ့ သွင်းပြီး သူ အငြိမ်းစားလုပ်မယ် စိတ်ကူးတာ ခင်ရဲ့ ။ ဘာမဟုတ်တဲ့ နေ့တစ်ဝက်ကလေး ပျော်ရမှာနဲ့ အချက်ကောင်းကြီး လက်လွတ်သွားရင် ဒီလို ကောင်းတဲ့ အလုပ်မျိုး ဘယ်ရမလဲ ။ အဲဒါကိုလည်း စဉ်းစားဦး ခင်ရဲ့ ။ ပြီးတော့ သူ သေသွားရင် ဘယ်သူမှ အမွေ ဆက်ခံဖို့လည်း မရှိဘူး ။ ကျန်ရစ်တဲ့ ပါတနာ အကုန် ရဖို့ ရှိတာပဲ ။ ဒီတော့ ခင်ဖို့ချည်း မဟုတ်ဘူးလား ။ ခင်က အယ်ဒီတာ ရီယယ်ဘက်မှာ ကြီးကြပ် ၊ ကိုကိုက အုပ်ချုပ်တဲ့ဘက်က ကြီးကြပ် ၊ ဒါထက် အချောင်ကော်တာ ဘယ်ရှိဦးမလဲ ”

“ ကိုကိုက ဒီအဘိုးကြီး စကားများ ယုံနေသေးသလား ။ ဒီစကားပြောနေတာ ဘယ်လောက်ကြာပြီလဲ ၊ အခုတောင် ဘာမှ ထပ်ပြီး မကြားရသေးဘူး ။ တော်ပါ ကိုကိုရယ် ၊ ဆင့်နှာမောင်း ခွေးမျှော်သလို ဖြစ်မနေပါနဲ့ ။ ခင့်မှာ ဖေဖေရှိတုန်း စုထားတဲ့ ငွေရော ၊ ခင် နောက်ထပ် စုတာရော ဘဏ်မှာ တစ်ထောင်ကျော်ကျော် ရှိတယ် ။ ကိုကိုလည်း ဒီလောက်တော့ တဖြည်းဖြည်း စုရင် ရမှာပဲ ။ နှစ်ထောင်ရှိရင် ခုနစ်ရက်တစ်ကြိမ် ဂျာနယ်တစ်စောင် တည်ထောင်ရင် အေးအေးကလေး ဖြစ်ပါတယ် ။ ဝက် ယုံလို့ အိမ်သာ မဆောက်ဘဲ မနေပါနဲ့ ။ အနောက်ဘက် ဝက်စု ဆိုတဲ့ ရွာမှာ ဝက်တွေ ပေါလို့ ရွာထဲမှာ အိမ်သာ ဆိုလို့ တစ်ဆောင်မှ မထားကြဘူးတဲ့ ။ နောက် နွေဥတု ရေမိုးရှားခိုက်မှာ ပူတာနဲ့ တစ်ရွာလုံးရှိတဲ့ ဝက်တွေဟာ ကျောက်ပေါက်ပြီး သေကုန်ရောတဲ့ ကိုကိုရဲ့ ။ ဒါနဲ့ ဝက်တစ်ကောင်မှ မရှိတာနဲ့ တစ်ရွာလုံး ပုပ်ပြီး ယင်ကောင်တွေ တလှောင်းလှောင်း ဖြစ်ကုန်ကြပြီး မိုးဦးကလေး တစ်ပြိုက်ကျတော့ ရေတွင်းရေကန်တွေကလည်း အကာအရံ မရှိတာနဲ့ ဝက်တွေ လာ မစားလို့ ကျန်နေတဲ့ ပုစွန်တုပ်ကွေးတွေ ဘာတွေဟာ ရေတွင်းရေကန်ထဲ အကုန် တပျော်တပါး ဆင်းသွားကြရောတဲ့ ကိုကိုရဲ့ ။ အဲဒီ ရေတွင်းရေကန်တွေ အထဲကိုလည်း ရောက်ကြရော နတ်ရေကန်ထဲ ရောက်သလို မစင်ခြောက်ဘဝမှ တစ်ခါတည်း ကာလနာကောင်တွေ ဖြစ်ပြီး ကုန်းကို ပြန်တက် ၊ ရွာထဲကို တပ်ဖွဲ့ဝင် ၊ တစ်ရွာလုံး တက်တက်ပြုန်း ။ အတုံးအရုံး သေကုန်ကြတာ ခင် ကြားဖူးတယ် ကိုကို ၊ ဝက်ယုံ လို့ ချေးမွေးတာများဟာ ချေးယုံလို့ ဝက်မွေးတာထက် ကြောက်စရာ ကောင်းတာပဲ ” ဟု ပြောလေ၏ ။

မောင်မြစ်သည် နားထောင်ရင်း မျက်နှာရှုံ့လျက် နှာခေါင်းကို ပဝါနဲ့ ပိတ်ကာ “ ဟင် ... တေတေတာတာ ဒီကောင်မလေးဟာ ကြံကြံစည်စည် လုပ်ပြောတာပဲ ။ တော်ပါ ရွံစရာတွေ ” ဟု ပြောလေရာ ခင်မြိုင်က ဂရုမစိုက်ဘဲ စကားဆက်ကာ “ အောင်မယ် ဒါတောင် နောက်ပြောင်းလာတဲ့ လူတွေက အိမ်သာဆောက်ဖို့ အတွက် ကုန်မယ့်စရိတ်ကို ဝက်ဝယ်မွေးတာပေါ့ ။ အမြတ်လည်း ရသေးသတဲ့ ။ တစ်ခါသေဖူး ပျဉ်ဖိုး နားမလည် တဲ့ ရွာသားတွေ ခင်ဖြင့် အံ့သြပါရဲ့” ဟု ပြတင်းပေါက်မှ အပြင်ဘက်ကို မျှော်ကာ စဉ်းစဉ်းစားစား ပြောနေပြီးမှ “ ဟုတ်တယ် ကိုကို ။ ခင် သွားမှပဲ ရှူးယား တစ် မမီဘဲ နေမှာစိုးလို့ ” ဟု ပြောလေ၏ ။ ထို့နောက် မောင်မြစ်၏ မျက်နှာကို ကြည့်လိုက်ရာ ဣန္ဒြေလုပ်၍ နေသည်ကို တွေ့ရှိရလေ၏ ။

ထိုအခါ မောင်မြစ် အပါးသို့ လှမ်း၍လာပြီး ပခုံးပေါ်သို့ လက်ကိုတင်ကာ “ အဘိုးကြီးကို ယုံမနေနဲ့ ကိုကို ၊ သူလည်း ဒီလိုငယ်ငယ်ကစပြီး ကြီးပွားတာပဲ ။ သူ့ အရွယ်နဲ့ ကိုကိုတို့ ခင်တို့အရွယ်ကို နှိုင်းယှဉ်ကြည့်ပါလား ”

ထိုအခိုက် အခန်းတံခါး ပွင့်၍ လာပြီး ဒရဝမ်ကု,လား ဝင်လာ၍ ဘုရားဆပ် ဆင့်ခေါ်ကြောင်း မောင်မြစ် အား ပြောလေရာ မောင်မြစ်သည် ကပျာကယာ ထ၍ သွားလေ၏ ။

ခင်မြိုင်သည် မောင်မြစ်၏ စားပွဲကို စိုက်ကာ ကြည့်ရင်း တွေးတောလျက် ကျန်ရစ်လေ၏ ။ သို့ ကြည့်နေခိုက်မှာ မင်နှိပ်စက္ကူ၌ ညှပ်၍ထားသော စာတစ်ခုကို ဆွဲယူ၍ ကြည့်မိလေရာ ကြော့မြိုင် ဟူသော နာမည် ရေးထားသည်ကို တွေ့ရှိရလေ၏ ။ ၎င်းအောက်၌ မောင်မြစ် ၏ ညီတော်ဖြစ်သူ မောင်တင့်၏ နာမည် လက်မှတ်ကို တွေ့ရသဖြင့် တွေးတောသည်ကား ။

