❝ အိုဘယ့် အဖော်မွန် ❞
( ပန်းတောင်း တင်ဝင်းအောင် )
“ သမီးအဒေါ် မပန်းရုံ လေဖြန်းလို့ အိပ်ရာက မထ , နိုင်တော့ဘူး ။ အဲဒါ သမီး လိုက်သွားနိုင်မယ် ဆိုရင် လိုက်သွားလိုက် ၊ အနီးကပ် ပြုစုမယ့် သားသမီး တစ်ယောက်မှ မရှိတော့ ခမျာ ဒုက္ခ ရောက်နေရှာတယ် ။ သူ့ယောက်ျားကလည်းဘာသာလဝါ ဆိုတော့ သမီးအဒေါ် ကြာရင် ဒီထက် ပိုဆိုးသွားလိမ့်မယ် ”
လူကြုံ အဒေါ်ကြီး တစ်ယောက်က အိမ်တိုင်ရာရောက် တကူးတက လာပြောရှာသည် ။ သတင်းကြားရလျှင် ကြားချင်း မလေးမွန် မျက်လုံးတွေ ပြာဝေသွားသည် ။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိအောင်ပင်ကယောင်ချောက်ချား ဖြစ်ခဲ့ရသည်ကို ဝန်ခံရပေမည် ။ မိန်းမတစ်ယောက်၏ ဘဝမှာ ငွေကြေးဓနတွေ အဘယ်မျှ ရှိရှိ ၊ ရုပ်အဆင်း အင်္ဂါတွေ အဘယ်မျှ လှလှ ဆွေမျိုးမိတ်သင်္ဂဟ မရှိလျှင် တစ်ချိန်ချိန်တွင် ဒုက္ခ ပင်လယ် ဝေတတ်ကြောင်း အဒေါ်ဖြစ်သူ မပန်းရုံက မီးမောင်းထိုးပြနေလေပြီ ။
သူမ ဘဝတွင်ရော ။
သူမဘဝတွင် ညီအစ်ကို မောင်နှမ မရှိ ၊ တစ်ဦးတည်း သောသမီး ။ သူမ အမေ မပန်းမှုံ တွင်လည်း မပန်းမှုံ ၊ မပန်းရုံ ဟူ၍ ညီအစ်မ နှစ်ဦးသာ ရှိသည် ။ သူမ အမေကမှ ဘဝ တစ်လျှောက်တွင် တိုးတိုးဖော် တိုင်ပင်ဖက်အဖြစ် ညီမ တစ်ယောက်ရှိသေးသည် ။
သူမ ဘဝမှာတော့ ... ။
အမေ သူမ လူမှန်းသိတတ်စ အရွယ်ကတည်းက အမေ ပြီးလျှင် အဒေါ် မပန်းရုံသည် ဒုတိယအမေ ဖြစ်သည် ။ က နေ့လယ်ဘက် ဆေးလိပ်ခုံ အလုပ်သွားလုပ်နေချိန်တွင် တစ်နေ့နေ့ အဖော်အဖြစ် ဒွန်တွဲနေရသူမှာ ဒေါ်လေး မပန်းရုံ ဖြစ်သည် ။
သူမ မှတ်မိသလောက် ဒေါ်လေး မပန်းရုံမှာ စီးပိုး လွန်း အားကြီးသူ ဖြစ်သည် ။ သူမ လူရယ် သိတတ်စအရွယ်မှာပင် ဒေါ်လေး မပန်းရုံတွင် အိမ်ထောင်ရှိနှင့် နေပြီဖြစ်သည် ။
သူမ မှတ်မိသရွေ့ ဒေါ် လေး မပန်းရုံမှာ ခင်ပွန်းဖြစ် သူ ဦးလေးပိန်ကို အတော်နိုင် သူ ဖြစ်သည် ။ ဦးလေးပိန် မှာ တစ်နေကုန် အလုပ်သွားလုပ် နေသော်လည်း အိမ်ပြန်ရောက်လျှင် မိန်းမဖြစ်သူ ရေချိုးရန် ချိုးရေအိုးထဲ ရေခပ်ပေးခြင်း ၊ လျှော်စရာဖွပ်စရာရှိသည့် အဝတ်အစားများကို သိမ်းကျုံး လျှော်ဖွပ်ခြင်း ၊ ဆေးကြောစရာရှိသည့် အိုးခွက်ပန်းကန်များကို သိမ်းကျုံး ဆေးကြောခြင်းဖြင့် ဇယ်စက်သလို လုပ်ပေးတတ်သူ ဖြစ်သည် ။ သို့ပေမဲ့ ခင်ပွန်းဖြစ်သူက ဒီမျှ ချစ်၍ ဂရုစိုက် အလိုလိုက်ခဲ့ပေမဲ့ ဦးလေးပိန်မှာ ထမင်းစားလျှင် ဟင်းကောင်းနှင့် စားရသည်မှာ နည်းပါးလှပြီး ငါးပိရည် ၊ တို့စရာနှင့် ဖြစ်သလို စားရသည့် နပ်ရေက ပိုများလှပေသည် ။ ဦးလေးပိန်မှာ ထမင်း မျိုမကျ၍ အာနှေးနေသည့် အခါမျိုး တွင် ဒေါ်လေး မပန်းရုံက သောက်ရေ တစ်ခွက်ကိုင်လျက် အနား လာထိုင်ပေးပြီး -
