❝ အိမ်အပြန် ❞
( လေးနွယ် - ဒဂုံ )
ကျွန်မ စက်ဘီးစီးပြီး အိမ်ကို ပြန်လာခဲ့တယ် ။ အချိန်က ည ၇ နာရီ ။ မြို့ပြလို့ ခေါ်တဲ့ ကျွန်မတို့ ပတ်ဝန်းကျင် တစ်ခုလုံး သက်ဝင်လှုပ်ရှားနေဆဲပါပဲ ။ ဆိုင်မှ စထွက်လာ ကတည်းက ကျွန်မ စိတ်ထဲမှာ စိုးရိမ်စိတ်နဲ့ အတူ ကြောက်ရွံ့မှု အနည်းငယ် ရှိနေခဲ့တယ် ။
မောင်လေး ခရီးသွားလို့ ကျွန်မ မနက်ကတည်းက စက်ဘီးလေးနဲ့ ဆိုင်ကို လာခဲ့တယ် ။ စက်ဘီး မစီးတာ အတော်ကြာပြီမို့ အိမ်ကနေ ဆိုင်ကို ရောက်အောင် အတော် နင်းခဲ့ရတယ် ။ အတော် နင်းဆို အိမ်နဲ့ ဆိုင်က ရပ်ကွက်လေး , ငါးခုလောက် ခြားနေတယ် မဟုတ်လား ။ ဟိုအရင်က ကျွန်မ ဒီလမ်းတွေကို ဖြတ်ပြီး စက်ဘီးနဲ့ ညစဉ် အိမ်ကို ပြန်ခဲ့ဖူးတယ် ။ အဲဒီတုန်းက ခုလို စိုးရိမ်မှုမျိုး မရှိခဲ့ပါဘူး ။ ညဘက် ဆိုင်ပိတ်ပြီးရင် ပိုက်ဆံအိတ်လေး စက်ဘီးခြင်းထဲ ထည့် ၊ စက်ဘီးကို ခပ်ဖြည်းဖြည်း နင်းရင်း ညရဲ့ သဘာဝအရသာကို ခံစားပြီး အိမ်ကို ပြန်ခဲ့ဖူးတယ် ။ ကျွန်မ အခု အိမ်ကို ပြန်နေတယ် ။ ဆိုင်ကယ် တစ်စီးက ကျွန်မ မျက်နှာချင်းဆိုင် လမ်းဘေးဘက်ကနေ မောင်းလာနေတယ် ။ ကျွန်မ ဘာလုပ်ရမလဲ ။ ကျွန်မ စက်ဘီးကို ကားလမ်းရဲ့ အလယ်ကြောဘက်ကို တက်လိုက်ရမလား ။ ဒါမှမဟုတ် ကျွန်မ စက်ဘီးကို လမ်းဘေး ညာဘက်အစွန်းထိ ကပ်လိုက်ရမလား ။ စဉ်း စားနေရင်း ရှေ့ခြင်းထဲမှာ ထည့်လာတဲ့ ပိုက်ဆံအိတ်ကို စိတ်ပူမိပြန်တယ် ။ ဆိုင်ကယ် ပေါ်ကနေ ကျွန်မ စက်ဘီးခြင်းထဲက ပိုက်ဆံအိတ်ကို လှမ်းဆွဲသွားနိုင်တယ် မဟုတ်လား ။
ခုတလော ဆိုင်ကယ် ပေါ်ကနေ ပိုက်ဆံအိတ်တွေ ၊ ဖုန်းတွေကို လှမ်းဆွဲပြီး လုပြေးတာတွေကို ကြားနေရတော့ ဆိုင်ကယ် မြင်ရင်ကို ငါ့ဆီက လုယူကြလေမလား ဆိုတဲ့ စိတ်ခံစားမှုက ဖယ်မရ အောင် ဖြစ်နေမိတယ် ။ ကျွန်မ ပိုက်ဆံအိတ်ကို စက်ဘီးရှေ့ ခြင်းထဲမှာ ထည့်လာခဲ့တယ် ။ ပိုက်ဆံအိတ်ရဲ့ လွယ်ရတဲ့ ကြိုးကို စက်ဘီး လက်တန်းမှာ လျှိုသွင်းရစ်သိုင်းပြီး စက်ဘီး လက်တန်းမှာ နှစ်ပတ်သုံးပတ် ပတ်လျှို ချည်နှောင်ထားခဲ့ပါတယ် ။ တကယ်လို့ ကျွန်မ ပိုက်ဆံအိတ်ကို လှမ်းဆွဲရင်တောင် ဆွဲယူလို့ မရနိုင်ပါဘူး ။ ကျွန်မ အတွေးတွေ များနေစဉ်မှာပဲ မျက်နှာချင်းဆိုင်က လာနေတဲ့ ဆိုင်ကယ်ဟာ ကျွန်မ ဘေးကနေ ကျော်ဖြတ်သွားပါတယ် ။ တင်းကျပ်နေတဲ့ စိတ်တွေ အနည်းငယ် ပြေလျော့သွားတယ် ။
ကျွန်မရဲ့ အိမ်အပြန် လမ်းဟာ တစ်ဝက်နီးပါး ရောက်လာပါပြီ ။ မြို့ပြလို့ ခေါ် ဆိုတဲ့ ကျွန်မ နေထိုင်ရာမြို့ နယ်အတွင်းက ရပ်ကွက်တွေမှာ လမ်းမီးတွေ ထွန်းထားပုံဟာ တကယ့်ကို သဘာဝ ဆန်လွန်းပါတယ် ။ မြို့ပြနေ လူတန်းစားတွေကို ညရဲ့ သဘာဝကို ပျောက်ပျက် မသွားအောင် ခံစားခွင့် ပေးထားတယ် ။
