Monday, June 15, 2026

စောရစိတ်ကောင်း

❝ စောရစိတ်ကောင်း ❞
         ( ပီမိုးနင်း )

အခန်း ( ၁ )

“ စိန်စိန်နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်လို သဘောမျိုး အကြံမျိုးပဲရှိရှိ မင်း သည်ကနေ့က စပြီး ဖျောက်ပစ်လိုက်ပါ ။ စိန်စိန်ကို မင်း မရတော့ဘူးလို့ စိတ်ချရင် ကောင်းမှာပဲ ”

ခင်ညွန့်၏ လက်သီးများသည် အရေပြားကုပ်ပါ အရိုးပြောင်ပြောင်ငေါ၍ ထွက်တော့မည့်အလား တင်းမာ၍ သွားလေ၏ ။

ဘဂျမ်းသည် ခင်ညွန့်၏ လက်သီးကို ပြုံးလျက် မလေးမစားကြည့်ပြီး-

“ မင်း လက်သီး ဆုပ်နိုင်သလောက် အစွမ်းကုန် ဆုပ်ပေမဲ့ ငါ အရေးမကြီးဘူးကွ ။ ငါက အထူးအာဏာရသူကြီး ၊ မင်းလို လူတစ်ယောက်ကို ငါ နှိပ်စက်ချင်ရင် အလွယ်ကလေးရယ် ၊ ရာဇဝင်မှာ စာတင်ဖို့ လိုတာပဲ ။ မင်းလို ထောင်ထွက် တစ်ယောက်နဲ့ ငါ လက်ဝှေ့လည်း ပြိုင်မထိုးဘူး ။ နပန်းလည်း မလုံးဘူး သိရဲ့ မဟုတ်လား ”

ခင်ညွန့်သည် သူကြီးဘဂျမ်း၏ မျက်နှာကို စိုက်ကာ ကြည့်ပြီး ဦးခေါင်းကို ငုံ့ကာ လက်နှစ်ဖက်ကို နောက်ပစ်ပြီး မြေကြီးကို ခြေနှင့်ရှပ်တိုက်၍ နေလေ၏ ။

မျက်နှာမှာ နီမြန်းလျက် မသက်မသာ နာသာခံခက် ဖြစ်၍နေလေ၏ ။

မခံချင်သော်လည်း တစ်စုံတစ်ရာ ပြန်၍ မလုပ်နိုင်ပေ ။ မိမိ အရေးနိမ့်ကြောင်း ၊ ဘဂျမ်း သေသေချာချာ အနိုင်ကျင့်တော့မည် ဖြစ်ကြောင်း သိလေ၏ ။ ဘဂျမ်းကို ခြေဖဝါး အောက်၌ မှုန့်မှုန့်ညက်ညက် ကြေအောင် လုပ်ချင်၏ ။ လုပ်မည်ဆိုလျှင်လည်း လုပ်နိုင်၏ ။ လုပ်ရဲသော သတ္တိလည်း ရှိ၏ ။ သို့သော်လည်း ဘဝသစ် ပြောင်းပြီး ငါ လူကောင်း လုပ်တော့မည် ဟူသော စိတ်ကို ထားပြီး ရွာကို ပြန်လာသည်မှာ တစ်လမျှ မပြည့်သေးပေ ။ ခင်ညွန့် သည် လုပ်မယ် ဆိုလျှင်လည်း လုပ်သူ ၊ မလုပ်ဘူးဆိုလျှင် မလုပ်သူ ဖြစ်၍ အဓိဋ္ဌာန် တစ်ခုကို စိတ်၌ပြုမိလျှင် လွယ်ကူစွာ ပြောင်း၍ ရသူမျိုး မဟုတ်ပေ ။ ဤကဲ့သို့ ဖြစ်မှာကို များစွာ ကြောက်ရွံ့ခဲ့၏ ။ ကြောက်ရွံ့သည့် အတိုင်း ယခု ဖြစ်၍လာ၏ ။ လူသတ္တဝါများမှာ ကံ၏ စီမံ ပြုပြင်ခြင်းသည် လွန်စွာ ထင်ရှားတာပါကလား ။ ငါ ကောင်းကောင်းနေပါတော့မည် ။ စိန်စိန်ကလေး နှင့်တော့ ဝေးရတော့မည် မဟုတ်ဘူး ဟူသော အတွေးနှင့် စိတ်ချလက်ချ ရွာကို ပြန်လာမှ အခုလို နှောင့်ယှက် ဖျက်ဆီးတဲ့ ရန်သူနဲ့ တွေ့ရလေခြင်း ။ လူများဟာ ကောင်းကောင်း နေချင်ပေမဲ့ မနေရပါကလား ၊ လူဟာ မိမိကိုယ်ကို မိမိ အစိုးမရ ။ အကြောင်းအဆက်တွေ လုပ်ကိုင်ရာကို ခံရပါကလား စသည်ဖြင့် တွေး၍ နေလေ၏ ။ မိမိ၏ အဖြစ်အပျက်ကို မည်သူမျှ မသိဟု ခင်ညွန့် မှတ်ထင်ခဲ့၏ ။ စိန်စိန် မှာ သာ၍ပင် မသိဘဲ ရှိနေ၏ဟု ယုံကြည်ခဲ့၏ ။ ယခုမှာကား မိမိ အကြောင်းကို ပို၍ သိသူသည် မိမိ၏ ရန်သူ ဖြစ်၍ နေသည်ကိုသာ တွေ့ရလေ၏ ။

ဘဂျမ်းသည် ခင်ညွန့်၏ အဖြစ်အပျက်ကို အကုန် သိ၏ ။ ၎င်းပိုင်နိုင်တင်းခိုင်လာသော မျက်နှာ ၊ မထီမဲ့မြင် ပြုသော ၎င်း၏ ပြုံးရယ်ပုံများမှာ အခြားအဓိပ္ပာယ် မရှိသင့် ။ အကြောင်းကို ငါ အကုန်သိတယ် ဟူသော အဓိပ္ပာယ်တစ်ခုသာ ရှိလေ၏ ။

သို့သော်လည်း ခင်ညွန့်သည် ဟန်ဆောင်ကာ ၎င်းကို တစ်ပတ်ရိုက်မည်ဟု ကြံလျက် စိတ်ကို တင်းလိုက်၏ ။

“ မင်း ဘာပြောတာလဲ ၊ ငါ နားမလည်ဘူး ” ဟု ခင်ညွန့်က ပြန်၍ပြော၏ ။

ဘဂျမ်းသည် အားရပါးရ ရယ်လိုက်လေ၏ ။ ၎င်း၏ ရယ်မောသောအသံသည် ခင်ညွန့် အသည်းနှလုံးကို ကျားလျှာနှင့် တိုက်သလို ဖြစ်၍ သွားလေ၏ ။

ထို့နောက် တစ်ယောက်မျှ စကားမပြောဘဲ အတန်ကြာ ငြိမ်၍ နေကြ၏ ။

ထို့နောက် ဘဂျမ်းက အနက်အဓိပ္ပာယ် ပါပါကြီး စောင်းချိတ်သည့် အသံနှင့် ပြောလိုက်လေ၏ ။

“ မင်း ခြောက်လရခဲ့တယ် မဟုတ်လား ၊ ပထမ အကြိမ်မို့ ”

“ ဘာ ... ခြောက်လလဲ ”

“ ဒီမှာကွယ့် ခင်ညွန့်ရဲ့ ၊ ငါက ဝါးတဲ့ အကောင်မျိုး မဟုတ်ဘူး ။ ငါ ဘယ်တော့မှ မဝါးဘူး ။ ဘာမဆို အတွေးနဲ့ မလုပ်ဘူး ။ ပြောလည်း မပြောဘူး ။ ခိုင်လုံ စိတ်ချရလို့ ပိုင်မှပြောတာ ။ ငါက ကျားလိုအကောင် ၊ မမိလောက်ရင် မလုပ်ဘူး ။ မင်း ဒီရွာကို ပြန်လာတော့ ငါ အေးဆေးပဲ နေမယ်လို့ အောက်မေ့မိတယ် ။ မင်း ဘာဖြစ်ခဲ့ဖြစ်ခဲ့ ငါနဲ့လည်း မဆိုင်ဘူး ။ သည်နောက် မင်းက စိန်စိန်ကို ကြံမှန်းသိတော့ ငါ မနေနိုင်ဘူး ။ သည်နယ်မှာ စိန်စိန်က လွဲလို့ သူကြီးကတော် ဖြစ်လောက်သူ တစ်ယောက်မျှ မရှိဘူး ။ သည့်အတွက် မင်း ဘယ်မှာ ဘယ်လို ဖြစ်ခဲ့တယ်ဆိုတဲ့ သိုးသိုးသန့်သန့် သတင်းကို သေသေချာချာ သိရအောင် နည်းနည်း အားထုတ်ရတာပေါ့ ။ စရိတ်လည်း အတော်အတန် အကုန်ခံလိုက်ရတယ် ။ အခု သိရတာတော့ စရိတ် ကုန်ကျိုး နပ်လောက်ပါတယ် ။ ငါရဲ့ ကိုယ်စားလှယ် စုံထောက်က မင်း ရာဇဝင်ကို သေသေချာချာ ခိုင်ခိုင်လုံလုံ ငါ့လက်ထဲကို လာပြီး ထည့်တယ် ။ မင်း သည်ရွာက ထွက်သွားတာ သုံးနှစ်ကြာတယ် မဟုတ်လား ။ ဒုတိယနှစ်မှာ မင်း ဘယ်အပြစ် ရောက်တယ် ဆိုတာ မင်း အရ ငြင်းမလား ။ တတိယနှစ်မှာ အိမ်ဖောက်ထွင်းမှု နဲ့ ခြောက်လကျတယ် မဟုတ်လား ။ စိန်စိန်က မျိုးကောင်းဆွေကောင်း ။ တေလေကြမ်းပိုး သူခိုးထောင်ထွက်မှန်း သိရင် မင်းကို စကားလက်မခံဘူး ဆိုတာ ငါ သိတယ် ။ ကိုင်း ... ဘာပြောစရာ ရှိသေးသလဲ ။ ပြောစမ်းပါဦးလေ ”

ဘဂျမ်းသည်ကား ကျေနပ်သော အမူအရာနှင့် အနီးရှိ သစ်တုံးပေါ်မှာ ထိုင်လျက် ဒူးကိုလှုပ်ကာ ဦးခေါင်းကို စောင်းလျက် မိမိ၏ လက်မမှ လက်သည်းကို ကိုက်၍ နေလေ၏ ။ သေးငယ်သော တင်းခိုင်ပါးလျှပ် ရက်စက်သော နှုတ်ခမ်းများသည်ကား လေးကိုင်းပမာ အောက်ကို ကိုင်းလျက် ပြုံးမလိုလို ရှိသော်လည်း သေးငယ်သော မြွေမျက်လုံးများမှာ ရန်လိုသောစိတ်နှင့် တလက်လက် လက်နေလေ၏ ။