“ စား ယောက်ျားရေ မျိုကျအောင်သာစား ။ ကျုပ် တို့မှာ လင်မယားနှစ်ယောက် တည်း ဆိုပေမဲ့ သားထောက် သမီးခံ ရှိတာ မဟုတ်ဘူး ။ အသက်ကြီးလာလို့ ကိုယ့် လက်ထဲ ပိုက်ဆံ မရှိရင် ဒုက္ခ ရောက်လိမ့်မယ် ။ အဲဒီတော့ အရွယ်က အဝေးကြီးကျန်သေးတယ် ဆိုပေမဲ့လည်း ကတည်းက ကြိုတင်ချွေတာ စုဆောင်းနိုင်မှ တန်ကာကျ မယ် ယောက်ျားရေ ”
ဟု အားပေးသလို နှစ်သိမ့်သလိုနှင့် ချွဲချွဲပျစ်ပျစ် ပြောတတ်လေသည် ။
ဒီစဉ်တုန်းက ဒေါ်လေး မပန်းရုံ အသက်မှာ ၂၅ နှစ် ဝန်းကျင်မျှသာ ရှိဦးမည် ထင်သည် ။ တစ်နေ့နေ့ ခင်ပွန်း ဖြစ်သူ ဦးလေးပိန်ကသာ စီးပွားရှာသည့် အလုပ် ၊ အိမ်ဗာဟီရ အလုပ်တွေနှင့် အလုပ်တွေ ဇယ်စက်သလို ဆက် နေပေမဲ့ ဒေါ်လေး မပန်းရုံမှာ တော့ နံနက်မိုးလင်းကတည်းက တံကောက်ခွက်ခန့်ထိ ရှည်သည့် ပိတုန်းရောင်ကေသာကို အုန်းဆီရွှဲရွှဲလိမ်း ၊ ဖြီးသင် ၊ သနပ်ခါး ခြေဆုံးခေါင်းဆုံး လိမ်း၍ မအိုသေးသည့် သူ ၊ အပျိုလေးနှင့်တူ ဆိုသလို အပျိုရှုံးအောင် ကြွကြွရွရွ လှလှပပ နေတတ်သူဖြစ်သည် ။
တကယ်ဆိုလျှင် အိမ်ထောင်ရှိသော မိန်းမတစ်ယောက်တွင် ထိုကဲ့သို့ အပျို ရှုံးအောင် ဖြီးလိမ်းပြင်ဆင် ဝတ်ကောင်းစားလှတို့ဖြင့် ကြော့ကြော့မော့မော့ နေသင့်ပါသလား ။ ဒီမေးခွန်းကို မလေးမွန် ကိုယ်၌ မိန်းမသားဖြစ်ပါလျက် တိကျပြည့်စုံသော အဖြေ တစ်ခုကို မဖြေဆိုနိုင်ခဲ့ ။ ဤသည်မှာ သူမ ဉာဏ်မမီတာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မည် ။ သို့ပေမဲ့ သူမ ကွဲကွဲပြားပြား သိလိုက်ရသည့် အချိန်မှာတော့ အဒေါ်ဖြစ်သူ မပန်းရုံမှာ နောက်အိမ်ထောင်နှင့် ပါသွားခြင်းပင် ဖြစ်သည် ။
ဒီစဉ်ကတည်းက သူမနှင့် ဒေါ်လေး မပန်းရုံတို့ ဝေးကွာခဲ့ကြသည်မှာ ဆယ်စုနှစ် တစ်ခုမက ရှိခဲ့လေပြီ ။ စာမလာ သတင်းမကြား ၊ ခြေရာလည်း ဖျောက် ၊ ရေလည်း နောက်ခဲ့လေပြီဟု ပြောရမလို ဖြစ်ပေသည် ။
••••• ••••• •••••
“ သမီး လိုက်သွားလို့ ဖြစ်ပါ့မလား ။ သမီးဒေါ်လေးရဲ့ အဲဒီနောက်အိမ်ထောင်က ပယောဂဆရာ ဆိုလား ၊ အောက်လမ်းဆရာ ဆိုလား ပြောနေကြတယ် ။ တော်ကြာ လိုက်သွားခါမှ တစ်ခုခုဖြစ်နေရင် အမေ ရင်ကျိုးရလိမ့်မယ် ”
သူမ အိမ်က ထွက်စ ကတည်းက အမေဖြစ်သူ ဒေါ်ပန်းမှုံမှာ စိတ်မချနိုင် သလို တဖွဖွနှင့် စိုးရွံ့ပူပန်စွာ မှာရှာလေသည် ။
စင်စစ် အမေ့အထင် မလွဲဘူးဟု ပြောရမလို ဖြစ်ပေသည် ။ ကြားရသည့် သတင်းတွေက တစ်ခုမျှ မသက်သာ ။