ကျွန်မ စင်ကာပူနိုင်ငံကို သွားခဲ့တုန်းက ဆာဖာရီ ဥယျာဉ်ကို ရောက်ခဲ့ဖူးပါတယ် ။ ညဘက်မှာ တောထဲက တိရစ္ဆာန်တွေကို သွားကြည့်ကြတာပါ ။ အဲဒီလို တောထဲမှာ လျှောက်သွားကြတဲ့အခါ မှောင်မည်း မနေအောင် သစ်ပင်ရဲ့ ဟိုးထိပ် ဖျားကနေ အလင်းရောင်ကို ခပ်ဖျော့ဖျော့လေး ပေးထားပါတယ် ။ အခု ကျွန်မတို့ ရပ်ကွက်က မီးလေးတွေလိုပေါ့ ။ ဒီက လူတွေဟာ နိုင်ငံခြားကို အတုယူတယ် ဆိုတာ ဒါမျိုးတွေများလား တွေးရင်း ကျွန်မ စက်ဘီးကို ခပ်သွက်သွက် နင်းလာခဲ့တယ် ။
တောင်တွေး မြောက်တွေး တွေးရင်း အလင်းရောင် နည်းတဲ့ လမ်းပေါ်မှာ ချိုင့်ခွက်တွေကို ရှောင်ကွင်းပြီး စက်ဘီးကို နင်းလာခဲ့တယ် ။ အမှောင်ဆိုတာ ဒုစရိုက်မှု ကျူးလွန်ဖို့ အကောင်းဆုံး အနေအထားမို့ အမှောင်ကို ရှောင်ဖို့အတွက် ကား အသွားအလာများတဲ့ လမ်းကို ရွေးလိုက်တယ် ။ ကားမီးရောင်ကို အားပြုပြီး စိတ်ထဲမှ ကြောက်ရွံ့မှု တချို့ကို မောင်းထုတ်လိုက်တယ် ။
ကျွန်မ အိမ်ကို ပြန်နေတယ် ။ အို မိုးစက်တွေပါလား ။ မိုးရွာတော့မယ် ထင်တယ် ။ ခဏလေးနေပါဦး မိုးမင်းကြီးရယ် ။ ကျွန်မ အိမ်ပြန်ရောက်အောင် ခဏလောက် စောင့်ပေးပါဦး ။ အလင်းရောင် နည်းပြီး မချောမွေ့တဲ့ လမ်းမပေါ်မှာ ထီးတစ်ဖက်နဲ့ စက်ဘီးစီးလို့ အဆင်မပြေလို့ပါ ။ ခဏ လောက် စောင့်ပေးပါဦး မိုး မင်းကြီးရယ် ။ ကျွန် မ တောင်းဆိုသံကို မိုးမင်းကြီး မကြားဘူး ထင်ပါရဲ့ ။ မိုးစက်တွေဟာ တဖွဲဖွဲ ကျလာနေတယ် ။ စက်ဘီးကို ရပ်ပြီး စက်ဘီးနောက်မှာ ထိုးချိတ်လာခဲ့တဲ့ ထီးကို ယူပြီး ဆောင်းရမလား စဉ်းစားမိတယ် ။ အို မိုးက သိပ်မသည်းပါဘူး ။ စက်ဘီးကို ခပ်မြန်မြန်လေး နင်းလိုက်ရင် အိမ်ရောက်တော့ မှာပဲလို့ ပြန်တွေးလိုက်တယ် ။ အိမ်ကို အမြန်ဆုံး ရောက်အောင် စက်ဘီးကို ခပ်သွက်သွက် ဖိနင်းလိုက်တယ် ။
ကျွန်မရဲ့ မျက်မှန်ဟာ မိုးစက်တွေကြောင့် မှုန်ဝါးလာတယ် ။ အလင်းရောင် နည်းပါးမှုနဲ့ မျက်မှန်မှာ ကပ်ငြိလာတဲ့ ရေငွေ့တို့ကြောင့် အရှေ့ကို သေချာ မမြင်ရအောင် ဖြစ်လာတယ် ။ ခေါင်းပေါ်ကို ကျလာတဲ့ မိုးရေတွေဟာ နဖူးမှ တစ်ဆင့် မျက်နှာပေါ်ကို စီးကျလာနေတယ် ။ စက်ဘီးကို လက်တစ်ဖက်တည်းနဲ့ ထိန်းလိုက်ပြီး မှုန်ဝါးလာတဲ့ မျက်မှန်ကို ကျန်လက် တစ်ဖက်နဲ့ ဖြုတ်ယူလိုက်တယ် ။ မျက်မှန်ကို အင်္ကျီစနဲ့ ပွတ်လိုက်ပြီးမှ ပြန်တပ်လိုက်တယ် ။
“ အမယ်လေး ... အမယ်လေး ...”
