Friday, June 5, 2026

တုနိုင်ပေါင်

❝ တုနိုင်ပေါင် ❞

    ( ပီမိုးနင်း )

ဦးဘိုးထိုက်သည် မိမိ၏ ပန်းခြံ၌ လှည့်လည်ကာ ပန်းများကို ကြည့်ရင်း မကျေမချမ်း ဖြစ်၍ နေလေ၏ ။ အကြောင်းမူကား မိမိ၏ ခြံမှာ အနီး၌ ယှဉ်လျက် အုတ်တံတိုင်းတစ်ခုသာခြားသော ဦးစံလှ ခြံလောက် စိုပြည်ဝေဆာခြင်း မရှိသည့်ပြင် ၊ ဘုရားလမ်း ဒေါ်မင်းစိန်၏ ခြံ၌ မိမိ တွေ့ရှိခဲ့ရသော ဂန္ဓမာအစပ်မျိုးကလေးကို မရသည့် အတွက် များစွာ မကျေမချမ်း ဖြစ်၍ နေလေ၏ ။

ဦးစံလှနှင့် ဦးဘိုးထိုက်မှာ ပန်းကို ဂုဏ်တုဂုဏ်ပြိုင် စိုက်၍ နေသူနှစ်ယောက် ဖြစ်လေရာ ဦးစံလှ၏ ခြံက မိမိ ၏ ခြံထက် များစွာ သာ၍ နေသည်ကို မခံနိုင် ဖြစ်၍နေလေ၏ ။

၎င်းတို့ နှစ်ယောက်စလုံးမှာ ပန်းစိုက်ပျိုးခြင်း၌ အထူးဝါသနာပါသူများဖြစ်ကြလေရာ နှစ်ယောက်စလုံးမှာ လခအတော် ကောင်းသော အငြိမ်းစား အရာရှိဟောင်းကြီး နှစ်ယောက် ဖြစ်ကြသဖြင့် မိမိတို့၏ ပန်းခြံကိုသာ ဂရုစိုက်ကြလျက် ၊ ဥတု မတူညီသောကြောင့် စိုက်၍ မရဟု ပြောကြသော မေမြို့ပန်းများကိုပင် ဂရင်းဟောက်စ်ပန်းအိမ်များနှင့် ဖြစ်မြောက်အောင်မြင်အောင် စိုက်ကြလေ၏ ။ သို့သော်လည်း ဦးဘိုးထိုက်သည် ဦးစံလှကို တုပြိုင်၍ မရ ။ ဦးစံလှမှာ ဝီရိယလည်း ပို၏ ။ စိတ်ကူးဉာဏ်လည်း သာ၏ ။ အရပ်ရပ် မိတ်ဆွေလည်း ပိုမို များသဖြင့် ရှားပေ့ ဆိုသော ပန်းများကိုပင် ရအောင် ရှာကြံ၍ စိုက်တတ်လေရာ အယ်လပိုင်ပရီမူလာ ခေါ် ဆီးနှင်းပန်းကိုပင် ဖြစ်မြောက်အောင် ကြံ၍ စိုက်သူဖြစ်လေ၏ ။

တစ်နေ့သ၌ ညနေချမ်း အချိန်တွင် ဦးစံလှသည် မိမိ၏ မာလီကု,လားကို ကြိမ်းမောင်း ဆူပူလျက် ခြံထဲတွင် အလုပ်များ၍ နေလေရာ ဦးဘိုးထိုက်သည်လည်း ထိုအချိန်မှာပင် တစ်ယောက်တည်း ဂန္ဓမာပန်းများကို ပြုစု၍ နေလေ၏ ။

ထိုက် ။  ။ ဟေ့ ၊ ဟိုဘက်က လူက တယ်လည်း ဆူပါကလား ။ ငြိမ်ငြိမ်သက်သက် အလုပ်ကို လုပ်မဖြစ်လို့လား ။

ဦးဘိုးထိုက်သည် လူပုစိတ်တို ဖြစ်လေ၏ ။ မိမိ၏ ခြံမှာ သွေ့ခြောက်လျက် နေသည့်ပြင် ဂန္ဓာမာအစပ်ကို မရသဖြင့် မကျေမချမ်း ဖြစ်၍နေလေရာ ၊ ဦးစံလှက ဤကဲ့သို့ ဆူညံသောအခါ နားကြားပြင်းကပ်၍ လာလေ၏ ။ မူလကပင် ဦးစံလှ အပေါ်၌ မေတ္တာ မရှိ ။ ဦးစံလှ မှာ ပင်စင်စား ဖြစ်သော်လည်း ပုလိပ်အင်စပတ်တော်မျှ ဖြစ်ရာ ၊ မိမိ မှာကား စစ်ကဲကြီး ဖြစ်သဖြင့် စိတ်ထဲ၌ အမြဲ ရှုတ်ချလျက်သာ နေခဲ့လေ၏ ။

ပင်စင်စားခြင်း တူပေမယ့် ၊ ပင်စင်ခြင်း မတူပါဘူး ။ ဒင်းက ပုလိပ် ။ ငါက ပညာတတ်လူကြီးလူကောင်း ၊ ပုလိပ် ဆိုတာ အလှအယဉ်နှင့် ပတ်သက်လို့ ဘာသိမှာလဲ ။ နဂိုက ရိုင်းစိုင်းလို့ ပုလိပ်ဖြစ်တာပဲ ။ အခုမှ ပင်စင်ကလေး စားရလို့ တုပ,ယောင်ရမ်းပြီး ပန်းစိုက်ဘာစိုက်တဲ့ အလုပ်နဲ့ ဘာဆိုင်သလဲ ဟူ၍ အမြဲတွေးလေ၏ ။ စင်စစ် မှာ ဦးစံလှ လို လူတစ်ယောက်က ပန်းခြံကို ပြုစုပျိုးထောင်သည်မှာ မိမိကို တုပသည်ဟု ဦးဘိုးထိုက်၏ စိတ်၌ စွဲမှတ်၍ ထားပြီးလျှင် မိမိအား တုပသည်ကိုပင် မခံမရပ်နိုင် ဖြစ်၍ နေလေ၏ ။

သို့ဖြစ်ရာတွင် ဦးစံလှခြံက ပိုမိုသားနား၍ နေသည်ကို မြင်ရသောအခါ သာလွန် မခံမရပ်နိုင်အောင် ဖြစ်ပြန်လေ၏ ။ ထိုသာလွန်သားနား ဝေဆာပြည့်စုံသဖြင့် ပန်း ကြိုက်သော ဥရောပတိုင်းသား ယောက်ျားမိန်းမများ ၊ ဦးစံလှ၏ ခြံထဲသို့ လာရောက် ကြည့်သည်ကို လည်းကောင်း ၊ ဦးစံလှအိမ်၌ ပန်းခြံနှင့် ပတ်သက်၍ အင်္ဂလိပ် လူမျိုးတွေ အဝင်အထွက် များလျက် အကြောင်းအပေါင်း များစွာသင့်၍ နေသည်ကို လည်းကောင်း ၊ ပိုမို၍ မခံနိုင် ဖြစ်၍ နေလေ၏ ။