ဒေါ်လေး မပန်းရုံတို့ လင်မယားမှာ ပြည် - ရန်ကုန် လမ်းမကြီးဘေး ၊ ဧရာဝတီ မြစ်ကမ်းနံဘေးက ရွာကလေးတွင် နေထိုင်ကြောင်း ၊ ဒေါ် လေး မပန်းရုံ၏ နောက်အိမ်ထောင်အမည်မှာ ဦးအောင်ဒင် ဟု ခေါ်ကြောင်း ၊ ဦးအောင်ဒင်မှာ ယခုလက်ရှိတွင် အကြားအမြင်ဆရာ လိုလို ၊ ပယောဂဆရာ လိုလိုနှင့် ရှေးဟောင်းနှောင်းဖြစ်တွေဟော ၊ စုန်း ၊ ကဝေ အောက်လမ်း တိုက်များနှင့် အပြိုင် ဖိုက်ပြီး အပြိုင် မိုက်နေကြောင်း ၊ ဒေါ် လေး မပန်းရုံ အပြင် ယခင်က တရားဝင် အိမ်ထောင်နှစ်ခါ ပျက်ဖူးပြီး မိန်းမကျမ်း အလွန် ကျေကြောင်း သတင်းတွေက စုံတကာစေ့နေသည် ။
သူမ ဒေါ်လေးမပန်းရုံ နေသော ( ××× ) အနှီရွာသို့ ရောက်ခဲ့ပါပြီ ။ ဒေါ်လေး မပန်းရုံတို့၏ သတင်းကိုလည်း အနှီ ရွာထဲရှိ ရွာသူရွာသားတွေ ထံမှ စနည်းနာခဲ့ပါပြီ ။ ထို ရောအခါ အသက် ၂ဝ အပျို အရွယ် သူမကို ကြည့်ပြီး စုတ်သပ်သူက သပ်သည် ။ မချိပြုံး ပြုံးသူက ပြုံးသည် ။ သူမနှင့် ဒေါ်လေး မပန်းရုံတို့ ဘယ်လို ပတ်သက်သလဲ မေးသောအခါ အဒေါ်အရင်း ခေါက်ခေါက်ဟု ပြောသော အခါ သူတို့ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်သွားကြ သည်။ သူတို့ ပါးစပ်ကို လက်ဖြင့် ပိတ်၍ အချိန်မီ ဘရိတ် အုပ်သူက အုပ်သည် ။ မျက်စိပျက် မျက်နှာပျက်နှင့် အခြားသို့ ချာခနဲ လှည့်ထွက်သွားသူလည်း ရှိသည် ။ ဘယ်သို့ဖြစ်စေ ကြားရသည့် သတင်းတွေကတော့ စိတ်မသက်သာစေသည် အမှန်ပင် မဟုတ်ပါလား ။
••••• ••••• •••••
အိမ်နှင့် ခြံဝင်း ကတော့ ပေ ၈ဝ x ၁ဝဝ ခန့် ရှိ၍ အတန် အသင့် ကျယ်သည်ဟုတော့ ပြောရမည် ထင်သည် ။ ခြံ စည်းရိုးမှာ မျောတိုင် ၊ ဝါး တိုင် ၊ ဝါးတန်းများနှင့် ဖြစ် သလို ကာရံထားသည် ။ ခြံ ထဲတွင် ဒန့်သလွန်ပင် ၊ သရက်ပင် ၊ ဩဇာပင် အချို့ရှိပြီး မလှည်းမကျင်းသည်မှာ ကြာပြီဖြစ်မည်ထင့် ၊ သစ်ရွက်တွေ အုံနှင့်ကျင်းနှင့် ပွရှုပ်နေသည်။ အိမ်မှာ ၃ ပင် ပျဉ်ထောင်သွပ်မိုးနှစ်ထပ်အိမ် ဖြစ်၍ အိမ် အောက်ထပ်၏ မျက်နှာစာမှာ ကာရံထားခြင်း မရှိ ။ တံခါး မရှိ ။ အခန်းနှစ်ခန်း ဖွဲ့ထားပြီး ဘုရားကျောင်းဆောင်မှာ အတန်အသင့် ကျယ်၍ ဘုရားပွဲ ၊ သာသနာပွဲတွေနှင့် တခမ်းတနားကြီးဖြင့် သပ္ပာယ်လှပေသည် ။ သူမ အိမ်ပေါက်ဝ , ရောက်ပြီး ဖိနပ်ချွတ်ပြီးသည်ထိ မည်သည့် လူရိပ်လူယောင်မျှ မမြင်ရသေးသဖြင့် -
“ ဒေါ်လေးပန်းရုံ ၊ ဒေါ် လေးပန်းရုံ ၊ အန်တီလေး ” ဟု လှမ်းအော်ခေါ်သောအခါ -
“ ဘယ်သူလဲ ဝင်ခဲ့လေ ၊ နောက်ဖေးခန်းမှာ ရှိတယ် ”