လမ်းမပေါ်က ချိုင့်ခွက်ကို ရှောင်ရင်း စက်ဘီးဟာ လမ်းအလယ်ကို ရောက်သွားတယ် ။ အရှေ့က လာနေတဲ့ ကားဟာ အရှိန်ကို လျှော့မပေးဘဲ အတင်း မောင်းဝင်လာတယ် ။ ဘုရား ဘုရား အိမ်အပြန် လမ်းဟာ ဒီလောက် ခက်ခဲနေရော့လား ။ ရောက်လုပြီ ။ ရောက်လုပြီ ။ ဟိုအရှေ့ သုံးလမ်း ကျော်ရင် အိမ်ကို ရောက်ပြီ ။
ကျွန်မ အိမ်ကို ပြန်နေတယ် ။ အရှေ့က လမ်းလေးဆုံမှာ ကားတွေ အရမ်းရှုပ်နေတယ် ။ စက်ဘီးကို စီးရင်း လမ်းဖြတ်ကူးဖို့ မဖြစ်နိုင်တာမို့ နောက်ဘရိတ်ကို ဆွဲပြီး ရပ်လိုက်တယ် ။ ဆိုင်ကယ် တစ်စီးဟာ အနောက်ဘက်ကနေ မောင်းဝင်လာပြီး ကျွန်မရှေ့ဘက် ဘေးမှာ လာရပ်တယ် ။ ဆိုင်ကယ်ပေါ်မှာ အသက် နှစ်ဆယ်ဝန်းကျင် ကောင်လေး သုံးယောက် ။ ဆံပင်တွေက အနီရောင် ဆိုးထားကြတယ် ။ လက်တွေ ခြေထောက်တွေမှာလည်း ဆေးမင်ကြောင်တွေ ထိုးထားလိုက်တာ ။ ကျွန်မ သူတို့ကို မသိမသာ အကဲခတ် ကြည့်မိတယ် ။ ဆိုင်ကယ်ပေါ်က ကောင်လေး တစ်ယောက် ကျွန်မကို လှည့်ကြည့်တာ မြင်တော့ ကျွန်မ မျက်နှာကို ခပ်မြန်မြန် လွှဲလိုက်တယ် ။ ကျွန်မ ကြောက်လိုက်တာ ၊ လုတယ်ဆိုတာ ဒီလို အရွယ်လေးတွေ များတယ် ။ ငါက စက်ဘီးနဲ့ တစ်ယောက်တည်း ဆိုတော့ ။
“ ဘုရား ... ဘုရား ... သမ္ဗုဒ္ဓေ ... အဋ္ဌဝီ သဉ္စ ”
ကျွန်မ ကြောက်စိတ်နဲ့ ဘုရားတ , ရင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုမိတယ် ။ ဒီအချိန်မှာ ကျွန်မကို ကာကွယ်ပေးနိုင်တာ ဘုရားမှ တစ်ပါး အခြား မရှိနိုင်ဘူး မဟုတ်လား ။
ဟော သွားလို့ ရပြီ ။ မြန်မြန် မောင်းပါတော့ ။ ကျွန်မ ဆိုင်ကယ်သမားတွေကို မြန်မြန် မောင်းထွက် သွားစေချင် တယ် ။ ကျွန်မ သူတို့ကို ကြောက်တယ် ။
ကျွန်မ အိမ်ကို ပြန်နေတယ် ။ ရှေ့က လမ်းမကြီးကို ကျော်လိုက်ရင် ကျွန်မအိမ်ကို ရောက်တော့မယ် ။ ကျွန်မ နောက်ကနေ ကားတစ်စီး ပါလာတယ် ။ ကျွန်မရဲ့ ညာဘက်မှာ အထက်တန်းကျောင်းကြီးဟာ လူသူကင်းမဲ့စွာ မိုး ရေချိုးပြီး မတုန်မလှုပ် ရှိနေ တယ် ။ လမ်းရဲ့ ဟိုတစ်ဖက် ခြမ်းမှာက အကွက်ရိုက်ထား တဲ့ လူမနေတဲ့ ခြံဝန်းတွေ ။ ရှေ့က လမ်းမကြီးကို ကျော်လိုက်ရင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိတယ် ။ လူပြတ်ပြီး အလင်းရောင် နည်းပါးတဲ့ ဒီနေရာမှာ ကျွန်မ စက်ဘီးကို လမ်းဘေးကို ကပ်ပြီး ခပ်သွက်သွက် နင်းလိုက်တယ် ။ ကားဟာ ကျွန်မ ဘေးမှာ ခပ်ဖြည်းဖြည်း ကပ် မောင်းလာတယ် ။