ဒီတစ်ဟာ ငါ့တစ်နဲ့ တူတာပဲ ။ ဒီကိုတင့်ဟာ စနေ အပတ်တိုင်း ဒီတစ်ကလေးတွေကို အပင်ပန်းခံပြီး ပို့ရှာတာပဲ ။ သူ့အစ်ကိုကဖြင့် သတိတောင် မထားဘူး ။ ကိုတင့် တော့ အလယ်ဆုံးလူပဲ ။ သူ့တစ်တွေဟာ အမှန်များတာပဲ စသည်ဖြင့် စဉ်းစားရင်း စာကို နေရာ၌ ပြန်၍ ညှပ်ထား လိုက်လေ၏ ။

မောင်မြစ်အား တစ်ခါတစ်ရံ ခင်မြိုင်က စမ်းကြည့်ဖို့ ပြောလေ၏ ။ သို့ပြောသည့်အခါ မောင်မြစ်က ငွေ ( ၅ ) ကျပ် ( ၁ဝ ) ကျပ် ပိုရင် စာတိုက်ထက် မြင်းက ပိုပြီး စိတ်ချရသေးသလား ဟူ၍ ပြောလေ့ ရှိ၏ ။ မောင်မြစ်သည် စိတ်ချရမှသာ တစ်စုံတစ်ခုကို လုပ်လေ့ရှိ၏ ။ ကျိန်းမသေသောအရာ ၊ စိတ်မချရသောအရာ ဟူ၍ အဘယ်အခါမှ လုပ်လေ့ မရှိ ။ ဒီအကောင်ပေးတဲ့ တစ် မှန်ချင်လည်း မှန်မှာပဲ ။ နို့ပေမယ့် မတော်တဆ မြင်းခွာ လိပ်ပြီး ပြိုင်ပွဲထဲမှာ လဲသေမတဲ့ ။ ဘယ့်နှယ်လုပ်မလဲ ၊ မတော်တဆ မြင်းလား ဖြစ်နေရင် မြင်းမတစ်ကောင် ကောင်ကို မြင်ပြီး ချော်တောကို အတင်းငေါ့ပြီး ဆွဲပြေးမတဲ့ ။ ဘယ့်နှယ်လုပ်မလဲ ။ တစ်ယောက်ယောက်က ဆေးခွံ့ထားရင် ငွေမဆုံးပေဘူးလား ။ မြင်းပိုင်ရှင်က တစ်ဖက်က နေပြီး လောင်းရင် မရှုံးပေဘူးလား ။ ဂျော်ကီ က ဆွဲထားချင် ဆွဲထားမှာ ဟူသော ဆင်ခြေမျိုးကို အမြဲ သုံးလေ့ ရှိ၏ ။ သို့ဖြစ်လေရာ ခင်မြိုင် စိတ်ပျက်လျက် သက်မကြီး ချလိုက်လေ၏ ။

အတော်ကြာလျှင် မောင်မြစ်သည် မသာမယာသော မျက်နှာနှင့် ပြန်၍လာလေရာ ခင်မြိုင်က အပါးကို ကပ်၍ လာပြီး “ ဘာတဲ့လဲ ကိုကို ” ဟု မေးလေ၏ ။

“ အစုဝင်ဖို့ အကြောင်းပါပဲ ” ဟု ပြောပြီး မော်၍ မကြည့်ဘဲ မင်နှိပ်စက္ကူပေါ်မှာ ကလောင်တံအမြီးနှင့် ထိုးခြစ်၍ နေလေ၏ ။

“ ဘာပြောသလဲ ၊ သူ့စကားကို ပြန်ဖျက်သလား ”

မောင်မြစ်သည် ကလောင်တံကို လွှတ်၍ချပြီး မော်ကြည့်ကာ “ ဖျက်တာတော့ မဟုတ်ပါဘူး ။ ကိုကိုလည်း ဒီစကားကို ပြောမယ် မထင်ဘူး ။ သူလည်း အရင်က ပြောဖို့ စိတ်ကူးတဲ့ လက္ခဏာတော့ မရှိပါဘူး ။ အခုမှ တစ်မျိုးဖြစ်လာတာ ။ ဘယ်လို အတွေးရသလဲ မသိဘူး ”

“ အခု ဘာပြောသလဲ ”

“ ငွေကလေး နည်းနည်းပါးပါးတော့ ဝင်နိုင်မှ ဖြစ်မယ်တဲ့ ။ အရင်ကတော့ အလုပ်နဲ့ အကြံဉာဏ်ထုတ်ရင် တော်ပြီလိုလို ပြောတယ် ။ အခုတော့ ... ”

“ ဘယ်လောက်လဲ ”

“ တစ်ထောင်တည်းပါပဲ ၊ မများပါဘူး ”

“ တစ်ထောင်တည်းဖြင့် ကိုကို စုထားတာ တစ်ထောင် မကျော်သေးဘူးလား ၊ အသက်အာမခံမှာ ချေးရင်တောင် လေးငါးရာတော့ ရမှာပေါ့ ”

“ နို့ တခြားလေးငါးရာ ဘယ်မှာရမလဲ ။ တနင်္ဂနွေ တစ်ပတ်အတွင်း စကားပြန်ရမတဲ့ ။ လက္ခဏာက သူ့တူ ဝမ်းကွဲ တစ်ယောက်က ပူနေတယ် ။ ဟိုက ငွေတစ်ထောင် နှစ်ထောင်တော့ ဝင်မယ် ပြောတယ် ။ အဘိုးကြီးကလည်း ဆွေမျိုးသားချင်းကို မကြည့်ချင်ဘူးတဲ့ ။ အရင်ကလည်း သူတို့တစ်စု သူ့အပေါ်မှာ ကျေးဇူးကန်းခဲ့သတဲ့ ။ သို့သော် သူစိမ်းတစ်ယောက်ကို ငွေတစ်ပြားမှ မရဘဲ အဝင်ခံတယ် ဆိုတာ အားလုံးက ဝိုင်းအပြစ်တင် ပြောဆိုကြမှာ အတွက်လို့ ပြောတာပဲ ”

“ အလကား ပလီတာပါ ။ ဒီအဘိုးကြီးက ကိုကို့မှာ တစ်ထောင်မရှိဘူး ထင်လို့ စကားနုတ်ရမှာ ခက်တာနဲ့ အကျပ်ကိုင်တာ ။ ကိုကို စုထားတာ ဘယ်လောက်ရှိပြီလဲ ”

“ အိမ်ဆောက်တဲ့အထဲ အကုန်ဝင်ကုန်ပြီ ခင်ရဲ့ ၊ အမေက မသေခင် အိမ်နဲ့ယာနဲ့ တိတိကျကျ ရှိရစ်တာ တွေ့ချင်တယ်လို့ ပူတာနဲ့ သူလည်း မသေမီ ကိုယ့်အိမ် ကိုယ့်ယာလိုနဲ့ နေပြီးသွားရအောင် ကိုကို အိမ်ဆောက် လိုက်တာ တော်တော်ကုန်သွားတယ် ။ အိမ်မဆောက်ရင် သူ သေလို့တောင် ပရိသတ်ဧည့်ခံဖို့ အိမ်မရှိဘူးလို့ ပြောပြီး ပူလွန်းလို့ ဆောက်လိုက်တာပဲ ”