ဟု လှမ်းအသံပြု၍ သူမ ခရီးဆောင်အိတ် ဆွဲလျက် နောက်ဘက်အခန်း ရှိရာသို့ မှန်းပြီး လျှောက်လာခဲ့သည် ။ အခန်းဝသို့ ရောက်သောအခါ အိပ်ရာပေါ်တွင် ပက်လက် အနေအထားဖြင့် လဲလျောင်းနေသည့် ဒေါ်လေး မပန်းရုံကို တွေ့လိုက်သော အခါ ရင်ထဲ နင့်ခနဲ ခံစားလိုက်ရသည် ။ ချက်ချင်း ခရီးဆောင်အိတ်ကြီး ပစ်ချပြီး -
“ အန်တီလေး ”
ဟု အော်ခေါ်ပြီး အဒေါ် ဖြစ်သူကို ပြေးဖက်၍ ငိုလေ သည် ။
“ သမီး … သမီးလေးမွန်လားဟင် ”
ဟု ဒေါ်လေးမပန်းရုံက မျက်လုံးလေး လယ်လယ် ၊ လေသံပျော့ပျော့ မပွင့်တပွင့် နှင့် လှမ်းမေးသောအခါ ငို ချင်လျက်လက်တို့ ဖြစ်သွား လေတော့သည် ။ ပြောပြောဆိုဆို ချုံးပွဲချ ငိုပါလေတော့သည် ။ ထိုရောအခါ ဒေါ်လေးမပန်းရုံလည်း အိပ်ရာမှ ကုန်းထ,မည် ပြင်၍ မလေးမွန်လည်း မျက်ရည်စက်လက်နှင့် တွဲလျက် ထူပေးရသည် ။
“ အန်တီလေး အိပ်ရာက ထ , တော့ ထနိုင်သေးတယ်ပေါ့ နော်” ဟု ဝမ်းသာအယ်လဲ ပြောမိသောအခါ ယဲ့ယဲ့ပြုံးပြပြီး -
“ ထတော့ ထိုင်နိုင်ပါတယ်အေ ။ ဒါပေမဲ့ အောက်ပိုင်းတစ်ပိုင်းလုံးကတော့ ဘာမှ မသိတော့ဘူး ။ အသေကောင်လို ဖြစ်သွားပြီ ”
ဟု ပြောလိုက်သော အခါ “ ရှင် ” ဟု သူမ ကမ္ဘာပြိုသံကြားလိုက်ရသလို ရင်ထဲ ဆို့နင့်ကြေကွဲသွားရလေတော့ ၏ ။
တစ်ချိန်တုန်းက အင်မတန် အလှအပမက်သည့် မိန်းမ ။ အခုတော့ အရိုးပေါ် အရေတင် ဖြစ်နေပြီ ။
တစ်ခါတုန်းက ခြိုးခြံ ချွေတာ စုဆောင်းခဲ့သည့် ဥစ္စာဓနတွေ ။ အခုတော့ အနှီ ဥစ္စာဓနတွေက အိပ်ရာပေါ် လှဲနေသည့် သေကောင်ပေါင်းလဲ ရောဂါသည်ကြီးကို ကူကယ်ထူနိုင်ပါဦးမည်လား ။ သူမနှုတ်ဖျားက ပြောချင်သည့် စကားလုံးတွေက လည်ချောင်းဝတွင် တစ်ဆို့ ကျပ်ခဲပြီး အတွေးဖြင့်ပင် ပျယ်လွင့်ပျောက်ကွယ်ခဲ့ရ လေသည် ။
ညနေစောင်း နေဝင်ဖျိုးဖျ ညီအစ်ကိုမသိတသိ အချိန် ရောက်မှ ဦးလေးဦးအောင်ဒင် အပြင်မှ အိမ်သို့ ပြန်ရောက်လာသည် ။ အဖြူ ၊ အနက် ရောနေသည့် ဆံပင်တွေက ကုပ်ထောက်လျက် ။ စာဘူးတောင်းသိုက်လို ပွရောင်းရောင်းနှင့် ၊ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးတွေ ဗရပျစ်နှင့် ပအို့ဝ်လွယ်အိတ်ဖားဖားကြီးက လွယ်ထားသေးသည် ။ သူမကို တွေ့သောအခါ -
“ ဪ …. မပန်းရုံ တူမ ဆိုတာ မှတ်တယ် ။ သူ့အဒေါ် ငယ်ငယ်ကလို အချောကလေးပဲ ။ အင်း ... မင်းက အပျိုကြီး အဖြစ်နဲ့ပဲ ဘဝနိဂုံးချုပ်မယ့်သူ ။ အလို မမျှော်လင့်ဘဲ အမွေတွေလည်း ရဦးမယ် ဆိုပါကလား ”
သူမကို တွေ့သောအခါ မျက်လုံးမှေး ၊ မေးစေ့ပွတ်ပြီး ခေါင်းစောင်းကာ ကောက်ကာငင်ကာ ပြောပါလေတော့သည် ။ သူမ ကျောချမ်းသွားသည်အမှန် ။ အပျိုကြီးဖြစ်ခြင်း ၊ မဖြစ်ခြင်းက သူမ အပေါ် မူတည်ပြီး မမျှော်လင့်ပဲ အမွေတွေရမည်ဆိုတာကတော့ ဘယ်လိုမှကို နားမလည်နိုင်သောကိစ္စ ဖြစ်သည် ။ သူမတို့ မုဆိုးမသားအမိမှာ ပစ္စက္ခတွင် အိမ်ငှားနေရပြီး ဆေးလိပ်ခုံတွင် ဆေးလိပ်သမ လုပ်၍ စားဖို့သောက်ဖို့ပင် အနိုင်နိုင် ကြိုးစားနေရ လေရာ အဘယ်သို့သော အမွေက မိုးပေါ်က ကျလာပါမည်နည်း ။