သို့မခံနိုင်ခြင်းမှာလည်း အကြောင်းလုံလောက်လေ၏ ။ ထိုအကြောင်း လုံလောက်ခြင်းမှာ အခြား မဟုတ် ။ ဦးဘိုးထိုက် မှာ အင်္ဂလိပ်စာ အတော်ပင် တတ်၍ သစ်ပင်စိုက်ပျိုးခြင်း အလုပ်၌ စာတွေ့ အတော်များလျက် ဦးစံလှ လို လူတစ်ယောက်အား နည်းလမ်းများကို များစွာ ပြောဆို သင်ပြနိုင်သူ တစ်ယောက်ဖြစ်လေ၏ ။ သို့ပါလျက် တကယ်လက်တွေ့ လုပ်ရာ၌ ဦးစံလှက သာ၍ နေလေ၏ ။

ဦးစံလှသည် ဦးဘိုးထိုက် လှမ်း၍ ပြောသည်ကို မကြားဘဲ မိမိ၏ မာလီကု,လားကိုသာ ဆက်လက်၍ ကြိမ်းမောင်းလျက်နေလေ၏ ။ ထိုအခါ ဦးဘိုးထိုက်က ဒေါသဖြစ်ပြီး ဟိုဘက်က တယ်ဆူပါကလား ဟု ခပ်ကျယ်ကျယ် ပြောလိုက်ပြန်လေ၏ ။

“ ဟင် - ကိုဘိုးထိုက်လား ။ ဘာပြောသလဲ ”

“ ဆူလွန်းလို့ဗျာ ဆူလွန်းလို့ ဘာများ ဖြစ်သလဲလို့ ”

“ ဘာမှ မဖြစ်ပါဘူးဗျာ ၊ ဒီကု,လားဟာ အင်မတန်မိုက်တဲ့ ကု,လားမို့ ပြောရတာပါ ။ ဆူဆို အလုပ်ကလည်း များသကိုးဗျာ ။ ပန်းမျိုးကလည်း စုံတာကိုး ။ ဝန်ထောက်မင်းကော ဘာပြုလို့ မာလီ မငှားသေးသလဲ ။ အင်း ... ငှားလောက်အောင်လည်း မများသေးပဲကိုး ” ဟု ဦးစံလှက ဦးဘိုးထိုက်၏ ခြံကို လှမ်းကြည့်ကာ ပြောလိုက်လေ၏ ။

“ ကျုပ်က လက်ရွေးမှ စိုက်တာပဲ ။ ခြံရှုပ်အောင် အပိုတွေကို စိုက်လို့ ဘာလုပ်မလဲ ”

“ ကျုပ်လည်း လက်ရွေးမှ စိုက်တာပါပဲ ။ သို့သော်လည်း လက်ရွေးတွေက အတော် များနေတယ် ။ ဟောဟို အာသာဝတီနွယ်နီနတ်ပန်းဟာ ဘယ်က ရတယ် ထင်သလဲ ။ ဝန်ထောက်မင်းမှာ ရှိရဲ့လား ၊ အမရပူရက ပို့လိုက်တာ ”

“ အောင်မယ်မင်း အာသာဝတီ နွယ်နီနတ်ပန်းတဲ့ ၊ မှန်းစမ်း ဘယ်ဟာလဲ ”

“ ဟောဟိုထောင့်က ရွက်လှပင်မှာ တွယ်နေတာပေါ့ ။ တစ်ခါမှ မမြင်ဖူးပဲကိုး ။ ကျုပ်က ဆန်းဆိုမှ ရတတ်တာပဲ ”

“ ဟင် ... ဆန်းလိုက်တာ ။ ရွှေဝါနွယ် ခေါ်တာ မဟုတ်လားဗျ ။ ကြီးကျယ်အောင် မခေါ်စမ်းပါနဲ့ ။ ပန်းကြီးပေါင်းတစ်မျိုးပါ ။ ကျုပ် ဒါမျိုးကို ခြံရှုပ်အောင် မထားဘူး ” ဟု ပြောပြီး ၊ ဘာမှန်း ၊ ညာမှန်းမသိ ၊ ပန်းအကြောင်းလည်း နားမလည်ဘဲနဲ့ ။ အရမ်း ကြွားတာပဲ ။ သူ့ခြံထဲများမှာ ပေါက်ရင် ပိန်းပင်တောင် ၊ ပဒုမ္မာရွှေကြာ ဖြစ်အောင် ပြောမှာ အလကားပုလိပ် ဟု မိမိဘာသာ တီးတိုး ပြောရင်း နှင်းဆီရုံ ပေါ်မှာ တင်၍ နေသော သရက်ကိုင်းခြောက်ကို ယူ၍ ပစ်လေ၏ ။

ဦးစံလှ ကလည်း အလကားလူ ၊ ဘာဝန်ထောက်လဲ ။ နားမလည် ပါးမလည် သူများဟာများဖြင့် ခြိုးခြိုးဖဲ့ဖဲ့ ၊ အာသာဝတီနွယ်နီနတ်ပန်းကိုတောင် နွယ်ရွှေဝါ ဖြစ်အောင် ပြောတယ်ဟု မိမိဘာသာ ပေါက်တူးနှင့် မြက်များကို ပေါက်ရင်း ပြောလေ၏ ။

သို့ တစ်ယောက်တည်း ပြောပြီး “ ဝန်ထောက်မင်း ဘယ်အခါကမှ မမြင်ဖူးတဲ့ ပန်းကို မြင်ရစေမယ် ။ ထိုပန်း အထမြောက်ရင် ၊ ရှေ့လာမယ့် အံ့ပွဲမှာ ပထမဆု ဆွဲမှာပဲ ။ ရန်ကုန်မြို့မှာ ကျုပ် ပန်းခြံထက် သာတဲ့ ပန်းခြံ မရှိစေရဘူး ။ ဒီပန်း တစ်ခုပဲ လိုနေတယ် ”

“ ဘာပန်းများလဲဗျာ ”

“ အို မြင်တော့ သိရောပေါ့ ”

ဦးဘိုးထိုက်သည် ဆိတ်ငြိမ်စွာ တွေး၍ နေလေ၏ ။ ဘာပန်းများ ဖြစ်ပါလိမ့်မလဲ ၊ ငါ့ ခြံထက် ဘယ်လောက်များ ထူးပြီး သာသွားဦးမှာလဲ ဟု တွေးကာ မလိုသောစိတ် ဖြစ်ပေါ်လျက် ၊ သာရွှေ့ သွားမှာကို များစွာ စိုးရိမ်လေ၏ ။