“ ကိုကို သိပ်မှားတာပဲ ။ အိမ်ဆိုတာ ငွေရှိမှ ဆောက်ရတာ ကိုကိုရဲ့ ။ ငွေကလေး မသုံးရက်မစားရက် စုပြီး အိမ်ဆောက်လို့ တော်တော်ကြာ အိမ်က ခိုက်တယ် ဆိုပြီး ပြန်ရောင်းလို့မှ မထွက်တဲ့ အိမ်တွေ ပြည့်လို့ ၊ ကိုကို မကြားဖူးဘူးလား ။ အသိလင်မယား နှစ်ယောက်လည်း ပဲပြုတ်စားပြီး မပေးရက် ၊ မကမ်းရက် ၊ မလှူရက် ၊ မတန်းရက် မွေးချင်းပေါက်ဖော် အရင်းအချာတွေ ငတ်မွတ်တာတောင် မကျွေးမမွေးရက်ဘဲ ယောက်ျားက အလှူအိမ် ၊ ဆွမ်းကျွေး ၊ ဥပုသ်ဇရပ် ၊ မသာအိမ် သပိတ်သွတ် မကျန် သတင်း နားထောင်ပြီး မရမက လိုက်စားတာပဲတဲ့ ။ အိမ်က သားမယားက ကန်စွန်းရွက်ချဉ်ရေကလေး ငါးပိဖုတ်ကလေး ၊ ချဉ်ရေရွက်ကလေး စားပြီး အငတ်ခံစုတာပဲ ။ ဒီလို စုထားတာကလေး တစ်ထောင်ကျော်လောက် ရရင်ပဲ အသိမိတ်ဆွေ အရင်းတွေအပေါ်မှာ ဟန်ကြီးပန်ကြီး လုပ် ၊ တစ်ထောင်ကျော်ကို တစ်သောင်း ထင်အောင် ပြောလို့ပြော ။ တစ်လ ငါးဆယ် ရတာ ငါးရာ ဖြစ်အောင် ကြွား ၊ အရင်က ကျေးမွေးဖူးတဲ့ ကျေးဇူးရှင်တွေကိုတောင် ပခုံးချင်းယှဉ် ၊ ခြေရာချင်း တိုင်းပြီး အိမ်ကလေး တစ်ဆောင် ဆောက်ပါရော ကိုကိုရဲ့ ။ အိမ်တက် ပရိတ် ဆိုပြီး အသိဟောင်းတွေ ဖိတ်ပြီး အမဲဝမ်းတွင်းသားကို ဆိတ်ကလီစာ လုပ်ပြီး ကျွေးတယ် ကိုကိုရဲ့ ။ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ အိမ်သွားပြီး ခစား ၊ ကိုယ်နဲ့ တန်းတူ လူများအပေါ် ပြန်မောက် ၊ အိမ်ကလေးနဲ့ ခြောက်တယ် ကိုကိုရဲ့ ။ ခင်တို့များတောင် မေးထူးခေါ်ပြောရယ် ၊ ဟောတစ်နေ့က တစ်ရပ်လုံး မီးလောင်တော့ အိမ်မီးထဲ ပါသွား ၊ တဲကုပ်ကလေးနဲ့ ဖြစ်နေလို့ ခင် ကတောင် နို့ဆီဘူး သုံးလုံး သွားပေးရသေးတယ် ။ ဒါလည်း ကုလားမခြင်းတောင်းရွက်တော့ မတတ်နိုင်လို့ ကျွဲခေါင်း ဆိုလား နွား ... ”

“ အို .. ခင်ကလည်း စကားပြောရင် တောင်ယာတော မဆုံးနိုင်ဘူး ၊ ကိုကို့အိမ် မီးလောင်ရဦးမှာပေါ့လေ ” ဟု စကားဖြတ်၍ ပြောရလေ၏ ။

“ မီးလောင်လောင် မလောင်လောင် ကိုကို့အိမ်က မြို့စွန်မှာ မီးအာမခံ လုပ်ရဲ့လား ”

“ ဘာပြုလို့ လုပ်ရမှာလဲ ”

“ ခင်တော့ မော်တော်ကားဖြစ်ဖြစ် ၊ အိမ်ဖြစ်ဖြစ် ၊ ငွေတွေ ဘာတွေပိုလို့ မီးလောင်ပျက်စီးရင် ရေဖိတ်စပါးလို စွန့်နိုင်မှ သို့မဟုတ် အာမခံလုပ်နိုင်မှ ဝယ်မှာပဲ ။ ငွေတစ်ထောင် နှစ်ထောင်ရှိရင် ခင့်လိုဖြင့် အလုပ်လုပ်မှာပေါ့ ။ အိမ် ဘာလုပ်ဖို့လဲ ။ အိမ်တွေ ၊ တိုက်တွေ ငှားနေဖို့ ပြည့်နေတာပဲ ”

“ ငှားနေတော့ ဒီငွေတွေဟာ နောက်ဆုံးကျ အလကား မဆုံးဘူးလား ”

“ ငှားနေတဲ့အတွက် ငွေပိုကလေး ဘာကလေး အိမ်လခအတွက် ပိုဝင်အောင် လုပ်မယ် ကိုကိုရယ် ၊ လူ မြင်ကွင်းမှာ အခန်းရရင် အိမ်လခလောက် ပြန်ရဖို့ အလုပ်တွေ ပြည့်လို့ ခင်တို့ ဟိုအရင် တစ်နှစ်က ဘားလမ်း လေးထပ်တိုက်ကြီး တစ်ခုထိပ်မှာ နေတုန်းက လသာခန်းမှာ ပန်းတွေကို ခင် စိုက်လိုက်တာ နေပူလို့ သေကုန်လို့ ။ မသေများ မသေရင် တစ်လတစ်ရာလောက် ရမှာ ”

“ ဒီလိုဖြင့် အိမ်လခကျေတာပေါ့ ”

“ ဒီလိုကြံရင် ဖြစ်ချင်တာကျတော့ ဖြစ်မှာပေါ့ ကိုကိုရဲ့ ။ ပျက်တာတွေကိုချည်း ပြောနေရင် ဘာမှ လုပ်ရတော့မှာ မဟုတ်ဘူး ။ အခု ခင်နေတဲ့အိမ်အောက်ထပ် ရေစည်ထားတဲ့အပေါ် မှောင်ထဲမှာ ထင်းရူးသေတ္တာကြီးနဲ့ ခင် မှိုတွေ ပျိုးထားတယ် ။ အောင်ရင်တော့ ( ၁၂ ) ရာသီ ရောင်းစားရမှာပဲ ။ မန္တလေးက လယ်ယာစိုက်ပျိုးရေး ဝန်ထောက် ဦးခင်မောင် ထုတ်တဲ့ စိုက်ပျိုးနည်း စာအုပ်ထဲမှာ ခင် ကြည့်ပြီး စိုက်တာပဲ ။ မှောင်ရင် ဖြစ်တာပဲတဲ့ ”

“ အင်း .. မှောင်ရင် ဖြစ်သတဲ့လား ။ ဦးခင်မောင် စာအုပ်ထဲမှာ ဒီလိုပဲ ပါသလား ”

“ တော်ပါ စကားရှည်လိုက်တာ ၊ ပြောစရာရှိတာ ပြောတာ မဟုတ်ဘူး ။ အခု ကိုကို ဘယ်မှာမှ ငွေရှာလို့ မရတော့ဘူးပေါ့လေ ”

“ ဘယ်မှရဖို့ မရှိဘူး ။ ဒီအစုစပ်လည်း လျှော်ပစ်ဖို့ ရှိတော့တာပဲ ။ နို့ပေမဲ့ ငွေကလေး တစ်ထောင်နဲ့ ပါတနာရှစ်ကြီး လက်လွတ်တာ နာတာပဲ ”

“ ဒီလိုဖြင့် ခင် ချေးမယ်လေ ။ ခင့်မှာ ငွေ ရှိပါတယ် ”

“ သိပါတယ် ၊ ဂုဏ်ဖော်ဖို့ မလိုပါဘူး ။ အလိုလည်း မရှိပါဘူး ”

“ ကိုကို နောက်တော့ ပြန်ဆပ်တာပေါ့ ။ ကိုကို ကြီးပွားရင် ခင် အကျိုးခံစားရမှာ စိုးလို့လား ”

“ တော်ပါလေ ၊ အလိုမရှိဘူး ဆို ပြီးရော မဟုတ်လား ။ ခင့်ငွေအတွက် နိုးဘေကင်စီ ၊ ဒါပဲ ”