မလေးမွန် ကျိတ်ပြုံးလိုက်မိပါသည် ။ ဒီလူကြီး လူကို တွေ့တွေ့ချင်း လျှောက်ရွှီး နေသည်ဟု ထင်မိသည် ။
သို့ပေမဲ့ ဒါကလည်း ဟုတ်နိုင်မဟုတ်နိုင် အပ်ကျမပ်ကျ မပြောနိုင်ခဲ့ ။ သူမ ဤ အိမ်သို့ ရောက်ပြီး တစ်ပတ် အတွင်းတွင် ဧည့်သည်တွေ အတော်များများ လာကြသည်ကို တွေ့ရသည် ။ လာသမျှ လူတွေကလည်း အပူသည်တွေ ၊ တစ်နည်းမဟုတ် တစ်နည်း ဒုက္ခရောက်နေသူတွေ ။ ပစ္စည်းပျောက် ၊ သားပျောက် ၊ သမီးပျောက် ၊ လင်ပျောက် ၊ လင်ပစ် ၊ လင်ပြန်ခေါ်ချင်သူ ချည်းသာ ဖြစ်သည် ။ ထို သောအခါ ဦးလေးဦးအောင်ဒင်က အိမ်ရှေ့က သစ်ရွက် တစ်ရွက်ကို လက်နောက်ပြန် ခူးစေပြီး သစ်ရွက်ကို ကြည့်ကာ တစ်တစ်ခွခွ ဟောလေ တော့၏ ။ ထိုသောအခါ ကြားရသူများခမျာ မျက်စိပျက် မျက်နှာပျက် ငိုကာရယ်ကာ ဖြစ်ကြလေတော့၏ ။ ၄င်းနောက် အင်းချပ်ပေါ် ဆေးဖယောင်းတိုင်ထွန်းရမည် ။ သိမ်ဝင် သပိတ်ကွဲ ၊ သင်္ကန်းကြီးစ ၊ သုသာန်မြေ ၊ လမ်းဆုံ လေးခွ မြေလိုသည်နှင့် ပျစ်ပျစ်နှစ်နှစ် ပြောလေသောအခါ ခပ်လှမ်းလှမ်းမှ နားစွင့်နေသည့် သူမပင် ကျောစိမ့်သည်အထိ လန့်ခဲ့ရပေတော့သည် ။
သူမ ထင်ပါသည် ။ တိုးတက်နေသော ယနေ့လို ခေတ်ကြီးထဲတွင် မှော်ပညာ ၊ အောက်လမ်းပညာ ဆိုတာ ရှိနိုင်သေးလို့လား ။ သေသေ ချာချာတော့ မပြောနိုင် ။ ရှိ ချင်လည်း ရှိမည် ။ ဒီအတွက် ယုံသူလည်း ယုံမည် ၊ မယုံသူ လည်း မယုံ ။ ယုံခြင်း ၊ မယုံခြင်းမှာ မိမိတို့၏ ပုဂ္ဂလဓိဋ္ဌာန် ဆုံးဖြတ်ချက်မျှသာ ဖြစ်ပေသည် ။
သူမ၏ ဤအိမ်သို့ လာခဲ့ရခြင်း၏ အဓိက ရည်ရွယ် ချက်မှာ ဒေါ်လေးမပန်းရုံကို အနီးကပ် ပြုစုရန်သာ ဖြစ်သည် ။ တစ်နေ့နေ့ ဒေါ်လေးမပန်းရုံကို ပြုစုခြင်း ၊ အိမ်ဗာ ဟီရအလုပ်တွေ လုပ်ပေးခြင်းဖြင့် တစ်လ ဆိုသော အချိန်သည် ဘယ်လို ကုန်သွားမှန်းပင် မသိ ။ ဒီရက်များအတွင်း သူမနှင့် ဦးလေးဦးအောင်ဒင်တို့ နှစ်ဦးတည်း မဆုံဖြစ်အောင် သူမ အနေနှင့် အတတ်နိုင်ဆုံး တိမ်းရှောင်နေခဲ့၏ ။ အမှန်ပွင့်ပွင့်လင်းလင်း ဆိုရလျှင် သူမ စိတ်ထဲတွင် ဦးအောင်ဒင်ကို နာမည်ကြားရစဉ်ကတည်းကပင် ရွံကြောက်ကြီး ကြောက်နေခဲ့ကြောင်း ဝန်ခံရပေမည် ။
သို့ပေမဲ့ သိသည့်အတိုင်းပင် အနှီ အိမ်ကျဉ်းကျဉ်းလေး ထဲတွင် သူမ အနေနှင့် ဘယ်လို သတိထားပြီး ဘယ်လောက်ကြာကြာ တိမ်းရှောင်နေနိုင်ပါမည်နည်း ။ ဒီလိုနှင့် တစ်ခုသောနေ့ ညဘက် ထမင်းစားခါနီး တိုက်တိုက်ဆိုင်ဆိုင် ဆုံကြသောအခါ သူ့အရွယ်နှင့် မင်းငါ သုံးပြီး -