“ ဘာပန်းများလဲဗျာ ၊ ဘယ်မှာ သတင်းရသလဲ ”

ဦးစံလှသည် အုတ်တံတိုင်းကို ကပ်လာပြီး “ ကျုပ် ခြံထဲကို အရင် ခဏခဏ လာပြီး ကူညီလုပ်တဲ့ အောင်ကြီး ဆိုတဲ့ အကောင် သတိထားမိရဲ့လား ”

“ အင်း မြင်မိတယ် ။ ဒီအကောင် အရက်သမားပဲ ”

“ ဟုတ်ကဲ့ တစ်ခါတစ်ခါ သောက်တယ် ။ ပြတ်လတ်ရင် ဒီကို လာတာနဲ့ တစ်ကျပ်တစ်ပြား ပေးလိုက်ရင် ၊ ဘာမဆို ရတာပဲ ”

“ သူဘယ်ကလဲ ”

“ အင်္ဂလိပ်မကြီး တစ်ယောက် ၊ တာမွေမှာ ပန်း အကြီးအကျယ် စိုက်နေတယ် ။ ပန်းမျိုးကောင်းတွေ ၊ အဲဒီ မိန်းမကြီးဆီမှာ အမျိုးမျိုး ရှိသတဲ့ ။ အစေ့များကို ဒီမိန်းမကြီးက အရပ်ရပ် ရောင်းစားတယ် ၊ စိုက်နည်းနဲ့ အစေ့ စာအုပ် များတောင် ပုံနှိပ်ပြီး ၊ အရပ်ရပ် ပို့သတဲ့ ။ နို့ပေမဲ့ ယခု ကျုပ်ပြောတဲ့ ပန်းတော့ ယခု ဘယ်ကိုမှ မျိုးကို မရောင်းသေးဘူးတဲ့ ။ ရှေ့နှစ်ခါလောက်ကြမှ ရောင်းမယ်လို့ ပြောတယ် ။ အဲဒါ ယခု ကျုပ် ရပါစေ့မယ်လို့ အောင်ကြီး က ပြောတာပဲ ”

“ ဒီလိုဖြင့် သူတိတ်တိတ် ယူပေးမယ် ဆိုတာပေါ့ ”

“ ဘယ်လို ယူယူလေ ရပြီးရော မဟုတ်လား ။ ကျုပ် ရရင် ငွေသုံးဆယ် ပေးမယ်လို့ ပြောထားတယ် ။ ဂန္ဓမာ အစပ်တစ်မျိုး ”

“ အောင်မယ် ပေါလွန်းလို့ဗျာ ။ မေမြို့ ဂေါ်ရခါးခြံတွေမှာ ဘယ်လောက် ယူမလဲ ”

“ ဟုတ်တယ် ။ သို့သော်လဲ ဒါမျိုး မဟုတ်ဘူး ။ မြင်တော့သိမယ်လေ ။ သူ့သခင် အရင်ကတောင် ယခုနှစ် မျိုးကို မထုတ်သေးပါဘူးလို့ ဆိုတာပဲ ။ ဘယ်လောက် ဆန်းမယ် ဆိုတာ ၊ စဉ်းစားပဲ ကြည့်တော့ ကျုပ်လည်း ပန်းစိုက်လာတာ ဆယ်နှစ်ကျော်လာခဲ့ပါပြီ ၊ ဒီလောက် မရူးပါဘူး ဝန်ထောက်မင်းရယ် သိပါတယ် ”

“ အင်း ... ဂန္ဓမာအစပ် ၊ ကြည့်ရသေးတာပေါ့လေ ”

“ မရှိပါဘူး ၊ ဒေလီယာ တစ်မျိုးနဲ့ စပ်တာ ”

ထိုအခိုက် ဝန်ထောက်ကတော် ရောက်၍ လာရာ ဝန်ထောက်မင်း က ထိုဂန္ဓမာက ပြားပန်း အကြောင်းကို ပြော၍ ပြလေ၏ ။ ဝန်ထောက်ကတော်ကြီးသည် ထိုပန်း အကြောင်းကို ကြားလျှင်ကြားခြင်း များစွာ လိုချင်စိတ် ပေါက်သဖြင့် ၊ ဝန်ထောက်မင်းကို လက်ကုတ်ခါ ၊ အောင်ကြီး ဆိုတဲ့ အကောင်ကို ရအောင်ကပ်ပေတော့ ။ ကျုပ် ဒီအင်္ဂလိပ်မကြီး ခြံကို ရောက်ဖူးလို့ ၊ ကိုယ်တိုင်ပဲ တွေ့ခဲ့တယ် ။ အင်မတန် ချစ်စရာ ကောင်းတာပဲ ။ ဒေစီနဲ့ စပ်တာလို့ ပြောတယ် ။ ကျုပ် မြင်ရတဲ့ ပန်းသာ ဖြစ်ရင် မျိုးကို တစ်ရာပေး အချည်းအနှီး မဖြစ်ဘူး ။ ချက်ချင်း အရင်း ပြန်ရမှာပဲဟု တီးတိုး ပြောလေ၏ ။

“ အသာနေ ဒီအတိုင်း မှန်ရင် အောင်ကြီးကို ငါနှူးမယ် ၊ ဒင်း ရကို မရစေရဘူး ။ စံလှကို ပေးရင် ဒင်း မသကာ သုံးလေးဆယ်ရတော့မပေါ့ ။ ငါက ပိုပေးလိုက်မယ် ။ ခြံဂုဏ် မောက်လှတဲ့အကောင် ၊ ဒီတစ်ခါ သိကြရောပေါ့  ၊ ဒီမျိုး ဒင်း ခြံထဲကို မရောက်စေရဘူး ” ဟု ပြောလေ၏ ။

နောက်တစ်နေ့ ဝန်ထောက်မင်းသည် နံနက်ခင်း အချိန် ကန်တော်ကြီးကို ပတ်ပြီး ပြန်၍ လာရာ ဆူးလေဘုရားလမ်းတွင် အောင်ကြီးနှင့် တွေ့လေ၏ ။

ဝန်ထောက်မင်းသည် ပြုံးရယ်လျက် အောင်ကြီး ကို အားရဝမ်းသာ နှုတ်ဆက်ပြီး အတူယှဉ်ကာ လျှောက်၍ လာကြလေ၏ ။

အောင်ကြီး၏ စိတ်၌ကား ဂုဏ်ရည်ချင်း မမျှ ဤ ဝန်ထောက်ကြီးဟာ ဘယ်လို အကြံနဲ့ ငါ့ကို ဤကဲ့သို့ အရောတဝင် အလွန်ခင်မင်လျက် လက်တွဲ၍ လျှောက်ခမန်း ဖော်ရွေခြင်း ဖြစ်ရပါသတုန်း စသည်ဖြင့် တွေးတော အံ့သြလေ၏ ။