“ ဒါ ဘိုဆန်တဲ့စိတ် ၊ ခင် အားမကျပါဘူး ”

“ ဘာဘိုဆန်တာလဲ ၊ ဘိုမှ ဒီလိုစိတ်မျိုး ရှိရမှာလား ။ မြန်မာမှန်ရင် မိန်းမများဆီက ငွေကို မက်တဲ့လူချည်း ထင်သလား ။ မြန်မာလည်း လူပဲ ။ ဘိုဆန်တာ မဟုတ်ဘူး ။ ယောက်ျားဆန်တာ ။ ယောက်ျားဆိုတာ မိန်းမထက် အရှက်အကြောက် ရှိရတယ် ။ မိန်းမဆိုတာ ကလေးလိုမို့ မရှက်မကြောက်ပေမဲ့ အရေးမကြီးဘူး ”

“ နို့ မိန်းမတို့ဣန္ဒြေ ရွှေပေးမရ ဆိုတာ ဘယ်သွား ထားမလဲ ”

“ အခု ငွေပေးရင် ကု,လားဂေါ်ရင်ဂျီတောင် ရကုန်ကြပြီ ”

“ ဒါက ဝါးလုံးရှည်စကား ”

“ တချို့ ပြောတာပါ ။ ယောက်ျားဣန္ဒြေက စိန်ပေးလို့ မရလို့ ကိုကိုက ပြောချင်တယ် ။ ကိုင်း ... ထဘီကလေး တင်းတင်းဆွဲ ၊ ခြေကလေး စိပ်စိပ်လှမ်း ၊ မြေပြို မှာ ကြောက်သလို နင်းပြီး ရဟန္တာမကလေးမျိုးလို စက္ခုန္ဒြေ နဲ့ သွားတဲ့ ဣန္ဒြေမျိုးကို ရွှေ မဟုတ်ဘူး ၊ ကြေးပြား ပေးရင် ရတယ် ။ တကယ့်ရွှေ မပေးရတဲ့ ဣန္ဒြေက ဒါမျိုးကို ဆိုတာ မဟုတ်ဘူး ။ စိတ်နှလုံး ခင်တို့လို ယဉ်ကျေးလိမ္မာတာကို ပြောတာ ။ စာတတ်တာကို ပြောတာလည်း မဟုတ်ဘူး ”

“ မမြှောက်ပါနဲ့ ။ ဒါထက် ကိုကို ငွေတစ်ထောင် အချောင် မရချင်ဘူးလား ”

“ ဆိုစမ်း ”

“ ကိုကို့ညီ ပေးတဲ့ တစ် ကိုကို မေ့နေပြီလား ၊ ကြော့မြိုင် လေ ။ တစ်ဆယ် လောင်းရင် တစ်ထောင် ၊ နှစ်ထောင်ရမယ် ခင်လည်း ကြားတယ် ။ သူတစ်တွေဟာလည်း မှန်တာ များတာပဲ ”

“ တော်ပါ ခင်က ကိုကို့ကို ဂိတ်စကောင် မှတ်လို့လား ။ တစ်သောင်း ရပေစေ အလိုမရှိဘူး ”

“ ကိုကို သိပ်ခေါင်းမာတာပဲ ။ တစ်ခါတလေလည်း စွန့်ရတယ် ကိုကိုရဲ့ ။ ကြောက်လွဲ ရဲမင်းဖြစ်တဲ့ ။ မစွန့်ရင် မရတာပေါ့ ”

“ မြင်းသမား ၊ အနီထောင်သမား ဘယ်တော့မှ မချမ်းသာဘူး ။ နိုင်ရင်လည်း ဝမ်းမသာဘူး ။ တစ်ခါနိုင် အခါ တစ်ရာ ရှုံးမှာ ”

“ နို့ မြင်းပွဲနှင့် ထမင်းစားနေကြတာတွေ ဘယ့်နှယ် လုပ်မလဲ ။ ကိုကိုလိုဖြင့် မြင်းပွဲကြီး ဖျက်ပစ်ရတော့မှာပေါ့ ”

“ ဖျက်ပစ်ပြီ ဆိုပါတော့ ။ တိုင်းပြည်မှာ ဘယ်လို အကျိုးယုတ်မှာလဲ ”

“ မြင်းသမားတွေ စိတ်ညစ်ကုန်ရှာမှာပေါ့ ။ သူ တစ်ထူး စိတ်နှလုံး မသာယာအောင် လုပ်တာဟာ ကောင်းသလား ၊ ဆိုးသလား ”

“ မသာယာလို့ မသေဘူး ”

“ ခင်တော့ မတော်ဘူး ၊ ခင် သွားမှာပဲ ။ ငွေတစ်ဆယ်တော့ ကုန်ပေစေ ”

“ အင်း ... နိမိတ်ကိုက ငွေတစ်ဆယ်တော့ ကုန်ပေစေတဲ့ ။ ဇမ္ဗူဒိပ်နော် ဇမ္ဗူဒိပ်သွားရင် ရှုံးပြီ မှတ်လိုက်ပါ ။ မှန်းစမ်း ဘယ်နှနာရီလဲ ။ ယနေ့ စနေကိုးနာရီ ။ ဘောမအချိန် ၊ ဘောမဖြင့် ဘမော ၊ အဘရေ မောပြီ ဆိုပြီး အဘကို တပြန်ရတဲ့ ကိန်း ”

“ ခင့် မျက်နှာကို စေ့စေ့ကြည့်ပါ ကိုကို ၊ ဘယ်သူ့ကို တမယ့် မိန်းမကလေးလဲဆိုတာ ကြည့်ထားပါ ။ ဒီလို အသည်းကြောင်တဲ့ အစားမျိုး ထင်သလား ”

“ ဒါ ထားလိုက်ပါတော့ ။ ဒီပုံဖြင့် ကိုကို ပါတနာ မဖြစ်တော့ဘူးပေါ့လေ ”

“ မဖြစ်တော့ဘူး ၊ မဖြစ်လည်း မဖြစ်ချင်ပါဘူး ။ လက်ဝါးချည်းဝင်လို့ အကျိုးအမြတ်လည်း ကြီးကြီးကျယ်ကျယ်ရဖို့ မရှိပါဘူး ။ ပစ္စည်းထိန်းသာသာပါ ”

“ မကြီးကျယ်ပေမဲ့ အခုလို စာရေး လုပ်နေရတာ ထက်တော့ နေရာကျမှာပေါ့ ”

ဒရဝမ် ရောက်၍ လာပြန်လေ၏ ။ ဘုရားဆပ် ခေါ်ကြောင်း ပြောသဖြင့် ခင်မြိုင် ဝင်၍ သွားရာ တိုက်ရှင်က တနင်္ဂနွေနေ့ အစည်းအဝေးမှာ အမတ်ဦးဘိုးဝါ ပြောသော စကားတွေကို တစ်လုံးမကျန် သန်ဘက်ခါ နံနက်စောစော ထွက်သော ‘ ထောင်ရောင်နေ ’ ဂျာနယ်မှာ ဆက်ဆက်ပါအောင် ဘာသာပြန်ထည့်ဖို့ ဖိုင်တွဲကြီးကို ပေးလေ၏ ။

“ ကျွန်မ ဒီကနေ့စောစော အလုပ်ဆင်းမလို့ပါ ။ များလိုက်တာ ဦးရဲ့ ၊ ဒါတွေ အကုန်ပြန်ထည့်လို့ ဘာ အကျိုးရှိမှာလဲ ”

“ နက်ဖြန်နံနက် စပြီး စီမှ သန်ဘက်ခါမီမှာ သည့်အတွက် ဦး ပြောမယ် ၊ ယနေ့ စနေနေ့ပေမယ့် ဆင်းဖို့ ဦး အခွင့်မပေးနိုင်ဘူး ။ တနင်္လာနေ့ ဂျာနယ် ထွက်ပြီးမှ တစ်နေ့လုံးပဲ ထွက်နေနေ ၊ ဒီကနေ့တော့ နက်ဖြန် စီနိုင်အောင် ဘာသာပြန်စေချင်တယ် ။ ပြီးပါ့မလား ”