“ မင်းစိတ်ကူး မလွဲနဲ့ နော် ၊ မင်းအဒေါ်က ဘယ်လောက်မှ ခံမှာ မဟုတ်တော့ဘူး ။ မကြာခင် သေတော့မှာ ။ မင်းမှာ အမွေတွေ ရကိန်း ရှိတယ် ဟဲဟဲ ”
နှင့် အနှောင့်အသွား မလွတ်သည့် ရိသဲ့သဲ့စကားကို ဆိုလေသည် ။ အိမ်ထောင် မရှိ ၊ ရည်းစား မရှိသေးသော အပျို စင်စစ်စစ် ဆိုပေမဲ့လည်း မလေးမွန် ဦးအောင်ဒင်၏ ဆိုလိုရင်း အဓိပ္ပာယ်ကို သဘာဝက ပေးသောအသိဖြင့် အလိုလို သိပြီး ဖြစ်ပါသည် ။ ဒီစကားကို ကြားရစဉ် ရုတ်ခြည်းလိုပင် ဒေါသအမျက်ခြောင်းခြောင်း ထွက်လိုက်သည်မှာ မပြောပါနှင့်တော့ ။ ချက်ချင်းပင် အစိမ်းလိုက်ဝါးစားချင်စိတ် ပေါက်မိသည် ။ သူမ အဒေါ် ကို သူ့အရင် သေချာပေါက် သေမည်ဟု ကျိန်းသေတွက်ထားပုံရသည် ။
သို့ပေမဲ့ မလေးမွန်မှာ ငယ်ရွယ်သူပင် ဖြစ်လင့်ကစား သူမ ဒေါသကို အချိန်မီ ထိန်းချုပ်နိုင်ခဲ့သည် ။ ယခု ပစ္စက္ခတွင် ဦးအောင်ဒင်မှာ အိမ်ရှင် ၊ စည်းမစောင့် ၊ လူလစ်ရင် လစ်သလို ထိကပါးရိကပါး လုပ်လာလျှင် နစ်နာရမည့်သူက သူမသာ ဖြစ်ပေလိမ့်မည် ။ သို့နှင့် နောက်ဆုံးမှာတော့ မလေးမွန်မှာ ညဘက်အိပ်လျှင် အပေါ်ထပ်တွင် မအိပ်ရဲတော့ဘဲ အဒေါ်ဖြစ်သူ အခန်းဘေး ကပ်လျက် အခန်းတွင် အိပ်ရသည်ထိ ဖြစ်ခဲ့ရလေသည် ။
သို့ပေမဲ့ လောကကို စောင့်ကြပ်သော လောကပါ လနတ်မင်းတို့သည် မျက်နှာ လွှဲ၍ မနေပါလေ ။ တရား ကျင့်သောသူကို တရားက ပြန်လည်စောင့်ရှောက် သကဲ့ သို့ ကောင်းသော စရဏရှိသူ တို့သည် ကောင်းသော စရဏ အတိုင်း ၊ မကောင်းသော အဓမ္မဝါဒရှိသူတို့သည် အဓမ္မဝါဒ ရှိသည့်အတိုင်း ကံပစ်ချရာကို ခံကြရမည်မှာ မြေကြီး လက်ခတ်မလွဲပေတည်း ။
ဒီလိုနှင့် တစ်ခုသော နေ့ လယ် နာရီပြန် ၂ ချက်တီးခန့် အချိန် ဦးအောင်ဒင်မှာ ချွေးသံရွှဲရွှဲနှင့် အပြင်မှ ပြန်ရောက်လာပြီး သူမ ထံမှ ရေတစ်ခွက် တောင်းသောက်၍ သူမ သောက်ရေအိုးမှ ရေတစ်ခွက် ခပ်တိုက်ပေးပြီး တစ်အောင့် အကြာ ဦးအောင်ဒင်မှာ ထိုင်ရာမှ ကုန်းအထ “ မူးတယ် မူးတယ် ” ဟု ညည်းပြီး နေရာတွင်ပင် ပက်လက်လှန်၍ သတိလစ်သွားခဲ့ရာ အသက် ပြန်မလည်ခဲ့တော့ချေ ။
ထိုသတင်းအား ကြားလျှင်ကြားချင်း ( ××× ) ရွာမှ ဦးအောင်ဒင်၏ အစ်မကြီးနှင့် ညီမဆိုသူတွေ သူမတို့ အိမ် သို့ ချက်ချင်းပေါက်ချလာ လေသည် ။ သူတို့မောင် ၊ သူ တို့အစ်ကို အလောင်းကို ဖက် ၍ မပဋာမြေလူး ငိုကြွေးကြပြီး အနှောင့်အသွားမလွတ်သည့် ငိုချင်းမျိုးဖြင့် ငိုကြလေသည် ။
