Friday, June 26, 2026

ယမမင်းကြီး ဖြစ်ချင်တယ်


❝ ယမမင်းကြီး ဖြစ်ချင်တယ် ❞ 
      ( ရတနာသိင်္ဃ )

တစ်ညနေခင်း  ...

ဦးကျော်စွာသည် သူငယ်ချင်းဖြစ်သူ ဦးသီဟအောင်ကို လမ်းတွင်တွေ့၍ နှုတ်ဆက်မိသည် ။

“ ဟား ဟေ့ကောင်ကြီး ၊ ဘယ်က ပြန်လာလဲ ”

“ ဟာ သူငယ်ချင်း ၊ လမ်းထိပ် မုန့်ဆိုင်က ပြန်လာတာကွ ။ သားတော်မောင် ပူဆာလို့လေ ။ မုန့်စားချင်တယ် ဆိုလို့ ”

“ ဟား ဟား ဖြစ်ရမယ် ။ သား အခု ဘယ်နှနှစ်လဲ ”

ဦးကျော်စွာ မေးလိုက်သည် ။

“ ၇ နှစ် .. ဦး ”

“ ကျောင်းရော တက်ပြီလား ”

“ တက်ပြီ ”

“ ဘယ်နှတန်း ရောက်ပြီလဲ ”

“ ဂရိတ်သရီး ... ဦး ”

“ အမယ် မင်းသားက ဘိုလိုတောင် ပြောတတ်နေပါလား ”

“ အေးလေ ခုခေတ်ကလေးတွေက ငါတို့ထက် သွက်တယ်ကွ ”

“ သား ကြီးလာရင် ဘာလုပ်မလဲ ”

“ ယမမင်းကြီး လုပ်မယ် ”

“ အန် ဘယ်လို ဘယ်လို ။ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ စစ်ဗိုလ်မလုပ်ဘူးလား ”

“ အေးလေ သားကလဲ ၊ ဦး မေးတာ ကောင်းကောင်း ဖြေလိုက်လေ ”

ဦးသီဟအောင် သားဖြစ်သူကို ပြောလိုက်သည် ။

“ သားက ယမမင်းကြီးပဲ လုပ်မှာ ။ ယမမင်းကြီး ကတဲ့ လူ့ပြည်က လာတဲ့ ဘယ်သူပဲ ဖြစ်ဖြစ်တဲ့ အပြစ်ပေးလို့ ရတယ်တဲ့ ။ ပြီးတော့ သိပ် ဩဇာ ကြီးတာတဲ့ ။ တန်ခိုးလည်း ကြီးတယ်တဲ့ ။ ငရဲကြီးရှစ်ထပ်တောင် အုပ်ချုပ်ရတာတဲ့ ။ သားအဘွားက ပြောပြတာ ”

“ ကဲ အဲဒါသာ ကြည့်တော့ ဟေ့ကောင်ရေ ။ ငါ့သားကတော့ ဟား ဟား ... ကဲ သွားမယ်ကွာ ”

“ အေးအေး သူငယ်ချင်း ”

ကျောခိုင်း ထွက်ခွာသွားသော သူငယ်ချင်းဖြစ်သူ သားအဖကို ဦးကျော်စွာ ငေးကြည့်ရင်း သက်ပြင်းချလိုက်သည် ။

“ ကလေးရယ် မင်းက ကြံကြံဖန်ဖန် ပြောတတ်ပါ့ ။ ခုချိန်မှာ ယမမင်းကြီးလည်း ငိုနေလောက်ပြီကွ ။ နေရာ မလောက်လို့ ရောက်လာတဲ့ သူတွေနဲ့ အလုပ်တွေ ရှုပ်နေလောက်ပြီ ”

ဦးကျော်စွာ ကြံကြံဖန်ဖန် တွေးမိလေသည် ။

▢ ရတနာသိင်္ဃ
📖 မဟေသီ ရုပ်စုံမဂ္ဂဇင်း
      ဖေဖော်ဝါရီ  ၊ ၂၀၁၅

No comments:

Post a Comment