“ ကျွန်မ ဆရာမခင်အေးနဲ့ အင်းစိန်သွားဖို့ ချိန်းထားပြီးလို့ပါ ဦးရဲ့ ၊ ဒီအမတ်တွေဟာ သတင်းစာတိုက်များကို ဘယ်တော့မှ အားမနာဘူး ။ ဦး တိုက်မှာ အခက်အခဲ ကြုံလို့ အကူအညီလိုတော့ ဒီအမတ်တွေဆီက ဘာမှလည်း ရတာ မဟုတ်ဘူး ။ သူတို့ကိုချည်း တဖူးဖူး မှုတ်နေရတာပဲ ။ သူတို့ မြန်မာလူမျိုးပဲ ။ သူတို့ဟာ သူတို့ မြန်မာလို ရေးမပေးနိုင်လို့လား ဦးရဲ့ ။ အင်္ဂလိပ် သတင်းစာတိုက်လည်း မဟုတ် ၊ ဟိုခေတ္တ သမ္မတ ဦးဟိုဒင်းကလည်း ဂျာနယ်ထဲ တစ်ခုခု ထည့်ချင်ရင် သူ့ကိုယ်သူ အင်္ဂလိပ် သား ကျနေတာပဲ ။ မြန်မာလို ဘယ်တော့မှ မရေးဘူး ။ အင်္ဂလိပ်လိုချည်း ရေးရေးပို့တယ် ။ တိုက်မှာ လုပ်တဲ့သူများကို သူတို့ ခိုင်းစရာကလေးတွေ အောက်မေ့နေသလား မသိဘူး ။ ခေါင်းဆောင်လုပ်သူတွေ ကိုယ်တိုင်က ဘိလပ်သား စိတ်ပေါက်နေပြီး မြန်မာစာကို အနုတ်အဖွဲ ထင်ရင် ဒီမြန်မာပြည် ကောင်းစားနိုင်မှာလည်း မဟုတ်ပါဘူး ” ဟု ပြောကာ စာတွေကို စူအောင့်သော မျက်နှာနှင့် ကိုင်လျက်ကြည့်ရင်း “ ဒါ သူတို့ ကောင်းဖို့ ၊ သူတို့ ကြော်ငြာတွေ တိုင်းပြည်အကျိုး ဘာမှ မရှိဘူး ။ နောက်တစ်ကြိမ် မဲရဖို့ စက်မောင်းတင်တာတွေ ၊ သတင်းစာတိုက်တွေမှာ တစ်ခုခုဖြစ်တော့ ဘယ်တစ်ကောင်တစ်မြီးမှ မပေါ်လာဘူး ” ဟု ပြောကာ ထွက်၍ လာပြီး မိမိ၏ စားပွဲပေါ်၌ စာပုံကြီးကို ပစ်၍ ချလေ၏ ။

မြစ် ။  ။ “ ဟင် .. များလှချည်လား ၊ ဘာတွေလဲ ခင်ရဲ့ ၊ ကောင်စီက ဟာတွေပါလား ”

“ ဒါတွေပေါ့ အလကားဟာတွေပါ ကိုကိုရဲ့ ၊ အပိုတွေ ၊ ဒါတွေကို မြန်မာလို ပြန်ရမတဲ့ ။ ခင် ကျောက်ခဲကို အတုံးလိုက်ကြီး မြိန်ရေရှက်ရေ စားချင်သေးတယ် ။ ဒီလို အပိုဗလာပစ်တာတွေကို လက်နဲ့ မဆိုထားနဲ့ ။ ကနုတ်တံနဲ့တောင် မတို့ချင်ဘူး ။ ဟိုခေါင်းဆောင်တစ်ယောက်ကလည်း လာလိုက်ရင် အင်္ဂလိပ်လိုချည်းပဲ ။ မြန်မာလို ပြောရတာ ၊ ရေးရတာ ၊ အားမရလို့ပါတဲ့ ။ အင်္ဂလိပ်လို ပြောပြန်တော့လည်း ဟို ဟို လည်စိအညှစ်ခံရတဲ့ မျောက်လို ၊ ပြီးတော့လည်း တောက်တဲ့လှည်းနင်း ဆန့်ငင် ဆန့်ငင်နဲ့ သိပ်ရယ်စရာကောင်းတဲ့ လူတွေ ” ဟု မောင်မြစ်ကို မကြည့်ဘဲ မိမိဘာသာ ပြောလေရာ မောင်မြစ်မှာ ၎င်းကို မျက်လုံး ပြူးလျက် ကြည့်၍ နေပြီးမှ အူကိုနှိပ်လျက် လက်ဖက်ရည်သောက် ဆင်း၍ သွားလေ၏ ။

ခင်မြိုင်သည် ခဏမျှ မိမိ၏ ဓာတ်ပုံကြီးကို ရပ်ကာ ကြည့်ပြီး သက်မကြီးချလေ၏ ။ ထို့နောက် စက္ကူစကလေး တစ်ခုကို ယူပြီး “ သွားပြီ ” ဟူသော စာတစ်လုံးကို ရေး၍ မောင်မြစ်၏ စားပွဲမှာ ချပြီး စာအုပ်တစ်အုပ်နှင့် ဖိလေ၏ ။ ထိုအခိုက် မင်နှိပ်စက္ကူ စာရေးပက်ထောင့်မှာ ညှပ်ထားသော ငွေစက္ကူတစ်ဆယ်တန် အခေါက်ကလေး တစ်ခု မြင်သဖြင့် ကပျာကယာ ယူ၍ ကြည့်လေရာ ထောင်ရောင်နေဂျာနယ်တိုက်တံဆိပ် နှိပ်ထားသည်ကို တွေ့ရလေ၏ ။ ခင်မြိုင်သည် ထိုငွေစက္ကူကို ပြန်၍ မထားဘဲ မိမိ၏ သားရေအိတ်ကလေးထဲသို့ ထည့်ပြီး ထီးကို ဆွဲကာ ပန်းစက္ကူအစကလေး လေမှာ လွင့်သလို တိုက်ခန်းမှ လွင့်ထွက်၍ သွားလေတော့သတည်း ။

ထိုနေ့ မွန်းလွဲအချိန် မြင်းပွဲ၌ လှည့်လည်၍ နေလေ၏ ။ စုဝေးလျက် စကားပြောနေကြသူများ၏ အနီးကို ကပ်ကာ စနည်းနာ၏ ။ ‘ ကြော့မြိုင် ’ ၏ အကြောင်းကို အနည်းငယ်သာ ပြောကြလျက် ‘ တိုက်ပြုတ် ’ ခေါ် မြင်းနှင့် ‘ ချွတ်ချုံ ’ ခေါ် မြင်းနှစ်ကောင် အကြောင်းကို အားကြီး ပြောနေကြသည်ကို ကြားရလေ၏ ။