“ အမယ်လေး အဖြစ် ဆိုးလှချေလား ငါ့မောင်ရဲ့ ။ ငါတို့ ကြားဖူးတာတော့ ယောက်ျားတစ်ယောက်က မိန်းမသုံးယောက် ယူပြီး အဲဒီ မိန်းမတွေက သေသွားခဲ့ရင် လေးယောက်မြောက် ယူတဲ့ မိန်းမအလှည့်မှာ အဲဒီမိန်းမက မသေတော့ဘဲ ယောက်ျား လုပ်သူက သေရတော့တယ်တဲ့ ။ အခု အဲသလို အဖြစ်မျိုး ဖြစ်နေပြီလား ငါ့မောင်ရဲ့ ”
ထိုထိုသို့ ငိုခြင်းသည် နံဘေးမှ ကြားရသူအဖို့ မည်သို့ နားလည်မည် မသိ ၊ မလေးမွန် မှာတော့ ငယ်ရွယ် သူပီပီ ဒေါသလှိုင်းတံပိုးတို့ ဝုန်းဒိုင်းကြဲ ဆူပွက်စေခဲ့သည်တော့ အမှန် ။ သို့ပေမဲ့ တစ်ရှက်က နှစ်ရှက်ဖြစ်မည်စိုး၍ အံကြိတ်သည်းခံ လည်စင်းခံနေခဲ့ရသည် ။
ဒေါ်လေး မပန်းရုံကတော့ လူကြီးပီပီ လောက အကြောင်း ၊ လူတွေ၏ အကြောင်းကို သူမထက် ပို၍ နောကျေနေခဲ့ပြီ ထင်သည် ။ သူမအား အတတ်နိုင်ဆုံး သည်းခံရန် သတိပေးပြီး အကြိမ်ကြိမ် တားမြစ်နေခဲ့လေသည် ။
ဒီလိုနှင့် ရက်လည်ပြီး၍ ဦးအောင်ဒင်၏ နှမဖြစ်သူတွေ ပြန်သွားကြသောအခါ ဒေါ် လေးမပန်းရုံမှာ သူမအား အနီးသို့ ခေါ်ပြီး-
“ ကဲ .. သမီး ဒေါ် လေး တိုတိုနဲ့ လိုရင်းပဲ ပြောတော့မယ် ။ အခု သေမင်းကတော့ သမီးဦးလေး အလှည့် ပြီးသွားလို့ ဒေါ်လေး အလှည့် ခေါ်တော့မယ်ပေါ့ကွယ် ”
ဟု လေသံမျှဖြင့် ပြောလေသောအခါ သူမ တစ်ကိုယ်လုံး ကျဉ်စက်နှင့် အတို့ခံရသကဲ့သို့ တုန်လှုပ်ချောက်ချားသွားခဲ့လေသည် ။ ချက် ချင်းပင် -
“ အဲဒီလို စကားမျိုးတော့ မပြောပါနဲ့ အန်တီလေးရယ် ”
ဟု ငိုသံပါဖြင့် ပြောရင်း ဒေါ်လေးမပန်းရုံကို သိမ်းကျုံး ဖက်နေမိသည် ။ ဒေါ်လေး မပန်းရုံ ကတော့ ယဲ့ယဲ့ပြုံး၍ သူမ၏ ပိုးမျှင်လို ပျော့အိနေသည့် ဆံနွယ်စတွေကို တယုတယပွတ်သပ်ပေးနေပြီး -
“ ဘဝမှာ အဆုံးအဖြတ်တွေလွဲလို့ စိတ်စေရာအတိုင်း စိတ်နောက်ကိုယ်ပါ ဖြစ်ခဲ့လို့ မိန်းမတစ်ယောက်ရဲ့ ကျရှုံး ခန်းပါပဲ သမီးရယ် ။ မငိုပါနဲ့ တော့ ။ လူတိုင်းဟာ မိမိပြုမူ တဲ့ ကံတရားအတိုင်း သံသရာ ခရီးဆက်ကြရတာပါ ။ ဒေါ် လေး သံဝေဂရနေပါပြီ ။ အခုဆိုရင် ဒေါ်လေးမှာ သားသမီးလည်း မရှိဘူး ။ ဘဝနေဝင်ချိန်လည်း ရောက်တော့မယ် ။ အဲဒီတော့ ဒေါ်လေး နောက်ဆုံးလုပ်စရာရှိတဲ့ ကိစ္စတွေကို အချိန်မဆွဲဘဲ မြန်မြန် လုပ်မှဖြစ်တော့မယ် သမီး ”
ဟု သူမ နားလည်သည်ရော ၊ နားမလည်သည်ရော စကားလုံးတို့ကို သုံးပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ကို သွားရောက်ခေါ်ယူစေခဲ့သည် ။
ဒီနောက် စာချုပ်တစ်ခု ဝယ်စေပြီး ဤအိမ် ၊ ဤခြံနှင့် ဤအတွင်းပစ္စည်းအားလုံးတို့ကို တူမဖြစ်သူ မလေးမွန် အား အမွေစားအမွေခံအဖြစ် အပြီးအပိုင် လွှဲပြောင်းပေးခဲ့ကြောင်း စာစီစေပြီး လက်မှတ် ရေးထိုး၍ ၄င်းပိုင် အိမ် ၊ ခြံနှင့် အတွင်းပစ္စည်းတို့ကိုအပြီးအပိုင် လွှဲပြောင်းပေးခဲ့လေတော့သည် ။