သို့တွေးတောခိုက်တွင် ဝန်ထောက်ကြီးက ဦး လည်း ကန်တော်ကြီးက ခြေကျင်ပတ်လာတာ ၊ တော်တော်ကလေး မောသွားတယ် ။ အန်ဒါဆင် မှာ ဝင်ပြီး ဆော်ဒါကလေးများ သောက်ရ အကောင်းသား ဟု ပြောလေရာ အောင်ကြီး၏ မျက်နှာမှာ ဝင်းခနဲ ဖြစ်၍လာပြီး ကျွန်တော်လည်း ဘီယာက လေး သောက်မလို့ ၊ စိတ်ကူးရင်း လျှောက်လာတာပဲ ဟု ပြောလေ၏ ။

ကိုင်း ဒီလိုဖြင့်လာ ဟု ခေါ်ကာ အောင်ကြီး၏ လက်ကို ဆွဲပြီး နှစ်ယောက်သား အန်ဒါဆင်ဆိုင် ကို ဝင်၍ သွားကြလေ၏ ။

အောင်ကြီးက စည်ဖောက်ဘီယာခန်းကို ဝင်မည် အပြုမှာ ဝန်ထောက်မင်းက လာဘာ ၊  ဟိုဘက် မသွားပါနဲ့ ။ ဒီဘက်က ကောင်းပါတယ် ဟု ပြောပြီး မြောက်ဘက်ခန်းကို ဝင်လေရာ အောင်ကြီး မှာ မငြင်းဘဲ လိုက်ပါ၍ သွားလေ၏ ။

“ ကိုင်း … ဦးတော့ ဆိုဒါပဲ ၊ မင်း ဘာသောက်မလဲ ”

“ ဦးလေးကော ဆိုဒါပဲလား ၊ တခြားဟာ မသောက်ဘူးလား ”

“ အင်း ဦးလေးတို့တော့ မသောက်တာ ကြာလို့ ကြမ်းကြမ်းကြီးတော့ မတတ်နိုင်ဘူး မောင် ဘာယူမလဲ ” 

“ ကျွန်တော်တော့ ဘာဖြစ်ဖြစ်လေ ”

“ ကိုင်း .. ဒီလိုဖြင့် ဘရန်ဒီယူ ၊ ဦးက ပို့ကလေးလောက် နှုတ်ခမ်းဆွတ်ယုံ ” ဟု ပြောပြီး ပို့တစ်ခွက်နှင့် ဘရန်ဒီတစ်ခွက်ကို မှာလေ၏ ။

အောင်ကြီးမှာ တွေးကြံ၍ မရအောင် ရှိလေ၏ ။ ထိုနံနက်သည် ကံထူးသော နံနက် ဖြစ်သည်ဟု အောက်မေ့လေ၏ ။ အောင်ကြီးသည် ဘရန်ဒီကို တစ်ခါတည်း မော့ချင်သော်လည်း ဟန်လုပ်ကာ နှုတ်ခမ်းနှင့် ထိရုံသာ ထိရလေ၏ ။

အတန်ကြာ၍ တစ်ခွက် ကုန်ခါနီးသောအခါ ဝန်ထောက်မင်းက “ မောင်အောင်ကြီး တာမွေပန်းခြံမှာ အလုပ်လုပ်တယ်ဆို ”

အောင်ကြီးသည် တစ်အောင့်မျှ ဆိုင်းပြီး “ ဟုတ်ကဲ့ မစ္စစ်ဘရောင်း ခြံမှာ ”

“ အေး ဘာပန်းများ အထူးအဆန်း ရှိသလဲ ”

“ အဆန်းတွေတော့ အများကြီးပါပဲ ၊ အမျိုးမျိုးပဲ ဝယ်ချင်လို့လား ”

“ အင်း … ဝယ်လည်း ဝယ်ချင်လို့ပါပဲ ။ ဂန္ဓမာ ဒေလီအစပ်တစ်မျိုး ရှိတယ် ကြားလို့ ”

“ ဟုတ်ကဲ့ ရှိပါတယ် ”

“ တော်တော်လှသလား ၊ မြင်ဖူးရဲ့လား ”

“ ကိုယ်တိုင် စိုက်ခဲ့တာပဲ ။ လှတယ် တော်တော်လှတယ် ။ ဒီ ရန်ကုန်မှာ မပေါ်သေးပါဘူး ။ ခြံရှင်ကလည်း မျိုးကို မထုတ်သေးဘူး ။ ရှေ့နှစ်ကျမှ ထုတ်မယ် ပြောတယ် ”

“ အဲဒါ ရအောင် ကြံနိုင်ပါ့မလား ”

“ ကြံနိုင်တာပေါ့ ” ဟု ပြောကာ ဘရန်ဒီဖင်ကပ်ကို မော့၍ ချလိုက်လေ၏ ။

“ ဘာယူဦးမလဲ ”

“ ဘရန်ဒီပဲ ကောင်းပါတယ် ။ ကျွန်တော်က ရောရင် မဖြစ်ဘူး ”

ဘရန်ဒီတစ်ခွက် ရောက်၍ လာပြန်လေ၏ ။

“ အဲဒီ အစပ်မျိုးကို ဦး ရရင် သိပ်နေကျမှာပဲ ၊ ဦး ခြံထဲမှာ စိုက်ချင်တာပါပဲ ၊ ဖြစ်နိုင်ပါ့မလား ။

“ ဖြစ်နိုင်တာပေါ့ ။ ခြံရှင်ကတော့ သူများ မသိရအောင် ပျိုးထားတာပဲ ”

“ ပျိုးထားရင် ကြံယူလို့ မရဘူးလား ။ ယူရင် သိသွားမှာလား ”

“ မသိနိုင်ပါဘူး ။ အဆိုစပ် ပေမယ့် မျိုးမှာ တခြား ရိုးရိုးအစေ့နဲ့ တယ်ကြီး ခြားနားတာ မဟုတ်ဘဲ ”

“ ဟုတ်လား မစပ်တဲ့ မျိုးစေ့ထဲက နည်းနည်း ယူပြီး ဖြည့်ထည့် ထားလိုက်ရင် ပြီးတာပေါ့ ”

ဘရန်ဒီတစ်ခွက် ကုန်ပြန်လေ၏ ။ ဝန်ထောက်ကြီးလည်း ပို့တစ်ခွက် ကုန်သောအခါ မူးစ ပြုလာလျှင် ဘရန်ဒီကိုပင် မှာလေရာ နှစ်ယောက်စလုံးမှာ အတော်ပင် မူးစပြုကြလေ၏ ။

ဘရန်ဒီ သုံးခွက်နှင့် ဘီယာတစ်လုံး ကုန်ခါနီးသောအခါ အောင်ကြီးက “ ဒီလိုပါ ဦးလေးရဲ့ ကျွန်တော် တတ်နိုင်တယ် ဆိုတာ ၊ သူ့ဆီမှာ လုပ်နေခိုက်မှာ တတ်နိုင်တာ ပြောတာပါ ။ ခုတော့ကာ …. ” ဟု ပြောပြီး ဘီယာကို ငှဲ့လေ၏ ။