ခင်ညွန့် အကျဉ်းခံခဲ့ရဖူးသည်ကား မှန်၏ ။ ထို မှန်ကန်သော အဖြစ်အပျက်မှာ ကြားရတိုင်း စိတ်ထဲ၌ မသက်မသာ ဖြစ်လောက်သော အကြောင်းအရာ ဖြစ်လေ၏ ။ ၎င်းတို့ နှစ်ယောက်တည်း ပြော၍ နေကြသဖြင့် အပါး၌ အခြားမည်သူမျှ မရှိသောကြောင့် ထို အဖြစ်အပျက်နှင့် ပတ်သက်၍ မည်သူမျှ မကြားရသော်လည်း ဘဂျမ်းမှာ ကျောထဲ၌ စိမ့်၍ သွားလေ၏ ။ သူခိုး ထောင်ထွက် ဟူသော နာမည်သည် လွန်စွာမှ ဆိုးသွမ်း ပါကလား ၊ ဓားပြမှု ၊ လူသ,တ်မှုက တော်ပါသေးကလား စသည်ဖြင့် တွေးလေ၏ ။ လွန်ခဲ့သော တစ်နှစ်အခါ လောက်က ဖြစ်ချေက ဤမျှလောက် ဝန်လေးဖို့ မရှိခဲ့ပေ ။ အကြောင်းမူကား ထိုအခါ၌ စိန်စိန်နှင့် မချစ်မကြိုက်ရသေးပေ ။

ယခု ကြားရာ၌ မခံမရပ်နိုင်အောင် ဖြစ်ခြင်းမှာ စိန်စိန်အတွက် ဖြစ်၏ ။ တစ်နေ့သ၌ မြို့သို့ ရုပ်ရှင်ကြည့် သွားရာ၌ စိန်စိန်နှင့်အတူ အဖော်များ နောက်၌ ချန်ကာ တောလမ်းကြား၌ လက်ချင်းဆက်၍ လာခဲ့ရာ လသာသာ မှောင်မိုက်ထဲမှာ အဘယ်ပုံ စခန်းသွားခဲ့ရသည့် အကြောင်းကို ပြန်၍ ထင်မြင်မိလေ၏ ။

“ ကိုခင်ညွန့် ၊ ဒီရွာက ဘယ်ကိုမျှ မသွားနဲ့တော့နော် ။ မသွားရဘူး ။ စိန်စိန် အခွင့်မပေးဘူး ။ ရှင်ဟာ လူလေလူလွင့်လို့ ပြောတယ် ။ ကိုယ့်ရပ်ကိုယ့်ရွာမှာ မပျော်ဘူး ။ အခြားရပ်ရွာမှာ ပျော်တယ်လို့ ပြောကြတယ် ။ အခု စိန်စိန် ရှိရက်နဲ့ တခြားကို သွားချင်သေးသလား ။ မသွားတော့ဘူးလို့ စိတ်ချလိုက်ပါ ” စသည်ဖြင့် မျက်နှာချင်းကပ် ရင်ချင်းအပ်ကာ မပြတ်မလပ် မရပ်မနား စိတ်အားထက်သန်စွာ ပြောသည့် စကားများကို ခင်ညွန့် ပြန်၍ ကြားရ၏ ။

ထိုအခါ၌လည်း “ မသွားပါဘူး ၊ စိတ်ချပါ ” ဟု စိန်စိန်ကို ကတိထားလိုက်၏ ။

ယခုသည်ကား မိမိရှေ့၌ သစ်တုံးပေါ်မှာ ထိုင်၍ နေသော ကြမ္မာကောင်ကြီးက အတင်း နှင်၍ နေ၏ ။ သူ၏ ပိုင်နက်နယ်မှာ သူ နှိပ်စက်ချင်သလို ဖြစ်မည်ကို ခင်ညွန့် သိ၏ ။ အကြောင်းမူကား ရာဇဝတ်ပြစ်မှု တစ်ခါ ခံရသူမှာ ဥပဒေပုဒ်မ၏ နှိပ်စက်ခြင်းကို ခံရဖို့ရန် လွန်စွာမှ လွယ်ကူလေ၏ ။

ထို့ပြင် ထောင်ကျခဲ့ကြောင်း ရွာက သိသောအခါ မိမိ အဘယ်ပုံဖြစ်မည်ကို စဉ်းစားလေ၏ ။ တစ်နေ့သည် ထိုသတင်းဟာ ဧကန် ပျံ့နှံ့၍ သွားမှာပဲ ။ ဘဂျမ်းက ရွာထဲ လှည့်ပြီး တောင်ပြောမြောက်ပြော ပြောရင် ဘယ်နှယ့် လုပ်မလဲ စသည်ဖြင့် တွေးလေ၏ ။

“ ထောင်နန်းစံ ထောင်နန်းစံ ” ဟု ဘဂျမ်းက မိမိ ဘာသာ တိုးတိုးပြောလေ၏ ။

ခင်ညွန့်သည် ဘဂျမ်းကို သက်ဆုံးစီရင်လိုသော မျက်နှာထားနှင့် ကြည့်လေ၏ ။ ဘဂျမ်းသည် သူတစ်ပါးကို နှိပ်စက်ခြင်း၏ အရသာခံစားသူ၏ အသွင် ရှိလေ၏ ။ ၎င်း၏ မျက်လုံးများမှာ ဝမ်းမြောက်ရွှင်လန်း တစ်ဖက်သား စိတ်မချမ်းမသာ ဖြစ်သည်ကို ကြည်နူး သဘောကျသော အမူအရာနှင့် ဝင်းဝင်းတောက်၍ နေ လေ၏ ။

၎င်းမျက်နှာကို မြင်ရတိုင်း ခင်ညွန့်၏ အချစ်လမ်း ကလေးမှာ တောင်ပြို၍ ပိသလို မချိမဆံ့ နာကျင်ဖွယ်ရာ ဖြစ်လေ၏ ။ ဘဂျမ်းသည် ချမ်းသာပေးမည် မဟုတ်ရာ ။ မုန်းထားသူ အချို့ကို ထိပ်ထဲ၌ ထည့်ကာ တင်း၍ ကောင်းတိုင်း တင်းစေလျက် ရွှင်ရွှင်ပြုံးပြုံးကြည့်ရင်း ထမင်းစားသည်များကို မိမိ မြင်ဖူးလေ၏ ။

မိမိကိုလည်း ဤယခုအရေး၌ အဘယ်နည်းနှင့်မျှ ချမ်းသာပေးမည် မဟုတ်ကြောင်း သိလေ၏ ။

“ ခင်ဗျား ဘယ့်နှယ် လုပ်ချင်သလဲ ” ဟု ခင်ညွန့်က သွေ့ခြောက်သော အသံနှင့် ပြောလေ၏ ။ အသံမှာ ဂရုမစိုက်ဟန် ဆောင်သော်လည်း ဂရုမစိုက်ဘဲ မနေနိုင်သည့် အမူအရာမှာ သေသေချာချာ ထင်ရှားလေ၏ ။

“ ငါ ဘာမှ သွယ်ဝိုက်နေဖို့ မရှိဘူး ။ အရင်က မင်း ဘယ်လိုလူ ၊ ဘယ်ဟာ ဘာလုပ်တယ်ဆိုတာ ငါ့ အရေး မဟုတ်ဘူး ။ မင်း ဘယ်မှာနေတယ် ဆိုတာ လည်း ငါနဲ့ မဆိုင်ဘူး ။ သို့သော်လည်း စိန်စိန်လို အမျိုးကောင်းသမီးလေး တစ်ယောက်ဟာ မင်းလို တေလေနဲ့ ဖြစ်ပျက်တော့မယ့် အခြေအနေကို သိမြင်ရတဲ့အခါ အေးအေးနေလို့ မဖြစ်ဘူး ။ နည်းနည်း ဂရုစိုက်ဦးမှပဲ ဆိုပြီး ထလာခဲ့တာပဲ ”

ခင်ညွန့်သည် ဘဂျမ်း၏ လက်ကို အတင်းကိုင်ကာ ဆွဲ၍ ယမ်းလိုက်လေ၏ ။

ခင်ညွန့်၏ အားသည် ကျားကိုးစီးကို နိုင်လောက်သည်ဟု မှတ်ထင်ရလောက်အောင် ဒေါဟုန်ကြွ၍ လာလေ၏ ။ ထို့နောက် စက္ကန့်အနည်းငယ် အတွင်း လက်ချောင်းများ ပြေလျက် ဘဂျမ်း၏ လက်ကို လွှတ်လိုက်ရလေ၏ ။

“ လွှတ် .. မင်း ထောင်လက် ငါ့ကို မထိစေနဲ့ ” ဟု ဘဂျမ်းက တင်းမာသော အာဏာသံနှင့် ပြောလိုက်လေ၏ ။ ထိုအသံမှာ မိမိက နိုင်ကြောင်း သိသိသာသာ ပြသောအသံ ဖြစ်လေ၏ ။ ခင်ညွန့်သည် နောက်ကို ဆုတ်ခွာ၍ ရပ်လေ၏ ။ ဘဂျမ်းသည် ရှုတ်ချသော အမူအရာ နှင့် ခင်ညွန့်ကို ကြည့်၍ နေလေ၏ ။ ထိုအတွင်း အတန်ကြာ ဆိတ်ငြိမ်၍ နေကြလေ၏ ။

ထို့နောက် ဘဂျမ်းက ဆက်ကာဆက်ကာ “ မင်း ဒီလို လုပ်တာဟာ ငါ့ကို အပြီးသတ် ဆုံးဖြတ်ချက်ချအောင် လုပ်တာပဲ ။ ဒီဆုံးဖြတ်ချက်ဟာ တခြား မဟုတ်ဘူး ။ မင်း သည်ရွာက မြန်မြန်ထွက်ပြီးတော့မှ ပြန်မလာရဘူး ဆိုတဲ့ အမိန့်ကို ပေးဖို့ ငါ အပြီး စိတ်ကို ပိုင်းလိုက်ပြီ ”