ထိုသည်၏ နောက်မှာတော့ ဒေါ်လေးမပန်းရုံ မှာ ထမင်းလည်း ဟုတ်တိပတ်တိ မစား ၊ အအိပ်အနေလည်း ဟုတ်တိပတ်တိ မအိပ်လေ သောအခါ ဦးလေး ဦးအောင် ဒင် ဆုံးပြီး နှစ်ပတ်ခန့်အကြာ တွင် ဒေါ်လေးမပန်းရုံမှာ နေ့လယ်ဘက် မျက်လုံးကြောင်တောင်ဖွင့်လျက် အသက်ပျောက် သေဆုံးနေသည်ကို တွေ့ရလေတော့၏ ။
ဤတွင် ထိုထိုဖြစ်အင်တို့ကို ရက်ပိုင်းအတွင်း အံ့သြ တုန်လှုပ်စွာ တွေ့မြင်ကြုံဆုံ လိုက်ရသော မလေးမွန် ခမျာ ဖြေမဆည်နိုင်လောက်အောင် ဆောက်တည်ရာမဲ့ ဖြစ်ခဲ့ကြောင်း ဝန်ခံရပေမည် ။
ချက်ချင်း မိခင်ဖြစ်သူဆီ ဖုန်းဆက် အကြောင်းကြားပြီး အဒေါ်ဖြစ်သူ မပန်းရုံ၏ ဈာပနကို တင့်တင့်တယ်တယ် မြေချစေခဲ့သည် ။ ထို့နောက် ရက်လည်သည့် နေ့တွင် ဦးအောင်ဒင်၏ နှမဖြစ်သူတွေ မျက်နှာပြောင်တိုက် ရောက်လာပြီး မျက်နှာကြော တင်းတင်းနှင့် အကျွေးအမွေး ကိစ္စများတွင် ဗိုလ်ကျစိုးမိုး ခြယ်လှယ်နေသော်လည်း မလေးမွန် စိုးစဉ်းမျှ မတုန်လှုပ်တော့ ။ မိခင်ဖြစ်သူ ဒေါ်ပန်းမှုံ ကိုလည်း သည်းခံရန် သူမကပင် တစ်ပြန် တရားဟောနေခဲ့ပြီး သဗ္ဗေ သတ္တာ ကမ္မသကာ ဆိုသည်ကို သူမ နားလည်နေခဲ့လေ ပြီ ။
ထိုနောက် ရေစက်ချ တရားနာ အမျှဝေပြီးသောအခါ ကြွရောက်လာသော ရွာဦးဆရာတော်က -
“ ကဲ ဒကာမလေး ၊ ဘုန်းကြီးတို့လည်း ကျောင်းပြန်ကြွတော့မယ် ”
ဟု နှုတ်ဆက်စကား ဆိုပြီး နေရာမှ ထရန် ပြင်ဆင်လေသောအခါ -
“ အရှင်ဘုရား ခဏ သည်းခံပါဦးဘုရား ”
ဟု တောင်းပန်လျှောက်ထားပြီး အတွင်းခန်းထဲသို့ ဣန္ဒြေရစွာ ဝင်သွားပြီး စာ ရွက်တစ်လိပ်ကို ဖွဖွယူ ဆောင်လာလေသည် ။ ထို့ နောက် ဆရာတော်ဘုရားရှေ့ ရိုသေစွာ ကျုံ့ကျုံ့ထိုင်လျက် စာရွက်လိပ်ကို ကပ်လှူပြီး -
“ အရှင်ဘုရား ဒါ ဒီခြံ ဂရမ်ပါဘုရား ။ ဒကာမကြီး ဒေါ်ပန်းရုံ ပိုင်ဆိုင်တဲ့ ဒီအိမ် ၊ ဒီခြံနဲ့ ဒီမျက်မြင် အတွင်း ပစ္စည်း အားလုံးကို ဒကာမကြီး ဒေါ်ပန်းရုံ ကိုယ်စား တပည့်တော်မက ရိုသေစွာ လှူဒါန်းပါတယ်ဘုရား ”
သော ဟု တစ်ခွန်းချင်း လျှောက်တင်လိုက်သေ အခါ ကြွရောက်လာသော တရားနာ ပရိသတ်အားလုံးတို့မှာ “ ဟာ ” ၊ “ ဟင် ” ၊ “ အို ” နှင့် အံ့သြမှင်တက် ဖြစ်ကြရလေတော့သည် ။
ထိုသည်၏နေ့ ညနေခင်း ဆည်းဆာတိမ်တောက်ချိန်တွင် မလေးမွန်မှာ ချစ်လှစွာသော မိခင်ကြီး ဒေါ်ပန်းမှုံ ထံ ရိုသေစွာ ခွင့်တောင်းပြီး ရာသက်ပန် သူတော်စင်အဖြစ် နေထိုင်နိုင်ရန်အတွက် သီလရှင် အဖြစ်သို့ ဘဝကူးပြောင်းခဲ့ပေတော့သည် ။
⎕ ပန်းတောင်း တင်ဝင်းအောင်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
မတ် ၊ ၂ဝ၂ဝ
No comments:
Post a Comment