တစ်ခုသာ နေရာ၌ကား လူကွကွ တစ်ယောက်က “ ဘယ်သူဘယ်ဝါ မြင်းပွဲအကြောင်း သိတယ်ဆိုတာ ကျုပ် အိပ်နေတာလောက် ရှိတယ် ။ အက်ဒွက်ဘုရင် ကော်ရော်နေရှင် ဘိသိက်ပွဲတုန်းက စပြီး ဂျော်ကီ လုပ်လာတာ ။ အခုမှ ကြီးလို့ မစီးတာ ။ သုံးနာရီပွဲမှာ ဘယ် မြင်းလဲ ဆိုတာ အထူးမေးမနေနဲ့ ။ သိချင်ရင် ဟောဒီမှာ ရှိတယ် ။ အခုတော့ သုံးကျပ် မမှန်ရင် စိန် ၊ ပိုက်ဆံပြန်ပေးမယ် ။ နိုင်ရင်သာ မမေ့ပါနဲ့  ( ၃ိ ) ပဲ ” ဟု ပြောကာ စက္ကူ အိတ်စစိမ်းကလေးကို ကိုင်မြှောက်ကာ ပြ၍နေရာ ဝိုင်း၍ နေသူများသည် စကားတစ်လုံးမျှ မပြောဘဲ ၎င်းကို ကြည့်၍ နေကြလေ၏ ။ ခင်မြိုင်လည်း တစ်မိနစ်မျှ ကြည့်ပြီး ငွေ ( ၃ ) ကျပ်ကို ထုတ်၍ ပေးပြီး အထုပ်ကို ယူ၍ ဖွင့်ကြည့်ရာ ‘ ကြော့မြိုင် ’ ဟု ရေးထားသည်ကို တွေ့ရလေ၏ ။ ရောင်းသူက ပြုံးလျက် “ မမှန်ရင် ကျုပ်တူမ ကလော်ဆဲပါ ” ဟု ပြောလွှတ်လိုက်လေ၏ ။ ခင်မြိုင်သည် တိုးဝှေ့၍ လက်မှတ်ယူရမှာအတွက် အတော်ကလေး ခက်သဖြင့် ယောင်ပေပေ လုပ်၍နေရာ ယောက်ျားပျို တစ်ယောက်က အနားကို ကပ်ပြီး “ ဘာလောင်းမလို့လဲ ၊ ကြော့မြိုင် မဟုတ်လား ” ဟု ပြောလေ၏ ။

“ ဟုတ်ကဲ့ ၊ ကြော့မြိုင် လောင်းမလို့ နေရာကျပါ့မလား ” ဟု ခင်မြိုင်က မေးပြီး ( ၃ ) ကျပ် ကုန်ကျိုးနပ်ပုံပဲဟု တွေးမိလေ၏ ။ ၎င်းယောက်ျားပျိုကလေး အဘယ်အတွက် မိမိအား ဘုမသိဘမသိ လာ၍ ပြောပါလိမ့်မလဲဟု တွေးတော၍ မရနိုင်အောင် ရှိလေ၏ ။

“ စိတ်ချ ၊ လောင်းမလို့လား ။ ပေးလေ ၊ မိန်းမကလေးပဲ လူထဲ တိုးဝှေ့ မနေပါနဲ့ ။ ကျွန်တော့်ကိုသာ မမေ့ပါနဲ့ ။ လာလာ ယူပေးမယ် ” ဟု ထက်သန် ရိုးသားစွာ ပြောလေရာ ငါ့ကို ရှူးဝါးတစ်ကောင် ပေးသေးတာပဲ ။ နိုင်ရင် ဆုကလေး ဘာကလေး လိုချင်လို့ ထင်ပါရဲ့ ဟု အောက်မေ့လျက် လက်၌ လွယ်လွယ်ရှိသော စက္ကူကို ပေးလိုက်လေ၏ ။

ထိုအခါ သုံးနာရီပွဲ နီး၍နေသဖြင် မိမိကိုယ်တိုင် လက်မှတ်ယူလျှင် ကြန့်ကြာ၍ နေမည်ကိုလည်း စိုးသောကြောင့် ပေးလိုက်ခြင်း ဖြစ်လေ၏ ။ ယောက်ျားပျိုကလေးသည် လူစုများထဲကို တိုးဝင်၍ ပျောက်သွားလေ ၏ ။ ခင်မြိုင်မှာ ၎င်းကိုလည်း လှမ်း၍ ကြည့်၏ ။ နာရီကိုလည်း ကြည့်လေ၏ ။ လူစုလူဝေးကြီးကလည်း လှိုင်းရိုက် သလို ဖြစ်၍ နေသဖြင့် မီမှ မီပါ့မလားဟု တထိတ်ထိတ် ဖြစ်၍ နေလေသတည်း ။

သို့ တထိတ်ထိတ်ဖြစ်၍ နေရာ သူငယ်ကလေး ပြေး၍ လာသည်ကို မြင်ရသဖြင့် “ ဟဲ့ ... လာပါဟဲ့ ၊ ရရဲ့လား ” ဟု မေးခိုက်တွင် လူသံတွေ ဆူညံ၍ သွားလေ၏ ။ ထိုအခိုက် သူငယ်ကလေး ရောက်၍လာပြီး လက်မှတ်ကို ပေးရာ ခင်မြိုင်သည် လှမ်းယူ၍ လက်မှတ်ကို ဆုပ်ထားရင်း ပြေးပွဲကိုသာ အာရုံစိုက်၍ နေလေ၏ ။ ‘ ကြော့မြိုင် ကြော့မြိုင် ’  ဟု အော်သော အသံများကို ကြားရလေ၏ ။ အသံသည် တိုး၍ကျယ်လေ၏ ။ အတန်ကြာ မှ ငြိမ်၍ သွားလေရာ ‘ ကြော့မြိုင် ရှုံးပါပြီ ’  ဟု ခင်မြိုင်၏ စိတ်၌ အောက်မေ့ကာ အားလျော့၍ သွားလေ၏ ။

လက်၌ရှိသော စက္ကူကလေးမှာ ကြေလုခမန်းဖြစ်အောင် စိတ်ပျက်ပျက်နှင့် ကိုင်ဆုပ်ရင်း ခြေလေ၏ ။

အတန်ကြာ ဆိတ်ငြိမ်၍နေပြီးမှ အနားက လူတစ်ယောက်အား “ ဘယ်မြင်းနိုင်သလဲ ” ဟု မေးရာ ကြော့မြိုင်လေဟု ပြောသဖြင့် ခင်မြိုင်မှာ မွှန်၍ သွားလေ၏ ။ ထိုလူက ခင်မြိုင့်အား “ ကြော့မြိုင်ကို လောင်း သလား ” ဟု မေးရာ မှန်ကြောင်း ပြန်၍ပြောလေလျှင် “ ဟယ် ... ဒီလိုဖြင့် ကော်တာပဲ ၊ လာ လာ ။ သွား ငွေထုတ် ၊ ငါးကျပ်လား ၊ တစ်ဆယ်လား ”

“ တစ်ဆယ် ”

“ ဟင် ... ဒီလိုဖြင့် တစ်ထောင်ထက် နည်းမှာ မဟုတ်ဘူး ။ သွား သွား ” ဟု ပြောရင်း ထိုလူကိုယ်တိုင် လိုက်၍ လာလေ၏ ။

မကြာမီ တိုးဝှေ့၍နေသော နေရာသို့ ရောက်လေရာ ချက်ချင်းတိုး၍ မဝင်နိုင်သောကြောင့် ခေတ္တရပ်၍ စောင့်နေခိုက်တွင် “ ထောင်ရောင်နေ ” ဂျာနယ်တိုက်ရှင်ကို မနီးမဝေး နေရာတစ်ခု၌ မြင်သဖြင့် ခင်မြိုင်သည် ကွယ်ထောင့်ရာသို့ ရွှေ့၍ စောင်းနေလေ၏ ။ ထိုအခိုက်တွင် တိုက်ရှင်သူဌေး ကွယ်ပျောက်သွားသဖြင့် သွား၍ ယူရန် လက်မှတ်ကလေးကို ကြည့်လိုက်လေရာ လက်မှတ်မှာ စက္ကူစကလေးမျှ ဖြစ်လျက် တစ်စုံတစ်ရာ စာဂဏန်း အမှတ်အသား မပါမရှိသည်ကို တွေ့ရလေလျှင် ခင်မြိုင် မှာ ကြက်သေသေ၍ နေလေ၏ ။ ငွေကူညီထုတ်ပေးလို သောသူမှာ တောင်မြောက်လေးပါး ကြည့်၍ နေလေ၏ ။ ခင်မြိုင်သည် ၎င်းလူ မြင်မှာ စိုးသောကြောင့် တစ်ဖန် ကျောခိုင်း၍နေရာမှ ခြေဦးတည့်ရာသို့ စိတ်ပျက်ပျက်နှင့် လျှောက်၍ သွားလေတော့သတည်း ။