ခင်ညွန့်သည် အံ့အားသင့်သော အမူအရာနှင့် ၎င်း၏ မျက်နှာကို စိုက်ကာ ကြည့်၍ နေလေ၏ ။

“ ခင်ဗျားက ဘာမို့ ကျုပ်ကို နှင်နိုင်သလဲ ။ ကျုပ် အခု လူကောင်း လုပ်ပြီး ဟိုဘက် ချောင်းကမ်းဘေးမှာ ဆေးကိုင်းအလုပ်ကို အတည်တကျ လုပ်ပြီး နေတော့မယ်လို့ သေသေချာချာ စီမံပြီးနေပြီ ။ ခင်ဗျား နှင်လို့ ဖြစ်နိုင်ပါ့မလား ”

“ မင်း အကြောင်းကို တစ်ရွာလုံး သိပြီးနောက် မသွားဘဲ နေချင်ရင်လည်း နေတာပေါ့ ။ ဒီတော့ ငါနဲ့ မဆိုင်ဘူး ”

“ ခင်ဗျား လျှောက်ပြောမယ်လား ”

“ မင်း မသွားရင် စိန်စိန်ရော ၊ စိန်စိန့်အမျိုးတွေရော တစ်ရွာလုံးရှိသမျှ မင်းကို လူကောင်း ထင်နေတဲ့ လူတွေကိုရော ငါ အကုန် ပြောရမှာပဲ ”

ခင်ညွန့်မှာ မငြိမ်မသက် ဖြစ်၍ နေလေ၏ ။ ဘဂျမ်း၏ ရှေ့၌ မြက်ထဲတွင် ထိုင်ပြီး မြက်များကို ဆွဲလိမ်ကာ နုတ်၍ နေလေ၏ ။ ဘဂျမ်းမှာ တောင်းပန်၍ ရသော လူမျိုး မဟုတ် ။ မညှာမတာ ရက်စက်စိမ်းကားစွာ ပြုတတ်သူမျိုး ဖြစ်ကြောင်း သိလေ၏ ။ သို့ဖြစ်လေရာ ဘယ်ပုံ လုပ်ရမည်ကို စဉ်းစား၍ နေလေ၏ ။

ခင်ညွန့်သည် မိုက်ဆိုလျှင် မိုက်နိုင်၏ ။ ထောင်ကို ကျခဲ့ဖူးသူမှာ ဆက်လက်၍ မိုက်ဖို့ရန် ခက်ခဲခြင်း မရှိတော့ပေ ။

သို့သော်လည်း မိမိကိုယ်ကို အဟောင်းပျက်၍ အသစ်ဖြစ်အောင် လုပ်တော့မည် ။ စိန်စိန် အတွက် ဘဝသစ် ပြောင်းတော့မည်ဟု စိတ်ကို တုံးတုံးချ၍ ထားပြီးစ ဖြစ်လေ၏ ။

အနီးရှိ လမ်းခင်းသော အုတ်ခဲတစ်ခုကို ယူ၍ သူကြီး၏ ဦးဆက်ကို ပေါက်လိုက်ဖို့သာ လို၏ ။ လက်မှာ ယားနေ၍ မိမိ၏ ဘေးပတ်ဝန်းကျင်၌ လက်နက်တစ်ခုခုကို ကြည့်သလို ကြည့်လေ၏ ။

ထို့နောက် စိတ်ကိုလျှော့ကာ “ ကျုပ် သွားရင်ကော ”

“ သွားရင် ပြီးတာပေါ့ ။ ဘယ်အတွက် ဘယ်လို သွားတယ်လို့ပဲ ပြောပြော ။ သွားတာမူလ ။ သွားရင် ပြီးတာပဲ ။ ဘာမှပြောဖို့ မလိုဘူး ။ ပြန်မလာဖို့သာ လိုတာပဲ ” ဟု ပြောပြီး စဉ်းစားဆင်ခြင်သလို လုပ်၍ နေလေ၏ ။ သို့သော်လည်း အဓိပ္ပာယ် မရှိသော စဉ်းစားခြင်း ဖြစ်လေ၏ ။ မိမိကိုယ်တိုင် တရားသူကြီး ၊ မိမိကိုယ်တိုင် ရှေ့နေ ၊ မိမိကိုယ်တိုင် သမာဓိ လုပ်ကာ စီရင်သော ဤ ရက်စက်သော ရုံး၌ စဉ်းစားဟန်ဆောင်ခြင်းသည် မခံချိဖွယ်ရာ လုပ်ခြင်းမျှ ဖြစ်လေ၏ ။ ခင်ညွန့် ဤရွာမှာ မနေရ ။ သွားရမည် ဟူသော စီရင်ချက်ကို အပြီးချပြီး ဖြစ်လေ၏ ။

“ အခုချက်ချင်း သွားစေချင်သလား ”

“ နှစ်ရက်ပေးမယ် ။ နှစ်ရက်ကြာလို့ မသွားရင် မင်း အခု လူကြီးလူကောင်း လုပ်သမျှ အကုန် ပေါ်ရမယ် ။ ပုလိပ်ရာဇဝင်ပါ ရာဇဝတ်ကောင် ဖြစ်ရမယ် ”

ခင်ညွန့်မှာ အရပ်တစ်ပါး၌ မတော်တဆ အဓမ္မ ပြုကျင့်သော လူဆိုးများနှင့် ပေါင်းသင်းမိ၍ ရာဇဝတ် ပြစ်မှုများကို ကျူးလွန်ခဲ့မိ၏ ။ ငွေကြေးဝတ္ထုများလည်း တောအရပ်၌ ရင်းနှီးလုပ်ကိုင် တည်တံ့စွာ နေနိုင်လောက်အောင် ရခဲ့၏ ။ ထောင်မှ လွတ်သောအခါ မိမိ၏ ရပ်ရွာ၌ မိမိ၏ အဖြစ်အပျက်ကို မည်သူမျှ မသိသေးသဖြင့် အခြေတကျ နေတော့မည် ။ လူကောင်း လုပ်တော့မည်ဟု စိတ်ကိုပိုင်းကာ ရပ်ရွာမျိုးချစ်အသင်း၌ အကျိုးဆောင် လုပ်၍နေရာ အများချစ်ခင်လေးစားခြင်းကို ခံရ၏ ။ သစ္စာ သမာဓိဂုဏ်နှင့် ပြည့်စုံသည်ဟု ကျော်ကြားရုံမက အသောက်အစား အပျော်အပါး မရှိသဖြင့် ငွေကြေး ကိုပင် အချို့က အပ်နှံကြလေ၏ ။

သို့ဖြစ်လေရာ ဘဝသစ်ပြောင်း လူကောင်း ဖြစ်တော့မည့်ဆဲဆဲမှာ သူ့အကြောင်းတွေ ပေါ်ပေါက်လျှင် ခင်ညွန့်မှာ မျက်နှာကို သင်တုန်းဓား ထက်ထက်နှင့် လှီး၍သာ ပစ်ဖို့ရှိတော့မည့် အခြေအနေသို့ ရောက်တော့မည်ဖြစ်ရာ ရပ်ရွာကို စွန့်ခွာ၍ သွားဖို့သာ ရှိလေတော့သတည်း ။

ဤနည်းဖြင့် လူကောင်းဘဝသို့ ပြန်၍ ရောက်ရန် စိတ်ကောင်းထားသမျှသည် အကုန်အစင် ပျက်စီး၍ သွားလေတော့သတည်း ။

သို့ဖြစ်လေရာ ခင်ညွန့်သည် ဦးခေါင်းကို ညိတ်ကာ နားထောင်၍သာ နေလေ၏ ။

ထို့နောက် ခင်ညွန့်သည် တစ်စုံတစ်ရာကို ပြောတော့မည်ကဲ့သို့ ပါးစပ်ကို ဟလေ၏ ။ သို့ဟပြီးမှ ထ၍ သွားလေ၏ ။

ထိုနေ့ညနေ ရေဆိပ်မှ တက်၍ လာသော စိန်စိန် နှင့် ရွာပြင်ဘက်မှာ တွေ့လေ၏ ။

“ စိန် ... ငါတော့ နက်ဖြန်ခါ သွားရတော့မယ် ”

“ ဘယ်ကိုလဲ ၊ ဘာဖြစ်လို့လဲ ၊ ဘာကိစ္စရှိသလဲ ကိုခင်ညွန့်ရယ် ”

“ ဘာကိစ္စ ဆိုတာတော့ ပြောလို့ မဖြစ်သေးဘူး ။ ဘယ်လို ဆိုတာတော့ နောက်သိရမှာပဲ ။ ဘာဖြစ်လို့လဲ ဆိုတာတော့ စိန်စိန် အတွက်ပါပဲ ” 

“ စိန် .. ဘာဖြစ်လို့လဲ ”

“ စိန် ... ချမ်းသာဖို့ပါ ”

“ ကိုခင်ညွန့် ဘာစကားကို ပြောတာလဲ ”

“ စိန် သူကြီးကတော် ဖြစ်တော့မယ်လို့ ကြားတယ် ။ သူကြီး ကိုဘဂျမ်းက စိန်နဲ့ သူနဲ့ဟာ သေချာပြီးပြီတဲ့ ။ သည့်အတွက် စိန်တို့မှာ အနှောင့်အယှက်ဖြစ်မှာ စိုးလို့ ပါ ”

“ အို ... မတော်တာပဲ ကိုခင်ညွန့်ရယ် ။ သူကြီး ကိုဘဂျမ်းက စိန်ကို ပိုးတာတော့ မှန်ပါတယ် ။ စိန်က သူ့ကို ယူမယ်လို့ မပြောမိပါလား ”

“ ဒါတော့ ဘယ်သိမလဲကွယ် ။ သူက ပြောတာပဲ ။ ပြီးတော့လည်း သူက သူကြီးကွယ့် ၊ ဂုဏ်နဲ့ အသရေနဲ့ ။ ပစ္စည်းလည်း ရှိတယ် ။ ငါက အခုမှ တခြားမှာ ရှာဖွေရလာတဲ့ ငွေကလေး ထောင့်လေးငါးရာနဲ့ ကိုင်းအလုပ်ကို ဟိုဘက်ကမ်းမှာ လုပ်မယ် ကြံနေတာ ။ သည်တော့ စိန်ဟာ သည်ကထက် သာသူနဲ့ ရရင် ကောင်းစားမှာပဲလို့ အောက်မေ့ပြီး မျက်နှာလွှဲတာပါ ။ မသွားရင် သူက ရန်ရှာမှာကွယ့် ။ သူက အထူးအာဏာရသူကြီး ။ ပြီးတော့လည်း ငါ့အပေါ်မှာ သူ နိုင်လုံး တစ်ခု ရှိထားတယ် ”