“ ခုတော့ ဘာဖြစ်သလဲ ”

“ ယခုတော့ ပန်းပင်တွေကို ညမှာ အပြင်ထုတ်တာ မိသွားတယ် ။ သည့်အတွက် မလုပ်ရတော့ဘူး ။ လုပ်နေရတုန်းမှာတော့ ဦးလေး လိုချင်တာကို ချက်ချင်းပေါ့ ။ သစ်စေ့သေတ္တာသော့ ဘယ်နေရာမှာ ထားတယ် ဆိုတာ ကျွန်တော် သေသေချာချာသိတာပဲ ”

“ နို့ ယခု မတတ်နိုင်တော့ဘူးလား ”

“ ဒါ့ကြောင့် ပြောတာပေါ့ ဦးလေးရဲ့ ”

“ တတ်နိုင်ရင်လည်း ဘာငြင်းမလဲ ယခုချက်ချင်းပေါ့ ”

“ ဟင့်အင်း အစကတော့ ဖြစ်မလိုလို ဘာလိုလိုနဲ့ ”

“ ကျွန်တော်က ဖြစ်မယ်လို့ ပြောလို့လား ဦးရဲ့ ”

“ နို့ ဖြစ်မယ်ဆို ၊ ဒါကြောင့် မင်းအလကားလူ ” 

“ အောင်မယ် … ကျုပ်ဘာသာ ကျုပ် လမ်းလျှောက်လာတာ ၊ အတင်းခေါ် အရက်တိုက်ပြီး အလကားလူလို့ ဆိုတာ မတရားဘူး ထင်တယ် ။ ကိုယ် လိုချင်တာ မရရင် တခြား လူတွေမှာ အလကားလူ ဖြစ်ရတော့မှာလား ”

“ တော်ကွယ် ” ဟု ပြောပြီး ဆိတ်ငြိမ်၍ နေကြလေ၏ ။

“ ကျွန်တော်က ခြွင်းချက်နဲ့ ပြောတာပါ ။ ဖြစ်နိုင်တယ် ။ ဒီလို ဒီလို ဖြစ်ရင် ဖြစ်နိုင်တယ် ။ ဟိုလို ဆိုရင် မဖြစ်နိုင်ဘူး ။ ယခုတော့ မဖြစ်နိုင်တဲ့ အခြေအနေမို့ မဖြစ်နိုင်ဘူး ပြောရတာပေါ့ဦးရဲ့ ၊ ဦး ဘာစိတ်ဆိုးစရာ ရှိသလဲ ”

“ တော်ပါကွယ် မင်းနဲ့ ကြာကြာ ပြောနေလို့ အလကားပါပဲ ”

အောင်ကြီးသည် ရယ်မောပြီး “ ဦးပဲ ဘီကို ပေးပေတော့ ”  ဟု ပြောကာ ထတော့မည် ပြုလေ၏ ။

ဝန်ထောက်မင်းသည် အောင်ကြီး၏ လက်ကို ဆွဲ၍ ထားပြီး “ နေဦး ငါ ပြောစရာ ရှိသေးတယ် ”

“ ဘယ့်နှယ်လဲ ပြောလေ ”

“ မင်း .. ဟိုအိမ်မှာ အလုပ် မလုပ်တာ ကိုစံလှ သိရဲ့လား ”

“ ကျွန်တော် ဦးမို့ ပြောတာ ။ ဘယ်သူမှ မသိဘူး ၊ ပြောလည်း မပြောဘူး ”

“ ဒီလိုဖြင့် မင်း သူ့ကိုလည်း မပေးနိုင်ဘူးပေါ့ ”

“ ဘယ်ပေးနိုင်မလဲ ”

“ တစ်ခုခုကို လိမ်ပြီး ပေးရင် မဖြစ်ဘူးလား ”

“ ဖြစ်မှာပေါ့ ၊ ဒီအစေ့မျိုးဟာ အပင် ဖြစ်ပြီး ပွင့်လာမှ ခြားနားတာပဲ ”

“ ဒီလိုဖြင့် မဟုတ်တဲ့ အစေ့ကို ညာပြီး ပေးလိုက်ပါလား ”

“ ဘာကျေးဇူးပြုမလဲ ”

“ သူ့ကို မဟုတ်တဲ့ အစေ့ကို ပေးရင် ငါက ငွေတစ်ဆယ် ပေးမယ် ”

“ ဟင် တကယ်လား ၊ ယခု သောက်ရတာနဲ့ မနှိမ်နဲ့နော် ”

“ မနှိမ်ပါဘူးကွယ် ။ ဦးတို့မှာ ဒါလောက် ဘာ အရေးကြီးတာလဲ ။ ဒီအကောင် ကြွားအားကြီးလို့ မခံချင်လို့ပါ ။ သူ သိပ်ကြွားပြီး ၊ သိပ် အားထုတ် စိုက်မှာပဲ ၊ နောက်ဆုံးကျတော့မှ မျက်နှာမဲ့တာကို မြင်ရရင် ကျေနပ်ပြီ ၊ ဦး ပန်းမရတာ ကိစ္စမရှိပါဘူး ။ သူ ရပြီး ကိုယ် မရမှာ စိုးလို့ပါ ။ ယခုတော့ သူလည်း မရဘူးဆို ကျေနပ်တာပဲ ”

အောင်ကြီးသည် စဉ်းစားလျက် ပြုံးနေလေ၏ ။

“ ဦး ဘယ်တော့ ပေးမလဲ ”

“ မင်းအကောင် မျိုးကို ရလို့ စိုက်ပျိုးပြီး ငါ့အပေါ် မှာ မော်ကြွားနေတဲ့ အခါကျတော့ လာခဲ့ ငွေတစ်ဆယ် ပေးမယ် ”

နောက်ရက်များ မကြာမီ ဦးစံလှ မှာ မှိုရသော မျက်နှာလို ဖြစ်၍ နေလေ၏ ။

“ ဘယ့်နှယ့်လဲ ကိုစံလှရဲ့ မြူးလှချည်လား ။ ခင်ဗျား ဂန္ဓမာအစပ် ဆိုတာ ရပြီ ထင်တယ် ”

“ အင်း … ဘာကွယ်စရာရှိသလဲ ၊ ရပါတယ် ”

“ အဲဗျာ ကျုပ်တို့များတောင် လက်မတို့ဘူး ”

“ မရနိုင်လို့ပါ ကျုပ်တောင် သုံးလေးစေ့ ရတာ ၊ ဗိုလ်မကြီး လစ်တုန်း ရလာခဲ့သတဲ့ ။ နောက်ကိုတော့ မလစ်တော့ဘူးလို့ ပြောတယ် ”

“ နောက် မရနိုင်တော့ဘူးလား ”