“ ညီမလေး …”
ကျွန်မ ကားပေါ်က လူကို လှမ်းကြည့်လိုက်တယ် ။ သက်လတ်ပိုင်း ယောက်ျား သုံး လေးယောက်လောက် ရှိ မယ် ။ ဘာလဲ ။ ဒီလူတွေက ဘာတွေလဲ ။ ကျွန်မ စိတ်ထဲ ထိတ်လန့်မှုနဲ့အတူ ဒီလူတွေ ငါ့ကို အန္တရာယ် ပြုလာရင် ဘာလုပ်ရမလဲ ဆိုတာ ဦးနှောက်ကို ခပ်မြန်မြန် စဉ်းစားခိုင်းနေမိတယ် ။
“ ညီမလေး …… ဘေလီ တံတားကို ရောက်အောင် ဘယ်လမ်းက ပြန်ထွက်ရ မလဲ လမ်းညွှန်ပါဦး ... အစ်ကိုတို့ ပတ်ချာလည်နေလို့ ”
ကားပေါ်က လှမ်းပြောလိုက်တဲ့ စကားသံ ကြားရတဲ့အခါ ကျွန်မ စိုးရိမ်စိတ်တို့ လျော့ကျသွားတယ် ။
“ ဒီရှေ့ လမ်းဆုံရောက်ရင် ဘယ်ချိုးပြီး တည့်တည့် မောင်းသွားပါ ၊ လမ်းမကြီး ရောက်ရင် ညာဘက်ပြန်ချိုး မောင်း ၊ အဲဒါဆို ဘေလီ တံတားကို ရောက်ပြီ ”
ကျွန်မ စက်ဘီး နင်းနေရင်းမှ ပြန်အော်ပြောလိုက်ပါတယ် ။ ကျွန်မ စကားအဆုံးမှာ ကားပေါ်မှ ကျေးဇူးတင် စကားပြောပြီး ကျွန်မကို ချန်ထားရစ်ခဲ့တယ် ။ ကျွန်မ မိုးရေစက်တို့ကြောင့် ဝေဝါးလာတဲ့ မျက်မှန်ကို ချွတ်ပြီး ရေသုတ် လိုက်ပါတယ် ။ စက်ဘီးကို မြန်နိုင်သမျှ မြန်အောင် ခပ်သွက်သွက် နင်းနေမိတယ် ။ မိုးစက် မိုးပေါက်တွေဟာ တဖြည်းဖြည်း များလာတယ် ။
ကျွန်မ စက်ဘီးစီးပြီး အိမ်ကို ပြန်လာခဲ့တယ် ။ နောင်များတော့ ဘယ်သောအခါမှ ညအချိန် တစ်ယောက်တည်း စက်ဘီးစီးပြီး မပြန်ဖို့ တစ်ကိုယ်တည်း ရေရွတ်နေမိတယ် ။ ကျွန်မတို့ လမ်းထိပ်ကို ရောက်ပါပြီ ။ မိုးနှင့်အတူ လေပြင်းတို့ တိုက်ခတ်လာ ပြီ ။ ကျွန်မ စက်ဘီး လမ်းထဲကို ချိုးအကွေ့ ... ။
“ ဟာ ... ”
ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းသွားတယ် ။ ခဏအကြာမှာ အိမ်အချို့ဟာ မီးတွေ ပြန်လင်းလာခဲ့တယ် ။ လမ်းမီးတွေဟာ အလင်း ကင်းမဲ့နေတယ် ။
ကျွန်မ အိမ်ကို စက်ဘီး စီးပြီး ပြန်လာခဲ့တယ် ။
⎕ လေးနွယ် ၊ ဒဂုံ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဧပြီ ၊ ၂၀၂၀
No comments:
Post a Comment