“ အို .. မတော်တာပဲ ကိုခင်ညွန့်ရယ် ။ ဘာလုပ်သွားမှာတုံး ” ဟု ပြောကာ ဦးခေါင်းထက်က ရေအိုးကို ချ၍ တောင်ပို့ ပေါ်မှာ တင်လေ၏ ။

ထို့နောက် ဆက်လက် စကားပြောလေ၏ ။

“ သူက ကိုခင်ညွန့် အပေါ်မှာ ဘယ်လို နိုင်လုံးများ ရှိသလဲ ”

“ ဒါတော့ စိန် တဖြည်းဖြည်း သိမှာပေါ့ ။ သိရင်လည်း စိန်ပါ ဒီကို မုန်းမှာပါပဲ ။ မသိသေးလို့ မမုန်းတာပါ ။ မုန်းပြီး ကွဲရတာထက် မမုန်းဘဲ ကွဲရတာက ပိုပြီး ကောင်းပါတယ် ။ စိန်ကို ယနေ့ကစလို့ နှမကလေးလို သဘောထားရမှာပဲ ။ စိန်ကလည်း သည်လိုပဲ သဘောထားနော် ။ သူ့ကို မယူတောင် သည်ကနဲ့တော့ ဖြစ်မှာ မဟုတ်ဘူး ။ စိန် သိရင် ယူမှာ မဟုတ်ဘူး ”

စိန်စိန်သည် စဉ်းစား၍ နေလေ၏ ။

“ ဘာဖြစ်လို့လဲ ၊ စိန် မယုံနိုင်ဘူး ။ ဘာမှ မသိချင်ဘူး ”

“ မသိချင်ပေမဲ့ မနေရဘူး ။ သူက ပြောမှာပဲ ။ ပြောရင် စိန်ဟာ သူ့ကို ကျေးဇူးတောင် တင်မှာ ။ မကောင်းသူ လက်မကျရအောင် ကယ်တယ်လို့ သူကြီး ကိုဘဂျမ်းကို စိန် အများကြီး ကျေးဇူးတင်မှာပဲ ။ ငါက လူကောင်း မဟုတ်ဘူးကွယ့် စိန်ရဲ့ ”

“ ဘယ်သူ ပြောလို့မှ စိန် မယုံဘူး ။ ကိုခင်ညွန့် ကျမ်းရွက် ပြောတာတောင် ကျွန်မ မယုံဘူး ”

“ ဒါက ဇာတ်ဝတ္ထု စကားမျိုးပါ စိန်ရယ် ။ တကယ် ဆိုတော့ ယုံရမှာပေါ့ ။ မယုံဘူး ဆိုလို့ ဘယ့်နှယ် ဖြစ်နိုင်မှာတုံး ”

“ ဒီလိုဖြင့် ကိုခင်ညွန့် ပါးစပ်က အခုပြောပြပါ ”

“ ပြောရင် အခု မုန်းမှာလား ။ စိန် နောင်ခါမှ မုန်းချင်သလို မုန်း ၊ အခု မျက်နှာကို ကြည့်ပြီး မုန်းတာတော့ မခံနိုင်ဘူး ။ ဒါ နှုတ်ဆက်တာပဲ စိန်ရယ် ။ မေ့ပစ်လိုက်ပါ စိန် ။ ခင်ညွန့် ဆိုတဲ့ အကောင် လူ့ပြည်မှာ ရှိတာကို မေ့ပစ်လိုက်ပါ ” ဟု ပြောပြီး ထွက်၍ သွားလေ၏ ။

စိန်စိန်သည် လိုက်၍ ခေါ်ချင်သလိုလို လုပ်ပြီးမှ မလိုက်ဘဲ တောင်ပို့ရင်း၌ ထိုင်ကာ မျက်နှာကို ဒူးနှင့် သုတ်လျက် ရှိုက်ငင်ငိုရစ် ရှာလေသတည်း ။

••••• ••••• ••••• 

အခန်း ( ၂ )

ထိုအခိုက် အဖော်များ ရောက်၍ လာလေ၏ ။

“ ဟဲ့... စိန်စိန် ၊ ဘာဖြစ်တာလဲ ” ဟု မဆောင်းက မေးလေ၏ ။

“ ကျွန်မ မျက်စိထဲ ဘာကောင် ဝင်သလဲ မသိဘူး ။ စပ်လို့ ထိုင်ပြီး ပွတ်နေတယ် ”

“ ပွတ်တာကအေ ရှိုက်ကြီးတငင်နဲ့ ပွတ်ရသလား ညီမရဲ့ ၊ ဘာဖြစ်တာတုံး ”

မအိမ်လုံ ။  ။ “ သိပါတယ်တော့ ၊ ခုတင်က ကိုခင်ညွန့်နဲ့ နှစ်ယောက်သား ရပ်ပြီး စကားပြောနေကြတယ် ။ ကိုခင်ညွန့်လည်း သွားရော ရေအိုးချပြီး ဟောဒီမှာ ထိုင်တာ တွေ့တာပဲ ။ တစ်ယောက်နဲ့ တစ်ယောက် အထင်လွဲပြီ ထင်ပါရဲ့ ”

မညွန့် ။  ။ “ ဟုတ်တယ် ဟုတ်တယ် ၊ သူကြီး ကိုဘဂျမ်းက စိန်စိန်ကို ကြံနေတယ် ။ ဒါကို သိလို့ ထင်ပါကလား ”

မသုံ ။  ။ “ အေး အေး ဟုတ်တယ် ၊ မောင်ခင်ညွန့်က အခုမှ ရွာကို ရောက်လာတာကလား ။ သူကြီး လောက်တော့ မျက်နှာမကြီးရှာပေဘူး ။ သည့်အတွက် မစိန်က သူကြီးနဲ့ မောင်ခင်ညွန့် စပ်ကြား ပဲလဝါမြင် ရယ်ချင်ချင် ၊ အမယ့်မြင် ငိုချင်ချင် ဖြစ်နေတာကို မောင်ခင်ညွန့်ကလေးက ရိပ်မိလို့ တစ်ခုခု ပြောသွား ထင်ပါတယ် ။ မငိုပါနဲ့ ညီမရယ် ။ သမီးရည်းစား ထားတဲ့ အလုပ်ဟာလေ ဘာမဟုတ် ညာမဟုတ်နဲ့ ၊ ဘာလဲ ဟုတ်တာပဲအေ ၊ ညာလည်း ဟုတ်တာပဲဟေ့ ။ အစမှာတော့ မျက်စိတစ်မှိတ် ၊ လျှပ်တစ်ပြက် ။ မျက်စကလေးပစ် ၊ လျှာကလေးထုတ် ၊ ဘာမဟုတ်သလို ၊ ကစားသလို ။ တော်တော်ကြာတော့ ပွဲကြည့်ရာမှာ တင်ပါးချင်း ပွတ်မိ ရောအေ့ ။ တင်ပါးချင်း ပွတ်မိရင်ပဲ ပွတ်ထိချင်လာရော အေ့ ။ အဲသည်နောက် ပွန်းပွန်းတီးတီးတွေ ဖြစ်လာပြီ ဆိုမှဖြင့် ပူစပ်ပူလောင်ကြီးအေ့ ။ ဒါပေမဲ့ မလွှတ်နိုင်ဘူးဟဲ့ ။ ယားနာ ကုတ်ရတာလို သွေးထွက်လောက်အောင် ကောင်းတာပဲ ။ လာလာ ငါ့ညီမ ၊ အစ်မကြီးတို့တော့ တွေ့ဖူးလို့ ရိုးနေပြီ ။ လာသမျှ အကောင်းချည်းပဲ ၊ သွား သမျှ အသစ်ရဖို့ချည်းပဲ ။ ဟောဟိုဘက်က ဦးများ ကောက်ရိုးပုံဟာ အစ်မကြီးတို့ နေရာချည်းပဲ ။ မှိုနုတ်တာ တစ်ခါတလေတော့ လင်းမြွေ တွေ့ရတယ်အေ့ ။ မြွေဟောက်တော့ မတွေ့တတ်ပါဘူး ”

စိန် ။  ။ “ တော်ပါ မသုံရယ် ။ တွေ့ကရာတွေ မပြောစမ်းပါနဲ့ ၊ မျက်စိထဲ ကရင်နီ ဝင်လို့ပါ ”

“ အမယ်လေးဟဲ့ ငါ့ညီမရဲ့ ။ ကရင်နီ ဝင်မှဖြင့် ကန်းရောပေါ့ ညီမရယ် ။ မျက်စိထဲ ဝင်တာလား မျက်စိထဲ ဘာများ ဝင်လို့ မောပန်းနေရတာတုံး ။ လာလာ အခုလောက် ကြာရင် ပြေရောပေါ့ ။ မှန်းစမ်း ညည်းမျက်စိ ၊ ဒါ ကရင်နီဝင်တဲ့ မျက်စိလားအေ့ ။ အရည်တွေ ရွှမ်းလို့ ။ နီမှ မနီဘဲနဲ့ ။ လာ လာ ” ဟု ပြောကာ လက်ကို ဆွဲလေ၏ ။ တစ်ယောက်က ရေအိုးကို ပင့်မြှောက်၍ ပေးလေ၏ ။ စိန်စိန် လိုက်ပါ၍ သွားရလေသတည်း ။

နောက်တစ်နေ့ ခင်ညွန့်သည် ရွာမှာ မရှိတော့ပေ ။ ရွာသားများသည်ကား အမျိုးမျိုး တွေးတော ပြောဆိုကြလေ၏ ။

အချို့က ဒီအကောင် ခြေမှာ လေဝင်နေတယ် ။ တစ်သက်လုံး အတည်ကျမယ့်အကောင် မဟုတ်ဘူး ။ အချို့က ဒီအကောင် အင်မတန် အကြံကြီးတဲ့အကောင် ၊ ဘာများ ကြံသလဲ မသိဘူး ။

အချို့က ဒီအကောင် လူတစ်မျိုး ၊ သူများနည်းတူ ရိုးရိုးတန်းတန်း လုပ်ကိုင်စားမယ့်အကောင် မဟုတ်ဘူး ။ ရွာသိမ်ရွာငယ်မှာ နေလို့ ဖြစ်တဲ့ လူမျိုး မဟုတ်ဘူး ။ အမြီး မလှည့်သာလို့ ပင်လယ်ကို ဆင်းတဲ့ငါး စသည်ဖြင့် အမျိုးမျိုး ပြောကြလေ၏ ။ အကြောင်းမူကား ခင်ညွန့် သည် အဘယ်အတွက် ရွာမှာ မနေနိုင်ဘဲ ထွက်၍ သွားသည်ကို မည်သူအားမျှ မပြောခဲ့ပေ ။ ရပ်ရွာ ဟူသမျှမှာ ဤကဲ့သို့သော လူမျိုး ရှိ၏ ။ တစ်ရွာမပြောင်း သူကောင်း မဖြစ် ဟူသော စကားအတိုင်း ဖြစ်မယ့် လူမျိုးတွေလည်း များစွာ ရှိကြလေ၏ ။