“ မရတော့ဘူးလို့ ပြောတာပဲ ။ ကျုပ်တောင် အနိုင်နိုင်ရတာပဲ ” ဟု ပြောပြီး စကားအဖက်လုပ် မပြောတော့ဘဲ ၊ ခြံထဲမှ ထွက်၍ သွားလေ၏ ။

နောက်တစ်နေ့ အောင်ကြီးသည် ဝန်ထောက်မင်း ကန်တော်ကြီးမှ အပြန် ဆူးလေဘုရားလမ်း၌ တွေ့ရာ အန်ဒါဆင်ကို နှစ်ယောက်သား ဝင်ကြလေ၏ ။ ဝန်ထောက်မင်းသည် အောင်ကြီးအား ဝမ်းမြောက်ဝမ်းသာနှင့် ငွေတစ်ဆယ် ပေးပြီး ၊ ဘရန်ဒီသုံးခွက် တိုက်လိုက်လေ၏ ။

ဝန်ထောက်မင်းသည် မိမိ၏ ဆင်ဉာဏ်အကြောင်းကို ဝန်ထောက်ကတော်မှ မသိစေဘဲ ။ ကြိတ်ကာ တစ်ကိုယ်တည်း ကျေနပ်နေလေ၏ ။

ဝန်ထောက်ကတော်ကြီး မှာလည်း ထိုအခါမှ စ၍ ထိုအကြောင်းနှင့် ပတ်သက်၍ မေးခြင်း ၊ မြန်းခြင်း ၊ တစ်စုံ တစ်ရာမပြုသော်လည်း ပန်းခြံကို အထူးဂရုစိုက်စ ပြုလေ၏ ။

မြေကွက်ကလေး တစ်ခုကိုလည်း ဝန်ထောက် ကတော်ကြီးသည် အထူးဂရုစိုက်လေရာ ဝန်ထောက်မင်းက ဘာပင်များလဲဟု မေးသောအခါတိုင်း ရှင် သိရပါလိမ့်မယ်လေ ၊ နောက်ပေါက်တော့ မြင်ရောပေါ့ ဟူ၍သာ ပြန်၍ ပြောလေ၏ ။

ဝန်ထောက်မင်းမှာ များစွာ အတွေးရခက်လျက် ၊ ဘာပင်များပါလိမ့်မလဲဟူသာ တွေးလေ၏ ။

“ မင်း ဟိုအောင်ကြီး ဆိုတဲ့ အကောင်ဆီကများ ဟိုအစေ့ ဆိုတာ ဝယ်သလား ”

“ ဘယ် အောင်ကြီးလဲ ။ ဟင့်အင်း မဝယ်မိပေါင် ကျုပ် တခြားက ရတာပါ ”

“ ဘယ်ကရသလဲ ဘာလဲ ”

“ ဟို အစပ်မျိုး ဆိုတာပေါ့ ၊ ကျုပ် ဘုရားလမ်းက ရတယ် ”

“ အော် ဘုရားလမ်းမှာ ရှိတယ်လို့ ကြားတယ် ။ အဟုတ်သားဟေ့ ငါလည်း မေ့နေတယ် ။ မင်း ဘယ်တုန်းက ရခဲ့သလဲ ”

“ အရင် ပွဲထိုင်သွားတုန်းက ခြံထဲမှာ တွေ့ခဲ့လို့ ခံတမာဆီက မျိုးရခဲ့တယ် ။ တာမွေက ရတဲ့မျိုးပဲတဲ့ ”

“ ဟယ် ... ဒီလိုဖြင့် နေရာကျတာပေါ့ ဟိုဘက် အကောင်ကြီးကလဲ သူ ရတယ်လို့ ပြောနေပါကလား ”

“ ပြောသလား ”

“ အဟုတ်ပဲတဲ့ ရလို့ မှိုရတဲ့ မျက်နှာလို မြူးနေတာ မမြင်ဘူးလား ”

“ ဂရုစိုက်လိုက်တာ ။ သူခြံတောင် အခွင့်မရှိ မဝင်ရလို့ စာကပ်ထားတယ် ”

“ အလကား ရှင် မခံချင်မှန်းသိလို့ တမင် ကြွားနေတာ ။  ရမယ် မထင်ပါဘူး ။ အင်မတန် ခက်သတဲ့ ”

“ မပြောတတ်ပါဘူး ၊ သူကတော့ ရတယ်လို့ ပြောနေတာဘာပဲ ။ အင်မတန်ကြီးလည်း ဂရုစိုက်နေတာပဲ ”

“ ကျုပ်တော့ မထင်ပါဘူး ။ သူ့ကို တစ်ယောက်ယောက်က ညာပြီး ရောင်းသွားသလားမှ မသိဘဲ ”

“ ရောင်းရင် အောင်ကြီး ဆိုတဲ့ အကောင်ရောင်းမှာပဲ ”

ဝန်ထောက်ကတော်ကြီးသည် စဉ်းစား၍ နေလေ၏ ။ ထိုစဉ်းစား၍ နေပြီးနောက် “ ဟုတ်ချင်လည်း ဟုတ်မှာပဲလေ ၊ အောင်ကြီး ဆီက ဖြစ်ရင် အစစ်ဖြစ်မှာပေါ့ ”

ဝန်ထောက်မင်းလည်း တစ်စုံတစ်ရာမှ ပြန်၍ မပြောဘဲ နေလေ၏ ။ မိမိ၏ ဆိုးယုတ်သော အကြံကို မိမိ၏ မယား သိမှာကိုပင် စိုးရိမ်နေလေ၏ ။

“ မပြောတတ်ဘူးလေ ။ ပေါက်မှပဲ သိရမှာပဲ ။ မင်း ပန်းတော့ စိတ်ချရရဲ့ မဟုတ်လား ”

“ ကျုပ်ဟာတော့ စိတ်ချရပါတယ် ”

“ မင်းဟာ စိတ်ချရရင် တော်ပြီ ။ ဒင်းချည်းမှ အဖိုးတန်ပန်း ရနိုင်တယ်လို့ ဆိုတာ ကိုသာ မခံနိုင်တာဘဲ ။ ကိုယ်က ဟုတ်တာရပြီး သူ မဟုတ်တာရရင်တော့ အားရပါးရ ရယ်ရမှာပဲ ၊ အင်မတန်ကြွားတဲ့ ပုလိပ် ။ ဘုရား သိကြား မလို့ မဟုတ်ပါစေနဲ့ လွဲပါစေ ။ ယူရင် ဂန္ဓမာ အစပ် မဖြစ်ဘဲ ။ ဟင်းနုနွယ်ဆူးပေါက်တွေ ဖြစ်ပါစေ လဟဲ့ ။ ပုလိပ် နဲ့ ပန်းနဲ့ ဘာဆိုင်သလဲ ။ မင်းဆီ ရောက်ရင် ပန်းကောင်းအညွန့်ကျိုး ဖြစ်ပါစေ ” စသည်ဖြင့် တေတေတာတာ မဟုတ်တန်းတရားတွေ ဖြစ်အောင် ဆုတောင်းပဌနာ ပြုလေ၏ ။