နောက် တနင်္လာနေ့၌ ခင်မြိုင်သည် ရွှင်လန်းသာယာသော မျက်နှာနှင့် ပေါ့ပါးစွာ အလုပ်ခန်းထဲသို့ ဝင်၍သွားပြီး လက်ကိုင်ပဝါနှင့် ထုပ်၍ထားသော အထုပ်ကို မောင်မြစ်၏ ရှေ့၌ ချကာ ဖြေ၍ပြလေ၏ ။

“ ဒါ ဘာလဲ ”

“ ကိုကို အစုစပ်ဝင်ဖို့ ငွေတစ်ထောင် လိုတယ်ဆို ရေကြည့်လေ ”

“ ဘယ်က ရတာလဲ ”

“ ကြော့မြိုင်လေ ၊ ကိုကို့ညီပေးတဲ့ တစ်ပဲ ”

“ အလို ခင် မြင်းပွဲသွားတာပေါ့လေ ”

“ သွားလို့ နိုင်လာရင် ပြီးရော မဟုတ်လား ”

“ ဒီလိုဖြင့် ခင့်ငွေပေါ့ ။ ခင့်ငွေဖြင့် ဘာလုပ်မလဲ ”

“ ခင်က ကိုကိုအတွက် ရည်စူးပြီး လောင်းလို့ရတာ ။ ကိုကိုပါတနာ ဖြစ်စေချင်လို့ ၊ ပြီးတော့လည်း ခင့်ငွေ မဟုတ်ပါဘူး ။ ကိုကို့ငွေပါ ”

“ ကိုကို ဘယ်တုန်းက ခင့်ကို ပေးလို့လဲ ။ မညာပါနဲ့ ။ ယူသွား ၊ ကိုကို မလိုချင်ဘူး ”

“ ကိုကို မမှတ်မိဘူးလား ။ တစ်နေ့က ဒီမင်နှိပ်ပက် အကြားမှာ ခေါက်ပြီး ထိုးထားတဲ့ ငွေတစ်ဆယ်ဟာ ကိုကို သုံးဖို့ တိုက်ကထုတ်တဲ့ငွေ မဟုတ်ဘူးလား ”

“ ဟင် ... ဒီအကြား ညှပ်ထားတဲ့ ငွေတစ်ဆယ်လား ။ ဒီငွေနဲ့ မြင်းပွဲသွားသလား ”

“ နို့ ဘယ်ငွေနဲ့ သွားတယ် ထင်လို့လဲ ”

“ အဟုတ် ဒီငွေတစ်ဆယ်ကို ဘူကီကို ခင် သွားပြီး ပေးလိုက်တယ်လား ”

“ အဟုတ်ပေါ့ ကိုကိုရဲ့ ၊ မပေးရင် ဒီငွေတစ်ထောင် ဘယ်ကရမလဲ ”

“ အဲဒါ ခွကျတာပဲ ”

“ ဘာ ခွကျတာလဲ ”

“ ဒီငွေတစ်ဆယ်ဟာ မမှန်ဘူး ။ သူဌေးက မသင်္ကာလို့ ဘဏ်တိုက်သွားပေးဖို့ အပ်ထားတာ ”

“ ဪ …. မမှန်ဘူးလား ။ ဒီလိုဖြင့် ခင် ဘာမှ မတတ်နိုင်ဘူး ။ ဘူကီဆိုတဲ့ အကောင်တွေ အင်မတန် ငွေရတယ် ။ တစ်ခါတလေ အလိမ်မိပေမယ့် ဘာမှကိစ္စ မရှိပါဘူး ။ တမင်လိမ်နေတာမှ မဟုတ်ဘဲ ။ ခင်လည်း မသိလို့ လုပ်တာ ”

“ မသိတာတော့ ဟုတ်ပါရဲ့ ။ ငွေတစ်ထောင်တောင် သူ့ဟာ ”

“ အို ... စကားများလိုက်တာ ၊ ရော့ ... ဒီချက်ကို ရေး ၊ သွား သူဌေးကို အခုပေးလိုက် ” ဟု ပြောပြီး ချက်စာအုပ်ကို စားပွဲပေါ်မှ ကောက်ယူ၍ မောင်မြစ်၏ ရှေ့သို့ ထိုး၍ ပေးလေ၏ ။

မောင်မြစ်မှာ ကလောင်တံကို ကိုင်ပြီး စိတ်မနိုင်သဖြင့် “ ဒါ သူများငွေ မဆိုင်ဘူး ၊ မရေးနိုင်ဘူး ”

ခင်မြိုင်သည် ငွေစက္ကူအထုပ်ကို ကပျာကယာ ကောက်ယူပြီး သမံတလင်းပေါ်မှာ စက္ကူတွေကို ပုံပြီးနောက် မောင်မြစ်၏ စားပွဲပေါ်က မီးခြစ်ကိုယူကာ ခြစ်လျက် “ ရေးမလား ၊ မရေးဘူးလား ” ဟု ရှို့တော့မည့် ဟန်နှင့် ပြောလေ၏ ။

“ အေး ... အေး ... ကိုင်း ... ရေးမယ် ၊ ရေးမယ် ” ဟု ပြောပြီး ဘဏ်တိုက်ငွေသွင်းချက်ကို ရေးလိုက်လေ၏ ။

ထို့နောက် ငွေများကို သူဌေးထံသို့ မောင်မြစ် ကိုယ်တိုင် သွား၍ ပို့ပြီး အတန်ကြာသောအခါ ရွှင်ပြုံးသော မျက်နှာနှင့် ပြန်၍ လာသည်ကို အလုပ်သမား စာရေးအားလုံး ကြည့်၍ နေကြလေ၏ ။

ခဏအတွင်း ခင်မြိုင်ကို တိုက်ရှင်က ခေါ်ပြီး မောင်မြစ်ကို ပါတနာအဖြစ် ပေးပြီး၍ ချဲ့သော စာအုပ် ပုံနှိပ်ခြင်းနှင့် မဂ္ဂဇင်း အလုပ်များအတွက် လက်ထောက် အယ်ဒီတာ ဘာသာပြန်ဆရာ တစ်ယောက် ထပ်ငှားဖို့ အကြောင်း ၊ ခင်မြိုင်မှာ တိုးချဲ့သောဌာန၌ အယ်ဒီတာ ခန့်ကြောင်း ပြောလေ၏ ။ ထိုအခိုက် မောင်မြစ် ပြန်၍ ဝင်လာရာ ခင်မြိုင်က မောင်မြစ်အား ပါတနာဖြစ်သည့် အတွက် ဝမ်းသာကြောင်း ပြောလေ၏ ။

သူဌေး ။  ။ “ ဒါထက် မနေ့က မမြိုင်ကို မြင်းပွဲမှာ မြင်မိသလားလို့ ၊ ဟိုနေ့က ပေးတဲ့ အလုပ်တွေ ပြီးရဲ့လား ”

“ အလုပ်တွေ အတော်များတာပဲ ဦးရဲ့ ။ ဦးက အပြီး လုပ်ရမယ်ဆိုလို့ ကျွန်မ … ”

မြစ် ။  ။ “ မမြိုင် မနေ့က တော်တော် ပင်ပန်းသွားတာပဲ ။ ဘာသာပြန်ပြီးတဲ့ စာတွေတောင် အံဆွဲထဲ ထည့်မသွားနိုင်ဘူး ။ ဒါနဲ့ ကျွန်တော် သိမ်းထားလိုက်ရတယ် ။ ပြီးကုန်ပါပကော ။ ဘာသာပြန် တယ်မြန်ပါကလား ”

“ ဪ …. ပြီးသလား ၊ ဒီလိုဖြင့် မနေ့က မြင်းပွဲ မြင်ခဲ့တာ တူလို့ ထင်ပါရဲ့ ။ ပြီးတာပေါ့လေ ။ အလုပ် တာဝန်ကြီးကြီး ခံယူရသူများမှာ အစမှာ မြင်းပွဲ သွားလို့ မတော်ဘူး ။ မိန်းကလေးလည်း ဖြစ်တယ် ။ ဦးက မြင်မိ သလိုလို ဖြစ်လို့ အံ့သြနေတာပဲ ။ မသွားဘူး ဆိုတာ ဦး ကြားချင်တာပဲ ”