••••• ••••• •••••

အခန်း ( ၃ )

နောက် သုံးလလောက် ကြာသောအခါ မှောင်မိုက်သော ညတစ်ည၌ ခင်ညွန့်သည် စိန်စိန်၏ အိမ်နောက်ဖေးသို့ ရောက်၍ လာလေ၏ ။

ထိုအခါ ကြက်ဦးတွန်ချိန်လောက် ရှိလေ၏ ။ စိန်စိန်၏ အခန်း အဘယ်အပိုင်းမှာ ရှိသည်ကို အတန်ကြာ ရပ်လျက် ကြည့်၍ နေလေ၏ ။ အိမ်မှာကား မီးရောင် မမြင်ရ ။ ဆိတ်ငြိမ်လျက် နေလေ၏ ။

ရွာထိပ် တစ်ခေါ်လောက် ကွာသော နေရာမှာ ဇာတ်ရုံကြီးထိုးလျက် ပွဲခံ၍နေသည်ကို လည်းကောင်း ၊ မီးတွေ တထိန်ထိန်နှင့် ပွဲဈေးတန်းများကို လည်းကောင်း မြင်ရလေ၏ ။

ထိုည သူကြီးဘဂျမ်း၏ အိမ်၌ အခွန်တော်ငွေတွေ မြောက်မြားစွာရှိသည်ဟု ဒိဋ္ဌသိရသောည ဖြစ်လေ၏ ။ ခင်ညွန့်သည် ရွာမှ ထွက်၍ သွားပြီးနောက် မိမိ၏ မိတ်ဆွေဖြစ်သော လူဆိုးများနှင့် ပြန်၍ ပေါင်းမိလေရာ မိမိ၏ အဖြစ်အပျက်ကို ကုန်စင်အောင် ပြောပြလေ၏ ။ အပေါင်းအသင်းဖြစ်သော လူဆိုးများသည် ခင်ညွန့်ကို များစွာ ချစ်ခင်ကြလေ၏ ။ ခင်ညွန့်မှာ အရာရာ၌ ၎င်းတို့ကို အားကိုးရသူ တစ်ယောက် ဖြစ်ခဲ့ဖူးသည်ကို မမေ့ကြပေ ။ ၎င်းတို့နှင့် မခွဲမီ နောက်ဆုံး ငွေခြောက်သောင်းကျော်ရသော တိုက်ပွဲ၌ ခင်ညွန့် ကိုယ်တိုင် ခေါင်းဆောင်ခဲ့ပြီး ချစ်တီးတိုက်ကို စီးခဲ့ရသော တိုက်ပွဲ ဖြစ်လေ၏ ။ ၎င်းငွေများကို ဝေခြမ်းပြီး ခင်ညွန့်မှာ ဝေစုကို ရပြီးနောက် တစ်ဝက်ကို အဖော်များအား ပြန်၍ ဝေငှခဲ့၏ ။ အခက်အခဲ အကြပ်အတည်းဟူသမျှမှာ အဖော်များကို ကယ်ခဲ့၏ ။ သို့ဖြစ်၍ ခင်ညွန့် အတွက် ဆိုလျှင် ဘာမဆို ဆောင်ရွက်ပါမည်ဟု သစ္စာရေသောက်၍ ထားသူများ ဖြစ်ကြလေ၏ ။

ထိုည၌ ဘဂျမ်း၏ အိမ်မှာ ငွေတစ်သောင်းထက် မနည်းရဖို့ရှိလေရာ ခင်ညွန့်၏ မိတ်ဆွေ လူဆိုး သုံးယောက်သည် ထိုနေ့၌ ဘဂျမ်းထံသို့ သွားရောက်ကာ ဘဂျမ်းကို အပျော်အပါး အမျိုးမျိုးနှင့် သတိလစ်အောင် လုပ်ကြံ၍ ထားနှင့်ကြလေ၏ ။

၎င်းလူဆိုးသုံးယောက် ဘဂျမ်းနှင့် အသိဖွဲ့ခဲ့ကြသည်မှာ တနင်္ဂနွေတစ်ပတ် ကျော်ခဲ့သဖြင့် ၎င်းတို့ကို ဘဂျမ်း ယုံကြည်၍ နေလေ၏ ။

ထိုည၌ ထိုလူဆိုးများထံမှ အသေအချာ သိရသည်ကား ဘဂျမ်းသည် မူးယစ်သောက်စား အခြား အပျော်အပါးများနှင့် ပွဲ၌ ထင်သလို နေကြောင်း ဖြစ်လေ၏ ။ ဘဂျမ်း၏ အိမ်မှာ အတွင်း ခေါက်တံခါးများအပြင် အပြင်၌ သံတိုင်များနှင့် သံတံခါး ရှိလေ၏ ။ သို့ဖြစ်သောကြောင့် ဘဂျမ်းသည် စိတ်ချလက်ချ တံခါးများကို ပိတ်ပြီး အဖော်သုံးယောက်နှင့် ပွဲကို သွားပြီး ထင်သလို ကျက်စား ပျော်ပါး၍ နေလေ၏ ။ အိမ်၌ အစောင့်ရွာသား နှစ်ယောက် နှင့် ဘဂျမ်း၏ မိခင်အိုကြီး တစ်ယောက်သာ ရှိလေ၏ ။ ၎င်းအစောင့်များ အားလည်း ခင်ညွန့်၏ အဖော်လူဆိုးများက ဘဂျမ်း မရှိခိုက် ပျော်ပျော်ပါးပါး စားသောက်နေကြရ၍ ချက်အရက်များနှင့် ကြက်တစ်ကောင်ကို တိတ်တဆိတ် ဝယ်၍ ပေးခဲ့ကြလေ၏ ။

စိန်စိန်၏ အိမ်နောက်ဖေး၌ ရပ်၍ နေသည်မှာ မိမိ၏ အဖော်များကို စောင့်၍ နေခြင်း ဖြစ်လေသည့် အတိုင်း အဖော် တစ်ယောက်က မှောင်ထဲ၌ သုတ်သီးသုတ်ပျာ ရောက်၍ လာလေရာ တစ်ယောက် လက်ကို တစ်ယောက် ကိုင်ဆွဲ စကားပြောကြလေ၏ ။

“ ဘယ့်နှယ်လဲ စံလှရဲ့ နေရာမှ ကျပါ့မလား ၊ မင်းတို့ လူကော ”

“ ပွဲမှာလေ ၊ စိတ်ချ အိမ်မှာစောင့်တဲ့ အကောင်တွေ ကတော့ အခုလောက်ကြာရင် မူးအိပ်နေကြရော့မယ် ။ ဆေးခြောက်နဲ့ကြက်သား ၊ ချက်အရက်ကြီး သုံးလုံး ဝယ်ပေးထားတယ် ”

“ မင်းတို့ ဝယ်ပေးထားတာလား ၊ ဒီလိုမှဖြင့် မင်းတို့ ကို ဘဂျမ်းက မသင်္ကာ ဖြစ်မှာပေါ့ ”

“ ဘာမှ မသင်္ကာ ဖြစ်စရာ အကြောင်း မရှိဘူး ။ ကိုဘဂျမ်းက သူတို့ကို အစောင့်သာ ခိုင်းတယ် ။ ပိုက်ဆံ တစ်ပြားမှ မပေးဘူး ။ တစ်ရွာလုံး ပျော်ကြပါးကြ သောက်စားကြတော့ သူတို့ခမျာလည်း ပျော်ချင်တာပေါ့ ။ ပျော်ချင်ကြောင်း သိတာနဲ့ မင်းတို့ကို ငါတို့ပေးမှန်း သူကြီးမင်း မသိစေရပါဘူးလို့ သေသေချာချာ ကတိထားရင် ဝယ်ပေးမယ်လို့ ကျွန်တော်တို့က သူတို့ကို ကတိအထား ခိုင်းပြီးမှ ပေးခဲ့တာ ။ သူတို့ကိုယ်တိုင်က စပြီး တောင်းတာ ။ ကျွန်တော်တို့ သူတို့ စားဖို့သောက်ဖို့ စပြီး ဆွယ် တာ မဟုတ်ဘူး ”

“ ဒီအကောင်တွေက ဘယ်လို အကောင်တွေလဲ ”

“ သူကြီး လူယုံတွေပေါ့ ”

“ သူတို့က ဆေးခြောက်နဲ့ ချက်စားသလား ”

“ ကျုပ်တောင် ပေါင်တစ်ချောင်း မြည်းလာခဲ့သေးတယ် ။ မြည်းလာပြီးမှ ဟိုဆေးကို ဟင်းအိုးထဲ ထည့်ခဲ့တာပဲ ။ တစ်ခုခုဖြစ်ရင် သူတို့ဘာသာ ဆေးခြောက်နဲ့ ချက်စားလို့ ထင်ကြမှာပဲ ”

“ နို့ သူတို့ ချက်ပြုတ် စားသောက်ရမှာ မင်း ရောက်တာ ဘဂျမ်းသိရင် မသင်္ကာ မဖြစ်ဘူးလား ”

“ ဒါကြောင့် သူတို့ဘာသာ သူတို့ ဆေးခြောက်ဟင်း ချက်စားတယ်ဖြစ်အောင် တင်ကြိုစီမံတာပေါ့ ”

“ မင်းတို့က ပေးတဲ့ အရက်နဲ့ ကြက်ဆိုတာ ဘဂျမ်း မသိဖို့ အရေးကြီးတာပဲ ”

“ ဒါတော့ မပူနဲ့ ။ သိတောင် အရေးမကြီးဘူး ။ သာကြွယ်က ပြောသားနဲ့ ။ ဆေးခြောက်နဲ့ အရက်နဲ့ ချက်စားရင် ကောင်းတဲ့အကြောင်း ၊ သွားရည်ယိုအောင် ညနေက ပြောပြတယ် ။ ရိုးရိုးပြောတဲ့ နည်းမျိုးပေါ့ ။ ဆရာလည်း အသိသားပဲ ။ သာကြွယ် ဘယ်လို အပြော ကောင်းတယ် ဆိုတာ ။ အဲဒါနဲ့ ဒီအကောင်တွေ သွားရည်ကျပြီး စားချင်သောက်ချင်ကြောင်း ပြောတာပဲ ။ တစ်ရွာလုံး ပျော်တဲ့ညမှာ သူတို့သာ အခြောက်တိုက် စောင့်နေရ မယ်ဆိုတော့ ဆရာလည်း စဉ်းစားကြည့်လေ ”