တစ်ဖက်သော ခြံ၌ ဦးစံလှသည် မိမိ၏ ပန်းခြံကို နံနက်တိုင်း ၊ ညနေတိုင်း ဂရုစိုက်လေ၏ ။

တစ်ဖက်သော ခြံ၌ကား ဝန်ထောက်ကတော်ကြီးသည် များစွာ ဂရုစိုက်ကာ မိမိ ပျိုး၍ထားသော အစေ့များကို အောင်မြင်အောင် ဂရုစိုက်လေ၏ ။

ထိုဂရုစိုက်ရာ တန်ကြာလျှင် အပင်ကလေးများ ဖြစ်ကြလေ၏ ။

တစ်ဖက်ခြံ၌လည်း ထိုအတူ တစ်ပြိုင်တည်း လိုလို အပင်များ ဖြစ်လေ၏ ။

အပင်ပျိုကလေးများကို အရိပ် တကြည့်ကြည့် နေကြလေ၏ ။ ဝန်ထောက်ကတော်ကြီးနှင့် ဝန်တော်မင်းသည် ဦးစံလှ အကြီးအကျယ် ဝမ်းနည်းပက်လက် ဖြစ်ရတော့မည့် နေ့ကို မျှော်ကာ လင်မယား နှစ်ယောက်မှာ ကျိတ်ကာ ဝမ်းသာလျက် အူထဲအသည်းထဲက တကြုတ်ကြုတ် ဖြစ်၍ နေကြလေ၏ ။

အကြောင်းမူကား မိမိ ဆင်၍ ထားသော ဇာတ်ကို သိလေရာ ဝန်ထောက်ကတော်ကြီးအား စိတ်သာချပါကွယ် ၊ မင်းလူ အလိမ်မိပါတယ် ။ သူ ဘယ်က ရတယ်ဆို ငါ သိရပါပြီ ။ သူ့ကို တစ်ပတ်ရိုက်ပြီး ရောင်းတာတဲ့ ဟု ပြောလေ၏ ။

ဝန်ထောက်ကတော်က “ ဟုတ်လား ။ ဒီလိုဖြင့် ပြောလိုက်ရောပေါ့ရှင် ။ တစ်ဖက်သား အလိမ်ခံရတာကို ကြည့်နေသလားရှင့် ”

“ ကြည့်ကောင်းလို့ ကြည့်နေတာ ။ ကြွားတဲ့အကောင် ဒီတစ်ခါ သေသေချာချာ မိတာပဲ ” ဟု ပြောလေ၏ ။

ဝန်ထောက်ကတော်ကြီးက “ ရှင်နှယ်တော် မလိုဓမ္မာ အားကြီးလိုက်တာ ။ မတော် ဒါ ရှင် ပြောလိုက်ကရောပေါ့ ၊ ရှင်ပါ ကြံဖော်ကြံဖက်လား ”

“ အောင်မယ် မဟုတ်ပေါင်ဗျာ ၊ ကြားရတာ ပြောတာပါ ”

တစ်နေ့သ၌ ဝန်ထောက်ကြီး အိပ်၍ နေရာတွင် ဝန်ထောက်ကတော်ကြီးက လှုပ်၍ နှိုးသဖြင့် ငေါက်ခနဲ ထရာ ၊ ဝန်ထောက်ကတော်ကြီးက ဟိုမှာ ကြည့်စမ်း ဘာများပါလိမ့် ဟု ပြောလေ၏ ။

ဝန်ထောက်မင်းသည် မျက်နှာကို ပွတ်သတ်ကာ ပြတင်းပေါက်မှ ကြည့်လေရာ ကိုစံလှ၏ ခြံထဲ၌ အင်္ဂလိပ် ယောက်ျား ၊ မိန်းမ ဒါဇင်ဝက်ခန့် စိတ်အားထက်သန်စွာ စကားပြောလျက် ပန်းပင် တစ်ပင်ကို ကြည့်နေကြသည်ကို တွေ့ကြရလေ၏ ။

ဝန်ထောက်ကြီးသည် လျင်မြန်စွာ ရေမိုးချိုးပြီး အိမ်ပေါ်မှ ဆင်း၍ ဦးစံလှ၏ ပန်းခြံကို ရောက်၍သွားလေ၏ ။

ပန်းပင်ကို မြင်ရသောအခါ အတိုင်းမသိ အံ့သြခြင်း ဖြစ်လေ၏ ။ အကြောင်းမူကား ဒေလီစပ်ပန်းပင်ကလေးမှာ ကျက်သရေရှိသော အဆင်းအရောင် အမျိုးမျိုးနှင့် ဝေဆာသိုက်မြိုက်၍ နေသည်ကို မြင်ရလျှင် အံ့အားသင့်၍ နေလေ၏ ။

ဦးစံလှသည် ခါးထောက်လျက် ဆေးပြင်းလိပ် ထွားထွားဝဝကြီးကို ပါးစပ်၌ ကိုက်ကာ အဖိုးထိုက်တန်သော ပန်းကို အဘယ်ပုံ ဂရုစိုက်ပြီး စိုက်ရသည့် အကြောင်း လက်ချာပေး၍ နေလေ၏ ။

ဒီမျိုးကို ရအောင် အင်မတန် ကြိုးစားရတာပဲ ၊ ပြင်ဦးလွင်မှာလည်း မရှိဘူး ။ ဘုရားလမ်းမှာ ရှိတယ် ကြားလို့ သွားစုံစမ်းလည်း ဘာမှ မဟုတ်ဘူး ။ တာမွေက အမယ်ကြီး ဆီမှာ ရှိတယ်လို့ အောင်ကြီးက ပြောတယ် ။ အောင်ကြီး လည်း ကြံလို့မရတော့ ကိုယ်တိုင် သွားပြီး စုံစမ်းတယ် ။ ဒီတော့ တကယ့် အစစ်က သူမှာလည်း မရှိဘူး ။ သူလည်း သတင်းကြားပြီး ရလိမ့်မယ် ထင်လို့ ကြွားတာ ၊ ရတော့ ပြင်ဦးလွင်က ဂျပန်တစ်ယောက်ဆီက ရတာ ၊ ဒီဂျပန်လည်း အပင် အစိတ်လောက် စမ်းတာ တစ်ပင်မျှ အောင်မြင်လို့ ဒီမျိုးကို ရပြီး ဒီမျိုးနဲ့ ပြန်စိုက်တော့လည်း အောင်ချင်မှ အောင်သတဲ့ ။ ကျုပ်တော့ ကံစွတ်မိတာနဲ့ တူတာပဲ ။ သို့သော်လည်း သဘောကိုတော့ နားလည်ပါပြီ ။ ကျုပ် ကိုယ်တိုင် လက်ထပ် စိုက်နည်းစိုက်ပုံကို သင်ပေးမှ အောင်မြင်မှာပဲ ။ မျိုးရော စိုက်နည်းရော ဆိုရင် အတော် အခရမှ ပေးနိုင်မည် စသည်ဖြင့် ပြောရာ ၊ ဝန်ထောက်မင်းက ဒီမျိုး အောင်ကြီး ဆီက ရတာ မဟုတ်ဘူးလား ဟု မေးလေ၏ ။