ထိုအခိုက် လူတစ်ယောက် သူဌေးကို တွေ့ဖို့ လာကြောင်း ကု,လားလာ၍ ပြောသဖြင့် သူဌေးက ခေါင်းညိတ်လိုက်ရာ ယောက်ျားပျိုတစ်ယောက် ရောက်၍လာပြီး “ ဒါ ဒီတိုက်က စက္ကူပဲ ။ တံဆိပ်နဲ့ ” ဟု ပြောကာ တစ်ဆယ်တန် ငွေစက္ကူတစ်ချပ်ကို ထုတ်၍ပေးရာ သူဌေးသည် စက္ကူကို ယူ၍ကြည့်လျက် “ အင်း .. အဟုတ်သားပဲ ။ ဪ ... တစ်နေ့က မသင်္ကာလို့ ဘဏ်တိုက် သွားပြဖို့ ဦးပေးထားတဲ့ စက္ကူပါကလား ။ မောင်မြစ် မြင်းပွဲကို သွားသလား ” ဟု မေးလေ၏ ။

“ ကျွန်တော် မသွားပါဘူး ”

သူငယ် ။  ။ “ တစ်ယောက်ယောက် သွားလို့ပေါ့ ။ ဒီတိုက်က စက္ကူပဲ ။ ကျွန်တော်က ဘူကီဂျုန်းစာရေးပါ ။ ဗိုလ်က ဂတ်တိုင်မလို့ ကျွန်တော်က ထောင်ရောင်နေတိုက်က ဖြစ်ရင် ရော်လိုက်တဲ့ ငွေတစ်ထောင် ပြန်တောင်းရင် ရပါတယ် ။ မတိုင်ပါနဲ့လို့ မနည်း တောင်းပန်ရတယ် ”

မြိုင် “ မင်း ဘာလဲ ၊ လောင်းပေးမယ် ဆိုပြီး ငါ့လက်ထဲက ယူသွားပြီး လောင်းမပေးဘဲ ထွက်ပြေးတာ မဟုတ်လား ။ လူလိမ် ဦးရဲ့ ၊ မြင်းပွဲနဲ့ သူ ဘာမှ မပတ်သက်ဘူး ” ဟု ဒေါပါပါပြောလေရာ ယောက်ျားပျိုသည် ခင်မြိုင်ကို သေသေချာချာကြည့်ပြီး ထိတ်လန့်လျက် ထွက်ပြေးလေ၏ ။

သူဌေး “ နို့ မမြိုင် မသွားဘူးဆို ”

“ ဦး ထုတ်ပစ်ရင်လည်း ခံရမှာပဲ ။ တစ်ကောင်း ရတာနဲ့ ကိုကိုမြစ် ငွေ မှတ်လို့ ကျွန်မ ခဏရယ်လို့ ယူသွားပါတယ် ။ ဒီအကောင် လိမ်သွားလို့ ကျွန်မ ငွေနဲ့ တခြား မြင်းကို ထပ်လောင်းလို့ နိုင်လာတာပါ ။ ပထမမြင်းကို မမှီလိုက်ဘူး ။ ဒါလည်း တစ်နည်းအားဖြင့်တော့ သူ့ ကျေးဇူးကျနေပါတယ် ။ ကျွန်မ သူ့ကို ခြောက်လိုက်မိတာ မှားသွားတယ် ။ သနားစရာ မရှိရှာလို့ လုပ်ရတာ ထင်ပါရဲ့ ”

“ မောင်မြစ် မသိဘူးလား ”

“ ကိုကိုမြစ် ဘာမှ မသိပါဘူး ။ ကျွန်မ စောစောပြန်ပြီး အလုပ်ပြီးမှ အိမ်ပြန်ပါတယ် ”

“ ဟင် ... တယ်မြန်ပါကလား ၊ လိမ်ပုံလည်း ဣန္ဒြေရပါရဲ့ ။ နိုင်မြင်းကိုလည်း တွေ့အောင် ရှာတတ်ပါပေတယ် ။ အလုပ်ကို တော်တော်နိုင်လို့ အခုလို တတ်နိုင်တာပဲ ။ မမြိုင်ကို ထုတ်ဖို့ရန်အတွက် လူစားရဖို့ ခက်နေတယ် ။ သည့်အတွက် မထုတ်နိုင်ဘူး ”

“ မထုတ်ရင် ကျေးဇူးတင်ပါတယ် ဦးရဲ့ ။ နောက် ကျွန်မ မသွားပါဘူး ” ဟု ပြောလေရာ သူဌေးမှာ များစွာ ကျေနပ်လျက် ပြုံးပြီး “ ဘယ်မြင်းလဲ ” ဟု မေးရာ ကြော့မြိုင် ဖြစ်ကြောင်း ပြောလေလျှင် တိုက်ရှင်က “ နောက် ဒီလို အပေါက်ကောင်း တွေ့ရင် မမေ့နဲ့ ” ဟု ပြောလိုက်လေ၏ ။

နှစ်ယောက်သား ရယ်မောကြလျက် အလုပ်စားပွဲသို့ ရောက်လေရာ မြိုင်က “ ကိုကို ကျွန်မ စာတွေကို ဘာသာပြန်ပေးတာ သိပ်ကျေးဇူးတင်တာပဲ ” ဟု ပြောလေ၏ ။

“ ခင့် ဘဏ်တိုက်က ငွေတစ်ထောင် ထုတ်ပြီး ကိုကို ပါတနာ ဖြစ်အောင် လုပ်ပေးတာလည်း သိပ်ကျေးဇူးတင် တာပဲ ” ဟု မောင်မြစ်က ပြောလေ၏ ။

“ ဟင် ... ကိုကို ဘယ်နှယ်သိသလဲ ”

“ ကြော့မြိုင်ကို မလောင်းရလို့ တခြားမြင်းကို လောင်းတယ်ဆိုတာ မဟုတ်လို့ပေါ့ ။ ခင် ဒီအတိုင်း ပထမလောင်းဖို့သွားတာ လူလိမ်နဲ့ တွေ့လို့ မလောင်းရဘူးဆို ။ ငွေတစ်ထောင် လျော်တဲ့ မြင်းလည်း ကြော့မြိုင်ပဲ ရှိတာပဲ ။ ကိုကို ဒါလောက်တော့ သိပါတယ် ”

“ သိရင် မဆူနဲ့ ။ အေးအေးနေ ၊ နောက်ဆုံးကျတော့ ကိုကိုဖြစ်ရင် ခင်ဖြစ်တာပဲ မဟုတ်ဘူးလား ။ ဘာမှ ကျေးဇူးတင်ဖို့ မရှိပါဘူး ”

“ ခင် အင်မတန် တတ်နိုင်တယ် ။ နောင် အတူတူ နေတဲ့အခါကျတော့မှ တတ်နိုင်သလောက် ကိုကို့ကို နှပ်ပြီး ချာလပတ်လည်အောင် တစ်ပတ်နှစ်ပတ် အပတ်ပေါင်းများစွာ အခါခါ ရိုက်ရိုက်နေမှာကိုသာ ကိုကို စိုးတာပါပဲ ”

ခင်မြိုင်သည် မောင်မြစ်ကို ကြည့်လျက် စဉ်းစားပြီး “ ယောက်ျားများဟာ အစမှာတော့ ဒီလိုပဲ နောင်ခါကျတော့သာ ခက်တာပဲ ” ဟု ပြောလေ၏ ။

▢  ပီမိုးနင်း
📖 သူရိယ မဂ္ဂဇင်း
      အတွဲ ၁၇ ၊ အမှတ် ၈
      အောက်တိုဘာ ၊ ၁၉၃၃ 

No comments:

Post a Comment