❝ ယမမင်းကြီး ဖြစ်ချင်တယ် ❞
( ရတနာသိင်္ဃ )
တစ်ညနေခင်း ...
ဦးကျော်စွာသည် သူငယ်ချင်းဖြစ်သူ ဦးသီဟအောင်ကို လမ်းတွင်တွေ့၍ နှုတ်ဆက်မိသည် ။
“ ဟား ဟေ့ကောင်ကြီး ၊ ဘယ်က ပြန်လာလဲ ”
“ ဟာ သူငယ်ချင်း ၊ လမ်းထိပ် မုန့်ဆိုင်က ပြန်လာတာကွ ။ သားတော်မောင် ပူဆာလို့လေ ။ မုန့်စားချင်တယ် ဆိုလို့ ”
“ ဟား ဟား ဖြစ်ရမယ် ။ သား အခု ဘယ်နှနှစ်လဲ ”
ဦးကျော်စွာ မေးလိုက်သည် ။
“ ၇ နှစ် .. ဦး ”
“ ကျောင်းရော တက်ပြီလား ”
“ တက်ပြီ ”
“ ဘယ်နှတန်း ရောက်ပြီလဲ ”
“ ဂရိတ်သရီး ... ဦး ”
“ အမယ် မင်းသားက ဘိုလိုတောင် ပြောတတ်နေပါလား ”
“ အေးလေ ခုခေတ်ကလေးတွေက ငါတို့ထက် သွက်တယ်ကွ ”
“ သား ကြီးလာရင် ဘာလုပ်မလဲ ”
“ ယမမင်းကြီး လုပ်မယ် ”
“ အန် ဘယ်လို ဘယ်လို ။ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ စစ်ဗိုလ်မလုပ်ဘူးလား ”
“ အေးလေ သားကလဲ ၊ ဦး မေးတာ ကောင်းကောင်း ဖြေလိုက်လေ ”
ဦးသီဟအောင် သားဖြစ်သူကို ပြောလိုက်သည် ။
“ သားက ယမမင်းကြီးပဲ လုပ်မှာ ။ ယမမင်းကြီး ကတဲ့ လူ့ပြည်က လာတဲ့ ဘယ်သူပဲ ဖြစ်ဖြစ်တဲ့ အပြစ်ပေးလို့ ရတယ်တဲ့ ။ ပြီးတော့ သိပ် ဩဇာ ကြီးတာတဲ့ ။ တန်ခိုးလည်း ကြီးတယ်တဲ့ ။ ငရဲကြီးရှစ်ထပ်တောင် အုပ်ချုပ်ရတာတဲ့ ။ သားအဘွားက ပြောပြတာ ”
“ ကဲ အဲဒါသာ ကြည့်တော့ ဟေ့ကောင်ရေ ။ ငါ့သားကတော့ ဟား ဟား ... ကဲ သွားမယ်ကွာ ”
“ အေးအေး သူငယ်ချင်း ”
ကျောခိုင်း ထွက်ခွာသွားသော သူငယ်ချင်းဖြစ်သူ သားအဖကို ဦးကျော်စွာ ငေးကြည့်ရင်း သက်ပြင်းချလိုက်သည် ။
“ ကလေးရယ် မင်းက ကြံကြံဖန်ဖန် ပြောတတ်ပါ့ ။ ခုချိန်မှာ ယမမင်းကြီးလည်း ငိုနေလောက်ပြီကွ ။ နေရာ မလောက်လို့ ရောက်လာတဲ့ သူတွေနဲ့ အလုပ်တွေ ရှုပ်နေလောက်ပြီ ”
ဦးကျော်စွာ ကြံကြံဖန်ဖန် တွေးမိလေသည် ။
▢ ရတနာသိင်္ဃ
📖 မဟေသီ ရုပ်စုံမဂ္ဂဇင်း
ဖေဖော်ဝါရီ ၊ ၂၀၁၅
No comments:
Post a Comment