အောင်ကြီးက ဟိုအမေကြီး စကားကို ကြားလို့ ကြွားတာ ၊ ပြီးတော့လည်း အောင်ကြီး ဟိုကိုလည်း မကပ်ရပါဘူး ။ သူက မပြောပေမဲ့ ကျုပ်သိပါတယ် ။

“ နို့ ဒီဂျပန် ဘယ်မလဲ ရှိသေးသလား ”

“ ဂျပန်လည်း မရှိဘူး ၊ ခြံကို ရောင်းပြီး ပြန်သွားပြီ ။ ဂျပန်ဓာတ်ပုံတိုက် တစ်ခုမှာ တွေ့လို့ ပြင်ဦးလွင်က ဆိုတော့ မေးကြည့်တာနဲ့ ကံစွပ်မိလာပြီး လက်ရှိသမားကို မေးမိရက်သား ဖြစ်နေတာလား ”

ထိုအခါ ဝန်ထောက်မင်းသည် ချာခနဲ လှည့်၍ ထွက်လာရာ မိမိ ခြံထဲကို ပြေးလေလျှင် ဝန်ထောက်ကတော်ကြီး၏ ပန်းပင်ကို ကြည့်ရာ ပွင့်လျက် ရှိသည်ကို တွေ့ရလေ၏ ။ အပင်မှာ တူသလိုလို ရှိသော်လည်း အပွင့်မှာ မတူကွဲပြား နည်းနည်းကလေးမျှ မတူကြောင်း တွေ့ရှိကြရလေ၏ ။

သို့ပင် တွေ့ရသော်လည်း လူတို့၏ စိတ်၌ မျှော်လင့်ခြင်း မီးပွားကလေးမှာ မငြိမ်းနိုင်ရှိလေရာ တူများ တူလေသလား ၊ ဟုတ်ပါတယ် ဒါပါပဲ ဟု ပြောခါ ၊ သေချာစွာ ကြည့်ကြပြီးနောက် ဦးစံလှ၏ ခြံကို ပြေး၍ ကြည့်ကြရုံမက ပန်းတစ်ပွင့်ကို တောင်း၍လာပြီး သေချာစွာ နှိုင်းယှဉ်၍ ကြည့်ကြံပြီးနောက် မတူနိုင်သည့် အဆုံးသို့ ရောက်ခါမှ နှစ်ယောက်သား လက်လျှော့ကြလေရာ ဦးစံလှက မိမိ၏ ပန်းနှင့် ၎င်းတို့၏ ပန်းကို နှိုင်းယှဉ်၍ ကြည့်ကြောင်း ရိပ်မိသဖြင့် ...

တူနိုင်မယ် မထင်ကြနှင့် ကိုးဆယ်ဆ ကွာလိမ့်မယ် ။ တူသလေးလေး တူနိုင်ပေါင် ရောင်ပွလူလှ တူနိုင်ပေါင် ၊ ထူးပုံကဆန်း ဆိုတာ ကျကုန်ထင်ပါ့ကလား ။ ဝန်ထောက်မင်းရို့ ဟု ရယ်မောကာ ပြောလေရာ ဝန်ထောက်မင်းက ဝန်ထောက်ကတော် ပြောစမ်းပါဦး ။ မင်းဒီ မျိုးကို ဘယ်က ရတာလဲဟု မေးလေလျှင် ဝန်ထောက်ကတော်က အောင်ကြီးတော့ အောင်ကြီး ရှင့်လူ အောင်ကြီးကို ယုံလို့ ဖြစ်တာ ။ ငွေငါးဆယ် ပေးလိုက်ရတယ် သူက ဘယ်လူ့ကိုမှ မပြောပါနဲ့ ဝန်ထောက်မင်းတောင် မသိပါစေနဲ့တဲ့ တိတ်တိတ် ခိုးယူရတာမို့တဲ့ ။ ဒါကြောင့် ရှင် မေးတော့ မပြောဘဲ ၊ ဘုရားလမ်းကလို့ လီဆယ်ပြီး ပြောထားတာ ဟု ပြောလေ၏ ။

ဝန်ထောက်မင်း ။  ။ဘယ်ပုံ ဒီအကောင်ဆီက ရတာလဲ ။

အောင်ကြီးက တစ်နေ့ ဦးစံလှကို လာရှာတယ် ။ ဦးစံလှ ဒီတော့ မရှိဘူး ။ ကျုပ်က သူ့ယောင်ပေယောင်ပေ မြင်တာနဲ့ အကျိုးအကြောင်း မေးကြည့်တယ် ။ ဒီတော့ ဦးစံလှကို ပန်းမျိုး ပေးမလို့ လာတယ်လို့ ပြောတယ်ရှင့် ။ ဒီတော့ ဦးစံလှ မရှိဘူး ။ ကျုပ်ပဲ ပေးခဲ့တော့လို ဆိုပြီး ငွေ ၅ဝ ပေးပြီး ယူလိုက်တယ်ရှင့် ။ ရှင်ကလည်း အရင် ပြောဖူးတာကိုး ၊ ဒါနဲ့ မျိုးကို ယူပြီးတော့ သူက ပိတ်သွားတယ် ။ ဘယ်သူမှ မသိပါစေနဲ့တဲ့ ရှင်တောင် မသိပါစေနဲ့တဲ့ ။ သိပြီလား ၊ ရှင့်လူ အောင်ကြီး လုပ်တာ ဟု ဒေါသနှင့် ပြန်၍ ပြောလေ၏ ။

ထိုအခိုက် ဦးစံလှက တူလေးလေး တူနိုင်ပေါင် ရောင်ပွ လူလှ တူနိုင်ပေါင် ဟူ၍ အသံကျယ်စွာ ဆိုပြန်လေရာ ဝန်ထောက်က တယ်လေ ဒီခွေးသားကြီး ငါ သေနတ်နဲ့ ပစ်ပြန်ရော့ဟု ပြောကာ လက်သီးလက်မောင်း တန်းသဖြင့် ဝန်ထောက်ကတော်က မနည်းကြီး ဆွဲ၍ ထားရလေသတည်း ။

▢  ပီမိုးနင်း
📖 တက္ကသိုလ်သိပ္ပံ မဂ္ဂဇင်း
      သြဂုတ် ၊ ၁၉၃၃

No comments:

Post a Comment