“ သာကြွယ်ကတော့ သွားရည်ကျလေလေ စားချင်အောင် ပြောလေလေ ။ မြိန်ရေရှက်ရေ ပြောတာကလား ဆရာရဲ့ ။ အောင်ဘော်က ငါတို့တော့ ယနေ့ည သုံးဖို့ ငွေအစိတ်တော့ ရှိတာပဲ ။ နို့ပေမဲ့ မင်းတို့ သိပ်မူးနေလို့ တစ်ခုခုဖြစ်ရင် ငါတို့ တာဝန်ကျမှာ စိုးတယ် ။ ငါးကျပ် လောက်တော့ ပေးချင်ပါရဲ့ ။ သူကြီးမင်း သိမှာ စိုးတယ် လို့ ပြောရော ဆရာရဲ့ ။ သည်တော့မှာ သူတို့က မရမက ပူတာလား ။ ဒါနဲ့ ထုတ်ပေးရတာပဲ ။ အရက်နဲ့ ကြက်ကိုတော့ သူတို့ဘာသာ တိတ်တိတ်ဝယ်တာပါ ”

“ နို့ မင်း အခုည သူတို့ဆီ ရောက်တာ မသင်္ကာစရာ မဖြစ်ပေဘူးလား ”

“ မဖြစ်ပါဘူး ။ ကျွန်တော့် ဟောဒီဓား မေ့ကျန်ရစ်ခဲ့တယ် ဆိုပြီး လာတာပါ ။ လာတော့ ချက်ပြီးပြီ ။ ဟင်းအိုး ချတော့မယ် လုပ်နေကြတယ် ။ ကျွန်တော် ဟင်းအိုးနား ကပ်တာတောင် သူတို့ မမြင်ပါဘူး ။ သူတို့က ခပ်ပေးတာပါ ။ ကြက်မကြီး ဆရာရေ ။ ဆူလိုက်တာ ဥသိမ် တွေနဲ့ ဆိုတော့ ဘာပြောစရာ ရှိမလဲ ။ ဟောဒီမှာ ဆရာ ကျွန်တော့်ခါးထဲမှာ အတားတစ်လုံး ပါသေးတယ် ” ဟု ပြောကာ ပုလင်းကို ထုတ်၍ ပြလေ၏ ။

နှစ်ယောက်သား မှောင်ထဲမှာ သောက်ကြလေ၏ ။

“ နို့ ဝင်ဖို့ကော ”

“ ဟောဒီမှာ ဆရာ့အိမ်ရှေ့ သော့ခလောက်က သော့တူ ”

“ ငွေတွေကော ဘယ်မှာ ထားသလဲ ”

“ ကျွန်းသေတ္တာကြီး ဆရာ ။ ကြေးသော့ခလောက် နဲ့ ၊ ဟောဒီမှာ စိတ်ချ ။ ကိုယ့်အိမ်လိုသာ တက် ။ အမေကြီးလည်း ကြက်သားတော့ မစားဘဲနေမှာ မဟုတ်ဘူး ။ ဟဲ့ကောင်တွေ ငါ့အတွက် အသည်းနဲ့အမြစ် ပေးရမယ် ။ သည်လို ပြောတာ ကြားခဲ့တာပဲ ”

“ နေရာကျပြီ ။ မင်း ပြန်ပေရော့ ။ ဟန်ကျရင် မင်းတို့ စိတ်ချနေ ။ လွဲရင်လည်း ကံပဲ ။ ငါတော့ ငွေကို လိုချင်လှလို့ မဟုတ်ပါဘူး ။ ငါ လူကောင်း လုပ်ပါတော့မယ် လို့ စိတ်ကို သေသေချာချာ ပိုင်းပြီး ရွာကို အပြန်မှာ လူဆိုးဖြစ်အောင် ငါ့ကို လုပ်တဲ့ ခွေးသားသူကြီးကို ကလဲ့စားချေချင်တာပဲ ။ နက်ဖြန်ခါကျရင် သင်း တစ်ပြား မကျန် အိမ်ရော ၊ လယ်ရော ရောင်းပြီး စိုက်ရတာကို ငါ မြင်ရရင် တော်ပြီ ။ ငါ တစ်ပြားမှ မသုံးရရင်နေပစေ ။ ဒါထက် ငွေသားတွေလား ၊ စက္ကူတွေလား ”

“ ငွေသားရော စက္ကူရောပဲ ။ စက္ကူက ပိုများတယ် ဆရာ ။ စက္ကူချည်း သုံးသောင်းဖိုးထက် နည်းမှာ မဟုတ်ဘူး ။ ငွေသားတော့ ဘယ်လောက်များမယ် မသိဘူး ”

“ အို ... ဒါ နောက်ဆုံးပဲ ။ ထိုင်ကြဖို့ ကြံပေတော့ ။ သွား ။ ပျော်ပျော်ကြီးသာနေ ။ ငါ သွားမယ် ” ဟု ပြောပြီး ခင်ညွန့်သည် အဖော်ကို နှုတ်ဆက်၍ ထွက်သွားရာ တစ်ခုသော ခြံပေါက်မှ ရွာထဲသို့ ရောက်လေ၏ ။ ရွာမှာ ခွေးများသော်မျှ မကျန် ပွဲကိုသွား၍ နေကြလေ၏ ။ ၎င်း အရပ်မှာ ပွဲရောက်ခဲသော အရပ်ဖြစ်ရာ ပွဲဆိုလျှင် ရွာလုံးကျွတ် ကြည့်သောရွာ ဖြစ်လေ၏ ။

သူကြီးအိမ်မှာ ဆိတ်ငြိမ်၍ နေလေ၏ ။ အိမ်ရှေ့ခန်း လသာမှန်အိမ် အောက်မှာ အစောင့်များ တုံးလုံးပက်လက် အိပ်၍ နေကြသည်ကို တွေ့ရလေ၏ ။

ခင်ညွန့်သည် အေးအေးဆေးဆေး သော့ခတ်၍ ဝင်ပြီး ကိုယ့်အိမ်ကဲ့သို့ အိပ်ပျော်နေသူများ၏ အကြားကို ဖြတ်၍ သွားလေ၏ ။

သေတ္တာကြီးကို ဖွင့်ပြီး ငွေစက္ကူများ ၊ ငွေသားများ ရှိသမျှကို ယူ၍ အခန့်သင့် တွေ့ရတော့ ဖာတစ်လုံး၌ ထည့်လေ၏ ။

၎င်းနောက် ကြိုးတန်းတစ်ခုကို ဖြုတ်၍ ဖာကို ချည်နှောင်လေ၏ ။ ၎င်းနောက် သေတ္တာကြီးထဲ၌ တို့စမ်းကြည့်ရာ စက္ကူလိပ်ကြီးတစ်လိပ်ကို ရသဖြင့် အင်္ကျီ အတွင်းအိတ်ထဲသို့ ထည့်လေ၏ ။

ထို့နောက် မီးဖိုမှ မွှေးကြိုင်သော ဟင်းနံ့ကို ရသဖြင့် သွား၍ကြည့်ရာ ဟင်းအိုး၌ ဟင်းများ ရှိသေးသည်ကို တွေ့ ရသဖြင့် စားမည်ပြုပြီးမှ သတိရသဖြင့် မစားဘဲ ထွက်၍ လာလေ၏ ။

အရက်ပုလင်းတစ်လုံးမှာ တစ်ပိုင်းကျန်ရှိသည်ကို တွေ့ သဖြင့် မော့၍ သောက်ပြီး ဖာကို ထမ်း၍ ထွက်ခဲ့လေ၏ ။

ကံအားလျော်စွာ တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရပေ ။

ရွာပြင်သို့ ရောက်ခဲ့လေရာ လူသူပြတ်လပ်သော တောလမ်းတစ်ခုကို လိုက်၍ သွားလေ၏ ။

မည်သူမျှ မသိ ၊ မည်သူမျှ မမြင် ။ သစ္စာရှိသော မိမိ၏ အဖော် သုံးယောက်သာ သိလေရာ မှတ်ကရော့ ခွေးသား ၊ ငါ့ကို အနိုင်ကျင့်ပြီး စိန်စိန်ကို အရကြံတဲ့ အကောင် ၊ ရမလား မရလား အိမ်နဲ့ လယ်တွေတော့ သွားလေရော့ ။ ဒူဟုန်ဟုန် ။ ဘယ်သူမျှ ငါ့ကို ထင်ဖို့ မရှိ ။ သင်း လီဆယ်တယ်လို့ ထင်မှာပဲ ။ ငွေလည်းဆုံး လက်ထိပ် ခတ်လည်း ခံရ ။ သင်း ငါ့ကို နိုင်တုန်းက အခုလို ဖြစ်လိမ့်မယ်ဆိုတာ သင်း မတွေးမိလို့ပဲ ။ ဒီလို အကောင်မျိုး ဒီလိုဖြစ်တာပဲ ကောင်းတယ် စသည်ဖြင့် တွေးတောရင်း ရယ်မော၍ သွားလေ၏ ။

သို့သွားရာ ချောင်းအနီးသို့ ရောက်လေ၏ ။ ၎င်းမှ ပွဲသွားသော လှေငယ် တစ်စင်း ၊ နှစ်စင်း ၊ သုံးစင်းနှင့် ပွဲမှ စုန်ချပြန်လာသော လှေငယ်တစ်စင်းနှစ်စင်းကို မြင်ရလေ၏ ။ လှေက လူများသည်ကား ၎င်းကို မြင်နိုင်ကြမည် မဟုတ်ပေ ။ မှောင်မိုက်သည့်ပြင် ချုံများမှာ လူ တစ်ရပ်လောက် မြင့်၍ ထူထပ်လေ၏ ။ လေယူ၍ လာသော ငိုချင်း ဆိုင်းသံကို တစ်ခါတစ်ခါ ကြားရလေ၏ ။ ဘေထိ ဘေထိ ရှဲရှဲရှဲရှဲ မြည်သော လင်းကွင်းသံ ၊ ပတ်မသံ ၊ ဂျပ်ဂျပ် မြည်သော ဝါးလက်ခုပ်သံတို့ကိုလည်း ကြားရလေ၏ ။ ရွာနှင့် အတော် ဝေးကွာလေ၏ ။ ပွဲမှာ ချောင်းအထက်ပိုင်း ကျလေရာ ခင်ညွန့်မှာ အောက်ပိုင်းဘက်သို့ သွားပြီး တံတားဖြင့် တစ်ဖက်သို့ ကူးဖို့ ရှိလေ၏ ။ သို့ဖြစ်လေရာ ဆိုင်းသံများမှာ ဝေးသည်ထက် ဝေးသဖြင့် သဲ့သဲ့မျှ ကြားရလေ၏ ။ ပြန်၍ ကြည့်သောအခါ လှုပ်ရှားသော မီးရောင်များကို မြင်ရခြင်းသည် လူကောင်မြှုပ်သည့် သုသာန်မြေ၌ ကျတ်တစ္ဆေတွေ ဖန်ဆင်း၍ ပြနေသလားဟု ခင်ညွန့်၏ စိတ်၌ မှတ်ထင်မိလေ၏ ။

ကျတ်တစ္ဆေနှင့် လူ မခြားနားပါဘူးလေ ။ လူသတ္တဝါတွေလည်း လောဘ ဒေါသ ဆိုတဲ့ မီးရောင်မီးခိုးတွေကို လွှတ်ကာ ၊ ရပ်ရွာကို ဖန်ဆင်း၍နေကြပြီး တော်တော် ကြာရင် တစ်ယောက်စီ တစ်ယောက်စီ ကွယ်ပျောက်ကုန် ကြမှာတွေပဲ ။ မြို့ကြီးရွာကြီး တိုင်းပြည်ကြီးများသော်မှ ပျောက်ကွယ်ကြရသေးတာပဲ စသည်ဖြင့် တွေးတော ဆင်ခြင်လျက်လာလေရာ ချောင်းထဲမှ အော်သံလိုလို ကြားရသဖြင့် ကမ်းပါးကို ပြေး၍ ကြည့်လေ၏ ။

ရေကြောမှာ အတော် သန်သဖြင့် မည်းမည်းရိပ်ရိပ် စီး၍သွားသော သဏ္ဌာန်တစ်ခုကို မြင်ရလေရာ ခင်ညွန့် သည် ပြေး၍ လိုက်လေ၏ ။ မြင်ရသော သဏ္ဌာန်မှာ ပျောက်ချီ ကွယ်ချီ ဖြစ်လေရာ လက်ကိုင်ဓာတ်မီးနှင့် ထိုး၍ အကြည့်တွင် လက်ကို မြှောက်လျက် အော်သော အသံကို ကြားရသဖြင့် ခင်ညွန့်သည် ဖာကို ပစ်ချ၍ အပေါ်အင်္ကျီ ကို ချွတ်ပြီး ရေစပ်သို့ ဆင်းပြေးလေရာ စောက်လျက် လက်တစ်ဖောင်လောက် နက်သော ကမ်းပါးစောက် အစွန်းသို့ ရောက်လျှင် ရေထဲသို့ ခုန်ဆင်း၍ တဖြောင်းဖြောင်းနှင့် ခြေနှင့် ရေကို ရိုက်ကာ ကူး၍ လိုက်လေ၏ ။

အတန်ငယ်ကြာလျှင် သေးငယ်သော ကိုယ်ကလေး တစ်ခုကို ဖက်မိလေ၏ ။ ခါးကိုတွယ် ခါးကိုတွယ်ဟု ပြောပြီး ကမ်းပါးဘက်သို့ တွဲယူလေ၏ ။ ကမ်းပေါ်သို့ ရောက်သောအခါ တစ်ယောက် မျက်နှာ တစ်ယောက် သေချာစွာ ကပ်၍ ကြည့်ကြလေ၏ ။

“ ဦးလေး ကိုခင်ညွန့် ” ဟု သေးငယ်သော အသံကလေးနှင့် ခေါ်သည်ကို သေချာစွာ ကြည့်ရာ ပန်းဘဲဆရာ ကိုသာဇံ၏သား တင်မောင် ခေါ် သူငယ်ကလေး ဖြစ်နေသည်ကို သိရလေ၏ ။

“ ဟဲ့ ... တင်မောင် ၊ တင်မောင် ။ ဘယ့်နှယ် ဖြစ်လာတာတုံး ” မေးရာ သူငယ်ကလေးမှာ စကားပြန်၍ မပြော ၊ မေ့မြော၍ သွားသည်ကို သိရလေ၏ ။

ခင်ညွန့်သည် တင်မောင်ကို မိမိ၏ ပခုံးပေါ်သို့ မှောက်လျက် တင်ပြီး ဘယ်ကို သွားရမှန်း မသိဘဲ နေလေ၏ ။

ဒီလို ထားခဲ့ရရင် သူငယ်ကလေး သေရှာတော့မယ် ။ ရွာကို သွားလို့လည်း ဖြစ်မှာ မဟုတ်ဘူး ။ ငါ သည်ည သည်ရွာ အနီးအနားမှာ တစ်ယောက်တည်း ရှိနေကြောင်း သိကြရရင် ဘဂျမ်း ဧကန် ငါ့ကို စွဲမှာပဲဟု တွေးလေ၏ ။

သို့သော်လည်း ကြာကြာ စဉ်းစားနေလျှင် သူငယ်ကလေး သေမည်ကို စိုးရသဖြင့် ဘယ်လိုဖြစ်ဖြစ် ငါ့ကံပဲ ပြေးပါတော့မည်ဟု စွန့်စားကာ ခြေကုန် ရွာဘက်သို့ ပြေးလေ၏ ။

ဖာကို ထားခဲ့သော နေရာသို့ ရောက်သောအခါ အင်္ကျီကို ကောက်ယူပြီး သူငယ်ကလေးကို လွှမ်းအုပ်၍ ပေးလေ၏ ။ ဓာတ်မီးကို လက်တစ်ဖက်၌ ကိုင်လျက် ဆက်လက်၍ ပြေးလေ၏ ။

ရွာဘက်သို့ အတော် ရောက်သောအခါ လာကြပါဗျို့ ၊ လာကြပါဟု အော်၍ ခေါ်လေ၏ ။

သို့သော်လည်း တစ်စုံတစ်ယောက်မျှ ကြားပုံ မရသေး ။

သို့ဖြစ်လေရာ ရွာကို ဓာတ်မီးနှင့် ထိုးကာ အော်လေ၏ ။

ထိုအခါ ကံအားလျော်စွာ ပွဲမှ ပြန်ကြသော လူသုံး လေးယောက် ကြားသဖြင့် ပြေး၍ လာကြလေလျှင် သူငယ်ကလေး၏ အစ်ကို အောင်ခင် ၊ ဆယ်အိမ်ခေါင်း ကိုပြားကြီး ၊ ကာလသားခေါင်း ဖိုးထိန်တို့ လူစု ဖြစ်ကြောင်း သိရလေ၏ ။

ခင်ညွန့်သည် ထိုင်လျက် သူငယ်ကလေးကို မိမိ၏ ဒူးပေါ်မှာ မှောက်၍ ထားပြီး ရေများ အန်အောင် လုပ်၍ နေလေ၏ ။

အောင်ခင်က “ ဟင်... ဘယ်မှာ တွေ့သလဲ ၊ ကျွန်တော်က ခဏနေပါဦးလို့ ပြောတာ ၊ မနေဘူး ။ တစ်ယောက်တည်း လှေနဲ့ ပြန်လာတယ် ။ ရွာကိုတောင် လွန်လာပါကလား ။ လှေက အပေါက် ၊ ရွှံ့ဖာထားတဲ့ လှေ ၊ ပက်ခွက်နဲ့ ပက်နိုင်မှ စိတ်ချရတာ ။ ကျွန်တော်လည်း စိတ်မချလို့ လိုက်လာတာပဲ ။ ချောင်းထဲမှာ မမြင်တော့ အိမ်ရောက်ပြီ ထင်ပြီး အေးအေးဆေးဆေး ကိုပြားကြီးတို့ ၊ ကိုဖိုးထိန် တို့နဲ့ အေးအေးဆေးဆေး လျှောက်လာတယ် ”

ပြားကြီး ။  ။ “ ဘယ့်နှယ်လည်း ကိုခင်ညွန့်ရဲ့ ပျောက်သွားလိုက်တာ ၊ ဘယ်ကို သွားမှန်းတောင် မသိရဘူး ။ အခု မိုးပေါ်က ကျလာတာလား ။ ကျမဲ့ကျတော့ အချက်ထဲမှ ကျလာတာကိုး ”

ဖိုးထိန် ။  ။ “ စကားများနေလို့ မကိုက်ဘူးဗျ ။ ကလေးကို ကြည့်ပါဦး ၊ ဒီကောင်ကလေးလည်း ထင်ရာ ဇွတ်လုပ်တဲ့ ကောင်လေးပဲ ” ဟု ပြောကာ ကျောကို နှိပ်လေ၏ ။

ထိုအခိုက် ကလေး သတိရ၍ လာလေ၏ ။

“ ဦးလေး ကိုခင်ညွန့် ၊ ကျွန်တော့်ကို ကယ်ပေလို့ မသေတာပါ ” ဟု အသံသဲ့သဲ့ကလေးနှင့် ပြောလေ၏ ။

ခင်ညွန့် ။  ။ “ စကား မပြောနဲ့ဦး တင်မောင် ၊ မောနေမယ်နော် ” ဟု ပြောပြီး ရွာသားများအား “ ကျွန်တော် နှစ်ခါသုံးခါ ခေါ်တယ် ။ ဘယ်သူမျှ ကြားပုံမရလို့ ဓာတ်မီး နဲ့ ထိုးပြရတယ် ။ သည်တော့မှ ခင်ဗျားတို့ မြင်ရတယ် ထင်ပါရဲ့ ” ဟု ပြောလေ၏ ။

“ လေက အဆန် ဖြစ်နေတာလား ။ ဟိုဘက်ကလည်း ဆိုင်းသံနဲ့ မီးရောင်ကို မြင်တော့ ပွဲသွားပွဲပြန် တစ်ယောက်ယောက် လူဆိုးများနဲ့ တွေ့နေလို့လား အောက်မေ့ပြီး ပြေးလာတာ ။ လက်စသတ်တော့ ကိုယ့်လူတို့ ဖြစ်နေတာကိုး ။ ပျောက်နေလိုက်တာဗျာ ။ တကတဲ နှုတ်ဆက်ဖော်တောင် မရဘူး ။ ခုမှ ပေါ်လာတော့တာပဲ ။ နတ်များ လွှတ်လိုက်တာပါပဲ ။ ဧကံဒိဋ္ဌ ” ဟု အောင်ခင်က ပြောလေ၏ ။

“ နတ်များ လွှတ်လိုက်တာ မဟုတ်ဘူး အောင်ခင်ရယ် ။ ငါတော့ မပြောချင်ပါဘူးကွယ် ။ ငါ့အဖြစ်ကို ငါ ပြောရမှာ သိပ်ရှက်တာပဲ ။ ငါတော့ မင်းတို့ရွာကို မကောင်းကြံဖို့ လာတာပဲကွယ် ။ သူကြီးကိုဘဂျမ်းကို ကလဲ့စားချေဖို့ လာတာပဲ ။ အခု သူ့အိမ်က အခွန်တော်ငွေကို ငါ ခိုးပြီးလာခိုက်မှာ တွေ့တာပဲ ။ အခုတော့ သူငယ်ချင်းရယ် ငါ ကလဲ့စားချေချင်စိတ်လည်း မရှိတော့ပါဘူး ။ ငါ လူဆိုးသူခိုး မဖြစ်ရအောင် နတ်ကောင်း နတ်မြတ်များက တမင် ဖန်တီးကြတာနဲ့ တူတာပါပဲကွယ် ။ ဟောဟိုဘက်မှာ ကြခတ်ရုံ တောင်ဘက် ဆူးချုံတွေထဲမှာ ရှိလေရဲ့ ။ ယူပြီးတော့သာ ဘဂျမ်းအိမ်ကို ပြန်ပို့ကြပါတော့ကွယ် ၊ ငါတော့ ကံပဲ ။ နောက်မှ ဘယ်လိုဖြစ်ဖြစ် သူခိုးတော့ မလုပ်ချင်တော့ဘူး ” ဟု ငိုသံပါနှင့် ပြောလေ၏ ။

ပြားကြီး ။  ။ “ ဪ... ကိုခင်ညွန့်ရယ် ။ ဖြစ်မှ ဖြစ်ရလေကွယ် ။ ဘာပြုလို့ လုပ်ရတာလဲ ”

“ ကျုပ် မပြောချင်ပါဘူးဗျာ ။ ဒီငွေတွေကိုသာ ပြန်ပို့လိုက်ကြပါတော့ ။ ကျုပ် သွားပါရစေ ။ ရွာကိုလည်း မလိုက်တော့ပါဘူး ”

ဖိုးထိန် ။  ။ “ အောင်မယ် မင်းလား မလိုက်ရမှာ ။ ကလေးတစ်ယောက်လုံးကို အသက်စွန့် ကယ်တဲ့ ယောက်ျား ၊ ငါတို့ အဖိုးတန်ရွာသား ၊ မင်း ငါတို့ရွာ ဂုဏ်အသရေ ။ မင်းလား သွားရမှာ ။ လိုက်ခဲ့ရမယ် ”

“ လိုက်ခဲ့လျှင် ငါ့ကို သာဓုခေါ်ကြမှာပဲ ”

“ ကိုခင်ညွန့် ဘာမျှမပူနဲ့ ။ သူကြီး ကိုဘဂျမ်းက စိန်စိန်ကို အတင်းမရမက ကြံတယ် ။ ခင်ဗျားတို့ မရမက ဖြစ်ပုံကို ကျုပ် သိပြီးပါပြီ ။ အတင်းကြံတော့ စိန်စိန်က သူ့ကို ပိုးစိုးပက်စက် ပြောတာပေါ့ ။ ပြီးတော့ သူ့မှာ ရည်းစားရှိတယ်လို့ ပြောတယ် ။ မင်း ရည်းစား ဘယ်သူ လဲလို့ မေးတော့ ကိုခင်ညွန့်လို့ စိန်စိန်က ပြောတာပေါ့ ။ သည်တော့ ကိုခင်ညွန့် သူခိုးတဲ့ ။ ထောင်ကျဖူးတယ် တဲ့ ။ အဲသည့် အကြောင်းတွေကို သူကြီးက ပြောတယ် ။ သည်တော့ စိန်စိန်ကလေး သူ့ခမျာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်နေတာပဲ ။ ကိုခင်ညွန့် ထွက်သွားတာဟာ ဒါ့ကြောင့်ပါပဲ ဆိုပြီး ရင်ဘတ်တီး ငိုပြီး အခုထက်ထိ ကိုခင်ညွန့် ကို ရှာပေးကြပါ ။ ကိုခင်ညွန့် ဘယ်မှာ နေသလဲ ဆိုတာ လူတွေ့တိုင်း မေးနေတယ် ” ဟု အောင်ခင်က ပြောလေ၏ ။

ခင်ညွန့် ။  ။ “ နို့ စိန်စိန် ဆွေမျိုးများကကော ဘယ့်နှယ်ပြောကြသလဲ ”

“ သနားတယ်လို့ ပြောတာပဲ ။ အရင်က ဘာလုပ်လုပ် အခု ကောင်းကောင်းနေရင် ပြီးရောလို့ ပြောကြတယ် ”

ဆယ်အိမ်ခေါင်း ။  ။ “ အဲ ... ဘာပြီးနိုင်မှာလဲ ။ ဒီကောင်ကလေးကို အသက်စွန့် ကယ်လာတာတော့ ဘယ်မှာ ထားမလဲ ။ အောင်ပွဲခံရဦးမယ် ။ ဒဘလျူစီ ဆိုလား ။ ဘာလဲ အဲဒီဘွဲ့ တောင်ရအောင် တစ်ရွာလုံး ဂျော့ ဘုရင်ထံ စာရေးမယ် ။ မင်း ဘယ်လို သွားရမှာလဲ ။ ငါတို့ ရွာသားကွယ့် ။ သူရဲကောင်းကွယ့် ။ အောင်မယ် ဒီလိုနဲ့ သွားလို့ ဖြစ်ကရော့လား ”

“ ဒါတွေ ထားလိုက်ပါဦးဗျာ ။ အခု ခိုးလာတဲ့ငွေတွေ အတွက်ပဲ ”

ကာလသားခေါင်း ။  ။ “ ဒီသူကြီးခွေးသား ယုတ်မာတဲ့ အကောင် ။ သင်းစိုက်ဆပ် ။ ရွာသားတွေကို တိတ်တိတ် ပြန်ဝေပေးမယ် ။ ကိုင်း ဘာဖြစ်သေးသလဲ ”

အောင်ခင် ။  ။ “ မတော်တာပဲ ။ ကိုခင်ညွန့် စွန့်ပြီး ယူရတာ ။ စိန်စိန်ကို လေးငါးထောင်ကုန် တင်တောင်းတာပေါ့ ။ ဘာဖြစ်သလဲ ။ ကျုပ်တို့လည်း နှုတ်ပိတ်ခတောင် မလိုဘူး ”

ဆယ်အိမ်ခေါင်း ။  ။ “ ဒီလိုလုပ်လို့လည်း ဘာတော်မလဲကွယ်ရို့ ။ နောင်ခါမှ သူမကောင်း သူ့ထိုက်နဲ့ သူ့ကံပေါ့ ။ ကိုယ့်ပယောဂ မပါစေရဘူး ။ ပြန်ပို့လိုက်ပါ ။ လမ်းမှာ ငါတို့ လိုက်ပြီး သူခိုးဆီက ပြန်လုလာခဲ့တယ် ပြောတာပေါ့ ”

ခင်ညွန့် ။  ။ “ ကျုပ်တော့ ပြန်ပေးစေချင်တာပဲ ။ သူတို့အိမ်မှာ အစောင့်တွေ ဆေးမိလို့ အိပ်နေကြတယ် ။ ပြန်ပို့ချင် လွယ်လွယ်ကလေးရယ် ”

“ အောင်မယ်လေး ဒါတော့ မလုပ်ဝံ့ဘူး ဆရာ ။ ငွေပြန်ပို့ရင် သူခိုးဖြစ်နေမှ ခက်မှာ ။ ကိုရင် စိတ်သာချနေ ။ ဘာမှ မဖြစ်စေရဘူး ။ ကျုပ်တို့ ပွဲက အပြန်မှာ သူခိုးနဲ့ တွေ့လို့ လိုက်တာနဲ့ သူခိုးက ပစ်ချပြေးတယ်လို့ ပြောမယ် ။ ကိုရင်လည်း လိုက်တဲ့ လူတစ်ယောက်ပေါ့ ”

“ ကျုပ် မပါပါရစေနဲ့ဗျာ ။ ဒီအရေးမှာ ဘာမျှ မပတ်သက်ချင်တော့ပါဘူး ။ ကျုပ် လူကောင်း လုပ်ပါတော့မယ် ။ ပထမ ရွာကို လာတုန်းကလည်း ကောင်းကောင်းနေဖို့ လာတာပါ ။ သင်းအတွက် ဖြစ်တာပါ ။ ကျုပ်တော့ ဒီကလေးကို ကယ်၍ ပြန်လာရာမှာ ခင်ဗျားတို့နဲ့ တွေ့တဲ့ အနေပဲ ထားပါတော့ ” ဟု ပြောလေ၏ ။

နောက်တစ်နေ့ နံနက် ။ ရွာထဲမှာ အုတ်အုတ်ကျက်ကျက် ဖြစ်၍ နေလေ၏ ။ ဆယ်အိမ်ခေါင်းနှင့် အဖော်များမှာ အခွန်တော်ငွေများကို သူခိုးလက်မှ ပြန်၍ ရအောင် အသက်ကို စွန့်၍ လိုက်ရသည့်အတွက် သြဘာပေးကြလေ၏ ။ ခင်ညွန့် မှာကား ရွာသား သူရဲကောင်း တစ်ယောက် အဖြစ်နှင့် တစ်ရွာလုံး ချီးမွမ်းထောမနာ သြဘာပေးကြလေ၏ ။

နောက်တစ်လလောက် ကြာသောအခါ ခင်ညွန့် နှင့် ၎င်းအဖော် သုံးယောက်တို့က ဒါဘာပွဲသို့ ဘွဲ့တံဆိပ် လက်မှတ်များ ယူဖို့ရန် ကြွရောက်ဖို့အကြောင်း ဆိုင်ရာမှ ဖိတ်စာများ ရကြလေ၏ ။

စိန်စိန်နှင့် ခင်ညွန့်တို့မှာ ဒါဘာပွဲ မတိုင်မီ မင်္ဂလာကိစ္စ ပြီးသဖြင့် ဒါဘာပွဲသို့ အတူတကွ လှည်းကလေးနှင့် သွားကြလေသတည်း ။

▢  ပီမိုးနင်း
📖 ဇောတိက မဂ္ဂဇင်း
     အတွဲ ၁ ၊ အမှတ် ၁
      ဧပြီ ၂၀ ၊ ၁၉၃၅ 

No comments:

Post a Comment